← Chapters

ဆဋ္ဌမမြောက်နတ်ဘုရားရာထူး

Vol. 26 Ch. 361

ဆဋ္ဌမမြောက်နတ်ဘုရားရာထူး

Vol. 26 Ch. 361

အခန်း (၃၆၁) ဆဋ္ဌမမြောက်နတ်ဘုရားရာထူး

မရဏဂူထဲမှ ထွက်လာပြီးနောက် ကျန်းလန် နဝမတောင်ထွတ်အစွန်းသို့ လှမ်းကြည့်လိုက်ပြီး ထိုနေရာသို့ ထွက်လာခဲ့သည်။

ယခုတစ်ခေါက် တစ်ယောက်တည်းကျင့်ကြံခြင်းက အရင်အချိန်များနှင့် မတူညီခဲ့ပေ။ ထို့ကြောင့် ဆရာဖြစ်သူကို သွားရောက်တွေ့ဆုံရန် လိုအပ်သည်။

ဆရာဖြစ်သူသည်လည်း တစ်စုံတစ်ခုကို အာရုံခံမိမည် ဖြစ်သည်။

မရဏဂူထဲတွင် သူပြုလုပ်ထားသည့် အစီအရင်များ အသက်ဝင်နေသည်ကို တွေ့ရသည်။ ဤသည်မှာ ငရဲတံခါးမှ သတ္တဝါတစ်ကောင်ကောင်ထွက်လာသည်ဆိုသည့်အဓိပ္ပါယ်ပင် ဖြစ်၏။

သို့သော် ထိုသတ္တဝါကို မတွေ့ရှိတော့သည်မှာ မရဏဂူအပြင်ဘက်သို့ ထွက်သွားခြင်း မဖြစ်နိုင်ပေ။ သူ့ဆရာက ထိုသတ္တဝါကိုတွေ့ရှိပြီး သတ်ဖြတ်လိုက်ခြင်းသာ ဖြစ်နိုင်သည်။

ဆရာဖြစ်သူက သူ့အခြေအနေကို သိရှိခဲ့သော်လည်း ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ သူကိုယ်တိုင် ရင်ဆိုင်ခွင့်ပေးခဲ့ဟန် ရှိသည်။

"ဆရာ…"

နဝမတောင်ထွတ်အစွန်းတွင် ထိုင်နေသည့် မော့ကျန်းသုန့်ကို ကျန်းလန်က ဦးညွှတ်ဂါရဝပြုရင်း နှုတ်ဆက်လိုက်သည်။

မော့ကျန်းသုန့်က…

"မင်း နိုးထလာပြီလား"

ထို့နောက် သူက လက်တစ်ဖက်ဝှေ့ယမ်းပြလိုက်ရင်း…

"ဆရာ့အနားလာခဲ့…"

ကျန်းလန်က အနားသို့ တိုးကပ်သွားသည်နှင့် မော့ကျန်းသုန့်က ကျန်းလန်၏ မျက်ခုံးနှစ်ခုကြားသို့ လက်နှစ်ချောင်းဖြင့်ထောက်ကာ စမ်းသပ်ကြည့်လိုက်သည်။

ခဏကြာမှ သူက လက်ကို ပြန်လည်ရုတ်သိမ်းလိုက်၏။

"ဘာအန္တရယ်မှ မရှိပါဘူး"

သူက ပြောလိုက်သည်။

ကျန်းလန်၏ စိတ်အခြေအနေက အမှားအယွင်းမရှိ အားလုံးကောင်းမွန်လေသည်။ ထိုအခါမှ ကျန်းလန်သည်လည်း စိတ်သက်သာရာရသွားပြီး သက်ပြင်းချနိုင်တော့သည်။

ထို့နောက် ကျန်းလန်က သူ့ဝိညာဉ် မရဏနယ်ခြားနေရာသို့ ရောက်သွားသည်ကို ဆရာဖြစ်သူအား ရှင်းပြလိုက်သည်။ ဤသည်က သူ့ဘဝတွင် ပထမဆုံးကြုံတွေ့ရသည့် အတွေ့အကြုံဖြစ်သည်။

သူနားမလည်သည့်အရာများကို ဆရာဖြစ်သူကို မေးမြန်းနိုင်မည်လားဟု မျှော်လင့်မိသည်။

သို့သော် မော့ကျန်းသုန့်က ပြုံးလိုက်ရင်း…

"မင်းသိချင်တာကို ဆရာလည်း မပြောနိုင်ဘူး"

ထိုစကားကြောင့် ကျန်းလန် အံံ့အားသင့်သွားသည်။

ထို့နောက် မော့ကျန်းသုန့်က စကားဆက်ပြောသည်။

"ငရဲတံခါးက ဆရာ့ကို လုံး၀ မထိခိုက်စေဘူး ၊ ပြီးတော့ အဲဒီလိုမျိုး ဆွဲခေါ်ခံရတာမျိုး တစ်ခါမှ မရှိခဲ့ဘူး"

ကျန်းလန် : "……"

သူက တန်ခိုးစွမ်းအား နည်းပါးလွန်းသည်ဟု ဆရာက ပြောနေသည်လား။

မော့ကျန်းသုန့်က…

"ဒါပေမဲ့ ဒီလိုအတွေ့အကြုံမျိုးရတာ မဆိုးပါဘူး"

သူက ဆက်ပြောသည်။

"ဖြစ်နိုင်တာက ဒါက အခွင့်အရေးခပ်သေးသေးတစ်ခုတော့ မဟုတ်ဘူး ၊ မင်းရဲ့အနာဂတ်အတွက် ကြီးမားတဲ့အထောက်အပံ့ ဖြစ်ပါလိမ့်မယ် ၊ မင်း အင်မော်တယ်အဆင့်တက်ဖို့ စမ်းသပ်ခံရတဲ့အခါ အထောက်အကူ ပြုနိုင်ပါတယ်"

ကျန်းလန်က နားလည်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဆရာပြောသည်မှာ အမှန်ပင် ဖြစ်သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က ရွှေခန္ဓာကျင့်စဉ်ကို သူ ကျင့်ကြံခဲ့သည်။

သို့သော် မရဏနယ်ခြားတွင် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးသည့်နောက် အတွေ့အကြုံများစွာ ရရှိခဲ့ပြီး သူ၏ တန်ခိုးစွမ်းအားများကိုလည်း ပိုမိုထိန်းချုပ်နိုင်ခဲ့သည်။

တိုးတက်မှုက များပြားသည်ဟု မဆိုသာသော်လည်း အရင်ကထက်ဆာလျှင် မိုင်ပေါင်းထောင်ချီကွာခြားသွားသည်ဟု ဆိုနိုင်သည်။

ဤအခွင့်အရေးကိုသာ မရရှိခဲ့လျှင် ထိုသို့သောအကွာအဝေးသို့ ရောက်ရရှိရန် အချိန်ကြာမြင့်စွာ ကျင့်ကြံရမည် ဖြစ်သည်။

သူ အချိန်ကြာမြင့်စွာ တိုက်ပွဲဝင်ခဲ့ပြီး ရန်သူများအားလုံးကို လက်သီးတစ်ချက်ဖြင့် သတ်ဖြတ်ပစ်ခဲ့သည်။ ထိုမျှရှည်လျားသည့်တိုက်ပွဲမျိုး သူ တစ်ခါမှ မတိုက်ခိုက်ဖူးခဲ့ပေ။

အနာဂတ်တွင်တော့ သူက ထိုမျှ ရှည်လျားသည့် တိုက်ပွဲမျိုးကို တိုက်ခိုက်ရန် ရွေးချယ်မည် မဟုတ်တော့ပေ။ ရန်သူဆိုပါက အမြန်ဆုံးနည်းဖြင့် သတ်ဖြတ်ပစ်ရမည်ဖြစ်ပြီး အခွင့်အရေးလုံးဝပေးမည် မဟုတ်ပေ။

***

ဆရာဖြစ်သူကို နှုတ်ဆက်ပြီးနောက် ကျန်းလန် ရင်ပြင်ဆီသို့ ထွက်လာခဲ့သည်။

သူ အချိန် (၅)နှစ်ခွဲတိတိ တံခါးပိတ်ကျင့်ကြံနေခဲ့ကြောင်း အချိန်ကို တွက်ချက်ကြည့်လိုက်သည်။

ယခုနှစ်တွင် သူ ခွန်လွန်တောင်သို့ ရောက်သည်မှာ နှစ်ပေါင်း (၄၈၀) ရှိပြီ ဖြစ်သည်။

နွေရာသီရောက်ရှိနေပြီဖြစ်ပြီး ရင်ပြင်ထက်တွင် သစ်ရွက်ကြွေများစွာ ဖုံးလွှမ်းလျှက်ရှိလေရာ သူ သန့်ရှင်းရေးလုပ်ရဦးမည် ဖြစ်သည်။

သို့သော် အလျှင်လိုစရာမရှိသောကြောင့် ရှောင်ယွိများ ရောက်နေမည်လားဟု မျှော်လင့်ကာ ခြံဝင်းဘက်သို့ ထွက်လာခဲ့သည်။

သို့သော် ရှောင်ယွိ ရှိမနေခဲ့ပေ။

ခြံဝင်းက အတော်လေး သန့်ရှင်းနေပြီး ပန်းပင်လေးများကိုလည်း ရေလောင်းပေးထားသလို ခြုံနွယ်များကိုလည်း ရှင်းလင်းပေးထားသည်။

အိမ်ထဲတွင်တွင်လည်း ဖုန်များတက်နေခြင်းမရှိဘဲ သန့်ရှင်းလျှက် ရှိ၏။

ကြည့်ရသည်မှာ အိမ်နှင့် ခြံဝင်းကို တစ်ယောက်ယောက်က မကြာခဏ သန့်ရှင်းရေးလုပ်ထားပေးဟန် ရှိသည်။ သားရဲဥလေးနှင့် ရေသဖန်းပင်လေးမှာလည်း အားနည်းနေခြင်းမရှိဘဲ ပုံမှန်အတိုင်းပင် ရှိနေသည်။

အခြေအနေကို တွေ့မြင်လိုက်သည်နှင့် ရှောင်ယွိ ဤနေရာသို့ မကြာခဏလာရောက်ကာ သန့်ရှင်းရေးလုပ်လေ့ရှိကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။

ကျန်းလန် တစ်ခဏမျှ စဉ်းစားနေမိသည်။

နဂါးတစ်ကောင်က သန့်ရှင်းရေးလုပ်မည်ဆိုလျှင် အမြီးကို ဝှေ့ယမ်းလိုက်သည်နှင့် သန့်ရှင်းရေးလုပ်ပြီးသား ဖြစ်သွားနိုင်လေရာ နဂါးမျိုးနွယ်များအတွက် အတော်လေး အဆင်ပြေဟန် ရှိသည်။

"ဝှစ်…"

ရုတ်တရက် ဓားရောင်တစ်ချက် လင်းလက်သွားသည်။

ကျန်းလန်က ချက်ချင်းပင် ဓားကိုစီးနှင်ကာ ကျေက်စိမ်းရေကန်သို့ ထွက်ခွာသွားလေတော့သည်။

***

နေရောင်က တောက်ပစွာလင်းလက်နေသည်။

ကောင်းကင်က ကြည်လင်လျှက်ရှိပြီး သစ်ရွက်များသည်လည်း ငြိမ်သက်လျှက်ရှိ၏။

ပူလောင်သည့် နွေနေပူအောက်တွင် ဓားတစ်စင်းကတော့ ကျောက်စိမ်းရေကန်ဆီ ဦးတည်ပျံသန်းလျှက် ရှိသည်။ ဓားကို စီးနှင်လာသူက ကျန်းလန်မှလွဲပြီး အခြားသူ မဟုတ်ပေ။

ပူပြင်းလှသည့် နွေရာသီအပူဒဏ်က ကျန်းလန်ကို လုံး၀ မထိခိုက်စေခဲ့ပေ။

အများအမြင်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်က မရှိမှုအာကာသ ၊ အလယ်ဆင့်ဖြစ်ပြီး တောင်သခင်များနှင့် အကြီးအကဲများကတော့ မရှိမှုအာကာ ၊ နောက်ဆုံးအဆင့်ဟု သိထားကြပေမည်။

ထိုသို့သော ကျင့်ကြံခြင်းအဆင့်က ရာသီဥတုဒဏ်ကို ကောင်းစွာခံနိုင်ရည်ရှိသည်။ သို့သော် ယခုနှစ်နွေရာသီက အရင်ကထက် ပိုမိုပူပြင်းသည်မှာ အမှန်ပင်။

"ဂျိမ်း…"

ကျောက်စိမ်းရေကန်သို့ သွားရာလမ်းတွင် မိုးခြိမ်းသံတစ်သံထွက်ပေါ်လာသည်ကို ကျန်းလန် ရုတ်တရက် ကြားလိုက်ရသည်။

မိုးခြိမ်းသံထွက်ပေါ်လာရာနေရာက နတ်ဘုရားရာထူးတည်ရှိရာနေရာမှ ဖြစ်သည်။

"နောက်ထပ် နတ်ဘုရားရာထူးတစ်ခု ထွက်ပေါ်လာဖို့ အချိန်ရောက်ပြီလား"

ကျန်းလန် တွေးလိုက်သည်။

လွန်ခဲ့သည့် (၅)နှစ်က တစ္ဆေတိုင်းပြည်ကို ကူညီခဲ့ပြီးသည့်နောက် ထိုသို့ပင် မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာခဲ့ဖူးသည်။ ထိုစဉ်ကတည်းက နတ်ဘုရားရာထူးတစ်ခု ထွက်ပေါ်လာတော့မည်ကို ကျန်းလန် သိရှိခဲ့သည်။

သို့သော် နတ်ဘုရားရာထူးဖြစ်တည်ရန် လုပ်ငန်းစဉ်တစ်ခု လိုအပ်သည်ဖြစ်လေရာ တစ်ဖက်လူသည်လည်း အချိန် (၅)နှစ်အတွင်း ၎င်းလုပ်ငန်းစဉ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်ထင်၏။

ယခုတော့ နတ်ဘုရားရာထူး ထွက်ပေါ်လာပေတော့မည်။

ကျန်းလန်က တစ္ဆေတိုင်းပြည်ကို ကူညီခဲ့ဖူးသူဖြစ်လေရာ ယခုတစ်ခေါက် နတ်ဘုရားရာထူးရရှိသူမှာ သေချာပေါက် တစ္ဆေတိုင်းပြည်ပင် ဖြစ်ရမည်ဟု ခန့်မှန်းထားသည်။

သူ့ကြောင့် တစ္ဆေတိုင်းပြည်က တိုးတက်မှုများစွာ ရရှိခဲ့သည်ဖြစ်ရာ နတ်ဘုရားရာထူးရရှိရန် အမြင့်မားဆုံးအခွင့်အရေး ရှိလေသည်။

ကျန်းလန်က ထိုမိုးခြိမ်းသံကို အရေးမစိုက်ဘဲ ဓားကို ဆက်လက်စီးနှင်သွားသည်။

သူက ဧကရာဇ်ရှီးဟယ် လှုပ်ရှားမှုပြုမည်လားဟု အတော်လေး သိချင်နေမိသည်။ ယခုတစ်ကြိမ်တွင်ရော အဋ္ဌမမင်းသားကို ကံကြမ္မာအခွင့်ကောင်းရောင်ဝါတစ်ခု ရရှိစေမည်လား။

အမှန်တော့ အဋ္ဌမမင်းသားသည် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ များစွာ ရရှိထားခဲ့သူ ဖြစ်သည်။

အချိန်အတန်ကြာသည့်တိုင် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်အထက်ရှိ ကောင်းကင်ပြင်တွင် ပြောင်းလဲမှုတစ်စုံတစ်ရာ မတွေ့ရှိရပေ။

မြေအောက်နတ်ဆိုးများ နတ်ဘုရားရာထူးရရှိစဉ်က အလင်းတန်းများ ထွက်ပေါ်လာခဲ့သော်လည်း ယခုတစ်ကြိမ်တော့ မည်သည့်ထူးခြားချက်မှ မရှိခဲ့ပေ။

ဧကရာဇ်ရှီးဟယ်က လှုပ်ရှားရန် မရည်ရွယ်ကြောင်း ထင်ရှားသည်။ သို့ဖြစ်ရာ အဋ္ဌမမင်းသားအနေဖြင့် နောက်ထပ် ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရရှိနိုင်တော့မည် မဟုတ်ပေ။

ကျောက်စိမ်းရေကန်သို့ ရောက်ခါနီးတွင် မိုးခြိမ်းသံကြီးတစ်သံ ထပ်မံထွက်ပေါ်လာပြီး ခမ်းနားထည်ဝါသောအသံနက်ကြီးတစ်သံ ကောင်းကင်ထက်မှ ဆင်းသက်လာသည်ကို ကြားလိုက်ရသည်။

"ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ တစ္ဆေတိုင်းပြည်၏ဧကရာဇ်ယိုတု"

ထိုအသံကြီးက ကျယ်လောင်လွန်းလှလေရာ ကျန်းလန်မှာ နားများပင်အူသွားရသည်။ သူ၏ နတ်ဘုရားရာထူးထွက်ပေါ်လာစဉ်ကအတိုင်း ခံစားလိုက်ရသည်။

ထိုနတ်ဘုရားရာထူးက သူ့လိုပင် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ ဖြစ်သည်။

"သူနဲ့ငါနဲ့က နန်းတော်နေရာတူနေလို့ဖြစ်ရမယ် ၊ ဒီလောက်အကျယ်ကြီးကြားရတာ မဆန်းပါဘူး"

ကျန်းလန် စိတ်ရှုတ်ထွေးစွာဖြင့် တွေးလိုက်သည်။

ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်တွင် နတ်ဘုရားရာထူး (၂)ခု ရှိလေသည်လား။

သို့ဆိုလျှင် ရှေးဟောင်းဧကရာဇ်အထက်ပိုင်းနန်းတော် ၊ ရှေးဟောင်းအနောက်နန်းတော် ၊ ရှေးဟောင်းမြောက်ပိုင်းနန်းတော်တို့သည်ရော မည်သို့ရှိမည်နည်း။

ထိုနန်းတော်များတွင်ရော ဒုတိယမြောက်နတ်ဘုရားရာထူးတစ်ခု ရှိနိုင်ပါမည်လား။ ကျန်းလန်ကတော့ ထိုသို့ မထင်ပေ။

အဘယ်ကြောင့်ဆိုသော် နတ်မိစ္ဆာများက မြောက်ပိုင်းနန်းတော်တွင် နတ်ဘုရားရာထူးကို ရရှိသွားသည့်အခါ နဂါးမျိုးနွယ်များက ရှေးဟောင်းပင်လယ်လေးခုနန်းတော်ဟုခေါ်ဆိုသည့် ရှေးဟောင်းဧကရာဇ်အထက်ပိုင်းနန်းတော်ကိုသာ ရယူနိုင်ခဲ့ကြသည်။

ထိုအချက်က မည်သို့ကွာခြားမှုရှိသည်ကို ကျန်းလန် မသိရှိပေ။

ရှေးဟောင်းဧကရာဇ်အထက်ပိုင်းနန်းတော် ၊ ရှေးဟောင်းအနောက်နန်းတော် ၊ ရှေးဟောင်းမြောက်ပိုင်းနန်းတော်တို့တွင် နတ်ဘုရားရာထူး တစ်ခုစီသာရှိလျှင် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်တွင်တော့ အဘယ့်ကြောင့် နတ်ဘုရားရာထူး (၂)ခု ရှိရပါသနည်း။

ကြည့်ရသည်မှာ အခြားနန်းတော်များမှ နတ်ဘုရားရာထူးများက အနိမ့်ပိုင်းနန်းတော်မှ နတ်ဘုရားရာထူးထက် အနည်းငယ်သာလွန်နိုင်သည်။

ကျန်းလန် ထိုအကြောင်းများကို တွေးမနေတော့ပေ။

ယခုတစ်ကြိမ် နတ်ဘုရားရာထူး ရရှိသွာသူက တစ္ဆေတိုင်းပြည်မှ ဖြစ်သည်။ နောက်ထပ် မည်သည့်မျိုးနွယ်က နတ်ဘုရားရာထူး ထပ်မံရရှိဦးမည်လဲ မပြောတတ်ပေ။

မြေအောက်နတ်ဆိုးများက နတ်ဘုရားရာထူး ရရှိပြီးဖြစ်လေရာ နတ်လူသားမျိုးနွယ်များနှင့် ဇာမဏီမျိုးနွယ်များသာ ကျန်ရစ်တော့သည်။

သို့တည်းမဟုတ် မှော်ဝိညာဉ်တောင်မှ မှော်ဆရာများသည်လည်း အခွင့်အရေးရမည်လား။

အရှေ့ဘက်စွန့်ပစ်နယ်မြေမှ ချီလင်မျိုးနွယ်များနှင့် ဘီလူးဝိညာဉ်မျိုးနွယ်များသည်လည်း အခွင့်အရေးရနိုင်သည့်တိုင် မျှော်လင့်ချက်ကတော့ နည်းပါးသည်။

သို့သော် နတ်ဘုရားရာထူး မည်မျှရှိကြောင်း ကျန်းလန် မသိရှိပေ။ ဧကရာဇ်ရှီးဟယ်ကတော့ နတ်ဘုရားရာထူးများစွာမရှိဟု ဆိုဖူးသည်။

လက်ရှိတွင် နတ်ဘုရားရာထူး (၆)ခု ထွက်ပေါ်လာပြီဖြစ်လေရာ အခြားမျိုးနွယ်များအနေဖြင့် တိုက်ခိုက်ရယူရန် မည်မျှကျန်နေသေးကြောင်း ကျန်းလန် မသိရှိပေ။

နတ်ဘုရားရာထူးများအားလုံး ကုန်ဆုံးသွားပါက အချို့သူများက သူ၏နတ်ဘုရားရာထူးကို သေချာပေါက် အာရုံစိုက်လာမည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နတ်ဘုရားရာထူးရရှိသူများထဲတွင် သူက အားအနည်းဆုံးဖြစ်သည့်အပြင် ထိုအကြောင်းကို အခြားနတ်ဘုရားများက သိရှိနိုင်သည်။

သူ့အနေဖြင့် တန်ခိုးစွမ်းအားမြင့်မားလာစေရန် အမြန်ဆုံး ကျင့်ကြံရမည် ဖြစ်၏။

လက်ရှိတွင်တော့ တန်ခိုးစွမ်းအား မြင့်မားဖို့အနေသာသာ ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကိုပင် သူ့မှာ သိမြင်နိုင်ခြင်း မရှိသေးပေ။

ခဏအကြာတွင် ကျန်းလန် ကျောက်စိမ်းရေကန်အပြင်ဘက်သို့ ရောက်ရှိလာသည်။

သို့သော် သူ အထဲမဝင်ခင်မှာပင် ကျောက်စိမ်းရေကန်တည်ရှိရာတောင်ထွတ်ဆီမှ မိန်းမပျိုလေးတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရသည်။

သူမက အပြာရောင်နှင့်အဖြူရောင်ပေါင်းစပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံနွယ်ရှည်များက လေထဲတွင် လွင့်ပျံလျှက် ရှိသည်။

ပြီးပြည့်စုံသည့်အလှတရားကို ပိုင်ဆိုင်ထားသည့် အလှဧကရီလေးပင်။

သူမက မယုံကြည်နိုင်စရာကောင်းလောက်အောင် လှပလွန်းလှသည်။

သူမသည် ဓားကိုစီးနှင်ပျံသန်းလာပြီး သူမ၏ခြေထောက်အစုံက ဖိနပ်မပါရှိဘဲ ခြေဗလာနှင့် ဖြစ်သည်။

ကျန်းလန်က အလှဧကရီလေးကို တအံ့တသြဖြင့် ကြည့်လိုက်သည်။

"လုန်ယွိ၏ဖိနပ်တွေ ထပ်ပြီးအခိုးခံရပြန်ပြီလား"

သူ တွေးလိုက်၏။

ယခု ဓားကို စီးနှင်ပျံသန်းလာသူက ရှောင်ယွိမဟုတ်ပေ။ လုန်ယွိ ဖြစ်လေသည်။

အေးစက်တည်ငြိမ်ခြင်းမှလွဲပြီး သူမတွင် အပြစ်ဆိုစရာတစ်ကွက်မှ မရှိပေ။ သို့သော် ထိုသို့တည်ငြိမ်အေးစက်ခြင်းကပင် သူမကိုပိုပြီး ပြီးပြည့်စုံစေလေသည်။

လုန်ယွိက ကျန်းလန်ရှေ့သို့ရောက်လာသည်နှင့် ချက်ချင်းပင် သေးငယ်သွားပြီး ရှောင်ယွိအသွင် ပြောင်းလဲသွားသည်။

သူမက ချက်ချင်းပင် ကျန်းလန်ကို ရယ်ပြလိုက်သည်။

ထို့နောက် သူမ၏ဖိနပ်မပါသောခြေထောက်ကို မြှောက်ပြရင်း နှုတ်ခမ်းလေးများစူလိုက်ပြီး…

"ဂိုဏ်းတူမောင်လေး ကြည့်ပါဦး ၊ ဆရာမွေးထားတဲ့ ဝိညာဉ်သားရဲက ကျွန်မရဲ့ ဖိနပ်ကိုခိုးသွားပြန်ပြီ ၊ အခု ဖိနပ်မရှိတော့ဘူး"

ကျန်းလန် : “……”

နဂါးများက အစကတည်းက ဖိနပ်စီးရင်မလိုအပ်လေရာ အခုမှပဲ ပုံစံအမှန်ဖြစ်သွားတော့သည်ဟု ကျန်းလန် တွေးလိုက်၏။

ရှောင်ယွိက သူမစီးနှင်လာသောဓားကို သိမ်းဆည်းလိုက်ကာ ကျန်းလန်၏ဓားပေါ်သို့ ခုန်တက်လိုက်သည်။

ထို့နောက် ကျန်းလန်ကို ဝမ်းသာအားရဖြင့် ပြုံးရယ်ပြလိုက်ရင်း…

"အခုမှပဲပြန်တွေ့ရတော့တယ်နော်… ဂိုဏ်းတူမောင်လေး"

All Chapters