← Chapters

အခန်း (၁၇၇၃-၁၇၇၄)

Vol. 178 Ch. 1773-1774

အခန်း (၁၇၇၃-၁၇၇၄)

Vol. 178 Ch. 1773-1774

အခန်း (၁၇၇၃) - ခင်ဗျားတို့ ကျွန်တော့်ကို ဘာလုပ်လိုက်တာလဲ

ထိုအချိန်ကျမှသာ လူတိုင်းသည် ချွီဝမ်လီက ဘာကြောင့် မိစ္ဆာမျိုးနွယ်အတွက် အလုပ်အကျွေးပြုရသနည်းဆိုသည်ကို အနည်းငယ် နားလည်သွားကြတော့သည်။

ယခုအခါ ကျဆုံးမသေမျိုးများ လျှောက်လှမ်းနေသော လမ်းစဉ်မှာ ယခင်က မိစ္ဆာမျိုးနွယ်တို့၏ လမ်းစဉ်ပင် ဖြစ်သည်။ သို့သော် မိစ္ဆာမျိုးနွယ်များမှာ ပိုမိုပြည့်စုံပြီး စိတ်ဓာတ်နှင့် အသိစိတ်ကို ပြောင်းလဲခြင်း မရှိချေ။ အကယ်၍ ဤလောကကြီးသည် မိစ္ဆာတို့၏ လက်အောက်သို့ အမှန်တကယ် ကျရောက်သွားပါက နောင်အနာဂတ်၏ ကျင့်ကြံခြင်း လမ်းကြောင်းများမှာလည်း လုံးဝ ဥဿုံ ပြောင်းလဲသွားပေလိမ့်မည်။

"သူပြောတဲ့ တစ်ဖက်သတ် စကားတွေကိုပဲ နားထောင်လို့ မရဘူး။ သူ့နောက်ကွယ်မှာ နတ်လမ်းစဥ်ဂိုဏ်း ရှိနေတာလား၊ မော်ထျန်းဌာန ရှိနေတာလားဆိုတာ သေသေချာချာ စစ်ဆေးရမယ်။ အကယ်၍ အလုပ်ရှုပ် သက်သာချင်တယ်ဆိုရင်တော့ သူ့ရဲ့ ဝိညာဉ်ကို ကျွန်တော့်ဆီ လွှဲပေးလိုက်ပါ"

အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

လူတိုင်း အံ့အားသင့်သွားပြီး ဖန့်ချန်ကို လှည့်ကြည့်လိုက်ကြသည်။ ယနေ့ ဤနေရာတွင် ရှိနေသူများထဲ၌ ရှဲ့အာမန်ကဲ့သို့ အဆင့်အတန်းမြင့်သူများမှာ မနည်းလှချေ။ အချို့မှာ စိတ်ဝိညာဉ်နယ်မြေမှ ဖြစ်ပြီး အချို့မှာ နတ်ဘုရားဘုရင်နယ်မြေမှ ဖြစ်ကြသည်။ သို့သော် ချွင်းချက်မရှိ အားလုံးကပင် ရှေ့မှ လူငယ်၏ ထူးခြားသော အဆင့်အတန်းကို သိရှိထားကြသည်။

"ဖန့်ငရဲမင်း... ခင်ဗျား ဆိုလိုတာက..."

လီဝမ်ဆန်း၏ မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။

ချွီဝမ်လီ၏ မျက်နှာမှာလည်း ပျက်သွားပြီးနောက် အတင်းအကျပ် ပြုံးလျက် ဆိုလိုက်သည်။

"အားလုံးပဲ... သူက ငရဲမင်းဆိုပေမဲ့ သူ့ရဲ့ ကျင့်စဉ်အဆင့်က နိမ့်လွန်းပါတယ်။ ခင်ဗျားတို့က သူ့ရဲ့ အမိန့်ပေးတာကို ခံနေကြတော့မှာလား သူ့ကို ဖိနှိပ်ပြီး ငရဲမင်း နေရာကို လုယူလိုက်တာကမှ လမ်းမှန်ပဲ။ အကယ်၍ ခင်ဗျားတို့သာ ငရဲမင်း ဖြစ်လာရင် နယ်မြေကိုးခုကို ဘယ်သူပဲ အုပ်ချုပ်အုပ်ချုပ် ခင်ဗျားတို့ကတော့ ကမ္ဘာတစ်ခွင်ကို စိုးမိုးထားနိုင်မှာ။ ဘယ်သူ့ရဲ့ ထိန်းချုပ်မှုကိုမှ ခံနေစရာ မလိုဘူးလေ"

ဖြန်း

ရှဲ့အာမန်က လက်မြှောက်ကာ ပါးရိုက်လိုက်ရာ ချွီဝမ်လီမှာ မျက်လုံးထဲ ပြာဝေသွားပြီး နားထဲတွင် တဝီဝီ မြည်သံများသာ ကြားနေရတော့သည်။ သူမက လူတိုင်းကို ဝေ့ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။

"ဒီအဖိုးကြီးက သေခါနီးအထိ ရန်တိုက်ပေးနေတုန်းပဲ။ အားလုံးကတော့ သူ့အကွက်ထဲ ဆင်းသက်မှာ မဟုတ်ဘူး မဟုတ်လား "

"ဒါပေါ့... မဖြစ်နိုင်တာ"

လူတိုင်းက ခေါင်းခါယမ်းလိုက်ကြသည်။

"ဖန့်ငရဲမင်း ပြောတာလည်း အကျိုးအကြောင်း ရှိပါတယ်။ အခုကိစ္စမှာ သူ ဘယ်အင်အားစုအတွက် အလုပ်လုပ်ပေးနေသလဲဆိုတာ အရင်ဆုံး သိအောင် လုပ်ရမယ်။ မိစ္ဆာတွေ စစ်နိုင်မှာကို မျှော်လင့်နေတဲ့သူတွေဟာ မိစ္ဆာတွေချည်းပဲ မဟုတ်ဘူးလေ"

အမြဲတမ်း လူမသိသူမသိ နေလေ့ရှိသော လူငယ်တစ်ဦးက ခပ်အေးအေး ပြောလိုက်သည်။

ဖန့်ချန်သည် ထိုလူငယ်ကို စောစောကတည်းက သတိထားမိသည်။ ထိုလူနှင့် သူ၏ နောက်လိုက်များမှာ အရိုးထဲကပင် လာသော မာန်မာနမျိုး ရှိကြသည်။ ၎င်းကို ထုတ်ဖော်မပြသော်လည်း အဝေးမှ ကြည့်ရုံမျှဖြင့် သိသာလှသည်။

"သူက ရှေးဦးနဂါးနတ်ဘုရားနန်းတော် က ယွီကျင့်မင် ပဲ။ အဆင့် ၇ ရှေးဟောင်းမသေမျိုး ဆိုပေမဲ့ တိုက်ခိုက်ရေးစွမ်းရည်က အတော်လေး ကြောက်စရာကောင်းတယ်။ အစီရင်တိုက်ပွဲတွေမှာဆိုရင် သူ့ကို နိုင်ဖို့ ငါတောင် အတော်လေး အားစိုက်ရလိမ့်မယ်"

ရှဲ့အာမန်၏ အသံမှာ ဖန့်ချန်၏ နားထဲတွင် တိုးတိုးလေး ထွက်ပေါ်လာသည်။

"ချွီဝမ်လီက အမှားကြီး မှားခဲ့တာ မှန်ပေမဲ့ ဒီအတိုင်း သတ်ပစ်လိုက်တာကတော့ အလျင်စလို ဖြစ်လွန်းရာ ကျလိမ့်မယ်။ တခြားနည်းလမ်းနဲ့ စစ်မေးကြည့်ရင်ကော "

လီဝမ်ဆန်းက စဉ်းစားရင်း ဆိုသည်။

"လီဝမ်ဆန်း... မင်းတို့ ချင်ခုန်းတောင်ကနေ ချွီဝမ်လီလို လူတစ်ယောက် ထွက်လာတာတောင် ငါတို့က မင်းတို့ကို အပြစ်မတင်ခဲ့ဘူး။ ဒါပေမဲ့ အခုလို ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ပြီး ဒီကိစ္စကို စီမံချင်နေတာကတော့ ငါတို့ စကားအချို့ ပြောရတော့မယ်"

အမျိုးသမီး ကျင့်ကြံသူတစ်ဦးက ရုတ်တရက် ဝင်ပြောလိုက်သည်။

"ကျွန်မလည်း ဖန့်ငရဲမင်းရဲ့ နည်းလမ်းကို သဘောတူတယ်။ ငရဲမင်းရဲ့ နည်းလမ်းနဲ့ပဲ အမှန်တရားကို မေးမြန်းလိုက်တာ အကောင်းဆုံးပဲ။ အကယ်၍ ချွီဝမ်လီက တကယ်ပဲ အဆင့် ၈ တက်ဖို့ မျှော်လင့်ချက် မရှိလို့ ဒါမျိုးလုပ်တာဆိုရင်တော့ သူက 'အ' တာပဲ။ ဒါပေမဲ့ တခြား အကြောင်းပြချက်ကြောင့် ဆိုရင်တော့ သူက 'အ' တဲ့အပြင် 'ယုတ်မာ' တာပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် သေသွားတာကမှ အေးမယ်၊ ရှေးဟောင်းမသေမျိုး စာရင်းမှာ နေရာအပို မယူထားနဲ့တော့။ စည်းကမ်းအရ သူ့ရဲ့ စာရင်း ကို မင်းတို့ ချင်ခုန်းတောင်က ပြန်သိမ်းလို့ ရပါတယ်။ ငါတို့ ဝင်မရှုပ်ဘူး"

"သူမကတော့ လမင်းမသေမျိုးနန်းတော် က အကြီးအကဲ ကျန်းချိုးရှောင် ပဲ"

ရှဲ့အာမန်က ဖန့်ချန်၏ နားထဲသို့ ထပ်မံ အသိပေးသည်။

နတ်ဘုရားဘုရင်နယ်မြေမှ အမာခံတပည့်များကသာ အဓိက ပြောဆိုနေကြပြီး စိတ်ဝိညာဉ်နယ်မြေဘက်မှတော့ ရှဲ့အာမန်က ပါးရိုက်လိုက်သည်မှအပ ကျန်ရှိသူများမှာ ငြိမ်သက်စွာ စောင့်ကြည့်နေကြကြောင်း ဖန့်ချန် သတိပြုမိလိုက်သည်။

ဤသည်မှာ နယ်မြေနှစ်ခုကြား အဖုအထစ် ဖြစ်မည်ကို စိုးရိမ်သောကြောင့်လည်း ဖြစ်နိုင်သည်။ ယခုတစ်ကြိမ်တွင် နယ်မြေနှစ်ခုစလုံး၌ တူညီသော ပန်းတိုင်ရှိနေသဖြင့် သဘောထားကွဲလွဲမှုမှာ စစ်ပွဲအပေါ် သက်ရောက်မှု ကြီးမားနိုင်ပေသည်။

ယွီကျင့်မင် နှင့် ကျန်းချိုးရှောင် တို့၏ စကားကြောင့် ရှဲ့အာမန်နှင့် အဆင့်အတန်း မနိမ့်သော အခြား အမာခံတပည့်များကလည်း ဖန့်ချန်၏ နည်းလမ်းကို ထောက်ခံလာကြသည်။

"တကယ်တော့ ချွီဝမ်လီရဲ့ ကိစ္စကို ကျွန်တော် အခုချက်ချင်း မစီရင်ချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့..."

လီဝမ်ဆန်းက မျက်မှောင်ကြုတ်လိုက်သည်။

"ဒါပေမဲ့ ဘာဖြစ်လို့လဲ"

ကျန်းချိုးရှောင်က ခပ်အေးအေး မေးလိုက်သည်။

"ဒါပေမဲ့..."

လီဝမ်ဆန်းက ဖန့်ချန်ကို ကြည့်ကာ

"ကျွန်တော် ဒီဖန့်ငရဲမင်းကို သိပ်မယုံကြည်ဘူး"

အနီးအနားရှိ အမာခံတပည့် အချို့၏ မျက်နှာများ ပျက်သွားသည်။ ရှန်ယွဲ့ကွမ်း နှင့် အခြားသူများ၏ အကြည့်မှာ လီယန်ကျွင်းထံသို့ ရောက်သွားကြသည်။

သေချာပေါက်ပင် လီယန်ကျွင်းသည် ကူးယွဲ့လင်၏ တည်ရှိမှုကို လီဝမ်ဆန်းအား ကြိုတင် အသိပေးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။ သူတို့နှစ်ဦးစလုံးမှာ 'လီ' မျိုးနွယ်ဖြစ်သဖြင့် ၎င်းကို နားလည်နိုင်သော်လည်း လမ်းခရီးတွင် သဘောတူထားသည့် ကတိကို ဖောက်ဖျက်ခြင်းမှာတော့ မရိုးသားဟု ဆိုနိုင်သည်။

"အော်... ကျွန်မတို့ရဲ့ နံပါတ် ၉ ကို မယုံဘူးပေါ့ ဘာဖြစ်လို့လဲဆိုတာ ပြောပြပါဦး"

ရှဲ့အာမန်က ပြုံးလျက် မေးလိုက်သည်။

"သူ ကျွယ်မင်နန်းတော်ကို မဝင်ခင်ကတည်းက သူဟာ ငရဲမင်းဆိုတာကို စီနီယာ ရှဲ့ သိခဲ့လား "

လီဝမ်ဆန်းက အေးစက်စွာ ဆိုသည်

"သူ့ရဲ့ အထောက်အထားကို ဖုံးကွယ်ပြီး အင်အားစု အသီးသီးကြားမှာ ကူးလူးနေခဲ့တာ။ သူက ငါတို့ဘက်မှာ တကယ် ရပ်တည်နေသလားဆိုတာ ကျွန်တော် မဝေခွဲနိုင်ဘူး။ ဒါကြောင့် ချွီဝမ်လီကို သူ့လက်ထဲ လွယ်လွယ်နဲ့ ထည့်မပေးနိုင်တာပဲ"

ဝမ်ယဲ့တို့အဖွဲ့သည် မျက်နှာသေနှင့် ရှိနေသော လီယန်ကျွင်းကို တစ်ချက် ကြည့်လိုက်ကြသည်။ သူတို့ အထင်လွဲသွားခြင်းပင်။

"လီဝမ်ဆန်း... မင်းကတော့ သိပ်မအသေးဘူးပဲ၊ ဟားဟားဟား "

ချွီဝမ်လီသည် သတိပြန်ရလာပြီးနောက် အားရပါးရ ရယ်မောလိုက်သည်။

သို့သော် ရယ်သံမှာ ဆုံးအောင်ပင် မထွက်လိုက်ရချေ။ ရှဲ့အာမန်က နောက်ထပ် ပါးတစ်ချက် ရိုက်လိုက်ပြန်ရာ ချွီဝမ်လီမှာ မျက်လုံးပြူးသွားပြီး မေ့မြောသွားပြန်သည်။

လီဝမ်ဆန်း၏ မျက်နှာမှာ အနည်းငယ် တုန်လှုပ်သွားသော်လည်း ရှဲ့အာမန်ကို တည်ငြိမ်စွာ စိုက်ကြည့်နေဆဲပင်

"ရှဲ့သခင်မလေး... ကျွန်တော့်ရဲ့ စိုးရိမ်ပူပန်မှုက အဓိပ္ပာယ် မရှိတာ မဟုတ်ပါဘူး။ အခုလို အခြေအနေမျိုးမှာ ငရဲမင်းရဲ့ တည်ရှိမှုဟာ လက်ရှိ တည်ငြိမ်မှုကို ပျက်ပြားစေနိုင်တယ်။ ကျွန်တော်တို့ကတော့..."

"ဘာ တည်ငြိမ်မှုလဲ"

ရှဲ့အာမန်က ရယ်မောလျက် ဆဲဆိုလိုက်သည်

"ငါတို့မှာ ဘယ်မှာ တည်ငြိမ်မှု ရှိနေသေးလို့လဲ နတ်ဘုရားစားရင်း နဲ့ နတ်ဘုရားမှန် တွေရဲ့ စွမ်းအားတွေ ထွက်ပေါ်လာပြီး မိစ္ဆာတွေနဲ့ လူသားမျိုးနွယ်မဟုတ်သူတွေ ပူးပေါင်း တိုက်ခိုက်လာတဲ့အခါ... ငါတို့မှာ နယ်မြေကိုးခုကနေ အမောင်းထုတ်ခံရဖို့နဲ့ သေဖို့ပဲ ရှိတာ။ တတိယလမ်း ဆိုတာ ရှိလို့လား။

နံပါတ် ၉ ဟာ ငရဲမင်း ဖြစ်နေတာက ငါတို့အတွက် အင်အားတစ်ခုပဲ။ သူဟာ ငါတို့ဘက်မှာ ရှိတယ်ဆိုတာကို ငါ အာမခံတယ်။

မင်းတို့ထဲမှာလည်း မရိုးသားတဲ့ စိတ်နဲ့ နံပါတ် ၉ ကို ဟိုဘက်အခြမ်းရောက်အောင် တွန်းမပို့ကြဖို့ ငါ မျှော်လင့်တယ်။

တကယ်လို့ အဲဒီလို ဖြစ်လာခဲ့ရင်တော့ စစ်မတိုက်နဲ့တော့၊ ငါက အရင်ဆုံး သူ့ကို တိုက်မှာ။ ကျွယ်မင်နန်းတော်ရဲ့ အင်အားအားလုံးနဲ့ တိုက်မှာ"

လီဝမ်ဆန်း၏ မျက်နှာမှာ အကြိမ်ကြိမ် ပြောင်းလဲနေသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူသည် နောက်ဆုံးတွင် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။ သူသည် လက်ဝါးဖြင့် ချွီဝမ်လီကို ရိုက်ချလိုက်ရာ ချွီဝမ်လီ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲသွားပြီး ရှေးဟောင်းမသေမျိုး စာရင်းကိုသာ သူက သိမ်းယူလိုက်တော့သည်။

"နံပါတ် ၉...ဘွဲ့နှင်းအပ်ပေးလိုက်တော့ "

ရှဲ့အာမန်က ဖန့်ချန်ကို ကြည့်ကာ ပြုံးလျက် ဆိုသည်။

လူတိုင်း၏ အကြည့်များမှာ ဖန့်ချန်ထံသို့ စုပြုံရောက်ရှိလာသည်။ ယွီကျင့်မင်၊ ကျန်းချိုးရှောင် တို့မှာလည်း စိတ်ဝင်တစား ကြည့်နေကြသည်။ ဤသည်မှာ ခေတ်သစ်၏ ငရဲမင်းပင် ဖြစ်သည်။ သူတို့၏ သက်တမ်းတစ်လျှောက်တွင် သက်ရှိထင်ရှား ငရဲမင်းတစ်ပါးကို မြင်တွေ့ရလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။

ပုံမှန်ဆိုလျှင် သူတို့ သေသွားလျှင်ပင် တွေ့နိုင်မည် မဟုတ်ပေ။ ငရဲမင်း ပြန်လည် ထွက်ပေါ်လာခြင်းမှာ လူသားမျိုးနွယ်အတွက် မကောင်းသော အရာ မဟုတ်ချေ။

ဖန့်ချန်သည် လက်ဖြင့် ဘွဲ့နှင်းအမိန့်စာ တစ်ခုကို ရေးသားကာ ချွီဝမ်လီ၏ ဝိညာဉ်အပေါ်သို့ ရိုက်နှက်လိုက်သည်။

လူတိုင်း၏ မျက်စိရှေ့တွင်ပင် ချွီဝမ်လီ၏ ပုံရိပ်မှာ ပြန်လည် ထွက်ပေါ်လာတော့သည်။

"တကယ်ပဲ ယင်မသေမျိုး အရှိန်အဝါပဲ..."

တစ်စုံတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဘာ ယင်မသေမျိုးလဲကွ... ဒါက စစ်မှန်တဲ့ ယင်လောက နတ်ဘုရား ပဲ"

အခြားတစ်ဦးက ပြင်ပေးလိုက်သည်။

ချွီဝမ်လီသည် ယခုအခါ သတိပြန်ရလာပြီးနောက် ပထမဆုံးအနေဖြင့် သူ၏ ခန္ဓာကိုယ် အခြေအနေကို သတိပြုမိသွားကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ခင်ဗျားတို့ ကျွန်တော့်ကို ဘာလုပ်လိုက်တာလဲ "

အခန်း (၁၇၇၄) - သူသာ မသေရင် ဘယ်သူက ကျေနပ်မှာလဲ

"မင်းက သေသွားပြီ၊ အခုတော့ ယင်လောကရဲ့ စစ်မှန်တဲ့ နတ်ဘုရားအဖြစ် ဘွဲ့နှင်းအပ်ခံထားရတာ။ နောက်ကွယ်ကနေ ဖန့်ငရဲမင်း မေးတာတွေကို သေသေချာချာ ဖြေပေတော့"

ယွီကျင့်မင်က ခပ်အေးအေး ပြောလိုက်သည်။

ယင်လောက နတ်မင်း...

ချွီဝမ်လီ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်မဲ့သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူ၏ စိတ်နှလုံးထဲမှ တစ်စုံတစ်ရာမှာ လုံးဝဥဿုံ ရစရာမရှိအောင် ကြေမွပျက်စီးသွားပြီး မည်သည့်အခါမျှ ပြန်လည်မပြင်ဆင်နိုင်တော့သလိုပင်။

"မင်း ဘယ်အင်အားစုအတွက် အလုပ်လုပ်ပေးနေတာလဲ"

ဖန့်ချန်က မေးလိုက်သည်။

ချွီဝမ်လီ၏ စိတ်ထဲတွင် ခုခံလိုစိတ် အနည်းငယ် ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ဝိညာဉ်တစ်ခုလုံး မီးမြိုက်ခံရသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ချက်ချင်း ခံစားလိုက်ရသည်။ သူသည် စက္ကန့်အနည်းငယ်မျှသာ အောင့်အည်းနိုင်ပြီးနောက် ချက်ချင်းပင် ထွက်ဆိုတော့သည်။

"ကျွန်တော် နတ်လမ်းစဉ်ဂိုဏ်း အတွက် အလုပ်လုပ်ပေးနေတာပါ "

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဤသည်မှာ မျှော်လင့်မထားသော အဖြေဖြစ်သော်လည်း ဖြစ်နိုင်ခြေရှိသည့် အခြေအနေပင်။

"နတ်လမ်းစဉ်ဂိုဏ်း အတွက် အလုပ်လုပ်ပေးတယ်ဆိုရင် မင်းရဲ့ ရည်ရွယ်ချက်က နတ်ဘုရားစာရင်း ကို ရယူပြီး နတ်ဘုရားလမ်းစဉ်အတိုင်း လျှောက်လှမ်းဖို့ပေါ့"

ယွီကျင့်မင်က တိုးတိုးလေး ရေရွတ်လိုက်သည်။

"မှန်တယ်... နတ်လမ်းစဉ်ဂိုဏ်းက ငါ့ကို ကတိပေးထားတယ်။ စိတ်ဝိညာဉ်နယ်မြေ တိုက်ပွဲမှာ မိစ္ဆာတွေ နိုင်သွားရင် ငါ့ကို နတ်ဘုရားလမ်းစဉ်ပေါ် တင်ပေးမယ်တဲ့။ ငါ့ရဲ့ ကျင့်စဉ်က ချက်ချင်း အဆင့် ၈ ကို ရောက်သွားမှာဖြစ်သလို နောင်တစ်ချိန်မှာ အဆင့် ၉ ကို လှမ်းနိုင်ဖို့ အခွင့်အရေးလည်း ရှိလာမှာ"

ချွီဝမ်လီက အေးစက်စွာ ရယ်မောရင်း ပြောသည်။

"ချွီအကြီးအကဲ စိတ်ထဲမှာ ဒီကိစ္စကို ဒီလောက်တောင် စွဲလမ်းနေလိမ့်မယ်လို့..."

ဘေးမှ ကြည့်နေသော လီယန်ကျွင်း၏ မျက်နှာမှာ အတော်လေး ရှုပ်ထွေးသွားတော့သည်။

ကျင့်ကြံသူတစ်ဦးအနေဖြင့် ကျင့်စဉ်အဆင့်အပေါ် စွဲလမ်းမှုကို သူ နားလည်နိုင်ပါသည်။ ကျင့်ကြံသူတိုင်းသည် အမြင့်ဆုံးတောင်ထိပ်သို့ တက်လှမ်းလိုကြသည်သာ။ သို့သော် ထိုအချက်အတွက်နှင့် မိမိ၏ မျိုးနွယ်တူများကို သစ္စာဖောက်ရန် ရွေးချယ်ခြင်းကိုတော့ သူ နားမလည်နိုင်ချေ။

"ချွီအကြီးအကဲ... ခင်ဗျားက သာမန်မျိုးရိုးကနေ ဒီနေ့ ဒီအခြေအနေထိ ရောက်လာတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ အရေးကြီးတဲ့ အချိန်ကျမှ လမ်းမှားကို ရွေးချယ်မိတာကတော့ တကယ်ကို နှမြောဖို့ ကောင်းပါတယ်"

လီဝမ်ဆန်းက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး

"ခင်ဗျားအတွက် အဆင့် ၈ ရှေးဟောင်းမသေမျိုး နေရာက အတည်ပြုပြီးသားပါ။ စိတ်ဝိညာဉ်နယ်မြေ တိုက်ပွဲပြီးရင် အကြီးအကဲ ဖေ က ခန္ဓာကိုယ်စွန့်တော့မှာ ဖြစ်လို့ သူ့နေရာမှာ ခင်ဗျားက ဆက်ခံရမှာပါ"

"မင်း ဘာပြောတယ် "

ချွီဝမ်လီ၏ မျက်ဝန်းထဲတွင် မယုံနိုင်မှုများ ဖြတ်ပြေးသွားပြီး လီဝမ်ဆန်းကို စိုက်ကြည့်လိုက်သည်။ သို့သော် လီဝမ်ဆန်း ထပ်မံ စကားမပြောမီမှာပင် သူက လှောင်ပြောင်လိုက်သည်။

"ဒီအချိန်ထိတောင် ငါ့ကို လိမ်ချင်နေသေးတာလား ငါ ဒီနေရာကို စောင့်နေတာ နှစ်ပေါင်း ထောင်ချီနေပြီ။ မသေမျိုးကျောက်တုံးတွေနဲ့ အသက်ကို ဆွဲမထားရရင် ငါလည်း အစောကြီးကတည်းက သေနေပြီ။ အခုကျမှ ငါ့အတွက် အဆင့် ၈ နေရာက အတည်ပြုပြီးသားလို့ ပြောတာလား ဘာလို့ အဲဒါကို ငါ့ကို ကြိုမပြောခဲ့တာလဲ"

"မင်းကို လိမ်စရာလား ကြိုပြောဖို့ကိစ္စကတော့... အဆင့် ၈ ရှေးဟောင်းမသေမျိုး တစ်ဦး ခန္ဓာကိုယ်စွန့်မယ့် ကိစ္စက ဘယ်လောက်တောင် အရေးကြီးသလဲ။ ဘယ်လိုလုပ် ကြိုပြောလို့ ဖြစ်မှာလဲ သတင်းပေါက်ကြားသွားလို့ တခြားသူတွေ လာလုကြရင် အပိုပြဿနာတွေ တက်ကုန်မှာပေါ့"

လီဝမ်ဆန်းက အေးစက်စွာ ဆိုသည်။

ချွီဝမ်လီ၏ မျက်နှာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒါက ဘာထူးမှာလဲ... ငါ အဆင့် ၈ ရလာရင်တောင် နောင်တစ်ချိန်မှာ အဆင့် ၉ နေရာက ငါ့အတွက် ဖယ်ပေးမှာ မဟုတ်ဘူး။ အမြဲတမ်း မင်းတို့ထဲက တစ်ယောက်ကိုပဲ အဆင့် ၉ ဆက်ခံဖို့ ရွေးကြမှာပဲ။ အဆင့် ၈ ဆိုတာလည်း ပုရွက်ဆိတ်ပါပဲ။ အဆင့် ၉ ရောက်မှသာ ဒီလောကရဲ့ အမြင့်ဆုံးကို တက်လှမ်းနိုင်မှာ၊ ကောင်းကင်ဘုံတစ်ပိုင်း ကို ရောက်နိုင်မှာ၊ ဒါမှမဟုတ် ကောင်းကင်ဘုံအဖြစ် အသွင်ပြောင်းပြီး နယ်မြေကိုးခုရဲ့ အရှင်သခင် ဖြစ်လာမှာ "

လူတိုင်း ထိုစကားကို ကြားသောအခါ စိတ်အခြေအနေမှာ ရှုပ်ထွေးသွားကြပြီး တစ်စုံတစ်ဦးက သက်ပြင်းချလိုက်သည်။

"ရည်မှန်းချက်က အရည်အချင်းနဲ့ မကိုက်ညီတဲ့အခါ ဒီလိုပဲ ပြဿနာတက်တတ်တာပဲ"

"နတ်လမ်းစဉ်ဂိုဏ်းက မင်းကို တခြား ဘာအမိန့်တွေ ပေးထားသေးလဲ၊ ဝမ်ယွဲ့မျှော်စင် ထဲမှာ မင်းတို့လူတွေ ကျန်သေးလား"

ဖန့်ချန်က တည်ငြိမ်စွာ မေးလိုက်သည်။

လူတိုင်း၏ အာရုံမှာ တစ်ဖန် ပြန်လည် စုစည်းသွားပြီး ချွီဝမ်လီကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။ ဤမေးခွန်းမှာ အလွန်အရေးကြီးပါသည်။ အကယ်၍ ချွီဝမ်လီမှတစ်ဆင့် ကျန်ရှိနေသော သစ္စာဖောက်များကို ဖော်ထုတ်နိုင်ပါက အလုပ်အတော်လေး သက်သာသွားမည် ဖြစ်သည်။

ချွီဝမ်လီသည် သေမထူးနေမထူး ကျင့်ကြံသူ မဟုတ်ချေ။ နတ်လမ်းစဉ်ဂိုဏ်းနှင့်လည်း ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးသာ ဖြစ်ပြီး ယခုအခါ နတ်ဘုရားလမ်းစဉ် လျှောက်လှမ်းခွင့်လည်း ဆုံးရှုံးသွားပြီဖြစ်ရာ ခုခံလိုစိတ် မရှိတော့ချေ။

သူက အေးအေးဆေးဆေးပင် ဆိုသည်

"ငါ သိတာ သိပ်မရှိဘူး။ သစ္စာဖောက်တွေ ကျန်နေသေးတယ် ဆိုရင်တောင် ဘယ်သူလဲဆိုတာ ငါ မသိဘူး။ နတ်လမ်းစဉ်ဂိုဏ်းက ငါ့ကို ပေးထားတဲ့ တာဝန်ကလည်း သိပ်ပြီး တိကျတာ မဟုတ်ပါဘူး။ နယ်မြေသုံးခုက ကျင့်ကြံသူတွေ မိစ္ဆာတွေလက်ထဲမှာ ရှုံးနိမ့်သွားအောင် ငါ့ဘက်က အားစိုက်ပေးဖို့ပဲ"

ဖန့်ချန်က နောက်ထပ် မေးခွန်းအချို့ မေးမြန်းပြီး ချွီဝမ်လီထံတွင် ပိုမိုသော သတင်းအချက်အလက်များ မရှိတော့သည်ကို အတည်ပြုပြီးနောက် စိတ်ကူးတစ်ခု ဝင်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော မီးလျှံတစ်ခုသည် ချွီဝမ်လီ၏ ဝိညာဉ်ထဲမှ ထွက်ပေါ်လာပြီး ခဏချင်းမှာပင် သူ့ကို ဝါးမြိုသွားတော့သည်။

"ဖန့်ငရဲမင်း... ခင်ဗျား ဒါ ဘာလုပ်တာလဲ "

လီဝမ်ဆန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

လူတိုင်း၏ မျက်နှာမှာ ရှုပ်ထွေးသွားကြသည်။ ချွီဝမ်လီ၏ ဝိညာဉ်မှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်ရာ ပြန်လည်ဝင်စားခွင့်ပင် မရှိတော့ချေ။

"လီကျင့်ကြံသူ... သူသာ မသေရင် ဘယ်သူက ကျေနပ်မှာလဲ "

ဖန့်ငရဲမင်းက လီဝမ်ဆန်းကို ကြည့်ကာ အေးစက်သော အကြည့်ဖြင့် မေးလိုက်သည်။

လီဝမ်ဆန်းမှာ ပြန်ပြောစရာ စကားမဲ့သွားပြီး ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လှည့်ထွက်သွားတော့သည်။

"ကဲ... လူစုခွဲကြစို့"

ယွီကျင့်မင်က ရယ်မောလိုက်ပြီး ဖန့်ချန်ကို လက်အုပ်ချီ နှုတ်ဆက်ကာ သူ၏ လူများကို ခေါ်၍ ထွက်ခွာသွားသည်။

"ဖန့်ငရဲမင်း... ကျွန်မ စောစောက ပြောခဲ့တာကို ပြန်စဉ်းစားပေးပါဦး။ ကျွန်မတို့ အစစ်မှန်ဘုရင်မျိုးနွယ်စု ထဲမှာ လက်ထပ်ဖို့ အဆင်သင့်ရှိတဲ့ မိန်းကလေးတွေ အများကြီး ရှိပါတယ်။ အားလုံးက ရှင်နဲ့ သင့်မြတ်မှာပါ"

တစ်ချိန်လုံး ငြိမ်နေခဲ့သော သခင်မလေး စစ် က စကားတစ်ခွန်း ချန်ထားခဲ့ကာ ရှဲ့အာမန်ကို ခေါင်းညိတ်ပြပြီး ထွက်သွားတော့သည်။

လူတိုင်း ထွက်သွားပြီးနောက် ရှဲ့အာမန်နှင့် ဖန့်ချန်သည် တိတ်ဆိတ်သော အခန်းထဲသို့ တစ်ဖန် ပြန်ဝင်ခဲ့ကြသည်။

"စောစောက လီဝမ်ဆန်းက မင်းကို မယုံဘူးလို့ ပြောတဲ့အချိန်မှာ...ရှန်းယွဲ့ကွမ်း ၊ ဝမ်ယဲ့၊ ယဲ့ချင်းချူး တို့ရဲ့ မျက်နှာတွေက အတော်လေး ထူးဆန်းနေတယ်။ လမ်းမှာ ငါ့ကို မပြောရသေးတဲ့ တခြားကိစ္စတစ်ခုခု ဖြစ်ခဲ့သေးတာလား"

ရှဲ့အာမန်က ပြုံးလျက် မေးသည်။

"ကိစ္စတစ်ခုတော့ ရှိတယ်"

ဖန့်ချန်က ခေါင်းညိတ်ပြသည်

"ကျွန်တော်တို့ လမ်းမှာ ပြင်ပကျင့်ကြံသူ တစ်ဦးနဲ့ ဆုံခဲ့တယ်"

"ပြင်ပလူလား မင်းတို့ သူ့ကို ဖမ်းလိုက်နိုင်လား ဒါမှမဟုတ် သူ ထွက်ပြေးသွားတာလား "

ရှဲ့အာမန်၏ မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။

"အဲဒီ ပြင်ပကျင့်ကြံသူ က နတ်ဆိုးမျိုးနွယ် တစ်ဦးပဲ"

ဖန့်ချန်သည် ကူးယွဲ့လင် ပြောပြခဲ့သည်များထဲမှ အရေးကြီးသည့် အစိတ်အပိုင်းများကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။

ဥပမာအားဖြင့် ရှေးဦးကာလက နတ်ဆိုးမျိုးနွယ်သည် နယ်မြေရှာဖွေရေးအုပ်စု နှင့် ရှေးရိုးစွဲအုပ်စု ဟူ၍ အုပ်စုနှစ်ခု ကွဲပြားသွားပုံ။ နယ်မြေရှာဖွေရေးအုပ်စု၏ လက်ရှိ အခြေအနေ။

ချင်းမင် ကောင်းကင်ပြင် အပြင်ဘက်မှ ဟင်းလင်ပြင်အထူးမဟာမိတ်အဖွဲ့ ၏ အခြေအနေ။ နယ်မြေအရှင် နှင့် ကောင်းကင်ဘုံ တို့၏ ကွာခြားချက် စသည်တို့ ဖြစ်သည်။

"ရှေးဦးနတ်ဆိုးမျိုးနွယ်... ဟင်းလင်ပြင်အထူးမဟာမိတ်အဖွဲ့... ကောင်းကင်ဘုံဆိုတာ ထူးကဲစွမ်းအားတွေ ကုန်ဆုံးခြင်းရဲ့ သင်္ကေတပဲ..."

ရှဲ့အာမန်သည် တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီး နယ်မြေကိုးခုတွင် အဆင့်အတန်း မြင့်မားသူဖြစ်သော်လည်း၊ နောင်တစ်ချိန်တွင် ကျွယ်မင်နန်းတော်၏ အဆင့် ၉ မသေမျိုး ဖြစ်လာမည့်သူပင် ဖြစ်သော်လည်း၊ ဤသတင်းများကို ကြားလိုက်ရသည့်အခါ အတော်လေး တုန်လှုပ်သွားတော့သည်။

"ပုရွက်ဆိတ်အသိုက် ဆိုတဲ့ စကားကတော့... တကယ်တော့ အရင်တုန်းက ငါတို့ နယ်မြေကိုးခုရဲ့ စီနီယာတွေ ခန့်မှန်းခဲ့ကြတာမျိုး ရှိဖူးတယ်။ သုံးလောက ပရမ်းပတာ ဖြစ်ပြီးနောက်မှာ ကမ္ဘာပေါ်မှာ မိစ္ဆာတွေလိုမျိုး တခြား ပြင်ပမျိုးနွယ် တွေ ရှိနေသေးတာကို ငါတို့ အတည်ပြုနိုင်ခဲ့တယ်။

နောက်ပြီး ငါတို့ လူသားမျိုးနွယ်ဟာလည်း ဟိုးအရင်တုန်းက တခြားနေရာကနေ ပြောင်းရွှေ့လာခဲ့ကြတဲ့ မျိုးနွယ်စုတွေပဲဆိုတာကိုလည်း သွယ်ဝိုက်ပြီး အတည်ပြုနိုင်ခဲ့တယ်။

ဒါကြောင့်လည်း ငါတို့က နယ်မြေအသစ် ရှာဖွေရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ချင်းမင် ကောင်းကင်ပြင်ကို စူးစမ်းဖို့ ကြိုးစားခဲ့ကြတာပေါ့။ အဲဒီအချိန်မှာပဲ ကောင်းကင်ဘုံ ပျက်စီးပြီး ကျန်ခဲ့တဲ့ ကောင်းကင်ဘုံသွေးရဲ့ စွမ်းအားက အံ့ဩစရာကောင်းမှန်း သိခဲ့ရတယ်။

အင်အားစု အသီးသီး ပူးပေါင်း လေ့လာခဲ့ကြပြီးတော့ အဲဒါကို အသုံးချဖို့ အကောင်းဆုံးနည်းလမ်းကို ရှာတွေ့ခဲ့ကြတယ်။ အဲဒါကတော့ အခု မြင်နေရတဲ့ မသေမျိုးလှေ အစီရင် တွေပဲ"

ထိုသို့ပြောပြီးနောက် ရှဲ့အာမန်က သက်ပြင်းရှည်ကြီး ချလိုက်သည်။

"ဒါပေမဲ့ ငါတို့ရဲ့ သက်တမ်း ကန့်သတ်ချက်ကြောင့် ငါတို့ သိပ်ဝေးဝေး မသွားနိုင်ခဲ့ဘူး။ အခုထိ အဝေးဆုံး ရောက်ဖူးတာကတော့ ရှေးဟောင်းတားမြစ်နယ်မြေ အချို့ပဲ။ အဲဒီ တားမြစ်နယ်မြေတွေဆိုတာလည်း ငါတို့ရဲ့ ခန့်မှန်းချက်အရတော့ အရင်တုန်းက ငါတို့ နယ်မြေကိုးခုလိုမျိုး နယ်မြေတွေ ဖြစ်ခဲ့မှာပဲ။ သေဆုံးပျက်စီးသွားတာ ကြာပြီဖြစ်လို့ အခုလို ပုံစံမျိုး ဖြစ်နေရတာ"

သူမက ဖန့်ချန်ကို ကြည့်လိုက်သည်

"ဒီ ရှေးဦးနတ်ဆိုးမျိုးနွယ်က အလွန်အရေးကြီးတယ်။ သူမ ပေးတဲ့ အချက်အလက်တွေက ငါတို့ နှစ်ပေါင်းများစွာ ခန့်မှန်းခဲ့တာတွေကို အတည်ပြုပေးလိုက်သလို၊ ငါတို့ ခက်ခက်ခဲခဲ ရှာဖွေခဲ့ရတဲ့ သတင်းတွေထက် အဆပေါင်းများစွာ ပိုပြီး အရေးပါပါတယ်"

"အခု ပြဿနာတစ်ခု ရှိတာက... သူမရဲ့ ပြောပြချက်အရ နတ်လမ်းစဉ်ဂိုဏ်း က ရှေးရိုးစွဲ နတ်ဆိုးတွေဟာ အပြင်ဘက်ကို သတင်းပို့ထားကြပြီတဲ့။ အကယ်၍ တခြား နတ်ဆိုးမျိုးနွယ် တစ်ယောက်ယောက်က အဲဒီသတင်းကို လက်ခံရရှိသွားရင် နယ်မြေကိုးခုဟာ ကျွန်အဖြစ် ရောင်းစားခံရနိုင်တယ်။

ချွီဝမ်လီ လို လူမျိုးတွေကလည်း အများကြီး ရှိနေနိုင်သေးတယ်။ နယ်မြေကိုးခုထဲက အဆင့် ၉ မသေမျိုးတွေကိုတောင် ကျွန်တော် အပြည့်အဝ မယုံကြည်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် သူတို့နဲ့ သိပ်မထိတွေ့ဖူးလို့ပဲ။

ဒါကြောင့် ကူးယွဲ့လင် ကို စီနီယာတို့နဲ့ လောလောဆယ် တရားဝင် ပေးမတွေ့နိုင်သေးဘူး။ ကျွန်တော့်ရဲ့ ဆရာနဲ့ အဖိုးကြီး ကို အရင် တိုင်ပင်ပြီးမှပဲ ဆုံးဖြတ်လို့ ရလိမ့်မယ်။ ဒီအချက်ကို စီနီယာအစ်မကြီးအနေနဲ့ ကျွန်တော့်အပေါ် အပြစ်မမြင်ဘဲ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ဖန့်ချန်က လက်အုပ်ချီကာ ပြောလိုက်သည်။

All Chapters