သေခြင်းတရား
Vol. 26 Ch. 359
အခန်း (၃၅၉) သေခြင်းတရား
မရဏလောကအစပ် ၊ နယ်ခြားနေရာ။
ထိုနေရာတွင် ကျန်းလန်၏ဝိညာဉ်ရှိနေပြီး နေရာအနှံ့မီးများတောက်လောင်လျှက် ရှိသည်။
ကျန်းလန်သည် မီးတာက်များကြားတွင် မတ်တတ်ရပ်လျှက် တိုက်ခိုက်ခြင်းမပြုဘဲ ပုံရိပ်များကို မီးလောင်ကျွမ်းနေသည်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
ပုံရိပ်များ၏ အော်ဟစ်ရုန်းကန် ညည်းတွားနေကြသည်များကို ကြည့်နေခဲ့သည်။ သူ့စိတ်တွင် သနားခြင်းလည်းမရှိသလို ဝမ်းမြောက်ဝမ်းသာ ဖြစ်ခြင်းလည်း မရှိပေ။
ဤသည်က ရန်သူကို ဖျက်စီးပစ်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်ပြီး သူ့အတွက်လည်း အားသာချက်အရှိဆုံး ဖြစ်သည်။
ထိုစဉ်…
မိန်းကလေးတစ်ယောက် ထွက်ပေါ်လာပြီး…
"လူသား… မင်း အဲဒါကို ခံစားမိလား"
သူမက ကျန်းလန်ကို အကဲခတ်ရင်း ဆက်ပြောသည်။
"ဒီနေရာမှာ မင်းရဲ့ တန်ခိုးစွမ်းအားတွေကို အသုံးပြုမယ်ဆိုရင် မင်းရဲ့စိတ်အရမ်းပင်ပန်းလိမ့်မယ် ၊ မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲ"
"ဒါပေမဲ့ ငါတို့ကတော့ မင်းလိုမဟုတ်ဘူး ၊ မရဏအငွေ့အသက်တွေရှိနေသရွေ့ ငါတို့က တန်ခိုးစွမ်းအားတွေ ပြည့်ဝနေလိမ့်မယ် ၊ အဲဒါက ဒီနေရာရဲ့ ထူးခြားချက်ပဲ ၊ သိပ်မကြာခင် မင်းကို တိုက်ခိုက်နေစရာတောင်မလိုဘဲ ငါတို့က ဖျက်စီးပစ်နိုင်မှာ"
ကျန်းလန်က သူမကို တစ်ချက်လှမ်းကြည့်လိုက်ပြီး တိုက်ခိုက်ခြင်း မပြုပေ။ ထို့နောက် မျက်လုံးများကို မှိတ်ထားလိုက်သည်။
တစ်ဖက်လူက တမင်သက်သက် သူ့အချိန်များကို လာရောက်ဖြုန်းတီးနေခြင်းဖြစ်လေရာ စိတ်အနှောက်အယှက် အဖြစ်မခံသင့်ပေ။
သူက ဤနေရာတွင်နေထိုင်ရင်း ကျင့်ကြံနေခဲ့သည်။
တစ်ဖက်လူက စောင့်နေသည်ဖြစ်ရာ သူကလည်း အဘယ့်ကြောင့် မစောင့်နိုင်ရမည်လဲ။ မည်သူက အရင်ဆုံး သည်းခံနိုင်မှု ကုန်ဆုံးသွားမည်ကို စောင့်ကြည့်ရမည်ပင်။
ပျက်သုဉ်းခြင်းငရဲကြီးရှစ်ထပ်က လောင်ကျွမ်းလျှက် မရဏလောကတွင် အချိန်များ လျှင်မြန်စွာ ကုန်ဆုံးသွားသည်။
မီးတောက်များက လောင်ကျွမ်းနေပြီး ကျန်းလန်ကို စကားလာပြောသည့် မိန်းမပျိုပုံရိပ်သည်လည်း မီးလောင်ကျွမ်းသွားပြီ ဖြစ်သည်။
ထို့နောက် အဘိုးအိုတစ်ယောက် ရောက်လာပြန်သည်။
သူက မတ်တတ်ရပ်ရင်း ကျန်းလန်ကို ကြည့်နေစဉ်မှာပင် မီးတောက်များက သူ့ကို လောင်ကျွမ်းသွားသည်။ သူ့ကိုကြည့်ရသည်မှာ အတော်လေး နာကျင်ခံစားသွားရဟန်ပင် ဖြစ်သည်။
သို့သော် ရန်သူက အလျှော့မပေးဘဲ စောင့်နေခဲ့သည်။ ကျန်းလန်၏ တန်ခိုးစွမ်းအားများ ကုန်ဆုံးသွားသည်အထိ စောင့်နေခဲ့သည်။
အားနည်းသည့် လူသားမျိုးနွယ်တစ်ယောက်သည် ဤနေရာတွင် အချိန်ကြာမြင့်စွာ တိုက်ခိုက်နိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။
ထိုလူသား၏စိတ်တွင် အနည်းငယ် တုန်လှုပ်သွားသည်နှင့် ဝိညာဉ်သည်လည်း ပြိုကွဲသွားမည် ဖြစ်သည်။ မရဏအငွေ့အသက်များက လူတစ်ယောက်၏စိတ်ကို လှုပ်ခါနိုင်စွမ်းရှိပြီး အကန့်အသတ်မရှိ ဝါးမျိုပစ်နိုင်သည်။
အဆုံးသတ်တွင်တော့ လူတစ်ယောက်၏စိတ်တစ်ခုလုံး အမှောင်ထုအတွင်း ကျရောက်သွားမည်ဖြစ်၏။
ဤသည်ကို မရဏလောကဟု ခေါ်ဆိုခြင်း ဖြစ်သည်။
ထိုသို့ဖြင့် အချိန် (၃) ကုန်ဆုံးသွားသည်။
အနက်ရောင်အရိပ်တစ်ခုက ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။
ကျန်းလန်က နေရာတွင်ပင် အေးအေးဆေးဆေး မတ်တတ်ရပ်နေဆဲဖြစ်ပြီး မည်သည့်ပြောင်းလဲမှုမှ မရှိခဲ့ပေ။ ပတ်ဝန်းကျင်မှ မီးတောက်များကလည်း တန်ခိုးစွမ်းအားများ လျော့နည်းသွားခြင်း မရှိသေးပေ။
အနက်ရောင်အရိပ်က လက်မလျှော့ဘဲ ဆက်လက်စောင့်ဆိုင်းနေသည်။
ထိုသို့ဖြင့် အချိန် (၁)နှစ် ကုန်ဆုံးသွားသည်။
အနက်ရောင်အရိပ်သည်လည်း နာကျင်မှုအတွေ့အကြုံကို (၁)နှစ်တိတိ ခံစားခဲ့ရသည်။
သို့တိုင် အနှီလူသားက တစ်ချက်လေးပင် အပြောင်းအလဲမရှိဘဲ နေရာတွင် မတ်တတ်ရပ်လျှက် မီးတောက်မီးလျှံများကလည်း ပြောင်းလဲခြင်းအလျဉ်းမရှိ လောင်ကျွမ်းလျှက် ရှိသည်။
"လူသား ၊ မင်းက အတော်တော့ ထူးခြားတာပဲ ၊ ဒါပေမဲ့ ဘယ်လောက်ကြာကြာတောင့်ခံနိုင်မှာလဲ"
ယခုတစ်ကြိမ် ထွက်ပေါ်လာသည်ကတော့ ဧရာမမြွေကြီးတစ်ကောင်ဖြစ်သည်။
မရေမတွက်နိုင်သည့် အနက်ရောင်ပုံရိပ်များက ကျန်းလန်ကို ဝိုင်းရံထားကြသည်။
ကျန်းလန်က မျက်လုံးကိုဖွင့်လိုက်ပြီး ထိုမြွေကြီးကို ကြည့်လိုက်သည်။
"ကျုပ် အချိန်အတော်ကြာကြာတော့ တောင့်ခံနိုင်မှာပေါ့"
မြွေကြီးက…
"မင်းရဲ့ အကန့်အသတ်က ဘယ်လောက်ရှိမလဲဆိုတာ ကျုပ် တွေ့မြင်ချင်တယ် ၊ အခု မရဏအငွေ့အသက်တွေ ပေါက်ကွဲထွက်နေတာ အထွတ်ထိပ်အဆင့်ကို ရောက်နေပြီ ၊ အခု အဲဒီအငွေ့အသက်တွေက မင်းကို အချိန်မရွေး တိုက်ခိုက်တော့မယ်"
"အဲဒီနောက်မှာတော့ မင်း သေသွားလိမ့်မယ် ၊ ကျုပ်တို့ မရဏလောကနဲ့တောင် လက်တွဲခွင့်ရမှာ မဟုတ်တော့ဘူး ၊ ဒီတော့ အခုချိန် စဉ်းစားရင် မီသေးတယ်နော်"
ကျန်းလန်က စကားတစ်ခွန်းမဆိုဘဲ မြွေကြီးကို ကြည့်နေ၏။
ထို့နောက် သူက မျက်လုံးများကို မှေးမှိတ်လိုက်သည်။ ဒီအချိန်တွင် စကားပြောနေစရာ မလိုအပ်တော့ပေ။
တစ်ဖက်လူက မလှုပ်ရှားသရွေ့ သူကလည်း လှုပ်ရှားရန် အစီအစဉ်မရှိပေ။
ကျန်းလန် ဆက်လက်ကျင့်ကြံနေရင်း ဤနေရာမှ ထွက်ခွာသွားရန် အခွင့်အရေးကို စောင့်ဆိုင်းနေသည်။ သူက တန်ခိုးစွမ်းအား လုံလောက်အောင်မြင့်မားခြင်း မရှိသေးရာ ယခုအချိန်ထိ ဤနေရာမှ လွတ်လမ်းမတွေ့သေးပေ။
ယခုတစ်ကြိမ် ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်ခြင်းက အလွန်ထူးခြားသည်။ သို့သော် သူက ပုံမှန်ဆိုလျှင် ခံနိုင်ရည်ရှိလေသည်။
ပျက်သုဉ်းခြင်းငရဲကြီးရှစ်ထပ်မှ မီးတောက်များကတော့ ရှိရှိသမျှအရာအားလုံးကို ဆက်လက်လောင်ကျွမ်းလျှက် ရှိသည်။ မီးတောက်များက တစ်ချက်လေးပင် အားလျော့သွားခြင်း မရှိဘဲ ပတ်ဝန်းကျင်တစ်ခုလုံးမှ ပုံရိပ်များကို လောင်ကျွမ်းဖျက်စီးနေခဲ့သည်။
ဤသည်က အနက်ရောင်ပုံရိပ်ကို ထိတ်လန့်စေသည်။
"လူသား… မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်အချိန်ကြာအောင် ငြိမ်ငြိမ်သက်သက် နေနိုင်ရတာလဲ"
သူ့ကိုကြည့်ရသည်မှာ ဆက်လက်စောင့်ဆိုင်းရန် ရည်ရွယ်ချက် မရှိတော့ပေ။ တန်ခိုးစွမ်းအားများ အသုံးပြုတိုက်ခိုက်ပြီး ကျန်းလန်ကို ချေမှုန်းပစ်ချင်နေပြီ ဖြစ်သည်။
နောက်ထပ်နှစ်အနည်းငယ်ဆိုလျှင် မရဏအငွေ့အသက်များ ပေါက်ကွဲထွက်ခြင်း ပြီးဆုံးတော့မည် ဖြစ်သည်။ ကျန်းလန်က သူတို့မျှော်လင့်ထားသည်ထက် ခံနိုင်ရည် ရှိနေခဲ့သည်။
သို့ဖြစ်ရာ တိုက်ခိုက်ရတော့မည် ဖြစ်သည်။
ထို့နောက် အနက်ရောင်ပုံရိပ်များက တစ်ချိန်တည်းပင် လှုပ်ရှားမှု ပြုလိုက်ကြသည်။ သူတို့အားလုံး ပြင်းထန်လွန်းသည့် အရှိန်အဟုန်ဖြင့် ကျန်းလန်ရှိရာသို့ ဝင်ရောက်လာသည်။
"မင်းက ကျုပ်တို့နဲ့ မပူးပေါင်းချင်ဘူးဆိုမှတော့ မင်းကို မရဏလောကကိုပဲဆွဲခေါ်သွားတော့မယ်"
စကားသံနှင့်အတူ အနက်ရောင်အရိပ်တစ်ခုက စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်လိုက်သည်။ အင်အားကပြင်းထန်လွန်းပြီး ကျယ်လောင်သည့်အသံကြီး ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ကျန်းလန်ကလည်း လှုပ်ရှားမှုပြုလိုက်သည်။
သူက ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီးနောက် နေရာမှာပင် ပျောက်ကွယ်သွားသည်။ ထို့နောက် အနက်ရောင်အရိပ်ရှေ့တွင် သူ ပြန်ပေါ်လာသည်။
"ဝုန်း…"
သူ့လက်သီးချက်က ထိုအနက်ရောင်အရိပ်၏ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ပတ်ဝန်းကျင်တွင် အနက်ရောင်မြူမှုံများသာလျှင် လွင့်ပျံကျန်ရစ်ခဲ့သည်။
ထို့နောက် နောက်ထပ် အနက်ရောင်အရိပ်တစ်ခုဆီသို့သွားကာ ဦးခေါင်းကို ဆုပ်ကိုင်လိုက်ကာ တစ်စစီ ဆွဲဖြဲလိုက်သည်။
"ဘန်း"
ထို့နောက် သူ့အနားတိုးကပ်လာသည့် အရိပ်တစ်ခုကိုလည်း လက်သီးဖြင့် ထိုးချလိုက်သည်။
"ဘန်း"
ကျန်းလန် နေရာမှ ပျောက်ကွယ်သွာပြီးနောက် နေရာတစ်ခုလုံးတွင် တန်ခိုးစွမ်းအား လှိုင်းလုံးကြီးများ ထွက်ပေါ်လာလေတော့သည်။
"ဘန်း"
"ဘန်း"
"ဘန်း"
များပြားလှစွာသည့် အနက်ရောင်ပုံရိပ်များ တစ်စစီအက်ကွဲသွားပြီး အခိုးအငွေ့များအဖြစ် လွင့်ပျံသွားကြသည်။
အချိန်အတန်ကြာပြီးနောက်…
ကျန်းလန်၏ ခြေထောက်အောက်တွင် အမျိုးသမီးပုံရိပ်တစ်ခုကို ခြေထောက်ဖြင့် နင်းချေထားရင်း အဆောက်အဦအပျက်အစီးများကြားတွင် ရှိနေသည့် အနက်ရောင်အရိပ်တစ်ခုကို လှမ်းကြည့်လိုက်သည်။
သူက အေးဆေးသည့်လေသံဖြင့်…
"မင်းတို့တွေ ကျုပ်ကို မနိုင်တော့ဘူး မဟုတ်လား"
အမှန်တော့ ဤနေရာမှ သတ္တဝါများက သိပ်ပြီးသန်မာခြင်း မရှိကြပေ။
သို့သော် အဆုံးမရှိ များပြားနေခြင်းက ပြဿနာဖြစ်နေခြင်းပင်။ ထိုပုံရိပ်များသည် ဘယ်တော့မှ အဆုံးမရှိသည့်အလား ထင်မှတ်ရသည်။
ကျန်းလန်ကတော့ သူ့စိတ်ထဲတွင် အပြောင်းအလဲမရှိခဲ့သလို ၎င်းတို့ကိုလည်း လျှော့မတွက်ခဲ့ပေ။ သူ့စိတ်က တည်ငြိမ်နေသရွေ့ သူ ဆက်လက်သတ်ဖြတ်နေနိုင်လေ၏။
"လူသား၊ မင်းမကြောက်ဘူးလား"
လူငယ်တစ်ယောက် ထွက်လာသည်။
သူက ကျန်းလန်ကို ပြုံး၍ ကြည့်လိုက်ရင်း…
"မင်းရဲ့ ဝိညာဉ်က ဒီနေရာမှာ ရောက်နေတယ် ၊ မင်းရဲ့ ခန္ဓာကိုယ်က ငရဲတံခါးအနားမှာ ရှိနေတယ် ၊ မင်း သိတယ်မလား"
"အခု ငရဲတံခါးနားမှာ ဘယ်သူမှ မရှိဘူး ၊ မင်းရဲ့ ရုပ်ခန္ဓာကို ကျုပ်တို့လူတွေက ဝိုင်းထားတယ် ၊ သူတို့က မင်းရဲ့ ခန္ဓာကိုယ်ကို မကြာခင် တစ်စစီ စုတ်ဖြဲပစ်ကြလိမ့်မယ်"
"မင်း ဒီနေရာက ထွက်သွားနိုင်ရင်တောင်မှ ဟိုကိုပြန်ရောက်ရင် မင်းရဲ့ရုပ်ခန္ဓာက မရှိတော့ဘူးလေ ၊ ဒါဆို မင်း လောကကြီးပေါ်က ပျောက်ကွယ်သွားမှာပဲ ၊ ဒီအကြောင်းကို မစဉ်းစားမိဘူးလား"
ကျန်းလန်က ချက်ချင်းပင် ထိုသူ၏နောက်ဘက်သို့ ရောက်ရှိသွားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကိုဆွဲဖြဲကာ တစ်စစီ ချေမွှပစ်လိုက်သည်။
"မင်း နားမလည်ပါဘူးကွာ"
ကျန်းလန်က ထိုသူ၏ ကျန်ရှိနေသော ခန္ဓာကိုယ်တစ်ဝက်ကို ငုံ့ကြည့်လိုက်ရင်း…
"ကျုပ်တစ်ယောက်တည်း မဟုတ်ဘူးကွ ၊ ကျုပ်နောက်မှ တန်ခိုးစွမ်းအားမြင့်မားတဲ့ လူတစ်ယောက် ရှိနေတယ် ၊ ကျုပ်ရဲ့တန်ခိုးစွမ်းအား မမြင့်မားသေးတဲ့အချိန်မှာ အဲဒီလူက ကျုပ်ကို အန္တရယ်တွေကနေ ကာကွယ်ပေးလိမ့်မယ်"
သူက ဆက်ပြောလိုက်သည်။
"သူက ကျုပ်ကို သိပ်အရေးမစိုက်သလို ရှိပေမယ့် ကျုပ်ရဲ့ ရုပ်ခန္ဓာက အခုဆိုရင် အန္တရယ်အကင်းဆုံး အခြေအနေမှာ ရှိနေလိမ့်မယ်"
"ဘန်း"
ပြောပြီးသည်နှင့် ကျန်းလန်က ကျန်ရှိနေသော ခန္ဓာကိုယ်တစ်ဝက်ကို ကန်ထုတ်လိုက်သည်။
သူက အန္တရယ်ကို အမြဲတမ်း ရှောင်ရှားလေ့ရှိပြီး နိုင်ခြေမရှိသည့်တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်လိုခြင်း မရှိပေ။ သို့ပေသိ သူက တာဝန်နှင့်ဝတ္တရားကို ဘယ်တော့မှ ရှောင်လွှဲခဲ့ခြင်း မရှိပေ။
သူရင်ဆိုင်ရသည့်အရာများကိုလည်း ဘယ်တော့မှ ကြောက်ရွံ့တတ်သူ မဟုတ်ပေ။
ယခုတိုက်ပွဲကဲ့သို့ပင် ဖြစ်သည်။
တိုက်ပွဲအဆုံးမသတ်သရွေ့ သူကလည်း ရပ်တန့်မည် မဟုတ်ပေ။ ထို့ပြင် ယခုရင်ဆိုင်ရသည့်တိုက်ပွဲက ခက်ခဲခြင်း မရှိပေ။
သူလုပ်ရမည်မှာ အားလုံးကို အနိုင်ယူသတ်ဖြတ်ပစ်ရန် ဖြစ်သည်။
"ဘုန်း"
ကျန်းလန် တိုက်ခိုက်လိုက်သည်။
သူ ဖြတ်သန်းသွားရာနေရာတိုင်းတွင် အနက်ရောင်အရိပ်တစ်ခု ကွဲကြေသွားပြီး အနက်ရောင်အခိုးအငွေ့များ လွင့်ပျံသွားမည် ဖြစ်သည်။
"ဝုန်း…"
သူ့ကို မည်သူမှ တားဆီးနိုင်မည် မဟုတ်ပေ။ သူက ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်သည်။
"ဘုန်း"
လက်သီးစွမ်းအားများက နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။
သံမဏိကဲ့သို့ မာကျောသည့် လက်သီးတစ်စုံကို ရင်ဆိုင်ရလေတိုင်း အနက်ရောင်အရိပ်များ ကြောက်လန့်တကြား ဖြစ်ခဲ့ကြရသည်။
အနက်ရောင်အရိပ်တစ်ခုက တုန်လှုပ်စွာဖြင့်…
"မင်း ဒီလိုသန်မာနေတာ မဖြစ်သင့်ဘူး ၊ ဘာလို့ မင်း ဒီလောက် သန်မာနေရတာလဲ ၊ မင်း ဘယ်လောက်ကြာကြာတောင့်ခံနိုင်မှာတဲ့လဲ"
သူက ကျန်းလန်ကို ကြည့်ရင်း ပြင်ပလောကမှ ထိုသူ၏ ရုပ်ခန္ဓာကို သွားရောက်ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
သူက မရဏသားရဲငယ်တစ်ကောင်ကို ငရဲတံခါးဆီသို့ စေလွှတ်လိုက်ပြီး သူ၏ ဝိညာဉ်ခွဲတစ်ခုက ထိုသားရဲနှင့် ပူးကပ်လိုက်ပါသွားသည်။
ကျန်းလန် ပြောသည့်စကားများကို သူ မယုံကြည်ပေ။
လောကတွင် မရဏအငွေ့အသက်များ၏ဒဏ်ကို ခံနိုင်ရည်ရှိသူ အလွန်နည်းပါးသည်။ ယခု တစ်ဖက်လူ၏ ရုပ်ခန္ဓာက ငရဲတံခါးအနီးတွင် ရှိနေသည်။
ဤသည်က သူတို့အတွက် အခွင့်အရေးပဲ ဖြစ်သည်။
ကျန်းလန်က "သူ့အတွက် အန္တရယ်အကင်းဆုံးအချိန်" ဟု ပြောဆိုခဲ့သည်။ ထိုအချက်က မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။
ထိုသူ တကယ်ပဲ အန္တရယ်ကင်းသည့်အနေအထားတွင်ရှိနေသည်လားဆိုသည်ကို သူကိုယ်တိုင် သိမြင်ချင်သည်။
သူက ရောင်ဝါခပ်မှိန်မှိန်ထုတ်လွှတ်ပြီး ငရဲတံခါးကို စမ်းသပ်ကြည့်လိုက်သည်။ ထိုနေရာတွင် မည်သည့်တန်ခိုးစွမ်းအားမှ ရှိမနေခဲ့ပေ။
ထို့နောက် သူက သားရဲငယ်ကို ပူးကပ်ကာ ထိုသူ၏အခြေအနေကို လေ့လာရန် လိုက်ပါသွားသည်။ အခွင့်အရေးရလျှင် ထိုသူ၏ ရုပ်ခန္ဓာကို ဖျက်စီးပစ်နိုင်မည် ဖြစ်၏။
သို့ဆိုလျှင် သူ၏ ဝိညာဉ်သည်လည်း ပျက်စီးသွားမည် ဖြစ်သည်။
သားရဲက ပြင်ပလောကသို့ တွားသွားထွက်ခွာသွားပြီး ငရဲတံခါးအဝသို့ ရောက်ရှိလာသည်။ ထို့နောက် မြေပြင်ထက်တွင် တင်ပျဉ်ခွေထိုင်နေသည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုလူငယ်သည် မရဏလောကနယ်ခြားအစပ်သို့ ရောက်ရှိနေသည့် လူသားပင် ဖြစ်ရပေမည်။
သို့သော် မည်သည့်အကာအကွယ်မှ ရှိမနေခဲ့ပေ။
"ဒါလား အန္တရယ်ကင်းတာ ၊ ဟာသပဲ"
သူက ငရဲတံခါးအပြင်ရောက်လျှင် ထိုလူသားကို မရဏလောသို့ ဆွဲခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။
သို့သော် သူဝင်ပူးလာသည့် သားရဲကောင် ငရဲတံခါးအပြင်ဘက်သို့ တွားသွားထွက်လိုက်သည်နှင့် ငရဲတံခါးနံဘေးတွင် လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
သားရဲနှင့်တွယ်ကပ်လိုက်ပါလာသည့် ဝိညာဉ်ကြိုးမျှင်မှာ အနည်းငယ်အံ့အားသင့်သွားပြီး ထိုလူရိပ်ကို လှမ်းကြည့်လိုက်သည်။
ထိုအခါ သူ့ကိုကြည့်နေသည့် မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။
ထိုမျက်ဝန်းများက အရာအားလုံးကို ကိုယ်စားပြုပြီး စကားလုံးတစ်လုံးဖြင့် အကျဉ်းချုပ် ဖော်ပြရမည်ဆိုလျှင်...
"သေခြင်းတရား"
ဟူ၍။