အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
🍋 Chapter 41
လျိုမုယန်မှာ တစ်ကိုယ်လုံး တုန်ယင်နေသဖြင့် သူတို့နှစ်ဦး ဖြည်းဖြည်းချင်း လျှောက်လာခဲ့ကြသည်။
ကျိုးထျန်းက သူမကို တည်ငြိမ်စွာ တွဲပေးထားပြီး လူတိုင်း၏ စိုက်ကြည့်နေမှုအောက်တွင် ခန်းမထဲမှ ထွက်ခွာလာခဲ့သည်။
တံခါးဝသို့ ရောက်သည်နှင့် ကျိုးထျန်းက စိတ်ထဲမှ တိုးတိုးလေး ရေတွက်လိုက်သည်။
"၃၊ ၂၊ ၁!"
အား!!!
ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ ၎င်းမှာ မကြုံစဖူးသော ဖြစ်ရပ်ပင်။
ကျောင်းဆင်းပွဲ အခမ်းအနားတွင် ဤကဲ့သို့သော အရာမျိုးကို မည်သူက လုပ်ရဲမည်နည်း။
ကျောင်းသားများသာမက ဆရာများနှင့် ကျောင်းအုပ်ကြီးပင်လျှင် မှင်တက်သွားကြသဖြင့် ကျိုးထျန်းကို တားဆီးရန်ပင် အချိန်မရလိုက်ကြချေ။
သူတို့ သတိပြန်ဝင်လာချိန်တွင်မူ သူတို့နှစ်ဦးမှာ အပြင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ပွက်ပွက်ဆူသွားသည်ဆိုသည်မှာ ဒါမျိုးပင်!
ရူးသွပ်သွားသည်ဆိုသည်မှာ ဒါမျိုးပင်!
စင်အောက်မှ ကျောင်းသားများမှာလည်း ထိုသို့ပင် ဖြစ်နေကြသည်။ မိန်းကလေးများမှာ အော်ဟစ်နေကြတော့သည်။
"စီနီယာကျိုးက တကယ်ကို ခန့်တာပဲ!"
"စီနီယာကျိုးက တကယ်လန်းတာပဲ!"
"ငါလည်း အဲ့လိုမျိုး တစ်ခါလောက် အလုပ်ခံချင်လိုက်တာ!"
"ယောင်္ကျားလေးတစ်ယောက်က ငါ့ကို စင်ပေါ်မှာ အဲ့လိုမျိုး နမ်းရဲရင် သူ့ကို ငါ ချက်ချင်းလက်ထပ်ပစ်မယ်"
"အား... ငါ တကယ်ပဲ စီနီယာလျိုဖြစ်ချင်လိုက်တာ၊ သိပ်ကို ကောင်းတာပဲ"
...
တစ်ချိန်တည်းမှာပင် ခန်းမအတွင်း၌ မြောက်မြားစွာသော ယောင်္ကျားလေးများ၏ နှလုံးသားကွဲကြေသံများမှာလည်း ဟိန်းထွက်နေသည်။
"ငါ့ရဲ့ အချစ်ဦးလေး! ငါ့ရဲ့ စီနီယာလေး!"
ယောင်္ကျားလေးတစ်ဦးက နာကျင်စွာ အော်ဟစ်လိုက်သည်။
"အား! ကျောင်းသူလေးလျိုက ငါ့ရှေ့တင် အနမ်းခံလိုက်ရတာပဲ! ငါ့ရဲ့ အိပ်မက်တွေတော့ ပျက်စီးကုန်ပြီ!"
"ကယ်ကြပါဦး! ကယ်ကြပါဦး! ငါ့နှလုံးသားက ဒါကို ဆက်မခံစားနိုင်တော့ဘူး!"
"ငါတော့ နောက်ထပ် ဘယ်သူ့ကိုမှ မချစ်နိုင်တော့ဘူး ထင်တယ်၊ ငါတော့ နှလုံးသားမရှိတဲ့ လီမွန်ကောင် ဖြစ်သွားပြီ!"
"ငါသာ လျိုမုယန်ကို နမ်းခွင့်ရမယ်ဆိုရင် ငါ့အသက် ၁၀ နှစ်လောက် စတေးခံလိုက်မယ်!"
"ငါကတော့ အနှစ် ၂၀ စတေးခံလိုက်မယ်!"
"အနှစ် ၃၀!"
"အနှစ် ၅၀!"
"ငါ ဒီမှာတင် အသေခံလိုက်မယ်!"
"ညီလေး... မင်းကတော့ တကယ့်သူရဲကောင်းပဲ"
...
ပရိသတ်မှာ လုံးဝ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့သည်။
ကျောင်းအုပ်ကြီးမှာ သူ့ခေါင်းကို သူ ပြန်ရိုက်ချင်စိတ်ပေါက် သွားရသည်။
သူသည် စောစောကမှ ထရပ်ကာ လက်ခုပ်တီးပေးခဲ့မိသဖြင့် ယခုအခါ ကျိုးထျန်းကို လည်ပင်းညှစ်သတ်ချင်နေမိသည်။
သို့သော် ထိုကျောင်းသားမှာ ကျောင်းဆင်းသွားပြီဖြစ်ရာ သူ့ကို အပြစ်ပေးရန် နည်းလမ်းမရှိတော့ပေ။
သူ လုံးဝကို အကူအညီမဲ့နေခဲ့သည်။
ဘွဲ့လက်မှတ်ကို သိမ်းထားလိုက်ရမလား ?
၎င်းမှာ ပိုလို့ရယ်စရာကောင်းပေလိမ့်မည်။
ထိုကျောင်းသားက ထိပ်တန်းတက္ကသိုလ်တစ်ခုသို့ တက်ရတော့မည်ဖြစ်ရာ အထက်တန်းကျောင်းဆင်း လက်မှတ်မရှိခြင်းက ဘာမှ ထူးခြားမည်မဟုတ်ပေ။
ထို့အပြင် အကယ်၍ သူတို့က ဘွဲ့လက်မှတ် မပေးခဲ့လျှင် ၎င်းမှာ ကျောင်းအတွက် အရှက်ရစရာ ဖြစ်လာပေလိမ့်မည်။
ထိပ်တန်းတက္ကသိုလ် ဝင်ခွင့်ရသည့် ကျောင်းသားကို ကျောင်းမှ ဘွဲ့လက်မှတ် မပေးဘူးဆိုသည်မှာ ပြက်လုံးတစ်ခုသာ ဖြစ်ပေလိမ့်မည်။
ကျိုးထျန်းမှာလည်း ကျောင်းက သူ့ကို ဘာမှမလုပ်နိုင်တော့ သည်ကို ကောင်းစွာသိထားသဖြင့် ယခုကဲ့သို့ ရဲတင်းစွာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အပြင်သို့ ရောက်ရှိနေသော သူတို့နှစ်ဦးမှာ စင်္ကြန်လမ်း ထောင့်သို့ ရောက်ရှိသွားသည်။
ကျိုးထျန်းသည် လျိုမုယန် ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် သူမကို နံရံတွင် ကပ်ထားလိုက်ပြန်သည်။
"ကျိုး... ကျိုးထျန်း၊ နင် ဘာလုပ်နေတာလဲ"
"ဟဲဟဲ... မုယန်၊ ငါ ဘာလုပ်နေလဲဆိုတာ နင်မသိဘူးလား"
ကျိုးထျန်းက ပြန်ပြောလိုက်ပြီး သူမ၏ မျက်နှာနားသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားသည်။
လျိုမုယန်က ချက်ချင်းမျက်လုံးများကို မှိတ်ထားလိုက်ပြီး ခုခံမှုကို လက်လျှော့လိုက်ပုံရသည်။
သူတို့နှစ်ဦး ထပ်မံ နမ်းလိုက်ကြပြန်သည်။
ယခုတစ်ခါတွင်မူ ပတ်ဝန်းကျင်၌ မည်သူမျှ မရှိတော့ချေ။
လျိုမုယန်သည်လည်း ရုတ်တရက် တိုက်ခိုက်ခံရမှုမှ ပြန်လည် နိုးထလာခဲ့သည်။
သူမက ကျိုးထျန်း၏ကျောပြင်ကို ဖက်လိုက်ပြီး သူ့ကို စတင် တုံ့ပြန်လိုက်သည်။
ဤမိန်းကလေးက ဤမျှအထိ တက်ကြွလိမ့်မည်ဟု မမျှော် လင့်ထားခဲ့ချေ။ တစ်ချိန်တည်းမှာပင် သူက ကျေနပ်စွာဖြင့် တွေးလိုက်သည်။
‘ဒါကမှ တကယ့် လျိုမုယန်ပဲ။ သူမက ဆုံးဖြတ်ချက်တစ်ခုချပြီးရင် စာသင်တာပဲဖြစ်ဖြစ်၊ ကစားတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အချစ်ရေးမှာပဲဖြစ်ဖြစ် ရဲရဲဝံ့ဝံ့နဲ့ တိုက်ရိုက်လုပ် ဆောင်တတ်တယ်။ သူမက အမြဲတမ်း သတ္တိရှိပြီး ပွင့်လင်းလွန်းတယ်’
မိနစ်အနည်းငယ် ကြာပြီးနောက် သူတို့၏ နှုတ်ခမ်းများ ဖြည်းဖြည်းချင်း ကွာသွားခဲ့သည်။
"မုယန်... ဆောရီးပဲ၊ စောစောက ငါ နင့်ကို လန့်သွားစေမိတယ်"
ကျိုးထျန်းမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသေးပြီး လျိုမုယန်မှ ၎င်းကို လက်မခံနိုင်မည်ကို စိုးရိမ်နေမိသည်။
"မဟုတ်ပါဘူး၊ ငါ နင့်ရဲ့ အဲ့လိုပုံစံကို ကြိုက်ပါတယ်၊ ပြတ် သားပြီး တာဝန်ယူတတ်တဲ့ လူတွေကို ငါ ချစ်တယ်"
သူမ မျက်နှာမှာ မှည့်နေသော တည်သီးတစ်လုံးကဲ့သို့ နီမြန်းနေသည်။
သူမ၏ မျက်လုံးများထဲတွင် ကျိုးထျန်းအပေါ် ထားရှိသော အချစ်များဖြင့် ပြည့်နှက်နေသော နွေဦးပန်းချီကားတစ်ချပ် ရှိနေသကဲ့သို့ပင်။
"ဒါပေမဲ့ နင် စောစောက ပြောသွားတာ မှားနေတယ်။ နင်က ငါ့ရဲ့ အလှပဆုံး နှစ်တွေမှာ ငါနဲ့ ဆုံတွေ့ခဲ့တာ မဟုတ်ဘူး"
"ငါတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ခဲ့ကြတာပါ"
"ကျိုးထျန်း... စောစောက နင် တကယ်ကို ခန့်တာပဲ"
လျိုမုယန် မျက်လုံးများမှာလည်း အငယ်တန်း မိန်းကလေးများကဲ့သို့ ကျိုးထျန်းအပေါ် အထင်ကြီးလေးစားမှုများဖြင့် တောက်ပနေသည်။
ထို့နောက် သူတို့နှစ်ဦး ခဏမျှ ဖက်ထားကြသေးသည်။
ထိုအချိန်တွင် လူများက ခန်းမထဲမှ ထွက်လာကြပြီ ဖြစ်သည်။
ကျိုးထျန်း၏ အပြုအမူကြောင့် မူလက တရားဝင် ပြုလုပ်မည့် ကျောင်းဆင်းပွဲ အခမ်းအနားမှာ ကမန်းကတန်းပင် အဆုံးသတ်သွားခဲ့ပြီး ဘွဲ့လက်မှတ်များကိုလည်း အလွယ်တ ကူပင် ဝေငှပေးလိုက်ရတော့သည်။
လူအုပ်ကြီးကို မြင်သောအခါ သူတို့နှစ်ဦးမှာ လက်ချင်းချိတ်ကာ အဆောက်အဦးထဲမှထွက်လာခဲ့ကြသည်။
ယခုအခါတွင်မူ သူတို့နှစ်ဦးမှာ အခြားသူများ၏အကြည့်ကို လုံးဝ ဂရုမစိုက်တော့ဘဲ လက်ချောင်းချင်း တင်းတင်းယှက်ကာ ဘေးချင်းယှဉ် လျှောက်လှမ်းနေကြသည်။
ထိုအချိန်မှာပင် ကျိုးထျန်း၏နားထဲတွင် စနစ်၏ အသိပေးသံကို ကြားလိုက်ရသည်။
[ဒင်~ စနစ်အသိပေးချက် - တာဝန် (၁) နှင့် တာဝန် (၂) ပြီးမြောက်ပါသည်။ စနစ်က တာဝန်များကို အကဲဖြတ်နေပါသည်]
[တာဝန်အကဲဖြတ်ချက် - ပြည့်စုံကောင်းမွန်သည်]
[ဆုလာဘ် - ပုံမှန် သတင်းအချက်အလက်ကတ် ]
[မှတ်ချက် - ပုံမှန် သတင်းအချက်အလက်ကတ်သည် အသုံးပြုပြီးနောက် Host အား ယွမ် သန်း ၁၀၀ အထိ တန်ဖိုးရှိသော ကြွယ်ဝမှု သတင်းအချက်အလက် တစ်ခုကို ပေးအပ်မည်ဖြစ်သည်]
ယခုလုပ်ရပ်ကြောင့် ကျိုးထျန်းသည် 'အချဉ်ဓာတ်' အမှတ် ၃၇၀,၀၀၀ ကျော် ရရှိခဲ့ပြီး အမြင့်ဆုံး အချဉ်ဓာတ် အဆင့်များမှာလည်း လီမွန်မိုးရွာသကဲ့သို့ တရစပ် ဝင်ရောက်လာခဲ့သည်။
အဆ ၁၀၀ မြှောက်သည့် ဆုလာဘ်ကို ပေါင်းလိုက်လျှင် သူ့ ဝင်ငွေမှာ ၃၇.၁၃ သန်းအထိ ရှိသွားခဲ့ပြီ ဖြစ်သည်။
[Host - ကျိုးထျန်း
အသက် - ၁၈
ရုပ်ရည် - ၈၈
ခန္ဓာကိုယ် - ၇၉
ကျန်းမာရေး - ၈၉
အချဉ်ဓာတ် လက်ကျန် - ၆၀,၀၀၀,၀၀၀ ကျော် (ထုတ်ယူနိုင်သည်)]
သူ့ အချဉ်ဓာတ် လက်ကျန်မှာ သန်း ၆၀ ကျော်သွားခဲ့ပြီ ဖြစ်သည်။ ဤအောင်မြင်မှုအတွက် သူသည် သဘာဝကျစွာပင် အလွန်ကျေနပ်မိသည်။
သို့သော် အချဉ်ဓာတ် သတင်းအချက်အလက် အချို့က သူ့ကို သတိပြုမိစေသည်။
"ဝမ်ဝေယဲ့ထံမှ အချဉ်ဓာတ် +၆၇!"
"ကျိုးတယိထံမှ အချဉ်ဓာတ် +၈၇!"
"ဟွမ်ယွီရန်ထံမှ အချဉ်ဓာတ် +၅၈!"
...
ဤအချဉ်ဓာတ် အဆင့်များမှာ အမြင့်ဆုံးအထိ မရောက်သော်လည်း ထိုလူများမှာ ကျောင်းအုပ်ကြီး၊ ကျောင်းကြီး ကြပ်ရေးမှူးနှင့် အခြားသော ဆရာများပင်။
‘ငါနဲ့ မုယန် နမ်းနေတာကို ခင်ဗျားတို့အားလုံး မနာလို ဖြစ်နေကြတာကို ငါ အကုန်မြင်နေရတယ်’
အမြဲတမ်းတည်ကြည်လှသော ဤအဘိုးကြီးများမှာ စိတ်ထဲတွင် ဤမျှအထိ လိုချင်တပ်မက်စိတ်ရှိလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။
ပိုကျေနပ်စရာ ကောင်းသည်မှာ ဝူခယ်ရုံက အမြင့်ဆုံး မနာလိုမှု အချဉ်ဓာတ် ၃၀ ကျော်ကို ပေးအပ်ခဲ့ခြင်းပင်။
‘ဒီကောင်ကတော့ မနာလိုစိတ်နဲ့ သေတော့မှာပဲ!’
ထိုနေရာရှိ လူပေါင်း ၃၀၀ ကျော်ထဲမှ ၂၁၇ ဦးက အမြင့်ဆုံး အချဉ်ဓာတ်ကို ပေးအပ်ခဲ့သဖြင့် လီမွန်စေ့ ၂၁၇ စေ့ ရရှိခဲ့သည်။
ယခင်က ရရှိထားသည်များကို ပေါင်းလိုက်လျှင် ကျိုးထျန်းသည် ယခုအခါ ဘာမှမလုပ်ဘဲပင် တစ်နှစ်လျှင် ယွမ် ၂ သန်းခန့် အမြဲတမ်း ရရှိနေပြီ ဖြစ်သည်။
ထို့ကြောင့်ပင် ၎င်းကို ကျိုးထျန်းက 'အငြိမ်းစားယူရန် အကွက်ပြသည့် ကျွမ်းကျင်မှု' ဟု ခေါ်ဆိုခြင်း ဖြစ်သည်။
ဝူခယ်ရုံသည်လည်း အခြားကျောင်းသားများနှင့်အတူ ခန်းမထဲမှ ထွက်လာခဲ့သည်။
သူ့ သွားအချို့မှာ သွားချင်းကြိတ်လွန်းသဖြင့် အက်ကွဲကုန်ပြီး ကျန်ရှိသော သွားတစ်ဝက်ခန့်မှာလည်း နာကျင်နေသည်။
၎င်းမှာ လီမွန်များလွန်းသဖြင့် ဖြစ်ပေါ်လာသော အကျိုး ဆက်ပင် ဖြစ်သည်။
ကျိုးထျန်းနှင့် လျိုမုယန်တို့ ရင်းနှီးစွာ လက်ချင်းချိတ်ထား သည်ကို ထပ်မံ မြင်လိုက်ရသောအခါ သူ့ ရင်ထဲမှ ဒေါသများမှာ ကောင်းကင်သို့ ထိုးတက်သွားတော့သည်။
ဒေါသ၊ မနာလိုမှု၊ စက်ဆုပ်ရွံရှာမှုနှင့် မုန်းတီးမှုစသည့် အနှုတ်လက္ခဏာဆောင်သော စိတ်ခံစားမှုများက သူ့ကို ဝန်းရံထားသဖြင့် သူ့မျက်နှာမှာ ရုပ်ဆိုးလှစွာ တွန့်လိမ်နေတော့ သည်။
ထိုယုတ်မာသော မျက်နှာကို ဘေးမှ ဖြတ်သွားသော ကျိုးထျန်းက မြင်သွားခဲ့သည်။
"ရုံမော့မော့ ... မင်း ငါ့မေးခွန်းကို မှန်အောင် ဖြေနိုင်ခဲ့တယ်နော်။ ယွမ် ၂၀၀ အနီရောင်အိတ် ကို မင်း လိုချင်သေးလား?"
ကျိုးထျန်းက သူ့ကို ယဉ်ကျေးစွာဖြင့် ထပ်မံ၍ ရန်စလိုက်သည်။
"မင်း... ငါတို့ နောက်မှ တွေ့ကြသေးတာပေါ့"
သူက ကျိုးထျန်းကို လှောင်ပြောင်ပြီး လှည့်ထွက်သွားခဲ့သည်။
"အဲ့ဒီလူက တကယ်ပဲ လွန်လွန်းတယ်! သူက ပြက်လုံးတောင် နားမလည်ဘူး"
"တော်ပါတော့... သူ့ကို သွားမစပါနဲ့တော့။ သူက အခု နင့်ကို ကိုက်သတ်ချင်နေလောက်ပြီ"
လျိုမုယန် သူ့ကို တွန်းလိုက်သည်။
"ဒါက နင့်ကြောင့်လေ! သူက နင့်ကို တမင် နှောင့်ယှက်နေတာကို ငါက ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ? ငါ ဒါကို သည်းခံနေရင် လိပ်နင်ဂျာဖြစ်သွားမှာပေါ့!"
"အင်းပါ... အင်းပါ... နင်ပြောတာ အမြဲတမ်း မှန်ပါတယ်"
လျိုမုယန်သည် ထိုစကားကို ကြားရသည့်အခါ ရင်ထဲတွင် ချိုမြိန်သွားပြီး သူ့ကို ထပ်မံ၍ အပြစ်မတင်တော့ချေ။
ထိုအချိန်မှာပင် ချန်ကျန့်ဝေက သူတို့နှစ်ဦးထံသို့ အပြေးအလွှား ရောက်လာခဲ့သည်။
"မင်းတို့ ချစ်သူနှစ်ဦးက ဘွဲ့လက်မှတ်တောင် မလိုချင်တော့ဘူးလား?"
သူက အနီရောင် ဘွဲ့လက်မှတ်နှစ်ခုကို ကိုင်ထားသည်။ အတန်းပိုင်ဆရာက သူတို့နှစ်ဦးကိုပေးရန် သူ့ကို ခိုင်းလိုက်ခြင်းဖြစ်သည်။
အတန်းပိုင်ဆရာသည် ယခုအချိန်တွင် သူတို့ကို မတွေ့ချင်တော့သည်မှာ သေချာပေသည်။
သူ့ကျောင်းသားများက ကျောင်းဆင်းပွဲတွင် ထိုမျှအထိ ဆူဆူပူပူလုပ်ခဲ့သဖြင့် သူသည် နောက်မှ ဆူပူကြိမ်းမောင်းခံရမည်မှာ သေချာသည်။
သူတို့နှစ်ဦးကို မြင်လျှင် သူ ဒေါသထွက်နေမည် ဖြစ်သော် လည်း သူတို့၏တက္ကသိုလ်ဝင်စာမေးပွဲ ရလဒ်များမှာ အလွန်ကောင်းမွန်နေသဖြင့် သူတို့အပေါ် ဝေဖန်ဖို့ရာအကြောင်းပြချက် မရှိချေ။
အရေးကြီးဆုံးမှာ ယနေ့သည် သူတို့ တစ်ယောက်နဲ့တစ်ယောက် နောက်ဆုံးတွေ့ရမည့်နေ့လည်း ဖြစ်နိုင်ပေသည်။
တက္ကသိုလ်တက်ပြီး လူ့အဖွဲ့အစည်းထဲ ရောက်သွားသည့်အခါ အထက်တန်းပြဆရာများကို မည်သူက ပြန်တွေ့ရတော့မည်နည်း။
ထို့ကြောင့် မဆုံတွေ့ကြဘဲ တစ်ယောက်ကိုတစ်ယောက် ကောင်းမွန်သော အမှတ်ရစရာများဖြင့်သာ ကျန်ရစ်ခဲ့စေခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ဘွဲ့လက်မှတ်ကို လက်ခံရရှိသောအခါ ကျိုးထျန်းက ၎င်းကို အသာအယာ ကိုင်ကြည့်လိုက်သည်။
သုံးနှစ်တာ ဘဝမှာ ဤပါးလွှာသော စာအုပ်ငယ်လေးထဲတွင် တည်ရှိနေသည်။
အတန်းဖော်များ၊ ဆရာများ အပြင် ရယ်သံများ၊ နာကျင်မှုများ ရှိခဲ့သည်။ အခက်အခဲများနှင့် ရရှိခဲ့သော အရာများလည်း ရှိခဲ့သည်။
ထို့နောက် ဘေးသို့ ကြည့်လိုက်ကာ
‘ဖြစ်နိုင်တာကတော့ အကြီးမားဆုံးသော ရရှိမှုက သူမ ဖြစ်လိမ့်မယ်’
🍋 Chapter 42
သူတို့နှစ်ဦးသည် အခမ်းအနားခန်းမဆောင်မှ ထွက်လာပြီး ကစားကွင်းအစပ်သို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့ကြသည်။ ကျိုးထျန်းကားမှာ ထိုနေရာတွင် ရပ်ထားခြင်း ဖြစ်သည်။
နောက်ထပ် အရေးကြီးကိစ္စ ဘာမှမရှိတော့သဖြင့် သူသည် လျိုမုယန်နှင့်အတူ ဈေးဝယ်ထွက်ပြီး ပိုက်ဆံအချို့ သုံးစွဲရန် စိတ်ကူးထားသည်။
"မုယန်... ခဏနေရင် ဘယ်သွားကြမလဲ၊ ငါ နင့်အတွက် အဝတ်အစားဖြစ်ဖြစ်၊ လက်ဝတ်ရတနာဖြစ်ဖြစ် ဝယ်ပေးရမလား"
"မလိုပါဘူး၊ ငါ့ကို အမြဲတမ်း ဒါတွေ ဝယ်မပေးပါနဲ့၊ နင် ငါ့ကို အလိုလိုက်လွန်းလို့ အကျင့်ပျက်ကုန်တော့မယ်"
လျိုမုယန်က ပြုံးလျက် ငြင်းဆိုလိုက်သည်။
"ဒါပေမဲ့ ငါ့ရဲ့ ရည်ရွယ်ချက်က နင် ငါ့မရှိရင် မနေနိုင်အောင် အလိုလိုက်ဖို့ဆိုရင်ကော"
ကျိုးထျန်း တကယ်ပင်ထိုသို့ တွေးထားခြင်း ဖြစ်သည်။ သူ့ရည်းစားကို သူက အစွမ်းကုန်ယုယပိုးပန်းထားချင်သည်။
"ဟင်း!"
သူမက သူမ၏ ထုံးစံအတိုင်း နှာခေါင်းရှုံ့ပြလိုက်သဖြင့် ကျိုးထျန်း သူမ စိတ်ကို ချက်ချင်း သိလိုက်သည်။ ပါးစပ်က မလိုဘူးပြောသော်လည်း စိတ်ထဲတွင်မူ ကျေနပ်နေခြင်း ဖြစ်သည်။
"ကောင်းပါပြီ၊ နောက်မှပဲ ဝယ်ပေးတော့မယ်။ ဒီနေ့တော့ အတန်းဖော်တွေ အားလုံးကို ညစာကျွေးချင်တယ်၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက် ပြန်ဆုံဖို့ ခဲယဉ်းသွားပြီဆိုတော့ အထက်တန်းကျောင်းပြီးတာကို အမှတ်တရ ဆင်နွှဲကြတာပေါ့"
လျိုမုယန် သူ့ကို အလေးအနက် ပြောလိုက်သည်။
"အင်း... မုယန်၊ နင်ပြောတာ မှန်တယ်၊ ဒါ အမှန်ပဲ။ နောင်ကျရင် ငါတို့ထဲက လူနည်းစုနဲ့ပဲ ပြန်ဆုံဖြစ်တော့မှာ။ ဒီနေ့ လူစုံတုန်းလေး ဆုံကြတာ ကောင်းပါတယ်"
ကျိုးထျန်း ခဏမျှ စဉ်းစားလိုက်ပြီး
"ဒီလိုလုပ်လေ၊ အတန်း Group Chat ထဲမှာ 'သူဌေးကြီး ကျိုးထျန်းက ကျောင်းဆင်းပွဲ အထိမ်းအမှတ်အနေနဲ့ အားလုံးကို ဒကာခံကျွေးမယ်' လို့ စာပို့လိုက်"
"အင်... နင်က ဒကာခံမလို့လား"
"ဘာလဲ... နင်က နှမြောနေတာလား? ငါ့မုယန်က လက်တောင်မထပ်ရသေးဘူး၊ ငါ့ဘဏ္ဍာရေးကို ချုပ်ကိုင်နေပြီပေါ့လေ"
"လျှောက်မပြောနဲ့၊ နင် ပိုက်ဆံတွေ အလဟဿ ဖြုန်းမိမှာ စိုးလို့ပါ"
လျိုမုယန်က သူ့ကို အသာအယာ ဆိတ်လိုက်သည်။
"ရပါတယ်၊ ဒီလောက်နဲ့တော့ ငါ ဒေဝါလီမခံသွားပါဘူး။ အားလုံးက အတန်းဖော်တွေပဲလေ၊ ပြီးတော့ စောစောက ငါတို့လုပ်ရပ်ကြောင့် သူတို့လည်း အံ့သြသွားကြမှာ။ ဒီညစာက သူတို့အတွက် လျော်ကြေးပေးတာလို့ပဲ သဘောထားလိုက် ပါ"
ကျိုးထျန်းသည် အတန်းဖော်များ၏ မနာလိုမှုကို အသုံးချကာ ယွမ်သန်းပေါင်းများစွာ ရှာဖွေခဲ့ပြီးဖြစ်ရာ သူတို့ကို ညစာကျွေးခြင်းက သူ၏ အနည်းငယ်သော အပြစ်မကင်းစိတ်ကို ပြေလျော့စေသည်။
သူတို့ဆီက အချဉ်ဓာတ်တွေ အများကြီး စုပ်ယူခဲ့ပြီးပြီဖြစ်ရာ တစ်ခါတစ်ရံတော့ လူပီသစွာဖြင့် ပုံမှန်ညစာ ပြန်ကျွေးသင့်သည်ဟု သူယူဆသည်။
"မုယန်... ကျောင်းနားမှာ ဟိုက်တီလောင် ဆိုင်ရှိတယ် မဟုတ်လား။ အဲ့ဒီမှာပဲ ဆုံကြမလား၊ အားလုံးလည်း ဟော့ပေါ့ဆိုရင် ကြိုက်ကြမှာပါ"
"အင်း... ကောင်းတဲ့အကြံပဲ။ ကျောင်းသားကတ်ပြရင် ၂၀ ရာခိုင်နှုန်း Discount လည်း ရသေးတယ်"
လျိုမုယန်က Group Chat ထဲသို့ ချက်ချင်း စာပို့လိုက်သည်။
"အတန်း (၁) က သူငယ်ချင်းတို့ရေ... ဒီနေ့ အထက်တန်း ကျောင်း တရားဝင်ပြီးဆုံးတာကို ဂုဏ်ပြုတဲ့အနေနဲ့ ညနေ ၆ နာရီမှာ ကျောင်းနားက ဟိုက်တီလောင်မှာ အားလုံးတူတူ ညစာစားဖို့ ဆုံးဖြတ်ထားပါတယ်။ အရေးကြီးကိစ္စ မရှိရင် အားလုံးလာခဲ့ကြပါဦး"
"ထပ်လောင်းချက် ဒီညစာကို ကျိုးထျန်းက အကုန်အကျခံမှာ ဖြစ်တဲ့အတွက် ဘယ်သူမှ ပိုက်ဆံပေးစရာ မလိုပါဘူး!"
စက္ကန့်ပိုင်းအတွင်းမှာပင် လူပေါင်းများစွာက ပြန်စာများ ပို့လာကြတော့သည်။
"လက်နက်ကိုင်ပြီး ငါ့နောက်လိုက်ခဲ့ကြ၊ သူဌေးကြီးကို သွားစားကြစို့!"
"ကျေးဇူးပါပဲ အတန်းခေါင်းဆောင်... သူဌေးကြီးကို ဗိုက်ဝအောင် စားခွင့်ပေးလို့"
"အတန်းခေါင်းဆောင်... ငါတို့တွေ နင့်ယောင်္ကျားကို စားလိုက်လို့ သူ မွဲသွားရင် နင် စိတ်မကောင်းဖြစ်နေဦးမယ်"
"လျှောက်မပြောနဲ့... မြန်မြန်လာ၊ ငါနဲ့ လူစုပြီး သူဌေးကြီးကို သွားစားကြမယ်!"
"သူဌေးကြီးကို စားမယ်!"
"သူဌေးကြီးကို စားမယ်!"
...
ကျိုးထျန်း : ‘ငါက သူဌေးကြီးဆိုတာ ဟုတ်ပေမဲ့ ဘာလို့ အားလုံးက ငါ့ကို စားချင်နေကြတာလဲ’
အားလုံးနှင့် စနောက်ပြီးနောက် သူနှင့် လျိုမုယန်တို့ ကားဆီသို့ သွားခဲ့ကြသည်။
သူက ယဉ်ကျေးစွာဖြင့် လျိုမုယန်အတွက် ကားတံခါးကို ဖွင့်ပေးလိုက်သည်။
ဘေးပတ်ဝန်းကျင်မှ လူတစ်စုမှာ သူတို့နှစ်ဦး ကားပေါ်တက်သွားသည်ကို ကြည့်ကာ မနာလိုမှုများ လှိုင်းလုံးကဲ့သို့ ထပ်မံ ရိုက်ခတ်လာပြန်သည်။
ယခုအခါ ကျောင်းတစ်ခုလုံးက သူတို့ကို သိသွားကြပြီဖြစ် သည်။ သူတို့နှစ်ဦးက လိုက်ဖက်ညီလှသည်ဟု ထင်ခဲ့ကြသော်လည်း ကျိုးထျန်း ဤမျှအထိ ချမ်းသာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။
ပိုဒေါသထွက်ပြီး အံ့သြနေသူမှာ 718 ကို စတင်မောင်းနှင်တော့မည့် ဝူခယ်ရုံပင်။
သူသည် ကားထဲထိုင်နေရင်း ကျိုးထျန်းက ကားတံခါးဖွင့်လိုက်သည်ကို မြင်သောအခါ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"အဲ့ဒီကားက သူ့ကားကိုး!"
"ဒါကြောင့်ကိုး... ဒါကြောင့် လျိုမုယန်က ငါ့ကို အဖတ်မလုပ်ဘဲ သူ့ဆီ အတင်းတိုးကပ်နေတာ အဲ့ဒီမိန်းမက တကယ့် အထာသမားပဲ!"
ယောင်္ကျားနှင့် မိန်းမ ဆက်ဆံရေးအားလုံးသည် ပိုက်ဆံနှင့် ရုပ်ရည်ကဲ့သို့သော အပြင်ပန်း အခြေအနေများပေါ်တွင်သာ အခြေခံသည်ဟု သူ အမြဲတမ်း ယုံကြည်ထားသူ ဖြစ်သည်။
သို့သော် သူ၏ ရုပ်ဆိုးလှသော စိတ်ဓာတ်ကသာ ထူးချွန် သော မိန်းကလေးတိုင်းကို မောင်းထုတ်နေခြင်း ဖြစ်သည်ကိုမူ သူ ဘယ်သောအခါမှ မသိနိုင်ချေ။
"ဒီကောင်က ဘယ်သူလဲ ? ဒီလိုကားမျိုး စီးနိုင်တဲ့လူက ငါ့မိသားစုထက်တော့ မနိမ့်နိုင်ဘူး"
ဝူခယ်ရုံ စတင် စဉ်းစားလာသည်။
သူ့ဖခင်မှာ Series B ရန်ပုံငွေ ရရှိထားသော အင်တာနက် ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်သည်။
ကုမ္ပဏီက ပြီးခဲ့သောလက မိုဘိုင်းဂိမ်းတစ်ခု ထုတ်လုပ်ခဲ့ပြီး ၎င်းမှာ ထင်မှတ်မထားလောက်အောင် အောင်မြင်နေသည်။
လာမည့်နှစ်ကုန်တွင် ကုမ္ပဏီ၏ တန်ဖိုးမှာ ယွမ် ၁ ဘီလီယံ ကျော်သွားလိမ့်မည်ဟု သူတို့ ခန့်မှန်းထားကြသည်။
သူ့ဖခင်၏ လက်ရှိ ရှယ်ယာပိုင်ဆိုင်မှုမှာ ၁၇ ရာခိုင်နှုန်းသာ ရှိသော်လည်း ကုမ္ပဏီကို စတော့ဈေးကွက် တင်လိုက်သည်နှင့် သူတို့မိသားစုမှာ အနည်းဆုံး ဘီလီယံနာများ ဖြစ်လာကြပေလိမ့်မည်။
ထို့ကြောင့် သူသည် သူ့အတန်းဖော် မည်သူနှင့်မျှ အဆင့်မတူဟု ယုံကြည်ထားပြီး ထိုလူများမှာ သူ့ဖိနပ်ကို သယ်ပေးရန်ပင် အရည်အချင်းမရှိဟု ထင်မြင်ထားသည်။
မူလက 720S ပိုင်ရှင်နှင့် မိတ်ဆွေဖွဲ့ရန် ရည်ရွယ်ခဲ့သော် လည်း ၎င်းမှာ ကျိုးထျန်း ဖြစ်နေသည်ကို သိလိုက်ရသော အခါ သူ ပိုရူးသွပ်သွားတော့သည်။
"မင်း စောင့်နေလိုက်... ငါ မင်းရဲ့ နောက်ကြောင်းကို စုံစမ်းပြီးမှ ဖြည်းဖြည်းချင်း ကစားပေးမယ်"
သူသည် ကားကိုဝေ့ဝိုက်ကာ အရှိန်ပြင်းစွာ မောင်းနှင်ထွက်ခွာသွားတော့သည်။
ကားထဲတွင် လျိုမုယန်က ကျိုးထျန်းကို ပုတ်လိုက်ပြီး
"ကျိုးထျန်း... စောစောက အဲ့ဒီ ပြိုင်ကားထဲကလူက ဝူခယ်ရုံ မဟုတ်လား"
"အင်း... ဟုတ်မယ် ထင်တယ်။ ဒါပေမဲ့ သူ့မိသားစုက အဲ့ဒီလောက်ကြီးလည်း မချမ်းသာပါဘူး။ သူ့ကားက ငါ့အမေ စီးတဲ့ကားလောက်တောင် ဈေးမကြီးဘူး"
သူ့အမေအတွက် သူဝယ်ပေးထားသော 911 Carrera သည် 718 နှစ်စီးစာ တန်ဖိုးရှိသည်။
"ငါ သူ့ကို မုန်းတယ်၊ သူက မိန်းကလေးတွေကို မလေးစားဘူး"
လျိုမုယန်မှ တစ်စုံတစ်ဦးကို မကြိုက်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောသည်ကို ကျိုးထျန်း ပထမဆုံးအကြိမ် ကြားရခြင်း ဖြစ်သည်။
သူမ ပြောသည်မှာ မှန်ပေသည်။
ဝူခယ်ရုံသည် မိန်းကလေးများ၏ ခံစားချက်ကို ကစားခဲ့သည်မှာ ကြာပြီဖြစ်ရာ ကျိုးထျန်းက သူ့ကို တမင်တကာ ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။
အခြားသူတစ်ဦးဦးသာ လျိုမုယန်နား ကပ်လာလျှင် သူသည် အနည်းဆုံး သတိပေးခြင်းနှင့် သူ့ကိုယ်သူ အသာစီးယူခြင်းလောက်သာ လုပ်ပေလိမ့်မည်။
သို့သော် ဝူခယ်ရုံနှင့် ပတ်သက်လာလျှင်မူ ဒါကို လုံးဝ လက်ခံ၍ မရကြောင်း သိအောင် လုပ်ရမည်ဖြစ်ပြီး သူ၏ မျှော်လင့်ချက်များကိုပါ အပြီးတိုင် ချေမှုန်းပစ်ရမည် ဖြစ်သည်။
"မုယန်... အချိန်က စောသေးတယ်၊ ညစာစားဖို့ နာရီပိုင်းလောက် လိုသေးတယ်။ ဘယ်သွားချင်လဲ"
"ငါ မြစ်ကမ်းနားမှာ လမ်းလျှောက်ချင်တယ်"
ကျိုးထျန်းမျက်နှာမှာ ဒါကို ကြားရသည်နှင့် ချက်ချင်း ဝင်းပသွားသည်။ ရှန်ဟိုင်း၏ မြစ်ကမ်းနားသည် မြို့ထဲတွင် ဈေးအကြီးဆုံး နေရာတစ်ခုဖြစ်သည်။
ကျော်ကြားသူများ ကြိုက်နှစ်သက်ကြသော ထန်ချန်ယီဖျင် သည်လည်း ထိုနေရာတွင် တည်ရှိသည်။
လူအများ မသိကြသည်မှာ ရှန်ဟိုင်းရိုးရာအရ မြစ်ကမ်းနားသည် ချစ်သူများအတွက် အထွတ်အမြတ်ထားရာ နေရာဖြစ်ပြီး ထိုနေရာတွင် ကျော်ကြားသော "ချစ်သူများတံတိုင်း"ပင် ရှိသည်။
လျိုမုယန်သည် ဤနေရာ၏အဓိပ္ပာယ်ကို သိထားသဖြင့် ထိုနေရာသို့ သွားရန် ပြောခြင်း ဖြစ်ပေလိမ့်မည်။
"ကောင်းပြီလေ... မြစ်ကမ်းနား သွားကြတာပေါ့။ ငါ နင့်အတွက် ဓာတ်ပုံတွေ ရိုက်ပေးမယ်"
720S ကားကြီးမှာ မြစ်ကမ်းနားသို့ ဦးတည်ကာ ထွက်ခွာသွားတော့သည်။
နာရီဝက်ခန့်အကြာတွင် သူတို့နှစ်ဦး ဆူးကျိုးမြစ်တစ် လျှောက် လက်ချင်းချိတ် လမ်းလျှောက်ခဲ့ကြသည်။
"ကျိုးထျန်း... ရှန်ဟိုင်းက ချမ်းသာတဲ့ လူတွေအားလုံး ဒီမှာ နေကြတယ်လို့ ငါ ကြားဖူးတယ်"
လျိုမုယန်က ထန်ချန်ယီဖျင် အနီးရှိ ဇိမ်ခံ လူနေရပ်ကွက်ကို ညွှန်ပြလိုက်သည်။
"ဘာဖြစ်လို့လဲ မုယန်... နင်လည်း အဲ့ဒီမှာ နေချင်လို့လား"
"မဟုတ်ပါဘူး... ပြောကြည့်တာပါ။ အဲ့ဒီက အိမ်တွေက တကယ်ပဲ အဲ့ဒီလောက် ကောင်းလို့လား"
ကျိုးထျန်းက ခေါင်းခါပြလိုက်သည်။
"ကောင်းတော့ ကောင်းပါတယ်၊ ဒါပေမဲ့ အကောင်းဆုံးတော့ မဟုတ်ဘူး၊ ရှန်ဟိုင်းရဲ့ ထိပ်တန်း ဘီလီယံနာတွေက မြို့လယ်ခေါင်က ဗီလာ တွေမှာ နေကြတာ"
အိမ်ဝယ်စဉ်က လေ့လာထားခဲ့သဖြင့် ကျိုးထျန်း ဤအချက်ကို သိထားခြင်းဖြစ်သည်။ ရှန်ဟိုင်းတွင် ဈေးအကြီးဆုံးအိမ်များမှာ ရှေးဟောင်းဗီလာများနှင့် အိမ်ကြီးအိမ်ကောင်းများ ဖြစ်သည်။
ဥပမာအားဖြင့် ရှန်ဟိုင်းရှိ ကျော်ကြားသော နန်ကျောက် ဟိုတယ် အနီးရှိ ဗီလာတစ်ခု၏ဈေးနှုန်းမှာ ယွမ် ၁.၇ ဘီလီယံအထိရှိသည်။
ထိုအိမ်များသည် ပိုက်ဆံရှိတိုင်း ဝယ်၍မရချေ။ နိုင်ငံရေးအရ စိစစ်မှုများကိုပါ ဖြတ်ကျော်ရမည် ဖြစ်သည်။ ၎င်းမှာ အထက်တန်း အာဏာနှင့် ပိုင်ဆိုင်မှု၏ ပြယုဂ်ပင် ဖြစ်သည်။
၎င်းနှင့် နှိုင်းယှဉ်လျှင် ထန်ချန်ယီဖျင်မှာ လူသိများသော အထက်တန်းစား လူနေရပ်ကွက်တစ်ခုသာ။
ထို့အပြင် ကျိုးထျန်း၏အိပ်မက်မှာ ရှေးဟောင်းဗီလာတစ်ခု ပိုင်ဆိုင်ရန် ဖြစ်သည်။
လွတ်လပ်ရေးမတိုင်မီကပင် တည်ရှိခဲ့သော မြို့လယ်ခေါင်ရှိ ဗီလာတစ်ခုကို ပိုင်ဆိုင်ခြင်းကသာ ရှန်ဟိုင်း၏ထိပ်တန်း ချမ်းသာကြွယ်ဝမှု ပြယုဂ်ဖြစ်ပေလိမ့်မည်။