အခန်း (၁၃၁-၁၃၂)
Vol. 14 Ch. 131-132
အခန်း (၁၃၁)ချူထျန်းရှန်း၏ ဉာဏ်နီဉာဏ်နက်များ
မှော်အဆောင်ဆရာအသင်း၏ ပဉ္စမထပ်တွင် ချူထျန်းရှန်းသည် အနည်းငယ် မျက်မှောင်ကြုတ်လျက် ကျိုးယွမ်ကို ကြည့်နေလေ၏။
တစ်ဖက်လူမှာ အလွန်အမင်း ငယ်ရွယ်လွန်းနေပြီး သူ၏ မျှော်လင့်ချက်များထက် များစွာ ကျော်လွန်နေပေသည်။
ချူထျန်းရှန်းသည် လီယုံဖျင်ကို မယုံကြည်ခြင်း မဟုတ်သော်လည်း သူ လုပ်ဆောင်တော့မည့် ကိစ္စမှာ အလွန် အရေးကြီးလှသဖြင့် ၎င်းကို အလွန် ဂရုတစိုက် ကိုင်တွယ်ရမည် ဖြစ်ပေ၏။
"မင်းနာမည်က ကျိုးယွမ် ဟုတ်တယ်မလား... ငါက ယွီမြို့ မှော်အဆောင်ဆရာအသင်းဖွဲ့စည်းခေါင်းဆောင် ချူထျန်းရှန်းပဲ... ဒီနေရာမှာ အခုလေးတင်ကလို အဆင့် နှစ် မီးမှော်အဆောင် နောက်တစ်ခုလောက် ထပ်ရေးပြနိုင်မလား..."
ချူထျန်းရှန်းက အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ပြောဆိုလိုက်လေ၏။
ကျိုးယွမ် အနည်းငယ် မှင်တက်သွားပြီးနောက် အလျင်အမြန် လက်နှစ်ဖက်ယှက်ကာ ပြောဆိုလိုက်လေသည်။
"ရပါတယ် ေခါင်းဆောင် ချူ..."
ချူထျန်းရှန်းက အလျင်အမြန် လက်ဝှေ့ယမ်းလိုက်ရာ မလှမ်းမကမ်းရှိ စားပွဲတစ်ခုပေါ်တွင် ပစ္စည်းတစ်တန်း ချက်ချင်း ပေါ်လာလေ၏။ ဤအရာများသည် မီးမှော်အဆောင် ရေးဆွဲရန် လိုအပ်သော ပစ္စည်းများ အားလုံးပင် ဖြစ်ပေသည်။
ကျိုးယွမ်သည် စားပွဲဆီသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး အသက်ပြင်းပြင်း ရှူကာ သူ၏ အသက်ရှူနှုန်းကို တဖြည်းဖြည်း တည်ငြိမ်သွားစေလေ၏။
သူသည် အဆင့်နှစ် မီးအဆောင်ကို ရေးဆွဲပြီးဖြစ်သဖြင့် ယခုတစ်ကြိမ်တွင် ကျိုးယွမ်သည် သူ၏ စိတ်ထဲတွင် ပြန်လည် စဉ်းစားနေရန် မလိုအပ်တော့ချေ။
အသက်ရှူချိန် အနည်းငယ် အကြာတွင် ကျိုးယွမ်သည် သူ၏ စုတ်တံကို ကောက်ကိုင်ပြီး စတင် ရေးဆွဲလေတော့သည်။
ယခုတစ်ကြိမ်တွင် ကျိုးယွမ်သည် ပိုမို ကျွမ်းကျင်နေပေ၏။ သူ၏ လက်ထဲရှိ မှော်အဆောင် ရေးဆွဲသည့် စုတ်တံသည် အောက်ဘက်ရှိ မှော်အဆောင်စက္ကူကို ဖြတ်သန်းသွားသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်ထဲရှိ တာအိုတားမြစ်ခြင်း ဝိညာဉ်သွေးကြောသည် တဖြည်းဖြည်း တောက်ပလာလေသည်။
ထိုထူးဆန်းသော စွမ်းအားသည် ကျိုးယွမ်၏ သွေးကြောများကို ဖြတ်သန်း စီးဆင်းသွားပြီး သူ ကိုင်ထားသော မှော်အဆောင် ရေးဆွဲသည့် စုတ်တံ၏ ထိပ်ဖျားသို့ ရောက်ရှိကာ အောက်ဘက်ရှိ မှော်အက္ခရာများထဲသို့ ပေါင်းစပ်သွားလေ၏။
မှေးမှိန်သော ရွှေရောင်အလင်းတန်းတစ်ခု တဖြည်းဖြည်း ပေါ်လာရာ ချူထျန်းရှန်း၏ မျက်လုံးများကို တောက်ပသွားစေပြီး သူ၏ အသက်ရှူနှုန်းမှာ ပိုမို ပြင်းထန်လာလေသည်။
လီယုံဖျင်မှာ ပိုမို အံ့အားသင့်သွားပြီး ကျိုးယွမ် မီးအဆောင် ရေးဆွဲနေသည်မှာ ယခင်ကထက် ယခုတစ်ကြိမ်တွင် ပိုမို ချောမွေ့နေကြောင်း ခံစားလိုက်ရပေ၏။
သူ၏ စုတ်ချက်တိုင်းသည် ထူးခြားသော တာအို ဆွဲဆောင်မှုတစ်ခုရှိနေပုံ ရလေသည်။
အမွှေးတိုင် တစ်ဝက်စာ အချိန်ပင် မပြည့်မီမှာ အဆင့်နှစ် မီးအဆောင်တစ်ခု ပေါ်လာပြီး ၎င်း၏ ရွှေရောင် အလင်းတန်းမှာ ယခင်ကထက် ပိုမို ပြင်းထန်နေလေ၏။
လီယုံဖျင်သည် တိတ်တဆိတ် အံ့အားသင့်နေပေသည်။ ဒုတိယ မီးအဆောင်ကို ရေးဆွဲရန် ကျိုးယွမ် အချိန်ပိုနည်းနည်း ယူခဲ့ရသော်လည်း အရည်အသွေးမှာ ပိုမို တိုးတက်လာပုံ ရကြောင်း သူ ရှင်းလင်းစွာ ခံစားနိုင်ပေ၏။
ချူထျန်းရှန်း၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေသည်။ သူသည် ကျိုးယွမ်၏ ရှေ့ရှိ မီးအဆောင်ကို ကောက်ယူပြီး သေချာစွာ စစ်ဆေးလိုက်လေ၏။ သူ ပိုကြည့်လေ သူ၏ အပြုံးက ပိုကျယ်လာလေ ဖြစ်ပေသည်။
ကျိုးယွမ်သည် သူ၏ စုတ်တံကို အောက်ချလိုက်လေ၏။ အဆင့်နှစ်အဆောင်သခင် အကဲဖြတ်စမ်းသပ်မှုကို အောင်မြင်ခြင်း ရှိမရှိ သူ မသေချာသေးသဖြင့် အနည်းငယ် စိုးရိမ်နေပေသည်။
ကံကောင်းထောက်မစွာဖြင့် ထိုအခိုက်အတန့်တွင် ချူထျန်းရှန်းသည် သူ၏ လက်ထဲရှိ အဆင့်နှစ် မီးအဆောင်ကို အောက်ချလိုက်ပြီး ကျိုးယွမ်ကို ပြုံးလျက် မေးမြန်းလိုက်လေ၏။
"ကျိုးယွမ်... မှော်အဆောင် ပညာရပ်မှာ မင်းရဲ့ ဆရာက ဘယ်သူလဲ..."
ဤစကားကို ကြားချိန်တွင် ကျိုးယွမ်က အလျင်အမြန် ဖြေကြားလိုက်လေသည်။
" ခေါင်းဆောင် ချူ... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဆရာတစ်ယောက်ဆီမှာ သင်ယူခဲ့ပေမယ့် သူက ကိစ္စတချို့ကြောင့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ထွက်သွားခဲ့တယ်... အဲ့ဒီကတည်းက ကျွန်တော့်ဘာသာ ကျွန်တော် ကြိုးစား လေ့လာနေတာပါ..."
ကျိုးယွမ်၏ စကားက ချူထျန်းရှန်းကို အလွန် ဝမ်းမြောက်သွားစေလေ၏။ သူက ကျိုးယွမ်၏ ဆရာမှာ နာမည်ကြီး အဆောင်သခင်ကြီးတစ်ဦး ဖြစ်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ကျိုးယွမ်၌ နာမည်ကြီး ဆရာတစ်ဦး ရှိနေပြီဆိုပါက သူ့ကို လုယူရန် ခက်ခဲမည် ဖြစ်ပေ၏။
သို့သော် ယခုအခါ ကျိုးယွမ်၌ ဆရာ မရှိတော့သဖြင့် သူ့ကို ဘယ်လိုလုပ် အလွတ်ပေးနိုင်မည်နည်း။
"ကျိုးယွမ်... အနာဂတ်အတွက် မင်းရဲ့ အစီအစဉ်က ဘာလဲ..."
ချူထျန်းရှန်းသည် ကောက်ကျစ်သော မြေခွေးအိုကြီး တစ်ကောင် ဖြစ်ပေ၏။ ကျိုးယွမ်၏ အတွေးများကို နားလည်သဘောပေါက်သည်အထိ သူ၏ စစ်မှန်သော ရည်ရွယ်ချက်များကို ထုတ်ဖော်မည် မဟုတ်ချေ။
ကျိုးယွမ် အနည်းငယ် မှင်တက်သွားသော်လည်း မည်သည့်အရာကိုမျှ မဖုံးကွယ်ဘဲ ပြုံးလျက် ပြောဆိုလိုက်လေသည်။
" ခေါင်းဆောင် ချူ... ကျွန်တော် တန်းဖူကျောင်းတော်ကို သွားချင်ပါတယ်..."
ဤစကားကို ကြားချိန်တွင် ချူထျန်းရှန်းက ချက်ချင်း နားလည်သွားပြီး မရယ်ဘဲ မနေနိုင်ကာ ပြောဆိုလိုက်လေ၏။
"ကျိုးယွမ်... မင်းရဲ့ လက်ရှိ မှော်အဆောင် ရေးဆွဲနိုင်တဲ့ အဆင့်နဲ့ဆိုရင် တန်းဖူကျောင်းတော်ကို သွားတာက အကောင်းဆုံး ရွေးချယ်မှု မဟုတ်ဘူး... ဘာလို့လဲဆိုတာ မင်း သိလား..."
ကျိုးယွမ်က ခေါင်းယမ်းလိုက်သည်ကို မြင်သောအခါ ချူထျန်းရှန်းက အနည်းငယ် ပြုံးလိုက်ပြီး ပြောဆိုလေသည်။
"တန်းဖူကျောင်းတော်က မှော်ဆေးပညာနဲ့ မှော်အဆောင် ပညာရပ်တွေကို အဓိက သင်ကြားပေးတဲ့ နေရာဖြစ်ပေမယ့် အဲ့ဒီမှာရှိတဲ့ အင်အားစုတွေက အရမ်း ရှုပ်ထွေးလွန်းတယ်... နောက်ခံမရှိရင် အဲ့ဒီကို သွားရင် အလွယ်တကူ အထီးကျန်သွားလိမ့်မယ်... အဲ့ဒါက အကြောင်းပြချက် တစ်ခုပဲ..."
"ဒုတိယအချက်က တန်းဖူကျောင်းတော်က အခု သင်ကြားပေးနေတဲ့ အရာတော်တော်များများက မင်းအတွက် အသုံးမဝင်ဘူး... အဲ့ဒီမှာ လူတွေအများကြီးရှိပြီး သူတို့ရဲ့ ပါရမီတွေကလည်း မညံ့ဘူး... မင်း တကယ် ထင်ရှားလာဖို့က လွယ်မှာ မဟုတ်ဘူး..."
"တတိယအချက်က မင်း တကယ် ထင်ရှားလာတာနဲ့ တစ်ပြိုင်နက် လူတိုင်းရဲ့ တိုက်ခိုက်ရေးပစ်မှတ် ဖြစ်သွားလိမ့်မယ်... အဲ့ဒီလူတွေက အပ်တစ်ထောင်နယ်မြေထဲက အဓိက အင်အားစု အသီးသီးက လာတာဆိုတော့ မင်းအတွက် အဆုံးမရှိတဲ့ ဒုက္ခတွေ ကြုံတွေ့ရလိမ့်မယ်..."
"နောက်ဆုံးတစ်ချက်က တန်းဖူကျောင်းတော်ရဲ့ အရင်းအမြစ်တွေ အားလုံးကို တန်းဖူကျောင်းတော်ရဲ့ အလှူငွေ အမှတ်တွေ အသုံးပြုပြီး လဲလှယ်ဖို့ လိုအပ်တယ်... ဝင်ခါစ လူသစ် တစ်ယောက်အနေနဲ့ အလှူငွေအမှတ် အများကြီးရဖို့က ခက်ခဲတယ်... ဒါကြောင့် မင်း အဲ့ဒီကို သွားရင် အချိန်တွေ အများကြီး အလဟဿ ဖြစ်သွားလိမ့်မယ်..."
ခေါင်းဆောင်က ထိုမျှ တည်ကြည်လေးနက်စွာ စကားပြောနေသည်ကို ကြားချိန်တွင် လီယုံဖျင်မှာ ရယ်ချင်စိတ်ကို မနည်း ထိန်းထားရလေ၏။
တန်းဖူကျောင်းတော်က ခေါင်းဆောင် ပြောသလောက် မကြောက်စရာ မကောင်းပါဘူး။ တကယ်လို့ အဲ့ဒီလိုသာဆိုရင် တန်းဖူကျောင်းတော်က အဆင့်ခြောက် ကျင့်ကြံခြင်း အင်အားစု အဆင့်အထိ ရောက်လာနိုင်မှာ မဟုတ်ဘူးလေ။
သို့သော် လီယုံဖျင်သည် ခေါင်းဆောင် ၏ စကားများကို ဘယ်သောအခါကမှ လိုက်လံ ဖျက်ဆီးမည် မဟုတ်ချေ။ ခေါင်းဆောင် ဘာလုပ်နေသနည်း ဆိုသည်ကို သူ အသေအချာ သိရှိထားပေသည်။
သို့သော် ကျိုးယွမ်မှာမူ ချူထျန်းရှန်း၏ စကားများကြောင့် အမှန်တကယ် လှည့်စားခံလိုက်ရလေ၏။ သူသည် တန်းဖူကျောင်းတော် အကြောင်း တစ်စုံတစ်ရာ သိထားသော်လည်း ၎င်းအကြောင်းကို အများကြီး မသိခဲ့ချေ။
ခဏမျှ စဉ်းစားပြီးနောက် ကျိုးယွမ်သည် လက်နှစ်ဖက်ယှက်ကာ ပြောဆိုလိုက်လေသည်။
"ခေါင်းဆောင် ချူ... ဒီကိစ္စတွေအကြောင်း ကျွန်တော် တကယ် သိပ်မသိပါဘူး... လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
"ဒါဆိုရင် ခေါင်းဆောင်ချူ... မှော်အဆောင် ပညာရပ်ကို လေ့လာဖို့ ဘယ်အဖွဲ့အစည်းကို ဝင်သင့်တယ်လို့ ထင်လဲ..."
ကျိုးယွမ်၏ စကားကို ကြားချိန်တွင် ဤကောင်လေးမှာ သင်ကြားပေး၍ ရနိုင်ကြောင်း ချူထျန်းရှန်း ခံစားလိုက်ရပြီး သူ၏ စကားများကို အလဟဿ မဖြစ်စေတော့ချေ။
ချူထျန်းရှန်းက ပြုံးလျက် ပြောဆိုလေ၏။
"ကျိုးယွမ်... မင်းမှာ မှော်အက္ခရာတွေ ရေးဆွဲရာမှာ ပါရမီတချို့ရှိတယ်လို့ ငါ ထင်တယ်... ဒီလို လုပ်ရင်ကော... ငါ မင်းကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်... ငါ့ဆရာ အဆောင်ဆယ်ခု အကြီးအကဲလို့ လူသိများတဲ့ ကျုံးချန်အန်း... သူက အပ်တစ်ထောင်နယ်မြေမှာ တစ်ဦးတည်းသော အဆင့်ခုနစ်အဆောင်သခင်ပဲ..."
ချူထျန်းရှန်း စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လီယုံဖျင်သည် ပါးစပ် အဟောင်းသား ဖြစ်သွားပြီး ချူထျန်းရှန်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေလေ၏။
ခေါင်းဆောင်က ကျိုးယွမ်ကို သဘောကျပြီး တပည့်အဖြစ် လက်ခံချင်သည်ဟု သူ အမြဲတမ်း ထင်မှတ်ထားခဲ့သော်လည်း အဆောင်ဆယ်ခု အကြီးအကဲဆီသို့ ထောက်ခံပေးလိမ့်မည်ဟု သူ ဘယ်သောအခါကမှ မမျှော်လင့်ထားခဲ့ချေ။
ထိုအခိုက်အတန့်တွင် လီယုံဖျင်သည် သူ၏ စိတ်ထဲတွင် ဝမ်းနည်းမှု တစ်ချက်ကို ခံစားလိုက်ရပြီး ကျိုးယွမ်ကို အလွန်အမင်း မနာလိုသော အမူအရာဖြင့် ကြည့်ရှုလိုက်လေ၏။
အပ်တစ်ထောင်နယ်မြေတွင် အဆောင်ဆယ်ခု အကြီးအကဲသည် မှော်အဆောင် ပညာရပ်တွင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိချေ။ သူသည် အဆင့်ခုနစ် မှော်အဆောင် အချို့ကို အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့ပြီး အပ်တစ်ထောင်နယ်မြေ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့လေသည်။
အဆင့်ခုနစ် ကျင့်ကြံခြင်းဂိုဏ်းတစ်ခုပင်လျှင် အဆောင်ဆယ်ခု အကြီးအကဲကို မျက်နှာသာ ပေးရပေမည်။
အဆောင်ဆယ်ခု အကြီးအကဲသည် တပည့်သုံးဦးကို လက်ခံထားပြီး သူတို့ထဲမှ တစ်ဦးမှာ လက်ရှိမှော်အဆောင်ဆရာအသင်း ခေါင်းဆောင်ဖြစ်သူ အဆင့်ခြောက် အဆောင်သခင် ချူထျန်းရှန်းပင် ဖြစ်ပေ၏။
နောက်ထပ် လူတစ်ဦးမှာလည်း အဆင့်ခြောက် အဆောင်သခင် တစ်ဦးဖြစ်သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်က အပ်တစ်ထောင်နယ်မြေမှ ထွက်ခွာသွားခဲ့လေသည်။
အဆောင်ဆယ်ခု အကြီးအကဲ၏ နောက်သို့လိုက်နေသော ဂျူနီယာညီမလေး တစ်ဦးလည်း ရှိသေးလေ၏။ သူမသည် တန်ယန်မြို့ရှိ မှော်အဆောင်ဆရာအသင်း၏ ခေါင်းဆောင် ဖြစ်ပြီး အဆင့် ငါး အဆောင်သခင် တစ်ဦးလည်း ဖြစ်ပေသည်။
မှော်အဆောင်ဆရာအသင်း တည်ထောင်ရခြင်းမှာ အဆောင်ဆယ်ခု အကြီးအကဲ၏ စကားတစ်ခွန်းကြောင့်ပင် ဖြစ်ပေ၏။
အပ်တစ်ထောင်နယ်မြေ တစ်ခုလုံး၏ မှော်အဆောင်နယ်ပယ်တွင် အဆောင်ဆယ်ခု အကြီးအကဲသည် တည်ငြိမ်မှု၏ မဏ္ဍိုင်ကြီး တစ်ခုဖြစ်သည်ဟု ဆိုနိုင်ပေသည်။
ချူထျန်းရှန်း၏ စကားကို ကြားသောအခါ ကျိုးယွမ် အလွန် အံ့အားသင့်သွားလေ၏။ အဆင့်ခုနစ် အဆောင်သခင် တစ်ဦးသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။
အဆင့်ခုနစ် မှော်အဆောင် အချို့ကို ပေါ့ပေါ့ပါးပါး ပစ်ပေါက်လိုက်ခြင်းသည် ကောင်းကင်ဖြစ်စဉ်အဆင့် ကျွမ်းကျင်သူ အများအပြား၏ တိုက်ခိုက်မှုနှင့် ညီမျှပေသည်။
ဤမြင်ကွင်းကို တွေးကြည့်ရုံဖြင့်ပင် ကျိုးယွမ်၏ ကျောရိုးထဲ စိမ့်သွားစေလေ၏။
အကယ်၍ သူ ဤအခြေအနေနှင့် ကြုံတွေ့ရပါက သူ၏ ကိုယ်ပိုင် နေရာပြောင်းရွှေ့အစီအရင်ကို အသုံးပြု၍သာ ထွက်ပြေးနိုင်မည် ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေကာမူ အချိန်ဖျက်ဆီးခြင်း ကျင့်စဉ်သည် ဤမှော်အဆောင်များအပေါ်တွင် မည်သည့် သက်ရောက်မှုမျှ မရှိချေ။
ကျိုးယွမ်သည် တံတွေး အခက်အခဲ မျိုချလိုက်ပြီးနောက် သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ လက်နှစ်ဖက်ယှက်၍ မေးမြန်းလိုက်လေ၏။
" ခေါင်းဆောင်ချူ... အကြီးအကဲက ကျွန်တော့်ကို လက်ခံပါ့မလား..."
ချူထျန်းရှန်းက ခေါင်းညိတ်လိုက်ပြီးနောက် ပြောဆိုလေသည်။
"ငါ အာမမခံနိုင်ပေမယ့် မင်းမှာ အခွင့်အရေး ကောင်းကောင်း ရှိတယ်... မင်း ကြိုးစားကြည့်ချင်လား..."
"ပြီးတော့ မင်း တကယ်လို့ မအောင်မြင်ခဲ့ရင် ငါ့ဆီပြန်လာလို့ ရတယ်... ငါ မင်းကို တပည့်အဖြစ် လက်ခံမယ်... ဘယ်လိုလဲ..."
ဤစကားကို ကြားချိန်တွင် ကျိုးယွမ်က ခေါင်းညိတ်လိုက်ပြီး ပြောဆိုလေ၏။
"ဒါဆိုရင် ကျေးဇူးအများကြီး တင်ပါတယ် ခေါင်းဆောင် ချူ..."
T/N - အဆောင်ဆယ်ခုအကြီးအကဲ / အဘိုးကြီးရှီဖူ
အခန်း (၁၃၂) ရန်သူများနှင့် ဆုံတွေ့ခြင်း
ကျိုးယွမ်သည် မှော်အဆောင်ဆရာအသင်း၏ ပဉ္စမထပ်မှ ထွက်ခွာလာခဲ့ပြီး သူ၏ ဘယ်ဘက်ရင်ဘတ်တွင် အဆင့် နှစ်အဆောင်သခင် တံဆိပ်တစ်ခု ပေါ်လာလေ၏။
တစ်ချိန်တည်းမှာပင် သူ၏ သိုလှောင်လက်စွပ်ထဲတွင် ကျောက်စိမ်းပြားတစ်ခုလည်း ရှိနေလေသည်။ ၎င်းမှာ ချူထျန်းရှန်း၏ ထောက်ခံစာဖြစ်ပြီး ကျိုးယွမ်အား တန်ယန်မြို့သို့ သွား၍ အဆောင်ဆယ်ခု အကြီးအကဲကို ရှာဖွေရန် တောင်းဆိုထားခြင်း ဖြစ်ပေ၏။
တန်ယန်မြို့သည် အဆောင်ဆယ်ခု အကြီးအကဲ ကျုံးချန်အန်း၏ ပုန်းအောင်းနေထိုင်ရာ နေရာဖြစ်ပြီး အပ်တစ်ထောင်နယ်မြေ တစ်ခုလုံးတွင် ထိုအကြောင်းကို သိရှိသူ အလွန် နည်းပါးလှပေသည်။
ကျိုးယွမ် ထွက်သွားသည်ကို မြင်သောအခါ လီယုံဖျင်က မမေးဘဲ မနေနိုင်ခဲ့ချေ။
" ခေါင်းဆောင်... ဘာဖြစ်လို့ ကျိုးယွမ်ကို တပည့်အဖြစ် ကိုယ်တိုင်လက်မခံတာလဲ..."
ချူထျန်းရှန်းက ခေါင်းယမ်းလိုက်ပြီးနောက် ပြောဆိုလေ၏။
"နှစ်တွေတစ်လျှောက်လုံး ဆရာက ငါတို့ထဲက ဘယ်သူမှ သူ့ရဲ့ ကျွမ်းကျင်မှု အားလုံးကို မသင်ယူနိုင်ဘူးလို့ ပြောပြီး သက်ပြင်းချတာကို ငါ အကြိမ်ကြိမ် မြင်ခဲ့ရတယ်..."
"မှော်အဆောင်ပညာရပ်က သိုင်းပညာ ဒါမှမဟုတ် မှော်ဆေးပညာထက် စွမ်းအားမနည်းပါဘူး... ဒါပေမဲ့ အဲ့ဒီမှာ တကယ် ခရီးရောက်နိုင်တဲ့လူက အရမ်း နည်းတယ်..."
"ကျိုးယွမ်က သေချာပွတ်တိုက်ဖို့ လိုအပ်တဲ့ ကျောက်ရိုင်းတုံးလေး တစ်ခုပဲ... သူ့ကို ငါ့လက်ထဲမှာ ထားထားရင် အလဟဿ ဖြစ်သွားလိမ့်မယ်... ဒါက ဆရာ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အခွင့်အရေးကောင်း တစ်ခုပဲ..."
ဤစကားကို ကြားချိန်တွင် လီယုံဖျင်သည် ခေါင်းဆောင်ကို နက်ရှိုင်းစွာ လေးစားသွားမိလေ၏။
ကျိုးယွမ်သည် မှော်အဆောင်ဆရာအသင်း ခန်းမသို့ ပြန်လည်ရောက်ရှိလာချိန်တွင် လူအများအပြားသည် သူ၏ အကြည့်ကို ရှောင်ဖယ်သွားကြပြီး သူ့ကို မျက်လုံးချင်း မဆုံရဲကြတော့ချေ။
ကျိုးယွမ်၏ ဘယ်ဘက်ရင်ဘတ်ရှိ တံဆိပ်ကို မြင်သောအခါ ကောင်းဖုန်းသည် ချက်ချင်း ရှေ့သို့ တက်လာပြီး ပြုံးလျက် နှုတ်ဆက်သည့်အနေဖြင့် လက်နှစ်ဖက်ယှက်ကာ ပြောဆိုလိုက်လေ၏။
"ဂုဏ်ယူပါတယ် တာအိုရောင်းရင်းကျိုး... အဆင့်နှစ် အဆောင်သခင် စမ်းသပ်ပွဲကို အောင်မြင်သွားတဲ့အတွက်ပါ..."
ကျိုးယွမ် အနည်းငယ် ပြုံးလိုက်ပြီးနောက် ပြောဆိုလေသည်။
"တာအိုရောင်းရင်းကောင်းလည်း ဒီနေ့ ဆန္ဒတွေ အားလုံး ပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်..."
ဤစကားကို ကြားချိန်တွင် ကောင်းဖုန်းသည် ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး ပြောဆိုလေ၏။
"ဒါဆိုရင် တာအိုရောင်းရင်းကျိုးရဲ့ ကောင်းမွန်တဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ်..."
ကျိုးယွမ်သည် ကောင်းဖုန်းကို လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်လိုက်ပြီးနောက် ထွက်ခွာလာခဲ့လေသည်။
အဆောင်ဆယ်ခု အကြီးအကဲသည် ဤနေရာမှ လီငါးထောင်နီးပါး ကွာဝေးသော တန်ယန်မြို့တွင် ပုန်းအောင်းနေထိုင်ကြောင်း ချူထျန်းရှန်းက သူ့ကို အခုလေးတင် ပြောပြခဲ့လေ၏။
ကျိုးယွမ်သည် မှော်အဆောင်ဆရာအသင်းမှ ထွက်လာချိန်တွင် အသိအကျွမ်းတစ်ဦးနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရသဖြင့် သူ့ကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေလေသည်။
ဤသူမှာ ထိုနေ့က တောအုပ်ထူထူထဲတွင် သူ ဆုံတွေ့ခဲ့သော ချင်တျဲ့ပင် ဖြစ်ပေ၏။ သူမသည် ထိုအဘိုးအို၏ အန္တရာယ်ပြုခြင်းကို ခံခဲ့ရသူ ဖြစ်သည်။
ချင်တျဲ့သည် ဤနေရာတွင် ကျိုးယွမ်နှင့် ဆုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူမသည် အဆောင်သခင် စမ်းသပ်ပွဲ ဖြေဆိုရန် မျက်လှည့်တစ်ထောင်ဂိုဏ်းမှ စီနီယာအစ်ကို တစ်ဦးနှင့်အတူ လိုက်ပါလာခြင်း ဖြစ်ပေ၏။
ကျိုးယွမ်၏ ရင်ဘတ်ရှိ အဆင့်နှစ် အဆောင်သခင် သင်္ကေတကို ကြည့်ရင်း ချင်တျဲ့၏ မျက်လုံးများ အနည်းငယ် မှေးကျဉ်းသွားပြီး သတ်ဖြတ်လိုခြင်း အရိပ်အယောင်တစ်ခု သူမ၏ ခန္ဓာကိုယ်မှ ချက်ချင်း မြင့်တက်လာလေသည်။
သို့သော် နေရာတွင်ပင် တိုက်ခိုက်ရန် သူမ မရဲဝံ့ခဲ့ချေ။ တစ်ဖက်လူက ထိုနေ့က သူမကို ပေါ့ပေါ့ပါးပါး လက်ဝါးဖြင့် ရိုက်ချခဲ့သည်ကို သူမ ဝေဝါးဝါး မှတ်မိနေလေ၏။
ချင်တျဲ့သည် ကျိုးယွမ် ထွက်ခွာသွားသော ပုံရိပ်ကို စူးစိုက်ကြည့်နေပြီး သူမ၏ သတ်ဖြတ်လိုစိတ်မှာ ပိုမို အားကောင်းလာလေသည်။
"ဂျူနီယာညီမလေးချင်... ဒီလူက မင်းရဲ့ ရန်သူလား..."
ချင်တျဲ့၏ ဘေးတွင် ရပ်နေသော ကောင်းကော်ကျန်းက မေးမြန်းသည့် အကြည့်ဖြင့် ပြောဆိုလိုက်လေ၏။
ချင်တျဲ့က ကောင်းကော်ကျန်းကို ကြည့်လိုက်ပြီး သူမ၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာလေသည်။
*ဒီစီနီယာအစ်ကိုက ငါ့ရဲ့ နံပါတ်တစ် အလိုလိုက်သူပဲ... သူက ငါ့ကို အလိုလိုက်နေတာ ဆယ်နှစ်ကျော်ပြီ…*
သူ၏ စွမ်းအားမှာ သာမန်သာဖြစ်ပြီး ငါနှင့် နှိုင်းယှဉ်နိုင်သော်လည်း သူ၏ နောက်ကွယ်ရှိ အင်အားမှာ မညံ့ချေ။ ဤလူကို သတ်ရန် သူ၏ နောက်ကွယ်ရှိ အင်အားကို ငါ အသုံးပြုနိုင်ကောင်း အသုံးပြုနိုင်ပေမည်။
ထိုတောအုပ်ထူထူထဲတွင် ဖြစ်ပျက်ခဲ့သမျှကို မည်သူတစ်ဦးတစ်ယောက်မျှ ပေါက်ကြားခွင့်ပြုမည် မဟုတ်ချေ။ ထိုကျိန်စာသင့်နေသော အဘိုးအိုပဲဖြစ်ဖြစ် သူ၏ ရှေ့ရှိ ကျိုးယွမ်ပဲဖြစ်ဖြစ် သူတို့ နှစ်ယောက်စလုံး သေသင့်ပေသည်။
အကယ်၍ ဤကိစ္စ ပေါက်ကြားသွားပါက သူမသည် မျက်လှည့်တစ်ထောင်ဂိုဏ်းတွင် မျက်နှာပြဝံ့တော့မည် မဟုတ်ချေ။
"စီနီယာအစ်ကိုကောင်း... ဒီလူက တကယ်ပဲ ကျွန်မနဲ့ ရန်ငြိုးရှိတယ်... ဒါပေမဲ့ ထားလိုက်ပါတော့... သူ့ရဲ့ ကျင့်စဉ်က ကျွန်မတို့ထက် ပိုသန်မာတယ်... သူ့ကို ကျွန်မတို့ မနိုင်နိုင်ဘူး..."
"အဲ့ဒီကို အဆင်အခြင်မဲ့ သွားတာက ကိုယ့်ကိုယ်ကို အရှက်ခွဲရုံသာမက သေတဲ့အထိတောင် ဖြစ်သွားနိုင်တယ်..."
ချင်တျဲ့က ကောင်းကော်ကျန်းကို အကြံပေးနေပုံ ပေါ်သော်လည်း တကယ်တမ်းတွင်မူ သူမသည် တိုးတက်ရန် နည်းလမ်းတစ်ခုအဖြစ် ဆုတ်ခွာသည့် နည်းဗျူဟာကို အသုံးပြုနေခြင်း ဖြစ်ပေ၏။
သူမ၏ ပထမဆုံး အလိုလိုက်သူကို သူမ အလွန် ကောင်းစွာ သိရှိနေပြီ ဖြစ်သည်။ သူမက သူ့ကို မလုပ်နိုင်ဘူးဟု ပြောလိုက်သရွေ့ သူသည် မိမိကိုယ်ကို သက်သေပြရန် နည်းလမ်းပေါင်းစုံဖြင့် သေချာပေါက် ကြိုးစားမည် ဖြစ်ပေ၏။
မျှော်လင့်ထားသည့်အတိုင်း ချင်တျဲ့ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ကောင်းကော်ကျန်းက ကန့်ကွက်ပြီး အလျင်အမြန် မေးမြန်းလိုက်လေသည်။
"ဂျူနီယာညီမလေးချင်... ဒီလူရဲ့ ကျင့်စဉ်အဆင့်က ဘယ်လောက်လဲ..."
"ဂျူနီယာညီမလေးကို သူ အနိုင်ကျင့်ရဲတယ်ပေါ့... သူ့ကို ငါ ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး..."
ကောင်းကော်ကျန်းက အမှန်တကယ် နားလည်နေကြောင်း မြင်သောအခါ ချင်တျဲ့က အလျင်အမြန် ပြောဆိုလိုက်လေ၏။
"စီနီယာအစ်ကိုကောင်း... ထားလိုက်ပါတော့... ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ရှင် ကျွန်မအတွက် အများကြီး လုပ်ပေးခဲ့ပြီးပြီပဲ..."
"မျက်လှည့်တစ်ထောင်ဂိုဏ်းရဲ့ တပည့်တွေ အားလုံးထဲမှာ စီနီယာအစ်ကိုကောင်းက ကျွန်မကို အကောင်းဆုံး ဆက်ဆံတဲ့လူပါ... အဲ့ဒါတွေ အားလုံးကို ကျွန်မ မြင်ပါတယ်... စီနီယာအစ်ကိုကောင်းကို အခက်အခဲ ဖြစ်အောင် ဘယ်လိုလုပ် လုပ်နိုင်မှာလဲ..."
ချင်တျဲ့၏ စကားကို ကြားချိန်တွင် ကောင်းကော်ကျန်းသည် သူ၏ သွေးများ ချက်ချင်း ဆူပွက်လာသည်ကို ခံစားလိုက်ရလေ၏။ ထိုအခိုက်အတန့်တွင် သူ၏ ကြိုးစားအားထုတ်မှုများ အားလုံးမှာ တန်ဖိုးရှိသည်ဟု နောက်ဆုံးတွင် သူ ခံစားလိုက်ရပေသည်။
"ဂျူနီယာညီမလေးချင်... မင်းက အရမ်း ယဉ်ကျေးလွန်းနေပြီ... မင်းရဲ့ ကိစ္စတွေက ငါ့ရဲ့ ကိစ္စတွေပါပဲ... ဒီလူရဲ့ ကျင့်စဉ်အဆင့်က ဘယ်လောက်လဲ... မင်းအတွက် ငါ သေချာပေါက် ကလဲ့စားချေပေးမယ်..."
ချင်တျဲ့၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီးနောက် သူမသည် ဒုက္ခရောက်နေဟန် ဆောင်ကာ ပြောဆိုလိုက်လေ၏။
"စီနီယာအစ်ကိုကောင်း... ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီလူရဲ့ ကျင့်စဉ်အဆင့် အတိအကျကို ကျွန်မ မသိဘူး..."
"ဒါပေမဲ့ ကျွန်မ ခန့်မှန်းရသလောက်တော့ သူက အလွန်ဆုံး အခြေတည်စိတ်ဝိညာဉ် နှောင်းပိုင်းအဆင့်မှာ ရှိလိမ့်မယ်..."
ဤစကားကို ကြားချိန်တွင် ကောင်းကော်ကျန်းက ပြုံးလျက် ပြောဆိုလေသည်။
"ဂျူနီယာညီမလေးချင်... စိတ်မပူပါနဲ့... ငါ့ရဲ့ ကောင်းမိသားစုမှာ ယွီမြို့က နတ်ဘုရားအသွင်ပြောင်းခြင်း အစောပိုင်းအဆင့်မှာ ရှိတဲ့ အကြီးအကဲ တစ်ယောက်ရှိတယ်... သူ့ကို ချက်ချင်း ဆက်သွယ်ပြီး ဒီလူကို သတ်ပြီး မင်းအတွက် ကလဲ့စားချေပေးဖို့ သူ့ကို ခိုင်းလိုက်မယ်..."
ဤစကားကို ကြားချိန်တွင် ကျိုးယွမ်သည် နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး မဖြစ်နိုင်ကြောင်း ချင်တျဲ့ ချက်ချင်း သေချာသွားလေ၏။
"ကျေးဇူးအများကြီး တင်ပါတယ် စီနီယာအစ်ကိုကောင်း... ရှင်က ကျွန်မအပေါ် အကောင်းဆုံးဆိုတာ ကျွန်မ သိပါတယ်..."
ချင်တျဲ့က စကားပြောပြီးနောက် သူမသည် ကောင်းကော်ကျန်းကို မျက်လုံးများ အရောင်လက်ကာ ကြည့်လိုက်ရာ ကောင်းကော်ကျန်း၏ သွေးများကို ဆူပွက်သွားစေလေ၏။ ထိုနေရာတွင်ပင် နေရာတစ်ခုရှာပြီး ချင်တျဲ့ကို သိမ်းပိုက်လိုက်ချင်စိတ်များ ပေါ်လာလေသည်။
ကျိုးယွမ်သည် ချင်တျဲ့နှင့် ကောင်းကော်ကျန်းတို့ကို သဘာဝကျကျ အာရုံမစိုက်ခဲ့ချေ။ သူသည် လမ်းမပေါ်တွင် လမ်းလျှောက်နေရင်း တန်ယန်မြို့သို့ ချက်ချင်း သွားသင့် မသွားသင့် စဉ်းစားနေလေ၏။
ကျိုးယွမ်သည် ချူထျန်းရှန်း၏ စကားများကြောင့် အံ့အားသင့်သွားခဲ့သော်လည်း တဖြည်းဖြည်း သတိပြန်ဝင်လာလေသည်။
သို့သော် မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူက သူ့ကို လမ်းကြောင်းမှန်တစ်ခုဆီသို့ ညွှန်ပြပေးခဲ့ခြင်း ဖြစ်ပေ၏။
လက်ရှိတွင် သူ၏ ကျင့်စဉ်အဆင့်မှာ အခြေတည်စိတ်ဝိညာဉ် အထွတ်အထိပ်အဆင့်တွင် ရပ်တန့်နေပြီး နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ မည်သည့်အချိန်တွင် ဝင်ရောက်နိုင်မည်ဆိုသည်ကို သူ အတိအကျ မသိရှိသေးချေ။
ထို့ကြောင့် ဤကာလသည် ကျိုးယွမ်အတွက် မှော်အဆောင် ပညာရပ်ကို လေ့ကျင့်ရန် အသင့်တော်ဆုံး အချိန်ပင် ဖြစ်ပေသည်။
ထိုချိန်တွင် ကျိုးယွမ်၏ အကြည့်သည် အဘိုးအို တစ်ဦးအပေါ်သို့ ကျရောက်သွားပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာလေ၏။
*ဒီနေ့ ဘာတွေ ဖြစ်နေတာလဲ... ငါ အပ်တစ်ထောင်နယ်မြေကို ရောက်တာ မကြာသေးဘူး... တောအုပ်ထူထူထဲမှာ ဆုံခဲ့တဲ့ လူနှစ်ယောက်စလုံးက ယွီမြို့ကို ရောက်နေကြတယ်... တိုက်ဆိုင်လိုက်တာ…*
ချူအန်းပုသည်လည်း ကျိုးယွမ်ကို မှတ်မိသွားပြီး သူ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားကာ အလျင်အမြန် ထွက်ခွာသွားလေ၏။
ချူအန်းပုသည် ကျိုးယွမ်အပေါ် ကျေးဇူးတင်စိတ် အနည်းငယ် ရှိနေသေးပေသည်။ အကယ်၍ ကျိုးယွမ်၏ ထိုလက်ဝါးရိုက်ချက်သာ မပါခဲ့ပါက သူသည် ထိုအမျိုးသမီး ကျင့်ကြံသူကို အမှန်တကယ် အနိုင်ယူနိုင်ခဲ့မည် မဟုတ်ချေ။
ယင်းမှာ သူ၏ ဘဝတွင် ဘယ်သောအခါကမှ မေ့ဖျောက်၍ မရနိုင်သော မှတ်ဉာဏ်တစ်ခု ဖြစ်ကြောင်း သေချာလှပေသည်။
ကံမကောင်းစွာဖြင့် ဒါက တစ်ကြိမ်တည်းသော အခွင့်အရေးပဲ...
သို့သော် ချူအန်းပုသည်လည်း အကျိုးကျေးဇူးများစွာ ရရှိခဲ့ပေသည်။ သူ၏ ကျင့်ကြံခြင်း နည်းစနစ်မှာ မူလကတည်းက ယင်နှင့်ယန် ကျင့်ကြံခြင်းမှတစ်ဆင့် ယန်စွမ်းအင်ကို ဖြည့်တင်းသည့် အစိတ်အပိုင်းအချို့ ပါဝင်နေသောကြောင့် ဖြစ်ပေ၏။
ထိုအဖြစ်အပျက်ပြီးနောက် သူ၏ ကျင့်စဉ်အဆင့်မှာ ပိုမို တိုးတက်လာခဲ့ပြီး နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်၏ တံခါးဝသို့ပင် ရောက်ရှိနေပြီ ဖြစ်ပေသည်။
သူသည် လအနည်းငယ်အတွင်း နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်သို့ သေချာပေါက် တက်လှမ်းနိုင်မည် ဖြစ်ပေ၏။
ယွီမြို့တွင် လှည့်လည်သွားလာပြီး တန်ယန်မြို့သို့ သွားရမည့် လမ်းကြောင်းကို ရှာဖွေသိရှိပြီးနောက် ကျိုးယွမ်သည် ထပ်မံ အချိန်မဆွဲတော့ဘဲ ယွီမြို့မှ ထွက်ခွာလာခဲ့လေသည်။
ကျိုးယွမ် ယွီမြို့မှ ထွက်ခွာလာပြီး မကြာမီမှာပင် ချူအန်းပုသည်လည်း ယွီမြို့မှ ထွက်ခွာလာခဲ့ပြီး ကျိုးယွမ်နှင့် လမ်းကြောင်းတူ ဦးတည်သွားနေလေ၏။
ချူအန်းပု၏ နောက်တွင် ချင်တျဲ့၊ ကောင်းကော်ကျန်းနှင့် ကောင်းမုချွန်းတို့သည်လည်း မြို့ထဲမှ ထွက်လာခဲ့ကြလေသည်။
ကောင်းမုချွန်းသည် ကောင်းမိသားစု၏ အကြီးအကဲများထဲမှ တစ်ဦးဖြစ်ပြီး နတ်ဘုရားအသွင်ပြောင်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံမှု ရှိပေသည်။
သို့သော် ကောင်းကော်ကျန်းသည် ကောင်းမိသားစု ခေါင်းဆောင်၏ သားဖြစ်သဖြင့် ကောင်းမုချွန်းသည် ကောင်းကော်ကျန်းအတွက် ဤအကူအညီကို ပေးရန် ဆန္ဒရှိနေဆဲ ဖြစ်ပေ၏။
လူသုံးစုသည် တစ်နေရာတည်းသို့ ဦးတည်သွားနေကြပြီး ဆယ်လီခန့်စီ ကွာဝေးကြလေသည်။
ရန်သူတွေက ဆုံတွေ့ဖို့ ဖန်လာတယ်လို့ ပြောကြတယ်လေ...။
သို့သော် ချူအန်းပုသည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း အလျင်အမြန် သဘောပေါက်သွားပြီး ရှေ့သို့ ရူးသွပ်စွာ စတင် ပြေးလွှားလေတော့သည်။