အခန်း (၇၆၇-၇၆၈)
Vol. 77 Ch. 767-768
အခန်း (၇၆၇) - မည်သူ့အဆင့်အတန်းက ပိုမြင့်သနည်း၊ ရွှမ်းကျီကောင်းကင်မီးတောက်၊ ကျန်းနန်ဗုဒ္ဓဘာသာ၏ ထိပ်သီး
ရှေးဦးသားရဲကြီးတစ်ကောင်အနေဖြင့် ယာယွီ တွင် မိမိကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် အဆင့်အတန်း ရှိပေသည်။
ကျန်းနန်မြို့တော်အတွင်းရှိ ယန်ဝိညာဉ်အဆင့် ပညာရှင် ၃ ဦးမှာ သူ၏မျက်လုံးထဲတွင် အနည်းငယ်သန်မာသော လူသားများသာ ဖြစ်ကြ၏။ လောကဦးအစ ဖြစ်တည်လာသည့် ထိုခေတ်ကာလတွင် ယာယွီသည် အလွန်တရာ စွမ်းအားကြီးမားသော တည်ရှိမှုတစ်ခု ဖြစ်ခဲ့သည်။
အမှန်စင်စစ် ယခု ယာယွီ မှာ ထိုမျှလောက် ရှေးမကျသေးသော်လည်း ရှေးဦးသားရဲကြီးများအတွက်သာ ထိုသို့ဖြစ်ပြီး လူသားများအတွက်မူ ၎င်းသည် ရှေးဟောင်းတည်ရှိမှုကြီးတစ်ခုပင်။
၎င်းသည် လူ့လောကထဲတွင် စိတ်ကြိုက် သောင်းကျန်းရန် ပြင်ဆင်လိုက်စဉ်မှာပင်...
မထင်မှတ်ဘဲ ရှေးဟောင်းနတ်ဘုရားတစ်ပါး ပေါ်ထွက်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ဦးခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နှင့် ခန့်ညားထည်ဝါလှသော နတ်ဘုရားရုပ်သွင်။ မီးနတ်ဘုရား ၏ နတ်ဘုရားပုံရိပ် ပေါ်ထွက်လာသည်နှင့် ယာယွီ၏ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားရ၏။
၎င်းမှာ မွေးရာပါ အဆင့်အတန်းချင်း ဖိနှိပ်ခံရခြင်း ပင် ဖြစ်သည်။ မီးနတ်ဘုရား သည် ကောင်းကင်ဘုံ၏ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်သည့်အတွက် ၎င်း၏ နတ်ဘုရားပုံရိပ်မှ ထွက်ပေါ်လာသော အရှိန်အဝါမှာ ယာယွီထက် များစွာ သာလွန်နေပါသည်။ အထူးသဖြင့် ယခုအချိန်တွင် မီးနတ်ဘုရားပုံရိပ်၏ ခန္ဓာကိုယ်မှာ ပို၍ပင် ဧရာမကြီးမားလှ၏။
ယာယွီ တုံ့ပြန်ရန် မအားခင်မှာပင် လီယန်ချူး က လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ ကောင်းကင်ယံရှိ မီးနတ်ဘုရားပုံရိပ်ကလည်း တစ်ပြိုင်နက်တည်း လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။
မီးလျှံများက ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံသွားပြီး နတ်မီးတောက်များမှာ ပွက်ပွက်ဆူလာ၏။ ထိုမြင်ကွင်းမှာ နေမင်းကြီးက ကောင်းကင်ယံကို လောင်ကျွမ်းနေသကဲ့သို့ပင်။
ယာယွီ မှာ တစ်ခဏချင်းမှာပင် အဝေးသို့ လွင့်ထွက်သွားပြီး ကောင်းကင်ယံသို့ ပျံတက်သွားရသည်။
ဝုန်း ဝုန်း ဝုန်း
ပြင်းထန်လှသော အရှိန်အဟုန်များ ပေါက်ကွဲထွက်လာပြီး လေလှိုင်းများမှာ မိုင်ပေါင်းများစွာအထိ ပြန့်နှံ့သွားတော့သည်။
လီယန်ချူး၏ လက်သီးချက်မှာ အထက်သို့ ပင့်ထိုးလိုက်ခြင်း ဖြစ်သဖြင့် ယာယွီ၏ ခန္ဓာကိုယ်မှာ တိမ်တိုက်များဆီသို့ လွင့်ပါသွား၏။ ထိုစဉ် မီးနတ်ဘုရားပုံရိပ်၏ လက်ထဲတွင် ဓားအလင်းတန်းတစ်ခု လက်သွားပြီး ဖေးယန်ဓား ဖြင့် ခုတ်ပိုင်းလိုက်သည်။
ရှပ်
ယာယွီ၏ ကိုယ်ပေါ်တွင် ထိတ်လန့်ဖွယ်ရာ ဒဏ်ရာကြီးနှစ်ခု ချက်ချင်း ပေါ်လာတော့သည်။
ဟိန်း
၎င်းသည် ကမ္ဘာတုန်မတတ် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
ဤမီးနတ်ဘုရားပုံရိပ်မှာ သူ့ကို ကြောက်ရွံ့စေသော်လည်း ၎င်းမှာ မီးနတ်ဘုရားကိုယ်တိုင် ဆင်းသက်လာခြင်း မဟုတ်ပေ။ ဤတိုက်ပွဲမှာ တိုက်ယူ၍ ရသေးသည်။
၎င်းသည် ကောင်းကင်ဘုံနတ်ဘုရားအပေါ် ထားရှိသော ကြောက်စိတ်ကို အတင်းအဓမ္မ ဖိနှိပ်လိုက်ပြီး အရှိန်အဟုန်ဖြင့် မီးနတ်ဘုရားပုံရိပ်ကို တိုက်ခိုက်လိုက်တော့သည်။
မီးလျှံရေစီးကြောင်းကြီးတစ်ခု ပေါ်ထွက်လာပြီး ထိုရှေးဦးသားရဲကြီးကို ရစ်ပတ်လွှမ်းခြုံသွားသည်။
ယာယွီ၏ မျက်လုံးများမှာ နီရဲနေပြီး အေးစက်လှသော အကြည့်များထဲတွင် အဆုံးအဖြတ်ပေးမည့် အရိပ်အယောင်များ ပေါ်လာသည်။ နတ်မီးတောက်များမှာ ပြင်းထန်လှသော်လည်း ခဏချင်းနှင့်တော့ သူ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်မည် မဟုတ်ချေ။ ယနေ့တွင် သူသည် ဤမီးနတ်ဘုရားနှင့် အနိုင်အရှုံး အဆုံးအဖြတ်ပေးမည်။
ယနေ့... သူသည် နတ်ဘုရားကို သတ်ဖြတ်မည်။
သို့သော် သူ ခြေလှမ်းအနည်းငယ်ပင် မလှမ်းရသေးခင်မှာပင် ယာယွီသည် နှလုံးသားကို ထိုးခွဲလိုက်သကဲ့သို့ နာကျင်မှုကို ခံစားလိုက်ရသည်။
'ဒီမီးတွေက ဘယ်လိုဖြစ်တာလဲ'
ယာယွီသည် မိမိကိုယ်ပေါ်ရှိ မီးလျှံများထဲတွင် ခရမ်းရောင်မီးတောက် တစ်ခု ပါဝင်နေသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ အလွန်ပင် မောက်မာရိုင်းစိုင်းလှပြီး တစ်ခဏချင်းမှာပင် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကို သုညအဖြစ် လောင်ကျွမ်းပစ်လိုက်သည်။ ၎င်းမှာ တကယ့်ကို သုည ဖြစ်သွားခြင်းပင်။ မီးကျွမ်းသွားခြင်း မဟုတ်ဘဲ ပျောက်ကွယ်သွားခြင်း... လုံးဝ ဥဿုံ ချေဖျက်ခံလိုက်ရခြင်း ဖြစ်သည်။
၎င်းသည် ဤမီးကို ငြိမ်းသတ်ရန် ခန္ဓာကိုယ်ထဲမှ ပြင်းထန်လှသော အင်အားများကို ထုတ်ဖော်လိုက်သည်။
ကျင့်စဉ်စွမ်းအား များ ပေါက်ကွဲထွက်လာပြီး နတ်မီးတောက်များကို ငြိမ်းသတ်လိုက်သော်လည်း ထို ခရမ်းရောင်မီးတောက် နှင့် အစွန်းရောက်ယန်မီးတောက် တို့မှာမူ ငြိမ်းမသွားချေ။
အစွန်းရောက်ယန်မီးတောက်မှာ တော်သေးသည်။ ၎င်းသည် ရှေးဦးသားရဲကြီးအမည်ခံထားသော်လည်း စစ်စစ်ပေါက်ပေါက် မိစ္ဆာသတ္တဝါမျိုး မဟုတ်သဖြင့် အောင့်ခံနိုင်သေးသည်။ သို့သော် ခရမ်းရောင်မီးတောက်မှာမူ အလွန်ပင် ရက်စက်လှ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ များစွာ ပျောက်ကွယ်သွားပြီး ထိုမီးတောက်များသည် သူ၏ မူလဝိညာဉ် အစိတ်အပိုင်းအချို့ကိုပါ လောင်ကျွမ်းချေဖျက်ပစ်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ လက်သွားပြီး ကျန်းနန်မြို့တော်အတွင်းသို့ ငုပ်လျှိုးဆင်းသက်ရန် ကြိုးစားလိုက်သည်။
ဤအတိုင်း ဆက်တိုက်နေလျှင် သေရပေလိမ့်မည်။ လူအချို့ကို အရင် ဝါးမြိုပြီး စွမ်းအင်ဖြည့်ရမည်။ မဟုတ်လျှင်လည်း အနည်းဆုံးတော့ ဖျက်ဆီးမှုအချို့ ပြုလုပ်ရမည်။
သို့သော် သူ မြေပြင်သို့ မကျရောက်ခင်မှာပင် မီးနတ်ဘုရားပုံရိပ်၏ ကန်ချက်ဖြင့် အဝေးသို့ လွင့်ထွက်သွားပြန်သည်။
ဝုန်း
ကမ္ဘာပျက်မတတ် ကျယ်လောင်လှသော အသံကြီးမှာ ကောင်းကင်နှင့် မြေပြင်တွင် ဟိန်းထွက်သွား၏။ ဦးခေါင်းတစ်ခုတည်းပင် တောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားလှသော ရှေးဦးသားရဲကြီး ယာယွီမှာ တိုက်ရိုက်ပင် ကန်ထုတ်ခံလိုက်ရခြင်း ဖြစ်သည်။
မီးလျှံမြှား မှ တောက်ပလှသော နတ်မြားများကို ပစ်လွှတ်လိုက်သည်။
မိုးကုပ်စက်ဝိုင်းတစ်ခုလုံးရှိ မီးနဂါးများနှင့် မီးကျီးကန်းများက ရှေးဦးသားရဲကြီး ယာယွီကို ဝိုင်းရံထားကြသည်။ ယာယွီ၏ ကိုယ်ပေါ်မှ လေပြင်းများ ထွက်ပေါ်လာပြီး ခဏတာ ခုခံကာကွယ်လိုက်သော်လည်း ထပ်မံ၍ ထွက်ပြေးရပြန်သည်။ ဤတစ်ကြိမ် ထိတွေ့မှုတွင်ပင် ယာယွီ၏ ခန္ဓာကိုယ်မှာ စုတ်ပြတ်သတ်နေပြီး မူလပုံသဏ္ဌာန်ကိုပင် မထိန်းနိုင်တော့ချေ။
သူ၏ ခန္ဓာကိုယ် သုံးပုံတစ်ပုံခန့်မှာ ပျောက်ကွယ်သွားခဲ့ပြီ။
၎င်းသည် မြေပြင်ပေါ်သို့ ထပ်မံ၍ အရှိန်အဟုန်ဖြင့် ဆင်းသက်လာပြန်သည်။ ဤမြို့သားအားလုံးကို ဝါးမြိုလိုက်နိုင်လျှင် သူ၏ ခွန်အားအချို့ကို ပြန်လည်ရရှိနိုင်မည်။
သို့သော် မီးနတ်ဘုရားပုံရိပ်က ကျန်းနန်မြို့တော်အပေါ်မှ ပိတ်ဆို့ထားပြီး နောက်ထပ်တစ်ချက် ထပ်ကန်လိုက်ပြန်သည်။
ဝုန်း
ရှေးဦးသားရဲကြီး ယာယွီမှာ ထင်မှတ်ထားသည့်အတိုင်း နောက်တစ်ကြိမ် လွင့်တက်သွားပြန်၏။
မြို့တော်အတွင်းရှိ ကျင့်စဉ်အမြင့်ဆုံးဖြစ်သော ရဟန်းအိုကြီး မှာ ယာယွီ ပြုတ်ကျလာလိုက်၊ ပြန်ကန်ထုတ်ခံရလိုက် ဖြစ်နေသည်ကို နှစ်ကြိမ်တိုင်တိုင် ကြည့်နေမိသည်။ သူသည် ပိန်လှီသော လက်များဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၊ ပြန်လွှတ်လိုက်၊ အသက်ကို ပြင်းပြင်းရှူလိုက်ဖြင့်...။
ဤတိုက်ပွဲတွင် သူ ကိုယ်တိုင် မပါဝင်ရသော်လည်း အလွန်အမင်း ရင်ခုန်လှုပ်ရှားနေရပါသည်။
ရှေးဦးသားရဲကြီး ယာယွီ၏ မူလဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ ရွှမ်းကျီကောင်းကင်မီးတောက် ၏ အဆက်မပြတ် လောင်ကျွမ်းမှုကို ခံနေရသည်။ ပေ ၁၀၀၀ ခန့် မြင့်သော ခန့်ညားလှသည့် နတ်ဘုရားပုံရိပ်ကြီးက ကျန်းနန်မြို့တော်အပေါ်မှ ပိတ်ဆို့ထားသဖြင့် ၎င်းမှာ အနားပင် မကပ်နိုင်တော့ချေ။
သူ၏ ခန္ဓာကိုယ်မှာ ထပ်မံ၍ တစ်စိတ်တစ်ပိုင်း ပျောက်ကွယ်သွားပြန်သည်။
၎င်းသည် အလွန်အမင်း နာကျင်မှုကို ခံစားနေရပြီး ကိုယ်ပေါ်မှ အမည်းရောင် အရှိန်အဝါများကို ထုတ်ဖော်ကာ ဝေးရာသို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် မဝေးလှသော နေရာမှာပင် ကျောပြင်သို့ ဓားချက်နှစ်ချက် ထပ်မံ ထိမှန်သွားပြန်သည်။
မီးနတ်ဘုရားပုံရိပ်၏ ဖေးယန်ဓား က ယာယွီ၏ ခါးနောက်ပိုင်းသို့ ပြင်းထန်စွာ စိုက်ဝင်သွားခြင်းပင်။
မောက်မာလှသော ရွှမ်းကျီကောင်းကင်မီးတောက် များသည် ဓားဦးဖျားမှတစ်ဆင့် ယာယွီ၏ အတွင်းကလီစာများဆီသို့ စီးဝင်ကာ လောင်ကျွမ်းသွားတော့သည်။
"ဟိန်းးးးး" ယာယွီမှာ နာကျင်လွန်းသဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ယခုတစ်ကြိမ် အော်ဟစ်သံမှာ ယခင်အော်ဟစ်သံများနှင့် မတူတော့ချေ။
ရဟန်းအိုကြီးနှင့် ကျန်းနန်မြို့မှ မထွက်ခွာရသေးသော ခွန်လွန်မှ မိန်းကလေးငယ် တို့သည် ထိုအော်ဟစ်သံထဲတွင် အလွန်ပင် သနားစရာကောင်းလှသော အရသာကို ကြားလိုက်ရသည်။ အကယ်၍ လူသားသာဆိုလျှင် ယခုအချိန်တွင်
"အားးးး အားးးး အားးးး" ဟု အော်နေလောက်ပြီ ဖြစ်သည်။
နဂိုက သူမ၏ အရှင်သခင်ကို ခေါ်ပြီး ထွက်ပြေးရန် ပြင်နေသော ခွန်လွန်မှ မိန်းကလေးငယ်မှာ ယခုအခါ ကောင်းကင်ယံရှိ မီးနတ်ဘုရားပုံရိပ်ကို အံ့အားသင့်စွာ ငေးကြည့်နေမိသည်။
"ဒီယာယွီက တော်တော်လေး ပျော့တာပဲ"
မိန်းကလေးငယ်က သူမဘာသာ ရေရွတ်လိုက်မိသည်။ သူမကို ထိုသို့သော ထင်ယောင်ထင်မှားမှု ဖြစ်ပေါ်စေခြင်းပင်။ သို့သော် ခွန်လွန်၏ လျှို့ဝှက်အတတ်ဖြင့် စစ်ဆေးကြည့်လိုက်သောအခါ...
ဤယာယွီမှာ ၎င်း၏ စွမ်းအားအားလုံးကို မပြသရသေးသော်လည်း လက်ရှိတွင်ပင် ယန်ဝိညာဉ်အဆင့် အနှောင်းပိုင်း စွမ်းအားနှင့် နီးစပ်နေသည်ကို တွေ့လိုက်ရသည်။ တတိယအဆင့် တွင် အဆင့်ငယ်တစ်ခုစီမှာ ကွဲပြားခြားနားလှပြီး တိုးတက်ရန် ခက်ခဲမှုမှာလည်း အင်မတန် ကြီးမားလှသည်။
သို့သော် ဤမီးနတ်ဘုရားပုံရိပ်ကမူ ရှေးဦးသားရဲကြီး ယာယွီ၏ အစိတ်အပိုင်း ကို ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိအောင် ရိုက်နှက်နေခြင်း ဖြစ်သည်။
'တကယ် သန်မာတာပဲ' ဟု မိန်းကလေးငယ်၏ စိတ်ထဲတွင် မှတ်ချက်ပြုလိုက်သည်။
မူလက ကျန်းနန်ခရိုင်နှင့် တစ်နိုင်ငံလုံးကို ဒုက္ခပေးမည့် ဘေးဒုက္ခကြီးတစ်ခု ဖြစ်ရမည်ဖြစ်သော်လည်း ယခုမူ လူငယ်တာအိုဆရာတစ်ဦးကြောင့် အစီအစဉ်များ အကုန်ပျက်စီးသွားခဲ့ပြီ။ ယာယွီကြီးမှာ အလိုက်ခံနေရသည်လား။
ဟိန်း
နောက်ထပ် ကမ္ဘာတုန်မတတ် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြန်သည်။ ကျန်းနန်မြို့တော်တစ်ခုလုံး တုန်ခါသွားပြီး အိမ်ခြေများမှာ မြေလှန်နဂါး (မြေငလျင်) လှုပ်သကဲ့သို့ တုန်ခါသွားရသည်။
ယာယွီမှာ လီယန်ချူး၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ဦးခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိခြင်း၏ ကောင်းကွက်မှာ ရန်သူကို ထိုးနှက်သည့်အခါ လက်သီးများမှာ မိုးပေါက်များကဲ့သို့ စိပ်နေခြင်းပင်။
မီးနတ်ဘုရားပုံရိပ်၏ လက်ထဲတွင် အစွမ်းထက်လှသော နတ်လက်နက်များစွာ ရှိနေသဖြင့် ၎င်းမှာ မုန်တိုင်းထန်နေသကဲ့သို့ပင်။
ဝုန်း ဝုန်း ဝုန်း
ယာယွီမှာ သူ၏ မှော်အတတ်များကိုပင် ထုတ်ဖော်ပြသရန် အချိန်မရလိုက်ဘဲ လီယန်ချူး၏ ရိုက်နှက်မှုအောက်တွင် လုံးဝဥဿုံ ပျက်စီးသွားပြီး ကမ္ဘာမြေကြားတွင် ပျောက်ကွယ်သွားတော့သည်။
ရှေးဦးသားရဲကြီး... ကျဆုံးလေပြီ။
ယာယွီကို အသေရိုက်နှက်ပြီးမှသာ လီယန်ချူးသည် မီးနတ်ဘုရားပုံရိပ်ကို ပြန်လည်သိမ်းဆည်းလိုက်သည်။ ရွှမ်းကျီကောင်းကင်မီးတောက် ရှိနေသဖြင့် တိုက်ရိုက်ရိုက်နှက်ရာတွင် ပိုမိုပြင်းထန်လှသည်။
'ဒီသားရဲကြီး လုံးဝနိုးထလာပြီး မူလခန္ဓာကိုယ် ဖြစ်လာတဲ့အထိ စောင့်ပြီးမှ ကိုင်တွယ်သင့်သလား'
လီယန်ချူး၏ မျက်မှောင်များမှာ တွန့်ချိုးသွားသည်။ ခုနက ကမ္ဘာပျက်မတတ် တိုက်ခိုက်ခဲ့သော်လည်း ကုသိုလ်မှတ် မရရှိခဲ့ချေ။ ၎င်းမှာ အစိတ်အပိုင်း မျှသာ ဖြစ်ပြီး ယာယွီသည် အစစ်အမှန် နိုးထလာခြင်း မရှိသေးခြင်းကြောင့် ဖြစ်နိုင်ပေသည်။
ရဟန်းအိုကြီးမှာမူ စိတ်ထဲတွင် ရှုပ်ထွေးနေ၏။ မူလက အသက်ကို ရင်းပြီး တိုက်ခိုက်ရန် ပြင်ဆင်ထားကာ ရဟန္တာပုံရိပ်ကို ထုတ်ဖော်ခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသားရဲကြီးမှာ အသေရိုက်နှက်ခံလိုက်ရပြီး ပြာအဖြစ် ပြောင်းလဲသွားခဲ့ပြီ။
ခုနက ရဟန်းအိုကြီး သတိမထားမိသော်လည်း ယခု သားရဲကြီး ပျက်စီးသွားမှ သူ သတိပြုမိသွားသည်။
သူ့ရဲ့ အသက်ဓာတ် တွေ လောင်ကျွမ်းနေတုန်းပဲ။
သူသည် ဗုဒ္ဓဘာသာ၏ မဟာမှော်အတတ်ကို အလျင်အမြန် အသုံးပြုကာ ထိုမီးကို ငြိမ်းသတ်လိုက်ရသည်။ မဟုတ်လျှင် တိုက်ပွဲကြည့်ရင်းနှင့်ပင် မိမိကိုယ်ကိုယ် လောင်ကျွမ်းသေဆုံးရပါက တော်တော်လေး ရှုံးပေလိမ့်မည်။
ရဟန်းအိုကြီး၏ စိတ်ထဲတွင် အံ့သြမှု၊ ဝမ်းသာမှု၊ ဘေးလွတ်ရာ ရောက်ရှိမှု စသည့် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေသည်။ သူ၏ အကြည့်မှာ လူငယ်တာအိုဆရာဆီသို့ ကျရောက်သွားရာ ထိုတာအိုဆရာမှာ မျက်နှာတည်ကြည်နေပြီး လူသတ်ငွေ့အသက်များ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။
သူ၏ စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွား၏။
'သွားပြီ ယာယွီက မသေသေးဘဲ ပြန်လာနိုင်တာလား'
ခဏအကြာတွင် ရဟန်းအိုကြီးသည် လီယန်ချူး၏ အနားသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး တိုးညင်းစွာ မေးလိုက်သည်။
"မိတ်ဆွေ... ဘာမှမဖြစ်ဘူးမလား"
လီယန်ချူး၏ အတွေးများမှာ ရဟန်းအိုကြီး၏ ခေါ်သံကြောင့် နိုးကြားလာပြီး လူသတ်ငွေ့အသက်များ ပျောက်ကွယ်သွားကာ
"ဘာမှမဖြစ်ပါဘူး၊ ခုနက ကိစ္စအချို့ကို စဉ်းစားနေလို့ပါ" ဟု ပြန်လည်ပြောကြားလိုက်သည်။
ထိုအခါမှ ရဟန်းအိုကြီးသည် သက်ပြင်းချနိုင်တော့သည်။
လီယန်ချူးသည် ခေါင်းခါယမ်းလိုက်မိသည်။ ခုနက သူသည် ယာယွီကို လုံးဝနိုးထလာအောင် စောင့်ဆိုင်းရန်ပင် တွေးလိုက်မိသေးသည်။ ထိုသို့ဆိုလျှင် ယာယွီ၏ စွမ်းအားမှာ မြေပြင်နတ်ဘုရား အဆင့်သို့ ရောက်ရှိနိုင်ပြီး ထိုအခါတွင် မိမိက ပြန်လိုက်ထုနေနိုင်မည် မဟုတ်တော့ချေ။
'လူဆိုတာ အရမ်းတော့ လောဘမကြီးသင့်ဘူး' ဟု လီယန်ချူး စိတ်ထဲတွင် တွေးလိုက်သည်။
ပိုင်ကျီမိစ္ဆာနိုင်ငံ က နှစ်ပေါင်းများစွာ ကြံစည်ခဲ့ပြီး အရင်းအမြစ်များစွာ အသုံးပြုခဲ့သည့် ယာယွီ နိုးထစေရေး အစီအစဉ်မှာ ယခုအခါ လုံးဝ ပျက်စီးသွားခဲ့ပြီ။ ၎င်းတင်မကဘဲ မိစ္ဆာဘုရင်မနှင့် ဖန်းပိုင်ယန့်တို့လည်း ဤနေရာမှာပင် ကျဆုံးခဲ့ရသည်။ အရင်က ကျဆုံးခဲ့သော မိစ္ဆာကြီးများ၊ အရှင်သခင်များ၊ အကြီးအကဲများ၊ ချီလင်သားတော်တို့နှင့် ပေါင်းလိုက်လျှင် ပိုင်ကျီမိစ္ဆာနိုင်ငံမှာ နာမည်သာ ရှိတော့ပြီး အနှစ်သာရ မရှိတော့ချေ။
ကျန်းနန်မြို့တော်အတွင်းရှိ မြူထူများမှာ လာစဉ်ကကဲ့သို့ပင် ထူးဆန်းစွာ ပျောက်ကွယ်သွားကြပြီ။ ကောင်းကင်ယံရှိ ရွှေရောင်ချည်မျှင်တန်းများလည်း မရှိတော့ချေ။ မြို့ထဲရှိ ကျင့်စဉ်သမားများ ခံစားနေရသော ဆွဲငင်အားမှာလည်း ပျောက်ကွယ်သွားသည်။
အမှန်စင်စစ် အများအပြား သေဆုံးမှု မရှိခဲ့ချေ။ ပိုင်ကျီဘုရင်မက အစီရင်ကို အပေါ်မှ ထိန်းချုပ်နေပြီး ယာယွီက တိုက်ပွဲအပြင်ဘက်မှာ နိုးထရန် ပြင်နေသည်။ အကြီးအကဲ ဖန်းပိုင်ယန့်ကလည်း လီယန်ချူးကို တားဆီးရန်သာ အာရုံစိုက်နေသဖြင့် သာမန်လူများကို သတ်ဖြတ်ရန် အချိန်မရလိုက်ကြချေ။ သေဆုံးသူများမှာ မြို့ထဲရှိ ဗုဒ္ဓဘာသာ ရဟန်းအိုအချို့နှင့် ကံမကောင်းသော ကျင့်စဉ်သမား အနည်းငယ်သာ ဖြစ်သည်။ သာမန်လူထုအတွက်မူ ထိခိုက်မှု မရှိခဲ့ပေ။
တိုက်ပွဲအပြီးတွင် ထျန်းရင်ရဟန်းကြီး သည် လီယန်ချူးကို အထူးဖိတ်ကြားကာ ဘုရားကျောင်းတစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။
၎င်းမှာ ဖာမင်ကျောင်းတော် ဖြစ်သည်။ ယခုအခါ ၎င်းမှာ ကျန်းနန်ခရိုင်၏ အကြီးဆုံးကျောင်းတော် မဟုတ်သော်လည်း လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ခန့်ကမူ ကျန်းနန်ဗုဒ္ဓဘာသာ၏ ထိပ်သီး ဖြစ်ခဲ့ဖူးသည်။ အကြောင်းမှာ ထိုကျောင်းတော်တွင် ယန်ဝိညာဉ်အဆင့် ပညာရှင်တစ်ပါးဖြစ်သော ထျန်းရင်နတ်ဘုရားရဟန်းကြီး ရှိနေသောကြောင့်ပင်။
သို့သော် ထျန်းရင်ရဟန်းကြီး ပျောက်ကွယ်သွားပြီးနောက် ဖာမင်ကျောင်းတော်၏ အဆင့်အတန်းမှာ တဖြည်းဖြည်း နိမ့်ကျလာခဲ့ပြီး ယခုအခါ ကျောင်းတော်ကြီးအချို့ အပြိုင်အဆိုင် ဖြစ်နေသော အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
ရဟန်းအိုကြီး ပေါ်လာသည်နှင့် ကျောင်းတော်အတွင်းရှိ ရဟန်းများမှာ အလွန်ပင် ဝမ်းသာအားရ ဖြစ်သွားကြသည်။ ဤရဟန်းအိုကြီး၏ ပုံတူများနှင့် ရုပ်တုများမှာ ကျောင်းတော်အတွင်းတွင် ရှိနေသဖြင့် သူ၏ အဆင့်အတန်းမှာ အလွန်မြင့်မားလှပြီး အစဦးတည်ထောင်သူထက်ပင် သာလွန်ပေသည်။
ရဟန်းအိုကြီးမှာ ခန္ဓာကိုယ် ပိန်လှီသော်လည်း အရှိန်အဝါမှာ အလွန်ပင် ခန့်ညားလှ၏။ ဖာမင်ကျောင်းတော်၏ လက်ရှိ အသက်အကြီးဆုံးဖြစ်သော မျက်ခုံးဖြူရဟန်းကြီး မှာ နောက်ဖက်တောင်ကုန်းတွင် တရားကျင့်နေစဉ် မြို့တော်တုန်ခါမှုကြောင့် ထွက်လာခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ကျောင်းတော်၏ အကြီးအကဲနှင့် ရဟန်းအိုအချို့ သေဆုံးသွားသဖြင့် သူသည် ကျောင်းတော်၏ အဓိကတာဝန်ခံ ဖြစ်လာခဲ့သည်။
ထိုခဏတွင် မျက်ခုံးဖြူရဟန်းကြီးမှာ စိတ်လှုပ်ရှားစွာ ပြေးလာပြီး ဘိုးဘေးကြီး ဟု ခေါ်လိုက်သည်။
မျက်ခုံးဖြူရဟန်းကြီးမှာ ကိုရင်လေး ဘဝကပင် ထျန်းရင်ရဟန်းကြီးကို ဖူးတွေ့ခဲ့ဖူးပြီး ထိုစဉ်က ရဟန်းကြီး၏ လမ်းညွှန်ချက်များကို တစ်သက်လုံး ဂုဏ်ယူခဲ့သူ ဖြစ်သည်။ ယခုအခါ သူသည် ယင်ဝိညာဉ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်သော်လည်း မိမိ၏ ဘိုးဘေးကြီးကို မြင်တွေ့ရချိန်တွင် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ချေ။
ထျန်းရင်ရဟန်းကြီးသည် အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ သူ၏ တပည့်တပန်း မြေးမြစ်များမှာ များပြားလှသဖြင့် အကုန်လုံးကို မမှတ်မိတော့ချေ။ အထူးသဖြင့် ယခုကဲ့သို့ အဖိုးကြီး ဖြစ်နေသူများကို ပို၍ပင် မမှတ်မိပေ။ သို့သော် သူတစ်ပါး၏ စိတ်ခံစားချက်ကို ငဲ့ညှာသောအားဖြင့် မသိကြောင်း မပြောဘဲ တည်ငြိမ်စွာပင် ခေါင်းညိတ်ပြလိုက်ခြင်း ဖြစ်သည်။
"ဘိုးဘေး... ဒီတာအိုဆရာလေးက ဘယ်သူပါလဲ" ဟု မျက်ခုံးဖြူရဟန်းကြီးက မေးလိုက်သည်။
ဘိုးဘေးကြီးနှင့်အတူ ပါလာသော လူငယ်တာအိုဆရာမှာ အလွန်ပင် ခန့်ညားလှပြီး ထူးခြားသော အရှိန်အဝါ ရှိနေသည်။ အထူးသဖြင့် ဘိုးဘေးကြီးက ဤလူငယ်အပေါ် အလွန်အမင်း ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေသည်ကို မြင်ရသဖြင့် ဤသူမှာ ရုပ်ပျိုကိုယ်နု အတတ်ဖြင့် ငယ်ရွယ်နေသော စီနီယာတာအိုကြီး တစ်ပါးလားဟု မျက်ခုံးဖြူရဟန်းကြီးက သံသယဝင်နေမိသည်။
"ဒါက လီတာအိုဆရာပဲ။ မှတ်ထားပါ... နောင်တစ်ချိန်မှာ လီတာအိုဆရာဟာ ငါတို့ ဖာမင်ကျောင်းတော်ရဲ့ အမွန်မြတ်ဆုံး ဧည့်သည်တော်ပဲ။ သူ့ကို မြင်တာဟာ ငါ့ကို မြင်တာနဲ့ အတူတူပဲ၊ လုံးဝ မရိုင်းပျစေနဲ့"
ရဟန်းအိုကြီးက အလေးအနက် မှာကြားလိုက်သည်။
ဤမိတ်ဆွေလေးမှာ အသက်အရမ်းငယ်သေးသဖြင့် မသိနားမလည်သူများက လာရောက်စော်ကားမိပြီး ဇာတ်ရှုပ်များ ဖြစ်ပေါ်လာမည်ကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။
"အမိန့်အတိုင်းပါ" မျက်ခုံးဖြူရဟန်းကြီးမှာ ဘိုးဘေးကြီး၏ အလေးအနက် မှာကြားချက်ကြောင့် အလျင်အမြန်ပင် ပြန်လည်ဖြေကြားလိုက်သည်။
"ဒီလောက်ထိ မလိုပါဘူး" ဟု လီယန်ချူးက ဆိုသည်။
"လိုပါတယ်... လိုပါတယ်၊ မိတ်ဆွေ... ဒီဘက်ကို ကြွပါ" ထျန်းရင်ရဟန်းကြီးက ပြုံး၍ ဖိတ်ခေါ်လိုက်သည်။
ထိုအပြုံးကို မြင်ရသောအခါ မျက်ခုံးဖြူရဟန်းကြီး၏ စိတ်ထဲတွင် လီယန်ချူးမှာ စီနီယာကြီးတစ်ပါး ဖြစ်ကြောင်း ပိုမိုသေချာသွားတော့သည်။ သူ သိသမျှတွင် သူ၏ ဘိုးဘေးကြီးမှာ အလွန်တည်ကြည်ပြီး စကားနည်းသူ ဖြစ်သည်။ တစ်သက်လုံး ပြုံးဖူးသည်ပင် မရှိဟု ဆိုစမှတ်ရှိသော်လည်း ယခုအခါတွင်မူ အလွန်ပင် စစ်မှန်သော အပြုံးဖြင့် ဆက်ဆံနေသည်မဟုတ်ပါလား။
တာအိုစီနီယာကြီးတစ်ပါး မဟုတ်လျှင် သူ၏ ဘိုးဘေးကြီးက ဤမျှ ရိုသေပါ့မည်လား။ ထိုသို့ တွေးမိပြီး မျက်ခုံးဖြူရဟန်းကြီး၏ အမူအရာမှာ ပိုမို၍ ရိုသေကိုင်းရှိုင်းလာတော့သည်။
လီယန်ချူးသည် ရဟန်းအိုကြီးနောက်သို့ လိုက်ပါကာ ကျောင်းတော်အတွင်းသို့ ဝင်လာစဉ် လူငယ်တပည့်များကြားတွင် ထင်ရှားလှသော ကတုံးကြီးနှင့် ကြမ်းတမ်းသော ရုပ်ရည်ရှိသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ၎င်းမှာ လောကီလူကြမ်းတစ်ယောက်နှင့်ပင် တူလှ၏။
"ဟေး... မင်းလည်း ဒီမှာရှိနေတာလား" လီယန်ချူးက နှုတ်ဆက်လိုက်သည်။
"လီတာအိုဆရာ... ပြန်ဆုံကြပြန်ပြီနော်" ဟု ပြန်လည်ပြောကြားလိုက်သူမှာ ထယဲရှင်းရဟန်းပင် ဖြစ်ပါတော့သည်။
အခန်း (၇၆၈) - ရှေးဟောင်းနတ်ဘုရားကျောက်စာ၊ တစ်ငွေ့ချင်းဖြင့် သုံးစင်ကြယ်ပြောင်းလဲခြင်း၊ မသိအပ်သောနယ်မြေ၊ ကျွန်ုပ်ဖခင်ကို ကယ်တင်ပေးပါ
လီယန်ချူးနှင့် ကတုံးကြီး ထဲ့ရှင်း တို့သည် ထိုညက လမ်းခွဲပြီးနောက် ယခုမှ ပြန်လည်ဆုံတွေ့ကြခြင်း ဖြစ်သည်။ အမှန်တကယ်တော့ အချိန်ကြာမြင့်လှသည် မဟုတ်ဘဲ တစ်ညတာမျှသာ ရှိသေး၏။
"မင်းက တကယ်ပဲ ဖာမင်ကျောင်းတော်က ရဟန်းတစ်ပါးလား" လီယန်ချူးက မေးလိုက်သည်။
ထိုစဉ်က... ကျန်းနန်မြို့တော်အတွင်း ပုန်းအောင်းနေသော ပိုင်ကျီမိစ္ဆာနိုင်ငံ၏ သူလျှို၊ ကြာပန်းဖြူဂိုဏ်းမှ စုန်ယန် က ဖာမင်ကျောင်းတော်၏ ကျောင်းထိုင်ဆရာတော်မှာ ပိုင်ကျီမိစ္ဆာနိုင်ငံသားများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်း ပြောခဲ့ဖူးသည်။ လူသတ်သမားရွာမှ လူသတ်သမားများကို အသုံးပြုခဲ့ခြင်း ဖြစ်၏။
ထိုအချိန်က ထယဲရှင်း၏ မျက်နှာအမူအရာကို ကြည့်ရုံနှင့် သေဆုံးသွားသော ရဟန်းအိုကြီးမှာ သူနှင့် အလွန်ပတ်သက်မှုနက်ရှိုင်းကြောင်း လီယန်ချူး ရိပ်မိခဲ့သော်လည်း ထိုစဉ်က လူချင်းသိကျွမ်းမှုမှာ သာမန်မျှသာ ဖြစ်သောကြောင့် အသေးစိတ် မမေးမြန်းခဲ့ပေ။
"ထဲ့ရှင်း... မင်း လီတာအိုဆရာကို သိတာလား" ဘေးနားရှိ မျက်ခုံးဖြူရဟန်းကြီးက မေးလိုက်သည်။
"ဟုတ်ကဲ့... ဆုံတွေ့ဖူးတဲ့ ရေစက်အနည်းငယ် ရှိပါတယ်" ထဲ့ရှင်းက လေးနက်စွာ ဖြေကြားလိုက်၏။
ထျန်းရင်ရဟန်းကြီး နှင့် မျက်ခုံးဖြူရဟန်းကြီးတို့၏ မျက်ဝန်းများမှာ တစ်ပြိုင်နက် လင်းလက်သွားကြသည်။ ထျန်းရင်ရဟန်းကြီးမှာ ယခုအခါ မိမိ၏ အဆင့်ဆင့်သော မြေးမြစ်တပည့် ဖြစ်သည့် ထဲ့ရှင်းကို ကြည့်လေလေ ပို၍ သဘောကျလေလေ ဖြစ်နေတော့သည်။
'ကြည့်ရတာ သူဟာ ဖာမင်ကျောင်းတော်ရဲ့ အနာဂတ် ကျောင်းထိုင်ဆရာတော် ဖြစ်လာဖို့ ပိုတူနေပြီ'
ထဲ့ရှင်းမှာမူ မိမိ၏ ဘိုးဘေးနှစ်ပါး၏ မျက်လုံးထဲတွင် မိမိကိုယ်ကိုယ် လီယန်ချူးဆိုသည့် အလွန်ပင် ကြီးမားလှသော အားကိုးရာကြီးနှင့် ရေစက်ဆုံသွားသူအဖြစ် မြင်နေကြသည်ကို မသိရှာပေ။ ကြိမ်ဖန်များစွာ ဆုံတွေ့ခဲ့ဖူးရုံမျှသာ ဖြစ်သော်လည်း လီတာအိုဆရာက တွေ့သည်နှင့် နှုတ်ဆက်သည်ဆိုကတည်းက ဤသည်မှာ အလွန်ကောင်းမွန်သော ရေစက် မဟုတ်ပါလား။
မိမိ၏ ဘိုးဘေးနှစ်ပါး၏ စူးရှလှသော အကြည့်များကြောင့် ထဲ့ရှင်းမှာ အနည်းငယ် အနေရခက်သွားသော်လည်း ခေါင်းကို ငုံ့ကာ ရိုသေမှုကိုသာ ဆက်လက်ပြသနေလေသည်။
လီယန်ချူးနှင့် ထျန်းရင်ရဟန်းကြီးတို့ အထဲသို့ လျှောက်လှမ်းဝင်သွားကြစဉ် ထဲ့ရှင်းမှာ မိမိတို့ကျောင်းတော်ရှိ ပုံတူကားချပ်ထဲမှ ဘိုးဘေးကြီးသည် လီယန်ချူးနှင့် ရွယ်တူချင်းကဲ့သို့ ရင်းနှီးစွာ စကားပြောဆိုနေသည်ကို ကြည့်ပြီး မှင်တက်နေမိသည်။
'ဘိုးဘေးကြီးက လီတာအိုဆရာနဲ့ အဆင့်တူ ဆက်ဆံနေတာပဲ... ဒီလိုဆိုရင် ငါနဲ့ လီတာအိုဆရာက အဆင့်အတန်း ဘယ်လောက်တောင် ကွာခြားသွားပြီလဲ' ထဲ့ရှင်း၏ နှုတ်ခမ်းများမှာ အနည်းငယ် တုန်ခါသွားရ၏။
သူ လှည့်ကြည့်လိုက်သောအခါ ကျောင်းတော်၏ လက်ရှိအဆင့်မြင့်ဆုံးဖြစ်သော မျက်ခုံးဖြူရဟန်းကြီးမှာ သူ့ကို အလွန်ပင် ခင်မင်ရင်းနှီးလှသော အကြည့်များဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"လာ... ငါ့နောက်ကို လိုက်ခဲ့" မျက်ခုံးဖြူရဟန်းကြီးက ကရုဏာသက်သော အကြည့်ဖြင့် ခေါ်ဆောင်သွားလေသည်။
ထဲ့ရှင်းမှာ နားမလည်နိုင်သော်လည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားတော့သည်။
ယခုခေတ်ကာလတွင် ယန်ဝိညာဉ် တစ်ပါး၏ အဆင့်အတန်းမှာ အလွန်အမင်း မြင့်မားလှ၏။ ဖာမင်ကျောင်းတော်သည် ယခင်က ကျန်းနန်ဗုဒ္ဓဘာသာ၏ ထိပ်သီး ဖြစ်ခဲ့သည်မှာလည်း ထျန်းရင်ဘိုးဘေးကြီးကို အမှီပြုခဲ့ခြင်းပင်။
ယခုအခါ ထျန်းရင်ဘိုးဘေးကြီးမှာ လူ့လောကသို့ ပြန်လည်ပေါ်ထွက်လာပြီ ဖြစ်သော်လည်း ၎င်း၏ သက်တမ်းမှာ ကုန်ဆုံးတော့မည်ကို ခန့်မှန်း၍ ရပေသည်။ ထို့ကြောင့် အခြားသော ယန်ဝိညာဉ်ပညာရှင်တစ်ဦးနှင့် ရေစက်ပြုထားရန်မှာ အလွန်ပင် အရေးကြီးလှပေသည်။
မျက်ခုံးဖြူရဟန်းကြီးသည် လီယန်ချူး၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်း မသိသော်လည်း ထျန်းရင်ဘိုးဘေးကြီး၏ ဆက်ဆံပုံကို ကြည့်ရုံနှင့်ပင် ဤလူငယ်မှာ မည်မျှ အစွမ်းထက်ကြောင်း မသိလျှင် သူသည် ကျွမ်းကျင်သော မြေခွေးအိုကြီး မဟုတ်ဘဲ လူနုံတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
တရားအားထုတ်ရာ အခန်းအတွင်း...
မကြာမီမှာပင် ဧည့်ခံရဟန်းတစ်ပါးက လက်ဖက်ရည်ကြမ်းကို လာရောက်ဆက်သလေသည်။
"ဆရာေတာ်ကြီး... ကျုပ်ကို ဖာမင်ကျောင်းတော်ကို ဖိတ်ကြားရတဲ့ အကြောင်းရင်းက ဘာများပါလဲ" လီယန်ချူးက မေးလိုက်သည်။
"ဒီနေ့မှာ လီတာအိုဆရာက မိမိရဲ့ စွမ်းအားတစ်ရပ်တည်းနဲ့ မဟာသုမေရုနတ်အစီရင်ကို ဖျက်ဆီးပြီး ရှေးဦးသားရဲကြီး ယာယွီကို သတ်ဖြတ်နိုင်ခဲ့တယ်၊ ဒါဟာ အိုမင်းလှတဲ့ ဒီရဟန်းရဲ့ အသက်ကိုလည်း ကယ်တင်လိုက်တာပါပဲ... ဒါကြောင့် လီတာအိုဆရာကို စကားစမြည်ပြောဖို့ ဖိတ်ကြားရတာဖြစ်သလို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ လက်ဆောင်တစ်ခု ပေးအပ်ချင်လို့ပါ"
ထျန်းရင်ရဟန်းအိုကြီးက လိုရင်းကို တိုက်ရိုက်ပြောလိုက်သဖြင့် လီယန်ချူးမှာ အနည်းငယ် ကြောင်သွားရ၏။
'ဒီရဟန်းအိုက ဒီလောက်တောင် ယဉ်ကျေးနေပါလား'
အမှန်တကယ်တော့ သူသည် ကျန်းနန်နယ်မြေရှိ ကျင့်ကြံသူများအပေါ်တွင် သဘောထားကြီးလှသည် မဟုတ်ပေ။ ခရိုင်အုပ်ချုပ်ရေးမှူးရုံးက နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့သော ကိစ္စရပ်များတွင် ကျန်းနန်ကျင့်ကြံသူများ အနည်းနှင့်အများ ပတ်သက်နေမည်မှာ သေချာသလောက်ပင်။ သူသည် ဤကိစ္စကို ရွှီထျန်းနန် ကို ပြောပြပြီး တရားရုံးေတာ်က ကိုင်တွယ်စေမည် ဖြစ်သည်။
သို့သော် ယခု ဖာမင်ကျောင်းတော်သို့ ဝင်လာပြီးနောက်တွင်မူ ကျောင်းတော်ရှိ ရဟန်းများထံတွင် မကျေနပ်ချက် သို့မဟုတ် မကောင်းသော အငွေ့အသက်များကို မတွေ့ရပေ။
"ဆရာကြီးက အရမ်းယဉ်ကျေးလွန်းနေပါပြီ" လီယန်ချူးက ဆိုသည်။
ရဟန်းအိုကြီးက အသာအယာ ပြုံးလိုက်ပြီး...
"တကယ်တော့ ဒီရဟန်းမှာ လီတာအိုဆရာကို မေးချင်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်"
"ဆရာကြီး... မိန့်တော်မူပါ"
"တာအိုဆရာဟာ ဘယ်စီနီယာကြီးရဲ့ ပြန်လည်ဝင်စားတဲ့သူ လဲဆိုတာ ဒီရဟန်းကို ပြောပြပေးနိုင်မလား"
ရဟန်းအိုကြီးက လီယန်ချူးကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။
သူသည် ယခုအခါ သက်တမ်းကုန်ဆုံးတော့မည် ဖြစ်ရာ လုံးဝဥဿုံ ပျောက်ကွယ်မသွားချင်ပါက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ကို လျှောက်လှမ်းရပေလိမ့်မည်။ သို့သော် ထိုလမ်းစဉ်မှာ လွယ်ကူလှသည် မဟုတ်ဘဲ အန္တရာယ်များလှ၏၊ အမှတ်ရဉာဏ်များ ပြန်မရရှိနိုင်သည့် အခွင့်အလမ်းလည်း ရှိပေသည်။
ထျန်းရင်ရဟန်းကြီးသည် ဖာမင်ကျောင်းတော်၏ သမိုင်းတစ်လျှောက် အမြင့်မားဆုံးသော တောင်ကြီးတစ်လုံး ဖြစ်သော်လည်း အစဦးတည်ထောင်သူထက်ပင် သာလွန်သဖြင့် ဤကဲ့သို့သော မှတ်တမ်းမှတ်ရာများမှာ အားနည်းလှ၏။ ၎င်းမှာ တာ့ရှန့်ကော်ကျောင်းတော် သို့မဟုတ် လုံဟူရှန်း ကဲ့သို့သော ဂိုဏ်းကြီးများနှင့် မနှိုင်းယှဉ်နိုင်သော ထျန်းရင်ရဟန်းကြီး၏ အားနည်းချက်ပင် ဖြစ်သည်။
ယခုအခါ ပြန်လည်ဝင်စားသည်ဟု ယူဆရသော စီနီယာတစ်ဦးကို တွေ့ရှိရသဖြင့် ထျန်းရင်ရဟန်းကြီးမှာ လမ်းညွှန်ချက် တောင်းခံလိုခြင်း ဖြစ်သည်။
လီယန်ချူးက ခေါင်းခါယမ်းလိုက်ပြီး
"ကျုပ်က ဘယ်သူ့ရဲ့ ပြန်လည်ဝင်စားသူမှ မဟုတ်ပါဘူး၊ သာမန် တာအိုဆရာတစ်ယောက်ပါပဲ"
ထျန်းရင်ရဟန်းကြီးသည် မတ်တတ်ရပ်ကာ ဂါရဝပြုလိုက်ပြီး
"အမိတာဗုဒ္ဓ... ဒီလိုမေးတာက ရိုင်းရာကျမှန်း ဒီရဟန်း သိပါတယ်၊ ဒါပေမဲ့ ဒီရဟန်းရဲ့ သက်တမ်းက ကုန်ဆုံးတော့မှာမို့ တာအိုဆရာအနေနဲ့ လမ်းမှန်ကို ညွှန်ပြပေးစေလိုပါတယ်"
လီယန်ချူးက တည်ကြည်စွာဖြင့်
"ကျုပ် တကယ်ပဲ လိမ်ပြောနေတာ မဟုတ်ပါဘူး၊ ဒီပြန်လည်ဝင်စားတဲ့ အတတ်ကိုလည်း ကျုပ် မသိပါဘူး၊ မဟုတ်ရင် ဆရာကြီး ဒီနေ့ ကျန်းနန်မြို့သူမြို့သားတွေကို ကယ်တင်ခဲ့တဲ့ လုပ်ရပ်အတွက်နဲ့တင် ကျုပ်ပြောပြမိမှာပါ"
ထျန်းရင်ရဟန်းကြီးသည် လီယန်ချူး၏ မျက်နှာကို စူးစိုက်ကြည့်လိုက်ရာ ဤလူငယ်တာအိုဆရာမှာ လိမ်ပြောနေခြင်း မဟုတ်ကြောင်း ခံစားလိုက်ရသည်။ သူသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသော်လည်း စိတ်ထဲတွင် ပို၍ပင် အံ့အားသင့်သွားရ၏။
'ပြန်လည်ဝင်စားတာ မဟုတ်ဘူးဆိုရင် တကယ်ပဲ အသက် ၂၀ ကျော်လောက်နဲ့ ဒီအဆင့်ထိ ကျင့်ကြံနိုင်တာလား'
ရဟန်းအိုကြီးသည် ထိုသို့တွေးတောရင်း အသက်ကို ပြင်းပြင်းရှူလိုက်ပြီး
"ဒါဆိုရင်တော့... တာအိုဆရာ ဒီမှာ ခဏစောင့်ပါဦး"
ထျန်းရင်ရဟန်းကြီးသည် စကားအဆုံးတွင် အခန်းထဲမှ ထွက်ခွာသွားပြီး ပြန်လာသောအခါ သူ၏ လက်ထဲတွင် ကျောက်စာချပ် တစ်ခု ပါလာလေသည်။
"ဒါက ဘာလဲ" လီယန်ချူးက မေးလိုက်သည်။
"ဒါကတော့ ဒီရဟန်း ငယ်စဉ်အခါက မသိတဲ့နယ်မြေ တစ်ခုထဲကို မှားယွင်းရောက်ရှိသွားစဉ်မှာ ရရှိခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားကျောက်စာ တစ်ခုပါ၊ အဲဒီထဲမှာ မှော်အတတ်တွေ ပါဝင်ပေမဲ့ ဒီရဟန်းဟာ အခုထိ နားလည်သဘောပေါက်အောင် မကျင့်ကြံနိုင်ခဲ့ပါဘူး၊ ဒီနေ့မှာတော့ ဒီပစ္စည်းကို တာအိုဆရာကို လက်ဆောင်အဖြစ် ပေးအပ်ချင်ပါတယ်"
ဟု ရဟန်းအိုကြီးက လေးနက်စွာ ပြောကြားလိုက်သည်။
"မသိတဲ့ နယ်မြေ ဟုတ်လား" လီယန်ချူးက ကျောက်စာချပ်ကို လှမ်းယူလိုက်သည်။
"ဟုတ်ပါတယ်... ကြည့်ရတာတော့ ရွာလေးတစ်ရွာနဲ့ တူတယ်၊ ဒါပေမဲ့ အဲဒီရွာအကြောင်း အမှတ်ရဉာဏ်တွေက ဝေဝါးနေပြီး ရွာထဲမှာ နတ်မိမယ်တစ်ပါး ရှိခဲ့တာကိုပဲ မှတ်မိတော့တယ်"
ဟု ရဟန်းအိုကြီးက ဆိုသည်။
"ဘာ..."
လီယန်ချူး၏ မျက်သူငယ်အိမ်များမှာ ကျုံ့သွားပြီး ရဟန်းအိုကြီးကို ရုတ်တရက် မော့ကြည့်လိုက်တော့သည်။
လီယန်ချူးသည် ဖာမင်ကျောင်းတော်မှ ပြန်လာပြီးနောက် မြို့တော်ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုလိုက်သည်။ ကျန်းနန်မြို့တော်မှာ ဆူပူသောင်းကျန်းမှုများ ကြုံတွေ့ခဲ့ရသော်လည်း အပေါ်ယံတွင်မူ အရာအားလုံး ပုံမှန်အတိုင်းပင် ဖြစ်နေ၏။
လီယန်ချူးမှာ ပြိုင်ဘက်ကင်းလှသော ချောမောသည့် ရုပ်ရည်ရှိသော်လည်း သူ၏ တည်ရှိမှုမှာ လူသိနည်းလှသည်။ အဓိကမှာ သူ၏ ကိုယ်ပေါ်တွင် ကောင်းကင်လျှို့ဝှက်ချက်များကို ဖုံးကွယ်နိုင်သော အေမှာင်ဖုံးကွယ်အတတ် ရှိနေသောကြောင့် ဖြစ်သည်။
တည်းခိုခန်းအတွင်း၌ လီယန်ချူးသည် ရဟန်းအိုကြီး ပေးအပ်ခဲ့သော ကျောက်စာချပ်ကို လေ့လာနေ၏။ ကျောက်စာချပ် မှာ မှော်အတတ်များကို မှတ်တမ်းတင်ရာတွင် အသုံးများသော ပစ္စည်းပင်။
ယခင်ကလည်း သူသည် နှစ်တစ်ထောင်သစ်ပင်မိစ္ဆာထံမှ ကျောက်စာတစ်ခု ရရှိခဲ့ဖူးပြီး ထိုမှတစ်ဆင့် အသွင်ပြောင်းလဲခြင်းအတတ် ကို ရရှိခဲ့ရာ အသွင် ၇၂ မျိုး ပြောင်းလဲနိုင်သော မှော်အတတ်နှင့် ဆင်တူသဖြင့် ဘေးဒုက္ခအမျိုးမျိုးမှ ရှောင်လွှဲနိုင်ခဲ့သည်။
ယခုအခါ လီယန်ချူးသည် သူ၏ ဝိညာဉ်အာရုံ ကို ကျောက်စာချပ်အတွင်းသို့ ထည့်သွင်းလိုက်ရာ ကျောက်စာအတွင်း၌ မှော်အတတ်တစ်ခုကို မှတ်တမ်းတင်ထားသည်ကို ဝေဝါးစွာ မြင်တွေ့ရသော်လည်း အသေးစိတ်ကြည့်ရန် ကြိုးစားသောအခါတွင်မူ လုံးဝ မမြင်ရပေ။
လီယန်ချူး၏ ဝိညာဉ်အာရုံမှာ အလွန်ပင် ခိုင်မာလှသဖြင့် ချက်ချင်းပင် အရှိန်အဟုန်ဖြင့် ထည့်သွင်းလိုက်သော်လည်း ကျောက်စာအတွင်းရှိ အရာများကို မမြင်နိုင်သေးပေ။ သူသည် အချိန်အတော်ကြာ စူးစိုက်ကြည့်ပြီးနောက်တွင်မှ ငွေ့ ဆိုသည့် စာလုံးတစ်လုံးကိုသာ မြင်လိုက်ရသည်။
'ဒါကြောင့်လည်း ရဟန်းအိုကြီး ဒီလောက်နှစ်တွေကြာအောင် နားမလည်နိုင်ခဲ့တာကိုး'
'ဒါက နားမလည်တာ မဟုတ်ဘူး... လုံးဝကို မမြင်ရတာပဲ' ဟု လီယန်ချူး စိတ်ထဲတွင် တွေးလိုက်သည်။
ရိုးရှင်းစွာ ပြောရလျှင် ဤရှေးဟောင်းနတ်ဘုရားကျောက်စာမှာ ကုဒ်နံပါတ်ဖြင့် ပိတ်ထားသကဲ့သို့ပင် ဖြစ်ပြီး ၎င်းအပေါ်ရှိ အကာအကွယ် ကို အရင်ဆုံး ဖျက်ဆီးရပေမည်။ ပုံမှန်အားဖြင့် ဤကဲ့သို့သော ကျောက်စာရှိ အကာအကွယ်ကို ဝိညာဉ်အာရုံဖြင့် ဖြိုခွဲရလေ့ရှိပြီး ဝိညာဉ်အာရုံ သန်မာလေလေ ပိုမိုမြန်ဆန်လေလေ ဖြစ်သည်။
သို့သော် လီယန်ချူး၏ လက်ထဲရှိ အကာအကွယ်မှာ အလွန်ပင် ရှုပ်ထွေးလှ၏၊ မဟုတ်လျှင် တတိယအဆင့် ယန်ဝိညာဉ်ပညာရှင်တစ်ဦးက နှစ်ပေါင်းများစွာကြာသည်အထိ စာလုံးအနည်းငယ်ကိုသာ မြင်တွေ့နိုင်မည် မဟုတ်ပေ။
သူသည် ခဏတာ ကြိုးစားကြည့်ပြီးနောက် ဝိညာဉ်အာရုံကို ပြန်လည်ထုတ်ယူလိုက်သည်။ ဤသည်မှာ နည်းပညာဆန်သော အလုပ်ဖြစ်သဖြင့် ဖြည်းဖြည်းချင်းသာ လုပ်ဆောင်ရပေမည်။
ဤရှေးဟောင်းနတ်ဘုရားကျောက်စာထက် လီယန်ချူးကို ပို၍ အံ့အားသင့်စေသည်မှာ ဤကျောက်စာကို ရဟန်းအိုကြီးက ရွာလေးတစ်ရွာမှ ရရှိခဲ့ခြင်းပင်။ ရဟန်းအိုကြီး၏ ဖော်ပြချက်အရ ၎င်းမှာ ကောင်းပုရွာ ဖြစ်ကြောင်း လီယန်ချူး အလွယ်တကူပင် ခန့်မှန်းနိုင်ခဲ့သည်။
ထိုရွာသည် ယန်ဝိညာဉ်ပညာရှင်တစ်ဦး၏ အမှတ်ရဉာဏ်ကိုပင် ဖုံးကွယ်ထားနိုင်သည်လား။
'အဲဒီရွာထဲက နတ်မိမယ်က တကယ်တော့ ဘယ်သူလဲ'
'ဘာဖြစ်လို့ ဒီကျောက်စာကို ရဟန်းအိုကြီးကို ပေးခဲ့တာလဲ၊ ပေးမယ်ဆိုရင်လည်း ဘာလို့ ရှင်းရှင်းလင်းလင်း မပေးခဲ့တာလဲ' လီယန်ချူး၏ မျက်ဝန်းများတွင် တွေးတောမှုများ ပေါ်ပေါက်လာသည်။
ဒီနောက်ကွယ်မှာ ထူးခြားတဲ့ အကြောင်းရင်း တစ်ခုခု ရှိနေတာလား။ ထျန်းရင်ရဟန်းကြီးက လီယန်ချူးကို ကျောက်စာပေးခဲ့ခြင်းမှာ ၎င်းတွင် ထူးခြားဆန်းကြယ်သော မှော်အတတ်များ ပါဝင်နေပြီး ယန်ဝိညာဉ်ပညာရှင်ပင် ဖြိုခွဲနိုင်ခြင်း မရှိသောကြောင့် သေချာပေါက် သာမန်အတတ်တစ်ခု မဟုတ်ပေ။ သူသည် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်ရာ ကောင်းမွန်သော ရေစက်တစ်ခုသာ ထားရှိလိုခြင်း ဖြစ်ပေလိမ့်မည်။
ဆေးပေါင်းဖို သည် ပိုင်ကျီဘုရင်မကို လုံးဝ ချေဖျက်ပြီးနောက် ဆေးလုံး အဖြစ် ပြောင်းလဲပေးလိုက်ပြီ။ သို့သော် လီယန်ချူးမှာ ချက်ချင်း သုံးစွဲရန် မလောပေ။ ဆေးလုံးကို သုံးစွဲပါက ကောင်းကင်နှင့်မြေပြင်၏ ထူးခြားသော နိမိတ်များ ဖြစ်ပေါ်လာတတ်သည်။
ယခင်က ဝေမြို့တောင်တန်းတွင် ကျွေ့ဟွာ ကို အစောင့်ထားကာ ဆေးလုံးသုံးစွဲစဉ်ကပင် မိစ္ဆာပေါင်းများစွာ၏ လောဘတက်မှုကို ဆွဲဆောင်ခဲ့ဖူးသည်။ ယခုအခါတွင်မူ သူသည် ထိုကဲ့သို့သော အနှောင့်အယှက်များကို မကြောက်သော်လည်း အလွန်အကျွံ ဟန်ပြသကဲ့သို့ မဖြစ်လိုပေ။ ထို့ကြောင့် ထိုဆေးလုံးကို သိုေလှာင်အိတ်အတွင်းသို့သာ အရင်ထည့်ထားလိုက်သည်။
ဤတစ်ကြိမ် ရှေးဦးသားရဲကြီး ယာယွီကို သတ်ဖြတ်ခြင်းမှ ကုသိုလ်မှတ်များ မရရှိခဲ့သော်လည်း ရရှိခဲ့သော အကျိုးအမြတ်များမှာ အလွန်ပင် ကြီးမားလှ၏။ ကျန်းနန်မြို့တော်သို့ ဝင်ရောက်လာချိန်မှစ၍ လီယန်ချူးသည် စုစုပေါင်း ကုသိုလ်မှတ် ၃၁၂,၀၀၀ ကို ရရှိခဲ့သည်။
ထို့အပြင် လျှို့ဝှက်ဆန်းကြယ်သော အပိုင်းအစတစ်ခု၊ ပိုင်ကျီဘုရင်မ၏ နတ်လက်နက် ရွှေခေါင်းလောင်း၊ ဆေးလုံး တစ်လုံး၊ မှော်အတတ်များ ပါဝင်သော ရှေးဟောင်းနတ်ဘုရားကျောက်စာ တစ်ခုတို့နှင့်အတူ မိမိ၏ ကျင့်စဉ်အဆင့်မှာလည်း များစွာ မြင့်တက်လာခဲ့သည်။
ထိုလျှို့ဝှက်အပိုင်းအစနှင့် မီးနတ်ဘုရားဂါထာတို့၏ ဆက်နွှယ်မှုမှတစ်ဆင့် သုံးေရာင်ခြယ်နတ်မီးတောက် ကိုလည်း ကျင့်ကြံအောင်မြင်ခဲ့ရာ အကျိုးအမြတ်မှာ အလွန်ပင် ကြီးမားလှသည်ဟု ဆိုရမည်။
တစ်ညတာ ကုန်ဆုံးသွားပြီးနောက် လီယန်ချူးသည် တည်းခိုခန်းအတွင်း၌ မှော်အတတ်များကို လေ့လာရင်း ဟွမ်ထင်တာအိုကျမ်း ကို ကျင့်ကြံနေ၏။
နေလွဲခါနီး အချိန်သို့ ရောက်သောအခါ သိုေလှာင်အိတ်အတွင်းရှိ ကျောက်ပြားတစ်ခုမှာ တုန်ခါလာသည်။ ဤသည်မှာ ယခင်က လံုဟူရှန်းမှ နတ်ဆရာကြီးကျောက် ပေးအပ်ခဲ့သော သတင်းပို့ကျောက်ပြားပင်။
လီယန်ချူးသည် ကောင်းကင်ယံသို့ အသာအယာ မော့ကြည့်လိုက်ပြီး "နောက်ဆုံးတော့ ရောက်လာပြီပဲ" ဟု ဆိုသည်။
သူသည် သူ၏ ခွဲထွက်ဝိညာဉ်ပုံရိပ် ကို အာရုံခံလိုက်ရာ ထိုပုံရိပ်သည် ဓာတ်ငါးပါး မြေလျှိုးအတတ် ကို အသုံးပြု၍ မကြာမီမှာပင် မူလကိုယ်ထံသို့ ရောက်ရှိလာတော့သည်။ ပေါင်းစည်းပြီးနောက်တွင် လီယန်ချူးသည် ထိုပုံရိပ်၏ အမှတ်ရဉာဏ်များကို ရရှိလိုက်၏။
ကိုယ်ပွားပုံရိပ်သည် ဖူဝမ်ကြင်ယာတော် မိခင်နှင့် သားကို ခေါ်ဆောင်ကာ မြို့တော်သို့ ရောက်ရှိသွားပြီးနောက် တရားရေးရုံးအရာရှိ ရွှီထျန်းနန် ကို ရှာဖွေတွေ့ရှိခဲ့သည်။ ရွှီထျန်းနန်သည် ဤကိစ္စကို အလွန်အလေးထားပြီး သူမတို့သားအမိကို သေချာစွာ နေရာချထားပေးခဲ့သည်။
လီယန်ချူး၏ ရွေးချယ်မှုမှာ မှန်ကန်ခဲ့၏။ တရားရုံး တော် သည် ချန်နိုင်ငံအစိုးရ၏ တရားဝင်အဖွဲ့အစည်း ဖြစ်သောကြောင့် ဤကဲ့သို့သော ကိစ္စရပ်များကို ကိုင်တွယ်ရန် အသင့်တော်ဆုံးပင်။
ထို့အပြင် တရားရုံးတော် မှာ ထူးခြားသော ဌာနတစ်ခု ဖြစ်ပြီး အရာရှိများ၏ အကျင့်ပျက်ခြစားမှု နည်းပါးလှသည်။ တရားရုံးေတာ်ချုပ် အကြီးအကဲ ဝမ်အာ မှာလည်း ဟန်ဆောင်မှုကင်းပြီး စိတ်ရင်းအတိုင်း နေထိုင်တတ်သော လူကြီးတစ်ဦး ဖြစ်သဖြင့် ကိုင်တွယ်ပုံမှာ ပိုမိုပြောင်းလွယ်ပြင်လွယ် ရှိလှသည်။
ကိုယ်ပွားပုံရိပ်သည် ဤကိစ္စကြောင့် ဝမ်အာနှင့် ဆုံတွေ့ခဲ့ရသည်။ သူသည် သာမန်ရုပ်ရည်ရှိသော လူလတ်ပိုင်းတစ်ဦး ဖြစ်ပြီး ထူးခြားသည့်အချက် တစ်စုံတစ်ရာ မတွေ့ရပေ။ လီယန်ချူးသည် ဝိညာဉ်မျက်လုံး ဖြင့် ကြည့်ရှုခဲ့သော်လည်း သူသည် အခြေခံကျင့်စဉ် အဆင့်သာ ရှိပြီး ယင်ဝိညာဉ်အဆင့်ကိုပင် မရောက်ရှိသေးပေ။ သူသည် တရားရုံးေတာ်ချုပ် အကြီးအကဲ ရာထူးနှင့် ထိုက်တန်ရဲ့လားဟု သံသယဝင်ရလောက်အောင်ပင် သာမန်ဆန်လွန်းလှသည်။
သို့သော် ဝမ်အာမှာ ကိုင်တွယ်ရန် ကိစ္စရပ်များစွာ ရှိနေသဖြင့် သူတို့နှစ်ဦးမှာ ခဏတာသာ စကားပြောဖြစ်ခဲ့သည်။ ထို့နောက် တရားရုံးတော် သည် ကျွမ်းကျင်သူများစွာကို စေလွှတ်ကာ ရွှီထျန်းနန်နှင့်အတူ ကျန်းနန်မင်းသားနန်းတော်သို့ စေလွှတ်လိုက်သည်။ အမှန်စင်စစ် ရွှီထျန်းနန်မှာ တရားရုံးတော် ၏ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားပင်။
ယခင်က တိုက်ပွဲကြီးအချို့တွင် သူသည် အမြဲတမ်း အရိုက်ခံနေရသော်လည်း ၎င်းမှာ ထူးခြားသော အခြေအနေများကြောင့်သာ ဖြစ်သည်။ သို့မဟုတ်လျှင် သူသည် အင်းဆက်အတတ်ကို အစွမ်းကုန် ကျင့်ကြံထားသော ကျင်းယွီ သို့မဟုတ် နတ်ဘုရားဟု ဟန်ဆောင်ထားသော နယ်ပယ်ပြင်ပမိစ္ဆာ သို့မဟုတ် လွန်ခဲ့သော နှစ်ပေါင်းရာချီက နာမည်ကြီးခဲ့သော မိစ္ဆာကြီး တာအိုယန် တို့နှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့်ပင်။ လက်တွေ့တွင် ရွှီထျန်းနန်၏ တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်ပင် အထင်ကြီးဖွယ်ရာ ကောင်းလှသည်။ ကျင့်ကြံသူ အများအပြားကို ခေါ်ဆောင်လာခြင်းမှာလည်း နောက်လိုက်နောက်ပါများကို ဖမ်းဆီးရန်အတွက်သာ ဖြစ်သည်။
လီယန်ချူးကိုယ်တိုင်ကမူ ယခုတစ်ကြိမ်တွင် လူအင်အား မလုံလောက်သောကြောင့် အဓိက တရားခံများကိုသာ သတ်ဖြတ်နိုင်ခဲ့ပြီး အသေးစိတ် ကိစ္စရပ်များကို တစ်ခုချင်း စစ်ဆေးနိုင်ခြင်း မရှိခဲ့ပေ။ တရားရုံးတော် မှာမူ လျင်မြန်စွာ လှုပ်ရှားခဲ့ပြီး ကျန်းနန်မင်းသားနန်းတော်ရှိ နာလန် ဆိုသူမှလွဲ၍ ကျန်ရှိသူအားလုံးကို ဖမ်းဆီးနိုင်ခဲ့သည်၊ ၎င်းတွင် မင်းသားအတုလည်း ပါဝင်သည်။
သာမန်ကျင့်ကြံသူများအတွက်မူ ဤသည်မှာ ကြီးမားလှသော ပူးပေါင်းကြံစည်မှုကြီး ဖြစ်နိုင်သော်လည်း ယန်ဝိညာဉ်ပညာရှင် နှစ်ပါးက တရားရုံးတော် မှ ကျွမ်းကျင်သူများနှင့်အတူ ကိုယ်တိုင်လာရောက်ကိုင်တွယ်သောအခါတွင်မူ အရာအားလုံးမှာ ရိုးရှင်းသွားတော့သည်။ လီယန်ချူး၏ ကိုယ်ပွားပုံရိပ်မှာမူ အစမှအဆုံးအထိ လက်ဖျားနှင့်ပင် ထိစရာ မလိုခဲ့ပေ။
အရာအားလုံးကို အလွယ်တကူ ဖြေရှင်းပြီးနောက် ကိုယ်ပွားပုံရိပ်သည် ကျန်းနန်မြို့တော်သို့ အရင်ဆုံး ပြန်လာခဲ့ခြင်း ဖြစ်သည်။ ရွှီထျန်းနန်နှင့် သူ၏ လူများမှာမူ ညနေပိုင်းလောက်တွင် ရောက်ရှိလာပေလိမ့်မည်။
ကိုယ်ပွားကို ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက် လီယန်ချူး၏ ကျင့်စဉ်မှာ ပိုမို၍ သန်မာလာပြန်သည်။ ကိုယ်ပွားသည် သူ၏ ကျင့်စဉ်စွမ်းအား ၉၀ ရာခိုင်နှုန်းခန့် ရှိသော်လည်း အားနည်းချက်တစ်ခုမှာ လီယန်ချူး၏ မူလကိုယ်ကဲ့သို့ ခန္ဓာကိုယ် သန်မာမှု မရှိခြင်းပင်။ ၎င်းမှာ ကျင့်စဉ်စွမ်းအား သက်သက်သာ ရှိပြီး တွေးတောပုံမှာလည်း မူလကိုယ်လောက် မပြည့်စုံပေ။
အကျိုးကျေးဇူးမှာ မူလကိုယ်၏ ၉၀ ရာခိုင်နှုန်း စွမ်းအားရှိခြင်းဖြစ်ပြီး ဆက်လက်လေ့လာပါက မူလကိုယ်နှင့် ထပ်တူကျသော စွမ်းအားကို ရရှိနိုင်ခြင်း ဖြစ်သည်။
သာမန် ကိုယ်ပွားဖန်တီးခြင်းအတတ် မျိုးမှာ ဤသို့ မလုပ်ဆောင်နိုင်သည်ကို သိထားရပေမည်။ ဤမှော်အတတ်မှာ ကျားချွမ်းဖန်း ထံမှ သင်ယူခဲ့ခြင်း ဖြစ်သည်။ ကျားချွမ်းဖန်းမှာ မဟာရှခေတ် မှ ကျင့်ကြံသူဖြစ်ပြီး သူ၏ အဆင့်မှာ ပထမတန်းစား ဖြစ်သောကြောင့် သာမန် ကိုယ်ပွားများထက် များစွာ သာလွန်ထူးကဲလှသည်။
သို့သော် လီယန်ချူးသည် ယခုတစ်ကြိမ် ကိုယ်ပွားကို ပြန်လည်သိမ်းဆည်းလိုက်သောအခါ ပြဿနာတစ်ခုကို တွေ့ရှိလိုက်ရသည်။ ကိုယ်ပွားသည် မူလကိုယ်နှင့် ဝေးရာတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ပြီး အတွေ့အကြုံများစွာ ရှိခဲ့သဖြင့် ထိုအမှတ်ရဉာဏ်များ မူလကိုယ်နှင့် ပေါင်းစည်းသောအခါတွင် အနည်းငယ်သော ဟန်ချက်မညီမှုကို ခံစားလိုက်ရခြင်း ဖြစ်သည်။
' ကိုယ်ပွားကို သူ့ဘာသာသူ အချိန်အကြာကြီး လွှတ်မထားသင့်ဘူးလား'
'ဒါက ဒီမှော်အတတ်ရဲ့ ပြဿနာလား၊ ဒါမှမဟုတ် ကိုယ်ပွားအတတ်အားလုံးက ဒီလိုပဲလား'
လီယန်ချူးသည် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုဟန်ချက်မညီသော ခံစားချက်မှာ အလွန်ပင် သေးငယ်လှသဖြင့် သူ၏ ယန်ဝိညာဉ်သာ အလွန်မသန်မာပါက သတိထားမိမည် မဟုတ်ပေ။ ထို့ပြင် ထိုခံစားချက်သည် သူ့အပေါ်တွင်လည်း ထူးထူးခြားခြား သက်ရောက်မှု မရှိဘဲ ကိုယ်ပွားကို ထိန်းချုပ်မှု လွတ်သွားစေမည် မဟုတ်ပေ၊ အနည်းဆုံးတော့ ယန်ဝိညာဉ်အဆင့်တွင် ပြဿနာ ရှိမည်မဟုတ်ပေ။
'ဒါပေမဲ့ ဘာလို့ ငါ ဒီလောက် စိတ်မအေးဖြစ်နေရတာလဲ'
လီယန်ချူးသည် ခဏတာ တွေးတောပြီးနောက် ကိုယ်ပွားကို ပြန်လည်ထုတ်ဖော်လိုက်ရာ လူရိပ်တစ်ခု သူ၏ ကိုယ်ပေါ်မှ ထွက်လာသည်။ ၎င်းမှာလည်း ခန့်ညားထည်ဝါလှသော လူငယ်တာအိုဆရာတစ်ဦးပင် ဖြစ်ပြီး သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး တည်ငြိမ်စွာ စိုက်ကြည့်နေကြသည်။
ခဏအကြာတွင် လီယန်ချူးသည် ရုတ်တရက် လှုပ်ရှားလိုက်ပြီး ကျန့်ေကျာင်းဓား ၏ ဓားအလင်းတန်းဖြင့် ကိုယ်ပွားကို တစ်ချက်တည်းနှင့် ပိုင်းဖြတ်ပစ်လိုက်တော့သည်။ ကိုယ်ပွားမှာ ဟက်ခနဲ ကွဲအက်သွားပြီး အလင်းတန်းများအဖြစ် ပြောင်းလဲကာ ကမ္ဘာမြေကြားတွင် ပျောက်ကွယ်သွားလေသည်။
ထိုအခါမှသာ လီယန်ချူးသည် သူ၏ မူလဝိညာဉ် အတွင်းရှိ ထိုဟန်ချက်မညီသော ခံစားချက်ကြီး ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။ ကိုယ်ပွားကို ပိုင်းဖြတ်လိုက်ပြီးနောက်တွင် လီယန်ချူးသည် အသိဉာဏ်သစ်တစ်ခု ရရှိလိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူ၏ မူလဝိညာဉ်အတွင်း၌ အလင်းတန်းများ လှည့်ပတ်ကာ မှော်အတတ်သစ်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ သူ၏ ဦးခေါင်းအထက်တွင်လည်း အလင်းတန်းများ ကျရောက်လာပြီး သူ၏ ကိုယ်ပေါ်သို့ အလင်းရောင်များ ဖြာကျနေ၏။
"တစ်ငွေ့ချင်းဖြင့် စင်ကြယ်စွာပြောင်းလဲခြင်း "
လီယန်ချူးမှာ အံ့အားသင့်သွားပြီးနောက် သူ၏ မျက်ဝန်းများတွင် အတိုင်းထက်အလွန် ဝမ်းသာမှုများ ပေါ်ပေါက်လာတော့သည်။
ဤသည်မှာ မဟာမှော်အတတ် မဟုတ်ပါလား မိမိ၏ ကိုယ်ပွားကို ပိုင်းဖြတ်လိုက်ခြင်းမှ ဤကဲ့သို့သော တာအို ဆိုင်ရာ သိမြင်မှုကို ရရှိလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ရွှီထျန်းနန်သည် ကျန်းနန်မြို့တော်သို့ ရောက်ရှိလာပြီးနောက် မြို့တော်၏ ကိစ္စရပ်အားလုံးကို လျင်မြန်စွာ လွှဲပြောင်းရယူလိုက်သည်။ သူ ခေါ်ဆောင်လာသူများမှာ တရားရုံးတော် မှ ကျွမ်းကျင်သူများ ဖြစ်ကြပြီး မိစ္ဆာများကို နှစ်ပေါင်းများစွာ သတ်ဖြတ်လာခဲ့သဖြင့် ထူးခြားသော နည်းလမ်းများ ရှိကြသည်၊ တစ်ပြိုင်နက်တည်းမှာပင် ကျန်းနန်မြို့တော်တစ်ခုလုံးကိုလည်း စတင်စစ်ဆေးတော့သည်။
လီယန်ချူးသည် မြေခွေးကလေးကိုလည်း ရွှီထျန်းနန်ထံသို့ လွှဲပြောင်းပေးလိုက်သည်။ တရားရုံးတော် က ကိုင်တွယ်လိုက်သဖြင့် လီယန်ချူးသည် ကျန်းနန်ခရိုင်၏ မှတ်တမ်းမှတ်ရာများ သိမ်းဆည်းရာနေရာ ကို ဝင်ရောက်ကြည့်ရှုခွင့် ရခဲ့သော်လည်း ထိုထဲတွင်လည်း ကောင်းပုရွာနှင့် ပတ်သက်သော မှတ်တမ်းများကို ရှာမတွေ့ခဲ့ပေ။
ရွှီထျန်းနန်သည်လည်း ဤကဲ့သို့သော ကိစ္စကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။ ယန်ဝိညာဉ်ပညာရှင်တစ်ဦး၏ အိပ်မက်ထဲသို့ ဝင်ရောက်နိုင်သည်ဆိုလျှင် ထိုသူမှာ အလွန်ကြီးမားသော တည်ရှိမှု တစ်ဦး မဟုတ်ပါက သေချာပေါက် ထူးခြားသော အကြောင်းရင်း တစ်ခုခု ရှိရပေမည်။
ကျန်းနန်မြို့တော်မှာ ရှုပ်ထွေးနေသော ကိစ္စရပ်များစွာ ရှိနေ၏။ နန်းတော်ဝင်မိသားစုဝင် ဖြစ်သော ဖူဝမ်မင်းသားနှင့် ကျန်းနန်ခရိုင်အုပ်ချုပ်ရေးမှူးတို့မှာ မိစ္ဆာများ၏ သတ်ဖြတ်ခြင်းကို ခံရပြီး အစားထိုးခံခဲ့ရသည့် ကိစ္စမှာ တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေမည်မှာ သေချာပါသည်။
ရွှီထျန်းနန်သည် လီယန်ချူးနှင့် တစ်ကြိမ် ဆုံတွေ့ပြီးနောက် ကျန်းနန်၏ ကိစ္စရပ်များထဲသို့ အပြည့်အဝ နစ်မြုပ်သွားတော့သည်။ လီယန်ချူးမှာမူ ခဏတာ တွေးတောပြီးနောက် မိမိကိုယ်ပေါ်ရှိ တရားရုံးတော် တံဆိပ်ကို ရွှီထျန်းနန်ထံ ပြန်လည်ပေးအပ်လိုက်သည်။
တာအိုဆရာတစ်ယောက်အဖြစ် နေထိုင်ရသည်မှာ ပိုကောင်းပေသည်၊ ပုံမှန်အားဖြင့် တာအိုကျင့်ကြံရင်း အချိန်အားလျှင် မိစ္ဆာနှင်၊ သရဲဖမ်းရင်း နေထိုင်ခြင်းက ပို၍ စိတ်အေးရ၏၊ အစိုးရကိစ္စရပ်များထဲတွင် ဝင်ရောက်ပတ်သက်ရသည်မှာ အလွန်ပင် ပင်ပန်းလှသလို ရေကလည်း အလွန်နက်လှသည်။
လီယန်ချူးသည် ကျန်းနန်မြို့တော်အတွင်း၌ လျှောက်သွားနေသော်လည်း ကောင်းပုရွာနှင့် ပတ်သက်သော သဲလွန်စကို ရှာမတွေ့ခဲ့ဘဲ လူဟောင်းတစ်ယောက်နှင့်သာ ဆုံတွေ့ခဲ့သည်။
ထိုသူမှာ မြို့တော်ရှိ တည်းခိုခန်းတစ်ခုတွင် ဆုံတွေ့ခဲ့ဖူးသော သူဌေးသားလေး ဝေ့ရှန်း ပင် ဖြစ်သည်။ သို့သော် လူမှုဆက်ဆံရေး ကောင်းမွန်ပြီး လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်သော ထိုလူငယ်လေးမှာ ယခုအခါတွင်မူ မျက်နှာတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေ၏။
"လီတာအိုဆရာ... ကောင်းလိုက်တာ၊ ဒီမှာ တွေ့ရမယ်လို့ မထင်ထားဘူး"
ဝေ့ရှန်းသည် လီယန်ချူးကို မြင်သည်နှင့် သူ၏ မျက်ဝန်းများမှာ ချက်ချင်းပင် လင်းလက်သွားတော့သည်။
"ဝေ့မိတ်ဆွေ... မတွေ့တာ ကြာပြီပဲ၊ မင်းမျက်နှာမှာ စိုးရိမ်ရိပ်တွေနဲ့ ဘာများ ဖြစ်လို့လဲ"
လီယန်ချူးက မေးလိုက်သည်။
ဝေ့ရှန်းသည် လီယန်ချူး၏ လက်ကို ဆွဲကိုင်ကာ ပူပန်စွာဖြင့်
"လီတာအိုဆရာ ကျွန်တော့်အဖေကို ကယ်တင်ပေးပါဦး၊ ကျွန်တော့်အဖေ တစ်ခုခု ဖြစ်နေလို့ပါ "
ဟု ဆိုသည်။
လီယန်ချူးသည် မျက်ခုံးကို အသာအယာ မြှင့်လိုက်ပြီး "ဘာဖြစ်လို့လဲ" ဟု မေးလိုက်၏။
ဝေ့ရှန်းက အလျင်အမြန်ပင်...
"အား... အားလုံးက ကျွန်တော့်အမှားတွေပါပဲ၊ ကျွန်တော်က ကျန်းနန်မြို့တော်က ပန်းနတ်ဘုရားပွဲတော်ကို လာကြည့်ချင်လွန်းလို့၊ အဲဒါကို အဖေ သိသွားတော့ ဒေါသတကြီးနဲ့ အနောက်ကနေ လိုက်လာတာ၊ လမ်းမှာ ထူးဆန်းတဲ့ ကိစ္စတစ်ခုနဲ့ ကြုံပြီး ကျွန်တော့်အဖေကို မိစ္ဆာတစ်ကောင်က ကပ်ငြိသွားခဲ့တယ် "
"မိစ္ဆာ ဟုတ်လား" လီယန်ချူးမှာ အံ့အားသင့်သွားသည်။
"ဟုတ်ပါတယ်... ကျွန်တော့်အဖေတို့အဖွဲ့က တောင်ကုန်းတစ်ခုကို ဖြတ်လာတော့ မိန်းကလေးတစ်ယောက်နဲ့ ဆုံခဲ့တယ်၊ အဲဒီမိန်းကလေးက သူမဟာ အနီးအနားက ရွာသားတစ်ယောက်ပါ၊ ရွာကို ဓားပြတွေ တိုက်ခိုက်လို့ ရွာသားတွေ အကုန် ထွက်ပြေးလာကြတာပါလို့ ပြောခဲ့တယ်၊ ကျွန်တော့်အဖေက သူမကို သနားတာနဲ့ လမ်းခရီးမှာ အတူခေါ်လာခဲ့တယ်၊ မြို့တော်ရောက်ရင်တော့ နေရာချထားပေးမယ်လို့ စဉ်းစားထားတာ"
"ဒါပေမဲ့ မထင်မှတ်ဘဲ အဲဒီညမှာပဲ အစောင့်တစ်ယောက် သေသွားတယ်၊ သူ့မျက်နှာမှာ ကြောက်လန့်နေတဲ့ ပုံစံရှိပေမဲ့ ကိုယ်ပေါ်မှာ ဘာဒဏ်ရာမှ မရှိဘူး၊ ဒါပေမဲ့ အတူပါလာတဲ့ ဦးလေးကျန်း က တစ်ခုခုမှားနေတာကို တွေ့သွားတယ်၊ အဲဒီအစောင့်ရဲ့ ဗိုက်ထဲက အသည်းအိတ်နဲ့ ကလီစာအားလုံးကို တစ်စုံတစ်ယောက်က ဖောက်ထုတ်ပြီး ပြောင်စင်အောင် စားသွားတာတဲ့ "
"ဦးလေးကျန်းက မှော်အတတ် အနည်းငယ် သိထားတော့ ဒါဟာ တောင်ပေါ်က မိစ္ဆာတစ်ကောင်က ညဘက်မှာ လာစားတာလို့ သံသယဝင်ခဲ့တယ်၊ ဒါပေမဲ့ ဒုတိယမြောက်ညမှာ ဦးလေးကျန်းလည်း သေသွားခဲ့တယ်၊ သူ့ရဲ့ ကလီစာတွေလည်း အကုန် ဖောက်ထုတ်ခံလိုက်ရတာပဲ"
"အဲဒီနောက်ပိုင်း နေ့တိုင်း လူတစ်ယောက်စီ သေဆုံးခဲ့ရတယ်၊ အဖေတို့ မြို့တော်ကို ရောက်လာတဲ့အချိန်မှာ လူ ၄ ယောက် သေသွားခဲ့ပြီ! အဖေနဲ့ အဲဒီမိန်းကလေး၊ ပြီးတော့ အစေခံတစ်ယောက်နဲ့ အစောင့်တစ်ယောက်ပဲ ကျန်တော့တယ်"
"အဖေက မြို့တော်ရောက်ရင်တော့ အဆင်ပြေသွားလိမ့်မယ်လို့ ထင်ထားတာ၊ ဒါပေမဲ့ ပထမဆုံးညမှာပဲ အဖေနားမှာ အလုပ်အကျွေးပြုတဲ့ ကောင်လေး သေသွားပြန်တယ်၊ အဖေက အရမ်းကြောက်သွားပြီး မြို့တော်ထဲမှာ တာအိုဆရာအိုကြီး တစ်ပါးကို သွားရှာခဲ့တယ်၊ အဲဒီတာအိုကျောင်းက နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိပြီး အဲဒီဆရာကြီးကလည်း နာမည်ကျော်ပဲ၊ အဖေက သူ့ကို မိစ္ဆာနှင်ဖို့ ဖိတ်ခဲ့တယ်၊ ဒါပေမဲ့ အဲဒီညမှာပဲ အဲဒီဆရာကြီး သေသွားခဲ့တယ်၊ သူ့ရဲ့ ကလီစာတွေကတော့ ဘာမှမဖြစ်ဘူး၊ ဒါပေမဲ့ သူကတော့ ကြောက်လန့်တကြားနဲ့ သေသွားတာ၊ သေခါနီးမှာ အလွန်ထိတ်လန့်စရာကောင်းတဲ့ အရာတစ်ခုခုကို မြင်လိုက်ရသလိုမျိုးပဲ "
"ကျွန်တော်က လမ်းမှာ အဖေနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့တာ၊ ဒါပေမဲ့ အဖေက ကျွန်တော့်ကို အတွေ့မခံဘူး၊ မြင်တာနဲ့ ရှောင်ပြေးနေတာ၊ ကျွန်တော်က အဲဒီကျန်ခဲ့တဲ့ အစောင့်ကို အတင်းမေးမြန်းမှပဲ အဖြစ်မှန်ကို သိလိုက်ရတာ "
"အဲဒီမိန်းကလေးမှာ ပြဿနာရှိတယ်"
ဝေ့ရှန်း၏ စကားကို နားထောင်ပြီးနောက် လီယန်ချူးက မျက်မှောင်ကြုတ်လိုက်သည်။
"ကျွန်တော်လည်း အဲဒီလိုပဲ ထင်တာ၊ ဒါပေမဲ့ မြို့တော်ရောက်ပြီးနောက်မှာ အဲဒီမိန်းကလေးက ပျောက်ကွယ်သွားခဲ့တယ်၊ ပိုပြီး ကြောက်စရာကောင်းတာက မနေ့က အဲဒီအစောင့် သေဆုံးသွားခဲ့ပြီ၊ ဒါပေမဲ့ ကျွန်တော် အဖေနဲ့ ဒီကိစ္စကို စကားပြောတဲ့အခါမှာ အဖေက အဲဒီလို မိန်းကလေးမျိုးကို တွေ့ဖူးတယ်လို့တောင် မမှတ်မိတော့ဘူး "
"မမှတ်မိဘူး... ဆိုတာက ဘာကို ဆိုလိုတာလဲ" လီယန်ချူးက မေးလိုက်သည်။
"ကျွန်တော် အဲဒီအစောင့်ကို တွေ့တုန်းက သူ ကိုယ်တိုင် ကျွန်တော့်ကို ပြောပြခဲ့တာပါ၊ အဖေကိုယ်တိုင်လည်း ပြောခဲ့ဖူးတယ်၊ ဒါပေမဲ့ မနေ့က အစောင့် သေသွားပြီးနောက်မှာတော့ အဖေက အဲဒီမိန်းကလေး မရှိပါဘူးလို့ ပြောနေတယ်"
ဝေ့ရှန်းသည် ယခုအခါ ဤကိစ္စကို ပြောပြနေရင်း နေ့ခင်းကြောင်တောင်မှာပင် ကျောရိုးထဲအထိ စိမ့်တက်ကာ ကြက်သီးမွေးညင်းများ ထနေတော့သည်။
"ကောင်းကင်လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားတာလား "
လီယန်ချူးက မိမိဘာသာ ရေရွတ်လိုက်မိတော့သည်။