← Chapters

ခွန်လွန်တောင်မှာအလှဆုံးနတ်သမီးလေးကဘယ်သူလဲ

Vol. 26 Ch. 362

ခွန်လွန်တောင်မှာအလှဆုံးနတ်သမီးလေးကဘယ်သူလဲ

Vol. 26 Ch. 362

အခန်း (၃၆၂) ခွန်လွန်တောင်မှာအလှဆုံးနတ်သမီးလေးကဘယ်သူလဲ

"ဂိုဏ်းတူမောင်လေး ၊ ခြံဝင်းထဲကို ကြည့်ပြီးသွားပြီလား"

ကျန်းလန်၏ ဓားကို ထိန်းချုပ်ထားသည့် တန်ခိုးစွမ်းအားများကို ရှောင်ယွိက ရပ်တန့်စေလိုက်ပြီး သူမ၏ လူသားအင်မော်တယ်တန်ခိုးစွမ်းအားများအသုံးပြုကာ ဓားကိုထိန်းချုပ် ပျံသန်းလိုက်သည်။

ဓားကို မည်သို့စီးနှင်ရမည်ကို သူမက ကျန်းလန်ကို သင်ပြပေးလိုသည်။

ကျန်းလန်သည်လည်း ထိုအချက်ကို ခံစားလိုက်ရပြီး လူသားအင်မော်တယ်တစ်ယောက်က ဓားကို မည်မျှလျှင်မြန်စွာစီးနှင်သည်ကို အတွေ့အကြုံရလိုက်သည်။

ကျန်းလန်က ပြင်ပသို့ထွက်ခွာတိုင်း ဘယ်သောအခါမှ ဓားကိုစီးနှင်လေ့ မရှိပေ။ သူ့ကို ရန်သူများ မျက်စိကျသွားပြီး အလွယ်တကူ ဒုက္ခပေးမည်စိုးသောကြောင့် ဖြစ်သည်။

သူက အမြဲတမ်း သတိရှိနေခဲ့ပြီး သူ့အတွက် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို အသုံးပြုခြင်းကသာလျှင် အကောင်းဆုံး ဖြစ်သည်။

အများအမြင်တွင် လူသားအင်မော်တယ်တစ်ယောက် ဖြစ်လာလျှင်တော့ အရာအားလုံး ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး ဓားကိုလည်း ပိုမိုလျှင်မြန်စွာ စီးနှင်နိုင်ပေလိမ့်မည်။

ခွန်လွန်တောင်တွင် လူသားအင်မော်တယ် များစွာ ရှိသည်။ အင်မော်တယ်များဆိုသည်က သာမန်ကျင့်ကြံသူများနှင့် မတူညီဘဲ ခြားနားသူများ ဖြစ်ကြ၏။

ကျန်းလန်က…

"ခြံဝင်းထဲမှာ ဂိုဏ်းတူအစ်မ သန့်ရှင်းရေးလုပ်ထားတာလား"

"ဂိုဏ်းတူမောင်လေးကိုတော့ ဘယ်မီမလဲ ၊ ကျွန်မက ဒီအလုပ်တွေ အခုမှ စလုပ်တာလေ ၊ ဂိုဏ်းတူမောင်လေးကတော့ နှစ်ပေါင်းရာနဲ့ချီပြီး သန့်ရှင်းရေးလုပ်နေတာ မဟုတ်လား"

ရှောင်ယွိက အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားဟန်ဖြင့်…

"ဂိုဏ်းတူမောင်လေးက ကျွန်မထက်ပိုပြီး တော်တယ်ထင်တယ်"

ရှောင်ယွိ သန့်ရှင်းရေးလုပ်လျှင်တော့ အိမ်၏သက်တမ်း အနှစ် (၂၀)ခန့် လျော့နည်းသွားတော့မည်ဟု ကျန်းလန်တွေးလိုက်သည်။ သို့သော် သူမ သန့်ရှင်းရေးလုပ်သည်ကို ကျန်းလန်က တားဆီးမည် မဟုတ်ပေ။

ကျန်းလန် သန့်ရှင်းရေးလုပ်ခြင်းက စိတ်တည်ငြိမ်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။ ယခုလည်း သူ နဝမတောင်ထွတ်ကို သန့်ရှင်းရေးပြုလုပ်ရဦးမည် ဖြစ်သည်။

မဟုတ်ပါက တောင်ပေါ်လမ်းတစ်လျှောက် ခြုံနွယ်များဖုံးလွှမ်းပြီး လမ်းပျောက်သွားပေလိမ့်မည်။

ထိုသို့ဆိုလျှင် နဝမတောင်ထွတ်မှာ စွန့်ပစ်ထားသည့် တောင်ထွတ်ပမာဖြစ်သွားပြီး တောင်ထွတ်၏ဂုဏ်သိက္ခာထိခိုက်စေမည် ဖြစ်သည်။

ကျန်းလန်ကတော့ ထိုသို့ လုံး၀ အဖြစ်မခံနိုင်ပေ။

***

ခဏအကြာတွင်တော့ နဝမတောင်ထွတ်သို့ ရောက်လာလေသည်။

ရှောင်ယွိက အံ့သြမှင်တက်သွားသည်။ သူမက ဓားကို ခဏမျှသာ စီးနှင်ခဲ့ရသည်ဟု ခံစားရပြီး နဝမတောင်ထွတ်သို့ ချက်ချင်းရောက်ရှိလာခဲ့ပြီ။

ရှောင်ယွိက ကျန်းလန်ကို လှည့်ကြည့်လိုက်ရင်း…

"ကျောက်စိမ်းရေကန်နဲ့ နဝမတောင်ထွတ်က တဖြည်းဖြည်းပိုပြီးနီးလာတယ်လို့ ကျွန်မ ခံစားရတယ်"

ကျန်းလန်က ဓားပေါ်မှ ဆင်းလိုက်ရင်း နူးညံ့သည့်လေသံဖြင့် ဆိုသည်။

"အဲဒါက ဂိုဏ်းတူအစ်မ ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားလို့လေ ၊ ဂိုဏ်းတူအစ်မ ဓားကိုစီးနှင်တာ ပိုပြီးမြန်လာတာကိုး"

ရှောင်ယွိက ကျန်းလန် ဘေးနားသို့ ရောက်လာပြီး သစ်သားဓားလေးကို ကျန်းလန်ကို ပေးလိုက်သည်။

သူမက…

"မဟုတ်ပါဘူး ၊ တကယ်တော့ ဂိုဏ်းတူမောင်လေး ကျွန်မအနားမှာရှိနေလို့ အချိန်တွေကို မေ့သွားတာလေ ၊ ဂိုဏ်းတူမောင်လေး တစ်ယောက်တည်းကျင့်ကြံနေတုန်းကဆိုရင် အချိန်တွေက အရမ်းနှေးတယ်လို့ ခံစားရတယ်"

ကျန်းလန်က သစ်သားဓားလေးကို ကြည့်နေပြီး မည်သည့်စကားမှ မပြောခဲ့ပေ။ ပြီးမှ ညင်သာစွာပင် သစ်သားဓားလေးကို လှမ်းယူလိုက်သည်။

သစ်သားဓားလေးထဲတွင် နဂါးသုတ်သင်ဓားဝိညာဉ် မရှိတော့သော်လည်း ထိုဓားလေးက သာမန်သစ်သားဓားတစ်လက် မဟုတ်တော့ပေ။

နဂါးသုတ်သင်ဓားဝိညာဉ် ထပ်မံထည့်သွင်းခြင်းမရှိလျှင်တောင်မှ နဂါးသုတ်သင်ဓားအဖြစ် အသုံးပြုနိုင်သေးသည်။ ဓားဝိညာဉ် ထပ်မံထည့်သွင်ခြင်းက ဓားကို အဆင့်မြှင့်တင်ခြင်းပင် ဖြစ်သည်။

ကျန်းလန်က…

"ကိုယ်စဉ်းစားမိတာ… ကိုယ်တို့ စိန်ခေါ်ပွဲယှဉ်ပြိုင်တာ နှစ် (၁၀၀) ပြည့်ခါနီးပြီနော် ၊ ဂိုဏ်းတူအစ်မ ထပ်ပြီး စိန်ခေါ်ပွဲ လုပ်ချင်သေးလား"

လွန်ခဲ့သည့် နှစ်ပေါင်း (၈၀)ကျော်က စိန်ခေါ်ပွဲ ပြုလုပ်ခဲ့သည်ဖြစ်ရာ နောက်ထပ်စိန်ခေါ်ပွဲထပ်မံပြုလုပ်ရန် (၁၀)နှစ်ကျော်ခန့်သာ အချိန်လိုတော့သည်။

ကြိုတင်ပြီး စိန်ခေါ်ပွဲလုပ်မည်ဆိုလျှင်လည်း ကျန်းလန်အတွက် အဆင်ပြေသည်။

ရှောင်ယွိကတော့ အင်မော်တယ်အဆင့်တက်ရောက်ထားသူဖြစ်လေရာ ပိုပြီး စိတ်လှုပ်ရှားပေလိမ့်မည်။  သူမကို ခဏလောက်တော့ ပျော်အောင်လုပ်ပေးလိုက်မည်ဟု ကျန်းလန် စိတ်ဆုံးဖြတ်ထား၏။

ရှောင်ယွိက ကျန်းလန်ကို ပြုံးပြလိုက်ရင်း…

"ဘာလဲ… ဂိုဏ်းတူမောင်လေးက ကျွန်မစကားကို အရမ်းနားထောင်ချင်နေပြီလား"

သူမက ဆက်ပြောသည်။

"ဂိုဏ်းတူမောင်လေးကို လေးစားသမှုနဲ့ နောက်တစ်ကြိမ် စိန်ခေါ်ရင်တော့ ကျွန်မက ကျင့်ကြံခြင်းအဆင့်ကို လျှော့ချထားမှာ မဟုတ်တော့ဘူးနော် ၊ ဒါက ဂိုဏ်းတူမောင်လေးကို ကျွန်မက အသိအမှတ်ပြုတာပါ"

"ခဏတာ ပျော်ရွှင်တော့မယ့် နဂါးမလေး"

ဟု တွေးလိုက်မိပြီး ကျန်းလန်က သူမကို အရေးမစိုက်တော့ပေ။

သူက သစ်သားဓားလေးကို ယူကာ ခြံဝင်းဆီသို့ လျှောက်သွားပြီး ဓားအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ကို ထည့်သွင်းပေးရန် ဟန်ပြင်လိုက်သည်။

ရှောင်ယွိသည်လည်း ကျန်းလန်နောက်လိုက်လာခဲ့သည်။ လေပြေက သူမ၏အဝတ်အစားများကို တိုက်ခတ်သည့်အခါ ပိုးသားကဲ့သို့ ပျော့ပြောင်းသည့်အဝတ်အစားများက သူမခန္ဓာကိုယ်တွင် ကပ်ရပ်လျှက် အလှတရားကို ပိုမိုပေါ်လွင်စေသည်။

ရုတ်တရက် ကြည့်လိုက်မည်ဆိုလျှင် အလွန်လှပသည့် မြင်ကွင်းတစ်ခုပင်။

ရှောင်ယွိ၏ခါးလေးက အလွန်သေးသွယ်ပါးလျလေရာ ကိုင်းညွှတ်လိုက်လျှင်ပင် ကျိုးကျေသွားလေမည်လားဟု ကျန်းလန် တွေးမိသည်။

ရှောင်ယွိထံမှ နဂါးတစ်ကောင်၏ရောင်ဝါကို ကျန်းလန် မခံစားရပေ။

ရှောင်ယွိက ကျန်းလန်နှင့် မျက်နှာချင်းဆိုင်ကို ဝင်ထိုင်လိုက်သည်။

ထိုအချိန် ရှောင်ယွိ၏ လည်ပင်းနှင့်ပါးပြင်ထက်တွင် အနီရောင်ဖျော့ဖျော့ အနာရွတ်ကို ကျန်းလန် တွေ့လိုက်ရသည်။

ကျန်းလန်၏အကြည့်ကို ရိပ်မိသည်နှင့် ရှောင်ယွိက ချက်ချင်းပင်မျက်နှာကို လက်ဖြင့်အုပ်လိုက်ရင်း…

"အဲဒါ မကြာခင် ပျောက်သွားလိမ့်မယ် ၊ ကျွန်မ ကျင့်ကြံနေရင်း စိတ်ရှုတ်ထွေးသွားလို့ ချီစွမ်းအားထိန်းချုပ်နိုင်စွမ်း ပျောက်ကွယ်သွားပြီး ဖြစ်သွားတာ"

ကျန်းလန်က…

"ဘာမှမဖြစ်ဘူး ၊ ဂိုဏ်းတူအစ်မက တကယ့်ကိုအရမ်းလှနေဆဲပဲ"

သူက အမှန်အတိုင်းပြောခြင်းဖြစ်သည်။

ထိုအနာရွတ်သည် ရှောင်ယွိ၏အလှတရားကို ထိခိုက်စေခြင်း အလျဉ်းမရှိပေ။

ရှောင်ယွိက မတ်တတ်ထရပ်လိုက်ရင်း…

"လှနေဆဲပဲဆိုလည်း နောက်ကျ ဒီအနာရွတ်ကို တွေ့ရမှာ မဟုတ်ပါဘူး"

သူမက ဆက်ပြောသည်။

"စိန်ခေါ်ပွဲကို စီစဉ်ထားတဲ့အတိုင်းပဲ နှစ် (၁၀၀) ပြည့်မှ လုပ်ကြတာပေါ့ ၊ ဒီနှစ်နည်းနည်းလောက်မှာ ရှင် ကျွန်မကို အမိန့်ပေးတာ နားထေင်လိုက်ဦးမယ် ၊ နောက် (၁၀)နှစ်ကျော်ရင်တော့ ကျွန်မအလှည့်ပဲ"

ကျန်းလန်က သိချင်စိတ်ဖြင့်…

"ဂိုဏ်းတူအစ်မအနိုင်ရသွားရင် ကိုယ့်ကိုအမိန့်ပေးပြီး ခိုင်းတော့မှာ မဟုတ်လား"

အစီအရင်ကိုသာ အသုံးမပြုရဘူးဆိုလျှင် သူ့အနေဖြင့် ရှောင်ယွိကို အနိုင်ယူရန် မဖြစ်နိုင်ပေ။

ထို့ပြင် ကျောက်စိမ်းရေကန်တွင် တိုက်ခိုက်မည်ဆိုလျှင်လည်း ကျန်းလန်က သူမကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ ထိုနေရာက ရှောင်ယွိ၏ပိုင်နက်ဖြစ်သည် မဟုတ်လား။

"ဒါပေါ့…"

ရှောင်ယွိက ကျန်းလန် နံဘေးတွင်ဝင်ထိုင်ရင်း ပြောလိုက်သည်။

သူမက ဘေးတိုက်အနေအထားရှိနေသည့် ကျန်းလန်၏မျက်နှာကိုကြည့်နေရင်းမှ စကားဆိုလိုက်သည်။

"ဂိုဏ်းတူမောင်လေး ၊ ခွန်လွန်တောင်မှာ အလှဆုံးနတ်သမီးက ဘယ်သူလဲဟင်"

ထိုမေးခွန်းကို ကြားသည့်အခါ ကျန်းလန်က ရှောင်ယွိဘက်သို့လှည့်ကြည့်လိုက်ရင်း…

"ဂိုဏ်းတူအစ်မပဲ မဟုတ်ဘူးလားဗျာ"

သူမက နဂါးမျိုးနွယ်ဖြစ်သည့်တိုင် သူမထက်ပိုပြီးလှပသူကို ကျန်းလန် မတွေ့ဘူးပေ။

သို့သော် သူမက နဂါးပုံစံပြောင်းလိုက်လျှင်တော့ အလှဆုံးသူက နောက်တစ်ယောက် ဖြစ်သွားပေလိမ့်မည်။

ရှောင်ယွိက သူမကိုယ်သူမ လက်ညှိုးညွှန်ပြလိုက်ရင်း…

"ကျွန်မ… ဟုတ်လား"

ကျန်းလန်က ခေါင်းညိတ်ပြသည့်အခါ သူမမျက်နှာထက်တွင် အပြုံးရိပ်လေးတစ်ခု ထင်ဟပ်လာသည်။

ထို့နောက် သူမက မတ်တတ်ရပ်လိုက်ပြီး ကျန်းလန်ခေါင်းကို ပုတ်လိုက်ရင်း…

"ဂိုဏ်းတူမောင်လေး ၊ နောက်ဆိုရင် ကျွန်မ ရှင့်ကိုကာကွယ်ပေးမယ်"

ကျန်းလန်က…

"ကိုယ်ကလည်း ဂိုဏ်းတူအစ်မကို ကာကွယ်ပေးပါ့မယ်ဗျာ"

အပြန်အလှန်ကာကွယ်ပေးခြင်းက အငြင်းပွားစရာ မရှိပေ။

သူက ရှောင်ယွိ အမြဲတမ်း ပြုံးပျော်နေစေရန် ကာကွယ်ပေးမည် ဖြစ်သည်။

ညနေပိုင်းတွင်တော့ ကျန်းလန်က နာမ်ဝိညာဉ်ခြံဝင်းကို ပြုပြင်ရင်း လိုအပ်သည့်အရာများကို ထပ်ဖြည့်လိုက်သည်။ ရှောင်ယွိပိုပြီး ပျော်စရာကောင်းစွာ ဆော့ကစားနိုင်အောင် သူက ဖန်တီးပေးထားသည်။

နာမ်ဝိညာဉ်သေရည်ဆိုင်နှင့် မတူညီသည့်အချက်မှာ နာမ်ဝိညာဉ်ခြံဝင်းထဲတွင် ရေခဲပုစဉ်းရင်ကွဲများ ရှိနေခြင်းပင်။ သူတို့ရှိနေသည်ကို အာရုံမခံမိပါက တိုက်ခိုက်ခံရမည် ဖြစ်သည်။

ထိုအကောင်များတိုက်ခိုက်လျှင် ရှောင်ယွိနဖူးတွင် အနီရောင်အဖုကြီးတစ်ခု ဖန်တီးပေးနိုင်လေ၏။ သူမ တိုက်ခိုက်ခံရတိုင်း ရှောင်ယွိက ကျန်းလန်ကို မကျေမနပ်ဖြင့် ကြည့်တတ်သည်။

ကျန်းလန်က သူမကို တမင်တကာ အနိုင်ကျင့်သည်ဆိုသည့်သဘောပင်။

ယနေ့တော့ ရှောင်ယွိ စိတ်အားထက်သန်စွာ ဆော့ကစားနေသည်ကို ကြည့်ရင်း အင်မော်တယ်ဖြစ်၍ အရွယ်ရောက်လာပြီသာဆိုသည် အရင်ကနှင့် အတူတူပင်ဖြစ်ကြောင်း ကျန်းလန် ခံစားလိုက်ရသည်။

ရှောင်ယွိနှင့်ရင်းနှီးရသည်မှာ ပိုကြာလာလေ ၊ သူမကို ပထမဆုံးတွေ့သည့်အချိန်က အရင့်ကျက်ဆုံးဖြစ်သည်ဟု ပိုခံစားရလေ ဖြစ်သည်။

ထိုစဉ်က လုန်ယွိသည် ဂိုဏ်းတူမောင်ငယ် ၊ ညီမငယ်များကို ရှာဖွေရန် တစ်ယောက်တည်း မြူခိုးများအတွင်းသို့ င်ရောက်လာခဲ့သည်။

ပြီးတော့ အားလုံးကို အန္တရယ်ကင်းစေပြီး ရန်သူများကို တစ်ယောက်တည်းရင်ဆိုင်ရန် ကျန်ရစ်ခဲ့သည်။

ထိုအကြောင်းများကို ကျန်းလန် သိရှိသည့်တိုင် သူမ၏ကိစ္စကို ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိပေ။

သို့သော် ပြန်စဉ်းစားကြည့်လျှင် ထိုစဉ်က လုန်ယွိ အသက်ရှင်သန်နိုင်ခဲ့ခြင်းအတွက် ယခုအချိန်တွင် ကျန်းလန် စိတ်သက်သာရာရခဲ့သည်ပင်။

မဟုတ်ပါက…

သူ့ဘဝသည် ယခုကဲ့သို့ ကြည်နူးစရာလေး ဖြစ်နေမည် မဟုတ်ပေ။

သူ့ရင်ထဲတွင် ရှောင်ယွိကို မည်သူနှင့်မှ အစားမထိုးနိုင်ပေ။ သူ့ဘဝကို ရှောင်ယွိကဲ့သို့ အဖော်ပြုပေးနိုင်သူ ရှိမည်မဟုတ်ဟု ထင်မှတ်မိသည်။

ရှောင်ယွိသာ သူ့ဘဝထဲဝင်ရောက်လာခြင်း မရှိလျှင် ယခုလောက်ဆိုလျှင် သူတစ်ယောက်တည်း ကျင့်ကြံရင်း တာအိုလမ်းကို တစ်ယောက်တည်း လျှောက်လှမ်းရမည် ဖြစ်သည်။

သူ တဖြည်းဖြည်း တန်ခိုးစွမ်းအားမြင့်မားလာမည် ဖြစ်သည်။

နောက်ဆုံးတော့ ဆရာဖြစ်သူကဲ့သို့ နဝမတောင်ထွတ်အစွန်းတွင် တစ်ယောက်တည်း မတ်တတ်ရပ်နေရမည် ဖြစ်သည်။

သူ၏ ကျင့်စဉ်လမ်းက အတားအဆီးမရှိ ၊ စိုးရိမ်ပူပန်ခြင်းကင်းမဲ့မည်ဖြစ်သည့်တိုင် သူ့ဘဝက သားသမီးမရှိဘဲ တစ်ယောက်တည်းအသက်ကြီးလာကာ အထီးကျန်ဆန်မည် ဖြစ်သည်။

ဤသည်က သူအမြဲတမ်းမျှော်လင့်တောင့်တခဲ့သည့် ခရီးလမ်းဖြစ်သည့်တိုင် ထိုသို့သောဘဝမျိုးက အနည်းငယ်တော့ ဝမ်းနည်းဖွယ်ရာပင်။

"ဘန်း…"

ကျန်းလန် အတွေးလွန်နေစဉ်မှာပင် သူ့နဖူးကို ပြင်းပြင်းထန်ထန် ထိုးနှက်ခံလိုက်ရသည်။

သူကချက်ချင်းပင် သူ့ကို တိုက်ခိုက်လာသည့်အရာကို ဖမ်းယူလိုက်သည်။

ထိုအရာက သိပ်ပြီးကြီးကြီးမားမားမဟုတ်သော်လည်း သူ့လက်ထဲတွင် အေးစိမ့်စိမ့်ခံစားလိုက်ရသည်။ ရေခဲပုစဉ်းရင်ကွဲတစ်ကောင်ဖြစ်၏။

ရေခဲပုစဉ်းရင်ကွဲက သူ့ကို အဘယ့်ကြောင့် တိုက်ခိုက်ရပါသနည်း။

သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ သူ့ကို တအံ့တသြဖြင့်ကြည့်နေသည့် ရှောင်ယွိကို တွေ့လိုက်ရသည်။

ရှောင်ယွိက ချက်ချင်းပင် ကောင်းကင်ထက်သို့မော့ကြည့်လိုက်ပြီး လရောင်ခြည်ကိုလက်ဖြင့်ကာရင်း တောက်ပနေသည့် ကြယ်စင်များကို ကြည့်လိုက်သည်။

"ဂိုဏ်းတူမောင်လေး ၊ ဒီနေ့ကောင်းကင်ကြီးက ကြယ်တွေစုံနေတာ အရမ်းလှတာပဲ"

ကျန်းလန်လည်း ခေါင်းမော့ကြည့်လိုက်သည်။ ယနေ့ည လေအနည်းငယ်ထန်နေသည်ဟု သူ ခံစားလိုက်ရသည်။

သူက ရေခဲပုစဉ်းရင်ကွဲကို ပြန်လွှတ်ပေးလိုက်သည်။

ထို့နောက် သူက ဂိုဏ်းတူအစ်မ၏ နဂါးအသွင်ကိုကြည့်နိုင်မည်လားဟုတွေးကာ ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကို ထုတ်ယူပြီး ရှောင်ယွိမသိအောင် ကြည့်လိုက်သည်။

သို့သော်…

ရှောင်ယွိ ကျောက်စိမ်းရေကန်တွင် မရှိလေရာ ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားထဲတွင် မည်သည့်နဂါးမှ ရှိမနေခဲ့ပေ။

All Chapters