← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃)

လီသူရဲကောင်း

ဝက်ဝံကြီးနှင့် တွေ့ဆုံခဲ့ရသော အဖြစ်အပျက်ကြောင့် လီချိန်းရှီမှာ တော်တော်လေးပင် ထိတ်လန့် တုန်လှုပ်သွားခဲ့ရလေ၏။ ပိုမိုဘေးကင်းစေရန်အတွက် ဝက်ဝံကြီး ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် သူသည် မြင်းလှည်းကို အလျင်အမြန် မောင်းနှင်ကာ ခရီးဆက်ရန် ဆုံးဖြတ်လိုက်လေတော့သည်။

နွားနှစ်ကောင်ကိုမူ ၎င်းတို့ဘာသာ အဆင်ပြေသလို နေရစ်ရန် ထိုနေရာ၌ပင် စွန့်ပစ်ထားခဲ့တော့လေ၏။ ကျွမ်းကျင်သော မုဆိုးတစ်ဦးဖြစ်သည့် လီချိန်းရှီသည် ရွေးချယ်မှုပြုလုပ်တတ်ခြင်းမှာ အသိဉာဏ်အရှိ ဆုံးသော လုပ်ရပ်ဖြစ်ကြောင်း ကောင်းစွာ နားလည်ထားပေသည်။

နွားနှစ်ကောင်မှာ တန်ဖိုးရှိသည်မှန်သော်လည်း တောင်စောင့်နတ်မင်းကြီး အလိုရှိသော အရာနှင့် နှိုင်းယှဉ်ပါက မည်သို့မျှ အရေးမပါလှချေ။

ထို့ကြောင့်ပင် ရွှီပေါ်အန်းသည် လီချိန်းရှီ သယ်ဆောင်လာသော နှင်းဆီပြာကျောက်တုံးကြီးကို အချိန်တို အတွင်း မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်။

သို့သော် ရွှီပေါ်အန်းကို စိတ်ပျက်သွားစေသည့်အချက်မှာ... ဤနှင်းဆီပြာကျောက်မှာ သူ စိတ်ကူးယဉ် ထားသည့်အရာနှင့် လုံးဝ ခြားနားနေခဲ့ခြင်းဖြစ်လေသည်။ သူသည် လှည်းပေါ်တွင် တင်ဆောင်လာခဲ့ သော လီချိန်းရှီ၏ အရွယ်အစားခန့်ရှိသည့် နှင်းဆီပြာကျောက်တုံးကြီးကို စိုက်ကြည့်ရင်း ရင်ကွဲမတတ် ခံစားလိုက်ရလေ၏။

ကွာရှင်းပြတ်စဲခဲ့စဉ်ကပင် သူ ဤမျှလောက်အထိ စိတ်နှလုံး မထိခိုက်ခဲ့ဖူးချေ။

ရွှီပေါ်အန်းမှာ မူလက ဧကရာဇ်စိမ်း ကျောက်စိမ်းရတနာများ ရရှိတော့မည်ဟု ထင်မှတ်ကာ အတိုင်း ထက်အလွန် ဝမ်းသာပီတိဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ထိုရတနာများမှ ရရှိမည့် ဝင်ငွေဖြင့် ချမ်းသာကြွယ်ဝ လာမည်ဟု သူ မျှော်လင့်ထားခဲ့လေ၏။

စျေးကွက်အတွင်းသို့ ပမာဏအမြောက်အမြား ရောင်းချ၍ မဖြစ်နိုင်သော်လည်း အနည်းငယ်စီ ရောင်းချ ရုံဖြင့်ပင် ကုဋေပေါင်းများစွာ ရရှိရန်မှာ မခဲယဉ်းလှပေ။

ထိုသို့သော မတည်ရင်းနှီးငွေနှင့် သူ၏ နှစ်ပေါင်းများစွာ တည်ဆောက်ထားသော လူမှုကွန်ရက်များ ပေါင်းစပ်လိုက်လျှင် သူလုပ်ဆောင်သမျှ အရာရာတိုင်းမှာ အောင်မြင်ချောမွေ့နေပေလိမ့်မည်။ သူ အခြေအနေ နိမ့်ကျနေစဉ်အချိန်က မည်သူကမျှ အဘယ်ကြောင့် လက်ကမ်းမကူညီခဲ့ကြသနည်း ဟူသော မေးခွန်းအတွက် အဖြေမှာမူ အလွန်ပင် ရိုးရှင်းလှပေ၏။

အသက်အရွယ် ရလာသည်နှင့်အမျှ လူမှုဆက်ဆံရေးဆိုသည်မှာ အပြန်အလှန် အကျိုးစီးပွားပေါ်တွင် သာ အခြေခံထားခြင်းဖြစ်ကြောင်း ရွှီပေါ်အန်း ပိုမိုနားလည်လာခဲ့လေသည်။ ပွင့်ပွင့်လင်းလင်း ပြောရ လျှင် လူတစ်ယောက်၏ အသုံးချနိုင်စွမ်းပေါ်တွင်သာ မူတည်နေခြင်း ဖြစ်ပေသည်။

သင်သည် တန်ဖိုးရှိနေသည့်အချိန်တွင် သင့်အိမ်၌ ဧည့်သည်များဖြင့် ပြည့်နှက်နေမည်ဖြစ်ပြီး သင် ကြိုဆိုနှုတ်ဆက်ရသူတိုင်းမှာလည်း ဂုဏ်သရေရှိ လူကြီးမင်းများသာ ဖြစ်နေပေလိမ့်မည်။

သင်၏ အသုံးဝင်မှု မရှိတော့သည့်အခါတွင်မူ သင့်ကို ဒုက္ခပေးရန် မကြိုးစားဘဲ နေပေးခြင်းကပင်လျှင် စစ်မှန်သော မိတ်ဆွေကောင်း၏ အပြုအမူ ဖြစ်နေလေပြီပင်။ လူတို့က ပြောလေ့ရှိကြသည်မှာ မိတ်ဆွေ များလေ ကောင်းလေဟူ၍ ဖြစ်၏။ သို့သော် အခွင့်အရေးသမားများနှင့် မိတ်ဆွေယုတ်များမှာ မည်သည့် နေရာတွင် အသုံးတည့်ပါသနည်း။

အမှန်တကယ်ပင် ထိုသို့လား...။ မှန်ကောင်း မှန်နိုင်ပေသည်။

သို့သော် လူတစ်ယောက်၏ တန်ဖိုးကို မည်သို့ သတ်မှတ်မည်နည်း။ ကျောင်းတက်နေစဉ်အချိန်တွင် စာတော်သူများက အကောင်းဆုံး ဖြစ်ကြ၏။ အလုပ်ခွင်သို့ ရောက်သည့်အခါတွင်မူ ချမ်းသာကြွယ်ဝသူ သို့မဟုတ် အောင်မြင်သူများကို “ထက်မြက်သူ” ဟု သတ်မှတ်ကြပြန်လေသည်။

အသက်ကြီးလာသည့်အခါတွင်မူ သားသမီးများ၏ အောင်မြင်မှုက မိမိ၏ တန်ဖိုး ဖြစ်လာပြန်လေ၏။

နောက်ဆုံးတွင်မူ အရာအားလုံးမှာ လူတစ်ယောက်၏ ကိုယ်ပိုင်တန်ဖိုးကိုသာ ရောင်ပြန်ဟပ်နေခြင်း ဖြစ်ပေသည်။ သင်၏ တန်ဖိုးဆိုသည်မှာ အခြားသူများ၏ အမြင်တွင် အသုံးချခံနိုင်စွမ်းသာ ဖြစ်လေ၏။ သင်၏ ကိုယ်ပိုင်တန်ဖိုး မြင့်တက်လာသည့်အခါမှသာ ထို ထက်မြက်သူ များသည် သင်၏ မိတ်ဆွေများ ဖြစ်လာကြပေလိမ့်မည်။

ထို့ကြောင့် “မိမိကိုယ်မိမိ အားကိုးခြင်းကသာ အကောင်းဆုံး” ဆိုသည့် စကားမှာ အမှန်ကန်ဆုံးပင် ဖြစ် လေ၏။

အဘယ်ကြောင့်ဆိုသော် မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို အသုံးချရန် အလွယ်ကူဆုံးမှာ မိမိကိုယ်ကိုယ်သာ ဖြစ်သောကြောင့်တည်း။ မိမိကိုယ်မိမိပင် အားမကိုးနိုင်လျှင် မည်ကဲ့သို့သော မိတ်ဆွေကောင်းများကို မျှော်လင့်နိုင်ပါမည်နည်း။

“တောင်များ ပြိုကျနိုင်သည်၊ လူများ ထွက်ပြေးသွားနိုင်သည်၊ မိမိကိုယ်ကို အားကိုးခြင်းသာလျှင် စိတ်အချရဆုံး ဖြစ်သည်” ဟု ဆိုရခြင်းမှာ ထိုကြောင့်ပင် ဖြစ်၏။

ထို့ကြောင့်လည်း ရွှီပေါ်အန်းသည် သူ အခြေအနေ နိမ့်ကျသွားချိန်တွင် မိမိကို ရှောင်ဖယ်သွားသူများ အပေါ် မည်သည့်အခါမျှ အငြိုးအတေး မထားခဲ့ပေ။ ၎င်းမှာ အခြားသူများက သင့်ကို ရှောင်ဖယ်ခြင်း မဟုတ်ဘဲ သင်ကိုယ်တိုင်က တန်ဖိုးတူညီသော အသိုက်အဝန်းထဲမှ ဖယ်ထုတ်ခံလိုက်ရခြင်းသာ ဖြစ်လေ သည်။

အောင်မြင်သူတိုင်း၏ ဘေးနားတွင် အတက်အကျ အမျိုးမျိုး ကြုံတွေ့နေရသူများစွာ ရှိနေသဖြင့် လူတိုင်းကို လိုက်လံ ဂရုစိုက်ရန်မှာ မဖြစ်နိုင်သောအရာပင် ဖြစ်၏။ အသေးအဖွဲ ကိစ္စရပ်များတွင်ပင် လက်ကမ်းကူညီပေးလိုသူမှာ အလွန်ပင် မွန်မြတ်လှပေပြီ။

ဒဏ္ဍာရီဆန်လှသော မိတ်ဆွေစစ်များ ရရှိရန်မှာမူ တစ်သက်တွင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်မျှသာ ကြုံတွေ့နိုင်သည့် ကံထူးမှုမျိုးပင် ဖြစ်လေသည်။

သို့သော် ရွှီပေါ်အန်းအတွက် ထိုအခွင့်အရေးမှာ ခေတ္တမျှ ဝေးကွာသွားပြီ ဖြစ်ကြောင်း စိတ်ပျက်စွာဖြင့် သိလိုက်ရလေသည်။ ကုဋေကြွယ်သူဌေး ဖြစ်လာမည့် သူ၏ အိပ်မက်မှာ စတင်ရုံရှိသေးသော်လည်း ကြေမွသွားခဲ့ရပြီ ဖြစ်၏။

လှည်းပေါ်တွင် ပါလာသောအရာမှာ ဧကရာဇ်စိမ်း မဟုတ်ဘဲ အရည်အသွေး အသင့်အတင့်ရှိသော သာမန် ကျောက်စိမ်းတုံးကြီး တစ်တုံးသာ ဖြစ်နေခဲ့လေ၏။

“ဧကရာဇ်စိမ်း” ဟု အမည်တပ်ရန်ပင် ခက်ခဲလှသည့် ဤကျောက်တုံး၏ အစိမ်းရောင်မှာ ရွှီပေါ်အန်း၏ စိတ်ပျက်နေသော မျက်နှာထက်ပင် ပို၍ ဖျော့တော့နေသလို ခံစားလိုက်ရလေသည်။ သူသည် အလွန်ပင် နုနယ်လွန်းခဲ့ပုံရ၏။

ဘွန်ဆိုင်းကမ္ဘာတစ်ခုလုံးတွင် ဧကရာဇ်စိမ်းများဖြင့် ပြည့်နှက်နေမည်ဟု သူ ထင်မှတ်ခဲ့မိသည်။ သို့သော် ပြန်လည်စဉ်းစားကြည့်လျှင် ယခင်က သူ ကောက်ရခဲ့သော ခါးချိတ်တံဆိပ်ပြားမှာ တိုက်ဆိုင်မှုကြောင့် သာ ဧကရာဇ်စိမ်း ဖြစ်နေခဲ့ခြင်းပင်။

ကျောက်စိမ်းနှင့် ရတနာများ၏ ထွက်ရှိမှုမှာ အမျိုးမျိုးသော ပုံသဏ္ဌာန်နှင့် အရည်အသွေးများ ရှိနေခြင်း မှာ သဘာဝပင် ဖြစ်၏။ ဧကရာဇ်စိမ်းများသာ ထွက်ရှိနေမည်ဆိုပါက ထိုအရာမှာ ပို၍ပင် ထူးဆန်း နေပေလိမ့်မည်။ လောကကြီးတွင် အရွက်နှစ်ရွက်မှာ လုံးဝ တူညီနိုင်ခြင်း မရှိသည် မဟုတ်ပါလား။

ဤအချက်ကို နားလည်သွားပြီးနောက် ရွှီပေါ်အန်းသည် အတန်ငယ် စိတ်ပျက်သွားသော်လည်း သူ၏ စိတ်ဓာတ်ကို လျင်မြန်စွာ ပြန်လည် ပြုပြင်လိုက်လေသည်။

ဘွန်ဆိုင်းကမ္ဘာတွင် ဧကရာဇ်စိမ်း ထွက်ရှိနိုင်ခြေ မည်မျှပင် ရှိစေကာမူ ရွှီပေါ်အန်းအတွက် အားသာ ချက်တစ်ခု ရှိနေပေသည်။ ၎င်းမှာ ဘွန်ဆိုင်းကမ္ဘာတွင် ဧကရာဇ်စိမ်း၏ တန်ဖိုးကို မည်သူကမျှ လိုက်လံ မြှင့်တင်ထားခြင်း မရှိခြင်းပင် ဖြစ်၏။ ထို့ကြောင့် စိတ်ရှည်စွာ ရှာဖွေမည်ဆိုပါက ရွှီပေါ်အန်း နေထိုင် သော ကမ္ဘာထက် ပို၍ လွယ်ကူစွာ စုဆောင်းနိုင်ပေလိမ့်မည်။

ထိုသို့ တွေးမိသည်နှင့် ရွှီပေါ်အန်းသည် ရက်ရောစွာဖြင့် မိန့်ကြားလိုက်လေတော့သည်။

“လီချိန်းရှီသည် နှင်းဆီပြာကျောက်ကို ဘေးမသေ ရန်မခဘဲ အရောက်ပို့ပေးနိုင်ခဲ့သည့်အတွက် ဝက်သား ကျင်း (၂၀) ၊ ကြက်သား ကျင်း (၅၀) နှင့် မွှေးရနံ့သာအသား (၅) ကျင်းကို ဆုလာဘ်အဖြစ် ပေးသနားတော်မူသည်...။”

“မွှေးရနံ့သာအသား” ဟူသည်မှာ ရွှီပေါ်အန်းက ဝက်အူချောင်းများကို ခေါ်ဝေါ်သည့် အမည်ဖြစ်လေ သည်။ ဤအရာမှာ အမှန်တကယ်ပင် အရသာရှိသော်လည်း နည်းပညာများဖြင့် ဖန်တီးထားခြင်း ဖြစ်သဖြင့် ခန္ဓာကိုယ်အတွက် ဆိုးကျိုး ရှိနိုင်မလားဆိုသည်ကို ရွှီပေါ်အန်း မသေချာချေ။

ထို့ကြောင့် သူသည် မွှေးရနံ့သာအသားကို အနည်းဆုံးသာ ဆုချခဲ့ခြင်း ဖြစ်၏။ ဝက်သားနှင့် ကြက်သား တို့မှာမူ ရွာသားများတွင် ရှိနှင့်ပြီးသား ဖြစ်သဖြင့် သူတို့၏ အစားအသောက် အလေ့အထနှင့်လည်း ကိုက်ညီပေလိမ့်မည်။

ရွှီပေါ်အန်းသည် သူ၏ အသံကို တမင် ဖုံးကွယ်ထားခြင်း မရှိသဖြင့် မြို့ရိုးအတွင်း၌ နေထိုင်နေကြသော ဓားပြများမှာလည်း ရွှီပေါ်အန်း၏ ကြေညာသံကို ကြားလိုက်ရလေသည်။ လူတိုင်းမှာ ဆွံ့အသွားကြရ၏။

“ဘုရားရေ... ခေါင်ရှန်းရွာက လူတွေ ဘာလို့ ချမ်းသာနေလဲဆိုတာ မဆန်းတော့ဘူးပဲ...။ အသားတွေ၊ ဥတွေက နေရာတိုင်းမှာ ရှိနေတာကိုး...။”

“တကယ်ပဲ ကောင်းကင်ကနေ မုန့်တွေ ပြုတ်ကျလာတာမျိုး ရှိနိုင်တာပဲလား...။”

“ဒီလိုမှန်း သိခဲ့ရင် လမ်းပေါ်မှာ ဓားပြတိုက်နေစရာ မလိုပါဘူး...။ ဒီလို ဝေးလံတဲ့ တောင်ပေါ်ရွာက မိန်းကလေးကိုပဲ ယူလိုက်ရတာ ပိုကောင်းဦးမယ်...။ ကိုယ်တိုင် ရွာကို လိုက်သွားရလည်း ကိစ္စမရှိပါဘူး၊ အသက်ကြီးတာလည်း ပြဿနာ မဟုတ်ပါဘူး...။”

“အဓိကကတော့ ဘာမှ မလုပ်ဘဲ အလကား ရတဲ့ အရသာကို ခံစားကြည့်ချင်တာပဲ...။”

ထိုဓားပြများသည် ရွှီပေါ်အန်း၏ စကားကို ကြားရသည်နှင့် တစ်ပြိုင်နက် စိတ်ဓာတ်များ တက်ကြွလာ ကာ မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန် ဆုံးဖြတ်လိုက်ကြလေသည်။ အခြားသူများ၏ အပြုအမူကို စောင့်ကြည့်ရန် တောင်စောင့်နတ်မင်းကြီးက တီးတိုး ခမိန့်ကြားထားခဲ့သည်ကိုလည်း သူတို့ သတိရသွားခဲ့လေကြ၏။ ဤဓားပြများသည် မိမိတို့ကိုယ်မိမိ တောင်စောင့်နတ်မင်းကြီး၏ ရွေးချယ်ခံရသူများ ဖြစ်သည်ဟု ထင်မှတ်သွားကြလေတော့သည်။

သူတို့သည် အနီးအနားရှိ အပေါင်းအဖော်များကို လိုက်လံ ကြည့်ရှုရင်း ထူးဆန်းသော အပြုအမူရှိသူကို ရှာဖွေနေကြခဲ့လေ၏။ သို့မှသာ သူတို့သည် ကောင်းမှုပြုလုပ်နိုင်ပြီး တောင်စောင့်နတ်မင်းကြီးထံမှ ဆုလာဘ်ကို စောစီးစွာ ရရှိနိုင်မည် မဟုတ်ပါလား။

သူတို့၏ ခေါင်းဆောင် မျက်လုံးတစ်ဖက်လပ်မှာမူ ရုတ်တရက် စိတ်အားထက်သန်လာသော သူ၏ လူများကို ကြည့်ရင်း ကြောင်တောင်တောင် ဖြစ်နေလေတော့သည်။

“ဟေး... ဒီကောင်တွေ ဘာဖြစ်နေကြတာလဲ...။ တစ်ခါတည်းနဲ့ စိတ်ဓာတ်တွေ တက်ကြွနေပါလား...။”

သူ တစ်ယောက်တည်း ရေရွတ်နေစဉ်မှာပင် အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။

“ဟေး... ဒီမြို့ရိုးက ဘယ်ကနေ ရောက်လာတာလဲ...။”

ထိုစကားသံကို ကြားသည်နှင့် ဓားပြများအားလုံး တက်ကြွစွာဖြင့် ထွက်လာကြကာ ဝိုင်းဝန်း မေးမြန်း လိုက်ကြလေသည်။

“ဘယ်သူလဲ...။ ဘာကိစ္စနဲ့ လာတာလဲ...။”

ထိုလူသစ်ကို ကြည့်နေကြသော သူတို့၏ အကြည့်များမှာ “ဆုလာဘ် ရတော့မည့် အခွင့်အရေး” ကို ကြည့်နေသည့်အလား ဖြစ်နေခဲ့ကြလေ၏။

“ကျွန်တော်မျိုးက ခေါင်ရှန်းရွာက လီချိန်းရှီပါ... သင်တို့က ဘယ်သူတွေလဲ...။”

လီချိန်းရှီမှာ သတ္တိရှိသူ ဖြစ်သော်လည်း ခရီးပန်းလာသဖြင့် အားအင်များ ကုန်ခမ်းနေခဲ့ပြီ ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော လူတစ်ဒါဇင်ကျော်ကို မြင်လိုက်ရသောအခါ သူ၏ စိတ်ထဲတွင် စိုးရိမ် ထိတ်လန့်သွားမိခဲ့လေ၏။

“ဘာ... လီချိန်းရှီလား...။ မင်းက တောင်စောင့်နတ်မင်းကြီး အခုလေးတင် ပြောလိုက်တဲ့ သူရဲကောင်း လီချိန်းရှီ မဟုတ်လား...။”

“သူရဲကောင်းလီ...။ ကျွန်တော်တို့က တောင်စောင့်နတ်မင်းကြီးရဲ့ အမိန့်နဲ့ မြို့ရိုးကို စောင့်ကြပ်နေတဲ့သူ တွေပါ...။ အားလုံးက တစ်ဖက်တည်းသားတွေပါပဲ...။”

“လီသူရဲကောင်း...၊ ဒီကိုလာပါ... မြင်းကို ကျွန်တော် ထိန်းပေးပါ့မယ်...”

“လီသူရဲကောင်း...၊ မြင်းလှည်းကို ကျွန်တော် မောင်းပေးပါ့မယ်...။”

“လီသူရဲကောင်း...။ မင်း ပင်ပန်းနေမှာပဲ...။ ကျွန်တော် နှိပ်ပေးပါရစေ၊ ကျွန်တော် အဲဒါ ကျွမ်းကျင်တယ် လေ...”

လီချိန်းရှီမှာ လုံးဝကို ဝေခွဲမရဖြစ်နေရင်း ထိုလူတစ်စု၏ ခေါ်ဆောင်ရာနောက်သို့ ရွာထဲအထိ ပါသွားလေ တော့သည်။

*ငါ လီချိန်းရှီက ဘယ်တုန်းက “လီသူရဲကောင်း” ဆိုတဲ့ နာမည် ရသွားတာလဲ...။*

သို့သော်လည်း လီသူရဲကောင်း ဆိုသည့် အမည်က ကျောက်တုံးလေး ဆိုသည့် အမည်ထက်တော့ ပို၍ နားဝင်ချိုလှသည် မဟုတ်ပါလား...။

အခန်း (၇၄)

မြေစောင့်နတ်စင်

ရွှီပေါ်အန်း၏ ကြွေးကြော်သံကို ရွာသားများ ကြားရသောအခါ လီချိန်းရှီ ပြန်ရောက်လာပြီဖြစ်ကြောင်း သူတို့ သိလိုက်ကြလေသည်။

လူတိုင်းမှာ လမ်းပေါ်သို့ ပြေးထွက်ကာ တောင်ပတ်လမ်းဆီသို့ မျှော်ကြည့်နေကြရာ မကြာမီမှာပင် လီချိန်းရှီ၏ ပုံရိပ်ကို မြင်တွေ့လိုက်ရလေတော့၏။

လီချိန်းရှီနှင့် မြင်းလှည်းကို မြင်လိုက်ရသော်လည်း...၊ နောက်ထပ် ဘာမှပါမလာခဲ့ချေ။

“ဟော... ကျောက်တုံးလေးက နွားကို ဝယ်မလာခဲ့ပါလား...။ နွားမရှိရင် မြေရိုင်းတွေ ဘယ်လိုဖော်ပြီး စိုက်ပျိုးကြမလဲ...။” ဟု ရွာသားတစ်ဦးက စိုးရိမ်တကြီး ရေရွတ်လိုက်လေသည်။

အခြားတစ်ဦးက ချက်ချင်းပင် ပြန်လည်ရှင်းပြလိုက်၏။

“ဘာတွေ လျှောက်ပြောနေတာလဲ...၊ တောင်စောင့်နတ်မင်းကြီး မိန့်ကြားတာ မကြားလိုက်ဘူးလား...။ ကျောက်တုံးလေးက အန္တရာယ်နဲ့ ကြုံပြီး သေလုမျောပါး ဖြစ်ခဲ့ရတာလေ...။ သူကိုယ်တိုင်တောင် မနည်း လွတ်အောင် ပြေးလာရတာကို နွားကို ဘယ်လိုလုပ် ဂရုစိုက်နိုင်မှာလဲ...။”

“အို... ဒုက္ခပါပဲ...။ ငါ့မိန်းမနဲ့ တခြားလူတွေလည်း အပြင်ထွက်သွားကြတာပဲ...။ သူတို့ရော ဘာများ ဖြစ်နေကြပြီလဲ မသိဘူး...။” ဟု တစ်ဦးက စိုးရိမ်တကြီး မေးမြန်းလိုက်ပြန်လေသည်။

“သိပ်ပြီး တွေးမပူပါနဲ့... ငါတို့အားလုံးကို တောင်စောင့်နတ်မင်းကြီးက ကာကွယ်ပေးထားတာပဲလေ...။ တောင်စောင့်နတ်မင်းကြီးက ဘာမှ မိန့်မကြားဘူးဆိုတော့ သူတို့ အဆင်ပြေမှာပါ...။”

“ဟုတ်ပါရဲ့... တောင်စောင့်နတ်မင်းကြီးက ငါတို့အပေါ်မှာ အရမ်းကို ကောင်းတာပဲ...။ ငါတို့ ဒုက္ခရောက် နေတာကို သူက ဒီအတိုင်း ကြည့်နေမှာ မဟုတ်ပါဘူး...။ ငါတို့ တောင်စောင့်နတ်မင်းကြီးရဲ့ ရွှေရောင် ရုပ်ထုကို အမြန်ဆုံး ပြန်လည်သွန်းလုပ်ရမယ်...။”

“မှန်တယ်... မှန်တယ်...။ ဒီကိစ္စကို အမြန်ဆုံး အကောင်အထည်ဖော်ရမယ်...။ မဟုတ်ရင် ငါ့စိတ်ထဲမှာ လုံးဝ မအေးချမ်းနိုင်ဘူး...။ တောင်စောင့်နတ်မင်းကြီးရဲ့ ကျေးဇူးကို မသိတတ်ရာ ရောက်နေမှာပေါ့...။”

ရွှီပေါ်အန်းသည် ထိုစကားများကို ကြားရသောအခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။

ခေါင်ရှန်းရွာမှ ရွာသားများသည် စိတ်နှလုံး ကောင်းမွန်ကြပြီး အလုပ်ကြိုးစားကြသည့်အပြင် အဓိက အချက်မှာ ကျေးဇူးသိတတ်ကြခြင်းပင် ဖြစ်ပေ၏။

ရွှီပေါ်အန်းသည် လက်ဖက်ရည်ခွက်ကို မကာ ရေတစ်ငုံ သောက်လိုက်ပြီး အသံကို ညှိကာ လီခန့်ရှန်း အား မိန့်ကြားလိုက်လေသည်။

“လီခန့်ရှန်း... အရင်က မင်းတို့နေခဲ့တဲ့ အိမ်ထဲက ပစ္စည်းတွေကို သိမ်းဆည်းဖို့ လူတိုင်းကို ပြောလိုက် တော့...။ ငါ မင်းတို့ကို အိမ်အသစ်တစ်လုံး ပေးမယ်...။”

ထိုစကားကို ကြားရသောအခါ လီခန့်ရှန်းသည် ပြားပြားဝပ် ရှိခိုးကာ...၊

“တောင်စောင့်နတ်မင်းဘိုးဘိုးကြီးရဲ့ ကရုဏာတော်အတွက် ကျေးဇူးတင်ပါတယ်...။ ကျွန်တော်မျိုး လူတိုင်းကို ချက်ချင်း ပြင်ဆင်ခိုင်းလိုက်ပါ့မယ်...။”

ရွာသားများသည် ရွာလူကြီးကို သံသယဖြင့် ကြည့်နေကြစဉ်မှာပင် လီခန့်ရှန်းက လက်ကိုဝှေ့ယမ်းကာ အော်ဟစ်လိုက်လေ၏။

“မြန်မြန်လုပ်ကြ... တောင်စောင့်နတ်မင်းကြီးက ငါတို့ကို အိမ်အသစ်တစ်လုံး ပေးသနားတော့မယ်တဲ့...။ အားလုံးပဲ ဒီတဲကြီးနှစ်ခုထဲက ပစ္စည်းတွေကို အမြန်ဆုံး သိမ်းဆည်းကြ...။”

တောင်စောင့်နတ်မင်းကြီး၏ ညွှန်ကြားချက်ဖြစ်ကြောင်း သိရသောအခါ လူအုပ်ကြီးမှာ တက်ကြွစွာဖြင့် မိမိတို့၏ ပစ္စည်းများကို သိမ်းဆည်းရန် ပြေးသွားကြလေတော့သည်။

မကြာမီမှာပင် အသင့်စား ခေါက်ဆွဲဗူးခွံကြီးနှစ်ခုမှာ ဗလာကျင်းသွားခဲ့၏။

ရွှီပေါ်အန်းသည် ဦးစွာ လက်လှမ်းကာ အသင့်စား ခေါက်ဆွဲဗူးခွံကြီးနှစ်ခုကို အပြင်သို့ ထုတ်ယူလိုက်ပြီး တူလို မြေနံရံအိမ်ရာ ပုံစံငယ်ကို ဂရုတစိုက် မကာ ဘွန်ဆိုင်းထဲသို့ ဖြေးညင်းစွာ ထည့်လိုက်လေသည်။

မြေနံရံအိမ်ရာ ပုံစံငယ်မှာ ကျောက်သားအခြေနှင့်ဆိုလျှင် မြင့်မားလွန်းသဖြင့် ရွာသားများ ဝင်ထွက်သွား လာရန် ခက်ခဲမည်ကို သူ စိုးရိမ်မိနေ၏။

ထို့ကြောင့် ရွှီပေါ်အန်းသည် ပန်းအိုးစိုက်ရာတွင် အသုံးပြုသော သံမဏိ ဂေါ်ပြားလေးကို ယူကာ မြေ ကြီးကို ကျင်းတူးလိုက်ပြီးမှ တူလို မော်ဒယ်ကို ထိုနေရာတွင် အသာအယာ ချထားလိုက်လေသည်။

လူသားငယ်လေးများမှာမူ တစ်ခဏအတွင်းမှာပင် ဧရာမ အိမ်ကြီးနှစ်လုံးမှာ ကောင်းကင်ယံသို့ ပျံတက် သွားကာ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ၏။ ထို့နောက် ကောင်းကင်ယံမှ တောက်ပနေသော ငွေရောင် ဂေါ်ပြားကြီး တစ်ခု ကျဆင်းလာခဲ့လေသည်။

ထိုဂေါ်ပြားကြီးက မြေကြီးကို တစ်ချက်တည်းနှင့် ကျင်းကြီးဖြစ်အောင် တူးဆွလိုက်လေ၏။

ထို့နောက် မှောင်မည်းပြီး လေးလံသော အရာတစ်ခုမှာ ကောင်းကင်မှ ကျဆင်းလာပြီး... ထိုကျင်းထဲတွင် တည်ငြိမ်စွာ အခြေကျသွားခဲ့လေသည်။

သေချာစွာ ကြည့်လိုက်သောအခါ ၎င်းမှာ အလွန်တရာ ခမ်းနားထည်ဝါပြီး တောက်ပနေသော အဆောက်အအုံကြီး တစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။

“ဟောဗျာ... ဒါက အိမ်လား... ကျွန်တော့်အမြင်မှာတော့ နန်းတော်နဲ့တောင် တူနေပါလား...။”

“ခရိုင်ဝန်မင်းရဲ့ အိမ်တောင် ဒီလောက် မကြီးမားဘူး...။ ဒါက တကယ့်ကို ခမ်းနားလွန်းတယ်...။”

“ဟိုမှာကြည့်စမ်း... လမ်းရှိတယ်...၊ ငါတို့ ဝင်ကြည့်ကြရအောင်...။”

“ဘုရားရေ... ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်... လေးထပ်တောင် ရှိတာပါလား...။”

“ငါတို့လူတွေ အားလုံးပေါင်းရင်တောင် တစ်ထပ်တည်းနဲ့တင် ပြည့်မှာ မဟုတ်ဘူး...။”

“နှမြောစရာကောင်းတာက အပြင်ကကြည့်တော့ ပထမထပ်မှာ ပြတင်းပေါက်တွေ မပါသလိုပဲနော်...။”

“ဟုတ်တယ်... ကျွန်တော်လည်း သတိထားမိတယ်...။ ပထမထပ်နဲ့ ဒုတိယထပ်မှာ ပြတင်းပေါက်တွေ မပါဘူးဆိုတော့ ငါတို့ တတိယထပ်မှာပဲ နေကြရအောင်...။”

“ဟေ့... မင်းကလည်း ဘာတွေ ရွေးချယ်နေတာလဲ...။ နေစရာ ရတာကိုပဲ ကျေးဇူးတင်လှပြီ...။ ဒီအိမ်က ငါတို့ အရင်ကနေခဲ့တဲ့ ကျောက်အိမ်၊ မြေအိမ်တွေထက် အဆပေါင်းများစွာ ပိုကောင်းတာပဲလေ...။”

“ဒါပေါ့... တောင်စောင့်နတ်မင်းကြီး ပေးသနားတဲ့ အရာဆိုတော့ ဘယ်မှာ မကောင်းဘဲ ရှိပါ့မလဲ...။”

ရွှီပေါ်အန်းသည် သူတို့၏ စကားများကို နားထောင်ပြီးနောက် ရှင်းပြလိုက်လေ၏။

“ဒီအိမ်ရဲ့ ပထမထပ်နဲ့ ဒုတိယထပ်ကို မီးဖိုချောင်နဲ့ သိုလှောင်ရုံအဖြစ် အသုံးပြုနိုင်တယ်...။ ပြတင်း ပေါက်ပါတဲ့ တတိယထပ်နဲ့ စတုတ္ထထပ်ကိုတော့ မင်းတို့ နေထိုင်ဖို့ အသုံးပြုကြပေါ့...။”

“ပြီးတော့ လီချိန်းရှီက အခက်အခဲတွေကို အောင်မြင်စွာ ကျော်ဖြတ်ပြီး သေလုမျောပါး ခရီးကနေ ပြန်လာနိုင်ခဲ့တဲ့အတွက် သူက ဒီအိမ်ရဲ့ ပထမဆုံး နေထိုင်ခွင့်ရသူ ဖြစ်လိမ့်မယ်...။ သူ အလိုရှိတဲ့ နေရာ ကို အရင်ဆုံး ရွေးချယ်ခွင့် ပေးလိုက်တယ်...။”

လူအများ၏ အားကျသော အကြည့်များကြားတွင် လီခန့်ရှန်းသည် ဂုဏ်ယူစွာဖြင့် ခါးကို မတ်လိုက် လေသည်။

“အားလုံးပဲ ကြိုးစားကြစမ်းပါ...။ တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက မင်းတို့အားလုံးကို သေချာပေါက် ဆုချမှာပါ...။”

ရွှီပေါ်အန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်လေ၏။

“အင်း... ရွာလူကြီး လုပ်လာတာ နှစ်ပေါင်းများစွာ ကြာပြီဆိုတော့ ပြောလိုက်တဲ့ စကားတွေက နားဝင်ချို သားပဲ...။”

ထိုအချိန်တွင် လီချိန်းရှီလည်း ရွာထဲသို့ ပြန်ရောက်လာခဲ့လေသည်။

“အဘိုး... ကျွန်တော် ပြန်လာပါပြီ...။”

“လိမ္မာလိုက်တဲ့ မြေးလေး...။ တောင်စောင့်နတ်မင်းဘိုးဘိုးကြီး မိန့်ကြားတာ မင်း ကြားတယ် မဟုတ် လား...။ လာလေ... ငါတို့နေဖို့ နေရာကို အရင်ဆုံး ရွေးချယ်လိုက်ပါဦး...။”

“အဘိုး စိတ်ကြိုက်သာ ရွေးပါ...။ ကျွန်တော်ကတော့ တောင်စောင့်နတ်မင်းကြီးကို အမွှေးတိုင် ပူဇော်ဖို့ အပေါ်ထပ်ကို အရင်သွားချင်တယ်...။ ရှိရှန်းမြို့ကနေ အမွှေးတိုင်တွေ အများကြီး ဝယ်လာခဲ့တယ် လေ...။”

“ကောင်းပြီ... ကောင်းပြီ...၊ မင်း သွားချင်ရင်လည်း သွားလေ... ခရီးဆက်ပါဦး...။”

လီချိန်းရှီ ခေါင်းညိတ်လိုက်ပြီး နောင်တရစွာဖြင့် ပြောလိုက်လေသည်။

“နှမြောစရာကောင်းတာက လမ်းမှာ ဝက်ဝံကြီးနဲ့ တွေ့ခဲ့လို့ နွားနှစ်ကောင်ကို ခေတ္တ စွန့်ပစ်ခဲ့ရတယ် အဘိုး...။”

“အားလုံး ဘေးကင်းတာကိုပဲ ကျေးဇူးတင်ရမှာပါ...။ နွားကိုတော့ နောက်မှ ပြန်ဝယ်လို့ ရတာပဲလေ...။”

“ကျောက်တုံးလေး... ဦးလေး မေးပါရစေဦး...။ ဝက်ဝံနဲ့ ဘယ်နားမှာ တွေ့ခဲ့တာလဲ...။ မင်းရဲ့ အဒေါ်နဲ့ ဦးလေးက ဒီမနက်တင် သူတို့ မိဘတွေအိမ်ကို သွားကြတာဆိုတော့ ငါ သူတို့အတွက် စိတ်ပူနေလို့ပါ...။”

လီချိန်းရှီ ခေါင်းခါလိုက်ပြီး...၊

“ကျွန်တော် တွေ့ခဲ့တဲ့ ဝက်ဝံက အမွှေးအမျှင်တွေ ပြောင်လက်နေပြီး အမဲလိုက်နေတဲ့ ပုံစံမျိုး မဟုတ် ဘူး...။ လမ်းမှာလည်း ထူးခြားတဲ့ အမှတ်အသားတွေ မတွေ့ခဲ့ရဘူးဆိုတော့ သူတို့ အဆင်ပြေမှာပါ...။”

“တွေ့လား... ငါ မင်းကို ဘာပြောခဲ့လဲ...။ ငါတို့မှာ တောင်စောင့်နတ်မင်းကြီး ကာကွယ်ပေးထားတာပဲ လေ...။ မင်းက မလိုအပ်ဘဲ အမြဲ စိတ်ပူနေတာပဲ...။ အဲဒါ တောင်စောင့်နတ်မင်းကြီးအပေါ် မလေးမစား ပြုရာ ရောက်တယ်နော်...။”

“ကျွန်တော် မှားသွားပါတယ် ရွာလူကြီးမင်း... ။ ခဏနေရင် ကျောက်တုံးလေးနဲ့အတူ တောင်စောင့် နတ်မင်းကြီးကို အမွှေးတိုင် သွားပူဇော်လိုက်ပါ့မယ်...။ တောင်စောင့်နတ်မင်းနတ်ကွန်းကိုလည်း သန့်ရှင်းရေး လုပ်ပေးရင်း နောင်တရကြောင်း ပြသပါ့မယ်...။”

“အဲဒါမှ ဟုတ်တာပေါ့...။ ကျောက်တုံးလေး... မင်း သွားတော့လေ...။ တောင်စောင့်နတ်မင်းဘိုးဘိုးကြီး ကို နှင်းဆီပြာကျောက် အကြောင်းလည်း သွားပြီး သတင်းပို့ဖို့ မမေ့နဲ့ဦး...။”

လီချိန်းရှီ ခေါင်းညိတ်လိုက်ပြီး ရွာထဲမှ လူကြီးနှင့်အတူ တောင်စောင့်နတ်မင်းနတ်ကွန်း ဆီသို့ လျှောက် လှမ်းသွားလေတော့သည်။

...

ထိုအချိန်တွင် ဝမ်ကွေ့ဖန်းသည်လည်း သူမ၏ မိဘများရှိရာ ရွာသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်၏။

ရွာထဲသို့ မဝင်မီမှာပင် လမ်းဘေး ဝဲယာရှိ လယ်ကွင်းထဲမှ လူများက သူမကို လက်ရမ်း နှုတ်ဆက် နေကြလေသည်။

ထိုသူများမှာ လမ်းဘေးရှိ မိမိတို့၏ လယ်ကွင်းများကို ပြုပြင်နေကြသော ရွာသားများ ဖြစ်ကြ၏။

ဝမ်ကွေ့ဖန်းသည် ဝမ်းသာအားရ ပြန်လည် နှုတ်ဆက်လိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် ခါးကို မတ်ကာ ပြုံးပြလိုက်လေသည်။

လယ်ကွင်းအစပ်တွင် ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးတစ်ဦးနှင့် ဆော့ကစားနေသည်ကို မြင်သော အခါ သူမသည် ခြင်းတောင်းထဲမှ သကြားခဲတစ်ခဲကို ထုတ်ယူကာ ကလေးငယ်အား ရက်ရောစွာ ပေးကမ်းလိုက်လေ၏။

ယခုအချိန်တွင် ဝမ်ကွေ့ဖန်းသည် ယခင်ကကဲ့သို့ မိဘအိမ်သို့ လာရောက် ခိုကပ်ရသဖြင့် မျက်နှာငယ် ရသော၊ ခါးမတ်မတ် မထားနိုင်သော သူမျိုး မဟုတ်တော့ချေ။

ခြေလှမ်းအနည်းငယ် ဆက်လှမ်းလိုက်သောအခါ ရွာ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ဗဟိုချက်မ သို့ ရောက်ရှိသွားခဲ့လေသည်။

၎င်းမှာ ကုက္ကိုပင်ကြီး တစ်ပင်ပင် ဖြစ်၏။

ထိုကုက္ကိုပင်ကြီးအောက်တွင် အဘိုးအိုများနှင့် အဘွားအိုများသည် တစ်နှစ်ပတ်လုံး ထိုင်ကာ နေပူစာလှုံ ရင်း၊ လေညင်းခံရင်း အချိန်ကုန်လေ့ ရှိကြပေသည်။

လူတစ်ယောက် ချဉ်းကပ်လာသည်နှင့် အားလုံး၏ အကြည့်များမှာ ထိုသူ့ဆီသို့ ရောက်ရှိသွားကြလေ၏။

“ဟော... ဟိုမှာကြည့်စမ်း...၊ အဘိုးဝမ်ရဲ့ ဒုတိယသမီး မဟုတ်လား...။”

“ဟုတ်ပါရဲ့... ခေါင်ရှန်းရွာကို အိမ်ထောင်ကျသွားတဲ့ တစ်ယောက်လေ...။”

“အို... သနားစရာပဲ...၊ ခေါင်ရှန်းရွာက အခု အခြေအနေ မကောင်းဘူး ကြားတယ်...။ ရွာက လူတွေ တောင် ငတ်မွတ်ခေါင်းပါးလို့ တခြားကို ပြောင်းကုန်ကြပြီတဲ့...။”

“သူလည်း အဆင်မပြေလို့ မိဘအိမ်ကို လာပြီး အကူအညီ တောင်းတာများလား...။”

“မဖြစ်နိုင်ပါဘူး... ဟိုမှာကြည့်ဦး...။ အိတ်တွေ၊ အထုပ်တွေ၊ ခြင်းတောင်းတွေနဲ့ဆိုတော့ မိဘအိမ်ကို ပစ္စည်းတွေ လာပို့တာ ဖြစ်မှာပါ...။”

“မင်းကလည်း အပိုတွေ ပြောမနေနဲ့...။ အဲဒီ ဆင်းရဲတဲ့ တောင်ပေါ်ရွာက ဘာတွေ ပို့နိုင်မှာလဲ...။ မြေကြီး တွေများလား...။”

“ရှူး... အသံတိုးတိုးပြော...။ သူ ဒီနားကို ရောက်လာပြီ...။”

ဝမ်ကွေ့ဖန်းသည် ပြုံးရွှင်စွာဖြင့် လျှောက်လာပြီး ရွာလူကြီးများကို နှုတ်ဆက်လိုက်လေသည်။

“ဒေါ်ခြေဖဝါးကြီး... နေပူစာ လှုံနေတာလား...။”

“အို... ကွေ့ဖန်းပါလား...။ မိဘတွေကို လာတွေ့တာလား....။”

“ဟုတ်ကဲ့ ဒေါ်ဒေါ်... လာလည်တာပါ...။ အမေတို့ရော အိမ်မှာ ရှိကြလား...။”

“ရှိတာပေါ့...၊ မင်းအမေက အခုလေးတင် ပြန်သွားတာ...။ ထမင်းချက်ဖို့ ထင်တယ်...။”

“ဒေါ်ဒေါ်တို့ လယ်တော မဆင်းကြဘူးလား...။”

“ခုနတင် မိုးရွာထားတော့ လမ်းဘေးက လယ်တွေက တော်သေးတယ်...။ အိမ်နောက်ဘက်က လယ်တွေ ကတော့ ရွှံ့တွေ ဗွက်တွေနဲ့ဆိုတော့ သွားလို့တောင် မရဘူး...။”

“ဪ... ဟုတ်ကဲ့...၊ ဒါဆိုရင်တော့ အေးအေးဆေးဆေး နားကြပါဦး...။ ကျွန်မ အိမ်ကို အရင်သွားလိုက် ပါဦးမယ်...။”

“ကောင်းပြီ... ကောင်းပြီ...။”

ဝမ်ကွေ့ဖန်းသည် ခါးကို မတ်ကာ မိဘအိမ်ဆီသို့ ဆက်လက် လျှောက်လှမ်းသွားခဲ့လေ၏။

သူမသည် သိပ်မဝေးသော နေရာသို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်လိုက်လေသည်။

မနီးမဝေးတွင် နတ်ကွန်းတစ်ခု ရှိနေပြီး ၎င်းမှာ ရွာသားများ နှစ်ပေါင်းများစွာ ကိုးကွယ်လာခဲ့ကြသော မြေစောင့်နတ်စင် ဖြစ်ပေသည်။

တောင်စောင့်နတ်မင်းကြီးသည် တန်ခိုးပြသခဲ့ပြီး ခေါင်ရှန်းရွာကို အလုံးစုံ ပြောင်းလဲပေးခဲ့ပြီ မဟုတ်ပါ လား။

*ငါ့မိဘတွေရှိတဲ့ ဒီရွာက မြေစောင့်နတ်စင်ကရော တန်ခိုးပြနိုင်ပါ့မလား...။*

ဤရိုးရှင်းသော အတွေးဖြင့် ဝမ်ကွေ့ဖန်းသည် ရွာရှိ မြေစောင့်နတ်စင် ဆီသို့ ခြေလှမ်းလှမ်းလိုက်လေ တော့သည်။

All Chapters