အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
📗 Chapter 53
ယဲ့မိသားစု၏ ရိုးသားပွင့်လင်းမှုကို ယဲ့ရှောင်ရှောင် လေးစားမိပါသည်။
ထို့ကြောင့် ယဲ့ချန်းယွမ်ကို သူမ နှစ်သိမ့်ပေးလိုက်သည်။
“အစ်ကိုယွမ်ရဲ့ ဆန္ဒတွေ ကျိန်းသေပေါက် ပြည့်မှာပါ”
ယဲ့ချန်းယွမ်ကလည်း ခေါင်းမော့ရင်ကော့ကာ ဆိုလိုက်သည်။
“ဒါပေါ့”
ဤနှစ်အတွက် စစ်မှုထမ်းခေါ်ယူမှု အခြေအနေများမှာ ပြောင်းလဲသွားပြီဖြစ်မှန်း ယဲ့ချန်းယွမ် မသိခဲ့ချေ။
--- --- ---
ဤသို့ဖြင့် နောက်ထပ် လဝက်ခန့် ကုန်လွန်သွားခဲ့သည်။
ကျိုးကျစ်ရန်၏ ပထမဆင့် ကုသမှုကာလ ပြီးဆုံးသွားပြီဖြစ်ရာ အပ်စိုက်ကုသရန် မလိုအပ်တော့ပေ။
ကျိုးကျစ်ရန်သည် ခြံဝင်းထဲတွင် မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို ဆန့်တန်းလျက် ကြွေးကြော်လိုက်ပါသည်။
“ငါမြင်ရပြီကွ! ဟားဟားဟားဟား! ငါမြင်ရပြီ!”
သာမန်လူတစ်ဦး၏ အမြင်အာရုံလောက် မကြည်လင်သေးသော်လည်း လမ်းကို သေချာလျှောက်နိုင်ပြီဖြစ်ကာ အတားအဆီးများကိုလည်း သေချာ ရှောင်ကွင်းနိုင်ပါပြီ။
ဆိုလိုသည်မှာ နေ့စဉ်ဘဝတွင် ‘အသုံးမကျသူ’တစ်ယောက်ပမာ အခြားသူများကို အမြဲတမ်း အားကိုးနေစရာမလိုအပ်တော့ပေ။
စုန့်ကွမ်းကျင့်သည် သူ့သွေးခုန်နှုန်းကို စစ်ဆေးပေးရင်း ပြောလိုက်ပါသည်။
“ကုသမှုနောက်တစ်ဆင့်ကို စမယ်၊ ခန္ဓာကိုယ်အပြင်ပိုင်းကို တစ်နေ့ ၂ နာရီလောက် ဆေးလိမ်းပေးရမယ်”
ယဲ့ရှောင်ရှောင်သည် ကျိုးကျစ်ရန်ကို အပ်စိုက်ကုသပေးရန် မလိုအပ်တော့သဖြင့် ဆေးဆိုင်သို့ နေ့စဉ် သွားရောက်စရာ မလိုတော့ပေ။
ပုံမှန် အချိန်ဇယားအတိုင်း အားလပ်ရက်များမှသာ ဆေးဆိုင်သို့ သွားရောက်ခဲ့ပါသည်၊။
ညနေခင်းတစ်ခုတွင် ကျောင်းဆင်းသောအခါ ကျောင်းဂိတ်ပေါက်တွင် စောင့်နေသည့် ယဲ့မိန်ကို ယဲ့ရှောင်ရှောင် တွေ့လိုက်ပါသည်။
“ဒုတိယအစ်မ၊ သမီးတို့ဆီ လာတာလား”
အချိန်မှာ အနည်းငယ်နောက်ကျနေပြီဟု ယဲ့ရှောင်ရှောင် ခံစားရသည်။
ယခင်က ယဲ့မိန်သည် သူမတို့ထံ စားစရာများ မကြာခဏ လာရောက် ပို့ဆောင်ပေးတတ်သော်လည်း ယခုလောက်ထိ နောက်ကျသည့် အချိန်တွင် တစ်ခါမှ မလာဖူးပေ။
ယဲ့မိန်: “ငါ့အိမ်လိုက်ခဲ့ဖို့ လာခေါ်တာ၊ အဘိုးအဘွားနဲ့ တခြားသူတွေလည်း အိမ်မှာရောက်နေတယ်”
ယဲ့ချန်းယွမ်: “အဖေနဲ့အမေတို့ပါ ပါသေးတာလား၊ အိမ်မှာတစ်ခုခုဖြစ်လို့လား”
ယဲ့မိန်က သူ့ကို စကားတိုးတိုးပြောဖို့ သတိပေးလိုက်သည်။
“ကောင်းတဲ့ကိစ္စပါ၊ ဒီတစ်ခေါက် မိသားစုဝင်တွေအကုန် ရောက်လာတာက ချန်းကျွင်းအတွက် ဇနီးလောင်းတစ်ယောက်ကို လာကြည့်ကြတာလေ”
ယဲ့ချန်းရှန့်: “အစ်ကိုချန်းကျွင်းရဲ့ ဇနီးလောင်းက ကောင်တီမြို့ကလား”
ယဲ့မိန် ခေါင်းခါလိုက်သည်။
“ဘယ်ဟုတ်ပါ့မလဲ၊ ဒါပေမယ့် မနက်ဖြန် နှစ်ဖက်မိသားစု တွေ့ဆုံပြီး ဆွေးနွေးတိုင်ပင်ကြမလို့လေ၊ မိန်းကလေးမိသားစုက ငါတို့ယောက်ျားလေးမိသားစုဘက်ကို လေးစားမှုရှိရှိနဲ့ ကောင်တီမြို့က အစိုးရပိုင် စားသောက်ဆိုင်တစ်ခုမှာ ညစာစားပွဲတစ်ခု စီစဉ်ခိုင်းနေတယ်”
ယဲ့ရှောင်ရှောင်: “ဒါတော့ဖြစ်သင့်ပါတယ်၊ အစ်ကိုချန်းကျွင်းကကော အဲ့ဒီမိန်းကလေးနဲ့ ဘယ်လိုဆုံခဲ့တာလဲ”
ယဲ့မိန် နူးညံ့စွာ ပြုံးလိုက်သည်။
“အဲ့တာကတော့… အိမ်ရောက်မှပဲ အသေးစိတ်ပြောကြတာပေါ့”
“ချန်းကျွင်းက ငယ်ငယ်လေးကတည်းက အေးအေးဆေးဆေးသမားဆိုတော့ မိန်းမရပါ့မလားလို့ မိသားစုက စိတ်ပူနေတာ၊ အခု ဖူးစာဖက်တစ်ယောက်နဲ့ တွေ့သွားပြီဆိုတော့ ငါတို့ဘက်ကလည်း သေချာ အလေးထားပြီး စီစဉ်ပေးရမှာပေါ့”
ယဲ့ချန်းယွမ် ပျော်ရွှင်သွားသည်။
“ဒါဆို ကျွန်တော်လည်း မရီးတစ်ယောက် ရတော့မှာပဲ၊ ရှောင်ရှောင်တို့ရဲ့ ယောက်မအကြီးဆုံးလောက် တော်ပါစေလို့ ဆုတောင်းရမယ်”
ယဲ့မိန်က လမ်းတွင် မှာကြားလိုက်သည်။
“နင်အဝေးကြီး လျှောက်တွေးနေပြန်ပြီ၊ မနက်ဖြန်ကျရင် အားလုံး ဣန္ဒြေရှိရှိ နေကြနော်၊ တို့မိသားစုမှာ ညီအစ်ကိုမောင်နှမတွေများပြီး အဆင့်အတန်းမရှိဘူးလို့ သူများကို ထင်မသွားစေနဲ့၊ ငါတို့ကို အထင်သေးသွားကြလိမ့်မယ်”
ယဲ့ချန်းယွမ် နားမလည်နိုင်ဖြစ်သွားသည်။
“မိသားစုဝင်များတာ ကောင်းတဲ့အရာမဟုတ်ဘူးလား၊ ဘာလို့အထင်သေးရမှာလဲ၊ ပြီးတော့ ကျွန်တော်တို့မိသားစုရဲ့ ကလေးတွေက ယဉ်ကျေးမှုရှိပြီးသားပါ၊ မျက်နှာမပျက်စေရဘူး”
“ဘာပဲဖြစ်ဖြစ် နင်တို့က ငယ်သေးတော့ နားမလည်သေးတာတွေ အများကြီးရှိတယ်၊ ငါပြောတာသာ နားထောင်စမ်းပါ”
ယဲ့မိန်၏ အိမ်တွင် အဘိုးနှင့်အဘွား၊ ယဲ့ကျမ်းယဲ့တို့ လင်မယားနှင့် ယဲ့ချန်းကျွင်းတို့ တည်းခိုနေကြပါသည်။
အိမ်တွင် နေရာမလောက်မည်ကို စိုးသဖြင့် ယဲ့ကျန်းကော်တို့လင်မယားက မြောင်ဖုန့်ရှန်း၏ အိမ်တွင်သာ တည်းခိုခဲ့ကြသည်။
ယဲ့ချန်းချင့်တို့လင်မယားနှင့် ယဲ့လျန်တို့ကမူ အိမ်တွင် ကလေးထိန်းနေရသဖြင့် လိုက်မလာခဲ့ကြပေ။
မိသားစု၏ အကြီးအကဲများ သဘောတူလျှင် အဆင်ပြေပါပြီ၊ မင်္ဂလာပွဲမဟုတ်သေးသဖြင့် အားလုံး လိုက်လာခဲ့ဖို့ မလိုအပ်ပေ။
ယဲ့မိန်၏ အိမ်ကိုရောက်ရှိသောအခါ လူအလွန်များပြားနေသည်ကိုမြင်ပြီး ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းယွမ်နှင့် ယဲ့ချန်းကျွင်းတို့ကို အငှားတိုက်ခန်းတွင် သွားအိပ်ခိုင်းလိုက်ပါသည်။
ယဲ့ချန်းယွမ်၏ အိပ်ခန်းရှိ ကုတင်က ကျယ်ဝန်းသဖြင့် ယောက်ျားလေးသုံးယောက် မျှအိပ်နိုင်သည်။
ညီအစ်ကိုများ မတွေ့ရသည်မှာကြာပြီဖြစ်သဖြင့် ညပိုင်း စကားကောင်းကောင်းပင် ပြောနိုင်ကြပါလိမ့်မည်။
ယဲ့ရှောင်ရှောင်က လီကွေ့လန်ကိုပါ ဖိတ်လိုက်သည်။
“ဒေါ်လေးလည်း သမီးတို့အိမ်မှာ လိုက်အိပ်ပါလား၊ လူတွေများတော့ ဒုတိယအစ်မအိမ်မှာ အိပ်ဖို့ နေရာလောက်မှာ မဟုတ်ဘူး”
လီကွေ့လန်ကလည်း မငြင်းဆန်ခဲ့ပေ။
ပထမအချက်မှာ ဒုတိယသမီး၏ အိမ်က အမှန်တကယ် ကျဉ်းမြောင်းခြင်းကြောင့် ဖြစ်ပါသည်။
ဒုတိယအချက်မှာမူ မောင်နှမများဖြစ်နေလျှင်ပင် ယောက်ျားလေးသုံးယောက်နှင့် ယဲ့ရှောင်ရှောင်တို့ တစ်အိမ်တည်းမှာ အတူရှိနေပါက ပတ်ဝန်းကျင်၏ အတင်းအဖျင်းစကားသံများကို ကြားရနိုင်သည်။
ထို့ကြောင့် လူကြီးတစ်ယောက် လိုက်ပါသွားသင့်ပေသည်။
လီကွေ့လန်: “ဒါဆို သမီးအိမ်မှာ ဒေါ်လေးတစ်ညလာအိပ်မယ်နော်”
ယဲ့ရှောင်ရှောင် ငှားရမ်းထားသည့် အိမ်နှင့် ယဲ့မိန်တို့၏ အိမ်မှာ ၃၀ မိနစ်ခန့်သာ လမ်းလျှောက်ရသဖြင့် အတော်လေး အဆင်ပြေပါသည်။
ရာသီဥတုကလည်း သိပ်မအေးတော့သဖြင့် ညဘက်တွင် လမ်းလျှောက်ရသည်မှာ အေးအေးချမ်းချမ်းနှင့် သက်တောင့်သက်သာ ရှိလှသည်။
လမ်းတွင် ယဲ့ချန်းကျွင်းက ထိုမိန်းကလေးနှင့် မည်သို့ဆုံခဲ့ကြောင်းကို ပြောပြခဲ့သည်။
ထိုမိန်းကလေး၏ အမည်မှာ ကျောက်ရှောင်းနာ ဖြစ်ပြီး စုန့်လင်မြို့နယ်တွင်နေထိုင်ကာ သမဝါယမအရောင်းဆိုင်၌ ယာယီအရောင်းဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေပါသည်။
အမြဲဝမ်းဝန်ထမ်းမဟုတ်သေးသော်လည်း ဂုဏ်ရှိသော အလုပ်တစ်ခုဖြစ်သည်။
သူတို့နှစ်ဦး အကြိမ်ကြိမ် တွေ့ခဲ့ဖူးပြီး မိန်းကလေးမှာ ရှက်တတ်သော စိတ်မျိုးရှိရာ ယဲ့ချန်းကျွင်းနှင့် အတော်လေး လိုက်ဖက်လှပါသည်။
ယဲ့ရှောင်ရှောင်လည်း နားလည်သွားသည်။
ဤသည်မှာ လူမှုဆက်ဆံရေးတွင် အားမသန်သည့် လူနှစ်ဦး၏ အချစ်ဇာတ်လမ်းပင် မဟုတ်ပါလား။
ထိုမိန်းကလေးကို ယဲ့ရှောင်ရှောင် တွေ့ရဖို့ အတော်လေး မျှော်လင့်နေမိပါပြီ။
အငှားတိုက်ခန်းတွင် သူမတို့ငါးဦး အိပ်ခဲ့ကြသည်။
နောက်တစ်နေ့ မနက်မိုးလင်းသောအခါ ယဲ့ရှောင်ရှောင်သည် လီကွေ့လန်တို့ကို စားသောက်ဆိုင်ငယ်လေးတစ်ခုထံ ခေါ်သွားပြီး မနက်စာကျွေးခဲ့ပါသည်။
လီကွေ့လန်က ခေါင်းသာ ခါနေမိသည်။
“ဒီမှာ ချက်ပြုတ်ပေးမယ့်သူမရှိတာ နင်တို့အတွက် ဘယ်လိုလုပ်အဆင်ပြေမှာလဲ၊ စားသောက်ဆိုင်မှာပဲ အမြဲစားလို့ မဖြစ်ဘူးလေ၊ ဈေးက အရမ်းကြီးတာ”
ယဲ့ချမ်းယွမ်: “စိတ်မပူပါနဲ့ အမေရဲ့၊ သမီးတို့ အိမ်နီးချင်း ဒေါ်လေးစွန်းက စီစဉ်ပေးထားပါတယ်၊ ပြီးတော့ ရွေးချယ်စရာမရှိတဲ့အဆုံး ကျောင်းကန်တင်းမှာ သွားစားလို့ရတာပဲ”
ယဲ့ရှောင်ရှောင်ကတော့ ကျောင်းကန်တင်းမှ အစားအသောက်များကို စားချင်စိတ် သိပ်မရှိပါ။
ဒေါ်လေးစွန်းက ချက်ပြုတ်ပေးနေခြင်းဖြစ်၍ ယဲ့ချန်းယွမ်နှင့် ယဲ့ချန်းရှန့်တို့သည် ပုံမှန်ဆို ကျောင်းကိုပေးရမည့် နေ့လယ်စာစရိတ်များကို ယဲ့ရှောင်ရှောင်အား စီမံခန့်ခွဲရန် ပေးထားကြသည်။
မောင်နှမသုံးယောက်စလုံးအတွက် ယဲ့ရှောင်ရှောင်တစ်ယောက်တည်း ငွေကုန်ကြေးကျခံနေ၍ မဖြစ်ပေ။။
မီနူးပေါ်တွင် ပေါက်စီတစ်လုံးလျှင် ၀.၂ ယွမ်ခန့် ကုန်ကျသည်ကို မြင်ပြီး လီကွေ့လန် စားချင်စိတ် ချက်ချင်း ပျောက်သွားခဲ့ပါသည်။
ယဲ့ရှောင်ရှောင်က မီနူးကိုယူကာ အားလုံးအတွက် ကိုယ်စားမှာပေးလိုက်သည်။
“ဒေါ်လေး၊ သမီးမှာ ပိုက်ဆံ တကယ်ရှိပါတယ်၊ အခု ဆေးဆိုင်မှာ တပည့်ဝင်လုပ်နေတာဆိုတော့ လစာလည်း ရတယ်လေ”
ထို့အပြင် စုန့်ကွမ်းကျင့်ကလည်း သူမကို မုန့်ဖိုးများ မကြာခဏ ပေးတတ်ပါသည်။
သူမ၏ ဆေးပညာစွမ်းရည်က ဝမ်းစာရှာနိုင်သည့်အဆင့်အထိ ရောက်ရှိနေပြီဖြစ်သည်။
လီကွေ့လန်: “ငွေက သုံးဖို့သာလွယ်တာ၊ ရှာဖို့ခက်တယ်၊ အဲ့ဒီငွေတွေကို သေချာစုထားမှပေါ့၊ ဒီနေ့အတွက် မနက်စာကို ဒေါ်လေးရှင်းပေးပါ့မယ်”
ယဲ့ရှောင်ရှောင်က အမြန်တားလိုက်သည်။
“မရှင်းပါနဲ့ ဒေါ်လေးရဲ့၊ သမီးရှင်းပြီးသွားပြီ”
လီကွေ့လန်က မယုံကြည်ပေ။
“ဟုတ်လို့လား”
ယဲ့ရှောင်ရှောင်: “တကယ် ရှင်းပြီးသွားပြီ၊ ဒေါ်လေး အားနာနေတယ်ဆိုရင် အစိုးရပိုင် စားသောက်ဆိုင်ကို ရောက်မှ သမီးများများ စားပေးမယ်လေ”
လီကွေ့လန်: “ဟုတ်ပါပြီ၊ အစိုးရပိုင်စားသောက်ဆိုင်ကို ရောက်ရင် ဒေါ်လေး ဟင်းကောင်းကောင်းတွေ အများကြီး ဝယ်ကျွေးမယ်နော်”
မနက်စာစားပြီးနောက် လီကွေ့လန်နှင့် ယဲ့ကျမ့်ယဲ့တို့သည် စားသောက်ဆိုင်ကို အရင်ဆုံသွားရှာကြပါသည်။
ထို့နောက် ယဲ့ကျန်းကော်တို့လင်မယားနှင့် မိန်းကလေးဘက်မှ မိသားစုတို့ကို သွားခေါ်ဖို့ ယဲ့ချန်းကျွင်းအား လီကွေ့လန် တာဝန်ပေးခဲ့သည်။
စားသောက်ဆိုင်ကောင်းကောင်းတစ်ခု ရှာဖွေနိုင်ဖို့က အရေးကြီးသဖြင့် လီကွေ့လန်နှင့်အတူ ယဲ့မိန်ပါ အဖော်လိုက်လာခဲ့လေသည်။
မိန်းကလေးမိသားစု၏ တောင်းဆိုချက်ဖြစ်၍ ပေါ့ပေါ့တန်တန် ဆောင်ရွက်၍ မဖြစ်ပေ။
စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးချယ်ပြီးနောက် စားပွဲများအတွက် ဘွတ်ကင်တင်ခဲ့ကြသည်။
ယဲ့မိသားစုဝင်များနှင့်ပင် တစ်ဝိုင်းပြည့်နေပြီဖြစ်ရာ မိန်းကလေးဘက်မှ မိသားစုနှင့် ပေါင်းလိုက်လျှင် အနည်းဆုံး စားပွဲနှစ်ဝိုင်းစာ ဘွတ်ကင်တင်ရပါမည်။
ဟင်းလျာများအတွက်လည်း အရည်အသွေးအမြင့်ဆုံး အသားဟင်းများကို မှာယူရပါမည်။
မိန်းကလေးမိသားစုက သူတို့ကို ကပ်စေးနဲသည်ဟု ထင်သွားလျှင် မကောင်းပေ။
ယဲ့မိန်ကမူ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလာရသည်။
“မိန်းကလေးဘက်က မိသားစုကို အခုမှ တွေ့ဖူးတာမလား၊ ဒီလောက် တခမ်းတနားကြီး ပြင်ဆင်ဖို့ လိုပါ့မလား”
လီကွေ့လန်: “ကလေးတွေကိစ္စကို တစ်ခါတည်း အတည်ပြုနိုင်ရင် အကောင်းဆုံးပေါ့၊ တို့အိမ်ကအခြေအနေကို နင်လည်း မသိတာမဟုတ်ဘဲနဲ့၊ ပိုင်ချွမ်ရွာမှာနေတယ်ဆိုကတည်းက မိန်းကလေးတိုင်း လန့်နေပြီလေ”
ယဲ့မိန် ပြုံးလိုက်သည်။။
“အဲ့လိုတော့ မပြောပါနဲ့၊ သမီးတို့မိသားစုမှာ သားသမီးများပြီး ချောင်ကျတဲ့နေရာမှာ နေရတယ်ဆိုပေမယ့် ဘဝက အဲ့လောက် မဆိုးပါဘူး၊ စားစရာဝတ်စရာ ဘယ်တုန်းက ရှားခဲ့ဖူးလို့လဲ”
“အမေ မသိဘူးနော်၊ ခုခေတ် မြို့မှာနေတဲ့လူတော်တော်များများက သမီးတို့ဘဝကိုတောင် မမှီကြဘူး၊ အပြင်ပန်း အရောင်တင်ထားတဲ့ မြည်းချေးတွေလို ရုန်းကန်နေရတာတွေကို ဖုံးကွယ်ဖို့ ဟန်ဆောင်မျက်နှာဖုံးတပ်ထားကြတာ”
လီကွေ့လန် ရယ်မောလိုက်ပါသည်။
“နင်တော်တော် စကားများပါလား၊ မိန်းကလေးမိသားစုနဲ့တွေ့ရင် အဲ့လိုပေါက်ကရတွေ မပြောဘဲ စကားကို ကောင်းကောင်းပြောနော်”
ယဲ့မိန်သည် လီကွေ့လန်၏ လက်မောင်းကိုဖက်ကာ ကလေးတစ်ဦးသဖွယ် ပြုမူလိုက်ပါသည်။
“သမီးက အဲ့တာတွေ မသိဘဲနေမလား အမေရဲ့၊ စောင့်ကြည်နေစမ်းပါ”
📗 Chapter 54
ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းရှန့်တို့သည် ယဲ့ကျန်းကော်တို့ လင်မယားအား သွားခေါ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ယဲ့ချန်းကျွင်းက မိန်းကလေးမိသားစုကို သွားကြိုရန် ထွက်သွားခဲ့ပါသည်။
နေထိုင်သည့်နေရာများမှာ မဝေးလှသဖြင့် ယဲ့ရှောင်ရှောင်တို့အုပ်စုနှင့် မိန်းကလေးမိသားစုတို့သည် စားသောက်ဆိုင်သို့ ရှေ့ဆင့်နောက်ဆင့်ပင် ရောက်ရှိလာခဲ့ကြသည်။
မိန်းကလေးမိသားစုဘက်တွက် လူအများကြီး ပါမလာပေ။
ကျုံးရှောင်းနာအပြင် သူမ၏ မိဘနှစ်ပါး၊ အစ်ကိုကြီးနှင့် ယောက်မဖြစ်သူတို့ ပါဝင်သည်။
သို့သော် ကျုံးရှောင်းနာ၏ အမေဖြစ်သူဘေးတွင် အရပ်ရှည်ရှည်၊ ကြံ့ကြံ့ခိုင်ခိုင်နှင့် ကောင်လေးတစ်ယောက် မတ်တပ်ရပ်နေပြီး သူ့မျက်လုံးများသည် အလွန်ဟာလာဟင်းလင်းဖြစ်နေကာ မျက်နှာပေါ်မှ အပြုံးကလည်း ရူးကြောင်ကြောင် နိုင်လှပါသည်။
လီကွေ့လန်သည် စားသောက်ဆိုင်ဝင်ပေါက်တွင် အချိန်အတော်ကြာအောင် စောင့်နေခဲ့ပြီး ကျောက်မိသားစုကို မြင်သည်နှင့် အပြေးကြိုဆိုခဲ့လေသည်။
“အထဲမှာ အရင်ဝင်ထိုင်ကြရအောင်၊ အားလုံးလည်း ခရီးပန်းလာလောက်ရောပေါ့”
ကျောက်ရှောင်းနာ၏ အမေသည် ဤခေတ်ကာလ၏ သာမန်ကျေးတောသူတစ်ဦး ပုံစံမျိုးဖြစ်ပြီး မျက်နှာနှင့် ခြေလက်များပေါ်တွင် နေဒဏ်လေဒဏ်ခံထားရသည့် အမှတ်အသားများ ရှိနေသဖြင့် ပုံမှန်ထက် အိုစာနေကာ စကားပြောလျှင် အမြဲတမ်းပြုံး၍ ပြောတတ်ပါသည်။
“မပင်ပန်းပါဘူးရှင်”
ကျောက်ရှောင်းနာ၏ အဖေမှာမူ စကားနည်းပြီး မျက်နှာပေါ်တွင် အပြုံးမရှိသလောက် အတော်လေး တည်ကြည် လေးနက်ပါသည်။
နှစ်ဖက်မိသားစု စားသောက်ဆိုင်ထဲသို့ ဝင်လာခဲ့ကြသည်။
မိသားစုအကြီးအကဲများက ကျောက်ရှောင်းနာ၊ ယဲ့ချန်းကျွင်းတို့နှင့် အတူတူထိုင်ကြပါသည်။
ယဲ့ရှောင်ရှောင်နှင့် အရေးသိပ်မကြီးသည့် ကလေးများကမူ အခြားစားပွဲတွင် ထိုင်ကြသည်။
ထိုစားပွဲတွင် ယဲ့မိန်၏ ကလေးများနှင့် ကျောက်မိသားစုဘက်မှပါလာသည့် ဆွေမျိုးများလည်း ရှိသည်။
ထိုလူများအနက် ရူးကြောင်ကြောင်မျက်နှာနှင့်လူက ယဲ့ရှောင်ရှောင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေပါသည်။
လီကွေ့လန်သည် ယဲ့မိသားစုဝင်များကို မိတ်ဆက်ပေးပြီးနောက် ကျောက်မိသားစုဘက်မှ မိတ်ဆက်ပေးရမည့်အလှည့်ကို ရောက်ရှိလာခဲ့သည်။
ကျောက်ရှောင်းနာ၏ အမေဖြစ်သူက ယဲ့ရှောင်ရှောင်တို့ စားပွဲဝိုင်းထံ လျှောက်လာပြီး ရူးကြောင်ကြောင်မျက်နှာနှင့် လူကို သိုင်းဖက်ကာ ပြောလိုက်သည်။
“ဒါ ရှောင်းနာရဲ့ မောင်လေးလေ၊ သူက ဒီနှစ်ဆို အသက် ၂၂ နှစ်ပြည့်ပြီမို့လို့ မိန်းမယူလို့ရတဲ့အရွယ် ရောက်နေပြီ၊ ရှောင်းနာနဲ့ တစ်ချိန်တည်းမှာ လက်ထပ်ပေးလိုက်ရင် ပိုကောင်းမယ်လို့တောင် ကျွန်မ တွေးနေတာ”
လီကွေ့လန်သည် ထိုကောင်လေးကို အချိန်အတော်ကြာအောင် စိုက်ကြည့်လိုက်ပြီး ထူးထူးဆန်းဆန်း ခံစားလိုက်ရသော်လည်း စိတ်ထဲမှ ခံစားချက်အမှန်ကို ထုတ်မပြောရဲခဲ့ပေ။
“သူက ငယ်ပါသေးတယ်၊ လောစရာမလိုဘူးလေ”
သို့သော ကျောက်ရှောင်းနာ၏ အမေက လီကွေ့လန်၏ လက်ကို ရုတ်တရက်ဆုပ်ကိုင်ကာ ယဲ့ရှောင်ရှောင်အား လက်ညှိုးထိုးပြလိုက်ပါသည်။
“ခုနက ရှင်မိတ်ဆက်ပေးတာကြားလိုက်တယ်၊ အဲ့ဒီကောင်မလေးက ချန်းကျွင်းရဲ့ ညီမလေးလား”
လီကွေ့လန်လည်း ရှောင်ရှောင်ကို လှမ်းကြည့်ရင်း ပြန်ဖြေလိုက်ပါသည်။
“ဟုတ်တယ်၊ ချန်းကျွင်းတို့ ဦးလေးရဲ့ အငယ်ဆုံးသမီးလေးလေ၊ ကျွန်မတို့မိသားစုထဲမှာ အငယ်ဆုံးကလေးပေါ့”
တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် ကျောက်ရှောင်းနာ၏ အမေသည် ယဲ့ရှောင်ရှောင်အား ခေါင်းတညိတ်ညိတ်နှင့် သေချာ အကဲခတ်လိုက်ပါသည်။
ယဲ့ရှောင်ရှောင်ကမူ ဤကိစ္စမှာ သူမနှင့် မည်သို့ပတ်သတ်နေကြောင်းကို မသိသဖြင့် ယဲ့ချန်းရှန့်အား လှည့်ကြည့်လိုက်လေသည်။
ယဲ့ချန်းရှန့်က မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်။
“ဂရုစိုက်မနေနဲ့၊ စားစရာရှိတာသာစား”
အစားအသောက်များကို တည်ခင်းပြီးသည်နှင့် မိသားစုအကြီးအကဲများက ကလေးနှစ်ယောက်၏ကိစ္စကို ဆက်လက် ဆွေးနွေးခဲ့ကြသည်။
တင်တောင်းငွေကိစ္စအကြောင်း ပြောသောအခါ ကျောက်ရှောင်းနာ၏ အမေက သူမ၏ အကြံကို ထုတ်ပြောလိုက်ပါသည်။
“ကျွန်မတို့အားလုံးက တောသူတောင်သားတွေပဲဥစ္စာ၊ တင်တောင်းငွေတွေ ဘာတွေလုပ်မနေပါနဲ့၊ ခုနက ကျွန်မပြောခဲ့သလိုပဲ ကျွန်မတို့သားအငယ်ဆုံးလေးက အိမ်ထောင်ပြုလို့ရတဲ့အရွယ်ကိုရောက်နေပြီ၊ ရှင်တို့ မိသားစုမှာလည်း မိန်းကလေးတစ်ယောက် ရှိနေသေးတာပဲ၊ အလဲအထပ် မင်္ဂလာပွဲလေး လုပ်လိုက်ကြရအောင်လေ၊ အဲ့တာဆို နှစ်ဖက်စလုံးအဆင်ပြေသွားမှာပေါ့”
ကျောက်ရှောင်းနာ အမေ၏ စကားကြောင့် အားလုံး မျက်စိမျက်နှာပျက်သွားခဲ့ကြသည်။
ယဲ့မိန်က ချက်ချင်း မတ်တပ်ထရပ်ကာ မေးလိုက်သည်။
“အလဲအထပ် မင်္ဂလာပွဲဟုတ်လား၊ ကျွန်မတို့မိသားစုမှာ ဒေါ်လေးတို့ကို အလဲအထပ်ပေးဖို့ သမီးမိန်းကလေးမှ မရှိတာ၊ ရှိရင်တောင် သဘောတူမှာမဟုတ်ဘူး”
ယဲ့ချန်းကျွင်းကလည်း ကျောက်ရှောင်းနာကိုကြည့်ကာ တဲ့တိုးမေးလိုက်သည်။
“အဲ့တာ မင်းအကြံလား၊ မင်းမိဘတွေရဲ့အကြံလား”
လီကွေ့လန်ကမူ နားကြားများမှားသွားလားဟုပင် ထင်လိုက်မိသည်။
“အစ်မကျောက်… အဲ့တာ ဘာကိုဆိုလိုတာလဲ”
ကျောက်ရှောင်းနာ၏ အမေက လက်ထဲတွင်ကိုင်ထားသည့် တူကိုအောက်ချကာ ပြောလိုက်သည်။
“ကျွန်မလည်း ပွင့်ပွင့်လင်းလင်းပဲပြောတော့မယ်၊ ကျွန်မတို့သမီးကို လိုချင်တယ်ဆိုရင် ရှောင်းနာရဲ့ မောင်လေးအတွက် မိန်းမတစ်ယောက် ရှာပေးနိုင်ရမယ်၊ အဲ့ဒီတောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့မိသားစုနဲ့ပဲ ကျွန်မ သမီးကို လက်ထပ်ပေးမှာ”
တစ်ဖက်မိသားစုတွင် ဤကဲ့သို့ အကြံအစည်မျိုးရှိနေလိမ့်မည်ဟု ယဲ့မိသားစု မျှော်လင့်မထားခဲ့ပေ။
တစ်နေကုန် ပြုံးရွှင်နေခဲ့သည့် လီကွေ့လန်၏ မျက်နှာမှာ ချက်ချင်းဆိုသလိုပင် အေးစက်သွားခဲ့ရသည်။
“ရှောင်ရှောင်က ချန်းကျွင်းရဲ့ ညီမအရင်းမဟုတ်တာကို အသာထားဦး၊ ဟုတ်နေခဲ့ရင်တောင် ကျွန်မတို့ အလဲအထပ် မင်္ဂလာပွဲတစ်ခု ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး”
ထိုစကားကိုကြားပြီး ကျောက်ရှောင်းနာ၏ မိဘများမှာ ဟန်ဆောင်မျက်နှာဖုံးများ ကွာကျသွားခဲ့ကြသည်။
“အဲ့တာဆိုလည်း အချိန်ဖြုန်းစရာမလိုတော့ဘူးပေါ့၊ ကလေးတွေကိစ္စကို မေ့လိုက်ကြရအောင်”
“သွားကြမယ် ငါ့သား၊ အမေတို့ ပြန်မယ်!”
ကျောက်ရှောင်းနာ၏ အမေက သားဖြစ်သူကို လာဆွဲလေသည်။
ကျောက်ရှင်းကမူ ရူးကြောင်ကြောင် ပြုံးနေပြီး ဟင်းပန်းကန်ထဲကို လက်ကြီးနှင့်နှိုက်ကာ ကြက်ခြေထောက် တစ်ချောင်းကို ဆွဲယူနေလေသည်။
“မေကြီး သားမစားရသေးဘူ၊ သားစားဦးမယ်”
ကျောက်ရှောင်းနာ၏အမေ: “စကားနားထောင်စမ်း၊ ဒီမှာ ဘာမှ စားစရာမလိုဘူး၊ အမေအိမ်ပြန်ရောက်မှ အရသာရှိတာတွေ ချက်ကျွေးမယ်”
ကျောက်ရှင်း: “မစားချင်ဘူး… သားကြက်ခြေထောက်ပဲ စားချင်တာ”
ကျောက်ရှင်းမှာ ကျပ်မပြည့်သည့် အရူးတစ်ယောက်ဖြစ်မှန်း သိသာနေပါပြီ။
သူ့ဉာဏ်ရည်ချွတ်ယွင်းနေခြင်းကြောင့်သာ မဟုတ်လျှင် ကျောက်မိသားစုသည် ဤကဲ့သို့ အလဲအထပ် မင်္ဂလာပွဲလုပ်ဖို့ကို ကမ်းလှမ်းခဲ့မည် မဟုတ်ပေ။
ကျောက်ရှောင်းနာက အမေဖြစ်သူကို လှမ်းဆွဲလိုက်သည်။
“အမေ၊ သမီးတို့မလာခင်တုန်းက သူ့ကိစ္စအဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ သမီးမင်္ဂလာကိစ္စကို မထိခိုက်စေရဘူးဆို”
ကျောက်ရှောင်းနာ၏ အမေက သူမကို တွန်းထုတ်လိုက်ပါသည်။
“နင့်မောင်လေးကို သူတို့ အထင်အမြင်သေးနေကြတာ မမြင်ဘူးလား၊ နင်က နင်ယောက်ျားရဖို့ပဲ စဉ်းစားပြီး နင့်မောင်အတွက် ဘာမှ မစဉ်းစားတော့ဘူးလား၊ တော်တော် တစ်ကိုယ်ကောင်းဆန်တဲ့ သမီးပဲ!”
ပြဿနာက သူမခေါင်းပေါ်တည့်တည့်သို့ မဆီမဆိုင် ကျလာလိမ့်မည်ဟု ယဲ့ရှောင်ရှောင် ထင်မထားခဲ့ပေ။
ကျောက်ရှောင်းနာလည်း ယဲ့ချန်းကျွင်းကိုသာ အားကိုးတကြီး လှည့်ကြည့်နိုင်တော့သည်။
ထိုစဉ် ယဲ့ချန်းရှန့်သည် မတ်တပ်ထရပ်ကာ ယဲ့ရှောင်ရှောင်၏ လက်ကိုဆွဲလျက် ထွက်သွားဖို့ ပြင်ပါသည်။
“သွားကြစို့ ရှောင်ရှောင်”
ယဲ့ချန်းယွမ်: “ငါ့လည်း စောင့်ပါဦး!”
ယဲ့ကျန်းကော်တို့ လင်မယားနှစ်ဦးသည်လည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြလေသည်။
မြောင်စွေ့ဖန်းက မတ်တပ်ရပ်ကာ အားလုံးကို စိတ်အေးအေးထားဖို့ ပြောလိုက်သည်။
“အစ်မကျောက် သေချာစဉ်းစားပါဦး၊ အခုက ဘယ်ခေတ်တောင် ရောက်နေပြီလဲ၊ အမျိုးသမီးရေးရာကတောင် အမျိုးသမီးတိုင်း လွတ်လပ်စွာ အိမ်ထောင်ပြုနိုင်ခွင့် ရှိသင့်တယ်လို့ ထုတ်ပြန်ထားတယ် မဟုတ်ဘူးလား၊ အလဲအထပ် မင်္ဂလာပွဲဆိုတာမျိုး ကျွန်မတို့ လက်မခံနိုင်ဘူး”
“ရှင်တို့သမီးကို ငွေများများနဲ့ တင်တောင်းခိုင်းမယ်ဆိုရင်တောင် ကျွန်မတို့ ငြင်းမှာမဟုတ်ပါဘူး၊ ဒါပေမယ့် ရှောင်ရှောင်က ကျွန်မတို့မိသားစုရဲ့ အဖိုးမဖြတ်နိုင်တဲ့ရတနာပဲ၊ အဲ့တာကြောင့် ဘယ်သူကမှ သူ့ကို ပစ္စည်းတစ်ခုလို လာတောင်းလို့မရဘူး”
ထိုစကားများက အရှင်းလင်းဆုံးနှင့် အပြတ်သားဆုံးဖြစ်၍ တစ်ဖက်လူမှာ သာမန်လူသာဆိုလျှင် အရိပ်အမြွက်ကို နားလည်နိုင်ပါလိမ့်မည်။
သို့သော် ကျောက်ရှောင်းနာ၏ အမေက သာမန်လူမဟုတ်မှန်း သိသာသည်။
မြောင်စွေ့ဖန်း၏ စကားကိုကြားပြီး သူမ အထင်အမြင်သေးစွာ ပြန်ပြောလိုက်သည်။
“ကျွန်မတို့သားက ဉာဏ်ရည်သိပ်မကောင်းပေမယ့် အားကောင်းမောင်းသန်ရှိတယ်၊ လူတွေကို ချစ်တတ်တယ်၊ ကျွန်မတို့သားလေးကို မရလိုက်ရင် ရှင်တို့မိသားစု နောင်တအကြီးအကျယ်ရမှာနော်”
မြောင်စွေ့ဖန်း: “…”
ယဲ့ကျန်းကော်ကလည်း ကျောက်ရှောင်းနာ၏ အဖေဖြစ်သူကို ကြည့်ကာ မေးလိုက်သည်။
“အစ်ကိုကျောက်၊ ခင်ဗျားက အိမ်ထောင်ဦးစီးမဟုတ်ဘူးလား၊ ခင်ဗျားစိတ်ထဲမှာကော ဒီလိုတွေ လုပ်ဖို့ ရည်ရွယ်ထားတာလား”
ကျောက်ရှောင်းနာ၏ အဖေသည် ငိုကြွေးနေသော သမီးဖြစ်သူနှင့် ဒေါသထွက်နေသော မိန်းမဖြစ်သူတို့ကို ကြည့်ကာ သူ့သဘောထားကို ထုတ်ပြောလိုက်ပါသည်။
“ခင်ဗျားတို့ အလဲအထပ်မင်္ဂလာပွဲလုပ်ဖို့ သဘောမတူဘူးဆိုလည်း ကိစ္စမရှိဘူး၊ ဒါပေမယ့် ကျုပ်သမီးကို ယွမ် ၂၀၀ နဲ့ တင်တောင်းရမယ်၊ ဒါပေမယ့် ကြိုတော့ ပြောထားမယ်၊ အဲ့ဒီငွေတွေကို ပြန်လာယူလို့မရဘူး၊ နောင်တစ်ချိန်မှာ သူ့မောင်လေးအတွက် မိန်းမရှာပေးဖို့ ကျုပ်တို့မိသားစုကပဲ အဲ့ဒီငွေတွေကို ထိန်းသိမ်းထားရမယ်”
ကျောက်မိသားစုက သေသေချာချာ တွက်ချက်စီစဉ်ထားပါသည်။
ကျောက်ရှင်းကို မည်သည့်မိန်းကလေးမှ လှည့်ကြည့်မှာမဟုတ်မှန်း သူတို့နားလည်ကြသည်။
ယဲ့မိသားစုက အလဲအထပ် မင်္ဂလာပွဲလုပ်ဖို့ လက်မခံလျှင် သူတို့သမီးကို ငွေများများနှင့် တင်တောင်းရပါမည်။
ထိုအခါမှသာ နောင်တစ်ချိန်တွင် သူတို့ထက် ပိုဆင်းရဲသည့် မိသားစုတစ်စုမှ မိန်းကလေးတစ်ယောက်ကို သူတို့သားအတွက် ဝယ်ယူပေးနိုင်ပါလိမ့်မည်။
ယခင်က ကျောက်ရှင်းအတွက် မိန်းကလေးတစ်ယောက် စီစဉ်ပေးခဲ့ဖူးသော်လည်း ထိုမိန်းကလေးမှာ ထွက်ပြေးသွားခဲ့သည်။
ယဲ့ကျန်းကော်: “ဒီနေ့တော့ ဒီလောက်နဲ့ တော်ကြရအောင်၊ ကျုပ်တို့မိသားစု စဉ်းစားဖို့လိုသေးတယ်”
“ရှောင်းနာကို ထူပေးလိုက်ဦး ချန်းကျွင်း”
ချန်းကျွင်းလည်း ရွေးချယ်စရာမရှိဘဲ ဦးလေးဖြစ်သူ၏ အမိန့်အတိုင်း ကြမ်းပြင်ပေါ်တွင် ထိုင်ငိုနေသည့် ကျောက်ရှောင်းနာအား ထူပေးလိုက်ရပါသည်။
ကျောက်ရှောင်းနာက တောင်းပန်သည်။
“ကျွန်မတောင်းပန်ပါတယ် ချန်းကျွင်း၊ ဒီလိုဖြစ်လာဖို့ မရည်ရွယ်ပါဘူး၊ ရှင့်ညီမလေးက အထက်တန်းကျောင်းသူတစ်ယောက်ဆိုတာ ကျွန်မသိတယ်၊ ကျွန်မမောင်လေးက သူနဲ့မထိုက်တန်ပါဘူး”
ယဲ့ချန်းကျွင်းက သူမလက်ကို လွှတ်ကာ ပြောလိုက်သည်။
“ထိုက်တန်တာ၊ မထိုက်တန်တာနဲ့ မဆိုင်ဘူး၊ ငါတို့မိသားစုက လွတ်လပ်တဲ့ အိမ်ထောင်ရေးကိုပဲအားပေးတယ်၊ ဘယ်သူ့ကိုမှ ဖိအားပေးပြီး အတင်းအကျပ် လက်မထပ်ခိုင်းဘူး”
ကျောက်ရှောင်းနာလည်း အလွန်အရှက်ရမိပါသည်။
မိသားစုနှစ်စု၏ တွေ့ဆုံစားသောက်ပွဲမှာ ဝမ်းနည်းစရာအခြေအနေနှင့်ပင် အဆုံသတ်သွားခဲ့ရသည်။
ယဲ့ရှောင်ရှောင်၊ ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့ မောင်နှမသုံးဦး စားသောက်ဆိုင်မှ ထွက်လာသောအခါ ယဲ့ရှောင်ရှောင်က မေးလိုက်ပါသည်။
“အလဲအထပ် မင်္ဂလာပွဲဆိုတာ ဘာကိုပြောတာလဲ”
ယဲ့ချန်းယွမ်: “ခေတ်နောက်ပြန်ဆွဲတဲ့ ဓလေ့ဟောင်းကြီးပါဟာ၊ နင့်ကို ကျောက်မိသားစုရဲ့ အဲ့ဒီကျပ်မပြည့်တဲ့ကောင်နဲ့ ပေးစားမှ သူတို့သမီးကို ပေးမယ်လို့ ဆိုလိုတာ၊ ငါတို့မိသားစုက ယောက်ျားလေးတွေ တစ်သက်လုံး လူပျိုကြီး လုပ်ရမယ် ဆိုရင်တောင် နင့်ကို အဲ့လို အလဲအထပ်လုပ်မှာ မဟုတ်ဘူး”
ယဲ့ရှောင်ရှောင်ကမူ အထူးတလည် ဒေါသမထွက်ခဲ့ပေ။
အကြောင်းမှာ တစ်ဖက်လူက မည်သို့ပင်ကြံစည်ထားပါစေ သူမ သဘောတူမည် မဟုတ်ခြင်းကြောင့်ပင်။
“အစ်ကိုချန်းကျွင်းရဲ့ မင်္ဂလာကိစ္စကို ဆက်စီစဉ်နိုင်ပါ့မလား”