← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

📗 Chapter 63

တက္ကသိုလ်ဝင်စာမေးပွဲများ မစတင်မီ တစ်ပတ်အလိုတွင် ပိုင်ချွမ်အမှတ်(၁) အထက်တန်းကျောင်း၌ ကျောင်းဆင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးဖို့အတွက် ကျောင်းသားများကို စုစည်းခဲ့ပါသည်။

ကျောင်းသားအများစုသည် ဓာတ်ပုံရိုက်ရခြင်းကို အထူး အဆန်းဖြစ်နေသဖြင့် ကျောင်းကြီးနှင့် ခွဲခွာရမည်ကိုပင် ဝမ်းမနည်းနိုင်သေးဘဲ ဓာတ်ပုံရိုက်ဖို့သာ စိတ်အားထက်သန်နေကြသည်။

ဤကဲ့သို့ ကောင်တီမြို့ငယ်လေးတစ်မြို့တွင် အထက်တန်း ကျောင်းအောင်နိုင်ရုံနှင့်ပင် ပညာရေးအဆင့်အတန်း မြင့်မားလှပြီဟု ဆိုနိုင်သည်။

စာသိပ်မလုပ်ချင်သော ကျောင်းသားများအတွက် ကျောင်းပြီးမည့်အချိန်ကိုစောင့်ရသည်မှာ အတော်လေး ငြီးငွေ့စရာ ကောင်းခဲ့ပါသည်။

ယခုအခါမူ အရာအားလုံး ပြီးဆုံးတော့မည်ဖြစ်၍ စိတ်လက်ပေါ့ပါးနေကြသည်။

အတန်းကိုးတန်းစလုံး အလှည့်ကျ ဓာတ်ပုံရိုက်ရသဖြင့် အတန်း(၁)မှ စတင်ခဲ့ပါသည်။

ယဲ့ရှောင်ရှောင်နှင့် အတန်းဖော်များ တန်းစီစောင့်ဆိုင်းနေကြစဉ် အရှေ့ဘက်မှ အတန်း(၁)ကျောင်းသားများကို ဆူငေါက်နေသည့် ချမ့်ဖန်ဖန်၏ အသံကို ကြားလိုက်ရသည်။

“အကုန်လုံး ကိုယ်ဟန်အနေအထားကို မြန်မြန်ပြင်ကြ! ဓာတ်ပုံရိုက်ပြီးရင် အတန်းထဲဝင်ပြီး စာပြန်လုပ်ရမယ်၊ ရေသာခိုနေတဲ့ကောင်တွေတွေ့လို့က‌တော့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဖို့ မစဉ်းစားကြနဲ့တော့!”

ကျောင်းအုပ်ကြီးကိုယ်တိုင်ကပင် ယနေ့တွင် ကျောင်းသူကျောင်းသားများကို အနားပေးဖို့ ပြောထားသော်လည်း ချမ့်ဖန်ဖန်ကမူ သူမသဘောအတိုင်းသာ လုပ်ဆောင်နေပါသည်။

“အတန်း(၁)က ကြောက်ဖို့ကောင်းလိုက်တာ၊ အဲ့ဒီစုန်းမကြီးက သူတို့ကို နေ့တိုင်း ဖိနှိပ်နေတာဖြစ်မယ်၊ တစ်ခါတလေကျရင် သူတို့ကို ဒဏ်ငွေရိုက်ပြီး အပြစ်ပေးမယ်လို့တောင် ခြိမ်းခြောက်သေးတာတဲ့”

“မဖြစ်နိုင်တာ… အတန်း(၁)ကကျောင်းသားတွေ ဒီလောက်တော်တာကို ဘာလို့ အပြစ်ပေးတာလဲ”

“ချမ့်ဖန်ဖန်က ဘာကိစ္စဖြစ်ဖြစ် ပြဿနာကို ပုံကြီးချဲ့တတ်တယ်လေ၊ သူ့ဖာသာ သူ ဘောနပ်စ်လိုချင်ရင် လိုချင်တယ်လို့ ဝန်မခံဘူး”

အတန်း(၁) ကျောင်းသားများသည် ဓာတ်ပုံရိုက်ပြီးနောက် စာသင်ခန်းသို့ ချက်ချင်း ပြန်ကြရပါသည်။

နောက်ဆုံးဘက်တွင် လမ်းလျှောက်နှေးနေသည့် ကျောင်းသားတစ်ယောက်ကို ချမ့်ဖန်ဖန်က လက်သီးဖြင့် လှမ်းထိုးလိုက်လေသည်။

“ဖင်လေးမနေနဲ့! လမ်းကိုမြန်မြန်လျှောက်!”

ထိုမြင်ကွင်းကိုမြင်ပြီး ယဲ့ရှောင်ရှောင် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

ယခင်ဘဝက သူမတက်ခဲ့သည့်ကျောင်းတွင် ထိုကဲ့သို့ ဆရာမမျိုးသာ ရှိနေခဲ့လျှင် အွန်လိုင်းပေါ်တွင် ရစရာမရှိအောင် အဝေဖန်ခံရပြီး အလုပ်ဖြုတ်ခံရမည်မှာ မလွဲဧကန်ပင်။

ဤခေတ်ကြီးက အေးချမ်းလွန်းနေပါသေးသည်။

အတန်း(၁)နှင့် ဆန့်ကျင်ဘက်အနေဖြင့် အတန်း(၉)မှ ကျောင်းသားကျောင်းသူများမှာမူ အလွန်ပျော်ရွှင် တက်ကြွနေကြလေသည်။

မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးပြီးနောက် သူတို့အားလုံး နေ့တစ်ဝက် အားလပ်ရက် ရခဲ့ကြသည်။

ကျောင်းသားကျောင်းသူများအားလုံး စားမေးပွဲကြီး ပြီးဆုံးသွားပြီဟုပင် ထင်ရလောက်အောင် ရယ်မောပျော်ရွှင်ကာ ခုန်ပေါက်နေကြပါသည်။

သို့သော် အတန်း(၁) ရှေ့မှ ဖြတ်သွားသည့်အခါ ခြေသံများအလိုလို ငြိမ်ကျသွားခဲ့ကြသည်။

အသံအနည်းငယ်ပင် ထွက်သွားလျှင် ချမ့်ဖန်ဖန်၏ ဆဲဆိုသံများကို ကြားရပါလိမ့်မည်။

သူမသည် ဆရာမတစ်ဦးဖြစ်သော်ငြား သူမ၏ ဆူငေါက်ပုံများက ရုန့်ရင်းကြမ်းတမ်းပြီး ဆဲဆိုစကားများမှာလည်း အလွန်ပင် ရိုင်းစိုင်းလှသဖြင့် ကြားရသူတိုင်း၏ နားထဲ မစင်များပေကျံသွားသကဲ့သို့ ခံစားရစေသည်။

ထိုအချိန်တွင် ယဲ့ရှောင်ရှောင်ကတော့ ကောင်တီမြို့သို့ ရောက်ရှိလာမည့် မြောင်စွေ့ဖန်းကို သွားကြိုဖို့ စောစောထွက်လာခဲ့ပါသည်။

မြောင်စွေ့ဖန်းက အိမ်ရာကို ကိုယ်တိုင်ရှာဖွေနိုင်သော်လည်း သူမတွင် သော့မရှိပေ။

မြောင်စွေ့ဖန်းအစောကြီးရောက်လာလိမ့်မည်ဟု ယဲ့ရှောင်ရှောင်ထင်မထားခဲ့သော်လည်း အိမ်သို့ ပြန်ရောက်သည်နှင့် အမေဖြစ်သူကို မြင်လိုက်ရသည်။

“အမေ!”

ယဲ့ရှောင်ရှောင် အော်ခေါ်လျက် အလျင်အမြန် ပြေးလာသည်။

မြောင်စွေ့ဖန်းသည် သူများအိမ်မှ ငှားထားသော ထိုင်ခုံပုလေးတစ်ခုံဖြင့် အိမ်ရှေ့တွင် ထိုင်နေလေသည်။

“ရှောင်ရှောင် ဘာလို့အစောကြီး ပြန်လာတာတုန်း”

ယဲ့ရှောင်ရှောင်: “သမီးတို့ဒီနေ့ ကျောင်းဆင်းမှတ်တမ်းဓာတ်ပုံ ရိုက်ရတယ်လေ၊ အဲ့တာကြောင့် မွန်းလွဲချိန်နောက် ပိုင်း အတန်းမရှိဘူး၊ ဒါပေမယ့် တချို့အတန်းတွေကတော့ ကျောင်းမှာ ကိုယ်ပိုင်စာကြည့်ချိန်ရှိသေးလို့ ပြန်လာလို့ မရသေးဘူး”

ယဲ့ရှောင်ရှောင်သည် မြောင်စွေ့ဖန်း၏ လက်ကိုဆွဲကာ အိမ်ထဲသို့ ခေါ်လာခဲ့ပါသည်။

မြောင်စွေ့ဖန်းသည် ရွာမှ အသားခြောက်များ၊ ဟင်းသီး ဟင်းရွက်များစွာ ယူလာသဖြင့် အိမ်ထဲသို့ ရောက်သည်နှင့် ထိုပစ္စည်းများကို စတင်ထုတ်လေသည်။

“အမေ ခဏလောက်ထိုင်နားပါဦး”

ယဲ့ရှောင်ရှောင်က ရေနွေးတစ်ခွက်ငှဲ့ပေးကာ မြောင်စွေ့ဖန်းအား ပေးလိုက်ပါသည်။

“အိမ်ရှေ့မှာ အမေ တစ်မနက်လုံး ထိုင်နေတာလေ၊ ဒီအိမ်ရာကလူတွေက ဖော်ရွေတတ်ကြသားပဲ”

မြောင်စွေ့ဖန်းသည် အချိန်တိုင်း အလုပ်လုပ်နေတတ်သူဖြစ်၍ မည်သည့်နေရာကိုပဲရောက်ရောက် အလုပ်မလုပ်ဘဲ မနေတတ်ပေ။

“သိုးလွယ်တဲ့ပစ္စည်းတွေ အရင်ထုတ်ပြီး ခဏနေရင် သမီးအတွက် ချက်ပေးမယ်၊ အသားခြောက်တွေကတော့ ကြာရှည်ခံလို့ အလောတကြီး စားစရာမလိုဘူး”

ယဲ့ရှောင်ရှောင်လည်း သူမ သဘောအတိုင်းသာ လွှတ်ပေးထားလိုက်သည်။

ညအိပ်ချိန်ရောက်လျှင် အမေဖြစ်သူအိပ်စက်ဖို့ အသင့်ဖြစ်နေစေရန်အတွက် ယဲ့ရှောင်ရှောင်သည် အိပ်ခန်းကို အသင့်ပြင်ပေးထားလိုက်ပါသည်။

မြောင်စွေ့ဖန်းက ညစာကို စောစောစီးစီး ချက်ပြုတ်ပြင်ဆင်ပြီးခဲ့ရာ ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့ ပြန်ရောက်လာသောအခါ မွှေးကြိုက်နေသည့် ဟင်းရနံ့များကို ရရှိလိုက်ပါသည်။

“ဒေါ်လေးရောက်နေပြီလား၊ ဒါဒေါ်လေးရဲ့လက်ရာအနံ့ပဲ!”

ယဲ့ချန်းရှန့်လည်း အိမ်ထဲပြေးဝင်သွားပြီး မြောင်စွေ့ဖန်းအား ဖက်လိုက်ပါသည်။

“လက်မြန်မြန်သွားဆေးကြ၊ ညစာစားကြမယ်”

မြောင်စွေ့ဖန်းက သားဖြစ်သူ၏ ကျောကို ပုတ်ကာ ပြောလိုက်သည်။

ယဲ့ချန်းယွမ်ကမူ အားလုံးထဲတွင် အပြေးအမြန်ဆုံးဖြစ်သည်။

ပိုင်ချွမ်အမှတ်(၁) အထက်တန်းကျောင်းသို့ ယဲ့ရှောင်ရှောင် ရောက်ရှိလာစဉ်ကတည်းက စားခဲ့ရသမျှတွင် ဤညစာသည် အကောင်းဆုံး လက်ရာပင် ဖြစ်ပေသည်။

ဒေါ်လေးစွန်းက ဟင်းချက်မညံ့သော်လည်း မြောင်စွေ့ဖန်း၏ လက်ရာကိုတော့ မယှဉ်နိုင်ပေ။

ထို့အပြင် မြောင်စွေ့ဖန်းသည် ဟင်းချက်သည့်အခါ အဆာပလာကို မနှမြောဘဲ ထည့်တတ်သဖြင့် ကလေးများမှာ အလွန်ပင် အရသာတွေ့နေပါသည်။

စာမေးပွဲဖြေဆိုရန် တစ်ပတ်ခန့်သာလိုတော့သဖြင့် အခြားအတန်းများသည် ညနေခင်းစာကြည့်ချိန် တက်စရာ မလိုတော့သော်လည်း ချမ့်ဖန်ဖန်ကမူ ကျောင်းသားများကို နောက်ဆုံးအချိန်ထိ နှိပ်စက်နေပါသေးသည်။

ထို့ကြောင့် မောင်နှမသုံးယောက်အနက် ယဲ့ချန်းရှန့်တစ်ယောက်တည်းသာ ကျောင်းသို့ ပြန်သွားခဲ့ရသည်။

သို့သော် ကျောင်းပြန်သွားစရာမလိုသူများကလည်း အေးအေးလူလူ မနေနိုင်ပေ။

ယဲ့ချန်းယွမ်တစ်ယောက် အိမ်ထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြီးနောက် စာအုပ်တစ်အုပ် ယူဖတ်လိုက်လေသည်။

မြောင်စွေ့ဖန်း: “ငါတို့ ချန်းယွမ်တောင် စာလုပ်တတ်နေပြီပဲ”

ယဲ့ချန်းယွမ်: “ဒေါ်လေး ကျွန်တော့်ကို လာမစပါနဲ့ဗျာ၊ ကျွန်တော် စိတ်ပူနေတာ၊ စာမေးပွဲ ကောင်းကောင်း မဖြေနိုင်လောက်ဘူး”

ယဲ့ရှောင်ရှောင်: “ဘာလို့ ကောင်းကောင်းမဖြေနိုင်ရမှာလဲ၊ အစ်ကိုယွမ်ရဲ့အဆင့်တွေ ဒီလောက်တိုးတက်လာတာကို၊ စာမေးပွဲရောက်ရင်လည်း ရလဒ်တွေကောင်းမှာပါ”

ထိုချီးကျူးစကားကြောင့် ယဲ့ချန်းယွမ် ရှက်ရွံ့သွားမိသည်။

သူတို့ စကားပြောဆိုနေကြစဉ် အပြင်ဘက်မှ ဆူညံသံများ ရုတ်တရက် ထွက်ပေါ်လာပါသည်။

စင်္ကြံလမ်းထဲတွင်လည်း လှုပ်လှုပ်ရှားရှားဖြစ်သံများကို ကြားလာရသည်။

ယဲ့ရှောင်ရှောင် တံခါးဖွင့်ကြည့်လိုက်သောအခါ အိမ်ရှေ့တွင် မတ်တပ်ရပ်နေသည့် ဒေါ်လေးစွန်းယွီကျန်းကို မြင်လိုက်ရသည်။

“ပိုင်ချွမ်အမှတ်(၁)အထက်တန်းကျောင်းက ကလေးတစ်ယောက် အဆောက်အဦးပေါ်က ခုန်ချသွားလို့တဲ့၊ ဆရာမ ချမ့်ဖန်ဖန်တို့ အတန်းကကလေးလို့ ပြောတယ်”

ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းယွမ်တို့ တုန်လှုပ်သွားကြသည်။

အတန်း(၁)မှ ကျောင်းသားများက အလွန်ထူးချွန်ကြသဖြင့် စာမေးပွဲဖြေခါနီး အရေးကြီးနေသည့် အချိန်တွင် အဘယ့် ကြောင့် ဤသို့ လုပ်လိုက်ရသည်ကို သူတို့ နားမလည်နိုင်ကြပေ။

မြောင်စွေ့ဖန်း: “စာမေးပွဲဖြေရတော့မယ့်အချိန်ကြီးကို၊ ဘယ်သူ့ကလေးလဲ”

ယဲ့ချန်းယွမ်: “အဲ့ဒီစုန်းမကြီး ချမ့်ဖန်ဖန် ဖိအားပေးလို့ပဲဖြစ်မှာ၊ သူ့ကြောင့်သာ မဟုတ်ရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး!”

မြောင်စွေ့ဖန်းက ယဲ့ချန်းယွမ်၏ ပါးစပ်ကို ပိတ်လိုက်သည်။

“ပေါက်ကရတွေ လျှောက်မပြောနဲ့”

ယဲ့ချန်းယွမ်: “ကျွန်တော်ပေါက်ကရပြောတာ မဟုတ်ဘူးဗျ၊ အဲ့ဒီချမ့်ဖန်ဖန် ဘယ်လောက်တရားလွန်လဲ ဒေါ်လေး မသိပါဘူး”

သူတို့စကားပြောနေကြစဉ် ယဲ့ချန်းရှန့် ပြန်ရောက်လာသည်။ သူ့မျက်နှာမှာလည်း မကောင်းလှပေ။

ယဲ့ချန််းယွမ်က ချက်ချင်းမေးလိုက်သည်။

“ချန်းရှန့်၊ မင်းတို့အတန်းကကျောင်းသားတစ်ယောက် တကယ်ခုန်ချသွားတာလား၊ သေသွားပြီလား”

ယဲ့ချန်းရှန့်: “သေတော့ မသေပါဘူး၊ ဒါပေမယ့် ဒဏ်ရာရသွားတာတော့ သေချာတယ်၊ အခု ဆေးရုံတင်ပေးလိုက်ကြပြီ၊ အခြေအနေဘယ်လိုရှိလဲတော့ မသိရသေးဘူး”

ယဲ့ရှောင်ရှောင်: “ဘယ်လိုဖြစ်ရလဲ”

ယဲ့ချန်းရှန့် သက်ပြင်းချလိုက်သည်။

“ဒီနေ့ ညနေခင်းကိုယ်ပိုင်စာကြည့်ချိန်မှာ အတန်းထဲ နည်းနည်း ဆူညံသွားတာကို ချမ့်ဖန်ဖန်က ငါတို့ကို အကြိမ်ကြိမ်ဆူတယ်၊ ပြီးတော့ ငါတို့အတန်းထဲက လီယွင်ကို နာမည်ပြီး တပ်ဝေဖန်တော့တာပဲ၊ ပထမတော့ လီယွင် ဘာမှ မပြောခဲ့ပေမယ့် ရုတ်တရက်ကြီး ပြူတင်းပေါက်ကနေ ခုန်ချသွားတယ်”

“တကယ်တော့ လီယွင်က အနေအေးပြီး စာလည်းတော်ပါတယ်၊ အမှားကြီးကြီးမားမား မလုပ်ဖူးဘူး၊ ဒါပေမယ့် ချမ့်ဖန်ဖန်က သူ့ကိုဆို အမြဲတမ်း ပစ်မှတ်ထားပြီး အနိုင်ကျင့်တယ်”

ယဲ့ချန်းယွမ်: “လီယွင်တို့မိသားစုက ဆင်းရဲလို့နေမှာပေါ့! သူ့အဆင့်ကလည်း မင်းတို့တစ်တန်းလုံးနဲ့ ယှဉ်လိုက်ရင် သိပ်မကောင်းဘူးလေ၊ ချမ့်ဖန်ဖန်ကို ဘောနပ်စ်ရအောင်လုပ်မပေးနိုင်သလို ဂုဏ်ရှိအောင်လည်း လုပ်မပေးနိုင်လို့ အဲ့လို ပစ်မှတ်ထားတာနေမှာပေါ့”

မြောင်စွေ့ဖန်းက ကလေးများကို ထိုအကြောင်း ထပ်မပြောတော့ရန် တားဆီးလိုက်သည်။

“ကဲပါကဲပါ ဘာမှထပ်မပြောကြနဲ့တော့၊ အဲ့ကလေး ဘေးကင်းပါစေလို့ပဲ ဆုတောင်းရမှာပေါ့၊ အဲ့ကိစ္စကြောင့် နင်တို့လည်း စိတ်အနှောင့်အယှက် မဖြစ်စေနဲ့”

ထိုအကြောင်းဆက်မပြောကြတော့သော်လည်း အားလုံး၏ စိတ်ထဲတွင်မူ မသက်မသာ ဖြစ်နေကြဆဲပင်။

နောက်တစ်နေ့ ကျောင်းတွင် ထိုကိစ္စကိုမပြောဖို့ အတန်းပိုင် ဆရာမများက ကျောင်းသားများအား တားမြစ်ထားသော် လည်း ကျောင်းသားများကမူ မနေနိုင်ကြပေ။

“ချမ့်ဖန်ဖန်ကို တာဝန်ကနေ ခေတ္တဆိုင်းငံ့ထားလိုက်ပြီတဲ့”

“ကျောင်းသားတစ်ယောက်ကို အဆောက်အဦးပေါ်က ခုန်ချသွားလောက်တဲ့အထိ ဖိအားပေးခဲ့တာကို ခေတ္တဆိုင်းငံ့ရုံပဲလား၊ ချက်ချင်းအလုပ်ထုတ်ပစ်သင့်တာပေါ့!”

“ချမ့်ဖန်ဖန်ကို ပိုင်ချွမ်အမှတ်(၁) အထက်တန်းကျောင်းကနေ ထုတ်ပယ်ပေးဖို့ ငါတို့ ဆန္ဒသွားပြရမယ်!”

“အမှန်ပဲ! ကျောင်းအုပ်ကြီးကို အတူတူသွားတွေ့ကြရအောင်”

မည်သည့်အတန်းက စတင်လိုက်မှန်းမသိသော်လည်း ကျောင်းအုပ်ကြီးထံသို့ ရောက်ရှိလာသူများ ပိုပိုပြီးများပြားလာခဲ့ပါသည်။

စာမေးပွဲဖြေဖို့ အလွန်နီးကပ်နေသည့်အချိန်တွင် ဤကဲ့သို့ ဖြစ်ရပ်မျိုးဖြစ်လာသဖြင့် ကျောင်းအုပ်ကြီး ယွီသဲ့ရွှေ့မှာ အလွန်ပင် စိုးရိန်ပူပန်နေရသည်။

ကျောင်းသားများကပါ ဆန္ဒထုတ်ဖော်လာခဲ့သဖြင့် မီးလောင်ရာ လေပင့်သလိုဖြစ်ကာ ပြဿနာမှာ ပိုပိုကြီးမားလာခဲ့ပါသည်။

နောက်ဆုံးတွင်မူ မည်မျှအားကောင်းသည့် မိသားစုနောက်ခံရှိနေပါစေ ချမ့်ဖန်ဖန်အား အလုပ်ထုတ်ပစ်လိုက်ဖို့သာ ယွီသဲ့ရွှေ့ ဆုံးဖြတ်လိုက်တော့သည်။

သို့မှသာ ဤပြဿနာကို ပြေလည်အောင်ဖြေရှင်းနိုင်ပါလိမ့် မည်။

📗 Chapter 64

“သတင်းကောင်းဟေ့၊ ချမ့်ဖန်ဖန်ကို ကျောင်းက ထုတ်ပစ်လိုက်ပြီတဲ့”

“လာကြည့်ကြစမ်း! အဲ့ဒီကိစ္စ သတင်းစာထဲမှာတောင် ပါလာတယ်”

ပိုင်ချွမ်အမှတ်(၁) အထက်တန်းကျောင်းမှ ဆရာမတစ်ဦး၏ အပြင်းအထန် ဖိအားပေးမှုကြောင့် အဆောက်အဦးပေါ်မှ ကျောင်းသားတစ်ဦး ခုန်ချသွားသည့် သတင်းနှင့် ကျောင်း သားကျောင်းသူများ၏ ဆန္ဒထုတ်ဖော်မှုများအကြောင်း ဖော်ပြထားသည့် သတင်းစာအား အားလုံး စုပြုံကြည့်လိုက်ကြပါသည်။

လွန်ခဲ့သည့် ၇ နှစ် ၈ နှစ်ခန့်ကလည်း ထိုကဲ့သို့ ဖြစ်ရပ်များ ဖြစ်ခဲ့ဖူးသည်။

သို့သော် ‘လေးဦးဂိုဏ်း’ အမြစ်ပြတ်ချေမှုန်းခံရပြီးသည့် နောက် ကျောင်းသားများ စုပေါင်းဆန္ဒပြသည်ကို မည်သူမှ မမြင်ဖူးကြတော့ပေ။။

ထို့ကြောင့် ယခုကိစ္စမှာ ပြည်နယ်အဆင့် ခေါင်းဆောင်ပိုင်းများအထိပင် ရိုက်ခတ်သွားခဲ့သည်။

ယခုရက်ပိုင်းအတွင်း ကျောင်းအုပ်ကြီး ယွီသဲ့ရွှေ့၏ ရုံးခန်းထဲရှိ ဖုန်းမှာ မပြတ်တမ်း မြည်နေခဲ့သည်။

အခြေအနေများ ပိုမိုမဆိုးရွားလာမီ ချမ့်ဖန်ဖန်ကို အလုပ် ထုတ်ပစ်လိုက်ခြင်းမှာ မှန်ကန်သည့် ဆုံးဖြတ်ချက်ဟုပင် သူခံစားလာရပါပြီ။

“စိတ်ချပါ ခေါင်းဆောင်ကြီး၊ ခုန်ချသွားတဲ့ ကျောင်းသားကို အချိန်မီ ဆေးရုံပို့ပေးနိုင်ခဲ့ပါတယ်၊ နောက်ပိုင်း ဆေးကုသမှု စရိတ်တွေအတွက်လည်း ကျောင်းက တာဝန်ယူသွားပေးသွားမှာပါ၊ အဲ့ဒီကျောင်းသား နောက်တစ်နှစ် ကျောင်းပြန်တက်ချင်တယ်ဆိုရင် ကျွန်တော်တို့ ပိုင်ချွမ်အမှတ်(၁) အထက်တန်းကျောင်းက ကျောင်းစရိတ်အပါအဝင် ကျန်စရိတ်အားလုံးကို ကင်းလွတ်ခွင့်ပေးပါ့မယ်၊ ပြစ်မှုကျူးလွန်တဲ့ ဆရာမကိုလည်း ကျောင်းက ထုတ်ပယ်ပစ်လိုက်ပါပြီ၊ နောက်တစ်ခါ ဒီလိုထပ်မဖြစ်ရလေအောင် ပညာရေးဝန်ထမ်းအားလုံးကို အစည်းအဝေးခေါ်ပြီး ကျွန်တော်ပညာပေးထားပါတယ် ခေါင်းဆောင်ကြီး”

ဖုန်းတစ်ဖက်မှ ခေါင်းဆောင် ညွှန်ကြားချက်အချို့ ထပ်ပေးပြီးခါမှ ယွီသဲ့ရွှေ့တစ်ယောက် ရင်တုန်ပန်းတုန်ဖြင့် ဖုန်းချနိုင်တော့သည်။

နောက်ဆုံးတော့ ချမ့်ဖန်ဖန်ရှာခဲ့သည့် ပြဿနာပြီးဆုံးသွားခဲ့ပါပြီ။

မကြာမီမှာပင် နှစ်စဉ်ကျင်းပမြဲဖြစ်သော တက္ကသိုလ်ဝင်စာမေးပွဲ စတင်ခဲ့သည်။

မီဒီယာများ၏ အာရုံစိုက်မှုမှာလည်း ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲထံသို့ ချက်ချင်းပင် ရောက်ရှိသွားခဲ့ပါသည်။

ဇူလိုင်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ စာမေးပွဲကို သုံးရက်တိုင်တိုင် ကျင်းပခဲ့သည်။

စာမေးပွဲဘာသာရပ်များမှ တရုတ်ဘာသာ၊ သင်္ချာ၊ အင်္ဂလိပ်၊ ရူပဗေဒ၊ ဓာတုဗေဒ၊ နိုင်ငံရေး၊ သမိုင်နှင့်၊ ပထဝီဝင်တို့ ပါဝင်ကြသည်။

မူလတွင် အင်္ဂလိပ်စာရမှတ်မှာ စုစုပေါင်းရမှတ်၏ ၃၀ ရာခိုင်နှုန်းသာ ရှိသော်လည်း ၁၉၈၃ ခုနှစ်မှ စတင်၍ အမှတ် ၁၀၀ အထိ တိုးမြှင့်သတ်မှတ်လိုက်သည်။

ကျေးလက်မှလာသည့် ကလေးများအတွက်မူ ထိုဘာသာကို လေ့လာရသည်မှာ ပို၍ပင် ခက်ခဲလာခဲ့ပါသည်။

သို့သော် အင်္ဂလိပ်စာဟူသည်မှာ ယဲ့ရှောင်ရှောင်အတွက်တော့ အမှတ်အလကားရသည့် ဘာသာရပ်ဖြစ်သည်။

အခြားသော ဘာသာရပ်များအနက် ဝိဇ္ဇာနှင့် သမိုင်းဘာသာ ရပ်များတွင်သာ သူမ အနည်းငယ် အားနည်းသည်။

ယဲ့ရှောင်ရှောင်လာခဲ့သည့် ခေတ်ကာလတွင် သိပ္ပံနှင့် ဝိဇ္ဇာဟူ၍ ခွဲခြားထားသော်လည်း ဤနေရာတွင်မူ ထိုမူဝါဒကို မကျင့်သုံးသေးပေ။

၁၉၈၇ ခုနှစ်လောက် ရောက်ကာမှ သိပ္ပံ/အင်ဂျင်နီယာနှင့် ဝိဇ္ဇာ/သမိုင်းဟူ၍ တရားဝင် ခွဲခြားမည်ဖြစ်သည်။

စာမေးပွဲမဖြေမီညတွင် မိုးလေးတဖွဲဖွဲ ရွာသွန်းသဖြင့် ရာသီဥတုမှာ အေးမြနေခဲ့ပါသည်။

နောက်တစ်နေ့မနက် စာမေးပွဲဖြေဆိုရမည့်အချိန်ကို ရောက်သည့်တိုင်အောင် မြေပြင်ပေါ်တွင် မိုးရေများနှင့် စိုစွတ်နေဆဲဖြစ်သည်။

ယဲ့ရှောင်ရှောင် ဖြေဆိုရမည့် စာစစ်ဌာနမှာ ပိုင်ချွမ်အမှတ်(၁)အထက်တန်းကျောင်းတွင်သာဖြစ်၍ သွားရလာရ အဆင်ပြေပါသည်။

သူမသည် ကျောင်းဝင်းထဲသို့ တစ်လှမ်းချင်းလျှောက်လှမ်းကာ စာမေးပွဲအခန်းကို ရှာဖွေခဲ့သည်။ စာမေးပွဲ ဖြေဆိုနေစဉ် အချိန်အတွင်းမှာလည်း သူမ အလွန်စိတ်တည်ငြိမ်နေခဲ့ပါသည်။

ယဲ့ရှောင်ရှောင်သည် ဤကမ္ဘာသစ်တွင် လုံးဝ အသားကျနေခဲ့လေပြီ။

သုံးရက်တာ စာမေးပွဲကာလမှာ အလျင်အမြန်ပင် ကုန်လွန် သွားခဲ့သည်။

နောက်ဆုံးစာမေးပွဲအား ဖြေဆိုပြီးဆုံးသောအခါ ယဲ့ရှောင်ရှောင်သည် ကျောင်းဝင်းထဲမှ တည်တည်ငြိမ်ငြမ် ထွက်လာခဲ့သည်။

သူမဘေးရှိ လူငယ်များမှာမူ သူတို့၏ ငယ်ဘဝအပိုင်းအခြားတစ်ခု အဆုံးသတ်သွားသည့်အလား ကျောင်းတံခါးဝမှ အပြေးအလွှား ထွက်ခွာနေကြသည်။

စာမေးပွဲပြီးဆုံးသွားပြီဖြစ်၍ ယဲ့ရှောင်ရှောင် ငှားထားသည့် တိုက်ခန်းကို ပြန်အပ်ရတော့မည်ဖြစ်သော်လည်း စာမေးပွဲ အောင်စာရင်းလာကြည့်ဖို့ လိုအပ်သေးသဖြင့် နောက်တစ်လ ထပ်မံ ငှားရမ်းခဲ့ပါသည်။

ရလဒ်ကမည်သို့ပင်ဖြစ်စေကာမူ အားလုံး စိတ်အေးနိုင်ပါပြီ။

ယဲ့ချန်းယွမ်နှင့် ယဲ့ချန်းရှန့်တို့မှာ ပိုင်ချွမ်ရွာသို့ပြန်ဖို့ ပစ္စည်းများ ထုပ်ပိုးသိမ်းဆည်းနေကြလေပြီ။

ယခုအခေါက် အိမ်ပြန်ပြီးလျှင် အလောတကြီးပြန်လာဖို့မလိုအပ်ဘဲ အချိန်ကြာကြာ နေနိုင်ပါတော့မည်။

ယဲ့ရှောင်ရှောင်သည် မြောင်စွေ့ဖန်းအတွက် အံ့အားသင့်စရာ လက်ဆောင်တစ်ခု ပြင်ဆင်ထားသည်။

ယခင်က သူမ ဝယ်ယူဖို့ အစီအစဉ်ရှိခဲ့သည့် အပ်ချုပ်စက်ပင် ဖြစ်သည်။

အပ်ချုပ်စက်များသည် ဆိုင်များတွင်ပင် ရောင်းချလေ့မရှိသော ရှားပါးပစ္စည်းတစ်ခုဖြစ်သောငြား ဝမ်ယင့်၏ အကူ အညီဖြင့် ယဲ့ရှောင်ရှောင် ဝယ်ယူနိုင်ခဲ့သည်။

ဝမ်ယင်၏ အမေဖြစ်သူမှာ အထည်စက်ရုံမှ ခေါင်းဆောင်တစ်ဦးဖြစ်၍ အပ်ချုပ်စက်များဝယ်ယူနိုင်သည့် လမ်း ကြောင်းအချို့ ရှိပါသည်။

ထို့အပြင် ယဲ့ရှောင်ရှောင်သည် ယခင်က ဝမ်ယင်အား ကူညီပေးခဲ့ဖူးသဖြင့် သူမ အမေမှာ ယဲ့ရှောင်ရှောင်ကို အလွန်သဘောကျနေပြီး မဆိုင်းမတွ ပြန်လည်ကူညီပေးခဲ့သည်။

အပ်ချုပ်စက်ကို အထည်စက်ရုံမှ သယ်ယူပို့ဆောင်ရေး အလုပ်သမားများက ပို့ဆောင်ပေးခဲ့ကြပါသည်။

“အမေ သမီးဘာဝယ်လာလဲ ထွက်ကြည့်ပါဦး!”

အိမ်ဝင်းထဲရောက်သောအခါ ယဲ့ရှောင်ရှောင်က လှမ်းအော်လိုက်လေသည်။

မြောင်စွေ့ဖန်းမှာ အိမ်ရာခင်းများကို လျှော်ဖွပ်တိုက်ချွတ်ရန်အတွက် အိမ်သို့ပြန်လည်ယူဆောင်သွားဖို့ ပြင်ဆင်နေသည်။

ယဲ့ရှောင်ရှောင်၏ခေါ်သံကိုကြားသောအခါ ပြူုတင်းပေါက်မှ ခေါင်းပြူကြည့်လိုက်လေသည်။

ယဲ့ရှောင်ရှောင်က လက်ပြကာ လှမ်းခေါ်သည်။

“အောက်ဆင်းခဲ့ အမေ!”

မြောင်စွေ့ဖန်း အောက်ထပ်သို့ ဆင်းလာပြီး ကတ္ထူစက္ကူပုံးကြီးကို ဖွင့်ကြည့်လိုက်သောအခါ အထဲကပစ္စည်းကိုမြင်ပြီး ပါးစပ်ကိုလက်ဖြင့် အုပ်လိုက်ရသည်။

“ဘုရားရေ! ဒါကို သမီးဝယ်ထားတာလား ရှောင်ရှောင်”

“ဟုတ်တယ်အမေ၊ အဝတ်အစားပဲချုပ်ချုပ် တခြားဘာပဲချုပ်ချုပ် အမေ့အတွက် ပိုလွယ်ကူအောင်လေ”

မြောင်စွေ့ဖန်းမှာ ပျော်လည်းပျော်သလို အားလည်းအားနာနေပါသည်။

“အပ်ချုပ်စက်ဆိုတာ ဈေးအရမ်းကြီးတယ် မဟုတ်ဘူးလား”

ယဲ့ရှောင်ရှောင်: “သမီးက မိတ်ဆွေတစ်ယောက်ရဲ့ အကူအညီနဲ့ ဝယ်ထားတာပါ၊ ဆိုင်တွေမှာရောင်းတဲ့ ပုံမှန်ဈေးထက် သက်သာတယ်”

မြောင်စွေ့ဖန်းသည် အပ်ချုပ်စက်ကို လက်ဖြင့် တယုတယ ပွတ်သပ်ရင်း ဆိုလိုက်သည်။

“ရှောင်ရှောင်… အမေတို့အိမ်ကို သမီးရောက်လာကတည်းက အမေတို့မိသားစု သမီးကို ဘာမှမပေးနိုင်ခဲ့ဘူး၊ သမီးဘက်ကပဲ ငွေတွေထုတ်သုံးနေရတယ်၊ အမေတို့ တော်တော် အသုံးမကျတာပဲ…”

ယဲ့ရှောင်ရှောင်: “အဲ့လိုမပြောပါနဲ့၊ သမီးအပေါ် အမေဘယ် လောက်ကောင်းလဲ သမီးသိပါတယ်၊ သမီးလည်း သမီးတို့မိသားစုကို ပြည့်စုံတဲ့ဘဝနဲ့ နေစေချင်တယ်၊ အခုအပ်ချုပ် စက်နဲ့ဆိုရင် အမေကော ယောင်းမကော အလုပ်လုပ်ရတာ ပိုသက်သာသွားမယ်လေ”

ယဲ့ချန်းယွမ်နှင့် ယဲ့ချန်းရှန့်တို့လည်း အိမ်ထဲမှပြေးထွက်လာကြသည်။

“ငါတို့မိသားစုမှာ အပ်ချုပ်စက်ပိုင်သွားပြီပေါ့!”

စွန်းယွီကျန်းကလည်း အပေါ်ထပ်မှ ခေါင်းပြူထွက်ကာ လှမ်းပြောလိုက်သည်။

“အိမ်အတွက် အသုံးဝင်တဲ့ ပစ္စည်းတစ်ခုရလိုက်တာပဲ၊ အားကျဖို့ကောင်းလိုက်တာနော်!”

ယဲ့ရှောင်ရှောင်က မြောင်စွေ့ဖန်းအား တိုက်တွန်းသည်။

“အမေ၊ အပ်ချုပ်စက်က ကောင်းကောင်းအလုပ်လုပ်လား စမ်းကြည့်ရအောင်”

မြောင်စွေ့ဖန်း: “ဒီမှာ ပိတ်စမှမရှိတာ”

ယဲ့ရှောင်ရှောင်: “ရှိပါတယ်၊ သမီးရှာပေးမယ်၊ အရင်တစ်ခေါက်က ဒုတိယအစ်မယူလာပေးတဲ့ ပိတ်စအပိုင်းအပြတ်တွေ အများကြီးရှိသေးတယ်”

ပိတ်စအပိုင်းအပြတ်များကလည်း အသုံးဝင်ပါသည်။ အချို့သူများဆိုလျှင် ပိတ်စအပိုင်းအပြတ်များဖြင့် ချုပ်လုပ်ထားသည့် အဝတ်အစားများကိုသာ ဝတ်ဆင်ကြရသည်။

ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့နှစ်ဦးက အပ်ချုပ်စက်ကို အိမ်ထဲသို့ သယ်ပေးခဲ့ကြသည်။

မြောင်စွေ့ဖန်းသည် အပ်ချည်နှင့် ပိတ်စအပိုင်းအပြတ်များကို ယူကာ အပ်ချုပ်စက်၏ တဒပ်ဒပ်မြည်သံနှင့်အတူ အဝတ် အစားများကို စတင်ချုပ်လုပ်တော့သည်။

မြောင်စွေ့ဖန်းမှာ ယခင်ကလည်း အပ်ချုပ်စက် အသုံးပြုဖူးသဖြင့် အသားကျမြန်ခဲ့ပါသည်။ သူမလက်ထဲမှ ပိတ်စအပိုင်းအပြတ်များမှာ စက္ကန့်ပိုင်းအတွင်း တစ်ခုတည်းအဖြစ်ပေါင်းစည်းသွားခဲ့တော့သည်။

“အပ်ချုပ်စက်နဲ့ဆို တကယ်ပိုမြန်တာပဲ”

အပ်ချုပ်စက်တစ်လုံး ရလိုက်ပြီဖြစ်၍ မြောင်စွေ့ဖန်း အလွန်ပျော်ရွှင်နေပါသည်။

အပ်ချုပ်စက်ကို အသုံးပြုလျက် မိသားစုဝင်များအတွက် အဝတ်အစားများ အရင်ဆုံး ချုပ်လုပ်ပေးဖို့ မြောင်စွေ့ဖန်း ဆုံးဖြတ်လိုက်သည်။ သို့သော် ပိတ်စများကိုတော့ သူမဖာသာ သွားဝယ်ရလိမ့်မည်။

ရှောင်ရှောင်ကို ခေါ်သွားပါက သူမအတွက် ပိုက်ဆံထုတ်ရှင်းပေးမှာကို စိတ်ပူခြင်းကြောင့်ဖြစ်သည်။

မြောင်စွေ့ဖန်း: “ဒါကိုအိမ်ပြန်သယ်ဖို့ မလွယ်လောက်ဘူးနော်”

ယဲ့ရှောင်ရှောင်: “မနက်ဖြန် မြို့ထဲမှာ ငှားစရာယာဉ်တစ်ခုခုရှိမလား သမီးသွားကြည့်လိုက်မယ်၊ အမေတို့အားလုံးကို အတူတူပြန်ပို့လို့ရတာပေါ့”

မြောင်စွေ့ဖန်း: “သမီးက အိမ်မပြန်ဘူးလား”

ယဲ့ရှောင်ရှောင်: “ပြန်မှာပါ၊ ဒါပေမယ့် သမီးဆရာကြီးဆီ အရင်သွားရဦးမယ်၊ အရင်က စာမေးပွဲရှိလို့ ဆရာကြီးက သမီးကို ဆေးဆိုင်မှာလာမကူခိုင်းဘူး၊ ဒါပေမယ့် လစာတော့ ပုံမှန်ပေးတယ်၊ အခုစာမေးပွဲလည်း ပြီးသွားပြီ၊ အားလည်း အားသွားပြီဆိုတော့ သမီးသူ့ကို နည်းနည်းပါးပါး သွားကူညီပေးသင့်တာပေါ့”

မြောင်စွေ့ဖန်းက ခေါင်းညိတ်သည်။

“အဲ့လိုတွေးတာ ကောင်းပါတယ်၊ အမေတို့အပေါ်ကောင်းတဲ့လူတွေကို အမေတို့ဘက်ကလည်း ထပ်တူ ပြန်ကောင်းပေးရမယ်၊ သမီးဆရာဆီမှာ သမီးဆေးပညာသင်ယူနေတာကိုလည်း အမေဝမ်းသာပါတယ်”

မြောင်စွေ့ဖန်းသည် ကလေးများကို အိမ်မှာနေခဲ့ဖို့ မှာကြားပြီး ပစ္စည်းအချို့ဝယ်ယူဖို့ အပြင်ထွက်သွားခဲ့ပါသည်။

ယဲ့ရှောင်ရှောင်က လိုက်မည်ဟု ဆိုသော်လည်း သူမ ငြင်းခဲ့သည်။

“အမေက ဘာသွားဝယ်တာလဲ”

ယဲ့ချန်းရှန့် ခေါင်းခါလိုက်သည်။

“ငါလည်း မသိဘူး”

ယဲ့ရှောင်ရှောင်လည်း ထပ်မမေးတော့ပေ။

နောက်တစ်နေ့မနက်တွင် ယဲ့ရှောင်ရှောင်သည် ကောင်တီမြို့ထဲရှိ ထွန်စက်တစ်စီးကို ရှာတွေ့ခဲ့ပါသည်။

ပိုင်ချွမ်ရွာသို့ တိရိစ္ဆာန်အစာသွားပို့မည့် ထွန်စက်ဖြစ်ရာ သူတို့အတွက် လမ်းကြုံလိုက်ဖို့ အဆင်ပြေနိုင်သည်။

သို့သော် အခမဲ့ စီးနိုင်မည် မဟုတ်ဘဲ ကုန်ပစ္စည်းများသယ်ယူဖို့အတွက် ဈေးပိုပေးရလိမ့်မည်။

ထွန်စက်ပေါ်မတက်မီ မြောင်စွေ့ဖန်းသည် ယဲ့ရှောင်ရှောင်၏ လက်ကိုကိုင်ကာ သေချာ မှာကြားလိုက်ပါသည်။

“ရှောင်ရှောင်၊ နှစ်ရက်လောက်ပဲနေပြီး အိမ်ပြန်လာခဲ့နော်၊ သမီးအစ်ကိုကြီးကို လာကြိုခိုင်းလိုက်မယ်”

ယဲ့ရှောင်ရှောင်: “ဟုတ်ကဲ့”

ယဲ့ရှောင်ရှောင်မှာ စုန့်လင်မြို့သို့ သွားရမည့်လူဖြစ်၍ ပိုင်ချွမ်ရွာကို သွားရမည့်လူများထက် ပိုလွယ်ကူပါသည်။

ထွန်စက်ပေါ်တွင်လည်း နေရာလွတ်မရှိတော့သဖြင့် သူမ လိုက်မသွားခဲ့ပေ။

မြောင်စွေ့ဖန်းတို့ ထွက်ခွာသွားသောအခါ ယဲ့ရှောင်ရှောင်သည် အနောက်ဘက်မှ ကားဟွန်းသံတစ်သံကို ကြားလိုက်ရလေသည်။

‘ဪ… အခမဲ့ ဒရိုင်ဘာ ရောက်လာပြီပဲ”

ထိုကားဆီသို့ ယဲ့ရှောင်ရှောင် လျှောက်လာစဉ် ကားပြူတင်းမှန်ကျသွားပြီး လုဟန်ချွမ်၏ထက်မြက် ခံ့ညားသော ရုပ်သွင်က အထင်းသားပေါ်လာလေသည်။

All Chapters