← Chapters

အားလုံးနှင့်ရင်ဆိုင်တွေ့မိသူ

Vol. 27 Ch. 365

အားလုံးနှင့်ရင်ဆိုင်တွေ့မိသူ

Vol. 27 Ch. 365

အခန်း (၃၆၅) အားလုံးနှင့်ရင်ဆိုင်တွေ့မိသူ

နံနက်ခင်းအချိန်။

ကျန်းလန် ခွန်လွန်တောင်ခြေမှ သေရည်ဆိုင်သို့ ရောက်ရှိလာသည်။ ဆိုင်ထဲဝင်လိုက်သည်နှင့် လက်ဖက်ရည်ကြမ်းသောက်နေသော အဋ္ဌမမင်းသားကို တွေ့လိုက်ရ၏။

ကျန်းလန်က အပြင်ထွက်တိုင်း ဆရာဖြစ်သူအတွက် အကောင်းစားသေရည်တစ်အိုး ဝယ်ယူလေ့ရှိသည်။ သို့ရာတွင် ဆရာဖြစ်သူက သိပ်ပြီး သောက်လေ့မရှိသောကြောင့် မကြခဏတော့ မဝယ်ဖြစ်ပေ။

အတိအကျ မမှတ်မိတော့သော်လည်း နှစ်ပေါင်း (၅၀၀)အတွင်း သေရည်ဆိုင်မှ အကောင်းစားသေရည် တစ်ဒါဇင်ခန့်တော့ ဝယ်ယူမိသည်ထင်၏။

သို့သော်…

ကျန်းလန်က ပြင်ပလောကသို့ သိပြီးမထွက်လေရာ တာဝန်ကျေသည့်တပည့်တစ်ယောက်တော့ မဟုတ်ခဲ့ပေ။ ဆရာဖြစ်သူမှာလည်း ထိုကိစ္စကိုပင် အမြဲတမ်း စိုးရိမ်နေခဲ့ရသည်။

သူက နှစ်ပေါင်း (၅၀၀)နီးပါး တောင်ပေါ်တွင် တစ်ယောက်တည်း ကျင့်ကြံနေခဲ့သည်။ ဤသည်က တဆိတ်လွန်လွန်းပေသည်။

ကောင်တာတွင်ထိုင်နေသည့် ကလေးငယ်က ကျန်းလန်ကိုတွေ့သည်နှင့် ချက်ချင်းပင် စကားဆိုသည်။

"အစ်ကိုကြီး ၊ အကောင်းစားသေရည် လိုချင်လို့လား ၊ အဘိုး အပြင်မသွားသေးဘူး ၊ အဘိုးကို အစ်ကိုကြီးအတွက် အကောင်းစားသေရည် အရင်ဆုံး လုပ်ခိုင်းလိုက်မယ်"

ကျန်းလန်က ခေါင်းခါယမ်းလိုက်ရင်း…

"ကျုပ်က မနက်ဖန်အတွက် ကြိုပြီးမှာချင်လို့ပါ"

သူက ယနေ့ ချင်းချန်မြို့သို့သွားရန် စီစဉ်ထားသည်။

မိုးကောင်းကင်အင်မော်တယ် တန်ခိုးစွမ်းအားကို အသုံးပြု၍ မဖြစ်လေရာ အနည်းဆုံး အချိန် (၂)ရက်မှ (၃)ရက်အထိ ကြာမြင့်နိုင်သည်။

ထို့ကြောင့် သူက အကောင်းစားသေရည်ကို ကြိုတင်မှာကြားခဲ့ခြင်း ဖြစ်သည်။ ဆိုင်တွင် ရက်အနည်းငယ်ကြာသွားလျှင်လည်း အကောင်းစားသေရည်က အရသာထိခိုက်မည် မဟုတ်ပေ။

ကောင်ငယ်လေးက…

"ဟုတ် ၊ အဲဒါဆို မနက်ဖန်အတွက် စာရင်းမှတ်ထားပေးမယ်"

ကျန်းလန် အကောင်းစားသေရည် ကြိုတင်မှာယူသည်ကို ယခုတစ်ကြိမ်သာ ကြုံဖူးသည့်အတွက် ကောင်ငယ်လေး အနည်းငယ် အံ့အားသင့်နေမိ၏။

ဟုန်ယာကတော့ ဘာမှ မပြောဘဲ ကျန်းလန် သေရည်ကြိုတင်မှာကြားသည်ကို စာရင်းမှတ်နေသည်။

ထိုစဉ် အဋ္ဌမမင်းသားက ကျန်းလန်အနားသို့ ရောက်ရှိလာပြီး…

"ယောက်ဖ ဒီနေ့ အလုပ်ရှုတ်နေတာလား"

ဟု နှုတ်ဆက်လိုက်၏။

ကောင်ငယ်လေးက…

"အစ်ကိုကြီး ၊ အကောင်းစားသေရည်ရရင် ဆိုင်မှာ လာယူစရာမလိုဘူး ၊ အဋ္ဌမမင်းသားနဲ့ ပို့ခိုင်းလိုက်မယ် ၊ သူက အခု ပိုက်ဆံရဖို့ အကောင်းစားသေရည်တွေ လိုက်ပို့ပေးတဲ့အလုပ် လုပ်နေတယ်လေ"

ကျန်းလန် အဋ္ဌမင်းသားကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

တကယ့်ကို ထက်မြက်ပြီး အလုပ်ကြိုးသည့် နဂါးမင်းသားပင်။

အဋ္ဌမမင်းသားက ရယ်မောလိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"ယောက်ဖ ၊ ဒီနေ့ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ"

ကျန်းလန်က…

"ချင်းချန်မြို့ကိုသွားပြီး ပစ္စည်းလေးဘာလေး ဝယ်မလားလို့"

ရှောင်ယွိအတွက် တုတ်ထိုးသကြးလုံးသွားဝယ်ခြင်းဖြစ်ကြောင်း မည်သူမှ သိကြမည် မဟုတ်ပေ။ သိလျှင်လည်း ကျန်းလန်က အရေးမစိုက်ပေ။

သူက အစကတည်းက အခြားသူများမည်သို့ထင်မြင်မည်ကို အရေးမစိုက်တတ်သူဖြစ်ရာ မည်သည့်ကိစ္စကိုမှ လျှို့ဝှက်ထားစရာ မလိုပေ။ ရှောင်ယွိက တစ်ခုခု လိုချင်သည်ဆိုလျှင် သူ့အနေဖြင့် ဝယ်ပေးရမည်ပဲ ဖြစ်သည်။

အဋ္ဌမမင်းသားက…

"အတော်ပဲ ၊ ကျုပ်လည်း ဟင်းခတ်မှုန့်တွေသွားဝယ်ချင်နေတာ ၊ ယောက်ဖနဲ့လိုက်ခဲ့ဦးမယ် ၊ အရင်တစ်ခေါက် ဝယ်ထားတာတွေက ကုန်သွားပြီလေ

ကောင်ငယ်လေးက…

"ကျွန်တော်လည်း လိုက်ချင်တာ ၊ ဒီနေ့ အပြင်ထွက်လို့ မရလို့ဗျာ"

ကောင်ငယ်လေးမှာ ချင်းချန်မြို့သို့ မလိုက်ရသဖြင့် စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။

ထို့နောက် ကျန်းလန်နှင့် အဋ္ဌမမင်းသားတို့ ကောင်ငယ်လေးကို နှုတ်ဆက်စကားဆိုပြီး ချင်းချန်မြို့သို့ ထွက်လာခဲ့ကြသည်။

"အခု ပျက်သုဉ်းတစ်စပြင်လောကကြီးက လုံး၀ မငြိမ်မသက် ဖြစ်နေတာလေ ၊ နောက်ထပ် နှစ်နည်းနည်းလောက်ဆိုရင် ဇာမဏီကောင်မလေးက ဝူထုန်တောင်ကို ပြန်တော့မှာလို့ ကောင်လေးက ပြောတယ် ၊ အဲဒါ ကောင်မလေး ပြန်သွားရင် ပြန်မလာတော့မှာကို စိတ်ပူလို့ ကောင်လေးကလည်း လိုက်သွားဖို့ဆုံးဖြတ်ထားသတဲ့"

ဓားကိုစီးနှင်လာကြရင်း အဋ္ဌမမင်းသားက ကောင်ငယ်လေးအကြောင်း ပြောပြနေခြင်းပင်။

ထိုစကားများကို ကြားသည့်အခါ ကျန်းလန် အနည်းငယ် စိုးရိမ်သွားမိသည်။

ဇာမဏီကောင်မလေးက ကံကြမ္မာအခွင့်ကောင်းရောင်ဝါတစ်ခု ရရှိထားသူဖြစ်လေရာ သူမက ခွန်လွန်တောင်၏ ထူခြားသောရောင်ဝါကို စုပ်ယူနိုင်စွမ်း ရှိသည်။

ယခင်တစ်ချိန်က ဧကရာဇ်ရှီးဟယ်အကူအညီတောင်းသောကြောင့် ကျန်းလန် သတ်ဖြတ်လိုက်သည့် နတ်လူသားမျိုးနွယ် ကဲ့သို့ပင် ဖြစ်သည်။

ထိုလူရွယ်တွင်လည်း ကံကြမ္မာအခွင့်ကောင်းရောင်ဝါတစ်ခု ရှိနေပြီး  ခွန်လွန်တောင်၏ရောင်ဝါကို စုပ်ယူနိုင်စွမ်းရှိသူ ဖြစ်သည်။ ထို့ကြောင့် ဧကရာဇ်ရှိးဟယ်က ရှင်းလင်းပစ်လိုက်ခြင်း ဖြစ်သည်။

ထိုအကြောင်းများကို ယခုနောက်ပိုင်းမှ ကျန်းလန် ဖြည်းဖြည်းချင်း နားလည်လာခြင်း ဖြစ်၏။

ဇာမဏီကောင်မလေး ဝူထုန်တောင်သို့ ပြန်မည်ဆိုလျှင်တော့ ဇာမဏီမျိုးနွယ်များအတွက် တိုးတက်မှုအချို့ ရှိလာနိုင်သည်။ အသေးစိတ်အချက်အလက်များကို သိရှိရန်မှာတော့ စောင့်ဆိုင်းရဦးမည် ဖြစ်သည်။

နောက်ထပ် နတ်ဘုရားရာထူးတစ်ခုကို မည်သူအရင်ရရှိမည်လဲ။ ဇာမဏီမျိုးနွယ်တွေလား ၊ သို့တည်းမဟုတ် နတ်လူသားမျိုးနွယ်တွေက ရရှိသွားမည်လား ကျန်းလန် သိချင်မိသည်။

ထိုမျိုးနွယ်စု (၂)ခုမှာ နှစ်ပေါင်း သုံးရာကျော် လေးရာနီးပါး တိုက်ပွဲဆင်နွှဲနေကြသည်မှာ တကယ့်ကို အထင်ကြီးစရာပင်။

ထိုစဉ်…

"ဘုန်း"

ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။

အဋ္ဌမမင်းသားက…

"ချီလင်မျိုးနွယ်အငွေ့အသက်ရတယ် ၊ ကျုပ် ခဏလောက်သွားကြည့်လိုက်ဦးမယ် ယောက်ဖရေ"

ပြောပြီးသည်နှင့် လုန်မန် ထွက်ခွာသွားသည်။

သူက ချီလင်မျိုးနွယ်များကို သဘောမကျလှပေ။ သို့သော် ချီလင်ကောင်မလေးကတော့ သူ့အသက်ကို ကယ်တင်ခဲ့သူ ဖြစ်လေရာ သူမ အန္တရယ်ရင်ဆိုင်နေရသည်လား သွားရောက်စုံစမ်းခြင်း ဖြစ်သည်။

ကျန်းလန်က တစ်ချက်အကဲခတ်လိုက်ပြီး နောက်မှ လိုက်သွားသည်။

သာမန်အခြေအနေဆိုလျှင် လူသားအင်မော်တယ်တစ်ယောက်မျှသာဖြစ်သော ချီလင်ကောင်မလေး၏ကိစ္စကို သူက စိတ်ဝင်စားမည်မဟုတ်ဘဲ ရှောင်လွှဲသွားမည် ဖြစ်၏။

သို့သော် ထိုမိန်းကလေးက သေရည်ဆိုင်မှ ကောင်ငယ်လေးနှင့်လည်း ခင်မင်သလို အဋ္ဌမမင်းသားနှင့်လည်း ရင်းနှီးဟန် ရှိသည်။

အချိန်တစ်စက္ကန့်မျှအကြာတွင်တော့ မြေပြင်ထက်တွင် လဲကျနေသည့် အလောင်းတစ်လောင်းကို တွေ့လိုက်ရသည်။ အနီးပတ်ဝန်းကျင်တွင် ရန်သူမရှိကြောင်းသေချာတော့မှ ကျန်းလန်က အနားသို့ လမ်းလျှောက်သွားလိုက်သည်။

မြေပြင်ထက်လဲကျနေသူမှာ ချီလင်ကောင်မလေး ယန်ရှီးယွင်ပင် ဖြစ်သည်။ သူမမျက်လုံးများက မှေးမှိတ်ထားပြီး မျက်နှာထက်တွင် နာကျင်ခံစားရသည့် လက္ခဏာမရှိသည့်တိုင် အသက်ပျောက်နေပြီ ဖြစ်သည်။

အဋ္ဌမမင်းသားက စိတ်မကောင်းဖြစ်သွားဟန်ဖြင့်…

"သူ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သေဆုံးသွားတာပဲ"

ကျန်းလန်က မျက်ခုံးများကို တွန့်ချိုးထားရင်း မြေပြင်ထက်မှ ချီလင်ကောင်မလေးကို ကြည့်နေသည်။

ထိုစဉ်…

"အစ်ကို"

ရုတ်တရက်  အဋ္ဌမမင်းသားနံဘေးမှ အသံတစ်သံ ထွက်ပေါ်လာသည်။

စောစောက သေဆုံးသွားပြီဖြစ်သည့် ချီလင်ကောင်မလေး ရုတ်တရက် ထ လာခြင်း ဖြစ်သည်။ ဟန်ဆောင်မှုကတော့ အတော်လေး အထင်ကြီးစရာပင်။

ကျန်းလန်လည်း အံ့အားသင့်သွားရသည်။

သူသာ ချီလင်မျိုးနွယ် ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရလျှင် တကယ် သေပြီလား ၊ မသေသေးဘူးလားဆိုသည်ကို သေသေချာချာ အတည်ပြုရမည် ဖြစ်သလို ပို၍လည်း သတိထားသင့်သည်။ ချီလင်မျိုးနွယ်များကို လျှော့တွက်၍ မဖြစ်ပေ။

"ဒေါင်"

အဋ္ဌမမင်းသား ချက်ချင်းပင် လှံရှည်ကို ဆွဲထုတ်ကာ ယန်ရှီးယွင်ကို ရိုက်ပစ်လိုက်လေတော့၏။

***

"မှော်ဝိညာဉ်တောင်က မှော်ဆရာတစ်ယောက်နဲ့ ဆုံခဲ့တာလေ ၊ သူက ကျွန်မကိုတွေ့တာနဲ့ ဒေါကြီးမောကြီးနဲ့ သတ်ဖို့လုပ်တော့တာပဲ ၊ ဟို တောအုပ်ထဲက နတ်လူသားမျိုးနွယ်ကျနေတာပဲ ၊ စကားတစ်ခွန်းတောင် မပြောရသေးဘူး စပြီးတိုက်ခိုက်ခံလိုက်ရတယ်"

ယန်ရှီးယွင်က စကားပြောရင်း အဋ္ဌမမင်းသားနောက်သို့လိုက်လာသည်။

ကျန်းလန်ကတော့ သူတို့ရှေ့မှ လမ်းလျှောက်လျှက် ရှိပြီး သူတို့အားလုံး ချင်းချန်မြို့သို့ ဦးတည်သွားနေကြခြင်း ဖြစ်သည်။ ချင်းချန်မြို့က ခွန်လွန်တောင်နှင့် အလှမ်းဝေးသည့်နေရာတစ်ခု ဖြစ်သောကြောင့် ချီလင်ကောင်မလေးက သူတို့နှင့်အတူ လိုက်ပါလာခြင်း ဖြစ်သည်။

သူမက ခွန်လွန်တောင်ပတ်ဝန်းကျင်တွင် မျက်စိလည်နေခြင်းဖြစ်လေရာ အနည်းငယ်ဝေးကွာသည့် နေရာတစ်ခုသို့ရောက်လျှင် အိမ်ပြန်နိုင်မည်လားဟု မျှော်လင့်မိသည်။

ကျန်းလန်ကတော့ မည်သည့်စကားမှ မပြောဘဲ နှုတ်ဆိတ်နေ၏။ ထိုချီလင်လမ်းသရဲမလေးက ပုံမှန်မဟုတ်ဟု သူ ခံစားရသည်။

သူ ခွန်လွန်တောင်ပတ်ဝန်းကျင်တွင် မျက်စိလည်နေသည်မှာ လုပ်ဇာတ်တစ်ခုလား ၊ အမှန်တကယ်လား ကျန်းလန် မသိရှိပေ။ ထို့ကြောင့် သတိတစ်ချက် မလစ်ရဲပေ။

အနှီကောင်မလေးမှာ သေရည်ဆိုင်မှကောင်ငယ်လေးနှင့် အဋ္ဌမမင်းသား၏ ရိုက်နှက်ခြင်းကို မကြာခဏခံနေရသည့်တိုင် အန္တရယ်မရှိဟု မဆိုနိုင်ပေ။

အဋ္ဌမမင်းသားက…

"မင်းပြောတဲ့ နတ်လူသားမျိုးနွယ်က သေပြီထင်တယ်"

ကျန်းလန် အံ့အားသင့်သွားသည်။ နောက်ထပ်နတ်လူသားမျိုးနွယ်တစ်ယောက် သေသွားပြန်ပြီလား။

ကျန်းလန်က…

"သူ ဘယ်လိုသေသွားတာလဲ"

သူက အခြားသောအင်အားကြီးအုပ်စုများဆိုလျှင် အာရုံစိုက်မည် မဟုတ်ပေ။

သို့သော် နတ်လူသားမျိုးနွယ်များကတော့ အခြားသူများနှင့် မတူညီပေ။ သူတို့ဘက်ကလည်း ကျန်းလန်ကို အမြဲတမ်း အမှတ်ရနေကြပြီး ကျန်းလန်ကလည်း သူတို့ကို ဘယ်တော့မှ မေ့ပျောက်မည် မဟုတ်ပေ။

ထို့ကြောင့် သူက အခြားသူများထက် နတ်လူသားမျိုးနွယ်များ၏ လှုပ်ရှားမှုကို ပိုပြီးအာရုံစိုက်ခြင်း ဖြစ်သည်။

လုန်မန်က…

"လွန်ခဲ့တဲ့ (၅)နှစ်လောက်က ယောက်ဖရဲ့ဆရာကိုယ်တိုင် သတ်ပစ်လိုက်တာလေ"

ထိုအချိန်က ကြုံခဲ့ရသည့်အဖြစ်အပျက်များအားလုံးကို အဋ္ဌမမင်းသားက ပြောပြလိုက်သည်။ ထိုအခါမှ ကျန်းလန်လည်း အခြေအနေများအားလုံးကို နားလည်သွား၏။

ငရဲတံခါးတွင် မရဏအငွေ့အသက်များ ပေါက်ကွဲထွက်ချိန်တွင် နတ်မိစ္ဆာများသာမက မြေအောက်နတ်ဆိုးများနှင့် နတ်လူသားမျိုးနွယ်များသည်လည်း လှုပ်ရှားခဲ့ကြကြောင်း သိခဲ့ရသည်။

ထိုသူများအားလုံးက ငရဲတံခါးကို ပစ်မှတ်ထားခဲ့ကြခြင်းပင်။ သို့ပေသိ ဆရာဖြစ်သူက သူတို့အားလုံးကို သတ်ဖြတ်ပစ်ခဲ့သည်။

ယန်ရှီးယွင်က…

"ကျွန်မ သူတို့တွေအကုန်လုံးနဲ့ တွေ့ခဲ့ရတယ် ၊ နတ်လူသားမျိုးနွယ်တွေရော ၊ ပြီးတော့ မြေအောက်နတ်ဆိုးတွေ ၊ ဘီလူးဝိညာဉ်မျိုးနွယ်တွေရောပဲ ၊ အိုး ရှိသေးတယ်… ၊ နဂါးမျိုးနွယ်တွေ ဇာမဏီမျိုးနွယ်တွေရော စုံလို့ပါပဲ"

သူမက ဆက်ပြောသည်။

"အခုနောက်ပိုင်းတော့ မှော်ဝိညာဉ်တောင်က မှော်ဆရာတွေနဲ့ နတ်မိစ္ဆာတွေလည်း တွေ့ရတယ် ၊ အမလေး… တစ္ဆေတိုင်းပြည်က တစ္ဆေကျင့်ကြံသူနဲ့တောင် တွေ့ဖူးသေးတယ် ၊ အဲဒီလူဆို အရမ်းကြောက်စရာကောင်းတာပဲ"

ပြီးမှ သူမက သက်ပြင်းချလိုက်ရင်း…

"ဒါပေမဲ့ ကျွန်မတို့ ချီလင်မျိုးနွယ်တွေကျတော့ တစ်ယောက်တောင် မတွေ့ဘူး"

ကျန်းလန် : "……"

ဤမိန်းကလေးက အလွန်ထူးခြားလေသည်။

သူမက အင်အားကြီးအုပ်စုများထဲမှ ကျင့်ကြံသူများအားလုံးကို တွေ့ဖူးနေမှတော့ အသတ်ခံရသည်မှာ မဆန်းလှပေ။

သူမ မည်သည့်နေရာသို့သွားပါစေ အခြားသူများ၏ အစီအစဉ်များကို သိရှိသွားပြီဟု သံသယအဝင်ခံရပေလိမ့်မည်။ သူမက မသိသင့်သည့်ကိစ္စများကို သိအောင်စုံစမ်းနေသလို ဖြစ်နေသည် မဟုတ်ပါလား။

ယခုအချိန်ထိ အသက်ရှင်သန်နိုင်သည်မှာပင် တော်လွန်းသည်ဟု ဆိုရမည်။

သူမက "အတုအယောင်သေဆုံးခြင်း" နည်းလမ်းကို အသုံးပြုကာ အသက်ရှင်သန်နိုင်အောင် ထိန်းသိမ်းထားခဲ့သည်။ အချိန်ရလျှင် ထိုသို့သောပညာမျိုးကို လေ့လာထားသင့်သည်ဟု ကျန်းလန် တွေးလိုက်မိသည်။

ရန်သူကို မယှဉ်နိုင်သည့်အချိန်မျိုးတွင် ဤနည်းလမ်းကို အသုံးပြုနိုင်မည် ဖြစ်သည်။

ခွန်လွန်တောင် အနီးပတ်ဝန်းကျင်တွင် အင်အားကြီးအုပ်စုများမှ ကျင့်ကြံသူများ လှည့်ပတ်သွားလာနေကြသည်ကတော့ နတ်ဘုရားရာထူးကြောင့် ဖြစ်ပေလိမ့်မည်။ ထိုသူများထဲတွင် ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားအတွက် လာရောက်ကြသူများ ရှိလေမည်လားဟု ကျန်းလန် သိချင်မိသည်။

အချိန်အတန်ကြာပြီးနောက်…

အဋ္ဌမမင်းသား၏ မှော်ဝင်ပစ္စည်းတန်ခိုးစွမ်းအားဖြင့် သူတို့အားလုံး နေမဝင်မီ ချင်းချန်မြို့သို့ ရောက်လာခဲ့ကြသည်။

ချီလင်ကောင်မလေးကတော့ သူတို့နှင့်ဆက်လက်လိုက်ပါလာခြင်းမရှိဘဲ အရှေ့ဘက်သို့ ဆက်လက်ထွက်ခွာသွားသည်။ သူမ ခွန်လွန်တောင်မှ ထွက်ခွာသွားနိုင်ပါမည်လား ဆိုသည်ကတော့ မည်သူမှ မသိနိုင်ပေ။

ကျန်းလန်နှင့် အဋ္ဌမမင်းသားလည်း လူချင်းခွဲလိုက်ကြသည်။ လုန်မန်က ဟင်းခတ်မှုန့်များဝယ်ရန် နေရာများစွာသို့ သွားရမည်ဖြစ်ပြီး ကျန်းလန်ကတော့ လမ်းမတစ်လျှောက် တုတ်ထိုးသကြားလုံးရောင်းသူကို ရှာဖွေရမည် ဖြစ်၏။

သို့သော် သူ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည် တစ်စုံတစ်ယောက်က သူ၏ နတ်ဘုရားရာထူနာမည်ကို ခေါ်ဆိုနေကြောင်း သိလိုက်ရသည်။

"ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ တစ္ဆေတိုင်းပြည်၏ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား…"

သူ့ကို ခေါ်နေသူသည်ကား တစ္ဆေတိုင်းပြည်မှ တစ္ဆေချီစွမ်းအားပင် ဖြစ်လေတော့၏။

All Chapters