← Chapters

ရင်သပ်ရှုမောဖွယ်

Vol. 24 Ch. 231

ရင်သပ်ရှုမောဖွယ်

Vol. 24 Ch. 231

နျိုနျိုသည် သူမ၏ မိခင်ကို အလွန်ပင် ဂရုစိုက်လေသည်။ လျူရှောင်ရူက အပြင်တွင် မည်မျှပင် ပျော်စရာကောင်းကြောင်း ပြောဆိုကာ ဖျားယောင်းသော်လည်း ကလေးမလေးကမူ ထွက်မသွားဘဲ ငြင်းဆန်နေတော့၏။

“နျိုနျိုလေး... လိမ္မာတယ်နော်... သမီး အိမ်မှာ စောင့်ကြည့်နေရင် မေမေ့မှာ စိတ်အေးလက်အေးနဲ့ အနားယူလို့ ရမှာ မဟုတ်ဘူးလေ...”

လျူရှောင်ရူက ပြောလိုက်သည်။

နျိုနျိုက ခေါင်းခါပြကာ ပြောလိုက်၏။

“ဒါဆိုရင် သမီး ခြံထဲမှာပဲ စောင့်နေပါ့မယ်... သမီး လိမ္မာပါတယ်၊ ဆူလည်း မဆူပါဘူး... မေမေ့ကိုပဲ မြင်နေချင်လို့ပါ...”

ကလေးမလေး၏ မျက်လုံးဝိုင်းကြီးများထဲတွင် မျက်ရည်များ ဝဲနေတော့၏။ ထို သနားစရာကောင်းလှသော ပုံစံလေးကြောင့် သူမကို ပြုစုရသည့် အဒေါ်ချီ ပင်လျှင် စိတ်မကောင်း ဖြစ်သွားရလေသည်။ ကျန်းယွင်နန်နှင့် လျူရှောင်ရူတို့မှာမူ ဆိုဖွယ်ရာ မရှိတော့ပေ။

ကျန်းယွင်နန်သည် မူလကတော့ နျိုနျိုအား အသိတရား ရစေရန် ဤနည်းလမ်းကို သုံးခဲ့ခြင်း ဖြစ်သော်လည်း သူမကိုယ်တိုင် စမ်းသပ်ကြည့်သည့်အခါတွင်မူ သမီးဖြစ်သူ၏ ပုံစံကြောင့် ရင်ကွဲမတတ် ဖြစ်သွားရ၏။ သူမသည် သမီးဖြစ်သူ စိတ်မကောင်း မဖြစ်စေရန်အတွက် သူမ၏ ရောဂါကို ချက်ချင်းပင် ပျောက်ကင်းသွားစေချင်မိတော့သည်။

လျူရှောင်ရူသည်လည်း နျိုနျိုအား မပြောသာတော့သဖြင့် အိမ်မှ ထွက်ခွာသွားချိန်တွင် အကြိမ်ပေါင်း များစွာ ပြန်လည် လှည့်ကြည့်နေမိတော့၏။ နျိုနျိုသည် တစ်နေကုန် အခန်းထဲတွင်သာ ရှိနေခဲ့သည်။ ကျန်းယွင်နန် နိုးလာချိန်တွင် ကလေးမလေးမှာ သူမ၏ ဘေးတွင် ရှိနေတတ်သလို ကျန်းယွင်နန် အနားယူနေလျှင်မူ ကလေးမလေးသည် ခြံထဲရှိ ကျောက်စားပွဲပေါ်တွင် စာရေးနေတတ်လေသည်။

ခြောက်နှစ်အရွယ် ကလေးငယ်လေးသည် မိခင်ဖြစ်သူ၏ အနားယူမှုကို နှောင့်ယှက်မိမှာ စိုးရိမ်သဖြင့် တစ်နေကုန် မည်သည့် ဆူညံသံမျှ မထွက်အောင် နေထိုင်ခဲ့ခြင်း ဖြစ်သည်။ ကျန်းယွင်နန်သည် ကောင်းကောင်း မအိပ်နိုင်ခဲ့ပေ။ ညဘက်တွင် သူမသည် ဆေးအချို့ကို သောက်လိုက်ပြီးနောက် လျူရှောင်ရူ၏ ဇဝေဇဝါ ဖြစ်နေသော မျက်နှာထားကို လျစ်လျူရှုကာ သူမ၏ ရောဂါ သက်သာသွားပြီ ဖြစ်ကြောင်း ကြေညာလိုက်လေသည်။

သူမသည် တစ်နေကုန် နျိုနျို ပြုံးသည်ကို မမြင်ခဲ့ရပေ။ ကလေးမလေးမှာ တစ်နေကုန် မျက်မှောင်ကြုတ်နေခဲ့သည်။ ကျန်းယွင်နန်သည် နျိုနျိုအား ဤမျှအထိ အကြာကြီး စိတ်မချမ်းသာအောင် မလုပ်ရက်တော့ပေ။

မိခင်ဖြစ်သူ ကျန်းမာရေး ပြန်ကောင်းလာပြီ ဖြစ်ကြောင်း သိလိုက်ရသည်နှင့် နျိုနျိုသည် ချက်ချင်းပင် ဝမ်းသာအားရ အော်ဟစ်လိုက်ပြီးနောက် မိခင်ဖြစ်သူအား တင်းကျပ်စွာ ဖက်ထားလိုက်လေသည်။

“မေမေ... မေမေ နေကောင်းသွားပြီနော်... ဒီနေ့ည သမီး မေမေနဲ့အတူ အိပ်လို့ ရမလား...”

သမီးဖြစ်သူ၏ သတိကြီးစွာ ထားနေသော ပုံစံလေးကို ကြည့်ပြီး ကျန်းယွင်နန်၏ ရင်ထဲတွင် နာကျင်သွားရကာ ငြင်းဆန်ရန် မစွမ်းသာတော့ပေ။ နျိုနျိုသည် ခွင့်ပြုချက် ရရှိသွားပြီးနောက်တွင်မူ၊ မျက်နှာပေါ်မှ အပြုံးများကိုပင် ဖုံးကွယ်၍ မရနိုင်တော့ပေ။ သူမက ပျော်ရွှင်စွာ ပြောလိုက်၏။

“စိတ်မပူနဲ့နော်... နျိုနျိုက လူတွေကို ပြုစုရတာ အရမ်း တော်တာလေ...”

ကျန်းယွင်နန်လည်း မရယ်ဘဲ မနေနိုင်တော့ပေ။ လျူရှောင်ရူက ထိုအခွင့်အရေးကို အသုံးချကာ ထပ်မံ မေးမြန်းလိုက်ပြန်သည်။

“နျိုနျိုလေး... အခုတော့ မေမေလည်း နေကောင်းသွားပြီဆိုတော့... မနက်ဖြန်ကျရင် အဒေါ်နဲ့အတူ အပြင် လိုက်ခဲ့မလား...”

နျိုနျိုက မိခင်ဖြစ်သူအား တစ်ချက် လှမ်းကြည့်လိုက်၏။ ကျန်းယွင်နန်က သူမအား ညင်သာစွာ ခေါင်းညိတ်ပြကာ အားပေးလိုက်လေသည်။

“သမီးလေး ဒီရက်ပိုင်းမှာ အိမ်မှာပဲ အမြဲ နေနေရတာဆိုတော့ ပျင်းနေမှာပေါ့... အပြင်ထွက်ပြီး လည်ပတ်တာကလည်း ကောင်းပါတယ်လေ...”

နျိုနျိုသည်လည်း တကယ်ပင် အပြင်ထွက်ချင်နေသဖြင့် ပြန်လည် ထူးလိုက်လေသည်။ လျူရှောင်ရူလည်း ထိုအခါမှ သက်ပြင်းချနိုင်တော့၏။ နောက် ရက်နည်းနည်းလောက် ကြာလျှင် ဆရာစွန်း အနားယူမည် ဖြစ်ရာ သူသည် နျိုနျိုအား စွန်းအိမ်သို့ ခေါ်သွားပေလိမ့်မည်။ ထိုအခါကျလျှင် သူမအနေဖြင့် ကလေးနှင့်အတူ ဆော့ကစားရန် အလှည့်ရောက်တော့မည် မဟုတ်ပေ။

နှပ်ဟင်း အလုပ်ရုံ သေးသေးလေးမှာ ကုမိသားစု အိမ်နှင့် မဝေးလှပေ။ လမ်းလျှောက်သွားလျှင် ခေတ္တမျှဖြင့် ရောက်ရှိနိုင်ပေသည်။ နျိုနျိုသည် လျူရှောင်ရူ၏ လက်ကို ကိုင်ကာ လမ်းကြားများအတွင်း ဖြည်းဖြည်းချင်း လှည်းပတ် လျှောက်လှမ်းလာခဲ့၏။

မိခင်ဖြစ်သူ ကျန်းမာရေး ပြန်ကောင်းလာသဖြင့် နျိုနျို၏ စိတ်အခြေအနေမှာလည်း ပေါ့ပါးနေပြီး လမ်းတစ်လျှောက်တွင်လည်း ဟိုကြည့်ဒီကြည့်ဖြင့် လျှောက်လာခဲ့လေသည်။ ထူးခြားသော အရာတစ်ခုခုကို မြင်လျှင်လည်း ရပ်တန့်ကာ ကြည့်နေတတ်သေး၏။ လမ်းဘေးတွင် ရပ်ထားသော မြင်းလှည်း တစ်စီးမှာမူ သူမ၏ အာရုံကို ဖမ်းစားလိုက်လေတော့သည်။

မြင်းလှည်းပေါ်မှ လိုက်ကာမှာ တိတ်တဆိတ် ပွင့်သွားခဲ့ပြီး ထို လိုက်ကာအနောက်မှ ရင်သပ်ရှုမောဖွယ် ကောင်းလှသော မျက်လုံး တစ်စုံ ပေါ်ထွက်လာခဲ့ချေပြီ။ နျိုနျိုသည် ရုတ်တရက် နေရာမှာတင် မှင်တက်သွားရလေသည်။

လျူရှောင်ရူသည် ကလေး၏ လှုပ်ရှားမှုများကို အမြဲ သတိထားနေသူ ဖြစ်ရာ ခေါင်းငုံ့ကာ မေးမြန်းလိုက်၏။

“နျိုနျိုလေး... ဘာဖြစ်လို့လဲ...”

နျိုနျိုက တိုးတိုးလေး ပြောလိုက်သည်။

“မြင်းလှည်းထဲက အစ်မက... အရမ်း လှတာပဲနော်...”

လျူရှောင်ရူသည် နျိုနျို ကြည့်နေသည့် ဘက်သို့ လှမ်းကြည့်လိုက်သော်လည်း မြင်းလှည်းလိုက်ကာမှာ ပြန်လည် ပိတ်သွားခဲ့ချေပြီ။ အတွင်းရှိ လူကိုလည်း သေသေချာချာ မမြင်လိုက်ရပေ။ သူမသည် နျိုနျို၏ ခေါင်းလေးကို ညင်သာစွာ ပုတ်ပေးရင်း ပြောလိုက်လေသည်။

“တို့ သမီးလေးကလည်း အလှအပ သဘောကျတတ်နေပြီပေါ့လေ...”

နျိုနျိုက ခေါင်းကို တွင်တွင်ညိတ်ပြကာ ပြောလိုက်၏။

“အဒေါ်လျူကလည်း သမီး ရင်ထဲမှာတော့ အရမ်း လှတာပါပဲလေ... သမီး အဒေါ်ကို အရမ်း ချစ်တာနော်...”

လျူရှောင်ရူသည် ကလေးမလေး၏ နှာခေါင်းလေးကို ညင်သာစွာ တို့လိုက်ရင်း ပြောလိုက်လေသည်။

“စကားတွေကတော့ အရမ်း ချိုတာပဲနော်... ခဏနေရင် သမီး လိုချင်တာ မှန်သမျှကို အကုန် ဝယ်ပေးမယ်လေ...”

နျိုနျိုက ပြောလိုက်၏။

“သမီး ရုတ်တရက် သကြားလုံး စားချင်လာပြီ...”

“သွားကော နာသေးလား...”

လျူရှောင်ရူက မေးမြန်းလိုက်သည်။

နျိုနျိုသည် ခေတ္တမျှ တွေဝေသွားသော်လည်း မလိမ်ညာခဲ့ပေ။ သူမက ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။

“ညဘက်ကျရင်တော့ နည်းနည်းလောက် နာတယ်လေ...”

လျူရှောင်ရူက ခေါင်းခါပြကာ ပြောလိုက်၏။

“ဒါဆိုရင်တော့ သကြားလုံး စားလို့ မရဘူးပေါ့လေ... ဒါပေမဲ့ အချို မဟုတ်တဲ့ အစားအစာ ဆိုရင်တော့ အကုန် ဝယ်ပေးပါ့မယ်နော်...”

နျိုနျိုသည် အနည်းငယ် စိတ်ပျက်သွားသော်လည်း၊ ဇွတ်တောင်းဆိုတတ်သူ မဟုတ်ပေ။ သူမက လိမ္မာစွာ ခေါင်းညိတ်ပြလိုက်လေသည်။

“ကောင်းပါပြီ... တခြားဟာပဲ စားပါ့မယ်လေ... တကယ်တော့ အဲ့ဒီနေ့က စားခဲ့တဲ့ ခေါက်ဆွဲကို စားချင်တာပါ...”

နျိုနျိုက ထို ခေါက်ဆွဲ အကြောင်းကို ပြောလိုက်သောအခါ လျူရှောင်ရူလည်း ပြောစရာ စကား မရှိတော့ပေ။ ရှူးယင်း၏ လက်ရာမှာ ကောင်းမွန်လှသော်လည်း အဘိုးလောဘ၏ ခေါက်ဆွဲမှာမူ ထို လမ်းကြားအတွင်းရှိ ထူးခြားသေဂ အရသာ ဖြစ်ပြီး မည်သူမျှလည်း တုပ၍ မရနိုင်သည်မှာ အမှန် ဖြစ်ချေသည်။

“ခဏနေရင် ဦးလေးလော်နဲ့ တွေ့မှာဆိုတော့... အဒေါ် သူ့ကို မေးပေးမယ်လေ...”

လျူရှောင်ရူက ပြောလိုက်သည်။

ပြောရင်းဆိုရင်းနှင့်ပင် လူတစ်ဦး ရောက်ရှိလာခဲ့ချေပြီ။ နျိုနျိုက မလှမ်းမကမ်းရှိ လူတစ်ဦးအား လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။

“ဦးလေးလော် ပါလား...”

လျူရှောင်ရူ မော့ကြည့်လိုက်ရာ လမ်းဘေးရှိ မြင်းလှည်း တစ်စီး၏ အပြင်ဘက်တွင် ရပ်လျက် အတွင်းရှိ လူတစ်ဦးအား စကားပြောနေသော ဆိုင်ရှင်လော်ကို တွေ့လိုက်ရလေသည်။ ထို မြင်းလှည်းမှာ နျိုနျို ခုနက ပြောခဲ့သော အလှလေး ရှိနေသည့် မြင်းလှည်း ပင် ဖြစ်ချေသည်။

လေတစ်ချက် ဝေ့တိုက်သွားလေသည်။ မြင်းလှည်းလိုက်ကာမှာ အနည်းငယ် လွင့် သွားခဲ့ရာ အတွင်းရှိ မိန်းမပျိုလေး၏ မျက်နှာကို မြင်တွေ့လိုက်ရတော့၏။ လျူရှောင်ရူသည် လှပသော အမျိုးသမီးများစွာကို မြင်ဖူးသော်လည်း ယခုကဲ့သို့ လူတိုင်း အသက်ရှူ မှားသွားရလောက်သည့် အလှမျိုးကိုမူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

နျိုနျို ခုနက ပြောခဲ့သော “ရင်သပ်ရှုမောဖွယ်” ဟူသော စကားလုံးမှာ သူမ၏ ဦးနှောက်အတွင်း၌ ထပ်ကာတလဲလဲ မြည်ဟီးနေတော့၏။ ထိုကဲ့သို့သော အလှမျိုးမှာ တကယ်ပင် ထို စကားလုံးနှင့် ထိုက်တန်လှပေသည်။

ဆိုင်ရှင်လော်သည် မြင်းလှည်းထဲမှ အမျိုးသမီးအား အလွန်ပင် နူးညံ့လှသော မျက်နှာထားဖြင့် ကြည့်နေပြီး ရတနာ တစ်ခုအား ကြည့်နေသည့်အလား ရှိနေတော့၏။ လျူရှောင်ရူသည် ဘာကြောင့်မှန်း မသိဘဲ ရင်ထဲတွင် ခါးသက်သလို ခံစားလိုက်ရသော်လည်း ချက်ချင်းပင် ထို ခံစားချက်ကို ပြန်လည် ထိန်းချုပ်လိုက်လေသည်။

“ဦးလေးလော်ဆီ သွားကြရအောင်လေ... သမီး ဟို အလှလေးနဲ့လည်း စကားပြောချင်လို့ပါ...”

နျိုနျိုသည် လျူရှောင်ရူ၏ လက်ကို ဆွဲကာ ထိုဘက်သို့ သွားရန် ပြင်လေသည်။

လျူရှောင်ရူက သူမအား ဆွဲထားလိုက်ပြီး ပြောလိုက်၏။

“နျိုနျိုလေး... ထားလိုက်ပါတော့နော်... သူတို့ကို သွားပြီး မနှောင့်ယှက်တာ အကောင်းဆုံးပဲလေ...”

နျိုနျိုသည် ဘာကြောင့်မှန်း မသိသော်လည်း လျူရှောင်ရူကမူ စိတ်မကြည်မလင် ဖြစ်နေပုံ ရသဖြင့် ထပ်မံ၍ အတင်း မလုပ်တော့ပေ။ တစ်ဦးက လူကြီး၊ တစ်ဦးက ကလေး ဖြစ်သော်လည်း နှပ်ဟင်း အလုပ်ရုံသို့ ရောက်ရှိချိန်တွင်မူ လူ သုံးဦးမှာ တံခါးဝတွင် စောင့်ဆိုင်းနေကြပြီ ဖြစ်ချေသည်။

လျူရှောင်ရူက တံခါးဖွင့်လိုက်သည်နှင့် သန်မာလှသော အမျိုးသမီး သုံးဦးမှာ အထဲသို့ ဝင်လာခဲ့ကြကုန်၏။ လျူရှောင်ရူသည် မူလကတော့ အလုပ်ကြမ်းများ လုပ်ရန်အတွက် အမျိုးသား အချို့ကို ငှားရန် စိတ်ကူးမိသော်လည်း အမျိုးသမီးများ၏ ဘဝမှာ မလွယ်ကူမှန်း သိရှိထားသဖြင့် အမျိုးသမီးများကိုသာ အခွင့်အရေး ပိုပေးရန် ဆုံးဖြတ်လိုက်ခြင်း ပင် ဖြစ်ချေသည်။

သူမသည် ပိတ်ထားသော ခြံဝင်းတံခါးကို ဖွင့်လိုက်သည်နှင့် အမျိုးသမီး သုံးဦးမှာလည်း လိမ္မာစွာပင် အလုပ် စတင် လုပ်ကိုင်ကြလေတော့သည်။ လျူရှောင်ရူသည် ဆိုင်ရှင်ဖြစ်သော်လည်း ပျင်းရိမနေဘဲ အလုပ်များကို ဝိုင်းကူ လုပ်ဆောင်သလို နျိုနျိုလေး ပင်လျှင် လိမ္မာစွာဖြင့် ကူညီပေးနေခဲ့လေသည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး အသက် လေးဆယ်ကျော်အရွယ် ရှိပုံရသော အမျိုးသမီး တစ်ဦးမှာ အသည်းအသန် ပြေးဝင်လာခဲ့ချေပြီ။

“သခင်မ... တောင်းပန်ပါတယ်... ကျွန်မ မနက်က အိပ်ပျော်သွားလို့ပါ... စိတ်မပူပါနဲ့... မနက်ဖြန်ကျရင်တော့ သေချာပေါက် စောစော လာခဲ့ပါ့မယ်နော်...”

ထို အမျိုးသမီးသည် ထိုသို့ ပြောဆိုသော်လည်း မျက်နှာတွင်မူ တောင်းပန်သည့် အရိပ်အယောင် သိပ်မရှိလှပေ။ လျူရှောင်ရူက သူမအား ခွင့်လွှတ်ပေးမှာကိုသာ စောင့်ဆိုင်းနေသည့် ပုံစံမျိုး ရှိနေတော့၏။

လျူရှောင်ရူက မျက်မှောင် အနည်းငယ် ကြုတ်သွားရသည်။ သူမသည် ထိုသူအား သဘောမကျလှပေ။ အလုပ်သမား ရွေးချယ်စဉ်ကမူ အမူအရာ ကောင်းမွန်ခဲ့သော်လည်း အမှန်တကယ် အလုပ်လုပ်ရချိန်တွင်မူ ပြဿနာများမှာ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေသည်။

“အဒေါ်လျူ... သမီး ဒီ ဒေါ်လေးကို မနှစ်သက်ဘူးလေ...”

နျိုနျိုက တိုးတိုးလေး ပြောလိုက်လေသည်။

လျူရှောင်ရူသည် ထိုစကားကို ကြားလိုက်ရသည်နှင့် ဆုံးဖြတ်ချက်ကို ချက်ချင်းပင် ချလိုက်လေတော့သည်။ သူမသည် အခန်းထဲမှ ကြေးပြားအချို့ကို ယူဆောင်လာပြီး ယခုမှ ရောက်ရှိလာသော ထို အမျိုးသမီးအား ကမ်းပေးလိုက်၏။

“ဒေါ်လေးကျောက်... ဒီရက်ပိုင်းမှာ ပင်ပန်းသွားပါပြီနော်... ကျွန်မ သေသေချာချာ တွက်ချက်ကြည့်ပြီးပါပြီ... ဒီနေရာမှာက လူအများကြီး မလိုအပ်တော့ဘူးလေ... ဒါကြောင့် ဒီပိုက်ဆံကို ယူပြီးတော့ နောက်ကျရင် လာဖို့ မလိုတော့ပါဘူးနော်...”

All Chapters