← Chapters

ကလေးက လူကြီးဆန်လွန်းတယ်

Vol. 24 Ch. 234

ကလေးက လူကြီးဆန်လွန်းတယ်

Vol. 24 Ch. 234

ဆိုင်ရှင်လော်၏လူယုံသည် လူမှုဆက်ဆံရေးတွင် အလွန် တော်သူ ဖြစ်ပေသည်။ သူသည် ခြံထဲတွင် နျိုနျိုနှင့်အတူ ဆော့ကစားပေးနေပြီး ခေတ္တအတွင်းမှာပင် မြက်ပင်လေးများကို သုံးကာ နျိုနျိုအတွက် နှံကောင်ရုပ် နှစ်ရုပ်ကို ပြုလုပ်ပေးလိုက်လေသည်။

“ဟိုးရှေးရှေးတုန်းကလေ... တကယ့်ကို ကြိုးစားလှတဲ့ နှံကောင်လေး တစ်ကောင် ရှိခဲ့ဖူးတယ်တဲ့လေ...”

သူက ထို နှံကောင်ရုပ်လေးများကို ကိုင်ကာ ပုံပြင်တိုလေး တစ်ပုဒ်ကိုပါ ပြောပြနေသေး၏။ နျိုနျိုလေးမှာမူ အလွန်ပင် စိတ်ဝင်တစား နားထောင်နေခဲ့ချေပြီ။ ဆိုင်ရှင်လော်နှင့် လျူရှောင်ရူတို့ အပြင်သို့ ပြန်ထွက်လာချိန်တွင်မှ နျိုနျိုလေးလည်း ပုံပြင်နားထောင်ခြင်းကို ရပ်နားလိုက်လေသည်။

“နျိုနျိုလေး... နေ့လယ်ကျရင် ခေါက်ဆွဲ သွားစားကြမလား...”

လျူရှောင်ရူက ပြုံးလျက် မေးမြန်းလိုက်သည်။

နျိုနျို၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်ပသွားရ၏။ ထို့နောက်တွင်မူ သူမသည် ဆိုင်ရှင်လော်အား လှမ်းကြည့်ကာ မေးလိုက်လေသည်။

“ဦးလေးလော်... တို့တွေ ပြန်ပြီး အဆင်ပြေသွားကြပြီလား...”

“နျိုနျိုက အဒေါ်လျူနဲ့ ဦးနဲ့ ရန်ဖြစ်နေမှန်း သိလို့လား...”

ဆိုင်ရှင်လော်က ပြုံးလျက် မေးမြန်းလိုက်သည်။

နျိုနျိုသည် ဂုဏ်ယူစွာဖြင့် ကိုယ်ကို မတ်လိုက်ပြီး ပြောလိုက်၏။

“ဒါပေါ့... သမီးရဲ့ မျက်စိတွေက အရမ်း စူးရှတာလေ... ဦးတို့ နှစ်ယောက်ကြားမှာ တစ်ခုခု မှားနေမှန်း တစ်ချက်ကြည့်ရုံနဲ့တင် သိသာနေတာပဲ မဟုတ်လား...”

“ဒီ ကောင်မလေးကတော့ တကယ့်ကို လူကြီးဆန်လွန်းတယ်...”

လျူရှောင်ရူက ပြောပြောဆိုဆိုနှင့် နျိုနျို၏ နဖူးလေးကို ညင်သာစွာ တို့လိုက်လေသည်။

နျိုနျိုသည် သူမ၏ နဖူးလေးကို အုပ်ကာ ပြုံးလျက် ပြောလိုက်၏။

“အဒေါ်က သမီးကို ကျေးဇူးတောင် တင်ရဦးမှာနော်... စိတ်ကောက်နေတာတွေကို အကုန် ပြောပြလိုက်မှသာ... တို့တွေ အားလုံး အမြဲတမ်း သူငယ်ချင်းကောင်းတွေ ဖြစ်နေမှာပေါ့လေ...”

လျူရှောင်ရူသည် ဆိုင်ရှင်လော်အား တစ်ချက် လှမ်းကြည့်လိုက်မိ၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုသူကလည်း သူမအား စိုက်ကြည့်နေသဖြင့် သူမမှာမူ ထိတ်လန့်သွားရပြီး မျက်နှာကို အမြန် ပြန်လွှဲထားလိုက်ရလေသည်။ ဆိုင်ရှင်လော်ကမူ သူမ၏ ချစ်စရာကောင်းလှသော ပုံစံလေးကို ကြည့်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးများ ပေါ်ထွက်လာခဲ့ချေပြီ။

နေ့လယ်စာကိုမူ ရှန်းယွဲ့အဆောင်တွင် သွားရောက် စားသောက်ခဲ့ကြရာ နျိုနျိုသည် သူမ စားချင်နေသော အသားစင်း ခေါက်ဆွဲကို ထပ်မံ စားသောက်ခွင့် ရရှိခဲ့သလို အခြားသော အစားအစာ အသစ်များကိုလည်း အများအပြား စားခဲ့ရလေသည်။

“ရှင် မြို့တော်ကို ရောက်တာ မကြာသေးဘဲနဲ့... ဒီလောက် တော်တဲ့ စားတော်ကဲတွေကို ဘယ်လိုများ ရှာတွေ့တာလဲ...”

လျူရှောင်ရူက မေးမြန်းလိုက်သည်။

ဆိုင်ရှင်လော်က သူမအား ဖုံးကွယ်ထားခြင်း မရှိဘဲ ပြောပြလိုက်၏။

“အချို့ စားတော်ကဲတွေကတော့ အပြင်ကနေ ခေါ်လာခဲ့တာပါလေ... မြို့တော်သား စားတော်ကဲကတော့ သိပ်မများပါဘူးနော်...”

“တခြားမြို့က သူတွေက... ရှင်နောက်ကို ဒီလောက် ဝေးတဲ့အထိ လိုက်လာချင်ကြလို့လား...”

လျူရှောင်ရူက နားမလည်စွာ မေးမြန်းလိုက်သည်။

“လစာကို အပြည့်အဝ ပေးတဲ့အပြင် နေစရာ နေရာလည်း စီစဉ်ပေးခဲ့တာလေ... ပြီးတော့ ဒီမှာ ငါးနှစ်အထိ နေမယ် ဆိုရင်တော့ သူတို့အတွက် အိမ်တစ်လုံး ပေးမယ်လို့ပါ ကတိပေးထားတာဆိုတော့... သူတို့ရဲ့ မိသားစုဝင်တွေကိုပါ ခေါ်လာလို့ ရတာပေါ့လေ...”

ဤမျှအထိ ရက်ရက်ရောရော လုပ်ဆောင်ပေးမှန်း ကြားလိုက်ရသောအခါ လျူရှောင်ရူမှာမူ ကြောင်အသွားရရှာသည်။

“ရှင်ကတော့ တကယ်ကို ရက်ရောတာပဲနော်...”

ဆိုင်ရှင်လော်က ပြောလိုက်၏။

“ပိုက်ဆံ အလုံအလောက် ရပြီးတော့ ဘဝကလည်း အဆင်ပြေနေမှသာ... သူတို့က အလုပ်ကို တကယ့်ကို စိတ်ပါလက်ပါ လုပ်ဆောင်နိုင်မှာပေါ့လေ...”

လျူရှောင်ရူသည် ကွမ်အန်းမြို့နယ်မှာတုန်းကဖြစ်စေ၊ ယခု မြို့တော်မှာဖြစ်စေ၊ ဆိုင်ရှင်လော်၏ ဆိုင်မှ အစေခံများမှာ အလွန် ကြိုးစားကြသလို စိတ်ရင်းဖြင့် ပြုံးပြတတ်ကြသည်ကို သတိရလိုက်မိ၏။ အခြားသော ဆိုင်များကဲ့သို့ ဟန်ဆောင် ပြုံးပြနေကြခြင်း မဟုတ်သည်မှာ သေချာလှပေသည်။

လျူရှောင်ရူသည် သူမ၏ အလုပ်ရုံမှ အလုပ်သမားများကိုလည်း လစာ တိုးပေးသင့်သလားဟု တွေးတောနေစဉ်မှာပင် ဆိုင်ရှင်လော်က အတိတ်က ကိစ္စကို ထပ်မံ၍ ပြောဆိုလိုက်ပြန်သည်။

“မင်းရဲ့ အလုပ်ရုံကတော့ စားသောက်ဆိုင်နဲ့ မတူဘူးလေ... မင်းက နည်းစနစ်ပေါ်မှာပဲ အဓိက မူတည်ပြီး အမြတ်ရနေတာဆိုတော့... နည်းစနစ် ပေါက်ကြားမှာကို အမြဲ သတိထားရမယ်နော်... ယုံကြည်ရတဲ့ သူတစ်ယောက်ယောက်ကိုပဲ စောင့်ကြည့်ခိုင်းထားတာက ပိုကောင်းမှာပေါ့... ဖြစ်နိုင်မယ် ဆိုရင်တော့ လူအချို့ကို ဝယ်ယူထားပြီးတော့ နည်းစနစ်တွေကိုတော့ မင်းရဲ့ လက်ထဲမှာပဲ ဆုပ်ကိုင်ထားသင့်တယ်လေ...”

ဆိုင်ရှင်လော်က အကြံပေးလိုက်လေသည်။

လျူရှောင်ရူသည် ယခုတစ်ကြိမ်တွင်မူ ငြင်းဆန်ခြင်း မရှိတော့ဘဲ နျိုနျိုအား ပြောလိုက်လေသည်။

“ဒါဆိုရင်တော့... အဒေါ်နဲ့အတူ အစေခံပွဲစားဆီကို လိုက်ခဲ့ပါဦးနော်... သင့်တော်တဲ့ လူ နှစ်ယောက်လောက် သွားဝယ်ကြရအောင်လေ...”

လျူရှောင်ရူ၏ စိတ်ကူးမှာ ရိုးရှင်းလှပေသည်။ လူ နှစ်ယောက် ဝယ်ယူပြီးနောက် တစ်ဦးချင်းစီကို နည်းစနစ်၏ တစ်ဝက်စီသာ သင်ကြားပေးမည် ဆိုပါက စိတ်အေးရလိမ့်မည်။ နျိုနျို၏ အာရုံခံစားမှုမှာ ကောင်းမွန်လှသဖြင့် မသင့်တော်သော သူများကို ဖယ်ထုတ်ရန်အတွက် ကူညီပေးနိုင်သည်မှာ အမှန်ပင်။

“ထမင်းစားပြီးရင် သွားကြတာပေါ့လေ... ကိုယ်လည်း လူရွေးပြီးသွားရင် မင်းအစ်မဆီကို ဝင်တွေ့ဦးမယ်လေ...”

“ကျွန်မ အစ်မဆီကို ဘာသွားလုပ်မှာလဲ...”

လျူရှောင်ရူက ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

“တို့ နှစ်ယောက်ရဲ့ ကိစ္စကိုလည်း ပြောပြချင်သလို... တခြား ပြောစရာ ကိစ္စတွေလည်း ရှိနေသေးလို့ပါလေ...”

နျိုနျို၏ အကူအညီဖြင့် လူရွေးချယ်ခြင်း ကိစ္စမှာ အလွန်ပင် လျင်မြန်စွာ ပြီးဆုံးသွားခဲ့ချေပြီ။ ကုမိသားစု အိမ်သို့ ပြန်ရောက်သည့် အချိန်တွင်မှ ဆိုင်ရှင်လော်က အခြားသော ကိစ္စရပ်တစ်ခုကို ဦးအောင် ပြောဆိုလိုက်လေသည်။

“ကုကတော်ရယ်... ကျွန်တော် အပြင်ကနေ သတင်းတစ်ခု ကြားခဲ့ရလို့ပါ... စာမေးပွဲခန်း တံခါးဝမှာ ကိစ္စကြီးတစ်ခု ဖြစ်ပျက်ခဲ့တယ်လို့ ကြားရတာလေ... ဖြေဆိုသူ အချို့ ဒဏ်ရာ ရခဲ့သလို၊ အချို့လည်း နေရာမှာတင် ဆုံးပါးသွားခဲ့တယ်တဲ့လေ... ဒါပေမဲ့ စိတ်မပူပါနဲ့... လူကြီးမင်းကုကတော့ ဘာမှ မဖြစ်ပါဘူး...”

ကျန်းယွင်နန်သည် ထိုစကားကို ကြားလိုက်ရသည်နှင့် ထိတ်လန့်လွန်းသဖြင့် မျက်နှာမှာ ဖြူဖျော့သွားရလေတော့သည်။

All Chapters