ဇာမဏီတစ်ကောင်ကိုပညာပေးခြင်း
Vol. 27 Ch. 367
အခန်း (၃၆၇) ဇာမဏီတစ်ကောင်ကိုပညာပေးခြင်း
တုတ်ထိုးသကြားလုံးများက ချိုမြိန်ခြင်း မရှိပေ။ အစကတည်းက ချိုသည့်အရာသာမဟုတ်ဘဲ ချဉ်သည့်အရသာ ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော် တုတ်ထိုးသကြားလုံးအပြင်လွှာတွင် သကြားအလွှာတစ်ခု ရှိလေသည်။ ချဉ်သော်လည်း အရသာက မဆိုးဘူးဟုသာ ကျန်းလန် တွေးလိုက်မိ၏။
ဘေးအန္တရယ်ကပ်ဆိုးများကတော့ ပိုမိုများပြားလာဟန်ရှိလေရာ ပြင်ပလောကတွင် အပြောင်းအလဲများ သေချာပေါက် ဖြစ်ပေါ်နေပုံရသည်။
သို့သော် ချင်းချန်မြို့မှ သာမန်လူများကတော့ ထိုအကြောင်းများကို သိပ်မသိကြပေ။ ကျန်းလန်ကိုယ်တိုင်သည်ပင် အခြားသူများထံမှ အကြောင်းအရာ တစ်စိတ်တစ်ပိုင်း ကြားသိရခြင်း ဖြစ်သည်။
ပြင်ပလောကသို့ ထွက်ခွာသည့်အချိန်ရောက်မှ ထိုကိစ္စများကို စုံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် မရဏလောကမှ လူများက လောကကြီးပျက်စီးတော့မည်ဟု ပြောဆိုနေခြင်းမှာ သေချာပေါက် ထူးခြားမှုတစ်ခုခု ရှိသောကြောင့် ဖြစ်ရပေမည်။
ထိုကိစ္စများနှင့်ပတ်သက်ပြီး ပိုမိုသိရှိအောင် ကြိုးစားရန် ကျန်းလန် ဆုံးဖြတ်လိုက်၏။ ထိုအကြောင်းအရာများကို သိရှိခြင်းအားဖြင့် သူ့အနာဂတ်အတွက်လည်း အကျိုးရှိမည် ဖြစ်သည်။
လောလောဆယ်တွင်တော့ စိတ်ပူစရာမလိုသေးပေ။ တန်ခိုးစွမ်းအား မြင့်မားသည်ထက် မြင့်မားအောင်ကျင့်ကြံပြီးမှသာ ထိုအကြောင်းအရာများကို စုံစမ်းရမည် ဖြစ်သည်။
ညအချိန်။
ညပိုင်းရောက်သည်နှင့် ချင်းချန်မြို့လေး၏ လမ်းမများထက်တွင် လူသူကင်းမဲ့သွားသည်။ ဆိုင်များပိတ်သိမ်းသွားကြပြီး နေအိမ်များသို့ ပြန်သွားကြသည်။
"အဋ္ဌမမင်းသားလည်း ဈေးဝယ်ပြီးလောက်ပြီထင်တယ်"
ကျန်းလန်က လမ်းအစွန်းတစ်နေရာတွင်ထိုင်ရင်း ရေရွတ်လိုက်သည်။
ထိုအချိန်မှာပင် လမ်းတစ်ဖက်မှ လျှောက်လာနေသည့် လုန်မန်ကို တွေ့မြင်လိုက်ရ၏။
အဋ္ဌမမင်းသားက…
"ယောက်ဖရေ… ကျုပ်တော့ လိုတာတွေ ဝယ်ပြီးပြီ ၊ မင်းရော…"
ကျန်းလန်က…
"အင်း… ကျုပ်လည်း ဝယ်ပြီးပြီ"
လုမန်က…
"ဒါဆို ပြန်ကြရအောင်"
ကျင့်ကြံသူများအနေဖြင့် နေ့အချိန်နှင့် ညအချိန်မှာ ကြီးကြီးမားမား ကွာခြားချက် မရှိပေ။ ထို့ကြောင့် ညဘက် ခရီးသွားခြင်းက သူတို့အတွက် ပြဿနာ မရှိပေ။
သူတို့ (၂)ယောက် ရေခဲပုစဉ်းရင်ကွဲတောအုပ်နားသို့ ရောက်လာချိန်အထိ ကောင်းကင်က မှောင်မိုက်နေဆဲ ဖြစ်သည်။ ထိုနေရာတွင်ပင် သူတို့ လမ်းခွဲလိုက်ကြ၏။
လုန်မန်က တောကောင်များဖမ်းဆီးရန် တောင်ပေါ်သို့သွားမည်ဖြစ်သည်။ သူက တောကောင်များနှင့် အသားကင်များ ရောင်းချသည့်စီးပွားရေးလုပ်နေသည် မဟုတ်ပါလား။
ကျန်းလန်ကတော့ သေရည်ဆိုင်တွင် အကောင်းစားသေရည်သွားယူမည် ဖြစ်၏။
"အဋ္ဌမမင်းသားကိုကြည့်ရတာ တကယ်လွတ်လပ်တာပဲ"
ကျန်းလန် တွေးလိုက်သည်။
လုန်မန်က သူ့ဘဝသူကျောင်း ပိုက်ဆံရှာဖွေတတ်သည်။ ဤသည်က လွယ်ကူသည်ဟုထင်ရသော်လည်း တကယ်တမ်းတွင် အလွန်ခက်ခဲသည့်ကိစ္စပင်။
ကျန်းလန်သည်ပင် အဋ္ဌမမင်းသားလောက် စီးပွားရေးလုပ်တတ်မည် မထင်ပေ။ သူ ဆက်မတွေးတော့ဘဲ သေရည်ဆိုင်သို့ ထွက်လာခဲ့သည်။
အဋ္ဌမမင်းသား၏ မှော်ဝင်ပစ္စည်းကြောင့်သာ မဟုတ်ပါက သူတို့ ချင်းချန်မြို့သို့ ထိုမျှအချိန်တိုတိုနှင့် အသွားအပြန်ခရီးနှင်နိုင်မည် မဟုတ်ပေ။
နောက်တစ်နေ့နံနက်…။
ကျန်းလန် သေရည်ဆိုင်သို့ ရောက်လာသည်။
အချိန်စောနေသေးသောကြောင့် သေရည်ဆိုင်က မဖွင့်သေးပေ။ ကျန်းလန် ဆိုင်အရှေ့တွင် ရပ်စောင့်နေလိုက်သည်။
သူက သေရည်ဆိုင်တွင် အလုပ်လုပ်ဖူးသူ ဖြစ်လေရာ မကြာခင် သေရည်ဆိုင်ဖွင့်တော့မည်ကို သိရှိထားသည်။
သူ စောင့်နေစဉ်မှာပင် ဆံပင်အနီရောင်နှင့် မိန်းမပျိုတစ်ယောက် သေရည်ဆိုင်ရှိရာသို့ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
သူမက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်ပင် ချောမောလှပသူ ဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်က လူသားအင်မော်တယ် ၊ အလယ်ဆင့်။
"ဇာမဏီမျိုးနွယ်တစ်ယောက်ပဲ"
ကျန်းလန် အံ့အားသင့်စွာဖြင့် တွေးလိုက်သည်။
သို့သော် သူမက သေရည်ဆိုင်တွင် အလုပ်လုပ်နေသည့် ဇာမဏီကောင်မလေး မဟုတ်ပေ။ အခြားသော ဇာမဏီမျိုးနွယ်တစ်ယောက် ဖြစ်၏။
ကျန်းလန်က ချက်ချင်းပင် ခပ်ဝေးဝေးတစ်နေရာသို့ ထွက်ခွာသွားလိုက်ပြီး ထိုမိန်းမပျိုအတွက် နေရာဖယ်ပေးလိုက်သည်။
ကျန်းလန်က ရန်များချင်သူမဟုတ်လေရာ သူ့အတွက် အန္တရယ်ကင်းရေးကိုသာ ဦးစားပေးသည်။ ထစ်ခနဲရှိ ရန်လိုခြင်းသည်ကား ပြဿနာကို မီးထွန်းရှာခြင်းသာ ဖြစ်ပေလိမ့်မည်။
အခန့်မသင့်လျှင် ကိုယ့်သေတွင်းကိုယ်တူးသလိုပင် ဖြစ်နိုင်သည်။
ကျန်းလန် ခပ်ဝေးဝေးသို့ ဖယ်ပေးလိုက်သည်နှင့် ဇာမဏီမျိုးနွယ်မိန်းမပျိုက ယခင် ကျန်းလန် ရပ်နေသည့်နေရာတွင် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
"မရှိမှုအာကာသ ၊ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်လား ၊ အကောင်းစားသေရည်ယူဖို့ ရောက်လာတာလား"
ရုတ်တရက် ဇာမဏီမိန်းမပျိုက စကားပြောလာလေရာ ကျန်းလန် အံ့အားသင့်သွားသည်။ ပြဿနာတက်တော့မည်ဟု ခံစားလိုက်ရပြီး ရင်ထဲမှကြိတ်ပြီး သက်ပြင်းချလိုက်မိသည်။
သူက ခေါင်းညိတ်ပြရင်း…
"ဟုတ်ပါတယ်"
ဇာမဏီမိန်းမပျိုက…
"ရှင်က အကောင်းစားသေရည်ကို မနေ့ကတည်းကကြိုပြီးမှာထားတာလား"
ကျန်းလန် ခေါင်းညိတ်ပြလိုက်သည်။
ဇာမဏီမိန်းမပျိုဟုန်ယီက…
"အဲဒါဆို ရှင်မှာထားတဲ့ အကောင်းစားသေရည်ကို ကျွန်မကို ပြန်ရောင်းပေးနိုင်မလား"
ကျန်းလန်က…
"ဒီကအစ်မ… ကြိုမှာမထားဘူးဆိုရင်တော့ ဆိုင်ရှင်အဘိုး နေ့လည်ပြန်လာတဲ့အထိ စောင့်ရလိမ့်မယ်"
အရင်တုန်းက ခွန်လွန်တောင်တွင် သူ့ကို အထင်သေးကြသူ များစွာရှိသည်။
သို့သော် ရန်သူအချို့က သူ့ကို သတ်ဖြတ်ပစ်လိုသည်မှအပ အနိုင်ကျင့်ခံရခြင်း သိပ်မရှိပေ။ ထို့ပြင် ခွန်လွန်တောင်တွင် တပည့်အချင်းချင်း နိုင့်ထက်စီးနင်းပြုလုပ်ကြသည်ကို တွေ့မြင်ရခဲလှသည်။
ဟုန်ယီက ကျန်းလန်ကို အထင်သေးစွာဖြင့် ကြည့်လိုက်ရင်း…
"ရှင်က အကောင်းအဆိုးကို နားမလည်တတ်ဘူးပဲ"
ထို့နောက် သူမက လူသားအင်မော်တယ် တန်ခိုးစွမ်းအားများကို စတင် ထုတ်လွှတ်လိုက်သည်။
ကျန်းလန် မျက်ခုံးများကို တွန့်ချိုးထားမိသည်။ သူ့အနေဖြင့် ဤနေရာတွင် တိုက်ခိုက်ရန် အဆင်မပြေလှပေ။
ထိုစဉ်…
"ကျွီ…"
သေရည်ဆိုင်တံခါး ပွင့်လာ၏။
တံခါးကို ဖွင့်လိုက်သူက ကောင်ငယ်လေး ဖြစ်ပြီး သူက ကျန်းလန်နှင့် ဟုန်ယီကို အကဲခတ်ရင်းကြည့်လိုက်သည်။
ပြီးမှ သူက ဟုန်ယီကို လှမ်းကြည့်လိုက်ရင်း…
"ခင်ဗျား ဘာလုပ်နေတာလဲ"
ဟုန်ယီက…
"မင်းတို့သေရည်ဆိုင်က အခြားသူတွေဆီက အကောင်းစားသေရည်ကို ပြန်မဝယ်ရဘူးလို့ တားမြစ်မထားဘူး မဟုတ်လား ၊ ငါက ဒီလူဆီကနေ သူမှာထားတဲ့ အကောင်းစားသေရည် ပြန်ဝယ်မလို့"
ထို့နောက် သူမက ကောင်ငယ်လေးကို အရေးမစိုက်တော့ဘဲ ကျန်းလန်ကို လှည့်ကြည့်လိုက်သည်။
"သေသေချာချာ စဉ်းစားနော် လူသား ၊ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ အသေးအဖွဲလေးတွေကို စွန့်လွှတ်လိုက်တာ ဘာမှမဖြစ်ဘူး…"
"ဘန်း"
ဟုန်ယီ စကားမဆုံးခင်မှာပင် လှံရှည်တစ်လက်က သူမမျက်နှာကို ရိုက်ချလိုက်သည်။
"ဝှစ်"
"ဘန်း ဘန်း"
ဟုန်ယီမှာ မြေပြင်ထက်သို့ ဒလိမ့်ခေါက်ကွေး လဲကျသွားသည်။
ကျန်းလန်က လှံရှည်ကို တအံ့တသြဖြင့် ကြည့်လိုက်ပြီးနောက် သူ့အကြည့်က လှံရှည်ကိုင်ထားသူဆီသို့ ရောက်ရှိသွားသည်။ ထိုသူမှာ သေရည်ဆိုင်မှ ကောင်ငယ်လေးပင် ဖြစ်၏။
ဟုန်ယီက မတ်တတ်ထရပ်လိုက်ပြီး ကောင်ငယ်လေးကို ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။
"လူသား… မင်း ဒါဘာလုပ်တာလဲ"
ကောင်ငယ်လေးက သူ့လက်ထဲတွင် ကိုင်ထားသည့် လှံရှည်ကို ဟုန်ယီထံ ပစ်လွှတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်မှာလည်း ပြင်းထန်လှသည့် တန်ခိုးစွမ်းအားကြီးတစ်ခုက တရှိန်ထိုး ထွက်ပေါ်လာသည်။
"သေလေ…"
"ဝှီး"
လှံရှည်နှင့်အတူ ပြင်းထန်လှသည့် စွမ်းအားတစ်ခုက ဟုန်ယီထံသို့ ဝင်ရောက်သွားသည်။
ရုတ်တရက် တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရပြီး ကြောက်စရာသားရဲတစ်ကောင်က သူ့ကို စိုက်ကြည့်နေသည့်အလား ဟုန်ယီ ခံစားလိုက်ရသည်။
ချက်ချင်းပင် အလွန်အမင်းကြီးမားသည့် အန္တရယ်အငွေ့အသက်များကို ခံစားလိုက်ရပြီး သူမ၏သွေးထဲမှ တန်ခိုးစွမ်းအားများ မြင့်တက်လာသည်။
ဒီကောင်ငယ်လေးက သူမကို တကယ်ပဲ သတ်ဖြတ်ပစ်ချင်သည်လား။ သူမသာ ကောင်ငယ်လေးပစ်လွှတ်လိုက်သည့် လှံရှည်ကို အချိန်မီ မခုခံနိုင်ပါက ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်သည်။
ထို့ပြင် ကြောက်မက်ဖွယ်ရာ သားရဲတစ်ကောင်က သူမကို စိုက်ကြည့်နေသည်ဟု ခံစားနေရသည်မှာ ထင်ယောင်ထင်မှား ခံစားနေရခြင်းလား မပြောတတ်ပေ။
သူမ အနည်းငယ် ကူရာကယ်ရာမဲ့ ဖြစ်သွားစဉ်မှာပင် သူမရှေ့သို့ လူရိပ်တစ်ခု ရောက်ရှိလာသည်ကို တွေ့မြင်လိုက်ရသည်။ ထိုလူရိပ်က သူမကို ကာကွယ်ပေးလိုက်၏။
"ဘုန်း"
ထိုလူရိပ်က ဟုန်ယီထံသို့ ပစ်လွှတ်လိုက်သည့် လှံရှည်ကို တားဆီးလိုက်သည်။
"ချွင်"
လှံရှည်က လွင့်ထွက်သွားပြီး မနီးမဝေးရှိ မြေပြင်ထက်သို့ စိုက်ဝင်သွား၏။
ဟုန်ယီရှေ့တွင် မိန်းကလေးငယ်တစ်ယောက် မတ်တတ်ရပ်လျှက် ရှိပြီး သူမသည်ကား အခြားသူမဟုတ် ၊ ဟုန်ယာပင် ဖြစ်တော့သည်။
ဟုန်ယာက လူသားအင်မောတယ်အဆင့် အောင်မြင်ထားသူ ဖြစ်လေရာ ကောင်ငယ်လေး၏တိုက်ခိုက်မှုကို တားဆီးနိုင်သည်မှာ မဆန်းပေ။
ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အခြေအနေများက ပြောင်းလဲသွားပြီ မဟုတ်ပါလား။
အနားပတ်ဝန်းကျင်တွင် မည်သူမှ ရှိမနေသည်မှာ ကံကောင်းသည်ဟု ဆိုရမည်။ မဟုတ်ပါက ခွန်လွန်တောင်မှ တပည့်များထံ သတင်းရောက်သွားပြီး သူကတော့ ဝေဖန်ခံရဦးမည်ပင်။
"ဟုန်… ဟုန်ယာ"
ကောင်ငယ်လေးမှာ ဟုန်ယာကို မြင်လိုက်သည်နှင့် ထိတ်လန့်သွားသည်။
သူက ချက်ချင်း ရှင်းပြရန် ကြိုးစားလိုက်သည်။
"ဒါက နားလည်မှုလွဲတာပါ ၊ တကယ်တော့ ဒီလှံက ငါ့လှံမဟုတ်ဘူး ၊ ဟို ငတုံးကောင်နဂါးရဲ့ လှံရှည်ပါ ၊ ဘယ်လိုမှ ထိန်းလို့မရဘဲ ဘယ်လို တိုက်ခိုက်မိသွားလဲ မသိဘူး"
ဟုန်ယာက…
"တောင်းပန်လိုက်…"
သူမအသံက နူးညံ့သော်လည်း ပြတ်သားသည်။
မဆိုင်းမတွပင် ကောင်ငယ်လေးက ခေါင်းငုံ့လိုက်ပြီး ဟုန်ယီကို တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ်"
ဟုန်ယာက…
"နင့်ကို ပြောတာ မဟုတ်ဘူး"
သူမက ထိတ်လန့်တုန်လှုပ်နေသည့် ဟုန်ယီကို လှည့်ကြည့်လိုက်ရင်း…
"နင့်ကို တောင်းပန်ခိုင်းနေတာ ၊ တောင်းပန်လိုက်"
"ငါ… ငါကလား…"
ဟုန်ယီမှာ သူမမှားသွားပြီဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။
သူမက ဟုန်ယာ၏ အကြည့်များကို ရင်မဆိုင်ရဲစွာဖြင့် ခေါင်းကိုငုံ့လိုက်ရင်း ကောင်ငယ်လေးနှင့် ကျန်းလန်ကို တောင်းပန်စကားဆိုလိုက်သည်။
"မင်းတို့နှစ်ယောက်ကို စော်ကားမိလို့ တောင်းပန်ပါတယ်"
ကောင်ငယ်လေးက ခေါင်းခါယမ်းလိုက်ရင်း…
"ကိစ္စမရှိပါဘူး ၊ ကိုယ့်အချင်းချင်းတွေပဲ…"
ကျန်းလန်ကတော့ မည်သည့်စကားမှမဆိုဘဲ တောင်းပန်စကားကို လက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ဟုန်ယီက အကောင်းစားသေရည်နှင့်ပတ်သက်ပြီး စကားတစ်ခွန်းမှ မဟတော့ပေ။ ကျန်းလန်သည်လည်း ကောင်ငယ်လေးထံမှ အကောင်းစားသေရည်အိုးကိုယူကာ တောင်ပေါ်သို့ ပြန်လာခဲ့သည်။
သူ မပြန်ခင် ကောင်လေးက လှံရှည်ကို သူ့ထံ ကမ်းပေးလိုက်သည်။ တကယ်တမ်းတွင် ထိုလှံရှည်က အဋ္ဌမမင်းသား၏ လှံရှည်ဖြစ်၏။
ကောင်ငယ်လေးက လှံရှည်ကို ကျန်းလန်ထံ ကမ်းပေးရင်း ခပ်တိုးတိုးလေသံဖြင့်…
"ဟို ဇာမဏီမိန်းကလေးက လမ်းမှာ အစ်ကိုကြီးကို နှောက်ယှက်ရင် ဒီလှံရှည်နဲ့သာ ရိုက်ပစ်…"
ကျန်းလန်က ရန်သူနှင့် ရင်ဆိုင်သည့်အခါ လှံရှည်ကို အသုံးပြုလေ့ မရှိသော်လည်း ကောင်ငယ်လေး၏စေတနာကို ငြင်းရခက်လှသည်။
ထို့ကြောင့် သူက လှံရှည်ကို လက်ခံယူလိုက်၏။
တကယ်တမ်း ရန်သူနှင့် ရင်ဆိုင်ရမည်ဆိုပါက သူ့အတွက်တော့ နွားရိုင်းကိုးကောင်စွမ်းအားကို အသုံးပြုခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။