အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
📗 Chapter 59
တစ်ဖက်လူ၏ စွပ်စွဲစကားများကြောင့် ရှုကျမ့်ဝမ် ပါးစပ်အဟောင်းသားဖြင့် ဆွံ့အသွားခဲ့ရသည်။
သူရှေ့တွင်ရပ်နေသည့် မိန်းကလေးကို သူကောင်းကောင်းကြီး မှတ်မိပါသေးသည်။
သူမ၏ မျိုးရိုးအမည်ကို ပြောင်းလဲလိုက်ပြီဖြစ်ကာ ယခု ယဲ့ရှောင်ရှောင်အဖြစ် နေထိုင်နေပြီဟု ကြားodခဲ့ရသည်။
သူမ၏ ရုပ်ရည်သွင်ပြင်မှာ ယခင်ကကဲ့သို့ပင် ထင်ရှားလှပနေဆဲဖြစ်သော်ငြား သူမ၏ အမူအရာမှာမူ သိသိသာသာ ပြောင်းလဲသွားခဲ့ပါပြီ။
တစ်နှစ်ဟူသည့် အချိန်အတွင်းမှာပင် ရိုးရိုးရှင်းရှင်းနှင့် မှင်သက်စရာကောင်းသော အလှတရားရှိခဲ့သည့် ပန်းဖူးလေးမှာ ယခုအချိန်တွင် ဂုဏ်ယူဝံ့ကြွားမှုရှိပြီး စိတ်ဓာတ်ခိုင်မာသည့် နှင်းဆီရိုင်းလေးတစ်ပွင့်အဖြစ် ပွင့်လန်းလာခဲ့ပါပြီ။
ရှုကျမ့်ဝမ်သည် စိတ်ကူးယဉ်ဆန်သော အချစ်ကို လိုလားသူဖြစ်သည်။
ယခင်က ယဲ့ရှောင်ရှောင်ကို သူသဘောမကျခဲ့ဘဲ လွတ်လပ်မှုကိုသာ တောင့်တကာ စာအုပ်များထဲကကဲ့သို့ ရိုမန့်တစ်ဆန်သော အချစ်ဇာတ်လမ်းမျိုးကိုသာ တောင့်တခဲ့ပါသည်။
ထို့ကြောင့် သူမ မည်မျှပင်လှပခဲ့ပါစေ သူနှင့်အတူကြီးပြင်းလာပြီး ပညာမဲ့ကာ အမြဲတမ်း ဂျီကျရန်လုပ်တတ်သည့် ‘ဟောက်ရှောင်ရှောင်’ကို မည်သည့်အခါတုန်းကမှ ရင်မခုန်ခဲ့ပေ။
သို့သော် အချိန်အတော်ကြာမှ ပြန်လည်တွေ့ဆုံရသည့်အချိန်တွင် တစ်စက္ကန့်မျှ မြင်လိုက်ရရုံနှင့် သူ့ရင်တွေ ခုန်လာခဲ့ရသည်။
“အစ်မရှောင်ရှောင်၊ ကျွန်တော် ဘာမှမဖြစ်ပါဘူး၊ ခုနကလည်း ကျွန်တော့်အမှားပါ၊ ကျွန်တော့်အစ်ကိုနဲ့ ရန်မဖြစ်ခဲ့သင့်ဘူး”
သူတို့နှစ်ဦးကြားက တင်းမာမှုကို မြင်သောအခါ ရှုကျမ့်လီကပင် ယဲ့ရှောင်ရှောင်၏ လက်ကိုဆွဲကာ ရှင်းပြလိုက်ရပါသည်။
ယဲ့ရှောင်ရှောင်: “…”
‘အပြင်ပန်းမှာ သန့်သန့်ပြန့်ပြန့်ရှိတဲ့ ဒီကောင်က ဝတ္ထုထဲက ဇာတ်လိုက်မင်းသားပေါ့’
သူမသာ အကဲဖြတ်ကြည့်ရမည်ဆိုလျှင် လုဟန်ချွမ်ကိုတော့ မှီနိုင်မည် မထင်ပေ။ သို့သော် လုဟန်ချွမ်၏ တည်ကြည်ခက်ထန်သော အမူအရာနှင့်ယှဉ်လိုက်လျှင် ရှုကျမ့်ဝမ်မှာ ပို၍နူးညံ့သိမ်မွေ့သည်ဟု ထင်ရပါသည်။
ယဲ့ရှောင်ရှောင်က ရှုကျမ့်လီကို သေချာ မှာကြားလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် နင်ဒေါသမထွက်သင့်ဘူး၊ ပေကျင်းကို ပြန်တဲ့လမ်းမှာလည်း စကားထပ်မများစေနဲ့၊ ဒါနင့်အတွက် ငါထည့်ပေးလိုက်တဲ့ ဆေးတွေ၊ သေသေချာချာ သိမ်းထား၊ ပေကျင်းကို ပြန်ရောက်ရင် ရေသန့်နဲ့ ရောပြီး မှန်မှန်သာသောက်”
ရှုကျမ့်လီ ထိုဆေးများကို လက်ခံလိုက်ပါသည်။
“နားလည်ပါပြီ အစ်မရှောင်ရှောင်၊ ကျွန်တော် လိုက်နာပါ့မယ်”
ရှုကျမ့်ဝမ်သည် ညီဖြစ်သူ ရှုကျမ့်လီကို လှည့်ကြည့်လိုက်သည်။
‘ခုနကတော့ စကားကိုတစ်ခွန်းမကျန်ပြန်ပြောနေပြီး အခုကျတော့ အမှားကိုချက်ချင်း ဝန်ခံနေပါ့လား…’
သို့သော်လည်း အိမ်မှထွက်ပြေးသည့် ရှုကျမ့်လီ၏အမှားများအတွက် သူအပြစ် ဆက်တင်ဖို့ စိတ်ကူး မရှိတော့ပါ။
ယဲ့ရှောင်ရှောင်နှင့် ရုတ်တရက် ရင်ဆိုင်လိုက်ရသဖြင် ရှုကျမ့်ဝမ် ဘာပြောရမှန်း မသိတော့ချေ။
တစ်ဖက်တွင် ယဲ့ရှောင်ရှောင်ကမူ အတော်လေး တည်ငြိမ်အေးဆေးနေခဲ့ပါသည်။
‘ရွေးချယ်ခံ’တစ်ယောက်ကို ရင်ဆိုင်ရသည့်အခါ ခံစားရမည့် စိတ်လှုပ်ရှားမှုမျိုးကို သူမ မခံစားခဲ့ရပေ။
အမှန်တော့ သူမ အနည်းငယ်ပင် စိတ်ပျက်မိပါသည်။ ဇာတ်လိုက်မင်းသားဆိုသော်လည်း နောက်ဆုံးတွင် သာမန်မျှသာ ဖြစ်သည်။
ရှုကျမ့်လီကို ယဲ့ရှောင်ရှောင် လှည့်ပြောလိုက်သည်။
“အထုပ်အပိုးတွေ သွားပြင်တော့”
ရှုကျမ့်လီ: “ကျွန်တော်တို့ ဒီနေ့ချက်ချင်းပြန်မှာ မဟုတ်ဘူးလေ”
ယဲ့ရှောင်ရှောင်: “ဘာပဲဖြစ်ဖြစ် နင်တို့နှစ်ယောက် ဧည့်ဂေဟာမှာ သွားနေရမယ်၊ ငါ့အိမ်မှာတော့ နှစ်ယောက်စလုံး နေလို့မရဘူးလေ၊ ပြီးတော့… နင့်အစ်ကို ဒီမှာနေဖို့ကလည်း မသင့်တော်ဘူး”
ရှုကျမ့်လီလည်း မတတ်သာတော့ဘဲ သူ့ပစ္စည်းများကို သွားသိမ်းရပါတော့သည်။
သူ့ကိုလာခေါ်သည့်လူမှာ သူ့အစ်ကို ဖြစ်နေခြင်းကို အလွန်မုန်းတီးမိသည်။
ရှုကျမ့်ဝမ်၏ အကြည့်က ယဲ့ရှောင်ရှောင်ထံသို့ ပြန်လည်ရောက်ရှိလာသည်။
“ရှောင်ရှောင်၊ မင်းအခြေအနေကို ငါသိပြီးပါပြီ”
ယဲ့ရှောင်ရှောင်: “နှစ်ဝက်တောင်ကျော်နေပြီလေ၊ သိသင့်တာကြာပြီပေါ့”
“ငါ…”
“အခွင့်အရေးရတုန်း ရှင်းစရာရှိတာ ရှင်းထားလိုက်တာ ပိုကောင်းမယ်၊ ကျွန်မက ဟောက်မိသားစုရဲ့ သမီးမဟုတ်တော့ဘူး၊ အဲ့တာကြောင့် ကျွန်မတို့အရင်က စေ့စပ်ထားတာလည်း အကျုံးမဝင်တော့ဘူး၊ ရှင့်ကို ကျွန်မ လိုက်နှောင့်ယှက်မှာကိုလည်း စိတ်ပူစရာမလိုတော့ပါဘူး”
သူမသည် ဝတ္ထုကို ဖတ်ရှုဖူးသူဖြစ်ရာ ဇာတ်လိုက်မင်းသား၏စိတ်ထဲ ဖြစ်ပေါ်နေသည့်အရာများကို ဖောက်ထွင်းမြင်နိုင်ပါသည်။
ဇာတ်လိုက်မင်းသားနှင့် မင်းသမီးတို ဆုံတွေ့ပြီး ကံကြမ္မာချင်း ဆက်နွယ်နေကြပြီဖြစ်သည်။
ရှုကျမ့်ဝမ်ဘက်မှ စေ့စပ်ပွဲကို ဖျက်သိမ်းမည့်အချိန်အား စောင့်နေမည့်အစား သူမဘက်က အရင်ဖျက်သိမ်းလိုက်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။
အလွန်တည်ငြိမ်အေးဆေးနေသည့် သူမ၏ ပုံစံကိုကြည့်ရင်း ရှုကျမ့်ဝမ် စိတ်မသက်မသာ ဖြစ်သွားသည်။
“ကျမ့်လီက မင်းဆီရောက်နေမှန်း ငါမသိခဲ့ဘူး၊ အဲ့အကြောင်းပြောဖို့ ဒီကိုလာခဲ့တာလည်း မဟုတ်ဘူး၊ စေ့စပ်ထားတာ မရှိတော့ရင်တောင် ငါတို့က ငယ်သူငယ်ချင်းတွေလေ၊ မင်းတစ်ခုခုလိုအပ်တာရှိရင် ငါကူညီပေးပါ့မယ်”
ယဲ့ရှောင်ရှောင် တောက်တောက်ပပ ပြုံးလိုက်သည်။
“နေပါစေတော့၊ တစ်ယောက်ယောက် သဝန်တိုနေပါဦးမယ်”
ရှုကျမ့်ဝမ် မျက်မှောင်ကြုတ်သွားပြီး တစ်စုံတရာထပ်ပြောဖို့ ပြင်လိုက်သည်။
သို့သော် အထုပ်အပိုးများ ပြင်ဆင်ပြီးပြီဖြစ်သည့် ရှုကျမ့်လီက ပြန်ထွက်လာခဲ့သည်။
ထို့ကြောင့် ရှုကျမ့်ဝမ်သည် စကားအပိုမပြောတော့ဘဲ ယဲ့ရှောင်ရှောင်အား လေးလေးနက်နက် ကြည့်ကာ သေချာ မှာကြားလိုက်သည်။
“ရှောင်ရှောင်၊ ဒီနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ ရလဒ်ကောင်းကောင်းရပြီး ဒီနေရာကနေ အမြန်ဆုံးထွက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်၊ စိတ်လိုက်မာန်ပါ လုပ်ရပ်တွေကြောင့် မင်းဘဝကို မဖျက်ဆီးပစ်လိုက်ပါနဲ့”
ယဲ့ရှောင်ရှောင် မျက်ခုံးပင့်သွားသည်။
‘ဒီကောင်က သူများကို ဆုံးမရတာ တော်တော်ကြိုက်တာပဲ’
အကြံပေးစကားချင်းတူတူ သူ့နှုတ်မှထွက်လာသည့် အကြံပေးစကားက နားဝင်မချိုလှပါ။
ရှုကျမ့်လီက ရှုကျမ့်ဝမ်ကို ဆွဲခေါ်လိုက်ပါသည်။
“မင်းတော်တော်စကားများတာပဲ၊ သွားကြမယ်”
အစ်မရှောင်ရှောင်သည် ပညာတော်သူမဟုတ်သဖြင့် သူမကြုံတွေ့ရသည့် အခက်အခဲများကို သူ့အစ်ကိုလိုလူမျိုးက နားလည်ပေးနိုင်မည် မဟုတ်ပါ။
သူ့အစ်ကိုသည် သွမ်လဲ့လောက်ပင် အားကိုး၍မရဟု ရှုကျမ့်လီ ခံစားမိပါသည်။
အနည်းဆုံးတော့ သွမ်လဲ့မှာ အစ်မရှောင်ရှောင်ကို လေ့လာစရာစာအုပ်များ ပို့ပေးပါသေးသည်။ သူ့အစ်ကိုကမူ စာကြိုးစားဖို့ စကားဖြင့်သာ ဆရာကြီးလုပ်နေလေသည်။
‘တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဆိုတာ လွယ်တာမှတ်လို့လား!’
ရှုကျမ့်ဝမ်: “…”
ရှုကျမ့်လီသည် ယဲ့ရှောင်ရှောင် ဝယ်ပေးထားသည့် ပစ္စည်းများကို ပွေ့ပိုက်ကာ နှုတ်ဆက်လိုက်သည်။
“အစ်မရှောင်ရှောင် စာမေးပွဲပြီးတဲ့အခါကျ ကျွန်တော်ထပ်လာခဲ့ပါဦးမယ်”
ယဲ့ရှောင်ရှောင်: “နောက်တစ်ခါမလာခင် နင့်မိသားစုကို ကြိုအသိပေးခဲ့နော်၊ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ဦး”
ရှုကျမ့်လီ အားတက်သရောခေါင်းညိတ်လိုက်ပြီး ရှုကျမ့်ဝမ်နှင့်အတူ ထွက်သွားခဲ့တော့သည်။
လမ်းတွင် ရှုကျမ့်ဝမ်က ညီဖြစ်သူလက်ထဲမှ ပစ္စည်းများကိုကူသယ်ပေးဖို့ ပြင်လိုက်သည်။
သို့သော် ရှုကျမ့်လီက အမြန်ရှောင်တိမ်းကာ ငေါက်လိုက်လေသည်။
“ဒါတွေက အစ်မရှောင်ရှောင် ပေးထားတဲ့ပစ္စည်းတွေ၊ လာမထိနဲ့!”
ရှုကျမ့်ဝမ် ဆွံ့အသွားရသည်။
“ဒီနေရာမှာ ဘယ်လောက်တန်ဖိုးကြီးတဲ့ပစ္စည်းမျိုး ရှိနိုင်မှာမို့လို့လဲ”
ရှုကျမ့်လီ ဒေါသထွက်သွားသည်။
“အရာရာက ငွေနဲ့ သက်ဆိုင်နေတာ မဟုတ်ဘူး၊ မင်းက အပေါ်ယံပဲကြည့်တတ်တဲ့ကောင်ပဲ”
ရှုကျမ့်ဝမ်: “…”
တစ်ခါတရံ သူ့ဘက်မှ ရန်မဖြစ်ချင်သော်လည်း ရှုကျမ့်လီက မဖြစ်ဖြစ်အောင် ဆွပေးတတ်ပါသည်။
ရှုကျမ့်လီ: “အိမ်ပြန်ရောက်ရင် အစ်မရှောင်ရှောင်ဆီ ငါလာခဲ့တာဆိုတဲ့အကြောင်းကို ပြောမပြနဲ့နော်၊ ငါ့ကို အစ်မရှောင်ရှောင်က ခေါ်သွားတာလို့ အဖေနဲ့ အမေထင်သွားကြလိမ့်မယ်”
ရှုကျမ့်ဝမ်: “ငါသိတယ်”
ရှုကျမ့်လီ: “လိမ်ရင် ခွေးဖြစ်ပါစေလို့ကျိန်”
ရှုကျမ့်လီ: “ကလေးဆန်လိုက်တာ”
--- --- ---
ယဲ့ချန်းရှန့်သည် ဒုတိယအစ်ကို ယဲ့ချန်းအန်းထံမှ စာတစ်စောင်နှင့်အတူ ယွမ် ၁၀၀ ကို ရရှိခဲ့ပါသည်။
စာထဲတွင် သူတာဝန်တစ်ခု ပြီးဆုံးသွားပြီဖြစ်ကြောင်းနှင့် အိမ်တွင် အပြောင်းအလဲအချို့ရှိနေသည်ကို ကြားသိရကြောင်း ရေးသားထားသည်။
ထိုအပြောင်းအလဲများကြောင့် စိတ်ဖိစီးစရာမလိုဘဲ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကိုသာ အာရုံစိုက်ထားဖို့ ယဲ့ချန်းရှန့်အား မှာကြားထားပါသေးသည်။
မကြာမီ ပိတ်ရက်အချို့ရှိမည်ဖြစ်၍ အိမ်သို့ ပြန်လာဦးမည်ဟုလည်း ဆိုထားသည်။
“ကောင်းလိုက်တာ! ဒုတိယအစ်ကို ပြန်လာတော့မယ်တဲ့!”
ယဲ့ချန်းရှန့် ပျော်လွန်းသဖြင့် စာကို လုံးခြေပစ်လိုက်မိသည်။
ယဲ့ရှောင်ရှောင်က သိချင်စိတ်ဖြင့် မေးလိုက်ပါသည်။
“ဒုတိယအစ်ကိုက ဘယ်လိုပုံစံမျိုးလဲ”
ယဲ့ချန်းရှန့်: “အဖေကတော့ ဒုတိယအစ်ကိုငယ်ငယ်က သူနဲ့တူတယ်လို့ပြောတာပဲ၊ တည်ငြိမ် ရင့်ကျက်ပြီး အားကိုးရတယ်တဲ့”
ယဲ့ရှောင်ရှောင်ရယ်မောလိုက်သည်။
“အဖေက သူ့အကြောင်းသူ ပြန်ကြွားနေတာ မဟုတ်ဘူးလား”
ယဲ့ချန်းရှန့်: “ဒုတိယအစ်ကိုက တကယ်တော်တာပါ၊ နင်မြင်ရင် သိလိမ့်မယ်”
ယဲ့ချန်းယွမ်လည်း ရောက်လာပြီး စာကို ဖတ်ကြည့်ခဲ့ပါသည်။
“ဒုတိယအစ်ကိုပြန်လာရင် သူနဲ့အတူတူ တောထဲမှာ အမဲလိုက်ထွက်လို့ရတယ်!”
ယဲ့ရှောင်ရှောင်က အသိပေးလိုက်သည်။
“အစ်ကိုက စစ်ထဲဝင်မှာဆိုရင် အဲ့ဒီအချိန်လောက်ဆို စစ်တပ်ထဲရောက်နေလောက်ပြီနော်”
ယဲ့ချန်းယွမ်၏ စိတ်လှုပ်ရှားမှုများမှာ ချက်ချင်းပင် ပျက်ပြယ်သွားရတော့သည်။
ယဲ့ချန်းယွမ်: “ဟဲ့ နင်တို့အတန်းထဲက ကျန်းအာ့နီ ဘာဖြစ်တာလဲ၊ သူကျောင်းမတက်တာ တော်တော်ကြာပြီလို့ ကြားတယ်နော်”
ယဲ့ရှောင်ရှောင်သည် တစ်ဖက်လူ၏ စိတ်အခြေအနေအကြောင်းကို ပြောမပြခဲ့ပေ။
“အစားများပြီး ဖျားသွားတာဖြစ်မှာပေါ့…”
ယဲ့ချန်းယွမ်: “ဪ ငါက သူလက်ထပ်သွားပြီတောင် ထင်နေတာ”
ယဲ့ရှောင်ရှောင်: “…”
--- --- ---
စနေနေ့ မနက်ခင်းအတန်းချိန်တွင် ကျောင်း၏ အသံချဲ့စက်မှ ကြေညာချက်တစ်ခု ထွက်ပေါ်လာသည်။
ပိုင်ချွမ်အမှတ်(၁)အထက်တန်းကျောင်း၏ အထက်တန်းကျောင်းသားတစ်ဦးဖြစ်သူ လီပေါ်ဝမ်သည် တရုတ်တောင်ပိုင်း တက္ကသိုလ်သို့ အထူးဝင်ခွင့်ရရှိသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါသည်။
တရုတ်တောင်ပိုင်းတက္ကသိုလ်မှာ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ရာ ပိုင်ချွမ်အမှတ်(၁)အထက်တန်းကျောင်းအတွက် အလွန်ဂုဏ်ယူစရာ ကောင်းပါသည်။
အတန်းဆင်းသောအခါ ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းရှန့်နှင့် စကားသွားပြောခဲ့သည်။
ယဲ့ချန်းရှန့်က သူမ၏ အတွေးကို ကြိုသိနေသည့်အလား ပြုံးလျက် ရှင်းပြလိုက်သည်။
“ကျောင်းအုပ်ကြီးက ငါ့ကိုလည်း လာပြောပါသေးတယ်၊ ဒါပေမယ့် ငါက တောင်ပိုင်းတက္ကသိုလ်မှာ တက်ချင်တာ မဟုတ်ဘူးလေ၊ အဲ့တာကြောင့် လက်မခံခဲ့တာပါ”
ယဲ့ရှောင်ရှောင်: “စတုတ္ထအစ်ကိုက စစ်တက္ကသိုလ်မှာပဲ တက်ချင်တာလား”
ယခုကာလတွင် စစ်တက္ကသိုလ်သို့ ဝင်ခွင့်ရဖို့ဟူသည်မှာ ခက်ခဲသထက် ခက်ခဲလာခဲ့ပါပြီ။ နိုင်ငံတော်တစ်ဝှမ်း ပြိုင်ဆိုင်မှုများကလည်း ပြင်းထန်လှသည်။
ယဲ့ချန်းရှန့်၏ စစ်တက္ကသိုလ်အပေါ် စိတ်ဝင်စားမှုမှာ မိသားစုအစဉ်အလာကြောင့်ပင် ဖြစ်နိုင်သည်။ သူ့အဘိုး၊ အဖေနှင့် အစ်ကိုကြီးတို့အားလုံး စစ်မှုထမ်းခဲ့ဖူးပါသည်။
သို့သော် ယဲ့ရှောင်ရှောင်ကမူ ယဲ့ချန်းရှန့်အား စစ်တက္ကသိုလ်မှလွဲ၍ အခြားရွေးချယ်စရာများကိုလည်း ထည့်သွင်းစဉ်းစားစေချင်သည်။
စစ်တက္ကသိုလ်များ၏ ကျန်းမာရေး စစ်ဆေးမှုများမှာ အလွန်တင်းကျပ်ပြီး ယဲ့ချန်းရှန့်သည် ကိုယ်ခန္ဓာအားနည်းသူဖြစ်၍ ဝင်ခွင့်ရခဲ့လျှင်ပင် နည်းပညာပိုင်းဆိုင်ရာအတွက်သာ အရည်အချင်းပြည့်မှီနိုင်သည်။
အမှန်တကယ်ဆိုလျှင် ထိပ်တန်းတက္ကသိုလ်တစ်ခုခုဖြစ်နေလျှင်ပင် လုံလောက်ပါပြီ။
ပိုင်ချွမ်အမှတ်(၁) အထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများအား တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ဖြည့်ခိုင်းဖို့ စတင်ပြင်ဆင်နေပြီဖြစ်သည်။
ယဲ့ရှောင်ရှောင်သည် ရွေးချယ်စရာမရှိ၍ ကျင့်ဟွာတက္ကသိုလ်တစ်ခုတည်းကိုသာ လျှောက်ထားနိုင်သော်လည်း ယဲ့ချန်းရှန့်ကိုတော့ သေသေချာချာ စဉ်းစားစေချင်ပါသည်။
အနည်းဆုံးတော့ စစ်တက္ကသိုလ်အပြင် အခြားထိပ်တန်းတက္ကသိုလ်တစ်ခုခုကို အရံအစီအစဉ်အနေဖြင့် စဉ်းစားထားသင့်သည်။
ယဲ့ချန်းရှန့် ပြုံးလိုက်သည်။
“ငါသေချာပြန်စဉ်းစားပြီး ငါ့အတွက်အကောင်းဆုံးဖြစ်မှာကို ရွေးလိုက်ပါ့မယ်”
ယဲ့ရှောင်ရှောင်: “အစ်ကို့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် အောင်မြင်လိမ့်မယ်လို့ သမီးယုံကြည်ပါတယ်”
📗 Chapter 60
တက္ကသိုလ်ဝင်စာမေးပွဲများ မစတင်မီ နောက်ဆုံးကျောင်းပိတ်ရက်များတွင် ယဲ့ရှောင်ရှောင်သည် အစ်ကိုနှစ်ယောက်နှင့်အတူ ပိုင်ချွမ်ရွာသို့ ပြန်လာခဲ့သည်။
ရွာသို့ ပြန်ရောက်သောအခါ ယဲ့ချန်းယွမ်က ယဲ့ရှောင်ရှောင်တို့ မောင်နှမနှစ်ယောက်ကို လက်ပြ နှုတ်ဆက်ကာ သူ့အိမ်သူ ပြန်သွားခဲ့သည်။
“ဒီနေ့ည ငါလာခဲ့မယ်နော်!”
ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းရှန့်တို့လည်း သူတို့အိမ်သို့ ဆက်လျှောက်လာခဲ့ကြပါသည်။
ယခုတစ်ခေါက်တွင်မူ ယဲ့ချန်းချင့်လည်း အိမ်တွင်ရှိနေပါသည်။
မောင်နှမများ ဤသို့ ဆုံနိုင်ဖို့ဟူသည်မှာ အတော်လေး ခဲယဉ်းလှသည်။
ယဲ့ချန်းရှန့်က နှုတ်ဆက်သည်။
“အစ်ကိုကြီး မိုင်းတွင်းက ပြန်လာပြီလား”
ယဲ့ချန်းချင့်က မောင်နှမများကို အိမ်ထဲသို့ ခေါ်ကာ ပြောလိုက်သည်။
“အေးဟုတ်တယ်၊ ဒီတစ်ခေါက်ပြီးရင် ပြန်သွားဖို့ အစီအစဉ်မရှိတော့ဘူး”
ယဲ့ချန်းရှန့်က မေးမြန်းလိုက်သည်။
“မိုင်းတွင်းမှာတစ်ခုခု ဖြစ်လို့လား အစ်ကိုကြီး”
ယဲ့ချန်းချင့် သက်ပြင်းချလိုက်ပြီး မျက်မှောင်ကြုတ်လျက် ရှင်းပြလိုက်ပါသည်။
“လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က မိုင်းတွင်း လှိုဏ်ခေါင်းတွေထဲမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို ငါသတိထားမိလို့လေ၊ အဲ့တာကြောင့် အထက်ကတာဝန်ရှိသူတွေကို တင်ပြခဲ့ပေမယ့် ဘာမှအကြောင်းပြန်မလာဘူး၊ အဲ့မှာ အလုပ်ဆက်လုပ်ရန် အန္တရာယ်များနိုင်တယ်လို့ ခံစားမိလို့ ပြန်လာခဲ့လိုက်တာ”
ယဲ့ချန်းချင့်သည် ကျောင်းသားဘဝကပင် သတ္တုနှင့် တောင်တန်းများအကြောင်း ဖတ်ရှု လေ့လာရသည်ကို နှစ်သက်ပါသည်။
နောက်ပိုင်း စစ်မှုထမ်းစဉ်ကာလအတွင်းမှာလည်း အင်ဂျင်နီယာတပ်ရင်းတွင် တာဝန်ကျခဲ့ရာ ပညာရှင်များစွာနှင့် တွေ့ဆုံခဲ့ရပြီး အသိပညာတိုးပွားခဲ့ရသည်။
အကျဉ်းချုန်းအားဖြင့် ထိုမိုင်းတွင်းနယ်မြေသည် လုံခြုံမှုမရှိတော့ပေ။
ထို့ကြောင့် သူထွက်မလာခင် ရင်းနှီးသူအချို့ကိုလည်း သတိပေးခဲ့ပါသည်။ တွင်တွင်ကျယ်ကျယ်ဖြစ်သွား၍ မရသဖြင့် တစ်ဦးတစ်ယောက်ချင်းသာ တိတ်တဆိတ် သတိပေးခဲ့ရသည်။
သို့သော် အများစုက မိသားစုစားဝတ်နေရေးအတွက် ငွေရှာဖွေဖို့ လိုအပ်နေသေးသဖြင့် ထိုအလုပ်ကို မစွန့်လွှတ်နိုင်ကြသေးပေ။
ယဲ့ချန်းချင့်အနေဖြင့်လည်း ကောလဟာလများလွှင့်သည်ဟုဆိုကာ ထောင်ကျနိုင်သဖြင့် ထိုကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် သတိမပေးနိုင်ခဲ့ပေ။
ယဲ့ချန်းရှန့် မျက်မှောင်ကြုတ်သွားသည်။
“အဲ့တာဆို အရမ်းအန္တရာယ်မများနိုင်ဘူးလား၊ တစ်ခုခုသာဖြစ်သွားရင် မိသားစုတွေ တော်တော်များများ ပျက်စီးရလိမ့်မယ်”
ယဲ့ချန်းချင့်: “ဒီနှစ်နွေရာသီမှာ မိုးအရမ်း မရွာပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ၊ မုန်တိုင်းကြီးတွေနဲ့ မကြုံရသရွေ့တော့ အဆင်ပြေပါတယ်”
အိမ်ထဲတွင် မြောင်စွေ့ဖန်းသည် ယဲ့ပေါင်ချန်းလေးအား စုတ်တံဖြင့် စာရေးနည်း သင်ပေးနေပါသည်။
ကလေးငယ်၏ လက်ကောက်ဝတ်လေးများမှာ နူးညံ့သိမ်မွေ့လွန်းသဖြင့် သူရေးသမျှ စာလုံးများမှာ တွန့်လိမ်ကောက်ကွေးနေတော့သည်။
ယဲ့ရှောင်ရှောင်တို့ ပြန်လာသည်ကို မြင်သောအခါ မြောင်စွေ့ဖန်းသည် ချက်ချင်းထကာ ထမင်းဟင်းပြင်ဆင်ပေးလေတော့သည်။
“ရှောင်ရှောင် သမီးအဖေနဲ့ အမေတိုင်ပင်ပြီးသွားပြီ၊ စာမေးပွဲဖြေရမယ့်ရက်တွေမှာ သမီးတို့နဲ့အတူ အမေခဏ လာနေမယ်၊ သမီးတို့အတွက် ချက်ပြုတ်ပြင်ဆင်ပေးဖို့လေ”
ကလေးသုံးယောက်သာ အဆောင်တွင် နေထိုင်နေခြင်းဆိုလျှင် မြောင်စွေ့ဖန်း ထိုသို့တွေးမိမည်မဟုတ်ပေ။
သို့သော် သူတို့သည် ဧည့်သည်များလက်ခံနိုင်သည့် အပြင်အိမ်တစ်လုံးကို ငှားရမ်းထားခြင်းဖြစ်၍ ဤအကြံပေးချက်မှာ အတော်လေး ဆီလျော်ပါသည်။
ယဲ့ရှောင်ရှောင်က ခေါင်းညိတ်လိုက်သည်။
“အဲ့တာဆို ပိုကောင်းတာပေါ့”
ထိုအချိန်သည် အပ်ချုပ်စက်တစ်လုံး ဝယ်ယူရန်အတွက်လည်း အချိန်ကောင်းဖြစ်ပါလိမ့်မည်။
ယဲ့ရှောင်ရှောင်က သဘောတူလိုက်သည်ကို မြင်ပြီး မြောင်စွေ့ဖန်း၏ မျက်နှာမှာ အပြုံးပန်းများဖြင့် ဝေဆာသွားခဲ့ရသည်။
“အခန်းထဲမှာ သွားနားလိုက်ကြဦး၊ အမေ ချက်စရာရှိတာ ချက်လိုက်ဦးမယ်”
ယဲ့ရှောင်ရှောင်သည် ယဲ့ပေါင်ချန်းလေး စာရေးလေ့ကျင့်နေသည်ကို သွားကြည့်ခဲ့သည်။
ယဲ့ပေါင်ချန်းလေး၏ လက်ရေးမှာ အနည်းငယ် စုတ်ချာနေသေးသော်လည်း မြောင်စွေ့ဖန်းပေးထားသည့် နမူနာလက်ရေးစာအုပ်ထဲရှိ လက်ရေးလက်သားများမှာမူ စီးဆင်းနေသော ရေလှိုင်းကလေးများကဲ့သို့ အလွန်လှပပြီး သေသပ် လှပါသည်။
“ဒီနမူနာလက်ရေးစာအုပ်ကို ဘယ်ကရတာလဲ”
ထိုလက်ရေးက အဘိုးမြောင်၏ လက်ရေးနှင့်မတူမှန်း ယဲ့ရှောင်ရှောင် သတိထားမိသည်။
ယဲ့ချန်းရှန့်က လှမ်းကြည့်ကာ ပြောလိုက်သည်။
“အဲ့တာ အမေ့လက်ရေးလေ၊ အမေက လက်ရေးလှရုံတင်မကဘူး ပန်းချီလည်း ဆွဲတတ်တယ်၊ ရွာထဲက အမျိုးသမီးတွေက သူတို့ဖိနပ်တွေမှာ ပုံလှလှလေးတွေဆွဲဖို့ အမေ့ဆီပဲ လာကြတာ”
ယဲ့ရှောင်ရှောင် စိတ်ထဲမှ သက်ပြင်ချမိသည်။
မြောင်စွေ့ဖန်းသည် သူမ၏ အနုပညာပါရမီကို ဤရွာထဲတွင် ဖြုန်းတီးနေခြင်းသာ ဖြစ်သည်။
ဤကဲ့သို့ လက်ရေးအလှပညာအဆင့်နှင့်သာဆိုလျှင် ယဲ့ရှောင်ရှောင်လာခဲ့သည့် ခေတ်၌ လက်ရေးအလှပညာ သင်တန်းကျောင်းတစ်ကျောင်းပင် ဖွင့်လှစ်နိုင်ပါလိမ့်မည်။
ပန်းချီလည်း ဆွဲနိုင်လျှင် သူမ၏ တရုတ်ရိုးရာပန်းချီကားများမှာ အလွန်ပင် လူကြိုက်များပေလိမ့်မည်။
ယဲ့ပေါင်ချန်းလေးက ယဲ့ချန်းရှန့်၏ ပေါင်ပေါ်တက်ထိုင်ကာ ပူဆာလိုက်သည်။
“ဦးလေး၊ သားစာမရေးချင်တော့ဘူး၊ အပြင်မှာ သွားကစားရအောင်”
ယဲ့ချန်းချင့်က သားဖြစ်သူကို ပွေ့ချီလိုက်သည်။
“မင်းဦးလေးက စာလုပ်ရလို့ ပင်ပန်းနေတာ၊ မင်းနဲ့ကစားဖို့ အားရှိပါ့မလား”
ယဲ့ပေါင်ချန်းလေးက မျက်နှာလေးစောင်းကာ ပြောလိုက်သည်။
“သားက ဦးလေးကို သတိရနေတာ…”
ယဲ့ချန်းရှန့်သည် အပြင်ဘက်မှ ကောင်းကင်ကြီးကို လှမ်းကြည့်ကာ ဆိုလိုက်သည်။
“ဒါဆို မြစ်ဘေးမှာ ကစားဖို့ ဦးလေး ခေါ်သွားပေးမယ်လေ”
နွေရာသီတွင် အပူဒဏ် သက်သာစေဖို့အတွက် ရွာထဲမှ ကလေးများသည် ငါးဖမ်း ပုစွန်ဖမ်းရန် မြစ်ငယ်လေးသို့ သွားလေ့ရှိကြသည်။
ရေနက်ပိုင်းထဲသို့ မဆင်းသရွေ့ မိဘများကလည်း စိတ်ပူစရာမရှိဘဲ ခွင့်ပြုပေးထားကြပါသည်။
ယဲ့ပေါင်ချန်းလေးမှာ ငယ်သေးသဖြင့် တစ်ယောက်တည်း သွားခွင့်မရှိပေ။
ထို့ကြောင့် ဦးလေးဖြစ်သူက ခေါ်သွားမည်ဟုဆိုသောအခါ ဝမ်းသာအားရ အောင်ပွဲခံလိုက်လေသည်။
“ရေး!! သားငါးဖမ်းမယ်!”
ပိုင်ချွမ်ရွာသို့ ယဲ့ရှောင်ရှောင် စတင်ရောက်ရှိလာစဉ်က မျက်စိတဆုံး နှင်းများဖုံးလွှမ်းနေသည့် နေရာတစ်ခုသာ ဖြစ်ခဲ့ပါသည်။
ရွာထဲတွင် သစ်ပင်ပန်းမန်များ စိမ်းစိမ်းစိုစိုနှင့် ဝေဆာလာသည့်အချိန်တွင်လည်း သူမ အိမ်သို့ ပြန်လာရသည်က ရှားခဲ့ပါသည်။
ထိုမြစ်မှာ အတော်လေးကျယ်ပြန့်ပြီး ရွာထဲတွင် မြစ်လက်တက်အချို့ပင် ရှိနေသဖြင့် ရွာသားများက အဝတ်လျှော်ခြင်း၊ ဟင်းသီးဟင်းရွက်ဆေးကြောခြင်းများကို အလွယ်တကူ ပြုလုပ်နိုင်ပါသည်။
အချိန်မှာ စောသေးသဖြင့် ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းရှန့်တို့သည် ယဲ့ပေါင်ချန်းလေးကို ခေါ်ကာ မြစ်ကမ်းနံဘေးသို့ သွားခဲ့ကြသည်။
အသက်အနည်းငယ်ကြီးသည် ကလေးများမှာ ရေထဲတွင် ကိုယ်တစ်ပိုင်းမြုပ်ကာ ငါးဖမ်းနေကြပါသည်။
တစ်ခါတရံ လက်ဝါးခန့်အရွယ်ရှသော ငါးများကိုပင် ဖမ်းမိတတ်ကြသည်။
“ငါးတွေတကယ်ရှိနေတာပဲ”
ယဲ့ရှောင်ရှောင်သည် မြစ်ကမ်းနံဘေးတွင် ဆောင့်ကြောင့်ထိုင်လျက် ဆိုလိုက်ပါသည်။
သူမကတော့ မြစ်ထဲတွင် ဘာငါးမှ မမြင်ရပေ။
ယဲ့ပေါင်ချန်းလေးက လက်သီးလေးများကို ဆုပ်လျက် ပြောလိုက်သည်။
“ဒေါ်လေး၊ မြစ်ထဲမှာ ငါးပဲရှိတာမဟုတ်ဘူး၊ ပုစွန်တွေလည်း ရှိသေးတယ်!”
ယဲ့ရှောင်ရှောင်က ဆုံးမသည်။
“ဘာတွေပဲရှိရှိ မြစ်လယ်ခေါင်ထိ မသွားရဘူးနော်၊ ရေစီးနဲ့အတူ ပါသွားလိမ့်မယ်”
ယဲ့ပေါင်ရှန်း: “သားမဆင်းပါဘူး! ရေစီးသန်တဲ့နေရာမှာ အရူးတွေပဲကစားတာလို့ အဘိုးကပြောတယ်၊ ရေစီးသန်တယ်ဆိုတာ ဘာကိုပြောတာလဲ ဒေါ်လေး”
ယဲ့ရှောင်ရှောင်: “…”
ယဲ့ချန်းရှန့်သည် ယဲ့ပေါင်ချန်းလေး၏ ဖိနပ်များကို ချွတ်ပေးလိုက်ပြီး မြစ်ကမ်းနံဘေးရှိ ရေတိမ်ပိုင်းတွင် ကစားခွင့် ပြုလိုက်ပါသည်။
ခဏအကြာတွင် မြစ်အထက်ပိုင်း၌ ပြဿနာတစ်စုံတရာ တက်နေပုံရပြီး ရွာသားအများစုက ထိုဘက်သို့ ပြေးသွားကြပါသည်။
“မြန်မြန်လာကြ! တံတားပေါ်က တစ်ယောက်ယောက် ခုန်ချသွားလို့တဲ့!”
“တံတားအောက်က ရေက အရမ်းနက်တယ်လေ၊ ဘယ်သူ့ကလေးလဲ မသိဘူး”
လူငယ်များနှင့် အဝတ်လျှော်ဇလုံများ သယ်လာသည့် အမျိုးသမီးများမှာ တံတားရှိရာဘက်သို့ အလျင်အမြန် ပြေးသွားကြသည်။
ယဲ့ရှောင်ရှောင်ကမူ ဘာမှနားမလည်နိုင်ဘဲ ဇဝေဇဝါဖြင့် လှမ်းကြည့်နေမိပါသည်။
ယဲ့ချန်းရှန့်က ယဲ့ပေါင်ချန်းကို ချီကာ ပြောလိုက်သည်။
“တို့တွေလည်း သွားကြည့်ကြစို့”
သူတို့ တံတားဆီ ရောက်ရှိသွားချိန်တွင် မြစ်ထဲခုန်ဆင်းသွားသည့်လူကို ပြန်ဆယ်ပြီးကြပါပြီ။
ထိုလူမှာ အခြားသူမဟုတ်ဘဲ ကျောင်းမတက်သည်မှာ ကြာပြီဖြစ်သည့် ကျန်းအာ့နီ ဖြစ်နေလေသည်။
“အာ့နီ ထပါဦး! အမေ့ကို လန့်အောင်မလုပ်ပါနဲ့!”
“အာ့နီ!”
ဝမ်မေ့လီသည် ကျန်းအာ့နီ၏ ကိုယ်ပေါ်သို့ မှောက်ကာ ငိုယိုရင်း သမီးဖြစ်သူကို အသည်းအသန် လှုပ်နှိုးနေမိသည်။
ဘေးမှဝိုင်းကြည့်နေသူများကလည်း တစ်ယောက်တစ်ပေါက်နှင့် တီးတိုးပြောဆိုနေကြသည်။
“ကျန်းအာ့နီက ဘာလို့ခုန်ချသွားတာလဲ၊ သူတို့မိသားစုက ဒီလောက်အဆင်ပြေနေတာကို၊ ဘာတွေစိတ်ဓာတ်ကျစရာရှိလို့လဲ”
“လီမိသားစုနဲ့များ သက်ဆိုင်နေမလား၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အစိုးရက သစ်တောခြံတွေမှာ သစ်ပင်ခုတ်ခွင့်မပြုတော့ဘူးတဲ့၊ အဲ့တာကြောင့် လီမိသားစုကလည်း သူတို့အတွက် အကျိုးအမြတ် မရှိတော့လို့ ကျန်းမိသားစုနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းဖို့ ကြိုးစားနေတဲ့ပုံပဲ”
“လီမိသားစုက ဘာလို့အဲ့လို လုပ်ရတာလဲ၊ လူတွေလက်ညှိုးဝိုင်းထိုးကြမှာကို မကြောက်ဘူးလား”
“သူတို့တစ်မိသားစုလုံးက မြို့ပေါ်ကို ပြောင်းဖို့ကြံနေကြတာလေ၊ ဒီတောရွာကလူတွေကို ဘာဂရုစိုက်စရာ လိုတော့မှာလဲ”
ယဲ့ရှောင်ရှောင်သည် လူအုပ်ကြားထဲမှ တိုးထွက်လာခဲ့ရာ သတိလစ်နေသည့ ကျန်းအာ့နီကို မြင်လိုက်ရပါသည်။
သို့သော် မည်သူကမှ ရှေးဦးသူနာပြုစုနည်းဖြင့် ကယ်တင်မပေးကြပေ။
“ငိုမနေနဲ့ ရှေ့ကမြန်မြန်ဖယ်! အချိန်ထပ်ဆွဲနေရင် သူတကယ် သေသွားလိမ့်မယ်နော်!”
ယဲ့ရှောင်ရှောင်သည် ဝမ်မေ့လီကို ဘေးသို့ ဆွဲဖယ်ကာ ကျန်းအာ့နီအား CPR ပြုလုပ်ပေးလိုက်သည်။
ထိုအခါ ကျန်းအာ့နီ၏ ပါးစပ်ထဲမှ ရေများ ဝေါခနဲမြည်အောင် အန်ထွက်လာပါသည်။
ထို့နောက် ချောင်းတွေလည်း ပြင်းထန်စွာ ဆိုးသွားခဲ့သည်။
“အာ့နီ ဘာမှမဖြစ်ဘူးနော်! ဘာမှမဖြစ်တော့ဘူးနော်! အမေ စိတ်ပူလိုက်တာ!”
ဝမ်မေ့လီသည် ကျန်းအာ့နီအတွက် အမှန်တကယ် စိတ်ချောက်ချားသွားခဲ့ရသဖြင့် သမီးဖြစ်သူကို ဖက်ကာ သံကုန် အော်ငိုလေတော့သည်။
ငိုယိုပြီးနောက် လီသဲ့ရှုတို့ မိသားစုကိုလည်း ကျိန်ဆဲပြန်သည်။
“ဘာမှမပူနဲ့ အာ့နီ၊ သမီးအတွက် တရားမျှတမှုရအောင် အမေလုပ်ပေးမယ်!”
ကျန်းအာ့နီ၏ အစ်ကိုဖြစ်သူမှာ ဘေးတွင်ရပ်နေပြီး ဘာလုပ်ရမှန်းမသိဘဲ အနေခက်စွာ ပြောလိုက်သည်။
“အမေ၊ ညီမလေးကို အိမ်အရင်ပြန်ခေါ်သွားရအောင်”
ကျန်းအာ့နီမှာ တစ်ကိုယ်လုံးစိုရွှဲနေသဖြင့် နွေရာသီအဝတ်ပါးပါးလေးများမှာ ခန္ဓာကိုယ်နှင့်ထိကပ်နေပါသည်။
ပျိုဖော်ဝင်ခါစ မိန်းကလေးတစ်ယောက်ဖြစ်၍ မသင့်တော်သည့် မြင်ကွင်းတစ်ခုပင်ဖြစ်သည်။
ဝမ်မေ့လီက သူမကို တင်းတင်းကျပ်ကျပ်ဖက်ထားရင်း ချော့မော့ကာ အိမ်ပြန်ခေါ်သွားခဲ့သည်။
“အမေ့စကားနားထောင်နော် အာ့နီ၊ အိမ်အရင်ပြန်ကြရအောင်”