အခန်း (၃၀၇-၃၀၈)
Vol. 31 Ch. 307-308
🫧 Chapter 307
ဟင်းပွဲများ အားလုံး စုံလင်သွားပြီးနောက် လီစုန့်နှင့် တန်းရန်တို့မှာ အလကား ထမင်းတစ်နပ်ကို စိတ်အေးလက်အေး စားသောက်နေရင်း အနောက်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များကို တိတ်တဆိတ် အကဲခတ်နေကြ၏။
'အရမ်းကို ဖော်ရွေလွန်းနေတယ်၊ အရမ်းကို တက်ကြွလွန်းနေတာပဲ'
'မီးရှူးမီးပန်းတွေ ဖောက်တဲ့အပြင် စားပွဲကြီးတွေနဲ့ အရသာရှိတဲ့ ဟင်းပွဲတွေ၊ အရက်တွေကလည်း ရှိသေးတယ်၊ ပြီးတော့ ငရဲပြည်က အလှလေးတွေကိုပါ သီးသန့် ဖျော်ဖြေခိုင်းထားသေးတယ်'
'သူတို့ ပေးဆပ်ထားတွေက အရမ်းများလွန်းနေတယ်၊ တစ်ခုခုတော့ မှားယွင်းနေပြီ'
'နေပါဦး၊ အလှလေးတွေ ဟုတ်လား'
ရုတ်တရက် တန်းရန်က ခေါင်းမော့လာပြီး ထိုကပြနေသော မိန်းမလှ တစ္ဆေများကို တစ်ချက် ကြည့်လိုက်ကာ အနောက်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များကိုပါ ထပ်မံ ကြည့်ရှုလိုက်သည်။
ယခင်က ပြောခဲ့ဖူးသည့်အတိုင်း အနောက်ဘက်နန်းဆောင်မှ လာကြိုသော ဝိညာဉ်တမန်တော်များပဲ ဖြစ်ဖြစ်၊ လာရောက် ဝိုင်းကြည့်နေကြသော တစ္ဆေများပဲ ဖြစ်ဖြစ် အားလုံးမှာ ချောမောလှပသော ယောကျ်ားလေးများနှင့် မိန်းကလေးများချည်းသာ ဖြစ်ကြပေသည်။
ဝိညာဉ်တမန်တော်များ အားလုံးက ယူနီဖောင်းများကို ဝတ်ဆင်ထားကြပြီး အထူးပြုလုပ်ထားသော ဝိညာဉ်လက်နက် သေနတ်များကို ကိုင်ဆောင်ထားကြ၏။
တစ္ဆေများ၏ ဝတ်စားဆင်ယင်မှုကမူ ပို၍ပင် စုံလင်လှပေသည်၊ အိမ်ဖော် ဝတ်စုံ၊ လူချောစတိုင်၊ အစ်မကြီးစတိုင် စသည်ဖြင့် အမျိုးမျိုး ရှိကြသည်။
ထိုအထဲတွင် အမွေးပွ တိရစ္ဆာန် နားရွက်များ ပါရှိသော တစ္ဆေများက တစ်ဝက်ခန့် ပါဝင်နေတော့သည်။
ယုန်ဖြူလေး၊ ကြောင်နားရွက်နှင့် ကောင်မလေး၊ တောရိုင်း ဝံပုလွေ စသည်ဖြင့်အများဆုံးပါဝင်နေ၏။
အစပိုင်းတုန်းကမူ သူက ကြီးကျယ်ခမ်းနားသည်ဟုသာ ထင်မှတ်ထားခဲ့၏။
အထူးသဖြင့် ထိုသေနတ်များကိုပင်။
လမ်းတစ်လျှောက်တွင် မြင်တွေ့ခဲ့ရသော ဝိညာဉ်လက်နက် အမျိုးမျိုးကလည်း တန်းရန်၏ မျက်လုံးများကို အလုပ်များစေခဲ့သည်။
ယခုလို စိတ်အေးသွားချိန်တွင် တန်းရန်က တစ်ခုခု မှားယွင်းနေကြောင်း ရုတ်တရက် ခံစားလိုက်ရ၏။
'ငရဲပြည်က လူ့လောကနဲ့ သိပ်မကွာပါဘူး၊ ဘယ်လိုလုပ် အကုန်လုံးက ချောမောလှပတဲ့ သူတွေချည်းပဲ ဖြစ်နေရမှာလဲ'
'ဘယ်လိုလုပ် အမွေးပွတွေချည်းပဲ ဒီလောက် အများကြီး ရှိနေနိုင်မှာလဲ'
'ဒါက လူ့လောကက ပရိသတ်တွေ ကြည့်ဖို့အတွက် သီးသန့် ရွေးချယ်ထားတာ အသိအသာကြီးပဲ'
'အစ်ကို၊ အနောက်ဘက်နန်းဆောင်က ဝိညာဉ်တမန်တော်တွေက အလှအပ ထောင်ချောက်ကို သုံးနေကြတာပဲ'
တန်းရန်က လီစုန့်ကို မျက်စပစ်ပြလိုက်ပြီး ပါးလေးကို ဖောင်းကာ သူတို့သာ နားလည်နိုင်သော မျက်နှာအမူအရာ ဘာသာစကားဖြင့် သတင်းအချက်အလက်များကို ပေးပို့လိုက်သည်။
ဤနေရာက အနောက်ဘက်နန်းဆောင်၏ ပိုင်နက် ဖြစ်ရာ တစ်ပါးသူ၏ အတင်းအဖျင်းကို ဗြောင်ကျကျ ပြောဆိုရလောက်အောင် သူ မမိုက်မဲသေးပါချေ။
လီစုန့်က တန်းရန်ကို မျက်ခုံးပင့်ပြကာ 'ငါလည်း သတိထားမိတယ်' ဟု အချက်ပြလိုက်၏။
ချစ်စရာကောင်းအောင် နေလာခဲ့သော တစ္ဆေများ ဖြစ်သည့်အလျောက် သူက အနောက်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များထဲရှိ အမွေးပွများကို စောစောကတည်းက သတိထားမိခဲ့ခြင်း ဖြစ်ပေသည်။
သိသာထင်ရှားစွာပင် သူတို့ သတိထားမိသော ကိစ္စရပ်များကို အနောက်ဘက်နန်းဆောင်ကလည်း သိရှိထားပြီး လူ့လောကမှ ပရိသတ်များ၏ အကြိုက်ကို အပြည့်အဝ နားလည်ထားကြသည်မှာ အမှန်ပင်။
'ရွံစရာကောင်းလိုက်တာ၊ ဒါက အရမ်း အရမ်းကို ရွံစရာကောင်းလွန်းတယ်'
တန်းရန်က နှာခေါင်းမှ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး အတန်ကြာ စဉ်းစားနေသော်လည်း မည်သို့ ဖော်ပြရမည်ကို မသိနိုင်အောင် ဖြစ်နေတော့သည်။
'ငါတို့ တောင်ဘက်နန်းဆောင်ကတောင် ဒီလောက်ကြီးကျယ်ခမ်းနားပြီး ဗြောင်ကျကျ လှည့်ကွက်တွေ မသုံးဖူးပါဘူး၊ ဟုတ်တယ် ဒါ လှည့်ကွက် သုံးတာပဲ'
'သူနဲ့ အစ်ကို ဖြစ်သူကတောင် နားရွက်လေးတွေနဲ့ အမြီးလေးတွေကို ခိုးပြီး ထုတ်ပြရုံလောက်ပဲ လုပ်ပြီး အပိုဆုကြေး နည်းနည်းပါးပါး ရအောင် ရှာခဲ့ရတာလေ'
'အနောက်ဘက်နန်းဆောင်လို ရောက်ရောက်ချင်း ဒီလောက် အကြီးအကျယ် ဘယ်လုပ်ခဲ့လို့လဲ'
'ဒါက ပိုက်ဆံ ဘယ်လောက်တောင် လိုချင်နေတာလဲ'
တန်းရန်က မသိမသာ လက်ချိုးရေတွက်ကြည့်လိုက်ရာ ပိုတွေးလေ ပိုအဆင်မပြေလေ ဖြစ်လာပြီး ပိုက်ဆံများ အလုခံလိုက်ရသကဲ့သို့ ခံစားနေရ၏။
'ငွေတွေ အများကြီးပါလား'
'ငါတို့ တောင်ဘက်နန်းဆောင်ကတောင် ဒီလောက် အသည်း အသန် မလုပ်ခဲ့ရဘူး၊ အနောက်ဘက်နန်းဆောင်က ရောက်ရောက်ချင်း ဒီလိုမျိုး လုပ်နေတာပဲ' အကြောင်းပြချက်ကို သူ နားလည်သော်လည်း စိတ်ထဲတွင်တော့ တစ်ဆို့ဆို့ ဖြစ်နေတော့သည်။
'အစ်ကို' ထိုအခါ တန်းရန်ကစိတ်ဆိုးရင်း နှုတ်ခမ်းကို စူထားလိုက်သည်။
လီစုန့်က မေးစေ့ကို ပင့်ပြကာ 'မလောနဲ့၊ သူတို့ဆီက အရင် စားမယ် သောက်မယ်' ဟု ဆို၏။
'ကောင်းပြီလေ'
……
အစပိုင်းတွင် လီစုန့်နှင့် တန်းရန်တို့၏ အပြန်အလှန် ဆက်သွယ်မှုများကို ကျန်းလင် သတိမထားမိခဲ့ပါချေ။
မှတ်ချက်ပေးသည့် နေရာကို မတော်တဆ ကြည့်လိုက်မိချိန်တွင် လူ့လောကမှ ပရိသတ်များ အားလုံး ထိုကျားပေါက်လေး နှစ်ကောင် အကြောင်းကို ပြောဆိုနေကြသည်ကို တွေ့လိုက်ရခြင်း ဖြစ်သည်။
လှည့်ကြည့်လိုက်သောအခါ ထိုတစ္ဆေလေး နှစ်ကောင်မှာ မျက်စပစ်ပြကာ တစ်ခုခုကို ဆက်သွယ်နေကြပုံ ရသည်ကို မြင်တွေ့လိုက်ရ၏။
ထိုပုံစံနှင့် ပရိသတ်များ၏ မှတ်ချက်များကို ပေါင်းစပ်လိုက်သောအခါ ကပြနေသည်ကို ကြည့်ရသည်ထက် အမှန်တကယ်ပင် ပိုစိတ်ဝင်စားစရာ ကောင်းနေပေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ မှတ်ချက်ပေးသည့် နေရာတွင် ထူးချွန်သော သူများ အမြဲတမ်း ရှိနေတတ်သည်လေ။
[@နေ့စဉ်အိမ်မွေးတိရစ္ဆာန်မွေးမြူသူ လူသားဘာသာပြန်လေး တစ်ယောက်လောက် လာပါဦး]
[နေ့စဉ်အိမ်မွေးတိရစ္ဆာန်မွေးမြူသူ : ငါက ကျားမွေးထားတာလေ၊ ကျားစကား ဘာသာပြန်စက် မဟုတ်ဘူး]
[ငါ ခုနကပဲ ကျားကို မေးကြည့်လိုက်တာ၊ သူက 'အောင်း အော အေား အော' လို့ ပြောတယ်]
[ဘာသာပြန် ရောက်လာပါပြီ : အစ်ကို အစ်ကို၊ ပိုက်ဆံတွေ အများကြီးပဲ၊ အသားတွေ အများကြီးပဲ၊ ဝိညာဉ်လက်နက်တွေ အများကြီးပဲ၊ ကြည့်လို့တောင် မကုန်တော့ဘူး]
……
ဤစားပွဲတွင် ဟင်းပွဲများ အများအပြား မှာထားသော်လည်း ဝိညာဉ်တမန်တော်များကလည်း များပြားနေပေသည်။
၎င်းကို ကြည့်ရင်း ပရိသတ်များမှာ ဝိညာဉ်တမန်တော်များ၏ အစာအိမ်က အောက်ခြေမရှိသော တွင်းနက်ကြီးများလား ဟု မေးချင်စိတ် ပေါက်လာကြ၏။
ထို့အပြင် ချင်ကျိုးကျိုး ကဲ့သို့သော အစားအသောက် ကြိုက်သူ တစ်ဦးလည်း ရှိနေသဖြင့် ထမင်းတစ်နပ်လုံး စားသောက်ပြီးချိန်တွင် မည်သည့်အရာမျှ အလဟဿ မဖြစ်သွားခဲ့ပါချေ။
အခြေခံအားဖြင့် အားလုံး ပြောင်ရှင်းသွားတော့သည်။
အနောက်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များ ရှင်းတမ်း ရှင်းပြီး ပြန်လာချိန်တွင်လည်း မျက်နှာပေါ်၌ အပြုံးများ ရှိနေဆဲ ဖြစ်ကာ ဖော်ရွေနေကြဆဲပင်။
ပြီးနောက် ဝိညာဉ်တမန်တော် အဖွဲ့က သီးသန့် စားသောက်ဆိုင်မှ ထွက်လာကြသည်။
သို့သော် တံခါးဝသို့ ရောက်ရောက်ချင်းမှာပင် အဝေးမှ ဒေါသတကြီး အော်ဟစ်သံ တစ်ခုကို ကြားလိုက်ရ၏။
ထို့နောက် လမ်း၏ တစ်ဖက်တစ်ချက်ရှိ အထပ်မြင့် အဆောက်အအုံထဲမှ အနောက်တိုင်း ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသား တစ်ဦးက အလျင်စလို ပြေးထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။
သူ၏ ခန္ဓာကိုယ်ကမူ အနည်းငယ် ဝဖြိုးပြီး ဆံပင်ကလည်း ပါးလျနေ၏။
"ငါ မလုပ်တော့ဘူး၊ ဒါ ဘာကိစ္စတွေလဲ၊ တစ္ဆေကို တစ္ဆေလို့တောင် မမြင်ကြတော့ဘူး"
သူက အပြင်ဘက်သို့ ပြေးထွက်လာရင်း ခန္ဓာကိုယ်ပေါ်ရှိ အနောက်တိုင်း ကုတ်အင်္ကျီကို စတင် ချွတ်နေလေသည်။
ဒေါသထွက်လွန်းနေသဖြင့် အတန်ကြာသည်အထိ ကြယ်သီး နှစ်လုံးကိုသာ ဖြုတ်နိုင်ခဲ့၏။
"သောက်ကျိုးနည်း ဘယ်သူ လုပ်ချင်လုပ်၊ ငါတော့ မလုပ်ဘူး"
စကားဆုံးသည်နှင့် တစ်ပြိုင်နက် 'ဒိုင်း' ဟူသော အသံတစ်ခု ထွက်ပေါ်လာတော့သည်။
၎င်းမှာ ကျန်းလင်တို့၏ အနောက်တွင် လိုက်ပါလာသော အနောက်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော် တစ်ဦး၏ သေနတ်မှ ပစ်ခတ်လိုက်ခြင်းပင် ဖြစ်လေသည်။
ထိုအခါ သက်လတ်ပိုင်း အမျိုးသားမှာ လန့်ဖြတ်သွားပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်ရက် ကျသွားကာ လက်များ ခြေထောက်များလည်း ပျော့ခွေသွား၏။
သူက တုန်တုန်ယင်ယင်ဖြင့် လှမ်းကြည့်လိုက်သောအခါ ဝိညာဉ်တမန်တော် တစ်စုက သူ့အား စိုက်ကြည့်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
"......."
သက်လတ်ပိုင်း အမျိုးသားက နှုတ်ခမ်းကို ဖိကိုက်လိုက်ရာ လည်ချောင်းများ ခြောက်သွေ့နေပြီး အတန်ကြာမှသာ သူ၏ အသံကို ပြန်လည် ရှာတွေ့တော့သည်။
"သ သခင်တို့၊ ကွ ကျွန်တော်က"
'သူက နည်းနည်းလောက် စိတ်လွတ်ကိုယ်လွတ် အော်ဟစ်ပြီး အလုပ်ထွက်ချင်ရုံလေးပါ၊ ဘာလို့ သေနတ် ပစ်ရတာလဲ'
'အခုခေတ်မှာ အလုပ်ထွက်ရင် အသက်ပါ ပေးရတော့မှာလား'
ထိုအချိန်တွင် ကျန်းလင်တို့လည်း အနောက်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်ကို ကြည့်နေကြပြီး မည်သည့်စကားမျှ ဝင်မပြောကြပါချေ။
အံ့သြစရာ ကောင်းသည်မှာ အနောက်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များ ကိုယ်တိုင်ပင် ထိုသေနတ်ပစ်လိုက်သော ဝိညာဉ်တမန်တော်ကို ကြောင်တောင်တောင်ဖြင့် ကြည့်နေကြခြင်း ဖြစ်၏။
"ငါလား၊ သေနတ်က အရင်လှုပ်သွားတာပါ"
သေနတ် ကိုင်ထားသော ထိုအနောက်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်က အားလုံး သူ့ကို ကြည့်နေကြသည်ကို မြင်သောအခါ ပါးစပ်ဟကာ ရုတ်တရက် ထုတ်ပြောလိုက်သည်။
ပြောပြီးနောက် သူ၏ စကားက အနည်းငယ် မှားယွင်းနေကြောင်း သူကိုယ်တိုင် ခံစားလိုက်ရ၏။
သို့သော် အမှန်တကယ်ပင် သူက အရင် လက်လှုပ်လိုက်ခြင်း မဟုတ်ပါချေ။
သူက သေနတ်ကို မြှောက်ကာ ထပ်မံ ရှင်းပြရန် ပြင်လိုက်သည်။
'ဒိုင်း ဒိုင်း ဒိုင်း' ထိုအခါ ငွေရောင် ပစ္စတိုသေနတ်က သုံးချက် ဆက်တိုက် ပစ်ခတ်သွားတော့သည်။
ကံကောင်းသည်မှာ အရှေ့တွင် ရှိနေသူများ အားလုံးက ဝိညာဉ်တမန်တော်များ ဖြစ်ကြသဖြင့် အလျင်အမြန် ရှောင်တိမ်းသွားနိုင်ကြ၏။
ကျဉ်ဆံများကျသွားသောအခါ မလှမ်းမကမ်းရှိ မြေပြင်ပေါ်တွင် မီးရှူးမီးပန်း သုံးပွင့် ပွင့်အာသွားလေသည်။
သေနတ်ပေါ်မှ ထွက်ပေါ်နေသော အခိုးအငွေ့များကို ကြည့်ရင်း ထိုအနောက်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်မှာ ကြောင်အသွားတော့သည်။
'သူ တကယ်ကို လက်မလှုပ်ခဲ့ပါဘူး'
ထိုစဉ် "ချို့ယွင်းသွားတာ ဖြစ်မယ်" ဟု တစ္ဆေလက်နက်ရုံမှ အဖွဲ့ဝင် အားစစ်၏ အသံက ရုတ်တရက် ထွက်ပေါ်လာ၏။ "အရင်က တစ်ခုခု မှားယွင်းနေတယ်လို့ မခံစားရဘူးလား"
သေနတ် ကိုင်ထားသော အနောက်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ခေါင်းကို တဆတ်ဆတ် ညိတ်ကာ ပြောလိုက်သည်။
"ရှိတယ် ရှိတယ်၊ စောစောက ကြိုဆိုရေး အခမ်းအနားတုန်းက ငါ့သေနတ်ထဲက မီးရှူးမီးပန်းတွေ ထွက်မလာခဲ့ဘူး"
"အဲဒီတုန်းက ငါ ခလုတ်ကို နှစ်ချက်သုံးချက်လောက် ထပ်နှိပ်ကြည့်သေးတယ်၊ ဒီနေ့ အလုပ် ပြီးသွားရင် သွားစစ်ကြည့်မယ်လို့တောင် တွေးနေခဲ့တာ"
……
ကိစ္စ ဖြစ်ပွားသွားချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ပရိသတ်များလည်း တုံ့ပြန်နိုင်ခြင်း မရှိကြပါချေ။
ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားပြီး နောက်ဆုံးတော့ Streamer အပေါ်ကို လက်ပါတော့မည်ဟု ထင်မှတ်နေခဲ့ကြသည် မဟုတ်လော။
ရဲကို ခေါ်ရမည်လား၊ သို့မဟုတ် အရှေ့ဘက်နန်းဆောင်မှ ယမမင်းကြီးကို ခေါ်ရမည်လား ဆိုသည်ကို မသိမသာ စဉ်းစားနေခဲ့မိကြ၏။
အဓိက အချက်မှာ နောက်တစ်ယောက်ကို သူတို့ ခေါ်၍ မရနိုင်ခြင်းပင်။
ယခု ထိုစကားကို ကြားလိုက်ရသောအခါ ပရိသတ်များမှာ Streamer တို့ အနောက်ဘက်နန်းဆောင် ငရဲပြည်သို့ စတင် ရောက်ရှိချိန်က အကြောင်းကို ချက်ချင်း ပြန်လည် စဉ်းစားမိသွားကြတော့သည်။
ထိုစဉ်က ထိုက်ချင် အပါအဝင် ဝိညာဉ်တမန်တော် ဆယ်ဦးက သေနတ်ပစ်ကာ မီးရှူးမီးပန်းများ ဖောက်ခဲ့ကြသည်မှာ အမှန်ပင်။
[အဲဒီလို ကိစ္စမျိုး ရှိခဲ့သလိုပဲ ]
[ငါ မှတ်မိတာ မမှားပါဘူးလို့ ပြောသားပဲ၊ အဲဒီတုန်းက ဝိညာဉ်တမန်တော် ဆယ်ယောက် ပစ်တာ၊ ဒါပေမယ့် မီးရှူးမီးပန်း ကိုးပွင့်ပဲ ထွက်လာခဲ့တာလေ]
[တော်သေးတာပေါ့ တော်သေးတာပေါ့၊ လက်ပါတာ မဟုတ်ရင် တော်ပါပြီ၊ အဲဒီလိုမှ မဟုတ်ရင် Streamer ကို ဘယ်လို ကူညီရမလဲတောင် မသိတော့ဘူး]
[ဒီကံဆိုးတဲ့ ကလေး]
ထိုစာကြောင်းကို တစ်ဝက်ခန့် ရိုက်ပြီးချိန်တွင် ထိုပရိသတ်မှာ ရုတ်တရက် မသင့်တော်ကြောင်း သတိထားမိသွားပြီး အမြန် ရပ်တန့်လိုက်လေသည်။
ထိုသူက ဝိညာဉ်တမန်တော် တစ်ပါး ဖြစ်ရာ မည်သို့ပင်ဆိုစေ ထိုသို့ ပြောဆို၍ မရပါချေ။
[ထွီ ထွီ ထွီ၊ ငါ့ပါးစပ်ကတော့လေ]
🫧 Chapter 308
တစ္ဆေဈေးတန်း လမ်းမပေါ်တွင်
အားစစ်က ထိုသေနတ်ကို လှမ်းယူကာ ကြည့်ရှုလိုက်၏။
ဤသို့သော ဝိညာဉ်လက်နက် အမျိုးအစားကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။
သို့သော် ဝိညာဉ်လက်နက်များ၏ အခြေခံ သဘောတရား အချို့ကိုတော့ သူ နားလည်ထားလေသည်။
အားစစ်က သေနတ်ပေါ်တွင် လက်ဖြင့် ခေါက်ကြည့်လိုက်ပြီး "တစ်နေရာရာမှာ ညပ်နေတာ ဖြစ်မယ်" ဟု ပြောလိုက်၏။
"ဟုတ်တယ် ဟုတ်တယ်၊ ကျွန်တော် ပစ်တာ တကယ် မဟုတ်ပါဘူး"
ရှင်းပြခွင့် ရသွားသဖြင့် ထိုဝိညာဉ်တမန်တော်မှာ သက်ပြင်းချနိုင်သွားတော့သည်။
'အရှေ့ဘက်နန်းဆောင်က ဧည့်သည်တွေ အနောက်ဘက်နန်းဆောင်ကို ရောက်လာတဲ့ နေ့မှာပဲ မျက်နှာချင်းဆိုင် သေနတ်ပစ်ခံရတယ်တဲ့လား'
'ဒီသတင်းသာ ပြန့်သွားရင် သူ့မှာ ပါးစပ် ဆယ်ပေါက် ရှိရင်တောင် ရှင်းပြလို့ ရမှာ မဟုတ်တော့ဘူး'
'အနောက်ဘက်နန်းဆောင်ရဲ့ ဂုဏ်သိက္ခာလည်း သူ့ကြောင့် ပျက်စီးသွားလိမ့်မယ်'
အနောက်ဘက်နန်းဆောင်မှ ဦးဆောင်လာသော ထိုက်ချင်က "မင်း အရင်ပြန်သွားပြီး စစ်ကြည့်လိုက်ဦး၊ ခွင့် တစ်ပိုင်း ယူလိုက်" ဟု ပြောလိုက်၏။
"ဟုတ်ကဲ့ ခေါင်းဆောင်"
ထိုဝိညာဉ်တမန်တော်က သေနတ်ကို ပြန်ယူကာ ကျန်းလင်တို့ကို အကြိမ်ကြိမ် တောင်းပန်ပြီးနောက် ဘေးရှိ အစီအရင် လမ်းကြောင်းမှတစ်ဆင့် ထွက်ခွာသွားလေသည်။
ထိုအစီအရင် လမ်းကြောင်းကို ထပ်မံ မြင်တွေ့လိုက်ရသောအခါ အားစစ်၏ မျက်လုံးများမှာ အရောင်လက်သွားတော့၏။
'မြေကြီးပေါ်က အဲဒီ အဝိုင်းပြားကို ဖြုတ်ပြီး သေချာ လေ့လာကြည့်လိုက်ချင်လိုက်တာ'
"......"
ဤဘက်တွင် ရှင်းပြနေကြစဉ် ဟိုဘက်တွင် မြေပြင်ပေါ် ဖင်ထိုင်ရက် ကျနေသော သက်လတ်ပိုင်း အမျိုးသားမှာမူ မည်သည့်အရာကိုမျှ နားလည်ခြင်း မရှိပါချေ။
ဝိညာဉ်တမန်တော် သခင်များက ကိုယ့်လူအချင်းချင်းပင် သေနတ်ဖြင့် ပစ်နေကြသည်ကို မြင်သောအခါ သူ၏ ခြေလက်များမှာ လေးဖက်ထောက်ကာ နောက်သို့ ဆက်တိုက် ဆုတ်သွားတော့သည်။
နောက်ဆုံးတွင် ဆန့်ကျင်ဘက် လမ်းကြောင်းသို့ လှည့်ကာ ပြေးလေတော့၏။
'အမေရေ ဝိညာဉ်တမန်တော်တွေ ပုန်ကန်နေကြပြီ'
'ဒါက ပုန်ကန်မယ့် အခြေအနေ မဟုတ်ဘူးလား'
'မကြာသေးခင်က တခြား နန်းဆောင်က ဝိညာဉ်တမန်တော်တွေ ရောက်လာတယ် ဆိုတာ ကြားတယ်'
'အထက်က အစီအစဉ်ကို မကျေနပ်လို့လား၊ ဒါမှမဟုတ် တခြား နန်းဆောင်က ဝိညာဉ်တမန်တော်တွေကို မကျေနပ်ကြလို့လား'
'နေပါဦး၊ ငါက သိတာတွေ များနေပြီလား'
ရင်တထိတ်ထိတ်ဖြင့် ပြေးနေစဉ် ရုတ်တရက် သူ ပြေး၍ မရတော့ကြောင်း သတိထားမိလိုက်၏။
လူတစ်ယောက်က သူ၏ လည်ကုပ်ကို ဆွဲမထားခြင်း ဖြစ်ပေသည်။
"...."
ထိုခဏချင်းတွင်ပင် သက်လတ်ပိုင်း အမျိုးသား၏ ရင်ထဲရှိ အကြောက်တရားမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
'သွားပြီ၊ သေရတော့မယ် သေရတော့မယ်'
……
……
"သ သခင်တို့၊ကျွန်တော် ဘာမှ မပြောပါဘူး"
တစ္ဆေချီစွမ်းအင်ဖြင့် ဆွဲမခံထားရချိန်တွင် သက်လတ်ပိုင်း အမျိုးသားက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်၏။
သူ ပြန်ရောက်သွားလျှင် အတင်းအဖျင်းများ လျှောက်ပြောမည် မဟုတ်ကြောင်း သေချာပါသည်။
သူ့အသက်လေး ချမ်းသာပေးဖို့သာ တောင်းဆိုပါရစေ။
သို့သော် သူ့ကို ဖမ်းဆွဲထားသော ထိုက်ချင်က သူ့ကို ဂရုမစိုက်ဘဲ အရှေ့ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များကိုသာ လှည့်ကြည့်လိုက်လေသည်။
နွေးထွေးသော အပြုံးဖြင့် "ကျွန်တော် သူ့ကို နိုင့်ဟယ် တံတားဆီ ခေါ်သွားမလို့၊ အားလုံး အတူတူ လိုက်ကြည့်ကြမလား" ဟု မေးလိုက်၏။
သူတစ်ပါး၏ ပိုင်နက်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ရွှီယိုကျိကလည်း အိမ်ရှင်၏ အစီအစဉ်အတိုင်း လိုက်ပါရန် ဆုံးဖြတ်လိုက်သည်။
သူက ပြုံးလျက် "ကောင်းပါပြီ" ဟု ပြန်ဖြေလိုက်၏။
ထို့နောက် တစ္ဆေအဖွဲ့မှာ အစီအရင် လမ်းကြောင်း အပေါ်သို့ တက်သွားကြသည်။
ဘေးပတ်လည်မှ အလင်းတန်းများ လင်းလက်သွားပြီးနောက် တစ္ဆေဈေးတန်းထဲမှ ပျောက်ကွယ်သွားကြတော့၏။
ယခင်တစ်ခေါက်က ကြိုတင် ပြင်ဆင်ထားမှု မရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ ကျန်းလင်က ဤအစီအရင် လမ်းကြောင်းကို သေချာစွာ ခံစားကြည့်လိုက်သည်။
ဝိညာဉ်လက်နက်များပိုင်းတွင် အနောက်ဘက်နန်းဆောင်က တကယ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်ဟု ဝန်ခံရမည် ဖြစ်ပေသည်။
တောင်ဘက်နန်းဆောင်နှင့် အရှေ့ဘက်နန်းဆောင်တို့က ခြေလျင် လျှောက်နေရချိန်တွင် အနောက်ဘက်နန်းဆောင်က နေရာရွှေ့ပြောင်းခြင်းကိုပင် စတင် အသုံးပြုနေပြီ ဖြစ်၏။
မျက်လုံး ပြန်ဖွင့်လိုက်ချိန်တွင် သူတို့ အရှေ့ရှိ မြင်ကွင်းမှာ ရင်းနှီးကျွမ်းဝင်သော အဝါရောင်ရေပန်းလမ်း လမ်းမကြီး ဖြစ်နေတော့သည်။
လမ်း၏ တစ်ဖက်တစ်ချက်စီတွင် အနီတောက်တောက် ပိအန်း(ပင့်ကူနီလီလီ) ပန်းများက လေပြေထဲတွင် တယိမ်းတယိုင် ပွင့်လန်းနေကြလေသည်။
၎င်းမှယ ခပ်သိမ်းသော သောကများကို မေ့ပျောက်သွားစေနိုင်သကဲ့သို့ ပင်လှပနေ၏။
[ပန်းပွင့်ချိန်မှာ အရွက်မရှိ၊ အရွက်ထွက်ချိန်မှာ ပန်းမရှိ]
ပရိသတ်များမှာ ၎င်းကို မြင်သောအခါ မနေနိုင်ဘဲ ခံစားချက်များ ပြင်းထန်လာကြ၏။
ထို့နောက် ပထမဆုံးအကြိမ် အဝါရောင်ရေပန်းလမ်း လမ်းမကြီးနှင့် ပိအန်း ပန်းများကို မြင်တွေ့ခဲ့ရချိန်ကကို ပြန်လည် သတိရမိကြသည်။
ထိုစဉ်က သတ္တိကောင်းသော ပရိသတ်အချို့က ပိအန်း ပန်းတစ်ပွင့် လိုချင်ကြောင်းပင် ပြောခဲ့ကြသေးသည် မဟုတ်လော။
ယခု ပြန်တွေးကြည့်လျှင် အလွန် ကြာမြင့်ခဲ့ပြီ ဖြစ်သော အချိန်တစ်ခုကဲ့သို့ ခံစားရပေသည်။
သို့သော် ကြည့်နေရင်းဖြင့် ပရိသတ်များမှာ ရုတ်တရက် ခေါင်းကုတ်မိသွားကြ၏။
[ဟင် တစ်ခုခု လိုနေသလိုပဲနော်]
ဤအဝါရောင်ရေပန်းလမ်း လမ်းမကြီးက တကယ်ကို ဟွမ်ချွမ် လမ်းမကြီး သက်သက်သာ ဖြစ်နေလေသည်။
အဆုံးအစ မမြင်ရလောက်အောင် ရှည်လျားသော လမ်းမကြီးပေါ်တွင် ဝိညာဉ် တစ်ကောင်မျှ မရှိပါချေ။
'ဝိညာဉ်တွေ အကုန် ဘယ်ရောက်သွားကြတာလဲ'
လူ့လောကမှာ ယခုအချိန်တွင် ခေတ်မီ ဖွံ့ဖြိုးနေပြီ ဖြစ်သော်လည်း နေ့စဉ် သေဆုံးနေသူများ ရှိနေဆဲ ဖြစ်သည် မဟုတ်လော။
ဤအချက်ကို တောင်ဘက်နန်းဆောင်နှင့် အရှေ့ဘက်နန်းဆောင်တို့ရှိ ရှည်လျားလှသော ဝိညာဉ် တန်းစီနေမှုများက သက်သေပြနေပေသည်။
[ဝိညာဉ်တွေ လိုနေတယ်. ဘာလို့ ငါ ကြက်သီးတွေ ထလာရတာလဲ]
တစ်ခဏချင်းတွင်ပင် ပရိသတ်များ၏ စိတ်ထဲ၌ အမျိုးမျိုး တွေးတောလာကြတော့သည်။
'အကုန် စားခံလိုက်ရတာလား'
'ဒါမှမဟုတ် စမ်းသပ်မှု တစ်ခုခုအတွက် အသုံးပြုခံလိုက်ရတာလား'
'ကြိုတင်ပြီး တခြားနေရာကို ရွှေ့ပြောင်းခံလိုက်ရတာလား'
မည်သည့်ကိစ္စမျှ မဖြစ်သေးခင် သူတို့ကိုယ်တိုင် တွေးကြောက်နေကြပြီ ဖြစ်လေသည်။
……
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင်
အရှေ့ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များနှင့် လီစုန့်၊ တန်းရန်တို့သည်လည်း ဤကဲ့သို့ သံသယ ဖြစ်နေကြ၏။
သို့သော် ထိုက်ချင်ကမူ ပြုံးရုံသာ ပြုံးနေလေသည်။
သူက ဝိညာဉ်တမန်တော် အဖွဲ့ကို နိုက်ဟယ် တံတားဆီသို့ ခေါ်ဆောင်သွားပြီး "အားလုံး ဒီဘက်ကို ကြည့်ပါ" ဟု ပြောလိုက်သည်။
ထိုအခါ နိုက်ဟယ် တံတားပေါ်တွင် ဝိညာဉ် အနည်းငယ်သာ တန်းစီနေကြသည်ကို တွေ့လိုက်ရ၏။
သူတို့သည် ဘေးရှိ တစ္ဆေအစောင့်များ၏ လမ်းညွှန်မှုဖြင့် နိုက်ဟယ် တံတား၏ အဆုံးသို့ တစ်ယောက်ပြီးတစ်ယောက် သွားနေကြသည်။
ထိုနေရာတွင် လူ့လောကမှ ရှေးဟောင်း ဂိမ်းစက်နှင့် တူသော စက်တစ်ခု ရှိနေလေသည်။
မျက်နှာပြင် တစ်ခု၊ ထိန်းချုပ်တံ တစ်ခုနှင့် ခလုတ် ငါးခုသာ ပါရှိ၏။
ထိုစက်၏ အမြင့်မှာ တစ်မီတာကျော်ခန့် ရှိပေသည်။
တန်းစီနေသော ဝိညာဉ်များက ထိုစက်ရှေ့သို့ ရောက်သွားပြီး တစ်ခုခုကို နှိပ်လိုက်ကြသည်။
ထို့နောက် အချို့က မျက်လုံးများ အရောင်လက်သွားကြပြီး အချို့ကမူ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါသွားကြ၏။
အချို့ကမူ ယခင်က စိတ်ဓာတ်ကျနေသော်လည်း ရုတ်တရက် ဝမ်းသာအားရ ခုန်ပေါက်သွားကြလေသည်။
အတိုချုပ် ပြောရလျှင် သူတို့၏ တုံ့ပြန်မှုများက မတူညီကြပါချေ။
ထိုဝိညာဉ်များ၏ မတူညီသော တုံ့ပြန်မှုများအပေါ် မူတည်၍ ဘေးရှိ တစ္ဆေအစောင့်များက သူတို့ကို နေရာအသီးသီးသို့ ခေါ်ဆောင်သွားကြသည်။
အချို့က မုန့်ပေါ် ဟင်းချို သောက်ရန် သွားကြပြီး အချို့ကမူ နိုင့်ဟယ် တံတားမှ ထွက်ခွာသွားကာ မည်သည့်နေရာသို့ ရောက်သွားမှန်း မသိတော့ပေ။
ထိုဝိညာဉ်များ အားလုံး ထွက်သွားပြီးနောက်မှသာ ထိုက်ချင်က ထိုသက်လတ်ပိုင်း အမျိုးသားကို ခေါ်ဆောင်ကာ စက်အရှေ့သို့ ရောက်သွားလေသည်။
ထို့နောက် ပထမဆုံး ခလုတ်ကို လက်ဖြင့် နှိပ်လိုက်၏။
ထိုအခါ စက်ပေါ်တွင် အပြာရောင် အလင်းတန်းများ လင်းလက်လာတော့သည်။
စောစောက ထိုဝိညာဉ်များ နှိပ်စဉ်က ဘေးပတ်လည်ရှိ တစ္ဆေများမှာ မည်သည့်အရာကိုမျှ မမြင်ခဲ့ရပါချေ။
သို့သော် ယခု ထိုက်ချင် နှိပ်လိုက်သောအခါ အားလုံး မြင်တွေ့နိုင်သွားကြလေသည်။
"ကျွန်တော့်မှာ အထူးအခွင့်အရေး ရှိတယ်လေ"
ထိုက်ချင်က အရှေ့ဘက်နန်းဆောင်နှင့် တောင်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များကို ပြုံးလျက် ရှင်းပြလိုက်၏။