အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
📗 Chapter 51
ယဲ့ရှောင်ရှောင်သည် ရက်အတော်ကြာအောင် မွန်းလွဲပိုင်း အတန်းချိန်များ ပြီးသည်နှင့် ညနေခင်း ကိုယ်ပိုင်စာကြည့်ချိန်များအတွက် ခွင့်ယူကာ ကျိုးကျစ်ရန်အား သွားရောက် အပ်စိုက်ကုသပေးခဲ့ပါသည်။
မည်သို့ပင်ဖြစ်စေ အတန်း(၉)၏ ဆရာမများကလည်း ကျောင်းသားများကို အပိုသင်ခန်းစားများ ပေးလေ့မရှိကြပေ။
နောက်ဆုံးတွင် အားလပ်ရက်တစ်ရက် ထပ်မံရောက်ရှိလာသောအခါ ယဲ့ချန်းယွမ်သည် ယဲ့ရှောင်ရှောင်နှင့်အတူ တရုတ်တိုင်းရင်းဆေးဆိုင်သို့ အတူလိုက်ခဲ့ချင်သည်ဟု ပူဆာခဲ့ပါသည်။
သူ့စိတ်ထဲအနည်းငယ် လေးလံနေသဖြင့် ကိုယ်တိုင်လိုက်ကြည့်မှ စိတ်အေးနိုင်ပါမည်။
ထို့ကြောင့် ယဲ့ရှောင်ရှောင်လည်း သူ့ကို ခေါ်လာခဲ့လိုက်ပါသည်။
တစ်ကိုယ်လုံးကို အပ်များဖြင့် အစိုက်ခံထားရသည့် ကျိုးကျစ်ရန်အား စိုက်ကြည့်ရင်း ယဲ့ချန်းယွမ် အံ့ဩတကြီး ဖြစ်နေမိပါသည်။
ထိုကဲ့သို့ မြင်ကွင်းမျိုးကို သူတစ်ခါမှ မမြင်ဖူးခဲ့ချေ။
ထို့အပြင် ဤအဘိုးအိုမှာ သာမန်လူတစ်ယောက်ဖြစ်ပုံမရပါ။
တံခါးဝတွင် စစ်ယူနီဖောင်းများဝတ်ဆင်ထားသည့် တပ်သားများကလည်း စောင့်ကြပ်နေကြသည်။
သို့သော်… အရာရှိလုက သူတို့၏ မိတ်ဆွေဖြစ်သဖြင့် အန္တရာယ်တော့ မရှိလောက်ပေ။
ယဲ့ချန်းယွမ်တစ်ယောက် အားလုံးကို တိတ်တဆိတ် အကဲခတ်လေ့လာခဲ့ပြီး အပ်စိုက်ကုသမှုကို ခေတ္တစောင့်ကြည့်ပြီးနောက် အပြင်သို့ ထွက်သွားတော့သည်။
“မင်းအစ်ကိုက ဘာတွေအကဲခတ်နေတာလဲ”
ယဲ့ရှောင်ရှောင်က လက်ထဲမှ ဆေးမြစ်များကို နေရာချရင်း ပြန်ဖြေလိုက်သည်။
“ရှင်တို့တွေက လူကောင်းတွေဟုတ်မဟုတ် အကဲခတ်နေတာ နေမှာပေါ့”
လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်၏ မျက်နှာချင်းဆိုင်တွင်ထိုင်ကာ သူမအလုပ်လုပ်သည်ကို ငေးကြည့်နေပါသည်။
“သူကထောက်လှမ်းတဲ့နေရာမှာ ပါရမီပါသားပဲ၊ စစ်တပ်ထဲဝင်ချင်လို့လား”
ယဲ့ရှောင်ရှောင် ခေါင်းမော့ကြည့်လိုက်သည်။
ယဲ့ချန်းယွမ်က စစ်တပ်ထဲဝင်ချင်သည်ဟု ပြောခဲ့ဖူးသည်မှာ မှန်သော်လည်း ထိုအကြောင်းကို လုဟန်ချွမ် သိမနေသင့်ပေ။
“မင်းတို့ မသိသေးဘူးထင်တယ်၊ ဒီနှစ် ပိုင်ချွမ်ရွာမှာ စစ်မှုထမ်းခေါ်ဖို့ ခွဲတမ်းမရှိသေးဘူး”
ယဲ့ရှောင်ရှောင်: “ဘာလို့လဲ”
သူမ အဖေ၊ အစ်ကိုအကြီးဆုံး၊ ဒုတိယအစ်ကိုတို့အားလုံး စစ်မှုထမ်းခဲ့ကြဖူးသည်။
ယခုနှစ်ရောက်ခါမှ ပိုင်ချွမ်ရွာတွင် စစ်မှုထမ်းခေါ်ဖို့ အဘယ်ကြောင့် ခွဲတမ်းမရှိရသနည်း။
လုဟန်ချွမ်က ရှင်းပြသည်။
“အဓိကအချက်ကတော့ ဒီနှစ် စစ်တပ်က ခွဲတမ်းအများကြီးချမပေးတာရယ်၊ အရင်နှစ်တွေက ပိုင်ချွမ်ရွာရဲ့ စစ်မှုထမ်းတွေ ရလဒ်သိပ်မကောင်းတာရယ်ကြောင့်ပဲ၊ အများစုက ကိုယ်ကာယစစ်ဆေးမှုကိုတောင် မအောင်ကြဘူးလေ၊ ဒီလိုခွဲတမ်းချမပေးဖို့ဆုံးဖြတ်ချက်ကို အစိုးရကိုယ်တိုင်ကချခဲ့တာ”
ယဲ့ရှောင်ရှောင် တီးတိုး မေးမြန်းလိုက်သည်။
“တကယ်လို့ အစ်ကိုယွမ်က စစ်ထဲဝင်ချင်တယ်ဆိုရင် နည်းလမ်းတစ်ခုခု ရှိနိုင်လား…”
လုဟန်ချွမ်က အနားကပ်လာကာ တီးတိုးပြန်ပြောလိုက်သည်။
“သူ့ကို ငါ့ဆီလွှတ်လိုက်၊ ငါစီစဉ်ပေးလိုက်မယ်”
ယဲ့ရှောင်ရှောင်သည် သူ့ပခုံးကို တွန်းကာ ခပ်ဝေးဝေးသို့ ဖယ်လိုက်ရင်း ပြန်ပြောသည်။
“ရှင်က ဓားစာခံလုပ်ဖို့ ပြန်ပေးဆွဲနေတာပဲ”
လုဟန်ချွမ်၏ မျက်လုံးများမှာ ပြုံးနေဟန်ဖြင့် မှေးစင်းသွားခဲ့သည်။
“အလွန်ဆုံးဖြစ်လှ ‘ကျေးဇူးကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်တယ်’လို့ပဲ အခေါ်ခံရမှာပေါ့”
ယဲ့ရှောင်ရှောင်: “…”
နောက်ပြောင်ကျီစယ်ပြီးနောက် လုဟန်ချွမ် အတည်ပေါက်ပြောလိုက်သည်။
“ငါက သူ့ကို စာရင်းသွင်းပေးဖို့အထိပဲ ကူညီပေးနိုင်တာ၊ နောက်ပိုင်း စစ်ဆေးမှု အဆင့်ဆင့်တွေကို သူအောင်မြင်နိုင်လား မအောင်မြင်နိုင်ဘူးလားဆိုတာကတော့ သူ့ကိုယ်ပိုင်အရည်အချင်းပေါ်မှာပဲမူတည်တယ်လေ”
ထိုသို့ဆိုလျှင်ပင် သူမတို့မိသားစုအတွက် အလွန်ကြီးမားသည့် အခွင့်အရေးဖြစ်မှန်း ယဲ့ရှောင်ရှောင် နားလည်ပါသည်။
“အဲ့တာဆို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးမှ အစ်ကိုယွမ်ကို ရှင့်ဆီလွှတ်လိုက်ပါ့မယ်၊ အခုပြောလိုက်ရင် သူစာထဲမှာ စိတ်ပါမှာ မဟုတ်တော့ဘူး”
လုဟန်ချွမ် ခေါင်းညိတ်လိုက်သည်။
“အဆင်ပြေပါတယ်”
ထို့နောက် ယဲ့ရှောင်ရှောင်က သူ့ကိုစိုက်ကြည့်ကာ မေးလိုက်သည်။
“ရှင် နောက်တစ်ခါတော့ ထပ်ပျောက်မသွားပါဘူးနော်”
လုဟန်ချွမ်: “ထပ်ပျောက်သွားရမယ်ဟုတ်လား၊ မင်းငါ့ကို ဆက်သွယ်ဖို့ကြိုးစားသေးတယ်လား၊ အဲ့ဒီပိုက်ဆံတွေနဲ့ ကူပွန်တွေကြောင့်လား”
အမှန်တွင်မူ ယဲ့ရှောင်ရှောင် လက်မခံမည်စိုးသဖြင့် လုဟန်ချွမ်သည် အားလုံးကို ကူပွန်အသေးစားများ၊ အကြွေများနှင့် လဲလှယ်ပေးခဲ့ခြင်းဖြစ်ပါသည်။
သူ့အမြင်တွင်တော့ ထိုပမာဏက မပြောစလောက်ပင်။
“ဒီလထဲ တခြားမြို့တွေမှာ တာဝန်ကျလို့ အိမ်မှာသိပ်မရှိတာပါ၊ အဲ့တာကြောင့် ဖုန်းမကိုင်နိုင်ခဲ့တာလေ”
ယဲ့ရှောင်ရှောင်: “ရှင်းပြစရာမလိုပါဘူး၊ ကျွန်မလည်း အဲ့လောက်အများကြီး ဆက်ခဲ့တာ မဟုတ်ဘူး”
လုဟန်ချွမ် ရယ်မောမိတော့သည်။
မာနခဲလေးပဲ…
--- --- ---
တစ်ဖက်တွင် ယဲ့ချန်းရှန့်တို့၏ ဆယ်ရက်တာ လေ့ကျင့်ရေးကာလ ပြီးဆုံးသွားခဲ့ပါပြီ။
နိုင်ငံတော်အဆင့် သင်္ချာထူးချွန်ပြိုင်ပွဲကြီး၏ ပထမဆုံးစာမေးပွဲ စတင်ခဲ့လေပြီ။
စာမေးပွဲတစ်ခုချင်းစီတိုင်းတွင် အမှတ်အနိမ့်ဆုံးကျောင်းသား ၃၀ ရာခိုင်နှုန်းကို ထုတ်ပယ်မည်ဖြစ်ကာ ကျန်ကျောင်းသားများက ဆက်လက်ယှဉ်ပြိုင်ရပါမည်။
နောက်ဆုံးစာမေးပွဲသို့ ရောက်ရှိသောအခါ လူ ၁၀၀ အောက်သာ ကျန်တော့မည်ဖြစ်ကာ ထို ၁၀၀ အတွင်းမှ ပထမ၊ ဒုတိယ၊ တတိယတို့ကို ရွေးချယ်ပေးပါမည်။
နိုင်ငံတော်အဆင့်ပြိုင်ပွဲဖြစ်၍ ပြိုင်ဆိုင်မှုက ပြင်းထန်လှသည်။
လီပေါ်ဝမ်နှင့် ယဲ့ချန်းရှန့်တို့သည် စွမ်းဆောင်ရည်ကောင်းမွန်ကြသူများဖြစ်သော်လည်း နောက်ဆုံးစာမေးပွဲ၏ ရလဒ်များထွက်လာသောအခါ နှစ်ဦးစလုံး ထိပ်တန်း ၃၀ အတွင်းပင် မဝင်နိုင်ခဲ့ပေ။
ယဲ့ချန်းရှန့်၏ အဆင့်က ၆၅ ဖြစ်ပြီး လီပေါ်ဝမ်ကမူ ၇၂ ချိတ်ပါသည်။
ထို့အပြင် သူတို့နှစ်ဦးမှာ ၂ မှတ်သာ ကွာခြားသည်။
ကျောင်းအုပ်ကြီး ယွီသဲ့ရွှေ့သည် အားလုံးအတူတူပြန်ဖို့အတွက် ကလေးနှစ်ယောက် အဆောင်မှ ထွက်လာမည့်အချိန်ကို စောင့်မျှော်နေပါသည်။
ယဲ့ချန်းရှန့်သည် ယဲ့ချန်းနင် ဝယ်ပေးခဲ့သည့် အဝတ်အစားအသစ်များကို ထုတ်ဝတ်လိုက်ရာ အလွန်ချောမော ခံ့ညားသွားကာ အခြားတစ်ယောက်ပမာ ပြောင်းလဲသွားတော့သည်။
ယွီသဲ့ရွှေ့က သူ့ပခုံးကို ပုတ်ကာ ချီးကျူးလိုက်သည်။
“အဝတ်အစားတွေက ကောင်းသားပဲ၊ ငါတို့ကောင်တီမြို့ရဲ့ သမဝါယမ အရောင်းဆိုင်တွေမှာတောင် ဒါမျိုးတွေ မရှိဘူးနော်”
ယဲ့ချန်းရှန့်: “ကျွန်တော့်တတိယအစ်ကို လက်ဆောင်ပေးထားတာပါ”
ယွီသဲ့ရွှေ့: “ကောင်းတယ် ကောင်းတယ် မင်းပုံစံက အခုမှ စမတ်ကျသွားတယ်၊ ငါတို့ဆုမရတာ စိတ်ဓာတ်မကျပါနဲ့၊ တစ်နိုင်ငံလုံးက ရာနဲ့ချီတဲ့ကျောင်းသားတွေ လာပြိုင်ကြတာ ထိပ်တန်း ၁၀၀ အတွင်း ဝင်နိုင်တာတော် တော်တော် ချီးကျူးဖို့ကောင်းလှပြီ”
“ကိုယ့်အရည်အချင်းကိုယ် စမ်းသပ်နိုင်တဲ့ ဒီလိုအခွင့်အရေးမျိုး ရဖို့ဆိုတာ အရမ်းရှားတယ်၊ ပြီးတော့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေအတွက် တခြားမူဝါဒတွေလည်းရှိပါသေးတယ်၊ အထူးအခွင့်အရေးတွေ မရနိုင်ရင်တောင်မှ အပိုထပ်စောင်း အမှတ်တွေ ရနိုင်တယ်”
ယဲ့ချန်းရှန့်: “ကျေးဇူးတင်ပါတယ်ဆရာကြီး”
လီပေါ်ဝမ်: “ဆရာကြီး၊ ကျွန်တော်တို့ ပေကျင်းကို ရောက်လက်စနဲ့ လည်ပတ်ဦးမှာလား”
ယွီသဲ့ရွှေ့: “ဒီတစ်ခေါက်ခရီးအတွက် ရထားလက်မှတ်ကို စခန်းက စီစဉ်ပေးထားတာ၊ လည်ပတ်ဖို့ အချိန်ရှိမလားကွ၊ အနာဂတ်မှာ မင်းတို့နှစ်ယောက် အောင်မြင်လာတဲ့အချိန်ကျမှ မြို့တော်ကိုလာပြီး ကြိုက်သလောက် လည်ပတ်လို့ ရတယ်”
ယွီသဲ့ရွှေ့သည် ကလေးနှစ်ယောက်ကို ခေါ်ပြီး ကျောင်းပြင်ပသို့ ပြန်ထွက်လာခဲ့ပါသည်။
ကျောင်းဝင်ပေါက်တွင် ကျောင်းသားများကို လာကြိုသည့် မိသားစုဝင်များစွာ စုပြုံနေကြသည်။
ထိုလူအုပ်ကြီးထဲ ဟောက်ယန်ယန်သည် ရှုကျမ့်ဝမ်ဘေးတွင် မတ်တပ်ရပ်နေပါသည်။
“အစ်ကိုကျမ့်ဝမ်၊ ကျွန်မ အိမ်ပြန်နှင့်လိုက်တာ ကောင်းမယ်ထင်တယ်၊ ကျွန်မကိုမြင်ရင် ကျမ့်လီလည်း ပျော်မှာ မဟုတ်ဘူး”
ရှုကျမ့်ဝမ်လည်း မူလက ဟောက်ယန်ယန်ကို ခေါ်လာဖို့ အစီအစဉ်မရှိခဲ့ပါ။
သို့သော် စာကြည့်တိုက်ထဲ စာအတူတူဖတ်နေခဲ့ကြခြင်းဖြစ်၍ သူမကို အရင်ပြန်လွှတ်လိုက်လျှင် အလွန်သိသာသွားမည် စိုး၍ ခေါ်လာခဲ့ရခြင်းဖြစ်ပါသည်။
ရှုကျမ့်ဝမ်: “ကျမ့်လီက ကလေးစိတ်ပဲရှိတာ၊ အမေကလည်း သူ့ကို အရမ်းအလိုလိုက်တယ်၊ သူပြောတာတွေကို စိတ်ထဲ မထားနဲ့”
ဟောက်ယန်ယန်၏ မျက်နှာပေါ်တွင် တောက်ပသည့် အပြုံးတစ်ခုပေါ်လာသည်။
“ကျမ့်လီက အရမ်းတော်တာပဲနော်၊ ခုနက နံရံပေါ်က အနီရောင်စာရင်းထဲမှာ ကျမ့်လီရဲ့နာမည်ပါတယ်၊ အဲ့တာ ဆုကြီးတစ်ဆုရတယ်လို့ ဆိုလိုတာမလား၊ တစ်နိုင်ငံလုံးမှာ ဆုကြီးရတဲ့ကျောင်းသားက သုံးယောက်ပဲ ရှိတာလေ”
ရှုကျမ့်ဝမ်၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားမှုအရိပ်အယောင် အနည်းငယ်ပေါ်လာသော်လည်း အေးစက်စွာ ပြောလိုက်သည်။
“သူကငယ်ငယ်လေးကတည်းက စာတော်တာ၊ ဒါပေမယ့် ကျန်တဲ့နေရာတွေမှာ ဘာမှသုံးမရဘူး”
စောင့်မျှော်နေစဉ်အတွင်း ဟောက်ယန်ယန်သည် ကျောင်းဂိတ်တံခါးထံသို့သာ ငေးကြည့်နေခဲ့ပါသည်။
ထိုစဉ် ယဲ့ချန်းရှန့်ကို သူမ ဖျပ်ခနဲမြင်လိုက်ရသည်။
ဟောက်ယန်ယန် ချက်ချင်းပင် တုန်လှုပ်ကာ မျက်နှာပျက်သွားခဲ့လေသည်။
သို့သော် သေချာပြန်စဉ်းစားကြည့်မှ မဖြစ်နိုင်လှပါ။
ယခင်ဘဝက ယဲ့ချန်းရှန့်သည် ဆေးကုသမှု အမှားအယွင်းတစ်ခုကြောင့် လေဖြတ်ကာ အိပ်ရာထဲ လဲသွားခဲ့သည် မဟုတ်ပါလား။
မိသားစုပိုင်ဆိုင်သည့် ငွေများကိုလည်း သူ့ဆေးကုသမှုစရိတ်များအတွက်သာ အသုံးပြုခဲ့ရသည်။ နောက်ဆုံးတွင် ဘာမှအကျိုးမထူးခဲ့ဘဲ အားလုံးသဲထဲရေသွန်သာ ဖြစ်ခဲ့ရပါသည်။
သူမ အိမ်ထောင်ပြုသည့်အခါတွင်ပင် တစ်ပြားတစ်ချပ်မှမရခဲ့ပေ။
ထို့ကြောင့် သူမ ပြန်လည်မွေးဖွားလာပြီးနောက် ယဲ့မိသားစု၏ စုငွေအားလုံးကို ယူဆောင်လာခဲ့သည်။
သူမအပေါ် ယဲ့မိသားစုအကြွေးတင်နေသည့် ငွေများကို ပြန်လည်ယူဆောင်လာခဲ့ခြင်းဟု ဟောက်ယန်ယန် မှတ်ယူထားပါသည်။
သူမ ယူမလာခဲ့လျှင်ပင် ယဲ့မိသားစုသည် ထိုငွေကို အလကားသက်သက်ဖြုန်းတီးပစ်လိုက်မည်သာ ဖြစ်သည်။ ထို့ကြောင့် သူမ၏ အရင်းအနှီးငွေအဖြစ် အသုံးပြုလိုက်ခြင်းက ပိုအကျိုးရှိပါလိမ့်မည်။
သူမသည် ယခင်ဘဝက နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးသူဖြစ်ရာ ခေတ်၏ အပြောင်းအလဲများကိုလည်း မျက်မြင် တွေ့ခဲ့ရသဖြင့် ဤဘဝတွင် ငွေရှာဖို့ ကျိန်းသေပေါက် လွယ်ကူပါလိမ့်မည်။
သူမ ငွေရှာနိုင်သည်နှင့် ယဲ့မိသားစုအား ထိုငွေများကို ပြန်ပေးပါမည်။
ထိုသို့တွေးလိုက်သောအခါ ဟောက်ယန်ယန် စိတ်သက်သာရာ ရသွားခဲ့သည်။
သူမ အမြင်မှားခဲ့ခြင်းဖြစ်ပါလိမ့်မည်။ စောစောက ထိုကျောင်းသား ဝတ်ဆင်ထားသည့် အဝတ်အစားများမှာ အဖြူရောင်ရှပ်အင်္ကျီနှင့် ပေကျင်းမြို့တွင် ရေပန်းစားသည့် ဓာတ်ခရွန်ဘောင်းဘီတို့ဖြစ်ကြသည်။
ယဲ့မိသားစုက ထိုကဲ့သို့ အဝတ်အစားများကို ဝယ်နိုင်ကြမည် မဟုတ်ပေ။
ထိုစဉ် ရှုကျမ့်လီနှင့် ရှောက်ကျီယုတို့ အတူတူထွက်လာကြသည်။
ရှုကျမ့်ဝမ်နှင့် ဟောက်ယန်ယန်တို့ကို အတူတူမြင်လိုက်ရသောအခါ ရှုကျမ့်လီသည် အခြားလမ်းမှ ကွေ့ပတ်သွားချင်စိတ်ပင် ပေါက်သွားပါသည်။
သို့သော် ရှုကျမ့်ဝမ်က လက်ပြကာ လှမ်းခေါ်လိုက်သည်။
“ဒီကိုလာလေ၊ ငါကားနဲ့လာကြိုတာကို မင်းကလမ်းလျှောက်ပြန်ချင်လို့လား”
ရှုကျမ့်လီလည်း တွန့်ဆုတ်စွာ လျှောက်လာပြီး အစ်ကိုဖြစ်သူနှင့် ဟောက်ယန်ယန်တို့ကို မျက်စပစ်လိုက်ပါသည်။
ရှောက်ကျီယုကမူ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်လေသည်။
“အစ်ကိုကျမ့်ဝမ်”
ရှုကျမ့်ဝမ်: “အေး ကျီယု၊ အတူတူပြန်ကြစို့”
ရှောက်ကျီယု: “ကျေးဇူးတင်ပါ အစ်ကိုကျမ့်ဝမ်”
ကားထံရောက်သောအခါ ရှုကျမ့်လီက အနောက်ခုံတွင် အလုအယက်ဝင်ထိုင်သဖြင့် ဟောက်ယန်ယန်မှာ ရှေ့တွင်သာ ထိုင်လိုက်ရပါသည်။
ဤကဲ့သို့သော ကားမျိုးသည် သူမ ငယ်စဉ်က အိပ်မက်ပင် မမက်ရဲခဲ့သော အရာတစ်ခုဖြစ်သော်ငြား ဤအသိုင်းအဝိုင်းတွင်မူ သာမန်ပို့ဆောင်ရေးယာဉ်မျှသာဖြစ်သည်။
သူမ၏ လက်ရှိဘဝကို ခိုင်ခိုင်မြဲမြဲဆုပ်ကိုင်ထားရပါမည်။
စစ်တပ်ဝင်း၏ ဂိတ်တံခါးဝသို့ ရောက်သည်နှင့် ရှုကျမ့်လီက ဆင်းချင်နေပါပြီ။
“ငါလုပ်စရာရှိလို့ သွမ်လဲ့ကို သွားတွေ့ဦးမယ်၊ ဒီမှာပဲချပေးခဲ့”
ရှုကျမ့်ဝမ် မျက်မှောင်ကြုတ်သွားသည်။
“ဘာလုပ်ဖို့ သွားတွေ့မှာလဲ၊ အဲ့ဒီကောင်နဲ့ လျှောက်ပေါင်းမနေနဲ့”
ကားရပ်သွားသည်နှင့် ရှုကျမ့်လီ တံခါးကိုဖွင့်ကာ ပြေးဆင်းသွားတော့သည်။
“မင်းဘာလုပ်လုပ် ငါဂရုမစိုက်ဘူး၊ အဲ့တာကြောင့် ငါဘာလုပ်လုပ် မင်းလည်းဂရုစိုက်စရာမလိုဘူး!”
📗 Chapter 52
ရှုကျမ့်ဝမ်: “… ရိုင်းလိုက်တာ”
ရှောက်ကျီယုကတော့ ပြုံးသာပြုံးနေမိသည်။
ရှုကျမ့်လီ အဘယ်ကြောင့် အလျင်လိုနေရကြောင်း သူသိသော်လည်း ရှုကျမ့်ဝမ်အား ပြောပြဖို့ စိတ်ကူးမရှိပေ။
အဝေးသို့ ပြေးထွက်သွားသည့် ရှုကျမ့်လီကို ငေးကြည့်ရင်း ဟောက်ယန်ယန် စိတ်သက်သာရာရခဲ့သည်။
ရှုကျမ့်လီသည် ငယ်ရွယ်သေးသော်လည်း အဆိပ်ပြင်းသည့် စကားများကို ပြောတတ်ကာ သူမကိုလည်း တစ်ခါမှ ကြည်ကြည်ဖြူဖြူဆက်ဆံခဲ့ခြင်း မရှိပေ။
သူမအမေ၏ ပြောပြချက်အရ ရှုမိသားစု၏ ဒုတိယသားတွင် ရင်ကျပ်ရောဂါရှိပြီး ချူချာသူဖြစ်၍ မည်မျှကြာကြာ အသက်ဆက်ရှင်ရမှန်း မပြောနိုင်ပေ။
အနာဂတ်တွင် ရှုမိသားစု၏ စည်းစိမ်အားလုံးကို ရှုကျမ့်ဝမ်ကသာ ဆက်ခံရနိုင်ပါသည်။
ထို့ကြောင့် ဟောက်ယန်ယန်သည် ဤဆက်ဆံရေးကို မြဲမြဲဆုပ်ကိုင်ထားရန် ဆုံးဖြတ်ချက် ပို၍ပင် ပြတ်သားသွားခဲ့တော့သည်။
“အစ်ကိုကျမ့်ဝမ်၊ ကျွန်မ အစ်ကို့အိမ်မှာ စာအတူတူ လာလုပ်လို့ရမလား၊ အမေက ကျောင်းတစ်ကျောင်း ရှာပေးထားပေမယ့် ကျွန်မနားမလည်တဲ့ သင်ခန်းစာတွေ ရှိနေသေးလို့ပါ”
အမှန်တော့ သူမသည် အထက်တန်းကျောင်းစာများကို တစ်ခါမှ မထိတွေ့ဖူးသဖြင့် မည်သည့်အကြောင်းအရာကိုမှ နားလည်မနေခြင်းဖြစ်ပါသည်။
ဤသို့ပြောလိုက်ရခြင်းမှာ ရှုကျမ့်ဝမ်နှင့် နီးစပ်နိုင်ဖို့သာ ဖြစ်သည်။
ရှုကျမ့်ဝမ်က ခေါင်းညိတ်သည်။
“ကောင်းပြီလေ”
သူတို့နှစ်ယောက်၏ ပြောဆိုဆက်ဆံပုံများကို ရှောက်ကျီယု ဘေးမှ စောင့်ကြည့်နေခဲ့ပြီး မျက်မှန်ကို မသိမသာ ပင့်တင်လိုက်တော့သည်။
--- --- ---
ယဲ့ရှောင်ရှောင်၏ ဘဝမှာမူ ပုံမှန်လည်ပတ်နေခဲ့ပြီး ညနေခင်းတိုင်း ကျိုးကျစ်ရန်ကို အပ်စိုက်ကုသပေးခဲ့သည်။
လဝက်ခန့်ကြာသောအခါ သူ့အခြေအနေမှာ အတော်လေးတိုးတက်လာသည်ဟု ဆိုနိုင်သည်။
အမြင်အာရုံက ဝေဝါးနေဆဲဖြစ်သော်ငြား ကျိုးကျစ်ရန်သည် အရာဝတ္ထုများ၏ အကြမ်းဖျင်း သဏ္ဌာန်နှင့် လူရိပ်များကို မြင်နိုင်နေနပြီဖြစ်ပါသည်။
ယနေ့တွင် ကျိုးကျစ်ရန်သည် ခြံဝင်းထဲတွင်ထိုင်ကာ နေပူဆာလှုံနေခဲ့သည်။
“အဘိုးစုန့်ရဲ့ ခြံက တော်တော်ကောင်းတာပဲ၊ တိတ်ဆိတ်ပြီး လွတ်လပ်နေတာပဲ၊ မြို့တော်ကတော့ တဖြည်းဖြည်းနဲ့ အေးချမ်းမှုကင်းမဲ့လာပြီ”
စုန့်ကွမ်းကျင့်သည် ဆေးပင်များကို နေရာချရင်း ပြန်ပြောလိုက်ပါသည်။
“ကျုပ်အိမ်က ဆင်းရဲပြီး သာမန်ပါပဲ၊ မြို့တော်က ကောင်းမွန်တဲ့ဘဝနဲ့တော့ ဘယ်နှိုင်းယှဉ်လို့ရမလဲ”
ကျိုးကျစ်ရန် မျက်လုံးများကို မှိတ်ကာ ညာဘက်လက်ဖြင့် ဒူးကို စည်းချက်ကျကျ ခေါက်လိုက်သည်။
“လှောင်အိမ်ထဲမှာ အနေကြာတဲ့ငှက်က သဘာဝကို တမ်းတတတ်တယ်”
ယဲ့ရှောင်ရှောင် ရောက်လာသောအခါ အဘိုးကျိုး၏ ကဗျာရွတ်သံကို ကြားလိုက်ရသည်။
လုဟန်ချွမ်သည် လွန်ခဲ့သည့်နှစ်ရက်ခန့်က စုန့်လင်မြို့မှ ထွက်ခွာသွားပြီဖြစ်၍ ယနေ့တော့ ယဲ့ရှောင်ရှောင် တစ်ယောက်တည်း လာခဲ့ရပါသည်။
ထိုငွေများကို သူမ ပြန်မပေးရသေးပေ။ လုဟန်ချွမ်က လက်မခံဘဲ ငြင်းဆန်နေခြင်းကြောင့်ပင်။
ကျိုးကျစ်ရန်၏ နားရွက်များ အနည်းငယ် လှုပ်ခါသွားသည်။
“မိန်းကလေးယဲ့လား၊ ဒီနေ့ဘာလို့ အစောကြီးလာခဲ့တာလဲ”
ယဲ့ရှောင်ရှောင်က ကျောပိုးအိတ်ကို ချရင်း ပြန်ဖြေလိုက်ပါသည်။။
“ဒီနေ့က အားလပ်ရက်လေ”
“ကျောင်းစာနဲ့ ဆေးပညာကို တစ်ပြိုင်တည်း လေ့လာရတာ အရမ်းပင်ပန်းနေမှာပဲ၊ ရှောင်လီကို စားသောက်ဆိုင်သွားပြီး တစ်ခုခုဝယ်ခိုင်းလိုက်ဦးမယ်၊ ဒီနေ့ အိမ်မှာ ကောင်းကောင်းစားကြတာပေါ့”
ရှောင်လီဟူသည်မှာ ကျိုးကျစ်ရန်၏ ကိုယ်ရံတော် ကောင်လေးဖြစ်ကာ သူ၏ နေ့စဉ်ဘဝကို စောင့်ရှောက်ပေးရသူလည်း ဖြစ်သည်။
အဘိုးကျိုး၏ အမိန့်ကိုကြားသောအခါ ရှောင်လီ အမြန်ပြေးဝင်လာပြီး ငွေယူကာ ပြန်ထွက်သွားခဲ့ပါသည်။
စုန့်ကွမ်းကျင့်: “ခင်ဗျားကတော့လေ၊ ရဲဘော် ရှောင်းလုရှိနေတုန်းကကျတော့ ဒီမှာ ညစာစားပွဲလုပ်ဖို့ မစဉ်းစားမိဘူးလား၊ သူပြန်သွားမှ စားကောင်းသောက်ဖွယ်တွေ စားချင်နတယ်ပေါ့”
ကျိုးကျစ်ရန်က ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောသည်။
“အဲ့ဒီလူငယ်တွေက သူတို့ဖာသာသူတို့ ဒူပေဒဏ်ပေခံနိုင်တယ်၊ ခင်ဗျား ရှေ့နေလိုက်မနေစမ်းပါနဲ့ဗျာ”
ယဲ့ရှောင်ရှောင်လည်း ခြံဝင်းထဲတွင် ခေတ္တစောင့်နေခဲ့ပြီးနောက် ယဲ့ချန်းယွမ်က ပြေးဝင်လာပါသည်။
“ရှောင်ရှောင် ချန်းရှန့် ပြန်ရောက်ပြီ”
“ဟုတ်လား ပြိုင်ပွဲအခြေအနေ ဘယ်လိုရှိလဲ”
ယဲ့ချန်းယွမ်: “ဆုမရခဲ့ပေမယ့် နောက်ဆုံးအယောက် ၁၀၀ ထဲတော့ ပါခဲ့တယ်”
ယဲ့ရှောင်ရှောင်: “အဲ့လောက်နဲ့တင် ချီးကျူးဖို့ကောင်းနေပါပြီ၊ စတုတ္ထအစ်ကိုက အရမ်းတော်တာပဲ”
ယဲ့ချန်းယွမ်သည်လည်း ဆေးဆိုင်သို့ မကြာခဏ လာတတ်နေပြီဖြစ်၍ ကျိုးကျစ်ရန်နှင့် ရင်းနှီးသိကျွမ်းနေပါပြီ။
မောင်နှမနှစ်ယောက်၏ စကားဝိုင်းကို နားစွန်နားဖျားကြား၍ မေးမြန်းကြည့်လိုက်ရာ ယဲ့ချန်းယွမ်က အကြောင်းစုံ ရှင်းပြခဲ့သည်။
“သင်္ချာထူးချွန်ပြိုင်ပွဲဟုတ်လား၊ တို့နိုင်ငံရဲ့ အနာဂတ် သင်္ချာပညာရှင်လောင်းတွေပဲ၊ ရဲဘော်ချန်းယွမ်၊ အိမ်ပြန်ပြီး မင်းအဘိုးနဲ့ အဲ့ဒီပြိုင်ပွဲဝင်ကျောင်းသားလေးကိုပါ ခေါ်လိုက်ပါ၊ အားလုံး ညစာအတူတူစားကြတာပေါ့”
ယဲ့ချန်းယွမ် ခေါင်းကုတ်လိုက်သည်။
“မသင့်တော်ဘူးထင်တယ်”
ကျိုးကျစ်ရန်က မကျေမနပ်ဆိုသည်။
“ဘာကိုမသင့်တော်စရာရှိလို့လဲ၊ အဘိုးမြောင်က ဒီဒေသမှာ အရမ်းနာမည်ကြီးတဲ့ ဆရာတစ်ယောက်ဖြစ်ခဲ့ဖူးတယ်လို့ ငါကြားမိတယ်၊ ငါသူနဲ့ တွေ့ချင်နေတာ ကြာပြီ”
စုန့်ကွမ်းကျင့်ကလည်း ထောက်ခံသည်။
“အဘိုးမြောင်က အရမ်းတော်တဲ့ လက်ရေးအလှပညာရှင်ပဲ၊ စုန့်လင်မြို့ရဲ့ အိမ်တံခါးတိုင်းက ဆုတောင်းစာတွေကို သူ့လက်နဲ့ ကိုယ်တိုင်ရေးပေးထားတာလေ”
စုန့်ကွမ်းကျင့်က ထိုသို့ပြောလိုက်သဖြင့် ကျိုးကျစ်ရန်သည် အဘိုးမြောင်နှင့် ပို၍ရင်းနှီးချင်စိတ်များ ဖြစ်ပေါ်လာခဲ့ပါသည်။
ထို့ကြောင့် ယဲ့ချန်းယွမ်ကို အမြန်လှုပ်ရှားဖို့ စေခိုင်းလိုက်သည်။
ယဲ့ချန်းယွမ်လည်း ရွေးချယ်စရာမရှိတော့ဘဲ အိမ်ပြန်ပြီး အဘိုးဖြစ်သူကို သွားခေါ်ရတော့သည်။
မြောင်ဖုန့်ရှန်းနှင့် ယဲ့ချန်းရှန့်တို့သည် ခေတ္တစဉ်းစားပြီးနောက် အိမ်ချက်အရက်တစ်ပုလင်းကို ယူဆောင်ကာ ဆေးဆိုင်သို့ သွားရောက်ခဲ့ကြပါသည်။
စုန့်ကွမ်းကျင့်: “အဘိုးမြောင် လူကိုယ်တိုင်ရောက်လာတာနဲ့တင် လုံလောက်ပါပြီ၊ ဘာလို့ မလိုတာတွေ လျှောက်ယူလာတာလဲ”
မြောင်ဖုန့်ရှန်းက ပြုံးသည်။
“ဒါကျုပ်တို့အိမ်မှာ ကိုယ်တိုင်ချက်လုပ်ထားတဲ့ အရက်ပါ”
ကျိုးကျစ်ရန် ကျန်းမာရေးကောင်းစဉ်က သောက်တတ်စားတတ်သဖြင့် အနည်းငယ် စိတ်ဝင်စားသွားခဲ့သည်။
“အဘိုးမြောင်က အရက်လည်း ချက်တတ်တယ်လား”
မြောင်ဖုန့်ရှန်း: “ကျုပ်ဇနီးရဲ့မိသားစုက အရင်က အရက်ချက်တဲ့လယ်သမားတွေလေ၊ အဲ့တာကြောင့် ကျုပ်လည်း နည်းနည်းပါးပါး သင်ယူထားတာပေါ့၊ ဒါပေမယ့် ယောက္ခမကြီးရဲ့လက်ရာကိုတော့ ဒီတစ်သက် ယှဉ်နိုင်တော့မယ် မထင်ဘူး”
မြောင်ဖုန့်ရှန်း၏ မိသားစုသည် ယခင်က အရှိန်အဝါကြီးသည့် မိသားစုတစ်စုဖြစ်ခဲ့ဖူးပါသည်။ သို့သော် ထိုနေ့ရက်များက အတိတ်တွင်သာ ကျန်ခဲ့လေပြီ။
ယခုတွင်မူ သူ့မိသားစု၏ သားသမီးမြေးမြစ်များ ဘေးကင်းလုံခြုံဖို့ကိုသာ လိုလားတော့သည်။
ရှောင်လီက အိမ်ထဲတွင် ဟင်းလျာများကို တည်ခင်းပေးခဲ့သည်။
အဘိုးဖြစ်သူ အရက်ယူလာသည်ကိုမြင်ပြီး ယဲ့ရှောင်ရှောင်က သတိပေးလိုက်ပါသည်။
“အဘိုးကျိုးက အရက်သောက်လို့မဖြစ်ဘူးနော်”
ကျိုူးကျစ်ရန်: “အဲ…အင်း…”
ထိုအခါ စုန့်ကွမ်းကျင့်က အရက်ကို ချက်ချင်းသိမ်းသွားခဲ့ပါသည်။
“အမှန်ပဲ၊ အဘိုးကျိုးပြန်မှ တို့တွေ သောက်ကြတာပေါ့”
မြောင်ဖုန့်ရှန်း: “ကျုပ်ဘက်က သေချာ မစဉ်းစားမိခဲ့တာပါ”
စုန့်ကွမ်းကျင့်: “မဟုတ်တာ၊ သူသောက်လို့မရတာ ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး”
ကျိုးကျစ်ရန်၏ မျက်လုံးများက သေချာမမြင်နိုင်သော် လည်း နှာခေါင်းကတော့ ရာနှုန်းပြည့် အလုပ်လုပ်ပါသေးသည်။
မွှေးပျံ့သည့် အရက်နံ့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ခံစားရသောအခါ ကျိုးကျစ်ရန် စိုးရိမ်တကြီး မေးမြန်းလိုက်လေသည်။
“နည်းနည်းပါးပါး အပျော်သောက်တာ ဘာပြဿနာဖြစ်နိုင်မှာမို့လို့လဲ”
စုန့်ကွမ်းကျင့်: “ဆရာဝန်ရဲ့ညွှန်ကြားချက်ကို လိုက်နာပေးပါ ရဲဘော်ကျိုးကျစ်ရန်”
ကျိုးကျစ်ရန်: “…”
ညစာစားပွဲဝိုင်းတွင် အဘိုးအိုများသည် မတွေ့ရသည်မှာကြာပြီဖြစ်သော မိတ်ဆွေဟောင်းများကဲ့သို့ စကားကို အားရပါးရ ပြောဆိုခဲ့ကြပါသည်။
ကျိုးကျစ်ရန်လည်း ဤမျှ လွတ်လွတ်လပ်လပ်မရှိခဲ့သည်မှာ အတော်ကြာပြီဖြစ်ရာ ပုံမှန်ထက် ထမင်းတစ်ပန်းကန်ပင် ပိုစားခဲ့သေးသည်။
စားသောက်နေစဉ်အတွင်း ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့၏ ရည်မှန်းချက်များအကြောင်းကို သူမေးမြန်းခဲ့ပါသည်။
ယဲ့ချန်းယွမ်က စစ်တပ်ထဲဝင်ချင်သည်ဟုဆိုသောအခါ သူအပြည့်အဝ အားပေးထောက်ခံခဲ့ပြီး အခက်အခဲတစ်စုံတရာ ရှိလာခဲ့လျှင် သူ့ကိုအချိန်မရွေး ဆက်သွယ်နိုင်သည်ဟုလည်း ဆိုခဲ့ပါသည်။
ယဲ့ချန်းရှန့်၏ အိပ်မက်မှာမူ အမျိုးသားကာကွယ်ရေးစစ်တက္ကသိုလ်သို့ တက်ရောက်နိုင်ရန်ဖြစ်ပြီး ကျွမ်းကျင်ရာနယ်ပယ်တွင် အောင်မြင်လာဖို့ ဖြစ်သည်။
ထိုအကြောင်းကို ကြားသောအခါ ကျိုးကျစ်ရန်မှာ ပိုလို့ပင် စိတ်လှုပ်ရှားသွားတော့သည်။
“ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသတွေမှာ နေရပေမယ့် မင်းတို့ရဲ့ ရည်မှန်းချက်တွေက တကယ်မြင့်မားပါတယ်၊ လူငယ်တွေ ထူးချွန်မှ နိုင်ငံတော်အားကောင်းမှာမို့လို့ မင်းတို့မျိုး ဆက်ရဲ့ ထူးချွန်ပြောင်မြောက်မှုကို မြင်ရတာ ငါတကယ် ဝမ်းသာမိတယ်”
စုန့်ကွမ်းကျင့်: “အဲ့တာကြောင့် အဘိုးကျိုးက ကျန်းမာရေးဂရုစိုက်သင့်တာပေါ့၊ ကျုပ်တို့ အမိနိုင်ငံ တိုးတက်ပြောင်းလဲလာတာကို မမြင်ချင်ဘူးလား”
ကျိုးကျစ်ရန် အားရပါးရ ရယ်မောလိုက်ပါသည်။
“ကောင်းကင်ဘုံက ကျုပ်ကို နှစ်နည်းနည်းလောက် အချိန်ထပ်ပေးနိုင်ဖို့ မျှော်လင့်ရတာပဲ”
ဘေးတွင်ရပ်ကြည့်နေသည့် ကိုယ်ရံတော် ရှောင်လီမှာ အံ့အားသင့် မှင်သက်သွားခဲ့ရသည်။
ဤနေရာသို့ ရောက်လာပြီးကတည်းက ကျိုးကျစ်ရန်၏ စိတ်အခြေအနေမှာ သိသိသာသာ တိုးတက်ပြောင်းလဲလာခဲ့လေသည်။
ယခင်က ဆေးကုသမှုအကြောင်းပြောလျှင် အဘိုးကျိုးမှာ ဝမ်းနည်းသွားတတ်သော်လည်း ယခုတွင်မူ ဆေးကုသမှုကို ပျော်ပျော်ရွှင်ရွှင် ခံယူနေပါသည်။
ယဲ့ရှောင်ရှောင်သည် ကျိုးကျစ်ရန်ကို အပ်စိုက်ကုသပေးပြီးနောက် အဘိုးဖြစ်သူနှင့်အတူ အိမ်ပြန်သွားခဲ့သည်။
မနက်ဖြန် ရှောင်လီက သူမတို့ကို ကျောင်းသို့ ကားဖြင့်လိုက်ပို့ပေးမည်ဖြစ်၍ အဘိုးမြောင်၏ အိမ်တွင် ညအိပ်နိုင်ပါသည်။
ယဲ့ရှောင်ရှောင်သည် အခွင့်အရေးရခိုက် ယဲ့ချန်းရှန့်၏ပေကျင်းမြို့အတွေ့အကြုံများကို မေးမြန်းခဲ့သည်။
ယဲ့ချန်းရှန့်: “တကယ်တော့ ဘာမှသိပ်မထူးခြားပါဘူး၊ တခြားကျောင်းသားတွေနဲ့ အတူတူလေ့ကျင့်ပြီး စာမေးပွဲ ဖြေရုံပဲ”
“မြို့တော်က အကြီးကြီးပဲ၊ ဘတ်စ်ကားတွေ၊ အိမ်စီးကားတွေ၊ မိုးမျှော်တိုက်တွေနဲ့ နေရာတိုင်းမှာ စက်ဘီးစီးနေတဲ့လူတွေလည်း အများကြီးရှိတယ်”
ယဲ့ချန်းရှန့် ပြောပြသည့် ရှုခင်းများကို ယဲ့ချန်းယွမ်လည်း အလွန်မြင်ချင်နေပါသည်။
“ငါလည်း မြင်ချင်လိုက်တာ”
ယဲ့ရှောင်ရှောင်: “အစ်ကိုယွမ်က စစ်တပ်ထဲဝင်မှာဆို၊ ပေကျင်းမြို့ကို မကြာခင် သွားရမှာပဲလေ”
ယဲ့ချန်းယွမ်က ခေါင်းခါသည်။
“မတူဘူးလေ၊ စစ်သားတိုင်းက ပေကျင်းမြို့ကို သွားရမှာမှ မဟုတ်တာ၊ ငါတို့ဒေသက ဘယ်လောက်ချောင်ကျလဲ မမြင်ဘူးလား၊ နယ်စပ်ဒေသတွေမှာ တာဝန်သွားထမ်းဆောင်ရတာမျိုးပဲ ဖြစ်နိုင်မှာ”
ယဲ့ချန်းယွမ်ကို ကူညီပေးဖို့ လုဟန်ချွမ် ကတိပေးထားကြောင်းကို ယဲ့ရှောင်ရှောင် ထုတ်မပြောခဲ့ပါ။
သို့သော် ညစာစားပွဲဝိုင်းတွင် အဘိုးကျိုးက ကူညီပေးနိုင်သည်ဟု ဆိုခဲ့စဉ်က ယဲ့ချန်းယွမ်မှာ အလေးအနက်ထားပုံ မပေါ်ခဲ့ပါ။
ထို့ကြောင့် ယဲ့ရှောင်ရှောင် သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
ယဲ့ချန်းယွမ်က ရိုးသားစွာ ရယ်မောရင်း ပြန်ဖြေလိုက်ပါသည်။
“သူက နင့်လူနာလေ၊ ခုနက ပြောနေတာတွေက နောက်နေတာပဲ ဖြစ်မှာပေါ့၊ အတည်သွားယူလို့ ဘယ်ဖြစ်မလဲ”