အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
အခန်း (၇၅)
အမွှေးတိုင် ပူဇော်မှုမှတစ်ဆင့် ပြောင်းလဲလာခြင်း
ရွာအဝင်ရှိ ကုက္ကိုပင်ကြီးအောက်တွင် ဖြစ်လေသည်။
ဝမ်ကွေ့ဖန်း ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် အဘိုးအိုနှင့် အဘွားအိုတစ်စုမှာ စပ်စုလိုစိတ်ဖြင့် ဝိုင်းဝန်း ဆွေးနွေးလိုက်ကြလေတော့၏။
“ဟိုမိန်းကလေး သယ်လာတဲ့ အိတ်တွေထဲမှာ ဘာတွေပါပါလိမ့်...။ ဆန်နံ့တွေတောင် ရနေတယ်...။”
“ကျွန်မဆိုရင် ချိုမြိန်တဲ့ သကြားခဲနံ့ကိုတောင် ရနေတာ...။”
“မဖြစ်နိုင်တာ... အဲဒီလို တန်ဖိုးကြီးတဲ့အရာတွေကို ပွဲတော်ရက်လည်း မဟုတ်ဘဲ ဘယ်သူက ဝယ်ပါ့ မလဲ...။”
ထိုသို့ ပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ကလေးငယ်တစ်ဦး ပြေးလွှားရောက်ရှိလာခဲ့လေ၏။
“အဘွား... အဘွား...၊ ကျွန်တော် သကြားခဲ စားချင်တယ်...။”
“ဟင်... မင်းကလည်း ဘာတွေ လာပြောနေတာလဲ...။ ဘာလို့ ရုတ်တရက်ကြီး သကြားခဲ စားချင်ရ တာလဲ...။”
“ခုနက လယ်တောထဲမှာ အဲဒီအဒေါ်က ကျွန်တော့်ကို သကြားခဲတစ်ခဲ ပေးခဲ့တာလေ...။ သိပ်ချိုတာပဲ... ဒါပေမဲ့ သေးလွန်းလို့ အဝမစားလိုက်ရဘူး...။”
အဘိုးအို၊ အဘွားအိုတစ်စုမှာ ဆွံ့အသွားကြရလေ၏။
*တကယ်ပဲ သကြားခဲတွေ ဖြစ်နေတာလား...။*
*အဘိုးဝမ်ရဲ့ သမီး ခင်ပွန်းအိမ်က ရုတ်တရက်ကြီး ချမ်းသာသွားတာများလား...။*
ထိုစဉ်မှာပင် အံ့ဩတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ကုက္ကိုပင်ကြီးအောက်ရှိ လူများမှာ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ ဝမ်ကွေ့ဖန်းသည် ရွာရှိ မြေစောင့်နတ်စင်ထဲမှ ပျာပျာသလဲ ပြေးထွက်လာသည်ကို မြင်လိုက်ရ၏။
“ကွေ့ဖန်း... ဘာဖြစ်လို့လဲ...”
“သမီး... ဘာဖြစ်တာလဲ...”
အဘွားအိုနှစ်ဦးမှာ ထရပ်လိုက်ပြီး လှမ်း၍ မေးမြန်းလိုက်ကြလေသည်။
“ဒေါ်ဒေါ်... ဒီနတ်စင်ထဲမှာ တစ်ခုခု ထူးဆန်းနေသလားလို့ပါ...။”
ဝမ်ကွေ့ဖန်းမှာ အမောတကောဖြင့် ရင်တုန်ပန်းတုန် ပြောဆိုရင်း နတ်စင်ထဲသို့ ခဏခဏ လှည့်ကြည့် နေမိခဲ့လေ၏။
ဤမြေစောင့်နတ်စင်မှာ သမိုင်းကြောင်း ရှည်လျားသော်လည်း အခန်းတစ်ခန်းစာခန့်သာ ရှိပြီး ဝင်းခြံလည်း မရှိချေ။
နတ်စင်အဝင်တွင် “မျက်စိတစ်ထောင် အတားအဆီး၊ တောင်စောင့်နတ်နှင့် မြေစောင့်နတ်တို့ အတူ ကိန်းဝပ်ရာ” ဟု ရေးသားထားသော အကာအရံတစ်ခုကိုသာ ထားရှိလေသည်။
ခေတ္တမျှ ကြာပြီးနောက် ကုက္ကိုပင်ကြီးအောက်တွင် ထိုင်နေသော အဘိုးအို၊ အဘွားအို နှစ်ဦးမှာ သွက်လက်စွာ လျှောက်လှမ်းလာခဲ့ကြလေ၏။
“ထူးဆန်းတယ်... ဘာတွေ ထူးဆန်းနေလို့လဲ...။”
ဝမ်ကွေ့ဖန်းသည် သူမ၏ လက်ထဲမှ အမွှေးတိုင်ရှည်ကို မြှောက်ပြကာ မြေစောင့်နတ်စင်ဘက်သို့ ညွှန်ပြ၍ ပြောလိုက်လေသည်။
“ကျွန်မ မြေစောင့်နတ်မင်းကြီးကို အမွှေးတိုင် ပူဇော်ဖို့ ကြိုးစားပေမဲ့ ဘယ်လိုမှ ထွန်းလို့မရဘူး...။ ဆီမီးတောက်ကတောင် တုန်ယင်နေပြီး ကျွန်မကို တမင် ရှောင်နေသလိုပဲ...။”
“ဟင်... အဲဒီလို ဘယ်ဖြစ်နိုင်ပါ့မလဲ...။ မင်းဘာသာ မင်း လန့်နေတာ နေမှာပါ...။ လေတိုက်လို့ ဖြစ်မှာ ပေါ့...။ တိုက်တိုက်ဆိုင်ဆိုင် လေတိုက်သွားတာ နေမှာပါ...။” ဟု ဒေါ်ခြေဖဝါးကြီးက ပြုံး၍ ပြောလိုက် လေသည်။
“ဒါပေမဲ့ ကျွန်မ အကြိမ်ကြိမ် ကြိုးစားတာတောင် ထွန်းလို့မရဘူးလေ...။ ဒေါ်ခြေဖဝါးကြီး...။ ဒေါ်ဒေါ်ပဲ ဝင်ပြီး စမ်းကြည့်ပါဦးလား...။”
ပြောရင်းဆိုရင်းပင် ဝမ်ကွေ့ဖန်းသည် လက်ထဲမှ အမွှေးတိုင်ကို ကမ်းပေးလိုက်လေ၏။
ဒေါ်ခြေဖဝါးကြီးသည် ဝမ်ကွေ့ဖန်းထံမှ အမွှေးတိုင်ကို လှမ်းယူလိုက်ပြီး ခေါင်းခါလျက် ပြောလိုက်လေ သည်။
“မင်းကတော့လေ... သိပ်ပြီး အထူးအဆန်းတွေ လုပ်တာပဲ...။ လာ... ငါနဲ့အတူ လိုက်ခဲ့...။”
ပြောပြီးသည်နှင့် အဘွားအိုသည် အမွှေးတိုင်ကို ကိုင်ကာ မြေစောင့်နတ်စင်ထဲသို့ အရင်ဆုံး ဝင်သွားခဲ့ လေတော့သည်။
ဝမ်ကွေ့ဖန်းနှင့် အခြားအဘွားအိုတစ်ဦးမှာလည်း အလျင်အမြန် နောက်မှ လိုက်သွားခဲ့ကြလေ၏။
အကာအရံကို ကျော်လိုက်သည်နှင့် နတ်စင်အတွင်း ပူဇော်ထားသော မြေရုပ်တုကို မြင်တွေ့လိုက် ရလေသည်။
၎င်းမှာ စိတ်နှလုံး ကောင်းမွန်သော အဘိုးအိုတစ်ဦး၏ ပုံစံဖြစ်ပြီး လျှော်တေအဝတ်ကို ဝတ်ဆင်ကာ လက်တစ်ဖက်က တောင်ဝှေးကို အားပြုလျက် အခြားလက်တစ်ဖက်က မုတ်ဆိတ်ကို သပ်နေဟန် ဖြစ်လေ၏။
ခေါင်းတွင်လည်း ကောက်ရိုးဦးထုပ်ကို ဆောင်းထားပြီး ရှေ့သို့ တည့်တည့်ကြည့်ကာ ပြုံးနေသည်မှာ လူအများအတွက် ခင်မင်ရင်းနှီးဖွယ် ကောင်းလှပေသည်။
ဤသည်မှာ မြေစောင့်နတ်မင်းကြီး၏ ရုပ်တုပင် ဖြစ်ပေ၏။
ရုပ်တု၏ ရှေ့တွင် ပူဇော်ရာ စားပွဲတစ်ခု ရှိပြီး ၎င်းပေါ်တွင် လတ်ဆတ်သော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက် အနည်းငယ်၊ ဘေးတွင်မူ ဆီမီးအိမ် နှစ်လုံးနှင့် အမွှေးတိုင် တစ်ထုပ် ရှိနေလေသည်။
ဒေါ်ခြေဖဝါးကြီးသည် လက်ထဲမှ အမွှေးတိုင်ကို ဆီမီးအိမ်မှ မီးတောက်ဆီသို့ ကပ်လိုက်လေ၏။
သူမသည် တီးတိုး ရေရွတ်လိုက်လေသည်။
“ဒါက ရိုးရိုးလေးပဲဟာ... မင်းပြောသလောက် မခက်ပါဘူး...။”
မကြာမီမှာပင် ဆီမီးတောက်က အမွှေးတိုင်၏ ထိပ်ဖျားကို လောင်ကျွမ်းသွားစေပြီး အမွှေးတိုင်မှာ နီရဲကာ စတင် တောက်လောင်လာခဲ့လေတော့သည်။
“ကြည့်စမ်း... မင်းကတော့လေ...။ ရွာကို မပြန်လာတာ ကြာလို့ ငါတို့ ငယ်ငယ်ကတည်းက ကိုးကွယ် လာတဲ့ မြေစောင့်နတ်မင်းကြီးက မင်းကို မမှတ်မိတော့ဘူး ထင်တယ်နော်...။”
ဝမ်ကွေ့ဖန်းသည် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး ဒေါ်ခြေဖဝါးကြီး ကမ်းပေးသော တောက်လောင် နေသည့် အမွှေးတိုင်ကို လှမ်းယူလိုက်လေ၏။
သူမသည် နောက်သို့ နှစ်လှမ်းဆုတ်ကာ ကြမ်းပြင်ပေါ်ရှိ ဖျာပေါ်တွင် ဒူးထောက်၍ မြေစောင့်နတ်ရုပ်တု ကို အကြိမ်အနည်းငယ် ဦးတိုက်လိုက်ပြီးမှ ထရပ်ကာ အမွှေးတိုင်ကို အမွှေးတိုင်အိုးထဲသို့ ထိုးစိုက်လိုက် လေသည်။
ထိုသို့ လုပ်ဆောင်ပြီးနောက် ဝမ်ကွေ့ဖန်းသည် ဒေါ်ခြေဖဝါးကြီးနှင့် စကားအနည်းငယ် ထပ်မံ ပြောဆို ကာ နတ်စင်ထဲမှ ထွက်ခွါ၍ မိဘအိမ်ဆီသို့ လျှောက်လှမ်းသွားလေတော့၏။
သူတို့အားလုံး သတိမထားမိလိုက်သော အချက်မှာ... သူတို့ ထွက်ခွာသွားပြီး သိပ်မကြာမီမှာပင် ဖြစ်လေသည်။
ထွန်းညှိထားပြီးသား အမွှေးတိုင်မှာ အကြောင်းရင်းမရှိဘဲ ပိုမို လျင်မြန်စွာ လောင်ကျွမ်းလာခဲ့လေ၏။
ခဏအတွင်းမှာပင် ၎င်းမှာ ပြာအဖြစ် ပြောင်းလဲသွားပြီး ငြိမ်းသတ်သွားခဲ့ရလေသည်။
တစ်ပြိုင်နက်တည်းမှာပင် ခေါင်ရှန်းရွာသားများကို မြေနံရံအိမ်ရာထဲတွင် နေရာချပေးပြီးနောက် လူ အများ အိမ်ခန်းရွေးချယ်နေကြသည့် မြင်ကွင်းကို စောင့်ကြည့်နေသော ရွှီပေါ်အန်းသည် တောင်စောင့် နတ်မင်းနတ်ကွန်း ဆီမှ ခေါ်ယူသံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရလေ၏။
ရွှီပေါ်အန်းသည် မသိစိတ်ဖြင့် တောင်စောင့်နတ်မင်းနတ်ကွန်း ဆီသို့ အာရုံစိုက်လိုက်ရာ နတ်ကွန်း၏ မြင်ကွင်းမှာ သူ၏ စိတ်ထဲတွင် ပေါ်လာခဲ့လေသည်။
အဓိက ကိုးကွယ်ရာ ရုပ်တုကြီး၏ ပုံရိပ်မှာ အရင်အတိုင်းပင် ဖြစ်သော်လည်း သူ၏ ရှေ့မှ မြင်ကွင်းမှာ ယခင်နှင့် မတူတော့ကြောင်း ရွှီပေါ်အန်း ရုတ်တရက် သတိပြုမိလိုက်လေ၏။
သူ၏ ရှေ့တွင် သေးငယ်သော အလင်းလုံးလေး နှစ်လုံး ရုတ်တရက် ပေါ်လာပြီး လေထဲတွင် ဝဲပျံနေခဲ့ လေသည်။
ပထမ မြင်ကွင်းမှာ တောင်စောင့်နတ်မင်းနတ်ကွန်း၏ အတွင်းပိုင်း ပုံစံငယ်နှင့် တူညီလေ၏။
ဒုတိယတစ်ခုမှာမူ သူ တစ်ခါမျှ မမြင်ဖူးသော လုံးဝ စိမ်းသက်နေသည့် မြင်ကွင်းတစ်ခု ဖြစ်နေခဲ့သည်။
ရွှီပေါ်အန်း၏ စပ်စုလိုစိတ်ကြောင့် သူသည် မသိနားမလည်သော ဒုတိယမြောက် အလင်းလုံးလေးကို ရွေးချယ်လိုက်လေ၏။
ရုတ်တရက် သူ၏ ရှေ့မှ မြင်ကွင်းမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ရလေသည်။
တောင်စောင့်နတ်မင်းနတ်ကွန်း အတွင်းမှ မြင်ကွင်းမှာ လုံးဝ စိမ်းသက်သော ရှုခင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
ရွှီပေါ်အန်းသည် သူ၏ ရှေ့မှ မြင်ကွင်းကို စပ်စုလိုစိတ်ဖြင့် ကြည့်ရှုလိုက်လေသည်။
မနီးမဝေးတွင် ရိုးရှင်းသော အမွှေးတိုင်စားပွဲရှည်တစ်ခု ရှိလေ၏။ စားပွဲပေါ်တွင် ပန်းသီးပုံသဏ္ဌာန် ရှိသော သစ်သီးတစ်ပန်းကန်၊ သခွားသီး နှစ်လုံးနှင့် တောင်ပေါ်မှ ရှန်းဟွမ်သီး အဆုပ်ကလေးတစ်ခု ရှိနေလေသည်။
စားပွဲ၏ ဘေးတစ်ဖက်တစ်ချက်တွင် ရှေးဟောင်း ဆီမီးအိမ် နှစ်လုံး ရှိပြီး ပဲစေ့ခန့်ရှိသော မီးတောက် ကလေးများ တောက်လောင်နေ၏။
ဆီမီးအိမ် ဘေးတွင်မူ အမွှေးတိုင် အထုပ်ကလေး တစ်ထုပ် ရှိနေလေသည်။
အလယ်ဗဟိုတည့်တည့်တွင် ကျောက်သား အမွှေးတိုင်အိုးလေးတစ်ခု ရှိပြီး ၎င်းအတွင်း၌ အမွှေးတိုင် တစ်တိုင် ထိုးစိုက်ထားကာ အမွှေးတိုင်မှ အခိုးအငွေ့များမှာ ဖြေးညင်းစွာ ထွက်ပေါ်နေခဲ့လေ၏။
*ဟင်...။*
ရွှီပေါ်အန်းမှာ တစ်စုံတစ်ခု လွဲမှားနေကြောင်း ချက်ချင်း သိလိုက်ရလေသည်။
ဤအမွှေးတိုင်မှာ သာမန်အမွှေးတိုင်ထက် ပို၍ မြန်မြန် လောင်ကျွမ်းနေသလို ခံစားလိုက်လေရ၏။
သာမန် ဆေးလိပ်တစ်လိပ်နှင့် အားပါးတရ နှစ်ချက်လောက် ဖွာလိုက်သကဲ့သို့ ကွာခြားနေခြင်းပင်။
ခဏအတွင်းမှာပင် ရွှီပေါ်အန်းသည် အမွှေးတိုင်၏ အစိတ်အပိုင်း အနည်းငယ်မှာ လောင်ကျွမ်းသွားပြီး အမွှေးတိုင်ပြာများစွာ ကြွေကျသွားသည်ကို မြင်လိုက်ရလေသည်။
ခေတ္တမျှ စောင့်ကြည့်ပြီးနောက် ရွှီပေါ်အန်းမှာ ပျင်းရိလာသဖြင့် အခန်းတွင်းရှိ အခြားသော အပြင်အဆင် များကို ဆက်လက် လေ့လာကြည့်နေမိလေ၏။
အမွှေးတိုင်စားပွဲ၏ နောက်ဘက် မနီးမဝေးတွင် ပူဇော်သူများ ဒူးထောက်ရန် ကောက်ရိုးဖျာတစ်ခု ရှိလေသည်။
ထိုထက် ပို၍ ဝေးသော နေရာတွင်မူ တစ်စုံတစ်ရာ ရေးသားထားသော သစ်သားအကာအရံတစ်ခု ရှိသော်လည်း ရွှီပေါ်အန်းမှာ မဖတ်တတ်ချေ။
ထိုအကာအရံကြောင့် ရွှီပေါ်အန်းသည် ပြင်ပကမ္ဘာကို များများစားစား မမြင်ရပေ။
သို့သော်လည်း အပြင်ဘက်မှ စကားပြောသံများ ထွက်ပေါ်လာသလို ခံစားရ၏။
“ဒေါ်ခြေဖဝါးကြီး... ကျွန်မ ပြန်လိုက်ပါဦးမယ်...။”
“မြန်မြန်ပြန်တော့ ကွေ့ဖန်း... မင်းအမေကတော့ အရမ်း ဝမ်းသာနေမှာပဲ...။”
*ကွေ့ဖန်း... ဟုတ်လား...။*
ရွှီပေါ်အန်း၏ မျက်မှောင်များ ကြုတ်သွားခဲ့လေသည်။
ဤအမည်မှာ ယနေ့မနက်တင် မိဘအိမ်သို့ ပြန်မည်ဟု ဆိုကာ ထွက်ခွာသွားသော ခေါင်ရှန်းရွာမှ ရွာသားတစ်ဦး၏ အမည် မဟုတ်ပါလား။
*ဒါက သူမ အခြားသူတစ်ဦးနဲ့ စကားပြောနေတဲ့ အသံများလား...။*
ရွှီပေါ်အန်း အာရုံစိုက်ကာ ထပ်မံ နားထောင်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ စိတ်ထဲ၌ ပင်ပန်းနွမ်းနယ်မှု တစ်ခုကို ရုတ်တရက် ခံစားလိုက်ရလေသည်။
ရွှီပေါ်အန်းသည် အလွန်ပင် ထူးဆန်းနေပြီး စိတ်ကြည်လင်သွားစေရန် ချဉ်သော အရာတစ်ခုခုကို စားချင် စိတ်က မသိစိတ်ဖြင့် ပေါ်လာခဲ့လေသည်။
သူသည် သူ၏ ရှေ့ရှိ ပူဇော်ရာ စားပွဲပေါ်မှ ရှန်းဟွမ်သီး အဆုပ်ကလေးကို လက်လှမ်းကာ ဆွဲယူ လိုက်လေ၏။
နောက်တစ်စက္ကန့်မှာပင် သူ၏ စိတ်ထဲ၌ ကွဲကွာသွားသည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
ရွှီပေါ်အန်း၏ ရှေ့မှ မြင်ကွင်းမှာ ရုတ်တရက် ပြောင်းလဲသွားပြီး သူသည် ရင်းနှီးပြီးသားဖြစ်သော တောင်စောင့်နတ်မင်းနတ်ကွန်း ထဲသို့ ပြန်လည် ရောက်ရှိသွားခဲ့လေသည်။
ရွှီပေါ်အန်းသည် အလွန်တရာ စပ်စုလိုစိတ်ဖြင့် သေချာစွာ ရှာဖွေကြည့်သော်လည်း သူ၏ ရှေ့တွင် ရှိခဲ့သော အလင်းလုံးလေး နှစ်လုံးကို ထပ်မံ မတွေ့ရတော့ချေ။
*ထူးဆန်းလိုက်တာ...။ ဒါက ဘာဖြစ်တာလဲ...။*
ရွှီပေါ်အန်းသည် ခေါင်းခါရင်း ရေရွတ်လိုက်ကာ မသိစိတ်ဖြင့် မိမိ၏ ပေါင်ကို ရိုက်ရန် ပြင်လိုက်စဉ် သူ၏ လက်ထဲတွင် တစ်စုံတစ်ခု ရှိနေကြောင်း ရုတ်တရက် သတိပြုမိလိုက်လေသည်။
ရွှီပေါ်အန်းသည် သူ၏ လက်ကို ကြည့်လိုက်ရာ အံ့ဩတကြီး ဖြစ်သွားရလေတော့၏။
သူ၏လက်ထဲတွင် ရှန်းဟွမ်သီး အနည်းငယ် ရှိနေခဲ့ခြင်းပင် ဖြစ်လေသည်...။
*ဘုရားရေ... ဒီတောသီးကလေးတွေက ခုနက ထူးဆန်းတဲ့ နတ်စင်ထဲက ပူဇော်ရာ စားပွဲပေါ်ကနေ ငါ ဆွဲယူလိုက်တဲ့ အသီးတွေ မဟုတ်လား...။*
*ဒီနေရာမှာ ငါ အခု မြင်တွေ့နေရတဲ့ ကမ္ဘာငယ်လေးထဲက နေရာတစ်ခု မဟုတ်ပုံရပါလား...။*
အခန်း (၇၆)
တောင်စောင့်နတ်မင်းကြီး၏ ဒဏ္ဍာရီ
ရွှီပေါ်အန်းထံတွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို ဝမ်ကွေ့ဖန်းမှာ သေချာပေါက် မသိနိုင်ခဲ့ ချေ။
မိမိ၏ ဇာတိရွာကို လွမ်းဆွတ်နေသော ဝမ်ကွေ့ဖန်းသည် ဒေါ်ခြေဖဝါးကြီးကို နှုတ်ဆက်ကာ သူမ ကြီးပြင်းလာခဲ့သော အိမ်ဆီသို့ သွက်လက်စွာ လျှောက်လှမ်းသွားခဲ့လေ၏။
ဝမ်ကွေ့ဖန်း၏ မိဘအိမ်မှာလည်း ဒေသထုံးစံအတိုင်း ပုံမှန် မြေနံရံအိမ်ရာတစ်ခုသာ ဖြစ်လေသည်။ မြက်ခြောက်နှင့် ရွှံ့များကို ရောစပ်ကာ မြေအုတ်များ ပြုလုပ်၍ ခြံစည်းရိုးအဖြစ် စီရီထားသော ထိုအိမ် မှာ ထိုဒေသရှိ လယ်သမားတို့၏ ထူးခြားသော အိမ်ပုံစံပင် ဖြစ်ချေ၏။
အချို့သူများမှာမူ လွယ်ကူစေရန် သစ်ပင်များကို ခုတ်ထွင်ကာ ခြံစည်းရိုး ခတ်ထားတတ်ကြသော်လည်း ၎င်းမှာ အတွင်းပိုင်းကို ကောင်းစွာ မလုံခြုံစေနိုင်ချေ။
ဝမ်ကွေ့ဖန်းသည် မိမိအိမ်၏ သစ်သားတံခါးကို ဝမ်းသာအားရ တွန်းဖွင့်လိုက်လေသည်။ ခြံဝင်းအတွင်း သို့ ဝင်လိုက်သည်နှင့် ထင်းခုတ်နေသော သူမ၏ မောင်လေးဖြစ်သူသည် ပုဆိန်ကို ချလိုက်ပြီး ထော့နဲ့ ထော့နဲ့ဖြင့် သူမကို ကြိုဆိုရန် လာနေသည်ကို တွေ့လိုက်ရလေသည်။
သူမ၏ မောင်လေး ဝမ်ရွှန်းမှာ ငယ်စဉ်က ခြေထောက်ကျိုးခဲ့သဖြင့် ခြေမသန်သူ တစ်ဦး ဖြစ်သွားခဲ့ ရလေသည်။ နောက်ပိုင်းတွင် သူသည် အိမ်ထောင်တစ်ခုကို ခက်ခဲစွာ တည်ထောင်နိုင်ခဲ့လေ၏။
သူ၏ ဇနီးမှာ ကျန်းမာသန်စွမ်းသည့်အပြင် လယ်ယာလုပ်ငန်းတွင်လည်း အလွန် ကျွမ်းကျင်သူ ဖြစ် ပေသည်။ နောက်ပိုင်းတွင် သူမသည် ဝမ်ကွေ့ဖန်းနှင့် သူမ၏ခင်ပွန်းထံမှ ဝါးယက်လုပ်ခြင်းပညာကို သင်ယူခဲ့ပြီး စျေးမြို့ရှိ ဆိုင်ခန်းလုပ်ငန်းများကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခဲ့လေသည်။
ထို့ကြောင့်ပင် ဝမ်ကွေ့ဖန်း၏ မိသားစုဝင်များမှာ ထိုချွေးမဖြစ်သူ၏ ရှေ့တွင် အလိုအလျောက် အားငယ်စိတ် ဝင်နေတတ်ကြခြင်းပင်။
“မမ... ပြန်လာပြီလား...။”
ရက်ပေါင်းများစွာ မတွေ့ရသော မိမိ၏ အစ်မဖြစ်သူ ပြန်လာသည်ကို မြင်သောအခါ မောင်လေးဖြစ်သူ မှာ အတိုင်းထက်အလွန် ဝမ်းသာသွားခဲ့ရလေ၏။
သူသည် မသိစိတ်ဖြင့် လက်လှမ်းကာ အစ်မဖြစ်သူ၏ ကိုယ်ပေါ်မှ အထုပ်အပိုးများနှင့် ခြင်းတောင်းကို ကူညီ သယ်ယူပေးရန် ပြင်လိုက်လေသည်။
ဝမ်ကွေ့ဖန်းသည် သူမ၏ ပစ္စည်းများကို ကမ်းပေးရင်း ပျော်ရွှင်စွာ ပြုံး၍...၊
“ဟေး... ဝမ်ရွှန်း... မင်း အိမ်မှာ ရှိနေတာပဲ...။ အိမ်က လူတွေအားလုံး နေကောင်းကြရဲ့လား...။”
ဝမ်ရွှန်းသည် အစ်မဖြစ်သူထံမှ ခြင်းတောင်းကို လှမ်းယူရင်း...၊
“အားလုံး နေကောင်းကြပါတယ်...။ အမေက အရှေ့ဘက်လိုဏ်ခန်းထဲမှာ ထမင်းချက်နေတယ်...။ အဖေတို့ကတော့ စျေးမြို့ကို သွားကြတာ အခုထိ ပြန်မလာသေးဘူး...” ဟု ပြောလိုက်လေသည်။
စကားပြောရင်း ဝမ်ရွှန်းသည် ဝမ်ကွေ့ဖန်း၏ နောက်ဘက်သို့ လှမ်းကြည့်ကာ...။
“မမ... ဘာလို့ တစ်ယောက်တည်း ပြန်လာတာလဲ... ခဲအိုကော ဘာလို့ လိုက်မလာတာလဲ...။” ဟု မေးလိုက်၏။
ယခင်က ဝမ်ကွေ့ဖန်းသည် များသောအားဖြင့် သူမ၏ ခင်ပွန်းနှင့်အတူ ပြန်လာလေ့ ရှိလေသည်။
အခြေအနေ ကောင်းမွန်ချိန်တွင် သူမသည် မိဘအိမ်ကို ကူညီရန်အတွက် ပစ္စည်းများစွာ သယ်ဆောင် နိုင်ရန် ခင်ပွန်းဖြစ်သူကို ခေါ်လာတတ်ပေသည်။
နောက်ပိုင်းတွင် အခြေအနေများ ဆိုးရွားလာသောအခါ ခင်ပွန်းဖြစ်သူကို ထမင်းတစ်နပ် လာစားစေရန် ခေါ်လာတတ်ခြင်းမှာလည်း ကောင်းမွန်သော အခြင်းအရာပင် ဖြစ်လေသည်။
ခြုံငုံကြည့်လျှင် ဤမိသားစု၏ ဆက်ဆံရေးမှာ အတော်အတန် ကောင်းမွန်လှသဖြင့် ချီးကျူးဖွယ်ပင် ဖြစ်၏။
“မင်းရဲ့ ခဲအိုက ရွာမှာ လုပ်စရာတွေ ရှိနေသေးလို့ပါ...။ မမက အမေနဲ့ ကလေးတွေကို တွေ့ချင်လို့ အရင် ပြန်လာခဲ့တာ...။”
ဝမ်ကွေ့ဖန်းသည် ပြုံးရင်း သူမ၏ လက်မောင်းကို လှုပ်ယမ်းလိုက်လေသည်။
လမ်းခရီးတွင် ပင်ပန်းသည်ဟု လုံးဝ မခံစားရသော်လည်း မောင်လေးဖြစ်သူကို တွေ့လိုက်ရချိန်တွင်မူ သူမ၏ လက်မောင်းများမှာ တကယ်ပင် ညောင်းညာနေပြီဖြစ်ကြောင်း ခံစားလိုက်ရလေသည်။
ဝမ်ရွှန်းသည် ခြင်းတောင်းထဲသို့ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် လက်ထဲမှ အထုပ်၏ အလေး ချိန်ကို စမ်းကြည့်ကာ စပ်စုလိုစိတ်ဖြင့်...။
“ဟေး... မမ... အိတ်ထဲမှာ ဘာတွေပါလို့ ဒီလောက်တောင် လေးနေတာလဲ...။” ဟု မေးလိုက်လေသည်။
“ဪ... အဲဒါတွေက ဂျုံမှုန့်ချောနဲ့ ဆန်တွေပါ...။”
ဝမ်ကွေ့ဖန်းက အမှတ်မထင်ပုံစံဖြင့် ဆိုရင်း သူမ၏ နားထင်မှ ဆံပင်စများကို သပ်လိုက်လေ၏။
“ဘာ... ဂျုံမှုန့်ချောနဲ့ ဆန်တွေလား...။”
ထိုစကားကို ကြားရသောအခါ ဝမ်ရွှန်း၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့ရလေသည်။
ထိုအရာများမှာ မြို့ပေါ်ရှိ ချမ်းသာသူများသာ ဝယ်ယူစားသောက်နိုင်သော အရာများ မဟုတ်ပါလား။
ဝမ်ကွေ့ဖန်းက ခေါင်းညိတ်ပြကာ...။
“ဟုတ်တယ်... ဒါပေါ့... ဪ... ပြီးတော့ သကြားခဲ နည်းနည်းလည်း ပါသေးတယ်...။ ဒါပေမဲ့ သိပ်တော့ မများပါဘူး...။”
ဝမ်ကွေ့ဖန်းသည် အောင်နိုင်သူတစ်ဦးကဲ့သို့ မိဘအိမ်သို့ ပြန်လာနိုင်သည့်အတွက် ဝမ်းသာပီတိ ဖြစ်နေသော်လည်း သူမ၏ စိတ်လှုပ်ရှားမှုကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားခဲ့လေသည်။
“ဟင်... သကြားခဲတောင် ပါသေးတာလား...။ ဒါတွေက ဘယ်ကနေ ရတာလဲ...။ မမက ဒီလောက် ကောင်းတဲ့ အရာတွေကို ဘယ်လိုများ ဝယ်ရက်လိုက်တာလဲ...။”
ဝမ်ရွှန်းမှာ ဆွံ့အသွားရလေ၏။ မိမိ၏ အစ်မဖြစ်သူက ဤမျှ တန်ဖိုးကြီးပြီး ဆန်းပြားသော အရာများကို မည်သို့ သယ်ဆောင်လာနိုင်သည်ကို သူ စဉ်းစားမရနိုင်အောင် ဖြစ်နေခဲ့လေသည်။
မောင်လေးဖြစ်သူ၏ မျက်လုံးထဲမှ အံ့ဩတုန်လှုပ်မှုကို မြင်ရသောအခါ ဝမ်ကွေ့ဖန်းမှာ ပို၍ပင် ကျေနပ် သွားရလေသည်။
မိမိ၏ မိသားစုဝင်များထံမှ အသိအမှတ်ပြုမှုကို ရရှိခြင်းမှာ ပြင်ပလူများထံမှ ချီးကျူးစကား ဆယ်ကြိမ် ကြားရခြင်းထက်ပင် ပို၍ ပျော်ရွှင်ဖွယ် ကောင်းလှပေသည်။
ထို့အပြင် ဝမ်ကွေ့ဖန်းသည် မိသားစု၏ ထောက်ပံ့မှုကို အမြဲ အားကိုးခဲ့ရသူ ဖြစ်သဖြင့် ယခုကဲ့သို့ ကောင်းမွန်သော အရာများ ရရှိချိန်တွင် သူမ၏ မိသားစုကို သေချာပေါက် ပြန်လည် ဝေမျှလိုခြင်း ဖြစ်ပေသည်။
တစ်ပြိုင်နက်တည်းမှာပင် သူမအနေဖြင့် ဂုဏ်ယူဝင့်ကြွားမှုကိုလည်း ရရှိခံစားနိုင်ခဲ့လေသည်။
ဝမ်ကွေ့ဖန်းသည် မောင်လေးဖြစ်သူကို မျက်စောင်းထိုးပြကာ...၊
“မင်းကိုကြည့်ရတာ... အသက်က ဘယ်လောက်ရှိပြီလဲ...။ ဘာလို့ ဒီလောက်တောင် အထူးအဆန်း ဖြစ်နေရတာလဲ...။ ဒါက ဆန်နဲ့ သကြားခဲ အနည်းငယ်ပဲဟာကို...။”
“ဒါတွေက သာမန် ဆန်နဲ့ ဂျုံမှုန့်တွေပဲ ဟုတ်လား...။ မမက ကျွန်တော့်ကို နောက်နေတာလား...။”
ဝမ်ရွှန်းမှာ ယခုထိ ယုံကြည်နိုင်စွမ်း မရှိသေးချေ။
အဘယ်ကြောင့်ဆိုသော် ဤအရာများမှာ သာမန်မိသားစုများအတွက် နှစ်သစ်ကူးကာလတွင်ပင် အိပ်မက်မက်ရန် ခဲယဉ်းလှသော အစားအစာများ ဖြစ်သောကြောင့်ပင်တည်း။
ဝမ်ကွေ့ဖန်းသည် ခြင်းတောင်းပေါ်တွင် အုပ်ထားသော ကောက်ရိုးဖျာကို မလိုက်ကာ...၊
“ကြည့်စမ်း... မင်းဘာသာ မင်း ကြည့်လိုက်တော့...။ မမက မင်းကို ဘာလို့ ဒီလိုကိစ္စမျိုးနဲ့ နောက်ရမှာ လဲ...” ဟု ပြောလိုက်လေသည်။
အစ်မဖြစ်သူ မပြလိုက်သော ဖျာအောက်သို့ ဝမ်ရွှန်း ငုံ့ကြည့်လိုက်ရာ ခြင်းတောင်းအတွင်း၌ တောက်ပ ဖြူဖွေးနေသော အစေ့အဆန်များ ပါရှိသည့် အိုးတစ်လုံးကို မြင်တွေ့လိုက်ရလေသည်။
သူသည် မအောင့်နိုင်တော့ဘဲ လက်လှမ်းကာ အနည်းငယ် ယူလိုက်ပြီး လျှာဖြင့် တို့ကြည့်ကာ ထိုသကြား ခဲကလေးကို လျှာဖျားပေါ်တွင် ဂရုတစိုက် တင်လိုက်လေ၏။
ချက်ချင်းပင် ချိုမြိန်သော အရသာမှာ လျှာဖျားမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့ရလေသည်။
ဤအရသာမျိုးပင်။ တကယ့်ကို ချိုမြိန်ပြီး လန်းဆန်းလှပေသည်။
“အို... မမ... ဤသကြားခဲက အရမ်းကောင်းတာပဲ...။ အရသာက တကယ့်ကို အံ့သြစရာပဲနော်...။ ဒါမျိုး က မြို့ထဲမှာတောင် ဝယ်လို့ရမှာ မဟုတ်ဘူး...။ မမက မြို့အထိ သွားဝယ်ခဲ့တာလား...။ ပိုက်ဆံတွေ အများကြီး ဘယ်လိုများ သုံးရက်လိုက်တာလဲ...။”
ဝမ်ရွှန်းသည် နောက်ဆုံးကျန်ရှိနေသော ချိုမြိန်သည့် တံတွေးများကို နှမြောတသစွာ မျိုချလိုက်ပြီး နှမြောစိတ်ဖြင့် မေးမြန်းလိုက်လေသည်။
“မြို့ကို ဘာလို့ သွားရမှာလဲ...။ ဒါတွေက ငါတို့ရွာမှာ ဝေပေးတာလေ...။”
ဝမ်ကွေ့ဖန်းက ဂုဏ်ယူစွာဖြင့် ပြုံး၍ ပြောလိုက်လေသည်။
ဝမ်ရွှန်းမှာ ပို၍ပင် အံ့အားသင့်သွားကာ...၊
“ဘာ... ဝေပေးတာဟုတ်လား...။ ဘယ်သူက ဝေပေးတာလဲ...။ ခေါင်ရှန်းရွာမှာ ဒီလို သကြားခဲတွေ ဘယ်ကနေ ရောက်လာတာလဲ...။ အဲဒီမှာ ကောက်ပဲသီးနှံတွေ အကုန် ပျက်စီးကုန်ပြီလို့ ကြားထားတာ မဟုတ်ဘူးလား...။”
ဝမ်ကွေ့ဖန်းက ရယ်မောလိုက်ပြီး...၊
“ကဲ... စကားတွေ သိပ်မပြောနဲ့တော့...။ မမ အမေကို ထမင်းကူချက်လိုက်ဦးမယ်...။ နေ့လယ်စာ စားရင်းမှ အေးအေးဆေးဆေး စကားပြောကြတာပေါ့...။”
ဝမ်ကွေ့ဖန်းကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာ မိဘအိမ်သို့ ပြန်လာနိုင်ခြင်းမှာ ခေါင်ရှန်းရွာမှ အိမ်ထောင်ကျသွား သော အမျိုးသမီးတိုင်း ကြုံတွေ့နေရသော မြင်ကွင်းတစ်ခုပင် ဖြစ်လေသည်။
အမျိုးသမီးတို့၏ မိသားစုဝင်အားလုံးမှာ အံ့အားသင့်နေကြရ၏။
ငတ်မွတ်ခေါင်းပါးလွန်းသဖြင့် ရွာသားများပင် ထွက်ပြေးနေကြရသော ဆင်းရဲသည့်၏ တောင်ပေါ်ရွာ ကလေးသည် အချိန်တိုအတွင်းမှာပင် အစားအသောက်နှင့် အဝတ်အထည်များ ပေါများလှသော နတ်ဘုံ တစ်ခုအဖြစ် မည်သို့ ပြောင်းလဲသွားခဲ့ရပါသနည်း။
မကြာမီမှာပင် ဤအမျိုးသမီးများ၏ ဂုဏ်ယူဖွယ်ရာ ပြန်လာမှုသတင်းမှာ အနီးအနားရှိ ကျေးရွာများစွာ သို့ ပျံ့နှံ့သွားခဲ့လေတော့သည်။
လောကတွင် လျှို့ဝှက်ချက်ဟူသည် အမြဲ မတည်မြဲနိုင်ချေ။ မကြာမီမှာပင် ခေါင်ရှန်းရွာ၌ တောင်စောင့် နတ်မင်းကြီး တန်ခိုးပြသည်ဟူသော သတင်းမှာ ပျံ့နှံ့သွားခဲ့လေသည်။
ထို့အပြင် သတင်းမှာ ပျံ့နှံ့လေလေ ပိုမို ဆန်းကြယ်ထူးခြားလာလေလေ ဖြစ်၏။
အစပိုင်းတွင် တောင်စောင့်နတ်မင်းကြီးက အစားအသောက်နှင့် လိုအပ်သည်များကို ပေးသနားသဖြင့် ခေါင်ရှန်းရွာသားများ အသက်ဆက်နိုင်ခဲ့ကြသည်ဟုသာ ဆိုကြလေသည်။
နောက်ပိုင်းတွင်မူ တောင်စောင့်နတ်မင်းကြီးက နတ်ရေစင်ကို ပေးသနားသဖြင့် သေခါနီး လူများကို အသက်ပြန်ရှင်စေပြီး အရိုးအဆစ်များကိုပင် ကုသပေးခဲ့ကြောင်း၊ ငတ်မွတ်၍ သေဆုံးသွားသူများကိုပင် ပြန်လည် ကယ်တင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့လေတော့သည်။
ထို့နောက်တွင်မူ ဒဏ္ဍာရီမှာ ပို၍ပင် ကြီးကျယ်လာခဲ့လေသည်။
တောင်စောင့်နတ်မင်းကြီးသည် လောကရှိ သတ္တဝါတို့၏ ဆင်းရဲဒုက္ခကို ကရုဏာသက်သဖြင့် သူ၏ စွမ်းအားတော်ဖြင့် တိမ်တိုက်များကို စုစည်းကာ သည်းထန်စွာ မိုးရွာသွန်းစေခဲ့ပြီး ယွီတောင် တောအုပ် တစ်ခုလုံးရှိ သတ္တဝါပေါင်းများစွာကို ကယ်တင်ခဲ့သည်ဟု ဆိုကြပြန်လေသည်။
ယခုအခါ ယွီတောင် တောအုပ်ကြီးအတွင်း၌ သားကောင်များမှာလည်း အလွန် ပေါများနေပြီ ဖြစ်၏။
...
ဤဒဏ္ဍာရီ၏ အဓိက ဇာတ်ဆောင်ဖြစ်သော ရွှီပေါ်အန်းမှာမူ ဤမျှ ဆန်းကြယ်ပြီး ရှုပ်ထွေးလှသော ကောလာဟလများကို လုံးဝ မသိရှိခဲ့ချေ။
သူသည် မိမိ၏ ရုံးခန်းအတွင်း၌ ထိုင်ကာ လက်ထဲမှ တောရိုင်းကြက်တစ်ကောင်ကို ငေးကြည့်နေစဉ် စားပွဲပေါ်ရှိ ဖုန်းမှာ မြည်လာခဲ့လေသည်။
ကုမ္ပဏီအတွင်းလိုင်းမှ ဖုန်းခေါ်ဆိုမှုဖြစ်ကြောင်း မြင်ရသဖြင့် ရွှီပေါ်အန်းက ဖုန်းကို ဖြေကြားလိုက်၏။
“ဟဲလို... အင်ဂျင်နီယာချုပ်...၊ ကျွန်တော် ပေကျင်း-ဖုန်း အမြန်လမ်း တုန်းကျန်းအပိုင်း ဝမ်ရှန်းခရိုင် စီမံကိန်းဌာန ဓာတ်ခွဲခန်းက ကော်အိုကြီးပါ...။ အင်ဂျင်နီယာချုပ် အားပါရဲ့လားခင်ဗျာ...။ ကျွန်တော် အစီရင်ခံစရာ တစ်ခု ရှိလို့ပါ...။”
ပေကျင်း-ဖုန်း အမြန်လမ်း တုန်းကျန်းအပိုင်း ဝမ်ရှန်းခရိုင် စီမံကိန်း။
၎င်းမှာ တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူထားသော စီမံကိန်းများထဲတွင် အခက် ခဲဆုံးသော တောင်တန်းနှင့် တောတောင်စီမံကိန်းများထဲမှ တစ်ခု ဖြစ်လေသည်။
စီမံကိန်း တည်နေရာမှာ တောတောင်များ၏ နက်ရှိုင်းသော နေရာတွင် ရှိပြီး အနီးဆုံးမြို့သို့ သွားရန်ပင် ကားဖြင့် တစ်နာရီခွဲခန့် မောင်းနှင်ရပေသည်။
တစ်ခုတည်းသော လမ်းမှာလည်း တည်ဆောက်ရေးအတွက် တောင်ကို တူးဆွဖောက်လုပ်ထားသော ယာယီမြေသားလမ်းသာ ဖြစ်သဖြင့် တစ်ခါစီးရုံဖြင့်ပင် တင်ပါးများ နာကျင်ရောင်ရမ်းစေနိုင်သော လမ်း မျိုး ဖြစ်လေသည်။
ရွှီပေါ်အန်းသည် မကြာသေးမီကပင် ဤစီမံကိန်းကို ဟယ်ချန်က လုယူရန် ကြိုးပမ်းခဲ့ပုံကို ပြန်လည် သတိရမိသဖြင့် သက်ပြင်းချလိုက်မိလေသည်။
စဉ်းစားကြည့်လျှင် ဤဓာတ်ခွဲခန်းမှ ညွှန်ကြားရေးမှူး ကော်အိုကြီးနှင့် သူသည် စီမံကိန်းတစ်ခုတည်းတွင် လုပ်ဖော်ကိုင်ဖက်များ ဖြစ်လုနီးပါး ဖြစ်ခဲ့သည် မဟုတ်ပါလား။
“ကော်အိုကြီး... ဘာကိစ္စရှိလို့လဲ...။”
ဖုန်း၏ အခြားတစ်ဖက်မှ သက်ပြင်းချသံနှင့်အတူ အကူအညီမဲ့နေသော အသံတစ်ခု ထွက်ပေါ်လာခဲ့ လေသည်။
“အင်ဂျင်နီယာချုပ်... စီမံကိန်းအတွက် ပို့ဆောင်ပေးနေတဲ့ ကြမ်းတမ်းသော ကျောက်စရစ်စုပုံတွေက ပိုပိုပြီး ဆိုးရွားလာနေပြီဗျ...။ ရွှံ့ပါဝင်မှုနဲ့ ရွှံ့ခဲပါဝင်မှုက အရမ်းကို မြင့်မားနေရုံတင်မကဘူး...၊ အချို့လူ တွေက ကျွန်တော်တို့ရဲ့ စမ်းသပ်စစ်ဆေးမှု ရလဒ်တွေကို လျစ်လျူရှုပြီး တည်ဆောက်ရေးမှာ အသုံးပြုဖို့ လက်မှတ်ထိုး ခွင့်ပြုနေကြတယ်...။“
“ကျွန်တော် အကြိမ်ကြိမ် အစီရင်ခံခဲ့ပေမဲ့ ဘယ်သူကမှ ဂရုမစိုက်ကြဘူး...။ ဒီအတိုင်းသာ ဆက်သွား မယ်ဆိုရင်တော့ ကျွန်တော် ဓာတ်ခွဲခန်းတာဝန်ခံအဖြစ်ကနေ နှုတ်ထွက်ရပါတော့မယ်...။”
ထိုစကားကို ကြားရသောအခါ ရွှီပေါ်အန်း၏ နှုတ်ခမ်းဖျားတွင် လှောင်ပြုံးတစ်ခု ပေါ်လာပြီး ရွံရှာဖွယ် ကောင်းသော မျက်နှာတစ်ခုမှာ သူ၏ စိတ်ထဲတွင် အလိုအလျောက် ပေါ်လာခဲ့လေတော့သည်။
“ကောင်းပြီ... ငါ နားလည်ပြီ...။ ဒါကို ငါ သေချာကိုင်တွယ်ဖြေရှင်းလိုက်ပါ့မယ်...။”