အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
📗 Chapter 67
ဤကဲ့သို့ အရေးကြီးလှသော ကိစ္စမျိုးအတွက် ယဲ့မိသားစုတစ်စုလုံးကို အသိပေးရမည်မှာ မလွဲဧကန်ပင်။
ယဲ့ကျန်းကော်သည် လုဟန်ချွမ်အား မျက်နှာတည်ဖြင့် အကဲခတ်လိုက်သည်။
ရှောင်ရှောင်ထက် အသက် ၅ နှစ် ပိုကြီးနေရုံမှအပ အခြား ပြစ်ချက်တစ်ခုမှ ရှာမတွေ့နိုင်ပါ။
ထို့အပြင် ရှောင်ရှောင် ပြောခဲ့သလိုပင် သူတို့နှစ်ဦးမှာ မြို့တော်ရှိ စစ်တပ်ဝင်းထဲတွင် အတူတူကြီးပြင်းလာခဲ့ကြသူများဖြစ်သည်။
ထို့ကြောင့် ရှောင်ရှောင်သည် ယဲ့မိသားစုထက်ပင် လုဟန်ချွမ်ကို ပိုမိုရင်းနှီးနေနိုင်ပါသည်။
ယဲ့ချန်းကော်သည် လုဟန်ချွမ်အား အခန်းတစ်ခန်းထဲသို့ ခေါ်သွားပြီး အချိန်အတော်ကြာအောင် သီးသန့်စကားပြောခဲ့သည်။
ယဲ့ရှောင်ရှောင်မှာ အခြားမိသားစုဝင်များနှင့် စကားပြောရင်း ကျန်ရစ်ခဲ့စဉ် ဖခင်ဖြစ်သူ သဘောမတူမည်ကို အနည်းငယ် စိတ်ပူနေမိပါသည်။
သူမသည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားနေရသော်လည်း ဤခေတ်ကာလ၌ လက်ဆောင်ပစ္စည်းများစွာဖြင့် အိမ်ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခြင်းသည် တရားဝင် စေ့စပ်ကြောင်းလမ်းခြင်းနှင့် အလားသဏ္ဌာန်တူသည်ကို သူမ မသိခဲ့ပေ။
ယဲ့ချန်းရှန့်က ယဲ့ရှောင်ရှောင်ကို မေးမြန်းလိုက်ပါသည်။
“ဒါ နင့်ကိုယ်ပိုင် ဆန္ဒဟုတ်ရဲ့လား”
သူတို့ ပထမဆုံးအကြိမ် စတင်တွေ့ဆုံစဉ်ကတည်းက ရှောင်ရှောင့်ကို ကြည့်သည့် လုဟန်ချွမ်၏ အကြည့်မှာ တစ်စုံတစ်ခု မူမမှန်သည်ကို ယဲ့ချန်းရှန့် ရိပ်စားမိခဲ့ပါသည်။
ထို့အပြင် ရှောင်ရှောင်ကလည်း ထိုအချိန်တုန်းက သူတို့နှစ်ယောက် ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိဟု အသေအချာ ပြောခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့် သူတို့နှစ်ယောက် တွဲနေကြသည်ဟု ရုတ်တရက်ကြီး ဆိုလာခြင်းမှာ သံသယဖြစ်စရာ ကောင်းလွန်းနေပါသည်။
ယဲ့ရှောင်ရှောင်ကလည်း မိသားစုထဲတွင် အထက်မြက်ဆုံးမှာ စတုတ္ထအစ်ကိုဖြစ်မှန်း သိနေပါသည်။
အဖေနှင့် အမေတို့က ဘာမှသံသယမဖြစ်ကြသော်လည်း ယဲ့ချန်းရှန့်ကမူ ထိုအတိုင်းအတာအထိ စဉ်းစားနိုင်စွမ်း ရှိသည်။ ထို့ကြောင့် ယဲ့ရှောင်ရှောင် အားကြိုးမာန်တက် ခေါင်းညိတ်ပြလိုက်ရပါသည်။
“ဟုတ်တာပေါ့၊ သမီးဆန္ဒပါ”
ယဲ့ချန်းရှန့်: “သူ့ကို ဘာကြည့်ပြီးကြိုက်တာလဲ”
ယဲ့ရှောင်ရှောင် လွှတ်ခနဲပြောလိုက်သည်။
“သူက ရုပ်ချောတယ်လေ”
ယဲ့ချန်းရှန့်လည်း ဘာမှ ဆက်မမေးတော့ပေ။ အနည်းဆုံးတော့ ထိုစကားက ရင်ထဲမှလာပုံရသည်။
စကားပြောပြီးနောက် ယဲ့ကျန်းကော်သည် လုဟန်ချွမ်ကို အပြင်သို့ ပြန်လွှတ်ပေးလိုက်ပါသည်။
ယဲ့ကျန်းကော်: “ရှောင်ရှောင်၊ လက်ဆောင်ပစ္စည်းတချို့ယူပြီး ဦးလေးတို့အိမ်ကို သွားလိုက်ဦး၊ အဘိုးနဲ့အဘွားတို့ကိုပါ သွားတွေ့လိုက်”
ယဲ့ရှောင်ရှောင်: “ဟုတ်ကဲ့”
လုဟန်ချွမ်သည် လက်ဆောင်ပစ္စည်းများ ဝယ်စဉ်ကပင် ယဲ့ရှောင်ရှောင်၏ ဦးလေးတို့ မိသားစုအတွက်ပါ တစ်ခါတည်း တွက်ချက် ဝယ်ယူခဲ့ပါသည်။
ဦးလေးအိမ်သို့ သွားရာလမ်းတွင် ယဲ့ရှောင်ရှောင်က မေးလိုက်သည်။
“ကျွန်မအဖေနဲ့ ဘာတွေပြောခဲ့တာလဲ”
လုဟန်ချွမ်: “ဘာမှမဟုတ်ပါဘူး၊ ဒီတိုင်း ငါ့မိသားစုအခြေအနေကို မေးတာ”
ယဲ့ကျန်းကော်က သူ့မိသားစုအကြောင်းကို အသေးစိတ် စုံစမ်းမေးမြန်းခဲ့ကြောင်းနှင့် သူတို့နှစ်ဦး တွဲနေစဉ် ကာလအတွင်း စောင့်ထိန်းရမည့် စည်းကမ်းချက်များကို တင်းကျပ်စွာ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း လုဟန်ချွမ် အတိအကျ ပြန်ပြော၍ မဖြစ်ပေ။
ရှောင်ရှောင်မှာ အသက် ၁၈ နှစ်သာ ရှိသေးသဖြင့် သူ့မျက်လုံးထဲတွင် ကလေးတစ်ယောက်သာ ဖြစ်သည်။ နောက်တစ်ဆင့် မတက်မီ အနည်းဆုံး ၂ နှစ်လောက် ထပ်စောင့်သင့်ပါသည်။
ယဲ့ရှောင်ရှောင်ကလည်း သံသယမကင်းခဲ့ပေ။
ယဲ့ကျမ့်ယဲ့၏ အိမ်သို့ ရောက်ရှိသောအခါ ယဲ့ကျမ့်ယဲ့နှင့် လီကွေ့လန်တို့ လင်မယားနှစ်ဦးစလုံး သူမအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြပါသည်။
လုဟန်ချွမ်ကဲ့သို့ လက်တွဲဖော်မျိုးသည် အလွန်ရှားပါးလှသည် မဟုတ်ပါလား။ ရှောင်ရှောင်သာ ရွာထဲတွင် ဆက်နေထိုင်ခဲ့လျှင် ဤကဲ့သို့ အရည်အချင်းရှိလှသော လူတစ်ယောက်ကို ရွေးချယ်နိုင်မည် မဟုတ်ပေ။
ယဲ့ရှောင်ရှောင်၏ အဘိုးအဘွားနှစ်ဦးစလုံးသည် ငယ်စဉ်က စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်ခဲ့ဖူသူများ ဖြစ်ကြသည်။ လုဟန်ချွမ်မှာ စစ်သားတစ်ဦးဖြစ်ကြောင်း သိလိုက်ရပြီးနောက် မေးခွန်းအချို့ မေးမြန်းခဲ့ကြပါသည်။
ယဲ့ရှောင်ရှောင်၏ အဘွားက ခေါင်းတညိတ်ညိတ်နှင့် စိတ်ကျေနပ်စွာ ဆိုသည်။
“မဆိုးပါဘူးကွယ်၊ ဒီကောင်လေးက တကယ်ရုပ်ချောတာပဲ”
အဘွား ကျန်းစွေ့ယွင်သည် ငယ်စဉ်က အလွန်လှပခဲ့သူဖြစ်ပြီး ရုပ်ချောသူများကိုသာ သဘောကျခဲ့သည်။
စစ်တပ်အတွင်းတွင် ရှိနေစဉ်က ယဲ့ရှောင်ရှောင်၏ အဘိုးဖြစ်သူ ယဲ့ပိုင်ရွှင်းနှင့် ချစ်ကြိုက်မိခဲ့သည်။
စစ်ပွဲပြီးဆုံးသောအခါ လင်မယားနှစ်ယောက် ကလေးများနှင့်အတူ ဇာတိမြေသို့ ပြန်လာပြီး ယခုလို ပျော်ရွှင်ဖွယ်ရာ မိသားစုလေး ဖြစ်လာအောင် အတူတူ တည်ဆောက်ခဲ့ကြပါသည်။
ထို့ကြောင့် လုဟန်ချွမ်ကိုလည်း ကျန်းစွေ့ယွင် အလွန်ပင် စိတ်ကျေနပ်မှု ရှိနေသည်။ မြေးမလေးမှာ သူမလိုပင် အမြင်ရှိလှပေသည်။
လက်တွဲဖော်ရွေးချယ်သည့်အခါ ရုပ်ချောသည့်လူတစ်ယောက်ကို ရွေးချယ်ဖို့လည်း လိုအပ်ပါသေးသည်။ ကျန်းစွေ့ယွင်သည် ခင်ပွန်းဖြစ်သူနှင့် ခိုက်ရန်ဖြစ်ပွားသည့်အချိန်တိုင်း သူ့မျက်နှာကို ကြည့်လိုက်ရုံနှင့် ဒေါသ ပြေသွားတတ်သည်။
ယဲ့ရှောင်ရှောင်က ယဲ့ချန်းယွမ်အား လှမ်းခေါ်လိုက်ပါသည်။
“အစ်ကိုယွမ်၊ သမီးတို့ပြန်လာတာ အစ်ကိုနဲ့ပတ်သတ်တဲ့ကိစ္စတစ်ခုကြောင့်လည်း ပါတယ်”
ယဲ့ချန်းယွမ်က အနည်းငယ် စိုးရိမ်သွားသည်။
“ဟမ် ဘာကိုလဲ”
ယဲ့ရှောင်ရှောင်သည် စောစောက လုဟန်ချွမ်ပေးထားသည့် ထောက်ခံစာကို ထုတ်ပေးလိုက်ပါသည်။
“ဒီနှစ်အတွက် ပိုင်ချွမ်ကောင်တီမြို့ရဲ့ စစ်မှုထမ်းတပ်သားခေါ်ယူမှု ပမာဏက အရမ်းနည်းလွန်းတယ်၊ သမီးတို့ ပိုင်ချွမ်ရွာဆို စာရင်းထဲတောင် မပါဘူး၊ အဲ့တာကြောင့် အစ်ကို စစ်တပ်ထဲဝင်ချင်တယ်ဆိုရင် တခြားနည်းလမ်းရှာမှဖြစ်မှာ၊ ဒါက အစ်ကို့အတွက် လုဟန်ချွမ် ဖန်တီးပေးထားတဲ့ ထောက်ခံစာပါ”
ယဲ့ချန်းယွမ်မှာ စကားတစ်ဝက်တွင် စိုးရိမ်စိတ်ဝင်လာခဲ့သော်လည်း စကားအဆုံးတွင်မူ ရင်ခုန်တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်တစ်ခုကို ကြုံတွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
“အဲ့တာကြောင့် အခုချိန်ထိ ဘာသတင်းမှ မကြားရသေးပါလိမ့်လို့ တွေးနေတာ၊ ကျေးရွာပါတီ အတွင်းရေးမှူးကို သွားမေးကြည့်တော့လည်း ဒီတိုင်းစောင့်နေဖို့ပဲ ပြောလိုက်တယ်”
“ကျေးဇူးတင်ပါတယ် ဗိုလ်မှူးလု”
ယဲ့ချန်းယွမ်မှာ လုဟန်ချွမ်ကို မည်သို့ခေါ်ဆိုရမှန်းပင် မသိတော့ချေ။
လုဟန်ချွမ်က အကြံပြုသည်။
“တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေ ထွက်လာတဲ့အချိန်ထိစောင့်ပြီးမှ အဲ့ဒီစာကိုယူပြီး သွားလျှောက်သင့်တယ်၊ စာမေးပွဲရလဒ်တွေကောင်းရင်တော့ စစ်တက္ကသိုလ်တက်လိုက်တာက ပိုကောင်းတဲ့ရွေးချယ်မှုဖြစ်လိမ့်မယ်”
ယဲ့ချန်းယွမ်လည်း သူ့အကြောင်း သူ နားလည်ပါသည်။
အတန်း (၁) မှ ကျောင်းသားများပင် တက္ကသိုလ်တက်ခွင့်ရချင်မှ ရမည်ဖြစ်ရာ သူ့အတွက်ကတော့ လုံးဝ မျှော်လင့်စရာ မရှိပေ။
မည်သို့ပင်ဆိုစေကာမူ လုဟန်ချွမ်၏ စေတနာသတိပေးစကားအတွက် သူကျေးဇူးတင်မိပါသည်။
ယဲ့ရှောင်ရှောင်သည် မူလက မိသားစုဝင်များ၏ အဆုံးမရှိသော စစ်ဆေးမေးမြန်းမှုများကို ရှောင်ရှားနိုင်ရန်အတွက် လုဟန်ချွမ်နှင့် မိတ်ဆက်ပေးပြီးနောက် မြို့သို့ချက်ချင်းပြန်ရန် စီစဉ်ထားခဲ့သည်။
ထို့အပြင် လုဟန်ချွမ်မှာလည်း ယခုတစ်ခေါက် တာဝန်ထမ်းဆောင်စရာမရှိသဖြင့် ခွင့်ရက်အနည်းငယ်သာ ယူလာခဲ့ခြင်း ဖြစ်သည်။
သို့သော် မြောင်စွေ့ဖန်းက လက်မခံခဲ့ပေ။ ရှောင်ရှောင်ကို ဆွဲခေါ်ကာ သူမ ပြောလိုက်သည်။
“ဒီနေ့ည မိသားစုညစာစားပွဲလေး လုပ်ကြမယ်၊ သမီးရဲ့ အဘိုးအဘွားတွေနဲ့ ဦးလေးတို့မိသားစုကိုလည်း ဖိတ်မယ်၊ သမီးနဲ့ ဗိုလ်မှူးလုတို့ ဒီနေ့ည ဒီမှာပဲအိပ်လိုက်ပြီး မနက်ဖြန်မနက်ကျမှ ပြန်ကြပါလား”
ယဲ့ရှောင်ရှောင်လည်း ရွေးချယ်စရာမရှိဘဲ သဘောတူလိုက်ရပါသည်။
ထိုနေ့ညက အိပ်ရာမဝင်မီ လုဟန်ချွမ် အခြားအခန်းထဲတွင် အနားယူနေစဉ် မြောင်စွေ့ဖန်းက ယဲ့ရှောင်ရှောင်၏ အခန်းသို့ လာရောက်ကာ စကားပြောခဲ့သည်။
“ရှောင်ရှောင်၊ သမီးနဲ့ ဗိုလ်မှူးလုတို့ တွဲနေကြတာ အမေမတားပါဘူး၊ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရမယ်နော်၊ တက္ကသိုလ်တက်နိုင်ရင်တော့ အကောင်းဆုံးပေါ့၊ အဲ့လိုမှ မဟုတ်ရင်လည်း အိမ်ထောင်ပြုပြီး မိသားစုဘဝတစ်ခု မစတင်ခင် အလုပ်ကောင်းကောင်းတစ်ခု ရှာဖွေရမယ်”
မြောင်စွေ့ဖန်းသည် ကျေးလက်ဒေသမှဖြစ်သော်လည်း ပညာတတ်တစ်ဦးဖြစ်ကာ စဉ်းစားဆင်ခြင်ဉာဏ် မြင့်မားပါသည်။
အမျိုးသမီးတစ်ဦးသည် အချိန်တိုင်း ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရမည်ဖြစ်ပြီး အမျိုးသားတစ်ဦးက အရည်အချင်း ရှိနေရုံနှင့် သူ့အပေါ် မှီခိုရန် မစဉ်းစားသင့်ကြောင်း သူမ နားလည်သည်။
မိမိအားကိုးအားထားရသည့် ထိုသစ်ပင်ကြီး မည်သည့်အချိန်တွင် လဲကျသွားမည်ကို မည်သူမှ မမှန်းဆနိုင်ပေ။
“အမေ သမီးနားလည်ပါတယ်၊ သမီးတို့ရဲ့ ဆက်ဆံရေးက အခုမှစတာဆိုတော့ မတည်ငြိမ်သေးပေမယ့် လုဟန်ချွမ်နဲ့ အတူရှိနေရင် သမီးပေကျင်းမြို့ကို သွားတဲ့အခါ အမေတို့ စိတ်ပူစရာမလိုတော့ဘူးပေါ့”
ထိုအချက်ကတော့ မှန်ကန်ပါသည်။ မြောင်စွေ့ဖန်း ခေါင်းညိတ်ကာ ဆိုလိုက်သည်။
“ဟုတ်ပါတယ်လေ၊ ပေကျင်းမြို့ဆိုတာ မွေးရပ်မြေနဲ့ အဝေးကြီးပဲ၊ အဲ့ဒီမှာ သမီးကို စောင့်ရှောက်ပေးမယ့်လူရှိရင် သမီးအဖေနဲ့ အမေတို့လည်း စိတ်အေးရတာပေါ့”
ပေကျင်းမြို့အကြောင်းကို ပြောရသောအခါ မြောင်စွေ့ဖန်းသည် ဟောက်ယန်ယန်၏ အကြောင်းကို အလိုလို တွေးမိသွားပါသည်။
ဟောက်မိသားစု၏ သမီးအရင်းဖြစ်သော ထိုကောင်မလေးမှာ ယခုအချိန်လောက်ဆိုလျှင် သူမ လိုလားသည့်ဘဝမျိုးနှင့် နေထိုင်နေရလောက်ပါပြီ။
ယဲ့ရှောင်ရှောင်: “သမီးပေကျင်းမှာ တက္ကသိုလ်သွားတက်မှာဆိုပေမယ့် နွေရာသီအားလပ်ရက်တွေ၊ ဆောင်းရာသီ အားလပ်ရက်တွေကျရင် ပြန်လာလို့ရပါတယ်၊ ပေကျင်းမြို့မှာ သမီးငွေတွေ အများကြီးရှာပြီးတာနဲ့ အမေတို့အားလုံးကို ခေါ်လိုက်မယ်”
မြောင်စွေ့ဖန်းသည် ယဲ့ရှောင်ရှောင်၏ ခေါင်းလေးကို ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်သည်။
“အမေ့ သမီးလေးက လိမ္မာလိုက်တာ၊ သမီးဖာသာ ပြည့်စုံတဲ့ဘဝတစ်ခုမှာ နေနိုင်ရင်ပဲ မိသားစုက ကျေနပ်နေပါပြီ”
--- -- ---
နောက်တစ်နေ့တွင် ယဲ့ရှောင်ရှောင်သည် နောက်ဆုံးမှ အိပ်ရာနိုးလာခဲ့ပါသည်။
ပုံမှန်ဆိုလျှင် ကျောင်းကိစ္စကြောင့် နေမြင့်သည်အထိ မအိပ်နိုင်ခဲ့သော်လည်း ယခုတော့ စိတ်လွတ်လက်လွတ်ဖြစ်ကာ အိပ်ပျော်သွားမိလေသည်။
အိပ်ရာနိုးလာပြီးနောက် ယဲ့ရှောင်ရှောင် မျက်နှာအရင်သစ်လိုက်ပြီး ခေါင်းဖြီးကာ ယခုအချိန်တွင် ခေတ်မစားသေးသော မင်းသမီးကျစ်ဆံမြီးပုံစံလေး ကျစ်လိုက်ပြီး စိတ်ကျေနပ်စွာဖြင့် အခန်းထဲမှ ထွက်လာခဲ့ပါသည်။
ယဲ့ပေါင်ချန်းလေးမှာ ခြံထဲတွင် ကြက်များလိုက်ဖမ်းနေလေသည်။
ယဲ့ရှောင်ရှောင်ကို မြင်သောအခါ သူအပြေးအလွှားရောက်လာသည်။
“ဒေါ်လေးအိပ်ရာထတာ အရမ်းနောက်ကျတာပဲ! သားတို့က မနက်စာတောင် စားပြီးသွားပြီ၊ ဘွားဘွားက ဒေါ်လေးအတွက် အိုးထဲမှာ ကြက်ဥပေါင်းချန်ထားတယ်တဲ့”
“ပြောပြပေးလို့ ကျေးဇူးပါ ပေါင်ချန်းလေး၊ ဆုချတဲ့အနေနဲ့ ဒေါ်လေးက သကြားလုံးတစ်လုံး ကျွေးမယ်နော်”
ယဲ့ရှောင်ရှောင် လက်ဖြန့်ပြလိုက်ရာ နို့သကြားလုံးလေးတစ်လုံးပေါ်လာသည်။
ယဲ့ပေါင်ချန်းလေး အပျော်လွန်သွားပါသည်။
“ကျေးဇူးတင်ပါတယ် ဒေါ်လေး!”
ယဲ့ရှောင်ရှောင်သည် သူမ၏ မနက်စာများကို အိုးထဲမှ ထုတ်လိုက်သည်။
ကြက်ဥပေါင်းတစ်လုံး၊ ဂျုံပေါင်မုန့်ဖြူနှစ်လုံးနှင့် ဟင်းတစ်ခွက်တို့ဖြစ်သည်။ သူမသည် အိမ်တွင် ကိုယ်လက်လှုပ်ရှားမှု မလုပ်ရသော တစ်ဦးတည်းသောသူဖြစ်သဖြင့် မနက်စာအတွက် ပေါင်မုန့်တစ်လုံးတည်းနှင့်ပင် လုံလောက်လှသည်။
သူမ မနက်စာစားနေစဉ် လုဟန်ချွမ် ဝင်လာလေသည်။
ယဲ့ရှောင်ရှောင်က ပေါင်မုန့်ကိုကိုင်ထားရင်း မေးလိုက်သည်။
“ရှင် ဘယ်သွားနေတာလဲ”
လုဟန်ချွမ် ခုံတစ်လုံးကိုယူကာ သူမနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
“မနက်စာစားပြီး လမ်းလေးဘာလေး ထွက်လျှောက်တာပါ၊ မနေ့ညက ကောင်းကောင်း အိပ်ပျော်ခဲ့ရဲ့လား”
ယဲ့ရှောင်ရှောင်: “ကျွန်မအိမ်မှာ ကျွန်မအိပ်တာ ကောင်း ကောင်းအိပ်ပျော်တာပေါ့”
လုဟန်ချွမ်: “ကိုယ်လည်း ကောင်းကောင်းအိပ်ပျော်တယ်”
ယဲ့ရှောင်ရှောင်: “…”
📗 Chapter 68
ယဲ့ရှောင်ရှောင် စားသောက်ပြီးသောအခါ လုဟန်ချွမ်သည် ပန်းကန်များကို ဆေးကြောပေးခဲ့သည်။
ထိုအချိန်တွင် ယဲ့ရှောင်ရှောင် ပြန်လာမည့်အချိန်ကို တစ်ချိန်လုံး စောင့်မျှော်နေခဲ့သည့် ကျန်းအာ့နီမှာ သုတ်သုတ်ပျာပျာ ရောက်ရှိလာခဲ့ပါသည်။
“နင်ပြောခဲ့သလို ငါ့ကို လှအောင်လုပ်ပေးမယ်ဆိုတာလေ… နင်လိမ်နေတာလား”
ယဲ့ရှောင်ရှောင်က ကျန်းအာ့နီကို ကြည့်ကာပြောလိုက်သည်။
“မလိမ်ပါဘူး”
ကျန်းအာ့နီအား ကိုယ်အလေးချိန် လျော့ကျအောင် ကူညီပေးရန် ဆုံးဖြတ်ထားပြီးသားဖြစ်၍ ယဲ့ရှောင်ရှောင် အချိန်ဆွဲမနေတော့ပေ။
အိမ်ထဲသို့ဝင်ကာ ကျန်းအာ့နီအတွက် ၁၀ ရက်တာ ကိုယ်အလေးချိန် လျှော့ချရေး အစီအစဉ်တစ်ခုကို ရေးဆွဲပေးလိုက်သည်။
“အရင်ဆုံးဒီထဲကအတိုင်း ၁၀ ရက် လိုက်လုပ်ကြည့်၊ ၁၀ ရက်ကြာရင် ငါ့ဆီ ပြန်လာခဲ့”
ကျန်းအာ့နီ စာရွက်ကို ယူဖတ်ကြည့်ပြီးနောက် အာပြဲကြီးနှင့် အော်တော့သည်။
“တစ်နေ့ကို ဒီလောက်လေးပဲ စားရမှာလား၊ ငါ ငတ်သေသွားမှာပေါ့! ပြီးတော့ ပြေးလည်းပြေးရမယ်၊ ကြိုးလည်း ခုန်ရမယ်၊ ဒိုက်လည်းထိုးရမယ်… ဒါဘာတွေလဲဟာ!”
ယဲ့ရှောင်ရှောင် တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေသည်။
“ငါ မသိဘူးမထင်နဲ့နော်၊ နင်အိမ်မှာ ဘာအလုပ်မှလုပ်ရတာမဟုတ်ဘူး၊ ဒါပေမယ့် စားတာကျတော့ လူတိုင်းထက် ပိုစားတယ်၊ နင့်အစာအိမ်ကို ကျုံ့သွားအောင် နည်းနည်းလောက် လျှော့စားခိုင်းနေတာ၊ နောက်မှ လိုတာထပ်ထည့်ပေးမယ်၊ အဲ့ဒီ ၁၀ ရက်လေးကိုတောင် သည်းမခံနိုင်ဘူးဆိုရင်တော့ လှလာဖို့ မစဉ်းစားနဲ့တော့”
ကျန်းအာ့နီ မျက်နှာရှုံ့မဲ့သွားသည်။
“ငါ့ဘဝက တော်တော်သနားစရာကောင်းပါလား”
ယဲ့ရှောင်ရှောင်: “လှချင်ရင်တော့ အဲ့လိုပဲလုပ်ရမှာပဲ၊ အခုလောလောဆယ် နင့်ခန္ဓာကိုယ်က အရမ်းလေးလွန်းနေတယ်၊ အသားအရေကလည်း ညိုမည်းနေတာ”
ကျန်းအာ့နီသည် သူမ၏ အသားအရေနှင့် ယဲ့ရှောင်ရှောင်၏ အသားအရေကို ယှဉ်ကြည့်လိုက်ရာ သူမ အသားအရေမှာ အမှန်တကယ် ဖြူစင်မှုမရှိကြောင်း ဝန်ခံလိုက်ရပါသည်။
သူမ အလွန်စိတ်ပူသွားသည်။
“ငါ အငတ်နေရင် ပိန်သွားနိုင်ပေမယ့် ရောဂါသည်ပုံစံပေါက်မသွားနိုင်ဘူးလား”
ယဲ့ရှောင်ရှောင်: “နောက်တစ်ခါ ငါ ပြန်လာတဲ့အခါကျရင် အသားဖြူလိမ်းဆေးခရင်မ် ယူလာပေးမယ်၊ ဒါပေမယ့် အဲ့တာက အသားအရေကို ပိုကောင်းလာအောင်ပဲ လုပ်ပေးနိုင်မှာ၊ အရမ်းကြီး အသားဖြူလာအောင်လုပ်ဖို့ကတော့ မဖြစ်နိုင်ဘူး”
အသားဖြူဆေးများ ထိုးလျှင်ပင် မျိုးရိုးဗီဇအပေါ်မူတည်ပြီး တစ်ဦးနှင့်တစ်ဦး ထိရောက်မှု ကွဲပြားနိုင်ပါသည်။
ကျန်းအာ့နီ ကျေနပ်သွားသည်။
“အေးပါ အေးပါ”
“ဒါပေမယ့် ငါပြန်လာလို့ ငါပေးထားတဲ့အစီအစဉ်အတိုင်း မလိုက်နာဘူးဆိုရင် နင့်အသားဖြူလိမ်ဆေးခရင်မ်ကို မေ့လိုက်တော့”
ဝိတ်ကျဖို့ဟူသည်မှာ လွယ်ကူသည့် လမ်းစဉ်မဟုတ်ပါ။ ထို့ကြောင့် ကျန်းအာ့နီတွင် စိတ်ဓာတ်ခိုင်မာခြင်းရှိ၊ မရှိ ယဲ့ရှောင်ရှောင် သိထားဖို့လိုအပ်ပါသည်။
ကျန်းအာ့နီ အလျင်အမြန်ပင် ကတိပေးလိုက်သည်။
“ငါ လိုက်နာပါ့မယ်”
ယဲ့ရှောင်ရှောင် ပြုံးလိုက်သည်။
“ကောင်းတယ်၊ ဒါဆို ဒီနေ့ပဲစကြတာပေါ့”
ကျန်းအာ့နီ: “…”
ကျန်းအာ့နီ ပြန်သွားသောအခါ ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့လည်း ပြန်ဖို့ ပြင်ကြရပါသည်။
ယဲ့ရှောင်ရှောင်မှာ ဆရာကြီးထံတွင် ပညာဆက်သင်ရမည်ဖြစ်ကာ လုဟန်ချွမ်မှာလည်း တပ်ရင်းထံသို့ ပြန်ရပါဦးမည်။ ဤတစ်ခေါက် အထူးခရီးစဉ်၏အဓိက ရည်မှန်းချက်ကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်သည်။
သူတို့ပြန်ခါနီးတွင် မြောင်စွေ့ဖန်းက အိမ်တွင်ရှိသော ဒေသထွက်ကုန်ပစ္စည်းများစွာကို လုဟန်ချွမ်နှင့် ထည့်ပေးလိုက်လေသည်။
မှိုခြောက်များ၊ ကြွက်နားရွက်မှိုများ၊ အသားခြောက်များနှင့် ဝက်အူချောင်းများ ပါဝင်သည်။ အိမ်တွင်ရှိနေသည့် တောရိုင်းဂျင်ဆင်း အနည်းငယ်ကိုပင် ထည့်ပေးလိုက်ပါသေးသည်။
“ဒါတွေက တန်ဖိုးသိပ်မရှိပါဘူး၊ ယူသွားပြီး ဟိုမှာစားလိုက်နော်”
လုဟန်ချွမ်လည်း ကျေးဇူးတင်ကာ ပစ္စည်းများကို လက်ခံလိုက်ပါသည်။
ဤသည်မှာ လူကြီးသူမတစ်ဦး၏ စေတနာပင်ဖြစ်သည်။ ထို့အပြင် သူရောက်လာစဉ်က ယူဆောင်လာခဲ့သည့်လက် ဆောင်ပစ္စည်းများကြောင့် မြောင်စွေ့ဖန်း အားနာနေမှန်း သူသိပါသည်။
သူမ ပေးသည့် လက်ဆောင်များကိုသာ လက်မခံခဲ့လျှင် မြောင်စွေ့ဖန်း အတွေးလွန်သွားလိမ့်မည်။
ယဲ့ရှောင်ရှောင်မှာမူ ဘေးလူတစ်ယောက်ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သားမက်လောင်းဇာတ်ရုပ်ထဲသို့ လုဟန်ချွမ် အဘယ့်ကြောင့် ဤမျှ မြန်မြန်ဆန်ဆန် ဝင်ရောက်နိုင်ရသနည်းဟု သူမ တွေးမိသည်။
အပြန်လမ်းတွင် ယဲ့ရှောင်ရှောင်က သူမ သိချင်နေသည့်မေးခွန်းကို မေးခဲ့သည်။
လုဟန်ချွမ်: “မင်းလည်း သရုပ်ဆောင်ကောင်းပါတယ်”
ယဲ့ရှောင်ရှောင် ဆက်မမေးတော့ပေ။
ဤလူ့ပါးစပ်ထဲတွင် အမှန်တရားဟူသည် အစအနပင်မရှိချေ။
လုဟန်ချွမ်ပေးထားသည့် လက်ဆောင်လေးကို သူမအိတ်ထဲမှ ထုတ်ကာ မေးလိုက်သည်။
“ကျွန်မ အခုဖွင့်ကြည့်လို့ရလား”
လုဟန်ချွမ်က လှည့်ကြည့်သည်။
“မင်း ဖွင့်ကြည့်ပြီးသွားပြီတောင် ထင်နေတာ”
“မနေ့က ဖွင့်ကြည့်ဖို့ မေ့နေလို့”
ယဲ့ရှောင်ရှောင် ဘူးလေးကို ဖွင့်ကြည့်လိုက်ရာ အလွန်လှပသည့် မိန်းကလေးဝတ် လက်ပတ်နာရီလေးတစ်လုံးကို မြင်လိုက်ရပါသည်။
“ကျေးဇူးတင်ပါတယ် ကျွန်မ သဘောကျတယ်”
ယဲ့ရှောင်ရှောင် ထိုလက်ပတ်နာရီလေးကို ချက်ချင်းပင်ဝတ်ပြလိုက်ပါသည်။
ဤကဲ့သို့ အပြုအမူမျိုးက လက်ဆောင်ပေးသူကို ပီတီခိုက်သွားစေမည့် အပြုအမူမျိုးပင်။
ထို့ကြောင့် လုဟန်ချွမ်လည်း အလိုလိုပြုံးမိသွားမိသည်။
“သဘောကျရင် ပြီးတာပါပဲ”
အဘိုးမြောင်၏အိမ်သို့ ရောက်သောအခါ လုဟန်ချွမ်သည် အဘိုးမြောင်အတွက် ပြင်ဆင်ထားသော လက်ဆောင်စ္စည်းများကို ထုတ်ပေးခဲ့ပါသည်။
ပထမဆုံးအကြိမ် ဆုံတွေ့ခြင်းဖြစ်၍ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက်တော့ လက်ဆောင်များ သီးသန့်ရွေးမလာခဲ့ပေ။
ယေဘုယျအားဖြင့် အစားအသောက်များ၊ နေ့စဉ်အသုံး အဆောင်ပစ္စည်းများကိုသာ လုဟန်ချွမ် ဝယ်လာခဲ့သည်။
ထိုပစ္စည်းများက မည်သူမဆို အသုံးပြုနိုင်သည့် လက်ဆောင်ပစ္စည်းများ ဖြစ်ကြပါသည်။
မြောင်ဖုန့်ရှန်းနှင့် တွေ့ဆုံပြီးနောက် လုဟန်ချွမ် အမှန်တကယ် ပြန်ဖို့ ပြင်ရတော့သည်။
“တက္ကသိုလ်မဖွင့်ခင် ကိုယ် လာခေါ်မယ်”
ယဲ့ရှောင်ရှောင် အမြန်ပြောလိုက်ရသည်။
“ရှင် ခွင့်ရဖို့ ခက်ခဲရင် ကျွန်မ ဖာသာ လာခဲ့လိုက်ပါ့မယ်၊ ပေကျင်းမြို့ကို ကျွန်မ မသွားတတ်တာလည်း မဟုတ်ဘူး”
လုဟန်ချွမ် ခေါင်းညိတ်လိုက်သည်။
“အဲ့လိုဆိုလည်း ဖြစ်ပါတယ်၊ ဒါကို ယူထား”
လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်ကို သော့တစ်ချောင်းပေးကာ လိပ်စာတစ်ခုလည်း ပေးလိုက်သည်။
“ဒီသော့က ကိုယ့်အိမ်သော့၊ စစ်တပ်ဝင်းထဲမှာ ရှိတာမဟုတ်ဘူး၊ ပေကျင်းကိုရောက်ရင် ကြိုက်တဲ့အချိန်ဝင်နေလို့ရတယ်”
သော့ကို ကိုင်ထားသည့် ယဲ့ရှောင်ရှောင်၏လက်များ အနည်း ငယ် ပူနွေးလာသလို ခံစားလိုက်ရသည်။
‘ဗိုလ်မှူးလုဟန်ချွမ်၊ ရှင်က တကယ့်လူကောင်းတစ်ယောက်ပဲ’
“ကျွန်မ ဒီလိုယူတာ မသင့်တော်ဘူးထင်တယ်နော်”
လုဟန်ချွမ် ပြုံးလိုက်သည်။
“အခုချိန်မှာ မင်းထက်ပိုပြီး သင့်တော်တဲ့သူ မရှိဘူး”
သော့ကို သေသေချာချာ သိမ်းဆည်းထားဖို့ ယဲ့ရှောင်ရှောင်အား မှာကြားပြီးနောက် လုဟန်ချွမ် လှည့်ထွက်လာတော့ သည်။
ဤလမ်းကြားလေးထဲတွင် ထွက်ခွာသွားသည့် လူပေါင်းများစွာကို ယဲ့ရှောင်ရှောင် ငေးကြည့်ဖူးခဲ့သော်လည်း လုဟန်ချွမ်၏ကျောပြင်မှာမူ အခံ့ညားဆုံးဖြစ်သည်ဟုခံစားရပါသည်။
‘အဲ့ဒီ ခါး… အဲ့ဒီ ခြေတံတွေ…’
မြောင်စွေ့ဖန်းက ချောင်းလှမ်းဟန့်လိုက်သည်။
“အဟမ်း”
ယဲ့ရှောင်ရှောင်လည်း ချက်ချင်း ခေါင်းလှည့်လာခဲ့ပါသည်။
“အဘိုး”
မြောင်စွေ့ဖန်း: “သွားတဲ့သူက သွားပြီ၊ ကြည့်မနေနဲ့တော့”
ယဲ့ရှောင်ရှောင်: “…”
နောက်တစ်နေ့တွင် ယဲ့ရှောင်ရှောင်သည် စာတိုက်သို့သွားကာ သွမ်လဲ့ထံသို့ ယွမ် ၁,၀၀၀ ပြန်ပို့ဆောင်ပေးခဲ့ပါသည်။
ထို့အပြင် စာတစ်စောင်လည်း ပို့ခဲ့သေးသည်။ သူမ ငွေပြန်ပေးသည့် လုပ်ရပ်အား သွမ်လဲ့ စိတ်ဆိုးသွားမည်ဖြစ်မှန်း သိသဖြင့် စာထဲတွင် သေသေချာချာ ရှင်းပြထားပါသည်။
သူမ၏တတိယအစ်ကိုက ငွေရှာနိုင်ပြီဖြစ်ကာ သူမကလည်း ဆေးဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်နေသဖြင့် လောလော ဆယ်ငွေကြေးအခက်အခဲမရှိတော့ကြောင်း ရှင်းပြခဲ့သည်။
သူမအတွက် စိတ်မပူဖို့နှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးထူးချွန်ချွန်အောင်မြင်ပါက ပေကျင်းမြို့သို့ လာနိုင်ပြီး သူနှင့်မကြာခင် ပြန်တွေ့နိုင်မည်ဖြစ်ကြောင်းကိုလည်း ပြောပြခဲ့ပါသည်။
--- --- ---
ပေကျင်းမြို့တွင်…
တက္ကသိုလ်ဝင် စာမေးပွဲကြီး ပြီးဆုံးသွားသောအခါ ဟောက်ယန်ယန်မှာ အရာအားလုံး ပွဲသိမ်းသွားသလို ခံစားလိုက်ရသည်။
အထက်တန်း ဘာသာရပ်များအား သူမ ဘာမှနားမလည်ပါ။ ထို့ကြောင့် ယုတ္တိရှိရှိဆိုရလျှင် သူမသည် အလယ်တန်းအဆင့်မှ ကျောင်းပြန်တက်သင့်သူ ဖြစ်သည်။
သို့သော်လည်း သူမ အမေကတော့ သူမကို အထက်တန်း ကျောင်းသို့ တိုက်ရိုက်သွားရန် အတင်းအကျပ်ဖိအားပေးခဲ့သည်။
ဤနေရာက ယဲ့ရှောင်ရှောင်၏နေရာဖြစ်ခဲ့ကာ ယခု လူမှန်နေရာမှန် ပြန်ရောက်လာပြီဖြစ်၍ သူမ၏ အစွမ်းအစများကို ထုတ်ဖော်ပြသဖို့ အကောင်းဆုံးအချိန်ဖြစ်သည်ဟုပင် ကျောက်ဟုံရှားက ပြောဆိုခဲ့ပါသည်။
ယဲ့ရှောင်ရှောင်သည် အတန်းထဲတွင် အဆင့်အနိမ့်ဆုံးဖြစ်ခဲ့သော်လည်း သူမ တက်ရောက်ခဲ့သည့် အထက်တန်းကျောင်းမှ ကျောင်းသားများ၏ ပျမ်းပျှအဆင့်များမှာ ပိုင်ချွမ်အမှတ်(၁) အထက်တန်းကျောင်းထက် အဆပေါင်းများစွာ သာလွန်ပါသည်။
ဟောက်ယန်ယန် ဤသို့ ပြောင်းရွှေ့လာသောအခါ စာကို လုံးဝမလိုက်နိုင်ခဲ့ပေ။
ကျောက်ဟုံရှားက သူမအတွက် သီးသန့်ကျူရှင်ဆရာများ ငှားပေးခဲ့သော်လည်း ၆ လအတွင်း သူမ အမှတ်များမှာ သိသိသာသာ တိုးတက်မလာခဲ့ပေ။
ယဲ့ရှောင်ရှောင်သည် ပညာရေးတွင် မထူးချွန်သော်လည်း သီချင်းဆိုကာ အကပညာတွင်လည်း ထူးချွန်သည်။ စန္ဒရား၊ တယော စသည်တို့ကို တီးခတ်နိုင်ကာ ပန်းချီလည်း ဆွဲနိုင် သည်ဟု အတန်းဖော်များက ဆိုကြပါသည်။
ထို့ကြောင့် ယဲ့ရှောင်ရှောင်မှာ အတန်းထဲတွင် အလွန်ရေပန်း စားခဲ့သည်။
သို့သော် သူမကတော့ ပညာမတော်သည့်အပြင် ထူးထူးခြားခြား ပါရမီလည်းမရှိပေ။
အတန်းဖော်များကလည်း သူမကို ဖယ်ကြဉ်ထားကြသည်။
သူမ၏ဆိုးရွားလှသော အဆင့်များကို သိသွားခြင်းကြောင့် ရှုကျမ့်ဝမ် စာလာသင်မပေးတော့ခြင်းဖြစ်မည်ဟုပင် ဟောက်ယန်ယန် တွေးမိလာပါသည်။ သူ့ကို မတွေ့ရတော့သဖြင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့လည်း အခွင့်အရေး မရတော့ပေ။
တက္ကသိုလ်ဝင် စာမေးပွဲ၌ မေးခွန်းများကိုမြင်သောအခါ ဟောက်ယန်ယန် ငိုပင် ငိုချင်သွားခဲ့ပါသည်။
မေးခွန်းတစ်ဝက်လောက်ကို ဘယ်လိုဖြေရမှန်း သူမ မသိပေ။ ဤအတိုင်းသာဆိုလျှင် စစ်တပ်ဝင်းတစ်ခုလုံး၏ လှောင်စရာ ဖြစ်လာပါတော့မည်။
“မဖြစ်ဘူး… ဒါ ခက်ခက်ခဲခဲ ရယူထားရတဲ့ ဘဝပဲ၊ လမ်းဟောင်းကြီးကို ပြန်ရောက်သွားလို့မဖြစ်ဘူး”
ဟောက်ယန်ယန် မျက်ရည်များကို သုတ်ပစ်လိုက်သည်။
“စာမေးပွဲ အောင်စာရင်းတွေ ထွက်မလာခင် စီးပွားရေးလုပ်ပြီး ချမ်းသာလာအောင်လုပ်ရမယ်၊ ဒါမှ ရလဒ်တွေဆိုးရွားနေရင်တောင် ငါ့ကို ဘယ်သူမှ မလှောင်နိုင်မှာ”
ဟောက်ယန်ယန်သည် ယခင်ဘဝက မှတ်ဉာဏ်များကို ချက်ချင်း ပြန်စဉ်းစားကာ ငွေရမည့်နည်းလမ်းများကို အသည်းအသန် ရှာဖွေလိုက်ပါသည်။
ဆံပင်နှင့် အလှအပရေးရာဆိုင်များ၊ အဝတ်အစားနှင့် လျှပ်စစ် အသုံးအဆောင်ပစ္စည်းဆိုင်များ၊ စားသောက်ဆိုင်များ…
ထိုလုပ်ငန်းအားလုံးက ဝင်ငွေကောင်းမည့် လုပ်ငန်းများဖြစ်ကြသော်လည်း ဟောက်ယန်ယန်အတွက်မူ မသင့်တော်လှပေ။
သူမတွင် ယွမ်ရာဂဏန်းမျှသာ ရှိသဖြင့် စားသောက်ဆိုင်သို့မဟုတ် ဆံပင်ညှပ်ဆိုင်ဖွင့်လိုလျှင် အခန်းငှားခပင် ကာမိနိုင်မှာ မဟုတ်ပေ။
ထို့ကြောင့် သူမအတွက် ရွေးချယ်စရာဟူ၍ အထည်လုပ်ငန်းသာ ရှိတော့သည်။
ပေကျင်းမြို့သို့ ရောက်ရှိလာသည့် အချိန်မှစ၍ပထမဆုံးအကြိမ်အဖြစ် ဟောက်ယန်ယန်သည် ကျောက်ဟုံရှားအား တစ်ခွန်းမှ အသိမပေးခဲ့ဘဲ သူမတွင် ရှိသမျှ ငွေများကိုယူ ဆောင်လျက် အပြင်သို့တစ်ယောက်တည်း ထွက်လာခဲ့တော့သည်။