← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

📗 Chapter 55

ယဲ့ချန်းယွမ်: “သူတို့အကြောင်း ဘာမှ ထပ်စဉ်းစားမနေနဲ့တော့၊ အဲ့လိုတောင်းဆိုချက်မျိုး တောင်းဆိုလာကတည်းက လူကောင်းသူကောင်းတွေ မဖြစ်နိုင်ဘူး”

ယဲ့ရှောင်ရှောင် သက်ပြင်းချလိုက်သည်။

လက်ထပ်ထိန်းမြှားခြင်းဟူသည်မှာ ပေါ့သေးသေးကိစ္စမဟုတ်၍ အလွယ်တကူ မဆုံးဖြတ်သင့်ပေ။

ထို့အပြင် ကျောက်မိသားစု၏ အပြုအမူများကို ကြည့်ခြင်းအားဖြင့်လည်း အစကတည်းက သင့်တော်သည့် မိသားစု မဟုတ်မှန်း ထင်ရှားလှပါသည်။

အစ်ကိုချန်းကျွင်းအနေဖြင့် ဤကိစ္စအတွက် ယူကျုံးမရဖြစ်ပြီး လမ်းပျောက်မသွားစေဖို့သာ ယဲ့ရှောင်ရှောင် မျှော်လင့်မိတော့သည်။

ယဲ့ရှောင်ရှောင် ဗိုက်ပွတ်လျက် ပြောလိုက်သည်။

“သမီးဘာမှမစားလိုက်ရလို့ ဗိုက်တောင်နည်းနည်းဆာလာပြီ၊ တစ်နေရာရာမှာ တစ်ခုခု သွားစားကြရအောင်လေ”

ယဲ့ချန်းရှန့်: “သွားကြတာပေါ့၊ အိမ်ပြန်ရောက်မှ အခြေအနေဘယ်လိုရှိလဲ မေးကြည့်လိုက်မယ်”

ဆိုင်တစ်ဆိုင်တွင် စားသောက်ပြီးနောက် မောင်နှမသုံးယောက် ယဲ့မိန်၏ အိမ်သို့ ပြန်လာခဲ့ကြပါသည်။

ထို့နောက် မိသားစုဝင်များစုဝေးကာ ယဲ့ချန်းကျွင်း၏ ကိစ္စကို တိုင်ပင်ဆွေးနွေးခဲ့ကြလေသည်။

ယဲ့ကျန်းကော်: “ချန်းကျွင်း၊ မင်းဒီကိစ္စကို ဖြစ်စေချင်တယ်ဆိုရင် မင်းကောင်မလေးနဲ့ ထပ်ပြီး ဆွေးနွေးဖို့ လိုဦးမယ်၊ သူက မင်းနဲ့လက်တွဲချင်စိတ် တကယ်ရှိတယ်ဆိုရင်တော့ ငါတို့မိသားစုက သူတို့လိုချင်တဲ့ ယွမ် ၂၀၀ ကို လိုလိုလားလားနဲ့ တင်တောင်းပေးမှာပါ”

ယဲ့ကျမ့်ယဲ့ကလည်း ဆိုသည်။

“ဟုတ်တယ်ငါ့သား၊ မိန်းကလေးက လူကောင်းဆိုရင် ဘယ်မိသားစုကပဲလာလာ ဂရုစိုက်စရာမလိုဘူး”

ယဲ့ချန်းကျွင်း ခေါင်းညိတ်လိုက်သည်။ သို့သော် ယခင်ကလောက်တော့ စိတ်ဓာတ်တက်ကြွမှုမရှိတော့ချေ။

နောက်တစ်နေ့မနက်တွင် ယဲ့ချန်းကျွင်းသည် ကျောက်ရှောင်းနာနှင့် သွားတွေ့ခဲ့ပါသည်။

သူအိမ်ပြန်လာသောအခါ အဆင်မပြေဘဲ ကိစ္စပြီးပြတ်သွားပြီဖြစ်ကြောင်း အားလုံးကို ပြောပြခဲ့ပါသည်။

ယဲ့ရှောင်ရှောင်တို့ မောင်နှမများက နေ့ဘက်တွင် ကျောင်းတက်ရသေးသဖြင့် သူတို့ကျောင်းဆင်းချိန်တွင် ယဲ့ချန်းကျွင်းတို့မိသားစုမှာ ပိုင်ချွမ်ရွာသို့ ပြန်သွားကြပါပြီ။

ယဲ့မိန်ထံကသာ သတင်းအစအန ကြားခဲ့ရသည်။

“ချန်းကျွင်းပြောတာတော့ အရင်ကလည်း သူတို့ အဆက်အသွယ်အများကြီး မရှိခဲ့ကြပါဘူးတဲ့၊ အခုကြည့်ရတာ သူနဲ့ ကျောက်ရှောင်းနာက သိပ်ပြီး သင့်တော်တဲ့ပုံမပေါ်ဘူး၊ မိန်းမယူဖို့က လောစရာမလိုပါဘူး၊ နောက်ပိုင်းကျမှ ဖြည်းဖြည်းချင်း ရှာလို့ရတာပဲ”

စကားဖြင့် ပြောရသည်မှာ လွယ်ကူသော်လည်း ပိုင်ချွမ်ရွာမှ မိန်းကလေးများမှအပ အခြားဒေသမှ မိန်းကလေးများသည် တောတောင်ဒေသမှ ယောက်ျားတစ်ယောက်ကို လက်ထပ်လိုစိတ်မရှိကြပေ။

ပိုင်ချွမ်ရွာမှ မိန်းကလေး အများစုလျှင်ပင် အခြားဒေသမှ ယောက်ျားများနှင့်သာ အိမ်ထောင်ပြုချင်နေကြသည်ကို ကြည့်ခြင်းအားဖြင့် ယောက်ျားလေးများအတွက် မည်မျှခက်ခဲမှန်း သိနိုင်ပါလိမ့်မည်။

ယဲ့ချန်းယွမ်: “ဒါဆိုလည်း ရေစက်မပါဘူးလို့ပဲ မှတ်ယူရမှာပေါ့၊ ကျွန်တော့်အစ်ကို နုံအပြီး သေသေချာချာ ရှင်းမပြခဲ့လို့ မိသားစုက အလကားသက်သက် ပင်ပန်းခဲ့တာ”

ယဲ့မိန်က သူ့နားရွက်ကိုဆွဲလိမ်ကာ သတိပေးလိုက်သည်။

“အိမ်မှာပေါက်ကရတွေ သွားမပြောနဲ့နော်၊ လက်ထပ်ဖို့ကိစ္စ အဆင်မပြေလို့ ကျွင်းအာက နဂိုကတည်းကမှ စိတ်ညစ်နေတာ၊ အဲ့လိုတွေသွားပြောရင် တစ်ခုခုဖြစ်သွားမှာ စိုးရိမ်ရတယ်”

ယဲ့ချန်းယွမ်က သူမလက်မှ ရုန်းထွက်ပြီး ခပ်ဝေးဝေးသို့ ပြေးကာ အော်လိုက်သည်။

“ကျွန်တော်သိပါတယ်ဗျ!”

--- --- ---

အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာခဲ့ရာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရမည့် နေ့ကလည်း တဖြည်းဖြည်း နီးကပ်လာခဲ့ပါပြီ။

မိုးရာသီလည်း ရောက်ရှိလာပြီဖြစ်ရာ ကျောင်းသားကျောင်းသူများ ဘေးကင်းစေဖို့အတွက် အနက်ဘက် တောင်ကုန်းသို့ သွားရသည့် အားကစားအတန်းချိန်များကို ဖျက်သိမ်းထားရပါသည်။

ယဲ့ရှောင်ရှောင်သည် ဆေးဆိုင်သို့ ပုံမှန်အတိုင်း ရောက်လာခဲ့သည်။

ယနေ့က စုန့်လင်မြို့မှ ကျိုးကျစ်ရန် ပြန်လည်ထွက်ခွာမည့်နေ့လည်း ဖြစ်ပါသည်။

သူ၏ မျက်လုံးများမှာ မူလက ဝေဝေဝါးဝါးဖြစ်နေရာမှ ယခုဆိုလျှင် အကောင်းပကတိ ပြန်လည်ကြည်လင်သွားခဲ့လေပြီ။

ကျိုးကျစ်ရန်က စုန့်ကွမ်းကျင့်ကို နှုတ်ဆက်လိုက်သည်။

“အဘိုးစုန့်၊ ပေကျင်းကို ခင်ဗျား ပြန်လာမယ့်နေ့ ကျုပ်မျှော်နေမယ်နော်၊ အဲ့ကျမှ ကျုပ်တို့ ပြန်တွေ့ကြတာပေါ့’

စုန့်ကွမ်းကျင့်: “ကောင်းပါပြီဗျာ”

ထို့နောက် ယဲ့ရှောင်ရှောင်ကိုလည်း ကျိုးကျစ်ရန် လှည့်ပြောလိုက်သည်။

“မင်းလည်း စာကြိုးစားပါ ကလေးမ၊ ပေကျင်းမြို့မှာ တက္ကသိုလ်တက်နိုင်အောင် ကြိုးစား”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်လေသည်။

“သမီးကြိုးစားပါ့မယ်”

တပ်သားတစ်ဦးက ကားစက်ကိုဖြည်းညှင်းစွာ နှိုးလိုက်ကာ ကျိုးကျစ်ရန်ကို ဟောင်းနွမ်းနေသည့် ဤမြို့ငယ်လေးအတွင်းမှ ခေါ်ဆောင်ထွက်ခွာသွားခဲ့တော့သည်။

ဧည့်သည်များ ပြန်သွားပြီးနောက် ယဲ့ရှောင်ရှောင်သည် အပ်စိုက်ကုသခြင်းကို ဆက်လက်လေ့ကျင့်ဖို့ ပြင်ဆင်ခဲ့ပါသည်။

ထိုစဉ် စုန့်ကွမ်းကျင့်က သူမကို ခေတ္တလှမ်းခေါ်လိုက်သည်။

ယဲ့ရှောင်ရှောင်: “ဘာဖြစ်လို့လဲဆရာကြီး”

စုန့်ကွမ်းကျင့်က စာအိတ်တစ်လုံးကို ကမ်းပေးကာ ဆိုသည်။

“သူ့မျက်လုံးတွေကို ကုသပေးခဲ့တဲ့အတွက် အဘိုးကျိုးက ငါတို့ကို ဆေးကုသစရိတ်တွေ အများကြီး ပေးသွားတယ်၊ ဒါက နင်ရသင့်ရထိုက်တဲ့ ပမာဏပါ၊ ဆေးဖိုးနဲ့ နေ့စဉ်အသုံးစရိတ်တွေကိုနုတ်ပြီးသား”

ယဲ့ရှောင်ရှောင်က စာအိတ်၏ အထူကို စမ်းကြည့်ရင်း မေးလိုက်သည်။

“ကျွန်မကို အများကြီး ထည့်ပေးထားတာတော့ မဟုတ်ပါဘူးနော် ဆရာကြီး”

စုန့်ကွမ်းကျင့်: “အိပ်မက်မက်မနေနဲ့၊ သူ့ရောဂါက ကုရတာလွယ်တယ်များထင်နေလား၊ နင့်ဆရာကလွဲရင် ဒီရောဂါကို ဘယ်တိုင်းရင်းဆေးဆရာကမှ ကုနိုင်မှာမဟုတ်ဘူး”

“ဒါတောင်သူက ဈေးသက်သက်သာသာနဲ့ရသွားတာ၊ အရင်တုန်းကသာဆို ဒီလိုဈေးမျိုးကို ငါလှည့်တောင် မကြည့်ဘူး”

“ဆရာကြီးကတော်လိုက်တာ၊ ကျေးဇူးတင်ပါတယ် ဆရာကြီး”

ယဲ့ရှောင်ရှောင်သည် စာအိတ်ကို သိမ်းဆည်းရင်း ကျေးဇူးတင်လိုက်ပါသည်။

ပုံမှန်အားဖြင့် တပည့်များသည့် ဆရာဖြစ်သူထံမှ လစာမရတတ်ကြသော်လည်း စုန့်ကွမ်းကျင့်ကမူ သူမအပေါ် အလွန်ကောင်းပါသည်။

စုန့်ကွမ်းကျင့်ကလည်း တပည့်ဖြစ်သူကို လစာပေးခြင်းမှာ မှားယွင်သည်ဟု မထင်မိပေ။

ဤအသက်အရွယ်တွင် ဥစ္စာပစ္စည်းများကိုလည်း သူ မမက်မောတော့ပါ။

သို့သော် သူ့တပည့်ကို သတိအနည်းငယ် ပေးဖို့တော့ လိုအပ်ပါသည်။

“ငွေဒီလောက်ရတာကို မတင်းတိမ်နဲ့ဦး၊ ပညာကိုကြိုးစားသင်ယူ၊ နောက်ပိုင်း ငွေအများကြီးရှာနိုင်မယ့် အခွင့်အလမ်းတွေ အများကြီးရလာလိမ့်မယ်”

ယဲ့ရှောင်ရှောင်: “နားလည်ပါပြီ ဆရာကြီး”

စုန့်ကွမ်းကျင့်ပေးလိုက်သည့် ငွေကို ယူဆောင်ရင်း ယဲ့ရှောင်ရှောင်သည် သမဝါယမအရောင်းဆိုင်သို့ သွားကာ ပစ္စည်းအချို့ ဝယ်ယူခဲ့ပြီး မြောင်ဖုန့်ရှန်း၏ အိမ်သို့ ပို့ဆောင်ပေးခဲ့ပါသည်။

ယခုတစ်ခေါက်‌ ဆေးကုသမှုမှ ရရှိလိုက်သည့် ပိုက်ဆံမှာ ယခင်က နေကြာစေ့ရောင်းရသည့် ပိုက်ဆံများထက် ပိုများသည့်အပြင် သူမက ဘေးမှ ကူညီပေးခဲ့ရရုံသာ ရှိသည်။

မည်သည့်လုပ်ငန်းနယ်ပယ်တွင်မဆို ထိပ်ဆုံးသို့ရောက်ရှိသွားပါက ငွေရှာဖို့ လွယ်ကူသွားမည်ဖြစ်မှန်း သူမ နားလည်ခဲ့ရသည်။

မြောင်ဖုန့်ရှန်းသည် ယဲ့ရှောင်ရှောင်ဝယ်လာသည့် ပစ္စည်းများကို မြင်သော်လည်း မအံ့ဩမိတော့ပေ။

“အဘိုးနဲ့သာ ထားခဲ့လိုက်၊ အချိန်ရရင် အိမ်ကိုပြန်ပို့ပေးလိုက်မယ်”

ယဲ့ရှောင်ရှောင်သည် သူမဝယ်လာသည့် ပိတ်စအချို့ကို ထုတ်ပေးကာ ပြောလိုက်သည်။

“အဘိုး၊ သမီးအတွက် နွေရာသီဝတ်စုံနှစ်စုံလောက် ချုပ်ပေးဖို့ အမေ့ကို ပြောပေးလို့ရမလား”

မြောင်ဖုန့်ရှန်းက ရယ်မောသည်။

“ရတာပေါ့၊ နင့်အမေက နင့်အတွက် ပျော်ပျော်ကြီးချုပ်ပေးဦးမှာ”

ယဲ့ရှောင်ရှောင်လည်း မြောင်စွေ့ဖန်း ချုပ်ပေးသည့် အဝတ်အစားများကို သဘောကျပါသည်။ ထိုအဝတ်အစားများ ဝတ်ရသည်မှာ တောင့်တောင့်ကြီးဖြစ်မနေဘဲ ဆိုင်မှဝယ်ယူသည့် အဝတ်အစားများထက် များစွာ ပိုသာလွန်သည်။

သို့သော် အိမ်တွင် အပ်ချုပ်စက်မရှိသဖြင့် လက်ဖြင့်ချုပ်ရသည်မှာ အချိန်ကုန် လူပင်ပန်းလှသည်။

ယခုခေတ်တွင် အပ်ချုပ်စက်ဟူသည်မှာလည်း ရှားပါးပစ္စည်းတစ်မျိုးပင် မဟုတ်ပါလား။

ဈေးကြီးရုံသာမက ဝယ်ယူဖို့ လိုအပ်သည့် ကူပွန်ကို ရရှိဖို့လည်း ခဲယဉ်းပါသည်။

အိမ်အတွက် အပ်ချုပ်စက်တစ်လုံးလောက် သေချာပေါက် ဝယ်ယူပေးရမည်ဟု ယဲ့ရှောင်ရှောင် စိတ်ထဲ မှတ်သားထားလိုက်တော့သည်။

ထို့နောက် ပိတ်စအချို့ထပ်ထုတ်ကာ ဖြန့်ပြလိုက်သည်။

“ဒီပိတ်စတွေကို အဖေ၊အမေ၊ အစ်ကိုကြီးတို့နဲ့ ယောက်မအတွက် သုံးလို့ရတယ်၊ ဒီနက်ပြာရောင်ပိတ်စက အဘိုးအတွက်ပါ”

မြောင်ဖုန့်ရှန်း: “ပိတ်စအသားတွေက တော်တော်ကောင်းတာပဲ၊ နှစ်သစ်ကူးမှချုပ်ဝတ်ဖို့ သေချာသိမ်းထားရမယ်”

ယဲ့ရှောင်ရှောင်: “မဟုတ်တာ၊ နှစ်သစ်ကူးကျရင်လည်း ထပ်ဝယ်ပေးမှာပေါ့၊ ဒီပိတ်စတွေက အခုလောလောဆယ် ချုပ်ဝတ်ဖို့ ဝယ်ပေးတာ”

မြောင်ဖုန့်ရှန်းလည်း ဆက်မငြင်းတော့ဘဲ ရယ်မောလိုက်ပါသည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ ငါတို့ရှောင်ရှောင်လေးစကားကို နားထောင်ပါ့မယ်၊ ထိုင်ဦးထိုင်ဦး၊ အဘိုး ယုန်သားဟင်း သွားချက်ပေးမယ်”

ယဲ့ရှောင်ရှောင်: “ဟုတ်ကဲ့”

ယဲ့ရှောင်ရှောင် တစ်ယောက်တည်းသာ ခွင့်ယူပြီး ပြန်လာခြင်းဖြစ်၍ သူမနှင့် မြောင်ဖုန့်ရှန်းတို့ ညစာစားပြီးချိန်တွင် ကောင်းကင်မှာ လင်းထိန်နေဆဲဖြစ်သည်။

မြောင်ဖုန့်ရှန်းသည် ယဲ့ချန်းရှန့်တို့ညီအစ်ကိုနှစ်ယောက် စားဖို့အတွက် ယုန်သားများကို နေ့လယ်စာဘူးများဖြင့် ထည့်ကာ ယဲ့ရှောင်ရှောင်အား ပေးလိုက်ပါသည်။

“သမီးပြန်တော့မယ်အဘိုး”

သူမ ပြန်ခါနီးတွင် မြောင်ဖုန့်ရှန်းက လိုက်ပို့ပေးမည်ဟုဆိုသည်။

“အစောကြီးရှိပါသေးတယ် အဘိုးရဲ့ မမှောင်သေးပါဘူး”

မြောင်ဖုန့်ရှန်း: “လိုက်ပို့ပေးပါ့မယ်အေ၊ ဒီလမ်းမှာ မိန်းကလေးတစ်ယောက်တည်း သွားတာ အန္တရာယ်များတယ်”

မြောင်ဖုန့်ရှန်း၏ ခြေထောက်များက သိပ်မကောင်းသဖြင့် အဘိုးဖြစ်သူကို ယဲ့ရှောင်ရှောင် အပင်ပန်း မခံစေချင်ပေ။

ကံကောင်းစွာဖြင့် မြောင်ဖုန့်ရှန်းသည် မြို့စွန်ရှိ လမ်းမကြီးထိသာ လိုက်ပို့ပေးခဲ့ရပြီး နွားလှည်းတစ်စီးနှင့် လမ်းကြုံ၍ ယဲ့ရှောင်ရှောင် လိုက်ပါနိုင်ခဲ့ပါသည်။

ထို့ကြောင့် မြောင်ဖုန့်ရှန်းလည်း စိတ်ချလက်ချဖြင့် အိမ်ပြန်သွားခဲ့တော့သည်။

နွားလှည်းမောင်းသူက အဘိုးအိုတစ်ယောက်ဖြစ်ပြီး လှည်းပေါ်တွင် ခြင်းတောင်းများအပြည့်တင်ကာ ကောင်တီမြို့သို့ သွားနေခြင်းဖြစ်သည်။

တစ်စုံတစ်ယောက်က မှာယူထားသဖြင့် သွားရောက်ပို့ဆောင်ပေးရခြင်းဟု ဆိုပါသည်။

“အဲ့ဒီခြင်းတောင်းတွေ အကုန်လုံးကို အဘိုးကိုယ်တိုင် ရက်ထားတာလား”

ရှေ့တွင် လှည်းမောင်းနေသည့် အဘိုးအိုက အကျယ်ကြီးပြန်ဖြေသည်။

“ဟုတ်တယ်၊ အဘိုးမှာက ခြင်းတောင်းရက်လုပ်တဲ့ပညာပဲရှိတာလေ”

ယဲ့ရှောင်ရှောင်: “အဘိုးရဲ့ပညာက ဘယ်သေးလို့လဲ”

အဘိုးအိုက မဲ့ပြုံးပြုံးလိုက်ပါသည်။

“ပိုက်ဆံတော့ သိပ်မရဘူးပေါ့ကွယ်”

နွားလှည်းမှာ နှေးကွေးသော်လည်း လမ်းလျှောက်ရခြင်းထက်တော့ ပိုမို မြန်ဆန်ပါသေးသည်။

ပြဿနာတစ်စုံတရာမရှိလျှင် စုန့်လင်မြို့မှ ကောင်တီမြို့သို့ တစ်နာရီဝန်းကျင်သာ စီးရလိမ့်မည်။

သို့သော် လမ်းတစ်ဝက်သို့ရောက်သောအခါ အဘိုးအိုက နွားလှည်းကို ရုတ်တရက် ရပ်တန့်လိုက်လေသည်။

“ဟေ့… လမ်းပေါ်မှာ လူတစ်ယောက် လဲနေတာလား!”

ယဲ့ရှောင်ရှောင်လည်း နွားလှည်းပေါ်မှ ခုန်ဆင်းကာ ရှေ့သို့ အပြေးသွားကြည့်လိုက်သည်။

သေချာပါသည်။ လမ်းမအလယ်တွင် လူတစ်ယောက်လဲကျနေသည်ကို သူမ မြင်လိုက်ရသည်။

လမ်းဘေးဝဲယာတွင် ပြောင်းခင်းများသာရှိသဖြင့် လမ်းလယ်ခေါင်တည့်တည့်တွင် လူတစ်ယောက် လဲနေခြင်းမှာ အလွန်မြင်သာထင်သာရှိလှသည်။

ယဲ့ရှောင်ရှောင်သည် အနားသို့ ပြေးသွားကြည့်လိုက်ရာ ထိုလူမှာ ရောဂါတစ်ခုခုထပြီး အသက်ရှူကျပ်နေခြင်းဖြစ်မှန်း သိလိုက်ရလေသည်။

“ဟေ့! ရှင့်မှာ ရင်ကျပ်ရောဂါရှိတာလား၊ ဆေးဘယ်မှာထားလဲ”

ယဲ့ရှောင်ရှောင်သည် ထိုလူ့ကို ပက်လက်လှန်လိုက်ပြီး သူ့အင်္ကျီအိတ်ကပ်များကို လိုက်လံစမ်းသပ်ကြည့်လေတော့သည်။

📗 Chapter 56

ထင်မှတ်ထားသည့်အတိုင်းပင် သူမ၏ လက်ချောင်းလေးများဖြင့် သူ့အိတ်ကပ်ထဲရှိ ဆေးဘူးတစ်ဘူးကို စမ်းမိလိုက်ပါသည်။

၎င်းမှာ နိုင်ငံခြားထုတ်ဆေးဘူးဖြစ်၍ သာမန်မိသားစုတစ်စု တတ်နိုင်သည့်အရာမဟုတ်ပေ။

ကောင်လေးသည် ဆေးဘူးကို ကိုယ်နှင့်မကွာ ယူဆောင်လာာပုံအားကြည့်ခြင်းအားဖြင့် ချမ်းသာကြွယ်ဝသည့် မိသားစုတစ်စုမှ ဖြစ်မှန်း သိနိုင်ပါသည်။

ထိုသို့ဆိုလျှင်် လူသူကင်းမဲ့သည့် လမ်းလယ်ခေါင်၌ တစ်ဦးတည်း အဘယ်ကြောင့် လဲကျနေရသနည်း။

ယဲ့ရှောင်ရှောင် စိတ်ထဲ အတွေးပေါင်းစုံဝင်နေသော်လည်း လှုပ်ရှားမှုများမှာမူ မနှေးကွေးခဲ့ပေ။ ဆေးဘူးကို ယူဆောင်ပြီး ထိုကောင်လေး၏ နှာခေါင်းနှင့် ပါးစပ်ဝသို့ တေ့ပေးလိုက်ပါသည်။

“စိတ်ကိုလျှော့… အသက်ကို ရှူလိုက်”

ဆေးငွေ့ကို ရှူသွင်းလိုက်သောအခါမှ ကောင်လေး၏ ပြင်းထန်နေသော အသက်ရှူသံများမှာ တဖြည်းဖြည်း ငြိမ်ကျသွားခဲ့ရတော့သည်။

အဘိုးအိုကလည်း အကူအညီပေးဖို့ အပြေးရောက်လာခဲ့သည်။

“တို့ဘာလုပ်ကြမလဲ၊ သူ့ကို ဒီတိုင်းထားခဲ့လို့တော့ မဖြစ်ဘူးထင်တယ်”

ရှုကျမ့်လီတစ်ယောက် သတိလစ်မသွားခင်က နောင်တကြီးစွာရခဲ့သည်။

ဤနေရာသို့ ထွက်မလာခင် သေသေချာချာ ပြင်ဆင်ခဲ့သင့်သည်။ ဤနေရာကြီးမှာ ကြောက်စရာကောင်းလောင်အောင် လူသူကင်းမဲ့နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါ။

ကံကောင်းစွာဖြင့် စိတ်ရင်းကောင်းသည့် လူတစ်ဦးနှင့် ဆုံခဲ့ရသည်။

ရှုကျမ့်လီသည် မျက်လုံးများကို အားယူကာ ဖွင့်လိုက်သောအခါ လှပသည့် မျက်ဝန်းတစ်စုံကို မြင်လိုက်ရသည်။

သူ့အသက်ရှူသံများ ရုတ်တရက် ပြင်းထန်သွားပြန်သည်။

အဝေးဆုံးတွင် လိုက်ရှာနေခဲ့သော်လည်း ရှာဖွေနေသည့်အရာက သူ့ရှေ့သို့ အလိုလို ရောက်လာခဲ့ပါသည်။

“စိတ်မလှုပ်ရှားနဲ့ဦး!”

သူရောဂါထပ်ဖောက်မည်ကို စိုးရိမ်သဖြင့် ယဲ့ရှောင်ရှောင်သည် သူ့ရင်ဘတ်ကို အမြန်ပွတ်ပေးကာ အသက်ရှူနှုန်းအား ထိန်းညှိပေးလိုက်သည်။

ထိုစဉ် ရှုကျမ့်လီသည် ယဲ့ရှောင်ရှောင်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

“အစ်မရှောင်ရှောင်… ကျွန်တော်အိပ်မက်မက်နေတာ မဟုတ်ဘူးမလား”

ယဲ့ရှောင်ရှောင်: “…”

‘သွားပြီ… ငါနဲ့ သိတဲ့လူတစ်ယောက်လား’

အဘိုးအိုက သူတို့နှစ်ယောက်ကိုကြည့်ကာ ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။

“မင်းတို့နှစ်ယောက်က သိကြတာလား၊ မင်းအဆင်ပြေရဲ့လား ကောင်လေး၊ ဆေးရုံလိုက်ပို့ပေးရဦးမလား”

ရှုကျမ့်လီက အဘိုးအိုကို မယုံသင်္ကာအကြည့်ဖြင့် ကြည့်ကာ ငြင်းဆန်လိုက်သည်။

“မလိုပါဘူး”

“အစ်မရှောင်ရှောင်၊ အစ်မကို ကျွန်တော့်အစ်ကို လာမရှာခဲ့လို့ စိတ်နာနေမှာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် အိမ်ပြန်မလာဘဲ နေလို့တော့ မရဘူးလေ”

ရှုကျမ့်လီ အမြန်ရှင်းပြလိုက်သည်။

ယဲ့ရှောင်ရှောင်က သူ့ကို ဆွဲထူပေးလိုက်ပါသည်။

“မတ်တပ်အရင်ရပ်လိုက်ပါဦး”

ရှုကျမ့်လီလည်း သူမ၏ အကူအညီဖြင့် မတ်တပ်ရပ်လာခဲ့သည်။

အဘိုးအို၏ အလုပ်ကို မနှောင့်နှေးစေချင်သဖြင့် ယဲ့ရှောင်ရှောင်လည်း ရွေးချယ်စရာမရှိတော့ဘဲ ကောင်လေးကိုပါ နွားလှည်းပေါ် တင်ခေါ်လာခဲ့ရတော့သည်။

လမ်းတွင် သူ့အကြောင်း ဖြည်းညှင်းစွာ မေးမြန်းဖို့ ကြံရွယ်ထားပါသည်။

ရှုကျမ့်လီမှာ ကလေးတစ်ယောက်သာ ဖြစ်၍ သူ့ကို ယဲ့ရှောင်ရှောင် လျစ်လျူရှုထားသည်ကို မြင်ပြီး အနည်းငယ် စိတ်ပျက်အားလျော့သွားပုံရသည်။

ထို့အပြင် သူသည် နွားလှည်းစီးရသည်ကိုလည်း အသားမကျပေ။ လှည်းခုန်သည့် ဒဏ်ကြောင့် တင်ပါးတစ်ခုလုံး ပြုတ်ထွက်သွားမတတ် နာကျင်နေပါသည်။

ယဲ့ရှောင်ရှောင်လည်း နောက်ဆုံးတွင် ကောင်လေးကို သေချာကဲခတ်ကြည့်လိုက်ပါသည်။

အသက် ၁၅ နှစ် ၁၆ နှစ်ခန့် ရှိမည်ဟု ထင်ရပြီး မျက်နှာဝိုင်းဝိုင်း မျက်လုံးပြူးပြူးရှိသည်။ အသားက ဖြူစင်ဝင်းပနေသဖြင့် ဘဝတွင် ဒုက္ခဆင်းရဲကို တစ်ခါမှ မခံစားဖူးသူဖြစ်မှန်း ထင်ရှားလှသည်။

ယဲ့ရှောင်ရှောင်က စမ်းသပ်သည့်သဘောဖြင့် စကားစလိုက်သည်။

“နင့်အစ်ကိုက…”

ရှုကျမ့်လီ မျက်နှာ ဖြူရော်သွားလေသည်။

သူ့အစ်ကို အဘယ်ကြောင့် လိုက်မလာရသနည်းဟု ယဲ့ရှောင်ရှောင် မေးတော့မည်အထင်နှင့် အကြည့်ကို ပျာပျာယာယာ လွှဲလိုက်ရပါသည်။

“အစ်ကိုက ကျောင်းမှာ သုတေသနပရောဂျက်တ်စခုလုပ်နေလို့ လာဖို့အချိန်မရှိလို့ပါ၊ ဟောက်ယန်ယန်ကို စာသင်ပေးနေတာ လုံးဝ မဟုတ်ဘူး!”

ယဲ့ရှောင်ရှောင်: “…”

‘ဘယ်သူက ဟောက်ယန်ယန်အကြောင်း မေးနေလို့လဲ’

ရှုကျမ့်လီလည်း သူ့စကားဆုံးသည်နှင့် ရူးကြောင်ကြောင်စကားကို ပြောလိုက်မိမှန်း နားလည်သွားခဲ့သည်။

ထို့ကြောင့် အကြောင်းပြချက်ပေးဖို့ ချက်ချင်း ကြိုးစားပါသည်။

“အစ်မရှောင်ရှောင်က ကျွန်တော့်အစ်ကိုရဲ့ သတို့သမီးလောင်း…”

သူ့အသံမှာ တိုးညှင်းသထက် တိုးညှင်းသွားပြီး နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားသည်။

ထိုစကားပြောဖို့ သူ့တွင် ယုံကြည်ချက်မရှိပေ။

ယဲ့ရှောင်ရှောင်လည်း စိတ်အေးသွားသည်။

သူ့စကားများကို နားထောင်ကြည့်ခြင်းအားဖြင့် သူမည်သူမည်ဝါဖြစ်မှန်း ခန့်မှန်းနိုင်ခဲ့ပါပြီ။

ကံကောင်းစွာဖြင့် သူမသည် ဦးနှောက်ကောင်းသဖြင့် ဝတ္ထုကိုဖတ်ရှုပြီးနောက် ဇာတ်ကောင်များ၏ ပတ်သတ်ဆက်နွယ်မှုများကို ကောင်းကောင်းမှတ်မိနေပါသေးသည်။

သူမသာ အမှတ်မမှားလျှင် သူ့မရှေ့မှ ကောင်လေးမှာ ရှုကျမ့်ဝမ်၏ ညီဖြစ်သူ ရှုကျမ့်လီပင် ဖြစ်ရမည်။

“ခုခေတ် လူငယ်တိုင်းမှာ လွတ်လပ်စွာချစ်ကြိုက်ပိုင်ခွင့် ရှိကြတာပဲ၊ နင့်အစ်ကို ဘယ်သူ့ကိုပဲကြိုက်ကြိုက် သူ့ရဲ့ ရွေးချယ်ပိုင်ခွင့်ပဲလေ၊ နင်ဘာမှ လိပ်ပြာမလုံ ဖြစ်နေစရာမလိုဘူး”

ရှုကျမ့်လီ ဆတ်ခနဲ ခေါင်းထောင်လာသည်။

“ကျွန်တော့်အစ်ကို ဘယ်သူ့ကိုပဲသဘောကျကျ အစ်မရှောင်ရှောင်က ဂရုမစိုက်ဘူးလား၊ အဲ့တာဆို အိမ်ကို ဘာလို့ ပြန်မလာတာလဲ”

ယဲ့ရှောင်ရှောင် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

“ငါ့အိမ်က ဒီမှာလေ၊ ဘာလို့ပြန်ရမှာလဲ”

ရှုကျမ့်လီ: “ဒါ… ဒါပေမယ့်”

ယဲ့ရှောင်ရှောင်: “ငါ့ကိစ္စကို ခဏဘေးဖယ်ထားပါဦး၊ နင်ကကော ဒီနေရာကို ဘယ်လိုရောက်လာတာလဲ၊ နင်တစ်ယောက်တည်း ဒီလိုထွက်လာတာ ဘယ်လောက်အန္တရာယ်များတယ်ထင်လဲ”

ရှုကျမ့်လီလည်း စိတ်ဓာတ်ကျစွာ ခေါင်းငုံ့သွားခဲ့သည်။

“ပေကျင်းမြို့နဲ့ ဒီလောက်ဝေးလိမ့်မယ်လို့ ထင်မထားခဲ့ဘူး၊ နေရာကလည်း ချောင်ကျပြီး ဘတ်စ်ကားတွေ ဘာတွေလည်း မရှိဘူး၊ ကောင်တီဘူတာရုံကိုရောက်တော့ စုန့်လင်မြို့က ဘယ်ဘက်မှာလဲလို့ လူတစ်ယောက်ကို ကျွန်တော် မေးခဲ့သေးတယ်၊ အဲ့ဒီလူက လမ်းလျှောက်သွားရင် သိပ်မဝေးဘူးဆိုလို့ ကျွန်တော်လမ်းပဲ လျှောက်လာခဲ့တာ၊ ရာသီဥတုက အရမ်းပူတော့ အရမ်းပင်ပန်းပြီး လမ်းလျှောက်နေရင်းနဲ့ သတိလစ်သွားတာပဲ…”

ယဲ့ရှောင်ရှောင်က မေးသည်။

“ငါဘယ်မှာရှိနေလဲဆိုတာ နင်ဘယ်လိုသိတာလဲ’

ရှုကျမ့်လီ ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်သည်။

“သွမ်လဲ့က ကျွန်တော့်ကို ဘာမှပြောမပြလို့ သူစာပို့ထားတဲ့ မှတ်တမ်းတွေကို စစ်ကြည့်လိုက်တော့ ကျွန်တော်မရင်းနှီးတဲ့ ဒီလိပ်စာကို တွေ့ခဲ့ရလို့လေ”

ယဲ့ရှောင်ရှောင် ကိုယ့်နဖူးကိုယ် လက်ဖြင့်ပင့်ထားရသည်။

‘သောက်ကလေးလေး… တော်တော် သတ္တိရှိနေတယ်ပေါ့’

ကောင်တီမြို့သို့ ရောက်သောအခါ အဘိုးအိုက ခြင်းတောင်းများ သွားပို့ဆောင်ဖို့ ရှိသဖြင့် ယဲ့ရှောင်ရှောင်နှင့် ရှုကျမ့်လီတို့ လှည်းပေါ်မှ ဆင်းလိုက်ကြသည်။

ရှုကျမ့်လီမှာ အနားယူထားသဖြင့် အားအင်များဖြင့် ပြည့်ဝနေပြီး ကောင်တီမြို့ငယ်လေးကို စူးစမ်းလိုသော မျက်လုံးများဖြင့် အကဲခတ်ကြည့်နေသည်။

ယဲ့ရှောင်ရှောင်က သူ့ကို စာတိုက်ရှိ တယ်လီဖုံးဆီသို့ ခေါ်သွားကာ သူ့လက်ထဲ ၂ ယွမ် ထည့်ပေးလိုက်ပါသည်။

“အိမ်ကိုဖုန်းဆက်ပြီး နင်ဘေးကင်းတဲ့အကြောင်း အသိပေးလိုက်”

ရှုကျမ့်လီ ငွေကို တွန့်ဆုတ်စွာ ယူလိုက်သော်လည်း ယဲ့ရှောင်ရှောင်၏ အမိန့်ကို မလွန်ဆန်ရဲပါ။

ထို့ကြောင့် အိမ်ကို ဖုန်းဆက်ကြည့်လိုက်ရာ ခပ်မြန်မြန်ပင် ဖုန်းဝင်သွားခဲ့သည်။

“အမေ ကျွန်တော်ပါ”

“ကျမ့်လီ! နင်ဘယ်ကို ထွက်သွားတာလဲ၊ အိမ်က ဘာမှလည်း ပြောမသွားဘူး၊ ကျောင်းကဆရာဆရာမတွေကလည်း နင်ဘယ်သွားလဲ မသိဘူးတဲ့!”

တစ်ဖက်မှ ကျောက်ဟုံရှား၏ အသံမှာ ရူးမတတ်ဖြစ်နေပါပြီ။

ရှုကျမ့်လီက ယဲ့ရှောင်ရှောင်ကို လှည့်ကြည့်လိုက်သည်။

အစ်မရှောင်ရှောင်ကို လာရှာခြင်းဖြစ်သည်ဟုတော့ သူ့အမေကို ပြောပြလို့ မဖြစ်ပေ။ ထို့ကြောင့် မသေချာ မရေရာသော ဆင်ခြေတစ်ခုသာ ပေးလိုက်ရသည်။

“ကျွန်တော် ဘာမှမဖြစ်ပါဘူး၊ ဒီတိုင်း စိတ်မွန်းကျပ်လို့ အပြင်ထွက်လာခဲ့တာ၊ ခဏနေ ပြန်လာခဲ့မယ်”

ကျောက်ဟုံရှားက ရှိုက်သံဖြင့် ဆိုသည်။

“နင်ဘယ်သွားသွား မိသားစုကို ပြောရမှာပေါ့! အခု ပိုက်ဆံကော ရှိရဲ့လား၊ အခုဘယ်မှာလဲ လိပ်စာပို့ပေးလိုက်၊ အမေ ပိုက်ဆံ လွှဲပေးလိုက်မယ်”

‘ဒါဆို သူဘယ်မှာရှိနေလဲ ပေါ်သွားမှာပေါ့!’

ရှုကျမ့်လီ အမြန်ငြင်းဆန်လိုက်သည်။

“ကျွန်တော် မလိုဘူး အမေ၊ ဒါပဲနော် ဖုန်းချလိုက်တော့မယ်၊ မနက်ဖြန်ကျမှ ပြန်ခေါ်လိုက်မယ်!”

ဖုန်းချပြီးနောက် ရှုကျမ့်လီ နောက်သို့ လှည့်ကြည့်လိုက်ရာ ယဲ့ရှောင်ရှောင်၏ အကဲခတ်နေသော မျက်လုံးများနှင့် အကြည့်ချင်းဆုံခဲ့ရသည်။

“နင်မနက်ဖြန် အိမ်ပြန်ရမယ်၊ ရထားလက်မှတ် ငါဝယ်ပေးလိုက်မယ်”

ရှုကျမ့်လီ: “မပြန်ဘူး! ဒီကို မနည်းရောက်အောင် လာခဲ့ရတာ!”

ယဲ့ရှောင်ရှောင်: “နင်ကျောင်းပြေးပြီး လာတာလေ”

ရှုကျမ့်လီကဆိုသည်။

“ကျောင်းမှာသင်တာတွေအကုန် ကျွန်တော်တတ်ထားပြီးသားပဲ၊ ဘာမှအချိန်ဖြုန်းနေစရာမလိုဘူး၊ ပြီးတော့… ပြီးတော့ ဒီနေ့ ကျွန်တော် ရောဂါထဖောက်ခဲ့တာနော်၊ ကျွန်တော့်ကို ရထားနဲ့တစ်ယောက်တည်း အိမ်ပြန်လွှတ်လိုက်ရမှာ အစ်မ စိတ်ချရဲ့လား”

ယဲ့ရှောင်ရှောင်: “…”

ယဲ့ရှောင်ရှောင်သည် စိတ်ဖိစီးစွာဖြင့် နှာရိုးကို လက်ဖြင့်ညှစ်ကာ ပြောလိုက်သည်။

“နင်ကျောင်းမသွားလည်း ရတယ်ဆိုရင်တောင် ငါကတော့သွားရဦးမှာ”

ရှုကျမ့်လီက ချက်ချင်း အနားကပ်လာသည်။

“အစ်မရှောင်ရှောင်ကို ကျွန်တော်သင်ပေးမယ်၊ အတန်းထဲမှာ အဆင့်တ စ်ရသွားစေရမယ်လို့ အာမခံတယ်!”

ယဲ့ရှောင်ရှောင်: “ငါ့အတန်းထဲမှာ ငါက အဆင့်တစ်ပဲလေ”

ရှုကျမ့်လီ အံ့အားသင့်သွားသည်။

“အစ်မရှောင်ရှောင်လိုလူမျိုးတောင် အဆင့်တစ်ရနိုင်တယ်ဆိုတော့ ဒီကျောင်းက ဘယ်လောက်တောင် အဆင့်နိမ့်တဲ့ ကျောင်းမို့လို့လဲ!”

ယဲ့ရှောင်ရှောင်က သူ့ကို စူးရှစွာ မျက်စောင်းထိုးလိုက်သည်။

“ငါအဆင့်တစ်ရတာကို နင်သံသယဖြစ်နေတာလား”

ရှုကျမ့်လီလည်း ဂုတ်တိုသွားရသည်။

“မဟုတ်ပါဘူး… ကျွန်တော်မှတ်မိသလောက်ဆို အစ်မရှောင်ရှောင်က စာလုပ်ရတာကို သိပ်မကြိုက်ဘူးလေ၊ ကျွန်တော့်အစ်ကိုနဲ့ နီးစပ်ဖို့အတွက်တောင် စာအတူတူဖတ်တဲ့ ဝါသနာမျိုးကို မပျိုးထောင်ခဲ့ဘူးမလား”

ယဲ့ရှောင်ရှောင် ဆွံ့အသွားသည်။

“အတိတ်က အတိတ်၊ ပစ္စုပ္ပန်က ပစ္စုပ္ပန်ပဲ၊ အတိတ်တုန်းက ငါ့ကို စာသင်ချင်စိတ် ပေါက်လာအောင် ဆွဲဆောင်နိုင်တဲ့ ဆွဲဆောင်မှုမျိုး နင့်အစ်ကိုမှ မရှိခဲ့လို့ဖြစ်မှာပေါ့”

ထို့နောက် သူ့ကို လက်ညှိုးထိုးကာ ယဲ့ရှောင်ရှောင် သတိပေးလိုက်သည်။

“နင် ဒီနေ့ညတော့ ငါ့အိမ်မှာ တစ်ညလိုက်အိပ်လိုက်တော့၊ မနက်ဖြန်ကျရင် နင့်မိသားစုကို ဆက်သွယ်ပြီး လာခေါ်ခိုင်းလိုက်”

ရှုကျမ့်လီမှာ သနားစရာကောင်းစွာ အမိန့်နာခံလိုက်ရသည်။

“ဟုတ်ကဲ့ပါ”

ယဲ့ရှောင်ရှောင်သည် သူ့ကို အိမ်ခေါ်သွားခဲ့ပြီး သူ့အတွက်တစ်ခုခုချက်ပြုတ်ပေးဖို့ ဒေါ်လေးစွန်းအား အကူအညီ တောင်းလိုက်ပါသည်။

ယဲ့ချန်းယွမ်နှင့် ယဲ့ချန်းရှန့်တို့လည်း ကျောင်းဆင်းကြတော့မည်ဖြစ်၍ အားလုံးအတူတူ စားနိုင်ရန် ဒေါ်လေးစွန်းက ဟင်းလျာများကို ပြင်ဆင်ပေးထားလိုက်သည်။

“အစ်မရှောင်ရှောင်က… ဒီမှာနေတာလား”

ဤဆောက်အအုံဟောင်းကြီး၏ အထပ်တိုင်းတွင် အများသုံး လူသွားစင်္ကြန်ရှည်ကြီးများ ရှိသည်။

တိုက်ခန်းတစ်ခန်းနှင့် တစ်ခန်းမှာ အလွန်ပင် နီးကပ်နေပြီး လူသွားလမ်းမှာလည်း ပစ္စည်းပေါင်းစုံနှင့် ရှုပ်ပွနေပါသည်။

ဤပတ်ဝန်းကျင်အခြေအနေသည် ပေကျင်းမြို့ စစ်တပ်ဝင်းထဲရှိ နှစ်ထပ်တိုက်အိမ်လေးများနှင့်ပင် ယှဉ်နိုင်စွမ်း မရှိပေ။

ယဲ့ရှောင်ရှောင်: “စကားမများနဲ့၊ နင်ဇီဇာကြောင်နေရင် ဧည့်ဂေဟာကို ပို့ပေးလိုက်မယ်”

ရှုကျမ့်လီ ချက်ချင်း ငြင်းဆန်လိုက်လေသည်။

“ကျွန်တော် ဇီဇာမကြောင်ပါဘူး!”

All Chapters