အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
📗 Chapter 69
မြောင်ဖုန့်ရှန်း၏ အိမ်သို့ ကောင်လေးတစ်ဦး ရုတ်တရက် ရောက်ရှိလာသည်။
ယဲ့ရှောင်ရှောင်သည် အိမ်ဝင်းထဲတွင် ထိုင်ကာ အဝတ်လျှော်နေစဉ် ခေါင်းမော့ကြည့်လိုက်ရာ အပေါ်အစိမ်း အောက်အပြာ စစ်ယူနီဖောင်းကို ဝတ်ဆင်ထားသည့် ကောင်လေးတစ်ယောက် ဝင်လာသည်ကို မြင်လိုက်ရပါသည်။
ထိုကောင်လေးသည် သူရဲကောင်းဆန်သော ရုပ်ရည်သွင်ပြင်မျိုးရှိကာ အလွန်တည်ငြိမ်သော ခြေလှမ်းများဖြင့် ချဉ်းကပ်လာခဲ့သည်။
ယဲ့ရှောင်ရှောင် ဘာမှမမေးနိုင်ခင်မှာပင် ထိုကောင်လေးက ဦးစွာ ပြောလိုက်ပါသည်။
“နင်က ရှောင်ရှောင်ဖြစ်မယ်၊ အိမ်ကပို့ပေးတဲ့ စာတွေထဲမှာ နင့်အကြောင်း ဖတ်ရပါတယ်၊ ငါတို့အခုမှ ဆုံဖူးကြတာနော်၊ ငါ့ကိုယ် ငါ မိတ်ဆက်ပေးပါရစေ၊ ငါက နင့်ဒုတိယအစ်ကို ယဲ့ချန်းအန်းပါ”
ယဲ့ရှောင်ရှောင် မတ်တပ်ရပ်လိုက်သည်။
“ဒုတိယအစ်ကိုက လေတပ်မှာ တာဝန်ထမ်းဆောင်နေတာမလား”
ယဲ့ချန်းအန်း: “အမှန်ပဲ”
အနီးကပ်ကြည့်လိုက်သောအခါ ယဲ့ချန်းအန်းတွင် ယဲ့မိသားစုဝင်တစ်ဦးဖြစ်ထိုက်သည့် မျက်နှာမျိုး ရှိပါသည်။
သူ့မျက်နှာက တည်ကြည်လေးနက်ပြီး မျက်ဝန်းများထဲတွင်လည်း ဖြောင့်မတ်မှန်ကန်သော အငွေ့အသက်များက ဖုံးလွှမ်းနေလေသည်။
“အိမ်ထဲဝင်ပါဦး ဒုတိယအစ်ကို၊ အဘိုးက ဟင်းသီးဟင်း ရွက်တွေ သွားခူးတယ်၊ ခဏနေ ပြန်လာတော့မှာ”
ယဲ့ချန်းအန်းလက်ထဲတွင် ပစ္စည်းများပါလာသဖြင့် ယဲ့ရှောင်ရှောင်က အိမ်ထဲသို့ အမြန်ဖိတ်ခေါ်လိုက်ပါသည်။
အိမ်တွင် ယဲ့ရှောင်ရှောင်တစ်ဦးတည်းသာရှိမှန်း သိလိုက်ရသောအခါ ယဲ့ချန်းအန်းက မေးလိုက်သည်။
“တက္ကသိုလ်ဝင်စာမေးပွဲ ပြီးသွားပြီမဟုတ်ဘူးလား၊ နင်ဘာလို့ အိမ်မပြန်သေးတာလဲ”
ယဲ့ရှောင်ရှောင်: “ဒီက တရုတ်တိုင်းရင်းဆေးဆိုင်တစ်ဆိုင်မှာ ပညာသင်နေလို့ပါ”
ယဲ့ချန်းအန်း: “အတော်ပင်ပန်းမှာပဲ”
ယဲ့ရှောင်ရှောင် ခေါင်းခါလိုက်သည်။
“မပင်ပန်းပါဘူး၊ ဆရာကြီးက သမီးအပေါ် ကောင်းပါတယ်”
ယဲ့ချန််းအန်း: “အဲ့တာဆိုလည်း ပြီးတာပါပဲ”
အဘိုးမြောင် ပြန်ရောက်လာသဖြင့် သူတို့နှစ်ဦး၏ အနေခက်စရာ စကားဝိုင်းမှာ အဆုံးသတ်သွားရသည်။
ယဲ့ရှောင်ရှောင်လည်း လျှောက်လက်စအဝတ်များကို ဆက်လျှော်လိုက်ပါသည်။
ယဲ့ချန်းအန်း ပြန်ရောက်လာပြီဖြစ်၍ ပိုင်ချွမ်ရွာသို့ ကျိန်းသေ ပြန်ရမည်ဖြစ်သည်။ ယဲ့ရှောင်ရှောင်လည်း ရွာမပြန်ရသည် မှာ ရက်အတော်ကြာလေပြီ။
ထို့အပြင် ကျန်းအာ့နီ၏ကိုယ်အလေးချိန် လျှော့ချခြင်း အခြေအနေကိုလည်း စစ်ဆေးလိုသဖြင့် မောင်နှမ နှစ်ယောက် အတူတူပြန်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
သူတို့နှစ်ဦးသည် ခရီးတစ်ဝက်ကို နွားလှည်းဖြင့်သွားခဲ့ကာ ကျန်ခရီးတစ်ဝက်ကိုမူ ခြေကျင်လျှောက်ခဲ့ကြပြီး နောက်ဆုံးတော့ ပိုင်ချွမ်ရွာထိပ်သို့ ရောက်ရှိလာခဲ့ကြသည်။
ယဲ့ချန်းအန်သည် ရွာကို မကြာခဏ ပြန်မလာတတ်သော် လည်း ရွာသားများနှင့် အလွန်ရင်းနှီးမှုရှိသဖြင့် တစ်လမ်းလုံး နှုတ်ဆက်သံများ စီစီညံနေလေသည်။
“ယဲ့ကျန်းကော်ရဲ့ ဒုတိယသားလေး ပြန်လာပြီဟေ့!”
“ဘုရားရေ၊ မတွေ့တာ နှစ်နည်းနည်းပဲ ရှိသေးတာ တော်တော်ချောလာပါလား”
“ချန်းအန်း၊ သားမိန်းမရှာထားပြီးပြီလား၊ မရှာရသေးဘူးဆိုရင် ဒေါ်ကြီး အောင်သွယ်တော်လုပ်ပေးမယ်လေ”
ယဲ့ချန်းအန်း ရှက်ကိုးရှက်ကန်းပြုံးကာ ပြန်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်ဒေါ်ကြီး၊ ကျွန်တော့်မှာ ကောင်မလေးရှိပါတယ်”
“အဲ့တာဆို ဘာလို့ ခေါ်မလာတာတုန်း”
ယဲ့ချန်းအန်း: “နောက်တစ်ခါ အခွင့်အရေးရမှပဲ ခေါ်လာပါတော့မယ်”
ယဲ့ချန်းအန်းတွင် ကောင်မလေးရှိနေသည်ဟူသော အကြောင်းကိုကြားပြီး ယဲ့ရှောင်ရှောင်လည်း အလွန် အံ့အားသင့်ခဲ့ရပါသည်။
သူမ ဝတ္ထုစာအုပ်ကို ဖတ်ခဲ့စဉ်က ထိုအကြောင်းအရာကို မဖတ်ဖူးခဲ့ပေ။ သို့သော် ဝတ္ထုထဲတွင် အသေးစိတ် ရေးသားမထားခြင်းလည်း ဖြစ်နိုင်သည်။
ယခုသူမ ရင်ဆိုင်နေရသည်မှာ စာအုပ်ထဲမှ အေးစက်စက် စာသားများမဟုတ်ဘဲ အသက်ရှင်နေသော လူသားများပင် မဟုတ်ပါလား။
ယဲ့ချန်းအန်းသည် ယဲ့ရှောင်ရှောင် သူ့ကိုကြည့်နေသည်ကို သတိပြုမိသဖြင့် လှမ်းမေးလိုက်သည်။
“နင် အံ့ဩသွားတာလား”
ယဲ့ရှောင်ရှောင်က ဇာတ်လမ်းအကြောင်း ပိုသိလိုသဖြင့် မေးမြန်းကြည့်လိုက်ပါသည်။
“အရမ်းအံ့ဩတာပေါ့၊ ဒုတိယအစ်ကိုရဲ့ ကောင်မလေးက ဘယ်လိုပုံစံမျိုးလဲ”
ကောင်မလေးအကြောင်း ပြောရသောအခါ ယဲ့ချန်းအန်း၏ မျက်နှာမှာ ပြုံးရွှင်သွားခဲ့သည်။
“သူက ဖျော်ဖြေရေးတပ်ကပါ၊ အရမ်းလည်းလှသလို အကျင့်စာရိတ္တလည်း ကောင်းတယ်”
အစ်ကိုဖြစ်သူအတွက် ယဲ့ရှောင်ရှောင် အမှန်တကယ် ဝမ်းသာမိပါသည်။
“ဒုတိယအစ်ကို၊ အိမ်မြန်မြန်ပြန်ကြရအောင်၊ အစ်ကို့ကို တွေ့ရင် အဖေနဲ့အမေ ပျော်သွားကြမှာ သေချာတယ်၊ အစ်ကို့မှာ အရမ်းလှတဲ့ ကောင်မလေးတစ်ယောက် ရှိနေတဲ့အကြောင်းကိုပါ သိသွားရင် ပိုပျော်သွားကြမှာ”
ယဲ့ချန်းအန်းလည်း စိတ်အားထက်သန်နေပြီး ခြေလှမ်းကျဲကျဲများဖြင့် အိမ်သို့ အမြန်ပြန်လာခဲ့ပါသည်။
“ဒုတိယအစ်ကို!”
“အစ်ကိုချန်းအန်း!”’
သူတို့ အိမ်ရှေ့သို့မရောက်မီမှာပင် ဘေးဘက်လမ်းမှ ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့ ပြေးလာကြသည်။
ညီအစ်ကိုများတွေ့ဆုံသောအခါ ပြောစရာစကားများစွာ ရှိနေပါသည်။
ယဲ့ချန်းယွမ်က ယဲ့ချန်းအန်း၏ ပစ္စည်းများကို ကူသယ်ပေးပြီး ယဲ့ချန်းရှန့်ကမူ မေးခွန်းများဖြင့် နားပူနားဆာ လုပ်နေလေသည်။
ယဲ့ရှောင်ရှောင်ကိုလည်း မေ့မထားခဲ့ကြဘဲ စကားထဲတွင် ရံဖန်ရံခါ ထည့်သွင်းပြောဆိုနေကြသဖြင့် မောင်နှမအားလုံး စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်ရှိနေလေတော့ သည်။
ထိုစဉ် သူတို့လေးဦးဘေးမှ စက်ဘီးတစ်စီး ဖြတ်သွားသည်။
စက်ဘီးပေါ်မှ ထိုလူ၏ နောက်ကျောကို ရင်းနှီးနေသယောင်ရှိကာ ထိုလူသည် ကျန်းအာ့နီ၏အိမ်ဘက်သို့ ချိုးဝင်သွားခဲ့ပါသည်။
ယဲ့ချန်းယွမ်: “အဲ့တာ လီသဲ့ရှုမလား၊ သူ ဘာပြန်လာလုပ်တာလဲ၊ ကျန်းအာ့နီရဲ့အိမ်ကို သွားနေတာထင်တယ်”
ယဲ့ချန်းအန်းသည် လီသဲ့ရှုနှင့် ကျန်းမိသားစုတို့အကြားမှ ပြဿနာကို မသိသဖြင့် အနည်းငယ် ထူးဆန်းနေခဲ့ပါသည်။
ယဲ့ချန်းယွမ်က လီသဲ့ရှု၏ကောက်ကျစ်သော လုပ်ရပ်များအကြောင်း ပြန်ရှင်းပြခဲ့လေသည်။
ယဲ့ချန်းအန်း သက်ပြင်းသာ ချနိုင်တော့သည်။
“ငါတို့ငယ်ငယ်တုန်းက လီသဲ့ရှုက တော်တော်သစ္စာရှိတဲ့ကောင်ပါ၊ ဘာလို့အခုလို ပုံစံမျိုး ဖြစ်သွားရတာလဲ”
ယဲ့ချန်းယွမ်: “သူ့စရိုက်မှန်တွေ ပေါ်လာတာနေမှာပေါ့ကွာ”
ယဲ့ချန်းရှန့််: “သူတို့တစ်မိသားစုလုံး မြို့ကို အပြီးပြောင်းကြတော့မှာလေ၊ စာရွက်စာတန်းကိစ္စနဲ့ ရွာသူကြီးကို လာတွေ့တာ နေမှာပေါ့”
ယဲ့ချန်းယွမ်: “သွားကြစို့၊ ငါတို့နဲ့ ဘာမှမဆိုင်ဘူး”
ယဲ့ချန်းအန်း အိမ်ပြန်ရောက်သောအခါ ကျန်မိသားစုဝင်များ၏နွေးထွေးသော ကြိုဆိုမှုကို ထပ်မံရရှိခဲ့ပြန်သည်။
အငယ်ဆုံးလေး ယဲ့ပေါင်ယွမ်သည် ဦးလေးကို မမှတ်မိသော်လည်း ယဲ့ပေါင်ချန်းမှာမူ အလွန်ပါးနပ်သဖြင့် သူ့ခြေထောက်ကို ချက်ချင်းပြေးဖက်တော့သည်။
ယဲ့ချန်းအန်းလည်း တူဖြစ်သူကို သကြားလုံးဖြင့် ဆုချလိုက်ရပါသည်။ ထိုကောင်လေးကို တစ်မိသားစုလုံး မနိုင်ပေ။
--- --- ---
ကျန်းအာ့နီ၏ အိမ်တွင်…
ကျန်းရန်ကွေ့သည် ခေါင်းငုံ့ကာ ဆေးလိပ်သောက်နေသည်။
“မင်းသေချာ စဉ်းစားပြီးပြီလား၊ မင်းရဲ့ အိမ်ထာင်စုစာရင်းကို ပြောင်းရွှေ့လိုက်တာနဲ့ မင်းက ငါတို့ရွာသား မဟုတ်တော့ဘူးနော်”
လီသဲ့ရှုကမူ ကျန်းကွေ့ရန်သည် သူ့ကို ရည်ရွယ်ချက်ရှိရှိ ပြဿနာရှာနေသည်ဟု ထင်ကာ မောက်မာသော မျက်နှာပေးဖြင့် ပြန်ပြောလိုက်သည်။
“ဦးလေး၊ ကျွန်တော့်မှာ စာရွက်စာတမ်းတွေ အပြည့်အစုံပါလာတယ်၊ တောရွာကနေ မြို့ကို ပြောင်းရွှေ့နိုင်တဲ့ နိုင်ငံတော်ရဲ့ မူဝါဒနဲ့လည်း ကိုက်ညီတယ်၊ ကျွန်တော် မြို့ပေါ်မှာ အလုပ်တစ်ခုရဖို့ ခက်ခက်ခဲခဲ ကြိုးစားထားရတာ၊ သေချာမစဉ်းစားထားဘဲနေပါ့မလား”
ကျန်းရန်ကွေ့လည်း သူနှင့် စကားမများချင်ပေ။
“အိမ်ထောင်စုစာရင်း ပြောင်းရွှေ့လိုက်ရင် မင်းတို့မိသားစုပိုင်တဲ့ မြေကိုလည်း ရွာဆီပြန်အပ်ခဲ့ရမယ်”
လီသဲ့ရှု: “ကျွန်တော် သိတယ် ဦးလေးရန်ကွေ့၊ ကျွန်တော်က မြို့ပေါ်မှာ အခြေချပြီး အလုပ်လုပ်တော့မှာ၊ ဒီကို တစ်သက်လုံးပြန်မလာဘူး”
ကျန်းရန်ကွေ့သည် လီသဲ့ရှုကို အကြံထပ်မပြုတော့ဘဲ သူလာပေးသည့် အလုပ်သမားရေးရာဌာနမှ အလုပ်ခန့်စာကို ယူဆောင်ကာ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ဖို့ကိစ္စအတွက် ပြင်ဆင်တော့သည်။
ကျန်းအာ့နီသည် သူမ၏ အခန်းထဲမှနေ၍ အပြင်မှ အခြေ အနေကို ခိုးကြည့်နေပါသည်။
အစ်ကိုသဲ့ရှု မည်သည့်ကိစ္စကြောင့် ရောက်ရှိလာရကြောင်းကို သူမ မသိပေ။
ဂွီ…
ဂွီ…
ကျန်းအာ့နီ ခိုးနားထောင်ချင်စိတ်ပင် မရှိတော့ပေ။
သူမ၏ ဝမ်းဗိုက်ကို ဆုပ်ကိုင်လျက် အပူပေးကုတင်ပေါ်တွင် ဆာဆာလောင်လောင် လှဲလျောင်းလိုက်ပါသည်။
သို့သော် သူမ တောင့်ခံထားရမည်။ သူမ လှပလာသည့်အချိန်ကျလျှင် အစ်ကိုသဲ့ရှု ကျိန်းသေပေါက် နောင်တရသွားပါလိမ့်မည်။
ဝမ်မေ့လီ သမီးဖြစ်သူ၏ အခန်းထဲဝင်လာသည်။
“အာ့နီ၊ ဒီတစ်ခါတော့ နင်လုံးဝ လက်လျှော့လိုက်လို့ရပြီ၊ လီသဲ့ရှုတို့ တစ်မိသားစုလုံး မြို့ပေါ်ကို ပြောင်းကြတော့မှာ၊ လီသဲ့ရှုလည်း အိမ်ထောင်ပြုတော့မယ်လို့ ကြားတယ်”
ကျန်းအာ့နီ ထိတ်လန့်သွားပြီး ကုတင်ပေါ်တွင် ငုတ်တုပ်ထထိုင်လိုက်သည်။
“အမေ ဘယ်သူ့ဆီက ကြားလာတာလဲ!”
ဝမ်မေ့လီလည်း ထိတ်လန့်သွားသည်။
“ခုနလေးတင် လီသဲ့ရှုကိုယ်တိုင် ပြောသွားတာလေ”
ကျန်းအာ့နီ ကုတင်ပေါ်မှ ချက်ချင်းဆင်းကာ ဖိနပ်စီးလိုက်သည်။
“သမီးမယုံဘူး၊ သမီးကိုယ်တိုင် သွားမေးရမှ ယုံမယ်”
ယဲ့ရှောင်ရှောင်သည် မူလက ကျန်းအာ့နီကို အသားဖြူခရင်မ် ပေးရန် ရောက်လာခဲ့ခြင်းဖြစ်သော်လည်း လမ်းတစ်ဝက်တွင် မိန်းကလေးတစ်ယောက် အိမ်ထဲမှ အသည်းအသန်ပြေးထွက်လာသည်ကို မြင်လိုက်ရပါသည်။
“ကျန်းအာ့နီ၊ နင်ဘယ်သွားမလို့လဲ”
“အီးဟီးဟီး… လီသဲ့ရှုကို သွားရှာမလို့!”
ယဲ့ရှောင်ရှောင်: “…”
‘သူဘာလို့ အဲ့ပုံစံ ပြန်ဖြစ်သွားတာလဲ”
ယဲ့ရှောင်ရှောင်လည်း နောက်မှလိုက်လာခဲ့သည်။
သို့သော် ကျန်းအာ့နီက အပြေးမြန်လွန်းပါသည်။ ရွာကော်မတီ ရုံးရှေ့သို့ ယဲ့ရှောင်ရှောင် ရောက်သောအခါ လီသဲ့ရှု၏ နှလုံးသားမဲ့သော အသံကို ကြားလိုက်ရသည်။
“ဟုတ်တယ်၊ ငါ တခြားတစ်ယောက်နဲ့ လက်ထပ်တော့မှာ၊ နင့်ထက် အဆ ၁၀၀ လောက် ပိုလှတဲ့ ကောင်မလေးနဲ့၊ နင့်ကိုယ်နင် မှန်ထဲကော ပြန်ကြည့်ရဲ့လား ကျန်းအာ့နီ၊ နင်က ဝက်တစ်ကောင်လို ဝနေတာ၊ ဘယ်ယောက်ျားက ကြိုက်မှာလဲ”
ကျန်းအာ့နီ ရှိုက်ကြီးတငင်ဖြင့် ပြန်ပြောသည်။
“ဒါပေမယ့် ငါတို့ငယ်ငယ်လေးတုန်းက နင် ငါ့အပေါ် အရမ်းကောင်းခဲ့တာလေ…”
လီသဲ့ရှု စက်ဆုပ်စွာ ပြောလိုက်သည်။
“ငါငယ်ငယ်က လုပ်ပေးခဲ့တဲ့အရာတွေကို နင်အခုချိန်ထိ မှတ်မိနေဦးမယ်ဆိုတာသာ သိခဲ့ရင် အစကတည်းက ကူညီမပေးခဲ့ပါဘူး”
ကျန်းအာ့နီမှာ စိတ်ဓာတ်ပြိုလဲခါနီးဖြစ်နေပြီး အသည်းအ သန် အော်ငိုနေပါသည်။
ထိုစဉ် ယဲ့ရှောင်ရှောင်က အနားရောက်လာကာ လီသဲ့ရှုကို တစ်ချက်ပင် လှည့်မကြည့်ဘဲ ကျန်းအာ့နီအား ဆွဲခေါ်သွားသည်။
ကျန်းအာ့နီ၏ခန္ဓာကိုယ်က အနည်းငယ် လေးသော်လည်း ယဲ့ရှောင်ရှောင် ဆွဲခေါ်မှုနောက်သို့ အလွယ်တကူ ပါလာခဲ့ပါသည်။
ယဲ့ရှောင်ရှောင်: “နင့်မှာ ဂုဏ်သိက္ခာ နည်းနည်းလေးတောင် မရှိတော့ဘူးလား၊ ငါတို့ပြောထားတဲ့ ‘မျက်နှာဖြတ်ရိုက်မယ်’ ဆိုတာတွေ ဘယ်ရောက်သွားလဲ”
ကျန်းအာ့နီ: “ငါ… ငါ ဒီလောက် ပိန်သွားတာကိုတောင် ငါ့ကို အကျည်းတန်တယ်လို့ သူထင်နေတုန်းပဲ”
ယဲ့ရှောင်ရှောင်က ကျန်းအာ့နီကို အကဲခတ်ကာ ပြောလိုက်သည်။
“အခုလောလောဆယ်တော့ သိပ်မသိသာသလိုပဲ၊ ငါပေးထားတဲ့ အစီအစဉ်တိုင်း သေချာလုပ်ခဲ့တာလား”
ကျန်းအာ့နီ: “ဒါပေါ့၊ မနက်တိုင်း ငါကြက်ဥနှစ်လုံးပဲ စားရတယ်၊ ဗိုက်ဆာလွန်းလို့ သေတော့မှာပဲ”
ယဲ့ရှောင်ရှောင်: “ကြိုးကော ခုန်သေးလား”
ကျန်းအာ့နီ တိတ်ဆိတ်သွားသည်။
သူမသည် နေ့တိုင်း အလွန်ဆာလောင်နေသဖြင့် ခန္ဓာကိုယ်ကိုပင် မလှုပ်ချင်ခဲ့ပေ။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် ကြိုးခုန်ရန်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
📗 Chapter 70
“ငါ နားလည်သွားပြီ၊ နင်က ငါပြောသလိုမှ မကြိုးစားတာ”
ယဲ့ရှောင်ရှောင်သည် ကျန်းအာ့နီလက်ကို လွှတ်လိုက်ပြီး တစ်ယောက်တည်း ရှေ့သို့ ဆက်လျှောက်သွားပါသည်။
ကျန်းအာ့နီ နောက်မှ ချက်ချင်းပြေးလိုက်လာသည်။
“ယဲ့ရှောင်ရှောင် မသွားပါနဲ့! ငါတကယ် ကြိုးစားခဲ့ပါတယ်၊ အခုချိန်ကစပြီး တစ်ရက်ကို အကြိမ် ၂၀၀ လောက် ကြိုးခုန်ပြီး ရွာကိုနှစ်ပတ်လောက် ပတ်ပြေးပါ့မယ်လို့ ကတိပေးပါတယ်”
ယဲ့ရှောင်ရှောင်က မေးသည်။
“အခု နင့်ကိုယ်အလေးချိန် ဘယ်လောက်လဲ”
ကျန်းအာ့နီက ရှက်ကိုးရှက်ကန်းဖြင့် ဖြေသည်။
“ငါကိုယ်အလေးချိန် မတိုင်းတာတောင် တော်တော်ကြာပြီ၊ ပေါင် ၁၅၀ - ၁၆၀ လောက် ရှိမယ် ထင်တာပဲ”
ကျန်းအာ့နီက အရပ်ရှည်သည့်အထဲပါပြီး ၁.၇ မီတာခန့် ရှိသည်။
နောက်ထပ် ပေါင် ၂၀ ဝန်းကျင်ခန့် ကျသွားလျှင် သွယ်သွယ်လျလျ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ပါလိမ့်မည်။
ယဲ့ရှောင်ရှောင် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ရွာထဲမှာ ပေါင်ချိန်စက်ရှိလား”
ကျန်းအာ့နီ: “ရှိရင်တောင် ငါ့ခန္ဓာကိုယ်ကို နိုင်မှာမဟုတ်ဘူး၊ ရွာကော်မတီမှာ ဝက်သတ်ရင် သုံးတဲ့ ချိန်စက်ကြီးနဲ့ ဆိုရင်တော့ ရလောက်တယ်၊ ဒါပေမယ့် အဲ့တာကြီးကို လူနှစ်ယောက် သုံးယောက်လောက် ဝိုင်းမရမှာ”
ယဲ့ရှောင်ရှောင်: “…”
ထားလိုက်ပါတော့…
ယဲ့ရှောင်ရှောင်၏ လှုံ့ဆော်မှုကြောင့် ကျန်းအာ့နီသည် ထိုနေ့မှစ၍ အပြင်းအထန် ကြိုးစားတော့သည်။
မနက်စောစောစီးစီး ရွာတွင်ပတ်ပြေးနေသော ကျန်းအာ့နီကို ကြည့်ရင်း ရွာသားများက အတင်းပြောကြပါသည်။
“အာ့နီ ရူးများသွားပြီလား၊ ဘာတွေလုပ်နေတာလဲ”
“အရင်တစ်ခေါက်က မြစ်ထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတယ်၊ အခုလည်း အမောဖောက်အောင်လုပ်ပြီး သေကြောင်းကြံပြန်ပြီထင်တယ်”
“အဲ့လိုတော့ မဟုတ်လောက်ပါဘူး၊ ကျန်းအာ့နီက လူကောင်းလေးပါ၊ သူ့ခန္ဓာကိုယ်ကို ကြည့်ပါဦး၊ အရမ်းအားကိုးရမယ့် ပုံစံပဲ”
“လာနောက်နေတာလား၊ ကျန်းအာ့နီ အလုပ်လုပ်တာ နင်ဘယ်တုန်းကမြင်ဖူးလို့လဲ၊ အဲ့ကလေးမလေးက တော်တော် အပျင်းကြီးတာ”
ဘယ်သူတွေဘာပဲပြောပြော ကျန်းအာ့နီမှာ လေ့ကျင့်ခန်းကို အားကြိုးမာန်တက် ပုံမှန် လုပ်ခဲ့ပါသည်။
သူမသည် အပြေးလေ့ကျင့်ခန်းလုပ်ပြီး ကြိုးခုန်ရုံတင်မကဘဲ ရံဖန်ရံခါ အဖေနှင့် အစ်ကိုဖြစ်သူတို့နောက်လိုက်ကာ တောင်ပေါ်တက်ခြင်း၊ လယ်ထဲဆင်းခြင်းများပင် လုပ်ဆောင်လာခဲ့သည်။
ဝမ်မေ့လီမှာ ဝမ်းသာတစ်ဝက် ဝမ်းနည်းတစ်ဝက်ဖြစ်နေရပါသည်။
သမီးဖြစ်သူက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမည်ဟု ထပ်မပြောတော့သဖြင့် ဝမ်းသာမိသော်လည်း မနက်တိုင်း ကြက်ဥစားချင်သည်၊ ကြက်သား၊ အမဲသား စားချင်သည်ဟု ပူဆာနေသဖြင့် မိသားစုက နေ့တိုင်း ထိုအသားများကို မည်သို့ ဝယ်ကျွေးနိုင်ပါ့မည်နည်းဟု တွေးရင်း ဝမ်းနည်းမိနေခြင်းဖြစ်သည်။
နောက်ဆုံးတွင် ဝမ်မေ့လီ မတတ်သာတော့ဘဲ ယဲ့ရှောင်ရှောင်အား လာတွေ့ခဲ့ရပါသည်။
“ရှောင်ရှောင်၊ အာ့နီ ခုတလော ထူးထူးဆန်းဆန်းတွေ လုပ်နေတာ နင့်အကြံမလား၊ မကောင်းဘူးလို့ ပြောတာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ငါတို့ မိသားစုက သူ့အတွက် နေ့တိုင်း အသားဝယ်ကျွေးရလောက်အောင် မပြည့်စုံဘူးလေ”
ယဲ့ရှောင်ရှောင်သည် ခြံဝင်းထဲတွင်ထိုင်ကာ သခွားမွှေးသီး စားနေပါသည်။ ထိုစကားကိုကြားသောအခါ ဝမ်မေ့လီအား မော့ကြည့်လိုက်သည်။
“ဒေါ်လေးဝမ် မှားနေပြီထင်တယ်နော်၊ သမီးသူ့အတွက် ဝိတ်ကျစေမယ့် အစီအစဉ်တစ်ခု ဆွဲပေးထားပေမယ့် နေ့တိုင်း အသားစားရမယ်လို့ ပြောမထားပါဘူး၊ ဟင်းသီးဟင်းရွက်နဲ့ တခြားအစားအစာတွေစားပြီးလည်း ဝိတ်ချလို့ ရပါတယ်”
ဝမ်မေ့လီ ချက်ချင်း နားလည်သွားသည်။
“အဲ့ဒီ မသာမလေး ငါ့ကို လိမ်ထားတာပဲ! အိမ်ပြန်ရောက်လို့ကတော့ ပြောင်းဖူးမီးဖုတ်နဲ့ ပြောင်းဆန်ထမင်းပဲ ကျွေးပစ်မယ်!”
နွေရာသီဖြစ်၍ ကိုယ်ပိုင်ခြံများတွင် ဟင်းသီးဟင်းရွက်မရှားလှပါ။
ဝမ်မေ့လီသည် ယဲ့ရှောင်ရှောင်ကို တောင်းပန်စကားဆိုလိုက်ပြီး ပြန်သွားလေတော့သည်။
ဘေးမှ နားထောင်နေသော ယဲ့ချန်းရှန့်က ပြောသည်။
“ရှားရှားပါးပါးပဲ၊ ဒေါ်လေးဝမ်က သူများကို တောင်းပန်နေတယ်တဲ့”
ယဲ့ရှောင်ရှောင်: “လီသဲ့ရှုတို့ မိသားစုနဲ့ မင်္ဂလာပွဲပျက်သွားကတည်းက ဒေါ်လေးဝမ် သူများတွေနဲ့ အတင်းတောင် သိပ်မပြောတော့ဘူး”
ယဲ့ချန်းရှန့်: “သူ့ကို သူများတွေ လှောင်မှာကြောက်လို့ နေမှာပေါ့”
ထိုစဉ် ယဲ့ချန်းအန်းနှင့် ယဲ့ချန်းချင့်တို့ ညီအစ်ကိုနှစ်ယောက် သေနတ်ကိုယ်စီကိုင်လျက် အိမ်ထဲမှ ထွက်လာကြသည်။
ယဲ့ချန်းရှန့်ကမေးသည်။
“အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ တောင်ပေါ်သွားကြမလို့လား၊ ကျွန်တော်လည်း လိုက်ခဲ့မယ်လေ”
ယဲ့ရှောင်ရှောင်ကလည်း ချက်ချင်း မတ်တပ်ရပ်လိုက်သည်။
“သမီးလည်း လိုက်ချင်တယ်”
ယဲ့ချန်းအန်းသည် တောင်ပေါ်တက်ရသည့် အရသာကို လွမ်းဆွတ်နေသူဖြစ်သည်။ ညီငယ်ညီမငယ်များက လိုက်ချင်သည်ဟု ဆိုသောအခါတွင်လည်း မငြင်းခဲ့ပေ။
“အဝတ်အစားနဲ့ ဖိနပ်တွေ သွားလဲဝတ်လာခဲ့၊ တောင်ပေါ်တက်မှာဆိုတော့ ထူထူလေးတွေ ဝတ်ကြ”
တောင်ပေါ်တွင် အပူချိန်ကနိမ့်ပြီး လမ်းများက ခက်ခဲကြမ်း တမ်းလှသည်။ ထို့ကြောင့် အကြမ်းခံသည့် ဖိနပ်နှင့် အင်္ကျီလက်ရှည် ဘောင်းဘီရှည်တို့ကို လိုအပ်ပါလိမ့်မည်။
ယဲ့ရှောင်ရှောင်က ပြောသည်။
“အခုပဲ သွားလဲလိုက်မယ်၊ အစ်ကိုယွမ်ကိုလည်း ခေါ်ကြရအောင်၊ သူသွားချင်နေတာ တော်တော်ကြာပြီ”
ယဲ့ချန်းယွမ်ကလည်း ဤကဲ့သို့ အခွင့်အရးမျိုးကို လက်လွတ်ခံမည့်လူမျိုး မဟုတ်ပေ။
တောင်ပေါ်သွားရမည်ဟု ကြားလိုက်သည်နှင့် အမြန်ဆုံး အလျင်ဖြင့် ပြေးလာခဲ့သည်။ အိမ်မှ သေနတ်ပင် ယူဆောင်လာဖို့ စိတ်ကူးရှိခဲ့သော်လည်း အဖေဖြစ်သူ၏ ဆူငေါက်မှုကြောင့် လက်ဗလာဖြင့်သာ လိုက်လာရပါသည်။
ဤသည်မှာ ယဲ့ရှောင်ရှောင် တောင်ပေါ်တက်ဖူးသည့် ပထမဆုံးအတွေ့အကြုံဖြစ်သည်။
သူမ မြင်ဖူးနေကျ ရှုခင်းလှပသည့် လည်ပတ်စရာ နေရာများနှင့် မတူဘဲ ဤနေရာမှာ လူသူကင်းမဲ့သည့် တောနက်ကြီးစစ်စစ် ဖြစ်သည်။ နေရာအတော်များများတွင် ယဲ့ချန်းရှန့်၏ အကူအညီဖြင့်သာ သူမ ရှေ့ဆက်လျှောက်နိုင်ခဲ့ပါသည်။
“ခြေလှမ်းကို သေချာကြည့်လျှောက်ကြနော်၊ ရွာသားတွေချထားတဲ့ ထောင်ချောက်မှာ မိနေမယ်”
ယဲ့ရှောင်ရှောင်: “အန္တရာယ်များလိုက်တာ…”
ယဲ့ချန်းရှန့်က ပြောသည်။
“တခြားနည်းလမ်းမရှိဘူးလေ၊ သူတို့လည်း ဝမ်းစာအတွက် လုပ်ရတာ၊ ဒီတောင်ပေါ်ကို အပြင်လူတွေ ရောက်မလာသေးလို့ တော်သေးတာပေါ့”
ပထမတော့ ပျော်စရာကောင်းခဲ့သော်လည်း နောက်ဆုံးတွင် ယဲ့ရှောင်ရှောင် အလွန်ပင်ပန်းလာပြီး ခြေလက်များကို လှုပ်ပင် မလှုပ်ချင်တော့ပေ။
ယဲ့ချန်းအန်းက ယုန်နှစ်ကောင်ပစ်ဖမ်းခဲ့ပြီး ယဲ့ချန်းချင့်က ကြက်ငါးကောင် ဖမ်းခဲ့ပါသည်။
ယဲ့ချန်းအန်း: “ပြန်ကြစို့၊ ကောင်ကင်ကြီး မှောင်လာပြီ”
ယဲ့ချန်းယွမ်က ပျော်လို့မဝသေးပါ။
“ဒီလောက်အစောကြီး ပြန်မှာလားဟ၊ ရှေ့နည်းနည်းလောက် ဆက်သွားရင် သမင်တွေဘာတွေတောင် တွေ့ရလောက်တယ်”
ယဲ့ချန်းချင့်က ဆိုသည်။
“ကောင်းကင်ကို မော့ကြည့်ဦး၊ မိုးရွာတော့မယ်ထင်တယ်၊ မိုးရွာတဲ့အချိန် တောထဲမှာ ပိတ်မိနေရင် မကောင်းဘူး၊ အိမ်စောစော ပြန်ကြရအောင်”
ယဲ့ရှောင်ရှောင်လည်း ခေါင်းညိတ်လိုက်သည်။
မိုးကိုကြောက်၍ မဟုတ်ဘဲ သူမ အမှန်တကယ် လမ်းမလျှောက်နိုင်တော့ခြင်းကြောင့်သာ။
မောင်နှမ ငါးဦး စောစောပြန်လာ၍ ကံကောင်းသွားသည်ဟု ဆိုရမည်။ သူတို့ တောင်ခြေသို့ ရောက်သည်နှင့် မိုးများ စတင်ရွာသွန်းလာပါသည်။
ယဲ့ချန်းချင့်က ဖမ်းမိလာသည့် သားကောင်တစ်ဝက်ကို ယဲ့ချန်းယွမ်တို့အိမ်အား ပေးလိုက်သည်။
“မိုးသည်းမယ့်ပုံပဲ၊ အပြင်လျှောက်သွားမနေနဲ့ဦး”
“ဟုတ်ကဲ့!”
ယဲ့ချန်းယွမ်လည်း သားကောင်များကို သယ်ဆောင်ရင်း အိမ်သို့ ပြန်ပြေးသွားတော့သည်။
ယဲ့ရှောင်ရှောင်တို့ မောင်နှမများ အိမ်ပြန်ရောက်လာသောအခါ မြောင်စွေ့ဖန်းက ရေနွေးပင် ကျိုထားပြီးပါပြီ။
“ရေမိုးချိုးပြီး အဝတ်အစား မြန်မြန်လဲလိုက်ကြ၊ ဒီရာသီဥတုကြီးမှာ တောင်ပေါ်သွားတာ ဘယ်လောက် အန္တရာယ်များတယ် မှတ်လဲ”
ယဲ့ရှောင်ရှောင်: “သမီးတို့သွားတုန်းက ရာသီဥတု သာယာပါတယ် အမေရဲ့”
“တခြားသူတွေကို အမေစိတ်မပူဘူး၊ သူတို့က ကျွဲတွေနွားတွေလို သန်မာတယ်၊ သမီးနဲ့ ချန်းရှန့်ကတော့ မတူဘူးလေ၊ ကဲပါ အအေးမမိစေနဲ့”
မြောင်စွေ့ဖန်းသည် ပဝါတစ်ထည်ကို ယူရင်း ယဲ့ရှောင်ရှောင်၏ ဆံပင်များကို သုတ်ပေးလိုက်ပါသည်။
ယောက်မအကြီးဆုံး ကျန်းရွှယ်က မီးဖိုချောင်ထဲ ဝင်သွားသည်။
“သမီး ဂျင်းပြုတ်ရည်လေး လုပ်လိုက်မယ် အမေ၊ ခဏနေရင် အားလုံးအတူတူသောက်ကြတာပေါ့”
ယဲ့ချန်းအန်းက ကိုင်ထားသည့် ပစ္စည်းများကို အောက်ချကာ ပြောသည်။
“ကျွန်တော်တို့ကို မဆူပါနဲ့ အမေရာ၊ ဒီတစ်ခေါက် တောင်ပေါ်က ပြန်ဆင်းလာတာ လက်ဗလာနဲ့မဟုတ်ဘူး၊ သားကောင်တွေ အများကြီး ရခဲ့တယ်”
မြောင်စွေ့ဖန်းကလည်း အမှန်တကယ် စိတ်ဆိုးနေခြင်း မဟုတ်ပေ။
“ဟုတ်ပါပြီ၊ အမေ အခုပဲ ချက်ပေးမယ်၊ ဒီနေ့ည ဟင်းကောင်း စားကြတာပေါ့”
ယဲ့ပေါင်ချန်းလေးက ပြေးလာပြီး အဘွားဖြစ်သူကို ဖက်လိုက်သည်။
“ရေး!!! အသားဟင်းစားရတော့မယ်!”
မြောင်စွေ့ဖန်းသည် သူမ၏ မြေးလေးကို ပွေ့ချီလိုက်ပါသည်။
“ဒီအစားပုတ်လေးကတော့ တစ်ချိန်လုံး စားဖို့သောက်ဖို့ပဲ စဉ်းစားနေတော့တာပဲ”
ယဲ့ပေါင်ချန်းလေးမှာ အတော်လေး ထွားကျိုင်းပါသည်။ အသက်ငယ်သေးသော်လည်း အလွန်လေးလံသဖြင့် မြောင်စွေ့ဖန်းမှာ ကြာကြာမချီနိုင်ဘဲ ခဏအကြာတွင် ပြန်ချပေးလိုက်ရသည်။
ထိုအခါ ယဲ့ပေါင်ချန်းလေးမှာ သူ့ညီလေးထံသို့ ပြေးသွားကာ စကားပြော သင်ပေးနေလေတော့သည်။
ကောင်းကင်ယံတွင် တိမ်နက်များ ပိုမိုထူထပ်လာခဲ့သည်။ မိုးကလည်း ပိုမိုသည်းထန်လာပါသည်။
ညစာစားဖို့ ယဲ့ရှောင်ရှောင် အိမ်ရှေ့ခန်းသို့ ထွက်လာသောအခါ သူမကိုယ်ပေါ်သို့ အပြင်ဘက်မှ မိုးရေစက်များ ပက်စင်လာသည်။
ယဲ့မိသားစု၏ ယနေ့ ညစာမှာ အထူးကောင်းမွန်လှပါသည်။
မြောင်စွေ့ဖန်းသည် ကြက်တစ်ကောင်နှင့် ယုန်တစ်ကောင်တို့ကို ချက်ပေးထားသည်။ အိမ်တွင် ကလေးများအားလုံး ရှိနေသဖြင့် သားကောင်များကို ပြန်မရောင်းဘဲ မိသားစုအတွက် ချက်ပြုတ်ပေးဖို့သာ စီစဉ်ခဲ့သည်။
ယဲ့ရှောင်ရှောင်က ကြက်ပေါင်တစ်ချောင်း စားရသည်။
ယဲ့မိသားစုမှာ မချမ်းသာသော်လည်း ဤမိသားစုသို့ ရောက်ရှိလာစဉ်ကတည်းက သူမ ဒုက္ခခံစားခဲ့ရခြင်း မရှိပေ။ ထို့ကြောင့် သူမ၏ လက်ရှိဘဝကို အတော်လေး ကျေနပ်မိပါသည်။
ယဲ့မိသားစုဝင်များ သာသာယာယာ ညစာစားသောက်နေစဉ် ရွာထဲရှိ အခြားသော မိသားစုများမှာမူ အခက်အခဲနှင့် ကြုံတွေ့နေရသည်။
မိုးမှာ နှစ်နာရီကြာအောင် ရွာသွန်းနေခဲ့ပြီး မရပ်တန့်သည့်အပြင် ပိုပိုပြီးသည်းထန်လာပါသည်။
ဤခေတ်တွင် နေအိမ်အရည်အသွေးများက မကောင်းမွန်သေးဘဲ မိုးလည်းမလုံပေ။ အမိုးပြားများနှင့် ရွှံ့များကိုသာ အားကိုးကြရသည်။
ယဲ့မိသားစုဝင်များက လုံ့လဝီရိယရှိကြသဖြင့် ရာသီဥတုကောင်းသည့်အချိန်တိုင်း အမိုးများကို ပြုပြင်မွမ်းမံထားလေ့ ရှိသည်။ အိမ်ဝင်းထဲကိုလည်း ကျောက်ပြားများ ခင်းထားသဖြင့် မိုးရေများက ရေမြောင်းများမျတဆင့် အလွယ်တကူ စီးဆင်းသွားနိုင်ပါသည်။
သို့သော်လည်း ဝီရိယမရှိသည့် ရွာသားများ သို့မဟုတ် အသက်အရွယ်ကြီးရင့်သဖြင့် အိမ်ကို မပြုပြင်နိုင်သော ရွာသားများအတွက်မူ အိမ်ပြင်မှာသာမက အိမ်အတွင်းပိုင်းမှာပါ မိုးရွာနေတော့သည်။
မိုးရေများ၏ တိုက်စားမှုကြောင့် အချို့အိမ်များဆိုလျှင် ပြိုကျတော့မည့် အရိပ်အယောင်ပင် ပြသနေပါပြီ။
ထိုအခြေအနေနှင့် ကြုံနေရသည်မှာ တစ်အိမ်မက များပြားလှသဖြင့် ရွာသူကြီးကျန်းရန်ကွေ့လည်း မတတ်သာတော့ဘဲ ယဲ့မိသားစုကို အကူအညီ လာတောင်းရတော့သည်။
“ကျန်းကော်ရေ၊ ရွာအရှေ့ဘက်စွန်းက အဘိုးကျန်းရဲ့အိမ် ပြိုကျသွားလို့တဲ့၊ တို့ရွာထဲမှာ အန္တရာယ်များတဲ့ တခြားအိမ်တွေလည်း အများကြီးရှိတယ်၊ လောလောဆယ်တော့ အသက်တွေ မဆုံးရှုံးရအောင် ရွာကော်မတီဝင်းထဲမှာ ခဏ ခိုလှုံခိုင်းထားဖို့ စီစဉ်နေတာ”
ယဲ့ကျန်းကော်လည်း ပန်းကန်ထဲတွင် ကျန်နေသေးသည့် အစားအသောက်များကို ခပ်မြန်မြန်ပင် ကုန်အောင် စားလိုက်သည်။
“ဟုတ်ပြီ ဟုတ်ပြီ၊ အားလုံးကို အသိပေးရအောင် ကျွန်တော်လိုက်ခဲ့မယ်”
ယဲ့ချန်းချင့်: “ကျွန်တော်လည်း လိုက်မယ်အဖေ”
ကျန်းရန်ကွေ့က ငြင်းသည်။
“ငါတို့ လူတွေ အများကြီး မလိုဘူး၊ တခြားသူတွေကိုလည်း ခေါ်ထားသေးတယ်၊ မင်းတို့ဖာသာ ညစာအေးအေးဆေး ဆေး ဆက်စားကြပါ”
ထိုအခါမှသာ ယဲ့ချန်းချင့်တစ်ယောက် ခေါင်းဆက်မမာတော့ဘဲ အိမ်တွင် နေခဲ့လေတော့သည်။