အခန်း (၁၆၇-၁၆၈)
Vol. 17 Ch. 167-168
အခန်း (၁၆၇) ဒြပ်စင်ငါးပါး လိုက်နာခြင်းဝိုင် နောက်ကိုလိုက်ပြီး ခါးသီးခြင်းပင်လယ်ကို ကျော်လွှားဖို့ တိုက်ခိုက်ကြမယ်
ကျောက်တုံးအင်မော်တယ်က လင်းရီ၏ လက်ထဲရှိ ဝိုင်ကို ကြည့်ကာ အကြိမ်ကြိမ် ချီးကျူးရင်း ပြောဆိုလိုက်သည်။
"ဒီဝိုင်သာ ပြီးပြည့်စုံသွားရင်တော့ ဒါက နောက်ထပ် ကြီးမားတဲ့ အခွင့်အရေးကြီး တစ်ခုပဲ"
ခါးသီးခြင်းပင်လယ် ကို ဖြတ်ကျော်ရန် အခက်အခဲမှာ ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး ၏ စွမ်းအား ပေါ်တွင် မူတည်နေလေသည်။ လင်းရီ၏ ဝိုင်နှင့်ဆိုလျှင် 'ခါးသီးခြင်းပင်လယ် တားမြစ်နယ်မြေ' ဟူသော နာမည်က ကြောက်မက်ဖွယ်ကောင်းမှု တစ်ဝက်ကို ဆုံးရှုံးသွားပြီ ဖြစ်လေသည်။
လင်းရီက ခေါင်းခါယမ်းရင်း ပြုံး၍ ပြောဆိုလိုက်သည်။
"တကယ်တော့ ဒါကို စောစောကတည်းက တွေးမိသင့်တာ... ယက္ခလူမျိုးတွေက အကျည်းတန်တာကို အလှတရားလို့ သတ်မှတ်ကြတယ်၊ အဲဒါက အပြင်ကမ္ဘာနဲ့ ပြောင်းပြန်ပဲ... ဒါကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်ထဲက ဒြပ်ငါးပါး က ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး နဲ့ လိုက်လျောညီထွေဖြစ်အောင် လည်ပတ်နေတာပဲ ဖြစ်ရမယ်... အကယ်၍ ယက္ခလူမျိုးတွေသာ ဝိညာဉ်ကုန်းမြေ ထဲကို ဝင်လာမယ်ဆိုရင် ငါတို့ ဝိညာဉ်ကုန်းမြေရဲ့ ကောင်းကင် တာအိုကလည်း ယက္ခ လူမျိုးတွေအတွက် ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး ရဲ့ ပုံစံတစ်မျိုး ဖြစ်လာမှာပဲ"
ကျောက်တုံးအင်မော်တယ်က ထောက်ခံလိုက်သည်။
“တကယ်ပဲ"
ယက္ခလူမျိုးများက ဝိညာဉ်ကုန်းမြေ သို့ တစ်ခါမျှ မဝင်ရောက်ခဲ့ခြင်းမှာ ထိုအကြောင်းရင်းကြောင့် ဖြစ်ရပေမည်။ ထိုအကြောင်းကို တွေးမိသောအခါ လင်းရီသည် ကျောက်စိမ်းစာလိပ်တစ်ခုကို ထုတ်ယူကာ ကယ်ချင်းထံသို့ သတင်းပို့လိုက်လေသည်။
ကယ်ချင်းက ဆက်သွယ်မှု ရရှိသည်နှင့် အားရပါးရ ရယ်မောရင်း ပြောဆိုလိုက်သည်။
"တောင်သခင်လင်းရီ... ဒီအဘိုးကြီးကို ပေးစရာ ကောင်းတဲ့အရာ နောက်တစ်ခု ရှိနေပြန်ပြီလား"
လင်းရီမှာ တကယ့်ကို ကံကောင်းသော ကြယ်တစ်ပွင့်ပင် ဖြစ်လေသည်။ သူ အကူအညီ တောင်းခံတိုင်း ဆေးလုံးတောင် မျိုးဆက်အတွက် ကြီးမားလှသော အခွင့်အရေးများကို ဆောင်ကြဉ်းပေးတတ်လေသည်။ ယခုအခါ တာလော့ ရှိ လူတိုင်းမှာ လင်းရီ၏ အကူအညီတောင်းခံမှုကို မျှော်လင့်နေကြပြီ ဖြစ်လေသည်။
လင်းရီက ပြန်လည် ဖြေကြားလိုက်သည်။
"တကယ်ပဲ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိနေလို့ပါ"
ကယ်ချင်းက ပို၍ မျှော်လင့်ချက် ကြီးစွာဖြင့် ပြောဆိုလိုက်သည်။
"ပြောပြပါဦး"
လင်းရီက ရှင်းပြလေသည်။
"လင်းရီက ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး ရဲ့ စွမ်းအား အခြေခံသဘောတရားတွေကို နားလည်သွားပါပြီ... စီနီယာက ဒီသဘောတရားတွေကို လိုက်နာပြီး ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါးကို ခန္ဓာကိုယ်ကို မထိခိုက်အောင် ကာကွယ်ပေးနိုင်တဲ့ ဆေးလုံးတွေကို ဖော်စပ်နိုင်ပါတယ်"
ဆက်သွယ်နေစဉ်အတွင်း လင်းရီသည် ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး အတွင်း၌ ပါဝင်သော ဒြပ်ငါးပါး ၏ အပြန်အလှန် ဖြစ်ပေါ်မှုနှင့် အပြန်အလှန် အနိုင်ယူမှု သဘောတရားများ အားလုံးကို ကယ်ချင်း ထံသို့ ပေးပို့လိုက်လေသည်။
ကယ်ချင်းက လင်းရီ၏ သတင်းစကားကို ဖတ်ပြီးနောက် သူ၏ ပေါင်ကို ရိုက်ကာ သဘောပေါက်သွားဟန်ဖြင့် ပြောဆိုလိုက်သည်။
“ဒီလိုကိုး... ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး ဆိုတာက ခန္ဓာကိုယ်ထဲက ဒြပ်ငါးပါး လမ်းစဉ်ကို ပြောင်းပြန် ဖြစ်သွားစေတာကိုး... ဒီလောက် ရိုးရှင်းတဲ့ သဘောတရားလေးကို ငါက ဘာလို့ တစ်ခါမှ မစဉ်းစားမိခဲ့တာလဲ"
ထိုအကြောင်းအရာအတွင်းရှိ တာအို ကို သူ ရှင်းလင်းစွာ နားလည်သွားပြီ ဖြစ်ကြောင်း ထင်ရှားလှပေသည်။ လောကရှိ အရာအများစုမှာ ဤကဲ့သို့ပင် ဖြစ်လေသည်။ ထောက်ပြလိုက်သည်နှင့် ရှင်းလင်းသွားတတ်လေသည်။ ထိုသို့ ထောက်ပြမှု မရှိပါက အလွန်အမင်း ခက်ခဲလှပေသည်။ အောင်မြင်ရန် အခွင့်အရေး အနည်းငယ် အမြဲတမ်း လိုအပ်လေသည်။
လင်းရီက မေးမြန်းလိုက်သည်။
"တောင်သခင်ကယ်... ဆေးလုံးကို အောင်မြင်အောင် ဖော်စပ်နိုင်မလား"
ကယ်ချင်းက သေချာပေါက် ပြောဆိုလိုက်သည်။
“ငါ သေချာပေါက် လုပ်နိုင်တာပေါ့"
ထိုစကားကို ကြားပြီးနောက် လင်းရီက ဆက်သွယ်မှုကို အဆုံးသတ်လိုက်ပြီး ဆူးလီ ထံသို့ သတင်းပို့လိုက်လေသည်။
ဆူးလီက လေးစားစွာဖြင့် ပြောဆိုလိုက်သည်။
"ဆူးလီ ပါ... တောင်သခင် အမိန့်ပေးပါ"
လင်းရီက မေးမြန်းလိုက်သည်။
"အခု ဝိုင်တောင်ရဲ့ ဝိုင်ချက်ရုံတွေ ဘယ်လိုနေလဲ"
ဆူးလီက ပြန်လည် ဖြေကြားလိုက်သည်။
"တောင်သခင်ကို အစီရင်ခံပါတယ်... ဝိုင်တောင်ရဲ့ ဝိုင်ချက်ရုံတွေ အားလုံး အဆင်သင့်ဖြစ်နေပါပြီ၊ ဝိုင်ချက်သမား သုံးသောင်း ရှိပါတယ်"
လင်းရီက ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားပြီး ရေရွတ်လိုက်သည်။
"ဝိုင်ချက်သမား သုံးသောင်း ဟုတ်လား"
ဝိုင်တောင်တစ်ခုလုံးရှိ လူတိုင်းကို ပေါင်းလိုက်လျှင်ပင် လူသုံးသောင်း မပြည့်ချေ။ ထို့ကြောင့် ဝိုင်ချက်သမား သုံးသောင်းက ဘယ်က ရောက်လာသလဲ ဆိုသည်မှာ စဉ်းစားစရာပင်။
ဆူးလီက ရှင်းပြလေသည်။
"တောင်သခင် မသိသေးလို့ပါ... ကျွန်တော်တို့ရဲ့ ဝိုင်တောင် ဝိုင်ချက်ရုံတွေမှာ ဝိုင်ချက်သမား သုံးထောင် ရှိပါတယ်၊ အားလုံးက ဝိုင်ချက်နိုင်ကြပါတယ်... ကျန်တဲ့ နှစ်သောင်းခုနစ်ထောင်ကတော့ ဒုတောင်သခင် လျို ရဲ့ အမိန့်အရ ဒေသငါးခုကနေ ငှားရမ်းထားတဲ့ ဆေးဆရာတွေပါ... သူတို့က ကျွန်တော်တို့ ဝိုင်တောင် မှာ လေ့ကျင့်ပြီးသွားတော့ အခု ဝိုင်တောင် ရဲ့ ဝိုင်ချက်နည်းတွေကို သုံးပြီး ဝိုင်ချက်နိုင်နေပါပြီ"
လင်းရီက ခေါင်းညိတ်လိုက်သည်။
"ဒီလိုကိုး"
ဆေးဖော်စပ်ခြင်း နှင့် ဝိုင်တာအို တို့တွင် တူညီမှုများစွာ ရှိလေသည်။ ဆေးဖော်စပ်ခြင်းမှာ ခက်ခဲလှပေသည်။ ဆေးဆရာ အများအပြားသည် အဆင့်တစ်ခုသို့ ရောက်ပြီးနောက် သူတို့၏ ဆေးဖော်စပ်ခြင်း တိုးတက်မှုမှာ ရပ်တန့်သွားတတ်လေသည်။ အဆင့်နိမ့် ဆေးဆရာ အများအပြားသည်လည်း ဝိညာဉ်ကုန်းမြေ တွင် ရပ်တည်ရန် ရုန်းကန်နေရလေသည်။ အကယ်၍ သူတို့က ဆေးဖော်စပ်ခြင်း မှတစ်ဆင့် ဝိုင်တာအို သို့ ဝင်ရောက်လာမည်ဆိုပါက ထိုအရာမှာ တိုးတက်မှုအတွက် နောက်ထပ် လမ်းကြောင်းတစ်ခု ဖြစ်လာမည်မှာ သေချာလှပေသည်။
ဆေးဖော်စပ်ခြင်း နှင့် ဝိုင်တာအို မှာ အပြန်အလှန် ဆက်စပ်နေလေသည်။ ထို ဆေးဆရာ များမှာ အလွယ်တကူ စတင်နိုင်မည် ဖြစ်လေသည်။ သခင်မ လျိုကျောက် ၏ လုပ်ရပ်မှာ အမှန်တကယ်ပင် အကျိုးကျေးဇူးများစွာ ရှိလေသည်။ ဆေးဆရာ များကို ရွေးချယ်စရာ ပိုမိုပေးစွမ်းနိုင်ရုံသာမက ဝိုင်တောင် ၏ ဝိုင်ချက်သမား မလုံလောက်မှု ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ခဲ့လေသည်။
လင်းရီက မေးမြန်းလိုက်သည်။
“မင်း ခုနက ပြောတာ ငါတို့ဝိုင်တောင် ဝိုင်ချက်ရုံတွေမှာ ဝိုင်ချက်သမား သုံးထောင် ရှိတယ်ဆို... ဒါဆို ကျန်တဲ့ ဝိုင်ချက်သမား နှစ်သောင်းခုနစ်ထောင်က ဝိုင်တောင် ပေါ်မှာ မရှိဘူးပေါ့"
ဆူးလီက အလွန် လေးစားစွာဖြင့် ဖြေကြားလိုက်သည်။
“သူတို့က ငါတို့ရဲ့ တာလော့ တပည့်တွေ မဟုတ်တော့ သဘာဝကျကျပဲ ဝိုင်တောင်ပေါ်မှာ နေခွင့် မရှိပါဘူး... ဒါကြောင့် ဒုတောင်သခင်လျိုရဲ့ ညွှန်ကြားချက်အရ သူတို့ကို ဝိညာဉ်ကုန်းမြေ အနှံ့ကို ဖြန့်ကြက်ထားပါတယ်၊ ပြီးတော့ ဝိုင်တောင်က သူတို့အတွက် အရက်ဆိုင်တွေ ဖွင့်ဖို့ ငွေကြေး ထောက်ပံ့ပေးထားပါတယ်... ကျွန်တော်တို့က ကနဦး အရင်းအနှီးကိုပဲ ထုတ်ပေးတာပါ၊ အရက်ဆိုင်တွေရဲ့ လည်ပတ်မှုနဲ့ စီမံခန့်ခွဲမှုကတော့ သူတို့ရဲ့ တာဝန်ပါပဲ... အရက်ဆိုင်တွေကနေ ရတဲ့ အမြတ်အစွန်းတွေကိုတော့ ငါတို့နဲ့ ဝိုင်ချက်သမားတွေကြားမှာ ကိုးဆယ်ရာခိုင်နှုန်း၊ ဆယ်ရာခိုင်နှုန်း အချိုးနဲ့ ခွဲဝေယူကြပါတယ်"
ရက်အနည်းငယ်အတွင်း ဝိညာဉ်ကုန်းမြေ တစ်ခွင်၌ အရက်ဆိုင်ပေါင်း နှစ်သောင်းခုနစ်ထောင် ဖွင့်လှစ်နိုင်ခဲ့လေသည်။ အရက်ဆိုင် တစ်ဆိုင်စီတိုင်းအတွက် ဝိုင်တောင် မှ အားစိုက်ထုတ်ရန် မလိုအပ်ဘဲ အရက်ဆိုင် အများအပြားမှာ အရင်းကျေနေပြီ ဖြစ်လေသည်။ သို့သော် ဤကဲ့သို့သော စီးပွားရေး ဗျူဟာမျိုးကို တာလော့ ကသာ လုပ်ဆောင်ရဲခြင်း ဖြစ်လေသည်။ မည်သို့ပင်ဆိုစေကာမူ ဝိုင်ချက်နည်းများမှာ ဝိုင်တောင် ၏ အမွေအနှစ် ဖြစ်လေသည်။ ဤကဲ့သို့သော အမွေအနှစ် ပေါက်ကြားသွားပါက ဝိုင်တောင် အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာမည် ဖြစ်လေသည်။
သို့သော် တာလော့တွင် ဤယုံကြည်မှု ရှိလေသည်။ ဝိညာဉ်ကုန်းမြေတွင် တာလော့ ၏ အနေအထားကို နားလည်ပြီးနောက် သခင်မလျိုကျောက်သည် ပို၍ပင် ရဲတင်းသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့လေသည်။
ဖရန်ချိုက်စနစ်။
မည်သည့် ကျင့်ကြံသူမဆို ဝိုင်တောင် သို့ ပူးပေါင်းနိုင်လေသည်။ အတိုချုပ်ပြောရလျှင် ဝိုင်တောင် အရက်ဆိုင် ဖွင့်လိုသော မည်သည့် ကျင့်ကြံသူမဆို အခကြေးငွေ ပေးဆောင်ရုံဖြင့် ဝိုင်တောင် မှ ဝိုင်ချက်သမားများကို စေလွှတ်ကာ ဝိုင်တာအို ကို သင်ကြားပေးမည် ဖြစ်လေသည်။ မတူညီသော စာချုပ်များအရ အမြတ်အစွန်းများကို ခွဲဝေယူကြမည် ဖြစ်လေသည်။ ပုဂ္ဂလိက ခွင့်ပြုချက်မရှိဘဲ သင်ကြားခြင်း သို့မဟုတ် လက်ဆင့်ကမ်းခြင်းများ ပြုလုပ်ပါက ဝိုင်တောင်၏ ရန်သူ၊ တာလော့၏ ရန်သူ ဖြစ်လာမည် ဖြစ်လေသည်။ ကျင့်ကြံသူများသည် မည်သို့ ရွေးချယ်ရမည်ကို သဘာဝကျကျပင် သိရှိကြလေသည်။
အကယ်၍ ဤအခြေအနေသာ ဆက်လက် တည်ရှိနေမည်ဆိုပါက သုံးနှစ်အတွင်း ဝိုင်တောင် အရက်ဆိုင်များ ဝိညာဉ်ကုန်းမြေတစ်ခုလုံးသို့ ပြန့်နှံ့သွားနိုင်ကြောင်း ဆူးလီ စိတ်ကူးကြည့်နိုင်လေသည်။ ပင်လယ်ရပ်ခြား အင်မော်တယ်တွင်ပင် စီးပွားရေး လုပ်ဆောင်နိုင်မည် ဖြစ်လေသည်။
လင်းရီက ထိုစကားကို ကြားသောအခါ ချီးကျူးစကား ဆိုလိုက်သည်။
"ဒါက အစ်မကျောက်ကျွင်းဖြစ်မှပဲ ရတော့မှာပါ"
လင်းရီက ဆက်လက် ညွှန်ကြားလိုက်သည်။
"ဝိုင်ချက်သမားတွေ အများကြီး ရှိနေပြီဆိုမှတော့ ဒီကိစ္စက အဆင်ပြေသွားပြီ... ငါ့မှာ ဝိုင်ချက်နည်းတစ်ခု ရှိတယ်... ဝိုင်ချက်ရုံတွေကို အခုချက်ချင်း ပို့လိုက်ပြီး အစွမ်းကုန် ချက်ခိုင်းလိုက်"
လင်းရီသည် သူ ယခုလေးတင် ဖန်တီးထားသော ဝိုင်ချက်နည်းကို ဆူးလီ ထံသို့ ပေးပို့လိုက်လေသည်။
ဆူးလီက မေးမြန်းလိုက်သည်
"တောင်သခင်... ဒီဝိုင် နာမည်က ဘာလဲ"
လင်းရီက ဖြေကြားလိုက်သည်။
"ဒီဝိုင်ကို ဒြပ်ငါးပါး လိုက်နာခြင်းဝိုင်လို့ ခေါ်တယ်... ဒီဝိုင်ကို ချက်နိုင်သလောက် အများကြီး ချက်ပါ... အပြင်ကို ရောင်းမှာ မဟုတ်ဘူး"
ဆူးလီက အမိန့်ကို လက်ခံကာ ထွက်ခွာသွားသည်။
"ဟုတ်ကဲ့ပါ"
ကျောက်တုံးအင်မော်တယ်က ပြုံးဖြီးဖြီးဖြင့် ပြောဆိုလိုက်သည်။
"လင်းရီ... မင်းက ဝိုင်တောင်ကို ဒီဝိုင်တွေ အစွမ်းကုန် ချက်ခိုင်းနေတာ ပိုက်ဆံရှာဖို့ မဟုတ်ဘဲ တိုက်ပွဲအတွက် ပြင်ဆင်နေတာပဲ"
လင်းရီက ခေါင်းညိတ်လိုက်သည်။
"တိုက်ပွဲအတွက် အတိအကျပါပဲ"
လင်းရီက ရှင်းပြလေသည်။
"ဆရာဘိုးဘေးက ယီကျီကို လိုက်လံသတ်ဖြတ်ဖို့ ခါးသီးခြင်းပင်လယ်ထဲ ဝင်လာတာ သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက်နေပုံရပေမဲ့ တကယ်တမ်းတော့ သူက ခါးသီးခြင်းပင်လယ် ထဲက မကောင်းဆိုးဝါး ကျင့်ကြံသူတွေရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းနေတာပဲ... ငါ ခါးသီးခြင်းပင်လယ်ထဲ ဝင်ချင်တုန်းက နတ်ဆိုးအရှင်သခင်လုံ က အဆုံးမဲ့ရတနာလှေကို ကိုယ်တိုင် ပို့ပေးခဲ့တာ၊ ဒီကိစ္စကလည်း ဆရာဘိုးဘေးရဲ့ တိတ်တဆိတ် စီစဉ်မှုကြောင့်ပဲ ဖြစ်ရမယ်... သခင်မလေး ကျန်းဝမ် နဲ့ သခင်မလေး ရှန်ကွမ်းတို့ ယက္ခ မြို့မှာ ပေါ်လာတာကလည်း ကောင်းကင်နတ်ဆိုး နန်းတော် နဲ့ တောင်ပင်လယ် အင်မော်တယ်ဂိုဏ်းတို့လည်း ပါဝင်ပတ်သက်နေပြီဆိုတာ ထင်ရှားနေတာပဲ... ဒီကိစ္စတွေက မသက်ဆိုင်သလို ထင်ရပေမဲ့ အဆင့်လွန် ဂိုဏ်းကြီးတွေနဲ့ အဆင့်ဆယ် ဂိုဏ်းအချို့ ပါဝင်နေတာ... ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ ပြင်ဆင်မှုတွေက သဘာဝကျကျပဲ ကြီးမားတဲ့ လှုပ်ရှားမှု တစ်ခုကို ဖန်တီးဖို့ပဲ...ကျွန်ေတာ်ရဲ့ ခန့်မှန်းချက်သာ မှန်ရင် ဆရာဘိုးဘေးက တိုက်ပွဲအတွက် ပြင်ဆင်နေလောက်ပြီ... အကယ်၍ အဲဒီလိုဆိုရင် ကျွန်တော် လင်းရီကလည်း ဆရာဘိုးဘေးအတွက် ထောက်ပံ့ရေး အပိုင်းကို သဘာဝကျကျ တာဝန်ယူပေးရမှာပေါ့"
လင်းရီသည် ယုံကြည်ချက်အပြည့်ဖြင့် ဉာဏ်ပညာကို ဆုပ်ကိုင်ထားပြီး တာလော့ဂိုဏ်းချုပ် နှင့် စိတ်ချင်း ဆက်သွယ်ထားသကဲ့သို့ပင်။
…
တာလော့ဂိုဏ်းချုပ်က ကယ်ချင်း၏ အစီရင်ခံစာကို နားထောင်ပြီးနောက် မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ အားရပါးရ ရယ်မောရင်း ပြောဆိုလိုက်သည်
"မဆိုးဘူး... အရမ်းကောင်းတယ်... မူလက လင်းရီ ခါးသီးခြင်းပင်လယ်ထဲ ဝင်သွားတုန်းက ငါက နောက်ဆုံး ရွေးချယ်စရာ နည်းလမ်းတစ်ခုအနေနဲ့ ဆေးဖော်စပ်ခြင်း က နှစ်ပေါင်းများစွာ မဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာတွေကို ဝိုင်တာအိုက ဖြေရှင်းပေးနိုင်မလားဆိုတာ ကြည့်ဖို့ပဲ စဉ်းစားခဲ့တာ... ဒီကောင်လေး လင်းရီက ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး ကို ဒီလောက် မြန်မြန် ဖြေရှင်းနိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... ဒီနေ့ကစပြီး ဆေးလုံးတောင် က ဒီဆေးလုံးတွေကို အစွမ်းကုန် ဖော်စပ်ရမယ်... ငါက ခါးသီးခြင်းပင်လယ် ကို တိုက်ပွဲ တစ်ပွဲတည်းနဲ့ အဆုံးသတ်ပစ်ချင်တယ်"
တာလော့ဂိုဏ်းချုပ်သည် ဆေးလုံးတောင် သို့ အခြေအနေများ မေးမြန်းရန် ရောက်ရှိလာခြင်း ဖြစ်လေသည်။
အခန်း (၁၆၈) ညင်သာစွာ လုပ်ပါ... သူ့ကို မသတ်လိုက်ပါနဲ့
ဆေးလုံးတောင်၊ အစွမ်းကုန် ဆေးဖော်စပ်နေလေသည်။ ဝိုင်တောင်၊ အစွမ်းကုန် ဝိုင်ချက်နေလေသည်။ ဆေးလုံးများနှင့် ဝိုင်များ အဆင်သင့်ဖြစ်သွားသောအခါ ဝိညာဉ်ကုန်းမြေ မှ ကျင့်ကြံသူများသည် ခါးသီးခြင်းပင်လယ်ကို ဖြိုခွင်းမည့် နေ့ရက်သို့ သဘာဝကျကျပင် ရောက်ရှိလာမည် ဖြစ်လေသည်။ ခါးသီးခြင်းပင်လယ် သည်လည်း ဖြိုခွင်းခံရမည့် တစ်ခုတည်းသော တားမြစ်နယ်မြေ ဖြစ်လာမည် ဖြစ်လေသည်။
နောက်သုံးရက်အတွင်း လင်းရီသည် သူ၏ အားလပ်ချိန်များတွင် ဖာတောင်သခင်နှင့် အခြားသူများနှင့်အတူ ဝိုင်သောက်ကာ တာအို အကြောင်း ဆွေးနွေးခဲ့ပြီး ယက္ခ မြို့ကိုလည်း လှည့်လည်ကြည့်ရှုခဲ့လေသည်။ ပင်လယ်အောက်တွင် တည်ရှိသော ယက္ခ မြို့တွင် အရင်းအမြစ်များ သဘာဝကျကျ ရှားပါးလေသည်။ သို့သော် ယက္ခ လူမျိုးများမှာ သူတို့၏ ဘဝကို ရောင့်ရဲတင်းတိမ်စွာ နေထိုင်ကြလေသည်။
ယက္ခ လူမျိုးများမှာ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင် ရှိကြသော်လည်း သူတို့၏ စိတ်ထားမှာ အလွန် သန့်စင်ပြီး ဂီတ၊ စစ်တုရင်၊ စာရေးပညာ နှင့် ပန်းချီပညာ ကဲ့သို့သော ကျက်သရေရှိသည့် အရာများကို အထူး နှစ်သက်ကြလေသည်။ မျက်နှာဖုံးများ တပ်ဆင်ထားသော လင်းရီကဲ့သို့ ပြင်ပလူများနှင့် ဆုံတွေ့သောအခါ သူတို့ကို သဘောမကျသော်လည်း ပစ်မှတ်ထားပြီး မနှောင့်ယှက်ခဲ့ကြချေ။ သူတို့သည် မကောင်းဆိုးဝါး ကျင့်ကြံသူများ ဝိုင်းရံထားသည့်ကြားမှ မည်သို့ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ခဲ့သည်မှာ မသိရချေ။
မင်္ဂလာဆောင်မတိုင်မီ ညတွင် ဖာတောင်သခင် ပြန်လည် ရောက်ရှိလာခဲ့လေသည်။
ဖာတောင်သခင်က လင်းရီနှင့် အခြားသူများကို ခေါ်ယူကာ လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်သည်။
"တစ်ခုခုတော့ မှားနေပြီ"
ဤသုံးရက်တာ ကာလအတွင်း ဖာတောင်သခင်သည် ဖီးနစ်ငှက်ခေါ်ယူခြင်း မျှော်စင် တွင် အသာတကြည် နေထိုင်နေခဲ့ခြင်း မဟုတ်ဘဲ မကောင်းဆိုးဝါး ကျင့်ကြံသူများ၏ အချက်အလက်များကို စုဆောင်းရန် အစွမ်းကုန် ကြိုးစားနေခဲ့ခြင်း ဖြစ်လေသည်။
လင်းရီက မေးမြန်းလိုက်သည်။
"ဆရာဘိုးဘေး... ဘာများ ထူးခြားတာ တွေ့ခဲ့ရလို့လဲ"
ဖာတောင်သခင်က ရှင်းပြလေသည်။
"မကောင်းဆိုးဝါး ကျင့်ကြံသူကြီး လေးဦးဖြစ်တဲ့ မြေကမ္ဘာအင်မော်တယ်တွေ မြို့ထဲ ဝင်လာကြတယ်... ဒီလေးယောက်က ယက္ခမြို့ရဲ့ အရပ်လေးမျက်နှာကို သိမ်းပိုက်ထားကြတယ်"
ခါးသီးခြင်းပင်လယ် မှ မကောင်းဆိုးဝါး ကျင့်ကြံသူ အများအပြားမှာ နှစ်များတစ်လျှောက် ဝိညာဉ်ကုန်းမြေ မှ ကျင့်ကြံသူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရလေသည်။ သူတို့ထဲမှ အချို့မှာ ပြန်လည်ရှင်သန်လာခဲ့သော်လည်း မြေကမ္ဘာအင်မော်တယ် အဆင့်ရှိ မကောင်းဆိုးဝါး ကျင့်ကြံသူ အရေအတွက်မှာ ဆယ်ဦးထက် မပိုချေ။ ဖာတောင်သခင် တွေ့ရှိခဲ့သော မကောင်းဆိုးဝါး ကျင့်ကြံသူကြီး လေးဦးမှာ ယီကျီ ပြီးလျှင် ဒုတိယ အစွမ်းအထက်ဆုံး ကျွမ်းကျင်သူများ ဖြစ်ကြလေသည်။
လင်းရီက စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"ဘယ်မကောင်းဆိုးဝါး ကျင့်ကြံသူ လေးဦး လဲ"
ဖာတောင်သခင်က ဖြေကြားလိုက်သည်။
"ဝိုင်၊ တပ်မက်ခြင်း၊ စည်းစိမ်၊ နဲ့ ချီ စတဲ့ မကောင်းဆိုးဝါး ကျင့်ကြံသူကြီး လေးဦး ပါပဲ"
လင်းရီက အံ့အားသင့်စွာ မေးလိုက်သည်။
"ဝိုင်၊ တပ်မက်ခြင်း၊ စည်းစိမ်၊ နဲ့ ချီ ဟုတ်လား"
ရှန်ကွမ်းယွီက ရှင်းပြလေသည်။
"ဝိုင်၊ တပ်မက်ခြင်း၊ စည်းစိမ်၊ နဲ့ ချီ ဆိုတာ သူတို့ရဲ့ နာမည်ပြောင်တွေပါ... အဲဒီအထဲမှာ ဝိုင် လို့ခေါ်တဲ့သူက သူ့ကိုယ်သူ အင်မော်တယ်မော့ချိုး လို့ နာမည်ပေးထားတယ်... ဒီလူက ဝိုင်ကို အရမ်း စွဲလမ်းတယ်၊ ပြီးတော့ သူ့ရဲ့ နာမည်ဆိုးက ဝိုင်ကို ချစ်လို့ မဟုတ်ဘဲ သူ့ရဲ့ အမြည်းတွေကြောင့်ပဲ... အဲဒါက ကျင့်ကြံသူတွေရဲ့ အခြေတည်စိတ်ဝိညာဉ်တွေပဲ"
ရှန်ကွမ်းယွီ၏ မျက်လုံးများ အေးစက်သွားလေသည်။ ထိုစကားကို ကြားသောအခါ လင်းရီ၏ မျက်လုံးများလည်း အေးစက်သွားခဲ့လေသည်။
ကျင့်ကြံသူတစ်ဦး၏ အခြေတည်စိတ်ဝိညာဉ်ဆိုသည်မှာ သူတို့၏ အသက်အဆီအနှစ် ပင် ဖြစ်လေသည်။ သို့သော် သူ့ကဲ့သို့ အင်မော်တယ် တစ်ပါးအတွက်မူ အခြေတည်စိတ်ဝိညာဉ်၏ အကျိုးသက်ရောက်မှုမှာ အလွန် နည်းပါးလှပေသည်။ အခြေတည်စိတ်ဝိညာဉ်ကို စားသုံးခြင်းမှာ သူ့အတွက် အမှန်တကယ်ပင် အမြည်းသက်သက်သာ ဖြစ်လေသည်။
ရှန်ကွမ်းယွီက ဆက်လက် ရှင်းပြသည်။
"တပ်မက်ခြင်းလို့ခေါ်တဲ့သူက သူ့ကိုယ်သူ ပျော်ရွှင်သော အင်မော်တယ် လို့ နာမည်ပေးထားတယ်... ဒီလူက ကောက်ကျစ်တဲ့ နည်းလမ်းတွေမှာ အကျွမ်းကျင်ဆုံးပဲ၊ ပြီးတော့ သူက အရင်တုန်းက ကျန်ရစ်ခဲ့တဲ့ ထောင်ဂိုဏ်းက လူတစ်ယောက်ပဲ... အရင်တုန်းက ထောင်ဂိုဏ်းကို တာလော့က ဖျက်ဆီးပစ်လိုက်တုန်းက ဒီ ပျော်ရွှင်သော အင်မော်တယ် တစ်ယောက်တည်းသာ ဖိနှိပ်ခံရပြီး ခါးသီးခြင်းပင်လယ် ထဲ ပစ်ချခံခဲ့ရတာ... စည်းစိမ်လို့ခေါ်တဲ့သူက သူ့ကိုယ်သူ အင်မော်တယ်ရှောင်ကျိုင်းလို့ နာမည်ပေးထားတယ်၊ ဒီလူက စည်းစိမ်ဥစ္စာတွေကို အရမ်းစွဲလမ်းပြီး စုဆောင်းရတာကို သဘောကျတယ်... တကယ်တော့ ကျင့်ကြံသူတိုင်းမှာ ကိုယ်ပိုင် အကြိုက်တွေ ရှိကြတာပါပဲ၊ တချို့က စာအုပ်တွေ၊ ပန်းချီကားတွေ စုဆောင်းရတာ ကြိုက်တယ်၊ တချို့က ရှေးဟောင်း စာအုပ်တွေ စုဆောင်းရတာ ကြိုက်တယ်၊ တချို့က နည်းစနစ်တွေ စုဆောင်းရတာ ကြိုက်တယ်၊ ဒါတွေ အားလုံးက ပုံမှန် ဝါသနာတွေပါ... ဒါပေမဲ့ သူ့ရဲ့ စုဆောင်းမှုတွေက အရမ်းကို ယုတ်မာလွန်းတယ်... သူက ကျင့်ကြံသူတစ်ယောက် ခန္ဓာကိုယ်ရဲ့ အကောင်းဆုံး အစိတ်အပိုင်းတွေကိုပဲ စုဆောင်းပြီး အဲဒါတွေကို စည်းစိမ်ဥစ္စာတွေလို့ သတ်မှတ်ထားတာ... အကယ်၍ မင်းရဲ့ မျက်လုံးတွေက လှတယ်ဆိုရင် သူက တူးထုတ်လိမ့်မယ်၊ အကယ်၍ မင်းရဲ့ အရိုးတည်ဆောက်ပုံက ကောင်းတယ်ဆိုရင် သူက မင်းကို အရေခွံဆုတ်ပြီး အရိုးတွေကို ယူလိမ့်မယ်... ချီ လို့ခေါ်တဲ့သူက သူ့ကိုယ်သူ လွတ်လပ်ပေါ့ပါးသော လူလိမ် လို့ နာမည်ပေးထားတယ်၊ ဒီလူက ခန္ဓာကိုယ် ချို့ယွင်းနေပြီး ခြေထောက်တွေ မသန်စွမ်းဘူး၊ ပြီးတော့ သူ တစ်ဘဝလုံးမှာ အလုပ်ချင်ဆုံးအရာက ကျင့်ကြံသူတွေကို လူဝက်တွေအဖြစ် ပြောင်းလဲပစ်ဖို့ပဲ၊ သူက တစ်ခါတုန်းက လူဝက်တောအုပ်ကြီး တစ်ခုကို ဖန်တီးခဲ့ဖူးတယ်... ဒီ မကောင်းဆိုးဝါး ကျင့်ကြံသူကြီး လေးဦး အားလုံးက မြေကမ္ဘာအင်မော်တယ် ကျင့်ကြံသူတွေချည်းပဲ"
လင်းရီက မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်သည်။
"မကောင်းဆိုးဝါး ကျင့်ကြံသူကြီး လေးဦးဆိုတဲ့ နာမည်နဲ့ တကယ့်ကို ထိုက်တန်တာပဲ"
ဖာတောင်သခင်က ရှင်းပြလေသည်
"ဒီမကောင်းဆိုးဝါး ကျင့်ကြံသူကြီး လေးဦးက ယက္ခ မြို့ရဲ့ အရပ်လေးမျက်နှာကို သိမ်းပိုက်ထားကြတယ်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် ပေါ့... ပြီးတော့ တစ်ယောက်ချင်းစီမှာ ဝင်္ကပါ ဆရာ တစ်ယောက်စီ ပါလာကြတယ်"
လင်းရီ၏ နှလုံးသား လှုပ်ရှားသွားပြီး မေးမြန်းလိုက်သည်။
"ဝင်္ကပါ ဆရာ ဟုတ်လား... သတ်ဖြတ်ခြင်းဝင်္ကပါ လား"
ဖာတောင်သခင်က ခေါင်းခါယမ်းရင်း ဖြေကြားလိုက်သည်။
"မသေချာဘူး... ဘယ်လိုပဲဖြစ်ဖြစ် ဒီ စီနီယာက သတ်ဖြတ်ခြင်း ဝင်္ကပါကို တစ်ခါမှ မမြင်ဖူးဘူးလေ"
လင်းရီက သတိပေးလိုက်သည်။
"သူခိုးအင်မော်တယ်"
ကျောက်တုံးအင်မော်တယ် သည်လည်း ဤအချက်ကို သတိပြုမိသွားပြီး မသိစိတ်အရ ပြုံးလိုက်မိကာ ပြောဆိုလိုက်သည်။
"ငါတို့ အဲဒီကောင်ကို ကြွေလွင့်မိုးကြိုး တောင်ကြောမှာ ထားခဲ့မိပြီ ထင်တယ်"
သူခိုးအင်မော်တယ်ကို မြေအောက်ကမ္ဘာ ဘိုးဘေးက ကန့်သတ်ချက် ချမှတ်ထားခဲ့လေသည်။ သူ စကားပြောနိုင်သော်လည်း မလှုပ်ရှားနိုင်ဘဲ ကြွေလွင့်မိုးကြိုး တောင်ကြောတွင် လဲလျောင်းနေဆဲ ဖြစ်နိုင်ပေသည်။
လင်းရီက ပြုံး၍ ပြောဆိုလိုက်သည်။
"ဒါက ရိုးရှင်းပါတယ်... ဒီတပည့်ဆီမှာ နတ်ဘုရားခရီးစဉ်လို့ခေါ်တဲ့ နည်းလမ်းတစ်ခု ရှိတယ်၊ ကြွေလွင့်မိုးကြိုး တောင်ကြောကို ချက်ချင်း ရောက်သွားနိုင်တယ်"
လင်းရီ၏ မူလဝိညာဉ်သည် သူ၏ ဝိညာဉ်ပင်လယ်အတွင်းမှ ခုန်ထွက်လာပြီး ကြွေလွင့်မိုးကြိုး တောင်ကြောတွင် ချက်ချင်း ပေါ်လာခဲ့လေသည်။ ဝိုင်ဝိညာဉ် ၏ နတ်ဘုရားခရီးစဉ်... ကောင်းကင်နှင့် မြေကြီးတစ်ခွင်သို့ နတ်ဘုရားခရီးစဉ် ထွက်ခြင်းပင် ဖြစ်လေသည်။ စိတ်ရောက်ရာ နေရာတိုင်းသို့ ခန္ဓာကိုယ်လည်း ရောက်ရှိနိုင်လေသည်။ သို့သော် ဤနည်းလမ်းတွင်လည်း အားနည်းချက် ရှိလေသည်။ လင်းရီ ရောက်ဖူးသော နေရာများအတွက်သာ အသုံးပြုနိုင်ခြင်းပင် ဖြစ်လေသည်။
လင်းရီ၏ မူလဝိညာဉ်သည် ကြွေလွင့်မိုးကြိုး တောင်ကြော တွင် ပေါ်လာပြီး သူခိုးအင်မော်တယ် မှာ ယခင်နေရာ၌ လဲလျောင်းနေဆဲဖြစ်ကာ အစွမ်းထက် ကျင့်ကြံသူ အနည်းငယ်၏ ဝိုင်းရံခြင်းကို ခံနေရသည်ကို မြင်တွေ့လိုက်ရလေသည်။ အစွမ်းထက် ကျင့်ကြံသူ အားလုံးမှာ မိုးကြိုး တာအို ကျင့်ကြံသူများ ဖြစ်ကြပြီး သူခိုးအင်မော်တယ် ကို ကြည့်နေသော သူတို့၏ မျက်လုံးများမှာ အလွန် ပြင်းပြနေလေသည်။
အင်မော်တယ်မိုးကြိုး ကျောက်စိမ်းပြား...။
သူခိုးအင်မော်တယ်၏ အရိုးစုတစ်ခုလုံးကို အင်မော်တယ်မိုးကြိုး ကျောက်စိမ်းပြား များဖြင့် ပြုလုပ်ထားရာ အလွန် တန်ဖိုးကြီးလှပေသည်။
ကပ်ဘေးချိုးဖျက်ခြင်းနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ရှိ အစွမ်းထက် ကျင့်ကြံသူတစ်ဦးက သူခိုးအင်မော်တယ်ကို ပြုံး၍ ကြည့်ကာ ပြောဆိုလိုက်သည်။
"အရိုးစုကြီး... ငါတို့ ဆွေးနွေးကြရအောင်... ဘယ်လိုပဲဖြစ်ဖြစ် မင်းမှာ အသက်တစ်ရှိုက်ပဲ ကျန်တော့တာ၊ လှုပ်လည်း မလှုပ်နိုင်ဘူး၊ သေတာထက်တောင် ဆိုးနေသေးတယ်... ဘာလို့ မင်းကိုယ်မင်း အဆုံးမသတ်လိုက်တာလဲ... ငါတို့က မင်းအတွက် ဖုန်းရွှေကောင်းတဲ့ နေရာလေးတစ်ခု ရှာပေးမယ်လေ၊ ဘယ်လိုလဲ"
သူခိုးအင်မော်တယ် က အသံကျယ်ကြီးဖြင့် ဆဲဆိုလိုက်သည်။
"ထွက်သွားစမ်း... မင်းကသာ အရိုးစု... မင်း တစ်မိသားစုလုံး အရိုးစုတွေ... မင်းရဲ့ ဖုန်းရွှေကောင်းတဲ့ နေရာဆိုတာ လျှပ်စီးကပ်ဘေးအလံ ကို ပြောတာလား၊ ဒါမှမဟုတ် အင်မော်တယ် လျှပ်စီးဓားကို ပြောတာလား... မင်းက ငါ့ကို အရူးလို့ တကယ် ထင်နေတာလား"
အကယ်၍ သူ၏ အထွတ်အထိပ် အချိန်တွင်သာဆိုလျှင် သူတို့ နိုးလာသောအခါ အောက်ခံဘောင်းဘီပင် ကျန်တော့မည် မဟုတ်ကြောင်း သူ အာမခံနိုင်လေသည်။
အစွမ်းထက် ကျင့်ကြံသူများက ဒေါသမထွက်ဘဲ သူခိုးအင်မော်တယ် ကို အရွှန်းဖောက်လိုသော အမူအရာများဖြင့် ကြည့်ကာ ပြောဆိုလိုက်သည်။
"ယဉ်ယဉ်ကျေးကျေး လုပ်ပါ... ယဉ်ယဉ်ကျေးကျေး လုပ်ပါ... ငါတို့က မင်းကို ယဉ်ယဉ်ကျေးကျေး လာဆွေးနွေးနေတာ... မင်း သဘောမတူရင်လည်း ပြီးတာပဲ... ဒါပေမဲ့ ဆဲတာကတော့ မင်းအမှားပဲ... အတိအကျပဲ... ငါတို့က ရတနာတွေအတွက် လူသတ်တဲ့ အလုပ်ကို မလုပ်ပေမဲ့ မင်းက ငါတို့ကို အရင် ရန်စလာရင်တော့ အဲဒါ တခြားကိစ္စ တစ်ခု ဖြစ်သွားပြီ"
ထိုစကားကို ကြားသောအခါ သူခိုးအင်မော်တယ် မှာ အကြောက်အလန့် မရှိဘဲ မောက်မာသော အမူအရာဖြင့် ပြန်လည် ပြောဆိုလိုက်သည်။
"ရတနာတွေအတွက် လူသတ်မယ် ဟုတ်လား... မင်းတို့မှာ အဲဒီ အရည်အချင်း ရှိမှဖြစ်မှာပေါ့"
သူ ချိတ်ပိတ် ခံထားရလျှင်ပင် ကပ်ဘေးချိုးဖျက်ခြင်းနယ်ပယ် ကျင့်ကြံသူ အနည်းငယ်က သူ့ကို မသတ်နိုင်ချေ။ အကယ်၍ သူသာ ထိုမျှ လွယ်ကူစွာ သေနိုင်မည်ဆိုပါက မိုးကြိုး တံခါးက သူ့ကို လွန်ခဲ့သည့် အချိန်အတော်ကြာကတည်းက သတ်ပစ်ခဲ့ပြီး ဖြစ်လိမ့်မည်။
အစွမ်းထက် ကျင့်ကြံသူတစ်ဦးက ထိုကဲ့သို့သော လှောင်ပြောင်မှုကို သည်းမခံနိုင်တော့ဘဲ သူ၏ မျက်လုံးများ အေးစက်သွားကာ ပြောဆိုလိုက်သည်။
"စကားကြီးစကားကျယ်တွေ... ဒါဆို ငါတို့ မင်းကို သတ်နိုင်မသတ်နိုင် စမ်းကြည့်ကြတာပေါ့"
ဤအခိုက်အတန့်တွင် လင်းရီ၏ မူလဝိညာဉ် သည် သူခိုးအင်မော်တယ် ၏ ရှေ့တွင် ပေါ်လာပြီး ဦးညွှတ်ကာ ပြောဆိုလိုက်သည်။
စီနီယာတို့... ဒီလူက ဒီဂျူနီယာရဲ့ မိတ်ဆွေဟောင်းပါ... စီနီယာတို့ အနေနဲ့ မျက်နှာသာနည်းနည်းပေးပြီး အခု ထွက်သွားပေးလို့ ရမလား"
အစွမ်းထက် ကျင့်ကြံသူများက လင်းရီ မူလဝိညာဉ် ပုံစံဖြင့် ပေါ်လာသည်ကို မြင်သောအခါ အံ့အားသင့်သွားကြသော်လည်း ယဉ်ကျေးစွာဖြင့် နှုတ်ဆက်ကာ ထွက်ခွာသွားကြရင်း ပြောဆိုလိုက်သည်။
"တောင်သခင်လင်းရီကိုး... အကယ်၍ တခြားတစ်ယောက်ယောက်သာဆိုရင် မိတ်ဆွေဟောင်း ဖြစ်နေရင်တောင်မှ ဒီအဘိုးကြီးက သူတို့နဲ့ အကျိုးအကြောင်း ဆွေးနွေးရဦးမှာပဲ... ဒါပေမဲ့ တောင်သခင်လင်းရီ ဖြစ်နေတော့ သဘာဝကျကျပဲ ကိစ္စက တခြားစီ ဖြစ်သွားပြီ... ငါတို့ အခုပဲ ထွက်သွားပါ့မယ်"
လင်းရီသည် ယခင်က ကြွေလွင့်မိုးကြိုး တောင်ကြော တွင် ဝိုင်ဖော်စပ်ခဲ့ဖူးလေသည်။ ထိုနေရာရှိ လူအားလုံးမှာ လင်းရီ၏ ကျေးဇူးကို ခံစားခဲ့ရသူများ ဖြစ်ကြလေသည်။
ထိုအခြေအနေကို မြင်သောအခါ သူခိုးအင်မော်တယ်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
"ဒီကောင်လေးတွေ... မင်းတို့ သတ္တိရှိရင် မထွက်သွားနဲ့... ဒီဘိုးဘေးက ဒီမှာပဲ လှဲနေပြီး မင်းတို့ ရိုက်တာကို ခံမယ်"
ဝှစ်...။
လှည့်ထွက်သွားပြီးဖြစ်သော အစွမ်းထက် ကျင့်ကြံသူများမှာ ထိုစကားကို ကြားသောအခါ တစ်ပြိုင်နက်တည်း ရပ်တန့်သွားကြပြီး သူခိုးအင်မော်တယ်ကို လှည့်ကြည့်လိုက်ကြလေသည်။
လင်းရီက ထိုအခြေအနေကို မြင်သောအခါ မသိမသာ နောက်သို့ ဆုတ်လိုက်ပြီး ပြောဆိုလိုက်သည်။
"စီနီယာတို့... ညင်ညင်သာသာ လုပ်ပါ... သူ့ကို မသေသွားပါစေနဲ့"