အခန်း (၇၇-၇၈)
Vol. 8 Ch. 77-78
အခန်း (၇၇)
အရာရှိသစ်၏ ပထမဆုံးသော ခြေလှမ်းသုံးရပ်
ဖုန်းချလိုက်ပြီးနောက် ရွှီပေါ်အန်းသည် ကုမ္ပဏီအတွင်းကွန်ရက်မှတစ်ဆင့် ကော်အိုကြီး၏ အချက် အလက်များကို ရှာဖွေကြည့်ရှုလိုက်လေသည်။
ကော်ဟွိုက်ကျူး၊ အသက် (၅၅) နှစ်။
အဝေးပြေးလမ်းနှင့် ရေကြောင်းစမ်းသပ်စစ်ဆေးရေး အကြီးတန်းအင်ဂျင်နီယာ။
သူသည် တုန်းကျန်း ဆောက်လုပ်ရေးအုပ်စုမှ တာဝန်ယူ တည်ဆောက်ခဲ့သော အဝေးပြေးလမ်းများ၊ တံတားများနှင့် ရထားလမ်းများစွာတွင် ပါဝင်ဆောင်ရွက်ခဲ့ဖူးသူ ဖြစ်ပေသည်။
သူသည် စမ်းသပ်ပညာရှင်၊ စမ်းသပ်မှုကြီးကြပ်ရေးမှူး၊ ကွန်ကရစ်ဖျော်စပ်စက်ရုံ စမ်းသပ်မှုတာဝန်ခံ၊ စီမံကိန်းကွင်းဆင်းဓာတ်ခွဲခန်း ဒုတိယညွှန်ကြားရေးမှူးနှင့် ဓာတ်ခွဲခန်းညွှန်ကြားရေးမှူး ရာထူးများကို အဆင့်ဆင့် ထမ်းဆောင်ခဲ့လေသည်။
ထို့နောက်တွင်မူ သူသည် ထိုရာထူး၌ပင် အနှစ်နှစ်ဆယ်တိုင်တိုင် မည်သည့်တိုးတက်မှုမျှ မရှိဘဲ ရပ်တန့် နေခဲ့လေသည်။
ဤသည်မှာ သာမန်မြို့ပြအင်ဂျင်နီယာ ပညာရှင်တစ်ဦး၏ ဂုဏ်ရောင်ထွန်းတောက်သော ဘဝခရီးလမ်း ပင် ဖြစ်ပေသည်။
ဂုဏ်ရောင်ထွန်းတောက်သည်ဟု ဆိုရခြင်းမှာ အငြိမ်းစားယူသည်အထိ စီမံခန့်ခွဲမှုရာထူးတစ်ခုပင် မရရှိ ကြသော ထောင်ပေါင်းများစွာသော လုပ်ဖော်ကိုင်ဖက်များ ရှိနေသောကြောင့်ပင် ဖြစ်၏။
ရွှီပေါ်အန်းကဲ့သို့ ထူးချွန်ပေါက်မြောက်ကာ စီမံကိန်းမန်နေဂျာ ဖြစ်လာသူမှာ သန်းပေါင်းများစွာထဲတွင် တစ်ယောက်မျှသာ ရှိပေသည်။
ယခုကဲ့သို့ အရှိန်အဝါကြီးမားလှသော အင်ဂျင်နီယာချုပ် ရာထူးကို ရရှိခြင်းမှာလည်း...
၎င်းမှာ တိုက်ဆိုင်မှုနှင့် ကံကောင်းမှုတို့ ပေါင်းစပ်သွားခြင်းကြောင့်သာ ဖြစ်ကြောင်း ရွှီပေါ်အန်း ကိုယ်တိုင်လည်း ကောင်းစွာ သိရှိထားလေသည်။
ကော်အိုကြီးမှာမူ ထိုကဲ့သို့သော အခွင့်အရေးမျိုး မရရှိခဲ့ရှာပေ။
သူ၏ ဘဝတစ်လျှောက်လုံးကို နည်းပညာပိုင်းတွင်သာ မြှုပ်နှံခဲ့ပြီး အငြိမ်းစားယူရန် နီးကပ်နေချိန်မှ ကျောက်စရစ် ပို့ဆောင်သည့် လုပ်ငန်းရှင်တစ်ဦး၏ နှောင့်ယှက်ခြင်းကို ခံနေရခြင်းပင်။
ထိုဖိအားများမှာ အလွန်ပင် ကြီးမားလှသဖြင့် သူတို့မှာ လုပ်ငန်းကိုပင် ဆက်လက်မလုပ်ဆောင်နိုင် လောက်အောင် ဖြစ်နေခဲ့ရလေ၏။
ကုမ္ပဏီ၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် မိမိ၏ ရိုးသားသော လက်အောက်ငယ်သားများကို ရွှီပေါ်အန်း သေချာပေါက် ကာကွယ်ပေးရပေလိမ့်မည်။
ရိုးသားသူများကို ဒုက္ခမရောက်စေရပေ။
ထို့အပြင် ကော်ဟွိုက်ကျူး ပြောပြခဲ့သော ကျောက်စရစ် ပို့ဆောင်သူမှာ သူ၏ ရန်သူဖြစ်ကြောင်း ရွှီပေါ်အန်း ကောင်းစွာ သိရှိနေလေသည်။
ချန်တက်ဝေ...။
ဟုတ်ပေသည်...။ သူသည် ရွှီပေါ်အန်း၏ ဇနီးဟောင်း ချီရှောင်ရွှယ်၏ လင်ငယ်ပင် ဖြစ်ပေသည်။
ယခင်က ရွှီပေါ်အန်းသည် သူတို့နှစ်ဦး ဖောက်ပြန်နေသည်ကို လက်ပူးလက်ကျပ် မိခဲ့ဖူးလေသည်။
ဒေါသထွက်နေသော ရွှီပေါ်အန်းအနေဖြင့် ဤယုတ်မာသော စုံတွဲကို သင်ခန်းစာပေးရန် ကြိုးပမ်းခဲ့ သော်လည်း...၊မမျှော်လင့်ဘဲ အခြားတစ်ဖက်မှာ အမှားလုပ်ထားသော်ငြား အနည်းငယ်မျှပင် နောင်တရ ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိခဲ့ချေ။
သူတို့သည် ပြန်လည်၍ပင် တိုက်ခိုက်ခဲ့ကြသေးသည်။ နှစ်ယောက်တစ်ယောက် အခြေအနေတွင် ရွှီပေါ်အန်း မှာ အရေးနိမ့်ခဲ့ရရုံသာမက ချန်တက်ဝေမှာ ရွှီပေါ်အန်းထက် အသက်လည်း အတော်အတန် ငယ်လေသည်။
သက်သေအဖြစ် ဓာတ်ပုံရိုက်ထားသော ရွှီပေါ်အန်း၏ ဖုန်းမှာလည်း အခြားတစ်ဖက်၏ ရိုက်ခွဲခြင်းကို ခံခဲ့ရလေ၏။
ဒေါသအလွန်အမင်း ထွက်သွားသော ရွှီပေါ်အန်းသည် ချီရှောင်ရွှယ်ကို ချက်ချင်းပင် ကွာရှင်းရန် တောင်း ဆိုခဲ့လေသည်။
နောက်တစ်နေ့တွင်မူ သူသည် လူအချို့ကို လျှို့ဝှက် စေလွှတ်ကာ ချန်တက်ဝေကို ပြင်းထန်စွာ ရိုက်နှက် ခိုင်းခဲ့လေသည်။
မမျှော်လင့်ဘဲ အခြားတစ်ဖက်မှာ အရှက်မရှိ ရဲတိုင်ခဲ့သဖြင့် ရွှီပေါ်အန်းမှာလည်း အပြစ်ပေးခံခဲ့ရလေ သည်။
ကုမ္ပဏီဘက်တွင်လည်း ချန်တက်ဝေသည် ရွှီပေါ်အန်း၏ ပြိုင်ဘက်များနှင့် ပူးပေါင်းကာ ရွှီပေါ်အန်းကို ထောင်ချောက်ဆင်ခဲ့သဖြင့် ရွှီပေါ်အန်းမှာ ရာထူးမှ ခေတ္တ ဖယ်ရှားခြင်းကို ခံခဲ့ရလေသည်။
ထိုအကြောင်းများကို တွေးမိသည်နှင့် ရွှီပေါ်အန်း၏ နှုတ်ခမ်းဖျားတွင် လှောင်ပြုံးတစ်ခု ပေါ်လာခဲ့၏။
ဝဋ်ဆိုသည်မှာ မလည်ဘဲ မနေပါ... အချိန်မတန်သေးလို့သာ ဖြစ်ပေလိမ့်မည်။
ယခု အသစ်ခန့်အပ်ခံရသော အင်ဂျင်နီယာချုပ်အနေဖြင့် ရွှီပေါ်အန်းသည် သူ၏ ပထမဆုံး ခခြေလှမ်းကို ကြီးကြီးမားမား လှမ်းလိုနေခဲ့လေပြီ။
“လူတိုင်းကို သင်ခန်းစာ ပေးဖို့အတွက် စတင်လိုက်ရအောင်...။“
ရွှီပေါ်အန်းသည် လက်လှမ်းကာ ဖုန်းမှ စပီကာဖွင့်သည့် ခလုတ်ကို နှိပ်လိုက်ပြီး တုန်းကျန်း ဒုတိယ ဆောက်လုပ်ရေးကုမ္ပဏီ၏ ပစ္စည်းဝယ်ယူရေးဌာန တာဝန်ခံထံသို့ ကျွမ်းကျင်စွာ ဖုန်းခေါ်ဆိုလိုက် လေသည်။
ဖုန်းမှာ နှစ်ချက်မျှသာ မြည်ပြီးနောက် တစ်စုံတစ်ဦးက ဖြေကြားလိုက်၏။
“ဟဲလို... အင်ဂျင်နီယာချုပ်ရွှီ...။ ကျွန်တော် ပစ္စည်းဝယ်ယူရေးဌာနက ကျိုးချန်ပါ...။”
အရိုအသေပေးကာ ပြောဆိုလိုက်သော ထိုအသံမှာ ယခင်က ရွှီပေါ်အန်းကို မြင်လျှင်ပင် နှုတ်မဆက်ဘဲ ခေါင်းညိတ်ရုံသာ ပြုတတ်သော ပုံစံနှင့် လုံးဝ ခြားနားနေခဲ့လေသည်။
ရွှီပေါ်အန်းက ဖုန်းကို ကိုင်လိုက်ပြီး ဖြေးညင်းစွာ ပြောလိုက်လေသည်။
“ပေကျင်း-ဖုန်း အမြန်လမ်း စီမံကိန်းမှာ အသုံးပြုနေတဲ့ ကျောက်စရစ်တွေက အရည်အသွေး အလွန် ညံ့ဖျင်းနေတယ်လို့ တိုင်ကြားချက်တွေ ရထားတယ်...။ အဲဒါ ဘယ်လိုဖြစ်တာလဲ...။”
ဖုန်း၏ အခြားတစ်ဖက်မှ လူမှာ ချက်ချင်းပင် ပြန်လည် ဖြေလိုက်လေသည်။
“အင်ဂျင်နီယာချုပ်... ကျွန်တော်တို့တွေ ချက်ချင်းပဲ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး သေချာ စစ်ဆေးလိုက်ပါ့မယ်...။ အကယ်၍ အချက်အလက်တွေက မှန်ကန်နေမယ်ဆိုရင်တော့ ကျွန်တော်တို့ ပို့ဆောင်သူနဲ့ တွေ့ဆုံပြီး ပြုပြင်ဖို့ အကြောင်းကြားစာ ထုတ်ပြန်ပါ့မယ်...။ အကယ်၍ သူတို့ဘက်က လိုအပ်ချက်တွေကို မဖြည့်ဆည်းနိုင်သေးဘူးဆိုရင်တော့...။”
“ကောင်းပြီ... တော်ပြီ...။ အကယ်၍တွေ လုပ်မနေနဲ့တော့....။ အခုက စီမံကိန်းကို အမြန် အပြီးသတ် ရမယ့် အချိန်လေ...။ မင်းရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်နေဖို့ အချိန်မရှိဘူး...။ အခုချက်ချင်းပဲ ကျောက်စရစ် ပို့ဆောင်တဲ့သူကို လဲလှယ်လိုက်တော့...။ အခွင့်အရေးကို အသုံးချပြီး မရိုးမသား လုပ်နေ တဲ့သူတွေကို ငါတို့ နေရာပေးစရာ မလိုဘူး...။”
ရွှီပေါ်အန်းသည် အခြားတစ်ဖက်၏ စကားကို အားနာခြင်းမရှိဘဲ ဖြတ်ပြောကာ အမိန့်ပေးလိုက်လေ၏။
ကျိုးချန်မှာ ဖုန်း၏ အခြားတစ်ဖက်မှနေ၍ တုံ့ဆိုင်းစွာဖြင့်...၊
“ဒါက... အင်ဂျင်နီယာချုပ်... ဒါက လုပ်ထုံးလုပ်နည်းတွေနဲ့ မကိုက်ညီမှာ စိုးလို့ပါ...။” ဟု ပြောလိုက် လေသည်။
ရွှီပေါ်အန်းက ပြတ်သားသော အသံဖြင့်...၊
“လုပ်ထုံးလုပ်နည်း ဟုတ်လား...။ ဟား... မင်းတို့ လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်နေလို့ စီမံကိန်းမှာ ဒီလို လူယုတ်မာတွေ ပါလာတာပေါ့...။ ငါတို့ လိုအပ်တာက စီမံကိန်းရဲ့ အရည်အသွေး၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပြည်သူလူထုရဲ့ ဘေးကင်းလုံခြုံရေးအတွက် တာဝန်ယူနိုင်တဲ့သူပဲ...။ ပြောစမ်း... မင်း ဒီအလုပ်ကို လုပ်နိုင်ပါ့မလား...။” ဟု ပြောလိုက်လေ၏။
ရွှီပေါ်အန်း၏ ပြင်းထန်သော စကားများကြောင့် ကျိုးချန်မှာ မျက်နှာများ ပူထူသွားခဲ့ရလေသည်။ ထို စကားကို ကြားရသောအခါ သူသည် ချက်ချင်းပင် တည်ငြိမ်သွားပြီး...၊
“လုပ်နိုင်ပါတယ်... အင်ဂျင်နီယာချုပ် စိတ်ချပါ...။ ကျွန်တော် ချက်ချင်းပဲ စီစဉ်လိုက်ပါ့မယ်...၊ ပြီးတော့ အခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီ ပြန်လည် တင်ပြပါ့မယ်...။” ဟု ပြောလိုက်လေတော့သည်။
ရွှီပေါ်အန်းက သူ၏ အသံကို ပြန်လည် လျှော့ချလိုက်ပြီး ညင်သာစွာ ပြောလိုက်လေ၏။
“အင်း...ကိစ္စက အရေးကြီးတယ် ဆိုပေမဲ့ ငါတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတော့ လိုက်နာရမှာပဲလေ ...။ ကျိုးကြောင်းဆီလျော်စွာနဲ့ အရည်အသွေး ပြည့်ပြည့်ဝဝ လုပ်ဆောင်ပေးပါ...။”
ကျိုးချန်သည် သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်လေသည်။
“စကားကိုတော့ ခင်ဗျားပဲ အကုန်ပြောသွားပြီး တစ်ခုခု လွဲချော်သွားရင်တော့ ကျွန်တော်ပဲ အပြစ်ခံရ မှာပေါ့...။“
အထက်လူကြီး စကားတစ်ခွန်းက လက်အောက်ငယ်သားအတွက် အမိန့်တော်ပဲ မဟုတ်ပါလား။
ဖုန်းချလိုက်ပြီးနောက် ကျိုးချန်သည် သူ၏ လုပ်ငန်းကြီးကြပ်ရေးမှူးကို ချက်ချင်း ခေါ်ယူလိုက်လေသည်။
“မြန်မြန် သွားတော့...၊ ပေကျင်း-ဖုန်း အမြန်လမ်း စီမံကိန်းအတွက် ကျောက်စရစ် ပို့ဆောင်တဲ့သူကို လဲလိုက်ပြီလို့ သတင်းပို့လိုက်...။”
ကြီးကြပ်ရေးမှူးမှာ ဝေခွဲမရဖြစ်ကာ မျက်တောင်တခတ်ခတ်ဖြင့်...၊
“ဟင်... ညွှန်ကြားရေးမှူး... ဘာဖြစ်လို့လဲခင်ဗျ...။ ပေကျင်း-ဖုန်း စီမံကိန်းကို ကျောက်စရစ် ပို့နေတာက ချန်မိသားစုလေ... သူတို့က ကျွန်တော်တို့နဲ့ လက်တွဲလာတာ နှစ်ပေါင်းများစွာ ရှိနေပြီ မဟုတ်လား...။” ဟု မေးလိုက်လေသည်။
ကျိုးချန်က သူ့ကို စိုက်ကြည့်ကာ... ၊
“ထွက်သွားစမ်း... မင်းထက် ငါက ပိုသိတာပေါ့...။ လဲခိုင်းရင် လဲလိုက်ရုံပဲ...၊ မင်း လုပ်နိုင်လား... မလုပ်နိုင်ရင် မင်းကိုပါ ငါ လဲပစ်လိုက်မယ်...။” ဟု အော်ဟစ်လိုက်လေ၏။
မိမိ၏ အထက်လူကြီး ဒေါသထွက်နေသည်ကို မြင်ရသောအခါ ကြီးကြပ်ရေးမှူးမှာ ကြောက်လန့် တကြား နောက်သို့ ဆုတ်သွားခဲ့ရလေသည်။
“ဟုတ်ကဲ့... ကျွန်တော် အခုချက်ချင်းပဲ လဲလိုက်ပါ့မယ်...။ ဒါပေမဲ့... ဘယ်သူနဲ့ လဲရမလဲဆိုတာ ပြောပေးပါဦး ညွှန်ကြားရေးမှူး...။”
“ဘယ်သူနဲ့ လဲရမလဲဆိုတော့...။”
ကျိုးချန်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ မျက်နှာဝင်းပသွားကာ...၊
“ဒီလိုလုပ်... အင်ဂျင်နီယာချုပ်ရွှီ စီမံကိန်းမန်နေဂျာ လုပ်ခဲ့တုန်းက ဘယ်ကျောက်စရစ် ပို့ဆောင် တဲ့သူတွေနဲ့ လက်တွဲခဲ့လဲဆိုတာ သွားစစ်ကြည့်...။ ပြီးရင် ငါ့ကို ချက်ချင်း ပြန်ပြော...။” ဟု ခိုင်းလိုက် လေသည်။
“အင်ဂျင်နီယာချုပ်ရွှီ...၊ ဪ... ကျွန်တော် နားလည်ပါပြီ...။ အခုချက်ချင်း သွားလိုက်ပါ့မယ်...။”
ကြီးကြပ်ရေးမှူးသည် အလျင်အမြန် ထွက်ခွာသွားလေတော့သည်။
နာရီဝက်ခန့် ကြာပြီးနောက် ရွှီပေါ်အန်း၏ ဖုန်းမှာ မြည်လာခဲ့လေသည်။
လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ဦးဖြစ်ကြောင်း မြင်လိုက်ရသောအခါ ရွှီပေါ်အန်းသည် အနည်းငယ် ပြုံးလိုက်မိလေသည်။
“ဟေး... ကြောင်အိုကြီး...။”
ဖုန်း၏ အခြားတစ်ဖက်မှ ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီးနောက် တက်ကြွသော အသံဖြင့်...၊
“အို... အင်ဂျင်နီယာချုပ်ရွှီ... ကျွန်တော့်ရဲ့ အစ်ကိုကြီးရွှီ...။ ခင်ဗျားက သာမန်လူ မဟုတ်ဘူးဆိုတာ ကျွန်တော် သိနေသားပဲ...။ ဂုဏ်ယူပါတယ်ဗျာ...၊ ဒီည အားရဲ့လား...။ ကျွန်တော့်ကို ပြုစုဧည့်ခံခွင့်လေး တစ်ချက်လောက် ပေးပါဦးလား...။”
ရွှီပေါ်အန်းက အားရပါးရ ရယ်မောလိုက်ပြီး...၊
“ဟားဟား... မင်းကတော့ သတင်း တော်တော် မြန်တာပဲနော်...။ ဒါပေမဲ့ ဒီညတော့ မရဘူးဗျ...၊ မနေ့က သောက်တာ နည်းနည်း များသွားလို့ အိမ်မပြန်ဖြစ်ဘူး...။ ဒီနေ့ မိဘတွေလည်း ရောက်နေတော့ အိမ်ပြန် ပြီး သူတို့ကို အဖော်လုပ်ပေးရဦးမယ်...။”
“ဪ... ဟုတ်တာပေါ့...။ ဒါဆိုရင်တော့ နောက်ရက်မှပေါ့...။ အန်ကယ်နဲ့ အန်တီတို့ ရောက်နေတယ် ဆိုတော့ အစ်ကိုကြီးရွှီရဲ့ မိဘဝတ်တရားကို ကျွန်တော် မတားတော့ပါဘူး...။ သူတို့ ဘယ်နှစ်ရက်လောက် ကြာမှာလဲ...၊ အဆင်ပြေရင် ကျွန်တော် မနက်ဖြန် လာတွေ့ချင်လို့ပါ...။ ရမလား အစ်ကိုကြီးရွှီ...။”
ရွှီပေါ်အန်းက ရယ်မောရင်း...၊
“အားနာစရာတွေ လုပ်မနေပါနဲ့... ရှိဟယ်ခရိုင်ကနေ ဒီကိုလာရင် နှစ်နာရီ၊ သုံးနာရီပဲ ကြာတာကို... ဒုက္ခခံပြီး လာမနေပါနဲ့...။”
ကြောင်အိုကြီးက ရယ်မောလျက်...၊
“ဟဲဟဲ... ဒုက္ခမရောက်ပါဘူးဗျာ... ကျွန်တော် အခုပဲ မြို့ပေါ်ကို လာနေတာ...။ ဒုတိယဆောက်လုပ်ရေးရဲ့ ပစ္စည်းဝယ်ယူရေးဌာနက ကျွန်တော့်ကို ဆက်သွယ်လာတယ်လေ...။ မနက်ဖြန် မနက်အစောကြီး ဝမ်ရှန်းခရိုင်ကို သွားပြီး စီမံကိန်းအတွက် ကျောက်စရစ် တင်ဒါမှာ ပါဝင်ပေးဖို့ ပြောလို့ပါ...။”
ရွှီပေါ်အန်းက တည်ငြိမ်သော အသံဖြင့်...၊
“မင်းကတော့လေ... အရေးကြီးတဲ့ ကိစ္စတွေကိုပဲ အာရုံစိုက်စမ်းပါ...။ ပြီးတော့ အလုပ်ကိုလည်း ကောင်းကောင်းလုပ်ဦး...။ ငါ့မျက်နှာ ပျက်အောင် မလုပ်နဲ့နော်...။”
“စိတ်ချပါ အစ်ကိုကြီးရွှီ... ကျွန်တော် အလုပ်ကို အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ပါ့မယ်...။”
ကြောင်အိုကြီးမှာ သူ၏ ဝမ်းသာပီတိကို မဖုံးကွယ်နိုင်အောင် ဖြစ်နေခဲ့ရလေ၏။
၎င်းမှာ ကောင်းကင်မှ မုန့်ပြုတ်ကျလာသကဲ့သို့ပင် မဟုတ်ပါလား။ သူ ဘယ်လိုလုပ်ပြီး မပျော်ဘဲ နေနိုင် ပါ့မည်နည်း။
ရွှီပေါ်အန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။
လူတစ်ယောက် အောင်မြင်မှု ရရှိချိန်တွင် သူနှင့် ဆက်နွယ်ပတ်သက်သူများပါ ကံကောင်းလာတတ်သည် မှာ သမိုင်းစဉ်ဆက် ထပ်ခါတလဲလဲ ဖြစ်ပျက်နေသော အရာပင် ဖြစ်ချေ၏။
အချို့သူများ ပျော်ရွှင်နေချိန်တွင် အချို့မှာမူ ဝမ်းနည်းနေကြရလေသည်။
ရွှီပေါ်အန်း ပြုံးနေချိန်တွင် ချန်မိသားစု၏ ဗီလာအတွင်း၌မူ...
ချန်တက်ဝေ၏ ဖခင် ချန်ကျိယွမ်သည် ဖုန်းတစ်ကောင် လက်ခံရရှိလိုက်လေ၏။
ထို့နောက် သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး လက်ထဲမှ ဖုန်းကို ကြမ်းပြင်ပေါ်သို့ ဒေါသတကြီး
ပစ်ပေါက်လိုက်လေတော့သည်။
“တောက်... ကျိန်စာတိုက်အပ်တဲ့ မိန်းမယုတ်...။ ငါ အသက်ရှိနေသရွေ့ အဲဒီလို လင်ဟောင်းရှိတဲ့ မိန်းမကို ငါ့ချန်မိသားစုထဲ ဘယ်တော့မှ အဝင်မခံဘူး...။”
အခန်း (၇၈)
သည်ကိစ္စမှာ နောက်ပြောင်နေခြင်း မဟုတ်ချေ
တုန်းကျန်းမြို့ရှိ အထက်တန်းစား ဖျော်ဖြေရေး ကစားဝိုင်းတစ်ခု၌ ဖြစ်လေသည်။
မာကျောက် ကစားနေသော ချန်တက်ဝေသည် ချီရှောင်ရွှယ်၏ ပေါင်ကို ဖြတ်ခနဲ ရိုက်လိုက်ပြီး မျက်နှာ တစ်ခုလုံး ပြုံးဖြီးလျက်...၊
“ငါ့ရဲ့ ကံဇာတာကတော့ အကောင်းဆုံးပဲဟေ့...။ ဟားဟား... ကိုယ်တိုင် ဆွဲပေါက်တာနော်...။ ကဲ... ပိုက်ဆံပေးကြ... ပိုက်ဆံပေးကြ...။” ဟု အော်ဟစ်လိုက်လေ၏။
ချီရှောင်ရွှယ်မှာ နာကျင်သွားသဖြင့် အသံထွက်သွားရပြီး စားပွဲပေါ်ရှိ ရာတန် ငွေစက္ကူအထပ်လိုက်ကို နှမြောတသစွာ ကြည့်ရင်း သွားကြိတ်ကာ ပြောလိုက်လေသည်။
“တက်ဝေ... ရှင် ဒီနေ့ ကျွန်မကို အခန်းလိုက်ပြမယ်လို့ ကတိပေးထားတယ်လေ...။ ဘယ်တော့ သွားကြမှာလဲ...။”
“ဟေ့... မလောစမ်းပါနဲ့ဦး...။ အခု ငါ့ရဲ့ အောင်ပွဲတွေ ဆက်နေတာလေ...။ ခဏလောက် ထပ်ကစားပါရ စေဦး...။”
ချန်တက်ဝေက စိတ်မရှည်သလို ပြန်ပြောလိုက်ပေ၏။
ထိုစဉ် ဘေးတွင် ချထားသော ချန်တက်ဝေ၏ ဖုန်းမှာ မြည်လာခဲ့လေသည်။
“ရှင့်အဖေ ဆက်တာပဲ...။”
ချီရှောင်ရွှယ်သည် ဖုန်းကို လိမ္မာယဉ်ကျေးစွာ ကောက်ကိုင်ပေးလိုက်ပြီး ချန်တက်ဝေ၏ နားတွင် ကပ် ပေးလိုက်လေ၏။
“မင်း ဘယ်မှာလဲ... နေ့လယ်စာ စားဖို့ ပြန်လာခဲ့...။”
ဖုန်းထဲမှ အသံမှာ အတော်အတန် ခက်ထန်နေသော်လည်း အောင်ပွဲခံနေသော ချန်တက်ဝေမှာမူ သတိ မထားမိခဲ့ချေ။
“ဘာဖြစ်လို့လဲ အဖေ...။ ကျွန်တော့်ဆီကို ငွေဝင်နေတာ အခုမှ ကောင်းနေတာလေ...။ နောက်မှ ပြောလို့ မရဘူးလား...။”
“ငွေဝင်တာတွေ လုပ်မနေနဲ့ အခုချက်ချင်း ပြန်လာခဲ့...။ ဝမ်ရှန်းခရိုင်က စီမံကိန်းအတွက် ကျောက်စရစ် ပို့တဲ့လုပ်ငန်း ရပ်ဆိုင်းခံလိုက်ရပြီဆိုတာ မင်း သိရဲ့လား...။”
“ဘာ...”
ချန်တက်ဝေသည် စားပွဲကို ဒေါသတကြီး ရိုက်လိုက်လေတော့၏။
*တောက်... တစ်နေ့တစ်ညလုံး ကစားလို့ ရတဲ့ ငွေက စီမံကိန်းတစ်ခုကို ကျောက်စရစ် ပို့လို့ရတဲ့ အမြတ် ကို ဘယ်မှာ ယှဉ်နိုင်ပါ့မလဲ….။*
ချန်တက်ဝေသည် အရေးကြီးသည့် ကိစ္စနှင့် အရေးမကြီးသည့် ကိစ္စကို ခွဲခြားနိုင်စွမ်း ရှိလေသည်။
ချန်တက်ဝေသည် အောက်ထပ်သို့ ဆင်းကာ ကားမောင်း၍ ထွက်ခွာရန် ပြင်စဉ်မှာပင် ချီရှောင်ရွှယ်မှာ ကားတံခါးကို အလျင်အမြန် လှမ်းဆွဲလိုက်လေ၏။
“ဟေး... နေဦးလေ တက်ဝေ...၊ ကျွန်မ ကားပေါ်တောင် မတက်ရသေးဘူး...။”
ချန်တက်ဝေသည် ချီရှောင်ရွှယ်ကို တစ်ချက် ကြည့်လိုက်ပြီး ဖြစ်ညစ်ပြုံးကာ ပြောလိုက်လေသည်။
“ရှောင်ရွှယ်... မင်းလည်း သိတဲ့အတိုင်း ငါ့အဖေက ငါတို့ နှစ်ယောက် ကိစ္စကို သိပ်သဘောမတူသေး ဘူး ...။ အခု သူ စိတ်မကြည် ဖြစ်နေတာဆိုတော့ မင်း ငါ့အိမ်ကို မလိုက်လာတာက ပိုပြီးကောင်းလိမ့်မယ် ထင်တယ်...။”
“ဘာ... ရှင်ပဲ ရှင့်အဖေကို ကိုင်တွယ်နိုင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား...။ အခု သုံးလတောင် ရှိနေ ပြီ ဖြစ်ပေမဲ့ ရှင်က...။”
“နောက်မှ ပြောကြတာပေါ့ ရှောင်ရွှယ်...။ ငါ တကယ်ပဲ အရေးကြီးတဲ့ ကိစ္စ ရှိလို့ပါ...။ မင်းပဲ အခန်းတွေ ကို အရင် သွားကြည့်ထားလိုက်ပါ...။ ကောင်းတာလေး တစ်ခု ရွေးထားလိုက်ပေါ့...၊ ရပြီဆိုရင် ငါ့ကို ပြောလေ...။”
ပြောပြီးသည်နှင့် ချန်တက်ဝေသည် လီဗာကို နင်းကာ နောက်သို့ တစ်ချက်ပင် လှည့်မကြည့်ဘဲ မောင်း ထွက်သွားလေတော့သည်။
ချီရှောင်ရွှယ်မှာ ဒေါသတကြီးဖြင့် ခြေဆောင့်ကာ ကျန်ရစ်ခဲ့ရ၏။ သူမသည် အံကြိတ်ရင်း ရေရွတ်လိုက် လေသည်။
“ယောက်ျားတွေကတော့ အားလုံး အတူတူပါပဲ...။ ဟွန်း...၊”
သူမ ထပ်မံ၍ ဆဲဆိုရန် ပြင်လိုက်စဉ်မှာပင် လက်ကိုင်အိတ်အတွင်းရှိ ဖုန်းမှာ မြည်လာခဲ့ပြန်လေ၏။
သူမ၏ မိခင်ဖြစ်သူ ကျောက်ဟုန်ရှထံမှ ခေါ်ဆိုခြင်း ဖြစ်လေသည်။
“ရှောင်ရွှယ်... တက်ဝေကို နေ့လယ်စာ စားဖို့ ဖိတ်လိုက်ဦးနော်...။ ငါနဲ့ မင်းအဖေက သူ့ကို သတိရနေ လို့...။”
“အမေ... တက်ဝေက နေ့လယ်ပိုင်း အလုပ်ကိစ္စ ရှိလို့တဲ့...။ နောက်ရက်မှပဲ ဖိတ်ကြရအောင်...။”
ချီရှောင်ရွှယ်က အကူအညီမဲ့စွာ ပြောလိုက်ရလေ၏။
ကျောက်ဟုန်ရှသည် ဖုန်း၏ အခြားတစ်ဖက်မှ ခေတ္တ တုံ့ဆိုင်းနေပြီးမှ ဆက်ပြောလိုက်လေသည်။
“ကောင်းပြီလေ... ဒါနဲ့...၊ မင်းမောင်လေးရဲ့ အလုပ်ကိစ္စကိုလည်း တက်ဝေကို ပြောပေးဖို့ မမေ့နဲ့ဦးနော်... ။ မင်းမောင်လေးလည်း အသက်မငယ်တော့ဘူး...။ အိမ်မှာပဲ ဒီအတိုင်း ထိုင်နေတာ မသင့်တော်ဘူး လေ...။”
ချီရှောင်ရွှယ် မျက်မှောင်ကြုတ်လိုက်မိ၏။ သူမ၏ မိခင်က နေ့လယ်စာ ဖိတ်ကျွေးခြင်းမှာ မည်သည့် အတွက်ကြောင့် ဖြစ်သည်ကို သူမ ချက်ချင်း နားလည်လိုက်လေသည်။ သူမက မကျေမနပ်ဖြင့်...၊
“သိပါပြီ အမေ... သမီး မေးပေးပါ့မယ်...။”
“အေး... ငါတို့ ပြောထားသလိုပဲ...၊ မင်းမောင်လေးအတွက် တင့်တယ်တဲ့ အလုပ်တစ်ခုတော့ ရှာပေးရ မယ်နော်...။ ရွှီပေါ်အန်းလို ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ လုပ်ရတာမျိုး ဒါမှမဟုတ် လူတွေကို လိုက်ပို့ရတာမျိုးတော့ မလုပ်ခိုင်းနဲ့...။”
“မင်းရဲ့ မောင်လေးက အလိုလိုက်ခံထားရတာဆိုတော့ သူများအောက်မှာ ခိုင်းဖတ်လုပ်ရတဲ့ အလုပ်တွေ ကို ဘယ်လုပ်နိုင်ပါ့မလဲ...။ တက်ဝေကပဲ သူ့ဘေးမှာ ထားပြီး လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာအောင် သင်ပေးနိုင်ရင် အကောင်းဆုံးပဲပေါ့...။”
ချီရှောင်ရွှယ်မှာ ခေတ္တမျှ ဆွံ့အသွားပြီးမှ...၊
“ပြောလို့ ပြီးပြီလား... ဟုတ်ကဲ့... သမီး နားလည်ပါပြီ...။ သမီး အလုပ်လေး ရှိလို့ ဖုန်းချလိုက်တော့မယ် နော်...။”
ချီရှောင်ရွှယ် ဖုန်းချလိုက်သည်နှင့် တစ်ပြိုင်နက် လက်ကမ်းစာစောင် ဝေနေသော မိန်းကလေးတစ်ဦးမှာ သူမ၏ ရှေ့သို့ ရောက်ရှိလာခဲ့လေ၏။
“မင်္ဂလာပါ မမ... အိမ်ရှာနေတာလားဟင်...။ ဒီစာစောင်လေးက အလယ်ဗဟို ဗီလာဝန်းရဲ့ ဘေးမှာ ရှိတဲ့ လူနေအဆောက်အအုံသစ်လေး အကြောင်းပါ...။ ဝမ်တန်း ပလာဇာနဲ့လည်း နီးပါတယ်...၊ နေရောင်ခြည် ကောင်းကောင်းရပြီး မြင်ကွင်းကလည်း အရမ်းလှပါတယ်...၊ စီးပွားရေးအရလည်း အချက်အချာကျတဲ့ နေရာပါ...၊ စိတ်ဝင်စားရင် သွားကြည့်လို့ ရပါတယ်နော်...။”
ချီရှောင်ရွှယ်သည် လက်ကမ်းစာစောင်ကို လှမ်းယူလိုက်ရာ ၎င်းပေါ်တွင် ရေးသားထားသော ဖော်ပြ ချက်များကို ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့လေသည်။
ဘာပဲဖြစ်ဖြစ် သူမလည်း အိမ်ရှာရန် စဉ်းစားနေသဖြင့် ဝမ်တန်း ပလာဇာ ဆီသို့ သွားကြည့်ရန် ဆုံးဖြတ် လိုက်လေတော့၏။
...
ချန်တက်ဝေသည် အိမ်သို့ ပျာပျာသလဲ ပြန်လာခဲ့လေသည်။
ဗီလာအတွင်းသို့ ဝင်လိုက်သည်နှင့် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် သူ၏ ဖခင် ချန်ကျိယွမ်သည် ဒေါသတကြီး မျက်နှာဖြင့် ထိုင်နေသည်ကို တွေ့လိုက်ရ၏။ သူသည် ရှေ့ရှိ တီဗီနံရံကို စိုက်ကြည့်ရင်း တိတ်ဆိတ် နေခဲ့ လေသည်။
“အဖေ... ဘယ်လိုဖြစ်တာလဲ...။ ဘယ်သူကများ ကျွန်တော်တို့ရဲ့ လုပ်ငန်းကို လုရဲတာလဲ...။”
“ရှိဟယ်ခရိုင်က... ကြောင်အိုကြီး...”
ချန်ကျိယွမ်က အံကြိတ်ရင်း ထိုစကားကို ပြောဆိုလိုက်လေ၏။
ချန်တက်ဝေ၏ မျက်လုံးများ ပြူးကျယ်သွားကာ...
“ဘာ... ကြောင်အိုကြီး...၊ အဖေ နောက်နေတာလား...။ သူက အရင်က အဲဒီကောင် ရွှီပေါ်အန်း နဲ့အတူ စီမံကိန်း သုံးခုမှာ ကျောက်စရစ် နည်းနည်းပါးပါး ပို့ပေးခဲ့ဖူးတဲ့သူ မဟုတ်လား...။ သူ စလုပ်တုန်းကဆို ရင် သူ့ရဲ့ ကျောက်တုံးတွေ အကုန်လုံးကို ကျွန်တော်တို့ရဲ့ စက်ရုံကနေ ဝယ်ခဲ့ရတာလေ...။ သူက ဘာမို့လို့ ဒီလောက် ရဲတင်းရတာလဲ...။ သူက ဘာအရည်အချင်း ရှိလို့လဲ...။”
ချန်ကျိယွမ်က သူ၏ သားကို တစ်ချက် ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်လေသည်။
“ဟွန်း... သူက ဘာမို့လို့လဲ ဟုတ်လား...၊ အဲဒါ ရွှီပေါ်အန်းကြောင့်ပေါ့...။ အခု ရွှီပေါ်အန်းက တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီရဲ့ အင်ဂျင်နီယာချုပ် ဖြစ်သွားပြီလေ...။ အဲဒါကြောင့် သူက ဒီလို လုပ်ရဲ တာပေါ့...။ သူ အရည်အချင်း ရှိတယ်လို့ မင်း ထင်နေသလား...။”
ချန်တက်ဝေ၏ မျက်လုံးများမှာ ပို၍ပင် ပြူးကျယ်သွားရပြီး မယုံကြည်နိုင်ဟန်ဖြင့်...၊
“ဘာ... အင်ဂျင်နီယာချုပ်လား...။ ရွှီပေါ်အန်းကလား...၊ သူက ရာထူးကနေ ခေတ္တ ဖယ်ရှားခံထားရတဲ့ ဒုတိယလူ မဟုတ်ဘူးလား...။”
ချန်ကျိယွမ်က လက်ယမ်းလိုက်ကာ...
“အလကားအပိုတွေ ပြောမနေနဲ့...၊ အဲဒါတွေက အတိတ်က ကိစ္စတွေပဲ...။ လုပ်ငန်းတွေကို မင်းလက်ထဲ အပ်လိုက်တာ ငါ့အမှားပဲ...၊ မင်းကတော့ တစ်နေ့ကုန် ပျော်ပါးဖို့ပဲ သိပြီး စီးပွားရေး ကိစ္စတွေကို စိတ်မ ဝင်စားဘူး...။ ဒီလောက်ကြီးတဲ့ သတင်းကိုတောင် မင်း မသိဘူးလား...။”
ချန်တက်ဝေသည် ရှက်ကိုးရှက်ကန်း ရယ်လိုက်ပြီး သူ၏ ဖခင်ကို ပြန်လည် ဖျောင်းဖျလိုက်လေ၏။
“အဖေ... စိတ်မပူပါနဲ့...။ သူက အင်ဂျင်နီယာချုပ် ဖြစ်လာလည်း ဘာဖြစ်လဲ...၊ သူက ဒုတိယခေါင်း ဆောင်ပဲ မဟုတ်လား...။ အန်ကယ်ဟယ်က အထွေထွေမန်နေဂျာလေ...။ သူကပဲ ရွှီပေါ်အန်းကို စိတ်ကြိုက် လုပ်ခွင့် ပေးပါ့မလား...။”
ချန်ကျိယွမ်က ပို၍ ဒေါသထွက်သွားကာ စားပွဲကို ရိုက်လိုက်ပြီး...၊
“မင်းက ဘာတွေ လျှောက်ပြောနေတာလဲ...။ အန်ကယ်ဟယ်တောင် အခု ဒုက္ခရောက်နေတာကို မင်းက သူ့ကို အားကိုးချင်သေးတာလား...။ ဟယ်ချန်က အခု တုန်းကျန်း ဆောက်လုပ်ရေးအုပ်စုကို ရာထူး အပြောင်းခံလိုက်ရပြီး ဘာအာဏာမှ မရှိတော့ဘူး...။ အခု တုန်းကျန်း ဒုတိယဆောက်လုပ်ရေး တစ်ခု လုံးက ရွှီပေါ်အန်းရဲ့ လက်ထဲမှာပဲ...၊ သူက အရာရာကို ထိန်းချုပ်ထားလိုက်ပြီ...။”
ချန်တက်ဝေမှာ လုံးဝကို ဆွံ့အသွားရလေတော့၏။
*ရွှီပေါ်အန်းက...၊ သူ တကယ်ပဲ ဘဝကို ပြန်လည် အောင်မြင်အောင် လုပ်နိုင်သွားတာလား...။*
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...”
ချန်တက်ဝေမှာ မိန်းမောစွာဖြင့် ရေရွတ်နေမိလေ၏။
“ဘယ်လိုဖြစ်ရမှာလဲ...၊ မင်းက မိသားစု လုပ်ငန်းကို ဦးဆောင်နေတာပဲ...။ ဘယ်သူ့ကို သွားမေးရမှာ လဲ...။”
ချန်တက်ဝေသည် အားတင်း၍ပြုံးကာ သူ၏ ဖခင်အား ပြန်လည် ဖျောင်းဖျလိုက်ပြန်လေသည်။
“ကိစ္စမရှိပါဘူး အဖေ... ဒါက စီမံကိန်း အသေးလေး တစ်ခုပဲလေ...။ ကျွန်တော်တို့မှာ တခြား စီမံကိန်း တွေ အများကြီး ရှိပါသေးတယ်...၊ အဲဒါတွေ အတွက် စိတ်မပူပါနဲ့...။ စိတ်ဆိုးနေရင် အဖေ့ရဲ့ ကျန်းမ ရေး ထိခိုက်မှာ စိုးလို့ပါ...။”
ချန်ကျိယွမ်က အံကြိတ်ရင်း သူ၏ အသိဉာဏ်နည်းပါးသော သားကို စိုက်ကြည့်ကာ ပြောလိုက်လေ သည်။
“ဟွန်း... ငါကပဲ အပိုတွေ စိတ်ပူနေတယ်လို့ မင်း ထင်နေတာလား...။ မင်းပဲ အပိုတွေ တွေးနေတာပါ...။ ဒါက အစပဲ ရှိသေးတာ...၊ တခြား စီမံကိန်းတွေကို ငါတို့ ဆက်ပြီး ထိန်းထားနိုင်မယ်လို့ မင်း ထင်နေသ လား...။”
ချန်တက်ဝေက မကျေမနပ်ဖြင့်...၊
“ဘာ... အဖေ ဆိုလိုတာက...၊ သူက တကယ်ပဲ လုပ်ရဲလို့လား...။ ကျွန်တော်တို့ရဲ့ စီမံကိန်းတွေက လုပ်ထုံးလုပ်နည်းတွေအတိုင်း ရထားတာလေ...။ သူ အာဏာရှိတယ် ဆိုပေမဲ့လည်း စည်းမျဉ်းတွေ ကိုတော့ ချိုးဖောက်လို့ မရနိုင်ပါဘူး...။”
“သူက ဘာလို့ မလုပ်ရဲရမှာလဲ...၊ မင်းက သူ့မိန်းမကို လုယူခဲ့တယ်၊ သူ့မိသားစုကို ဖျက်ဆီးခဲ့တယ်၊ ပြီး တော့ သူ့ကို အလုပ်ပြုတ်လုနီးပါး ဖြစ်အောင် လုပ်ခဲ့သေးတယ် မဟုတ်ဘူးလား...။ အဲဒါကို သူက မင်းကို ဘာလို့ ပြန်မလုပ်ရဲဘူးလို့ ထင်နေတာလဲ...။ ပြီးတော့ ဒီလို ကိစ္စအသေးလေးတွေကို သူကိုယ်တိုင် ကိုင်တွယ်စရာတောင် လိုမှာ မဟုတ်ဘူး...။”
ချန်တက်ဝေက အော်ဟစ်လိုက်လေသည်။
“ကျွန်တော်က ကျောက်စရစ်လုပ်ငန်းရှင်ကြီး တစ်ယောက်အနေနဲ့ ဘယ်သူ့ကိုမှ မကြောက်ဘူး...၊ သူ သာ ကျွန်တော့်ကို အကျပ်ကိုင်လာမယ်ဆိုရင်တော့ သူ့ကိုပါ တစ်ခါတည်း ဆွဲချပစ်လိုက်မှာ...။”
ချန်ကျိယွမ်က အေးစက်စက် ပြောလိုက်လေ၏။
“အပိုတွေ ပြောမနေနဲ့... အခု အခြေအနေတွေက အရင်လို မဟုတ်တော့ဘူး...။ မင်းသာ အရင်လို မရိုး မသား နည်းလမ်းတွေ သုံးဦးမယ်ဆိုရင်တော့ မင်း ကို့သေတွင်းကိုတူးတာပဲ...။ ငါကတော့ ငါ့သားရဲ့ အလောင်းကို မြေမမြှုပ်ချင်ဘူးနော်...။”
“ဒါပေမဲ့ အဖေ...၊ သူ ကျွန်တော်တို့ကို ဒီလို လာပြီး အနိုင်ကျင့်နေတာကို ဒီအတိုင်း ကြည့်နေရတော့မှာ လား...။”
“မင်း သူ့ကို အနိုင်ကျင့်တုန်းကကျတော့ ဘာလို့ ဘာမှ မပြောခဲ့လဲ...။ မင်းက အဲဒီ လင်ဟောင်းရှိတဲ့ မိန်းမရဲ့ ပြုစားခြင်းကို ခံနေရတာပဲ...။ မင်းက ငါတို့ရဲ့ စီးပွားရေး လမ်းကြောင်းတွေကိုတောင် ဖြတ် တောက်ပစ်ဖို့ ဝန်မလေးဘူး မဟုတ်လား...။”
“အဖေ... ကျွန်တော်လည်း ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူးလေ...။ ကျွန်တော် ဒီလို ဒုက္ခတွေထဲ ရောက်သွားမယ်ဆိုတာ ဘယ်လိုလုပ် သိနိုင်ပါ့မလဲ...။”
ချန်တက်ဝေသည် သူ၏ လက်ကို ဖြန့်ကာ အပြစ်မရှိဟန်ဖြင့် ပြောလိုက်လေသည်။
“အပိုတွေ ပြောမနေနဲ့တော့...၊ ငါ ပြောထားမယ်...။ အဲဒီ မိန်းမယုတ်ကို ငါ့အိမ်ထဲကို အဝင်ခံဖို့ လုံးဝ မစဉ်းစားလေနဲ့...၊ ငါ သေရင်တောင် သဘောမတူဘူး...။” ဟု ချန်ကျိယွမ်က ပြတ်သားစွာ ပြောလိုက် လေ၏။
ချန်တက်ဝေသည် မျက်ခုံးပင့်လိုက်ကာ... ပေါ့ပျက်ပျက် အမူအရာဖြင့်ပင်၊
“အိုး... အဲဒါအတွက် စိတ်မပူပါနဲ့...၊ ကျွန်တော်လည်း သူမနဲ့ အပျော်ပဲ ကစားနေတာပါ...။ လူတိုင်းမှာ ကျောင်းတုန်းက သံယောဇဉ်ဟောင်း ဆိုတာမျိုး ရှိတတ်တာပဲလေ...။”
“ဟွန်း... ကစားထားဦးပေါ့...၊ မင်း သေအောင် ကစားဦး...။”
ချန်ကျိယွမ်သည် ဆေးလိပ်တစ်လိပ်ကို ယူ၍ ထွန်းညှိလိုက်ကာ အားပါးတရ ဖွာလိုက်လေတော့၏။
သူ၏ ဖခင် ဒေါသ အတန်ငယ် လျော့သွားသည်ကို မြင်ရသောအခါ ချန်တက်ဝေက ချော့မော့၍ မေးမြန်း လိုက်လေသည်။
“အဖေ... အဖေ့မှာ... အဖြေတစ်ခုခု ရှိလားဟင်...။”
ချန်ကျိယွမ်သည် ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေ၏။
“ငါ ဒီလုပ်ငန်းထဲမှာ ဘဝတစ်ဝက်လုံး ကျင်လည်လာခဲ့တာ...။ ဘယ်သူ့ရဲ့ အနိုင်ကျင့်မှုကိုမှ အလွယ်တကူ ခံမှာ မဟုတ်ဘူး...။ မနက်ဖြန် မင်း ဘယ်မှ မသွားနဲ့...၊ ငါ အရေးကြီးတဲ့ ဧည့်သည်တစ်ယောက်နဲ့ ထမင်း စားဖို့ ရှိတယ်...။ မင်းက ကားမောင်းပေးရမယ်...။”