အခန်း (၁၃၉-၁၄၀)
Vol. 14 Ch. 139-140
အခန်း (၁၃၉)အလင်းတန်း ဒိုင်းလွှာ ပျက်စီးခြင်းနှင့် မိုးကြိုးပေါက်ကွဲခြင်း ဆေးလုံး၏ စွမ်းအား
[ဒင်... ကံကြမ္မာတန်ဖိုး ၂၊ သက်တမ်း ၁၁၊ ကျင့်ကြံခြင်းတန်ဖိုး ၃ တိုးလာပါသည်]
[ဒင်... ကံကြမ္မာတန်ဖိုး ၂၊ သက်တမ်း ၆၊ ကျင့်ကြံခြင်းတန်ဖိုး ၂ တိုးလာပါသည်]
[ဒင်... ကံကြမ္မာတန်ဖိုး ၁၅၊ သက်တမ်း ၂၁၊ ကျင့်ကြံခြင်းတန်ဖိုး ၁၆ တိုးလာပါသည်]
...
စနစ်၏ အသံသည် ကျိုးယွမ်၏ စိတ်ထဲတွင် အဆက်မပြတ် မြည်ဟည်းနေသော်လည်း ၎င်းတို့အားလုံးကို သူ လိုက်လံ မှတ်သားထားရန် မဖြစ်နိုင်ချေ။
ထိုအခိုက်အတန့်တွင် ကျိုးယွမ်၏ အာရုံစိုက်မှု အားလုံးသည် ဓားငယ် ကိုးလက်ပေါ်တွင်သာ ရှိနေလေ၏။ ၎င်းတို့သည် ကျိုးယွမ်၏ ပတ်လည်တွင် မြန်နှုန်းမြင့်စွာဖြင့် ပျံသန်းနေကြပြီး မိစ္ဆာသားရဲများသည် သူ၏ မီတာ တစ်ရာအတွင်းသို့ပင် မရောက်နိုင်မီမှာ အလောင်းများအဖြစ် ပြောင်းလဲသွားကြလေသည်။
အလောင်းများသည် တစ်ခုပြီးတစ်ခု စုပုံလာကာ ဧရာမ အလောင်းတောင်ကြီး တစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာလေ၏။
သွေးများ စုဝေးလာကာ သွေးချောင်းငယ်လေး တစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာလေသည်။
ဝမ်ပေါ်တာသည် သူ၏ ဓားဖြင့် ခုတ်ပိုင်းကာ သွေးဆာသားရဲတစ်ကောင်ကို သတ်ဖြတ်လိုက်ပြီးနောက် ရုတ်တရက် မှင်တက်သွားလေ၏။
အဘယ်ကြောင့်ဆိုသော် ကာကွယ်ရေး အလင်းတန်းဒိုင်းလွှာ၏ ရှေ့တွင် မိစ္ဆာသားရဲများ မရှိတော့သောကြောင့် ဖြစ်ပေသည်။
ဝမ်ပေါ်တာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း အလင်းတန်း ဒိုင်းလွှာမှ ထွက်ခွာကာ အဖြူရောင် မြူခိုးများထဲသို့ ဝင်ရောက်ရန် သူ ဆန္ဒမရှိခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် အဝေးမှ လာနေသော ပို၍ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုကို သူ ရှင်းလင်းစွာ ခံစားနိုင်သောကြောင့် ဖြစ်ပြီး ယင်းက အစစ်အမှန် အဆင့်မြင့် မိစ္ဆာသားရဲတစ်ကောင် ပေါ်လာပြီဖြစ်ကြောင်း ဆိုလိုနေပေ၏။
ကျိုးယွမ်သည် ထောင်သောင်းချီသော မိစ္ဆာသားရဲ အလောင်းများကို ကြည့်ရှုနေခြင်းကို ရပ်တန့်လိုက်လေသည်။ သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားငယ် ကိုးလက်သည် အဝေးမှ ပျံသန်းလာပြီး သူ၏ မျက်ခုံးများကြားသို့ ဝင်ရောက်သွားလေ၏။
ကျိုးယွမ်သည် ယိမ်းနွဲ့သွားပြီး ဝမ်ပေါ်တာ၏ ဘေးတွင် ချက်ချင်း ပေါ်လာရာ ဝမ်ပေါ်တာကို လန့်ဖျပ်သွားစေလေသည်။
ဝမ်ပေါ်တာသည် အလင်းတန်း ဒိုင်းလွှာ၏ အက်ကွဲကြောင်းငယ်လေးကို အလျင်အမြန် ဖွင့်ပေးလိုက်ပြီး သူတို့နှစ်ဦးသည် ဒိုင်းလွှာထဲသို့ ဝင်ရောက်သွားကြလေ၏။
ဝမ်ပေါ်တာ မည်သည့်အရာကိုမျှ မမေးခဲ့သလို ကျိုးယွမ်ကလည်း သူ့ကို မည်သည့်အရာကိုမျှ ပြောပြရန် မရည်ရွယ်ခဲ့ချေ။
သူ မူလ ရှိနေခဲ့သော နေရာသို့ ပြန်ရောက်ပြီးနောက် ကျိုးယွမ်သည် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး မချိပြုံး မပြုံးဘဲ မနေနိုင်ခဲ့ချေ။
အချိန်တိုလေး အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင် ခြောက်ဆယ် ရာခိုင်နှုန်းခန့် ကုန်ဆုံးသွားခဲ့လေ၏။
ဓား ကိုးလက်စလုံးကို အသုံးပြုခြင်းက ဤမျှလောက် စွမ်းအင် အလွန်အမင်း ကုန်ခမ်းစေကြောင်း ကျိုးယွမ် ပထမဆုံးအကြိမ် သိရှိသွားခြင်း ဖြစ်ပေသည်။ စုစုပေါင်း အချိန်မှာ အမွှေးတိုင် တစ်ဝက်စာခန့်သာ ကြာမြင့်ခဲ့ပေ၏။
ကျိုးယွမ်သည် အဆင့် ငါး မူလချီ ဆေးလုံး နှစ်လုံးကို ထုတ်ယူကာ သူ၏ ပါးစပ်ထဲသို့ ထည့်လိုက်ပြီးနောက် မျက်လုံးများကို မှိတ်ကာ သူ၏ အသက်ရှူနှုန်းကို စတင် ထိန်းညှိလေတော့သည်။
လီကွမ်မင်သည် မေးခွန်းများ ထပ်မံ မေးမြန်းချင်ခဲ့သော်လည်း ကျိုးယွမ်က သူ၏ မျက်လုံးများကို မှိတ်ကာ အသက်ရှူနှုန်းကို ထိန်းညှိနေသည်ကို မြင်သောအခါ သူ အလျင်အမြန် ပါးစပ် ပိတ်သွားလေ၏။
အလင်းတန်း ဒိုင်းလွှာ အတွင်းရှိ လူများသည် ကျိုးယွမ်ရှိရာ ဦးတည်ချက်ကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသော်လည်း မြူခိုးများကြောင့် အရာအားလုံးမှာ မှုန်ဝါးနေပြီး သူတို့ လုံးဝ ရှင်းလင်းစွာ မမြင်ရချေ။
သို့သော် ထိုနေရာတွင် ရှိနေသူ အားလုံးသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြလေ၏။ မည်သို့ပင်ဖြစ်စေ သူတို့သည် သားရဲများ၏ တိုက်ခိုက်မှုမှ ယာယီ လွတ်မြောက်သွားခဲ့ပြီ ဖြစ်ပေသည်။
သို့သော် ထိုအခိုက်အတန့်တွင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာလေ၏။ ဧရာမ ခြေသည်းကြီးတစ်ခုသည် ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး အလင်းတန်း ဒိုင်းလွှာကို တိုက်ရိုက် ရိုက်ချလိုက်လေသည်။
"ဝုန်း..."
အလင်းတန်း ဒိုင်းလွှာတစ်ခုလုံး အတွင်း၌ ငလျင်လှုပ်သွားသကဲ့သို့ ဖြစ်သွားလေ၏။ ဒိုင်းလွှာသည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး "ဒေါက်" ခနဲ အသံနှင့်အတူ အက်ကွဲကြောင်း တစ်ခု ပေါ်လာလေသည်။
အလင်းတန်း ဒိုင်းလွှာအတွင်းရှိ လူတိုင်းသည် ဤတိုက်ခိုက်မှုကြောင့် မှင်တက်သွားကြလေ၏။ လူအများအပြားသည် မြေပြင်ပေါ်သို့ လဲကျသွားကြပြီး သူတို့၏ မျက်နှာများ ချက်ချင်း ပြာနှမ်းသွားလေသည်။
လူတိုင်း ထိတ်လန့်မှုမှ ပြန်လည် မသက်သာနိုင်မီမှာပင် ဧရာမ ခြေသည်းကြီးသည် ကောင်းကင်ပေါ်မှ ထပ်မံ ကျဆင်းလာပြီး အလင်းတန်း ဒိုင်းလွှာကို ပြင်းထန်စွာ ရိုက်ချလိုက်လေ၏။
ကျယ်လောင်သော "ဝုန်း" ခနဲ အသံနှင့်အတူ ဝမ်ပေါ်တာ တပ်ဆင်ထားခဲ့သော ကာကွယ်ရေး အလင်းတန်း ဒိုင်းလွှာသည် အပိုင်းပိုင်းအစစ ကွဲထွက်သွားလေသည်။
"ပြေးကြ... အဲ့ဒါက နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် မိစ္ဆာသားရဲပဲ..."
ဝမ်ပေါ်တာက အော်ဟစ်လိုက်ပြီး ဝမ်ခန်းနှင့် သခင်မလေးလျိုတို့ကို ဖမ်းဆွဲကာ အဝေးသို့ ထွက်ပြေးသွားလေ၏။
လျိုမိသားစုမှ နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူသည် ဝမ်ပေါ်တာ၏ နောက်သို့ အနီးကပ် လိုက်ပါသွားပြီး လျင်မြန်စွာ တုံ့ပြန်နိုင်သူများကလည်း နောက်မှ လိုက်ပါသွားကြကာ နှေးကွေးစွာ တုံ့ပြန်နိုင်သူများမှာမူ နေရာတွင်ပင် မှင်တက်နေဆဲ ဖြစ်လေသည်။
အလင်းတန်း ဒိုင်းလွှာ ပထမဆုံး အတိုက်ခံရချိန်ကတည်းက ကျိုးယွမ်သည် နိုးလာပြီး မတ်တတ်ရပ်နေပြီ ဖြစ်ပေ၏။
ဝမ်ပေါ်တာ ခုန်ထွက်သွားသည့် အခိုက်အတန့်တွင် သူသည် လီကွမ်မင်ကို ဖမ်းဆွဲကာ အနီးကပ် လိုက်ပါသွားလေသည်။
နေရာပြောင်းရွှေ့ခြင်း အစီအရင်ကို အသုံးမပြုပါက ဝမ်ပေါ်တာ၏ နောက်သို့ လိုက်ခြင်းသည် လတ်တလောအတွက် အလုံခြုံဆုံး ရွေးချယ်မှုဖြစ်ကြောင်း ကျိုးယွမ် ကောင်းစွာ သိရှိထားပေ၏။
"အာ..."
စူးရှသော အော်ဟစ်သံများ အနောက်မှ ထွက်ပေါ်လာလေသည်။ နှေးကွေးစွာ တုံ့ပြန်ခဲ့သူများသည် မိစ္ဆာသားရဲ၏ သားကောင်များ ဖြစ်သွားကြပြီး အော်ဟစ်သံများ လေထဲတွင် ပြည့်နှက်သွားလေ၏။
ကျိုးယွမ်၏ နတ်ဘုရားစိတ်ဝိညာဉ်အာရုံသည် ထိုဧရိယာကို ဖြတ်သန်းသွားပြီး လူ ခုနစ်ဦး သို့မဟုတ် ရှစ်ဦးခန့်သည် ထိုနတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် သားရဲ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်း တွေ့ရှိလိုက်ရလေသည်။ ကျန်ရှိနေသော လူများသည် ငှက်များနှင့် သားရဲများကဲ့သို့ ကွဲလွင့်ကာ ထွက်ပြေးသွားကြလေ၏။
သို့သော် သူတို့ကို စောင့်ကြိုနေသည်မှာ သေခြင်းတရားသာ ဖြစ်ပေသည်။ အခိုက်အတန့်လေး အတွင်းမှာပင် သူတို့ အားလုံးသည် သေဆုံးခြင်းသို့ ရောက်ရှိသွားကြလေသည်။
လျိုမိသားစု၏ အကြီးဆုံးသမီးကို အလုပ်အကျွေးပြုနေသော အစေခံမလေးများလည်း အပါအဝင် ဖြစ်လေ၏။ သူတို့၏ ကျင့်စဉ်အဆင့်မှာ အလွန် နိမ့်ကျလွန်းသဖြင့် အသက်ရှင်ကျန်ရစ်ရန် အခွင့်အရေး မရှိခဲ့ချေ။
ကျိုးယွမ်သည် သူ၏ နတ်ဘုရားစိတ်ဝိညာဉ်အာရုံဖြင့် လူအုပ်ကြီးကို စစ်ဆေးလိုက်ရာ လူ နှစ်ဆယ့်လေးဦးသာ ကျန်ရစ်တော့ကြောင်း တွေ့ရှိလိုက်ရလေသည်။
လီကွမ်မင်သည် နောက်ဆုံးတွင် သတိပြန်လည်လာပြီး ကျိုးယွမ်ကို အလျင်အမြန် ကျေးဇူးတင်စကား ပြောဆိုလိုက်လေ၏။
အကယ်၍ ကျိုးယွမ်သာ သူ့ကို ဆွဲမခေါ်သွားခဲ့ပါက သူသည် ထိတ်လန့်နေဆဲ ဖြစ်နေနိုင်ပြီး နောက်ဆက်တွဲ အကျိုးဆက်များမှာ ထင်ရှားလှပေသည်။
သို့သော် ဆင်းရဲဒုက္ခမှာ ပြီးဆုံးရန် အလှမ်းဝေးနေဆဲ ဖြစ်ပေ၏။ မရေမတွက်နိုင်သော မိစ္ဆာသားရဲများသည် မယုံနိုင်လောက်အောင် မြန်နှုန်းဖြင့် သူတို့နောက်သို့ လိုက်လံ ဖမ်းဆီးနေကြလေသည်။
ကျိုးယွမ်နှင့် သူ၏ အဖွဲ့သည် လူအုပ်ကြီး၏ အလယ်တွင် ပြေးနေကြပြီး မိစ္ဆာသားရဲများ ပိုပိုပြီး နီးကပ်လာသည်ကို မြင်တွေ့နေရလေ၏။
ကျိုးယွမ် မျက်မှောင်ကြုတ်သွားပြီး သူ၏ ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ အဆင့် သုံး မီးအဆောင် သုံးခုသည် သူ၏ လက်ထဲတွင် ပေါ်လာလေသည်။ အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ သူသည် ၎င်းတို့ကို သူ၏ အနောက်သို့ တိုက်ရိုက် ပစ်ပေါက်လိုက်လေ၏။
ကျယ်လောင်သော "ဝုန်း" ခနဲ အသံနှင့်အတူ မီးအဆောင်သည် ပေါက်ကွဲသွားပြီး မီတာ ဒါဇင်ပေါင်းများစွာ ကျယ်ဝန်းသော ဧရိယာကို မီးပင်လယ်အဖြစ် ချက်ချင်း ပြောင်းလဲပစ်လိုက်ကာ အဖြူရောင် မြူခိုး အမြောက်အမြားကိုပင် အငွေ့ပျံသွားစေလေသည်။
မိစ္ဆာသားရဲ အများအပြားသည် မီးပင်လယ်ထဲသို့ ပြေးဝင်လာပြီး စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာလေ၏။
"အားလုံးပဲ... မင်းတို့ဆီမှာ မှော်အဆောင်တွေရှိရင် ဖုံးကွယ်မထားဘဲ ထုတ်သုံးကြတော့..."
ကျိုးယွမ်၏ လှုပ်ရှားမှုကို မြင်သောအခါ လီကွမ်မင်၏ မျက်လုံးများ တောက်ပသွားပြီး သူ အလျင်အမြန် အော်ဟစ်လိုက်ကာ သူ၏ လက်ထဲတွင် မှော်အဆောင်အချို့ကို ထုတ်ယူလိုက်လေ၏။
အခြေတည်စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူ၌ မိသားစု ပိုင်ဆိုင်မှု အချို့ သဘာဝကျကျ ရှိပေသည်။
အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ လီကွမ်မင်သည် သူ၏ လက်ထဲရှိ မှော်အဆောင်ကို ပစ်ပေါက်လိုက်လေ၏။
မှော်အဆောင်သည် ပေါက်ကွဲသွားပြီး ရေခဲတုံးငယ်များအဖြစ် ပြောင်းလဲသွားကာ မီးပင်လယ်ထဲမှ ပြေးထွက်လာခါစ မိစ္ဆာသားရဲ အချို့ကို ရေခဲရုပ်တုများအဖြစ် ချက်ချင်း အေးခဲသွားစေလေသည်။
ကျိုးယွမ်နှင့် လီကွမ်မင်တို့က ဦးဆောင်မှုနှင့်အတူ သူတို့၏ သိုလှောင်လက်စွပ်များထဲတွင် မှော်အက္ခရာများ ရှိသော ကျင့်ကြံသူများ အားလုံးသည် လှုပ်ရှားလာကြပြီး အချိန်ခဏအတွင်းမှာပင် မိစ္ဆာသားရဲများကို အမှန်တကယ် တားဆီးနိုင်ခဲ့လေ၏။
၎င်းကို မြင်သောအခါ ဝမ်ပေါ်တာသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။ သူသည် ဝမ်ခန်းနှင့် သခင်မလေးလျိုတို့ကို လွှတ်ပေးလိုက်ပြီး လမ်းပြသူ အခန်းကဏ္ဍမှ ပါဝင်လာလေ၏။
သူတို့၏ နောက်တွင် ကျင့်ကြံသူ အများအပြားသည် မှော်အက္ခရာများကို အဆက်မပြတ် ပစ်ပေါက်နေကြပြီး အခိုက်အတန့်လေး အတွင်းမှာပင် လူတိုင်းသည် အန္တရာယ်မှ ယာယီ လွတ်မြောက်သွားကာ မြူခိုးဥမင်ချောက်နက်ကို လျင်မြန်စွာ ဖြတ်သန်းသွားလာနေကြလေသည်။
သို့သော် ကံကောင်းခြင်းသည် အချိန်အကြာကြီး မတည်တံ့ခဲ့ချေ။ ကြောက်မက်ဖွယ်ကောင်းသော ဖိအား အချို့သည် အနောက်မှ ထွက်ပေါ်လာပြီး အခြေတည်စိတ်ဝိညာဉ်အဆင့် မိစ္ဆာသားရဲ အချို့နှင့် နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲတစ်ကောင် ပေါ်လာလေ၏။
ထိုအခိုက်အတန့်တွင် လူတိုင်း၏ စိတ်နှလုံးထဲသို့ အရိပ်တစ်ခု ကျရောက်လာလေသည်။
အကယ်၍ ဤမိစ္ဆာသားရဲများသာ အတူတကွ တိုက်ခိုက်လာပါက သူတို့အဖွဲ့သည် သေချာပေါက် ခုခံနိုင်မည် မဟုတ်ချေ။
သို့သော် ထိုချိန်တွင် ဝမ်ပေါ်တာက အော်ဟစ်လိုက်ပြီး မည်းနက်နေသော အရာတစ်ခုကို ပစ်ပေါက်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော သားရဲများဆီသို့ တိုက်ရိုက် ဦးတည်သွားလေ၏။
"ဝုန်း..."
ပြင်းထန်သော ဟိန်းဟောက်သံသည် မိုးခြိမ်းသံတစ်ခုကဲ့သို့ ကျယ်လောင်လွန်းသဖြင့် လူအများအပြားသည် မြေပြင်ပေါ်သို့ ပြိုလဲလုနီးပါး ဖြစ်သွားကြလေသည်။
"အဆင့်ငါး မိုးကြိုးပေါက်ကွဲခြင်း ဆေးလုံးပဲ..."
လီကွမ်မင်သည် ကောင်းကင်ယံကို စူးစိုက်ကြည့်နေပြီး သူ၏ မျက်လုံးများ တောက်ပနေကာ သူ့ဘာသာသူ ရေရွတ်လိုက်လေ၏။
ကောင်းကင်ယံ အထက်တွင် လျင်မြန်စွာ နီးကပ်လာနေသော ကြောက်မက်ဖွယ်ကောင်းသည့် သားရဲ အချို့သည် သနားစရာကောင်းစွာ ရုတ်တရက် အော်ဟစ်လိုက်ကြလေသည်။ အခြေတည်စိတ်ဝိညာဉ်အဆင့် သားရဲများထဲမှ တစ်ကောင်မှာ အလွန်နီးကပ်နေသဖြင့် ခေါင်း ပြတ်ထွက်သွားပြီး ၎င်း၏ အလောင်းမှာ ကောင်းကင်ပေါ်မှ ပြုတ်ကျလာလေ၏။
အခြား မိစ္ဆာသားရဲများသည်လည်း ပြင်းထန်စွာ ဒဏ်ရာရသွားပြီး အနီးကပ် မချဉ်းကပ်ရဲတော့ဘဲ ရပ်တန့်သွားကြလေသည်။
ကျိုးယွမ်သည် ထိုမြင်ကွင်းကို အံ့အားသင့်စွာ စိုက်ကြည့်နေလေ၏။ မိုးကြိုးပေါက်ကွဲခြင်း ဆေးလုံး ပေါက်ကွဲသည်ကို သူ ပထမဆုံးအကြိမ် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရခြင်း ဖြစ်ပေသည်။
အကယ်၍ ထိုပေါက်ကွဲမှုသာ ငါ့ဆီ ဦးတည်လာမယ်ဆိုရင် ငါ မသေရင်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမှာပဲ... မိုးကြိုးပေါက်ကွဲခြင်း ဆေးလုံးက ဒီလောက် ကြောက်စရာကောင်းလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး...။
ကျိုးယွမ်သည် ဤအရာကို သူ၏ စိတ်ထဲတွင် တိတ်တဆိတ် မှတ်သားထားလိုက်လေ၏။ အကယ်၍ သူ့၌ အခွင့်အရေးရပါက မထင်မှတ်ထားသော အခြေအနေများအတွက် လက်ဝယ်ထားရှိရန် ၎င်းတို့ထဲမှ အချို့ကို သေချာပေါက် ကြိုးစား ရယူမည် ဖြစ်ပေသည်။
သေချာသည်မှာ မှော်အဆောင်များသည် တူညီသော အာနိသင် ရှိသော်လည်း ပို၍ပင် သေစေနိုင်စွမ်း ရှိပေ၏။ လတ်တလောတွင် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော မှော်အဆောင်များကို သူ မရေးဆွဲနိုင်သေးခြင်းသာ ဖြစ်ပေသည်။
အခန်း(၁၄၀)ပြဿနာများကို လွှဲချခြင်း
မိစ္ဆာသားရဲများ ရပ်တန့်သွားသည်ကို မြင်သောအခါ လူတိုင်းသည် ခဏလေးပင် မရပ်နားရဲဘဲ ပို၍ ရူးသွပ်စွာ ထွက်ပြေးကြလေ၏။
မိစ္ဆာသားရဲများ သူတို့နောက်သို့ လိုက်မလာသည်ကို မြင်သောအခါ လူတိုင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြလေသည်။ သို့သော် သားရဲများ၏ မျက်လုံးထဲရှိ ကြောက်ရွံ့မှုကိုမူ သူတို့ မမြင်တွေ့ခဲ့ကြချေ။
ဝမ်ပေါ်တာသည် အဖွဲ့အား လမ်းမှား မသွားစေရန်အတွက် လမ်းရှင်းပေးရန် သူ၏ အခြေတည်စိတ်ဝိညာဉ် အစောပိုင်းအဆင့် နတ်ဘုရားစိတ်ဝိညာဉ်အာရုံကို အသုံးပြုခဲ့လေ၏။
လူတိုင်း ပြေးနေစဉ်တွင် သားရဲများ၏ ဟိန်းဟောက်သံများသည် အဝေးသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လူအများစုသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြလေသည်။
ကျိုးယွမ်၏ မျက်လုံးများ အနည်းငယ် မှေးကျဉ်းသွားပြီး ဤနေရာရှိ မြူခိုးများမှာ ဟိုဘက်ထက် ပိုမို ထူထပ်နေကြောင်း ခံစားလိုက်ရလေ၏။
အကြောင်းပြချက် တစ်ခုခုကြောင့် သူ၏ စိတ်နှလုံးထဲတွင် မသက်မသာဖြစ်မှုတစ်ခု ပေါ်လာပြီး ပြေးနေသော ကျိုးယွမ်ကို အလိုအလျောက် ရပ်တန့်သွားစေလေသည်။
လီကွမ်မင် အံ့အားသင့်သွားပြီး ရပ်တန့်သွားကာ မေးမြန်းလိုက်လေ၏။
"တာအိုရောင်းရင်းကျိုး... ဘာဖြစ်လို့ ရုတ်တရက် ရပ်လိုက်တာလဲ..."
ကျိုးယွမ် ပတ်ဝန်းကျင်ကို တည်ကြည်လေးနက်စွာ ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောဆိုလေသည်။
"တာအိုရောင်းရင်းလီ... ဒီနေရာက အရမ်း တိတ်ဆိတ်လွန်းနေတယ်လို့ မထင်ဘူးလား..."
လီကွမ်မင် မှင်တက်သွားပြီးနောက် သူ၏ မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွားလေ၏။
လီကွမ်မင်မှာ လူမိုက်တစ်ယောက် မဟုတ်ချေ။ အမဲလိုက်ရန် အကောင်ကြီးများ ထွက်လာချိန်တွင် တောင်တန်းများသည် များသောအားဖြင့် ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်သွားတတ်ကြောင်း သူ ကောင်းစွာ သိရှိထားပေသည်။
မိစ္ဆာသားရဲ အများအပြား သူတို့နောက်သို့ လိုက်မလာရသည့် အကြောင်းရင်းမှာ ဤနေရာတွင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ရှိနေနိုင်ပြီး ၎င်းက သူတို့ကို ရပ်တန့်သွားစေခြင်းကြောင့် ဖြစ်ပေမည်။
ထိုအခိုက်အတန့်တွင် ဝမ်ပေါ်တာနှင့် အခြားသူများသည် ကျိုးယွမ်နှင့် လီကွမ်မင်တို့ထက် မီတာ ဒါဇင်ပေါင်းများစွာ ရှေ့ရောက်နေပြီ ဖြစ်လေ၏။ ကျိုးယွမ်က လီကွမ်မင်ကို ပြောဆိုလိုက်လေသည်။
"ကျွန်တော်တို့ အနောက်ဆုံးမှာ နေရအောင်... အခြေအနေ တစ်ခုခု မှားယွင်းသွားရင် ချက်ချင်း ပြန်ပြေးကြမယ်..."
လီကွမ်မင်တွင် ပိုကောင်းသော အကြံဥာဏ် မရှိသဖြင့် သူ ခေါင်းညိတ်လိုက်ပြီး သူတို့ နှစ်ဦးစလုံးသည် မသိမသာ အရှိန်လျှော့လိုက်ကြလေ၏။
ကီလိုမီတာ တစ်ဝက်ခန့် ခရီးနှင်ပြီးနောက် ကျိုးယွမ်နှင့် လီကွမ်မင်တို့သည် သူတို့၏ ရှေ့ရှိ အဖွဲ့မှာလည်း ရပ်တန့်သွားကြောင်း သတိထားမိလိုက်ပြီး သူတို့၏ အမူအရာများ ချက်ချင်း တင်းမာသွားလေသည်။
"ဝီ..."
ထိုချိန်တွင် သဲ့သဲ့အသံတစ်ခု ကျိုးယွမ်၏ နားထဲသို့ ရောက်လာလေ၏။ ကျိုးယွမ်သည် လက်လှမ်းကာ ဖမ်းဆုပ်လိုက်ရာ အတောင်ပံပါသော အနီရောင် ပိုးကောင်ငယ်လေး တစ်ကောင် သူ၏ လက်ထဲတွင် ပေါ်လာလေသည်။
ပိုးကောင်သည် ပျားတစ်ကောင် အရွယ်အစားသာ ရှိသော်လည်း ၎င်း၏ ပါးစပ်ပေါ်တွင် သိသာထင်ရှားသော သွား လေးချောင်း ရှိလေ၏။
ကျိုးယွမ် ဖမ်းဆုပ်လိုက်ပြီးနောက် ၎င်းသည် ကျိုးယွမ်၏ လက်ကို အမှန်တကယ် ကိုက်လိုက်လေသည်။
သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင် အနည်းငယ် ပျောက်ကွယ်သွားသကဲ့သို့ ကျိုးယွမ် ခံစားလိုက်ရရာ သူ့ကို အလွန်အမင်း အံ့အားသင့်သွားစေလေ၏။
"သွေးဝိညာဉ်ပျား..."
ထိုချိန်တွင် လီကွမ်မင်ထံမှ ထိတ်လန့်တကြား အော်ဟစ်သံတစ်ခု ကျိုးယွမ်၏ ဘေးမှ ထွက်ပေါ်လာလေသည်။ သူ၏ မျက်နှာမှာ ပြာနှမ်းနေပြီး သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ရီနေလေ၏။
ကျိုးယွမ် အနည်းငယ် မှင်တက်သွားပြီး အလျင်အမြန် မေးမြန်းလိုက်လေသည်။
"တာအိုရောင်းရင်းလီ... သွေးဝိညာဉ်ပျား ဆိုတာ ဘာလဲ..."
လီကွမ်မင်၏ နှုတ်ခမ်းများ အနည်းငယ် တုန်ရီသွားပြီးနောက် သူသည် တုန်ရီနေသော အသံဖြင့် ရှင်းပြလေ၏။
"သွေးဝိညာဉ်ပျား ဆိုတာ ဝိညာဉ်စွမ်းအင်နဲ့ သွေးတွေကို အထူးတလည် ဝါးမျိုတဲ့ သတ္တဝါတွေပဲ..."
"ဒီအကောင်တွေက သိပ်မကြီးဘူး... ပြီးတော့ မီးကို ကြောက်ကြတယ်... တစ်ကောင် နှစ်ကောင် ဒါမှမဟုတ် အကောင် တစ်ရာလောက် ဆိုရင်တော့ ကိစ္စမရှိပါဘူး..."
"ဒါပေမဲ့ ဒီအကောင် ပေါ်လာပြီဆိုရင် သန်းပေါင်းများစွာ ဒါမှမဟုတ် သန်းရာချီတောင် ရှိတတ်ပြီး သူတို့ သွားတဲ့ နေရာတိုင်းမှာ ဘာမှ မပေါက်ရောက်နိုင်တော့ဘူး..."
"နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် မိစ္ဆာသားရဲ တစ်ကောင်တောင် သွေးဝိညာဉ်ပျားတွေနဲ့ ကြုံတွေ့ရရင် အသက်လု ထွက်ပြေးရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိဘူး... အဲ့ဒီလိုမှ မဟုတ်ရင် သန်းပေါင်းများစွာ ဒါမှမဟုတ် သန်းရာချီတဲ့ အကောင်တွေက သူ့အပေါ် တစ်ပြိုင်နက်တည်း ခုန်အုပ်လာရင် နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် မိစ္ဆာသားရဲတောင် အရိုးစုတစ်ပုံအဖြစ် ချက်ချင်း ပြောင်းလဲသွားလိမ့်မယ်..."
လီကွမ်မင် ရှင်းပြပြီးနောက် သူ၏ ခန္ဓာကိုယ်သည် အကြောဆွဲနေသကဲ့သို့ ပြင်းထန်စွာ တုန်ရီသွားပြီး အဆက်မပြတ် တုန်လှုပ်နေလေ၏။
ဤစကားကို ကြားချိန်တွင် ကျိုးယွမ်၏ မျက်လုံးများ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားလေသည်။
အရေအတွက် သက်သက်ကို ရင်ဆိုင်ရချိန်တွင် အရည်အသွေးသည်ပင် ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။
"ဝီ..."
ထိုချိန်တွင် ပတ်ဝန်းကျင်အနှံ့မှ ထူထပ်သော အသံများ ထွက်ပေါ်လာလေ၏။
ကျိုးယွမ်၏ နတ်ဘုရားစိတ်ဝိညာဉ်အာရုံသည် ဝမ်ပေါ်တာက ဝမ်ခန်းနှင့် အခြားသူများကို ဦးဆောင်ကာ သူတို့ဆီသို့ ပြေးလာနေသည်ကို ချက်ချင်း ထောက်လှမ်းမိလိုက်လေသည်။
"ပြေးကြ..."
အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ကျိုးယွမ်သည် လီကွမ်မင်ကို ဆွဲခေါ်ကာ သူတို့ လာခဲ့သော လမ်းကြောင်းအတိုင်း နောက်သို့ ပြေးလေတော့၏။
လီကွမ်မင်သည် ဘာတွေ ဖြစ်နေသလဲဆိုသည်ကို ချက်ချင်း နားလည်သွားပြီး နောက်ထပ် ဘာမှ မပြောတော့ဘဲ ကျိုးယွမ်၏ နောက်သို့ ရူးသွပ်စွာ ပြေးလိုက်လေသည်။
ထိုအခိုက်အတန့်တွင် အခန်းကဏ္ဍများ ပြောင်းလဲသွားပြီး ကျိုးယွမ်သည် ခေါင်းဆောင် ဖြစ်လာလေ၏။ ကျိုးယွမ်၏ နတ်ဘုရားစိတ်ဝိညာဉ်အာရုံသည် သူ၏ အနောက်ဘက်ရှိ ဧရိယာကို အဆက်မပြတ် စစ်ဆေးနေလေသည်။
ထိုချိန်တွင် နေကိုပင် ကွယ်ပစ်လုမတတ် ဧရာမ သွေးဝိညာဉ်ပျားအုပ်ကြီးသည် လူတိုင်းဆီသို့ တိုက်ခတ်လာနေသည်ကို ကျိုးယွမ်၏ နတ်ဘုရားစိတ်ဝိညာဉ်အာရုံက မြင်တွေ့လိုက်ရလေ၏။
နောက်ဆုံးမှ လူသည် သွေးဝိညာဉ်ပျားများ၏ အမီလိုက်ခြင်းကို အလျင်အမြန် ခံလိုက်ရပြီး ပျားများသည် တိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ့ကို လုံးလုံးလျားလျား လွှမ်းခြုံသွားလေသည်။
စူးရှသော အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသော်လည်း အော်ဟစ်သံများသည် အသက်ရှူချိန် နှစ်ကြိမ်ပင် မပြည့်မီ ရုတ်တရက် ရပ်တန့်သွားလေ၏။
ထို့နောက် သန်းရာချီ ပါဝင်သော သွေးဝိညာဉ်ပျားများသည် တိမ်တိုက်များကဲ့သို့ ကွဲလွင့်သွားပြီး အတွင်းရှိ အရိုးစုတစ်ခုကို ဖော်ပြလိုက်သည်ကို ကျိုးယွမ် တွေ့ရှိလိုက်ရလေသည်။
ကျိုးယွမ်သည် ပြတ်သားပြီး ရက်စက်သော လူတစ်ဦး ဖြစ်သော်လည်း ဤမြင်ကွင်းကို မြင်သောအခါ သူ၏ ကျောရိုးထဲ စိမ့်သွားသည်ကို ခံစားလိုက်ရဆဲ ဖြစ်ပေ၏။
ယခုလေးတင် သေဆုံးသွားသော လူကို သူ ဝေဝါးဝါး မှတ်မိနေသေးသည်။ သူသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ဦးဖြစ်သော်လည်း အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်၏ စွမ်းအားကိုသာ ထုတ်သုံးနိုင်လေ၏။
သို့သော် အသက်ရှူချိန် နှစ်ကြိမ်ပင် မပြည့်မီ ထိုလူ သေဆုံးသွားပြီး အရိုးစုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
ထို့နောက် ဤသွေးဝိညာဉ်ပျားများသည် အရေအတွက် များပြားသော်လည်း သူတို့၏ ပျံသန်းနှုန်းမှာ မမြန်ကြောင်း၊ အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့်ရှိ လူတစ်ဦးနှင့် အတူတူခန့်သာ ရှိကြောင်း ကျိုးယွမ် သတိထားမိလိုက်လေ၏။
ကျိုးယွမ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။ ဤအမြန်နှုန်းသည် ထိုနေရာတွင် ရှိနေသူ အားလုံး မျိုးတုံးမသွားစေရန် တားဆီးရန် လုံလောက်ပေ၏။
"ဝုန်း..."
ကျိုးယွမ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ချိန်မှာပင် မိစ္ဆာသားရဲများ၏ ဟိန်းဟောက်သံကို သူ ကြားလိုက်ရလေသည်။ သားရဲများသည် သူတို့၏ ရှေ့ မလှမ်းမကမ်းတွင် ရှိနေပေ၏။
ထိုအခိုက်အတန့်တွင် လူတိုင်း အနည်းငယ် အကျပ်ရိုက်နေကြလေသည်။
ကျိုးယွမ်က တုံ့ဆိုင်းမနေခဲ့ချေ။ သူတို့၏ အသက်ရှင်ကျန်ရစ်ရန် အခွင့်အရေးမှာ ရှေ့တွင် ရှိနေကြောင်း သူ သိထားပေ၏။
ဤသွေးဝိညာဉ်ပျားများကို ဧရာမ မိစ္ဆာသားရဲ အုပ်ကြီးဆီသို့ မျှားခေါ်ပြီး သူတို့ကို အချင်းချင်း တိုက်ခိုက်ခိုင်းမှသာ သူတို့ အသက်ရှင်လျက် လွတ်မြောက်နိုင်မည် ဖြစ်ပေသည်။
ဝမ်ပေါ်တာသည်လည်း ထိုအခိုက်အတန့်တွင် ကျိုးယွမ်၏ ဘေးသို့ ရောက်လာလေ၏။ သူသည် ကျိုးယွမ်ကို ခေါင်းညိတ်ပြလိုက်ပြီး တူညီသော အကြံဥာဏ် ရှိနေပေသည်။
မကြာမီမှာပင် ဧရာမ မိစ္ဆာသားရဲအုပ်ကြီးသည် မီတာ ရာဂဏန်းခန့် အကွာမှ ဟိန်းဟောက်လာကြလေ၏။
ဝမ်ပေါ်တာသည် မည်းနက်နေသော အရာတစ်ခုကို မိစ္ဆာသားရဲ အုပ်စုထဲသို့ တိုက်ရိုက် ပစ်ပေါက်လိုက်လေသည်။
နားကွဲမတတ် ဟိန်းဟောက်သံကြီးနှင့်အတူ မိစ္ဆာသားရဲ အများအပြားသည် အပိုင်းပိုင်းအစစ ပေါက်ကွဲသွားပြီး အဆက်မပြတ် ဟိန်းဟောက်နေကြလေ၏။
ဤမိစ္ဆာသားရဲများသည် အမှန်တကယ် ဒေါသထွက်သွားကြပြီး ဝမ်ပေါ်တာနှင့် အခြားသူများဆီသို့ ခုန်အုပ်လာကြလေသည်။
ဝမ်ပေါ်တာသည် သူ၏ လက်ထဲရှိ နောက်ဆုံး ကျောက်စိမ်းပြားကို တစ်ချက် ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် နှမြောသည့် အရိပ်အယောင်တစ်ခု ပေါ်လွင်နေလေ၏။ သို့သော် သူ သွားကိုက်ကာ ၎င်းကို ချေမွပစ်လိုက်လေသည်။
ကျောက်စိမ်းပြား ကွဲအက်သွားသည်နှင့်အမျှ အထူး အလင်းတန်း ဒိုင်းလွှာတစ်ခု ပေါ်လာလေ၏။
"အားလုံးပဲ... ချက်ချင်း ဝင်ခဲ့ကြ..."
ဝမ်ပေါ်တာသည် လူအုပ်ကြီးကို အော်ဟစ်လိုက်ပြီး အလင်းတန်း ဒိုင်းလွှာထဲသို့ ပထမဆုံး ဝင်ရောက်သွားကာ ကျိုးယွမ်နှင့် လီကွမ်မင်တို့က အနီးကပ် လိုက်ပါသွားကြလေသည်။
ထို့နောက် လူတိုင်း ဝင်ရောက်လာကြပြီး အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် လူတိုင်း အတွင်းသို့ ရောက်ရှိသွားကာ အလင်းတန်း ဒိုင်းလွှာသည် ချက်ချင်း ပိတ်သွားလေ၏။
အလင်းတန်း ဒိုင်းလွှာပိတ်သွားသည့် အခိုက်အတန့်တွင် မရေမတွက်နိုင်သော မိစ္ဆာသားရဲများသည် ၎င်း၏ ဘေးသို့ ပြေးဝင်လာကြပြီး ပြင်းထန်သော တိုက်ခိုက်မှုများကို ပြုလုပ်ကြလေသည်။
"ဝုန်း ဝုန်း..."
ပြင်းထန်သော ဟိန်းဟောက်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး အလင်းတန်း ဒိုင်းလွှာသည် လှိုင်းထသွားလေ၏။
ထိုချိန်တွင် မရေမတွက်နိုင်သော တဝီဝီ အသံများ ထွက်ပေါ်လာပြီး ထူထပ်သော သွေးဝိညာဉ်ပျား အုပ်ကြီးသည် အဖြူရောင် မြူခိုးများထဲမှ ထွက်ပေါ်လာကာ မိစ္ဆာသားရဲ အုပ်ကြီးထဲသို့ ချက်ချင်းဝင်တိုက်သွားလေသည်။
မိစ္ဆာသားရဲများ၏ ဟိန်းဟောက်သံများ အဆက်မပြတ် ပဲ့တင်ထပ်နေပြီး တစ်ကောင်ပြီးတစ်ကောင် မူလက ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာသားရဲများသည် ချက်ချင်းပင် အရိုးဖြူ အပုံများအဖြစ် လျော့ကျသွားလေ၏။
မိစ္ဆာသားရဲများသည် အလျင်စလို ထွက်ပြေးကြသော်လည်း သွေးဝိညာဉ်ပျားများက သူတို့ကို အလွတ်မပေးခဲ့ချေ။ သူတို့သည် တိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သားရဲများ နောက်သို့ လိုက်လံ ဖမ်းဆီးကြလေသည်။
သွေးဝိညာဉ်ပျားများနှင့် မိစ္ဆာသားရဲများ အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ဝမ်ပေါ်တာသည် အလင်းတန်း ဒိုင်းလွှာကို အလျင်အမြန် ဖယ်ရှားလိုက်ပြီး ထွက်ပြေးရန် လူတိုင်းကို ဦးဆောင်လေ၏။ လူတိုင်းသည် ဘေးဆိုးတစ်ခုမှ အသက်ရှင်ကျန်ရစ်ခဲ့သကဲ့သို့ ခံစားလိုက်ရလေသည်။
ကျိုးယွမ်သည်လည်း ချွေးများ ပြိုက်ပြိုက်ကျနေလေ၏။ သူသည် လမ်းတစ်လျှောက်တွင် သွေးဝိညာဉ်ပျားများ၏ အလောင်း မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ရသော်လည်း သွေးဝိညာဉ်ပျားများ၏ အရေအတွက်မှာ များပြားလွန်းပြီး ကြောက်မက်ဖွယ်ကောင်းလှပေသည်။