← Chapters

အခန်း (၁၇၇၉-၁၇၈၀)

Vol. 178 Ch. 1779-1780

အခန်း (၁၇၇၉-၁၇၈၀)

Vol. 178 Ch. 1779-1780

အခန်း (၁၇၇၉) - လောင်းကြေးတစ်ခု ထပ်ကြစို့

"ညှိနှိုင်းဖို့ နေရာမရှိဘူး"

ဖန့်ချန်က ပြုံးလျက် ဆိုသည်

"ဝိညာဥ်နတ်ဘုရားဂိုဏ်းကို ပယ်ဖျက်မှာကတော့ အသေအချာပဲ၊ ပယ်ဖျက်မယ့် နည်းလမ်းကတော့ မင်းရဲ့ သဘောထားအပေါ်မှာပဲ မူတည်လိမ့်မယ်"

"ငါ့ရဲ့ သဘောထား "

ဝတ်ရုံနက်နှင့် အမျိုးသမီးသည် ချင်းဟယ်သီလရှင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ဆိုသည်။

"ဝိညာဥ်နတ်ဘုရားဂိုဏ်းက နယ်မြေကိုးခုလုံးမှာ ပျံ့နှံ့နေတာ။ တကယ်တမ်း ပယ်ဖျက်ဖို့ ဆိုတာက ငါကိုယ်တိုင် ဂိုဏ်းချုပ်ဖြစ်နေရင်တောင် လုပ်ဖို့ ခက်ခဲလိမ့်မယ်။

ငါက ဂိုဏ်းကို ဖျက်သိမ်းလိုက်ပြီလို့ ပြောရင်တောင် အောက်ခြေက လူတွေက နားထောင်ကြပါ့မလား။ သူတို့တွေက တစ်စုတစ်စည်းတည်း မဟုတ်တော့ဘဲ အကွဲကွဲအပြားပြား ဖြစ်သွားတဲ့အခါ အထိန်းအကွပ် မရှိတော့ဘဲ ရှုပ်ထွေးမှုတွေ အမျိုးမျိုး ဖြစ်ပေါ်လာလိမ့်မယ်"

"ဒီစိုးရိမ်မှုကို ငါ မင်းအတွက် ကြိုတင်စဉ်းစားပေးထားပြီးသားပါ။ ငါဆိုလိုတဲ့ ပယ်ဖျက်ခြင်းဆိုတာက မင်းတို့ ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ လက်ရှိ အယူဝါဒတွေကို ပယ်ဖျက်ဖို့ပဲ။ မင်းတို့ ပြောနေတဲ့ 'သွေးဝိညာဥ်နတ်ဆေး' ဆိုတာတွေကို ပယ်ဖျက်ဖို့ပဲ"

ဖန့်ချန်က ပြုံးလျက်

"အကယ်၍ မင်းက အယူဝါဒ ပြောင်းလဲဖို့ ပူးပေါင်းမယ်ဆိုရင် ဝိညာဥ်နတ်ဘုရားဂိုဏ်းဟာ လူ့လောက နယ်မြေကိုးခုရဲ့ အဆိပ်အတောက် ဖြစ်နေတော့မှာ မဟုတ်ဘူး"

"အဆိပ်အတောက်"

ဝတ်ရုံနက်နှင့် အမျိုးသမီးသည် ဒေါသထွက်ရန် ပြင်လိုက်သော်လည်း ချင်းဟယ်သီလရှင်ကို မြင်လိုက်ရပြန်သဖြင့် စိတ်ထဲမှ ဒေါသကို အတင်းဖိနှိပ်ကာ လေသံကို လေးပင်စွာ ထားလိုက်သည်။

"ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ လက်ရှိ အယူဝါဒမှာ ဘာပြဿနာ ရှိနေလို့လဲ။ သုံးလောက ပရမ်းပတာဖြစ်ပြီးကတည်းက မသေမျိုးစွမ်းအင် တွေ ပျောက်ကွယ်ကုန်ပြီ။

လောကမှာ ရှိသမျှ ကျင့်ကြံခြင်း အရင်းအမြစ်တွေက သုံးရင် သုံးသလောက် ကုန်သွားမှာပဲ။ မိစ္ဆာမျိုးနွယ်တွေက အဆက်မပြတ် လူဝင်စားပြီး မူလကတည်းက နည်းပါးလှတဲ့ ဒီအရင်းအမြစ်တွေကို လာပြီး လုယူနေကြတယ်။

သူတို့ရဲ့ အသွေးအသားတွေကို သွေးဝိညာဥ်နတ်ဆေးအဖြစ် ငါက ဖော်စပ်ခိုင်းတာဟာ နယ်မြေကိုးခုမှာ ရှိနေတဲ့ မိစ္ဆာအရေအတွက်ကို လျှော့ချပေးသလို ကျန်တဲ့ ကျင့်ကြံသူတွေအတွက်လည်း အဆင့်တက်ဖို့ အခွင့်အရေး ရစေတယ်။ ဒါက ဘာမှားနေလို့လဲ ငါ့အမြင်မှာတော့ ဒါက အားလုံးအတွက် အဆင်ပြေစေတဲ့ နည်းလမ်းပဲ"

ဖန့်ချန်က ခေါင်းကို ညင်သာစွာ ညိတ်လိုက်သည်

"အကယ်၍ ငါကိုယ်တိုင်သာ အတွေ့အကြုံ မရှိခဲ့ဘူးဆိုရင် မင်းရဲ့ နည်းလမ်းကို ငါလည်း သဘောတူမိကောင်း သဘောတူမိလိမ့်မယ်"

"အတွေ့အကြုံ ရှိခဲ့ဖူးတယ်"

ဝတ်ရုံနက်နှင့် အမျိုးသမီးသည် အနည်းငယ် ကြောင်သွားပြီး ဖန့်ချန်ကို သေသေချာချာ စိုက်ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ရုတ်တရက် ဖြတ်ပြေးသွားသည်။

"ငါ့ကို မှတ်မိသွားပြီ ထင်တာပဲ။ အဲဒီတုန်းက ငါ ဒီသုံးလောကတောင်တန်းမှာ စစ်တပ်ကို ဦးဆောင်ပြီး ချင်းစုန်းနိုင်ငံနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်။ အဲဒီတိုက်ပွဲမှာ လူတွေအများကြီး သေဆုံးခဲ့ရသလို မင်းတို့ ဝိညာဥ်နတ်ဘုရားဂိုဏ်းအတွက်လည်း သွေးဝိညာဥ်နတ်ဆေး အချို့ ပိုထွက်လာခဲ့တာပေါ့"

ဖန့်ချန်က အေးအေးဆေးဆေး ပြုံးလိုက်ရင်း

"ငါကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးလို့ပဲ အခု မင်းရဲ့ နည်းလမ်းကို ငါ သဘောမတူနိုင်တာ။ ဒီလို အခြေအနေမျိုးမှာ များသောအားဖြင့် ဘယ်သူ့လက်သီးက ပိုကြီးလဲ ဆိုတာပဲ ကြည့်ကြရတာပေါ့။ အခု ငါ့လက်သီးက မင်းထက် ပိုကြီးနေပြီဆိုတော့ မင်းရဲ့ ဝိညာဥ်နတ်ဘုရားဂိုဏ်းကို ငါပယ်ဖျက်တာ ဘာမှားနေလို့လဲ"

ဝတ်ရုံနက်နှင့် အမျိုးသမီးမှာ ခဏမျှ စကားစအအ ဖြစ်သွားသည်။

"သေဆုံးသွားတဲ့ လူတွေဟာ မိစ္ဆာမျိုးနွယ်က လူဝင်စားလာတာပဲဖြစ်ဖြစ်၊ အနည်းဆုံးတော့ သူတို့ မသေခင်မှာ ငါ့ရဲ့ ရဲဘော်ရဲဘက်တွေ၊ ငါနဲ့ ရင်းနှီးတဲ့သူတွေပဲ"

ဖန့်ချန်က အေးစက်စွာ ဆိုသည်

"မင်းက သူတို့ဟာ မိစ္ဆာတွေ လူဝင်စားလာတာမို့ သေသင့်တယ်လို့ တစ်ခွန်းတည်းနဲ့ ပြောလိုက်တာ ဘာယုတ္တိရှိလို့လဲ။ အခု လောကမှာ လူသားမျိုးနွယ်စစ်စစ် ဆိုတာ ဘယ်နှစ်ယောက် ကျန်ပါသေးလဲ။ မင်းမှာ ဘယ်လို ခွဲခြားနိုင်တဲ့ နည်းလမ်း ရှိလို့လဲ။ မင်းတို့ ဝိညာဥ်နတ်ဘုရားဂိုဏ်း သတ်ခဲ့တဲ့ လူတွေထဲမှာ လူသားစစ်စစ်တွေ တစ်ယောက်မှ မပါဘူးလို့ မင်း အာမခံနိုင်လား။"

"မင်းရဲ့ စိတ်ကူးက ကိုယ်ကျိုးမပါဘူးလို့ ဆိုရင်တောင် မင်းအောက်က လူတွေကတော့ အဲဒီလို မတွေးဘူး။ သူတို့က လောကရဲ့ အမှန်တရားကို မသိကြဘူး။ သူတို့ သိတာကတော့ ဒီသာမန်လူသားတွေရဲ့ အသွေးအသားကို သုံးပြီး ကံကြမ္မာအကျိုးအပြစ် တွေကို သန့်စင်လိုက်ရင် သူတို့ရဲ့ ကျင့်စဉ်အဆင့်ကို တက်စေမယ့် သွေးဝိညာဥ်နတ်ဆေးကို ရမယ်ဆိုတာပဲ။ ဒါကြောင့် သူတို့က သက်သက်မဲ့ ယုတ်မာနေကြတာ၊ တခြား ဘာမှ မဟုတ်ဘူး။"

"အခု မင်းမှာ ရွေးချယ်စရာ တစ်ခုပဲ ရှိတယ်။ ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ အယူဝါဒကို ပြောင်းလဲရမယ်၊ ကိုယ်တိုင် ထွက်လာပြီး အောက်ခြေလူတွေကို ထိန်းကျောင်းရမယ်။ ပြီးရင်... မင်းတို့ ဝိညာဥ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူအားလုံးကို ခေါ်ပြီး ဘယ်အချိန်မဆို စစ်ပွဲထဲ ဝင်ဖို့ အသင့်ပြင်ထားရမယ်"

"ငါက အခု မင်းကို သဘောတူပြီး ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ အယူဝါဒကို ပြောင်းလဲပေးမယ်လို့ ဆိုရင်တောင် ငါက ဟန်ပြပဲ လုပ်နေတာ မဟုတ်ဘူးလို့ မင်း ဘယ်လို အာမခံမလဲ"

ဝတ်ရုံနက်နှင့် အမျိုးသမီးသည် ဖန့်ချန်ကို အေးစက်စွာ ကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့စိုးရိမ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"မင်း ဘာကို ကြောက်နေလဲဆိုတာ ငါသိပါတယ်။ ငရဲမင်းရဲ့ ဘွဲ့နှင်းခြင်းကို ကြောက်တာ၊ ငါ့ရဲ့ ထိန်းချုပ်မှုကို ခံရမှာကို ကြောက်တာပဲ။ ဒါပေမဲ့ မင်းမှာ ရွေးချယ်စရာ ရှိလို့လား"

ဖန့်ချန်က ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

"အလွန်ဆုံးရှိမှတော့ အတူတူ ပျက်စီးကြတာပေါ့"

ဝတ်ရုံနက်နှင့် အမျိုးသမီး၏ မျက်နှာမှာ သံချေးရောင်သန်းသွားသည်။

"ကောင်းပြီလေ... အတူတူ ပျက်စီးကြတာပေါ့။ ငါက မင်းတို့ ဝိညာဥ်နတ်ဘုရားဂိုဏ်းကို ရှင်းလင်းဖို့အတွက် အင်အား နည်းနည်း ပိုစိုက်ထုတ်ရရုံပဲ ရှိမှာပါ။ ငါ့အတွက် ဘာနစ်နာစရာ ရှိလို့လဲ"

ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။

"ဝိညာဥ်နတ်ဘုရားဂိုဏ်း တည်ရှိခဲ့တဲ့ နှစ်တွေမှာ မိစ္ဆာလူဝင်စားတွေကိုသာ အဆက်မပြတ် ရှင်းမပေးခဲ့ရင် အခုချိန်မှာ လောကကြီးက ဘယ်လို မြင်ကွင်းမျိုး ဖြစ်နေမလဲဆိုတာ မင်း စဉ်းစားကြည့်ဖူးလား"

ဝတ်ရုံနက်နှင့် အမျိုးသမီးက သက်ပြင်းကို ပြင်းပြင်းချလိုက်သည်။

"ငါ့ရဲ့ နည်းလမ်းကို မင်း သဘောတူဖို့ ငါ မတောင်းဆိုပါဘူး။ ဒါပေမဲ့ မင်းရဲ့ တစ်ကိုယ်ရည် အာဃာတကြောင့် ငါ့ရဲ့ ဝိညာဥ်နတ်ဘုရားဂိုဏ်းအပေါ်မှာ အမြင်စောင်းမနေဖို့ပဲ ငါ မျှော်လင့်ပါတယ်"

"မိစ္ဆာတွေ လူဝင်စားလာတာ ဒီလောက် ကြာခဲ့တာတောင် ဘယ်နှစ်ယောက်က အတိတ်မှတ်ဉာဏ်တွေ ပြန်နိုးထလာလို့လဲ"

ဖန့်ချန်က ပြုံးလျက် ဆိုသည်

"ဒါတွေအားလုံးက အထက်က ယန်နတ်ဘုရား အုပ်စုရဲ့ ကြိုးစားမှုကြောင့်ပဲ။ သူတို့ ကြိုးစားတဲ့ လမ်းစဉ်က မင်းနဲ့ မတူပေမယ့် ရည်ရွယ်ချက်ကတော့ အတူတူပဲ။

မိစ္ဆာတွေဟာ မှတ်ဉာဏ် ပြန်မနိုးထနိုင်သရွေ့၊ နောက်တစ်ကြိမ် လူဝင်စားပြီး သွေးနှောသွားသရွေ့ သူတို့နဲ့ ငါတို့ လူသားတွေကြားမှာ ဘာကွာခြားချက် ရှိလို့လဲ။

သွေးသားအရ ပြောမယ်ဆိုရင်လည်း အစကတည်းက ပြောင်းလဲသွားတာ မဟုတ်ဘူး။ မင်းက မိစ္ဆာလူဝင်စား အရေအတွက်ကို လျှော့ချနေတယ်လို့ ပြောနေပေမယ့် တကယ်တမ်းတော့ မင်းက ငါတို့ လူသားမျိုးနွယ်ရဲ့ အခြေခံအင်အားကိုပဲ လျှော့ချနေတာ"

"မင်းကတော့ ငါ့ရဲ့ နည်းလမ်းကို ဘယ်လိုမှ သဘောမတူနိုင်သေးတာပဲ"

ဝတ်ရုံနက်နှင့် အမျိုးသမီးက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အေးဆေးစွာ ဆိုသည်။

"ဟုတ်တယ်... သဘောမတူဘူး"

ဖန့်ချန်က အသာအယာ ခေါင်းညိတ်သည်

"အခု မင်း ငါ့ကို အဖြေတစ်ခု ပေးလို့ရပြီ... ရှင်မလား၊ သေမလား"

"ငါ အဖြေမပေးခင် လက်ရှိ အခြေအနေကို ငါ သိချင်တယ်"

အမျိုးသမီးက စဉ်းစားဟန်ဖြင့် ဆိုသည်။

"ဘာမှ ထွေထွေထူးထူးတော့ မရှိပါဘူး။ မိစ္ဆာမျိုးနွယ်တွေနဲ့ မော်ထျန်းဌာန တို့ ပူးပေါင်းပြီး၊ နောက်ပြီး နတ်လမ်းစဥ်ဂိုဏ်း က နတ်ဆိုးတွေနဲ့ပါ ပူးပေါင်းပြီး ထိုက်ချန်းနယ်မြေကို တိုက်ခိုက်ဖို့ ပြင်နေကြတာပဲ။ ပြီးရင် စိတ်ဝိညာဥ်နယ်မြေ နဲ့ နတ်ဘုရားဘုရင်နယ်မြေ ကို ဆက်တိုက်မယ်။ နောက်ဆုံးတော့ အောက်ပိုင်း နယ်မြေ ခြောက်ခုဆီကို ရောက်လာကြမှာပေါ့"

ဖန့်ချန်က ပြောပြလိုက်သည်။

"အခြေအနေက အဲဒီလောက်ထိ ဆိုးရွားသွားပြီလား။ သူတို့က ဒီလောက်အထိ ဗြောင်ကျကျ ပေါ်ထွက်လာရဲကြပြီလား"

ဝတ်ရုံနက်နှင့် အမျိုးသမီး အနည်းငယ် ကြောင်သွားသည်။

သူမသည် နှစ်အနည်းငယ်မျှ အိပ်စက်နေခဲ့ခြင်းသာ ဖြစ်သော်လည်း နယ်မြေကိုးခု၏ အခြေအနေမှာ ဤမျှအထိ ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ နတ်လမ်းစဥ်ဂိုဏ်းမှ နတ်ဆိုးများဖြစ်စေ၊ မော်ထျန်းဌာနဖြစ်စေ ရင်ဆိုင်ရ ခက်ခဲသော တည်ရှိမှုများ ဖြစ်ကြသည်။ သူမ တည်ထောင်ခဲ့သော ဝိညာဥ်နတ်ဘုရားဂိုဏ်းသည် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးလာခဲ့သော်လည်း ယခုအခါ ထိုအင်အားစုများကို ယှဉ်နိုင်ရန် အလှမ်းဝေးလွန်းလှသည်။

တကယ်ပဲ ငါ မှားခဲ့တာလား...

အမျိုးသမီး၏ စိတ်ထဲ၌ တုန်လှုပ်မှု အနည်းငယ် ဖြစ်ပေါ်လာသည်။ အကယ်၍ သူမသာ အစကတည်းက ပုံမှန်နည်းလမ်းဖြင့် ဝိညာဥ်နတ်ဘုရားဂိုဏ်းကို ဖွံ့ဖြိုးအောင် လုပ်ခဲ့လျှင် ယခုချိန်တွင် နယ်မြေကိုးခု၌ နေရာတစ်ခု အခိုင်အမာ ရရှိနေနိုင်ပေလိမ့်မည်။

အခုလိုမျိုး အကောင်းနဲ့အဆိုး ကြားထဲမှာ ရောက်နေပြီး နာမည်တော့ ရှိပါရဲ့၊ အဆင့် ၉ ရှိတဲ့ တခြားအင်အားစုတွေကိုတော့ လုံးဝ မယှဉ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နေမှာ မဟုတ်ဘူး။

"ဒါပေမဲ့ အဲဒီမိစ္ဆာတွေက... တကယ်ကို မုန်းစရာကောင်းလွန်းတယ်..."

အမျိုးသမီး၏ မျက်ဝန်းများသည် ရုတ်တရက် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားကာ ထိုမျက်ဝန်းထဲမှ မုန်းတီးမှုမှာ အလွန်တရာ ပြင်းထန်လှသည်။

ချင်းဟယ်သီလရှင်၏ အမူအရာ လှုပ်ရှားသွားပြီး သူမကို အေးဆေးစွာ စိုက်ကြည့်လိုက်သည်။ ခုံလင်လည်း စိတ်ထဲ၌ ထိတ်ခနဲ ဖြစ်သွားပြီး ဘယ်အချိန်မဆို ဝင်တိုက်ရန် အသင့်ပြင်ထားလိုက်သည်။ သူသည် ယခုအခါ ဤငရဲမင်းနှင့် ကံကြမ္မာ တစ်ခုတည်း ဖြစ်နေသဖြင့် အသက်ရှင်လိုလျှင် ဤငရဲမင်း ဘေးကင်းရန် အရင်ဆုံး သေချာအောင် လုပ်ရပေမည်။

"ငါ ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ အယူဝါဒကို ပြောင်းလဲပေးနိုင်သလို မင်းရဲ့ ဘွဲ့နှင်းခြင်းကိုလည်း လက်ခံနိုင်တယ်။ ဒါပေမဲ့ မင်းနဲ့ ငါ လောင်းကြေးတစ်ခု ထပ်ချင်တယ်"

အမျိုးသမီး၏ မျက်ဝန်းများသည် တဖြည်းဖြည်း တည်ငြိမ်လာပြီး ဖန့်ချန်ကို စိုက်ကြည့်ကာ ဆိုသည်။

"ဘာလောင်းမှာလဲ"

ဖန့်ချန်က ပြုံးလျက် မေးသည်။

"မင်း မှန်သလား၊ ငါ မှန်သလား ဆိုတာကို လောင်းမယ်။ အကယ်၍ နောင်တစ်ချိန်မှာ ငါ့ရဲ့ လုပ်ရပ်ကသာ မှန်ကန်တယ်ဆိုတာ မင်း သိလာခဲ့ရင် ငါ့ကို တောင်းပန်ရမယ်၊ ပြီးတော့ ဘွဲ့နှင်းခြင်းကို ပြန်ရုပ်သိမ်းပေးရမယ်။ နောက်ထပ် နှစ်အနည်းငယ် ကြာရင် ဘယ်သူ မှားတယ်၊ ဘယ်သူ မှန်တယ်ဆိုတာ သိရမှာပါ"

အမျိုးသမီးက ဆိုသည်။

ဖန့်ချန်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် အသာအယာ ခေါင်းညိတ်လိုက်သည်။

"လောင်းတာပေါ့... အခု မင်း ယင်လောကကို ကူးပြောင်း လို့ ရပြီ"

ယင်လောက...

ဝတ်ရုံနက်နှင့် အမျိုးသမီးသည် မလှုပ်မယှက် ရပ်နေပြီး ဘွဲ့နှင်းခြင်းအာဏာများ သူမ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်ကို ခွင့်ပြုလိုက်သည်။

သူမသည် ဘွဲ့နှင်းခြင်းနှင့် လုံးဝ တစ်သားတည်း ဖြစ်သွားချိန်တွင် ဝိညာဥ်နတ်ဘုရားဂိုဏ်းသည်လည်း နောင်ကို ယခင်ကဲ့သို့ ရှိတော့မည် မဟုတ်ကြောင်း ပြသနေတော့သည်။

အခန်း (၁၇၈၀) - လူယွမ်

"ငါ့နာမည်က လူယွမ်... မျိုးရိုးက လူ ပါ"

"နောင်ကို ငရဲမင်းကြီးအနေနဲ့ ကျွန်မကို များများစားစား လမ်းညွှန်ပေးပါဦး"

ဝိညာဥ်နတ်ဘုရားဂိုဏ်းချုပ် လူယွမ်သည် ဖန့်ချန်အား ဦးညွှတ်ဂါရဝပြုလိုက်သည်။ သူမ၏ မျက်နှာမှာ တည်ငြိမ်အေးစက်နေပြီး ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း အမူအရာ လုံးဝမရှိချေ။

"ဂိုဏ်းချုပ်ကြီး... ဒါက သတင်းကောင်းပဲ မဟုတ်လား။ နောင်ကို ငရဲမင်းကြီးရဲ့ နောက်လိုက်ပြီး မိစ္ဆာတွေကို နယ်မြေကိုးခုကနေ အပြီးအပိုင် မောင်းထုတ်နိုင်တော့မှာပေါ့"

ခုံလင်က ဘေးမှနေ၍ ပြုံးဖြဲဖြဲဖြင့် ဝင်ပြောလိုက်သည်။

လူယွမ်သည် ခုံလင်ကို လှည့်ကြည့်လိုက်ရာ သူမ၏ နက်ရှိုင်းလှသော မျက်ဝန်းအစုံမှာ အရာအားလုံးကို ဝါးမြိုပစ်မည့် အဆုံးမဲ့ ဟင်းလင်ပြင် ဝဲဂယက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပုံရသည်။

ခုံလင်၏ မျက်နှာပေါ်မှ အပြုံးများမှာ ခဏချင်းပင် ပျောက်ကွယ်သွားပြီး စိတ်ထဲမှ ကြောက်ရွံ့သွားကာ ခေါင်းငုံ့လိုက်ရတော့သည်။ သူမကို တည့်တည့်ပင် မကြည့်ရဲတော့ချေ။

"မင်းရဲ့ ခန္ဓာကိုယ်ထဲက ဒဏ်ရာက ဘယ်သူ့လက်ချက်လဲ။ ဘာဖြစ်လို့ ဒီလို နေရာသေးသေးလေးမှာ လာပြီး အိပ်စက်ကုသဖို့ ရွေးချယ်ခဲ့တာလဲ"

ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်အတော်ကြာတုန်းက ကျွန်မ နတ်ဘုရားဘုရင်နယ်မြေကို မိတ်ဆွေတစ်ယောက်ဆီ အလည်သွားခဲ့တယ်။ လမ်းမှာ အဆင့် ၉ မသေမျိုး နှစ်ယောက်ရဲ့ ပူးပေါင်းတိုက်ခိုက်တာကို ခံခဲ့ရတာ။ ဒဏ်ရာက အဲဒီတုန်းက ရခဲ့တာပဲ။ အဲဒီ အဆင့် ၉ နှစ်ယောက်က ဘယ်သူတွေလဲဆိုတာတော့ ကျွန်မ အတိအကျ မပြောနိုင်ဘူး၊ မိစ္ဆာဘက်က အဆင့် ၉ မိစ္ဆာစစ်စစ်တွေလည်း ဖြစ်နိုင်တာပဲ"

လူယွမ်က အေးစက်စွာ ဆက်ပြောသည်

"ဘာလို့ ဒီနေရာမှာ လာပြီး ဒဏ်ရာကုသလဲဆိုရင်တော့... ကျွန်မ ဒီနေရာမှာ မွေးဖွားခဲ့လို့ပဲ"

ဒီနေရာမှာ မွေးဖွားခဲ့တာ

ဖန့်ချန် အနည်းငယ် အံ့ဩသွားမိသည်။

ယခင်က သူသည် သုံးလောကတောင်တန်းနှင့် ပတ်သက်၍ အမျိုးမျိုး တွေးတောခဲ့ဖူးသည်။ တစ်ဖက်လူက ဤနေရာ၌ အိပ်စက်ရခြင်းမှာ သုံးလောကတောင်တန်း၏ ထူးခြားဆန်းပြားမှုကြောင့်ဟု ထင်ခဲ့သော်လည်း တကယ်တမ်းကျတော့ သူမ မွေးဖွားရာ ဇာတိဖြစ်နေ၍သာ ဖြစ်သည်။

"ငရဲမင်းကြီးက အံ့ဩသွားတာလား။ ဒီနေရာမှာ ငရဲမင်းကြီးလို ပါရမီရှင်မျိုးပဲ ပေါ်ထွက်နိုင်ပြီး ကျွန်မလို မိစ္ဆာခေါင်းဆောင်မျိုး မပေါ်ထွက်နိုင်ဘူးလို့ ထင်နေလို့လား"

လူယွမ်၏ လေသံမှာ အေးစက်တည်ငြိမ်နေသည်။

"အံ့ဩတာတော့ အမှန်ပဲ။ မြေဝက်ဝံကြယ်က ဟင်းလင်ပြင်နယ်မြေ ထဲမှာ သာမန်ကာလျှံကာ ကြယ်တစ်လုံးပဲ၊ အရင်က အစွမ်းထက်ဆုံးဆိုလို့ အဆင့် ၁ မသေမျိုးလောက်ပဲ ရှိခဲ့တာ"

ဖန့်ချန်က ပွင့်ပွင့်လင်းလင်း ပြုံးလိုက်သည်

"ဒါကြောင့် ဒီသုံးလောကတောင်တန်းမှာ တစ်ခုခု ထူးခြားတာရှိမယ်လို့ ငါတွေးခဲ့တာ။ လူဂိုဏ်းချုပ်က ဒီနေရာမှာ မွေးဖွားခဲ့တာလို့တော့ မထင်ထားမိဘူး"

"မြေဝက်ဝံကြယ်က တကယ်ပဲ သာမန်ပါပဲ။ သုံးလောက ပရမ်းပတာ မဖြစ်ခင်တုန်းကလည်း ဒီမှာ ထိပ်သီးပညာရှင်ဆိုတာ လက်ချိုးရေလို့ရတယ်"

လူယွမ်သည် ဆွေးမြည့်နေသော ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက် ကောင်းကင်ယံကို လှမ်းကြည့်လိုက်သည်။

"အကယ်၍ သုံးလောကသာ ပရမ်းပတာ မဖြစ်ခဲ့ရင် ကျွန်မလည်း မြေကြီးထဲ ရောက်နေတာ ကြာလှပြီပေါ့။ သံသရာအထပ်ထပ် လည်ပတ်ရင်းနဲ့ အတိတ်ဘဝတွေကို မေ့လျော့နေမိမှာပဲ"

"ဒါဆို လူဂိုဏ်းချုပ် အဆင့် ၉ မသေမျိုး ဖြစ်လာတာက သုံးလောက ပရမ်းပတာ ဖြစ်ခဲ့တာနဲ့ ဆက်စပ်နေတာပေါ့"

ဖန့်ချန်က စဉ်းစားဟန်ဖြင့် ဆိုသည်။

"ဟုတ်တာပေါ့။ အဲဒီတုန်းက လူတွေအများကြီး မြှောက်ပင့်ပေးခဲ့ကြတာကလည်း သုံးလောကကြီး ရှုပ်ထွေးသွားမှပဲ အဲဒီထဲကနေ ကိုယ်ပိုင်အခွင့်အရေးတစ်ခုခု ရနိုင်မလားလို့ မျှော်လင့်ခဲ့ကြတာ မဟုတ်လား။

ဒါပေမဲ့ အဲဒီလူတွေထဲက အကောင်းအတိုင်း ကျန်ရစ်တဲ့သူ သိပ်မရှိပါဘူး။ ကျွန်မလိုမျိုး သာမန် အမျိုးသမီးတစ်ယောက်ကပဲ ကျွန်မနဲ့ မထိုက်တန်တဲ့ အခွင့်အရေးတစ်ခုကို ရရှိခဲ့တာ"

လူယွမ်သည် တစ်ခုခုကို သတိရသွားပုံရပြီး သူမ၏ မျက်နှာပေါ်တွင် ရုတ်တရက် အပြုံးတစ်ခု ပေါ်လာသည်။

"အသေးစိတ် သိပါရစေဦး"

ဖန့်ချန်က ခုံလင်ကို တစ်ချက်ကြည့်လိုက်ပြီး

"လက်ဖက်ရည် ဖျော်စမ်း"

လူယွမ် အနည်းငယ် ကြောင်သွားသည်။ သူမ သတိပြန်ဝင်လာချိန်တွင် ခုံလင်မှာ လက်ဖက်ရည် ဖျော်ပြီးနေပြီ ဖြစ်သည်။

"ငရဲမင်းကြီး... ဒါတွေက အခုလက်ရှိ ကိစ္စတွေနဲ့ ဘာမှမပတ်သက်ပါဘူး၊ မပြောဘဲ နေလို့ မရဘူးလား"

လူယွမ်က မျက်မှောင်ကြုတ်ကာ ဆိုသည်။

"မရဘူး... ကျုပ်ရော ခုံလင်ရော နားထောင်ချင်နေကြတာ"

ဖန့်ချန်က ဆိုသည်။

လူယွမ် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညင်းစွာ စကားစလိုက်သည်။

"ကျွန်မက မူလက တောင်သူလယ်သမားသမီးလေးပါ။ ငတ်မွတ်ခေါင်းပါးမှုကြောင့် ဆွေမျိုးသားချင်းတွေနဲ့အတူ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။ အဲဒီတုန်းက မြေဝက်ဝံကြယ်မှာ ရှင်းကျန့် ဆိုတဲ့ အင်ပါယာတစ်ခုပဲ ရှိခဲ့တယ်"

ရှင်းကျန့်အင်ပါယာ

ဖန့်ချန် စဉ်းစားကြည့်သော်လည်း ရှင်းကျန့်အင်ပါယာနှင့် ပတ်သက်သည့် သတင်းအစအနမျှ မကြားဖူးချေ။ လူယွမ်သည် သုံးလောက ပရမ်းပတာခေတ်က လူဖြစ်သဖြင့် ယခုနှင့် အလွန်ဝေးကွာလှပေပြီ။ ထိုအင်ပါယာမှာလည်း ပျက်စီးသွားသည်မှာ နှစ်ပေါင်းမည်မျှ ကြာပြီနည်း မသိနိုင်တော့ချေ။

"ထွက်ပြေးတဲ့လမ်းမှာ ဓားပြတွေနဲ့ တိုးခဲ့တယ်။ အဖေနဲ့အမေက ဓားပြတွေရဲ့ ဓားချက်အောက်မှာ သေဆုံးသွားပြီး သူတို့အတွက် 'စားစရာလူသား' အဖြစ် အသုံးချခံခဲ့ရတယ်။ ကျွန်မရဲ့ အစ်ကိုက သူ့အသက်နဲ့လဲပြီး ဓားပြတစ်ယောက်ကို တားဆီးပေးခဲ့လို့သာ ကျွန်မ ထွက်ပြေးလွတ်မြောက်ခဲ့တာ"

လူယွမ်၏ အမူအရာမှာ အေးစက်လှသည်။ သူမ၏ ကိုယ်ပိုင်ဇာတ်လမ်းကို ပြောနေခြင်းမဟုတ်ဘဲ အခြားသူတစ်ယောက်အကြောင်း ပြောနေသကဲ့သို့ပင်။ သို့မဟုတ်လျှင်လည်း အချိန်ကာလ အလွန်ကြာမြင့်သွားပြီဖြစ်၍ ထိုခေတ်က ခံစားချက်များမှာ ကုန်ဆုံးသွားပြီ ဖြစ်ကောင်းဖြစ်နိုင်သည်။

ခုံလင်ကတော့ စိတ်ထဲ၌ အံ့ဩနေမိသည်။ သူ ငယ်စဉ်က မသေမျိုးကျင့်ကြံသူ မိသားစုမှ မွေးဖွားခဲ့သူဖြစ်၍ ငယ်ငယ်ကတည်းက ကျင့်ကြံခြင်းနှင့် ထိတွေ့ခဲ့ရသည်။ ဝိညာဥ်နတ်ဘုရားဂိုဏ်းကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည့် ဤဂိုဏ်းချုပ်ကြီးက ဤမျှအထိ သာမန်ဘဝမှ ဆင်းသက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။ ထိုသို့ဆိုလျှင် သူမက ကျင့်ကြံခြင်းလမ်းစဉ်ပေါ် ဘယ်လိုရောက်ခဲ့ပြီး အဆင့် ၉ ရာထူးအထိ ဘယ်လို တက်လှမ်းနိုင်ခဲ့သနည်း။

"ဆွေမျိုးတွေအားလုံး သေကုန်ပြီးတဲ့နောက် ကျွန်မ တစ်ယောက်တည်း ခရီးဆက်ခဲ့တယ်။ အဲဒီတုန်းက အချမ်းသာဆုံးဖြစ်တဲ့ ပေရှူး မြို့ကို ရောက်ရင် အသက်ရှင်မယ်လို့ပဲ တွေးခဲ့တာ"

"လမ်းမှာ တခြား ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ ပူးပေါင်းမိပြီး ပေရှူးမြို့ကို ခက်ခက်ခဲခဲ ရောက်သွားခဲ့ပေမယ့် စစ်တပ်က မြို့ကို ပိတ်ထားတော့ ကျွန်မတို့ ဝင်ခွင့်မရခဲ့ဘူး"

"ရက်တွေ ကြာလာတော့ လူတွေက ဆာလောင်လွန်းလို့ အနားက သစ်ခွံတွေကိုတောင် ခွာစားစရာ မကျန်တော့ဘူး။ တချို့လူတွေဆို အိပ်ပျော်နေရင်းကနေ နောက်တစ်နေ့မှာ ပျောက်ပျောက်သွားကြတယ်"

"ကျွန်မက အမျိုးသမီးတစ်ယောက်ဆိုတော့ တခြားသူတွေမျက်စိထဲမှာ အနိုင်ကျင့်ရလွယ်တဲ့ သားကောင်ပဲပေါ့။ အဲဒီညက အိပ်နေတုန်းမှာ အသံတစ်ခုကြားလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့... နေ့ခင်းတုန်းကပဲ ကျွန်မကို သတိထားဖို့ မှာကြားခဲ့တဲ့ ဦးလေးလီ ဖြစ်နေတယ်။"

"သူ့မျက်လုံးတွေက တောထဲက ဝံပုလွေတွေအတိုင်းပဲ"

"အဲဒီညမှာပဲ အဖေတို့ အမေတို့ဆီ လိုက်သွားရတော့မယ်လို့ ကျွန်မ ထင်ခဲ့တာ။ ဒါပေမဲ့ သန်းခေါင်ယံ ကောင်းကင်ကြီးက ရုတ်တရက်ကြီး နေ့ခင်းဘက်လို လင်းထိန်သွားခဲ့တယ်"

လူယွမ်သည် ပြတင်းပေါက်နားသို့ လျှောက်သွားပြီး ကောင်းကင်ယံကို ကြည့်လိုက်သည်။ ထိုညက မြင်ကွင်းကို ပြန်မြင်နေရသကဲ့သို့ပင်

"အားလုံးက ဒီအဖြစ်အပျက်ကြောင့် ကြောင်အသွားကြတယ်။ ကောင်းကင်မှာ နတ်စစ်သည်တွေ တိုက်ခိုက်နေကြတာကို မြင်လိုက်ရတယ်၊ ကောင်းကင်မီးတောက်တွေ၊ ကြယ်တံခွန်တွေနဲ့ အရောင်အသွေးစုံနေတာပဲ"

"အဲဒီမြင်ကွင်းက ဘယ်လောက်ကြာအောင် ကြာခဲ့လဲ မသိဘူး။ တစ်ဖက်ကတော့ အကုန်လုံး အသတ်ခံလိုက်ရပြီး ကျန်တဲ့တစ်ဖက်က ကောင်းကင်မှာ ရပ်နေခဲ့တယ်။ လူတွေက ဒူးထောက်ရှိခိုးကုန်ကြပြီ။ ကျွန်မကို စားဖို့လုပ်နေတဲ့ ဦးလေးလီတောင် မြေကြီးပေါ်မှာ ဒူးထောက်ပြီး ကောင်းကင်က နတ်ဘုရားတွေကို ကြည်ညိုတဲ့မျက်နှာနဲ့ ဆုတောင်းနေခဲ့တယ်"

"အဲဒီနောက်မှာ နတ်ဘုရားတစ်ပါးက ကျွန်မတို့ကို မေးတယ်။ စစ်သားလုပ်ပြီး တိုင်းတစ်ပါးသားတွေကို တိုက်မလားတဲ့"

"နတ်ဘုရားနောက်လိုက်ပြီး စစ်သားလုပ်ရမယ်ဆိုတော့ ဘယ်သူက ငြင်းမှာလဲ။ အနည်းဆုံးတော့ ဝအောင် စားရမှာပဲလေ"

"လူတွေအများကြီး သွားခဲ့ကြသလို ကျွန်မလည်း သွားခဲ့တယ်။ ပေရှူးမြို့ထဲက လူတွေတောင် ပါခဲ့ကြတာ။"

"အဲဒီအချိန်ကစပြီး ကျွန်မ ကျင့်ကြံခြင်းလမ်းစဉ်နဲ့ ထိတွေ့ခဲ့ရတယ်။ တိုက်ပွဲပေါင်းများစွာမှာလည်း ကျွန်မရဲ့ အရည်အချင်းတွေကို သွေးယူခဲ့ရတယ်"

"အောက်ခြေအဆင့်တွေ၊ အလယ်အဆင့်တွေကနေ အထက်တန်းအဆင့်တွေအထိပေါ့။ တစ်နေ့မှာ နောက်ကို ပြန်လှည့်ကြည့်လိုက်မိတော့ ကျွန်မကိုယ်ကျွန်မ မသေမျိုးအဆင့်ကို ရောက်နေပြီဆိုတာ သိလိုက်ရတယ်။ အဲဒီတော့မှ 'ဪ... ငါ နတ်ဘုရားတစ်ပါး ဖြစ်နေပြီပဲ' လို့ သဘောပေါက်သွားခဲ့တာ"

"အဲဒီကျမှပဲ ရှင်းကျန့်အင်ပါယာမှာ ဘာလို့ ငတ်မွတ်ခေါင်းပါးမှုတွေ ဖြစ်ခဲ့ရလဲဆိုတာ ကျွန်မ နားလည်သွားတယ်။ နတ်ဘုရားတွေ တိုက်ခိုက်လို့ ရာသီဥတုတွေ ဖောက်ပြန်ခဲ့တာကိုး။ နတ်ဘုရားတွေအတွက်တော့ ပူတာ အေးတာက ဘာမှမဟုတ်ပေမယ့် လူသားတွေအတွက်တော့ စပါးမစိုက်နိုင်ဘဲ ငတ်ပြတ်သွားဖို့ လုံလောက်တဲ့ အပြောင်းအလဲပဲ"

လူယွမ်က ခပ်ဖွဖွ ပြုံးလိုက်ရင်း

"ပြီးတော့ အဲဒီစစ်ပွဲရဲ့ အရင်းအမြစ်က မိစ္ဆာမျိုးနွယ်တွေပဲ။ အဲဒီအချိန်ကစပြီး ကျွန်မဟာ စစ်မျက်နှာအမျိုးမျိုးမှာ တိုက်ခိုက်ခဲ့ရတယ်။ ကျွန်မလက်ထဲမှာ သေခဲ့တဲ့ မိစ္ဆာတွေက မရေမတွက်နိုင်အောင်ပဲ"

"အဲဒီအချိန်က သုံးလောက ပရမ်းပတာဖြစ်မှုရဲ့ နောက်ဆုံးပိုင်းလား"

ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။

လူယွမ်သည် ဖန့်ချန်ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြသည်။

"ဒါကို ကျွန်မ နောက်မှ သိခဲ့ရတာပါ။ တကယ်တမ်းကျတော့ သုံးလောက ပရမ်းပတာဖြစ်တာက အကြာကြီး ဖြစ်နေခဲ့တာ။ ကျွန်မတို့ခေတ်မှာ မိစ္ဆာတွေက နတ်ဘုရားလောကလနဲ့ ယင်လောက ကို ဖောက်ထွက်နိုင်နေပြီ"

"ပြီးတော့ ယင်လောက က သံသရာမှန် ကို ခိုးယူသွားပြီး အဲဒါကိုသုံးပြီး သူတို့လူတွေကို အဆက်မပြတ် လူဝင်စားခိုင်းနေခဲ့တာ။ အဲဒီတုန်းက ကျွန်မတို့ရဲ့ အသိဉာဏ်တွေ အပိတ်ခံထားရလို့ ဒါကို လုံးဝ သတိမထားမိခဲ့ကြဘူး"

"အဲဒီနောက်ပိုင်းမှာတော့ ယန်နတ်ဘုရား အုပ်စုက သူတို့နည်းလမ်းနဲ့ပဲ သူတို့ကို ပြန်တိုက်ခိုက်ပြီး မိစ္ဆာတွေရဲ့ မှတ်ဉာဏ်နိုးထမှုကို ပိတ်ဆို့လိုက်ကြတယ်။ အဲဒီအချိန်ကစပြီး ဒီစစ်ပွဲက တဖြည်းဖြည်း အဆုံးသတ်ပိုင်းကို ရောက်လာခဲ့တာပေါ့"

"ဒါပေမဲ့ လူဂိုဏ်းချုပ်ရဲ့ မသေမျိုးအခွင့်အရေး က ဘယ်ကလာလဲဆိုတာ မပြောရသေးဘူးနော်"

ဖန့်ချန်က ဆိုသည်။

"ကျွန်မရဲ့ ကျင့်စဉ်အားလုံးက အဲဒီတုန်းက ကျွန်မတို့ကို စစ်သားလုပ်မလားလို့ မေးခဲ့တဲ့ နတ်ဘုရားက သင်ကြားပေးခဲ့တာပါ။ ကျွန်မရဲ့ ဘဝတစ်ဝက်လောက် စစ်တိုက်ခဲ့တာကလည်း သူ့နောက်ကွယ်ကနေ လိုက်ခဲ့တာပဲ"

"သူ့မျိုးရိုးက ကျန်း တဲ့။ နောက်ပိုင်းမှာ သူက မဟာထျန်းကျွင်း လမ်းစဉ်ကို ပိုင်ဆိုင်ခဲ့တယ်။ အဆင့် ၉ မဟုတ်ပေမယ့် အဆင့် ၉ ထက်တောင် ပိုပြီး အစွမ်းထက်တဲ့သူပေါ့"

All Chapters