လက်ထပ်ခွင့် တောင်းခြင်း
Vol. 24 Ch. 233
“သမီးကို တစ်ခုခု ဖုံးကွယ်ထားတာ ရှိလို့လား...”
နျိုနျိုက ကြည်လင်လှသော အသံလေးဖြင့် မေးမြန်းလိုက်လေသည်။
လျူရှောင်ရူက ပြန်ဖြေလိုက်၏။
“မရှိပါဘူးလေ... အဒေါ်ကတော့ တခြားသူတွေလိုမျိုး ဖုံးကွယ်ထားတတ်တဲ့သူ မဟုတ်ပါဘူးနော်...”
ဆိုင်ရှင်လော်သည် ထိုစကားကို ကြားသောအခါ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရလေသည်။
“ရှောင်ရူရယ်...”
လျူရှောင်ရူက ဖြတ်ပြောလိုက်၏။
“အဲ့ဒီလောက်အထိ ရင်းနှီးသလိုမျိုး မခေါ်ပါနဲ့ဦး... သူများတွေ အထင်လွဲကုန်ပါ့မယ်လေ...”
ဆိုင်ရှင်လော်၏ မျက်နှာတွင် စိတ်မကောင်း ဖြစ်သွားသော အရိပ်အယောင်များ ပေါ်ထွက်လာရလေသည်။ လျူရှောင်ရူသည်လည်း ထိုသို့ မြင်ရသောအခါ အနည်းငယ် စိတ်မကောင်း ဖြစ်သွားသော်လည်း ဂရုမစိုက်ဟန်ဖြင့်သာ အတင်း အောင့်အီးထားလိုက်လေသည်။
သို့သော်လည်း နျိုနျိုကမူ ခေါင်းလေးစောင်းကာ ပြောလိုက်၏။
“သမီး မသိရမယ့် ကိစ္စက ဘာတွေများ ဖြစ်နေလို့လဲ... သေသေချာချာ ရှင်းပြစမ်းပါဦးနော်...”
လျူရှောင်ရူသည် ကလေးတစ်ဦးအား ထိုအကြောင်းကို မည်သို့ ရှင်းပြရမည်မှန်း မသိတော့ပေ။ သို့သော်လည်း ဆိုင်ရှင်လော်ကမူ ဒူးထောက်ထိုင်ကာ နျိုနျိုအား ပြောလိုက်လေသည်။
“လူကြီးတွေရဲ့ ကိစ္စအချို့ကတော့... ကလေးတွေ နားထောင်ဖို့ မသင့်တော်သေးဘူးလေ... နျိုနျိုလေး ကြီးလာတဲ့ အခါကျမှပဲ တို့တွေကို ထပ်မေးကြည့်နော်... အဲ့ကျရင်တော့ သေချာပေါက် အကုန် ပြောပြမှာပေါ့လေ...”
နျိုနျိုသည် ထို ရှင်းပြချက်ကို ကြားသောအခါ ထပ်မံ၍ မမေးတော့ဘဲ ပြောလိုက်၏။
“ကောင်းပါပြီ... ဒါဆိုရင်တော့ သမီး ကြီးလာတဲ့ အထိ စောင့်ရမှာပေါ့လေ... အခုတော့ အဒေါ်နဲ့ နှစ်ယောက်တည်း စကားပြောကြတော့မှာလား...”
ဆိုင်ရှင်လော်သည် မူလကတော့ ထွက်ခွာရန် ပြင်သော်လည်း နျိုနျိုက ထိုသို့ မေးလိုက်သဖြင့် သူ မပြန်ချင်တော့ပေ။ သူသည် နျိုနျိုအား တစ်ချက် လှမ်းကြည့်လိုက်ပြီး သူ၏ အစေခံအား နျိုနျိုအား ဂရုစိုက်ရန် မှာကြားလိုက်ပြီးနောက် လျူရှောင်ရူအား အိမ်ထဲသို့ ခေါ်ဆောင်သွားလေတော့သည်။
အခြားသူများ မရှိတော့သော အချိန်တွင်မှ ဆိုင်ရှင်လော်က သူ၏ စကားများကို ပို၍ ရှင်းလင်းအောင် ပြောဆိုလိုက်လေသည်။
“ဆိုင်ရှင်လျူ... မင်း သဘောမတူနိုင်ဘူး ဆိုရင်တောင်မှ... ကိုယ် ရဲ့ စိတ်ရင်းကိုတော့ ထုတ်ပြောပါရစေဦး..”
လျူရှောင်ရူက အေးစက်သော မျက်နှာထားဖြင့် မေးလိုက်၏။
“ဘာတွေများ ပြောချင်နေတာလဲ...”
ဆိုင်ရှင်လော်က သူ၏ စကားကို ပို၍ ပြတ်သားအောင် ပြောလိုက်လေသည်။
“မင်းကို ကိုယ် သဘောကျတယ်လေ... မင်းနဲ့ လက်ထပ်ချင်တာပါ... အခု မင်းက မနှစ်သက်ဘူး ဆိုရင်လည်း... မင်း နေရခက်မှာ စိုးလို့၊ နောင်ကျရင် စီးပွားရေး ကိစ္စတွေကို ရုံလု ကိုပဲ လွှတ်ပြီး ကိုင်တွယ်ခိုင်းပါ့မယ်လေ...”
လျူရှောင်ရူသည် ထိုစကားကို ကြားသောအခါ လက်ထဲတွင် ကိုင်ထားသော လက်ကိုင်ပုဝါကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်မိ၏။ ရုံလုဆိုသည်မှာ ဆိုင်ရှင်လော်၏ ယုံကြည်ရဆုံးသော လက်ယာရံ တစ်ဦး ဖြစ်သည်။
ဆိုင်ရှင်လော်က ထပ်ပြောလိုက်ပြန်သည်။
“နောင်ကျလို့ ဖြေရှင်းရ ခက်တဲ့ ကိစ္စတွေ ရှိလာမယ် ဆိုရင်လည်း... ရုံလုဆီမှာပဲ အကူအညီ တောင်းလိုက်ပါနော်... ကိုယ်ကတော့ မင်းအတွက် အမြဲတမ်း အစွမ်းကုန် ကူညီပေးသွားမှာပါလေ...”
လျူရှောင်ရူသည် ထိုသူ၏ စိတ်ရင်းမှန်လှသော သဘောထားနှင့် နူးညံ့လှသော အကြည့်များကို မြင်တွေ့လိုက်ရသောအခါ ခေတ္တမျှ တွေဝေသွားပြီးမှ မေးမြန်းလိုက်လေသည်။
“အဲ့ဒီ အမျိုးသမီးက ဘယ်သူလဲ...”
ဆိုင်ရှင်လော်မှာမူ ထိုစကားကြောင့် ကြောင်အသွားရ၏။
“ဘယ် အမျိုးသမီးကို ပြောတာလဲ...”
“ဒီနေ့ လမ်းပေါ်မှာ တွေ့ခဲ့တဲ့ မြင်းလှည်းပေါ်က အမျိုးသမီးလေ... ရှင်နဲ့ စကားပြောနေတာကို မြင်လိုက်ရတာပါ... အဲ့ဒီ အမျိုးသမီးက တကယ့်ကို လှလွန်းတာဆိုတော့... ကျွန်မလို သာမန် မိန်းမ တစ်ယောက်နဲ့တော့ ဘယ်မှာ ယှဉ်နိုင်ပါ့မလဲ...”
လျူရှောင်ရူက အနည်းငယ် မနာလိုသော စိတ်ဖြင့် ပြောဆိုလိုက်လေသည်။
ဆိုင်ရှင်လော်၏ ပထမဆုံး တုံ့ပြန်မှုမှာမူ
“ဘယ်သူကများ မင်းကို သာမန် မိန်းမ လို့ ပြောလို့လဲ... ကိုယ့် မျက်စိထဲမှာတော့ မင်းက အလှဆုံးပါပဲလေ...”
လျူရှောင်ရူသည် ထိုစကားကြောင့် နားရွက်လေးများပင် နီမြန်းလာရသော်လည်း မျက်နှာကိုမူ အေးစက်ဟန်ဖြင့်ပင် ထားရှိနေဆဲ ဖြစ်ချေသည်။ ဆိုင်ရှင်လော်က ဆက်လက် ရှင်းပြလိုက်လေသည်။
“အဲ့ဒီ မြင်းလှည်းပေါ်က အမျိုးသမီးက ကိုယ် ရဲ့ ဝမ်းကွဲညီမလေ... ကိုယ် မြို့တော်မှာ အကြာကြီး နေနေရတာဟာ... ကွမ်လင်းပြည်နယ်က စီးပွားရေး ကိစ္စတွေတင် မကဘဲ... ကိုယ့် ညီမလေးကို နန်းတွင်းထဲ ရောက်အောင် လိုက်ပို့ပေးရလို့ပါလေ...”
လျူရှောင်ရူသည် မျက်လုံးများ ပြူးကျယ်သွားရသည်။
“ဧကရာဇ်မင်းမြတ်မှာ သားသမီး မရှိဘူးဆိုတော့... ဒါဟာ ရှင်တို့ မိသားစုရဲ့ စိတ်ကူးလား...”
ဆိုင်ရှင်လော်က သက်ပြင်းချလျက် ပြောလာ၏။
“ဒါက လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ပါလေ... နန်းတွင်းထဲ မဝင်ခင်မှာ ကိုယ့် ညီမလေးက မြို့တော်ရဲ့ နေရာအနှံ့ကို လည်ပတ်ချင်တယ် ဆိုလို့... ကိုယ်က ဒီနေ့ လူလွှတ်ပြီး အဖော်ပြုပေးခိုင်းလိုက်တာပါလေ...”
လျူရှောင်ရူသည် ခုနက မြင်တွေ့ခဲ့ရသော ထို ရင်သပ်ရှုမောဖွယ် အလှလေးကို သတိရလိုက်မိ၏။ ဤမျှအထိ လှပလှသော မိန်းမပျိုလေး တစ်ဦးသည် မိမိဖခင်အရွယ် ရှိနေပြီ ဖြစ်သော အမျိုးသား တစ်ဦး၏ ကြင်ယာတော်အဖြစ် ရောက်ရှိသွားတော့မည်။
“သူ မသွားလို့ မရဘူးလား...”
လျူရှောင်ရူက မေးမြန်းလိုက်သည်။
ဆိုင်ရှင်လော်က ခေါင်းခါပြကာ ပြောလိုက်၏။
“ကိုယ့် ညီမလေး ရဲ့ အဖေက... ဒီကိစ္စအတွက် အကျိုးအမြတ်တွေ အများကြီး ယူထားပြီးသား ဆိုတော့... သူကတော့ လက်လျှော့မှာ မဟုတ်ပါဘူးလေ... ညီမလေး ကိုယ်တိုင်ကလည်း အလိုက်သိတတ်တဲ့သူဆိုတော့... သူမရဲ့ မောင်လေးတွေ အတွက် အနာဂတ် ကောင်းစေချင်လို့ ကိုယ်တိုင် သဘောတူခဲ့တာပေါ့လေ...”
လျူရှောင်ရူလည်း ထိုစကားကြောင့် ထပ်မံ၍ မပြောတော့ပေ။ “ကိုယ်တိုင် သဘောတူခြင်း” ဆိုသည်မှာ အကြောက်ရဆုံး ကိစ္စတစ်ခု ဖြစ်သည်။ သို့သော်လည်း ဆိုင်ရှင်လော်ကမူ ရုတ်တရက် သဘောပေါက်သွားပြီး ပြောလိုက်လေသည်။
“မင်း ကိုယ့် ညီမလေး အတွက်နဲ့ စိတ်ဆိုးနေတာလား... ဒါဆိုရင်တော့... မင်းလည်း ကိုယ့်အပေါ် စိတ်ဝင်စားနေတာပေါ့... မဟုတ်ဘူးလား...”
လျူရှောင်ရူသည် ထိုသို့ အမေးခံလိုက်ရသဖြင့် မျက်နှာလေး ချက်ချင်းပင် နီမြန်းလာရတော့၏။ သူမသည် ပွင့်ပွင့်လင်းလင်း ပြန်လည် ဖြေဆိုချင်သော်လည်း တစ်ခုခုကို ရုတ်တရက် သတိရလိုက်သဖြင့် မျက်နှာမှာ ပြောင်းလဲသွားရပြီး ပြောလိုက်လေသည်။
“မဟုတ်ပါဘူး... ကျွန်မမှာ အဲ့ဒီလို စိတ်ကူး မရှိပါဘူးနော်...”
သို့သော်လည်း ဆိုင်ရှင်လော်မှာမူ လူမှုဆက်ဆံရေးတွင် ကျွမ်းကျင်သူ ဖြစ်၏။
“မင်း ကိုယ့်အပေါ်မှာ သံယောဇဉ် မရှိဘူး ဆိုတာကို ကိုယ် လုံးဝ မယုံပါဘူးလေ... အဲ့ဒီလိုသာ ဆိုရင်တော့... ကိုယ့် ညီမလေး အကြောင်းကို ဘာလို့ ဒီလောက်တောင် မေးနေရတာလဲ...”
လျူရှောင်ရူမှာမူ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားရရှာ၏။ ဆိုင်ရှင်လော်က ဆက်ပြောလိုက်ပြန်သည်။
“ဆိုင်ရှင်လျူရယ်... မင်းရဲ့ ရင်ထဲမှာ တစ်ခုခုကို ဖုံးကွယ်ထားတာ ရှိရမယ်လေ... မင်းသာ မပြောပြဘူး ဆိုရင်တော့... ကိုယ် ဒီရက်ပိုင်းမှာ အိပ်ပျော်နိုင်မှာ မဟုတ်ပါဘူးလေ... ကိုယ့်ဘက်က ဘာတွေ မှားနေလို့လဲ ဆိုတာကို... ဆိုင်ရှင်လျူကပဲ ရှင်းရှင်းလင်းလင်း ပြောပြပေးပါဦးနော်...”
လျူရှောင်ရူသည် မျက်လုံးများကို မှိတ်ကာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ပြောလိုက်လေသည်။
“ရှင့်မှာ ဘာအမှားမှ မရှိပါဘူးလေ... ကျွန်မဘက်မှာပဲ ပြဿနာ ရှိနေလို့ပါ...”
ဆိုင်ရှင်လော်ကမူ ဇဝေဇဝါ ဖြစ်နေတော့၏။ လျူရှောင်ရူက မေးမြန်းလိုက်သည်။
“ကျွန်မ အရင်က အိမ်ထောင်ကွဲခဲ့ဖူးမှန်း ရှင်သိမှာပေါ့လေ...”
ဆိုင်ရှင်လော်က ခေါင်းညိတ်ပြလိုက်၏။
“အမျိုးသမီး တစ်ယောက်အနေနဲ့ လူမဆန်တဲ့ သူနဲ့ တွေ့ခဲ့ပေမဲ့... ပြတ်ပြတ်သားသား လမ်းခွဲနိုင်ခဲ့တာဟာ တကယ့်ကို ကောင်းတဲ့ ကိစ္စပါလေ... ဝေေဝဝါးဝါး နဲ့ ဆက်ပြီး နေထိုင်နေတာထက် အများကြီး ပိုကောင်းပါတယ်နော်...”
လျူရှောင်ရူသည် ထိုသူက ဤကဲ့သို့ ပြန်ပြောလိမ့်မည်ဟု ထင်မှတ်ထားပြီးသားပင်။
“ကျွန်မ အရင်တုန်းက ကိုယ်ဝန်ရှိခဲ့ဖူးမှန်း အခုမှပဲ သိရတာလေ... ဒါပေမဲ့ အဲ့ဒီတုန်းက ကျွန်မက အရမ်း ငယ်သေးတာဆိုတော့... ကလေးကိုလည်း မကယ်နိုင်ခဲ့သလို ကိုယ်ဝန်ရှိမှန်းလည်း မသိခဲ့ဘူးလေ... တစ်နေကုန် အလုပ်တွေပဲ လုပ်နေခဲ့ရပြီးတော့ သားဖွားပြီးနောက်မှာလည်း ကျန်းမာရေးကို ဂရုမစိုက်နိုင်ခဲ့ဘူး မဟုတ်လား... သမားတော်က ပြောတာတော့... ကျွန်မ နောင်ကျရင် သားသမီး ထပ်ရနိုင်မှာ မဟုတ်တော့ဘူးတဲ့လေ...”
ဆိုင်ရှင်လော်သည် ထိုစကားကို ကြားသောအခါ သူ၏ မျက်လုံးများထဲတွင် သနားဂရုဏာများဖြင့် ပြည့်နှက်သွားရပြီး ပြောလိုက်လေသည်။
“မင်း အဲ့ဒီတုန်းက တကယ်ကို ပင်ပန်းခဲ့မှာပဲနော်... သမားတော်ဆီကနေ ကျန်းမာရေး ပြန်ကောင်းမယ့် ဆေးညွှန်းတွေ တောင်းထားရဲ့လား... ကိုယ် ကြားဖူးတာတော့... သားဖွားပြီးနောက်မှာ ကျန်းမာရေး မကောင်းခဲ့ရင်တော့... နောင်ကျလို့ ဝေဒနာတွေ အများကြီး ခံစားရတတ်တယ်တဲ့လေ...”
သူ ထိုသို့ ပြောဆိုနေသည်ကို မြင်ရသောအခါ၊ လျူရှောင်ရူက ထပ်မံ မေးမြန်းလိုက်ပြန်သည်။
“ကျွန်မက သားသမီး မရနိုင်တော့ဘူး ဆိုရင်တောင်မှ... ရှင်က ကျွန်မကို လက်ထပ်ချင်နေသေးတာလား...”
ဆိုင်ရှင်လော်ကမူ အရင်အတိုင်းပင် နူးညံ့လှသော အကြည့်များဖြင့်
“ဘာလို့ မရရမှာလဲ...”
လျူရှောင်ရူသည် ထိုစကားကို ကြားသောအခါ ဆွံ့အသွားရပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်လေသည်။
“ရှင်က အိမ်ထောင်လည်း မကျသေးသလို၊ အမွေဆက်ခံမယ့်သူလည်း မရှိဘူး မဟုတ်လား...”
ဆိုင်ရှင်လော်မှာမူ အလွန်ပင် အမြင်ကျယ်သူ ဖြစ်ပေသည်။
“လူ့ဘဝ ဆိုတာ သားသမီး ရဖို့အတွက်တင် မဟုတ်ပါဘူးလေ...”
လျူရှောင်ရူမှာမူ သူ့အား အံ့သြစွာ လှမ်းကြည့်နေမိတော့၏။ ဆိုင်ရှင်လော်က ဆက်ပြောလိုက်ပြန်သည်။
“ပိုက်ဆံတွေ အများကြီး ရှာမယ်၊ အရသာရှိတဲ့ အစားအစာတွေ စားမယ်၊ ပြီးတော့ ကိုယ် ရင်ထဲက သဘောကျတဲ့ သူနဲ့အတူ တစ်သက်လုံး အတူတူ နေသွားမယ် ဆိုရင်လည်း... ဒါဟာ တကယ့်ကို ကောင်းမွန်လှတဲ့ ဘဝပါပဲလေ...”
လျူရှောင်ရူက မျက်လုံးများ ပြူးကျယ်သွားရ၏။
“ရှင်... ရှင် တကယ်ပဲ အဲ့ဒီလို ထင်လို့လား...”
ဆိုင်ရှင်လော်က ရယ်မောလိုက်၏။
“သားသမီး ဆိုတာ ရှည်လျားလှတဲ့ လူ့ဘဝမှာ အလှဆင်ပေးတဲ့ အရာတစ်ခုပဲလေ... အနှစ်ချုပ်အားဖြင့် ပြောရရင်တော့ ကိုယ့်ဘဝကို ဇနီးသည်နဲ့ပဲ အတူတူ ကုန်ဆုံးရမှာ မဟုတ်လား... အကယ်၍ တစ်နေ့ကျလို့ ကလေး အရမ်း လိုချင်လာရင်လည်း... ဆွေမျိုးစုထဲက မိဘမဲ့ ကလေးတွေကို မွေးစားလို့ ရတာပဲလေ... ကိုယ့်ရဲ့ သွေးရင်းမှ ဖြစ်မယ် ဆိုတာမျိုးကိုတော့ ဆုပ်ကိုင်ထားစရာ မလိုပါဘူး...”
ဆိုင်ရှင်လော်၏ အမြင်ကျယ်မှုများကြောင့် လျူရှောင်ရူမှာ စကားပင် မပြောနိုင်တော့ပေ။ သူမသည် ဤမျှအထိ အလိုက်သိလှသော အမျိုးသားမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ သူမ၏ အရင် ယောက္ခမမှာမူ တစ်နေကုန် သားသမီး ကိစ္စကိုသာ ပြောဆိုနေခဲ့ပြီး သူမအား ဥမချနိုင်သော ကြက်မဟု အမြဲ ကျိန်ဆဲနေခဲ့သည် မဟုတ်ပါလား။
“ဒါဆို ရှင့်ရဲ့ မိဘတွေကော... မြေး မလိုချင်ကြဘူးလား...”
လျူရှောင်ရူက မေးမြန်းလိုက်သည်။
“ကိုယ့်ရဲ့ မိဘတွေဆီကိုတော့... ကိုယ် အခြေအနေတွေကို ရှင်းပြထားပြီးပါပြီလေ... တို့တွေကြားမှာ ဘာမှ အတားအဆီး မရှိပါဘူးနော်...”
လျူရှောင်ရူသည် နှုတ်ခမ်းလေးကို စေ့ထားလျက် တိတ်ဆိတ်နေတော့၏။ ဆိုင်ရှင်လော်၏ မျက်လုံးများမှာမူ ကောင်းကင်မှ ကြယ်လေးများကဲ့သို့ တောက်ပနေပြီး လျူရှောင်ရူအား လေးလေးနက်နက် စိုက်ကြည့်နေမိတော့သည်။
“ဆိုင်ရှင်လျူ... ကိုယ် မင်းကို ပထမဆုံးအကြိမ် တွေ့တုန်းကလေ... ဆိုင်ရှင်ချန်နဲ့ ကတိထားခဲ့တဲ့အတွက်ကြောင့်တင် ကိုယ့်ဆီကို နှပ်ဟင်းတွေ မရောင်းချင်ခဲ့ဘူး မဟုတ်လား... အကယ်၍ သူသာ သစ္စာမဖောက်ခဲ့ရင်... ကိုယ်လည်း မင်းနဲ့ စီးပွားရေး လုပ်ဖြစ်မှာ မဟုတ်သလို မင်းအကြောင်းကိုလည်း ဒီလောက်အထိ သိရမှာ မဟုတ်ပါဘူးလေ... အဲ့ဒီတုန်းကတည်းက မင်းဟာ တခြားသူတွေနဲ့ မတူဘူးဆိုတာ ကိုယ် သိခဲ့တာပေါ့လေ...”
“မင်းဟာ ကတိတည်သလို၊ စိတ်ထားလည်း တကယ့်ကို ပွင့်လင်းလှသူ တစ်ဦးပါ... မင်းဟာ လောကမှာ ရှာဖွေရ ခက်လှတဲ့ အမျိုးသမီးကောင်း တစ်ဦးပဲလေ... ကိုယ် မင်းကို လက်ထပ်ချင်တယ် ဆိုတာဟာ မင်းဆီကနေ သားသမီး ရချင်လို့ မဟုတ်ပါဘူး... ကိုယ် မြတ်နိုးရတဲ့ သူနဲ့အတူ တစ်သက်လုံး လက်တွဲသွားချင်လို့ပါလေ... ကိုယ် ထပ်ပြီး မေးပါရစေဦးနော်...”