← Chapters

အခန်း (၃၀၉-၃၁၀)

Vol. 31 Ch. 309-310

အခန်း (၃၀၉-၃၁၀)

Vol. 31 Ch. 309-310

🫧 Chapter 309

"ဒီဝိညာဉ်လက်နက်ကို တီထွင်ရတဲ့ ရည်ရွယ်ချက်က ဝိညာဉ်တွေ ဝင်စားဖို့ ကူညီပေးဖို့ပဲ၊ ဝိညာဉ်တွေက ဒီအရှေ့မှာ ရပ်လိုက်ရုံနဲ့"

ထိုက်ချင်က စကားပြောရင်း ဒုတိယမြောက် ခလုတ်ကို နှိပ်လိုက်၏။

ထိုအခါ ထိန်းချုပ်ခုံမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို တစ်ချက် စကင်ဖတ်သွားတော့သည်။

နောက်တစ်ခဏတွင် စခရင်ပေါ်၌ သူနှင့်ပတ်သက်သော အချက်အလက်များ အားလုံး(အမည်၊ အသက်၊ မွေးသက္ကရာဇ်နှင့် သေဆုံးရသည့် အကြောင်းရင်း အစရှိသည်တို့)က စတင် ထွက်ပေါ်လာပေသည်။

သေချာသည်မှာ မွေးသက္ကရာဇ် ကဲ့သို့သော အရေးကြီးသည့် အချက်အလက်များကို သူက အထူးအခွင့်အရေး အသုံးပြု၍ ဖုံးကွယ်ထားပြီး ဖြစ်ရာ ပေါက်ကြားသွားမည် မဟုတ်ပေ။

ထို့နောက် ထိုက်ချင်က အားလုံးကို စခရင်ဘက်သို့ ကြည့်ရန် အချက်ပြကာ "ဝိညာဉ်တွေက ဒီနေရာမှာ ရပ်လိုက်တာနဲ့ သူတို့နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေက အပေါ်မှာ ပေါ်လာလိမ့်မယ်" ဟု ပြောလိုက်၏။

"အားလုံးသိကြတဲ့အတိုင်း မုန့်ပေါ် ဟင်းချိုကို သောက်လိုက်တာက အရာအားလုံး အစက ပြန်စပြီး အတိတ်ကို မေ့ပျောက်ကာ သံသရာထဲကို ဝင်ရောက်သွားတာကို ကိုယ်စားပြုတယ်"

ဝိညာဉ်တိုင်းက ဝင်စားခြင်း မပြုမီ သူတို့ မည်သည့် မိသားစုတွင် သွားရောက် ဝင်စားမည်၊ သို့မဟုတ် မည်သည့် တိရစ္ဆာန်အဖြစ် ဝင်စားမည်ကို တစ်ချက် ကြည့်ရှုနိုင်ခွင့် ရှိကြသည်။

သို့သော် ထိုအချိန်တွင် မုန့်ပေါ် ဟင်းချိုကို သောက်သုံးပြီး ဖြစ်သလို သံသရာ လမ်းကြောင်းကလည်း စီစဉ်ပြီးသား ဖြစ်ရာ နောက်ဘဝတွင် မိဘမဲ့ ဖြစ်မည်ဖြစ်စေ၊ ဝက် ဖြစ်မည်ဖြစ်စေ ဝိညာဉ်များ အနေဖြင့် ပြောင်းလဲရန် အခွင့်အရေး ရရှိဖို့ အလွန် ခဲယဉ်းသွားပြီ ဖြစ်၏။

"ဝိညာဉ်တွေကို ရွေးချယ်စရာ အခွင့်အရေးတွေ ပိုပေးနိုင်ဖို့ ဒီဝိညာဉ်လက်နက် ပေါ်လာရတာပဲ၊ ငါတို့က ဒါကို 'အလှည့်အပြောင်း' လို့ ခေါ်တယ်"

ဤအကြောင်းကို ပြောချိန်တွင် ထိုက်ချင်၏ မျက်နှာပေါ်၌ ဂုဏ်ယူမှု တစ်ချက် ပေါ်လာကာ ဘေးရှိ အနောက်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များနှင့် တစ္ဆေအစောင့်များ အားလုံးကလည်း ထိုနည်းတူပင် ဖြစ်တော့သည်။

၎င်းမှာ အနောက်ဘက်နန်းဆောင်၏ ကြီးမားသော တီထွင်မှု တစ်ခုပင်။

ထို့ပြင် ငရဲပြည် တစ်ခုလုံး၏ လည်ပတ်မှုအတွက်လည်း အကူအညီများစွာ ပေးစွမ်းနိုင်ခဲ့ပေသည်။

"အလှည့်အပြောင်း စက်က ဘုံခြောက်ပါး သံသရာက သံသရာစင်မြင့် ဝိညာဉ်လက်နက်နဲ့ ချိတ်ဆက်ထားပြီး ဝိညာဉ်တွေရဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ ကိန်းဂဏန်းတွေ အဖြစ် ပြောင်းလဲပေးနိုင်သလို သူတို့ရဲ့ နောက်ဘဝ အချက်အလက် အကြမ်းဖျင်းကိုပါ ပုံဖော်ပေးနိုင်တယ်"

"ဝိညာဉ်တွေကို ဘယ်နေရာမှာ ဝင်စားရမလဲ၊ မိသားစုက သာယာပျော်ရွှင်မှု ရှိမရှိ၊ ကလေး ဘယ်နှယောက် ရနိုင်မလဲ ဆိုတာတွေကို ကြိုတင် သိရှိစေနိုင်တယ်"

မုန့်ပေါ် ဟင်းချို မသောက်ရသေးမီ သံသရာစင်မြင့်သို့ မသွားခင် အချိန်လေးတွင် အရာအားလုံးက ဖြစ်နိုင်ခြေ ရှိနေသေး၏။

အကယ်၍ ဝိညာဉ်များက ထိုအရာများကို ကြည့်ရှုပြီးနောက် နောင်တရကာ သူတို့၏ နောက်ဘဝအတွက် ထပ်မံ ကြိုးစား ရုန်းကန်ချင်စိတ် ပေါ်လာပါက ထိုအလှည့်အပြောင်း စက်က ဝိညာဉ်၏ ကိုယ်ရေးအချက်အလက်များနှင့် အနောက်ဘက်နန်းဆောင် ငရဲပြည်၏ လက်ရှိ အခြေအနေများအပေါ် မူတည်၍ သက်ဆိုင်ရာ အကြံပြုချက်များကို ထုတ်ပေးမည် ဖြစ်သည်။

မိမိ၏ ကိန်းဂဏန်းများ တိုးတက်လာစေရန် မည်သည့်အရာကို လုပ်ဆောင်ရမည်နှင့် မိမိ လိုချင်သော အပြောင်းအလဲကို ရရှိရန် ကိန်းဂဏန်း မည်မျှအထိ ရောက်ရှိရန် လိုအပ်သည် စသည်တို့ပင်။

"ဥပမာ ပြောရရင် တချို့ ဝိညာဉ်တွေက နောက်ဘဝမှာ သားသမီး မရနိုင်တဲ့ ကံပါလာရင် သူတို့က အခုကတည်းက ကြိုးစားပြီး ကလေး တစ်ယောက် ရလာအောင် လုပ်ယူလို့ ရတယ်"

"ပြီးတော့ နောက်ဘဝမှာ မသန်စွမ်း ဖြစ်ပြီး တစ်သက်လုံး ဆင်းရဲမယ့် ဝိညာဉ်မျိုးလည်း ရှိတယ်၊ တစ်သက်လုံး အလုပ်ကြမ်း လုပ်ခဲ့ရတဲ့ သူတစ်ယောက် အနေနဲ့ သူ့ရဲ့ နောက်ဘဝကို ချမ်းသာကြွယ်ဝချင်မှာပဲ"

"အဲဒီအတွက် အနောက်ဘက်နန်းဆောင်က သူ့ကို အခွင့်အရေး ပေးနိုင်တယ်"

ဆိုလိုသည်မှာ ဝိညာဉ်များက သူတို့၏ ကိုယ်ပိုင် ဘဝဇာတ်ညွှန်းကို လက်ဝယ် ကိုင်ဆောင်ထားနိုင်ခြင်းပင်။

ကိုယ်တိုင် အခြေခံ အချက်အလက်များကို ဖြည့်စွက်နိုင်သည်လေ။

မိမိ၏ နောက်ဘဝကို မိမိ ကိုယ်တိုင် ရေးသားခွင့် ရှိပေသည်။

……

ထိုက်ချင်၏ စကား ထွက်ပေါ်လာသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ပရိသတ်များမှာ ချက်ချင်းပင် ပွက်လောညံသွားကြတော့သည်။

ယခင်က ပစ္စတိုသေနတ်များ၊ စက်သေနတ်များနှင့် နေရာရွှေ့ပြောင်းသည့် အစီအရင် စသည်တို့က လူများကို အံ့အားသင့်စေရန် လုံလောက်နေပြီဟု ထင်မှတ်ထားခဲ့ကြ၏။

အနည်းဆုံးတော့ ၎င်းတို့ကို တစ်နှစ်ခွဲခန့် ကြွားလုံးထုတ်ရန် လုံလောက်နေပေသည်။

သို့သော် အကြီးမားဆုံး အရာက ဤနေရာတွင် ရှိနေမည်ဟု မမျှော်လင့်ထားခဲ့ကြပါချေ။

[သောက်ကျိုးနည်း ကိုယ့်ဘဝ ဇာတ်ညွှန်းကို ကိုယ်တိုင် ပြန်ရေးလို့ ရတယ်]

[ဒါက ဝတ္ထုတွေနဲ့ အိပ်မက်တွေထဲမှာပဲ ရှိနိုင်တဲ့ လုပ်ရပ်မျိုး မဟုတ်ဘူးလား]

[အနောက်ဘက်နန်းဆောင်က တကယ် လုပ်နိုင်တယ်ပေါ့]

ပရိသတ်များမှာ ချီးကျူးစကားများကပင် သူတို့၏ ယခု ခံစားချက်ကို ဖော်ပြရန် မလုံလောက်တော့ကြောင်း ပထမဆုံးအကြိမ် ခံစားလိုက်ကြရတော့သည်။

[သောက်ကျိုးနည်း သောက်ကျိုးနည်း သောက်ကျိုးနည်း]

[ငါတော့ ရူးပြီ]

[ဒါက လူပြောတဲ့ စကားလား၊ မဟုတ်ဘူး သောက်ကျိုးနည်း]

အကယ်၍ ကိုယ်တိုင် သတ်မှတ်ခွင့် ရှိမည် ဆိုပါက သူဌေး၊ သုတေသီ၊ သို့မဟုတ် မျိုးရိုးမြင့် မိသားစု နောက်ခံမျိုး ရွေးချယ်လို့ ရနိုင်မည် မဟုတ်လော။

အသားဖြူဖြူ ချမ်းသာပြီး လှပသော ဇနီးသည်၊ သို့မဟုတ် အရပ်ရှည်ရှည် ချမ်းသာပြီး ချောမောသော ခင်ပွန်းမျိုး ရွေးချယ်လို့ ရနိုင်မည် မဟုတ်လော။

ပြီးလျှင် ဉာဏ်ကောင်းပြီး သွက်လက်ချစ်စရာ ကောင်းသော အမြွှာ သားသမီး နှစ်ယောက် ရနိုင်မည် မဟုတ်လော။

ဘဝ၏ အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်ရှိသွားမည်ပင်။

[ တွေးကြည့်ရုံနဲ့တင် အရမ်း မိုက်နေပြီ]

အချို့သော သူများဆိုလျှင် မိမိကို လှောင်ပြောင်ခဲ့ဖူးသူများကိုပင် ဆွဲခေါ်ကာ နားထောင်ခိုင်းချင်နေကြ၏။

[ကြည့်လိုက်၊ ဒါတွေက အိပ်မက် မဟုတ်ဘူး၊ ကြိုးစားရင် တကယ် ဖြစ်နိုင်တယ်]

ဤဘဝတွင် သူတို့ မပိုင်ဆိုင်ခဲ့ရသော အရာများကို ကိုယ်တိုင် ကြိုးစား အားထုတ်၍ ရယူနိုင်ပြီ ဖြစ်သည်။

ဥပမာအားဖြင့် သာယာသော မိသားစု၊ ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်၊ ဥပမာ သုံးမကုန်သော ငွေကြေးများကို ပိုင်ဆိုင်ကာ ဆယ့်ငါးယွမ်တန် ပါဆယ်စားရမည်လား၊ သို့မဟုတ် နှစ်ဆယ်ယွမ်တန် ပါဆယ်စားရမည်လား ဆိုသည်ကို ဗျာများနေစရာ မလိုတော့ခြင်းမျိုးပင်။

ပရိသတ်များမှာ လက်တွေ့ ဆုပ်ကိုင်နိုင်သော မျှော်လင့်ချက် တစ်ခု၊ လှပသော အိပ်မက် တစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ ရှိပေသည်။

အနောက်ဘက်နန်းဆောင်က သူတို့ကို ဤအခွင့်အရေး ပေးနိုင်သည်လေ။

[ငါက ကျန်းမာရေး အခြေအနေကြောင့် ကလေး တစ်ခါမှ မရခဲ့ဖူးဘူး၊ တကယ်လို့ ရနိုင်မယ်ဆိုရင်]

[အား အား အား ငါ နောက်ဘဝကျရင် သေချာပေါက် သူဌေး ဖြစ်အောင် လုပ်မယ်၊ သူဌေး၊ ပိုက်ဆံ]

[တကယ်လို့သာ ရနိုင်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်လည် မတ်တတ်ရပ်နိုင်မယ့် အခွင့်အရေး တစ်ခု ရဖို့အတွက် အရာအားလုံးကို ပေးဆပ်ပြီး ကြိုးစားသွားမယ်၊ ဒီလှပတဲ့ တောင်တန်း မြစ်ပြင်တွေကို ကိုယ်တိုင် သွားကြည့်ချင်တယ်]

……

တစ်ခဏချင်းတွင်ပင် မှတ်ချက်များထဲ၌ မရေမတွက်နိုင်သော လိုအင်ဆန္ဒများနှင့် ဆုတောင်းများ ပြည့်နှက်သွားတော့သည်။

ပရိသတ်များ၏ ပြင်းထန်သော တုံ့ပြန်မှုများနှင့် နှိုင်းယှဉ်လျှင် တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲရှိ ဝိညာဉ်တမန်တော်များမှာမူ အများကြီး ပိုတည်ငြိမ်နေကြပေသည်။

အနည်းငယ် အံ့သြသွားသည်မှလွဲ၍ အခြား မည်သည့် တုံ့ပြန်မှုမျှ မရှိကြပါချေ။

ဤလောကတွင် မည်သည့်အချိန်၊ မည်သည့်ကိစ္စတွင်မဆို တစ်ခုခုကို လိုချင်ပါက တစ်ခုခုကို ပေးဆပ်ရမည်သာ ဖြစ်၏။

ကောင်းကင်မှ မုန့်အလကား ကျလာမည်ဟူသော ကိစ္စမျိုး ဘယ်သောအခါမှ မရှိခဲ့ပေ။

အကယ်၍ ရှိခဲ့လျှင်တောင်မှ ထိုမုန့် ကျလာချိန်တွင် သင့်ကို ပြန်မထနိုင်အောင် ဖိမိသွားနိုင်သည် မဟုတ်လော။

ကျန်းလင်တို့က ထိုက်ချင်ကို ကြည့်ကာ သူ ဆက်ပြောမည့် စကားကို စောင့်ဆိုင်းနေကြလေသည်။

ထင်သည့်အတိုင်းပင်။

ထိုက်ချင်က ခေတ္တရပ်တန့်ကာ အားလုံး တုံ့ပြန်ရန် အချိန်လုံလောက်စွာ ပေးပြီးနောက် ထပ်မံ စကားစလိုက်၏။

မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေဆဲ ဖြစ်သော်လည်း သူ၏ အမူအရာမှာ အနည်းငယ် ပို၍ လေးနက်လာပေသည်။

"အခွင့်အရေးကိုတော့ ငါတို့ ပေးတယ်၊ ဒါပေမယ့် ဆုပ်ကိုင်နိုင်မလား ဆိုတာကတော့ ဝိညာဉ်တွေ ကိုယ်တိုင် အပေါ်မှာပဲ မူတည်တယ်"

ထိန်းချုပ်ခုံကို ကြည့်ပြီးနောက် ဝိညာဉ်တိုင်းက ပြောင်းလဲရန် ရွေးချယ်ကာ သူတို့၏ ဘဝဇာတ်ညွှန်းကို ကိုယ်တိုင် ရေးဆွဲကြမည် မဟုတ်ပါချေ။

"မင်းက အသက်ရှင်စဉ်တုန်းက ဘာမှ မလုပ်ချင်ဘဲ အရာအားလုံးကို တခြားလူဆီ တွန်းချခဲ့မယ်ဆိုရင် ကောင်းမွန်တဲ့ အရာတွေကလည်း သဘာဝကျကျ တခြားလူဆီပဲ ရောက်သွားမှာပဲ"

"အသက်ရှင်စဉ်တုန်းက ကြိုးစား အားထုတ်မှု မရှိဘဲ သေဆုံးပြီးနောက်မှာ ချမ်းသာကြွယ်ဝမှုကို ရချင်တယ် ဆိုရင်တော့ ပိုများတဲ့ အားထုတ်မှုတွေ၊ ပိုများတဲ့ အချိန်တွေကို ပေးဆပ်ရလိမ့်မယ်"

ငရဲပြည်တွင် ကောင်းမွန်သည့် အချက်တစ်ချက် ရှိ၏၊ ၎င်းမှာ သက်တမ်းရှည်လျားခြင်းပင်။

အမွှေးတိုင် ပူဇော်မှုများနှင့် ငရဲပိုက်ဆံများ ရှိနေသရွေ့ပေါ့။

လူ့လောကနှင့် နှိုင်းယှဉ်လျှင် အချိန်ကန့်သတ်ချက် သိပ်မရှိပါချေ။

ထိုက်ချင်၏ အသံက မမြန်မနှေးဖြင့် ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာသည်။

"သံသရာစင်မြင့်ဆီ မသွားခင် အချိန်လေးမှာ အရာအားလုံးက ဖြစ်နိုင်ခြေ ရှိတယ်၊ ဒါပေမယ့် အပြောင်းအလဲ များလေလေ ပေးဆပ်ရတဲ့ တန်ဖိုးကလည်း ကြီးမားလေလေပဲ"

"တချို့လူတွေက နောက်ဘဝအတွက် မျက်စိနဲ့ မြင်နိုင်တဲ့ အခွင့်အရေး တစ်ခုလေး ရဖို့အလို့ငှာ ငရဲပြည်မှာ နှစ်တစ်ရာလောက် အလုပ်လုပ်ကြတယ်"

"တချို့က သူတို့ရဲ့ ပညာရပ်တွေကို အသုံးပြုပြီး နောက်ဘဝမှာ သာယာတဲ့ မိသားစုလေး တစ်ခု ရဖို့အတွက် ငရဲပြည်မှာ မရေမတွက်နိုင်တဲ့ လုပ်ဆောင်ချက်တွေ ပေးဆပ်ကြတယ်၊ အဲဒါက သူ တစ်သက်လုံး တောင့်တခဲ့ရတဲ့ အရာပဲလေ"

"ပြီးတော့ တခြားလူတွေ အများကြီးကလည်း သူတို့ရဲ့ ကလေးအတွက် ကောင်းမွန်တဲ့ ကံကြမ္မာတစ်ခု ရဖို့၊ မိသားစုအတွက် အကာအကွယ် တစ်ခု ရှာဖွေပေးဖို့အလို့ငှာ ငရဲပြည်မှာ နှစ်ရာထောင်ချီပြီး လှည့်လည် နေထိုင်ကြတယ်"

သံသရာစင်မြင့်သို့ မသွားမီ ကံကြမ္မာက အပြည့်အဝ ပုံဖော်ထားခြင်း မရှိသေးပေ။

ထို့ကြောင့် ကံကြမ္မာ ပြောင်းလဲခြင်း ဆိုသည်မှာ ရှိနေခြင်း ဖြစ်၏။

သို့သော် လုံးဝ လွယ်ကူလှသည်တော့ မဟုတ်ပါချေ။

ဤသည်ကပင် အချို့သော ဝိညာဉ်များက မုန့်ပေါ် ဟင်းချို သောက်ရန် သွားကြပြီး အချို့ကမူ အခြား နေရာများသို့ ထွက်သွားကြသည့် အကြောင်းရင်းပင် ဖြစ်တော့သည်။

လူတိုင်းတွင် ထိုမျှ ခိုင်မာသော ဆုံးဖြတ်ချက်မျိုး ရှိမနေကြပေ။

……

"ဒီလိုကိုး"

ကျန်းလင်က တိုးတိုးလေး ရေရွတ်လိုက်၏၊ အမှန်တကယ်ကို အံ့သြစရာ ကောင်းလှပေသည်။

အရှေ့ဘက်နန်းဆောင်နှင့် တောင်ဘက်နန်းဆောင်တို့တွင်လည်း ဝိညာဉ်တမန်တော်များက ငရဲပြည်အတွက် လုပ်ဆောင်ပေးခဲ့သော အကျိုးပြုမှုများအပေါ် မူတည်၍။

ဝင်စားရန် ပြင်ဆင်ချိန်တွင် မိမိအတွက် ကောင်းမွန်သော ကံကြမ္မာ တစ်ခုကို ဖန်တီးယူခွင့် ရှိလေသည်။

သို့သော် ထိုအကျိုးပြုမှုများကို ကိန်းဂဏန်းများ အဖြစ် ပြောင်းလဲကာ နောက်ဘဝ၏ အချက်အလက် အကြမ်းဖျင်းကို ပုံဖော်ပေးနိုင်ပြီး ဝိညာဉ်များကိုပါ ပြောင်းလဲရန် အခွင့်အရေး ရယူခွင့် ပေးထားသည်မှာ အနောက်ဘက်နန်းဆောင် တစ်ခုတည်းသာ ရှိပေသည်။

လူသားများ၊ ဝိညာဉ်များ အနေဖြင့် ပြောရလျှင် ၎င်းက အလွန် ဆွဲဆောင်မှု ရှိလှသည်မှာ အမှန်ပင်။

သို့သော် ကျန်းလင်က ထိုက်ချင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

အလှည့်အပြောင်း စက်ကို အသုံးပြုရန် သေချာပေါက် ကန့်သတ်ချက် တစ်ခုခု ရှိနေမည် ဖြစ်သော်လည်း ဤသူကတော့ တစ်လုံးမှ ထုတ်မပြောခဲ့ပါချေ။

ထို့အပြင် ငရဲပြည်ရှိ အလုပ်များကလည်း အမျိုးအစား များစွာ ခွဲခြားထား၏။

ကောင်းသည်များ ရှိသကဲ့သို့ ဆိုးသည်များလည်း ရှိကာ ကိုယ်တိုင် လက်ခံနိုင်စွမ်း ရှိမရှိအပေါ်တွင်သာ မူတည်လေသည်။

မည်သို့ပင်ဆိုစေ ကျန်ရစ်နေသူများအားလုံးက ငရဲပြည်အတွက် အသုံးဝင်မည့်သူများဖြစ်မည်မှာ သေချာပေသည်။

🫧 Chapter 310

"ငရဲပြည်မှာ နှစ်ရာထောင်ချီ အလုပ်လုပ်ရမယ်"

ထိုက်ချင်၏ စကားက ဆောင်းတွင်း၌ ရေအေး တစ်ခွက်ဖြင့် ပက်ခံလိုက်ရသကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ပရိသတ်များကို အေးစက်သွားစေတော့သည်။

ထင်သည့်အတိုင်းပင် လှပသော အိပ်မက်တစ်ခု မက်ရန်မှာ မလွယ်ကူလှပါချေ။

ထိုအိပ်မက် လက်တွေ့ဖြစ်လာရန်မှာ ပို၍ပင် ခက်ခဲသေးသည်။

အချို့သော ပရိသတ်များမှာ အခွင့်အရေး တစ်ခု ဖန်တီးရန်အတွက် နှစ်တစ်ရာ အချိန်ယူရမည် ဆိုပါက ဟု အလိုအလျောက် တွေးတောလိုက်မိကြ၏။

[အသက်ရှင်တုန်းကလည်း အလုပ်လုပ်ရတယ်၊ သေသွားတော့လည်း ဆက်လုပ်ရဦးမယ်ပေါ့၊ အသက်ရှင်စဉ်က ဘဝရဲ့ လက်ကျန်အချိန်တွေအတွက် လုပ်ခဲ့ရပြီး သေသွားတော့လည်း နောက်ဘဝအတွက် လုပ်ရဦးမယ် ဟုတ်လား]

[ဒါက တကယ့်ကို အလုပ်သမားတွေရဲ့ ဝိညာဉ်ပဲ]

[ပြီးတော့ ငရဲပြည်မှာက အသက်ရှည်တယ်လေ၊ အလုပ်လုပ်ရပြီဆိုရင် နှစ်ရာထောင်ချီပြီး အဆုံးအစမရှိ လုပ်ရတော့မှာပေါ့]

[ဖြစ်နိုင်ခြေ ရှိတယ်လို့ ငါထင်တယ်၊ ငါတို့ အခု ပိုက်ဆံမရှိလို့ အလုပ်ဆက်တိုက် လုပ်နေရတာ မဟုတ်ဘူးလား၊ နောက်ဘဝမှာ ပိုက်ဆံရှိလာမယ် ဆိုရင် ဆင်းရဲတဲ့ မျိုးဆက် သုံးဆက်ကို အဆုံးသတ်နိုင်ပြီ မဟုတ်ဘူးလား၊ အဲဒီလိုမှ မဟုတ်ရင် ဘဝဆက်တိုင်း အလုပ်လုပ်နေရမှာပဲ]

[အရမ်း ရင်းနှီးနေတဲ့ စကားပဲ၊ အခု ငါတို့ ကလေးတွေကို အခြေခံ ကောင်းကောင်း ချပေးရမယ် လို့ ပြောနေသလိုမျိုးပဲ၊ ငရဲပြည်မှာလည်း ဝင်စားတဲ့ အချိန်ကနေ စပြီး ဇာတ်ညွှန်း သတ်မှတ်ပေးရတာကိုး]

မှတ်ချက်ပေးသည့် နေရာတွင် ငြင်းခုံမှုများ ဆက်တိုက် ဖြစ်ပေါ်နေတော့သည်။

အချို့က မတန်ဘူးဟု တွေးကြ၏။

အနည်းငယ်သော အပြောင်းအလဲလေး တစ်ခုအတွက် နောက်ထပ် နှစ်တစ်ရာလောက် အလုပ်လုပ်ရမည် ဟုတ်လော။

တွေးကြည့်ရုံနှင့်ပင် ကြောက်စရာ ကောင်းလှပေသည်။

စကားပုံ ရှိသည် မဟုတ်လော၊ သားသမီးများတွင် သူတို့၏ ကိုယ်ပိုင် ကံကြမ္မာ ရှိကြသည်။

နောက်ဘဝ ကိစ္စကို နောက်ဘဝမှ သူတို့ဘာသာ ဆက်ပြီး ကြိုးစားပါစေတော့။

ဤဘဝမှာတော့ အေးအေးဆေးဆေးပဲ နေလိုက်တော့မည်။

အလုပ်လေး လုပ်လိုက်၊ ဈေးလေး ပတ်လိုက်၊ စားလိုက် သောက်လိုက်နှင့် ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်လျှင် လုံလောက်ပါပြီလေ။

ထိုမျှလောက်အထိ တွေးနေရမည်ဆိုလျှင် လူ့ဘဝက အလွန် ပင်ပန်းလွန်းလှပေမည်မဟုတ်လော။

...

သို့သော် အချို့ကမူ အလွန် တန်သည်ဟု တွေးကြသည်။

သူတို့ဘဝ တစ်လျှောက်လုံး၌ အတက်အကျများစွာ ရှိခဲ့ပြီး ကံကောင်းခြင်းများနှင့် တစ်ခါမျှ မကြုံဆုံခဲ့ကြရဖူးပေ။

တစ်ခါတစ်ရံတွင် ခက်ခဲပင်ပန်းစွာ ရရှိလာသော ကိုယ်ပိုင် ပစ္စည်းလေး တစ်ခုကလည်း ဖျက်ဆီးခံလိုက်ရတတ်၏။

တစ်ခါတစ်ရံတွင် ပျော်ရွှင်မှုက လက်တစ်ကမ်း အလိုမှာ ရှိနေသော်လည်း သူတို့၏ လက်ထဲမှ မျက်မြင်ကိုယ်တွေ့ လွတ်ထွက်သွားခဲ့ရသည်။

သူတို့အတွက်မူ အတိတ်က ဘယ်လောက်ပဲ ပင်ပန်းခဲ့ပါစေ မကြောက်ရွံ့ခဲ့သော်လည်း နောက်ဆုံးအချိန်အထိ တောင့်ခံထားပြီးမှ ချိုမြိန်မှု အနည်းငယ်မျှ မရရှိမည်ကိုသာ ကြောက်ရွံ့ကြခြင်း ဖြစ်ပေသည်။

သူတို့၏ ကြိုးစား အားထုတ်မှုများက ဟာသ တစ်ခု ဖြစ်သွားမည်ကို ကြောက်ရွံ့ကြ၏။

သူတို့က ခွန်အားကို တောင့်တကြပြီး လက်ရှိ အခြေအနေကို ပြောင်းလဲနိုင်မည့် အခွင့်အရေး တစ်ခုကို မျှော်လင့်နေကြသည်။

ထိုအရာအတွက် ပိုမိုကြီးမားသော တန်ဖိုးကို ပေးဆပ်ရမည် ဆိုလျှင်တောင်မှ သူတို့ ဆန္ဒရှိကြပေသည်။

ဤတစ်ဘဝလုံး ရှင်သန်ရတာ အရမ်းကို ခက်ခဲလွန်းလှသည်။

အမှန်တကယ်ကို ဆင်းရဲဒုက္ခများလှ၏။

……

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ထောင်သောင်းချီသော ပရိသတ်များ ရှိနေကြသည်။

သူတို့တွင် မတူညီသော ဘဝများ၊ သို့မဟုတ် ဆင်တူသော အတွေ့အကြုံများ ရှိကြ၏။

မည်သို့ ရွေးချယ်မည်၊ ဗျာများနေမည်၊ ဗျာမများမည် ဆိုသည်ကို သူတို့ကိုယ်တိုင်သာ သိရှိနိုင်ပေသည်။

ဤကဲ့သို့သော အခွင့်အရေး တစ်ခုက မျက်မှောက်တွင် ရှိနေပါလျက် စိတ်မလှုပ်ရှားဘူး ဆိုလျှင် ၎င်းမှာ အလိမ်အညာသာ ဖြစ်မည်။

သို့သော် 'အလှည့်အပြောင်း' စက်အရှေ့တွင် ရပ်နေကြသော ဝိညာဉ်များနှင့် အတူတူပင်။

လူတိုင်းတွင် ထိုမျှ ခိုင်မာသော ဆုံးဖြတ်ချက်မျိုး ရှိမနေကြပါချေ။

ယခု တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ ပြန်လည် ကြည့်ရှုလိုက်သောအခါ တစ္ဆေဈေးတန်းထဲမှ ပြေးထွက်လာသော ထိုသက်လတ်ပိုင်း အမျိုးသားကို တွေ့လိုက်ရသည်။

ထိုအခါ ပရိသတ်များမှာ အနည်းနှင့်အများ လေးစားစိတ်များ ဖြစ်ပေါ်လာကြတော့၏။

ထိုက်ချင်၏ အဆိုအရ ထိုသက်လတ်ပိုင်း အမျိုးသားသည်လည်း ကြိုးစားရန် ရွေးချယ်ပြီး အပြောင်းအလဲ လုပ်မည့်သူ တစ်ဦး ဖြစ်ပေသည်။

မြင်ကွင်းထဲတွင် ထိုက်ချင်က သက်လတ်ပိုင်း အမျိုးသားကို ထိန်းချုပ်ခုံ အရှေ့သို့ ဆွဲခေါ်သွားပြီး သူတို့နှစ်ဦးသာ မြင်နိုင်သော ကိုယ်ရေးအချက်အလက်များကို ညွှန်ပြနေသည်ကို တွေ့ရလေသည်။

"ဒါက မင်း အစကတည်းက ရွေးချယ်ခဲ့တာပဲ၊ မင်းရဲ့ သားကို သာမန် လူတစ်ယောက်ရဲ့ အခွင့်အရေး ပေးချင်တယ်ဆို၊ အခု တကယ်ပဲ လက်လျှော့တော့မှာလား"

"တကယ်လို့ သေချာတယ်ဆိုရင် ငါ မင်းကို မုန့်ပေါ် ဟင်းချို သောက်ဖို့ အခုပဲ ခေါ်သွားပေးမယ်"

သူက သက်လတ်ပိုင်း အမျိုးသားကို ဘာကြောင့် လက်လျှော့ချင်ရတာလဲ ဟု မမေးသကဲ့သို့ ဆက်လက် ကြိုးစားရန်လည်း မတိုက်တွန်းခဲ့ပါချေ။

ထိုက်ချင်က အမှန်တရားကို သူ၏ မျက်မှောက်တွင် ချပြလိုက်ပြီး သူ အစကတည်းက ရွေးချယ်ခဲ့သော တစ်ချိန်လုံး ကြိုးစားလာခဲ့သည့် မူလ ရည်ရွယ်ချက် ကို ပြန်လည် သတိရစေရန် ကူညီပေးရုံသာ ဖြစ်၏။

"......."

စခရင်ပေါ်ရှိ အချက်အလက်များကို ကြည့်ပြီးနောက် သက်လတ်ပိုင်း အမျိုးသား၏ မျက်ဝန်းများမှာ ချက်ချင်းပင် နီရဲလာတော့သည်။

ထို့နောက် သူက ရုတ်တရက် လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်လိုက်၏။

သို့သော် သူစိတ်ဓာတ် ကျသွားခြင်းလား၊ သို့မဟုတ် ရုန်းကန်နေခြင်းလား ဆိုသည်ကို မသိနိုင်ပေ။

ဟုတ်ပါသည်၊ သူ သတိရသွား‌လေပြီ။

အဘယ်ကြောင့်များ နှစ်ပေါင်း မည်မျှ ကြာမည်မှန်း မသိသော အလုပ်သမား ဝိညာဉ်အဖြစ် သူ ဆက်လက် နေထိုင်ခဲ့ရသနည်း ဆိုသည်ကို သူ မှတ်မိသွားပြီ ဖြစ်သည်။

'သူ၏ သားလေး'

အကယ်၍ သူသာ ယခု အခွင့်အရေးကို ဆုပ်ကိုင်မထားပါက သူ့နောင်ဘဝမှ သားလေးမှာ ဉာဏ်ရည် မမီသော ကလေး တစ်ယောက် ဖြစ်လာပေလိမ့်မည်။

ထိုအခါ သူတစ်သက်လုံး တွေဝေ မိုက်မဲစွာဖြင့် ရှင်သန်သွားရမည် ဖြစ်၏။

သူက နောက်ဘဝမှ သားလေးအတွက် တစ်ခုခု ကြိုးစားပေးချင်ခဲ့သည်။

အကြောင်းမှာ ဤဘဝတွင် သူက သားသမီး ကံ မပါခဲ့သကဲ့သို့ သားမြေးများ၏ ချမ်းသာသုခကိုလည်း တစ်ခါမျှ မခံစားခဲ့ရဖူးပေ။

"သခင်၊ ကျွန်တော့်ကို ပြန်ခွင့်ပြုပါ"

အတန်ကြာပြီးနောက် သက်လတ်ပိုင်း အမျိုးသားက လက်ကို ချလိုက်သည်။

ထို့နောက် ခေါင်းမော့ကာ နီရဲနေသော မျက်လုံးများဖြင့် ထိုက်ချင်ကို ကြည့်၍ ပြောလိုက်၏။

သိနေပြီ ဖြစ်သည့်အတွက်၊ ဤအခွင့်အရေး ရှိနေပြီ ဖြစ်သောကြောင့် သူက ကိုယ့်ကိုယ်ကိုယ် ဘာမှမလုပ်ဘဲ ဒီအတိုင်း လွှတ်ထားမည် မဟုတ်ပါချေ။

'အဲ့ဒါက သူ့ နောင်ဘဝက သားလေးပဲ မဟုတ်လား'

နူးညံ့သော လက်သေးသေးလေးများဖြင့် သူ့ကို ဆွဲကိုင်လာမည် ဖြစ်ပြီး အီးအီးအာအာ အသံလေးများမှသည် နောက်ပိုင်းတွင် သူ့ကို 'ဖေဖေ' ဟု တီတီတာတာ ခေါ်လာမည် ဖြစ်သည်။

ယခင်ကဆိုလျှင် သူက သူများ ကလေးများကိုသာ ကြည့်နေခဲ့ရ၏။

ယခုမူကား သူ့မှာလည်း နောင်တစ်ချိန်တွင် ကလေး တစ်ယောက် ရှိလာတော့မည် ဆိုသည်ကို သိရှိထားပြီး အများကြီး သိနားလည်နေပြီ ဖြစ်ရာ သူ့အနေဖြင့် သားလေးအတွက် တစ်ခုခု မလုပ်ပေးဘဲ ဘယ်လို နေနိုင်မည်နည်း။

"မင်း သေချာပြီလား" ထိုအခါ ထိုက်ချင်က မေးလိုက်သည်။

"သေချာပါတယ်"

"ကောင်းပြီ"

ထို့ကြောင့် ထိုက်ချင်က လက်ယပ်ခေါ်လိုက်ရာ တစ္ဆေအစောင့် တစ်ဦးက ရှေ့သို့ ထွက်လာပြီး သက်လတ်ပိုင်း အမျိုးသားကို ပြန်လည် ခေါ်ဆောင်သွားတော့သည်။

ကြိုးစား အားထုတ်မှု လမ်းခရီးတွင် မည်သူမဆို လက်လျှော့ချင်စိတ်များ ပေါ်လာတတ်သည်မှာ ရှက်စရာ မဟုတ်ပါချေ။

လက်လျှော့လိုက်လျှင်လည်း ပြီးသွားမည်သာ ဖြစ်ပြီး အရာအားလုံးက အလဟဿ ဖြစ်သွားမည်ပင်။

သို့သော် ဆက်လက် တောင့်ခံထားမည် ဆိုပါက လိုချင်သော အရာကို ရရှိနိုင်မည် ဖြစ်သည်။

သူတို့ အနောက်ဘက်နန်းဆောင်က ဘယ်သောအခါမှ လိမ်ညာခြင်း မရှိခဲ့ပေ။

သက်လတ်ပိုင်း အမျိုးသား ထွက်သွားပြီးနောက် ထိုက်ချင်က အရှေ့ဘက်နန်းဆောင်နှင့် တောင်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များကို ကြည့်ကာ ရှင်းပြလိုက်၏။

"အနောက်ဘက်နန်းဆောင်မှာက ကိုယ့်ရဲ့ ကြိုးစား အားထုတ်မှုအပေါ် မူတည်ပြီး နောက်ဘဝအတွက် တစ်ခုခုကို ရယူနိုင်တယ်"

"တကယ်လို့ ကိုယ်တိုင်က နည်းပညာပိုင်း ဒါမှမဟုတ် ဦးနှောက်ဉာဏ်ရည်ပိုင်းမှာ ထူးချွန်တဲ့ သူဆိုရင် ကြိုးစားတဲ့ လုပ်ငန်းစဉ်ထဲမှာ ကိန်းဂဏန်းတွေ ရရှိဖို့ ပိုမို လွယ်ကူပြီး အပြောင်းအလဲကို မြန်မြန် ပြီးမြောက်နိုင်တယ်"

ကိန်းဂဏန်း ဆိုသည်မှာ တစ်ဖက်လူ၏ ငရဲပြည်တွင် လုပ်ဆောင်ချက်များ၊ အကျိုးပြုမှုများ စသည်တို့ကို ဒေတာများ အဖြစ် ပြောင်းလဲလိုက်ခြင်းနှင့် ဆင်တူပေသည်။

"အနောက်ဘက်နန်းဆောင်က အရည်အချင်းရှိသူတွေကို အရမ်း တန်ဖိုးထားပါတယ်" ဟု ထိုက်ချင်က ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။

သက်လတ်ပိုင်း အမျိုးသား၏ ကိစ္စကို ဖြေရှင်းပြီးနောက် သူက နောက်ထပ် အစီအစဉ်ကို စတင် ပြောဆိုလိုက်သည်။

"စောင့်နေရတာ ကြာသွားပြီ၊ အခု မင်းတို့ တည်းခိုရမယ့် နေရာကို ခေါ်သွားပေးမယ်"

"ရပါတယ်"

ထိုအခါ ရွှီယိုကျိက လေးနက်စွာ ပြောလိုက်၏။ "ဒီ 'အလှည့်အပြောင်း' လို့ ခေါ်တဲ့ ဝိညာဉ်လက်နက်က တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ"

အနောက်ဘက်နန်းဆောင်၏ အစီအစဉ်များအပေါ် အရှေ့ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များ အနေဖြင့် မည်သည့် ကန့်ကွက်မှုမျှ မရှိကြပါချေ။

ရှိခဲ့လျှင်တောင်မှ ဤမျှ သေးငယ်သော ကိစ္စလေးဖြင့် ပြဿနာ ရှာမည် မဟုတ်ပေ။

ထို့အပြင် သူတို့က ဤတစ်ကြိမ် တာဝန် ထမ်းဆောင်ရန် ထွက်လာစဉ်အတွင်း အသစ်အဆန်းများကိုပါ လေ့လာခွင့် ရရှိခြင်းကလည်း အကျိုးအမြတ် တစ်ခု ဖြစ်သည် မဟုတ်လော။

လီစုန့်နှင့် တန်းရန်တို့ကသာ အနောက်မှ လိုက်ပါလာရင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။

"အစ်ကို ကြည့်လိုက်၊ ဒီကောင်က အနောက်ဘက်နန်းဆောင် ဘယ်လောက်ကောင်းကြောင်း ထပ်ပြောနေပြန်ပြီ၊ ကိုယ့်ဂုဏ်ကိုယ် ဖော်နေတာပဲ"

ထိုအခါ လီစုန့်ကလည်း ခေါင်းညိတ်ကာ ထိုနည်းတူ တိုးတိုးလေး ပြန်ပြောလိုက်၏။

"ဟုတ်တယ် ဟုတ်တယ်"

တန်းရန်က ပါးလေးကို ဖောင်းကာ "ငါတို့ကို ဒီကို သီးသန့် ခေါ်လာပြီး ဒီလောက် အများကြီး ပြောနေတာက လူ့လောကက ပရိသတ်တွေ ကြားအောင် သက်သက်ပြောနေတာပဲ ဖြစ်ရမယ်"

"ဟုတ်တယ်၊ ဝိညာဉ်တမန်တော်ကျန်းကြောင့် အကုန်လုံး လုပ်နေကြတာ"

အကယ်၍ လူသားတွေသာ ဆိုလျှင် မသိလျှင်လည်း ပြီးသွားမည်သာ ဖြစ်၏။

သို့သော် ယခု သူတို့ကို ဤကဲ့သို့သော အခွင့်အရေး တစ်ခု ရှိနေကြောင်း ပြောပြလိုက်ပြီ ဆိုတော့ သူတို့ အနေဖြင့် သေချာပေါက် အတွေး တစ်ခုခု ဝင်သွားမည်မှာ အမှန်ပင်။

'အတွေး ဝင်သွားပြီးနောက် ဘာဆက်လုပ်မလဲ'

'သေချာပေါက် အရင်ဆုံး ငွေလွှဲပေးကြမည်ပေါ့'

'ငရဲပြည်ကို အရင်ဆုံး ငွေလွှဲပေးပြီး မျက်မှန်းတန်းမိအောင် လုပ်ကြမည် စသည်ဖြင့်ပေါ့'

လီစုန့်နှင့် တန်းရန်တို့ ကြည့်ရသလောက် လူသား အတော်များများက ထိုသို့ပင် ဖြစ်ကြပေသည်။

ကိစ္စတစ်ခုခု လုပ်ချင်လျှင် အရင်ဆုံး အနီရောင် စာအိတ်လေး ကမ်းပေးကြပြီး ထိုစာအိတ်ထဲတွင်လည်း ငွေများ ထည့်ထားကြသည် မဟုတ်လော။

ဤအနောက်ဘက်နန်းဆောင်က အမှန်တကယ်ကို တတ်လည်းတတ်နိုင်လွန်းလှပေသည်။

လီစုန့်နှင့် တန်းရန်တို့ တွေးတောနေစဉ်မှာပင် အရှေ့မှ လမ်းပြနေသော အနောက်ဘက်နန်းဆောင် ဝိညာဉ်တမန်တော်က ရပ်တန့်သွားကာပြောလိုက်၏။

"ရောက်ပါပြီ"

"အားလုံးက အနောက်ဘက်နန်းဆောင်မှာ နေမယ့် ကာလအတွင်း ဒီနေရာမှာ တည်းခိုရပါမယ်၊ ကိစ္စ တစ်ခုခု ရှိရင်လည်း ကျွန်တော်တို့ကို အချိန်မရွေး လာရှာလို့ ရပါတယ်"

အနောက်ဘက်နန်းဆောင်ရှိ ဝိညာဉ်တမန်တော် အားလုံးက အခြား နန်းဆောင်မှ ဝိညာဉ်တမန်တော်များ ရောက်ရှိနေကြောင်း သိရှိထားပြီး ဖြစ်လေသည်။

ထို့ပြင် တစ္ဆေ အတော်များများကလည်း သူတိာ့ကို ဝမ်းမြောက်ဝမ်းသာ ကူညီပေးကြမည်ဟု ယုံကြည်သည်လေ။

"ဒီကို ရောက်ပြီလား"

ထိုစဉ် လီစုန့်နှင့် တန်းရန်တို့က ခေါင်းမော့ကြည့်လိုက်ရာ မှင်တက်သွားကြတော့၏။

သူတို့၏ရင်ထဲတွင်လည်း ဒိတ်ခနဲ ဖြစ်သွားကြရလေသည်။

"လခွမ်းတဲ့မှ”

All Chapters