အခန်း (၃၀၃-၃၀၄)
Vol. 31 Ch. 303-304
🫧 Chapter 303
[ဒင် ~ စနစ်ပိုင်ရှင်က အရံတာဝန်ဖြစ်တဲ့ တောင်ဘက်နန်းဆောင် ငရဲပြည်ရဲ့ ယဉ်ကျေးမှု ဓလေ့တွေကို ဖြန့်ဝေပေးခြင်း တာဝန်ကို အောင်မြင်စွာ ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်]
[အဓိက ဖြန့်ဝေပေးခဲ့တဲ့ တောင်ဘက်နန်းဆောင်ရဲ့ ထူးခြားချက်တွေကတော့ ကျင့်စဉ်နဲ့ စွမ်းရည်တွေ တာဝန်ပေးစင်တာရဲ့ လည်ပတ်မှုပုံစံ တစ္ဆေဈေးတန်းက ပြိုင်ဝင်း လူ့လောကရဲ့ သီးသန့်နယ်မြေ၊ တောင်ဘက်နန်းဆောင်ရဲ့ အဆောင်နေထိုင်မှုပုံစံနဲ့ ညဆယ့်နှစ်နာရီနောက်ပိုင်း အပြင်မထွက်ရဘူး ဆိုတာတွေပဲ ဖြစ်ပါတယ်]
[ရရှိမယ့် ဆုလာဘ်တွေကတော့ အမှတ် ၁၀၀၀၀ နဲ့ ယုံကြည်မှုနှလုံးသား ၁၀၀၀ ပါ]
[တာဝန် ပြီးမြောက်မှု အခြေအနေကတော့ အထူးအဆင့်ပါ၊ ရရှိတဲ့ ဆုလာဘ်တွေကို နှစ်ဆ တိုးပေးမယ့်အပြင် တောင်ဘက်နန်းဆောင်ရဲ့ ဒေသထွက်ကုန် တစ်ခုကိုပါ ချီးမြှင့်မှာ ဖြစ်ပါတယ်]
စနစ်၏ တာဝန်ပြီးမြောက်ကြောင်း အသိပေးသံမှာ ဝိညာဉ်လှေကြီး တောင်ပိုင်းဒေသ၏ နယ်စပ်သို့ ရောက်ရှိချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
တောင်ဘက်နန်းဆောင်မှ ထွက်ခွာလာပြီးနောက် လမ်းတစ်လျှောက်တွင် မည်သည့် ပြဿနာမျှ မကြုံတွေ့ခဲ့ရပါချေ။
ထောင်ထဲမှ ထွက်ပြေးလာသော အတောင်ပံပါသည့် တစ္ဆေမျိုးနှင့်လည်း ထပ်မံ မဆုံတွေ့ခဲ့ရပေ။
လာစဉ်ကနှင့် နှိုင်းယှဉ်လျှင် လှေပေါ်တွင် ထိုဝိညာဉ်တမန်တော် အနည်းငယ်သာ ရှိနေဆဲ ဖြစ်၏။
ထိုအစား ကျားပေါက်လေးနှစ်ကောင်သာ အပို ထပ်တိုးလာခြင်း ဖြစ်သည်။
၎င်းတို့ နှစ်ကောင် ရောက်ရှိလာမှုအပေါ် အပျော်ရွှင်ဆုံးသူများမှာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ပရိသတ်များပင် ဖြစ်တော့သည်။
ပေးကမ်းချီးမြှင့်မှုများမှာလည်း ပုံမှန်ထက် နှစ်ဆခန့် ပိုများနေပေသည်။
[လော့ရှောင်ဟေးရဲ့ ပရိသတ်အစစ် : Streamer ကို အသားပေါက်စီ ၁၀ ခု လက်ဆောင်ပေးလိုက်ပါတယ်]
[အမည်းရောင် ခရုပုလေး : Streamer ကို မီးပုံးပျံ ၁ ခု လက်ဆောင်ပေးလိုက်ပြီး မှတ်ချက်ပေးထားပါတယ်၊ ကျားပေါက်လေးတွေက အရမ်း ချစ်စရာကောင်းလွန်းပါတယ်]
[နဂါးကြေးခွံမြက်ကို နှစ်သက်သူ ကျစ်ကျစ် : Streamer ကို လက်ဆောင်ပေးလိုက်ပါတယ်]
……
ထိုအခါ ကျန်းလင်က မှတ်ချက်ပေးသည့် နေရာကို တစ်ချက် စွေကြည့်လိုက်ပြီး သူ၏ အနားသို့ ထပ်မံ တိုးကပ်လာသော လီစုန့်နှင့် တန်းရန်တို့ကို ကြည့်လိုက်၏။
'တကယ်ပဲ ချစ်စရာ ကောင်းနေလို့လား'
'အရင်တစ်ခေါက် သန့်ရှင်းရေးတစ္ဆေ ပေါ်လာတုန်းကလည်း မှတ်ချက်တွေက ဒီလိုပဲ စည်ကားနေခဲ့တာ မဟုတ်ဘူးလား'
'ဒင်'
"တောင်ဘက်နန်းဆောင်ရဲ့ ဒေသထွက်ကုန်ကို ပေးပို့လိုက်ပါပြီ၊ စနစ်ရှင်က သေချာ စစ်ဆေး လက်ခံပေးပါ"
စနစ်၏ အသိပေးသံကို ကြားလိုက်ရသောအခါ ကျန်းလင်၏ လက်များ ရပ်တန့်သွားလေသည်။
သူက ကြောင်ကစားသည့် တုတ်တံကို ကျားပေါက်လေး နှစ်ကောင်ထံသို့ ပစ်ပေးလိုက်ပြီးနောက်၊ သူ၏ အာရုံခံနိုင်စွမ်းကို အသုံးပြုကာ ထိုတောင်ဘက်နန်းဆောင်၏ ဒေသထွက်ကုန်ကို စစ်ဆေးကြည့်လိုက်၏။
စနစ်လက်ဆောင်ကို သူသေချာစွာ မြင်တွေ့လိုက်ရသည့် စက္ကန့်တွင်ပင် ကျန်းလင်မှာ အံ့သြမှင်တက်သွားတော့သည်။
အစက ထိုတောင်ဘက်နန်းဆောင်၏ ဒေသထွက်ကုန်ဆိုသည်မှာ တစ္ဆေဈေးတန်းမှ ပြိုင်ဝင်း သို့မဟုတ် ကျင့်စဉ်နှင့် စွမ်းရည် တစ်ခုခု ဖြစ်မည်ဟု သူ ထင်မှတ်ထားခဲ့ပေသည်။
သို့သော် တကယ်တမ်းတွင် လက်ဝါးနှစ်ဖက်စာ အရွယ်အစားရှိသော အချပ်လွှာလေး တစ်ခုသာ ဖြစ်နေလေသည်။
ထိုအချပ်လွှာလေးမှာ တစ်ခုလုံး အစိမ်းပုပ်ရောင် ရှိပြီး မျက်နှာပြင်မှာ ချောမွေ့ကာ အစိမ်းပုပ်ရောင် အလင်းဖျော့ဖျော့လေးများ ထွက်ပေါ်နေ၏။
၎င်းသည် သံပြားနှင့်လည်း တူသကဲ့သို့ တစ်ခုခု၏ အခွံနှင့်လည်း ဆင်တူနေသည်။
'ဒါက ဘာပစ္စည်းကြီးလဲ'
သူမေးလိုက်သောိလည်း စနစ်ဘက်မှ မည်သည့် တုံ့ပြန်မှုမျှ မရှိပါချေ။
ထို့ကြောင့် ကျန်းလင်၏က စမ်းသပ်သည့် အနေဖြင့် ရှေ့သို့ အနည်းငယ် တိုးသွားလေသည်။
ထိုအစိမ်းပုပ်ရောင် အချပ်လွှာလေးကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် အေးမြသော ခံစားချက် တစ်ခုက သူ၏ အာရုံခံနိုင်စွမ်းမှတစ်ဆင့် ချက်ချင်း ဝင်ရောက်လာတော့သည်။
ပြီးလျှင် ကျန်းလင်တစ်ယောက် သတိမထားမိလိုက်ခင်မှာပင် ထိုအေးမြသော ခံစားချက်က သူ၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာခဲ့၏။
ထိုခဏချင်းတွင်ပင် သူ၏ စိတ်အာရုံများ ချက်ချင်း လန်းဆန်းသွားသည်ကို ခံစားလိုက်ရကာ သူ၏ တစ်ကိုယ်လုံးမှာလည်း ကြည်လင်အေးမြသော စမ်းရေထဲတွင် စိမ်ထားရသကဲ့သို့ လန်းဆန်းတက်ကြွသွားလေတော့သည်။
တစ်ချိန်တည်းမှာပင် အစိမ်းပုပ်ရောင် အချပ်လွှာလေး၏ အထက်တွင် ပုံရိပ်ယောင် တစ်ခု ထွက်ပေါ်လာ၏။
ထိုရုပ်ပုံကို ကျန်းလင်က သေချာစွာ ကြည့်လိုက်ရာ ခြေလေးချောင်းဖြင့် တွားသွားနေသော တိရစ္ဆာန် တစ်ကောင်၏ ပုံစံ ဖြစ်ပုံရသည်ကိုမြင်လိုက်ရသည်။
'ဒါဆို ဒီအချပ်လွှာလေးက တကယ်ပဲ တိရစ္ဆာန် တစ်ကောင်ကောင်ရဲ့ အခွံများလား'
'တောင်ဘက်နန်းဆောင်ရဲ့ ဒေသထွက်ကုန်က ဘာလို့ တိရစ္ဆာန်အခွံ ဖြစ်နေရတာလဲ'
ကျန်းလင်မှာ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေတော့သည်။
မည်သို့ပင်ဆိုစေ ယခုလေးတင် ခံစားလိုက်ရသော ကြည်လင်လန်းဆန်းမှုအရ ကြည့်မည်ဆိုလျှင် ၎င်းမှာ စိတ်အာရုံနှင့် ဝိညာဉ်အတွက် အကျိုးပြုသော ပစ္စည်းကောင်း တစ်ခု ဖြစ်မည်မှာ သေချာလေသည်။
စောစောက သူ ကာကွယ်မှု မလုပ်ထားခြင်းမှာ၊ ပထမအချက်အနေဖြင့် စနစ်က သူ့ကို သေစေနိုင်သော ပစ္စည်းမျိုးကို မည်သည့် သတိပေးချက်မျှ မပါဘဲ ပေးမည် မဟုတ်ကြောင်း ယုံကြည်ထားသောကြောင့် ဖြစ်၏။
ဒုတိယအချက်နှင့် အဓိက အကျဆုံး အကြောင်းရင်းမှာ ထိုပစ္စည်းထံမှ မည်သည့် အန္တရာယ်ပြုလိုသော အရိပ်အယောင်ကိုမျှ သူ မခံစားရသောကြောင့်ပင်။
ဆန့်ကျင်ဘက် အနေဖြင့် ထိုအရာထံမှ ရင်းနှီးကျွမ်းဝင်သော ခံစားချက် တစ်ခုကိုပါ ရရှိနေသေးသည်။
'ဒါပေမယ့် ဒီရင်းနှီးတဲ့ ခံစားချက်က စနစ်ရဲ့ လက်ရာကြောင့်လား ဒါမှမဟုတ် ဒီခြေလေးချောင်း တိရစ္ဆာန်ဆီကနေ မူလကတည်းက ပါလာတာလား ဆိုတာကိုတော့ မသိဘူး'
ခန္ဓာကိုယ်ပေါ်မှ အခွံတစ်ခုတည်းနှင့်ပင် ဝိညာဉ်ဘုရင်အဆင့်ကိုပါ အကျိုးကျေးဇူး ရရှိစေနိုင်လောက်အောင် ဤမျှ စွမ်းဆောင်နိုင်စွမ်း ရှိနေလျှင် ၎င်း၏ မူလ ခန္ဓာကိုယ်က မည်မျှတောင် စွမ်းအားကြီးမားလိုက်မည်နည်း။
ဤမျှ စွမ်းအားကြီးမားသော ခြေလေးချောင်း တိရစ္ဆာန်ကို သူ တောင်ဘက်နန်းဆောင်တွင် ရှိစဉ်က အဘယ်ကြောင့် တစ်ခါမျှ မတွေ့ခဲ့ရသနည်း။
ရုတ်တရက် တောင်ဘက်နန်းဆောင်ရှိ တစ္ဆေများ ပြောဆိုနေကြသော တောင်ဘက်နန်းဆောင် ယမမင်းကြီးနှင့် ပတ်သက်သည့် ဒဏ္ဍာရီ အချို့ကို ကျန်းလင်၏ ခေါင်းထဲတွင် ပြန်လည် မြင်ယောင်လာမိ၏။
'အင်အားအကြီးမားဆုံး တိုက်ခိုက်ရေးစွမ်းရည် ရှိတယ်၊ ဓားတစ်ချက်တည်းနဲ့ တောင်နဲ့မြစ်တွေကို ပိုင်းဖြတ်နိုင်တယ်၊ တစ္ဆေ တစ်သောင်းကို သတ်ဖြတ်နိုင်တယ်'
အစချီသောဒဏ္ဍာရီများကို ပြန်လည်တွေးတောမိသော် ကျန်းလင်၏ နှလုံးသားမှာ ဒိတ်ခနဲ ခုန်သွားတော့သည်။
'ဒီခြေလေးချောင်း တိရစ္ဆာန်ကများ တောင်ဘက်နန်းဆောင် ယမမင်းကြီး မွေးထားတဲ့ နတ်တိရစ္ဆာန် ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန်များ ဖြစ်နေမလား'
'အဲဒီလို မဟုတ်ရင်တောင်မှ အထူးတလည် ဖမ်းဆီးထားပြီး အသုံးချဖို့ သိမ်းထားတာ ဖြစ်နိုင်တယ်'
"......"
'ဒါကို စနစ်က လူများဆီကနေ အခွံတစ်ချပ် သွားခွာလာပြီး ဒေသထွက်ကုန် အနေနဲ့ ငါ့ကို ပေးလိုက်တာလား'
ကျန်းလင် တွေးတောနေစဉ်မှာပင် လှေဦးပိုင်းမှ စီနီယာရွှီယိုကျိ၏ အသံ ထွက်ပေါ်လာလေသည်။
"အနောက်ပိုင်း ဒေသကို မကြာခင် ရောက်တော့မယ်၊ အားလုံး သတိထားကြပါ"
'ဘာကို သတိထားရမှာလဲ'
အနောက်ဘက်နန်းဆောင်သို့ မထွက်ခွာမီကတည်းက စီနီယာရွှီက သူတို့ကို ကြိုတင် သတိပေးခဲ့ပြီး ဖြစ်၏။
အနောက်ဘက်နန်းဆောင်နှင့် အရှေ့ဘက်နန်းဆောင်တို့မှာ ပြဿနာ အနည်းငယ် ရှိခဲ့ဖူးကြောင်းပင်။
ထို့ကြောင့် သူတို့၏ ဤခရီးစဉ်မှာ သိပ်ပြီး ချောမွေ့မည် မဟုတ်ပါချေ။
အကယ်၍ မမျှော်လင့်ထားသော ကိစ္စ တစ်ခုခု ဖြစ်ပွားလာပါက ပြဿနာ ပိုမကြီးထွားလာစေရန် တတ်နိုင်သမျှ ရှောင်ရှားကြရမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ဤနေရာမှာ အနောက်ဘက်နန်းဆောင်၏ ပိုင်နက် ဖြစ်လေသည်။
ပြဿနာ တစ်ခုခု ဖြစ်လာလျှင်တောင်မှ အရှေ့ဘက်နန်းဆောင်က အချိန်မီ လာရောက် ကူညီနိုင်မည် မဟုတ်ပေ။
တစ်နည်းအားဖြင့် ပြောရလျှင် သူတို့၏ အသက်အန္တရာယ် လုံခြုံရေးကို ဦးစားပေးရန် သတိပေးနေခြင်းပင်။
ထိုအခါ ကျန်းလင်က မျက်လုံးဖွင့်လိုက်သော်လည်း ရှေ့သို့ မကြည့်ဘဲ အနောက်ဘက်ရှိ တောင်ဘက်နန်းဆောင်ဘက်သို့သာ လှည့်ကြည့်လိုက်၏။
'စီနီယာရွှီ'
'အခု ကျွန်တော် စိုးရိမ်နေတာက အနောက်ဘက်နန်းဆောင်ကို မဟုတ်ဘူး တောင်ဘက်နန်းဆောင်က ယမမင်းကြီး ရုတ်တရက် နောက်ကနေ လိုက်လာမှာကိုပဲ'
……
ရွှီယိုကျိ၏ အသံ ထွက်ပေါ်လာပြီးနောက် လှေပေါ်ရှိ ဝိညာဉ်တမန်တော်များ အားလုံးမှာ စိတ်ကို စုစည်းကာ သတိဝီရိယ ရှိလာကြလေသည်။
တစ္ဆေလက်နက်လှေကြီးမှာလည်း အရှိန် လျှော့ချလိုက်ပြီး အမြင့်ကို အနည်းငယ် နှိမ့်ချလိုက်ရာ ပတ်ဝန်းကျင်တွင် အဖြူရောင် တိမ်တိုက်များ မရှိတော့ပါချေ။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ပရိသတ်များမှာလည်း အောက်ဘက်ရှိ မြို့ပြရှုခင်းများကို ရှင်းလင်းစွာ မြင်တွေ့နေရပြီ ဖြစ်သည်။
ရွှီယိုကျိတို့သည် သူတို့၏ ခြေရာလက်ရာများကို ဖုံးကွယ်ထားခြင်း မရှိပေ။
ဝိညာဉ်လှေကြီး အနောက်ပိုင်း ဒေသသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ရှေ့ဘက်ရှိ လေထုထဲတွင် လှိုင်းဂယက် အနည်းငယ် ထွက်ပေါ်လာ၏။
၎င်းမှာ တစ်ခုခုကို ထိခိုက်မိသွားသကဲ့သို့ ပင်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ္ဆေလက်နက်လှေ၏အရှေ့ဘက်၌ ပုံရိပ်ယောင် တစ်ခု ထွက်ပေါ်လာတော့သည်။
သူတို့သည် ထိုပုံရိပ်၏ မျက်နှာကို ရှင်းလင်းစွာ မမြင်ရသော်လည်း ခေါင်းပေါ်ရှိ နဖူးစည်းတွင်မူ လွင့်ပျံနေသော 'အနောက်' ဟူသည့် စာလုံး တစ်လုံးကို ရေးထိုးထားသည်ကိုတော့မြင်လိုက်ရသည်။
သူ၏ ကိုယ်ဟန်မှာ မတ်မတ်ရပ်နေပြီး အင်္ကျီလက်များမှာ လေမတိုက်ဘဲ လွင့်လူးနေကာ တစ်ကိုယ်လုံးမှ ထူးခြားသော သြဇာအာဏာအရှိန်ဝါ တစ်ခုကို ထုတ်လွှတ်နေ၏။
"ရှေ့မှာ အနောက်ဘက်နန်းဆောင်ရဲ့ အုပ်ချုပ်မှု နယ်မြေထဲကို ဝင်ရောက်လာပါပြီ၊ တခြား နန်းဆောင်က ဝိညာဉ်တမန်တော်တွေ မှားယွင်း ဝင်ရောက်လာတာ ဆိုရင် ဒီနေရာမှာပဲ ရပ်တန့်လိုက်ပါ"
"အဲဒီလိုမှ မဟုတ်ရင်တော့ အသက်ရှင်ခြင်း သေဆုံးခြင်းကို တာဝန်မယူပါဘူး"
ထိုစကား ထွက်ပေါ်လာသည်နှင့် အေးစက်သော လေပြင်းများ တိုက်ခတ်လာတော့သည်။
ကျန်းလင်တို့ အနေဖြင့် တစ္ဆေလက်နက်လှေပေါ်တွင် ရှိနေသော်လည်း သတ်ဖြတ်လိုသော အငွေ့အသက် တစ်ခုကို ရှင်းလင်းစွာ ခံစားနေရပေသည်။
"ဒါပေမယ့် ငါတို့ အနောက်ဘက်နန်းဆောင်ရဲ့ မိတ်ဆွေတွေ ဆိုရင်တော့"
ထိုပုံရိပ်က စကားကို ရုတ်တရက် ပြောင်းလဲလိုက်ပြီး သူ၏ ကိုယ်ရောင်ကိုယ်ဝါကို ပြန်လည် ရုပ်သိမ်းလိုက်၏။
ထို့နောက် လက်သီးဆုပ်အရိုအသေပေးကာ ဆက်ပြောလိုက်လေသည်။
"ငါတို့ အနောက်ဘက်နန်းဆောင်ရဲ့ မိတ်ဆွေတွေ ဆိုရင်တော့ သက်ဆိုင်ရာ စာရွက်စာတမ်း ဒါမှမဟုတ် ပစ္စည်းတွေကို ပြသပေးပါ"
……
[သောက်ကျိုးနည်း တကယ့်ကို အဲဒီ စကားပုံအတိုင်းပဲ၊ မိတ်ဆွေတွေ လာရင် ဝိုင်ကောင်းကောင်းနဲ့ ဧည့်ခံမယ်၊ တောခွေးတွေ လာရင်တော့ အမဲလိုက် သေနတ်နဲ့ ဆီးကြိုမယ် ဆိုတာမျိုးပဲ]
[အရှေ့နဲ့ အနောက်က ဆက်ဆံရေး မကောင်းဘူး ဆိုတော့ ငါ့အထင် ဒါက အစွမ်းပြ ခြိမ်းခြောက်လိုက်တာများလား]
[အဝေးကနေ မိတ်ဆွေတွေ လာတယ်၊ ဝေးပေမယ့်လည်း သတ်ရမှာပဲ လား]
[အပေါ်ကလူ မင်းက တကယ့် မိစ္ဆာပဲ]
ဤမြင်ကွင်းကိုမြင်ရသော် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ပရိသတ်များမှာ အံ့သြတကြီး ဖြစ်ကုန်ကြလေသည်။
အနောက်ဘက်နန်းဆောင်သို့ ရောက်ရောက်ချင်းမှာပင် မျက်စိပွင့်သွားခဲ့ရပြီ မဟုတ်လော။
အနောက်ဘက်နန်းဆောင်၏ ဤလုပ်ရပ်မှာ အမှန်တကယ်ကို သြဇာညောင်းလှသည်ဟု ဆိုရပေမည်။
အခြား နန်းဆောင်မှ ဝိညာဉ်တမန်တော်များ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်း သိရှိသွားရုံသာမက 'အထူး ရှင်းလင်းချက်' တစ်ခုကိုပါ ပူးတွဲ ပေးပို့လိုက်သေးသည်။
'မိတ်ဆွေ ဆိုရင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံမယ်၊ မဟုတ်ရင်တော့ ထွက်သွားလိုက်ပါ၊ အဲဒီလိုမှ မဟုတ်ရင် သတ်ပစ်မယ် လို့ ပြောလိုက်တာပဲ'
[ငါတို့ ဟွားကော်နိုင်ငံရဲ့ သြဇာအာဏာ သုံးပုံတစ်ပုံလောက်တော့ ရှိသားပဲ ]
[အနောက်ပိုင်း ဒေသက ပရိသတ်တွေ အနေနဲ့ ဒါက တော်တော်လေး ကြမ်းတယ်လို့ ခံစားရတယ်]
[Streamer တို့ရဲ့ ဒီတစ်ခေါက် ခရီးစဉ်က သိပ်ပြီး ချောချောမွေ့မွေ့ ရှိမယ် မထင်ဘူးနော်]
ပရိသတ် အတော်များများကလည်း စတင်၍ စိုးရိမ်လာကြလေသည်။
မည်သို့ပင်ဆိုစေ အနောက်ဘက်နန်းဆောင်မှာ Streamer တို့၏ နယ်မြေ မဟုတ်ပါချေ။
အကယ်၍ နယ်မြေပိုင်ရှင်က တမင်သက်သက် ဒုက္ခပေးချင်နေလျှင် Streamer တို့ အနေဖြင့်လည်း ငုံ့ခံနေရုံသာ ရှိပေလိမ့်မည်။
……
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင်
ရွှီယိုကျိက စာရွက်စာတမ်းကို ထုတ်ယူလိုက်ပြီး တစ္ဆေချီစွမ်းအင်ကို အသုံးပြုကာ တစ္ဆေလက်နက်လှေ၏ အရှေ့ဘက်သို့ ပေးပို့လိုက်၏။
စာရွက်စာတမ်းကို မြင်သော်လည်း ထိုပုံရိပ်ယောင်က လှမ်းယူခြင်း မရှိပါချေ။
ပရိသတ်များမှာ နားမလည်နိုင် ဖြစ်နေကြစဉ်မှာပင်။
နောက်တဒင်္ဂအတွင်း ထိုပုံရိပ်ယောင်၏ မျက်လုံးနှစ်လုံးမှာ ရုတ်တရက် လင်းလက်လာသည်ကို မြင်တွေ့လိုက်ရတော့သည်။
ထို့နောက် အလင်းတန်း နှစ်ခုက မျက်လုံးထဲမှ ထွက်ပေါ်လာပြီး အရှေ့ဘက်နန်းဆောင်မှ ပေးလိုက်သော စာရွက်စာတမ်းပေါ်သို့ ကျရောက်သွားကာ အထက်အောက် နှစ်ကြိမ်ခန့် စကင်ဖတ်ပြီးနောက် အလင်းတန်းများမှာ ပျောက်ကွယ်သွား၏။
ထိုအခါ အနောက်ဘက်နန်းဆောင်မှ ထိုပုံရိပ်ယောင်က အရိုအသေပေးကာ ထပ်ပေါင်းပြောလိုက်သည်။
"သြော် အရှေ့ဘက်နန်းဆောင်က ဧည့်သည်တော်တွေ ဖြစ်နေတာကိုး၊ ခဏလောက် စောင့်ပေးကြပါ"
စကားဆုံးသည်နှင့် ပုံရိပ်ယောင်မှာ ပျောက်ကွယ်သွားလေတော့သည်။
"......"
ထို့လုပ်ရပ်ကြောင့် ဝိညာဉ်လှေပေါ်တွင် တစ်ခဏမျှ တိတ်ဆိတ်သွားတော့သည်။
သို့သော် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ပရိသတ်များမှာမူ ချက်ချင်းပင် ပွက်လောညံသွားကြတော့၏။
[ဟ ကြမ်းလိုက်တာ ဘာကြီးလဲ]
[ခုနက ဟာက လေဆာနဲ့ စကင်ဖတ်လိုက်တာလား၊ ဒါမှမဟုတ် ဘာကြီးလဲ]
[အနောက်ဘက်နန်းဆောင်က ဒီလောက်တောင် ခေတ်မီ တိုးတက်နေပြီလား]
ပရိသတ်များ၏ အမြင်တွင် အရှေ့ဘက်နန်းဆောင် ဖြစ်စေ၊ တောင်ဘက်နန်းဆောင် ဖြစ်စေ စားသောက် နေထိုင် အသုံးပြုမှု အားလုံးမှာ ရှေးဟောင်း ပုံစံမျိုးကိုသာ ထိန်းသိမ်းထားကြသည် မဟုတ်လော။
'ငရဲပြည် အားလုံးက ဒီလိုမျိုး မဟုတ်ဘူးလား'
'အနောက်ဘက်နန်းဆောင်ကို ရောက်မှ ဘာလို့ ရုတ်တရက်ကြီး ပြောင်းလဲသွားရတာလဲ’
🫧 Chapter 304
'ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ်'
အနောက်ဘက်နန်းဆောင်မှ ထိုလူပုံစံ ပုံရိပ်ယောင် ပျောက်ကွယ်သွားပြီး မကြာမီမှာပင် ပရိသတ်များမှာ ထူးဆန်းသော အသံတစ်သံကို ကြားလိုက်ကြရသည်။
ပြီးလျှင် တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွား၏။
ထို့နောက် ပရိသတ်များက ရဟတ်ယာဉ် တစ်စင်း ဝိညာဉ်လှေကြီးဘက်သို့ ပျံသန်းလာသည်ကို မြင်တွေ့လိုက်ရတော့သည်။
ထိုဒုတ်ဒုတ်ဒုတ် အသံမှာ ထိုရဟတ်ယာဉ်ပေါ်မှ ထွက်ပေါ်လာခြင်းပင် ဖြစ်လေသည်။
'ဝှစ်'
ပြီးနောက် အလျား ဆယ်မီတာ၊ အနံ တစ်မီတာခန့်ရှိသော အနီရောင် ပိုးဖဲကြိုး တစ်ချောင်းက ရဟတ်ယာဉ်၏ အောက်ခြေမှ ဖြန့်ကျက် ကျဆင်းလာ၏။
ထိုအနီရောင် နောက်ခံပေါ်တွင် အဖြူရောင် စာလုံးများဖြင့် 'Streamer အနောက်ပိုင်း ဒေသသို့ ရောက်ရှိလာခြင်းကို ကြိုဆိုပါတယ်' ရေးသားထားသည်ကို မြင်တွေ့လိုက်ကြရသည်။
[သောက်ကျိုးနည်း ငါတို့ အမြင်ကျဉ်းသွားတာပဲ]
ပရိသတ်များမှာ မှင်တက်သွားကြလေသည်။
ဝိညာဉ်လှေပေါ်ရှိ ဝိညာဉ်တမန်တော်များပင်လျှင် တစ်ခဏမျှ အံ့အားသင့်သွားကြ၏။
ထိုအချိန်တွင် ချင်ကျိုးကျိုးနှင့် ရွှီယိုကျိတို့က ကျန်းလင်ကို ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။
"....."
ထိုအခါ ကျန်းလင်မှာ ကြောင်တောင်တောင် ဖြစ်သွား၏။
သူ ဘာတစ်ခုမှ မသိပါချေ။
……
[အနောက်ဘက်နန်းဆောင်က ကြမ်းတယ်ဟေ့၊ ရဟတ်ယာဉ်တောင် ထုတ်လာနိုင်တယ်]
[အနောက်ဘက်နန်းဆောင်က Streamer ရဲ့ ပရိသတ် ဖြစ်နေတာပဲ၊ ဒါဆို စိတ်ပူစရာ မလိုတော့ဘူးပေါ့]
[ဒီလို ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားက တကယ်ကို မိုက်တယ်]
[အနောက်ဘက်နန်းဆောင်ရဲ့ ဒီလုပ်ရပ်ကို ငါ ဝမ်အာ့တန် လေးစားသွားပြီ]
လူ့လောကမှ ရဟတ်ယာဉ်ကိုပင် ထုတ်ယူလာနိုင်သဖြင့် ပရိသတ်များ၏ အသိအမြင်များကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။
အမှန်တကယ်တော့ ငရဲပြည်က လူ့လောက၏ ထုတ်ကုန်များကို အစောကြီးကတည်းက စတင် သုံးစွဲနေခဲ့ခြင်း ဖြစ်ပေသည်။
ဤလုပ်ရပ်က သူတို့ထက်ပင် ပိုအထင်ကြီးစရာ ကောင်းနေ၏။
လက်မခံဘဲ မနေနိုင်အောင်ပင် ဖြစ်တော့သည်။
ငရဲပြည်က လေယာဉ်ပျံ သုံးစွဲသည့် အချိန်မှာ သူတို့ထက်ပင် စောချင်စောနေနိုင်သေးသည်။
၎င်းကို တွေးမိသောအခါ ပရိသတ်များမှာ မနေနိုင်ဘဲ ဆက်တွေးမိကြပြန်သည်။
စစ်ပွဲ ကာလအတွင်းက ငရဲပြည်မှ ဝိညာဉ်များလည်း ဝင်ရောက် ကူညီခဲ့ကြသလော။
မည်သို့ပင်ဆိုစေ တစ္ဆေဆိုသည်မှာလည်း လူမှ ပြောင်းလဲလာခြင်း ဖြစ်သည် မဟုတ်လော။
ထိုဝိညာဉ်တမန်တော်များသည်လည်း မသေဆုံးမီက လူသားများ ဖြစ်ခဲ့ကြပေသည်။
သေဆုံးသွားပြီးနောက် လူ့လောကကို စိတ်မချနိုင်ဘဲ တိတ်တဆိတ် ဝင်ရောက် ကူညီပေးခြင်းမှာ အပြစ်ပြောစရာ မရှိသကဲ့သို့ ပင်။
ပရိသတ်များ အမျိုးမျိုး တွေးတော နေကြစဉ်မှာပင် မှတ်ချက်ပေးသည့် နေရာ၌ ရုတ်တရက် မှတ်ချက် တစ်ခု ပေါ်ထွက်လာလေသည်။
[ဟေး ဒါက ငါ ငှားထားတဲ့ ရဟတ်ယာဉ်ဟ၊ ဟုတ်တယ်မလား]
[ဘာ မင်းငှားထားတာ]
[မင်းက အနောက်ဘက်နန်းဆောင်က ဝိညာဉ်တမန်တော်လို့ ဘာလို့ မပြောလိုက်ရတာလဲ]
[သူဌေး ပရိသတ် ထွက်ပေါ်လာပြီလား]
ပရိသတ်များမှာ တစ်ခဏမျှ ကြောင်အသွားကြပြီး ခေါင်းမော့ကာ ကြည့်လိုက်သော်လည်း စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေကြလေသည်။
အနောက်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များက Streamer တို့ကို လာကြိုခြင်း မဟုတ်ဘူးလော။
ထိုမှတ်ချက်ကို ရေးသားသူ၏ အမည်ကို ထပ်မံ ကြည့်လိုက်ရာ '၉၉၉ ရွဲ့အစ်ကို' ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
သူက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် မကြာခဏ လက်ဆောင် ပေးလေ့ရှိသူ ဖြစ်ရာ သူတို့ မေးမြန်လိုက်ကြသည်။
[၉၉၉ ရွဲ့အစ်ကို : Streamer လာမယ်ဆိုတာ သိလို့ တစ်လကြိုပြီး ရဟတ်ယာဉ်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ခဲ့တယ်၊ ဒီနေ့တော့ အဲဒီ ဆိုင်းဘုတ်တွေကို ချိတ်ဆွဲပြီး အနောက်ပိုင်း ဒေသရဲ့ နယ်စပ်မှာ ပျံသန်းခိုင်းထားတယ်၊ Streamer ရောက်လာတာကို ကြိုဆိုဖို့ သီးသန့်ပဲ]
……
ဤသည်ကို ကြည့်ခြင်းအားဖြင့် ထို ၉၉၉ ရွဲ့အစ်ကို မှာ အမှန်တကယ်ပင် သူဌေးတစ်ဦးဖြစ်ကြောင်း သိသာလှပေသည်။
သို့သော် လွန်ခဲ့သော အချိန်ကာလ အတန်ကြာက သူ၏ မိသားစုမှာ ဤမျှ ချမ်းသာခြင်း မရှိသေးပါချေ။
ထိုအချိန်က သူ၏ မိသားစု ကုမ္ပဏီမှာ အနိမ့်ကျဆုံး အခြေအနေသို့ ရောက်ရှိနေချိန် ဖြစ်လေသည်။
အိမ်တွင်လည်း ကိစ္စ အမျိုးမျိုး မကြာခဏ ဖြစ်ပွားနေပြီး ကုမ္ပဏီ၏ လုပ်ငန်းစဉ်များမှာလည်း အဆင်မပြေမှုများစွာ ရှိနေခဲ့၏။
အမေနှင့် အစ်ကို ဖြစ်သူတို့မှာ ဆေးရုံတက်နေရပြီး ကုမ္ပဏီမှာလည်း ဒေဝါလီခံရမည့် အခြေအနေနှင့် တစ်လှမ်းသာ ကွာဝေးတော့သည်။
သူ ကိုယ်တိုင်၏ အခြေအနေမှာလည်း သိပ်မကောင်းလှပေ။
တစ်နေ့တွင် သူ၏အလွန်ရင်းနှီးသော သူငယ်ချင်းတစ်ယောက်က ရုတ်တရက် သူ့ထံ ရောက်လာခဲ့သည်။
ထို့နောက် ရွှေရောင် ပစ္စည်းလေး တစ်ခုကို သူ့အား ပေးခဲ့၏။
"ငါ စကားပြော မကောင်းဘူး ဆိုပြီး အပြစ်မတင်နဲ့နော်၊ မင်း အိမ်က တစ်ခုခု အတိုက်အခိုက် ခံနေရတာ ဖြစ်နိုင်တယ်၊ ဒါလေးကို အဆောင် အနေနဲ့ သုံးလိုက်ပါ"
"ဒီပစ္စည်းက ငရဲပြည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကနေ ငါ အခက်အခဲခံပြီး လုယူလာရတာ မင်း ချက်ချင်း လွှင့်မပစ် လိုက်နဲ့ဦး"
သူ့ သူငယ်ချင်း ဖြစ်သူက မထွက်ခွာမီ ထိုသို့ မှာကြားသွားခဲ့လေသည်။
"ကျေးဇူးပဲ ညီအစ်ကို"
အမှန်တကယ်တော့ ရွဲ့အစ်ကိုတို့ မိသားစုမှာ မစဉ်းစားဘဲ နေခဲ့သည် မဟုတ်ပါချေ။
လူတစ်ယောက် ကံဆိုးနေချိန်တွင် ရေသောက်လျှင်ပင် သွားသွားညပ်တတ်သည် မဟုတ်လော။
သူတို့သည် ဖုန်းရွှေ ဆရာများကိုလည်း ရှာဖွေခဲ့ပြီး အဆောင်လက်ဖွဲ့ အမျိုးမျိုးကိုလည်း တောင်းခံခဲ့ဖူးသည်။
သို့သော် မည်သည့်အရာကမျှ အသုံးမဝင်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ သူငယ်ချင်း၏ စေတနာ ဖြစ်သောကြောင့် ၎င်းကို ကုတင်ဘေးရှိ စားပွဲခုံပေါ်တွင် တင်ထားလိုက်၏။
အသုံးဝင်သည် ဖြစ်စေ၊ အသုံးမဝင်သည် ဖြစ်စေ ယခုအချိန်တွင် သူတို့၌ အခြား နည်းလမ်း မရှိတော့ပါချေ။
သို့သော် သူ မျှော်လင့်မထားခဲ့သည်မှာ ထိုနေ့မှစ၍ သူ၏ ပတ်ဝန်းကျင်ရှိ ကိစ္စရပ် အားလုံးမှာ အံ့သြဖွယ် ကောင်းလောက်အောင် အလှည့်အပြောင်း ဖြစ်လာခဲ့ခြင်းပင်။
ဆေးရုံမှ သတင်းကောင်းများ ထွက်ပေါ်လာပြီး ကုမ္ပဏီ၏ လုပ်ငန်းများမှာလည်း ပုံမှန် လမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိသွားတော့သည်။
ထို့အပြင် ကံဆိုးခြင်းများ ကုန်ဆုံးပြီး ကံကောင်းခြင်းများ ရောက်ရှိလာသကဲ့သို့ ပင် အိမ်၏ စီးပွားရေးမှာ အရင်ကထက်ပင် ပိုမိုအောင်မြင်လာခဲ့လေသည်။
အရာအားလုံးက ကောင်းမွန်သော လမ်းကြောင်းဘက်သို့ ဦးတည်သွားတော့၏။
သူငယ်ချင်း ပေးထားသော ထိုပစ္စည်းလေးကို ပြန်လည် သတိရလာချိန်တွင်မူ မည်သို့မျှ ရှာမတွေ့တော့ပါချေ။
ကုတင်ဘေးရှိ စားပွဲခုံပေါ်တွင် သန့်ရှင်းရေး မလုပ်ရသေးသကဲ့သို့ ဖုန်မှုန့် အနည်းငယ်နှင့် ရွှေရောင် အစအန အချို့ကိုသာ တွေ့ရတော့သည်။
ထိုအချိန်တွင် သူ အရာအားလုံးကို နားလည်သွားကာ ထိုနေ့မှစ၍ သူတို့ မိသားစု တစ်ခုလုံးသည် 'ငရဲပြည်၏ နေ့စဉ် ကုစားမှု' တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ သစ္စာရှိသော ပရိသတ်များ ဖြစ်လာကြတော့၏။
သူငယ်ချင်းကို ကျေးဇူးတင်ရမည် ဖြစ်သော်လည်း Streamer ၏ ခြေသလုံးကိုလည်း ဖက်ထားရမည် ဖြစ်ပေသည်။
ယခု Streamer က သူ ရှိနေသော ဒေသသို့ ရောက်လာမည် ဖြစ်ရာ၊ ခမ်းနားသော အခမ်းအနားကို မဖြစ်မနေ ပြင်ဆင်ရမည် မဟုတ်လော။
ထိုရဟတ်ယာဉ်များသည် အနီးအနားတွင် အချိန်ပြည့် ပျံသန်းနေပြီး တစ်စင်းစင်းက Streamer တို့နှင့် ဆုံတွေ့ရလျှင်ပင် ကံကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။
[၉၉၉ ရွဲ့အစ်ကို : Streamer သတ္တိရှိရှိနဲ့ ရှေ့ကို ဆက်သွားပါ]
[ဖူး နည်းနည်းတော့ ရယ်ချင်ပေမယ့် +၁ ]
[Streamer အနောက်ပိုင်း ဒေသသို့ ရောက်ရှိလာခြင်းကို ကြိုဆိုပါတယ်]
……
"...."
ထိုကွန်မန့်များကိုမြင်ပြီးသော် ကျန်းလင်က စိတ်ထဲမှသာ လက်ခံလိုက်တော့သည်။
ဝိညာဉ်လှေကြီး လေထဲတွင် ခေတ္တမျှ စောင့်ဆိုင်းနေစဉ်မှာပင် ဝိညာဉ်တမန်တော် ဆယ်ဦး ပါဝင်သော အဖွဲ့တစ်ဖွဲ့က ဤဘက်သို့ လာနေသည်ကို မြင်တွေ့လိုက်ရ၏။
ထိုရဟတ်ယာဉ် အနီးမှ ဖြတ်သွားချိန်တွင် အနောက်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များမှာ အနည်းငယ် တွေဝေသွားကြသည်။
'ဘာအခြေအနေလဲ'
'သူတို့က ရဟတ်ယာဉ် စီစဉ်ထားတာ မရှိပါဘူး'
ရဟတ်ယာဉ်ပေါ်သို့ သေချာ ကြည့်လိုက်သောအခါ သူတို့ အမှန်တကယ်ပင် လူသားများ ဖြစ်နေကြလေသည်။
'ဒါ ဘယ်သူတွေလဲ၊ သူတို့ထက်တောင် ပိုမြန်နေပါလား'
ထို့ကြောင့် အနောက်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များမှာ အနည်းငယ် စိတ်ရှုပ်သွားကြပြီး ဝိညာဉ်လှေကြီး အရှေ့သို့ ရောက်လာချိန်တွင် သူတို့၏ မျက်နှာအမူအရာမှာ သိပ်မကောင်းလှချေ။
"အရှေ့ဘက်နန်းဆောင်က လာတာ မဟုတ်လား"
ဦးဆောင်လာသော ဝိညာဉ်တမန်တော်က ရွှီယိုကျိနှင့် အနည်းငယ် စကားပြောဆိုပြီးနောက် လီစုန့်နှင့် တန်းရန်တို့ကို ကြည့်ကာ မေးလိုက်၏။
"ဒီနှစ်ယောက်က"
ထိုအခါ တန်းရန်က အမြန် ခုန်ထွက်လာပြီး ကျုံးခွေ ပေးထားသော ပစ္စည်းကို ထုတ်ပြကာ "ကျွန်တော်တို့ဆီမှာလည်း စာရွက်စာတမ်း ရှိပါတယ်" ဟု ပြောလိုက်လေသည်။
၎င်းကို မြင်သော် ဦးဆောင်လာသော အနောက်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်က ခေါင်းညိတ်လိုက်ပြီး အရှေ့ရှိ အဖွဲ့နှစ်ဖွဲ့လုံးကို ကြည့်ကာ "ငါတို့နဲ့ လိုက်ခဲ့ကြ" ဟု ပြောလိုက်၏။
ထို့နောက် ရွှီယိုကျိက ဝိညာဉ်လှေကြီးကို သိမ်းဆည်းလိုက်သည်။
နောက်တဒင်္ဂအတွင်းမှာပင် တစ္ဆေများ အားလုံး ထိုနေရာမှ ပျောက်ကွယ်သွားကြတော့သည်။
သိာ့သော် အရှေ့ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များ အဖွဲ့မှာ မည်သည့် နေရာသို့ ရောက်ရှိသွားမှန်း သေချာ မကြည့်ရသေးမီမှာပင် မလှမ်းမကမ်းမှ 'ဒိုင်း ဒိုင်း ဒိုင်း' ဟူသော အသံများကို ကြားလိုက်ရလေတော့သည်။
'သူတို့ ဝိုင်းရံခံလိုက်ရတာလား'
……
တစ်ဖက်တွင် ဆံပင်ကို ကျစ်ဆံမြီး နှစ်ဖက် ကျစ်ထားပြီး အဖြူရောင် အင်္ကျီနှင့် အနက်ရောင် အားကစား ဘောင်းဘီတို ဝတ်ဆင်ထားကာ ခြေညှပ်ဖိနပ် စီးထားသော အားရွေ့မှာ သူမ၏ နေအိမ်သို့ စိတ်လှုပ်ရှားစွာ ပြန်ပြေးလာပြီး အော်ဟစ်လိုက်၏။
"သခင် သခင်၊ ဝိညာဉ်တမန်တော်ကျန်းတို့ အနောက်ဘက်နန်းဆောင်ကို ရောက်နေပြီ"
"ဝိညာဉ်တမန်တော်ကျန်းတို့ ရောက်နေပြီ၊ မြန်မြန် သွားကြည့်ရအောင်"
အားရွေ့ တစ်ယောက် အတန်ကြာအောင် အော်ဟစ်နေသော်လည်း သခင်ဖြစ်သူမှာ ထိုင်ခုံပေါ်တွင် မလှုပ်မယှက် ထိုင်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် သူမက ရှေ့သို့ တိုးသွားကြည့်လိုက်ရာ သခင်ဖြစ်သူမှာ တစ်ခုခုကို အလုပ်ရှုပ်နေပုံ ရပေသည်။
ထိုပစ္စည်းများမှာ အချောင်းလိုက် ဖြစ်နေပြီး ရုတ်တရက် ကြည့်လိုက်လျှင် သစ်ကိုင်းများနှင့် ဆင်တူနေ၏။
"သခင်"
ကြက်သိုက်ကဲ့သို့ ဖရိုဖရဲ ဆံပင်နှင့် အသားအရည် ခပ်မည်းမည်း ရှိသော ဝိညာဉ်တမန်တော် သခင်က လက်ထဲမှ အလုပ်ကို မရပ်တန့်ဘဲ "အို ငါ သိပြီ" ဟု ပြန်ဖြေလေသည်။
ထိုအခါ အားရွေ့က "သခင်က သွားမကြည့်ဘူးလား" ဟု မေးလိုက်၏။
"သွားလို့ မရဘူးလေ"
ဝိညာဉ်တမန်တော် သခင်က လက်ထဲရှိ ပစ္စည်းကို မျက်လုံးနားသို့ ကပ်ကာ ကြည့်လိုက်ပြီး အစိတ်အပိုင်းများကို ဖြုတ်လိုက် တပ်လိုက် လုပ်ရင်း ပြောလိုက်သည်။
"လက်ထဲက အလုပ်က မပြီးသေးဘူး၊ မင်းပဲ ပိုက်ဆံ များများရှာချင်တယ် ဆို"
မကြာသေးမီက တာဝန်ပေးစင်တာမှ တာဝန်တစ်ခု ထုတ်ပြန်ခဲ့ပြီး နာမည်ကြီး တစ္ဆေလက်နက် ပညာရှင်များ အားလုံးကို ပစ္စည်း တစ်ခု ပြုလုပ်ရန် ခေါ်ယူခဲ့ခြင်း ဖြစ်၏။
အစက သူ လက်ခံရန် အစီအစဉ် မရှိခဲ့သော်လည်း ငွေကြေး အရေးတကြီး လိုအပ်နေသဖြင့် လက်ခံလိုက်ရခြင်း ဖြစ်သည်။
ထို့ကြောင့် ဤရက်ပိုင်းအတွင်း သူ တော်တော်လေး အလုပ်ရှုပ်နေတော့မည် ဖြစ်ပေသည်။
အားရွေ့က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။
သခင်က တကယ်ကို စကားနားထောင်တာပဲ။
'လုံ့လစိုက်နေတဲ့ ပုံစံလေးက တကယ်ကို လိမ္မာတာပဲ ဟားဟားဟား'
ထို့နောက် သူမက "သခင်၊ ကျွန်မ ကူညီပေးရမလား" ဟု မေးလိုက်သည်။
၎င်းကိုကြားသော် ဝိညာဉ်တမန်တော် သခင်က လက်ခါပြကာ "မလိုပါဘူး၊ မင်းဘာသာ သွားကြည့်လိုက်ပါ" ဟု ပြောလိုက်၏။
သူ၏ ယခု တာဝန်မှာ လျှို့ဝှက် သဘောတူညီချက် ပါဝင်လေသည်။
အလုပ် မပြီးမချင်း မည်သည့် သတင်း သို့မဟုတ် အချက်အလက်ကိုမျှ သူတို့ထံမှ ပေါက်ကြားခွင့် မရှိပါချေ။
"ကောင်းပြီလေ၊ ဒါဆို ကျွန်မလည်း မသွားတော့ဘူး၊ ဒီမှာပဲ သခင့်အနား နေပေးမယ်"
အားရွေ့က ထိုသို့ပြောရင်း ဦးထုပ်ဆောင်းထားသော သန့်ရှင်းရေးတစ္ဆေ တစ်ကောင်ကို ပွေ့ချီကာ ဘေးတွင် ထိုင်ချလိုက်တော့သည်။
အခန်းထဲတွင် တစ်ခဏမျှ တိတ်ဆိတ်သွား၏။
အတန်ကြာပြီးနောက် ဝိညာဉ်တမန်တော် သခင်က အရှေ့ရှိ အလုပ်ပုံကြားမှ ခေါင်းမော့လာပြီး ဘေးတွင် လိမ္မာစွာ ထိုင်နေသော အားရွေ့ကို ကြည့်လိုက်သည်။
ထို့နောက် နှုတ်ခမ်းကို ဖိကိုက်ကာ "မင်းက ဒီနေ့ကို အရမ်း မျှော်လင့်နေခဲ့တာ မဟုတ်ဘူးလား၊ သွားကြည့်ချေပါ" ဟု ပြောလိုက်၏။
အားရွေ့က လိမ္မာစွာပင် ခေါင်းခါပြလိုက်ပြီး "မဖြစ်ဘူး၊ သခင်က အလုပ်လုပ်နေတာကို ကျွန်မက ဘယ်လိုလုပ် အပျင်းထူနေလို့ ရမလဲ" ဟု ငြင်းဆန်လိုက်သည်။
ထိုသို့ ပြောလိုက်သော်လည်း သူမ၏ တောက်ပသော မျက်လုံးလေးများထဲတွင်တော့ နှမြောတသဖြစ်မှု တစ်ချက် ဖြတ်ပြေးသွားသည်ကို တွေ့ရပေသည်။
ထိုအခါ ဝိညာဉ်တမန်တော် သခင်က ကြက်သိုက်ကဲ့သို့ ဆံပင်များကို ကုတ်ဖဲ့လိုက်၏။
ဤကောင်မလေး အစောကြီးကတည်းက သွားကြည့်ချင်နေမှန်း သူ သိပေသည်။
ထို့ကြောင့် စဉ်းစားလိုက်ပြီးနောက် သူ၏ မျက်လုံးများ လင်းလက်သွားကာ ပြောလိုက်သည်။
"မင်း သွားလိုက်ပါ၊ ငါ့အလုပ်က လျှို့ဝှက်တာဝန် ဖြစ်နေတော့ မင်း ဒီမှာ နေလို့ မရဘူး"
"သွားတဲ့အခါ မှတ်တမ်းကျောက်တုံးလေး ယူသွား၊ ပြီးရင် ငါ့ကို ပြန်လာပြပေါ့"
"ဒီလိုလား"
အားရွေ့က ပါးလေးကို ဖောင်းကာ ခေတ္တမျှ စဉ်းစားလိုက်ပြီး "ကောင်းပြီလေ၊ ဒါဆို ကျွန်မ အရင် သွားနှင့်မယ်နော် သခင်" ဟု ပြောလိုက်၏။
"အင်း"
သခင်ဖြစ်သူ ခေါင်းညိတ်ပြလိုက်ပြီးနောက် အားရွေ့က သန့်ရှင်းရေးတစ္ဆေကို အောက်ချကာ နှမြောတသစွာဖြင့် လှည့်ထွက်သွားလေသေးကာ လမ်းလျှောက်သွားရင်းဖြင့် နောက်သို့ သူ ခဏခဏ လှည့်ကြည့်နေသေး၏။
'ဂျောက်'
တံခါး ပိတ်သွားသည်နှင့် တစ်ပြိုင်နက် အားရွေ့မှာ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်သွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
"ရေး Streamer ဆီ သွားကြည့်ရတော့မယ်”