← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

📗 Chapter 61

ကျန်းအာ့နီကို သူမမိသားစုဝင်များက အိမ်ပြန်ခေါ်သွားခဲ့သော်လည်း သူမ မြစ်ထဲခုန်ချသည့် သတင်းမှာ တစ်နာရီအတွင်း ပိုင်ချွမ်ရွာတစ်ရွာလုံးကို ပျံ့နှံ့သွားခဲ့ပါသည်။

ယဲ့ရှောင်ရှောင်တို့ မောင်နှမတစ်သိုက် ညစာစားရန် အိမ်ပြန်ရောက်သောအခါ မြောင်စွေ့ဖန်းက စိုးရိမ်တကြီး မေးလိုက်သည်။

“အာ့နီ မြစ်ထဲကို တကယ်ခုန်ချသွားတာလား၊ သူအဆင်ပြေရဲ့လား”

ယဲ့ချန်းရှန့်: “သူ့ကို ကယ်နိုင်ခဲ့ပါတယ်၊ ဘာမှမဖြစ်ဘူး”

“တော်တော်မိုက်မဲတဲ့ကလေးမပါလား၊ ဘယ်လောက်ခက်ခဲတဲ့ ပြဿနာဖြစ်ဖြစ် အဲ့လောက်ထိတော့ မလုပ်သင့်ပါဘူး၊ အာ့နီက အမေ့မျက်စိရှေ့မှာတင် ကြီးပြင်းလာတာ၊ သူ့အမေက လူတော်လူကောင်းမဟုတ်ပေမယ့် အမေတို့ကြားထဲ ရန်ငြှိုးရန်စ ကြီးကြီးမားမား မရှိဘူး၊ ညစာစားပြီးရင် သူ့အိမ်သွားပြီး သတင်းလေးဘာလေး မေးဦးမှပါ”

အိမ်ကကလေးများကိုလည်း မြောင်စွေ့ဖန်း သတိပေးလိုက်သည်။

“အခက်အခဲလေးနည်းနည်းကြုံရတာနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာမျိုး မလုပ်ရဘူးနော်၊ ဘယ်လိုပြဿနာမျိုးပဲကြုံကြုံ ဘဝကို ကြိုးစားပြီး ကောင်းကောင်းမွန်မွန် ဆက်ရှင်သန်ရမယ်”

ယဲ့ချန်းရှန့်: “စိတ်မပူပါနဲ့ အမေရဲ့၊ ကျွန်တော်တို့က အဲ့လိုအလုပ်မျိုးမလုပ်ပါဘူး”

ညစာစားပြီးနောက် မြောင်စွေ့ဖန်းသည် အိမ်မှ သကြားညိုတစ်ထုပ်ကို ယူကာ ကျန်းအာ့နီတို့အိမ်သို့ သွားခဲ့ပါသည်။

ယဲ့ရှောင်ရှောင်လည်း အမေဖြစ်သူနှင့် အတူလိုက်ပါလာခဲ့သည်။

ကျန်းအာ့နီ၏ အိမ်ရှေသို့ရောက်သောအခါ ကျန်းမိသားစု၏ ဆွေမျိုးအချို့နှင့် အိမ်နီးချင်းအချို့ အိမ်ထဲမှ ပြန်ထွက်လာကြသည်နှင့် ဆုံသည်။

ရွာထဲတွင် ထိုမြင်ကွင်းမျိုးက ပုံမှန်သာဖြစ်သည်။

မိသားစုများအကြား ရံဖန်ရံခါ ခိုက်ရန်ဖြစ်ပွားတတ်သော် လည်း ပြဿနာအစစ်အမှန်နှင့် ကြုံလာရသောအခါ စည်းစည်းလုံးလုံး ဖော်ဖော်ရွေရွေ ရှိတတ်ကြပါသည်။

ဝမ်မေ့လီမှာလည်း ယခင်ကကဲ့သို့ ထောင်ထောင်လွှားလွှားမရှိတော့ဘဲ အတော်လေး စိတ်ဓာတ်ကျ နွမ်းနယ်နေပုံပေါ် သည်။

မြောင်စွေ့ဖန်းက မေးလိုက်သည်။

“ဘယ်လိုတွေဖြစ်ရတာလဲ အစ်မ၊ တကယ်ပဲ ဟိုမင်္ဂလာကိစ္စကြောင့် အာ့နီတစ်ယောက် ရူးရူးမိုက်မိုက်တွေ လုပ်နေတာလား”

ဝမ်မေ့လီ သက်ပြင်းချလိုက်သည်။

“ရှင်တို့ လှောင်ချင်လည်း လှောင်ကြပါ၊ ဟုတ်တယ်၊ လီမိသားစုနဲ့ စေ့စပ်ထားတဲ့ ကိစ္စကြောင့်ပဲ၊ အဲ့ဒီ မျိုးမစစ်ကောင် လီသဲ့ရှုက မြို့ပေါ်မှာ တခြားမိန်းမတစ်ယောက်နဲ့တွေ့ပြီး ကျွန်မတို့ အာ့နီနဲ့လက်ထပ်မယ်ဆိုတဲ့ ကတိကို ဖျက်လိုက်ပြီလေ၊”

မြောင်စွေ့ဖန်း: “အဲ့လိုကိုး…၊ အဲ့ဒီကိစ္စ အမျိုးသမီးရေးရာကို တိုင်လို့မရဘူးလား၊ တို့တွေ မိန်းကလေးဘက်က ဒီလို နစ်နာသွားလို့ မဖြစ်ဘူးလေ”

ဝမ်မေ့လီ ခေါင်းခါလိုက်သည်။

“အဲ့လောက်မလွယ်ဘူး၊ သူတို့စေ့စပ်တုန်းက လီမိသားစုက ကျွန်မတို့ကို ယွမ် ၂၀၀ နဲ့ တင်တောင်းခဲ့တာ၊ အခု စေ့စပ်ပွဲကို လီမိသားစုဘက်က ဖျက်သိမ်းလိုက်တော့လည်း အဲ့ဒီတင်တောင်းငွေကို ပြန်ပေးစရာမလိုလို့ ပြောတယ်၊ အဲ့တာကြောင့် ကျွန်မတို့ သမီးဘက်က ပိုင်ဆိုင်မှုအရ ဘာမှနစ်နာဆုံးရှုံးမှုမရှိဘူး၊ ပြီးတော့ သူတို့က တကယ်လည်း လက်မထပ်ရသေးဘူးလေ၊ လက်ထပ်စာချုပ်လည်း မချုပ်ရသေးတာမို့လို့ တရားဥပဒေအရ ရင်ဆိုင်ဖို့လည်း မဖြစ်နိုင်ဘူး”

ထို့အပြင် သူ့ကို ‘လူရမ်းကားမှု’ဖြင့် တရားစွဲလိုပါကလည်း လီသဲ့ရှုမှာ ယခင်က ကျန်းအာ့နီနှင့် အမြဲတမ်းတပူးပူးတတွဲတွဲရှိခဲ့ဖူးသဖြင့် ပြဿနာပိုကြီးသွားနိုင်ပါသည်။

မြောင်စွေ့ဖန်း နှစ်သိမ့်ပေးလိုက်သည်။

“ပင်လယ်မှာ ငါးမရှားပါဘူး၊ လောကမှာ ယောက်ျားတွေ အများကြီးပဲ၊ အဲ့လို လူယုတ်မာမျိုးကို မေ့ပစ်လိုက်ဖို့သာ ပြောလိုက်”

ဝမ်မေ့လီ: “ကျွန်မလည်း အဲ့လိုပြောတာပဲ၊ အဲ့ဒီကောင်ထက်ပိုသာတဲ့လူကို ရှာပေးမယ်လို့ ပြောတာကို သူကိုက ခေါင်းမောနေတာ၊ အဲ့တာနဲ့… ကျွန်မ ဆုံးမတာ နည်းနည်းလွန်သွားလို့ ကျွန်မ အိမ်မှာမရှိတုန်း မြစ်ထဲ ခုန်ချသွားတော့တာပဲ၊ သူများတွေ စောစောစီးစီး ရှာတွေ့သွားလို့သာ မဟုတ်ရင် ကျွန်မ သမီးတစ်ယောက် ဆုံးရှုံးရချည်ရဲ့”

ရှေးခေတ်ကတည်းက အလွန်ဖြောင့်မတ်မှန်ကန်သည့် အရာရှိတစ်ဦးဖြစ်နေလျှင်ပင် အိမ်ထောင်ရေးကိစ္စများကို ကြားဝင်ဆုံးဖြတ်ပေးဖို့ ခဲယဉ်းလှပါသည်။

ထို့ကြောင့် မြောင်စွေ့ဖန်သည်လည်း ကလေးနှစ်ယောက်တွင် ရေစက်မပါခြင်းဟုသာ ပြောနိုင်တော့သည်။

ထိုစဉ် ယဲ့ရှောင်ရှောင်သည် ကျန်းအာ့နီ၏အခန်းထဲသို့ ဝင်လာခဲ့ပါသည်။

ကျန်းအာ့နီမှာ သတိလည်လာပြီဖြစ်သော်လည်း သူမ၏ မျက်လုံးများက ပြူးကျယ်နေပြီး မျက်နှာကြက်ကိုသာ စိုက်ကြည့်ကာ အခန်းထဲ တစ်စုံတစ်ယောက်ဝင်လာသည်ကိုပင် သတိပြုမိဟန်မပေါ်ပေ။

“လီသဲ့ရှုက ခြေရှုပ်တဲ့ ကလေကချေတစ်ကောင်ပဲ မဟုတ်ဘူးလား၊ သူ့အပေါ် နင်အဲ့လောက် သစ္စာရှိနေဖို့ ထိုက်တန်ရဲ့လား”

ကျန်းအာ့နီ မျက်ဝန်းများ လှုပ်ခါသွားပြီး နောက်ဆုံးတော့ ပြန်လည်တုံ့ပြန်လာခဲ့ပါသည်။

“နင်က ဘာသိလို့လဲ၊ ငါငယ်ငယ်လေးတုန်းက အရမ်းဝတာ၊ ရွာထဲက ကလေးတွေက ငါနဲ့ မကစားချင်ကြဘူး၊ အစ်ကိုသဲ့ရှုတစ်ယောက်တည်း ငါနဲ့ စကားလာပြောပေးတာ၊ သူက လူကောင်းတစ်ယောက်ပဲ”

ယဲ့ရှောင်ရှောင်သည် ကုတင်စွန်းတွင် ထိုင်လျက် ပြောလိုက်သည်။

“အဲ့လိုဆိုရင်တောင် သူများရဲ့ကျေးဇူးပြန်ဆပ်ဖို့ နင့်ကိုယ်နင် ထိခိုက်အောင် လုပ်စရာမလိုပါဘူး”

ကျန်းအာ့နီ: “အီးဟီးဟီး… ဘယ်သူက ထိခိုက်အောင် လုပ်နေလို့လဲ၊ ငါက သူနဲ့ အတူတူနေချင်တာ၊ သူနဲ့ လက်ထပ်ချင်တာ၊ သူ့ကလေးတွေကို မွေးပေးချင်တာ”

ယဲ့ရှောင်ရှောင် နားပိတ်ထားလိုက်ရသည်။

ကျန်းအာ့နီ ငိုလို့ဝသွားခါမှ ယဲ့ရှောင်ရှောင် ဆက်ပြောလိုက်ပါသည်။

“အဲ့တာဆို နင့်ကို သူဘာလို့မကြိုက်တာလို့ ထင်မိလဲ”

ကျန်းအာ့နီ: “ငါက ဝလို့လေ၊ ငါက ရုပ်ဆိုးလို့နေမှာပေါ့”

ယဲ့ရှောင်ရှောင်က ကျန်းအာ့နီ၏ ဗိုက်ကို ပုတ်ကာ ပြောလိုက်သည်။

“အဲ့တာပဲလေ! သူကနင့်ကို ဝတယ်လိုထင်နေရင် နင့်ဘက်က ပိန်သွားအောင် လုပ်ပြလိုက်ပေါ့၊ နင့်ကို ရုပ်ဆိုးတယ်လို့ မြင်နေရင် နင့်ဘက်က လှလာအောင် လုပ်ပြလိုက်၊ နင့်အလှကို မြင်ပြီး သူ့မျက်လုံးတွေ ပြူးကျယ်သွားတဲ့အထိ ဖြစ်အောင် လုပ်ပြရမှာ၊ မြစ်ထဲ သွားခုန်ချရမှာ မဟုတ်ဘူး”

နောက်ဆုံးတော့ ယဲ့ရှောင်ရှောင်ကို ကျန်းအာ့နီ လေးလေး နက်နက် လှည့်ကြည့်လိုက်သည်။

“ငါ… ငါက ပိန်လာအောင် လုပ်လို့ရတယ်လား၊ လှလာအောင် လုပ်လို့ရတယ်လား”

ယဲ့ရှောင်ရှောင်: “ရတာပေါ့၊ မြို့ပေါ်က မိန်းကလေးတွေဆို ဝိတ်ကျဖို့အတွက် အသည်းအသန် ကြိုးစားကြတာ၊ လူတိုင်းက ပိန်ပိန်ပါးပါး မွေးလာကြတယ်များ ထင်နေလား၊ အများစုက ကိုယ့်စိတ်ကိုယ် နိုင်အောင်ထိန်းပြီး ကြိုးစားလုပ်ယူကြရတာပဲ”

“နင့်ကိုယ် နင် သေချာပြန်ကြည့်ပါဦး၊ နင့်မျက်နှာမှာ ဘာပြစ်ချက်မှ မရှိဘူး၊ ဆံပင်ကလည်း နက်မှောင် ရှည်လျားနေတာပဲ၊ နင်ဝိတ်လေးနည်းနည်းကျသွားတာနဲ့ ကျိန်းသေပေါက် ကြည့်ကောင်းသွားမှာ၊ ပြီးရင် အလှကုန်ပစ္စည်းတွေ မိတ်ကပ်တွေဘာတွေသုံးပြီး ဖက်ရှင်ကျကျ ဝတ်စားပစ်လိုက်၊ အဲ့တာဆို ဆွဲဆောင်မှုရှိလာမှာ သေချာတယ်”

ကျန်းအာနီ့သည် လှဲအိပ်နေရာမှ ထထိုင်လိုက်ပြီး မေးလိုက်သည်။

“ငါ နင့်ထက်တောင် ပိုလှလာနိုင်တယ်လား”

ယဲ့ရှောင်ရှောင်: “အဲ့တာတော့ မဖြစ်နိုင်ဘူး”

ကျန်းအာ့နီ: “…”

ကျန်းအာ့နီ ပြန်လှဲအိပ်ဖို့ ပြင်နေသည်ကိုမြင်ပြီး ယဲ့ရှောင်ရှောင်က အမြန်လှမ်းဆွဲလိုက်ပါသည်။

“နင်နဲ့ငါနဲ့က တစ်မအေတည်းက မွေးတာမှမဟုတ်တာ၊ ဘာလို့ ငါနဲ့လာယှဉ်နေမှာလဲ၊ ငါမေးတာသာ ဖြေစမ်းပါ၊ နင်ပိုလှချင်လား မလှချင်ဘူးလား”

ကျန်းအာ့နီ: “လှချင်တယ်…”

ယဲ့ရှောင်ရှောင်: “ကျယ်ကျယ်ပြော”

ကျန်းအာ့နီအော်လိုက်သည်။

“လှချင်တယ်!”

ထိုအော်သံကြောင့် အိမ်ရှေ့ဝင်းထဲတွင် စကားပြောနေကြသည့် မြောင်စွေ့ဖန်းနှင့် ဝမ်မေ့လီတို့ပင် ထိတ်လန့်သွားကြပါသည်။

ယဲ့ရှောင်ရှောင် မတ်တပ်ရပ်လိုက်သည်။

“အဲ့တာဆို တက္ကသိုလ်ဝင်စာမေးပွဲဖြေပြီးတဲ့အချိန်ကျရင် ငါ့ကိုလာတွေ့၊ ဪ ပြီးတော့ ကျောင်းပြန်လာတက်ဖို့လည်း မမေ့နဲ့ဦး”

“နင်… နင် ဒီတိုင်းပဲ ပြန်တော့မှာလား”

ထွက်ခွာသွားသည့် ယဲ့ရှောင်ရှောင်၏ ကျောပြင်ကိုကြည့်ရင်း ကျန်းအာ့နီတစ်ယောက် ရင်ထဲတွင် ယုံကြည်မှုများ ပြည့်ဝလာသလို ခံစားလိုက်ရသည်။

‘ငါ ကျိန်းသေပေါက် လှလာစေရမယ်!”

ဝမ်မေ့လီလည်း အခန်းထဲ အပြေးဝင်လာခဲ့သည်။

“အာ့နီ ဘာဖြစ်တာလဲ၊ အခန်းထဲမှာ ဘာတွေအော်နေတာလဲ”

ကျန်းအာ့နီ: “သမီး ကျောင်းသွားချင်တယ်အမေ”

ဝမ်မေ့လီမှာ နားကြားများ မှားသွားသလားဟုပင် ခံစားလိုက်ရသည်။

သေချာပြန်မေးကြည့်သောအခါတွင်လည်း ကျန်းအာ့နီသည် ကျောင်းပြန်တက်ကာ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုချင်သည်ဟူသော အဖြေကိုသာ ပေးခဲ့ပါသည်။

ဝမ်မေ့လီ မယုံကြည်နိုင်ဖြစ်သွားသည်။

မိသားစုတစ်စုလုံးက သူမကို အမျိုးမျိုး ကြိုးစားပမ်းစား ဖျောင်းဖျခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

သို့သော် ထိုကောင်မလေး အိမ်ထဲဝင်သွားပြီး စကားအနည်းငယ် ပြောလိုက်ရုံနှင့် သူမ သမီးလေးမှာ သိသိသာသာ ပြန်လည်တက်ကြွ လန်းဆန်းလာခဲ့ပါသည်။

‘အဲ့ဒီကောင်မလေးရဲ့ စကားတွေက ငါတို့တစ်မိသားစုလုံးထက် သက်ရောက်မှု ပိုရှိနေတာလား…’

ယဲ့ရှောင်ရှောင်သည် မြောင်စွေ့ဖန်းနှင့်အတူ အိမ်ပြန်လာခဲ့ပါသည်။

အပြန်လမ်းတွင် မြောင်စွေ့ဖန်းက မေးလိုက်သည်။

“ခုနက ကျန်းအာ့နီကို သမီး ရန်သွားစတာတော့ မဟုတ်လောက်ပါဘူးနော်၊ အာ့နီ အခန်းထဲကနေ အော်သံတွေ ကြားမိသလိုပဲ”

ယဲ့ရှောင်ရှောင်: “မဟုတ်ပါဘူး၊ သမီးက သူ့ကို အကြံနည်းနည်းပေးခဲ့တာ၊ သူအတန်းပြန်တက်ဖို့ ဆုံးဖြတ်လိုက်ပြီ ထင်တယ်”

‌

မြောင်စွေ့ဖန်း: “ကောင်းတာပေါ့၊ အဲ့ဒီကိစ္စကို သူမေ့နိုင်ရင် အကောင်းဆုံးပဲ”

ရွာတွင် တစ်ညတာ အိပ်စက်ပြီးနောက် မောင်နှမသုံးယောက်သည် မိသားစုမှ ပြင်ဆင်ပေးလိုက်သော ပစ္စည်းများကို ယူဆောင်လျက် ကောင်တီမြို့သို့ ပြန်လာခဲ့ပါသည်။

မပြန်ခင် မြောင်စွေ့ဖန်းသည် အဝတ်အစားအသစ်နှစ်စုံကို ယဲ့ရှောင်ရှောင်၏လွယ်အိတ်ထဲ ထည့်ပေးခဲ့သည်။

“ရှောင်ရှောင်၊ သမီးအရင်တစ်ခေါက်က ပေးလိုက်တဲ့ ပိတ်စတွေ အမေရပါတယ်၊ အချိန်က သိပ်မရှိလို့ အမေ နှစ်စုံလောက်ပဲ အရင်ချုပ်ပေးထားတယ်”

ယဲ့ရှောင်ရှောင်: “ကျေးဇူးတင်ပါတယ် အမေ၊ အမေလည်း ပင်ပန်းသွားပြီ”

မြောင်စွေ့ဖန်း: “ဘာမှမပင်ပန်းပါဘူးကွယ်၊ အမေ့သမီးကို အဝတ်အစား အသစ်လေးတွေနဲ့ မြင်ရတာ အမေပျော်ပါတယ်၊ သမီးသဘောကျရင် နောက်လည်း များများချုပ်ပေးဦးမယ်”

ယဲ့ရှောင်ရှောင် အာတက်သရောခေါင်းညိတ်လိုက်သည်။

“သဘောကျပါတယ်”

--- --- ---

ကျန်းအာ့နီသည် အတန်းပြန်တက်မည်ဟု ပြောခဲ့သည့်အတိုင်းပင် တနင်္လာနေ့သို့ ရောက်သောအခါ အတန်းသို့ အချိန်မီ ရောက်လာခဲ့ပါသည်။

သူမ၏ သူငယ်ချင်းများက ဘေးနားတွင် ဝိုင်းအုံကာ မေးခွန်းများ တရစပ် မေးမြန်းကြသည်။

“အာ့နီ၊ ဟိုရက်တွေက ဘယ်သွားနေတာလဲ၊ အိမ်ပြန်ပြီး တကယ်မင်္ဂလာဆောင်နေတာလား”

“နင် ပြန်မလာတော့ဘူးလို့တောင် ထင်နေတာ”

ကျန်းအာ့နီမှာ ရှက်ရွံ့မိသော်လည်း စိတ်ကိုခိုင်ခိုင်ထားဖို့ ကြိုးစားခဲ့ပါသည်။

“မဖြစ်နိုင်တာတွေ ပြောနေတယ်၊ ငါ နေမကောင်းလို့ အိမ်မှာခဏနားနေတာပါ”

ယဲ့ရှောင်ရှောင်သည် ဝမ်ယင်အား ပုစ္ဆာတစ်ပုဒ်ရှင်းပြနေပါသည်။

ကျန်းအာ့နီ ကျောင်းသို့ရောက်အောင် ပြန်လာနိုင်သည်ကို ကြည့်ခြင်းအားဖြင့် သူမ၏ အခြေအနေမှာ ကယ်မရလောက်အောင် ဆိုးရွားနေခြင်းမဟုတ်မှန်း သိနိုင်သည်။

ယောကျ်ားတစ်ယောက်အတွက် ငိုယိုခြင်း၊ အထူးသဖြင့် လူယုတ်မာတစ်ယောက်အတွက် မျက်ရည်ကျရခြင်းမှာ မတန်လှပါ။

ဝမ်ယင်က အနောက်ဘက်သို့ စပ်စပ်စုစု ကြည့်ကာ ယဲ့ရှောင်ရှောင်အား တီးတိုးပြောလိုက်လေသည်။

“ငါ…ငါ… ကျန်းအာ့နီနဲ့ စေ့စပ်ထားတဲ့လူကို‌ တွေ့ခဲ့တယ်”

ယဲ့ရှောင်ရှောင်က သူမ၏ ထိုင်ခုံဖော်လေးကို လှည့်ကြည့်လိုက်သည်။

“လီသဲ့ရှုကို နင် သိတယ်လား”

ဝမ်ယင်: “ငါ…ငါ မသိပါဘူး၊ ကျန်း…ကျန်းအာ့နီမှာ ဓာတ်ပုံတစ်ပုံရှိတယ်လေ၊ ငါ အဲ့တာကို မြင်ဖူးလို့”

ယဲ့ရှောင်ရှောင်: “နင် ဘယ်တုန်းက တွေ့ခဲ့တာလဲ”

ဝမ်ယင်: “သူ ငါ့အိမ်ကိုလာပြီး လက်ဆောင်တွေ ပေးသွားတာ”

📗 Chapter 62

ယဲ့‌ရှောင်ရှောင် သေသေချာချာ မေးမြန်းကြည့်သောအခါ ဝမ်ယင်မှာ ပြည့်စုံသော မိသားစုတစ်စုမှ လာသူဖြစ်ကြောင်း သိရှိခဲ့ရသည်။

သို့သော် ဝမ်ယင်၏ မိသားစုသည် သူတို့၏ အဆက်အသွယ်များကို အသုံးပြုပြီး ဝမ်ယင်အား အခြားအတန်းတစ်ခုခုသို့ ပြောင်းရွှေ့ပေးခြင်း မရှိခဲ့သည်မှာ ထူးဆန်းလှပေသည်။

ဤအတန်းထဲတွင် ဝမ်ယင် အနိုင်ပင် ကျင့်ခံခဲ့ရသည် မဟုတ်ပါလား။

“သူက စက်ရုံမှာ အမြဲတမ်းဝန်ထမ်းဖြစ်ချင်လို့ နင်တို့အိမ်ကိုလာပြီး လက်ဆောင်တွေ ပေးသွားတာလား၊ အဲ့တာက လုပ်သက်ပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တာမဟုတ်ဘူး”

လီသဲ့ရှုသည် အဆက်အသွယ်များကို အသုံးပြု၍ ကောင်တီမြို့ရှိ စက်ရုံတစ်ရုံတွင် အလုပ်ရခဲ့သော်လည်း သူသည် ကျေးလက်သားဖြစ်နေခြင်းကြောင့် ယာယီအလုပ်သမားအဖြစ်သာ စတင်နိုင်ခဲ့ပါသည်။

ထို့ကြောင့် လစာမှာလည်း မများလှပေ။

ဝမ်ယင်သည် စကားပြောလျှင် အနည်းငယ် ထစ်ငေါ့နေသေးသေသာ်လည်း ယခုနောက်ပိုင်းတွင်မူ ယုံကြည်မှုပိုရှိလာသဖြင့် စကားကိုဖြည်းဖြည်းပြောလျှင် ထစ်မှန်းပင် မသိသာတော့ပေ။

“သူက ရာထူးတိုးခံချင်နေတာ”

ယဲ့ရှောင်ရှောင်: “တော်တော် သတ္တိကောင်းပါလား”

ဝမ်ယင်: “ငါ့အမေကတော့ လက်မခံပါဘူး၊ သူ့ကြည့်ရတာ ထပ်လာဦးမယ့်ပုံပဲ”

ယဲ့ရှောင်ရှောင် မေးပွတ်လျက်မေးသည်။

“လီသဲ့ရှုကို နင်ဘယ်လိုမြင်လဲ”

ဝမ်ယင်: “မကောင်းဘူး”

ဝမ်ယင့်အမေသည် အထည်စက်ရုံတစ်ခု၏စီမံခန့်ခွဲမှုအပိုင်းတွင် တာဝန်ရှိသူဖြစ်သော်လည်း ဖြောင့်မတ်မှန်ကန်သူဖြစ်ရာ လာဘ်ပေးလာဘ်ယူမှုများကို ဘယ်သောအခါကမှ လက်ခံခဲ့ခြင်း မရှိပေ။

ထို့အပြင် ဝမ်ယင်၏အဖေဖြစ်သူမှာလည်း အကြီးတန်း ရာထူးတစ်ခုရရှိထားသူဖြစ်ကာ သူမတို့မိသားစုမှာ ပုံမှန်အားဖြင့် ခပ်အေးအေးပင် နေထိုင်ကြပါသည်။

ထို့ကြောင့် လီသဲ့ရှု၏ အကြိမ်ကြိမ်လာရောက် နှောင့်ယှက်မှုများမှာ သူမတို့ မိသားစုအတွက် အတော်လေး စိတ်အနှောင့် အယှက်ဖြစ်စရာ ဖြစ်လာခဲ့သည်။

တရားဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်းဖြစ်နေလျှင်ပင် လူယုတ်မာများကို သင်ခန်းစာအနည်းငယ်ပေးခြင်းမှာ လက်မခံနိုင်စရာ အကြောင်းမရှိဟု ယဲ့ရှောင်ရှောင် ယုံကြည်မိပါသည်။

ထို့ကြောင့် နောက်တစ်နေ့ ကျောင်းရောက်လာသောအခါ ယဲ့ရှောင်ရှောင်သည် ဝမ်ယင်အား ဆေးထုပ်တစ်ထုပ် ပေးလိုက်သည်။

“နင့် အိမ်ကို လီသဲ့ရှု ထပ်လာသေးတယ်ဆိုရင် လက်ဘက် ရည်ခွက်ထဲ ဒီဆေးထည့်ဖျော်ပြီး တိုက်လိုက်”

ဝမ်ယင် စိတ်ဝင်တစား မေးကြည့်လိုက်လေသည်။

“ဒါ ဘာကြီးလဲ”

ယဲ့ရှောင်ရှောင်: “မကြောက်ပါနဲ့၊ ကြွက်သတ်ဆေးမဟုတ်ဘူး၊ အစာအိမ်ကို ရှင်းလင်းပေးတဲ့ဆေး၊ တခြားဆေးတွေထက် နည်းနည်းပိုပြင်းရုံပဲရှိတာ”

ဝမ်ယင်‌ ခေါင်းညိတ်ကာ ဆေးထုပ်ကို သိမ်းလိုက်သည်။

တစ်ဖက်တွင်မူ လီသဲ့ရှုသည် သူရင်ဆိုင်ရတော့မည့် ဘေးဒုက္ခအကြောင်းကို လုံးဝ မသိသေးပေ။

သူသည် ယခုနောက်ပိုင်းတွင် ကံဆိုးမှုများနှင့်သာ ဆက်တိုက်ကြုံနေရပါသည်။

ပထမဆုံးအနေဖြင့် သူ သဘောကျသည့် မိန်းကလေးကို ပိုးပန်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ သူ့ဆိုးဖော်ဆိုးဖက် သူငယ်ချင်းများပင် ထောင်ကျသွားခဲ့သေးသည်။

ယဲ့ချန်းရှန့်ကို အကွက်ဆင်ရန်ကြိုးစားခဲ့သော်လည်း ရဲစခန်းတွင် အဆက်အသွယ်များရှိနေသည့်တိုင် ယဲ့ချန်းရှန့်မှာ ပြန်လည်လွတ်မြောက်သွားခဲ့ပါသည်။

ထို့နောက် သူ့ကို အမည်မသိလူတစ်စုက အဝတ်ဖြင့်အုပ်ကာ ဝိုင်းထိုးကြိတ်သွားကြသေးသည်။

ဒဏ်ရာများက တစ်ခုပြီးတစ်ခုပင်။

နောက်ဆုံးတွင် သူ့ကို ဖော်ကောင်မလုပ်စေရန် နှုတ်ပိတ်ခအနေဖြင့် ထိုသူငယ်ချင်း ဆိုသူများကို လီသဲ့ရှု ငွေအမြောက်အများ ပေးခဲ့ရပါသည်။

သို့သော်လည်း သူသည် အကြောင်းအရင်းမရှိဘဲ ရဲစခန်းမှ ဆင့်ခေါ်ခြင်းကို ခံခဲ့ရပြီး လုပ်ကြံစွပ်စွဲမှု၊ အကွက်ဆင်မှုများဖြင့် အချိန်အတော်ကြာအောင် ထိန်းသိမ်းခံခဲ့ရသည်။

သူ့မိသားစုမှ အာမခံပေးခဲ့ခြင်းကြောင့်သာ ပြန်လည်လွတ် မြောက်လာခဲ့ခြင်း ဖြစ်ပါသည်။

ယဲ့မိသားစုဘက်မှ အကောင်ကြီးကြီးတစ်ကောင်ကို အကူ အညီတောင်းထားခြင်း ရှိ၊ မရှိ လီသဲ့ရှု သေချာမသိသော် လည်း ယဲ့ရှောင်ရှောင်ကို ထပ်ပြီး မနှောင့်ယှက်ရဲတော့ပေ။

ယဲ့ရှောင်ရှောင်သည် နတ်သမီးလေးပမာ လှပသော်လည်း သူမကို စောင့်ကြည့်နေသည့် မျက်လုံးများက များပြားလွန်းလှပါသည်။

ကောင်တီမြို့ရှိ အရောင်းဝန်ထမ်းမလေးမှာလည်း မဆိုးလှပေ။ ခန္ဓာကိုယ်ကလည်း လှပသည်။

ထို့အပြင် သူမကို သိမ်းသွင်းဖို့ကလည်း အလွန်လွယ်ကူပါသည်။

လက်ဆောင်အနည်းငယ်ပေးလိုက်ရုံနှင့် သူ့နောက် ကောက်ကောက်ပါအောင် ပါလာခဲ့သည် မဟုတ်ပါလား။

သစ်တောလုပ်ငန်းကိုလည်း ပိတ်သိမ်းလိုက်ရပြီဖြစ်၍ ပြဿနာထပ်မဖြစ်စေရန် ကျန်းအာ့နီနှင့် စေ့စပ်ထားခြင်းကို သူချက်ချင်း ဖျက်သိမ်းပစ်ခဲ့သည်။

ထိုပေါတောတော ကျန်းအာ့နီကို သူအစကတည်းက သဘောမကျခဲ့ပေ။

လီသဲ့ရှုတို့ မိသားစုတွင် စုဆောင်းငွေအချိုရှိသဖြင့် ထို့အခွင့်အရေးကို အသုံးချပြိး ကောင်တီမြို့သို့ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြပါသည်။

ယခု သူ့တွင် လှလှပပ ကောင်မလေးတစ်ယောက်ရှိလာပြီဖြစ်၍ အ‌ခြေခိုင်သည့် အလုပ်တစ်ခုရဖို့သာ လိုအပ်ပါတော့ သည်။

ထို့အတွက်ကြောင့် လီသဲ့ရှုသည် ကောင်မလေးအသစ်ကိုပင် အချိန်မပေးနိုင်ဘဲ ဟိုပြေးဒီပြေးနှင့် အဆက်အသွယ်များ ရရှိရန် အပတ်တကုတ် ကြိုးစားနေရသည်။

အကြိမ်ကြိမ် ငြင်းပယ်ခံရပြီးနောက် လီသဲ့ရှုသည် ဒုညွှန်ကြားရေးမှူးဟွမ် အလုပ်ဆင်းမည့်အချိန်ကို တွက်ဆကာ လက်ဆောင်များ ဝယ်ယူလျက် သူတို့အိမ်သို့ ထပ်မံလာရောက်လည်ပတ်ခဲ့ပါသည်။

ကျောင်းဆင်းချိန် ရောက်သည်နှင့် ဝမ်ယင်တို့အိမ်မှ အိမ်အကူအဒေါ်ကြီးသည် ညစာများကို စတင်ပြင်ဆင်ပေးနေပြီ ဖြစ်သည်။

မိဘနှစ်ပါး အလုပ်မှ ပြန်မလာကြသေးသဖြင့် ဝမ်ယင်သည် ဧည့်ခန်းထဲတွင်ထိုင်ကာ တီဗွီ ဖွင့်ကြည့်နေလိုက်သည်။

ညစာစားပြီးလျှင် စာကျက်ရမည်ဖြစ်ရာ တီဗွီခဏသာ ကြည့်နိုင်ပါသည်။

ထိုစဉ် တံခါးခေါက်သံကြား၍ ဝမ်ယင်ထဖွင့်ပေးလိုက်သည်။

လီသဲ့ရှုက ပြုံးပြုံးရွှင်ရွှင်နှင့် နှုတ်ဆက်လိုက်သည်။

“ဝမ်ယင် ငါတို့ ထပ်တွေ့ကြပြန်ပြီနော်”

ဤတစ်ကြိမ်တွင်မူ ဝမ်ယင်သည် မျက်မှောင်ကြုတ်မသွားခဲ့ဘဲ လီသဲ့ရှုကို တည်တည်ငြိမ်ငြိမ် ကြိုဆိုလိုက်ပါသည်။

“ဪ နင် ပါလား”

လီသဲ့ရှု: “ဟုတ်တယ်၊ ဒေါ်လေးဟွမ်ကို လာတွေ့တာလေ”

ဝမ်ယင်: “ဝင်ခဲ့လေ၊ ခဏနေ ငါ့အမေ အိမ်ပြန်လာတော့မှာ၊ ထိုင်ဦး”

လီသဲ့ရှုသည် မောင်းထုတ်မခံရသဖြင့် အံအာ့းသင့်သွားခဲ့သည်။

ကလေးများက ပြောရဆိုရလွယ်ကူသဖြင့် သူမနှင့် ရင်းနှီးအောင် အရင်လုပ်ရမည်ဟု သူတွေးလိုက်ပါသည်။

ဒုညွှန်ကြားရေးမှူး၏သမီးမှာ ပိုင်ချွမ်အမှတ်(၁) အထက် တန်းကျောင်းတွင် တက်ရောက်နေသည်ဟု သူကြားဖူးသော်လည်း မည်သည့်အတန်းတွင် တက်နေမှန်း သူ မသိပေ။

သူမသာ လက်ဆောင်များကို လက်ခံနိုင်ပါက အရာရာပိုလွယ်ကူသွားပါလိမ့်မည်။

ဝမ်ယင်သည် လက်ဘက်ရည်တစ်ခွက်ဖျော်ကာ လီသဲ့ရှုအား ဧည့်ခံခဲ့သည်။

“လက်ဘက်ရည်သောက်ပါဦး”

လီသဲ့ရှုကလည်း လက်ဘက်ရည်ခွက်ကို မဆိုင်းမတွ ယူလိုက်လေသည်။

“ကျေးဇူးပါ ကျေးဇူးပါ”

လီသဲ့ရှုမှာ ဘာကိုမှမတွေးတောဘဲ တစ်ကျိုက်တည်း သောက်ချပစ်လိုက်ပါသည်။

သူလက်ဘက်ရည်သောက်ပြီးသည့်အချိန်ထိ ဝမ်ယင်စောင့်ကြည့်နေခဲ့သည်။

ဆေးက ချက်ချင်းအာနိသင်ပြသည်ဟူသော ရှောင်ရှောင်၏ စကားကို ယုံကြည်သဖြင့် သူမ တီဗွီသာ စိတ်ချလက်ချ ဆက်ကြည့်နေလိုက်ပါသည်။

လီသဲ့ရှုသည် ဝမ်ယင်ကို ခိုးကြည့်ရင်း အနည်းငယ် စိတ်မသက်မသာဖြစ်သွားခဲ့သည်။

မကြာသေးခင်ကမှ သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့သည့် မိန်းကလေးမှာ ယခုအခါတွင်မူ သူ့ကို လျစ်လျူရှုထားပြန်ပါပြီ။

“ဂွီ…”

“ဂွီ…”

လီသဲ့ရှု၏ ဝမ်းဗိုက်အတွင်းမှ အသံကျယ်ကြီးများ ထွက်လာသည်။

သူသည် အနေခက်စွာဖြင့် သူ့ဝမ်းဗိုက်ကို လက်ဖြင့် ဖိထားသော်လည်း သက်သာလာရမည့်အစား ဝေဒနာမှာ ပိုလို့ ဆိုးရွားလာပါသေးသည်။

“အဲ… ဝမ်ယင်၊ နင်တို့အိမ်က သန့်စင်ခန်း ဘယ်နားမှာလဲ’

ဝမ်ယင် ခေါင်းမော့ကြည့်လာသည်။

“စိတ်…စိတ်မရှိပါနဲ့၊ ငါ…ငါတို့အိမ်…အိမ်သာက ပျက်… ပျက်နေတယ်”

“ဟာ!”

ဝမ်ယင်တစ်ယောက် စကားကို ဖြည်းညှင်းစွာ ပြောလို့ပြီးချိန်တွင် လီသဲ့ရှုမှာ ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ပင် ရောက်ရှိနေပါပြီ။

လီသဲ့ရှုသည် ကုန်းကုန်းကွကွထကာ ရှက်ကိုရှက်ကန်းဖြင့် ပြောလိုက်သည်။

“အဲ့တာဆို ငါ ပြန်တော့မယ်နော်”

ဝမ်ယင် သူ့ကိုချက်ချင်းပြန်ဆွဲခေါ်လိုက်သည်။

“နင့် ပစ္စည်းတွေ ပြန်ယူသွားဦး”

“မယူပါဘူး”

လီသဲ့ရှုက ပစ္စည်းများကို ပြန်ယူသွားဖို့ ငြင်းဆန်နေသော အခါ ဝမ်ယင်ကလည်း သူ့ကို လွှတ်မပေးဘဲ ဆက်ဆွဲထားပါသည်။

ထို့ကြောင့် နောက်ဆုံးတွင် လီသဲ့ရှု ရွေးချယ်စရာမရှိတော့ဘဲ ယူဆောင်လာသည့် လက်ဆောင်ပစ္စည်းများကို ပြန်သယ်ကာ ဝမ်ယင်၏အိမ်ထဲမှ ဝုန်းကနဲ ပြေးထွက်သွားတော့သည်။

ဝမ်ယင်တို့ မိသားစုသည် အဆင့်မြင့် လုံးချင်းအိမ်ရာတစ်ခုထဲတွင် နေထိုင်သဖြင့် အနီးနားတွင် အများသုံးသန့်စင်ခန်းဟူသည် မရှိပေ။

လီသဲ့ရှု အိမ်ရာဝင်း ဝင်ပေါက်သို့ ရောက်ရှိချိန်တွင် ပေါက်ထွက်လုနီးပါး ဖြစ်နေပါပြီ။

လခွမ်း…

လေထဲတွင် အနံ့ဆိုးကြီးတစ်ခု ပျံ့နှံ့လာသဖြင့် ဖြတ်သွားဖြတ်လာလူများက သူ့ကို ထူးထူးဆန်းဆန်း လှည့်ကြည့်သွားကြသည်။

အလုပ်ဆင်းချိန်ဖြစ်၍ အိမ်ရာဝင်းထဲမှလူများ စက်ဘီးကိုယ်စီဖြင့် အိမ်ပြန်လာကြချိန်ဖြစ်ကာ သူစိမ်းတစ်ယောက်ဖြစ်သည့် လီသဲ့ရှုသည် အားလုံးထဲတွင် ထင်းထွက်နေခဲ့ပါသည်။

လုံခြုံရေးအစောင့် အဘိုးအိုက ခေါင်းပြူထွက်လာပြီး လှမ်းအော်လိုက်သည်။

“ကောင်လေး! ဒီနေရာက မင့်ဇီဝဗုံးတွေ လာချရမယ့် နေရာမဟုတ်ဘူးကွ!”

ထိန်းချုပ်မှုလွတ်သွားသည့် အခိုက်အတန့်အတွင် လီသဲ့ရှုမှာ ဘာလုပ်ရမှန်း မသိတော့ဘဲ ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားချင်စိတ်များ တဖွားဖွားပေါ်လာခဲ့ပါသည်။

အဘိုးအို၏အော်သံကိုကြားမှ သူအသိစိတ် ပြန်ကပ်လာခဲ့သည်။

ပြုတ်ကျသွားသည့် လက်ဆောင်များကိုပင် ပြန်မကောက်ရဲတော့ဘဲ မျက်နှာကို လက်ဖြင့်အုပ်ကာ အိမ်ရာဝင်းထဲမှ ထွက်ပြေးခဲ့လေတော့သည်။

သူအသက်ရှင်နေသမျှ ကာလပတ်လုံး ဤအခိုက်အတန့်ကို လုံးဝ ပြန်မှတ်မိချင်မှာ မဟုတ်တော့ပေ။

--- --- --

ဝမ်ယင်သည် ကျောင်းသို့ ရောက်သည်နှင့် ဖြစ်ပျက်ခဲ့သမျှ ကိစ္စအားလုံးကို ယဲ့ရှောင်ရှောင်အား အားကြိုးမာန်တက် ပြောပြခဲ့ပါသည်။

“မနေ့က လူစိမ်းတစ်ယောက် အိမ်ရာဝင်းထဲမှာ အီးထွက်ကျပြီး ထွက်ပြေးသွားတယ်လို့ အိမ်ရာထဲက ပြောနေကြတာ ငါကြားခဲ့တယ်”

တစ်စုံတစ်ယောက်က လုံခြုံရေးကို တိုင်ကြားလိုက်သဖြင့် အိမ်ရာဝင်းအတွင်းသို့ သူစိမ်းများ ဝင်ထွက်မှုကိုပိုမို တင်း ကျပ်တော့မည်ဟု အိမ်ရာကော်မတီက ကြေညာခဲ့ပါသည်။

ဝမ်ယင်သည် ဇာတ်လမ်းကို တစ်ပိုင်းတစ်စဖြင့် ပြောပြခဲ့ရာ ယဲ့ရှောင်ရှောင်မှာ လီသဲ့ရှု၏အဖြစ်ကို မျက်လုံးထဲတွင် မြင်ယောင်ရင်း အားပါးတရ ရယ်မောမိတော့သည်။

“သူနဲ့ တန်တာ သူရတာပဲ”

ဝမ်ယင်: “ငါတို့အိမ်ရာထဲကလူတိုင်း သူကို နှာဘူးတစ်ကောင်လို့ ထင်သွားကြတာ”

သူတို့ နောက်တွင် ထိုင်နေသည့် ကျန်းအာ့နီမှာ အ,ထစ်လေးကို ထူးထူးဆန်းဆန်း မနာလို အားကျဖြစ်သွားခဲ့ရသည်။

ဝမ်ယင်မှာ စာညံ့သူဖြစ်မှန်း အားလုံးသိကြပါသည်။

သို့သော် ယဲ့ရှောင်ရှောင်၏ထိုင်ခုံဖော် ဖြစ်လာစဉ်ကတည်းက စာမေးပွဲတိုင်းတွင် ၁၀ ဆင့်မက ပုံမှန်တိုးတက်လာခဲ့သည်။

ယခုဆိုလျှင် သူမသည် တစ်ကျောင်းလုံး အဆင့် ၂၀၀ ဝန်း ကျင်သို့ ရောက်လာခဲ့ပြီဖြစ်ရာ ယခင်ကလို ဘိတ်ချေးကျောင်းသူ မဟုတ်တော့ပေ။

ကျန်းအာ့နီသည် စာအုပ်ကို စိတ်တိုတိုဖြင့် ဖွင့်လိုက်ပြီး သူမလည်း ယခင်ကထက် တိုးတက်လာစေဖို့ စာကြိုးစားရန် ဆုံးဖြတ်လိုက်ပါသည်။

သို့သော် စာအုပ်ကို ဖွင့်လိုက်သည် မြင်လိုက်ရသည့် ပုစ္ဆာများမှာ ဒဏ္ဍာရီပုံပြင်များကဲ့ ဆန်းသစ်နေကာ သူမ တစ်ပုဒ်မှ မတွက်တတ်ခဲ့ပေ။

ကျန်းအာ့နီတစ်ယောက် စားပွဲပေါ်သို့ ခေါင်းပြန်စိုက်ကျသွားတော့သည်။

‘အရှုံးပေးချင်စိတ်သာရှိရင် ဒီကမ္ဘာပေါ်မှာ ခက်ခဲတဲ့အရာဆိုတာ မရှိဘူးဆိုတဲ့စကား သိပ်မှန်တာပဲ…’

All Chapters