အခန်း (၁၇၇၇-၁၇၇၈)
Vol. 178 Ch. 1778-1779
အခန်း (၁၇၇၇) - မိတ်ဆက်ပေးခြင်း
"ဝမ်အာ... အရင်တုန်းက မှတ်ဉာဏ်တွေထဲက မင်းဆီမှာ ဘယ်လောက်များများ ကျန်သေးလဲ"
"သခင်လေးကို တင်ပြရရင်... ကျွန်တော် အခုမှတ်မိနေတာကတော့ အဲဒီတုန်းက တိုက်ပွဲတစ်ခုနဲ့ တခြား ဟိုတစ်စ ဒီတစ်စ ပျက်စီးနေတဲ့ မှတ်ဉာဏ်အစအနလေးတွေပဲ ရှိပါတော့တယ်"
"မင်းတို့ရဲ့ ရန်သူတွေကလည်း ယင်စစ်သည်တွေပဲ မဟုတ်လား"
"မှန်ပါတယ်... ဒါပေမဲ့ အဲဒီယင်စစ်သည်တွေက ပုန်ကန်တဲ့သူတွေမဟုတ်ဘဲ မိစ္ဆာမျိုးနွယ်ကနေ ဆင်းသက်လာတဲ့သူတွေပါ"
ဝမ်အာသည် သူ၏ ရှေ့မှ လျှောက်လှမ်းနေသော ဖန့်ချန်ကို ခိုးကြည့်လိုက်ပြီး သတ္တိမွေးကာ မေးလိုက်သည်။
"သခင်လေး... အခု လူ့လောကကို မိစ္ဆာမျိုးနွယ်တွေကပဲ အုပ်ချုပ်နေတာလားခင်ဗျာ"
"ယာယီအားဖြင့်တော့ မဟုတ်သေးပါဘူး။ သုံးလောက ပရမ်းပတာဖြစ်ပြီးနောက်မှာ မျိုးနွယ်စုနှစ်ခုလုံးရဲ့ အခြေခံအင်အားတွေက ကုန်သလောက် ဖြစ်သွားခဲ့တာ။ ဒါကြောင့် ကြားထဲမှာ နှစ်ပေါင်းများစွာ အေးအေးချမ်းချမ်း ရှိနေခဲ့ပြီး လူ့လောက နယ်မြေကိုးခုဟာ လူသားမျိုးနွယ်ရဲ့ လက်ထဲမှာပဲ ရှိနေပါသေးတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ မိစ္ဆာမျိုးနွယ်တွေက စစ်မီးကို တစ်ကျော့ပြန် တောက်လောင်စေခဲ့ပြီ"
ဖန့်ချန်က ဆိုသည်။
ဝမ်အာသည် ထိုစကားကို ကြားသောအခါ သူ၏ မျက်ဝန်းထဲ၌ မီးလျှံတစ်ခု တောက်လောင်လာသကဲ့သို့ပင်
"သခင်လေး... ကျွန်တော်မျိုးရဲ့ ဒီပျက်စီးနေတဲ့ ခန္ဓာကိုယ်နဲ့ စစ်မြေပြင်ကို နောက်တစ်ကြိမ် ပြန်ဝင်ပါရစေ "
"တိုက်တာကတော့ သေချာပေါက် တိုက်ရမှာပဲ၊ ဒါပေမဲ့ နည်းလမ်းတော့ ပြောင်းရလိမ့်မယ်။ မင်းက အခုချိန်မှာ အရင်တုန်းကလို စစ်သည်လေး တစ်ယောက်မဟုတ်တော့ဘူး၊ အဆင့် ၈ မသေမျိုး စွမ်းအားတွေ ရှိနေပြီ။ မင်းရဲ့ တိုက်ခိုက်ပုံကိုလည်း နည်းနည်း ပြောင်းလဲရမယ်"
ဖန့်ချန်က ပြုံးလျက် ပြောလိုက်သည်။
တိုက်ခိုက်ပုံကို ပြောင်းလဲရမယ်
ဝမ်အာ အနည်းငယ် ကြောင်အသွားသည်။
"မြွေကို ရိုက်ရင် ခါးကို ရိုက်ရတယ်... တိုက်မယ်ဆိုရင်လည်း သူတို့ရဲ့ အသက်သွေးကြော နေရာတွေကိုပဲ တိုက်ရမယ်။ အနည်းဆုံး ပေးဆပ်မှုနဲ့ အကောင်းဆုံး ရလဒ်ကို ရယူရမယ်"
ဖန့်ချန်က ပြုံးရင်း
"နောင်ကို... မင်းက ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်တဲ့ တာဝန်ကို ယူရမယ်"
ဝမ်အာသည် ဖန့်ချန်၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားကာ လက်အုပ်ချီ ဦးညွှတ်လိုက်သည်။
"အမိန့်အတိုင်းပါခင်ဗျာ"
"ရှေ့မှာ... ကုတိန်ကြယ် ရောက်တော့မယ်"
ဖန့်ချန်က ရှေ့လမ်းကို တစ်ချက်ကြည့်လိုက်ပြီး စိတ်အာရုံကို လှုပ်ရှားလိုက်ရာ နှစ်ဦးသားမှာ ဖွေးဖွေးလှုပ်နေသော မြူထုကြီးထဲတွင် ပျောက်ကွယ်သွားတော့သည်။
...
...
ဖန့်ချန် ပထမဆုံး ရောက်ရှိလာခဲ့သည့် အချိန်နှင့် နှိုင်းယှဉ်လျှင် ယခုလက်ရှိ ကုတိန်ကြယ် မှာ ယခင်နှစ်များက အစီအစဉ်အတိုင်း တဖြည်းဖြည်း ပြန်လည် နိုးထလာနေပုံရသည်။
ဟင်လင်းပြင် ထဲတွင် ကြာဖြူပုံသဏ္ဌာန်ရှိသော မသေမျိုးလှေ အစီရင် နှစ်ခုသည် ကုတိန်ကြယ်ကို ဝန်းရံ ပတ်မောင်းနေကြပြီး နယ်စပ်ဂိတ်ကို စောင့်ကြပ်နေကြသည်။
ဤသည်မှာ ဝမ်သောက်မသေမျိုးဂိုဏ်း ၏ မသေမျိုးလှေများ ဖြစ်ကြသဖြင့် ဝမ်သောက်ဂိုဏ်းမှ စစ်ကူများ ရောက်ရှိလာပြီဖြစ်ကြောင်း သက်သေပြနေသည်။
ဖန့်ချန် မောင်းနှင်လာသော နဂါးနက်လှေ မှာ အလွန် သိသာထင်ရှားလှသဖြင့် သူ ပေါ်လာပြီး မကြာမီမှာပင် အဝေးမှ ကြာဖြူလှေတစ်စင်းသည် အနားသို့ ခေတ္တ ပြေးဝင်လာသည်။ ကြာဖြူလှေအနားသို့ ရောက်လာသည်နှင့် ဖန့်ချန်လည်း နဂါးနက်လှေ ၏ အရှိန်ကို လျှော့ချလိုက်သည်။
"မေးပါရစေ... ကျွယ်မင်နန်းတော် က ဘယ်အမာခံအဖွဲ့ဝင် လူကြီးမင်း ကုတိန်ကြယ်ကို ကြွရောက်လာတာပါလဲ"
ရွှမ် အမာခံအဖွဲ့ဝင်သည် ကြာဖြူလှေ ထဲမှ ထွက်လာကာ အဝေးမှနေ၍ ဂါရဝပြုလိုက်သည်။
သူမ၏ မျက်ဝန်းထဲ၌ စူးစမ်းလိုစိတ်များ ပြည့်နေသည်။ အကြောင်းမှာ ကျွယ်မင်နန်းတော်မှ အမာခံအဖွဲ့ဝင်တစ်ဦး ကုတိန်ကြယ်သို့ လာမည်ဟူသော သတင်းကို သူမ မရရှိထားသောကြောင့် ဖြစ်သည်။ ဤစစ်မျက်နှာသည် ယခုအခါ မိုင်ပေါင်း သောင်းချီအောင် ပြန်လည် တိုက်ထုတ်ထားပြီး ဖြစ်သည်။
ဝမ်သောက်ဂိုဏ်းက အသာစီးရနေပြီး မိစ္ဆာဝင်သူများ အဖွဲ့ မှာ ရှုံးနိမ့်စပြုနေပြီ ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် စစ်ကူများ ထပ်မံ လိုအပ်နေခြင်း မရှိတော့ချေ။
"ရွှမ်အမာခံအဖွဲ့ဝင်... မတွေ့တာ နှစ်အတော် ကြာသွားပြီနော်"
ဖန့်ချန်သည် ဝမ်အာကို ခေါ်ဆောင်၍ နဂါးနက်လှေထဲမှ ထွက်လာကာ သူမအား ပြုံးလျက် နှုတ်ဆက်လိုက်သည်။
ရွှမ်အမာခံအဖွဲ့ဝင်သည် ဖန့်ချန် ကိုယ်တိုင် ရောက်လာသည်ကို မြင်လိုက်ရသောအခါ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ဖြစ်ပေါ်သွားပြီးနောက် အလျင်အမြန် ဂါရဝပြုလိုက်သည်။
"ကျွန်မ ရွှမ်... ဖန့်ငရဲမင်းကို ဂါရဝပြုပါတယ် "
ထိုစဉ်က ကောင်းကင်ယံမှ ထူးခြားသော ဖြစ်စဉ်များကြောင့် သူမသည် ရှေ့မှ လူ၏ စစ်မှန်သော အထောက်အထားကို သိရှိထားပြီးသား ဖြစ်သည်။ ယခုတစ်ကြိမ် ပြန်လည်တွေ့ဆုံရခြင်းမှာလည်း ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စပင်။ ဘာပဲဖြစ်ဖြစ် ဤဖန့်ငရဲမင်း၏ နယ်မြေရှာဖွေရေးအဖွဲ့ သည် ကုတိန်ကြယ်၌ အခြေချ နားခိုနေဆဲ ဖြစ်သည် မဟုတ်ပါလား။
"ရွှမ်အမာခံအဖွဲ့ဝင်... ကျွန်တော့်ရဲ့ နယ်မြေရှာဖွေရေးအဖွဲ့ အခု ဘယ်မှာလဲ"
ဖန့်ချန်က ပြုံးလျက် မေးသည်။
သူသည် မူလက တစ်ဖက်လူနှင့် တွေ့ဆုံရန် ရည်ရွယ်ချက် မရှိခဲ့သော်လည်း ကုတိန်ကြယ်သို့ ပြန်ရောက်သည့်အခါ ရှန့်နင် ၏ အရှိန်အဝါသာ ကျန်ရှိတော့ပြီး ကျိကန်း နှင့် အခြားသူများ ပျောက်ကွယ်နေသည်ကို တွေ့ရသဖြင့် အကြောင်းရင်းကို မေးမြန်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ထူးခြားသော အခြေအနေမျိုး မဟုတ်လျှင် သူ ခေါ်ဆောင်လာသည့် အဖွဲ့သားများမှာ ခွင့်ပြုချက်မရှိဘဲ ထွက်ခွာသွားမည် မဟုတ်ချေ။
ရွှမ်အမာခံအဖွဲ့ဝင်က အလျင်အမြန် ဖြေကြားသည်
"ဖန့်ငရဲမင်း... လူကြီးမင်း ထွက်သွားပြီး မကြာခင်မှာပဲ ကျွယ်မင်နန်းတော်က အမာခံအဖွဲ့ဝင် အချို့ ထပ်ရောက်လာပြီး လူကြီးမင်းရဲ့ အဖွဲ့သားတွေကို တာဝန်ပေး ဆင့်ခေါ်သွားကြပါတယ်"
"ဪ... အဲဒီလိုလား"
ဖန့်ချန်က နားလည်သွားသကဲ့သို့ ခေါင်းညိတ်လိုက်သည်။
ကျွယ်မင်နန်းတော်၏ အမာခံတပည့်များတွင် ခေါင်းဆောင်မရှိဘဲ ခေတ္တနားနေသော နယ်မြေရှာဖွေရေးအဖွဲ့များကို တာဝန်ပေး ဆင့်ခေါ်ပိုင်ခွင့် အမှန်တကယ် ရှိသည်။ အဆုံးတွင်တော့ ထိုကျင့်ကြံသူများသည် ကျွယ်မင်နန်းတော်က ကျွေးမွေးထားသူများ ဖြစ်ကြပြီး တစ်ဦးတစ်ယောက်တည်း၏ ကိုယ်ပိုင်စစ်တပ် မဟုတ်ကြချေ။
"ဖန့်ငရဲမင်းက ဒီတစ်ခေါက် ကုတိန်ကြယ်ကို ရောက်လာတာ... ဒီမှာ တစ်ခုခု အန္တရာယ် ရှိနေလို့လား"
ရွှမ်အမာခံအဖွဲ့ဝင်၏ မျက်နှာတွင် စိုးရိမ်စိတ်များ ပေါ်လာသည်။
"အန္တရာယ်တော့ မရှိပါဘူး၊ ကျုပ်က ဒီလမ်းကနေ ဖြတ်သွားရုံသက်သက်ပါ"
ဖန့်ချန်က ပြုံးလိုက်ပြီး
"ရွှမ်အမာခံအဖွဲ့ဝင်... ခွင့်ပြုပါဦး"
ရွှမ်အမာခံအဖွဲ့ဝင် စကားမပြောနိုင်မီမှာပင် နဂါးနက်လှေသည် အရိပ်များထဲတွင် ပျော်ဝင်ကာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ သူမသည် ထိုနေရာ၌ ခဏမျှ ကြောင်အအ ရပ်နေမိပြီးမှ သက်ပြင်းချလိုက်နိုင်သည်။ ကုတိန်ကြယ်၌ အန္တရာယ် မရှိလျှင်ပဲ တော်ပါပြီ။
...
...
မင်းဝမ်ကြယ်
ဖန့်ချန်သည် ရှန့်နင်၏ ကျင့်စဉ်ထိုင်နေသည့် နေရာသို့ ရောက်လာပြီး ထိုနေရာ၌ ငါးနှစ်ခန့် စောင့်ဆိုင်းခဲ့သည်။ ရှန့်နင် ကျင့်စဉ်မှ ထွက်လာသည့် နေ့တွင် သူ၏ ရုပ်ရည်မှာ အနည်းငယ် ပြောင်းလဲသွားသည်။ ယခင်က အိုမင်းရင့်ရော်နေသည့် ပုံစံမှ ကျန်းမာသန်စွမ်းသော လူလတ်ပိုင်းအရွယ် ပုံစံသို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
"ဖန့်အမာခံ"
ရှန့်နင်သည် စိတ်လှုပ်ရှားစွာဖြင့် ဖန့်ချန်ကို လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
"ကျွန်တော်မျိုး လူကြီးမင်းရဲ့ မျှော်လင့်ချက်ကို မပျက်ကွက်စေဘဲ အဆင့် ၇ ရှေးဟောင်းမသေမျိုး အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါပြီ"
အဆင့် ၇ ကို ရောက်ရှိပြီးမှသာ သူသည် အဆင့် ၇ ရှေးဟောင်းမသေမျိုးမှာ အဆင့် ၆ မသေမျိုးများထက် အဘယ်ကြောင့် များစွာ ပိုမို အစွမ်းထက်ရသလဲဆိုသည်ကို နားလည်သွားခဲ့သည်။
ဤသည်မှာ တံခါးတစ်ခု ဖြစ်ပြီး ဤတံခါးကို မကျော်ဖြတ်နိုင်လျှင် တံခါးနောက်ကွယ်မှ မြင်ကွင်းကို မည်သည့်အခါမျှ သိနိုင်မည် မဟုတ်ချေ။
ထို့ပြင် ရှေးဟောင်းမသေမျိုး ဖြစ်လာမှသာ ဤစစ်မှန်သော နတ်ဘုရားလမ်းစဉ်မှ ပေးအပ်သော ထူးခြားသည့် တန်ခိုးစွမ်းအားများကို အမှန်တကယ် ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
"အောင်မြင်သွားရင် ပြီးတာပါပဲ၊ သွားကြစို့... ထိုက်ချန်းနယ်မြေ မှာ ငါတို့ လုပ်စရာတွေ ခေတ္တမရှိတော့ဘူး"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
ရှန့်နင် အနည်းငယ် ကြောင်သွားပြီး မျက်ဝန်းထဲ၌ အံ့ဩမှုများ ပေါ်လာသည်။ သူ တရားကျင့်နေသည့် နှစ်များအတွင်း ထိုက်ချန်းနယ်မြေ၏ တိုက်ပွဲက ပြီးသွားပြီလား။
"ဖန့်အမာခံ... ဒီနေရာက တိုက်ပွဲက အရှုံးအနိုင် ပေါ်သွားပြီလားခင်ဗျာ"
ရှန့်နင်က အမြန် မေးလိုက်သည်။ ဤကိစ္စမှာ နယ်မြေကိုးခု၏ အခြေအနေနှင့် သက်ဆိုင်နေသဖြင့် သူ ကိုယ်တိုင်လည်း အလွန် အလေးထားမိသည်။
"ယာယီတော့ အရှုံးအနိုင် မပေါ်သေးဘူး၊ ဒါပေမဲ့ ပေါ်ဖို့အတွက် သိပ်မဝေးတော့ပါဘူး"
ဖန့်ချန်က ပြုံးလိုက်သည်။
ရှန့်နင်သည် နားလည်သွားသကဲ့သို့ ခေါင်းညိတ်လိုက်ပြီး အသေးစိတ်ကို ဆက်မမေးတော့ချေ။ သူသည် ယခုအခါ အဆင့် ၇ ရှေးဟောင်းမသေမျိုး ဖြစ်နေပြီဆိုသော်လည်း ထိုက်ချန်းနယ်မြေ၏ စစ်ပွဲအတွက်မူ အလွန်အမင်း အထောက်အကူ ဖြစ်စေမည့်သူ မဟုတ်သေးချေ။ ဤကဲ့သို့သော စစ်ပွဲကြီးမျိုးတွင် ရှေးဟောင်းမသေမျိုးဆိုသည်မှာလည်း အနည်းငယ် ပိုစွမ်းသည့် စစ်သည်လေး တစ်ဦးမျှသာ ဖြစ်သည်။
"ဖန့်အမာခံ... ဒါဆိုရင် ကျွန်တော်တို့ အခု ကျွယ်မင်ကြယ် ကို ပြန်မှာလား"
ရှန့်နင်က မေးသည်။
"ကျွယ်မင်ကြယ်ကို မပြန်ခင် ငါ သွားစရာ နေရာတစ်ခု ရှိသေးတယ်"
ဖန့်ချန်သည် ယန်ဘူး ကို ထုတ်လိုက်သည်
"ထဲကို ဝင်လိုက်ပါဦး၊ ဒီတစ်ခါတော့ ခရီးသွားတဲ့ နည်းလမ်းကို ပြောင်းကြည့်ရအောင်"
ရှန့်နင်၏ မျက်ဝန်းထဲတွင် စူးစမ်းလိုစိတ်များ ဖြတ်ပြေးသွားပြီး ယန်ဘူးကို တစ်ချက်ကြည့်ကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ ထဲသို့ ဝင်သွားတော့သည်။ ယန်ဘူးကို သိမ်းဆည်းပြီးနောက် ဖန့်ချန်၏ ခန္ဓာကိုယ်သည် ဖွေးဖွေးလှုပ်နေသော မြူထုကြီးထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
နောက်တစ်ကြိမ် ပြန်ပေါ်လာသည့်အခါတွင်မူ မြေဝက်ဝံကြယ် သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဖန့်ချန်သည် ဟင်းလင်ပြင်ထဲတွင် မတ်တတ်ရပ်နေပြီး နေရောင်ခြည်မှာ သူ၏ ကိုယ်ပေါ်သို့ ဖြာကျနေကာ အောက်ဘက်ရှိ သုံးလောကတောင်တန်း ပေါ်တွင် သေးငယ်သော အရိပ်တစ်ခု ထင်ဟပ်နေသည်။
ပြီးခဲ့သည့်အကြိမ်က ထိုသူသည် သူ၏ သုံးလောကတောင်တန်း တိုက်ပွဲမှတ်ဉာဏ်များကို ပြန်လည်ဖော်ထုတ်ပေးခဲ့သည်။ ယခု ဤနေရာသို့ နောက်တစ်ကြိမ် ပြန်ရောက်သည့်အခါ ဖန့်ချန်၏ စိတ်ထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာမိသည်။ ထိုစဉ်က သူသည် ယနေ့ကဲ့သို့ မြင်ကွင်းမျိုး ဖြစ်လာမည်ဟု မည်သို့မျှ မတွေးတောခဲ့ဖူးချေ။
စိတ်အာရုံကို တစ်ချက်လှုပ်ရှားလိုက်ပြီး ဖန့်ချန်သည် ကောင်းကင်ယံမှ တောက်လောင်နေသော နေမင်းကြီးကို မော့ကြည့်လိုက်သည်။
မီးလုံးကြီးကဲ့သို့ တောက်လောင်နေသော နေမင်းကြီးသည် စူးရှသော အလင်းတန်းများကို ဖြာထွက်နေပြီး ဖန့်ချန်၏ မီးခိုးရောင် မျက်ဝန်းများမှာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။
ခဏမျှ ကြည့်နေသော်လည်း ထိုစဉ်က မြင်တွေ့ခဲ့ရသည့် နတ်သမီးလေးကိုတော့ ထပ်မံ မတွေ့ရတော့ချေ။
ရုတ်တရက်ပင် သူ၏ ပတ်ဝန်းကျင်၌ ဖြူဖွေးသော မြူများ ထွက်ပေါ်လာသည်။
"ခုံလင်... မင်းတို့ ဝိညာဥ်နတ်ဘုရားဂိုဏ်း က အဲဒီ ဂိုဏ်းချုပ်ကြီးနဲ့ ငါ့ကို မိတ်ဆက်ပေးပါဦး"
ဖန့်ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
ဝိညာဥ်နတ်ဘုရားဂိုဏ်း၏ အကြီးအကဲ၊ အဆင့် ၈ ရှေးဟောင်းမသေမျိုး ခုံလင် သည် မြူထုထဲမှ ထွက်လာသည်။ ဖန့်ချန်၏ စကားကို ကြားသောအခါ သူ၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာပြီး အောက်ဘက်ရှိ သုံးလောကတောင်တန်းဆီသို့ ကြည့်လိုက်သည်။
"ကျွန်တော်မျိုး ခုံလင်... ဂိုဏ်းချုပ်ကြီးကို ဂါရဝပြု တွေ့ဆုံခွင့် တောင်းခံပါတယ်"
ခုံလင်သည် လက်အုပ်ချီကာ သုံးလောကတောင်တန်း ရှိရာဘက်သို့ ဦးတည်၍ အဝေးမှနေ၍ ဂါရဝပြု လိုက်တော့သည်။
အခန်း (၁၇၇၈) - ဝိညာဥ်နတ်ဘုရားဂိုဏ်းကို ငါပယ်ဖျက်လိုက်ပြီ
ခုံလင်၏အသံမှာ သုံးလောကတောင်တန်းတစ်ခုလုံးတွင် ဟိန်းထွက်သွားသော်လည်း အတော်ကြာသည်အထိ မည်သည့်တုံ့ပြန်မှုမျှ ပြန်မလာခဲ့ချေ။
"မင်းတို့ရဲ့ ဂိုဏ်းချုပ်ကြီးက တကယ်ပဲ ဒီမှာ အိပ်စက်နေတာ ဟုတ်လို့လား"
ဖန့်ချန်က ခပ်နောက်နောက် အပြုံးမျိုးဖြင့် ခုံလင်ကို လှည့်ကြည့်လိုက်သည်။
ခုံလင်က ခါးသီးစွာ ပြုံးလျက်
"ကျိန်းသေပေါက်ပါပဲခင်ဗျာ၊ ဂိုဏ်းချုပ်ကြီးက ကျွန်တော်မျိုးမသိအောင် ဒီနေရာကနေ ထွက်ခွာသွားတာမျိုး မဟုတ်ရင်တော့ ဒီမှာပဲ ရှိနေမှာပါ"
"ငါ ထွက်မသွားပါဘူး... ဒါပေမဲ့ မင်းက ဘာလို့များ ယင်လောကရဲ့ စစ်မှန်တဲ့ နတ်ဘုရားဘွဲ့ နှင်းအပ်ခြင်း ခံထားရတာလဲ"
အသံတစ်သံသည် သူတို့နှစ်ဦး၏ နားစည်ဘေးတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
ဖန့်ချန်၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် ခုံလင်ကို ခေါ်ဆောင်ကာ မြက်ပင်များဖြင့် ဆောက်ထားသည့် တဲအိမ်အစုတ်လေးတစ်ခုအနားသို့ ရောက်ရှိသွားသည်။ ထိုတဲအိမ်လေးမှာ နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရပုံရပြီး လူသူနေထိုင်ခြင်း မရှိတော့ချေ။
ဖန့်ချန် စိတ်ထဲ၌ တိုက်ဆိုင်မှုတစ်ခုကို ခံစားလိုက်ရသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကလည်း ဤနေရာ၌ အိမ်လေးတစ်လုံး ရှိခဲ့ဖူးသော်လည်း ဤအိမ်တော့ မဟုတ်ချေ။ ထိုအိမ်နှင့် မလှမ်းမကမ်းတွင် တစ်ချိန်က ခေါင်းတလားတစ်ခု မြှုပ်နှံထားခဲ့ဖူးပြီး သူကိုယ်တိုင်လည်း ထိုထဲ၌ အိပ်စက်ခဲ့ဖူးသည်။
ယနေ့တိုင်ဆိုလျှင် နှစ်ပေါင်းတစ်ထောင်နီးပါး ရှိခဲ့ပြီဖြစ်သည်။ ထိုစဉ်က အိမ်လေးမှာ ပြာအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သလို ထိုစဉ်က ဂူမှာလည်း မည်သည့်အစအနမျှ ရှာမရတော့ချေ။
သို့သော် ယခုအခါ ထိုနေရာရှိ မြေဆီလွှာများမှာ တဖြည်းဖြည်း နိမ့်ဆင်းသွားပြီးနောက် ရေစီးသကဲ့သို့ ရွေ့လျားနေသော သဲများထဲမှ နက်မှောင်သော ကျောက်စိမ်းခေါင်းတလား တစ်ခုမှာ ဖြည်းညင်းစွာ ပေါ်ထွက်လာတော့သည်။
ကျောက်စိမ်းခေါင်းတလားပေါ်တွင် မျက်နှာတစ်ခု ပေါ်လာပြီး သူတို့နှစ်ဦးကို အေးစက်စက် စိုက်ကြည့်နေသည်။ သူမသည် ဖန့်ချန်ကို ခဏမျှ စိုက်ကြည့်ပြီးနောက် ရုတ်တရက် အံ့ဩတသံ ပြုလိုက်သည်။
"ငါ မင်းကို မှတ်မိတယ်... မင်း အရင်က ဒီမှာ မြှုပ်နှံခံထားရပြီး ငါနဲ့ အိမ်နီးချင်း ဖြစ်ခဲ့ဖူးတာပဲ"
"ဒါက... တကယ်ကို တိုက်ဆိုင်လွန်းလှပါတယ်"
ဖန့်ချန်သည် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြုံးလိုက်မိသည်။
မိမိ တစ်ချိန်က မြှုပ်နှံခံခဲ့ရသော နေရာသည် ဝိညာဥ်နတ်ဘုရားဂိုဏ်းချုပ်ကြီး၏ အိပ်စက် အနားယူရာနေရာ ဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်မှတ်ခဲ့ဖူးချေ။
ခုံလင်၏ မျက်ဝန်းထဲတွင်မူ အံ့ဩတုန်လှုပ်မှုများ သိသိသာသာ ပေါ်လွင်နေသည်။
ဒီငရဲမင်းက တစ်ချိန်က ဒီမှာ အိပ်ခဲ့တာလား ဝိညာဥ်နတ်ဘုရားဂိုဏ်းချုပ်နဲ့ အိမ်နီးချင်း ဖြစ်ခဲ့တာလား။
ဤနေရာသည် တကယ်ပဲ ထူးခြားသော အချက်အချာနေရာ တစ်ခုခုများ ဖြစ်နေလေသလားဟု သူ ရုတ်တရက် တွေးတောမိသွားသည်။ သို့မဟုတ်လျှင် ယခုခေတ်၏ ငရဲမင်းတစ်ပါးနှင့် ဝိညာဥ်နတ်ဘုရားဂိုဏ်းချုပ်ကြီးတို့ အဘယ်ကြောင့် ဤနေရာ၌ အတူတူ လာရောက် အိပ်စက်နေကြမည်နည်း။
"တိုက်ဆိုင်မှုတော့ မဟုတ်လောက်ဘူး။ အဲဒီတုန်းက မင်းဆီက အရှိန်အဝါက တော်တော်လေး ထူးဆန်းတယ်၊ ကောင်းကင်ဘုံရဲ့ အလိုဆန္ဒ အစအနလေးတွေ ကပ်ငြိနေသလိုပဲ။ အဲဒါကြောင့်သာ မဟုတ်ရင် မင်းကို ဒီမှာ နှစ်အတော်ကြာအောင် အိပ်စက်ခွင့်ပေးမှာ မဟုတ်ဘူး"
ထိုသို့ပြောပြီးနောက် သူမသည် ခုံလင်ကို အေးစက်သော မျက်လုံးများဖြင့် ဆက်လက် စူးစမ်းလိုက်သည်။
"ပြောစမ်း... မင်းရဲ့ ရုပ်ခန္ဓာက ဘယ်ရောက်သွားတာလဲ၊ ဘာလို့ ယင်လောကရဲ့ စစ်မှန်တဲ့ နတ်ဘုရားဘွဲ့ နှင်းအပ်ခြင်း ခံထားရတာလဲ။ ဒါဆို အခု ယင်လောကမှာ ငရဲမင်းအသစ် ပေါ်လာပြီလို့ ဆိုလိုတာလား"
ခုံလင်သည် အလိုအလျောက်ပင် ဖန့်ချန်ကို လှည့်ကြည့်လိုက်သည်။ ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြသည်ကို မြင်မှသာ သူက ရိုသေစွာဖြင့်
"ဂိုဏ်းချုပ်ကြီး... ကျွန်တော့်ဘေးက လူကြီးမင်းကတော့ ယခုခေတ်ရဲ့ ငရဲမင်း ပါပဲ"
"ငရဲမင်း မင်းလား "
ကျောက်စိမ်းခေါင်းတလားပေါ်မှ မျက်နှာတွင် သိသိသာသာ အံ့ဩသွားသည့် အရိပ်အယောင် ပေါ်လာသည်။
ခေါင်းတလားထဲမှ နက်မှောင်သော မီးခိုးငွေ့များ ထွက်ပေါ်လာပြီး နက်မှောင်သော ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ သူမသည် ဖန့်ချန်ကို မျက်တောင်မခတ်တမ်း အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် မျက်မှောင်ကြုတ်ကာ
"မင်း အဲဒီတုန်းက ဒီမှာ လဲလျောင်းနေခဲ့တာကို ငါ မှတ်မိတယ်၊ အခုထိဆိုရင် နှစ်တစ်ထောင်ကျော်ပဲ ရှိသေးတာ။ အဲဒီတုန်းက မင်းက သာမန် အဆင့်လေးပဲ ရှိသေးတာကို၊ အခုကျတော့ ရုတ်တရက်ကြီး ငရဲမင်း ဖြစ်သွားတာလား ခုံလင်က အဆင့် ၈ ရှေးဟောင်းမသေမျိုး ဖြစ်နေတာတောင် မင်းရဲ့ ဘွဲ့နှင်းခြင်းကို ကြည်ကြည်ဖြူဖြူ လက်ခံထားတယ်ဆိုတော့... ငါ တော်တော် နားမလည်နိုင်ဖြစ်ရတယ်"
လွန်ခဲ့တဲ့ နှစ်တစ်ထောင် သာမန် ချီသန့်စင်ခြင်းအဆင့်လေး
ခုံလင်၏ စိတ်ထဲ၌ တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်သွားသည်။ တစ်ဖက်လူသည် နှစ်ပေါင်းတစ်ထောင်တည်းဖြင့် ယနေ့ကဲ့သို့ အဆင့်အတန်းမျိုးသို့ ရောက်ရှိလာခြင်းလား သူ စိတ်ကူးပင် မယဉ်နိုင်ချေ။ နှစ်တစ်ထောင်ဆိုသည်မှာ ကျင့်ကြံသူတစ်ဦးအတွက် အလွန်တိုတောင်းသော အချိန်ကာလသာ ဖြစ်သည် မဟုတ်ပါလား။
"ဒါက ကံတရားရဲ့ စီမံမှုလို့ပဲ ပြောရမှာပေါ့"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
ဝတ်ရုံနက်နှင့် အမျိုးသမီးက ညင်သာစွာ ခေါင်းညိတ်သည်။
"အဲဒီတစ်ခုတည်းသော အဖြေပဲ ရှိတော့တာပေါ့။ ပြောစမ်းပါဦး... ခုံလင်ကို သုံးပြီး ငါ့ဆီ မိတ်ဆက်ခိုင်းတာ ဘာကိစ္စရှိလို့လဲ မင်းက ငရဲမင်း ဖြစ်နေပေမဲ့ အဆင့် ၉ မဟုတ်သေးဘူး၊ သတ်မှတ်ချက်အရဆိုရင် ငါ့ကို တွေ့ဖို့ အရည်အချင်း မရှိသေးဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ငါ ခြွင်းချက်အနေနဲ့ ခွင့်ပြုလိုက်မယ်"
"လူကြီးမင်းအနေနဲ့ လက်ရှိ နယ်မြေကိုးခုရဲ့ အခြေအနေကို သိထားသလား"
ဖန့်ချန်က တည်ငြိမ်စွာ မေးလိုက်သည်။
"နယ်မြေကိုးခုရဲ့ အခြေအနေက ငါနဲ့ ဘာဆိုင်လို့လဲ"
အမျိုးသမီးက အေးစက်စွာ တုံ့ပြန်သည်
"ငါ ဒီမှာ ဒဏ်ရာ ကုသရင်း အိပ်စက်နေတာ၊ အပြင်လောကက ကိစ္စတွေကို ငါ့ခေါင်းပေါ် လာမတင်နဲ့"
"အကယ်၍ လူကြီးမင်းက နယ်မြေကိုးခုရဲ့ အခြေအနေကို မစိုးရိမ်ဘူးဆိုရင်၊ ဒီနှစ်တွေအတွင်း ဝိညာဥ်နတ်ဘုရားဂိုဏ်း လုပ်ဆောင်ခဲ့သမျှတွေက ဘာကို ကိုယ်စားပြုတာလဲ သာမန် အသွေးအသားတွေကို သန့်စင်ပြီး 'သွေးဝိညာဥ်နတ်ဆေး' ဖော်စပ်ဖို့ သက်သက်ပဲလား"
ဖန့်ချန်က ခပ်အေးအေး ပြောလိုက်သည်။
"ငရဲမင်း... မင်းက ဒီလို ကိစ္စသေးသေးလေးအတွက်နဲ့ ငါ့ဆီ ရောက်လာတာလား"
အမျိုးသမီး၏ မျက်ဝန်းထဲတွင် လှောင်ပြောင်ရိပ်များ ပေါ်လာသည်။
"မိစ္ဆာမျိုးနွယ်တွေရဲ့ အသွေးအသားကို ယူသုံးတာလေးကို မင်းက သူတို့ဘက်ကနေ ရပ်တည်ပေးချင်လို့လား"
ခုံလင်သည် ဤကဲ့သို့သော အဆင့်မြင့် စကားဝိုင်းထဲ၌ ဝင်မပါရဲသဖြင့် ဘေးတွင် ခပ်ကျုံ့ကျုံ့လေး ရပ်နေပြီး မိမိခြေဖျားကိုသာ ငုံ့ကြည့်ကာ တစ်ခွန်းမျှပင် စကားမဟရဲချေ။
"လူကြီးမင်းက မိစ္ဆာမျိုးနွယ်တွေရဲ့ အင်အားကို လျှော့ချချင်တာ မှန်ပေမဲ့၊ တကယ်တမ်းတော့ ဒါက လူသားမျိုးနွယ်ရဲ့ အခြေခံအင်အားကိုပါ ထိခိုက်စေတယ်။ သူတို့တွေ မှတ်ဉာဏ်တွေ မနိုးထခင်မှာ သူတို့က မိစ္ဆာမဟုတ်ဘဲ လူသားတွေပဲ"
ဖန့်ချန်က ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး
"ငါ ဒီနေ့ လာတာက မင်းရဲ့ အယူအဆတွေကို ပြောင်းလဲဖို့ ဖျောင်းဖျဖို့ မဟုတ်ဘူး။ မင်းကို အသိပေးဖို့ လာတာ... ဝိညာဥ်နတ်ဘုရားဂိုဏ်းကို ငါပယ်ဖျက်လိုက်ပြီ၊ နောင်ကို အရင်က အယူဝါဒတွေအတိုင်း လှုပ်ရှားခွင့် မရှိတော့ဘူး။ အကယ်၍ မလိုက်နာဘူးဆိုရင် ငါက အစကနေ အဆုံးအထိ မင်းတို့ကို တစ်လက်မချင်းစီ ရိုက်ခွဲပစ်မယ်"
ခုံလင်သည် ထိုစကားကို ကြားသောအခါ အသက်ပင် မရှူရဲတော့ချေ။ သူသည် ယခုအခါ ယင်လောက၏ စစ်မှန်သော နတ်ဘုရားတစ်ပါး ဖြစ်နေပြီဖြစ်သဖြင့် ဝိညာဥ်နတ်ဘုရားဂိုဏ်း၏ အကြီးအကဲ ဆိုသည့် အပိုတာဝန်ကို ဆက်မလုပ်ရလျှင်လည်း သူ့အတွက် ကိစ္စမရှိချေ။
ဝတ်ရုံနက်နှင့် အမျိုးသမီးမှာ ခဏမျှ ကြောင်အသွားပြီးနောက် မထိန်းနိုင်ဘဲ ရယ်မောလိုက်တော့သည်။ သူမ၏ ရယ်သံမှာ ဆည်းလည်းသံကဲ့သို့ ကြည်လင်လှသည်။
"ငါ့ရဲ့ ဝိညာဥ်နတ်ဘုရားဂိုဏ်းကို ပယ်ဖျက်မယ် မင်းရဲ့ ငရဲမင်းဆိုတဲ့ ရာထူးကို အားကိုးပြီးတော့လား မင်းရဲ့ ငရဲမင်းဆိုတဲ့ အာဏာက ယင်လောကငယ်လေးရဲ့ မြေကွက်လပ်လေးထဲမှာပဲ အသုံးဝင်တာ။ ယင်လောက တစ်ခုလုံးကို မင်း စိုးမိုးထားနိုင်ရင်တောင် လူ့လောကက ကိစ္စတွေကို၊ အထူးသဖြင့် ငါ့ခေါင်းပေါ်ကို မင်းက လာပြီး စွက်ဖက်ချင်တာလား"
သူမသည် စကားကို ခေတ္တရပ်ကာ ဖန့်ချန်ကို အထက်အောက် စစ်ဆေးကြည့်လိုက်ပြီး
"အကယ်၍ ငါ အခု မင်းကို တိုက်ခိုက်လိုက်မယ်ဆိုရင်၊ ဒီခုံလင် တစ်ယောက်တည်းနဲ့ ငါ့ကို တားနိုင်မယ်လို့ မင်း ထင်နေတာလား နောက်ထပ် နှစ်အနည်းငယ် ကြာရင် နယ်မြေကိုးခုလုံးမှာ 'ဒီခေတ်ရဲ့ ငရဲမင်းကို ဝိညာဥ်နတ်ဘုရားဂိုဏ်းချုပ်က အသာလေးပဲ ညှစ်သတ်လိုက်ပြီ' ဆိုတဲ့ သတင်းတွေ ပြန့်သွားလိမ့်မယ်"
"လူကြီးမင်း ဒဏ်ရာရထားတယ်၊ လက်ရှိ ကျင့်စဉ်က အဆင့် ၈ နဲ့ ၉ ကြားမှာပဲ ရှိနေမှာ။ ငါက အဆင့် ၈ အနည်းငယ်ကို ခေါ်ပြီး မင်းကို ရင်ဆိုင်ဖို့ မပြောနဲ့ဦး... အဆင့် ၉ တစ်ယောက်တည်း ခေါ်လာရင်တောင် မင်း ဘယ်လို တုံ့ပြန်မလဲ"
ဖန့်ချန်က မေးလိုက်သည်။
ဝတ်ရုံနက်နှင့် အမျိုးသမီးမှာ ချက်ချင်းပင် ဆွံ့အသွားတော့သည်။ အတန်ကြာမှ သူမက အေးစက်စွာ ဆိုသည်။
"အဆင့် ၉ ကို ခေါ်လာကြည့်လေ၊ ဘယ်အဆင့် ၉ က မင်းရဲ့ အစေခံအဖြစ် အသုံးခံမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။ မင်းကိုယ်မင်း အရင်တုန်းက ငရဲမင်းကြီးလို့ တကယ်ကြီး ထင်နေတာလား"
ဖန့်ချန်သည် ယင်ဘူးကို ထုတ်ယူကာ အသာအယာ ခါလိုက်ရာ ချင်းဟယ်သီလရှင် ၏ ပုံရိပ်သည် လူတိုင်း၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိလာသည်။
"သီလရှင်လေး... ဒီလူက ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ သူ့ရဲ့ ခေါင်းတလားအဖုံးကို လှန်ပစ်လိုက်ပြီး သူ့ကို ထွက်လာခိုင်းလိုက်ပါဦး၊ ငါတို့ သေသေချာချာ ထိုင်ပြီး စကားပြောရအောင်"
"ဝိညာဥ်နတ်ဘုရားဂိုဏ်းချုပ်"
ချင်းဟယ်သီလရှင်၏ အမူအရာ လှုပ်ရှားသွားပြီး ဝတ်ရုံနက်နှင့် အမျိုးသမီးကို စိုက်ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲ၌ ပထမဆုံးအကြိမ်အဖြစ် ဒေါသအရိပ်အယောင်လေး ပေါ်ထွက်လာသည်။
"တကယ်ကြီး အဆင့် ၉ လား "
အမျိုးသမီးမှာ ကြောင်သွားပြီး ချင်းဟယ်သီလရှင်သည် သူမထံသို့ တစ်လှမ်းချင်း လျှောက်လာသည်ကို မြင်သောအခါ သူမ၏ မျက်နှာမှာ အဆက်မပြတ် ပြောင်းလဲသွားသည်။ ချင်းဟယ်သီလရှင်က ခေါင်းတလားအဖုံးကို အမှန်တကယ် လှန်တော့မည့်အချိန်တွင် သူမက လက်ကို ဝှေ့ယမ်းကာ တားလိုက်သည်။
"မင်းတို့ လက်မပါနဲ့တော့၊ ငါ့ဘာသာငါ ထွက်ခဲ့မယ်"
ထိုသို့ပြောပြီးနောက် သူမသည် မီးခိုးငွေ့အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။ နောက်တစ်ခဏတွင် ခေါင်းတလားအဖုံးမှာ ဖြည်းညင်းစွာ ပွင့်သွားပြီး ဝတ်ရုံနက်နှင့် အမျိုးသမီးမှာ မတ်တတ်ထ၍ အပြင်သို့ ထွက်လာခဲ့သည်။
သူမသည် ဖန့်ချန်ကို အေးစက်စွာ ကြည့်ကာ
"စကားပြောဖို့ နေရာတစ်ခု ရှာရအောင်"
"ရှာနေစရာ မလိုပါဘူး၊ ဒီတဲအိမ်လေးပဲ အဆင်ပြေပါတယ်"
ဖန့်ချန်က သူ၏ ဘေးရှိ မြက်တဲလေးကို ညွှန်ပြလိုက်သည်။
အမျိုးသမီးမှာ ခဏမျှ ကြောင်သွားပြီးမှ ခေါင်းညိတ်လိုက်ကာ ဖန့်ချန်၏ နောက်မှ တဲအိမ်လေးထဲသို့ လိုက်ဝင်သွားသည်။
တဲအိမ်လေးထဲတွင် မည်သည့်အရာမျှ မရှိဘဲ အရိုးစုနှစ်ခုသာ ရှိနေသည်။ အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်ပြီးနောက် ဖန့်ချန်ကို ကြည့်ကာ
"ငရဲမင်း... မင်း ဝိညာဥ်နတ်ဘုရားဂိုဏ်းကို ပယ်ဖျက်ချင်တဲ့ ကိစ္စကို ပြောရအောင်၊ အဲဒီကိစ္စက ညှိနှိုင်းလို့ရဦးမယ့် အခြေအနေ ရှိသေးရဲ့လား"