အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
အခန်း (၇၉)
လူယုတ်မာတစ်ဦး၏ အပြုအမူနောက်ကွယ်မှ အကြောင်းအရင်းများ
“အဖေ... အဲဒါက ဘယ်သူလဲဟင်...၊ ဘာလို့ ဒီလောက်တောင် လျှို့ဝှက်နေရတာလဲ...။”
ချန်တက်ဝေသည် စပ်စုလိုစိတ်ဖြင့် သူ၏ဖခင်အနားသို့ တိုးကပ်ကာ မေးမြန်းလိုက်လေ၏။
ချန်ကျိယွမ်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်လေသည်...၊
“ငါ့ရဲ့ အတန်းဖော်ဟောင်း တစ်ဦးရဲ့ သားက အခု ကျန်းကျိုး စီးပွားရေးဘဏ် တုန်းကျန်းဘဏ်ခွဲရဲ့ ချေးငွေဌာန အကြီးအကဲ ဖြစ်နေတာလေ...။”
ချန်တက်ဝေ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး သူ၏ပေါင်ကို ရိုက်ကာ အော်ဟစ်မိလိုက်လေ၏။
“အဖေ... တကယ့်ကို ထက်မြက်တာပဲ...၊ ဒါက တကယ့်ကို အကွက်မြင်တဲ့ လုပ်ရပ်ပဲဗျ...။ အဖေ့မှာ ဒီလို အဆက်အသွယ်တွေ ရှိနေမယ်လို့ ကျွန်တော် လုံးဝ မထင်ထားဘူး...။ တကယ်ပဲ ဂျင်းအိုက ပိုစပ်တယ် ဆိုတာ ဒါကို ပြောတာပဲ...။”
ထိုစကားကို ကြားရသောအခါ ချန်ကျိယွမ်က အနည်းငယ် ပြုံးလိုက်ပြီး...၊
“အေးအေးဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ်ပဲ နေစမ်းပါ...” ဟု ပြောလိုက်လေ၏။
သူက တည်ငြိမ်စွာ နေရန် ပြောဆိုနေသော်လည်း သူ၏ မျက်နှာထက်တွင်မူ ယုံကြည်ချက်အပြည့် ရှိနေ သည်မှာ ဖုံးကွယ်၍ မရနိုင်လောက်အောင်ပင် ဖြစ်လေသည်။
သူတို့ မသိရှိလိုက်သော အချက်မှာ ထိုအချိန်တွင် ကျန်းကျိုး စီးပွားရေးဘဏ် တုန်းကျန်းဘဏ်ခွဲ၏ အစည်းအဝေးခန်းမအတွင်း၌ ဘဏ်မန်နေဂျာ လျှိုကျွင်းချိုင်သည် နောက်ဆုံး အနှစ်ချုပ်ကို ပြောကြား နေခြင်းပင် ဖြစ်၏။
“ကောင်းပြီ... ဒါဆိုရင် ဒီနေ့ အစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့ တုန်းကျန်း ဆောက်လုပ်ရေးအုပ်စုကို ယွမ် (၁ ဘီလီယံ) ချေးပေးမယ့် ကိစ္စကို တရားဝင် အတည်ပြုလိုက်ပြီ...။ ချေးငွေဌာနအနေနဲ့ လုပ်ငန်းစဉ်တွေ ကို အမြန်ဆုံး ဆောင်ရွက်ပေးလိုက်ပါ...။”
ဘဏ်မန်နေဂျာသည် စားပွဲကို ညင်သာစွာ ခေါက်လိုက်ပြီး ဝိုင်းတော်သားများထဲတွင် ထိုင်နေသော ချေးငွေဌာန ညွှန်ကြားရေးမှူး ကျောက်ယွဲ့အား ညွှန်ကြားချက် ပေးလိုက်လေ၏။
“ဟုတ်ကဲ့ပါ လူကြီးမင်း... ကျွန်တော် ချက်ချင်းပဲ စီစဉ်လိုက်ပါ့မယ်...။”
ချေးငွေဌာန ညွှန်ကြားရေးမှူး ကျောက်ယွဲ့သည် အသက် (၃၀) ကျော်အရွယ် အမျိုးသားတစ်ဦး ဖြစ်လေ သည်။ ဤမျှ ငယ်ရွယ်သော အသက်အရွယ်နှင့် သည်ရာထူးကို ရရှိထားခြင်းမှာ သူ၏ အနာဂတ်မှာ အလွန်တောက်ပနေကြောင်း ပြသနေခြင်းပင်။
သူ၏ အထက်လူကြီး စကားကို ကြားရသောအခါ ကျောက်ယွဲ့က လျင်မြန်စွာ ခေါင်းညိတ်၍ သဘောတူ လိုက်လေသည်။
အစည်းအဝေးအပြီးတွင် ကျောက်ယွဲ့သည် သူ၏ရုံးခန်းသို့ ပြန်လာကာ သူ၏ဖုန်းထဲမှ လွဲချော်သွားသော ခေါ်ဆိုမှုများကို စစ်ဆေးကြည့်ပြီး ဖုန်းကို ပြန်ခေါ်လိုက်လေ၏။
“ဟေး... အဖေ... ဘာကိစ္စရှိလို့လဲ...။ ကျွန်တော် ခုနက အစည်းအဝေး လုပ်နေလို့ပါ...။”
“အိုး... သားလေး... သတင်းကောင်းပဲ...။ ကျောက်စရစ်လုပ်ငန်း လုပ်နေတဲ့ ငါ့ရဲ့ အတန်းဖော်ဟောင်းက ပြောတယ်...။ သူ့ရဲ့ စက်ရုံမှာ မြေတူးစက်တွေ လိုနေတယ်တဲ့...၊ ငါတို့ မြေတူးစက် နှစ်စီးလောက် ထည့် ထားနိုင်ရင် တစ်လကို ငှားရမ်းခ သုံးသောင်းလောက် ရမှာနော်...။”
ကျောက်ယွဲ့ မျက်မှောင်ကြုတ်လိုက်ပြီး...၊
“အဖေ... သူက ကျွန်တော့်ဆီကနေ ချေးငွေယူချင်လို့လား...။ အဲဒါဆိုရင်တော့ သဘောမတူလိုက်နဲ့ နော်...” ဟု ပြောလိုက်လေသည်။
ကျောက်ယွဲ့၏ ဖခင်က မကျေမနပ်ဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။
“တောက်... ငါ့ရဲ့ အဆက်အသွယ်တွေကို အထင်မသေးစမ်းနဲ့...။ ငါ့အတန်းဖော်က သာမန်လူ မဟုတ်ဘူး နော်... သူက မင်းတို့ဘဏ်ရဲ့ စိန်အဆင့် အဖွဲ့ဝင်တစ်ယောက်ပဲ...။ ငါ ပြောထားမယ်...၊ မင်း သဘောတူ တူ၊ မတူတူ ငါကတော့ ဒီမြေတူးစက်ကို ရအောင် ဝယ်မှာပဲ...။ မင်းက တန်ဖိုးရဲ့ ထက်ဝက်ကို စိုက်ပေး ရမယ်...။ အဲဒါ ငါ့ကို ချေးပေးတယ်လို့ပဲ သဘောထားလိုက်...။”
သူ၏ဖခင်မှာ ခေါင်းမာသူတစ်ဦး ဖြစ်ကြောင်း သိထားသဖြင့် ကျောက်ယွဲ့က အကူအညီမဲ့စွာ ပြောလိုက် လေသည်။
“ဘာလို့ ချေးနေမှာလဲ အဖေ... အဖေက ဝယ်ချင်တယ်ဆိုရင်တော့ ကျွန်တော် တစ်ခု စီစဉ်ပေးပါ့မယ်...။ အဖေ့အတွက် အတိုးမဲ့ ချေးငွေတစ်ခု ရအောင် လုပ်ပေးမယ်...။ မြေတူးစက် နှစ်စီး ဝယ်လိုက်ပေါ့...။ လစဉ်ရမယ့် ငှားရမ်းခက ချေးငွေပြန်ဆပ်ဖို့ လောက်ငမှာပါ...။”
ထိုစကားကို ကြားရသောအခါ ကျောက်ယွဲ့၏ ဖခင်မှာ အတိုင်းထက်အလွန် ဝမ်းသာသွားခဲ့ရလေ၏။
“ဝါး... ဒါက တကယ့်ကို ကောင်းတဲ့ အကြံပဲ.... ဒါဆိုရင် ငါတို့က တစ်ပြားမှ ကုန်စရာမလိုဘဲ နောက် နှစ်နှစ်ကြာရင် မြေတူးစက် နှစ်စီး အလကား ရတော့မှာပေါ့...။ အဲဒီကျရင် အဟောင်းပြန်ရောင်းရင် တောင် ငွေသိန်းပေါင်းများစွာ ရဦးမှာ...။ သာမန်လူတွေကတော့ ဒီလို အခွင့်အရေးမျိုး ရမှာ မဟုတ် ဘူး...။”
ကျောက်ယွဲ့က လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး...၊
“ချေးငွေကိစ္စကတော့ ပြောရဆိုရ လွယ်ပါတယ်...။ ဒါပေမဲ့ အရင်ဆုံးတော့ အဲဒီလူနဲ့ တွေ့ဖို့ စီစဉ်လိုက် ပါဦး...။ ဒါက ကျွန်တော်တို့အတွက် ရင်းနှီးမြှုပ်နှံမှု အကြီးကြီးဆိုတော့ သတိထားရမယ်လေ...။”
မိမိ၏ ရည်မှန်းချက် အောင်မြင်သွားပြီ ဖြစ်သဖြင့် ကျောက်အဘိုးကြီးက ပြုံးရွှင်စွာဖြင့် ပြောလိုက်လေ သည်...၊
“ကိစ္စမရှိပါဘူး... ငါ့အတန်းဖော်က အရမ်းချမ်းသာတာ...။ သူက ငါနဲ့ တွေ့ချင်နေတာ ကြာပြီတဲ့...၊ ဟွမ်ချောင် ဟိုတယ်မှာပဲ တွေ့ကြရအောင်...။ သူပဲ အကုန် ရှင်းလိမ့်မယ်...။”
ကျောက်ယွဲ့က ခေါင်းခါလိုက်ပြီး သတိကြီးစွာဖြင့် ပြောလိုက်လေသည်...၊
“မဖြစ်ဘူး အဖေ... အဲဒီမှာ သိတဲ့လူတွေနဲ့ တွေ့ဖို့ အခွင့်အရေး အရမ်းများတယ်...၊ ကြည့်လို့ မကောင်း ဘူး... တခြားနေရာတစ်ခုပဲ ရှာလိုက်ရအောင်...။ ကျွန်တော် အရင်ဆုံး အဆက်အသွယ် လုပ်ကြည့်လိုက် ပါ့မယ်...။ နေရာ သေချာသွားပြီဆိုရင် အဖေ့ကို လိပ်စာ ပို့ပေးလိုက်မယ်လေ...။”
ရွှီပေါ်အန်းသည် တစ်နေ့ကုန် ရုံးခန်းအတွင်း၌ သူ၏ အထက်လူကြီးများ ထုတ်ပြန်ထားသော လေ့လာ စရာ စာရွက်စာတမ်းများကို စစ်ဆေးနေစဉ် ရုံးခန်းတံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သံကို ကြား လိုက်ရလေသည်။
ရွှီပေါ်အန်း လှမ်းကြည့်လိုက်ရာ ထျန်ရှောင်ဟူ ခိုးကြောင်ခိုးဝှက် ဝင်လာသည်ကို မြင်လိုက်ရလေသည်။
“ဘာတွေ လိုက်ကြည့်နေတာလဲ... ဝင်လာခဲ့စမ်းပါ...။”
“ဟေး... အင်ဂျင်နီယာချုပ်ရွှီ... အားရဲ့လားခင်ဗျ...။”
ထျန်ရှောင်ဟူက ပြုံးဖြီးလျက် ဝင်လာခဲ့လေ၏။
ရွှီပေါ်အန်းက သူ့ထံသို့ ဆေးလိပ်တစ်လိပ် ပစ်ပေးလိုက်ပြီး မေးလိုက်လေသည်...၊
“အပိုတွေ ပြောမနေနဲ့... ဒါနဲ့... မင်းရဲ့ ယောက္ခမလောင်းနဲ့ တွေ့ခဲ့လား...။”
ထျန်ရှောင်ဟူက ခေါင်းခါလိုက်ပြီး...၊
“မတွေ့ခဲ့ပါဘူး...။ မြောင်မြောင်ရဲ့ အဖေက ရုတ်တရက် အရေးကြီးတဲ့ ကိစ္စ ရှိလို့ဆိုပြီး ထွက်သွား တယ်လေ...။ ဒါကြောင့် သူ့ရဲ့ အဒေါ်နဲ့ပဲ တွေ့ခဲ့ရတယ်...။”
“ဪ... သူ့အဒေါ်က မင်းကို သဘောကျပုံရရဲ့လား...။”
ရွှီပေါ်အန်းက စပ်စုလိုက်လေသည်။
ထျန်ရှောင်ဟူ၏ မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာပြီး...၊
“အစ်ကိုကြီး... ကျွန်တော် တစ်ခုခုတော့ လွဲနေသလို ခံစားရတယ်...။”
“ဘာလွဲနေလို့လဲ...။”
ရွှီပေါ်အန်းက ပြုံး၍ မေးလိုက်လေသည်။
ထျန်ရှောင်ဟူက ရွှီပေါ်အန်းအတွက် ဆေးလိပ် မီးညှိပေးရင်း အနားသို့ တိုးကပ်ကာ...၊
“အစ်ကိုကြီး မသိပါဘူး... မြောင်မြောင်ရဲ့ အဒေါ်က ဝတ်စားတာနဲ့ ပုံစံကတော့ သာမန်ပါပဲ...။ ဒါပေမဲ့ သူမမှာ ဘယ်လိုမှ ခန့်မှန်းလို့ မရတဲ့ အရှိန်အဝါမျိုး ရှိနေတယ်ဗျ...။” ဟု ပြောလိုက်လေ၏။
“ခန့်မှန်းလို့ မရဘူး ဟုတ်လား...၊ ဘာကို ဆိုလိုတာလဲ...။”
ရွှီပေါ်အန်းက မေးလိုက်ပြန်လေသည်။
ထျန်ရှောင်ဟူက ဆေးလိပ်တစ်လိပ်ကို ထွန်းညှိလိုက်ပြီး သူ၏ အတွေးများကို စီစဉ်ကာ...၊
“အင်း... ဘယ်လို ပြောရမလဲ...၊ မြောင်မြောင်ရဲ့ မိသားစုက သိပ်မချမ်းသာဘူးလို့ သိထားပေမဲ့ သူမရဲ့ အဒေါ်ကတော့ တကယ့်ကို ယဉ်ကျေးသိမ်မွေ့ပြီး မြင့်မြတ်တဲ့ အရှိန်အဝါမျိုး ရှိနေတာ...။ အင်း... မြင့်မြတ်တယ်လို့ ပြောတာက နည်းနည်းတော့ လွန်သွားမလား မသိပေမဲ့ သူမမှာ ပိုက်ဆံတွေ အများ ကြီး ရှိပုံရတယ်ဗျ...။” ဟု ပြောလိုက်လေတော့သည်။
*ပိုက်ဆံဆိုတာ သူမအတွက်တော့ ဘာမှ မဟုတ်ပါဘူးလေ...။*
ရွှီပေါ်အန်းက စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်လေ၏။
*သူမက ရိုင်ရယ်ဒိုင်နက်စတီ ဟိုတယ်ပိုင်ရှင်ရဲ့ သမီးလေ...၊ တုန်းကျန်း တစ်နယ်လုံးမှာ ရှားပါးလှတဲ့ သူဌေးသမီးပဲ မဟုတ်လား...။*
ရွှီပေါ်အန်းက အမှန်တရားကို မဖော်ပြဘဲ ထျန်ရှောင်ဟူကိုသာ နှစ်သိမ့်လိုက်လေသည်။
“မင်းကလည်း ဘာတွေ အများကြီး တွေးနေတာလဲ...။ မင်းတို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် တကယ် ချစ်ကြတာပဲလေ...။ ပိုက်ဆံကို ချစ်ကြတာမှ မဟုတ်တာ...။ သူမမှာ ပိုက်ဆံ ရှိရှိ မရှိရှိ မင်းအတွက် ဘာအရေးပါလို့လဲ...။”
“ဒါလည်း ဟုတ်တာပါပဲ...၊ ဒါ့အပြင် ဒါက ပထမဆုံးအကြိမ် တွေ့ဆုံတာဆိုတော့ လူတိုင်းက အကောင်း ဆုံး ပုံစံမျိုး ပြချင်ကြမှာပဲလေ...၊ သူမက မိတ်ကပ်လိမ်းတတ်လို့ ဖြစ်မှာပါ...။”
စကားပြောရင်း ထျန်ရှောင်ဟူက ခေါင်းညိတ်လိုက်ပြီး ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်လေသည်။ သူသည် တစ်စုံတစ်ခုကို နားလည်သွားသည့်အလားပင်။
ရွှီပေါ်အန်းက စိတ်ဝင်တစား ပြုံးလိုက်ပြီး...၊
“နောက်ကျရင် မင်း သိလာမှာပါ...။ အချို့အရာတွေက မိတ်ကပ်နဲ့ ပြောင်းလဲလို့ မရဘူးဆိုတာကိုပေါ့...။”
ရွှီပေါ်အန်းက ထိုအကြောင်းကို ဆက်မပြောတော့ဘဲ...၊
“မင်း သည်လို တွေးနိုင်တာ ဝမ်းသာပါတယ်...။ ပထမဆုံး အထင်အမြင်က ဘယ်လောက် အရေးကြီး တယ်ဆိုတာ မင်း သိတာပဲ...။ မင်းကို တာဝန်တစ်ခုခု ပေးရမယ့်အချိန် ရောက်ပြီ ထင်တယ်...။” ဟု ပြောလိုက်လေသည်။
ထိုစကားကို ကြားရသောအခါ ထျန်ရှောင်ဟူက ရယ်မောလိုက်ပြီး...၊
“အိုး... အင်ဂျင်နီယာချုပ်ရွှီ...။ ကျွန်တော့်ကို ဘယ်ကို ပို့ချင်လို့လဲဟင်...၊ ဒီစုတ်ပြတ်သတ်နေတဲ့ ဓာတ်ခွဲ ခန်းထဲမှာ တစ်မိနစ်တောင် ထပ်မနေချင်တော့ဘူးဗျာ...။” ဟု ပျာပျာသလဲ မေးမြန်းလိုက်လေ၏။
ရွှီပေါ်အန်းက ခေါင်းခါလိုက်ပြီး...၊
“ငါ မဆုံးဖြတ်ရသေးဘူး...။ ဒါနဲ့... ဝမ်ရှန်းခရိုင်က ပေကျင်း-ဖုန်း စီမံကိန်းအကြောင်း မင်း ဘာတွေးမိ လဲ...။” ဟု မေးလိုက်လေသည်။
ထျန်ရှောင်ဟူ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားပြီး...၊
“မဖြစ်နိုင်ဘူးနော် အင်ဂျင်နီယာချုပ်...။ ကျွန်တော် အခုမှ ရည်းစားနဲ့ အဆင်ပြေနေတာလေဗျာ...၊ ကျွန်တော့်ကို တောထဲ ပို့လိုက်ရင် ဝေးကွာတဲ့ အချစ်တွေ ဖြစ်ကုန်တော့မှာပေါ့...။”
ရွှီပေါ်အန်းက ရယ်မောရင်း စနောက်လိုက်လေသည်။
“မင်းကတော့ ကြောက်လိုက်တာနော်... ငါက မင်းကို ပြောနေတာ မဟုတ်ပါဘူး...။ မင်းတို့ ဓာတ်ခွဲခန်း က ညွှန်ကြားရေးမှူး ယွီဝေ့ကို စီမံကိန်းမန်နေဂျာအဖြစ် ပို့လိုက်ရင် ဘယ်လိုနေမလဲလို့ တွေးနေတာ...။”
ထိုစကားကို ကြားရသောအခါ ထျန်ရှောင်ဟူမှာ အတိုင်းထက်အလွန် ဝမ်းသာသွားခဲ့ရလေ၏။
“ဝါး... တကယ့်ကို ကောင်းတဲ့ အကြံပဲဗျ...။ ညွှန်ကြားရေးမှူး ယွီက အခြေခံ စီမံကိန်းတွေကို ဦးဆောင် တဲ့ အတွေ့အကြုံ မရှိသေးဘူးလေ...။ အင်ဂျင်နီယာချုပ်ရဲ့ အခုလို စီစဉ်မှုက ကျွန်တော်တို့ရဲ့ အဓိက ဝန်ထမ်းတွေရဲ့ အရည်အချင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးရာ ရောက်တာပေါ့...။ ကုမ္ပဏီရဲ့ ရှိပြီးသား လူသားအရင်းအမြစ်တွေကို အကောင်းဆုံး အသုံးချတဲ့ နည်းလမ်းပဲဗျာ...။”
ရွှီပေါ်အန်းက ထျန်ရှောင်ဟူကို မျက်စောင်းထိုးလိုက်ပြီး...၊
“အပိုတွေ ပြောမနေနဲ့တော့...။ ငါ မင်းကို မေးမယ်...၊ အကယ်၍ သူသာ ရာထူးကနေ ဖယ်ရှားခံရမယ် ဆိုရင် မင်းက ဓာတ်ခွဲခန်း ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူချင်လား...။ ဒါမှမဟုတ် စီမံကိန်းတွေမှာ သွားလုပ်ချင်လား...။” ဟု မေးလိုက်လေသည်။
ထျန်ရှောင်ဟူက ရယ်မောလျက်...၊
“ကျွန်တော်ကတော့ စီမံကိန်းမန်နေဂျာအဖြစ် နှစ်အနည်းငယ်လောက် ထပ်လုပ်ချင်သေးတယ်...။ ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း မကြာခင် အဖေ ဖြစ်တော့မှာဆိုတော့ ပိုက်ဆံ ပိုရအောင် ကြိုးစား ရမှာပေါ့...။ အနားယူချင်တဲ့ အချိန်ကျမှပဲ ကုမ္ပဏီကို ပြန်လာတော့မယ်လေ...။” ဟု ပြောလိုက်လေ၏။
*ပိုက်ဆံ လိုနေလို့လား...။*
ရွှီပေါ်အန်းက ထူးဆန်းသော အသံဖြင့်ရယ် လိုက်လေသည်။
“မင်းသာ အိမ်ထောင်ပြုလိုက်ရင်တော့ ပိုက်ဆံ လိုမှာ မဟုတ်တော့ပါဘူးလေ...။”
“အင်း... မင်းမှာ ပိုက်ဆံတွေ အများကြီး ရှိနေမယ်ဆိုရင်ရော...၊ စီမံကိန်းတွေဆီ သွားပြီး လုပ်ချင်ပါ ဦးမလား...။”
စီမံကိန်းမန်နေဂျာများသည် ကုမ္ပဏီ၏ အုပ်ချုပ်မှုပိုင်းတွင် လုပ်ကိုင်သူများထက် ဝင်ငွေ ပိုမို ရရှိကြ သည်မှာ ဓမ္မတာပင် ဖြစ်၏။ စီမံကိန်းမှ ရရှိသော အမြတ်အစွန်း ဝေစုနှင့် ဆုကြေးငွေများမှာ အလွန် များပြားလှပေသည်။
ပိုက်ဆံ မလိုသော သူများမှာ စီမံကိန်းမန်နေဂျာ အလုပ်သည် တာဝန်များလွန်းခြင်း၊ အချိန်မမှန်ခြင်းနှင့် မိသားစုကို ဂရုမစိုက်နိုင်ခြင်းတို့ကြောင့် ကုမ္ပဏီ သို့မဟုတ် အစိုးရရုံးများတွင်သာ အေးအေးဆေးဆေး လုပ်ကိုင်လိုကြသည်ဟု လူအများက ထင်မြင်ကြလေသည်။
ထျန်ရှောင်ဟူက ခါးသီးစွာ ပြုံးလိုက်ပြီး...၊
“ကျွန်တော်က ပိုက်ဆံ မလိုဘဲ နေပါ့မလား အစ်ကိုကြီးရယ်...။ ကျွန်တော့် မိသားစု အခြေအနေကိုလည်း အစ်ကိုကြီး သိတာပဲ...။ ကျွန်တော့် မိဘတွေက ကျန်းမာရေး မကောင်းကြဘူး၊ စုဆောင်းထားတာလည်း သိပ်မရှိဘူးလေ...။ ကျွန်တော် အိမ်ထောင်ပြုပြီးရင် သူတို့အားလုံးကို ကျွန်တော်ပဲ ထောက်ပံ့ရမှာ...။ ကျွန်တော့်ကို မရယ်ပါနဲ့...၊ မနေ့က သူမမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရတဲ့ အချိန်မှာ ကျွန်တော် ပိုက်ဆံကို အရမ်း မက်မောသွားခဲ့တာ...။” ဟု ပြောလိုက်လေသည်။
ရွှီပေါ်အန်းက စပ်စုလိုစိတ်ဖြင့် မေးလိုက်လေ၏။
“မင်းက သူမကို သည်လောက်တောင် ချစ်တာကို...၊ ဘာလို့ လူယုတ်မာ တစ်ယောက်လိုမျိုး သူမကို ရှောင်နေရတာလဲ...။ ပြီးတော့ သူမကို ကုမ္ပဏီအထိ လာပြီး စောင့်ခိုင်းရသေးတယ်နော်...။”
ထျန်ရှောင်ဟူက ခေါင်းခါလျက်...၊
“ဟူး... အဲဒါက ကျွန်တော် အရင်က အရမ်း မာန်တက်ခဲ့လို့ပါ... ။ မိသားစုရဲ့ တာဝန်တွေကို ကျွန်တော် တစ်ယောက်တည်း ထမ်းဆောင်နိုင်တယ်လို့ ထင်ခဲ့မိတာ...။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ကျွန်တော် စိတ်အေးအေးထားပြီး စဉ်းစားကြည့်တော့မှ ဘဝဆိုတာ အမြဲ ချောမွေ့နေတာ မဟုတ်ဘူး ဆိုတာ နားလည်လာခဲ့တယ်...။”
“ကျွန်တော် သူမကို ဒုက္ခ မပေးချင်ခဲ့ပါဘူး...။ ဘဏ်မန်နေဂျာ လူငယ်တစ်ယောက်က သူမနောက်ကို လိုက်နေတယ်ဆိုတာ ကျွန်တော် သိတယ်လေ...။ သူမကို ချစ်တယ်ဆိုတာ ပိုင်ဆိုင်ရမှ မဟုတ်ဘူးလို့ ကျွန်တော် တွေးမိခဲ့တာ...။ စွန့်လွှတ်ရတဲ့ အချစ်မျိုးပေါ့လေ...၊ ဒါကြောင့် သူမရဲ့ အနာဂတ် ပျော်ရွှင်မှု အတွက် ကျွန်တော်က...။”
အခန်း (၈၀)
ထျန်ရှောင်ဟူ အနည်းငယ် ဝေခွဲမရဖြစ်ခြင်း
“တော်စမ်းပါ... အဲဒါတွေက အလကား အပိုစကားတွေပါ...။ အခုတော့ မင်း မြင်ပြီ မဟုတ်လား...၊ အဲဒီ မိန်းကလေးက မင်းမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲဆိုတာကို လုံးဝ ဂရုမစိုက်ဘူးဆိုတာကိုလေ...။”
ရွှီပေါ်အန်းက ထျန်ရှောင်ဟူ၏ စကားကို ချက်ချင်းပင် ဖြတ်ပြောလိုက်လေ၏။
“ဟုတ်ကဲ့... ကျွန်တော် နားလည်ပါပြီ...။ အခုတစ်ကြိမ်မှာတော့ ဘယ်လို အခက်အခဲမျိုးပဲ ကြုံကြုံ ကျွန်တော် လုံးဝ လက်လျှော့မှာ မဟုတ်ပါဘူး...။”
ထျန်ရှောင်ဟူက ပြတ်သားစွာ ပြောလိုက်လေတော့သည်။
*အခက်အခဲ ဟုတ်လား...။*
ရွှီပေါ်အန်းက တဟားဟား ရယ်မောလိုက်ပြီး...၊
“မင်းကတော့ ဘာမှမသိဘဲ အမှောင်ထဲမှာ ကျန်ရစ်နေတာ တကယ်ကို ရယ်စရာကောင်းတာပဲ...။”
အကယ်၍ သူတို့နှစ်ဦး ပေါင်းဖက်ခွင့် ရကြမည်ဆိုပါက သူ၏ အနာဂတ်မှာ အတိုင်းထက်အလွန် တောက်ပနေပေလိမ့်မည်။
သူ၏ ယောက္ခမမှာ အလွန်တရာ ချမ်းသာကြွယ်ဝသူဖြစ်သဖြင့် ငွေကြေးပိုင်းဆိုင်ရာကို အပြည့်အဝ ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။
သူ၏ ယောက္ခမလောင်း၏ ဖခင်မှာလည်း တုန်းကျန်း ဆောက်လုပ်ရေးအုပ်စု၏ အကြီးအကဲဖြစ်သဖြင့် သူ၏ လုပ်ငန်းခွင် တိုးတက်မှုကို အကာအကွယ်ပေးနိုင်မည် မဟုတ်ပါလား။
အကယ်၍ သူသာ အလုပ်နှင့် လူမှုဘဝကို မျှတအောင် နေထိုင်နိုင်မည်ဆိုပါက မည်သည့် ဒုက္ခမှ ရှိလာနိုင်စရာ အကြောင်းမရှိပေ။
သူ၏ အစ်ကိုကြီးပင်လျှင် ဘွန်ဆိုင်းကမ္ဘာမှ မမျှော်လင့်ဘဲ ရရှိလာသော အခွင့်အရေးသာ မရှိခဲ့ပါက သူ့ဆီမှာ အကူအညီ တောင်းနေရပေလိမ့်မည်။
ရွှီပေါ်အန်းသည် လက်ထဲမှ ခဲတံကို စားပွဲပေါ်တွင် တောက်တောက် ခေါက်လိုက်ပြီး...၊
“ဒီလိုလုပ်... အိမ်ပြန်ပြီး မင်းရဲ့ ရည်းစားနဲ့ သေချာ တိုင်ပင်လိုက်ဦး...။ အခု မင်းအတွက် ရွေးချယ်စရာ နှစ်ခု ရှိတယ်...၊ တစ်ခုက ကုမ္ပဏီရဲ့ ဗဟိုဓာတ်ခွဲခန်းမှာ ညွှန်ကြားရေးမှူး ရာထူးကို ယူဖို့ပဲ...။ အဲဒါဆိုရင် တော့ ပစ္စည်းဝယ်ယူရေးဌာန ဒါမှမဟုတ် အင်ဂျင်နီယာဌာနတွေနဲ့ အဆက်အသွယ် လုပ်ရမယ်...။”
“နောက်ထပ် ရွေးချယ်စရာ တစ်ခုကတော့ ကျူချန်းလမ်း မြို့ဟောင်း စီမံကိန်းရဲ့ အမှုဆောင် ဒုတိယ အထွေထွေမန်နေဂျာ ရာထူးကို ယူဖို့ပဲ...။ ဒီစီမံကိန်းက ဘယ်လောက် အရေးကြီးတယ်ဆိုတာကို ငါ အထွေအထူး မပြောတော့ဘူး...။ ဒါပေမဲ့ မင်း တော်တော်လေး ပင်ပန်းလိမ့်မယ်ဆိုတာကိုတော့ သိထား ပေါ့...။”
ရွှီပေါ်အန်းသည် အထက်လူကြီးများ၏ ခန့်အပ်မှုအရ ကျူချန်းလမ်း မြို့ဟောင်း ပြန်လည်တည်ဆောက် ရေး စီမံကိန်း၏ အထွေထွေမန်နေဂျာ ဖြစ်သော်လည်း သူသည် တုန်းကျန်း ဒုတိယဆောက်လုပ်ရေး ကုမ္ပဏီ၏ လက်ရှိ အကြီးအကဲလည်း ဖြစ်သဖြင့် ကုမ္ပဏီ၏ အလုံးစုံသော အခြေအနေများကိုသာ အဓိက အာရုံစိုက်ရပေလိမ့်မည်။
ထို့ကြောင့် အကယ်၍ ထျန်ရှောင်ဟူသာ ထိုနေရာသို့ သွားမည်ဆိုပါက သူသည် ကျူချန်းလမ်း စီမံကိန်း ၏ အဓိက တာဝန်များကို ထမ်းဆောင်ရမည် ဖြစ်လေသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရွှီပေါ်အန်းမှာ အမည်ခံသာ ဖြစ်၏။ ဤသည်မှာ အကြောင်းရင်း နှစ်ရပ် ကြောင့် ဖြစ်ပေသည်...။ ပထမအချက်မှာ ရွှီပေါ်အန်း၏ လုပ်ငန်းအတွေ့အကြုံကို ပိုမို ကြွယ်ဝစေရန် ဖြစ်ပြီး ဒုတိယအချက်မှာ ကုမ္ပဏီအုပ်စုအနေဖြင့် ဤအဓိက စီမံကိန်းအပေါ် မည်မျှအထိ အလေးထား ကြောင်း ပြသရန် ဖြစ်ပေ၏။
စီမံကိန်း၏ လက်တွေ့ တာဝန်ခံမှာမူ ထျန်ရှောင်ဟူသာ ဖြစ်ပေလိမ့်မည်။
ထျန်ရှောင်ဟူသည် မျက်ခုံးပင့်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်လေသည်၊
“အာ... ကျူချန်းလမ်း စီမံကိန်းလား...၊ ကျွန်တော်လားဟင်...။”
“ဘာလဲ... ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိလို့လား...။ ဒါမှမဟုတ် အရည်အချင်း မရှိလို့လား...။” ဟု ရွှီပေါ်အန်းက ပြန်လည် မေးခွန်းထုတ်လိုက်၏။
ထျန်ရှောင်ဟူက ပျာပျာသလဲ ပြန်လည် ဖြေကြားလိုက်လေသည်။
“မရှိပါဘူး...၊ ရှိပါတယ်...။ ဟုတ်ပါတယ်... ရွေးချယ်စရာ မလိုတော့ပါဘူး အင်ဂျင်နီယာချုပ်ရွှီ...၊ ကျွန်တော် ကျူချန်းလမ်း စီမံကိန်းကိုပဲ သွားပါ့မယ်...။”
ကျူချန်းလမ်း စီမံကိန်းမှာ အတော်အတန် ခက်ခဲပင်ပန်းသော်လည်း ၎င်းမှာ မြို့ပြအတွင်းရှိ စီမံကိန်း ဖြစ်သဖြင့် မိမိအိမ်တံခါးဝတွင် အလုပ်လုပ်ရသကဲ့သို့ပင် ဖြစ်ချေ၏။
ပုံမှန် အလုပ်ဆင်းချိန်နှင့် မြင့်မားသော ဆုကြေးငွေများ၊ အမြတ်အစွန်း ဝေစုများမှာ အင်ဂျင်နီယာများစွာ အိပ်မက်မက်ကြသော အခွင့်အရေးမျိုးပင် ဖြစ်လေသည်။
သာမန်လူတစ်ယောက်အနေဖြင့် ထိုနေရာသို့ ဝင်ဆံ့ရန်မှာ မလွယ်ကူလှချေ။
အရေးကြီးဆုံး အချက်မှာ များသောအားဖြင့် စီမံကိန်းမန်နေဂျာများသည် စီမံကိန်းအသစ်တစ်ခု စတင် ချိန်တွင် မိမိတို့ဘာသာ မတည်ရင်းနှီးငွေ သယ်ဆောင်လာရန် လိုအပ်လေ့ ရှိခြင်းပင် ဖြစ်၏။
ထိုမတည်ရင်းနှီးငွေ ပမာဏမှာ အလွန်များပြားသဖြင့် အတွေ့အကြုံရှိသော မန်နေဂျာများပင်လျှင် ဟိုမှချေး၊ သည်မှငှားကာ ခက်ခဲစွာ ရုန်းကန်ကြရလေသည်။
သို့သော် ကျူချန်းလမ်း စီမံကိန်းမှာမူ ထိုသို့ မဟုတ်ချေ။ တုန်းကျန်း ဆောက်လုပ်ရေး၏ အကြီးအကဲ စူးထိုက်က ယခင် အစည်းအဝေးတွင် ပြောကြားခဲ့ဖူးလေသည်။
ကျူချန်းလမ်း စီမံကိန်းအတွက် ယွမ် (၁ ဘီလီယံ) ခန့်ရှိသော ချေးငွေအသစ်တစ်ရပ်ကို ရရှိထားပြီး ဖြစ်၏။
ဤသည်မှာ ပိုက်ဆံ သိပ်မရှိသော ထျန်ရှောင်ဟူအတွက် အလွန်ပင် သင့်တော်လှပေသည်။
ထျန်ရှောင်ဟူ မဆိုထားနှင့်၊ မည်သူမဆို ဤစီမံကိန်း၏ မန်နေဂျာ ဖြစ်ခွင့်ရမည်ဆိုပါက တိုင်းထက် အလွန် ဝမ်းသာနေကြမည်မှာ အမှန်ပင်။
ရွှီပေါ်အန်းက ထျန်ရှောင်ဟူကို မျက်စောင်းထိုးလိုက်ပြီး...၊
“ငါက မင်းရဲ့ သဘောထားကိုပဲ မေးနေတာ မဟုတ်ဘူးနော်...၊ အိမ်ပြန်ရောက်ရင် တခြားလူတွေရဲ့ သဘောထားကိုလည်း မေးပါဦးလို့ ငါ ပြောခဲ့တယ် မဟုတ်လား...။ ပူပူနွေးနွေး ဇနီးမောင်နှံနှစ်ဦး ရန်မဖြစ်ရအောင်လို့လေ...။” ဟု ပြောလိုက်လေ၏။
ထျန်ရှောင်ဟူက သူ၏ ဖုန်းကို ထုတ်ယူလိုက်ပြီး...၊
“ကျွန်တော်တို့ မိသားစုမှာတော့ ကျွန်တော်ကပဲ အမိန့်ပေးတဲ့သူပါဗျာ...။”
ရွှီပေါ်အန်းက လက်ဟန်ခြေဟန်ဖြင့်...၊
“ကောင်းပြီ... ဒါဆိုရင်လည်း မင်းရဲ့ မိသားစု အခြေအနေကို ငါ ကြည့်ရတာပေါ့...။” ဟု ပြောလိုက်၏။
ထျန်ရှောင်ဟူသည် ဖုန်းကို လျင်မြန်စွာ ခေါ်လိုက်ပြီး ရွှီပေါ်အန်း ပေးထားသော ရွေးချယ်စရာ နှစ်ခုကို ရှင်းပြလိုက်လေသည်။
“အဲဒါပဲလေ... အခြေအနေက အဲဒီလိုပဲ...။ ငါ ကျူချန်းလမ်း စီမံကိန်းကို သွားချင်တယ်...၊ မင်း သဘော တူလား...။”
စကားပြောအပြီးတွင် ထျန်ရှောင်ဟူက ရွှီပေါ်အန်းကို ကြည့်ကာ...၊ “စိတ်မပူပါနဲ့... ဘာပြဿနာမှ မရှိပါ ဘူး...။” ဟု ပြောသည့်အလား ပြုံးပြလိုက်လေ၏။
မမျှော်လင့်ဘဲ သုံးစက္ကန့်ပင် မပြည့်သေးချိန်တွင် ထျန်ရှောင်ဟူ၏ မျက်နှာမှာ ပြောင်းလဲသွားခဲ့ရလေ တော့သည်။
ထျန်ရှောင်ဟူသည် အံ့ဩတုန်လှုပ်သော မျက်နှာဖြင့်...၊
“ဘာ... မင်းက သဘောမတူဘူးလား...။ အဲဒီလို မလုပ်ပါနဲ့...၊ ငါ ပြောတာကို မင်း သေချာ မကြားလိုက် လို့လား...။”
ထို့နောက် သူသည် စိုးရိမ်တကြီးဖြင့်...၊
“သိပါတယ်... ငါ ပင်ပန်းမှာကို မင်း စိတ်ပူနေတာ ငါ သိပါတယ်...။ ဒါပေမဲ့...၊”
သူ၏ မျက်လုံးထောင့်မှတစ်ဆင့် ရွှီပေါ်အန်း ခိုး၍ ရယ်နေသည်ကို ထျန်ရှောင်ဟူ
မြင်လိုက်ရ၏။
ထျန်ရှောင်ဟူသည် ရှက်ကိုးရှက်ကန်းဖြင့် ဖုန်းမှ စပီကာကို လက်ဖြင့် အုပ်လိုက်ပြီး ရွှီပေါ်အန်းအား... ၊
“စိတ်မပူပါနဲ့ အစ်ကိုကြီး... ကျွန်တော် သူမကို အကျိုးသင့်အကြောင်းသင့် သေချာ ပြောပြလိုက် ပါ့မယ်...။ သူမ သေချာပေါက် သဘောတူလာမှာပါ...။” ဟု အတင်းပြုံး၍ ပြောလိုက်လေသည်။
ထို့နောက် သူသည် ဖုန်းထဲသို့ ဆက်လက် ပြောလိုက်လေ၏။
“မြောင်မြောင်... အခု ငါတို့မှာ ပိုက်ဆံ မလိုဘူးဆိုပေမဲ့ နောက်ကျရင် ပိုက်ဆံ လိုမယ့် နေရာတွေ အများကြီး ရှိလာလိမ့်မယ်ဆိုတာကို မင်း တွေးကြည့်လေ...။”
“ဟုတ်တယ်... မင်္ဂလာဆောင်ဖို့နဲ့ တောင်းရမ်းဖို့အတွက် ပိုက်ဆံ ငါ့မှာ ရှိပါတယ်...။ ဒါပေမဲ့ ကလေး မွေးပြီးရင်ရော...၊ ငါ့အမေရဲ့ ကျန်းမာရေးကလည်း မကောင်းဘူးလေ...။ မင်းကိုလည်း နယ်ဘက်မှာ မီးဖွားတာမျိုး ငါ မလုပ်စေချင်ဘူး...။”
“အဲဒီကျရင် မီးဖွားပြီးနောက် ပြုစုစောင့်ရှောက်ရေး ဂေဟာ ကုန်ကျစရိတ်တွေ၊ နို့မှုန့်ဖိုးတွေ၊ ဒိုင်ပါဖိုး တွေ၊ မင်းအတွက်ရော ကလေးအတွက်ပါ အာဟာရဖြည့် စွက်စာဖိုးတွေ၊ ပြီးတော့ ကလေးရဲ့ ပညာရေး ကုန်ကျစရိတ်တွေ...၊ အဲဒါတွေ အများကြီး ရှိသေးတယ်လေ...။”
“ဟေ့... ငါ့စကားကို ဖြတ်မပြောနဲ့ဦး...။ မင်းက စိတ်ထားကောင်းတဲ့ မိန်းကလေးဆိုတော့ ဒါတွေက အရေးမကြီးဘူးလို့ ထင်မှာပေါ့...၊ ဒါပေမဲ့ ငါက ယောက်ျားတစ်ယောက်လေ...။ ငါ့ရဲ့ တာဝန်တွေကို ငါ ရှောင်လွှဲလို့ မဖြစ်ဘူး...၊ တခြားအရာတွေကို ချွေတာနိုင်တယ် ဆိုဦးတော့...။ အိမ်တစ်လုံးတော့ လိုအပ် တယ် မဟုတ်လား...။ ငါသာ စီမံကိန်းမှာ သုံးနှစ်လောက် လုပ်လိုက်ရင် တုန်းကျန်းမှာ အိမ်တစ်လုံးကို အကြေဝယ်နိုင်မယ်လို့ ငါ ကတိပေးပါတယ်...။”
“ဘာ... မင်းမှာ တုန်းကျန်းမှာ အိမ်ရှိတယ် ဟုတ်လား...။ ဘယ်လောက်တောင် ကျယ်လို့လဲ...။”
“ဪ... စတုရန်းမီတာ ငါးဆယ်လား...။ ငါးဆယ်ဆိုရင်တော့ နည်းနည်း သေးတာပေါ့...။ ငါတို့ သုံးယောက်အပြင် မင်းရဲ့ မိဘတွေနဲ့ ငါ့ရဲ့ မိဘတွေပါ လာနေမယ်ဆိုရင်...။”
“ဘာ... မင်း ဆိုလိုတာက အိပ်ခန်း ငါးခန်းပါတာလား...။ အိပ်ခန်း...၊ ဒါဆိုရင်တော့ အကြီးကြီးပဲပေါ့...။”
“နှစ်ရာ့ခုနစ်ဆယ် ဟုတ်လား...။ လုံလောက်တာထက်တောင် ပိုသေးတယ်...။ နေဦး...၊ အဲဒီအိမ်က ဘယ်ကနေ ရတာလဲ...။”
“မင်းအဖေ ပေးတာလား...။”
“မဟုတ်ဘူး... နေဦး...၊ ငါ အခု အတော်လေး ဝေခွဲမရ ဖြစ်နေပြီ...။ မင်း အခုလေးတင် ပြောလိုက်တာ က...၊ မင်းမှာ တုန်းကျန်းမှာ အိမ်တစ်လုံး ရှိတယ်၊ အိပ်ခန်း ငါးခန်း ပါတယ်၊ စတုရန်းမီတာ နှစ်ရာကျော် ကျယ်တယ်၊ ပြီးတော့ ဝမ်တန်း ပလာဇာ အနီးမှာ ရှိတယ်၊ အဲဒါကို မင်းအဖေက ပေးထားတာ ဟုတ် လား...။”
“မင်းအဖေက အလုပ်ကိစ္စတွေ ပြီးသွားပြီလား...၊ သူက ငါ့ကို တွေ့ချင်တယ် ဟုတ်လား...။ ဘာ... မင်းမှာ ခေါင်းကိုင်ဖခင်တစ်ယောက်လည်း ရှိသေးတာလား...။ မင်းမှာ ခေါင်းကိုင်ဖခင်လည်း ရှိတယ် ဟုတ် လား...၊ တစ်ခုခုတော့ လွဲနေ ပြီ ထင်တယ်...။”
“မဟုတ်ဘူး... မင်းတို့ မိသားစုက တကယ်ပဲ ဘာလုပ်တာလဲ...။ ကောင်းပြီ...၊ ငါ အမြန်ဆုံး လာခဲ့ပါ့ မယ်...။ တွေ့မှပဲ အေးအေးဆေးဆေး စကားပြောကြတာပေါ့...။”
ဖုန်းချလိုက်ပြီးနောက် ထျန်ရှောင်ဟူ၏ မျက်နှာမှာ အတော်လေးကို ထူးဆန်းနေခဲ့လေသည်။
“အင်ဂျင်နီယာချုပ်ရွှီ...၊ ကျွန်တော်... နောက်ထပ် တစ်ရက်လောက် ခွင့် ထပ်ယူလို့ ရမလားခင်ဗျ...။”
ရွှီပေါ်အန်းက ပြုံးလျက် လက်ယမ်းလိုက်ပြီး ဘွန်ဆိုင်းကမ္ဘာထဲမှ ရှန်းဟွမ်သီး တစ်လုံးကို ယူလိုက် လေ၏။
“ရတာပေါ့... ကဲ...၊ ဒါလေး စားလိုက်ဦး...။ နောက်ကျလို့ မင်းရဲ့ ယောက္ခမနဲ့ တွေ့ရင် လုံးဝ အလျော့ မပေးနဲ့နော်...။ အရက်အိုးကို ကိုင်ပြီး သူ မူးသွားတဲ့အထိ တိုက်ပစ်လိုက်...။”
“ဒါက ဘာလဲဟင်...။”
ထျန်ရှောင်ဟူက ထိုအသီးကို တစ်ချက် ကြည့်လိုက်ပြီး ပါးစပ်ထဲသို့ ချက်ချင်း ထည့်လိုက်လေသည်။ ၎င်းမှာ သူသည် ရွှီပေါ်အန်းကို မည်မျှအထိ ယုံကြည်ကြောင်း ပြသနေခြင်းပင်။
“ဘာမှ မဟုတ်ပါဘူး... နောက်ကျရင် မင်း သိလာမှာပါ...။”
ရွှီပေါ်အန်းက ထျန်ရှောင်ဟူ ဆက်လက် ရင်ဆိုင်ရမည့် အရက်ဝိုင်းကို စိတ်ကူးကြည့်ရင်း ပြုံးလိုက်မိ လေသည်။
လင်းရှန်းနှင့် စူးထိုက်တို့တွင် ရွှီပေါ်အန်း ပေးထားသော အရက်နာကျ ပျောက်ကင်းစေသည့် ဆေးရှိနေ ပြီး ထျန်ရှောင်ဟူကလည်း ရှန်းဟွမ်သီးကို စားထားသဖြင့် သူတို့အားလုံးမှာ အတူတူပင် ဖြစ်လေသည်။ သူတို့ သေချာပေါက် အားရပါးရ သောက်ကြပေလိမ့်မည်။
“ဟုတ်ကဲ့... အင်ဂျင်နီယာချုပ်ရွှီ...၊ ဒါဆိုရင် ကျွန်တော် သွားလိုက်ပါဦးမယ်...။” ဟု ထျန်ရှောင်ဟူက နှုတ်ဆက်လိုက်လေ၏။
ထျန်ရှောင်ဟူ လှည့်ထွက်သွားသည်ကို မြင်သောအခါ ရွှီပေါ်အန်းက သတိပေးလိုက်လေသည်။
“ဒါနဲ့... နေရာရွေးမယ်ဆိုရင်တော့ ရွိုင်ရယ်ဒိုင်နက်စတီဟိုတယ် ကိုတော့ မရွေးနဲ့နော်...။”
ထျန်ရှောင်ဟူက ဝေခွဲမရသော အမူအရာဖြင့်...၊
“ဟင်... ဘာလို့လဲဟင်... အဲဒါက တုန်းကျန်းမှာ အကောင်းဆုံး ဟိုတယ်လေ...။ ပထမဆုံးအကြိမ် တွေ့ဆုံတာဆိုတော့ အလေးအမြတ် ထားတယ်ဆိုတာ ပြချင်လို့ အဲဒီ ဟိုတယ်ကိုပဲ ရွေးဖို့ စဉ်းစားထား တာဗျ...။” ဟု ပြောလိုက်လေသည်။
ရွှီပေါ်အန်းက ခေါင်းခါလိုက်၏။ လင်းမိသားစု သားအဖမှာ ရွိုင်ရယ်ဒိုင်နက်စတီဟိုတယ်က အစား အသောက်များကို ငြီးငွေ့နေလောက်ပြီ ဖြစ်ပေလိမ့်မည်။
အရေးကြီးဆုံး အချက်မှာ လူတစ်ယောက်ကို မိမိအိမ်သို့ ထမင်းဖိတ်ကျွေးလျှင် မည်သူက ပိုက်ဆံ ရှင်းရမည်နည်း။
ထို့အပြင် အကယ်၍ ပြိုင်ဘက်၏ နယ်မြေထဲတွင် သွားရောက် တွေ့ဆုံမည်ဆိုပါက စကားစပြော သည်နှင့် မင်းအနေဖြင့် စိတ်ပိုင်းဆိုင်ရာအရ အလိုအလျောက် အားငယ်သွားပေလိမ့်မည်။
“မင်း လောနေတယ် မဟုတ်လား...၊ ငါ မင်းကို ရှင်းပြဖို့ အချိန်မရှိဘူး...။ ငါ ပြောတာကိုသာ မှတ်ထားပြီး သွားတော့...။”
ရွှီပေါ်အန်းက ထျန်ရှောင်ဟူကို ထပ်မံ မရှင်းပြတော့ဘဲ လွှတ်လိုက်လေတော့သည်။
မမျှော်လင့်ဘဲ နှစ်မိနစ်ပင် မပြည့်သေးချိန်တွင် ထျန်ရှောင်ဟူသည် မျက်နှာငယ်လေးဖြင့် ပြန်လည် ရောက်ရှိလာခဲ့ပြန်လေ၏။
“အခု ဘာဖြစ်ပြန်တာလဲ...။”
“အင်ဂျင်နီယာချုပ်ရွှီ... အစ်ကိုကြီး...၊ ကျွန်တော့်ရဲ့ အစ်ကိုကြီးရွှီရယ်...၊ အဆင်ပြေရင် ကျွန်တော်နဲ့အတူ လိုက်ခဲ့ပေးပါလားဟင်...။ ကျွန်တော် စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေလို့ပါ...၊ မြောင်မြောင်က အခုလေး တင် ပြောတာက...။”
ရွှီပေါ်အန်းက လက်မြှောက်ကာ တားလိုက်ပြီး...၊
“တော်စမ်းပါ... ခုနက မင်း ဖုန်းပြောနေတာကို ငါ ကြားပါတယ်...။ ဒါပေမဲ့ ငါ ခဏတော့ ထွက်လို့ မရ သေးဘူး...။ ဒီနေ့အတွက် စာရွက်စာတမ်းတွေကို ငါ ဖတ်လို့ မပြီးသေးဘူးလေ...။ ဒီလိုလုပ်...၊ မင်း အရင်သွားပြီး စီစဉ်ထားလိုက်...။ နေရာ သေချာသွားပြီဆိုရင် ငါ့ကို လှမ်းပြောလေ...။”
“ဟုတ်ကဲ့ အစ်ကိုကြီး... အဲဒါကိုပဲ သေချာ မှတ်ထားပေးပါနော်...။”
ထျန်ရှောင်ဟူသည် ထွက်ခွာသွားလေတော့သည်။
ရွှီပေါ်အန်းသည် ပြုံးရင်း ခေါင်းခါလိုက်မိလေ၏။ သူသည် ဘေးမှ ကြည့်နေသူအဖြစ်မှ ကိုယ်တိုင် ပါဝင်ပတ်သက်ရသူ ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
ရွှီပေါ်အန်းသည် ဖတ်ပြီးသား စာရွက်စာတမ်းကို သိမ်းဆည်းလိုက်ပြီး နောက်ထပ် တစ်ခုကို ယူရန် ပြင်နေစဉ် ဘွန်ဆိုင်းကမ္ဘာထဲရှိ တောင်စောင့်နတ်မင်းနတ်ကွန်း ဆီမှ ရိုသေစွာ ပူဇော်ဆုတောင်းနေသည့် သံများကို သူ ခံစားလိုက်ရပြန်လေသည်။
ရွှီပေါ်အန်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိလေ၏။
*’Dအသံမှာ တစ်ခုခု ထူးဆန်းနေသလိုပဲ...။*