← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

🍋 Chapter 49

ည ၈ နာရီ။ တက္ကသိုလ်လျှောက်လွှာတင်ရမည့် နောက်ဆုံးအချိန် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

ဟူဒီအင်္ကျီ၊ နှာခေါင်းစည်းနှင့် နေကာမျက်မှန်များ တပ်ဆင်ထားသော ကွမ်ဟုန်သည် အင်တာနက်ကဖေးထဲမှ ထွက်လာခဲ့သည်။

သူသည် လူသူမနီးသော ဆင်ခြေဖုံးအရပ်ရှိ ဟောင်းနွမ်းသည့် ဤအင်တာနက်ကဖေးသို့ ရောက်ရှိရန် ဘတ်စ်ကား သုံးဆင့်စီးကာ ဆိုင်ကယ်တက္ကစီကိုပါ အသုံးပြုခဲ့ရသည်။

တစ်လမ်းလုံးတွင်လည်း သဲလွန်စမကျန်စေရန် ငွေသားကိုသာ အသုံးပြုခဲ့ပြီး အလွန်ဂရုစိုက်ခဲ့သည်။

အင်တာနက်ကဖေးမှ ထွက်လာပြီးနောက် သူသည် ထောင့်တစ်နေရာတွင် အမြန်ပုန်းလျှိုးကာ ဝူခယ်ရုံထံ ဖုန်းဆက်လိုက်သည်။

"ဟေး... အကိုရုံ"

"ကွမ်ဟုန်... အခြေအနေ ဘယ်လိုလဲ"

ဝူခယ်ရုံ၏ လေသံမှာလည်း အနည်းငယ် စိုးရိမ်တကြီး ဖြစ်နေပုံရသည်။ ယနေ့တွင် သူ့မိသားစုကုမ္ပဏီမှာ အွန်လိုင်း၌ တိုက်ခိုက်ခံနေရသဖြင့် သူ အတော်ပင် စိတ်ဓာတ်ကျနေခဲ့သည်။

လက်ရှိ လူထု၏ ဝေဖန်သံများမှာ ကြောက်စရာကောင်းလှပြီး သူတို့မိသားစုအပေါ် ကြီးမားသော ဖိအားများသက်ရောက်နေသည်။

အကယ်၍ ဤကိစ္စကို ကောင်းကောင်းမဖြေရှင်းနိုင်လျှင် အနည်းဆုံးတော့ ရင်းနှီးမြှုပ်နှံမှု ရတော့မည်မဟုတ်ပေ။ အဆိုးဆုံးမှာမူ... အစိုးရ၏ ပစ်မှတ်ထားခြင်းကို ခံရနိုင် သည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် "Desperate World" ဂိမ်းသာ တရားဝင်ထွက်ရှိလာလျှင် ကုမ္ပဏီမှာ ပြန်လည်နာလန်ထူလာနိုင်မည်ဟု သူ ယုံကြည်နေသည်။

ကွမ်ဟုန် "အကိုရုံ... အားလုံး အဆင်ပြေသွားပြီ။ ကျိုးထျန်းရဲ့ လျှောက်လွှာကို ကန်းစုပြည်နယ်က အညံ့ဆုံး ကောလိပ်တစ်ခုဆီ ပြောင်းလိုက်ပြီ။ ကျောင်းစာရင်းထွက်လာတဲ့အခါ သူ့မျက်နှာ ဘယ်လိုဖြစ်နေမလဲဆိုတာ ကြည့်ရတာ တကယ်ကို တန်မှာပဲ"

ဝူခယ်ရုံ "ဟားဟား... ကောင်းတယ်! သူ ရူးမတတ်ဖြစ်နေမယ့် ပုံစံကို ငါ စောင့်ကြည့်နေမယ်။ ဒါမှ ငါ့ရင်ထဲက အာဃာတတွေ ပြေပျောက်မှာ"

ကွမ်ဟုန် "အကိုရုံ... နောက်ထပ် ဘာလုပ်ကြမလဲ။ ကျွန်တော် အမိခံရမှာ မဟုတ်ဘူးမလား"

ဝူခယ်ရုံ "စိတ်မပူနဲ့... အဲ့ဒီအင်တာနက်ကဖေး ကွန်ပျူတာထဲမှာ မင်းထည့်ထားတဲ့ ဗိုင်းရပ်စ်က အခုဆိုရင် မှတ်တမ်းတွေနဲ့ မင်းရဲ့ အချက်အလက်တွေကို အကုန်ဖျက်နေလောက်ပြီ။ ဘယ်သူမှ ရှာတွေ့မှာ မဟုတ်ဘူး"

ကွမ်ဟုန်မှာ စိုးရိမ်နေဆဲဖြစ်သည်။

"အကိုရုံ... တကယ်ပဲ အဆင်ပြေရဲ့လား"

ဝူခယ်ရုံ မထီမဲ့မြင် ပြောင်လှောင်လိုက်သည်။

"မင်းကတော့ တကယ့်ကို သူရဲဘောကြောင်တာပဲ။ ဒီလောက် သတ္တိနဲ့ ငါ့အတွက် ဘယ်လိုလုပ် အလုပ်လုပ်ပေးမလဲ"

"နားလည်ပါပြီ အကိုရုံ။ ကျွန်တော်တို့ သေချာပေါက် အဆင်ပြေမှာပါ"

"ဒီကိစ္စကို တတိယလူ တစ်ယောက်မှ မသိစေနဲ့၊ နားလည်လား။ မဟုတ်ရင်တော့ မင်း ခံရမယ့် အကျိုးဆက်ကို မင်း တာဝန်မယူနိုင်ဘဲ နေလိမ့်မယ်"

"နားလည်ပါပြီ... နားလည်ပါပြီ"

ကွမ်ဟုန်သည် ဖုန်းချလိုက်ကာ လမ်းဘေးတစ်နေရာတွင် တိတ်တဆိတ် ပျောက်ကွယ်သွားတော့သည်။

ကျိုးထျန်းသည် ဤစကားအားလုံးကို ကြားနေရသည်။ ထိုသူနှစ်ဦးမှာ သူတို့၏ဖုန်းများမှာ ကျိုးထျန်း၏ စောင့်ကြည့်မှုအောက်တွင် လုံးဝ ရောက်ရှိနေသည်ကို လုံးဝ မသိကြချေ။

ကျိုးထျန်းသည် ပြုံးလျက်ပင် ဖုန်းကို ချလိုက်သည်။

"နောက်တစ်လခွဲနေရင် တွေ့ကြသေးတာပေါ့"

...

နောက်ရက်များတွင် ဂျက်ဆီသည် သုံးလေးရက်တစ်ကြိမ် ယင်းချိုင်နည်းပညာ၏ သတင်းဆိုးများကို အွန်လိုင်း၌ ဆက်တိုက် ဖြန့်ဝေခဲ့သည်။

ထိုသတင်းထွက်လာတိုင်း အခြားဂိမ်းကုမ္ပဏီများကလည်း ဝိုင်းဝန်း မျှဝေကြသဖြင့် အရှိန်အဟုန်မှာ ပြင်းထန်လှသည်။

ဝူချန်ချိုင်မှာ ပျာယာခတ်နေပြီး နှုတ်ခမ်းများပင် ဖူးယောင်နေသော်လည်း ပြဿနာကို မဖြေရှင်းနိုင်ခဲ့ချေ။

တစ်ဖက်လူမှာ မည်သူမှန်း မသိရသဖြင့် သူ မည်သို့မျှ ပြန်လည် တိုက်ခိုက်၍ မရနိုင်ပေ။

ကုမ္ပဏီအတွင်း၌လည်း မတည်ငြိမ်မှုများ စတင်လာရာ ၎င်းမှာ အွန်လိုင်းမှ တိုက်ခိုက်မှုများထက်ပင် ပိုအန္တရာယ်ကြီးလှသည်။

ဤကိစ္စများကို ဖန်တီးခဲ့သူ ကျိုးထျန်းမှာမူ အေးအေးလူလူပင် ရှိနေသည်။

လျိုမုယန်နှင့် စကားပြောခြင်း၊ ပရောပရည်လုပ်ခြင်းတို့မှလွဲ၍ သူ လုပ်စရာ ဘာမှမရှိသလောက်ပင်။

ဇူလိုင်လ ၄ ရက်နေ့တွင် ကျန်းရို့ က သူ့ကို ဆက်သွယ်လာသည်။

"မစ္စတာကျိုး... စာရွက်စာတမ်းတွေ အကုန်အဆင်သင့် ဖြစ်ပါပြီ။ အသင့်တော်ဆုံး အခန်း ၂၀ ကို ကျွန်မ ရွေးချယ်ထားပါတယ်"

"ကောင်းပြီ... နန်အန်းလမ်းက ဆိုင်မှာလား"

"ဟုတ်ကဲ့... ဆိုင်မှာပါ"

"အိုကေ... ငါ အခုပဲ လာခဲ့မယ်"

ကျိုးထျန်းသည် ကားမောင်းရမှာ ပျင်းသဖြင့် တက္ကစီစီးကာ ထွက်လာခဲ့သည်။

မိနစ်အနည်းငယ်အကြာတွင် နန်အန်းလမ်းရှိ လျန်ကျား အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းသို့ ရောက်ရှိသွားသည်။

သူ အစည်းအဝေးခန်းထဲသို့ ဝင်ထိုင်သည်နှင့် အခြားအကျိုး ဆောင်များက သူ့ကို ရေနွေးကြမ်း၊ သစ်သီးများဖြင့် ဘုရင်တစ်ပါးကဲ့သို့ လာရောက် ဧည့်ခံကြတော့သည်။

ကျန်းရို့သည် ကျိုးထျန်း၏ ရှေ့တွင် စာရွက်စာတမ်းများကို ချပေးလိုက်သည်။

"ဒါတွေက ကျွန်မ ရွေးချယ်ထားတဲ့ အခန်းတွေပါ။ အားလုံးက ၆၅ စတုရန်းမီတာထက် မပိုတဲ့ အသေးစားအခန်းတွေချည်းပါပဲ။ ပိုင်ရှင်တွေကလည်း အမြန်ရောင်းချချင်နေကြတဲ့သူတွေပါ"

ကျိုးထျန်းသည် စာရွက်များကို တစ်ရွက်ချင်း လှန်ကြည့်လိုက်သည်။ ကျန်းရို့မှာ တကယ်တော်ပေသည်။

ဤအခန်းများမှာ သူ့ လိုအပ်ချက်နှင့် အတိအကျ ကိုက်ညီနေသည်။

"ဒါနဲ့... ငါ သတိထားမိတာတစ်ခုရှိတယ်။ ဒီရပ်ကွက် ၈ ခုထဲမှာ တချို့က ဟောင်းနေပြီဆိုတော့ ဈေးအသက်သာဆုံး ဖြစ်သင့်တာ။ ဘာလို့ အခန်း ၂၀ ပဲ ရှိတာလဲ"

ကျန်းရို့က ရှင်းပြလိုက်သည်။

"မစ္စတာကျိုး မသိလို့ပါ။ နန်အန်း အမှတ် (၁) ကျေးရွာက မြေသိမ်းခံရပြီးကတည်းက အိမ်ရောင်းချင်တဲ့သူတွေက မလောကြတော့ဘူး။ သူတို့လည်း မြေသိမ်းခံရမယ့် အခွင့်အရေးကို စောင့်ပြီး လောင်းကစားဆင်နွှဲချင်နေကြတာ"

ကျိုးထျန်း ချက်ချင်း နားလည်သွားသည်။ ဤသည်မှာ ယခင်မြေသိမ်းမှုမှ ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဂယက်ပင်။

သို့သော် သူသည် ထိုသူများ၏ ကံကောင်းမှုကို ချီးကျူးမိသည်။

အကယ်၍ သူတို့ အခုမရောင်းလျှင် ဈေးနှုန်းများမှာ မကြာမီ တက်လာတော့မည် မဟုတ်ပါလား။

"ကောင်းပြီလေ... မင်းရွေးထားတာတွေလည်း မဆိုးပါဘူး။ စုစုပေါင်း ဧရိယာနဲ့ ဈေးနှုန်းက ဘယ်လောက်လဲ"

"စုစုပေါင်း ၂၁၂၃ စတုရန်းမီတာပါ၊ ဈေးနှုန်းကတော့ ယွမ် ၁၂၂ သန်း ဝန်းကျင် ရှိပါတယ်"

ဤပမာဏမှာ ကျိုးထျန်းအတွက် တတ်နိုင်သော အတိုင်းအ တာအတွင်း၌ ရှိနေသည်။ သူ၏ အကောင့်ထဲတွင် ယွမ် သန်း ၁၂၀ ကျော် ရှိနေသဖြင့် ဤအိမ်များကို ဝယ်ယူရန် လုံလောက်လှသည်။

"အိုကေ... ဒီဈေးနှုန်းကို လက်ခံနိုင်ပါတယ်။ ဒီအိမ်တွေအားလုံးကို ငါ ယူမယ်။ စာချုပ်တွေကို အမြန်ဆုံး စီစဉ်ပေးပါ"

ကျန်းရို့မှာ သက်ပြင်းချလိုက်မိသည်။

ဤလူမှာ တကယ့်ကို ငွေနတ်မင်းပင်ဖြစ်ပေတော့မည်။ ယွမ် သန်း ၁၀၀ ကျော်တန်ဖိုးရှိသော အိမ်များကို မျက်တောင်မခတ်တမ်း ဝယ်ယူနိုင်သည်မှာ အံ့ဩစရာပင်။

"ကျန်းရို့... မင်းတို့ ဆိုင်မန်နေဂျာကို သွားခေါ်လိုက်"

ကျန်းရို့က တံခါးဖွင့်လိုက်သောအခါ ဆိုင်ရှိ အကျိုးဆောင်များအားလုံး တံခါးဝတွင် စုပြုံပြီး ချောင်းနားထောင်နေသည်ကို တွေ့လိုက်ရသဖြင့် ကျိုးထျန်းမှာ သောက်လက်စ ရေပင် သီးမတတ် ဖြစ်သွားသည်။

"ဝတုတ်... ဝင်ခဲ့လေ!" ဟု ကျိုးထျန်းက လှမ်းခေါ်လိုက်သည်။

ဆိုင်မန်နေဂျာ ဝတုတ်မှာ ကသိကအောက်ဖြင့် ခေါင်းကုပ်ကာ ဝင်လာခဲ့သည်။

"ကောင်းပြီ... ငါ မင်းတို့ကို ခိုင်းစရာ တစ်ခုရှိတယ်။ ငါ ကျန်းရို့နဲ့ အိမ်ဝယ်ယူမှုစာချုပ် ချုပ်မယ်။ အရင်တစ်ခါလိုပဲ ကျန်းရို့ကို ကော်မရှင် ၂ ရာခိုင်နှုန်း ပေးမယ်။ ငါ ဈေးမဆစ်ဘူး"

"မင်း လုပ်ရမှာက လျန်ကျားကုမ္ပဏီတစ်ခုလုံးမှာ ငါ ကော်မ ရှင်အများကြီး ပေးတယ်ဆိုတာကို သတင်းဖြန့်ပေးဖို့ပဲ။

ဒါပေမဲ့ တစ်ခုမှတ်ထား... ငါက ကျန်းရို့ကိုပဲ ဒီလောက်ပေးတာ၊ တခြားဘယ်သူ့ကိုမှ မပေးဘူးဆိုတာကိုပါ ရှင်းရှင်း လင်းလင်း ပြောပြရမယ်၊ နားလည်လား"

ကျိုးထျန်း၏ စကားကြောင့် ဝတုတ်မှာ ကြောင်သွားသော် လည်း ငြင်းဆန်ရဲခြင်း မရှိဘဲ ခေါင်းညိတ် သဘောတူလိုက်ရတော့သည်။

သူသည် လူချမ်းသာများ၏ စိတ်ကူးကို နားမလည်နိုင်သော် လည်း ဤကဲ့သို့သော ဖောက်သည်ကြီးကို စိတ်ကျေနပ်အောင်ထားရန်သာ ဆုံးဖြတ်လိုက်လေသည်။

🍋 Chapter 50

ဝတုတ်မှာ အတော်သိတတ်နားလည်သူဖြစ်သည်။ ကျိုးထျန်း၏ တောင်းဆိုချက်ကို ကြားသောအခါ ဘာတစ်ခွန်းမှ ပြန်မမေးတော့ဘဲ ခေါင်းညိတ်လက်ခံလိုက်သည်။

ဘေးတွင် ရပ်နေသော ကျန်းရို့မှာမူ မှင်သက်နေမိ၏။

"ကျွန်မကို ကော်မရှင် ၂ ရာခိုင်နှုန်း ပေးဦးမှာလား!"

သူမသည် မိမိနားနှင့်ပင် မယုံနိုင်အောင် ဖြစ်နေရသည်။ ယခင်တစ်ခါက အရောင်းအဝယ်တွင် ကော်မရှင် ယွမ် ၂ သိန်း ၈ သောင်းနီးပါး ရရှိခဲ့သည်မှာပင် အံ့ဩစရာ ဖြစ်ခဲ့ရသေး၏။

ယခုတစ်ကြိမ်မှာမူ စုစုပေါင်းတန်ဖိုးမှာ ယခင်ကထက် သုံးဆမက ပိုများနေသည်။ အကယ်၍ ၂ ရာခိုင်နှုန်းအတိုင်းသာ ဆက်ပေးမည်ဆိုလျှင် သူမသည် ကော်မရှင်ခ ယွမ် ၁ သန်းကျော် ရရှိမည် ဖြစ်သည်။

၁ သန်း! ထိုပမာဏမှာ သာမန်လူတစ်ယောက်၏ ၁၀ နှစ်စာ ဝင်ငွေထက်ပင် ပိုများနေပေသည်။

သူမအနေဖြင့် နှစ်လမပြည့်ခင်မှာပင် ကျိုးထျန်းကြောင့် ဤမျှအထိ ချမ်းသာကြွယ်ဝလာရခြင်း ဖြစ်သည်။

သူမ၏ကြောင်တောင်တောင် ဖြစ်နေသော မျက်နှာကို ကြည့်ပြီး ကျိုးထျန်းမှာ စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။

လွန်ခဲ့သော တစ်လကဆိုလျှင် သူလည်း ယွမ် ၁ သန်းဆိုသည်မှာ အိပ်မက်ပင် မက်ဖူးမည်မဟုတ်ပေ။

သို့သော် ယခုမူ ၁ သန်းဆိုသည်မှာ သူ့အတွက် မပြောပလောက်သော ပမာဏသာ ဖြစ်ပေတော့သည်။

"ငါ သွားတော့မယ်။ အလုပ်တွေကို အမြန်ဆုံး အချောသတ်ပေးပါ၊ ပြီးရင် ဖုန်းဆက်လိုက်"

ကျိုးထျန်းသည် ဝန်ထမ်းများ၏ မနာလိုသော အကြည့်များကြားမှပင် ရုံးခန်းထဲမှ ခန့်ညားစွာ ထွက်ခွာလာခဲ့သည်။

နောက်ရက်များတွင် သူသည် အရေးကြီးကိစ္စများ မလုပ်ဘဲ အေးအေးလူလူပင် ဖြတ်သန်းနေခဲ့သည်။

အိမ်စာချုပ်များ အပြီးသတ်ရန်နှင့် တက္ကသိုလ်ဝင်ခွင့်စာမျက်နှာကို စောင့်ဆိုင်းနေရုံသာ ကျန်တော့သည်။

ဇူလိုင်လ ၈ ရက်နေ့ နံနက်စောစောတွင် ကျိုးထျန်းသည် လျိုမုယန်၏ အိမ်သို့ ကားမောင်းလာခဲ့သည်။

မနေ့ကမှ ရောက်ရှိလာသော Continental GT ကားအသစ်ဖြင့် လျိုမုယန်ကို ခေါ်ကာ ဆူးကျိုးသို့ လည်ပတ်ရန် သူတို့ ချိန်းဆိုထားခြင်း ဖြစ်သည်။

လျိုမုယန်မှာ အနုပညာဆန်သူဖြစ်ရာ ဆူးကျိုးပြတိုက်သို့ သွားရောက်လည်ပတ်ချင်နေသည်။

၎င်းမှာ နာမည်ကြီး တရုတ်-အမေရိကန် ဗိသုကာပညာရှင် I.M. Pei ၏ နောက်ဆုံးလက်ရာဖြစ်ပြီး ရိုးရာတရုတ်ဗိသုကာပညာနှင့် ခေတ်သစ်ဗိသုကာပညာတို့၏ အလှတရားကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။

ကျိုးထျန်းကလည်း သူမ၏ ဆန္ဒကို အပြည့်အဝ ထောက်ခံသဖြင့် ယနေ့တွင် တစ်နေ့တာ ခရီးစဉ်အဖြစ် ထွက်လာခဲ့ကြခြင်း ဖြစ်သည်။

ကျိုးထျန်းမှာ သူမကို အတင်းအကျပ် ပြုမူရန် လောနေသူ မဟုတ်ပေ။

သူတို့ တွဲခဲ့သည်မှာ နှစ်ပတ်သာ သေးသဖြင့် ဖြည်းဖြည်းချင်း အရှိန်ယူလိုခြင်း ဖြစ်သည်။

အိမ်ရာဝင်း အဝင်ဝသို့ ရောက်သောအခါ လုံခြုံရေးဝန်ထမ်းမှာ ကားကိုကြည့်ပြီး ဝေခွဲမရ ဖြစ်နေပုံရသည်။

ကျိုးထျန်းက ခေါင်းပြူထွက်ကာ နှုတ်ဆက်လိုက်မှသာ

"ဟာ... ဆရာကြီးပါလား! ကားပြောင်းလိုက်တာလား၊ ကျွန်တော်တို့တောင် မမှတ်မိတော့ဘူး"

Bentley ကားမှာ McLaren 720S လောက် လူအထင်ကြီစရာ မကောင်းသော်လည်း စီးနင်းရသည်မှာမူ အလွန်ပင် သက်သောင့်သက်သာ ရှိလှသည်။

စူးကျိုးအထိ ကီလိုမီတာ ၁၀၀ ကျော် ခရီးကို McLaren ဖြင့် သွားမည်ဆိုလျှင် ခါးနာနိုင်သော်လည်း Continental GT နှင့်မူ ဇိမ်ကျလှ၏။

ထို့အပြင် Bentley ကားမှာ လမ်းသွားလမ်းလာများ၏ မနာ လိုသော အကြည့်များကိုလည်း 720S လောက် မဆွဲဆောင်နိုင်ချေ။

လုံခြုံရေးဝန်ထမ်းနှင့် ခဏတာ စကားပြောပြီးနောက် လျိုမုယန် ပေါ်လာခဲ့သည်။ သူမသည် အမြဲတမ်း အချိန်တိကျတတ်သူဖြစ်ရာ ကျိုးထျန်းမှာ ၎င်းကို သဘောကျမိ၏။

သူမ၏ ပုံစံမှာ ယနေ့တွင် ပိုရင့်ကျက်သော ပုံစံသို့ ပြောင်းလဲထားသည်။

"မုယန်... ကိုယ် ဒီနေ့ ကားပြောင်းလာတယ်၊ မင်းအတွက် ပိုပြီး သက်သောင့်သက်သာ ရှိမှာပါ"

သူသည် လျိုမုယန်အတွက် ကားတံခါး ဖွင့်ပေးလိုက်ပြီးနောက် ကိုယ်တိုင်လည်း ကားပေါ်တက်ကာ ဖြည်းညင်းစွာ မောင်းထွက်ခဲ့သည်။

ရှန်ဟိုင်းမှ ဆူးကျိုးသို့ ခရီးမှာ မဝေးလှသဖြင့် ကားပိတ်ခြင်း မရှိလျှင် နှစ်နာရီအတွင်း ရောက်ရှိနိုင်သည်။

Continental GT ၏ ဇိမ်ကျမှုမှာ စျေးကွက်ရှိ အကောင်းစားကားများနှင့် ရင်ဘောင်တန်းနိုင်သည်။ ထို့ပြင် W12 အင်ဂျင် ၏ စွမ်းဆောင်ရည်မှာလည်း အလွန်ကောင်းမွန်လှ၏။

သူတို့သည် နံနက် ၉ နာရီဝန်းကျင်တွင် ထွက်ခွာလာခဲ့ရာ နေ့လယ်စာစားချိန်တွင် စူးကျိုးသို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် ကျိုးထျန်းသည် နာမည်ကြီး စုန့်ဟယ်လျိုစား သောက်ဆိုင်သို့ တိုက်ရိုက် မောင်းနှင်ခဲ့သည်။

"မုယန်... အရင်ဆုံး ထမင်းစားကြရအောင်။ ဒီနေရာက စူးကျိုးမှာ နာမည်အကြီးဆုံးပဲ"

လျိုမုယန်မှာ အစားအသောက် ဝါသနာပါသူဖြစ်သော်လည်း ကိုယ်အလေးချိန်တက်မှာ စိုးသဖြင့် ချင့်ချိန်စားတတ်သူ ဖြစ်သည်။

သို့သော် ကောင်းမွန်သော အစားအသောက်များကိုမူ သူမ စမ်းသပ်လို၏။

သူတို့နှစ်ဦး စားသောက်ဆိုင်သို့ ဝင်လာကြပြီးနောက် လျိုမုယန်က စတင်မှာယူကာ ကျိုးထျန်းကလည်း အခြားဟင်း လျာများစွာကို ထပ်မံဖြည့်စွက်ခဲ့သည်။

ငါးချိုချဉ်ကြော်နှင့် ပုစွန်ကြော်များမှာ သူတို့၏ အကြိုက်နှင့် ကိုက်ညီလှသည်။ စျေးနှုန်းမှာလည်း ရှန်ဟိုင်းရှိ စားသောက် ဆိုင်များနှင့် နှိုင်းယှဉ်လျှင် အလွန်တန်လှ၏။

စားသောက်ပြီးနောက် ဆူးကျိုးပြတိုက်သို့ သွားခဲ့ကြသည်။ လျိုမုယန်မှာ သူမ၏ DSLR ကင်မရာကိုပါ ယူဆောင်လာခဲ့သည်။

သူမသည် အခြားမိန်းကလေးများကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ဓာတ်ပုံရိုက်ခြင်းထက် ဗိသုကာလက်ရာများကိုသာ အာရုံစိုက်ပြီး ရိုက်ကူးနေတတ်သည်။

ကျိုးထျန်းမှာမူ သူမ၏ အာရုံစူးစိုက်နေသော ပုံရိပ်ကို ကြည့်ရင်း ပြုံးနေမိ၏။

‘မုယန်က တကယ့်ကို ထူးခြားတဲ့ မိန်းကလေးပဲ။ မိတ်ကပ်လည်း မကြိုက်၊ အဝတ်အစားဝယ်ရတာလည်း ဝါသနာမပါဘူး။

ဒါကြောင့်လည်း သူ့ကို ဘယ်သူမှ လိုက်လို့မရတာနေမှာ။ သာမန်မိန်းကလေးတွေကို သုံးတဲ့ နည်းလမ်းတွေက သူ့အပေါ်မှာ လုံးဝ အသုံးမဝင်ဘူး’

သူသည် ဓာတ်ပုံရိုက်နေသော လျိုမုယန်ကို နောက်မှနေ၍ ဖက်လိုက်သည်။

"ဟေး... ဘာလုပ်တာလဲ" လျိုမုယန်မှာ လန့်သွားသော်လည်း သူ၏ လက်မောင်းကို ပြန်လည် ဖက်တွယ်ထားလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ ဓာတ်ပုံရိုက်နေတဲ့ မင်းပုံစံလေးက ချစ်ဖို့ကောင်းနေလို့ ဖက်လိုက်တာ"

"ရှင်က တော့လေ..."

လျိုမုယန်က ရယ်မောရင်း ပြောသည်။

"ဖယ်ပါဦး၊ ကျွန်မ ရိုက်စရာတွေ ကျန်သေးတယ်။ ဒီနေရာက တကယ်လှတာပဲ။ I.M. Pei က တကယ်တော်တာပဲ"

ကျိုးထျန်းသည် သူမကို လွှတ်ပေးလိုက်ကာ "ဒါဆိုလည်း ရိုက်ဦးလေ။ ငါ မိဘတွေအတွက် လက်ဆောင်ဝယ်ဖို့ ဆိုင်ဘက် ခဏသွားလိုက်ဦးမယ်။ မင်း ဘာဝယ်ဦးမလဲ" ဟု မေးလိုက်သည်။

"မဝယ်တော့ဘူး၊ ရှင်ပဲ သွားကြည့်လိုက်တော့"

ကျိုးထျန်းသည် လက်ဆောင်ပစ္စည်းအရောင်းဆိုင်သို့ သွားကာ ဒေသထွက်ဝိုင်နှင့် အမှတ်တရပစ္စည်းအချို့ကို ဝယ်ယူခဲ့သည်။ နာရီဝက်ခန့်အကြာတွင် လျိုမုယန်ထံ ဖုန်းဆက်လိုက်၏။

"ဟေး... မုယန် ဘယ်မှာလဲ"

"ကျွန်မ ဒုတိယထပ်က ရင်ပြင်မှာ၊ မြန်မြန်လာခဲ့ဦး"

လျိုမုယန်၏ လေသံမှာ အနည်းငယ် စိုးရိမ်နေပုံရသဖြင့် ကျိုးထျန်းမှာ လူအုပ်ကြားမှ တိုးဝှေ့ကာ အပေါ်ထပ်သို့ အမြန်ပြေးတက်သွားသည်။

အပေါ်ရောက်သောအခါ ဓာတ်ပုံရိုက်ကူးရေး ပစ္စည်းများ ကိုင်ဆောင်ထားသော လူငယ်အချို့က လျိုမုယန်ကို ဝိုင်းထားသည်ကို တွေ့လိုက်ရသည်။

သူတို့အားလုံးမှာ တက္ကသိုလ်ကျောင်းသားများနှင့် တူလှ၏။

"ဟေး... အလှလေး၊ မင်းရိုက်ထားတဲ့ ပုံတွေက တကယ်ကောင်းတာပဲ။ ကျွန်တော်တို့က စူးကျိုးတက္ကသိုလ် ဓာတ်ပုံကလပ်ကပါ။ သူငယ်ချင်း လုပ်ကြမလား၊ နောက်မှ အတူတူ ဓာတ်ပုံရိုက်ထွက်ကြတာပေါ့"

"မလုပ်ပါဘူး၊ စိတ်မဝင်စားဘူး" ဟု လျိုမုယန်က အေးစက် စက် ပြန်ပြောနေသော်လည်း ထိုလူငယ်များမှာ လုံးဝ မဖယ်ပေးကြချေ။

ကျိုးထျန်းက ပြုံးလျက်ပင် သူတို့ကြားထဲသို့ ဝင်လိုက်ကာ အကြမ်းဖက်ရန် မရည်ရွယ်ဘဲ ခပ်နောက်နောက်ပင် ပြောလိုက်၏။

"ဟေး... ညီလေးတို့၊ မင်းတို့ရဲ့ စကားပြောနည်းက တော် တော်ညံ့တာပဲ။ ကြည့်ထား... မိန်းကလေးတစ်ယောက်ကို ဘယ်လို ချဉ်းကပ်ရမလဲဆိုတာ"

ကျောင်းသားများမှာ ကြောင်ကြည့်နေစဉ် ကျိုးထျန်းက လျိုမုယန်၏အနားသို့ တိုးသွားကာ

"အလှလေး... ကိုယ်နဲ့ လိုက်ခဲ့၊ ကိုယ် မင်းကို စတော်ဘယ်ရီသကြားလုံး ဝယ်ကျွေးမယ်" ဟု ဆိုလိုက်သည်။

All Chapters