အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
🍋 Chapter 45
ဆေးရုံနှင့် ဟိုတယ်မှာ လုံးဝ ပိတ်သိမ်းသွားခဲ့ပြီ ဖြစ်သည်။
ဟိုတယ်ပိုင်ရှင် သားအဖမှာ ထောင်ထဲရောက်နေပြီး ဆေးရုံပိုင်ရှင် သားအဖမှာမူ တစ်သက်စာ မသန်မစွမ်း ဖြစ်သွားကြရသည်။
တစ်ချိန်က ချမ်းသာကြွယ်ဝခဲ့သော ထိုသူများသည် မှားယွင်းသော ဆုံးဖြတ်ချက်တစ်ခုကြောင့် ငရဲသို့ ကျဆင်းသွားကြရခြင်း ဖြစ်သည်။
ကျိုးထျန်းသည် သူတို့အတွက် စိတ်ထဲမှနေ၍ သုံးကြိမ်တိုင်တိုင် အလေးပြုလိုက်မိသည်။ သူတို့သာ မရှိခဲ့လျှင် သူသည်လည်း ဤမျှအထိ မြန်မြန်ဆန်ဆန် ချမ်းသာလာမည် မဟုတ်ချေ။
သူသည် ဤပွဲတွင် ဘေးမှနေ၍ အမြတ်ထုတ်နိုင်ခဲ့သူ ဖြစ်သည်။
သို့သော် ယနေ့ သူလာရခြင်း၏ ရည်ရွယ်ချက်မှာ နေရာဟောင်းကို လာကြည့်ရန် မဟုတ်ပေ။
မြေပုံပေါ်မှ တည်နေရာများအတိုင်း ရပ်ကွက် ၈ ခုလုံးကို ပတ်ကြည့်ပြီးနောက် သူ့ အတွေးကို အတည်ပြုနိုင်ခဲ့သည်။
"ငါ ထင်တာ မှန်နေတာပဲ။ ဒီကိစ္စရဲ့ အဓိက သော့ချက်က နန်အန်းကျေးရွာ အမှတ် (၁) မှာပဲ ရှိနေတာ"
ယခုအခါ သူသည် နန်အန်းကျေးရွာ အမှတ် (၁) ၏ ဂိတ်ဝတွင် ရပ်နေပြီး လမ်းတစ်ဖက်ခြမ်းကို လှမ်းကြည့်နေသည်။
ထိုရပ်ကွက် ၈ ခုလုံး၏ တူညီသော အချက်မှာ နေရာတစ်ခုတည်းကို ဗဟိုပြုနေခြင်း ဖြစ်သည်။
အကယ်၍ ၎င်းတို့ကို စက်ဝိုင်းတစ်ခုအဖြစ် ယူဆလိုက်လျှင် ဗဟိုချက်မှာ ဤနေရာပင်။
သူသည် လမ်းတစ်ဖက်ခြမ်းရှိ မြေကွက်လပ်ကြီးကို ကြည့်ကာ စဉ်းစားခန်း ဝင်နေမိသည်။
ဤမြေကွက်လပ်မှာ တစ်နှစ်ကျော်ကြာအောင် ဒီအတိုင်း ရှိနေခဲ့ခြင်း ဖြစ်သည်။
ယခင်က နန်အန်းကျေးရွာ အမှတ် (၁) ၏ ယာယီမြေသိမ်း ဆည်းရေးရုံးကိုလည်း ဤနေရာတွင်ပင် ဖွင့်လှစ်ခဲ့သော် လည်း ယခုအခါ ဖျက်သိမ်းပြီးဖြစ်သည်။
မူလက ဤမြေကွက်လပ်မှာ နှစ်ပေါင်း ၂၀ ကျော်သက်တမ်းရှိသော ရှေးဟောင်း ကုန်တိုက်ကြီးတစ်ခု ဖြစ်သည်။
သို့သော် ပတ်ဝန်းကျင်တွင် ခေတ်မီကုန်တိုက်ကြီးများ များပြားလာသောအခါ ဤနေရာ၏ စီးပွားရေးမှာ တဖြည်း ဖြည်း ကျဆင်းလာခဲ့သည်။
၎င်းကို လုံးဝမဖျက်သိမ်းမီ နှစ်အနည်းငယ်အလိုတွင် ကားပါကင်အဖြစ်သာ အသုံးပြုခဲ့ပြီး ဆိုင်ခန်းများမှာလည်း မရှိတော့ချေ။
သူ ယခင်က စဉ်းစားမိဖူးသည်မှာ ဤမြေကွက်လပ်မှာ ဘောလုံးကွင်း နှစ်ကွင်းစာခန့် အလွန်ကျယ်ဝန်းသော်လည်း မည်သည့်စီမံကိန်းမှ မရှိဘဲ ဒီအတိုင်းပစ်ထားခြင်းဖြစ် သည်။
မြေညှိပြီးကတည်းက မည်သူမျှ လာရောက်စစ်ဆေးခြင်း သို့မဟုတ် တိုင်းတာခြင်းမျိုး မရှိခဲ့ချေ။
သို့သော် ထိုအချက်ကြောင့်ပင် ကျိုးထျန်းက သူ့ ဆုံးဖြတ် ချက်မှာ မှန်ကန်သည်ဟု ပိုယုံကြည်သွားခြင်း ဖြစ်သည်။
‘ဒီနေရာမှာ တစ်ခုခု ဆောက်တော့မှာပဲ၊ ဒါကြောင့် ပတ်ဝန်း ကျင်က အိမ်ဈေးတွေ အဆမတန်တက်လာမှာ။ ဒါပေမဲ့... ဘာကို ဆောက်မှာလဲ? ဒါ ငါ့အတွက် အရေးကြီးဆုံးပဲ’
သူသည် လမ်းတစ်ဖက်မှ အကြာကြီး လေ့လာနေသော်လည်း ဘာမှ မသိရသေးသဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် နန်အန်းလမ်းအတိုင်း တောင်ဘက်သို့ လမ်းလျှောက်လာခဲ့ရာ လမ်းဘေးဝဲယာတွင် အိမ်ရာဝင်းများစွာကို တွေ့ရသည်။
သူ ဤနေရာကို ကောင်းကောင်းသိသော်လည်း ထူးခြားမှုကို မတွေ့ရသေးချေ။
‘ဒီမှာ ဘာဆောက်မှာပါလိမ့်?’
သူ စဉ်းစားမရသဖြင့် စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။
ထိုစဉ် သူ့ 720S ကားမှာ မြစ်ကမ်းနားတွင် ကျန်ခဲ့သည်ကို သတိရသဖြင့် သွားယူရန် ပြင်လိုက်သည်။
ကံကောင်းထောက်မစွာပင် သူ ဘောင်းဘီမလဲရသေးသဖြင့် ကားသော့မှာ အိတ်ကပ်ထဲတွင် ရှိနေဆဲ ဖြစ်သည်။
သူ တက္ကစီငှားရန် ပြင်နေစဉ် ဘတ်စ်ကားတစ်စီး သူ၏ရှေ့တွင် ရပ်လိုက်သည်။ ထိုအခါမှ သူသည် ဘတ်စ်ကားဂိတ်တစ်ခုအနီးတွင် ရပ်နေမိခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
ကားပေါ်မှ လူအများအပြား ဆင်းလာကြသည်။ ထိုအထဲမှ ဖိုးဖိုးဖြစ်သူနှင့် မြေးဖြစ်သူတို့၏ စကားဝိုင်းက ကျိုးထျန်း၏ အာရုံကို ဖမ်းစားသွားသည်။
"ဖိုးဖိုး... သား ကျူရှင်မတက်ချင်ဘူး"
"သားလေးကလည်း... ကျူရှင်မတက်ရင် ကျောင်းဖွင့်တဲ့အခါ တခြားကလေးတွေလောက် စာမလိုက်နိုင်ဘဲ နေဦးမယ်။ နောက်နှစ်ဆိုရင် သား မူလတန်းတက်ရတော့မှာလေ"
"သား အဲ့ဒီကျောင်းကို မတက်ချင်ဘူး၊ ကျောင်းကြီးက အဟောင်းကြီးပဲ"
"အူကြောင်ကြောင် ကလေးလေး... ကျောင်းဟောင်းတာက အရေးမကြီးပါဘူး။ အဲ့ဒါက မြို့ပေါ်မှာ အကောင်းဆုံး ထိပ်တန်းမူလတန်းကျောင်းပဲ။
တခြားကလေးတွေက တက်ချင်လွန်းလို့တောင် တက်ခွင့်မရကြဘူး။ သားရဲ့ အဖေက သားကို အဲ့ဒီကျောင်းမှာ ထားချင်လို့ ငါတို့ရဲ့ အိမ်ကြီးကြီးကို ရောင်းပြီး အဲ့ဒီနားမှာ အိမ်အသေးလေး ဝယ်ထားရတာလေ"
...
သူတို့၏စကားဝိုင်းမှာ ဆက်ရှိနေသော်လည်း ကျိုးထျန်းအတွက်မူ နောက်ပိုင်းစကားများမှာ မလိုအပ်တော့ချေ။
အဘယ်ကြောင့်ဆိုသော် ထိုမြေကွက်လပ်တွင် ဘာဆောက်မည်ကို သူ သိသွားပြီဖြစ်သောကြောင့်ပင်!
ကျောင်းတစ်ကျောင်း!
ထိပ်တန်းကျောင်းတစ်ကျောင်း!
၎င်းမှာ မူလတန်း သို့မဟုတ် အလယ်တန်းကျောင်းဖြစ်ပေလိမ့်မည်။
ဤအချက်တစ်ခုတည်းကသာ သတင်းအချက်အလက်ကတ်ပါ အချက်များနှင့် ကိုက်ညီနေသည်။
ပတ်ဝန်းကျင်ရှိ ရပ်ကွက်များ ဈေးတက်ရခြင်းမှာ ထိုနေရာများသည် "ကျောင်းနယ်မြေ" များ ဖြစ်သွားသောကြောင့် ဖြစ်သည်။
ကျိုးထျန်းသည် ဝမ်းသာလွန်းသဖြင့် ခုန်တောင် ပေါက်မိမတတ် ဖြစ်သွားသည်။
‘ဟုတ်ပြီ... ဒါက သဘာဝကျတယ်။ ဒါကြောင့်လည်း ကတ်ပေါ်မှာ ဈေးနှုန်းတိုးတက်မှုက ၂၅ ကနေ ၄၅ ရာခိုင်နှုန်းကြားလို့ ပြထားတာကိုး။ ကျောင်းနဲ့ နီးလေ၊ အိမ်က သေးလေ၊ ကျောင်းနယ်မြေ အိမ်အဖြစ် ပိုတန်ဖိုးရှိလေပဲ မဟုတ်လား’
ကျိုးထျန်းသည် ချက်ချင်းပင် ဖုန်းထုတ်ကာ WeChatမှတစ်ဆင့် ကျန်းရို့ကို ဆက်သွယ်လိုက်သည်။
"ကျန်းရို့... ရှိလား"
စက္ကန့်အနည်းငယ်အကြာတွင် ကျန်းရို့က ပြန်စာပို့လာသည်။
"လာပါပြီ... လာဘ်နတ်မင်းကြီး၊ ဘာကိစ္စရှိလို့လဲရှင့်"
ကျိုးထျန်း ကြောင်သွားရသည်။
"ခဏလေး... ငါ့ကို ဘာလို့ လာဘ်နတ်မင်းလို့ ခေါ်တာလဲ"
"အာ... အခု ကျွန်မတို့ ရုံးခန်းထဲက လူတိုင်းက ရှင့်ကို အဲ့ဒီလိုပဲ ခေါ်နေကြတာ။ အားလုံးက ရှင့်ကို ကြည်ညိုနေကြတယ်လေ"
ကျိုးထျန်း ချက်ချင်းသဘောပေါက်လိုက်သည်။
သူတို့မိသားစုက အိမ်အလုံး ၂၀ ကျော် ဝယ်ခဲ့ပြီးနောက် မြေသိမ်းဆည်းရေးတွင် ပါဝင်သွားသည့်ကိစ္စကို အိမ်ခြံမြေအကျိုးဆောင်များ အားလုံးသိနေကြပြီ ဖြစ်သည်။
ထို့ကြောင့် သူတို့က ကျိုးထျန်းကို အစိုးရ၏ အတွင်းသတင်းများ ရရှိထားသော အရေးကြီးပုဂ္ဂိုလ်တစ်ဦးအဖြစ် ထင်မှတ်နေကြခြင်း ဖြစ်သည်။
"ကြိုက်သလိုခေါ်ပါ၊ ကိစ္စမရှိဘူး။ ဒီနေ့ ဆိုင်မှာ ရှိလား"
"ရှိပါတယ်၊ တစ်ခုခု လိုအပ်လို့လားဟင်"
"အင်း... လိုတယ်။ ခဏနေရင် ငါ ရောက်လာခဲ့မယ်၊ ဘယ်မှ မသွားနဲ့ဦး"
"ဟုတ်ကဲ့... စောင့်နေပါ့မယ်"
ကျိုးထျန်း ဖုန်းသိမ်းလိုက်ပြီး တက္ကစီငှားကာ ဟိုက်တီလောင်သို့ သွား၍ ကားယူလိုက်သည်။ ထို့နောက် လျန်ကျား အိမ်ခြံမြေအကျိုးဆောင်ရုံးသို့ တိုက်ရိုက် မောင်းနှင်ခဲ့သည်။
အဝင်ဝတွင် ဆေးလိပ်သောက်နေသော အကျိုးဆောင်နှစ်ဦးသည် 720S ကားကြီး ရောက်လာသည်ကို မြင်သောအခါ ပျာပျာသလဲ လမ်းဖယ်ပေးကြသည်။
ဤကားမျိုး စီးသူက သူတို့ဆီမှာ အိမ်လာဝယ်မည်ဟု သူတို့ လုံးဝ မထင်ထားကြချေ။
ကျိုးထျန်း ကားမှန်ချလိုက်ပြီး
"သူငယ်ချင်းတို့... မင်းတို့ဆိုင်မှာ ကား ဘယ်မှာ ရပ်လို့ရမလဲ"
"ဪ... မစ္စတာကျိုးပဲ! လာပါ... လာပါ... ကျွန်တော် နေရာဖယ်ပေးပါ့မယ်။ ဆိုင်ရှေ့မှာပဲ ရပ်လိုက်ပါ"
ပထမတစ်ယောက်က သူ့ကို ချက်ချင်း မှတ်မိသွားကာ နွေးထွေးစွာ နှုတ်ဆက်သည်။
နောက်တစ်ယောက်ကမူ လမ်းဘေးရှိ စက်ဘီးများကို နေရာရွှေ့ပေးကာ ကားရပ်ရန် နေရာလုပ်ပေးသည်။
ကျိုးထျန်း ဆိုင်ထဲသို့ ဝင်လာသောအခါ ရရှိသည့် အခွင့်အ ရေးမှာ ပထမဆုံးအကြိမ် လာစဉ်ကနှင့် လုံးဝကွာခြားလှသည်။ ထိုစဉ်က မည်သူမျှ သူ့ကို အဖတ်မလုပ်ခဲ့ကြချေ။
"မန်နေဂျာ... မစ္စတာကျိုးထျန်း ရောက်လာပြီဗျ!"
စားပွဲမှာ အလုပ်လုပ်နေသော ဗိုက်ရွှဲရွှဲနှင့် မန်နေဂျာမှာ ကျိုးထျန်း ရောက်လာကြောင်း ကြားသည်နှင့် အပြေးအလွှား ထွက်လာခဲ့သည်။
"မစ္စတာကျိုး... နောက်ဆုံးတော့ ရောက်လာပြီပဲ! ကျွန်တော်တို့ ခင်ဗျားကို နေ့တိုင်း မျှော်နေတာပါ"
ကျိုးထျန်းက သူ၏ မြှောက်ပင့်စကားများကို လျစ်လျူရှုကာ
"ကျန်းရို့ ဘယ်မှာလဲ? ငါ သူမကို ရှာနေတာ"
"ဪ... ခေါ်ပေးပါ့မယ်။ အစည်းအဝေးခန်းထဲမှာ ခဏ ထိုင်စောင့်ပါဦး၊ ကျွန်တော် လက်ဖက်ရည် ဖျော်ပေးပါ့မယ်"
ကျိုးထျန်းသည် "ပိုက်ဆံရှိလျှင် စကားပြောနိုင်သည်" ဆိုသည့် စကားကို လက်တွေ့ သက်သေပြနေပြန်သည်။
သူ အစည်းအဝေးခန်းထဲတွင် ထိုင်နေစဉ် အကျိုးဆောင် ၃၊ ၄ ယောက်က လက်ဖက်ရည်နှင့် ရေများကို အလှည့်ကျ လာချပေးကြသည်။
မိနစ်အနည်းငယ်အကြာတွင် ကျန်းရို့ ဝင်လာခဲ့သည်။
ကျန်းရို့ကို မြင်လိုက်သည်နှင့် ကျိုးထျန်း ပြုံးလိုက်မိသည်။
သူမမှာ ယခင်ကထက် ပိုကြည့်ကောင်းလာပြီး ယုံကြည်မှုရှိသော ရုံးဝန်ထမ်းတစ်ဦး၏ ပုံစံမျိုး ပေါက်နေသည်။
"ကျန်းရို့... ဒီရက်ပိုင်း အဆင်ပြေပုံရတယ်နော်၊ ကြည့်လို့ တကယ်ကောင်းတယ်"
သူမက တက္ကသိုလ်ကျောင်းသူတစ်ဦး ဖြစ်ကြောင်း သူ သိသဖြင့် သူက "ကျန်းရို့" ဟုသာ ခေါ်ခြင်း ဖြစ်သည်။
"ဒါတွေအားလုံးက ရှင့်ကျေးဇူးကြောင့်ပါ။ ကျွန်မ ကော်မရှင် အများကြီးရခဲ့သလို ကုမ္ပဏီကလည်း ချီးကျူးတာ ခံရတယ်။ ရှင် ဝယ်ခဲ့တဲ့ အိမ်တွေက ဒီဘဏ်ခွဲရဲ့ နှစ်နှစ်အတွင်း အကြီးမားဆုံး အရောင်းအဝယ်ပဲလေ"
ကျန်းရို့မျက်လုံးများမှာ ကျေးဇူးတင်မှုများဖြင့် တောက်ပနေသည်။
ကျိုးထျန်းက သူမ၏ကံကြမ္မာကို ပြောင်းလဲပေးခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ရုံးချုပ်က သူမကို သတိထားမိနေပြီး ရာထူးတိုးပေးရန်ပင် စဉ်းစားနေကြသည်။
[ဒင်! စနစ်တာဝန် - အကန့်အသတ်ရှိသော 'အချဉ်ဓာတ်' တာဝန်]
[တာဝန်ဆုလာဘ် - အိမ်ခြံမြေ ဝယ်ယူခွင့်ကတ်]
[တာဝန်လမ်းညွှန် - လက်ရှိ လျန်ကျား နည်းပညာကုမ္ပဏီ ဝန်ထမ်းများထံမှ အချဉ်ဓာတ် အမှတ် ၁၀၀,၀၀၀ ကျော် ရယူရန်]
[မှတ်ချက် - အိမ်ခြံမြေ ဝယ်ယူခွင့်ကတ်သည် အိမ်ရှင်အား သတ်မှတ်ထားသော အိမ်ခြံမြေကို ဝယ်ယူခွင့် ရရှိစေမည်ဖြစ်သည်။ အိမ်ရှင်က ငွေအပြည့်အဝပေးချေနိုင်သရွေ့ စနစ်မှ သတ်မှတ်ထားသော အိမ်ခြံမြေကို ဝယ်ယူနိုင်ရန် အာမခံချက် ပေးမည်ဖြစ်သည်။]
ကျိုးထျန်း ဤတာဝန်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
‘တာဝန်က သိပ်မခက်ပါဘူး။ အမှတ် ၁ သိန်းဆိုတာ လျန်ကျား ဝန်ထမ်းတွေ အများကြီး ရှိနေတာပဲ၊ လွယ်လွယ်ကူကူ ပြီးနိုင်ပါတယ်။ ဒါပေမဲ့ ဆုလာဘ်ကိုတော့ သိပ်နားမလည်ဘူး’
‘ဝယ်ယူခွင့် ရဖို့က ပိုက်ဆံလည်း ထပ်သုံးရဦးမှာပဲကိုး’
ကျိုးထျန်း တာဝန်၏မှတ်ချက်ကို ကြည့်ကာ ခေတ္တမျှ စဉ်းစားနေမိသည်။
🍋 Chapter 46
စနစ်ကပေးသော ဆုလာဘ်မှာ အနည်းငယ် ထူးဆန်းနေသော်လည်း ၎င်းမှာ တာဝန်တစ်ခုဖြစ်သဖြင့် ကျိုးထျန်းအနေဖြင့် ပြီးမြောက်အောင် ဆောင်ရွက်ရမည်သာ ဖြစ်သည်။
ထို့အပြင် ဤတာဝန်မှာ သူ ယခုလုပ်ဆောင်နေသော အစီအစဉ်နှင့်လည်း ထိပ်တိုက်မတွေ့ချေ။ နှစ်ဖက်လုံး အဆင်ပြေစေမည့် အခွင့်အရေးမျိုးကို သူ လက်လွှတ်ခံမည် မဟုတ်ပေ။
သူ ကျန်းရို့ကို ပြန်ကြည့်လိုက်ရာ သူမ၏ ကျေးဇူးတင်နေသော မျက်လုံးများက သူ့ကို စိတ်ကျေနပ်မှု ပေးသည်။
'ဒီမိန်းကလေးက တကယ်ပဲ ကျေးဇူးသိတတ်တဲ့သူပဲ၊ သူမကို ပိုက်ဆံရအောင် ကူညီပေးတာ မှန်ပါတယ်'
သူသည် အသီးတစ်လုံးကို ယူစားရင်း စကားကို ဆက်လိုက်သည်။
"ဒီတစ်ခါလည်း ငါ အိမ်တွေ ထပ်ဝယ်မလို့ပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ခါနဲ့ မတူတာက ရပ်ကွက်တစ်ခုတည်းမှာ ဝယ်မှာမဟုတ်ဘူး"
သူသည် မြေသိမ်းဆည်းရေး လျော်ကြေးအတွက် လာဝယ်ခြင်း မဟုတ်ကြောင်းကို အထူးတလည် ရှင်းပြလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ယခင်အတွေ့အကြုံအရ ဤအကျိုး ဆောင်များသည် သူ့ လှုပ်ရှားမှုများကို စောင့်ကြည့်နေကြမည်မှာ သေချာသည်။
အကယ်၍ သူက ရပ်ကွက်တစ်ခုတည်းမှာ အလုံးအရင်းနှင့် ဝယ်လျှင် သူတို့က အတွင်းသတင်း ရထားသည်ဟု ထင်ကာ ဝိုင်းဝယ်ကြပေလိမ့်မည်။
ထိုသို့ လူအများအပြား ဝင်ဝယ်လျှင် ပစ်မှတ်ကြီးသွားပြီး ပြဿနာတက်ရန် လွယ်ကူသဖြင့် ကျိုးထျန်းက ကြိုတင်ကာကွယ်ထားခြင်း ဖြစ်သည်။
ကျန်းရို့သည် သူမ၏ မှတ်စုစာအုပ်ကို ချက်ချင်းထုတ်ကာ သူပြောသမျှကို မှတ်သားရန် ပြင်လိုက်သည်။ ယခုအခါ သူမသည် ကျိုးထျန်းအပေါ် လုံးဝကို ယုံကြည်အားကိုးနေပြီ ဖြစ်သည်။
"နန်အန်းကျေးရွာ အမှတ် (၁)၊ ကျန်းနန်ကျေးရွာ အမှတ် (၁)၊ နန်အန်းကျေးရွာ အမှတ် (၂)၊ (၃)၊ အမှတ် ၅ နဲ့ ၆ ရပ်ကွက်၊ အမှတ် ၇ ရပ်ကွက်၊ ကျန်းအန်းဥယျာဉ်၊ ကျန်းအန်းစံအိမ်... ဒီရပ်ကွက် ၈ ခုက ငါ့ရဲ့ ပစ်မှတ်တွေပဲ"
ကျန်းရို့က အမြန်မှတ်သားလိုက်သည်။ ကျိုးထျန်းက ဆက်လက်၍
"မင်းတို့ဆီမှာ ဒီရပ်ကွက်တွေရဲ့ အရောင်းစာရင်းရှိမှာပဲ၊ အဲ့ဒါတွေကို အမြန်ဆုံး ပြုစုပေးပါ။ ဒါပေမဲ့ ငါ့မှာ အထူးသတ်မှတ်ချက်တွေ ရှိတယ်"
သူသည် အချက်အလက်များကို သေချာစဉ်းစားပြီးနောက် တစ်ခုချင်း ပြောပြလိုက်သည်။
"ပထမအချက် - အခုဝယ်မယ့် အိမ်တွေက အခန်းအသေးစားတွေပဲ ဖြစ်ရမယ်၊ ဒီရပ်ကွက်တွေထဲမှာ အသေးဆုံး အခန်းတွေကိုပဲ ရှာပေးပါ။ မှတ်ထားနော်... အခန်းအသေးလေးတွေပဲ"
"ဒုတိယအချက် - အဲ့ဒီထဲကမှ တစ်စတုရန်းမီတာ ဈေးအသက်သာဆုံး အခန်းတွေကိုပဲ ငါ အရင်ဦးစားပေးဝယ်မယ်"
"တတိယအချက် - ပြီးခဲ့တဲ့တစ်ခါလိုပဲ၊ မင်းရဲ့ လုပ်ဖော်ကိုင် ဖက်တွေ အပါအဝင် ဘယ်သူ့ကိုမှ မပြောနဲ့ တစ်ယောက် ယောက်က လာမေးရင် ငါက မင်းတို့ဆီကနေ မဝယ်တော့ဘူးလို့ ခြိမ်းခြောက်ထားတယ်လို့ပဲ ပြောလိုက်"
"စတုတ္ထအချက် - အချက်အလက်တွေ စုံပြီဆိုရင် ငါ့ကို ပြန်ဆက်သွယ်ပါ။ အိမ်ရောင်းတဲ့လူတွေက သူတို့အိမ်ကို တစ် ယောက်တည်းက အကုန်ဝယ်နေတာမှန်းမသိစေနဲ့၊ တစ် ပြိုင်တည်း အိမ်တွေအများကြီး ဝယ်နေတာမှန်းလည်းမသိစေနဲ့"
"ပဉ္စမအချက် - ဒီတစ်ခါတော့ ဈေးနှုန်းအနည်းငယ်တက်တာကို ငါ လက်ခံနိုင်တယ်၊ ဒါပေမဲ့ ၂ ရာခိုင်နှုန်းထက်တော့ မပိုစေနဲ့"
"ဆဋ္ဌမအချက် - အချိန်က အရမ်းနည်းတယ်။ ၁၅ ရက်အတွင်း ပိုင်ဆိုင်မှုစာချုပ်စာတမ်းတွေ အားလုံး ငါ့လက်ထဲ ရောက်ရမယ်"
ကျိုးထျန်း စကားအဆုံးတွင် ကျန်းရို့က မှတ်တမ်းတင်ပြီးသွားပြီ ဖြစ်သည်။
"မစ္စတာကျိုး... ဒီတစ်ခါ အိမ်အလုံးရေ ဘယ်လောက်လောက်ဝယ်ဖို့ စိတ်ကူးထားလဲဆိုတာ သိပါရစေ"
"အတိအကျတော့ မသိသေးဘူး၊ ဒါပေမဲ့ အလုံး ၄၀ ထက်တော့ မနည်းစေရဘူး"
ကျန်းရို့သည် ကြိုတင်ပြင်ဆင်ထားသော်လည်း အံ့အားသင့်သွားရသည်။
'အိမ်အလုံး ၄၀ ဆိုရင် ငါ့ရဲ့ ကော်မရှင်က သိန်းနဲ့ချီ ရမှာပေါ့!'
သူမ မယုံနိုင်အောင် ဖြစ်နေရသည်။
ပြီးခဲ့သည့်အကြိမ်က ကံကောင်းခြင်းဆိုလျှင် ယခုတစ်ကြိမ်မှာမူ နတ်ဘုရားက သူမကို ငွေမိုးရွာပေးလိုက်ခြင်းဖြစ်ပေလိမ့်မည်။
သို့သော် ကျိုးထျန်းက ပြီးခဲ့သည့် မြေသိမ်းဆည်းရေးတွင် သန်းနှင့်ချီ ရခဲ့သည်ကို စဉ်းစားမိသောအခါ သူမရမည့် ပိုက်ဆံမှာ ဘာမှမဟုတ်တော့သလို ခံစားရသည်။
"ဒီရပ်ကွက် ၈ ခုပဲလားဟင်? တခြားနီးစပ်တဲ့ နေရာတွေမှာ ဈေးသင့်တာတွေ ရှိရင်ရော"
"မလိုဘူး၊ ဒီရပ်ကွက် ၈ ခုထဲကပဲ ဖြစ်ရမယ်"
စနစ်က သတ်မှတ်ထားသော ဘောင်ပြင်ပတွင် ကျိုးထျန်း ပိုက်ဆံအပို အကုန်ခံမည် မဟုတ်ချေ။
"ဟုတ်ကဲ့... နားလည်ပါပြီ"
ကိစ္စများ ပြတ်သားသွားပြီ ဖြစ်သဖြင့် ကျိုးထျန်းသည် ယခင်ကကဲ့သို့ပင် ယွမ် ၁၀,၀၀၀ ကို ကျန်းရို့ထံလွှဲပေးလိုက်သည်။
"ဒါက အရင်အတိုင်းပဲ၊ အလုပ်ပြီးရင် နောက်ထပ် ၁၀,၀၀၀ ထပ်ပေးမယ်။ အမြန်ဆုံး ဖြစ်အောင်သာ ကူညီပေးပါ"
ကျန်းရို့က ဝမ်းသာအားရ လက်ခံလိုက်ပြီး
"ဟုတ်ကဲ့ပါ... ကျွန်မ မစားနိုင်မအိပ်နိုင် ရှာပေးပါ့မယ်"
ကျိုးထျန်း ခေါင်းညိတ်ကာ ထွက်လာခဲ့သည်။ ကျန်းရို့ရှိနေသဖြင့် သူ စိတ်အေးရခြင်း ဖြစ်သည်။
အခြားသူဆိုလျှင် သူ သတိထားနေရပေလိမ့်မည်။
သူ ထွက်သွားသည်နှင့် လုပ်ဖော်ကိုင်ဖက်များက ကျန်းရို့ကို ဝိုင်းမေးကြတော့သည်။
"ရှောင်ရို့... လာဘ်နတ်မင်းကြီးက အိမ်ထပ်ဝယ်ပြန်ပြီလား"
"စိတ်မကောင်းပါဘူး၊ ဒါက လျှို့ဝှက်ချက်ပါ"
ကျန်းရို့က ပြတ်ပြတ်သားသား ဖြေလိုက်သည်။ မန်နေဂျာကလည်း ရောက်လာပြီး
"ရှောင်ရို့ရာ... ငါတို့က လုပ်ဖော်ကိုင်ဖက်တွေပဲဟာ။ ဒါကို လေ့လာပြီး ငါတို့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်အောင် လုပ်မလို့ပါ" ဟု ဆွယ်သော်လည်း ကျန်းရို့က မကျရှုံးဘဲ ကျိုးထျန်း မှာထားသည့်အတိုင်း ပြန်ပြောလိုက်သည်။
"မန်နေဂျာ... မစ္စတာကျိုးက မှာသွားတယ်၊ တစ်ယောက် ယောက်က သူ့အိမ်ဝယ်တဲ့ကိစ္စကို စပ်စုရင် သူ ကျွန်မတို့နဲ့ အလုပ်လုပ်တာ ချက်ချင်း ရပ်ပစ်မယ်တဲ့။ သူ့စိတ်ကို သိတယ်မဟုတ်လား၊ သူ တကယ်လုပ်မှာနော်"
ထိုအခါမှ ဗိုက်ရွှဲရွှဲ မန်နေဂျာနှင့် အခြားသူများမှာ မစပ်စုရဲတော့ဘဲ ငြိမ်သွားကြသည်။
ကျိုးထျန်းတွင် အတွင်းသတင်းရှိနေသည်မှာ သေချာသော် လည်း သူတို့အနေဖြင့် ဘာမှမလုပ်နိုင်သဖြင့် ရင်ထဲတွင် အချဉ်ပေါက်သလို ခံစားနေရတော့သည်။
---
ကျိုးထျန်း အိမ်ပြန်ရောက်ပြီး ကားရပ်လိုက်စဉ် ဂျက်ဆီက ပြန်ဆက်လာသည်။
"ဟေး... ဆရာကြီး၊ ကွမ်ဟုန်ဆိုတဲ့လူက တစ်ယောက် ယောက်နဲ့ အဆက်အသွယ် လုပ်နေတယ်။ သူတို့ စကားပြောတာကို ကျွန်တော် အသံဖမ်းထားတယ်၊ အခု ပို့ပေးလိုက်မယ်"
ကျိုးထျန်း ကျေနပ်စွာ ပြုံးလိုက်သည်။
"ကောင်းပြီ... မြေခွေးမြီး ပေါ်လာပြီပေါ့။ ခဏနေရင် နောက် ထပ် ဘာလုပ်မလဲဆိုတာ ငါ မင်းကို ပြန်ပြောမယ်"
သူသည် ကားထဲမှာပင် ထိုအသံဖိုင်ကို နားထောင်လိုက်သည်။ ဒုတိယမြောက် အသံကို ကြားလိုက်သည်နှင့် သူ မျက်မှောင် ကြုတ်လိုက်မိသည်။
ထိုမောက်မာလှသော အသံမှာ ဝူခယ်ရုံ မှလွဲ၍ အခြားသူ မဟုတ်ချေ။
'ဪ... ဒီကောင်ကိုး။ သူက ငါ့ကို အရှက်ခွဲဖို့ ကြိုးစားတာ မအောင်မြင်လို့ လက်စားလာချေတာပေါ့လေ'
'အဆိုးဆုံးက ဒီကွမ်ဟုန်ပဲ။ ငါနဲ့ ဘာရန်ငြိုးမှ မရှိဘဲနဲ့ ဝူခယ်ရုံကို ကူညီပြီး ငါ့ကို ဒုက္ခပေးဖို့ ကြံနေတာလား'
သူသည် အသံဖိုင်ကို ဆက်လက်၍ အာရုံစိုက် နားထောင်နေမိသည်။