← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

📗 Chapter 57

ယဲ့ရှောင်ရှောင်သည် ရှုကျမ့်လီကို အိမ်ပြန်‌ခေါ်လာခဲ့ပြီး ထမင်းတစ်ပန်းကန် ကျွေးထားနှင့်လိုက်ပါသည်။

တစ်နေကုန် ဗိုက်ဆာလာသဖြင့် ထမင်းဟင်းများ၏ မွှေးရနံ့ကို ရလိုက်သည်နှင့် ရှုကျမ့်လီမှာ ဣန္ဒြေမဆယ်နိုင်တော့ဘဲ အငမ်းမရ စားသောက်လေတော့သည်။

ယနေ့ ကျိုးကျစ်ရန်ကို သွားနှုတ်ဆက်ဖို့အတွက် ယဲ့ရှောင်ရှောင် ခွင့်ယူထားမှန်း ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့ သိကြပါသည်။

သို့သော် ဧည့်သည်တစ်ယောက် ပါလာမည်ဟုတော့ မျှော်လင့်မထားခဲ့ကြပေ။

ယဲ့ရှောင်ရှောင်က သူတို့ကို ညစာစားရန် လက်ဆေးခိုင်းလိုက်ပြီး ရှုကျမ့်လီနှင့် မိတ်ဆက်ပေးလိုက်ပါသည်။

“သူဒီမှာ တစ်ရက်နှစ်ရက်လောက်နေပြီးရင် ပြန်မှာပါ”

ရှုကျမ့်လီ မျက်မှောင်ကြုတ်သွားပြိး ယဲ့ချန်းရှန့်ကို အကဲခတ်လိုက်သည်။

“ကျွန်တော်တို့ တစ်နေရာရာမှာ တွေ့ဖူးကြလား”

ယဲ့ချန်းရှန့်က တူကို တည်တည်ငြိမ်ငြိမ်ကိုင်ရင်း ပြန်ဖြေလိုက်သည်။

“မတွေ့ဖူးပါဘူး”

ရှုကျမ့်လီ: “ဪ… အဲ့တာဆို တစ်ယောက်ယောက်နဲ့ မှားတာနေမှာပါ”

ရှုကျမ့်လီ ရောက်ရှိလာခြင်းသည် ယဲ့ရှောင်ရှောင်မှအပ အခြားသူများအပေါ် သက်ရောက်မှုမရှိခဲ့ပေ။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် တစ်လသာ လိုတော့သဖြင့် ပုံမှန်အားဖြင့် အပျင်းကြီးသည့် ယဲ့ချန်းယွမ်လျှင်ပင် စာအုပ်ထဲ ခေါင်းစိုက်နေရပါသည်။

အိပ်ရာမဝင်ခင် ရှုကျမ့်လီ၏ သွေးခုန်နှုန်းကို ယဲ့ရှောင်ရှောင် စစ်ဆေးပေးခဲ့သည်။

“နင်ပြန်ခါနီးကျရင် တရုတ်တိုင်းရင်းဆေးနည်းနည်း ထည့်ပေးလိုက်မယ်၊ ယူသွားလိုက်”

ရှုကျမ့်လီသည် ဆေးသောက်ရသည်ကို အလွန်မုန်းတီးသော်လည်း ဤတစ်ကြိမ်တွင်တော့ မငြင်းဆန်ခဲ့ပေ။

“အစ်မရှောင်ရှောင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေပြီးရင် ပေကျင်းကို ပြန်လာမှာလား၊ ကျွန်တော့်အစ်ကိုကို စိတ်မဝင်စားဘူးဆိုရင်တောင် ကျွန်တော့်ဆီကတော့ ပုန်းနေစရာမလိုပါဘူး၊ အစ်မအပေါ် ကျွန်တော် ဘာအမှားမှ ကျူးလွန်ထားတာ မရှိဘူးလေ”

ယဲ့ရှောင်ရှောင်သည် သူ့အတွက် ဧည့်ခန်းထဲမှာပဲ ရိုးရိုးရှင်းရှင်း အိပ်ရာခင်းပေးခဲ့ပါသည်။ နွေရာသီဖြစ်၍ ဤသို့ အိပ်လျှင်ပင် အအေးမမိနိုင်ပေ။

“ငါဘယ်သူ့ဆီကမှ ပုန်းနေတာ မဟုတ်ဘူး၊ ငါအခု ပညာသင်နေတာ၊ စာမေးပွဲပြီးရင်…”

ရှုကျမ့်လီက စိတ်လှုပ်ရှားစွာ ဖြတ်မေးလိုက်သည်။

“စာမေးပွဲပြီးရင် ပြန်လာမှာလား”

ယဲ့ရှောင်ရှောင်: “စာမေးပွဲပြီးရင် ဘယ်တက္ကသိုလ်လျှောက်ရမလဲ လေ့လာကြည့်လိုက်ဦးမယ်၊ ပေကျင်းမှာရှိတဲ့ တက္ကသိုလ်ဆိုရင်တော့ ပေကျင်းကိုပဲ ပြန်လာရမှာပေါ့”

ရှုကျမ့်လီ ခေါင်းငုံ့သွားသည်။

“ပေကျင်းက တက္ကသိုလ်မှာ တက်ခွင့်မရဘူးဆိုရင်ကော”

ယဲ့ရှောင်ရှောင်: “အဲ့တာဆို နောက်တစ်နှစ် ထပ်ဖြေတာပေါ့”

ရှုကျမ့်လီက ဂနာမငြိမ်သော မျက်လုံးများဖြင့် ဆိုသည်။

“အဲ့တာဆို ကျွန်တော်လည်း ဒီကကျောင်းကို ပြောင်းလာခဲ့မယ်၊ စာအတူတူ လုပ်လို့ရမယ်လေ”

ယဲ့ရှောင်ရှောင်: “ငါနောက်တစ်နှစ်ထပ်ဖြေမယ်ဆိုရင်တောင် နင်အထက်တန်းမရောက်သေးပါဘူး၊ နင်က လူကြီးအတွေးတွေးတဲ့ ကလေးသာသာပဲ ရှိသေးတာ”

ရှုကျမ့်လီ: “မဟုတ်တာ! ကျွန်တော်က အတန်းကျော်တက်လို့တောင်ရတယ်၊ အထင်မသေးပါနဲ့!”

ယဲ့ရှောင်ရှောင်သည် အသင့်ပြင်ပေးထားသည့် အိပ်ရာကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

“ပေါက်ကရတွေမပြောဘဲ နားစရာရှိတာ နားတော့၊ စားပွဲပေါ်မှာ ရေခွက်ရှိတယ်၊ ညဘက် ရေဆာရင် အဲ့တာနဲ့ သောက်”

မှာစရာရှိသည်ကို မှာကြားပြီးနောက် ယဲ့ရှောင်ရှောင် သူမအခန်းထဲ ပြန်ဝင်လာခဲ့သည်။

ယနေ့ သူမမိသားစုအတွက် အပ်ချုပ်စက်တစ်လုံး လိုအပ်နေသည်ကို ယဲ့ရှောင်ရှောင် သတိရသွားသဖြင့် လုဟန်ချွမ် ပေးခဲ့သည့် သေတ္တာလေးကို ဖွင့်ကာ အပ်ချုပ်စက် ဝယ်ယူခွင့် ကူပွန်ပါမပါ ရှာဖွေလိုက်ပါသည်။

ကူပွန်များကို တစ်ရွက်ပြီးတစ်ရွက် စစ်ကြည့်ခဲ့သည်။

အချို့ကူပွန်များတွင် ရက်စွဲများပါပြီး သတ်မှတ်ထားသည့်လအတွင်း အသုံးပြုရမည်ဖြစ်ကာ သက်တမ်း ကုန်လွန်သွားပါက သုံး၍ရတော့မည် မဟုတ်ပေ။

ရှာဖွေနေစဉ်အတွင်း ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်ကို စိတ်ထဲမှ ‘လူတော်’ကတ်တစ်ကတ် ချီးမြှင့်လိုက်ပါသည်။

လုဟန်ချွမ်သည် အမှန်တကယ် လူတော်တစ်ယောက်ဖြစ်ပြီး ချမ်းသာလွန်းပါသည်။

သူ့လို ယောက်ျားတစ်ယောက် ချစ်သူရည်းစား မရှာဖွေနိုင်လျှင် သဘာဝကို လွန်ဆန်ရာပင် ကျပေလိမ့်မည်။

ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်၏ ဇာတ်လမ်းနှင့်ပတ်သတ်၍ သံသယအနည်းငယ် ရှိခဲ့သော်လည်း ထုတ်မပြောခဲ့ပေ။

လက်ရှိတွင် သူမတို့နှစ်ယောက်၏ အခြေအနေမှာ နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် အခြေအနေ ဖြစ်နေခြင်းကြောင့် ထုတ်ပြောရန်မလိုဟု ခံစားနေရခြင်းကြောင့်ပင် ဖြစ်သည်။

သေတ္တာထဲတွင် အပ်ချုပ်စက်ကူပွန်တစ်ခု အမှန်တကယ်ရှိနေခဲ့ပါသည်။ အလွန်ရှားပါးသည့် တီဗွီဝယ်ယူခွင့် ကူပွန်တစ်ခုကိုပင် တွေ့ခဲ့ရသေးသည်။

ယဲ့ရှောင်ရှောင် အိပ်ရာပေါ်တွင် လှဲလျောင်းကာ သူမ ပိုင်ဆိုင်သည့် ငွေပမာဏကို ရေတွက်ကြည့်လိုက်သည်။

ယခင်က စုထားသည့် ငွေများနှင့် နောက်ပိုင်းရရှိခဲ့သော ဝင်ငွေများကို ပေါင်းကြည့်လိုက်သောအခါ သူမပိုင်ဆိုင်သည့် ငွေ ယွမ် ၁,၅၀၀ ခန့် ရှိပါသည်။

သွမ်လဲ့ထံသို့ ပြန်လည်ပို့ဆောင်ပေးမည့် ယွမ် ၁,၀၀၀ ကို သက်သက် ဖယ်ထားပြီးပါပြီ။

လုဟန်ချွမ်ပေးထားသည့် ငွေများကိုလည်း သူမ လက်ဖျားနှင့်ပင် မထိရသေးပေ။

ငွေများကို ရေတွက်ပြီးနောက် ထိုအပ်ချုပ်စက်ကို ကျိန်းသေပေါက် ဝယ်ယူမည်ဟု ယဲ့ရှောင်ရှောင် ဆုံးဖြတ်ချက် ချလိုက်တော့သည်။

စိတ်ထဲတွင် အစီအစဉ်များ ချမှတ်ပြီးပြီဖြစ်၍ ထိုနေ့ညက ယဲ့ရှောင်ရှောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ပါသည်။

သို့သော် တချို့မှာ အိပ်မပျော်နိုင်သေးဘဲ အိပ်ရာထဲ ဟိုလှည့်ဒီလှည့် လုပ်နေရပါသည်။

ရှုကျမ့်လီမှာ မရင်းနှီးသည့် ပတ်ဝန်းကျင်တွင် အိပ်စက်ရသဖြင့် မိုးလင်းသည့်အချိန်ထိ အိပ်မပျော်နိုင်ခဲ့ပေ။

ယဲ့ရှောင်ရှောင်သည် နှစ်ရက်ဆက်တိုက် ခွင့်ယူ၍ မရသဖြင့် ကျောင်းသွားရန်ပြင်ဆင်ရသည်။ မနက်စာ စားပြီးနောက် မွန်းတည့်ချိန်တွင် အိမ်ပြန်လာပြီး ဖုန်းသွားဆက်ဖို့ သူ့ကို လိုက်ပို့ပေးမည်ဟု ရှုကျမ့်လီအား ပြောခဲ့ပါသည်။

ရှုကျမ့်လီ: “အစ်မရှောင်ရှောင်တို့ ကျောင်းကို ကျွန်တော်လိုက်ကြည့်လို့ရလား”

ယဲ့ရှောင်ရှောင်က သွေးအေးရက်စက်စွာပင် ငြင်းဆန်လိုက်သည်။

“မရဘူး”

ရှုကျမ့်လီ နှုတ်ခမ်းစူသွားလေသည်။

“ငိုပြလည်း ဘာမှမထူးဘူး”

ယဲ့ရှောင်ရှောင် ကျောပိုးအိတ်ကိုဆွဲ၍ ကျောင်းသို့ ထွက်သွားတော့သည်။

မွန်းတည့်ချိန် ကျောင်းမှ ပြန်လာသောအခါ ယဲ့ရှောင်ရှောင်သည် ရှုကျမ့်လီအတွက် ကျောင်းရှေ့မှ ပဲတီစိမ်းရည်နှင့် ဘာဂါတစ်လုံးတို့ကို ဝယ်လာပေးခဲ့သည်။

ရှုကျမ့်လီကလည်း လိမ္မာနေပြီး သူ့အကြိုက်မဟုတ်သော်လည်း အထွန့်မတက်ခဲ့ပေ။

ပိုင်ချွမ်ကောင်တီမြို့သည် မြောက်ဘက်ပိုင်းတွင် တည်ရှိသဖြင့် နွေရာသီတွင် သိပ်မပူဘဲ အတော်လေး နေလို့ကောင်းပါသည်။

ထို့ကြောင့် ရှုကျမ့်လီမှာ သွမ်လဲ့ထက် ကံပိုကောင်းသည်ဟု ဆိုနိုင်သည်။

စားသောက်ပြီးနောက် မိသားစုထံ ဖုန်းဆက်ဖို့အတွက် ရှုကျမ့်လီအား ယဲ့ရှောင်ရှောင် လိုက်ပို့ပေးခဲ့ပါသည်။

ရှုကျမ့်လီသည် အိမ်ကိုဖုန်းဆက်ပြီး သူ့ကိုလာခေါ်ပေးဖို့ တစ်ယောက်ယောက်လွှတ်ပေးရန် ကျောက်ဟုံရှားအား အကြောင်းကြားလိုက်လေသည်။

ကျောက်ဟုံရှားကလည်း ချက်ချင်းပင် သဘောတူလိုက်သည်။

“ကျမ့်လီ၊ အဲ့က ဧည်ဂေဟာတစ်ခုခုမှာပဲနေနော်၊ လျှောက်သွားမနေနဲ့၊ အမေချက်ချင်း လာခေါ်မယ်”

ရှုကျမ့်လီ: “ကျွန်တော်သိပါတယ်၊ ကျွန်တော်က ကလေးမဟုတ်တော့ဘူး”

ထို့အပြင် ဤနေရာက ပေကျင်းမြို့ထက် များစွာ ပိုသာပါသည်။

ရှုကျမ့်လီ ဖုန်းချလိုက်ခါမှ ယဲ့ရှောင်ရှောင် စိတ်အေးနိုင်တော့သည်။

“ပေကျင်းကနေ ဒီကိုလာဖို့ သုံးရက်လောက် ကြာလိမ့်မယ်၊ အဲ့သုံးရက်အတွင်း နင်ဒီမှာ လိမ်လိမ်မာမာနဲ့ နေနော်၊ လျှောက်သွားနေရင် ငါဒီတိုင်း ပစ်ထားခဲ့လိုက်မှာ”

ရှုကျမ့်လီက ခေါင်းငုံ့ကာ သူ့အင်္ကျီကိုသူ ဆွဲကစားနေသည်။

“အင်း…”

ယဲ့ရှောင်ရှောင် သူ့ကို မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။

“နင်ဘာဖြစ်နေတာလဲ”

ရှုကျမ့်လီက ရှက်ကိုးရှက်ကန်းဖြင့် ဖြေသည်။

“အစ်မရှောင်ရှောင်၊ အဝတ်အစားဝယ်လို့ရမယ့်နေရာတစ်ခုလောက် ကျွန်တော့်ကို လိုက်ပို့ပေးလို့ရမလား၊ ကျွန်တော် အိမ်ကထွက်လာတုန်းက အဝတ်အစားတွေ ပါမလာလို့”

ယဲ့ရှောင်ရှောင်: “…”

ရှုကျမ့်လီ: “အစ်မရှောင်ရှောင် ပိုက်ဆံမကုန်စေရပါဘူး၊ ကျွန်တော့်မိသားစု ရောက်လာရင် ပြန်ပေးလိမ့်မယ်”

“နင်က ပိုက်ဆံတစ်ပြားမှ ပါမလာဘဲ အိမ်ကနေ ထွက်ပြေးလာရဲတယ်ပေါ့”

ရှုကျမ့်လီ မျက်နှာ နီမြန်းသွားသည်။

“ကျွန်တော့်မှာ အတွေ့အကြုံမှ မရှိတာ၊ နောက်တစ်ခါ မဖြစ်စေရပါဘူး”

ယဲ့ရှောင်ရှောင် ဘာပြောရမှန်းပင် မသိတော့ချေ။

“သွားကြစို့၊ သမဝါယမအရောင်းဆိုင်ဆီ လိုက်ပို့ပေးမယ်”

ယဲ့ရှောင်ရှောင်သည် သူ့ကို မြို့ထဲရှိ သမဝါယမအရောင်းဆိုင်သို့ ခေါ်သွားပေးလိုက်ပြီး အဝတ်အစား အနည်းငယ်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းအချို့ကို ဝယ်ယူပေးလိုက်ပါသည်။

ရှုကျမ့်လီမှာ ကျန်းမာရေးသိပ်ကောင်းပုံလည်း မပေါ်သဖြင့် နို့မှုန့်အနည်းငယ်ပင် ဝယ်လာခဲ့သေးသည်။

ဤခေတ်တွင် နို့မှုန့်ဟူသည်မှာ အလွန်အဖိုးတန်သည့် ပစ္စည်းဖြစ်ကာ ရှုကျမ့်လီ၏ လက်ထဲရှိ အဝတ်အစားများထက်ပင် ဈေးပိုကြီးပါသေးသည်။

ယဲ့ရှောင်ရှောင်သည် ပစ္စည်းများဝယ်ယူနေစဉ် မတွေ့ရသည်မှာကြာပြီဖြစ်သည့် လီသဲ့ရှုတစ်ယောက် ခါးသွယ်သွယ် မိန်းကလေးတစ်ယောက်ကို ဖက်ရင်း အဆောက်အဦးထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသည်။

ထိုမိန်းကလေးမှာ ဆံပင်ကောက်ကောက်နှင့် ဖက်ရှင်ကျကျ ဝတ်စားထားပြီး လီသဲ့ရှုနှင့် ရယ်မော ပျော်ရွှင်နေလေသည်။

လီသဲ့ရှု၏ လက်က သူမ၏ ခါးပေါ်တွင်ရှိနေပြီး ရံဖန်ရံခါ အောက်သို့ပင် လျှောဆင်းသွားတတ်သေးသည်။

လူကြားထဲ လက်ပင်မကိုင်ရဲကြသည့် ခေတ်၌ သူတို့နှစ်ဦး၏ အပြုအမူများမှာ အတော်လေး အရှက်ကင်းမဲ့လှပါသည်။

ရှုကျမ့်လီလည်း ယဲ့ရှောင်ရှောင်၏ အကြည့်နောက်သို့လိုက်ကာ လှမ်းကြည့်မိသည်။

“အစ်မ ဘာတွေကြည့်နေတာလဲ”

ယဲ့ရှောင်ရှောင်: “လူယုတ်မာတစ်ကောင်ကို ကြည့်နေတာ”

ရှုကျမ့်လီ: “ကျွန်တော်လည်း လူယုတ်မာတွေကို အမုန်းဆုံးပဲ!”

ယဲ့ရှောင်ရှောင် ခပ်သဲ့သဲ့ ရယ်မောလိုက်ပါသည်။

“အိမ်ပြန်ကြမယ်၊ ဝယ်စရာရှိတာလည်း ဝယ်ပြီးသွားပြီ၊ နင်ဘာမှ အထွန့်တက်လို့မရတော့ဘူး၊ အိမ်မှာ ဗိုက်ဆာရင် နို့မှုန့်ဖျော်သောက်လိုက်”

မူလက ယဲ့ရှောင်ရှောင် နို့မှုန့်ဝယ်နေခြင်းမှာ အခြားတစ်ယောက်ယောက်အတွက် ဖြစ်မည်ဟု ရှုကျမ့်လီ ထင်ထားခဲ့သော်လည်း သူ့အတွက်ဖြစ်မှန်း ကြားလိုက်သောအခါ ချက်ချင်းပင် ငြင်းဆန်ခဲ့ပါသည်။

“ကျွန်… ကျွန်တော် မသောက်ချင်ဘူး”

“နင်နို့မှုန့်မသောက်ရင် အရပ်ရှည်လာမှာ မဟုတ်ဘူးနော်၊ သက်တူရွယ်တူတွေထက် နင့်အရပ် ပိုပုနေတာ သတိမထားမိဘူးလား”

ရှုကျမ့်လီက မကျေမနပ် ချေပလိုက်သည်။

“ကျွန်တော်က အရပ်မပုပါဘူး! မူလတန်းတုန်းက အတန်းတွေကျော်တက်ခဲ့လို့ အသက်ငယ်နေတာ!”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်ပါသည်။

“အဲ့တာပဲလေ၊ နို့မှုန့်ဆိုတာ ကလေးတွေပဲသောက်ရတာ၊ အဲ့တာကြောင့် ငါနင့်အတွက် ဝယ်ပေးခဲ့တာပေါ့”

ရှုကျမ့်လီ: “…”

အတန်ကြာအောင် တိတ်တဆိတ် လမ်းလျှောက်လာပြီးနောက် ရှုကျမ့်လီသည် ခေါင်းမော့ကာ ယဲ့ရှောင်ရှောင်အား ခိုးကြည့်လိုက်ပါသည်။

အစ်မရှောင်ရှောင်မှာ ယခင်ကနှင့်မတူဘဲ ထူးခြားနေသည်ဟု သူ ခံစားရသည်။ ယခင်က သူမသည် စကားကို ဤမျှ ပွင့်ပွင့်လင်းလင်း ပြောတတ်သူမဟုတ်ပေ။

သို့သော် ထူးဆန်းစွာဖြင့် ယခု အစ်မရှောင်ရှောင်မှာ ယခင်ကထက် နွေးထွေးမှုပိုရှိလာသည်ဟု ရှုကျမ့်လီ ခံစားမိပါသည်။

ယဲ့ရှောင်ရှောင်သည် မွန်းလွဲပိုင်းတွင် အတန်းတက်စရာရှိသေးသဖြင့် ရှုကျမ့်လီနှင့် ပစ္စည်းများကို အိမ်သို့ပို့ဆောင်ပြီးနောက် ကျောင်းသို့ ပြန်လာခဲ့ပါသည်။

အိမ်တံခါးဝင်တွင် တစ်ယောက်တည်း ပျင်းရိနေသည့် ရှုကျမ့်လီကို ကြည့်ရင်း ဒေါ်လေးစွန်းက စကားလာပြောခဲ့သည်။

“ကောင်လေးရှု၊ နင်က ရှောင်ရှောင်ရဲ့ ဆွေမျိုးထက် မောင်လေးအရင်းနဲ့တောင် တူနေသေးတယ်၊ နှစ်ယောက်စလုံး အသားဖြူဖြူ၊ မျက်လုံးဝိုင်းဝိုင်း၊ နှာတံမြင့်မြင့်လေးတွေနဲ့ အရမ်းချောကြတာပဲ”

ရှုကျမ့်လီက ခေါင်းမော့ရင်ကော့လျက် ဂုဏ်ယူဝံ့ကြွားစွာ ပြန်ပြောလိုက်သည်။

“ကျွန်တော်လည်း အဲ့လိုပဲ ထင်တာပဲ”

📗 Chapter 58

ယဲ့ရှောင်ရှောင် အတန်းထဲသို့ ပြန်ရောက်သောအခါ အတန်းနောက်ဆုံးခုံတွင်ထိုင်ကာ အခြားကျောင်းသားများနှင့် ကြိုးပုံဖော်တန်း ကစားနည်း ကစားနေသည့် ကျန်းအာ့နီအား မြင်လိုက်ရသည်။

ခုတလော ကျန်းအာ့နီသည် ကျောင်းတွင် အတော်လေး တည်ငြိမ်နေပြီး အခြားအတန်းဖော်များကိုလည်း အနိုင်မကျင့်တော့ပေ။

သူမသည် အမြဲလိုလို ပြုံးရွှင်နေတတ်ပြီး စာမေးပွဲဖြေပြီးနောက် လီသဲ့ရှုနှင့် လက်ထပ်ရတော့မည်ဟူသော အတွေးမှအပ အခြားဘာမှ မစဉ်းစားနိုင်တော့သည့် အချစ်ရူးမလေးတစ်ယောက်နှင့် တူနေလေသည်။

သနားစရာပဲ…

ယနေ့မြင်ခဲ့ရသည့် မြင်ကွင်းကို ယဲ့ရှောင်ရှောင် ပြန်မြင်ယောင်ကြည့်ရင်း ကျန်းအာ့နီကို သွားပြောလိုက်ပါက သူများကိစ္စ ကြားဝင်သလို ဖြစ်မှာကိုလည်း စိတ်ပူမိပါသည်။

သို့သော် ဘာမှမပြောဘဲ နေပြန်လျှင်လည်း သူမ လိပ်ပြာလုံမည် မဟုတ်ပေ။

ထို့ကြောင့် စာရွက်တစ်ရွက် ဆုတ်ဖြဲလိုက်ပြီး သူမ မသန်သည့် ဘယ်ဘက်လက်ကို အသုံးပြုကာ စာတစ်စောင် ရေးသားလိုက်သည်။

ဘေးတွင်ထိုင်နေသည့် ဝမ်ယင်မှာ သင်္ချာပုစ္ဆာတစ်ပုဒ်တွက်ရင်း အာရုံများနေသဖြင့် ယဲ့ရှောင်ရှောင်၏ အပြုအမူကို သတိမပြုမိခဲ့ချေ။

အတန်းချိန်များကြားထဲ ကျောင်းသားများ ဆူညံ့သောင်းကျန်းတတ်သည်ကို အခွင့်ကောင်းယူကာ ယဲ့ရှောင်ရှောင်သည် ကျန်းအာ့နီ၏ ခုံစောင်းအံဆွဲထဲသို့ ထိုစာကို သွားထည့်ပေးထားလိုက်ပါသည်။

ထိုစာထဲတွင် လူယုတ်မာကို သတိထားရန် သတိပေးထားသည်။ ဦးနှောက်ရှိသည့် မိန်းကလေးဆိုလျှင် လီသဲ့ရှု၏ ယုတ်မာမှုများကို ခြေရာခံ စုံစမ်းနိုင်ပေလိမ့်မည်။

ကျန်းအာ့နီတွင် ဦးနှောက်ရှိမနေလျှင်တော့ ယဲ့ရှောင်ရှောင်လည်း ဘာမှတတ်နိုင်တော့မည် မဟုတ်ပေ။

မွန်းလွဲပိုင်း၏ နောက်ဆုံးအတန်းမှာ သင်္ချာအချိန်ဖြစ်သည်။

သင်္ချာဆရာကြီးသည် အသက်အရွယ်ကြီးရင့်သူဖြစ်ပြီး အတန်းထဲတွင် အလွန်တည်ငြိမ်အေးဆေးလှရာ ပုံမှန်အားဖြင့် ဆူညံတတ်သည့် ကောင်လေးများပင် ငြိမ်ငြိမ်သက်သက် ထိုင်နေကြပါသည်။

ထိုစဉ် ရုတ်တရက်ဆိုသလို အတန်း၏ အနောက်ဘက်မှ စူးစူးဝါးဝါးအော်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

ကျောင်းသားများ ထိတ်လန့်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် နောက်လှည့်ကြည့်ကုန်ကြသည်။

ကျန်းအာ့နီတစ်ယောက် စာရွက်တစ်ရွက်ကို ကိုင်ရင်း ပါးစပ်အဟောင်းသားဖြင့် အသံကုန် အော်ငိုနေပါသည်။

သင်္ချာဆရာကြီးလည်း စာအုပ်ကို ဘေးချကာ စာသင်စင်မြင့်ပေါ်မှ ဆင်းလာခဲ့သည်။

“ကျောင်းသူကျန်းအာ့နီ ဘာဖြစ်လို့လဲ”

ကျန်းအာ့နီမှာ ရှိုက်ကြီးတငင်ငိုကြွေးနေပြီး တစ်ကိုယ်လုံးပင် တုန်ယင်နေသဖြင့် စကားတစ်လုံးမှ မပြောနိုင်ခဲ့ပေ။

လူတိုင်းက သူမကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ပို၍ပင် ဝမ်းနည်းလာပြီး အတန်းထဲမှ ဝုန်းကနဲ ထပြေးသွားတော့သည်။

သင်္ချာဆရာ: “ကျန်းအာ့နီ ဘယ်ကိုတုန်း!”

ယဲ့ရှောင်ရှောင်က မတ်တပ်ရပ်ကာ ပြောလိုက်သည်။

“သမီးလိုက်သွားပေးလိုက်မယ် ဆရာ”

သင်္ချာဆရာကြီးက ခေါင်းညိတ်လိုက်ပါသည်။

“ဟုတ်ပြီ၊ ဟုတ်ပြီ၊ ပြဿနာတစ်ခုခုရှိရင် ဆရာမကျန်းကို သွားပြောလိုက်၊ ကျန်းအာ့နီကို ကျောင်းပြင်ပ မထွက်စေနဲ့နော်”

ယဲ့ရှောင်ရှောင်လည်း ဆရာ့၏ မှာကြားချက်များကို နာခံပြီး ကျန်းအာ့နီ နောက်သို့ လိုက်လာခဲ့တော့သည်။

ခက်ခက်ခဲခဲ ရှာဖွေရမည်ဟု ထင်ထားခဲ့သော်လည်း စာသင်ဆောင်မှ ထွက်လိုက်သည်နှင့် ကျောင်းဂိတ်ပေါက်နားရှိ ပန်းခင်းဘေးတွင် ထိုင်နေသည့် ကျန်းအာ့နီကို ယဲ့ရှောင်ရှောင် တွေ့လိုက်ရပါသည်။

“နင်ဘာလို့ ထွက်ပြေးသွားတာလဲ၊ အိမ်မှာ တစ်ခုခုဖြစ်လို့လား”

ယဲ့ရှောင်ရှောင် မသိချင်ယောင်ဆောင်လျက် မေးလိုက်သည်။

ကျန်းအာ့နီက သူမကို မော့ကြည့်လိုက်ပါသည်။

“နင့်အပူပါလား၊ နင်ငါ့ကို လှောင်ရယ်ရယ်ဖို့ လာခဲ့တာလား”

ယဲ့ရှောင်ရှောင်က ပြန်ပြောသည်။

“သေချာစဉ်းစားစမ်းပါ၊ သူများတွေကို လှောင်ရယ် မရယ်စေချင်ရင် လှောင်ရယ်ရယ်ရအောင် အကြောင်းပြချက် မပေးနဲ့ပေါ့၊ ခုနက နင်အဲ့လိုလုပ်သွားတော့ ဘယ်သူက မစပ်စုချင်ဘဲ နေမလဲ”

ကျန်းအာ့နီက လက်မောင်းကြားထဲတွင် မျက်နှာကိုအပ်ထားကာ ပြန်ပြောလိုက်သည်။

“ဘာမှလာမမေးနဲ့၊ နင်က တစ်ကျောင်းလုံးရဲ့ အလှလေး၊ ငါကတော့ တစ်ကျောင်းလုံးရဲ့ လူပြက်မပဲ၊ ငါတို့က ဘဝချင်း ဘယ်တော့မှ တူမှာမဟုတ်ဘူး”

ယဲ့ရှောင်ရှောင်: “…”

“ပြီးတာပဲ အဲ့တာဆိုလည်း ငါနင့်ကို မနှောင့်ယှက်တော့ဘူး၊ ကျောင်းဝင်းထဲက နင်ထွက်လို့ရမှာလည်း မဟုတ်ပါဘူး၊ ဆရာမကျန်းကိုပဲ သွားပြောလိုက်မယ်”

ထိုစကားကြားခါမှ ကျန်းအာ့နီ ချက်ချင်း ခေါင်းမော့ကြည့်လိုက်ပါသည်။

“မပြောပါနဲ့! ငါဘာမှမဖြစ်ဘူး”

ကျန်းအာ့နီ စိတ်တည်ငြိမ်သွားပါပြီ။

မည်သူက သူမစားပွဲထဲသို့ ထိုစာကို လာထည့်သွားမှန်း မသိနိုင်သော်လည်း အသည်းမကွဲခင် သူမကိုယ်တိုင် အတည်ပြုသင့်သည်ဟု ခံစားမိပါသည်။

လီသဲ့ရှုနှင့် စေ့စပ်ထားသူဖြစ်၍ သူ့ကို လက်ပူးလက်ကြပ်ဖမ်းခွင့် သူမတွင် ရှိနေပါသည်။

ကျန်းအာ့နီ အငိုတိတ်သွားသည်ကို မြင်ပြီး ယဲ့ရှောင်ရှောင် ပြောလိုက်သည်။

“အဲ့တာဆို ငါအတန်းထဲ ပြန်ဝင်တော့မယ်”

ကျန်းအာ့နီက လက်ယမ်းပြလိုက်သည်။

“သွား သွား”

ယဲ့ရှောင်ရှောင် မရှိတော့ခါမှ ကျန်းအာ့နီသည် မျက်နှာပေါ်မှ မျက်ရည်များကိုသုတ်လျက် ထိုစာကို ပြန်ဖွင့်ဖတ်ကြည့်လိုက်ပါသည်။

သို့သော်လည်း သူမ တည်ငြိမ်ချင်ယောင် ဆောင်နေရုံသာဖြစ်သည်။

ကျောင်းခေါင်းလောင်းထိုးသည်နှင့် နေ့တစ်ဝက်ကျောင်းသားများနှင့်အတူ သူမ အပြင်သို့ လစ်ထွက်လာခဲ့သည်။

စာထဲတွင် လီသဲ့ရှုနှင့် မိန်းကလေးတစ်ယောက်တို့ သမဝါယမအရောင်းဆိုင်တွင် တရင်းတနှီး ရှိနေကြသည်အား မြင်ခဲ့ရသည်ဟု ရေးသားထားပါသည်။

သူတို့ကို အခြားမည်သည့်နေရာတွင် ရှာဖွေရမှန်းမသိသဖြင့် သမဝါယမအရောင်းဆိုင်တွင်သာ စောင့်နေရန် ကျန်းအာ့နီ ဆုံးဖြတ်လိုက်ပါသည်။

ဆိုင်ပိတ်ချိန်ရောက်ပြီ ဖြစ်သဖြင့် ခေတ်မီပြီး ကြည့်ကောင်းလှသည့် အရောင်းဝန်ထမ်းမလေးများတစ်သိုက် စက်ဘီးကိုယ်စီဖြင့် အိမ်ပြန်နေကြသည့် မြင်ကွင်းမှာ အလွန်ပင် လှပနေပါသည်။

ကျန်းအာ့နီမှာမူ လမ်းဘေးတွင် မတ်တပ်ရပ်နေပြီး ဝင်ပေါက်ကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေခဲ့သည်။

ကံကောင်းသည်ဟု ဆိုရမလား၊ ကံဆိုးသည်ဟု ဆိုရမလား မသိနိုင်သော်လည်း လီသဲ့ရှုတစ်ယောက် စက်ဘီးတစ်စီးဖြင့် ရောက်လာသည်ကို ကျန်းအာ့နီ အမှန်တကယ် မြင်လိုက်ရသည်။

ဝင်ပေါက်တွင် စောင့်မျှော်နေသည့် လှလှပပ မိန်းကလေးတစ်ဦးသည် သူ့စက်ဘီးပေါ်သို့ ခုန်တက်ကာ သူ့ခါးကို တရင်းတနှီး ဖက်ထားလိုက်လေသည်။

သူတို့နှစ်ဦးမှာ ရယ်ရယ်မောမောနှင့် စကားပြောဆိုနေကြပြီး အလွန်ရင်းနှီးကျွမ်းဝင်နေသည့်ပုံစံ ပေါက်နေပါသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ကျန်းအာ့နီ ရန်သွားတွေ့ဖို့ စိတ်ကူးမရှိခဲ့ဘဲ ပုန်းသာ ပုန်းနေခဲ့ပါသည်။

သူမ အချိန်အကြာကြီး ပုန်းနေခဲ့ပြီး ဆူညံသံများပျောက်ကွယ်သွားခါမှ ခေါင်းပြန်ဖော်နိုင်ခဲ့လေသည်။

လီသဲ့ရှုတို့ ထွက်သွားကြသည်မှာ ကြာပြီဖြစ်သည်။

ထိုမိန်းကလေး၏ လှပသော မျက်နှာ၊ သွယ်လျသော ခါးလေးများကို မြင်ယောင်ကြည့်ပြီး သူမ၏ အဆီထူနေသော ခါးကို ပြန်ငုံ့ကြည့်ကာ ကျန်းအာ့နီသည် လူမြင်မှာကို ကြောက်ရွံ့နေသည့် ရေမြောင်းထဲမှ ကြွက်တစ်ကောင်ပမာ ခံစားလိုက်ရတော့သည်။

--- --- ---

အိမ်တွင်စားသောက်ပြီးနောက် ယဲ့ရှောင်ရှောင်သည် ညနေခင်းစာကြည့်ချိန်အတွက် ကျောင်းသို့ ပြန်လာခဲ့ပါသည်။

အတန်းထဲကို ဝင်လိုက်သည်နှင့် ကျန်းအာ့နီ၏ ထိုင်ခုံကို လှမ်းကြည့်လိုက်ရာ သူမမှာ ပြောင်းဖူးပြုတ်တစ်ဖူးကို အငမ်းမရ စားသောက်နေသည်အား တွေ့လိုက်ရသည်။

‘တော်တော်စားကောင်းနေတဲ့ပုံပဲ၊ နေသားကျတာ မြန်လိုက်တာ’

ယဲ့ရှောင်ရှောင် ထိုသို့တွေးလျက် ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပါသည်။

ဝမ်ယင်က တီးတိုးလာပြောသည်။

“ကျန်း…ကျန်းအာ့နီ အရမ်းထူးဆန်းနေတယ်၊ သူ… သူအတန်းထဲ ရောက်လာကတည်းက စား…စားပဲ စားနေတာ၊ အဲ့တာ ပြောင်းဖူး ၆ ဖူးမြောက် ရှိပြီထင်တယ်”

ယဲ့ရှောင်ရှောင်: “…”

ယဲ့ရှောင်ရှောင် နောက်သို့ လှည့်မကြည့်နိုင်ခင်မှာပင် အတန်းအနောက်ဘက်မှ အော့အန်သံများ ထွက်ပေါ်လာတော့သည်။

စဉ်းစားစရာပင်မလိုဘဲ ကျန်းအာ့နီ၏ အသံသာဖြစ်သည်။

ကောင်လေးတစ်ဦးက လှောင်ပြောင်သည့်လေသံဖြင့် အော်ပြောလိုက်လေသည်။

“ကျန်းအာ့နီတော့ ဗိုက်ပေါက်ထွက်မတတ် စားသောက်ပြီးတော့ အန်နေပြီဟေ့! ဗိုက်က တကယ်ပေါက်ထွက်တော့မှာ ထင်တယ်!”

ကောင်မလေးတစ်ယောက်က လှမ်းငေါက်လိုက်သည်။

“နင်တို့တွေ တော်တော် အကြင်နာတရား ခေါင်းပါးပါလား၊ သူများအန်နေတာကို ဟာသလုပ်နိုင်သေးတယ်”

ကောင်လေးက ပြန်ချေပသည်။

“သူ့ဖာသာသူ အသားကုန်စားလို့ ပြန်အန်ထွက်တာ ငါတို့က ဘာကို ကြင်နာရမှာတုန်း”

အတန်းခေါင်းဆောင်က အတန်းပိုင်ဆရာမ ကျန်းရှားကို သွားခေါ်ခဲ့ပါသည်။

ဆရာမ ကျန်းရှား ရောက်လာချိန်တွင် ကျန်းအာ့နီ အအန်ရပ်သွားပြီဖြစ်ကာ ထိုင်ခုံတွင် နုံးချည့်စွာ ထိုင်နေလေသည်။

ဆရာမကျန်းရှားက သူမ နေမကောင်းဖြစ်နေသည်ဟု ထင်သွားပြီး အားလုံးကို ပြောလိုက်သည်။

“တာဝန်ကျတဲ့ ကျောင်းသားတွေ ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်လိုက်ကြ! ကျန်းအာ့နီ၊ သမီးကို ဆရာမ ဆေးရုံ လိုက်ပို့ပေးမယ်နော်”

ထိုနေ့က ကျန်းအာ့နီ ထွက်သွားပြီးနောက် နောက်တစ်နေ့ အတန်းပင် လာမတက်တော့ပေ။

သူမ သုံးရက်ဆက်တိုက် ကျောင်းပျက်ခဲ့ပါသည်။

အတန်းထဲတွင်လည်း ကောလဟာလများ ထွက်ပေါ်လာသည်။

အချို့က သူမ အပြင်းဖျားနေ၍ စာမသင်နိုင်ခြင်းကြောင့်ဟု ဆိုကြသည်။ အချို့ကမူ သူမ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲပင် မဖြေဆိုတော့ဘဲ အိမ်တွင် မင်္ဂလာဆောင်ရမည့် အချိန်ကိုသာ စောင့်နေခြင်းဖြစ်သည်ဟု ဆိုကြသည်။

အမှန်တကယ် ယုံကြည်ထိုက်သည့် သတင်းဟူ၍ တစ်ခုတလေပင် မရှိပေ။

နောက်ဆုံးတွင် ဆရာမကျန်းရှားက ကျောင်းသူကျန်းအာ့နီသည် အိမ်တွင် ရက်အနည်းငယ် အနားယူနေခြင်းသာဖြစ်ကြောင်းနှင့် မဟုတ်မမှန် ကောလဟာလ လွှင့်သူတိုင်းကို ကျောင်းစည်းမျဉ်းစည်းကမ်းများအား ၁၀ ကြိမ်တိမ်တိမ် ချရေးခိုင်းမည်ဟု သတိပေးခဲ့ပါသည်။

ထိုအခါမှသာ ကောလဟာလများ ရပ်တန့်သွားခဲ့တော့သည်။

--- --- ---

ရှုကျမ့်လီကို လာခေါ်မည့်လူ မကြာခင် ရောက်လာတော့မည်ဟု ယဲ့ရှောင်ရှောင် တွက်ဆလိုက်သည်။

ထို့ကြောင့် ညနေခင်း စာကြည့်ချိန်တစ်ချိန်ကို ခွင့်ယူကာ ဆေးဆိုင်သို့သွားပြီး တရုတ်တိုင်းရင်းဆေးအချို့ကို သွားယူခဲ့ပါသည်။

ထိုဆေးများသည် ရင်ကျပ်ရောဂါကို အမြတ်ပြတ်ပျောက်ကင်းစေနိုင်မည် မဟုတ်သော်လည်း ခန္ဓာကိုယ်ကို အားဖြည့်ပေးကာ ရောဂါအခြေအနေအား တည်ငြိမ်စေပါလိမ့်မည်။

ယဲ့ရှောင်ရှောင်သည် ဆေးများကို သယ်ဆောင်ရင်း အိမ်သို့ ပြန်လာခဲ့သည်။

သို့သော် အိမ်ရှေ့ရောက်ရောက်ချင်းမှာပင် အထဲမှ စကားများ ခိုက်ရန်ဖြစ်ပွားသံများကို ကြားလိုက်ရလေသည်။

ရှုကျမ့်လီက အလွန်ဒေါ်သထွက်နေသည့် လေသံဖြင့် အော်နေသည်။

“ငါ့ကို လာခေါ်ပေးပါလို့ မင်းကို တောင်းတောင်းပန်ပန် ပြောခဲ့လို့လား၊ အဲ့ဒီလေသံနဲ့ ငါ့ကို လာမဆုံးမစမ်းပါနဲ့!”

အမျိုးသားတစ်ဦးကလည်း ဒေါသတကြီး ပြန်အော်လေသည်။

“ရှုကျမ့်လီ! မင်းဘယ်တော့မှ ရင့်ကျက်လာမှာလဲ!”

“မင်းကပဲ အဲ့ဒီစကား ပြောရတယ်ရှိသေးတယ်!”

ယဲ့ရှောင်ရှောင်သည် တံခါးကို တွန်းဖွင့်လျက် အိမ်ထဲသို့ ပြေးဝင်လာခဲ့ပါသည်။

အိမ်ထဲသို့ရောက်သောအခါ ရှုကျမ့်လီမှာ ထမင်းစားစားပွဲကို မှီလျက် အသက်ကို အသည်းအသန်ရှူနေရမှန်း သူမ မြင်လိုက်ရသည်။

လမ်းတွင် ပိတ်ရပ်နေသည့် ထိုသူစိမ်းအမျိုးသားအား သူမ တွန်းထုတ်ပစ်လိုက်ပြီး ရှုကျမ့်လီထံသို့သွားကာ အသက်ရှူရ လွယ်ကူအောင် ကူညီပေးလိုက်သည်။

သူ့အသက်ရှူသံများ ပြန်လည်တည်ငြိမ်သွားခါမှ သူစိမ်းအမျိုးသားကို လှည့်ကြည့်လျက် ယဲ့ရှောင်ရှောင် ရန်တွေ့လိုက်တော့သည်။

“သူ့ရောဂါက စိတ်ခံစားချက် အတက်အကျများလို့မရဘူးဆိုတာ ရှင်မသိဘူးလား၊ သူနဲ့ရန်ဖြစ်ဖို့ ဒီအထိ တကူးတက လာခဲ့တာလား ဟုတ်လား!”

All Chapters