အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
🍋 Chapter 43
လျိုမုယန်မှာ နားလည်သလိုလိုနှင့် ဘာမှမရေရာလှချေ။ သူမသည် ရှန်ဟိုင်းရှိ ထိုရှေးဟောင်းဗီလာများသို့ တစ်ခါမှ မရောက်ဖူးသဖြင့် ဘာမှမခံစားရခြင်းဖြစ်သည်။
သို့သော် ကျိုးထျန်း၏တမ်းတနေသော မျက်နှာအမူအရာကို မြင်သောအခါ သူမ အိမ်ပြန်ရောက်လျှင် ထိုအကြောင်းကို ရှာဖွေကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ကျိုးထျန်း ဘာကို စိတ်ဝင်စားသလဲဆိုသည်ကို သူမ သိချင်နေမိသည်။
ကျိုးထျန်းကမူ ထိုကဲ့သို့သော ရှေးဟောင်းဗီလာတစ်ခုကို ဝယ်ယူနိုင်ရန် သူ အချိန်မည်မျှ ပေးရမည်နည်းဟု တွက်ချက်နေသည်။
‘ငါ့ရဲ့ အခု ပိုက်ဆံရှာနှုန်းနဲ့ဆိုရင် နောက်နှစ်ထဲမှာ တစ်လုံးဝယ်နိုင်လောက်တယ်၊ ဒါပေမဲ့ စိတ်ကြိုက်အိမ်မျိုး ရှာတွေ့ဖို့ ကံပါမပါတော့ မသိဘူး’
ထိုအိမ်များ၏တန်ဖိုးမှာ ရာစုနှစ်တစ်ခုစာ သမိုင်းကြောင်းသာမက အစားထိုး၍မရသော တည်နေရာကောင်းများကြောင့်လည်း ဖြစ်သည်။
သူတို့နှစ်ဦးမှာ ဆူးကျိုးမြစ်တစ်လျှောက် စကားတပြောပြောနှင့် လမ်းလျှောက်လာခဲ့ကြသည်။
လျိုမုယန် အိမ်သာခဏသွားစဉ် ကျိုးထျန်းက စောစောက ရရှိထားသော ပုံမှန် သတင်းအချက်အလက်ကတ်ကို ဖွင့်ကြည့်လိုက်သည်။
[စနစ်အသိပေးချက် - ဤကတ်ကို အသုံးပြုမှာလား?]
"အသုံးပြုမယ်!"
[ကတ်ကို အသုံးပြုပြီးပါပြီ]
သူ့မျက်လုံးရှေ့တွင် စာသားအချို့ ပေါ်လာခဲ့သည်။ ယခင်ကကဲ့သို့ပင် သူ လုံးဝမှင်တက်သွားရသည်။
‘ဒါ... ဒါက တကယ်ပဲ နန်အန်းကျေးရွာ အမှတ် (၁) ကို ဦးတည်နေတာလား’
ထိုသတင်းအချက်အလက်မှာ - ဇူလိုင်လ ၂၀ ရက်နေ့တွင် နန်အန်းကျေးရွာ အမှတ် (၁)၊ ကျန်းနန်ကျေးရွာ အမှတ် (၁)၊ နန်အန်းကျေးရွာ အမှတ် (၂)၊ (၃)၊ အမှတ် (၅) နှင့် (၆) ရပ်ကွက်၊ အမှတ် (၇) ရပ်ကွက်၊ ကျန်းအန်းဥယျာဉ်နှင့် ကျန်းအန်းစံအိမ် တို့၏ အိမ်ခြံမြေဈေးနှုန်းများမှာ ၂၅ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းအထိ မြင့်တက်လာလိမ့်မည် ဟူ၍ဖြစ် သည်။
"ဒါက မယုံနိုင်စရာပဲ! စုစုပေါင်း ရပ်ကွက် ၈ ခုကတစ်ပြိုင် တည်း ဈေးတက်မှာလား၊ အမြင့်ဆုံးတိုးတက်မှုက ၅၀ ရာခိုင်နှုန်းနီးပါးပဲ!"
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
ကျိုးထျန်း နားမလည်နိုင်အောင် ဖြစ်နေရသည်။
မကြာသေးမီနှစ်များအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိမ်ခြံမြေဈေးကွက်မှာ တန့်နေပြီး နေရာအတော်များများတွင် ဈေးနှုန်းများ သိသိသာသာ ကျဆင်းနေခဲ့သည်။
ဈေးတက်သော နေရာအချို့ ရှိနိုင်သော်လည်း မည်သို့ပင်ဖြစ်စေ ၄၅ ရာခိုင်နှုန်းအထိ တက်ရန်မှာ မဖြစ်နိုင်ချေ။
အိမ်ခြံမြေဈေးကွက် အကောင်းဆုံးအချိန်မှာပင် ဤသို့ဖြစ်ရန် မလွယ်ကူလှဘဲ ယခုမှာ ဇူလိုင်လ ၂၀ ရက်နေ့အထိ သုံးပတ်ခန့်သာ လိုတော့သည်။
ရက်ပေါင်း ၂၀ ကျော်အတွင်း ဤမျှအထိ တက်မည်ဆိုသည်မှာ စိတ်ကူးယဉ်အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
သို့သော် စနစ်က မှားယွင်းလေ့မရှိသဖြင့် သူ ရှာမတွေ့သေးသော ကွက်လပ်တစ်ခု ရှိနေသည်မှာ သေချာသည်။
သူ စဉ်းစားကြည့်သော်လည်း အချက်အလက်ကို သေချာမသိရသေးချေ။
လျိုမုယန် ပြန်လာသောအခါ ထိုကိစ္စကို ခဏဘေးဖယ်ထားလိုက်သည်။
‘အိမ်ပြန်ရောက်မှပဲ ဖြည်းဖြည်းချင်း စဉ်းစားတော့မယ်။ တကယ်လို့ အဆင်မပြေရင် ဖေဖေနဲ့ တိုင်ပင်ကြည့်ရမယ်၊ သူ တစ်ခုခု သိနိုင်ကောင်းပါရဲ့’
သူ စိတ်ကိုအေးအေးထားကာ လျိုမုယန်နှင့်အတူ ဆက်လက် လည်ပတ်ခဲ့သည်။ ညနေ ၅ နာရီခွဲခန့် ရောက်သောအခါမှ ကားယူကာ ဟိုက်တီလောင်သို့ ဦးတည်ခဲ့ကြသည်။
သူတို့ရောက်သွားချိန်တွင် အတန်းဖော်အများစု ရောက်နေကြပြီဖြစ်သော်လည်း မည်သူမျှ မမှာကြသေးချေ။
"သူဌေးကြီး... နင် နောက်ဆုံးတော့ ရောက်လာပြီပဲ! ငါတို့ကတော့ နင်က နောက်နေပြီး မလာတော့ဘူး ထင်နေတာ!"
ချန်ကျန့်ဝေ သူ့ကို ဆွဲကာ ဘေးကခုံမှာ ထိုင်ခိုင်းလိုက်သည်။
ဤနေရာနှစ်ခုမှာ အားလုံးက သဘောတူညီချက်ဖြင့် ချန်ထားပေးခြင်း ဖြစ်သည်။ ကျိုးထျန်းနှင့် အရင်းနှီးဆုံးဖြစ်သော ချန်ကျန့်ဝေက တစ်ဖက်တွင်ထိုင်ပြီး ကျန်တစ်ဖက်မှာ လျိုမုယန်အတွက် ဖြစ်သည်။
စင်ပေါ်က သူတို့နှစ်ဦး၏ အခြေအနေကို အားလုံးက မြင်ထားကြပြီးဖြစ်ရာ ၎င်းမှာ ခဏတာ ဇာတ်လမ်းမဟုတ်ဘဲ တကယ့်အချစ်ရေးဖြစ်ကြောင်း သိကြသဖြင့် နေရာချန်ပေးထားကြခြင်း ဖြစ်သည်။
ထို့အပြင် ကျိုးထျန်း ဒကာခံကျွေးသူဖြစ်ရာ သူ့အတွက် နေရာကောင်းချန်ပေးထားကြသည်မှာ သဘာဝကျပါသည်။
လူ ၇၀-၈၀ ရာခိုင်နှုန်းခန့် ရောက်နေပြီဖြစ်သဖြင့် ကျိုးထျန်းက
"အားလုံးနီးပါး ရောက်နေပြီဆိုတော့ စားကြတာပေါ့"
"အရင်ဆုံး ရှင်းအောင် ပြောထားရမှာက ဒီနေ့က ငါ ဒကာခံတာ။ ဒါက မုယန်နဲ့ ငါ့ရဲ့ ဆက်ဆံရေးကို အသိပေးတာလည်း ဖြစ်သလို အားလုံး အမှတ် (၁) အထက်တန်းကျောင်းက ဘွဲ့ရတာကို ဂုဏ်ပြုတာလည်း ဖြစ်တယ်။
စိတ်ကြိုက်သာမှာကြ၊ ကန့်သတ်ချက်မရှိဘူး၊ ဒါပေမဲ့ဖြုန်း တီးတာမျိုးတော့ မလုပ်ကြနဲ့ပေါ့"
"ကဲ... သူငယ်ချင်းတို့ရေ... အမှတ် (၁) အထက်တန်း၊ အတန်း (၁) ရဲ့ ကျောင်းဆင်းပွဲ ညစာစားပွဲကို အခု တရားဝင် စတင်လိုက်ပြီ! အကုန်လုံး အစွမ်းကုန် စားကြစမ်းပါ၊ ငါ မွဲသွားအောင်အထိ စားပေးကြစမ်း!"
သူက လက်ဝှေ့ယမ်းကာ ပြောလိုက်သောအခါ အားလုံးက အော်ဟစ်အားပေးကြတော့သည်။
"ဒီသူဌေးကြီးက သူ့ကို မွဲအောင် စားခိုင်းနေတာပဲ၊ ငါတို့က သူ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့၊ ညီအစ်ကိုတို့... သွားကြမယ်!"
ချန်ကျန့်ဝေက သူ့သူငယ်ချင်းပီပီ စတင်ဦးဆောင်ကာ စားပွဲအပြည့် မှာယူလိုက်တော့သည်။
"ကဲ... အားလုံးပဲ၊ ဈေးကြီးတာတွေချည်း ရွေးမှာကြ၊ အားမနာနဲ့၊ စားပြီးရင် ဒုတိယပွဲလည်း ရှိသေးတယ်"
"KTV သွားပြီး သီချင်းဆိုကြမယ်၊ အဲ့ဒါလည်း ငါပဲ ဒကာခံမယ်။ သောက်ချင်တာ အကုန်မှာ၊ အကုန်မူးတဲ့အထိ မပြန်ကြနဲ့!"
ကျိုးထျန်းက ဖန်ခွက်ကို မြှောက်ကာ ဘီယာဖြည့်လိုက်သည်။
"လာ... ငါ အားလုံးကို တိုက်လိုက်မယ်၊ အားလုံးပဲ အောင်မြင်စွာ ဘွဲ့ရပါစေလို့ ဆုတောင်းပေးပါတယ်။ နောင်တစ်ချိန် ပြန်ဆုံကြတဲ့အခါ ငါတို့အားလုံး လူကြီးတွေ ဖြစ်နေကြပြီပေါ့"
"ကျေးဇူးပဲ ကျိုးထျန်း!"
"ကျေးဇူးပဲ သူဌေးကြီး!"
"သူဌေးကြီး... နောင်ကျရင် ငါတို့ကို စောင့်ရှောက်ဦးနော်"
"ပိုက်ဆံချေးစရာရှိရင်လည်း ငါတို့ကို အသိအမှတ်မပြုဘဲ မနေနဲ့ဦး"
...
ဂုဏ်ပြုသောက်ကြသည်မှာ ၃ နာရီကျော်ကြာမှ ပြီးဆုံးသွားသည်။
ဟိုက်တီလောင်ရှိ ဟော့ပေါ့ဈေးနှုန်းမှာ အလွန်အမင်း မကြီးလှချေ။
လူ ၃၀ ကျော်အတွက် စုစုပေါင်း ယွမ် ၅,၂၀၀ ကျော်သာ ကျသင့်ပြီး ကျောင်းသားကတ် ၂၀ ရာခိုင်နှုန်း Discount နှင့်ဆိုလျှင် ယွမ် ၄,၀၀၀ ကျော်သာ ကျသင့်သည်။
ကျိုးထျန်း၏အသောက်အစား စွမ်းရည်မှာ ကောင်းမွန်သော်လည်း သူက ဒကာခံသူဖြစ်ပြီး ကျောင်း၏ နတ်သမီးလေးကိုလည်း ရရှိထားသူဖြစ်ရာ အားလုံး၏ပစ်မှတ် ဖြစ်နေသည်။
ယောင်္ကျားလေးတစ်သိုက်ပြီး တစ်သိုက်က သူ့ကို လာ၍ တိုက်ကြသဖြင့် အချို့မှာ အန်ဖတ်ဆွဲကုန်ကြသည်။
ယခုအခါ သူသည် ယိုင်တိယိုင်တိုင် ဖြစ်နေပြီဖြစ်ရာ လျိုမုယန်က သူ့ကို တွဲပေးထားပြီး အနီးရှိ KTV ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့ကြသည်။
ထိုစဉ် အတန်းဖော်တစ်ဦးက ယိုင်တိယိုင်တိုင်ဖြင့် ကျိုးထျန်း၏ပခုံးကို လာဖက်သည်။
"ကျိုး... ကျိုးထျန်း၊ ဒီနေ့အတွက် ကျေးဇူးပဲကွာ။ ငါတို့အားလုံး ပျော်ကြပါတယ်"
"ကွမ်ဟုန်... ဘာမှမဟုတ်ပါဘူးကွာ။ ငါတို့က အတန်းဖော်တွေပဲ၊ အားလုံး ပျော်ရင် ပိုက်ဆံက အဓိက မဟုတ်ပါဘူး"
"ဟားဟား... မင်းက တကယ် သဘောကောင်းတာပဲ။ ဒါပေမဲ့ မင်း ကားမောင်းလာတာ ငါ မှတ်မိတယ်၊ အိမ်ကို ကားမောင်းမပြန်ဘူးလား"
ကျိုးထျန်းသည် ဤကိစ္စတွင်မူ သတိရှိနေဆဲ ဖြစ်သည်။
"ငါ သောက်ထားတယ်လေ၊ ကားမမောင်းတော့ဘူး။ ဒီမှာပဲ ရပ်ထားခဲ့ပြီး မနက်ဖြန်မှ လာယူတော့မယ်"
"မင်းကားက သိပ်ကောင်းတာပဲ၊ တစ်ယောက်ယောက်က လာခြစ်သွားမှာ မစိုးရိမ်ဘူးလား"
"ရပါတယ်၊ ဥပဒေကို လိုက်နာဖို့က ပိုအရေးကြီးတယ်လေ"
"ဟဲဟဲ... အမှန်ပဲ"
ကွမ်ဟုန်ပြုံးလျက် ပြောလိုက်သော်လည်း သူ့မျက်လုံးထဲမှ စိတ်ပျက်သွားသော အရိပ်အယောင်ကို ကျိုးထျန်းနှင့် လျိုမုယန်တို့ သတိမထားမိလိုက်ကြချေ။
သို့သော် သူက ရပ်မသွားဘဲ ကျိုးထျန်းနောက်သို့ ဆက်လိုက်လာသည်။
"အတန်းခေါင်းဆောင်... ကျိုးထျန်းက အရပ်ရှည်တော့ နင် သူ့ကို တွဲရတာ ပင်ပန်းနေမှာပေါ့၊ ငါ ကူတွဲပေးပါရစေ"
လျိုမုယန် တကယ်ပင် ပင်ပန်းနေခဲ့သည်။
သူမက မိန်းကလေးထဲတွင် ၁၇၅ စင်တီမီတာနှင့် အရပ်ရှည်သည်ဟု ဆိုနိုင်သော်လည်း ၁၈၅ စင်တီမီတာရှိသော ကျိုးထျန်းနှင့်ဆိုလျှင် သိသိသာသာ ကွာခြားနေဆဲ ဖြစ်သည်။
"ကျေးဇူးပါပဲ"
ကျိုးထျန်း သူ့ပခုံးကို ကျေးဇူးတင်သောအားဖြင့် ပုတ်လိုက်သည်။
သူသည် ဤအတန်းဖော်နှင့် ပုံမှန်အားဖြင့် အဆက်အဆံ သိပ်မရှိလှချေ။
သို့သော် တစ်ဖက်လူက တကယ် ကျေးဇူးတင်သည်ဖြစ်စေ၊ မိတ်ဖွဲ့ချင်သည်ဖြစ်စေ ကျိုးထျန်းက လက်ခံရန် အဆင်သင့်ရှိပေသည်။
အားလုံးက အတန်းဖော်တွေပဲ မဟုတ်ပါလား။
သူတို့တစ်သိုက် KTV သို့ ရောက်ရှိသွားပြီး ပွဲဆက်ကြသည်။
ကျိုးထျန်းမှာ ထပ်မံ၍ အတိုက်ခံရပြန်ရာ ဘီယာများကို တရစပ် သောက်လိုက်ရတော့သည်။
လျိုမုယန်မှာ ဆူညံလွန်းသော ပတ်ဝန်းကျင်ကို မကြိုက်သဖြင့် ကျိုးထျန်းက သူမ အိမ်ပြန်နားနိုင်ရန် တက္ကစီ ငှားပေးလိုက်သည်။
သူကမူ တစ်ယောက်တည်း အပြင်းအထန် သောက်ခဲ့ပြီး ဆိုဖာပေါ်တွင် အကြာကြီး လှဲနေမိသည်။
နာရီဝက်ခန့်အကြာတွင် အမူးပြေလာသဖြင့် အိမ်သာသွားရန် ထလိုက်စဉ် သူ့ဖုန်းမှာ အိတ်ကပ်ထဲမှ ကျွတ်ပြီး ဆိုဖာပေါ် ကျနေသည်ကို တွေ့လိုက်ရသည်။
သူ ဘာမှမစဉ်းစားဘဲ ဖုန်းကို ကောက်ယူကာ ထွက်လာခဲ့သည်။
အိမ်သာတံခါးဝသို့ ရောက်ခါနီးတွင် သူ့ဖုန်း မြည်လာသည်။ အမည်မသိ နံပါတ်ဖြစ်နေသဖြင့် သူ အနည်းငယ် ဝေခွဲမရဖြစ်သွားပြီး မျက်နှာကို ရေအေးအေးဖြင့် အကြိမ်အနည်း ငယ် ဆေးကာ အမူးပြေအောင် လုပ်လိုက်သည်။
"ဟယ်လို?"
"ဆရာကြီး... ကျွန်တော် ခင်ဗျားနဲ့ မဆက်သွယ်ဖြစ်တာ ကြာပြီနော်။ ဒီရက်ပိုင်း ကျွန်တော် သိပ်ပျင်းနေတာ။ ဂိမ်းကုမ္ပဏီ အကောင့်အချို့ကို ဟက်ကာ လုပ်နေရတာက ဘာမှ မခက်ခဲတော့ဘူး။
ကံကောင်းတာက ခင်ဗျား ပြီးခဲ့တဲ့အပတ်က ပိုက်ဆံအများကြီး ပေးထားလို့ အခု ပီဇာနဲ့ ရေခဲမုန့်တွေ နေ့တိုင်း စားနေရတယ်၊ ဒါပေမဲ့ ပျင်းတုန်းပဲ..."
တစ်ဖက်မှ ရင်းနှီးနေသော စကားများလွန်းသည့် အသံကို ကြားရသောအခါ ကျိုးထျန်း ခေါင်းခါလိုက်သည်။
"တော်တော့... တော်တော့... အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့။ ငါ အရင် မဆက်သွယ်မချင်း မင်း ငါ့ကို မဆက်သွယ်နဲ့လို့ ပြောထားတယ် မဟုတ်လား"
ဖုန်းဆက်သူမှာ အမေရိကန်တွင် ရှိနေသော ဂျက်ဆီပင် ဖြစ်သည်။
"ဆရာကြီး... ကျွန်တော် ခင်ဗျားကို ပြောစရာရှိလို့ပါ။ အကြောင်းမရှိဘဲ ဖုန်းမဆက်ပါဘူး။ ခင်ဗျား ပြောထားကတည်းက ကျွန်တော် မဆက်သွယ်ဘဲ အောင့်ထားတာပါ။ အခု ကျွန်တော် တစ်ယောက်တည်း နေနေရတာ၊ စကားပြောဖော်လည်း မရှိဘူး၊ ကျွန်တော်က..."
"ရပ်လိုက်တော့! မင်း စကားတွေကို နားထောင်ရတာ ငါ့ခေါင်းကို ကိုက်နေပြီ။ အဓိက အချက်ကိုပဲ ပြော၊ ဒါမှမဟုတ်ရင် ငါ ဖုန်းချလိုက်တော့မယ်"
"ဟုတ်ကဲ့ ဆရာကြီး... လွန်ခဲ့တဲ့ ၂ မိနစ်နဲ့ ၄၇ စက္ကန့်က ခင်ဗျားရဲ့ ဖုန်းထဲကို ထရိုဂျန် ဗိုင်းရပ်စ် တစ်ခုဝင်သွားပြီ"
"ဘာ!"
ကျိုးထျန်း သူ့ဖုန်းကို ကြည့်လိုက်သည်။
"ကျွန်တော့်ရဲ့ စောင့်ကြည့်ရေး ဆော့ဖ်ဝဲလ် ကို ခင်ဗျားဖုန်းရဲ့ နောက်ကွယ်မှာ ထည့်ထားတာလေ။ အဲ့ဒါက ခင်ဗျားဖုန်း အဟက်ခံလိုက်ရတာကို အခုလေးတင် ဖမ်းမိလိုက်တာ"
ကျိုးထျန်း စိတ်ထဲတွင် ရှုပ်ထွေးသွားသည်။ သူ အမူးလွန်နေသဖြင့် ဘာမှမသိလိုက်ချေ။ စောစောက သူ အနားယူရင်း လှဲနေခဲ့ခြင်းသာ။
🍋 Chapter 44
ကျိုးထျန်းမှာ လုံးဝကို ဝေခွဲမရဖြစ်နေသည်။ သူ မူးနေသည့်အချိန်လေးအတွင်းမှာပင် ဖုန်းက ဘယ်လိုလုပ်ပြီး အခက်ခံလိုက်ရသနည်း။
"ငါ့ဖုန်း ဘယ်လိုအဟက်ခံရလဲဆိုတာ မင်း ရှာလို့ရမလား"
"ကျွန်တော် အသေးစိတ် စစ်ဆေးပြီးပါပြီ။ ဒါက ကွန်ရက် ကနေ အဟက်ခံရတာ မဟုတ်ဘူး၊ ဖုန်းကို တိုက်ရိုက်ချိတ်ဆက်ပြီး လုပ်သွားတာ။
တစ်ယောက်ယောက်က ခင်ဗျားဖုန်းကို Data Cable နဲ့ ချိတ်ပြီး လုပ်သွားတာပဲ၊ အဲ့ဒီလိုဆိုရင် Network ကနေ ခြေရာခံဖို့ ပိုခက်သွားတာပေါ့"
ဂျက်ဆီက ယုံကြည်မှုအပြည့်ဖြင့် ဖြေကြားလိုက်သည်။
"အဲ့ဒီဗိုင်းရပ်စ်ရဲ့ အရင်းအမြစ်ကိုရော လိုက်လို့ရမလား"
"အဲ့ဒါကတော့ နည်းနည်းလက်ဝင်တယ် ဆရာကြီး၊ တိုက်ရိုက်ချိတ်ဆက်တာရဲ့ အားသာချက်က အဲ့ဒါပဲ၊ ကွန်ရက်ပေါ်မှာ ခြေရာမကျန်ခဲ့ဘူးလေ"
ကျိုးထျန်း ကျောချမ်းသွားရသည်။
တစ်စုံတစ်ယောက်က သူ့ကို ပစ်မှတ်ထားနေပြီ! တဖက်လူက အစီအစဉ် အလွန်ကျနပြီး သက်သေမကျန်အောင် လုပ်ဆောင်သွားခြင်း ဖြစ်သည်။
သို့သော် တဖက်လူ မသိနိုင်သည့်အချက်မှာ သူတို့၏လှုပ်ရှား မှုကို ကျိုးထျန်း ရိပ်မိသွားခြင်းဖြစ်သည်။
ကွန်ရက်ပေါ်တွင် ခြေရာခံမရသော်လည်း ဤနေရာတွင် ရှိနေသူများမှာ အတန်းဖော်များနှင့် ဝန်ထမ်းများသာ။
ထိုအထဲတွင် အတန်းဖော်များကို ပစ်မှတ်ထားရန်မှာ အလွယ်ကူဆုံး ဖြစ်သည်။
"ဂျက်ဆီ... ငါ့အတန်းဖော်တွေရဲ့ ဖုန်းအားလုံးကို Wireless ကွန်ရက်ကနေတစ်ဆင့် ဟက်ဖို့ နည်းလမ်းရှိလား"
"ရှိတာပေါ့ ဆရာကြီး... ခင်ဗျားဆီမှာရှိတဲ့ ဆက်သွယ်ရေးဆော့ဖ်ဝဲလ်ကနေတစ်ဆင့် သူတို့ဆီကို ကျွန်တော် ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်"
ကျိုးထျန်း စိတ်ထဲတွင် ကျေနပ်သွားသည်။
"ငါ့ဖုန်းကို ဟက်တဲ့လူက ဒီလူတွေထဲမှာ ရှိနေရင် မင်း ရှာတွေ့နိုင်မလား"
"ရှာတွေ့နိုင်ပါတယ် ဆရာကြီး။ တိုက်ရိုက်ချိတ်ဆက်ခဲ့ရင် တောင် သူတို့ရဲ့ စက်ပစ္စည်းတွေမှာ မှတ်တမ်းကျန်ခဲ့မှာပဲ"
"ကောင်းပြီ... အရင်စစ်ပေးပါ၊ သိရတာနဲ့ ချက်ချင်း အကြောင်းကြား"
သူ တစ်ခုကို သတိရသွားပြီး
"အဲ့ဒါနဲ့အတူ လျိုမုယန်ရဲ့ ဖုန်းရော အဟက်ခံထားရလားဆိုတာပါ တစ်ခါတည်း စစ်ပေးဦး"
ကျိုးထျန်း ဖုန်းချလိုက်စဉ် သူ၏ မျက်လုံးများမှာ အေးစက်နေသည်။ တဖက်လူက မည်သူဖြစ်သည်၊
ဘာကို အလိုရှိသည်ကို သူ မသိသေးသော်လည်း ရောက်လာမှတော့ ကောင်းကောင်း "ဧည့်ခံ" ပေးရမည်ပေါ့!
၎င်းအပြင် တဖက်လူက သူ့ကို ပစ်မှတ်ထားလျှင် လျိုမုယန်ကိုပါ ထိခိုက်လာမည်စိုးသဖြင့် သူ အလွန်စိုးရိမ်နေမိသည်။
ငါးမိနစ်ခန့်အကြာတွင် ဂျက်ဆီ ပြန်ဆက်လာသည်။
"ဆရာကြီး... တွေ့ပြီ!"
"ကောင်းပြီ... မြန်မြန်ပြော၊ ဘယ်သူလဲ"
ကျိုးထျန်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ထင်သည့်အတိုင်း အတန်းဖော်တစ်ဦး ဖြစ်နေသည်။
"WeChat မှာ ချိတ်ထားတဲ့ ဖုန်းနံပါတ်အရ ပိုင်ရှင်ရဲ့နာမည်က ကွမ်ဟုန်တဲ့"
"ကွမ်ဟုန်!"
ကျိုးထျန်း မျက်ခုံးများ တွန့်သွားသည်။ စောစောကမှ သူ့ကို အလွန်ယဉ်ကျေးပြနေသည့် အတန်းဖော် မဟုတ်ပါလား။
"ဘာလို့ သူ ဖြစ်နေတာလဲ? ငါတို့ကြားမှာ ဘာရန်ငြိုးမှလည်း မရှိဘဲနဲ့ ဘာလို့ ဒါကို လုပ်တာလဲ"
ကျိုးထျန်း ခေတ္တစဉ်းစားကြည့်ရာတွင် အချို့အချက်များကို သတိပြုမိသွားသည်။
"သူ စောစောက ငါ့ကို ကားမောင်းဖို့ သတိပေးနေတာ... အဲ့ဒီတုန်းကတည်းက ငါ့ကို ပြဿနာတက်အောင် လုပ်ဖို့ ကြံနေတာလား"
မူးနေသည့် ဒရိုင်ဘာများကို အိမ်ရာဝင်း သို့မဟုတ် ကားပါကင်အထိ မပို့ပေးဘဲ လမ်းခုလတ်တွင် ပစ်ထားခဲ့ပြီး ဒရိုင်ဘာကိုယ်တိုင် မောင်းနှင်သည့်အခါမှ တမင်တကာမတော် တဆမှု ဖြစ်အောင်လုပ်ကာ ငွေညှစ်သည့် သတင်းများကို သူ ဖတ်ဖူးသည်။
မူးယစ်ပြီး ကားမောင်းခြင်းမှာ အနည်းဆုံးထောင်ဒဏ် ၃ လမှ ၆ လအထိ ကျခံရနိုင်သလို အလုပ်ပြုတ်နိုင်သဖြင့် လူအများစုမှာ ငွေပေးကာ ကျေအေးတတ်ကြသည်။
"ဒီကောင်လည်း အဲ့ဒီလိုလုပ်ဖို့ ကြံနေတာ ထင်တယ်"
‘ကံကောင်းလို့ ငါက အဲ့ဒီကိစ္စမှာ သတိရှိနေလို့ပေါ့၊ မဟုတ်ရင် ထောင်ထဲ ရောက်သွားနိုင်တယ်’
"ဂျက်ဆီ... လျိုမုယန်ရဲ့ ဖုန်းမှာရော ပြဿနာရှိလား"
"မရှိသေးပါဘူး။ သူမရဲ့ ဖုန်းထဲမှာလည်း ကျွန်တော့်ရဲ့ ဆော့ဖ်ဝဲလ် ထည့်ထားပြီးပြီဆိုတော့ ပြဿနာရှိရင် ချက်ချင်း သိရမှာပါ"
ကျိုးထျန်း ခေါင်းညိတ်လိုက်ပြီး စိတ်အေးသွားရသည်။ တဖက်လူက သူ့ကိုပဲ ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း သေချာသွားပြီ။
"ဂျက်ဆီ... အခုကစပြီး ကွမ်ဟုန်ရဲ့ ဖုန်းကို ၂၄ နာရီလုံး စောင့်ကြည့်ပါ။ သူ တစ်ယောက်ယောက်နဲ့ ပြောတဲ့အခါ ငါ့အကြောင်း ပါလာရင် ငါ့ကို ချက်ချင်း အသိပေး"
"နားလည်ပါပြီ ဆရာကြီး၊ ဒီရက်ပိုင်း ကျွန်တော်လည်း အားနေတာနဲ့ စုံထောက်ကစားရတာ မဆိုးပါဘူး"
"ကောင်းပြီ... သဲလွန်စရတာနဲ့ အသိပေးပါ။ အခု မင်းဆီကို ဒေါ်လာ ၂၀,၀၀၀ အရင်လွှဲပေးမယ်၊ ဒီတာဝန်ပြီးရင် နောက် ထပ် ၈၀,၀၀၀ ထပ်ပေးမယ်၊ စုစုပေါင်း ဒေါ်လာ ၁ သိန်းပေါ့"
"ဝိုး... ဒေါ်လာ ၁ သိန်း! ကျေးဇူးပါ ဆရာကြီး! အခုတော့ ပီဇာတွေ အများကြီး ဝယ်စားလို့ရပြီ။ ပြီးခဲ့တဲ့အပတ်က ဒေါ်လာ ၁ သန်းကို အမေက သိမ်းသွားပြီး ကျွန်တော့်ကို ၁,၀၀၀ ပဲ ပေးထားတာ။
ဒီပိုက်ဆံကိုတော့ သေချာဝှက်ထားမှ၊ အမေ ထပ်မတွေ့စေနဲ့တော့။ ဒါ ကျွန်တော်ရှာထားတဲ့ ပိုက်ဆံလေ၊ ဘာလို့ သိမ်းရတာလဲ?
ကျွန်တော်က အသက်မပြည့်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ အမြဲ..."
ဂျက်ဆီက တတွတ်တွတ် ဆက်ပြောနေပြန်ရာ ကျိုးထျန်း ခေါင်းနောက်လာသဖြင့် ဖုန်းချလိုက်တော့သည်။
‘ဒီကလေးကတော့... ပါးစပ်ကို ချုပ်ထားမှ ရမယ်’
ကျိုးထျန်း စိတ်ကို ပြန်လည်စုစည်းကာ ဘာမှမသိသလို ဟန်ဆောင်ပြီး အခန်းထဲ ပြန်ဝင်လာခဲ့သည်။
"ဟေး... ကျိုးထျန်း၊ ဘာလို့ ဒီလောက်ကြာနေတာလဲ? နင် ကျောက်ကပ်မကောင်းဘူးလား၊ နေလို့မကောင်းရင် လျိုမုယန်က နင့်ကို ပစ်သွားလိမ့်မယ်နော်"
ချန်ကျန့်ဝေမှာ မျက်နှာတစ်ခုလုံး နီမြန်းနေပြီး အတော်လေး မူးနေပြီဖြစ်သည်။
ကျိုးထျန်း မူးနေသူ၏စကားကို အလေးမထားဘဲ ကွမ်ဟုန်၏ ဘေးတွင် သွားထိုင်လိုက်သည်။
"ကျိုးထျန်း... အဆင်ပြေရဲ့လား? အန်ခဲ့သေးလား? မသောက်နိုင်ရင် အများကြီး မသောက်နဲ့လေ"
ကွမ်ဟုန် သူ့ကို ပြုံးလျက် စိုးရိမ်တကြီး မေးလာသည်။
"ဟေး... သူငယ်ချင်း၊ ငါ အဆင်ပြေပါတယ်။ သောက်နိုင်ပါသေးတယ်၊ လာ... သောက်ကြစို့"
ကျိုးထျန်းလည်း သူ့ကို သူငယ်ချင်းတစ်ယောက်လို ဆက်ဆံကာ ဘီယာပုလင်းကို မော့သောက်လိုက်သည်။
မနက် ၂ နာရီကျော်သောအခါ အားလုံးမှာ အတော်လေး မူးနေကြပြီ ဖြစ်သည်။
မိန်းကလေးအချို့မှာလည်း မှောက်ကုန်ကြသဖြင့် ကျိုးထျန်းက မမူးသေးသော ယောင်္ကျားလေးအချို့ကို အိမ်ပြန်ပို့ခိုင်း လိုက်သည်။
သူကိုယ်တိုင်လည်း တက္ကစီငှားကာ အိမ်ပြန်ခဲ့ပြီး ရေတောင်မချိုးနိုင်ဘဲ အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့ မနက် ၁၀ နာရီတွင် ဖုန်းမြည်သံကြောင့် သူ နိုးလာသည်။ မူးနောက်နောက် ခံစားချက်က ကျန်ရှိနေဆဲ ဖြစ်သော်လည်း လျိုမုယန် ဖုန်းဆက်နေခြင်း ဖြစ်သည်။
"ဟယ်လို... မုယန်၊ ဘာကိစ္စရှိလို့လဲ"
"ဘာမှမဟုတ်ပါဘူး၊ နိုးပြီလား သိချင်လို့ပါ"
လျိုမုယန့်အသံမှာ ယခင်ကထက် ပိုနူးညံ့နေသလိုပင်။
"နိုးတာပေါ့၊ နင့်အကြောင်း တွေးနေတာ"
"ဟင်း... မယုံပါဘူး"
ကျိုးထျန်း ရယ်လိုက်မိသည်။ လျိုမုယန်က သူ့ကို လွမ်းနေသော်လည်း ပြောရမှာ ရှက်နေသည်ကို သူ သိသည်။
"မုယန်... ငါတို့ တစ်နေရာရာကို ခရီးသွားကြမလား။ တက္ကသိုလ်မတက်ခင်အထိ လပိုင်းလောက် လိုသေးတာဆိုတော့ အိမ်မှာပဲ နေရတာ ပျင်းဖို့ကောင်းတယ်"
"အင်း... စဉ်းစားကြည့်ပါဦးမယ်"
လျိုမုယန်က ချက်ချင်း သဘောမတူသေးချေ။
အတူတူခရီးသွားမည်ဆိုလျှင် အတူတူ နေရမည်ဖြစ်ရာ ကျိုးထျန်းက သူမကို အခွင့်အရေးယူမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
မလိုလားသည်တော့ မဟုတ်သော်လည်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားမှု မရှိသေးသဖြင့် အချိန်စောလွန်းသည်ဟု သူမ ခံစားရသည်။
ကျိုးထျန်းက သူမ ဘာကြောင့် ဝေခွဲမရဖြစ်နေသည်ကို ချက်ချင်း ရိပ်မိလိုက်သည်။
"မုယန်... ငါတို့ ခရီးသွားရင် အခန်းနှစ်ခန်း ယူလို့ရတာပဲ။ နင် ဘာတွေးနေလဲဆိုတာ ငါ သိပါတယ်၊ နင့်ဆန္ဒမပါဘဲ ဘာမှ အတင်းအကျပ် မလုပ်ပါဘူး"
"အင်း... သိပါပြီ"
"ကောင်းပြီလေ... ဘယ်သွားမလဲဆိုတာ နင်ပဲ ဆုံးဖြတ်လိုက် နင့်စိတ်ကြိုက်ပဲ၊ ငါက ပိုက်ဆံပဲ စိုက်ထုတ်မယ်"
"နင်ကတော့ လာပြန်ပြီ... သူဌေးကြီး စတိုင်နဲ့"
"ဟဲဟဲ... ချမ်းသာတဲ့ အရှိန်အဝါက ဖုံးဖိလို့မှ မရတာ"
သူတို့နှစ်ဦး ရယ်မောပြီး ဖုန်းချလိုက်ကြသည်။ လျိုမုယန်မှာ ဖုန်းချပြီးနောက် စိတ်ကူးထဲတွင် ခရီးသွားမည့်အကြောင်းကို ပုံဖော်ရင်း မျက်နှာလေး နီမြန်းနေမိသည်။
တစ်ဖက်တွင် ကျိုးထျန်းသည် မနေ့က သတင်းအချက်အ လက်ကတ်မှ အချက်အလက်များကို စတင် လေ့လာတော့ သည်။
‘ဒီရပ်ကွက် ၈ ခုမှာ တူညီတဲ့အချက် တစ်ခုခု ရှိရမယ်၊ ဒါကြောင့် ရက်ပေါင်း ၂၀ ကျော်အတွင်းမှာ ဈေးတွေ အဆမတန် တက်လာမှာ’
သူသည် ဖုန်းထဲမှ မြေပုံကိုဖွင့်ကာ ထိုရပ်ကွက်များ၏ တည်နေရာကို တစ်ခုချင်း စစ်ဆေးကြည့်လိုက်သည်။
"အင်?"
အချို့နေရာများကို ကြည့်ပြီးနောက် သူ တစ်ခုခုကို ရှာဖွေတွေ့ရှိသွားပုံရသည်။
"ဒါဆိုရင်တော့..."
ရပ်ကွက် ၈ ခုလုံး၏တည်နေရာကို ကြည့်ပြီးနောက် သူ အကြမ်းဖျင်း သိလိုက်ပြီ ဖြစ်သည်။
သူသည် အဝတ်အစားလဲကာ နန်အန်းကျေးရွာဆီသို့ တိုက် ရိုက် ထွက်လာခဲ့သည်။
မကြာမီမှာပင် ထိုရင်းနှီးသော နေရာသို့ သူ ပြန်ရောက်လာခဲ့သည်။
နန်အန်းလမ်း၏အနောက်ဘက်ခြမ်းမှာ မြေညှိခံထားရပြီး လမ်းနှင့်အနီးဆုံးရှိ အပိုင်း ၁၃ ပိုင်းမှာ ဖယ်ရှားခံထားရသည်။
အရှေ့ဘက်ခြမ်းရှိ ဆိုင်ခန်းများမှာ ပိတ်ထားဆဲဖြစ်ပြီး "ငှားရန်ရှိသည်" ဆိုသည့် စာတန်းများမှာ တံခါးများတွင် ကပ်ထားဆဲ ဖြစ်သည်။
သို့သော် ထိုနေရာများကို ငှားမည့်သူ ရှိလာနိုင်ဖွယ် မရှိချေ။
ဆိုင်ပိုင်ရှင်များမှာလည်း သူတို့ ရရှိတော့မည့် လျော်ကြေးငွေများမှာ နောက်ဆုံးမိနစ်တွင် ပျောက်ကွယ်သွားသဖြင့် စိတ်ပျက်နေကြပေလိမ့်မည်။
ဆေးရုံနှင့် ဟိုတယ်တို့မှာလည်း တင်းတင်းကျပ်ကျပ် ပိတ်ထားဆဲဖြစ်သည်။ ထိုလုပ်ငန်းနှစ်ခုမှာတော့ လုံးဝကိုအဆုံး သတ်သွားပြီဖြစ်သည်။