သေသင့်သည့်ဇာမဏီမျိုးနွယ်
Vol. 27 Ch. 368
အခန်း (၃၆၈) သေသင့်သည့်ဇာမဏီမျိုးနွယ်
ခွန်လွန်တောင်သို့ အပြန်လမ်း။
လက်ထဲတွင် လှံရှည်ကိုကိုင်ရင်း ကျန်းလန် လမ်းလျှောက်လာသည်။ သူက လူသွားလူလာ ပြတ်လပ်သည့်လမ်းကို တမင်တကာ ရွေးချယ်လျှောက်လှမ်းလာခြင်း ဖြစ်၏။
လူပြတ်သည့်လမ်းကို ရွေးချယ်ရသည့် အကြောင်းရင်း (၂)ခု ရှိသည်။
ပထမတစ်ချက်မှာ မလိုလားအပ်သည့် ပြဿနာများ မဖြစ်စေရန် လူရှောင်ချင်သောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ဇာမဏီမျိုးနွယ်မှမိန်းကလေး သူ့ကို လာရောက်တိုက်ခိုက်ချင်သည်ဆိုလျှင် အခွင့်အရေးရရန် ဖြစ်သည်။
ဇာမဏီမျိုးနွယ်မိန်းကလေးက သူ့ကို လက်စားချေရန် ရောက်လာမည်ဆိုလျှင် ကျန်းလန်က ချက်ချင်းရှင်းပစ်မည် ဖြစ်သည်။
သို့သော် ကောင်ငယ်လေးက ဟုန်ယာ၏ရှေ့တွင် အလွန်စိတ်လှုပ်ရှားနေသည်ကို တွေ့ရသည့်အခါ သူ အလွန် အံ့အားသင့်မိသည်။
ဟုန်ယာကို မည်သို့ ပျော်ရွှင်အောင်လုပ်ပေးရမည်ကို ကောင်ငယ်လေးက သူ့ကို သင်ပေးစေလိုဟန် ရှိသည်။ သို့သော် သူကလည်း မည်သို့သင်ပေးရမှန်း မသိပေ။
မည်သို့ပင်ဖြစ်စေ ကောင်ငယ်လေးက သူ့အပေါ် အလွန်ကောင်းသူ ဖြစ်သည်။ သူက နဝမတောင်ထွတ်မှ တပည့်ဖြစ်သောကြောင့်လည်း ကောင်းကောင်းမွန်မွန် ဆက်ဆံခြင်း ဖြစ်နိုင်၏။
သူ သေရည်ဆိုင်သို့ ပထမဆုံးတစ်ခေါက် လာစဉ်ကပင် သူက နဝမတောင်ထွတ်မှ တပည့်ဖြစ်ကြောင်း ဆိုင်ရှင်အဘိုးကို ပြောပြခဲ့သည် မဟုတ်ပါလား။
ထိုအချိန်မှစပြီး ကောင်ငယ်လေးက သူ့ကို မြေပဲများ အလကားပေးလေ့ ရှိသည်မှာ ယခုဆိုလျှင် နှစ်ပေါင်းရာချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
"ဒီလှံရှည်က အဋ္ဌမမင်းသားရဲ့ လှံရှည်ပဲ ၊ ကောင်ငယ်လေးက ငါ့ကိုပေးလိုက်ပေမယ့် ယူထားဖို့ မသင့်တော်ပါဘူး"
ကျန်းလန် တွေးလိုက်သည်။
နောက်တစ်ကြိမ် အဋ္ဌမမင်းသားနှင့် ဆုံတွေ့မှ ပြန်ပေးန် ဆုံးဖြတ်လိုက်သည်။ သူ့အတွက်လည်း အသုံးမဝင်လှပေ။
ကျန်းလန် လှံရှည်ကို အနည်းငယ် ဝှေ့ယမ်းကြည့်လိုက်သည်။ မှော်ဝင်လံှရှည်တစ်လက်ဖြစ်လေရာ စွမ်းအားနည်းပါးခြင်း မရှိပေ။ တိုက်ခိုက်ရေးလေ့ကျင့်ရန် အလွန်သင့်တော်သည့်လက်နက်တစ်ခု ဖြစ်သည်။
မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲတွင် ချွင်းချက်အနေဖြင့် လှံရှည်အသုံးပြုတိုက်ခိုက်ခဲ့သော်လည်း တကယ်တမ်း သူ အသုံးပြုသည်က ဓားရှည် ဖြစ်သည်။ သူက ခုနစ်စဉ်ကြယ်ဓားသိုင်းကို ကျင့်ကြံထားခဲ့သည် မဟုတ်ပါလား။
လှံရှည်အသုံးပြုမည်ဆိုလျှင်တော့ ဆရာဖြစ်သူ၏ လျှပ်စီးတန်ခိုးစွမ်းအားကိုပါ အသုံးပြုနိုင်စွမ်းရှိမည် ဖြစ်၏။ ဆရာဖြစ်သူကလည်း လျှပ်စီးတန်ခိုးစွမ်းအားကို အတော်လေး ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်သူ ဖြစ်သည်။
တွေးတောရင်းဖြင့် ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်လာခဲ့ပြီး လမ်းတစ်လျှောက်တွင်လည်း အတော်လေး သတိထားခဲ့သည်။
အစပိုင်းတွင် ဇာမဏီမျိုးနွယ်မှ မိန်းကလေး သူ့ကို လာရောက်တိုက်ခိုက်မည်ဟု ထင်ခဲ့သော်လည်း တကယ်တမ်းတွင် ရောက်မလာခဲ့ပေ။
…
နေ့လည်ခင်းအချိန်။
သေရည်ဆိုင်ထဲသို့ အဋ္ဌမမင်းသား ဝင်လာ၏။
သူက ကောင်ငယ်လေးအနားသို့ လမ်းလျှောက်သွားရင်း…
"ကောင်လေး ၊ ကျုပ်ရဲ့ လှံရော"
ကောင်လေးက ပြန်မဖြေသဖြင့် သူက ဆက်ပြောလိုက်သည်။
"ကောင်လေး… အဲဒီ လှံရှည်က ကျုပ်သဘောအကျဆုံး လှံရှည်နော် ၊ ဒီနှစ်တွေ အဲဒီလှံရှည်နဲ့ပဲ ကျုပ်မှာ အလုပ်လုပ်နေရတာ ၊ အသားကင်ရင်လည်း အဲဒီလှံနဲ့ပဲ ကင်ရတာ ၊ မင်း ကျုပ်လှံကို ဖျောက်ပစ်လိုက်လို့ကတော့… ဟေ့ကောင်… မင်းနဲ့ ကျုပ်နဲ့ သေခန်းပြတ်ပြီကွ နော်… ၊ ယောက်ဖဆီကနေ မင်းအတွက် ဘာအကြံမှ တောင်းမပေးတော့ဘူး"
ကောင်ငယ်လေးက ခပ်တိုးတိုးလေသံဖြင့်…
"ခင်ဗျားရဲ့ လှံရှည်က ထိန်းချုပ်လို့မရဘဲ ဟုန်ယာတို့မျိုးနွယ်ဝင်တစ်ယောက်ကို ဒဏ်ရာရအောင် တိုက်ခိုက်လိုက်လို့ ကျွန်တော် ပေးပစ်လိုက်ပြီ"
အဋ္ဌမမင်းသားမှာ မြေပြင်ထက်တွင် ကျောက်ရုပ်ပမာ တောင့်တောင့်ကြီးဖြစ်သွားသည်။ ထိုစကားက သူ့နှလုံးသားကို နာကျင်စေသည်။
သူက…
"အဲဒါ ကျုပ်လှံလေ ၊ မင်းဟာမှ မဟုတ်တာ ၊ ဘာလို့ ပေးပစ်ရတာလဲ"
ကောင်ငယ်လေးက…
"ပေးပြီးသွားပြီလေ ၊ အခုမှတော့ ဘာတတ်နိုင်တော့မှာလဲ"
အဋ္ဌမမင်းသားက…
"ဇာမဏီကောင်မလေးကို မျက်နှာလုပ်ပြီး အဲဒီလှံရှည်လက်ဆောင်ပေးလိုက်တာတော့ မဟုတ်ဘူးမလား"
စိတ်ထဲကလည်း ကြိမ်းဝါးလိုက်သည်။
"ကောင်စုတ်လေး… ဟုတ်တယ်လို့ ပြောရဲပြောကြည့်စမ်း ၊ လျှပ်စီးစာကျွေးပစ်မယ် ၊ နောက်ကို ဘယ်လို လိမ်လိမ်မာမာနေရမယ်ဆိုတာ သင်ပေးလိုက်မယ်"
ကောင်းငယ်လေးက ခေါင်းခါယမ်းလိုက်ရင်း…
"မဟုတ်ပါဘူးဗျာ…"
သူက ဆက်ပြောသည်။
"ကျွန်တော် အစ်ကိုကြီးကို ပေးလိုက်တာ…"
"အစ်ကိုကြီး ဟုတ်လား… ၊ ဘယ်က အစ်ကိုကြီးလဲ ၊ မင်းအစ်ကိုကြီးဆိုတာ ကျုပ်အစ်ကိုကြီးမှ မဟုတ်တာ ၊ မင်းက ဘာလို့ပေး… မင်း…"
အဋ္ဌမမင်းသား၏စကားက လမ်တစ်ဝက်တွင် ရပ်တန့်သွားသည်။
သူ့ပုံစံက အစပိုင်းတွင် အံ့အားသင့်သွားဟန်ရှိပြီး နောက်တော့ ဒေါသထွက်နေရာမှ ချက်ချင်း စိတ်သက်သာရာရသွားဟန် ပြောင်းလဲသွားသည်။
"မင်း ကျုပ်ယောက်ဖကို ပေးလိုက်တာလား"
ကောင်ငယ်လေးက…
"အင်းလေ… ဘယ်သူရှိရဦးမလဲ"
"အိုး… ယောက်ဖဆိုရင်တော့ အဆင်ပြေတယ်"
အဋ္ဌမမင်းသား ဒေါသမထွက်တော့ပေ။
သူက ကောင်ငယ်လေး၏ပခုံးကိုပုတ်လိုက်ရင်း…
"ကျုပ် ယောက်ဖက မင်းယောက်ဖပါပဲကွာ ၊ အခုကစပြီး ကျုပ်တို့တွေက ညီအစ်ကိုတွေလိုပါပဲ ၊ မင်းလည်း ကျုပ်ကို အစ်ကိုကြီးလို့ ခေါ်လို့ရတယ်"
ကောင်ငယ်လေးက အဋ္ဌမမင်းသား၏စကားကို မသိချင်ယောင်ဆောင်နေလိုက်သည်။
လုန်မန်က…
"ဒါနဲ့ မင်းက ကျုပ်ယောက်ဖကို ဘာလို့ လှံရှည် ပေးလိုက်ရတာလဲ"
ထို့နောက် သူက မြေပဲအချို့ကို ကောက်ယူပြီး ဝါးနေလိုက်သည်။
ကောင်ငယ်လေးက…
"ဒီမနက်ကပေါ့…"
ကောင်ငယ်လေးက ယနေ့နံနက်ဖြစ်ခဲ့သမျှအကြောင်းများကို ရှင်းပြလိုက်၏။
"အဘိုးက အစ်ကိုကြီးကို အရမ်းချီးကျူးတာလေ ၊ အဘိုးချီးကျူးတဲ့သူတစ်ယောက်ကို လူသားအင်မော်တယ်တစ်ယောက်က အနိုင်ကျင့်တာ မဖြစ်သင့်ဘူးလို့ ကျွန်တော်ခံစားရတယ် ၊ ဒါကြောင့် ကျွန်တော်က အဲဒီမိန်းမကို တိုက်ခိုက်လိုက်တာ ၊ ပြီးတော့ သူကလည်း ကျွန်တော်လေးစားတဲ့ အစ်ကိုကြီးကို အနိုင်ကျင့်နေတာလေ ၊ အဲဒါကြောင့် ခင်ဗျားရဲ့လှံရှည်နဲ့ သူ့ကို ပညာနည်းနည်းလောက်ပေးလိုက်တာ ၊ ကံဆိုးချင်တော့ ဟုန်ယာက တွေ့သွားပါလေရော"
"ဘုန်း"
အဋ္ဌမမင်းသားက စားပွဲကို ဘုန်းကနဲ လက်ဖြင့်ထုရင်း မတ်တတ်ထရပ်လိုက်သည်။
"အခု အဲဒီ ဇာမဏီမ ဘယ်ရောက်နေလဲ"
ကောင်ငယ်လေးက…
"မသိဘူး ၊ ဆိုင်အပြင်မှာ ဘာလုပ်နေလဲ မသိဘူး"
"ဒီကောင်မကို ကျုပ်သွားပြီး ပညာပေးမယ် ၊ သူက ကျုပ်ယောက်ဖကို ဘာကိစ္စ အနိုင်ကျင့်ရဲရတာလဲ ၊ ကိုယ့်သေလမ်းကိုယ်ဖောက်နေတယ်ဆိုတာ သိပုံမရဘူး"
ပြောပြီးသည်နှင့် အဋ္ဌမမင်းသားက ဆိုင်အပြင်သို့ထွက်သွားပြီး ကောင်ငယ်လေးသည်လည်း အနောက်မှ လိုက်ပါသွားသည်။
ဆိုင်အပြင်ရောက်သည်နှင့် ထောင့်တစ်နေရာတွင်မတ်တတ်ရပ်နေသော ဟုန်ယီကို တွေ့လိုက်ကြရသည်။ သူမကို ထိုနေရာတွင် မတ်တတ်ရပ်နေရန် ဟုန်ယာက အပြစ်ပေးထားပုံရသည်။
အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးတို့ ဒေါကြီးမောကြီးဖြင့် ရောက်ရှိလာသည်ကို တွေ့သည့်အခါ သူမ အနည်းငယ် ကြောက်ရွံ့သွားသည်။
သူမက တုန်ယင်သည့်လေသံဖြင့်…
"ရှင်တို့… ရှင်တို့တွေ ဘာလုပ်ကြမလို့လဲ"
အဋ္ဌမမင်းသားက…
"မင်းက ကျုပ်ယောက်ဖမှာထားတဲ့ အကောင်းစားသေရည်ကို ပြန်ရောင်းဖို့ ပြောရဲတယ်ဆို…"
ပြောပြီးသည်နှင့် သူက တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
လူငယ်က ဘေးမှကြည့်နေပြီး ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်သည်။ ဟုန်ယာမရှိသည်ကို တွေ့ရမှ စိတ်သက်သာရာရသွား၏။
"တကယ်တော့… ကျွန်မ… ကျွန်မ သူ့ကို ဘာမှ မလုပ်ရသေးပါဘူး"
ဟုန်ယီက ချက်ချင်းပင် ရှင်းပြရန် ကြိုးစားသည်။
"ဘုန်း"
"ဘန်း"
"ခရက်"
ရိုက်နှက်သံများ အတန်ကြာထွက်ပေါ်လာပြီးနောက် လုန်မန်နှင့် ကောင်ငယ်လေးတို့ သေရည်ဆိုင်အတွင်းသို့ ပြန်ဝင်သွားကြသည်။
"ဟုန်ယာမေးရင် ကျွန်တော် ခင်ဗျားကို ဝင်ဆွဲသေးတယ်လို့ ပြောနော်… ဟေ့လူ"
ကောင်ငယ်လေးက အဋ္ဌမမင်းသားကို ပြောသည်။
လုန်မန်က…
"မင်း အဲဒီဇာမဏီကောင်မလေးကိုပါ ရိုက်ပစ်ပါဆိုကွာ ၊ ကျုပ်မှာ နောက်ထပ်လှံရှည်တစ်ချောင်းရှိသေးတယ် ၊ ရော့… ယူထား ၊ အဲဒီ မောက်မာတဲ့ ဇာမဏီမလေးကိုပါ ရိုက်ပစ်လိုက်"
ပြောရင်းဖြင့် အဋ္ဌမမင်းသားက လှံရှည်တစ်လက်ထုတ်ယူလိုက်ပြီး ကောင်ငယ်လေးကို ပေးလိုက်သည်။
ဟုန်ယီမှာတော့ သူတို့ (၂)ယောက်ထွက်သွားသည်ကို ငေးကြည့်ရင်းသာ ကျန်ရစ်ခဲ့သည်။ သူမဆံပင်များမှာလည်း ဖွာလန်ကျဲလျှက်ရှိပြီး မနက်က သူမ၏လုပ်ရပ်က တကယ်ပဲ မှားယွင်းသွားပြီဟု ခံစားရသည်။
"သူတို့က ငါ့လိုအလှလေးကိုတောင် မသနားကြဘူးလား"
ဟုန်ယီ စိတ်မကြည်မသာဖြင့် ရေရွတ်လိုက်သည်။
ဟုန်ယီက သူမကိုယ်သူမ အတော်လေး ချောမောလှပသည်ဟု မှတ်ယူထား၏။
ယခုတော့ ထိုသူ (၂)ယောက်က သူမကို ကရုဏာမဲ့စွာ ရိုက်နှက်ကန်ကျောက်သွားလေရာ သူမမျက်နှာပင် တွန့်လိမ်သွားတော့မတတ်ပင်။
ထိုစဉ်…
"ဟုတ်တယ် ဟုတ်တယ် … ၊ မောင်ငယ်လေးနဲ့ အစ်ကိုက လူတွေကို ရိုက်ရတာ သဘောကျတယ် ၊ သူတို့နဲ့နီးနီးနေမိလေ ဒုက္ခရောက်နိုင်လေပဲ ၊ ကျွန်မဆိုလည်း အလှလေးတစ်ယောက်ဆိုပေမယ့် အမြဲတမ်းအရိုက်ခံနေရတာပဲ"
အနောက်ဘက်မှ အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာလေရာ ဟုန်ယီ လန့်ဖျတ်ပြီး နောက်သို့လှည့်ကာ လက်သီးဖြင့် ထိုးချလိုက်သည်။
"ဖောင်း…"
လက်သီးချက်က ယန်ရှီးယွင် မျက်နှာထက်ကျရောက်သွား၏။
ယန်ရှီးယွင် အနည်းငယ် ယိုင်သွားသော်လည်း အံ့အားသင့်ဟန် မပြပေ။ ဤသို့ပင် အစော်ခံနေရသည်မှာ ကျင့်သားရနေပြီ ဖြစ်သည်။
"မနာပါဘူး မနာပါဘူး… ဒါနဲ့လေ… အစ်မ…"
ယန်ရှီးယွင်က ဟုန်ယီကို လမ်းမေးရန် ဟန်ပြင်လိုက်စဉ်မှာပင် သေရည်ဆိုင်ထဲမှ မိန်းကလေးငယ်တစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရသည်။
သူမက ဟုန်ယီနှင့် ယန်ရှီးယွင်တို့ရှိရာသို့ လျှောက်လာ၏။
ဟုန်ယီက စကားမပြောရဲဘဲ ခေါင်းငုံ့ထားလေသည်။ ဟုန်ယာက ယန်ရှီးယွင်ကိုတွေ့သည်နှင့် မြေပဲလက်တစ်ဆုပ်ထုတ်ယူပြီး ပေးလိုက်၏။
အရင်ကဆိုလျှင် ဟုန်ယာက သူမကို မြေပဲများပေးလေ့မရှိပေ။ ယနေ့တော့ ထူးထူးခြားခြားပေးလာလေရာ သူမလည်း လက်ခံယူလိုက်သည်။
ပြီးမှ…
"ညီမငယ်လေး… ကျွန်မက မောင်ငယ်လေးဆီက မြေပဲတောင်းစားရင်ရော ညီမလေးက စိတ်ဆိုးမှာလားဟင်"
ဟုန်ယာ : "……"
ဤနေရာမှ လူများအားလုံးမှာ ပုံမှန်မဟုတ်ဘဲ ထူးခြားသူများ ဖြစ်ကြသည်။
ခွန်လွန်တောင်မှ လူသားသည်လည်း အတူတူပင် ဖြစ်၏။ ထိုသူက ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသည့်တိုင် မည်မျှအစွမ်းထက်သည်ကို ပြောရန် ခက်လှသည်။
ဟုန်ယာသည်ပင် ထိုသူ၏စိတ်အာရုံတံခါးအတွင်းဝင်ရောက်ရန် မတတ်နိုင်ခဲ့ပေ။ သူ့စိတ်က လှုပ်ရှားမှုမရှိ တည်ငြိမ်လွန်းသည်။
ဟုန်ယီ…။
ထိုသူကို ရန်သွားစသည့် သူမကတော့ တကယ့်ကို သေသင့်သည်။
ထိုသူက ထူးခြားသည့်လူတစ်ယောက်ဖြစ်သည်ကို အသာထား။ သူ မည်သူမည်ဝါဆိုသည့်အချက်ကြောင့်ပင် ပြင်ပမှလူအများက သူ့ကို စော်ကားမော်ကား ပြုဝံ့ကြခြင်း မရှိပေ။
ထိုသူကို စော်ကားခဲ့ကြသည်ရှိသော်…
အကျိုးဆက်အနေဖြင့် အကြောင်းဆိုးပေလိမ့်မည်။
စော်ကားခဲ့ကြသူများသည်လည်း အသက်ရှင်ချင်စိတ် မရှိတော့လောက်အောင် နာကျင်ခံစားရပေလိမ့်မည်။
***
နဝမတောင်ထွတ်။
ကျန်းလန် ခြံဝင်းထဲတွင်ရပ်ရင်း ကောင်းကင်ထက်တွင် လွင့်မျောနေသည့် တိမ်တိုက်ဖြူဖြူမျေားကို မော့ကြည့်လိုက်သည်။
မက်မွန်ပန်းများက ကြွေကျလျှက်ရှိပြီး ကျန်းလန်က စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလျှက် ရှိသည်။ ထို့နောက် ကျင့်ကြံခြင်းကို စတင်ပြုလုပ်လိုက်၏။
သူက အများအမြင်တွင်ရှိနေသည့် ကျင့်ကြံခြင်းအဆင့်ကို ချိန်ညှိရန် ကြိုးစားနေခြင်း ဖြစ်သည်။ အများအမြင်တွင် မရှိမှုအာကာသ ၊ အောင်မြင်သည့်အဆင့်သို့ ရောက်ရှိအောင် ချိန်ညှိနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။
ထိုအဆင့်ရောက်လျှင် သူ ပြင်ပလောကသို့ ခရီးထွက်ရမည်ဖြစ်ပြီး သူ ခွန်လွန်သို့ ပြန်ရောက်သည့်အခါ လူသားအင်မော်တယ်တစ်ယောက် ဖြစ်နေပေလိမ့်မည်။
အင်မော်တယ်ဖြစ်သည်နှင့် သူ လုန်ယွိကို အကြောင်းကြားရပေမည်။ ဘာကြောင့်မှန်းမသိ သူ အင်မော်တယ်ဖြစ်လာလျှင် လုန်ယွိကိုသာ အရင်ဆုံး ပြောပြချင်နေမိသည်။
သူ့ဘဝက လုန်ယွိနှင့်အတူရှိနေရသည်ကို အကျင့်ပါပြီး အသားကျသွားခြင်းကြောင့် ဖြစ်နိုင်သည်။
ညအချိန်ရောက်သည့်အခါ ကျန်းလန် မရဏဂူဆီသို့ ထွက်လာခဲ့သည်။
ယခုလက်ရှိတွင် ငရဲတံခါးမှ မရဏအငွေ့အသက်များက အရမ်းကာရော အားမပျော့သေးလေရာ သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို မရဏဂူထဲသို့ ယူမလာရဲသေးပေ။ သူတို့အတွက် အန္တရယ်ရှိနိုင်သည်။
"ဒီတစ်ခေါက် တစ်ယောက်တည်းကျင့်ကြံတာက ဘယ်လောက်ကြာမလဲ သိချင်လိုက်တာ"
ကျန်းလန် တွေးလိုက်သည်။
မရဏဂူထဲတွင် တင်ပျဉ်ခွေထိုင်ရင်း ယခုတစ်ခေါက် တစ်ယောက်တည်းကျင့်ကြံခြင်းက သိပ်မကြာနိုင်ဟု ခံစားမိသည်။
အဘယ်ကြောင့်ဆိုသော် အများအမြင်တွင် မရှိမှုအာကာသ ၊ အောင်မြင်သည့်အဆင့်သို့ မကြာမီ အဆင့်တက်ရတော့မည် ဖြစ်သောကြောင့်ပင်။
ဆရာဖြစ်သူကလည်း သူ အင်မော်တယ် ဖြစ်လာစေရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပေလိမ့်မည်။
ဖြစ်ကောင်းဖြစ်နိုင်လေသည်။