← Chapters

အခန်း (၁၇၇၅-၁၇၇၆)

Vol. 178 Ch. 1775-1776

အခန်း (၁၇၇၅-၁၇၇၆)

Vol. 178 Ch. 1775-1776

အခန်း (၁၇၇၅) - ရုလိုင်ဘုရားကျောင်း၏ သစ္စာဖောက် ထွက်ပြေးမှု

"ထောက်ခံတာကတော့ သေချာပေါက် ထောက်ခံရမှာပဲ၊ ဒါပေမဲ့ ဘယ်လိုပုံစံနဲ့ ထောက်ခံမလဲဆိုတာကတော့ စဉ်းစားရဦးမယ်..."

ရှဲ့အာမန်၏ မျက်ဝန်းထဲတွင် တွေးတောနေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။

"ဒီသတင်းကို အင်အားစုအသီးသီးက သိသွားကြရင် သူတို့တွေ မင်းကို ဖိအားပေးပြီး ကူးယွဲ့လင်ကို ထုတ်ပေးဖို့၊ အားလုံး ဝိုင်းဝန်း ဆွေးနွေးကြဖို့ တောင်းဆိုကြလိမ့်မယ်"

"မှန်ပါတယ်"

ဖန့်ချန်က ညင်သာစွာ ခေါင်းညိတ်သည်။

"ဒါပေမဲ့ မင်းက ယင်လောကငယ် ထဲကို ပုန်းနေလို့ ရတယ်လေ၊ ဘယ်သူမှ မင်းကို ဘာမှ လုပ်လို့မရဘူးဆိုတာ သူတို့လည်း သိကြပါတယ်။ နောက်ပြီး မင်းက ဒီခေတ်ရဲ့ ငရဲမင်းဆိုတော့ အဆင့်အတန်းက ထူးခြားနေတယ်၊ အဆင့် ၉ မသေမျိုးတွေတောင် မင်းရှေ့မှာ သိပ်ပြီး မာန်တက်ရဲမှာ မဟုတ်ဘူး။ သူတို့လည်း တစ်နေ့ကျရင် ခန္ဓာကိုယ် စွန့်ကြရမှာပဲ၊ ဘယ်အချိန်မှာ မင်းရဲ့ လက်အောက်ကို ရောက်ပြီး ပြန်လည်ဝင်စားရမလဲဆိုတာ မပြောနိုင်ဘူးလေ"

ရှဲ့အာမန်က ဆက်လက်၍ ခွဲခြမ်းစိတ်ဖြာပြသည်

"ခြုံငုံသုံးသပ်ရရင် သူတို့ဟာ အလွန်ဆုံးရှိမှ ဟန်ရေးပြ ခြိမ်းခြောက်ရဲရုံပဲ ရှိမှာပါ။ ဒါကြောင့် ပထမဆုံး လာမယ့် ဖိအားလှိုင်းကို တောင့်ခံနိုင်ရင် ရပါပြီ"

သူမသည် ခေတ္တမျှ ရပ်တန့်ကာ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီးမှ ဖန့်ချန်ဘက်သို့ လှည့်ကာ မတ်တတ်ရပ်လိုက်သည်။

"မင်းဘက်ကလည်း အဲဒီ ယန်နတ်ဘုရား တွေရဲ့ သဘောထားကို အမြန်ဆုံး စုံစမ်းထားဖို့ လိုမယ်။ ငါတို့လည်း တစ်ပြိုင်တည်းမှာပဲ ပြင်ပကျင့်ကြံသူတွေ ကျူးကျော်လာမယ့် ဘေးအတွက် ကြိုတင်ပြင်ဆင်ထားရမယ်။ တကယ်လို့ အဲဒီနေ့ ရောက်လာခဲ့ရင် ဒီနယ်မြေကိုးခုမှာ ဆက်နေလို့ ရဦးမလားဆိုတာက ပြဿနာပဲ။ ဒါကြောင့် ငါ့ရဲ့ အကြံကတော့ နတ်ဆိုးမျိုးနွယ်ဦးတွေ အခုနေထိုင်တဲ့ နေရာကို စုံစမ်းထားဖို့ပဲ"

သိုးမွေး ဆက်နုတ်ဦးမလို့လား (အမြတ်ထုတ်ဦးမလို့လား)

ဖန့်ချန်က ပြုံးလိုက်သည်

"ကူးယွဲ့လင်ရဲ့ သဘောထားကတော့ ရှင်းပါတယ်၊ သူမက နတ်ဆိုးမျိုးနွယ်ဦးတွေ နေထိုင်တဲ့နေရာကို ထုတ်ဖော်ပြောမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူမဆီကနေ ငါတို့ ပြောင်းရွှေ့အခြေချဖို့ သင့်တော်မယ့် နေရာတစ်ခုကို မေးမြန်းဖို့ကတော့ မခက်ပါဘူး။

ဒါပေမဲ့ ဒါက နောက်ဆုံး ရွေးချယ်စရာ အစီအစဉ်ပေါ့။ အကယ်၍ ဒီအတောအတွင်းမှာ တစ်စုံတစ်ယောက်က ကောင်းကင်ဘုံအဆင့်ကို တက်လှမ်းနိုင်ခဲ့ရင် နယ်မြေကိုးခုအတွက် ပြင်ဆင်ချိန် ပိုရနိုင်ပါတယ်"

"ဟုတ်တယ်... ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာက မသေမျိုးစွမ်းအင် တွေ မရှိတော့ဘူးဆိုတော့ တစ်ဝက်လောက် သေနေပြီလို့ ပြောလို့ရတယ်။ တကယ်လို့ သုံးလောက ပရမ်းပတာ မဖြစ်ခင် မသေမျိုးစွမ်းအင်တွေ ကြွယ်ဝနေတုန်းကဆိုရင် နယ်မြေကိုးခုရဲ့ အခြေခံအင်အားက အခုထက် အဆပေါင်း ဆယ်ဂဏန်းမက ပိုတောင့်တင်းမှာ အသေအချာပဲ"

ရှဲ့အာမန်၏ မျက်ဝန်းထဲတွင် တွေးတောမှုများ လွှမ်းမိုးနေသည်။

"စီနီယာအစ်မကြီး... ကျွန်တော်က ဒီလောကထဲက အဆင့် ၉ မသေမျိုးတွေအကြောင်း သိပ်မသိဘူး။ စီနီယာကတော့ ပိုသိမှာပါ။ ဘယ်သူတွေက ကောင်းကင်ဘုံတစ်ပိုင်း အဆင့်ကို ရောက်ဖို့ အလားအလာ ရှိသလဲ၊ ဒါမှမဟုတ် ရောက်ပြီးသား ဖြစ်နေသလဲဆိုတာ သိပါသလား"

ဖန့်ချန်က မေးလိုက်သည်။

ရှဲ့အာမန်က ဖန့်ချန်သည် ကောင်းကင်ဘုံအကြောင်း သိချင်ရုံသက်သက်ဖြင့် မေးသည်ဟု ထင်မှတ်ခဲ့သော်လည်း၊ နောက်တစ်ခဏတွင် သူမသည် တစ်စုံတစ်ခုကို ရိပ်မိသွားကာ မျက်နှာထား တည်ကြည်လေးနက်သွားတော့သည်။

"မင်း ဒီသတင်းကို စုံစမ်းတာက... အဲဒီ ကောင်းကင်ဘုံတစ်ပိုင်းတွေက မင်းကို ရန်မူလာမှာ စိုးရိမ်လို့လား မင်းရဲ့ ငရဲမင်း အထောက်အထား ပေါ်သွားလို့လား "

"မှန်ပါတယ်"

ဖန့်ချန်က ဆိုသည်

"ကျွန်တော့်ရဲ့ အထောက်အထားကို ဖော်ထုတ်လိုက်တဲ့သူက ကျွန်တော့်ကို တမင် သက်သက် ဒုက္ခပေးချင်တာအပြင်၊ ကျန်တဲ့ ရည်ရွယ်ချက်ကတော့ စိတ်ဝိညာဉ်နယ်မြေနဲ့ နတ်ဘုရားဘုရင်နယ်မြေကို ကျွန်တော့်ကြောင့်နဲ့ အချင်းချင်း ပြဿနာတက်အောင် လုပ်ချင်တာပဲ။

ဘာလို့ ပြဿနာတက်နိုင်သလဲဆိုတာကို ကျွန်တော် ခွဲခြမ်းစိတ်ဖြာကြည့်တော့... အဲဒီထဲမှာ အဆင့် ၉ မသေမျိုး တချို့ဟာ ကောင်းကင်ဘုံတစ်ပိုင်း အဆင့်ကို တက်လှမ်းထားပြီးသား ဖြစ်နိုင်တယ်။

သူတို့က လူ့လောကကို စိုးမိုးပြီး ကောင်းကင်ဘုံအဆင့်ကို တက်ဖို့ဆိုတာကတော့ ဖြစ်နိုင်ခြေ သိပ်မရှိဘူး။ ဒါပေမဲ့ ယင်လောက ကိုသာ စိုးမိုးနိုင်ရင် ကောင်းကင်ဘုံအဆင့် ရောက်ဖို့ အခွင့်အလမ်းက အများကြီး ပိုများသွားမှာ"

"မင်းရဲ့ တွေးတောချက်က အကျိုးအကြောင်း ရှိပါတယ်။ ဒီကိစ္စကို ငါတို့ သတိထားပြီး ကာကွယ်ရမယ်။ ဒါပေမဲ့ အခုချိန်မှာ အဆင့် ၉ မသေမျိုး အများစုက အားမကြကြဘူး။

နှစ်ဖက်စလုံးရဲ့ စွမ်းအားက ကွာခြားချက် သိပ်မရှိတဲ့အပြင် အဆင့် ၉ တိုင်းကလည်း စစ်မြေပြင်မှာ ရှိနေတာ ဒါမှမဟုတ် အရေးပါတဲ့နေရာတွေကို စောင့်ကြပ်နေရတာဆိုတော့ အချင်းချင်း အပြန်အလှန် ထိန်းညှိနေကြတာပဲ။

ဘယ်သူမှ လွယ်လွယ်နဲ့ လှုပ်ရှားရဲမှာ မဟုတ်ဘူး။ မင်းကို ဒုက္ခပေးဖို့ လက်လှမ်းမီမယ့်သူ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီထဲမှာ တစ်စုံတစ်ယောက်က တိတ်တဆိတ် ကောင်းကင်ဘုံတစ်ပိုင်း အဆင့်ကို ရောက်သွားခဲ့ရင်တော့... သူက လက်လှမ်းမီနိုင်ကောင်းရဲ့"

ရှဲ့အာမန်က လေးနက်စွာ ဆက်ပြောသည်

"ငါလည်း အဆင့် ၉ မသေမျိုးတွေအကြောင်း သိတာက မင်းနဲ့ သိပ်မထူးပါဘူး။ ပုံမှန်ဆိုရင် သူတို့နဲ့ ဆုံဖို့ဆိုတာ မလွယ်သလို စကားပြောခွင့်ရဖို့လည်း ခက်တယ်။

ကဲ... ဒီလိုလုပ်၊ မင်းရဲ့ တာဝန်ကလည်း ပြီးသွားပြီဆိုတော့ ရှေ့တန်းကနေ နောက်ကွယ်ကို ဆုတ်သွားလို့ရမယ့် နည်းလမ်း ရှိမှာပဲ မဟုတ်လား ကျန်တဲ့ အချိန်တွေမှာ လူလုံးမပြနဲ့တော့။

ကျွယ်မင်ကြယ်ကိုပဲ သွားသွား၊ ယင်လောကငယ် ထဲမှာပဲ နေနေ... စိတ်ဝိညာဉ်နယ်မြေရဲ့ စစ်ပွဲ ရလဒ် ထွက်ပေါ်လာတဲ့အထိ စောင့်ကြည့်လိုက်။ ဒါဆိုရင် သူတို့တွေ ငရဲမင်း ရာထူးအတွက်ဖြစ်ဖြစ်၊ ကူးယွဲ့လင် ကိစ္စအတွက်ဖြစ်ဖြစ် မင်းကို ရှာမတွေ့တဲ့အခါ ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး"

"ကျန်တဲ့ ကိစ္စတွေအတွက် ကျွန်တော့်ကို တကယ်ပဲ မလိုတော့ဘူးလား"

ဖန့်ချန်က မေးလိုက်သည်။

ရှဲ့အာမန်က ရယ်မောလိုက်သည်

"ဘာလဲ... မင်းမှာ ငါတို့ကို ကူညီဖို့ ယန်နတ်ဘုရား သန်းပေါင်းများစွာ ရှိနေလို့လား ဒါမှမဟုတ် မင်းကိုယ်တိုင်က အဆင့် ၉ မသေမျိုး ဖြစ်သွားပြီလားမင်းရဲ့ ကျင့်စဉ်က နိမ့်လွန်းသေးတယ်၊ ကျန်တဲ့ ကိစ္စတွေကို မင်း ဝင်ကူလို့ မရနိုင်ပါဘူး။

သေသေချာချာသာ ကျင့်ကြံနေပါ၊ နောက်ထပ် နှစ်ပေါင်း ထောင်ချီ ကြာပြီးတဲ့အခါမှသာ ဒါက မင်းရဲ့ လောက ဖြစ်လာမှာ။ ကူးယွဲ့လင် ကိစ္စကိုလည်း စိတ်ထဲ သိပ်မထားပါနဲ့၊ သူမ ပြောတဲ့ စကားတွေထဲမှာ တစ်ချို့က တမင် ချဲ့ကားပြီး ခြိမ်းခြောက်ထားတာမျိုး ပါနိုင်တယ်။

ဥပမာ သူမက ရှေးရိုးစွဲအုပ်စုဆီက သတင်းရနိုင်ခြေ ဘယ်လောက်ရှိသလဲ တခြားသူတွေ ရနိုင်ခြေကော ဘယ်လောက်လဲ ဒီနေ့ကစပြီး ရေတွက်ရင် နောက်ထပ် နှစ်ပေါင်း တစ်သိန်း၊ တစ်သန်း ကြာမှတောင် သူမ တစ်ယောက်တည်းကပဲ ဒီသတင်းကို တိုက်တိုက်ဆိုင်ဆိုင် ရရှိခဲ့တာ ဖြစ်နိုင်တယ်။

ရှေးရိုးစွဲအုပ်စုမှာ ဒီသတင်းကို ချင်းမင် ကောင်းကင်ပြင် တစ်ခုလုံး သိအောင် ဖြန့်နိုင်တဲ့ အရည်အချင်း မရှိသေးပါဘူး"

"ဒါလည်း ဟုတ်တာပဲ"

ဖန့်ချန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ရှဲ့အာမန်၏ စကားက သူ့ကို သတိပေးလိုက်သလိုပင်။

"ဒါနဲ့... ရုလိုင်ဘုရားကျောင်း ဘက်ကတော့ သစ္စာဖောက်ပြီး ထွက်ပြေးသွားကြပြီ။ အခုတော့ ရုလိုင်ဘုရားကျောင်း တစ်ခုလုံးဟာ နတ်ဆိုးမျိုးနွယ်နဲ့ ပတ်သက်နေတာလား၊ မိစ္ဆာမျိုးနွယ်နဲ့ ပတ်သက်နေတာလားဆိုတာ အတည်ပြုလို့ ရသွားပြီ။ နောက်နောင် ရုလိုင်ဘုရားကျောင်းက လူတွေကို တွေ့ရင် ညှာမနေနဲ့တော့"

ရှဲ့အာမန်က ပြုံးလျက် ဆိုသည်။

"သစ္စာဖောက် ထွက်ပြေးသွားပြီ ဟုတ်လား"

ဖန့်ချန် အတော်လေး အံ့ဩသွားသည်။

သူသည် ရှောက်ကွမ်းယင်၏ ကိစ္စကို ဖြေရှင်းရန် အချိန်အနည်းငယ် ကြာဦးမည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ ရုလိုင်ဘုရားကျောင်းက တိုက်ရိုက် သစ္စာဖောက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ရုလိုင်ဘုရားကျောင်းမှ ထိုအဆင့် ၉ မသေမျိုးသည်ပင် မိစ္ဆာမျိုးနွယ်အဖြစ် နိုးထသွားခြင်းလား သို့မဟုတ် သူကိုယ်တိုင်ကပင် နတ်ဆိုးမျိုးနွယ်မှ ဆင်းသက်လာသူလား။

"အင်း... ငါတို့ စိတ်ဝိညာဉ်နယ်မြေကို လာတဲ့အချိန်မှာ စိတ်ဝိညာဉ်နယ်မြေက အဆင့် ၉ မသေမျိုး နှစ်ပါးက ရုလိုင်ဘုရားကျောင်းကို သွားခဲ့ကြတယ်။

သူတို့ ရောက်တဲ့အချိန်မှာတော့ ဟိုနေရာက လူသူကင်းမဲ့ပြီး အလွတ်ကြီး ဖြစ်နေပြီ။ ရုလိုင်ဘုရားကျောင်း စောင့်ကြပ်ခဲ့တဲ့ ရှေးဟောင်းတားမြစ်နယ်မြေကိုလည်း အခုတော့ အင်အားစုအသီးသီးကို ခွဲဝေပေးလိုက်ပြီ"

ရှဲ့အာမန်က ဆက်ပြောသည်

"ငါ့အထင်တော့ ရှောက်ကွမ်းယင် ဆိုတဲ့လူက အတော်လေး အာဃာတ ကြီးတတ်တယ်။ အခု မင်းရဲ့ ငရဲမင်း အထောက်အထားကလည်း ပေါ်နေပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ် သတိထားပါ၊ အဲဒီလူနဲ့ ထိပ်တိုက် မတိုးမိစေနဲ့"

တကယ် လာတွေ့ရင်တော့ အကောင်းသားပဲ

ဖန့်ချန်က စိတ်ထဲမှ ရေရွတ်လိုက်သည်။

သူသည် ဤကိစ္စကို ဝမ်အိုကြီး အား မေးမြန်းကြည့်ရန် စဉ်းစားလိုက်သည်။ ဝမ်အိုကြီးတွင် ရုလိုင်ဘုရားကျောင်းဘက်၌ ရှောက်ဆွေ့ယွဲ့ ကို ကာကွယ်ပေးနေသည့် ကိုယ်ပွား တစ်ခု ရှိနေသည် မဟုတ်ပါလား။ ထိုလူသည် ရှောက်ကွမ်းယင်၏ ညီအရင်းလည်း ဖြစ်သည်။ ရုလိုင်ဘုရားကျောင်းက ဘယ်ကို ထွက်ပြေးသွားသလဲ၊ တိတ်တဆိတ် ဘာတွေ ကြံစည်နေသလဲဆိုသည်ကို ဝမ်အိုကြီးကတော့ အတပ်သိပေလိမ့်မည်။

"တခြားကိစ္စ မရှိတော့ရင် မင်း အရင်သွားတော့လေ၊ ငါ လိုက်ပို့ပေးရမလား"

ရှဲ့အာမန်က ရယ်မောလျက် မေးသည်။

"စီနီယာအစ်မကြီး... ကျွန်တော် ဘာသာ ကျွန်တော် သွားပါ့မယ်"

ဖန့်ချန်က ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်သည် အရိပ်များထဲတွင် ပျော်ဝင်သွားကာ ရှဲ့အာမန်၏ ရှေ့မှပင် မျက်တောင်တစ်ခတ်အတွင်း အစအနမကျန် ပျောက်ကွယ်သွားတော့သည်။

"ဒါက ကောင်းကင်လှည့်စားခြင်းအတတ် ကိုး..."

ရှဲ့အာမန်က တိုးတိုးလေး ရေရွတ်ရင်း ချီးကျူးလိုက်သည်။

ဤကဲ့သို့သော အတတ်ပညာမှာ လူတိုင်း လေ့ကျင့်နိုင်သည့်အရာ မဟုတ်ချေ။ လိုအပ်ချက်များမှာ အလွန်ပင် တင်းကျပ်လွန်းလှသည်။ တင်းကျပ်လွန်းလှသဖြင့် အဆက်အသွယ် အင်အား တောင့်တင်းမှု မရှိလျှင် လေ့ကျင့်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ရက်အနည်းငယ် ကြာပြီးနောက်...

ယွီကျင့်မင်နှင့် အခြားသူများသည် ထိုဖန့်ငရဲမင်းမှာ မည်သည့်နေရာသို့ ရောက်ရှိသွားမှန်း မသိတော့ကြောင်း ရုတ်တရက် သတိပြုမိလိုက်ကြသည်။ သူတို့ သိချင်ကြသော်လည်း ရှဲ့အာမန်ကိုတော့ တိုက်ရိုက် မမေးရဲကြချေ။

...

ခြောက်လခန့် ကြာပြီးနောက်...

ဖန့်ချန်သည် နောက်ဆုံးတွင် ဖေးယွီကြယ်စုတန်း၏ တားမြစ်ချက် ရှိရာနေရာကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ သို့သော် ဤ ထင်ယောင်ထင်မှား တောင်ကြီး မှာ ယခင်က တွေ့ဖူးသည့် တောင်များထက် ဆယ်ဆခန့် ပိုမို ကြီးမားနေသည်။ အပေါ်ရှိ တားမြစ်ချက်များမှာလည်း စိပ်စိပ်ကို ကျဲနေတော့သည်။

ဖန့်ချန်သည် ပျက်စီးနေသော အစီရင်ဗဟိုချက် များကို တစ်ခုပြီးတစ်ခု ထုတ်ယူကာ ပစ်တင်လိုက်သည်။ ၎င်းတို့သည် အစိမ်းရောင်ရှိသော ကောင်းကင်ဘုံသွေး များအဖြစ် ပြောင်းလဲသွားကာ တားမြစ်ချက်များကို အဆက်မပြတ် တိုက်စားပစ်လိုက်ကြသည်။

မသိလိုက်မသိဘာသာဖြင့် သူ စုဆောင်းထားသမျှ ပျက်စီးနေသော အစီရင်ဗဟိုချက်များ အားလုံး ကုန်ဆုံးသွားခဲ့သော်လည်း တားမြစ်ချက်မှာ လုံးဝ ပျက်ပြယ်သွားခြင်း မရှိသေးချေ။ ယခုအခြေအနေတွင် သူသည် ကျန်ရှိနေသော 'ပြည့်စုံသည့် အစီရင်ဗဟိုချက်' များကိုပါ အသုံးပြုရန် ဆုံးဖြတ်လိုက်တော့သည်။

သူ၏ လက်ထဲတွင် အစီရင်ဗဟိုချက် တစ်ခုမှ မကျန်တော့သည့် အချိန်၌ပင်... တားမြစ်ချက်ကြီးမှာ ဟိန်းဟောက်သံနှင့်အတူ ပြိုလဲပျက်စီးသွားတော့သည်။

All Chapters