အခန်း (၂၇၅-၂၇၆)
Vol. 28 Ch. 275-276
အခန်း (၂၇၅) - ပူးပေါင်း ရှင်းလင်းရေး (၃)
လင်းထျန်းလုံ၏ လက်သည်းများသည် စက်ရုပ်မျက်လုံးကို ကုတ်ခြစ်လိုက်ရာ သတ္တုဆုတ်ဖြဲသံနှင့်အတူ နက်ရှိုင်းသော အက်ကွဲကြောင်းများပေါ်လာပြီး စွမ်းအင်အရည်များ သွေးများကဲ့သို့ ပန်းထွက်လာသည်။
အစုအဝေးက နာကျင်စွာ ဟိန်းဟောက်လိုက်ပြီး အသားများနှင့် သတ္တုများသည် ပြန်လည်ကုသရန် ရူးသွပ်စွာ တွန့်လိမ်နေကြသော်လည်း နက်နဲရေခဲကောင်းကင်ဆုတ်ဖြဲလက်သည်း၏ အစွန်းရောက်အအေးဒဏ်က ကုသမှုကို ကြီးမားစွာ နှေးကွေးစေနေသည်။
တိုက်ပွဲသည် အကျပ်အတည်းအတွင်းသို့ ကျရောက်သွားသည်။ ဤအစုအဝေး၏ ခွန်အား၊ အကာအကွယ်နှင့် ပြန်လည်ကောင်းမွန်နိုင်စွမ်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။
၎င်းက ပုပ်ပွနေသော အသားစများကို ခွာချကာ ဝံပုလွေအုပ်စုကို အနှောင့်အယှက်ပေးရန် သို့မဟုတ် ကိုယ်တိုင်ဖောက်ခွဲရန် ကြိုးစားနေလေသည်။
သို့သော် လင်းထျန်းလုံ၏ တိကျသော ကွပ်ကဲမှုအောက်တွင် မဟာနှင်းအစောင့်အရှောက်များက ဖိအားအများစုကို တောင့်ခံထားပြီး၊ သွေးအစွယ်တော်အစောင့်အရှောက်များက ပြိုင်ဘက်ကို အဆက်မပြတ် တိုက်ခိုက်ကာ၊ ယွဲ့ရီက ရန်သူ၏ ခံစားသိမြင်နိုင်စွမ်းကို အားနည်းအောင် ပြုလုပ်ပေးနေသည်။
တိုက်ပွဲအခြေအနေသည် ဝံပုလွေအုပ်စုဘက်သို့ တည်ငြိမ်စွာ ယိမ်းယိုင်လာနေလေ၏။
လင်းထျန်းလုံသည် အဆုံးအဖြတ်ပေးမည့် အခွင့်အရေးကို ရှာဖွေနေသည်။ ယွဲ့ရီ၏ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှု အမြင့်ဆုံးသို့ ရောက်ချိန်တိုင်း အစုအဝေး၏ လှုပ်ရှားမှု နှေးကွေးသွားသည်ကို သူ သတိပြုမိလိုက်သည်။
‘အခုပဲ'
ယွဲ့ရီက အသိစိတ်ရိုက်ခတ်မှု ပုံရိပ်ယောင်ကို ဖန်တီးလိုက်သည့်အခိုက်အတန့်တွင် အစုအဝေးက တောင့်တင်းသွားရာ လင်းထျန်းလုံ၏ မျက်လုံးများမှ အေးစက်သောအလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာသည်။
အချိန်-ဟင်းလင်းပြင် ရပ်တန့်ခြင်း။
သူသည် ဤဥပဒေသစွမ်းအားကို အလွန်အမင်း စုစည်းလိုက်ပြီး အစုအဝေး၏ ပျက်စီးနေသော စက်ရုပ်မျက်လုံးပတ်လည်တွင် တိကျစွာ အသုံးချလိုက်သည်။
စက်ပိုင်းဆိုင်ရာ မျက်လုံးကို ဗဟိုပြုကာ မီတာအနည်းငယ်အတွင်းရှိ ဟင်းလင်းပြင်သည် ခေတ္တရပ်နားခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
စွမ်းအင်အရည်များ ဖျန်းထုတ်ခြင်း၊ အသားများတွန့်လိမ်ခြင်းနှင့် မျက်လုံးလည်ပတ်ခြင်း လုံးဝ ရပ်တန့်လုနီးပါးဖြစ်သွားသည်။
“အခုပဲ၊ ရှိသမျှအင်အားနဲ့ အလယ်ဗဟိုကို တိုက်ခိုက်”
လင်းထျန်းလုံက ရှည်လျားစွာ ဟိန်းဟောက်လိုက်ပြီး မိုးပြာရောင်နက်နဲဝံပုလွေဝိညာဉ်ကို ခန္ဓာကိုယ်ထဲ ဝင်ရောက်စေသည်။
ရေခဲအကျဉ်းထောင်ပလ္လင်၏ ပုံရိပ်ပေါ်လာပြီး ဓာတ်ခွဲခန်းတစ်ခုလုံး၏ အပူချိန်သည် အေးခဲမှတ်အောက်သို့ ထိုးကျသွားသည်။
သူ၏ရောင်ဝါသည် မီးတောင်တစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာ၏။
ငွေပြာမိုးကြိုးလက်သည်း၊ အဆုံးစွန်သောပေါက်ကွဲမှု။
မိုးကြိုးအကျဉ်းထောင်နှင့် အကြွင်းမဲ့တိတ်ဆိတ်မှုတို့ ရောယှက်ဖိသိပ်သွားပြီး အချင်းတစ်မီတာကျော်ရှိသော ဖျက်ဆီးနိုင်သည့် စွမ်းအင်ရေစီးကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
၎င်းသည် စက်ရုပ်မျက်လုံးပေါ်ရှိ အက်ကွဲကြောင်းမှတစ်ဆင့် အစုအဝေး၏ စွမ်းအင်အားလုံးကို ထောက်ပံ့ပေးနေသည့် ပုပ်သိုးခြင်း အလယ်ဗဟိုဆီသို့ ရက်စက်စွာ ဝင်တိုက်လိုက်သည်။
ဝုန်
ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး စွမ်းအင်လှိုင်းလုံးများ ဆူနာမီကဲ့သို့ တိုက်ခတ်သွားသည်။
အနီးဆုံးဖြစ်သော လင်းထျန်းလုံသည် ရေခဲအကျဉ်းထောင်ပလ္လင်၏ ကာကွယ်မှုကြောင့် ရိုက်ခတ်မှုအများစုကို တားဆီးနိုင်ခဲ့သည်။
မဟာနှင်းအစောင့်အရှောက်များက ပေါင်းစပ်အကာအကွယ်များဖြင့် သန္တာကျောက်တန်းတစ်ခုကဲ့သို့ ခိုင်မာစွာ ရပ်တည်နေပြီး သွေးစွယ်ဧကရာဇ်အစောင့်အရှောက်များနှင့် ယွဲ့ရီတို့ကလည်း ရှောင်တိမ်းကာကွယ်ခဲ့ကြသည်။
ပေါက်ကွဲမှု၏အလယ်ဗဟိုတွင်..
ဧရာမအစုအဝေးကြီးသည် ပေါက်ကွဲသွားသော လက်နက်တိုက်ကြီးတစ်ခုနှင့် တူ နလေသည်။
စိတ်ပျက်အားငယ်ဖွယ်ငိုကြွေးသံနှင့်အတူ ၎င်း၏ခန္ဓာကိုယ်သည် အပိုင်းပိုင်းအစစ ပေါက်ကွဲသွားခဲ့၏။
မရေမတွက်နိုင်သော သတ္တုအပိုင်းအစများ၊ လောင်ကျွမ်းနေသော အသားများ၊ ပြတ်တောက်သွားသော လက်တံများနှင့် စွမ်းအင်အရည်များသည် မိုးသည်းထန်စွာ ရွာသွန်းသည့်ပမာ အရပ်မျက်နှာအားလုံးကို လွင့်စင်သွားသည်။
မီးခိုးများ ငြိမ်သက်သွားသည်နှင့် ဓာတ်ခွဲခန်းခန်းမ အလယ်ဗဟိုတွင် လောင်ကျွမ်းနေသော ဧရာမတွင်းကြီးတစ်ခုနှင့် ပြန့်ကျဲနေသော အပျက်အစီးများသာ ကျန်ရစ်ခဲ့သည်။
တွင်းအောက်ခြေတွင် လက်သီးဆုပ်အရွယ်ခန့်ရှိသော ပုပ်ပွနေသည့် စွမ်းအင်ဗဟိုချက်သည် အက်ကွဲကြောင်းများ ဖုံးလွှမ်းနေကာ လုံးဝမှေးမှိန်နေပြီး ဂျွတ်ခနဲ အသံတစ်သံ ထွက်ပေါ်လာပြီး အပိုင်းအစများစွာအဖြစ် ကွဲအက်သွားသည်။
ဓာတ်ခွဲခန်းအတွင်း နက်ရှိုင်းသောနေရာရှိ ဒေတာ တာမီနယ်တစ်ခုသည် ကျိုးပဲ့နေသော်လည်း ပြတ်တောင်းပြတ်တောင်း လင်းလက်နေဆဲဖြစ်သည်။
‘နတ်ဘုရားဖန်တီးရေး စီမံကိန်း၊ ပေါင်းစပ်သတ္တဝါစမ်းသပ်ကွင်း’၊ ‘စွမ်းအင် လွန်ကဲမှု သတိပေးချက်’ နှင့် ‘ပင်မချိတ်ဆက်မှု ပြတ်တောက်သွားသည်’ အစရှိသည့် စကားလုံးများကို ဝေဝါးဝါး မြင်တွေ့နိုင်လေသည်။
ထောင့်ရှိ သတ္တုသေတ္တာအနည်းငယ်ထဲတွင် သန့်စင်သော စွမ်းအင်သလင်းကျောက်များနှင့် စွမ်းအင်ပို့လွှတ်ရန်အတွက် ရည်ရွယ်ထားသည့် ရှားပါးသတ္တုတုံး အမျိုးအစားများစွာကို တွေ့ရသည်။
ဝံပုလွေအုပ်စုသည် စစ်မြေပြင်ကို စနစ်တကျ ရှင်းလင်းပြီး ဒဏ်ရာရသူများကို ကူညီခဲ့သည်။
ပြီးပြည့်စုံသော ပူးပေါင်းဆောင်ရွက်မှုကြောင့် ထိခိုက်သေဆုံးမှုအနည်းဆုံးဖြစ်ခဲ့၏။
လေထုထဲတွင် ယမ်းမှုန့်၊ လောင်ကျွမ်း နေသည့်အနံ့နှင့် အောင်ပွဲတို့၏ ရနံ့များဖြင့် ပြည့်နှက်နေခဲ့သည်။
ယွဲ့ရီက သက်ပြင်းချလိုက်ပြီး လင်းထျန်းလုံဘေးသို့ လျှောက်လာလေသည်။
မုန်တိုင်း တိုက်ခတ်သွားသကဲ့သို့ ဖြစ်နေသော ဓာတ်ခွဲခန်းအပျက်အစီးများကို ကြည့်ရင်း သူမ၏ ခရမ်းရောင်မျက်ဝန်းများထဲတွင် လေးနက်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
“ဒီလူသားတွေရဲ့ စွမ်းအားအပေါ် ရူးသွပ်မှုက၊ ငါ ထင်ထားတာထက် အများကြီး ပိုနေတာပဲ”
လင်းထျန်းလုံသည် လောင်ကျွမ်းနေသောတွင်းထဲမှ စွမ်းအင်ဗဟိုချက်အပိုင်းအစကို ယူလိုက်သည်နှင့် ၎င်းအတွင်းမှ ဖျက်ဆီးလိုသော စိတ်ဆန္ဒအပိုင်းအစကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။
“ဒါက အစပဲ ရှိသေးတယ်၊ စမ်းသပ်ကွင်းတစ်ခုလေးပဲ၊ သူတို့က ခြေကုပ်စခန်းတစ်ခု ဆုံးရှုံးသွားရုံနဲ့ ရပ်တန့်သွားမှာ မဟုတ်ဘူး”
သူ ယွဲ့ရီဘက်သို့ လှည့်လိုက်ပြီး သိမ်းဆည်းရမိသော ပစ္စည်းများကို ကြည့်ကာ ပြောလိုက်၏။ “သဘောတူညီချက်အရ ဒီ စွမ်းအင်သလင်းကျောက်တွေနဲ့ အထူးသတ္တုတွေကို ငါတို့ တစ်၀က်စီ ခွဲဝေယူမယ်၊ ဒေတာမှတ်တမ်းတွေကို မျှဝေမယ်”
ယင်းကိုကြားသောအခါ ယွဲ့ရီ အံ့အားသင့်သွားသည်။ အဓိကတိုက်ခိုက်မှုနှင့် အကြီးမားဆုံးအန္တရာယ်ကို ခံယူခဲ့ရသော ဝံပုလွေအုပ်စုသည် ပိုမိုတောင်းဆိုခြင်းမရှိဘဲ တရားမျှတစွာ ခွဲဝေပေးနေလေ၏။
“အဆွေတော် ဝံပုလွေဘုရင်က တကယ်ကို ကတိတည်တဲ့သူပဲ”
သူမ၏ မျက်နှာပေါ်တွင် လေးစားမှု အနည်းငယ်ရောယှက်နေသော အပြုံးတစ်ခု ပေါ်လာသည်။
“ဒါဆိုရင် နောက်ထပ် အစီအစဉ်တွေက ဘာလဲ၊ ဒီ လူသား စမ်းသပ်ခြေကုပ်စခန်းတွေကို ဆက်လက် စုံစမ်းထောက်လှမ်းဖို့လား”
“ငါတို့ ပိုပြီး အသေးစိတ်ကျတဲ့၊ ပိုမြင့်မားတဲ့အဆင့် ထောက်လှမ်းရေးသတင်း လိုအပ်တယ်” လင်းထျန်းလုံက လေးနက်စွာ ပြောလိုက်ရာ သူ၏အကြည့်များက နင်မြို့ရှိရာဆီသို့ ရောက်သွားသည်။
“နင်မြို့က အခြားလူသားအဖွဲ့အစည်း နှစ်ခုက မီးပွားသုသေသနပညာရှင်အသင်းရဲ့ ရူးသွပ်တဲ့လုပ်ရပ်တွေအကြောင်း ဘယ်လောက်အထိ သိထားသလဲဆိုတာကို ငါတို့ သိဖို့ လိုတယ်၊ သူတို့ရဲ့ သဘောထားက ငါတို့ရဲ့ နောက်ထပ်လှုပ်ရှားမှုကို အဆုံးအဖြတ်ပေးလိမ့်မယ်”
ဤစမ်းသပ်မိုင်းတွင်းကို သိမ်းပိုက်ခြင်းသည် ရန်သူ၏လက်တံတစ်ခုကို ဖြတ်တောက်လိုက်ခြင်းမျှသာ ဖြစ်ကြောင်း သူ ရှင်းလင်းစွာ သိထားလေသည်။
အစစ်အမှန် မုန်တိုင်းမျက်စိသည် လူသားများစုဝေးရာ ထိုမြို့အတွင်းတွင် တိတ်ဆိတ်စွာ ဖြစ်ပေါ်နေနိုင်လေသည်။
………..
ရေနက်ချောက်ကမ်းပါး အနက်ရှိုင်းဆုံးနေရာရှိ မီးခိုးငွေ့များ လုံးဝ လွင့်စင်မသွားသေးမီမှာပင် ဝံပုလွေအုပ်စုသည် ပုပ်ပွခြင်းနှင့် ရူးသွပ်ခြင်း အနံ့အသက်များ စိမ့်ဝင်နေသော ဤအပျက်အစီးများကြားမှ သွေးသံရဲရဲ ဒဏ်ရာရသူများနှင့် သိမ်းဆည်းရမိသော တိုက်ပွဲဝင်ပစ္စည်းများကို သယ်ဆောင်ကာ တိတ်ဆိတ်စွာ ဆုတ်ခွာလာခဲ့ကြသည်။
တပ်ဖွဲ့သည် ကြယ်တာရာအကာအကွယ်ကို ဖြတ်ကျော်၍ ရင်းနှီးကျွမ်းဝင်နေသော ဝံပုလွေအသိုက်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် ပင်ပန်းနွမ်းနယ်မှုနှင့် အောင်ပွဲခံခြင်းတို့ ရောယှက်နေသော ရှုပ်ထွေးသည့် ခံစားချက်တစ်ခုက အုပ်စုတစ်ခုလုံးထံ ပျံ့နှံ့သွားသည်။
လင်းထျန်းလုံသည် သိမ်းဆည်းရမိသော သန့်စင်သည့် စွမ်းအင်သလင်းကျောက်များနှင့် စွမ်းအင်ပို့လွှတ်နိုင်သော အထူးသတ္တုများကို စာရင်းပြုစုသိမ်းဆည်းရန် ရန့်မြဲ့ထံ ချက်ချင်း လွှဲပြောင်းပေးလိုက်သည်။
စစ်မတိုင်မီ သဘောတူညီချက်အရ ယွဲ့ရီထံသို့ စိတ်အာရုံမှတစ်ဆင့် ဆက်သွယ်ကာ တရားမျှတသော ခွဲဝေမှုအစီအစဉ်တစ်ခုကို အဆိုပြုလိုက်သည်။
စွမ်းအင်သလင်းကျောက်များကို နှစ်ဖက်စလုံး ၅၀ ရာခိုင်နှုန်းစီ ယူကြမည်ဖြစ်ပြီး အထူးသတ္တုအတွက်မူ ဝံပုလွေအသိုက်၏ လက်မှုပညာစနစ်က ပိုမိုပြည့်စုံသောကြောင့် ၆၀ ရာခိုင်နှုန်းကို ယူကာ ပုံရိပ်ယောင်မျက်ဝန်းမြေခွေးမျိုးနွယ်စုက ၄၀ ရာခိုင်နှုန်းကို ယူမည်ဖြစ်သည်။
လျော်ကြေးအနေဖြင့် မီးပွားသုသေသနပညာရှင်အသင်း၏ စမ်းသပ်မှုဒေတာ မိတ္တူကို အပြည့်အဝ မျှဝေပေးမည်ဖြစ်သည်။
ဤအဆိုပြုချက်သည် ယွဲ့ရီထံမှ တုံ့ပြန်မှုကို လျင်မြန်စွာ ရရှိခဲ့သည်။ သူမ၏ အတွေးထဲတွင် သင့်လျော်သော လေးစားမှု အရိပ်အယောင်တစ်ခု ပါဝင်နေသည်။
“အရမ်း တရားမျှတတဲ့ ခွဲဝေမှုပါပဲ၊ ဝံပုလွေဘုရင်၊ အချက်အလက်တွေကို ငါ ရရှိခဲ့ပြီ၊ အတွင်းထဲက အကြောင်းအရာတွေက... တကယ်ကို စိတ်မချမ်းသာစရာပဲ၊ ငါ့မျိုးနွယ်စုက ခွဲခြမ်းစိတ်ဖြာတာတွေကို အရှိန်မြှင့်လုပ်ဆောင်ပြီး တွေ့ရှိချက်မှန်သမျှကို ချက်ချင်း မျှဝေပေးသွားမယ်”
ဤပခုံးချင်းယှဉ်တိုက်ခဲ့ရသည့် တိုက်ပွဲနှင့် တရားမျှတသော ခွဲဝေမှုက မူလက အပြန်အလှန်အကျိုးအမြတ်အတွက်သာ ဖွဲ့စည်းခဲ့သော မဟာမိတ်အဖွဲ့ကို ယုံကြည်မှုအပေါ်အခြေခံ၍ ပိုမိုခိုင်မာသွားစေသည်။
စစ်ပွဲအပြီး အရေးအကြီးဆုံးကိစ္စမှာ ဒဏ်ရာရသူများဖြစ်သည်။ သွေးမိစ္ဆာကို မိခင်သစ်ပင် အမြစ်များ၏ စွမ်းအင်အသိပ်သည်းဆုံး ဧရိယာတွင် ထားရှိခဲ့၏။
အသက်စွမ်းအင် အရင်းအမြစ်၏ ပြုစုပျိုးထောင်မှုအောက်တွင် သူ၏ ကောင်းကင်သတ်ဖြတ်ခြင်းစစ်သူရဲသွေးသည် အလွန်တက်ကြွလာပြီး အဆိပ်အကြွင်းအကျန်နှင့် ပြင်ပစွမ်းအင်များကို အဆက်မပြတ် ဝါးမြိုနေသည်။
ဒဏ်ရာကျက်သည့်အမြန်နှုန်းမှာ အံ့မခန်း မြန်ဆန်နေပြီး အရှိန်အ၀ါသည် ဒဏ်ရာမရမီကထက်ပင် ပိုမိုသိပ်သည်းကာ ကြမ်းတမ်းနေသည်။ ပိုင်လင်းက ဆေးဘက်ဆိုင်ရာအဖွဲ့ကို ဦးဆောင်ကာ ဒဏ်ရာရသူများကြား သွားလာလှုပ်ရှားနေသည်။
မိခင်သစ်ပင် အဆင့်တက်ပြီးနောက် ပိုမိုအားကောင်းလာသော ကုသခြင်းအကျိုးသက်ရောက်မှုများနှင့် လုံလောက်သော ဆေးဖက်ဝင်အပင် အရန်သိုလှောင်မှုများကြောင့် ဒဏ်ရာပြင်းထန်သူများ၏ အခြေအနေ တည်ငြိမ်သွားပြီး ဒဏ်ရာအနည်းငယ်ရသူများမှာလည်း တိုက်ပွဲဝင်စွမ်းရည်များ ပြန်လည်ရရှိသွားကြပြီဖြစ်သည်။
အခန်း (၂၇၆) - လူသားအဖွဲ့သုံးခု၏ လျှို့ဝှက်အကြံအစည်များ
လင်းထျန်းလုံ ဝံပုလွေဘုရင်၏ ခန်းမဆောင်အတွင်းပိုင်း၌ တစ်ယောက်တည်း ရှိနေပြီး သူ၏အသိစိတ်သည် စနစ်ထဲသို့ နစ်မြုပ်သွားကာ မပြည့်စုံသော နတ်ဘုရားဖန်တီးရေးစီမံကိန်း၏ စမ်းသပ်မှုဒေတာများကို စတင် ခွဲခြမ်းစိတ်ဖြာနေသည်။
ရေတွက်၍မရနိုင်သော လိမ်ကောက်နေသည့် ပုံရိပ်များနှင့် အေးစက်သော ဒေတာစီးကြောင်းများ၊ အတင်းအဓမ္မ ပေါင်းစပ်ထားသောသက်ရှိများ၊ ပုပ်ပွစေသည့် စွမ်းအင်ထိုးသွင်းမှု ကန့်သတ်ချက်များ၊ စမ်းသပ်ခံများ၏ပြိုကွဲမှု အရေးပါသော အမှတ်များ…..
အရာအားလုံး သူ၏ အသိစိတ်ထဲတွင် လင်းလက်သွားသည်။ သူ့ကို အများဆုံး စိုးရိမ်စေသည်မှာ ‘ခန္ဓာကိုယ် လိုက်လျောညီထွေမှု’ နှင့်ပတ်သက်၍ အကြီးအကျယ် သိုဝှက်ထားသော မှတ်စုတစ်ခုဖြစ်သည်။
ယင်း၏ စွမ်းအင်လက္ခဏာများသည် ပုပ်ပွခြင်းဇစ်မြစ်နှင့် အနည်းငယ် ဆင်တူသော်လည်း ၎င်းသည် ‘ပုပ်ပွသွားခြင်း’ ထက် ‘ထိန်းချုပ်အသုံးပြုရန်’ ကြိုးစားနေသကဲ့သို့ ပိုမိုစနစ်ကျနေသည်။
“သူတို့က ရိုးရိုးရှင်းရှင်းမိစ္ဆာတွေကို ဖန်တီးနေတာ မဟုတ်ဘူးပဲ” လင်းထျန်းလုံ ထိတ်လန့်ဖွယ်ရာ ကောက်ချက်တစ်ခု ချလိုက်မိသည်။
“ဒီစွမ်းအားကို အသုံးချဖို့ ကြိုးစားနေကြတာ၊ ပြီးတော့ ဒါကိုသုံးပြီး... ဘုရင်အဆင့် ဒါမှမဟုတ် အဲဒီထက်ပိုပြီး အားကောင်းတဲ့ လက်နက်တွေကို အမြောက်အမြား ထုတ်လုပ်ချင်နေတာလည်း ဖြစ်နိုင်တယ်”
သူ အတွေးနက်နေစဉ်မှာပင် အပြင်ဘက်လုံခြုံရေးကို တာဝန်ယူထားသော ယင်းဖုန်းထံမှ သတင်းစကားတစ်ခု ရောက်လာသည်။
ဝံပုလွေအသိုက် အပြင်ဘက် မိုင်ငါးဆယ်မှ တစ်ရာကြား ဧရိယာတွင် ရင်းနှီးမှုမရှိသော လူသားအဖွဲ့အများအပြား မကြာခဏ လှုပ်ရှားနေသည်ကို ထောက်လှမ်းတွေ့ရှိခဲ့သည်။
သူတို့၏ လမ်းကြောင်းများမှာ တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ဖြစ်နေကာ ပုံမှန်မဟုတ်ဘဲ သတိထားနေကြပြီး သူတို့၏လက်နက်တပ်ဆင်မှု ပုံစံများသည် ရေနက်ချောက်ကမ်းပါးတွင် တွေ့ရသော လူသားများနှင့် သိသိသာသာ ကွာခြားနေလေသည်။
တစ်ချိန်တည်းလောက်မှာပင် ယွဲ့ရီ၏အတွေးသည် တစ်ဖန် ပြန်လည်ရောက်ရှိလာပြီး ဤထောက်လှမ်းရေးသတင်းကို အတည်ပြုကာ ဖြည့်စွက်ပေးလိုက်သည်။
“ဒီဓာတ်ခွဲခန်းကို ချေမှုန်းလိုက်တာက ပျားအုံကို သွားထိုးမိသလို ဖြစ်သွားပုံရတယ်၊ ဟို ‘စက်ယန္တရားတွေကို အသုံးပြုတဲ့သူတွေ’ တင်မကဘဲ အခြား လူသားအဖွဲ့အစည်းနှစ်ခုက လူတွေလည်း သိသိသာသာ ပိုပြီးလှုပ်ရှားလာတာကို ငါ့လူတွေ တွေ့ခဲ့ရတယ်၊ သူတို့က... တစ်သားတည်းမဟုတ်ဘဲ အချင်းချင်းလည်း သတိထားနေကြပုံပဲ”
လင်းထျန်းလုံ၏အကြည့်များ အနည်းငယ်အေးစက်သွားသည်။ နင်မြို့ ၏ တုံ့ပြန်မှုက သူမျှော်လင့်ထားသည်ထက် ပိုမြန်ဆန်နေပြီး အတွင်းပိုင်းအခြေအနေမှာလည်း ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးပုံရ၏။
ယင်းဖုန်းကို သူ အမိန့်ပေးလိုက်သည်။ “စောင့်ကြည့်တာကို ဆက်လုပ်ပါ၊ သူတို့ရဲ့ လှုပ်ရှားမှုပုံစံတွေနဲ့ ခွန်အားအကဲဖြတ်ချက်တွေကို မှတ်တမ်းတင်ထား၊ မလိုအပ်ဘဲ ပြဿနာမဖြစ်စေနဲ့”
ဤအဖွဲ့သုံးဖွဲ့သည် သူတို့ဘာသာ တိုက်ခိုက်နေကြခြင်းလား သို့မဟုတ် ဝံပုလွေအသိုက်ကို ဆန့်ကျင်ရန် ယာယီ သဘောတူညီချက်အချို့ ရရှိထားခြင်းလားဆိုသည်ကို ဆုံးဖြတ်ရန် သူ ပိုမိုများပြားသော ထောက်လှမ်းရေးသတင်းများ လိုအပ်သည်။
လင်းထျန်းလုံသည် ဝံပုလွေအသိုက်၏အစွန်းကို လျှောက်သွားပြီး နင်မြို့ ရှိရာသို့ လှမ်းကြည့်လိုက်သည်။
မီးပွားသုသေသနပညာရှင်အသင်း၏ ရူးသွပ်မှု၊ လောင်ကျွမ်းမီးလျှံဂိုဏ်း၏ အသန်မာဆုံးသူသာ ရှင်သန်နိုင်မည်ဆိုသော သဘောတရားနှင့် သံမဏိဒိုင်းကာ ကင်းစခန်း၏ ဇွဲလုံ့လ...
ဤအင်အားစု သုံးခုသည် ဝံပုလွေအသိုက်၏ ထွန်းတောက်လာမှုနှင့် ဤဓာတ်ခွဲခန်းအပေါ်လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေးတို့ကြောင့် လှုပ်ခတ်သွားခဲ့ပြီဖြစ်သည်။
“ရှောင်လွှဲလို့မရမှတော့ တက်တက်ကြွကြွပဲ ရင်ဆိုင်လိုက်ကြတာပေါ့” လင်းထျန်းလုံ ရင်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြီးဖြစ်သည်။
ဝံပုလွေအသိုက်ကို ဘုံ ပြင်ပခြိမ်းခြောက်မှုတစ်ခုအဖြစ် ရင်ဆိုင်ရသည့်အခါ ဤလူသားအဖွဲ့အစည်းသုံးခု မည်သို့သောရွေးချယ်မှုမျိုး ပြုလုပ်မည်ကို သူ သိရန်လိုအပ်သည်။
သူတို့ ပေါင်းစည်းသွားမည်လား၊ စောင့်ကြည့်မည်လား၊ ဒါမှမဟုတ်... အချင်းချင်းအမဲလိုက်ကြမည်လား။
မဟာနှင်းအကာအကွယ်၏ ဖွဲ့စည်းပုံကို အားဖြည့်ရန် ယခုမှရရှိထားသော အထူးသတ္တုများကို အသုံးပြု၍ စမ်းသပ်နေသည့် ရန့်မြဲ့ထံသို့ လှည့်ကာ လျှောက်သွားလိုက်သည်။
နင်မြို့ ရှိရာအရပ်တွင် မုန်တိုင်းအသစ်တစ်ခု ဖြစ်တည်နေပြီဖြစ်ကာ ထိုအချိန်မတိုင်မီ ဝံပုလွေအုပ်စု၏အစွယ်များနှင့် လက်သည်းများကို ပိုမိုထက်မြက်အောင် သူ ပြုလုပ်ပေးရတော့ပေမည်။
…….
ဝံပုလွေအသိုက်၏ နေ့စဉ်ပုံမှန်အခြေအနေသည် စူးရှသော သတိပေးချက်တစ်ခုကြောင့် ပျက်ပြားသွားသည်။
ယင်းဖုန်း၏ ပုံရိပ်သည် အရိပ်များကို ဆုတ်ဖြဲလာသော ဓားသွားတစ်ခုအလား လင်းထျန်းလုံရှေ့တွင် ရုတ်တရက်ပေါ်လာပြီး ငွေဖြူရောင်မျက်လုံးများတွင် ယခင်က မကြုံစဖူးသော လေးနက်မှုများ ပြည့်နှက်နေသည်။
“ဘုရင်မင်းမြတ်၊ အနောက်မြောက်ဘက် မိုင်တစ်ရာ့နှစ်ဆယ်အကွာက မိုးကြိုးကျချောက်ကမ်းပါးမှာပါ” အတွေးများက တိုတောင်းပြီး ရှင်းလင်းနေသည်။
“ရေနက်ချောက်ကမ်းပါးနဲ့ အရင်းအမြစ်တူတဲ့ ညစ်ညမ်းမှု အရိပ်အယောင်အသစ်တွေကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်၊ ဒါပေမဲ့... တစ်ခုခုက အစပျိုးပေးလိုက်သလိုမျိုး ပိုပြီးကြမ်းတမ်းတယ်”
ယင်းဖုန်း၏သတင်းပို့ချက်နှင့် တစ်ချိန်တည်းနီးပါးတွင် ကျက်သရေရှိသော အတွေးတစ်ခုကလည်း လင်းထျန်းလုံ၏ အသိစိတ်ပင်လယ်ကို ညင်သာစွာ ဖြတ်သန်းသွားသည်။
ထိုအတွေးက ယွဲ့ရီပင်။
“ဝံပုလွေဘုရင်၊ ငါလည်း သတင်းဆိုးတချို့ ရထားတယ်” သူမ အသံထဲတွင် လေးနက်မှု အရိပ်အယောင်တစ်ခု ပါဝင်နေသည်။
“မိုးကြိုးကျချောက်ကမ်းပါးက စွမ်းအင်တုံ့ပြန်မှုက ပုံမှန်မဟုတ်ဘူး၊ ညစ်ညမ်းနေတဲ့ အဲဒီအရာတွေက စုရုံးနေကြပုံရတယ်၊ ဒါ့အပြင် အဲဒီမှာ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အကြည့်တစ်ခုကို ငါခံစားမိတယ်၊ အရင်အမှတ်အသားနဲ့ အတော်လေးဆင်တူပေမဲ့... ပိုပြီးအေးစက်တယ်”
လင်းထျန်းလုံ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု တောက်ပသွားသည်။ မျှော်လင့်ထားသည့်အတိုင်း ပုပ်ပွခြင်း၏ အရင်းအမြစ်သည် အမြစ်ပြတ်ရှင်းလင်းရန် အလှမ်းဝေးနေဆဲဖြစ်သည်။
“အသေးစိတ်ပြောပါ” အတွေးများကို ယင်းဖုန်းနှင့် အဝေးရှိ ယွဲ့ရီထံသို့ တစ်ပြိုင်နက်တည်း ပို့လွှတ်လိုက်သည်။
ယင်းဖုန်းက ကိုယ်တိုင်မြင်တွေ့ခဲ့ရသော မြင်ကွင်းကို စိတ်စွမ်းအင် ပုံရိပ်ပြသမှုဖြင့် ချက်ချင်းဖော်ပြလိုက်သည်။
မူလက မိုးကြိုးပစ်ခံရသော လောင်ကျွမ်းရာများဖြင့် ဖုံးလွှမ်းနေသည့် ချောက်ကမ်းပါးသည် ယခုအခါ သက်ရှိတစ်ခုကဲ့သို့ ဖြည်းညင်းစွာ တွန့်လိမ်နေသော စေးကပ်သည့် ခရမ်းရောင်ရင့်ရင့် မှိုချပ်အလွှာဖြင့် ဖုံးလွှမ်းနေသည်။
မျိုးဗီဇပြောင်းလဲနေသော မိုးကြိုးချို ပုတ်သင်အချို့သည် မှိုချပ်အလွှာပေါ်တွင် တွားသွားနေကြပြီး ၎င်းတို့၏ မာကျောသော မိုးကြိုးချိုများသည် လိမ်ကောက်ကာ ပုံမှန်မဟုတ်တော့ဘဲ ပုပ်ပွခြင်းရောင်ဝါများ ပါဝင်သည့် မတည်ငြိမ်သော ခရမ်းနက်ရောင် လျှပ်စစ်မီးပွားများကို အဆက်မပြတ် ထုတ်လွှတ်နေသည်။
ပိုမိုနက်ရှိုင်းသော နေရာတွင် ပုံမှန်မဟုတ်ဘဲ ကြီးမားလှသော လိမ်ကောက်နေသည့် မိစ္ဆာအချို့ကို ဝေဝါးဝါး မြင်တွေ့ရသည်။
၎င်းတို့သည် ချောက်ကမ်းပါးအတွင်း ကျန်ရစ်နေသော သဘာဝ မိုးကြိုးစွမ်းအားများကို စုပ်ယူသိုလှောင်နိုင်ပုံရပြီး ၎င်းတို့ကို ပုပ်သိုးခြင်းစွမ်းအင်နှင့်ရောနှောကာ အန္တရာယ်များသော ရောင်ဝါကို ထုတ်လွှတ်နေကြသည်။
“သူတို့က... တစ်ခုခုရဲ့ ခေါ်ယူတာကို ခံရသလိုမျိုး ဦးတည်ချက်တစ်ခုတည်းကို သွားနေကြပုံရတယ်” ယင်းဖုန်းက ဖြည့်စွက်ပြောကြားလိုက်သည်။
ယွဲ့ရီထံမှ အချက်အလက်မှာ စွမ်းအင်အဆင့်အပေါ် ပိုမိုအာရုံစိုက်ထားသည်။
“အဲဒီက ဟင်းလင်းပြင်ဖွဲ့စည်းပုံက မတည်ငြိမ်ဘူး၊ ပုပ်ပွစေတဲ့ စွမ်းအင်က ထွက်ပေါက်တစ်ခုကို ရှာတွေ့သွားသလိုပဲ၊ အဲဒီ အကြည့်က... ရေနက်ချောက်ကမ်းပါးက လောဘကြီးတဲ့ ဝိညာဉ်အကြွင်းအကျန်နဲ့ လုံးဝမတူဘဲ သန့်စင်ပြီးအေးစက်တဲ့ စူးစမ်းလေ့လာမှု ခံစားချက်ကို ပေးစွမ်းတယ်”
ပုပ်သိုးနေသော ဧရိယာအသစ်၊ ပိုမိုအားကောင်းသော လိမ်ကောက်နေသည့်မိစ္ဆာများနှင့် သံသယရှိဖွယ် စောင့်ကြည့်သူတစ်ဦး...
အခြေအနေက မျှော်လင့်ထားသည်ထက် ပိုမိုရှုပ်ထွေးနေသည်။
“ယင်းဖုန်း၊ မိုးကြိုးကျချောက်ကမ်းပါးကို အလှည့်ကျစောင့်ကြည့်ဖို့ နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက်သုံးဖွဲ့ ထပ်လွှတ်လိုက်၊ လိမ်ကောက်နေတဲ့ မိစ္ဆာတွေရဲ့ လှုပ်ရှားမှုပုံစံတွေနဲ့ စွမ်းအင် အတက်အကျတွေကို မှတ်တမ်းတင်ဖို့ အဓိကထား၊ သူတို့ကို သတိမပေးမိစေနဲ့”
“နားလည်ပါပြီ”
ထို့နောက် ယွဲ့ရီထံသို့ ချက်ချင်း တုံ့ပြန်လိုက်သည်။ “ထောက်လှမ်းရေးသတင်းက အရမ်းတန်ဖိုးရှိတယ်၊ ဒီပုပ်ပွမှုရဲ့ သဘာဝက ကွာခြားပြီး ပိုမိုသတိထားကိုင်တွယ်ဖို့ လိုအပ်တယ်၊ နက်နက်ရှိုင်းရှိုင်း ထောက်လှမ်းဖို့ အထူးတပ်ဖွဲ့တစ်ခုကို စေလွှတ်ဖို့ ငါစီစဉ်ထားတယ်၊ မင်းရဲ့ ပုံရိပ်ယောင်ဖုံးကွယ်မှု လိုအပ်လိမ့်မယ်”
“ကူညီခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်” ယွဲ့ရီ၏ တုံ့ပြန်မှုက လျင်မြန်စွာ ရောက်လာသည်။
“မင်းရဲ့တပ်ဖွဲ့ အလယ်ဗဟို ဧရိယာထဲကို တိတ်တဆိတ်ဝင်ရောက်နိုင်ဖို့ သေချာအောင် ငါကိုယ်တိုင် ကြေးမုံပန်းရေလမှန်ကို အသုံးပြုပေးမယ်”
“ဒါပေမဲ့ ဝံပုလွေဘုရင်၊ မြန်မြန်လှုပ်ရှားဖို့ အကြံပြုချင်တယ်၊ စွမ်းအင်စီးဆင်းမှုအပေါ် ငါ့မျိုးနွယ်စုရဲ့ လေ့လာစောင့်ကြည့်ချက်တွေအရ အဲဒီထွက်ပေါက်က ဖြည်းဖြည်းချင်း ကျယ်ပြန့်လာနေပုံရတယ်”
ချဉ်းကပ်လာသော ပုပ်ပွခြင်း ခြိမ်းခြောက်မှုအသစ်ကြောင့် လင်းထျန်းလုံသည် နင်မြို့ရှိ လူသားအဖွဲ့အစည်းသုံးခု၏ နောက်ဆုံးလှုပ်ရှားမှုများကို ထပ်မံအတည်ပြုရန် ယင်းဖုန်းနှင့် ယွဲ့ရီတို့၏ ထောက်လှမ်းရေး ကွန်ရက်များကို အသုံးပြုခဲ့သည်။
ဤလှုပ်ရှားမှုများသည် ယခင်က သိရှိထားသည်များနှင့် လုံးဝကိုက်ညီနေပြီး မျက်နှာချင်းဆိုင် ထိပ်တိုက်ရင်ဆိုင်မှုကို ယာယီရှောင်ရှားမည့် သူတို့၏ မဟာဗျူဟာနှင့်လည်း ကိုက်ညီနေသည်။
မီးပွားသုသေသနပညာရှင်အသင်း (ယန်ချင်းယွမ်)။
ရေနက်ချောက်ကမ်းပါး စမ်းသပ်ကွင်းတွင် ဆုံးရှုံးမှုများ ကြုံတွေ့ပြီးနောက် သူတို့၏လှုပ်ရှားမှုများ ပိုမိုလျှို့ဝှက်လာခဲ့သည်။
သူတို့သည် လက်ရှိ စမ်းသပ်မှု ဒေတာများကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် နတ်ဘုရားဖန်တီးရေးစီမံကိန်း၏ အတွင်းပိုင်းတိုးတက်မှုနှင့် အရှိန်မြှင့်တင်မှုအပေါ် အဓိကအားထုတ်နေကြပြီး ဝံပုလွေအုပ်စုကို တန်ပြန်ရန် သို့မဟုတ် ဖိနှိပ်နိုင်သည့် ခွန်အားကို လျင်မြန်စွာ ရရှိရန် ကြိုးစားနေကြသည်။
ယွဲ့ရီက ဖြည့်စွက်ပြောကြားလိုက်သည်။ “သူတို့က နင်မြို့အတွင်းပိုင်း နက်ရှိုင်းတဲ့ နေရာမှာ ဓာတ်ခွဲခန်းအသစ်တစ်ခု သေချာဖုံးကွယ် တည်ထောင်ထားပုံပဲ”
‘ပြီးတော့... အထူးသွေးမျိုးဆက်ရှိတဲ့ မိစ္ဆာသားရဲတွေရဲ့ အချက်အလက်တွေ အပါအဝင် အမျိုးအစားစုံလင်တဲ့ စမ်းသပ်ပစ္စည်းတွေကို လျှို့ဝှက်စုဆောင်းနေကြတယ်၊ သူတို့ရဲ့ အပြုအမူက ပိုပိုပြီး ရူးသွပ်လာပေမဲ့ လူသိရှင်ကြားတော့ မလုပ်သေးဘူး”
လောင်ကျွမ်းမီးလျှံဂိုဏ်း (ဟော်ကျန်း)။
အသန်စွမ်းဆုံးသာ ရှင်သန်နိုင်မည်ဆိုသော တောတွင်းဥပဒေနှင့် အတွင်းပိုင်းပေါင်းစည်းမှုကိုသာ သူတို့ ဆက်လက်လိုက်နာနေကြသည်။ ဂိုဏ်းအတွင်း ရက်စက်သော ယှဉ်ပြိုင်မှုနှင့် အရင်းအမြစ် လုယူမှုများမှတစ်ဆင့် အားကောင်းသူများကသာ ဆက်လက် အားကောင်းနေဆဲဖြစ်သည်။
ဟော်ကျန်းကိုယ်တိုင်ကလည်း သူ၏ခွန်အားကို အဆင့် ၃၉ ပထမ ဘုရင် အထွတ်အထိပ်တွင် တည်ငြိမ်စေခဲ့ပြီး အကျပ်အတည်းကို ချိုးဖျက်ရန် အခွင့်အရေးတစ်ခုကို စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။ လက်ရှိတွင် ဝံပုလွေအသိုက်ကို တက်တက်ကြွကြွရန်စမည့် လက္ခဏာများ မတွေ့ရပေ။