အခန်း (၃၀၁-၃၀၂)
Vol. 31 Ch. 301-302
🫧 Chapter 301
ရွှီယိုကျိ၏ စိုးရိမ်ပူပန်မှုများနှင့် နှိုင်းယှဉ်လျှင် ဝိညာဉ်လှေပေါ်ရှိ အခြားသော အဖွဲ့ဝင်များမှာမူ ပို၍ ပေါ့ပေါ့ပါးပါးနှင့် လွတ်လပ်နေကြသည်ကို တွေ့ရပေသည်။
အချို့က လှေပေါ်တွင် မှီကာ ရှုခင်းများကို ကြည့်ရှုနေကြပြီး အချို့ကလည်း တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေကြ၏။
သူတို့သည် ကိုယ်ပိုင်ကိစ္စများကို အသီးသီး လုပ်ဆောင်နေကြလေသည်။
ကျန်းလင်နှင့် တစ္ဆေလက်နက်ရုံမှ အဖွဲ့ဝင် အားစစ်တို့ကမူ ကျုံးခွေ ပေးလိုက်သော တောင်ဘက်နန်းဆောင် ဖြတ်သန်းခွင့် လက်မှတ်ကို လေ့လာနေကြသည်။
"မင်းဆီမှာ ဘယ်လိုလုပ် နှစ်ကတ် ဖြစ်နေတာလဲ"
ရုတ်တရက် ကျန်းလင်က နောက်ထပ် လက်မှတ်တစ်ကတ် ထုတ်ယူလာသည်ကို မြင်သောအခါ အားစစ်က သိချင်စိတ်ဖြင့် မေးလိုက်၏။
"တခြား ဝိညာဉ်တမန်တော် ပေးထားတာ"
ထိုအခါ ကျန်းလင်က ပြန်ဖြေလိုက်သည်။
သူ၏ လက်ထဲရှိ ဖြတ်သန်းခွင့် လက်မှတ် နှစ်ကတ်အနက် တစ်ကတ်မှာ ကျုံးခွေ ပေးထားခြင်း ဖြစ်ပြီး ကျန်တစ်ကတ်မှာ အထူးအဆင့် တာဝန် ထမ်းဆောင်စဉ်က ထိုလူသန်ကြီး ပေးထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ကျန်းလင်က ဖြတ်သန်းခွင့် လက်မှတ် နှစ်ကတ်ကို အတူတကွ ယှဉ်ထားကာ နှိုင်းယှဉ်ကြည့်လိုက်၏။
အရှင်ကျုံးခွေ ပေးထားသော လက်မှတ်၏ မျက်နှာပြင်ပေါ်တွင် ရွှေရောင် မျဉ်းကြောင်းအချို့ ပိုမို ပါဝင်နေပြီး၊ ကိုင်တွယ်ကြည့်ရသည့် အထိအတွေ့မှာလည်း ပိုကောင်းမွန်နေပေသည်။
သို့သော် ထို့အပြင် တခြားထူးခြားချက် များများစားစားမရှိသကဲ့သို့ ပင်။
"တစ်ခုက တစ်ခါသုံး၊ နောက်တစ်ခုကတော့ ရေရှည် သုံးလို့ရတဲ့ လက်မှတ်ပဲ"
ထိုစဉ် ချင်ကျိုးကျိုးသည် မည်သည့်အချိန်ကတည်းက ရောက်လာမှန်း မသိဘဲ ဝင်ရောက် ရှင်းပြလေသည်။
ဤသည်ကို ကြားသော် ကျန်းလင်က မျက်ခုံးပင့်လိုက်သော်လည်း သူမ မည်သို့ သိနေသနည်း ဆိုသည့်အပေါ် အံ့သြသွားခြင်း မရှိပါချေ။
"မင်းဆီမှာရော ဘယ်နှကတ် ရှိလဲ"
တစ်ဖက်လူ၏ စရိုက်အရ မည်သည့် ပြင်ဆင်မှုမျှ မရှိဘဲ နေမည် မဟုတ်ကြောင်း သူသိနေ၏။
နောင်တစ်ချိန်တွင် တောင်ဘက်နန်းဆောင်သို့ မသွားဖြစ်လျှင်တောင်မှ၊ သူမက ကြိုတင်၍ လက်မှတ် အချို့ကို ပြင်ဆင်ထားမည်မှာ သေချာသည်လေ။
"အရင်ကတော့ နည်းနည်း ပြင်ဆင်ထားတာ ရှိတယ်၊ ဒါပေမယ့် အကုန်လုံးက တစ်ခါသုံးတွေချည်းပဲ"
ချင်ကျိုးကျိုးကလည်း ဖုံးကွယ်မထားဘဲ လက်လှမ်းကာ လက်မှတ် အမြောက်အမြားကို ထုတ်ပြလိုက်၏။
သူမ၏ လက်ချောင်းလေးများ လှုပ်ရှားလိုက်သည်နှင့် ထိုလက်မှတ်များမှာ ယပ်တောင် တစ်ချောင်းကဲ့သို့ ဖြန့်ကြက်သွားတော့သည်။
"အခုတော့ အရှင်ကျုံးခွေ ပေးတဲ့ ဒီကတ် ရှိနေပြီဆိုတော့ ဒီတစ်ခါသုံးတွေက သိပ်ပြီး အရေးမကြီးတော့ပါဘူး"
ဝိညာဉ်ဘုရင်အဆင့်နှင့် အထက် ဝိညာဉ်တမန်တော်များ အပြင်၊ အချို့သော အထူးရာထူး ရှိသည့် ဝိညာဉ်တမန်တော်များသည်လည်း ဖြတ်သန်းခွင့် လက်မှတ်များကို ထုတ်ပေးနိုင်စွမ်း ရှိကြသည်။
သို့သော် အများစုမှာ တစ်ခါသုံးများသာ ဖြစ်ကြ၏။
ကျုံးခွေ ကဲ့သို့ ရေရှည် အသုံးပြုနိုင်သော လက်မှတ်ကို ထုတ်ပေးနိုင်သည့် ဝိညာဉ်တမန်တော် ဆိုသည်မှာ အလွန် ရှားပါးလေသည်။
ထို့အပြင် သူတို့နှင့် ဆက်သွယ်နိုင်ရန် ဆိုသည်မှာလည်း လွယ်ကူလှသည် မဟုတ်ပေ။
"မင်း မင်းတို့"
တစ္ဆေလက်နက်ရုံမှ အဖွဲ့ဝင် အားစစ်က ကျန်းလင်ကို တစ်လှည့်၊ ချင်ကျိုးကျိုးကို တစ်လှည့် ကြည့်လိုက်ကာ သူ၏ မျက်ခုံးနှစ်ခုမှာ နားမလည်နိုင်မှုကြောင့် တွန့်ချိုးသွားတော့သည်။
'သူတို့ဆီမှာ ဘယ်လိုလုပ် ဒီလောက် လက်မှတ်တွေ အများကြီး ရှိနေရတာလဲ'
'ဘယ်ကနေ ရလာကြတာလဲ'
'ဒီပစ္စည်းက ဝယ်လို့ရတဲ့ အရာမျိုးလား'
'ငါ ဘာလို့ တစ်ခါမှ မမြင်ဖူးရတာလဲ'
လှေဦးပိုင်းတွင် ရွှီယိုကျိသည် သက်ပြင်းတစ်ချက်ကို လွတ်လွတ်လပ်လပ် ချလိုက်ခါစပင် ရှိသေး၏။
လှည့်ကြည့်လိုက်သည်နှင့် ချင်ကျိုးကျိုး လက်ထဲတွင် ဖြန့်ထားသော ဖြတ်သန်းခွင့် လက်မှတ်များကို မြင်လိုက်ရသည်။
ထို့အတူ ကျန်းလင် လက်ထဲရှိ လက်မှတ် နှစ်ကတ်ကိုလည်း တွေ့လိုက်ရပေသည်။
ထိုအခါ သူ၏ နှလုံးသားမှာ ချက်ချင်းပင် တစ်ဖန် ခုန်ပေါက်လာပြန်လေသည်။
'ဒီ ဒီဟာတွေ'
'ဘုရားရေ ဒုက္ခပါပဲ'
'ဒီနှစ်ယောက်က ဘယ်အချိန်ကများ ခိုးပြီး ပြန်သွားဖို့ ကြံစည်နေကြတာလဲ'
……
[ဟားဟားဟား သူတို့ဆီမှာ ဘယ်လိုလုပ် အဲဒီလောက် အများကြီး ရှိနေရတာလဲ]
[ဟိုက်ရှားပါး အကုန်လုံးက တစ်ယောက် တစ်ကတ်စီပဲ ရှိမယ်ထင်နေတာ၊ အခုတော့ တစ်ယောက်ကို တစ်စည်းကြီး ထုတ်ပြနေကြပါလား]
[များများ ပြင်ဆင်ထားတာ ပိုကောင်းပါတယ်လေ၊ နောက်ပိုင်း အားရင် မကြာခဏ ပြန်သွားလည်လို့ ရတာပေါ့]
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ပရိသတ်များက ရွှင်မြူးစွာဖြင့် ပြောဆိုနေကြ၏။
တစ္ဆေလက်နက်လှေကြီး စတင် ပျံသန်းချိန်တွင်၊ တိုက်ရိုက်ထုတ်လွှင့်သည့် ဘောလုံးလုံးလေးသည်လည်း လှေအတွင်းမှ နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ပုံမှန် အနေအထားသို့ ပြန်လည် ရောက်ရှိသွားပေ၏။
ကင်မရာ တစ်လုံးက လှေပေါ်ရှိ မြင်ကွင်းများကို ရိုက်ကူးနေပြီး၊ နောက်တစ်လုံးကမူ ကောင်းကင်ယံအောက်မှ ရှုခင်းများကို တိုက်ရိုက် ထုတ်လွှင့်နေသည်။
'ဝှီး ဝှီး'
လေတိုက်ခတ်သံများက ဖြတ်သန်းတိုက်ခတ်သွားနေကာ မလှမ်းမကမ်းတွင် ပျံသန်းနေသော ဘူးသီးခြောက်ကြီး နှစ်လုံးကိုလည်း ရေးရေးမျှ မြင်တွေ့နေရလေသည်။
၎င်းတို့အပေါ်တွင်မူ ချစ်စရာ ကလေးငယ် နှစ်ဦးက ထိုင်လိုက်ပါလာကြ၏။
[တောင်ဘက်နန်းဆောင်က ကောင်းလိုက်တာ၊ အတောင်ပံတွေလည်း ရှိတယ်၊ ကျားလေးတွေလည်း ရှိတယ်]
[ပြီးတော့ အဆောင်တွေလည်း ရှိသေးတယ်၊ အသားဖြူဖြူ ချောချောလှလှ အဆောင်မှူး အစ်မကြီးလည်း ရှိတယ်လေ]
[အပေါ်ကလူ မင်းရဲ့ အတွေးတွေက အရမ်း အန္တရာယ်များနေပြီ၊ အခုချက်ချင်း ရပ်လိုက်စမ်း၊ ငါ့ကိုပဲ ပေးလုပ်ပါ]
……
'အဟွတ် အဟွတ် အဟွတ်'
ရုတ်တရက် ရွှီယိုကျိသည် သူ၏ လက်သီးဆုပ်ကို ပါးစပ်နားတွင် တေ့ကာ ချောင်းဟန့်လိုက်ပြီးနောက်၊ လှေပေါ်ရှိ အဖွဲ့ဝင်များ အားလုံး၏ အာရုံစိုက်မှုကို စောင့်ဆိုင်းလိုက်၏။
"အားလုံး ဒီကို လာခဲ့ကြ၊ အစည်းအဝေးလေး လုပ်ရအောင်"
သူက စတင် ပြောဆိုလိုက်သည်။
မည်သည့် အစည်းအဝေး ဖြစ်မည်နည်း။
သူတို့ အသီးသီး၏ တောင်ဘက်နန်းဆောင် ခရီးစဉ်အတွင်း မည်သည်တို့ကို လုပ်ဆောင်ခဲ့ကြပြီး၊ မည်သည့် အကျိုးအမြတ်များ ရရှိခဲ့ကြောင်းကို အရင်ဆုံး ဆွေးနွေးကြမည် ဖြစ်သည်။
ခြုံငုံ သုံးသပ်ရလျှင်ကား ဤတစ်ကြိမ် သူတို့ ထွက်လာခြင်းမှာ တာဝန် တစ်ခုကို သယ်ဆောင်လာခဲ့ခြင်းပင် ဖြစ်သည်မဟုတ်ပေလော။
ယွီပိုင်ရှင်းသည် သူ၏ စံပြ စီနီယာ ဘေးတွင် ထိုင်နေရင်းက ဦးစွာ စကားစလိုက်၏။
"တောင်ဘက်နန်းဆောင်မှာ နေခဲ့ရတဲ့ အချိန်တုန်းက ကျွန်တော်က စီနီယာ့ဘေးမှာ နေပြီး လေ့လာ သင်ယူဖြစ်ခဲ့ပါတယ်"
"အဓိက ချိတ်ပိတ်မှု ဆယ်ခုကို သွားရောက် စစ်ဆေးခဲ့ပြီး၊ အလယ်အလတ် အဆင့် ချိတ်ပိတ်မှု ငါးခုလောက်ကို ပြုပြင်ပေးခဲ့တယ်၊ ပြီးတော့ တောင်ဘက်နန်းဆောင် တံဆိပ်ခတ်နှိပ်ရေး အဖွဲ့ရဲ့ အတွေ့အကြုံ ဖလှယ်ပွဲ တစ်ခုကိုလည်း တက်ရောက်ခဲ့သေးတယ်"
"ဒီတစ်ခေါက် တောင်ဘက်နန်းဆောင် ခရီးစဉ်မှာ ရည်မှန်းချက် တူညီတဲ့ ဝိညာဉ်တမန်တော် အများကြီးနဲ့ ခင်မင်ခွင့် ရခဲ့သလို၊ မတူညီတဲ့ အမြင်တွေကိုလည်း အများကြီး နားထောင်ခဲ့ရပါတယ်"
ထိုအရာများ အားလုံးက သူ့အား ချိတ်ပိတ်ခြင်း လမ်းစဉ်တွင် ပို၍ ရှေ့ဆက်နိုင်စေရန် အထောက်အကူ ပြုပေလိမ့်မည်။
တောင်ဘက်နန်းဆောင်၏ တံဆိပ်ခတ်နှိပ်မှု ပညာရပ်သည် အရှေ့ဘက်နန်းဆောင် ကဲ့သို့ ကျွမ်းကျင်မှု မရှိသော်လည်း နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော အခြေခံကောင်း အချို့တော့ ရှိနေသေး၏။
၎င်းတို့အထဲတွင် ချိတ်ပိတ်ခြင်း ပညာရပ်၌ ထူးခြားသော ပါရမီ ပါလာသည့် ဝိညာဉ်တမန်တော် အချို့လည်း ပါဝင်လေသည်။
အတွေ့အကြုံ ဖလှယ်ပွဲတွင် သူတို့ မျှဝေခဲ့သော အကြောင်းအရာများက သူ့အတွက် အကျိုးကျေးဇူး များစွာ ရရှိစေခဲ့သည်။
ထိုအခါ ရွှီယိုကျိက ခေါင်းညိတ်ကာပြောလိုက်၏။
"အင်း၊ အရမ်း ကောင်းတယ်"
'စီနီယာက ငါ့ကို ချီးကျူးလိုက်တာပဲ'
ထိုအခါ ယွီပိုင်ရှင်းမှာ ဝမ်းသာသွားသည်။
ယွီပိုင်ရှင်း၏ ဘေးတွင် ထိုင်နေသူမှာ အနက်ရောင် ဝိညာဉ်တမန်တော် လျိုပုဝေ ဖြစ်ပြီး၊ လူတိုင်းက သူ့ကို ကြည့်နေကြသည်ကို မြင်သောအခါ၊ လျိုပုဝေက ပေါ့ပေါ့ဆဆပင် ပြောလိုက်၏။
"တောင်ဘက်နန်းဆောင်မှာ ရန်ပွဲ နည်းနည်းပါးပါး ဖြစ်ခဲ့တယ်၊ ပြီးတော့ ထောင်ထဲမှာ ရက်အနည်းငယ် နေခဲ့ရတယ်"
ထိုသို့ပြောပြီးနောက် သူက ဆက်မပြောတော့ချေ။
"ပြီးတော့ရော"
ယွီပိုင်ရှင်းက ဆက်မေးလိုက်၏။
ထိုစကားကိုကြားသော် လျိုပုဝေ့က သူ့ကို ကြည့်လိုက်သည်။
"ပြီးတော့ မင်းတို့နဲ့ အတူတူ လှေပေါ် တက်လာတာပေါ့"
"တကယ်တော့ ဒီတစ်ခေါက် ငါ့ရဲ့ အကျိုးအမြတ်ကလည်း တော်တော်လေး ကြီးမားတယ်လို့ ထင်တယ် ငါတို့ တစ်ပွဲလောက် စမ်းချကြည့်ရအောင်လား"
လျိုပုဝေက ပြောရင်းဖြင့် အင်္ကျီလက်ကို ပင့်တင်ကာ ထိုနေရာရှိ ဝိညာဉ်တမန်တော်များကို စိတ်အားထက်သန်စွာ ကြည့်ရှုလိုက်သည်။
သူက မည်သူ့ကိုမျှ ရန်စနေခြင်း မဟုတ်ဘဲ၊ တကယ်ကို စမ်းသပ်ကြည့်ချင်နေခြင်းသာ ဖြစ်ပေသည်။
တောင်ဘက်နန်းဆောင်တွင် အချိန်အတော်ကြာအောင် တိုက်ခိုက်ခဲ့ရသဖြင့် သူသည်လည်း အများကြီး ပိုမို အင်အားကြီးမားလာခဲ့သည်။
သို့သော် မိမိတို့ ငရဲပြည်မှ ဝိညာဉ်တမန်တော်များနှင့် ယှဉ်လျှင် မည်သည့် အဆင့်တွင် ရှိနေမည်ကိုမူ သူ မသိပါချေ။
ထိုအခါ ယွီပိုင်ရှင်းက မျက်စောင်းထိုးကာပြောလိုက်၏။
"အစည်းအဝေး လုပ်နေတာလေ၊ ဘယ်သူက မင်းနဲ့ ရန်ဖြစ်နေမှာလဲ"
ရွှီယိုကျိသည်လည်း ပြုံးလိုက်ပြီး လျိုပုဝေကို ထိုင်ခိုင်းလိုက်သည်။
ထို့နောက် တဖြည်းဖြည်းနှင့် တစ်ခုလုံးသော အစည်းအဝေးမှာ လျိုပုဝေ့ထံမှ စတင်ကာ ခေါင်းစဉ် လွဲသွားတော့လေသည်။
ထို့နောက် ချင်ကျိုးကျိုးက စကားစလိုက်သည်
"တောင်ဘက်နန်းဆောင် ငရဲပြည်ကို တစ်ပတ်လောက် လျှောက်လည်ဖြစ်ခဲ့တယ်၊ လူ့လောကက ရှုခင်းတွေလည်း တော်တော်လေး ကောင်းပါတယ်"
"တောင်ဘက်နန်းဆောင်ရဲ့ အစားအသောက် အရသာတွေကလည်း တော်တော် ကောင်းတယ်။ ငါ ဟင်းချက်စရာ ပစ္စည်းတွေ အများကြီးတောင် စုဆောင်းခဲ့သေးတယ်"
သူမက ပြောရင်းဆိုရင်းဖြင့် နောက်တစ်ကြောင်းသို့ ကူးသွားလေသည်။
"ငါတို့ စားရင်းသောက်ရင်း အစည်းအဝေး လုပ်ကြရင် မကောင်းဘူးလား"
ထိုအခါ ယွီပိုင်ရှင်းက တည်ကြည်သော မျက်နှာဖြင့် ငြင်းဆန်လိုက်၏။
"အစည်းအဝေး လုပ်နေတာလေ၊ ဘာတွေ စားမှာလဲ"
ထို့နောက် ကျန်းလင်၏ အလှည့်သို့ ရောက်လာသည်။
ထိုအခါကျန်းလင်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်၏။
"တောင်ဘက် ဒေသကို လျှောက်လည်ဖြစ်တယ်၊ တာဝန် နည်းနည်းပါးပါး လုပ်ခဲ့ပြီး စွမ်းရည်စာအုပ်တွေနဲ့ ကျင့်စဉ် တချို့ကို လဲလှယ်ဖြစ်ခဲ့တယ်"
'အင်း အကျိုးအမြတ်က တော်တော်လေး များတာပဲ'
နောက်ဆုံးတစ်ယောက်မှာ တစ္ဆေလက်နက်ရုံမှ အဖွဲ့ဝင် အာစစ် ဖြစ်လေသည်။
သူက ကျန်းလင်ကို တစ်ချက်ကြည့်ပြီး၊ လျိုပုဝေ့ကိုလည်း တစ်ချက် ကြည့်လိုက်၏။
ထို့နောက် လူတိုင်းက စကားကို တိုတိုတုတ်တုတ် ပြောနေကြပြီ ဖြစ်ရာ သူလည်း ရိုးရှင်းစွာပင် ပြောရန် ဆုံးဖြတ်လိုက်သည်။
"ဒီကာလအတွင်းမှာ ကျွန်တော် အဓိကအားဖြင့် တစ္ဆေလက်နက်ရုံ၊ တစ္ဆေဈေးတန်းနဲ့ အဆောင် ဆိုပြီး နေရာသုံးခုကိုပဲ သွားဖြစ်ပါတယ်"
"သူတို့ဆီမှာ တစ္ဆေလက်နက်တွေ သိပ်မများဘူး၊ အဲဒီအပေါ်ကို သိပ်ပြီး အာရုံမစိုက်ကြဘူး ထင်တယ်"
စကားဆုံးသွားသောအခါ လှေပေါ်တွင် တိတ်ဆိတ်သွားလေတော့သည်။
ထို့ကြောင့် အာ့စစ်က ခေတ္တ ရပ်တန့်လိုက်ပြီး နောက်ထပ် တစ်ကြောင်း ထပ်ဖြည့်ပြောလိုက်၏။
"ကျွန်တော် ပြောလို့ ပြီးပါပြီ"
……
[ဖူး ကုမ္ပဏီရဲ့ နှစ်ပတ်လည် အစည်းအဝေး အနှစ်ချုပ်နဲ့ တူမနေဘူးလား၊ အမြဲတမ်း လူရွှင်တော် တစ်ယောက်ဆီက စပြီး ပုံစံပြောင်းသွားတတ်တာလေ]
[ယွီပိုင်ရှင်း : ငါတစ်ယောက်တည်း သေသေချာချာ အစီရင်ခံစာ သုံးသပ်ချက် လုပ်နေရတာလား]
[ဟေး ဟေး၊ သေသေချာချာ အစည်းအဝေး လုပ်နေတာလေ၊ မင်းတို့ မရယ်ကြနဲ့၊ ငါတို့က ကျွမ်းကျင် ပညာရှင်တွေနော်]
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအတွင်းရှိ မှတ်ချက်များက အလျင်အမြန် ဖြတ်သန်းသွား၏။
ဤမြင်ကွင်းမှာ အမြဲလိုလို ရင်းနှီးနေသကဲ့သို့ ခံစားရပေသည်။
မည်သို့ ပြောရမည်နည်း။
အရှေ့ဘက်တွင် စံပြ ကျောင်းသားလေးက အစီရင်ခံစာကို သေချာစွာ ဖတ်ပြနေစဥ် အနောက်ဘက်ရှိ ကျောင်းသား တစ်စုကမူ စားသောက် ပျော်ပါးရန် အကြောင်းများကို ဆွေးနွေးနေကြသည့် ခံစားချက်မျိုး ဖြစ်ပေသည်။
လမ်းကြောင်း တစ်ခုတည်းတွင် ရှိနေပုံ မရပါချေ။
ထိုစဉ် ပရိသတ် တစ်ဦးက ချက်ချင်းပင် ပြဇာတ်ငယ်လေး တစ်ခု ရေးသားကာ အဖွဲ့လိုက် စကားပြောခန်း အတွင်းသို့ ပို့လိုက်လေသည်။
[ပြဇာတ်ငယ် ကျွမ်းကျင်သူက ငါပဲ၊ ဆက်ဖတ်ရန် နှိပ်ပါ]
[ဆရာကြီးက မိုက်တယ်ဟေ့၊ ငါလည်း တစ်ခုလောက် လုပ်ဦးမယ်]
[ဟားဟားဟား ရယ်ရလွန်းလို့ အသက်တောင် မရှူနိုင်တော့ဘူး]
……
……
[ပြဇာတ်ငယ် : တောင်ဘက်နန်းဆောင် ခရီးစဉ် အစီရင်ခံပွဲ]
ရွှီယိုကျိ : "အားလုံး တောင်ဘက်နန်းဆောင်မှာ ဘာတွေ လုပ်ခဲ့ကြလဲ"
လျိုပုဝေ : "ရန်ဖြစ်တယ်၊ ရန်ဖြစ်တယ်၊ ရန်ဖြစ်တယ်"
ချင်ကျိုးကျိုး : "ဈေးပတ်တယ်၊ စားတယ်၊ ဈေးပတ်တယ်"
ကျန်းလင် : "ဈေးပတ်တယ်၊ ပိုက်ဆံရဖို့ တာဝန်တွေ လုပ်တယ်၊ ပစ္စည်းတွေ ဝယ်တယ်"
အားစစ် : "တစ္ဆေလက်နက်ရုံ၊ တစ္ဆေဈေးတန်း၊ အဆောင်"
ယွီပိုင်ရှင်း (စားပွဲကို လှန်ပစ်လိုက်သည်) : "ဒီသခင်လေးရယ် စီနီယာရယ်ပဲ အလုပ်ကို ကောင်းကောင်း လုပ်နေတာပေါ့လေ ဟုတ်လား၊ ဟုတ်လား၊ မင်းတို့ အကုန်လုံး ဘာလာလုပ်ကြတာလဲ"
ချင်ကျိုးကျိုး : " ငရဲပြည်လှည့် ခရီးသွားအဖွဲ့လား"
🫧 Chapter 302
ထိုအခါ လှေပေါ်တွင် တစ်ခဏမျှ တိတ်ဆိတ်သွားလေတော့သည်။
ယွီပိုင်ရှင်းက "မင်းတို့က ဒီလောက်ပဲလား" မေးလိုက်သည်။
'ငါက ဒီလောက် အများကြီး ပြောပြနေတာကို မင်းတို့က ဒီလောက်လေးပဲလား'
'ဒီနေရာမှာ အပျင်းထူနေကြတာ မဟုတ်လား'
'အနည်းဆုံးတော့ စကားလုံး လှလှလေးတွေနဲ့ စာကြောင်း ရှည်ရှည်လေးတွေ ဖန်တီးပြီး မပြောနိုင်ကြတော့ဘူးလား'
ထိုစဉ် ချင်ကျိုးကျိုးက ခါးပိုက်အိတ်ထဲမှ တစ်ခုခုကို နှိုက်ယူရန် လက်လှမ်းရင်း "မာလာထန် စားကြမလား" ဟု မေးလိုက်၏။
'အဟွတ် အဟွတ် အဟွတ်'
၎င်းကိုကြားသော် ရွှီယိုကျိက ချောင်းဟန့်လိုက်ကာ "အားလုံးလည်း ပြောလို့ ပြီးလောက်ပြီဆိုတော့ ငါလည်း စကားနည်းနည်းလောက် ပြောပါရစေ" ဟု ဆိုလေသည်။
ဦးဆောင်သူ စီနီယာက စကားစလိုက်သည်နှင့် အဖွဲ့ဝင်များ အားလုံးမှာ ချက်ချင်းပင် ငြိမ်သက်သွားကြသည်။
ထို့နောက် ရွှီယိုကျိက ခေတ္တရပ်တန့်လိုက်ပြီး လေးနက်သော လေသံဖြင့် ဆက်ပြောလိုက်၏။
"ငါတို့ ဒီတစ်ခေါက် ထွက်လာတာက လေ့လာသင်ယူဖို့နဲ့ အလုပ်လုပ်ဖို့ပဲ"
"အခု တောင်ဘက်နန်းဆောင်ကို သွားခဲ့ပြီးပြီဆိုတော့ အနောက်ဘက်နန်းဆောင်နဲ့ မြောက်ဘက်နန်းဆောင်ကိုလည်း သွားရဦးမယ် ၊ အကုန်လေ့လာပြီးသွားရင်တော့ ငါတို့ ပြန်ကြရမှာပေါ့"
ထိုအခါ ယွီပိုင်ရှင်းက "ဟုတ်ကဲ့ပါ စီနီယာ" ဟု တက်ကြွစွာဖြင့် ထောက်ခံလိုက်သည်။
ရွှီယိုကျိက ဆက်လက်၍ "ဒီတစ်ခေါက် ခရီးစဉ်မှာ မင်းတို့က စိတ်ဝင်စားစရာကောင်းတဲ့ တစ္ဆေတွေ ဒါမှမဟုတ် ပစ္စည်းတွေ အများကြီးနဲ့ တွေ့ကြုံရလိမ့်မယ်၊ ပြီးတော့ သွေးဆောင်ဖြားယောင်းမှုတွေ အများကြီးနဲ့လည်း ရင်ဆိုင်ရနိုင်တယ်"
"ဒါပေမယ့် အခုပဲဖြစ်ဖြစ် နောင်ပဲဖြစ်ဖြစ် မင်းတို့ ဘယ်နေရာကိုပဲ ရောက်ရောက် အရှေ့ဘက်နန်းဆောင်က မင်းတို့ရဲ့ အိမ်ဆိုတာကို အမြဲတမ်း မှတ်ထားစေချင်တယ်"
"ပြီးတော့ မင်းတို့ရဲ့ ထာဝရ ကျောထောက်နောက်ခံလည်း ဖြစ်တယ်"
ထိုစကား ထွက်ပေါ်လာသည်နှင့် အဖွဲ့ဝင်များ အားလုံး၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားကြလေသည်။
အစပိုင်းတွင် ထိုသို့ မတွေးမိခဲ့သူများပင်လျှင် ယခုအခါ စီနီယာရွှီ ပြောချင်သော အဓိပ္ပာယ်ကို အကြမ်းဖျင်း နားလည်သွားကြပြီ ဖြစ်ပေသည်။
ယွီပိုင်ရှင်းက "စီနီယာ စိတ်ချပါ၊ အရှေ့ဘက်နန်းဆောင်က ကျွန်တော်တို့ရဲ့ ထာဝရ အိမ်ပါပဲ" ဟု ပြောလိုက်သည်။
အားစစ်ကလည်း ခေါင်းညိတ်ကာ "စကားပုံတစ်ခု ရှိတယ်လေ၊ ရွှေအိမ် ငွေအိမ်တွေက ကိုယ့်အိမ်စုတ်လေးလောက် မကောင်းပါဘူးတဲ့"
အပေါ်ယံ ကြည့်မည်ဆိုပါက စီနီယာရွှီသည် အရှေ့ဘက်နန်းဆောင်က သူတို့၏ အားထားရာ ဖြစ်ကြောင်း ပြောနေခြင်း ဖြစ်၏။
၎င်းမှာ မှားယွင်းခြင်း မရှိပါချေ။
သို့သော် ထိုစကားထဲတွင် အခြားသော အဓိပ္ပာယ် တစ်လွှာလည်း ပုန်းကွယ်နေလေသည်။
ထို့ကြောင့် ယခုအချိန်မှာ သူတို့၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြသပြီး သူတို့၏ မူလ နေရာကို ခိုင်မာစွာ ဆုံးဖြတ်ရမည့် အချိန်ပင် ဖြစ်တော့သည်။
"ကျွန်တော်က အရှေ့ဘက်နန်းဆောင်က ထွက်လာတဲ့ ဝိညာဉ်တမန်တော်ပါ" ဟု ကျန်းလင်က ခပ်အေးအေးပင် ပြောလိုက်၏။
'စီနီယာရွှီက သူတို့ အပြင်ရောက်လာတာနဲ့ ကြိုးပြတ်သွားတဲ့ မြင်းရိုင်းတွေလို ထွက်ပြေးသွားကြမှာကို စိုးရိမ်နေတာပဲ'
'ဒါပေမယ့်လည်း နားလည်ပေးလို့ ရပါတယ်လေ၊ အဖွဲ့အစည်း တစ်ခုကနေ ပိုက်ဆံ အကုန်အကျခံပြီး ကိုယ့်ရဲ့ အရည်အချင်းကို မြှင့်တင်ဖို့ သင်တန်း သွားတက်ခိုင်းသကဲ့သို့ ပေါ့'
'ကိုယ့်ကို ပြန်လာတဲ့အခါ အဖွဲ့အစည်း ပိုမို ကြီးထွားလာအောင် ကူညီဖို့အတွက် ရည်ရွယ်တာလေ'
'ခေါင်းလှည့်ပြီး တခြား အဖွဲ့အစည်းဆီကို ထွက်ပြေးသွားဖို့ မဟုတ်ဘူး'
'အဲဒီလိုသာ ဆိုရင် အဖွဲ့အစည်းက အလကား အပင်ပန်းခံရာ ကျမနေဘူးလား'
ထိုအခါ ချင်ကျိုးကျိုးသည် သူမ၏ လက်ကို ခါးပိုက်အိတ်နားမှ ပြန်ရုပ်သိမ်းလိုက်သည်။
ဤကဲ့သို့သော အခြေအနေမျိုးက မာလာထန် စားရန် သင့်တော်ခြင်းမရှိပေမဟုတ်လော။
"ငါက အရှေ့ဘက်နန်းဆောင်မှာ အိမ်တစ်လုံး ဝယ်ထားတယ်ဆိုတော့ သေချာပေါက် ပြန်ရမှာပေါ့"
အနက်ရောင် ဝိညာဉ်တမန်တော် လျိုပုဝေသည် ရုတ်တရက် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး သူ၏ စိတ်ထဲတွင် နက်ရှိုင်းသော ပိုင်ဆိုင်မှု ခံစားချက် တစ်ခု ပေါ်ပေါက်လာတော့သည်။
ထို့နောက် သစ္စာဆိုသကဲ့သို့ ကျယ်လောင်စွာဖြင့် ပြောလိုက်၏။
"အရှေ့ဘက်နန်းဆောင်က ငါ့ရဲ့ ကျောထောက်နောက်ခံ ဖြစ်ပြီး ငါကလည်း အရှေ့ဘက်နန်းဆောင်ရဲ့ အင်အားကြီးမားတဲ့ သူတစ်ယောက် ဖြစ်လာစေရမယ်"
သူ တစ္ဆေဖြစ်လာသည့် ပထမဆုံး နေ့မှစ၍ အရှေ့ဘက်နန်းဆောင်တွင်သာ နေထိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုလို အခြေအနေမျိုး ရောက်လာခြင်းမှာလည်း အရှေ့ဘက်နန်းဆောင်ကြောင့်ပင် ဖြစ်လေသည်။
ဤအချက်ကို သူ ဘယ်သောအခါမှ မေ့ပစ်မည် မဟုတ်ပါချေ။
သူ၌ လုံလောက်သော စွမ်းအားများ ရရှိလာသည့်အခါ အရှေ့ဘက်နန်းဆောင်အတွက် ကြီးမားသော အထောက်အပံ့ တစ်ခု ဖြစ်လာပေလိမ့်မည်။
[စိတ်ဓာတ်တွေ တက်ကြွလာပြီဟေ့ တက်ကြွလာပြီ]
[နိုင်ငံ ကြီးပွားရင် လူငယ်တွေလည်း ကြီးပွားတယ်၊ လူငယ်တွေ ကြီးပွားရင် နိုင်ငံလည်း ကြီးပွားတာပဲ၊ နိုင်ငံရဲ့ ကျောထောက်နောက်ခံ မရှိဘဲ လူငယ်တွေက အဆင်ပြေပြေ ကြီးပြင်းလာဖို့ မဖြစ်နိုင်ဘူး၊ ဒီလူငယ်တွေ မရှိရင်လည်း နိုင်ငံက ရေရှည် ဖွံ့ဖြိုးတိုးတက်ဖို့ ခက်ခဲလိမ့်မယ်]
[လူဖြစ်လာရင် ကိုယ့်ရဲ့ မူလ ဇာစ်မြစ်ကို မမေ့သင့်ဘူး၊ ဘိုးဘွားတွေရဲ့ သွေးသား ဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံကို ဘယ်တော့မှ မမေ့ရဘူး]
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ပရိသတ် တစ်စုက အသီးသီး ဝင်ရောက် မှတ်ချက်ပေးလာကြသည်။
မည်သူကမျှ သူတို့ကို မေးမြန်းထားခြင်း မရှိပါချေ။
ငရဲပြည်နှင့် ဝိညာဉ်တမန်တော်များ အကြားရှိ ကိစ္စရပ်များကို ပြောဆိုနေခြင်း ဖြစ်သော်လည်း၊ ပရိသတ်များကမူ ရွှီယိုကျိတို့၏ စကားပြောဆိုမှုများထဲမှ သူတို့ကိုယ်သူတို့ မြင်ယောင်လာကြလေသည်။
အနိုင်ကျင့် ခံရမှုမှသည် ပြန်လည် တော်လှန်ခြင်းသို့၊ တော်လှန်ခြင်းမှသည် ပြန်လည် တိုက်ခိုက်ခြင်းသို့။
ထိုမှတစ်ဆင့် မောင်းထုတ်ခြင်းနှင့် နောက်ဆုံးတွင် အင်အားကြီးမားလာခြင်းသို့။
သူတို့သည် ဤကဲ့သို့ပင် အပြန်အလှန် အမှီသဟဲပြုကာ ကြိုးစား ရုန်းကန်ခဲ့ရသဖြင့် ယနေ့အချိန်အထိ တစ်ဆင့်ချင်း ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ဟွားကော်(တရုတ်)နိုင်ငံ၏ ဝိညာဉ်သည် သူတို့၏ အရိုးထဲအထိ စွဲမြဲနေပြီး သူတို့၏ သွေးသားထဲသို့ ပျော်ဝင်နေပြီ ဖြစ်ပေသည်။
[ဟွားကော်နိုင်ငံ ကြီးပွားတိုးတက်ဖို့အတွက် စာကြိုးစားမယ်]
[ဟွားကော်နိုင်ငံ ကြီးပွားတိုးတက်ဖို့အတွက် ကြိုးစား ရုန်းကန်မယ်]
[အခု ငါက ဟွားကော်နိုင်ငံအတွက် ဂုဏ်ယူတယ်၊ နောက်ပိုင်းကျရင် ဟွားကော်နိုင်ငံက ငါ့အတွက် ဂုဏ်ယူလာစေရမယ်]
# ကျုံးကော်မှာတရုတ်နိုင်ငံနာမည်အစစ်ဖြစ်သော်လည်း မူရင်းစာရေးသူက ပန်းနိုင်ငံတော် ဟွားကော် ဟုတင်စားထားခြင်းဖြစ်။
ပရိသတ်တစ်စုမှာ စိတ်အားထက်သန်စွာဖြင့် သွေးဆူလာကြလေသည်။
သို့သော် ရေငုပ်နေသော ပရိသတ် အချို့၏ ခေါင်းထဲတွင်မူ ရုတ်တရက် သံသယ တစ်ခု ပေါ်လာကြ၏။
Streamer က အရှေ့ဘက်နန်းဆောင်မှ ဖြစ်သည်။
သူတို့ကမူ တောင်ပိုင်း၊ အနောက်ပိုင်း၊ သို့မဟုတ် မြောက်ပိုင်း ဒေသများမှ ဖြစ်ကြလေသည်။
အကယ်၍ နောင်တစ်ချိန်တွင် အရှေ့ဘက်နန်းဆောင်နှင့် အခြားသော နန်းဆောင်များကြား ပြဿနာ တစ်ခုခု ဖြစ်ပွားလာပါက သူတို့က မည်သည့်ဘက်မှ ရပ်တည်ရမည်နည်း။
၎င်းမှာ အမှန်တကယ်ကို ခေါင်းကိုက်စရာပင်။
'ယခင် မုန့်ပေါ် ရှိစဉ်က အရှေ့ဘက်နန်းဆောင်က လိုလီသခင်မလေးက အနောက်ဘက်နန်းဆောင်နဲ့ ရန်ဖြစ်ခဲ့ဖူးတယ် မဟုတ်လား'
'ထားလိုက်ပါတော့လေ'
'မသိချင်ယောင်ပဲ ဆောင်နေလိုက်မယ်'
'ဘယ်လိုပဲဖြစ်ဖြစ် ဒါက ငရဲပြည်က ကိစ္စတွေပဲဟာ'
'သူတို့က လူသားတွေဆိုတော့ ငရဲပြည်ရဲ့ ဘယ်ဘက်ကိုမှ မပါဘူး'
'အင်း'
'အခုတော့ ရှင်းသွားပြီ'
[Streamer အားတင်းထားနော်၊ ကျွန်တော်တို့က မင်းကို အမြဲတမ်း အားပေးနေမယ်]
[အပေါ်ကလူ ဘာတွေ ရောကုန်တာလဲ]
'ဟွားကော်နိုင်ငံ အကြောင်း ပြောနေကြတာ မဟုတ်ဘူးလား'
'ဟိုက်ရှားပါး မင်းက Streamer ဆီကို တိုက်ရိုက် သစ္စာခံလိုက်တာလား'
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် အဖွဲ့ဝင်များ၏ စကားကို ကြားပြီးနောက် ရွှီယိုကျိ၏ စိတ်ထဲတွင် နောက်ဆုံးတော့ အေးချမ်းသွားလေတော့သည်။
မပြောနှင့်ဦး၊ ထိုကောင်လေးများ၏ စကားများက သူ့ကိုပင် အနည်းငယ် စိတ်လှုပ်ရှားသွားစေခဲ့သည်။
'ငါလည်း တကယ်ကို အိုမင်းလာပြီပဲ'
ရုတ်တရက် ရွှီယိုကျိက တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။
သူ လှည့်ကြည့်လိုက်သောအခါ တစ္ဆေလက်နက်လှေ၏ အကာအကွယ်အလွှာ အပြင်ဘက်တွင် တွယ်ကပ်နေသော ကျားပေါက်လေး နှစ်ကောင်ကို တွေ့လိုက်ရ၏။
သူတို့က မျက်လုံးလေးများ ပြူးကာ လှေအတွင်းပိုင်းကို သိချင်စိတ်ဖြင့် ကြည့်ရှုနေကြသည်။
သူတို့၏ ကျားနားရွက်လေးများကလည်း ရံဖန်ရံခါ လှုပ်ရှားသွားလေသည်။
"အစ်ကို သူတို့ ဘာလုပ်နေကြတာလဲ" ဟု တန်းရန်က မေးလိုက်၏။
'ဘာလို့ အဲဒီ အဘိုးကြီးက ငိုတော့မယ့် ပုံစံ ဖြစ်နေရတာလဲ'
လီစုန့်က ခေါင်းလေးကို စောင်းကာ "အိမ်ပြန်တဲ့ အကြောင်းတွေ ပြောနေကြတာ ဖြစ်မယ်" ဟု ဖြေလေသည်။
'အိမ်ကို ပြန်လာလည်၊ အိမ်ကို အလည်လာ'
'ယမမင်းကြီးကို ဖိနပ်သယ်ပေး၊ တစ္ဆေတွေ ဖမ်းပေးဖို့လား'
ရုတ်တရက် တန်းရန်၏ အနောက်ဘက်မှ အမြီးလေးတစ်ချောင်း ထွက်ပေါ်လာကာ "အစ်ကို လူ့လောကက ပရိသတ်တွေ ငါတို့ကို မြင်ရမလား" ဟု ဆိုလေသည်။
"မသိဘူးလေ"
လီစုန့်က ပတ်ဝန်းကျင်ကို တစ်ချက် လှည့်ပတ်ကြည့်လိုက်ပြီး သူ၏ ကျားစွယ်လေးကို လျှာဖြင့် သပ်လိုက်၏။
"နည်းနည်းလောက် ထပ်ကပ်သွားရင်တော့ မြင်ရလောက်တယ်"
"ဒါပေမယ့် ဝင်လို့ မရဘူးလေ"
ထိုအခါ တန်းရန်က အမြီးလေးကို ခါယမ်းကာ ပြောလိုက်သည်။
သူတို့က ဤတစ်ကြိမ် တာဝန် တစ်ခုကို သယ်ဆောင်လာခဲ့ခြင်း ဖြစ်၏။
အနောက်ဘက်နန်းဆောင်သို့ တစ္ဆေလက်နက်များ သွားဝယ်ရမည့် အပြင် လမ်းတစ်လျှောက်တွင် ငွေမိုးလေးများကို နည်းနည်းပါးပါး ထပ်ရအောင် ယူနိုင်မည် ဆိုပါက ပြန်ရောက်သောအခါ အပိုဆုကြေးများ ရရှိဦးမည် ဖြစ်ပေသည်။
'ဒါပေမယ့် ဘယ်လိုလုပ်မှ ဝင်လို့ ရမှာလဲ'
ရွှီယိုကျိ လှမ်းကြည့်လိုက်ချိန်တွင် ကျားလေး နှစ်ကောင်မှာ တစ္ဆေလက်နက်လှေ အပြင်ဘက်ရှိ အကာအကွယ် အလွှာပေါ်တွင် ဟိုဟိုဒီဒီ တွားသွားနေကြသည်ကိုတွေ့လိုက်ရ၏။
သို့သော် သူတို့ မသိသည်မှာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ နောက်ထပ် ကင်မရာ တစ်လုံးက သူတို့ အပေါ်သို့ ကျရောက်နေပြီ ဆိုခြင်းပင်။
ထိုအချိန်တွင် လီစုန့်နှင့် တန်းရန်တို့၏ စကားပြောသံကို ကြားလိုက်ရသောအခါ ပရိသတ် တစ်စုမှာ အသည်းယားလွန်း၍ သေတော့မတတ် ဖြစ်သွားကြလေသည်။
[ကြည့်နေတယ်ဟေ့ ကြည့်နေတယ်]
[ငါက လီစုန့်နဲ့ တန်းရန်ပဲ၊ ပိုက်ဆံပေးကြ၊ သိလား]
[အခုပဲ ပိုက်ဆံပေးလိုက်မယ် ဟားဟားဟား]
ထို့နောက် ရွှီယိုကျိက ထိုကျားပေါက်လေး နှစ်ကောင်ကို အတွင်းသို့ ဝင်ခွင့်ပြုလိုက်သည်။
ထိုအခါ လီစုန့်နှင့် တန်းရန်တို့သည် ကျန်းလင်၏ အနားသို့ တိုးကပ်သွားကြကာလေ့လာလိုက်ကြသည်။
သူတို့ ဘယ်ဘက်ကို တစ်ချက်ကြည့်၊ ညာဘက်ကို တစ်ချက်ကြည့်သည်၊သို့သော် မည်သည့် ဝိညာဉ်လက်နက်ကိုမျှ မတွေ့ရပါချေ။
'သူ ဘယ်လို တိုက်ရိုက်ထုတ်လွှင့်နေလဲ ဆိုတာကို ငါတို့လည်း မသိဘူး ဘယ်လိုပဲဖြစ်ဖြစ် ပိုက်ဆံရရင် လုံလောက်ပြီလေ'
ရံဖန်ရံခါ သူတို့၏ နားရွက်များနှင့် အမြီးများကိုပါ ထုတ်ပြလိုက်သေးသည်။
လူ့လောကမှ ထိုပရိသတ်များသည် ဤကဲ့သို့ အမွေးပွပွ ခံစားချက်မျိုးကို တော်တော်လေး သဘောကျပုံ ရသည်မဟုတ်ပါလော။
"....."
ကျန်းလင်က ကျားပေါက်လေး တစ်ကောင်ကို တွန်းဖယ်လိုက်ပြီး ထပ်မံ တိုးကပ်လာသော နောက်ထပ် ခေါင်းလေး တစ်လုံးကိုလည်း အေးစက်စွာပင် ဖယ်ရှားလိုက်လေသည်။
ထိုစဉ် ဘေးနားရှိ ချင်ကျိုးကျိုးက မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားလိုက်ပြီး ရုတ်တရက် အိတ်ကပ်ထဲမှ ကြောင်ကစားသည့် တုတ်တံလေး တစ်ချောင်းကို ထုတ်ယူလိုက်၏။
ထို့နောက် ထိုကျားပေါက်လေး နှစ်ကောင်၏ အရှေ့သို့ လှမ်းပေးလိုက်သည်။
"......"
၎င်းကိုမြင်သော်လည်း လီစုန့်နှင့် တန်းရန်တို့က အေးစက်စွာဖြင့် တစ်ချက် စွေကြည့်လိုက်ပြီး လှုပ်ရှားခြင်း မရှိပါချေ။
'ငါတို့က ကျားတွေလေ၊ ကြောင် မဟုတ်ဘူး'
'ငါတို့က တစ္ဆေတွေ၊ သာမန် ခွေးလေး ကြောင်လေးတွေ မဟုတ်ဘူး'
ထိုအခါ ချင်ကျိုးကျိုးက စဉ်းစားလိုက်ပြီးနောက် ကြောင်ကစားသည့် တုတ်တံပေါ်တွင် တစ်ခုခုကို သုတ်လိမ်းလိုက်ကာ ကျန်းလင်၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။
"ရော့"
"......"
ထိုအပြုအမူကိုမြင်သော် ကျန်းလင်မှာ ကြောင်တောင်တောင် ဖြစ်သွား၏။
လီစုန့်နှင့် တန်းရန်တို့သည်လည်းဆွံ့အသွားကြသည်။
"......."
'အဲဒီ တုတ်တံက ဘယ်လိုလုပ် မွှေးလာတာလဲ’