← Chapters

မိုးမခရွက်ဖြင့် သန့်စင်ခြင်း

Vol. 24 Ch. 235

မိုးမခရွက်ဖြင့် သန့်စင်ခြင်း

Vol. 24 Ch. 235

“ပြဿနာ ဖြစ်တဲ့ နေရာမှာ ရှိနေတဲ့ သူတွေကိုတော့... အခု ရုံးတော်ကနေ သေသေချာချာ စောင့်ရှောက်ပေးထားပါတယ်လေ... အကယ်၍ လူကြီးမင်းကုသာ တစ်ခုခု ဖြစ်ခဲ့မယ် ဆိုရင်တော့... ရုံးတော်ကနေ လူလွှတ်ပြီး အကြောင်းကြားမှာ သေချာပါတယ်...”

ဆိုင်ရှင်လော်က အသေးစိတ် ရှင်းပြလိုက်လေသည်။

ကျန်းယွင်နန်က ပြောလိုက်၏။

“ကျွန်မလည်း လူလွှတ်ပြီး စုံစမ်းခိုင်းထားတာ မှန်ပေမဲ့... ဘာသတင်းမှ မရခဲ့ဘူးလေ... နျိုနျိုရဲ့ မွေးစားအဖေ ဆီမှာ အကူအညီ တောင်းမလို့ စဉ်းစားပေမဲ့လည်း... သူလည်း ဒီရက်ပိုင်းမှာ နေလို့မကောင်းလို့ ရုံးမတက်ဘူးလို့ ကြားရတယ်လေ...”

ဆိုင်ရှင်လော်က ဆက်လက် ရှင်းပြလိုက်လေသည်။

“ဒီလို ကြီးမားလှတဲ့ ကိစ္စမျိုးကို... ရုံးတော်ကလည်း သတင်းတွေ ပေါက်ကြားမှာ စိုးလို့ တိတ်တဆိတ် ကိုင်တွယ်နေတာ ဖြစ်မှာပေါ့လေ... ဒါကြောင့် လူအများကြီး မသိကြတာလည်း ပါတာပေါ့... ကျွန်တော် ကြားတဲ့ သတင်းအရဆိုရင်တော့... စာမေးပွဲကို အကြိမ်ကြိမ် ကျရှုံးခဲ့ဖူးတဲ့ ပညာတတ် တစ်ယောက်ကလေ... ဘဝကို စိတ်ပျက်ပြီးတော့ အနာဂတ် ရှိနေတဲ့ သူတွေကိုပါ အတူတူ ဒုက္ခပေးချင်လို့ စာမေးပွဲခန်း တံခါးဝမှာ ပြဿနာ ရှာခဲ့တာတဲ့လေ...”

ကျန်းယွင်နန်သည် ထိုစကားကြောင့် အလွန်ပင် အံ့သြသွားရပြီး မေးမြန်းလိုက်၏။

“သူက ဒီလို လုပ်လိုက်ရင်... သူ့ရဲ့ မိသားစုဝင်တွေပါ ဒုက္ခရောက်ကုန်မှာကို မစိုးရိမ်ဘူးလား...”

“အဲ့ဒီ ပညာတတ်မှာက ဆွေမျိုးသားချင်း တစ်ယောက်မှ မရှိတော့ဘူးတဲ့ ...”

ရှိနေသူ လူတိုင်းမှာ ထိုစကားကြောင့် ထိတ်လန့်သွားကြရလေသည်။ ထိုကဲ့သို့သော ဘဝကို အရှုံးပေးထားသူမျိုးမှာ အခြားသူများကိုပါ ဆွဲချရန် ကြိုးစားတတ်သလို ပုံမှန်လူ တစ်ယောက်လိုပဲ ဟန်ဆောင်နေတတ်သဖြင့် ကာကွယ်ရန်မှာ အလွန် ခက်ခဲလှပေသည်။

လူတိုင်း စိတ်မကောင်း ဖြစ်နေကြစဉ်မှာပင် ကျန်းယွင်နန်က မတ်တပ်ရပ်ကာ အရိုအသေ ပေးလိုက်လေသည်။

“ဆိုင်ရှင်လော်ရယ်... ဒီတစ်ခါတော့ တကယ်ပဲ ကျေးဇူးတင်ပါတယ်... ရှင်သာ လာမပြောပြဘူး ဆိုရင်တော့... ကျွန်မရဲ့ ရင်ထဲမှာ စိုးရိမ်စိတ်တွေနဲ့ ဘယ်လိုမှ နေနိုင်မှာမဟုတ်ဘူး...”

ဆိုင်ရှင်လော်က ပြုံးလျက် ပြန်ပြောလိုက်၏။

“ကုကတော်အနေနဲ့ အားနာနေဖို့ မလိုပါဘူးလေ... ဒါတွေက ကျွန်တော် လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေပါပဲလေ...”

ကျန်းယွင်နန်က ထပ်မံ၍ ငြင်းဆိုရန် ပြင်လိုက်စဉ်မှာပင် လျူရှောင်ရူက ဝင်ပြောလိုက်လေသည်။

“အစ်မရယ်... သူ့ကို အားနာနေစရာ မလိုပါဘူးနော်...”

ကျန်းယွင်နန်သည် ထိုနှစ်ဦးကြားမှ ပတ်သက်မှုကို မသိရှိသေးသဖြင့် လျူရှောင်ရူအား မကျေမနပ်ဟန်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်လေသည်။ ဆိုင်ရှင်လော်ကမူ တိုးတိုးလေး ပြောဆိုလိုက်၏။

“ကုကတော်ရယ်... နောင်ကျရင်တော့ ကျွန်တော်က အစ်မလို့ပဲ ခေါ်ရတော့မှာပေါ့လေ... ရှောင်ရူက ကျွန်တော့်ရဲ့ လက်ထပ်ခွင့် တောင်းတာကို သဘောတူလိုက်ပြီလေ...”

ကျန်းယွင်နန်သည် ထိုစကားကို ကြားလိုက်ရသည်နှင့် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ အံ့သြသွားရလေတော့သည်။ သူမ၏ ပထမဆုံးသော အတွေးမှာ နှမဖြစ်သူအတွက် စိုးရိမ်မိခြင်း ဖြစ်ချေသည်။

“ရှင့်ရဲ့ မိဘတွေကော သဘောတူကြရဲ့လား...”

“နောက် ရက်နည်းနည်းလောက် ကြာရင်တော့... ကျွန်တော့် မိဘတွေ မြို့တော်ကို လာပြီးတော့ တရားဝင် လက်ထပ်ခွင့် တောင်းကြမှာပါ..”

ကျန်းယွင်နန်သည် ထိုသူ၏ စိတ်ရင်းမှန်လှသော သဘောထားကို မြင်တွေ့လိုက်ရသလို ညီမဖြစ်သူ လျူရှောင်ရူ ကိုယ်တိုင်ကလည်း သဘောတူထားသဖြင့် သူမအနေဖြင့် ကန့်ကွက်ရန် အကြောင်းမရှိတော့ပေ။

“ကျွန်မ ညီမက အိမ်ထောင်ကွဲ တစ်ယောက် ဆိုပေမဲ့... ရှင့်ဘက်ကတော့ ပေါ့ပေါ့ဆဆ လုပ်လို့ မရဘူးနော်... အရာရာကို ပထမဆုံး အိမ်ထောင်တစ်ခုလိုမျိုးပဲ စနစ်တကျ လုပ်ဆောင်ပေးရမယ်...”

ကျန်းယွင်နန်က ပြတ်သားစွာပင် မှာကြားလိုက်လေသည်။

ဆိုင်ရှင်လော်က ခေါင်းညိတ်ပြ၏။

“ဒါကတော့ သဘာဝကျပါတယ်ဗျာ... ရှောင်ရူကို လက်ထပ်ခွင့် ရတာဟာ ကျွန်တော့်အတွက် သုံးဘဝစာလောက် ကံကောင်းသွားတာပါလေ... ကျွန်တော် သူ့ကို သေသေချာချာ တန်ဖိုးထားမှာပါ...”

ကျန်းယွင်နန်လည်း လျူရှောင်ရူအတွက် အလွန်ပင် ဝမ်းသာသွားရလေသည်။ နျိုနျိုသည် ထိုစကားများကို နားထောင်ပြီးနောက် မေးမြန်းလိုက်၏။

“အဒေါ်လျူက သတို့သမီး လုပ်တော့မှာလား...”

ကျန်းယွင်နန်က ပြုံးလျက် ပြန်ဖြေလိုက်လေသည်။

“ကိစ္စတွေက မသေချာသေးဘူးလေ... ဒါကြောင့် တခြားသူတွေကို ထုတ်မပြောရဘူးနော်... သိလား...”

နျိုနျိုလေးက ခေါင်းကို တွင်တွင်ညိတ်ပြကာ

“စိတ်မပူနဲ့နော်... သမီးရဲ့ ပါးစပ်က အရမ်း လုံတာ..”

လူတိုင်း ထိုစကားကြောင့် ရယ်မောလိုက်ကြကုန်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပထမဆုံးသော စာမေးပွဲ ပြီးဆုံးသွားခဲ့ချေပြီ။ ညနေပိုင်းတွင် လူတိုင်း စာမေးပွဲခန်း အပြင်ဘက်၌ စောင့်ဆိုင်းနေကြလေသည်။ စာမေးပွဲခန်း တံခါးကြီး ပွင့်သွားသည်နှင့် ခြင်းတောင်းများကို ကိုင်ဆောင်ကာ ထွက်လာကြသော ဖြေဆိုသူများမှာ တစ်ဦးနှင့်တစ်ဦး အမူအရာများ မတူညီကြပေ။

ကုမင်တာ့သည် လူအုပ်ကြားထဲမှ လူတစ်ဦးအား တွဲကူလျက် ထွက်လာသည်ကို တွေ့လိုက်ရ၏။ ချီတာရှန်းက အလျင်အမြန်ပင် ပြေးသွားပြီး နှုတ်ဆက်လိုက်လေသည်။

“သခင်ကြီး... ဒါ... ဒါက... ရှန့်ကုန်း အိမ်တော်က သခင်လေး မဟုတ်လား...”

ချီတာရှန်းလည်း ထိုအခါမှ သေသေချာချာ မြင်လိုက်ရခြင်း ပင်။ ကုမင်တာ့ တွဲလာသူမှာ အခြားသူ မဟုတ်ဘဲ ရှန့်ကုန်း အိမ်တော်မှ သခင်လေး ချင်ကျင့် ပင် ဖြစ်ချေသည်။ ချင်ကျင့်၏ မျက်နှာမှာမူ ဖြူဖပ်ဖြူရော ဖြစ်နေသလို ကြည့်ရသည်မှာလည်း အလွန်ပင် အားနည်းနေပုံ ရပေသည်။

“ကျွန်တော့် လူတွေ ရောက်နေပါပြီ... ဦးလေးကု ကူညီပေးတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်နော်...”

ချင်ကျင့်သည် မတ်တပ်ပင် မရပ်နိုင်လောက်အောင် ဖြစ်နေသော်လည်း ကုမင်တာ့အား လေးလေးစားစားဖြင့် ကျေးဇူးတင်စကား ပြောဆိုလိုက်လေသည်။

ကုမင်တာ့သည် ထိုကလေးမှာ တကယ့်ကို ယဉ်ကျေးလွန်းလှသည်ဟု ခံစားလိုက်ရ၏။ သူသည် ရှန်ချန်ဖုန်းထက် အသက် များစွာ မကြီးသော်လည်း ရှန်ချန်ဖုန်းထက် များစွာ ပို၍ ရင့်ကျက်ပေသည်။ သူသည် တကယ့်ကို လူကြီးလူကောင်း ပီသလှသည်။

ချင်ကျင့်ရှုကဲ့သို့သော ညီမမျိုး၊ ချင်အာကဲ့သို့သော ညီမျိုး ရှိနေသော ဤအိမ်တော်တွင် ချင်ကျင့်ကဲ့သို့သော သူမျိုး ရှိနေခြင်းမှာ အံ့သြစရာပင် ဖြစ်ချေသည်။

ချင်ကျင့်သည် ကျန်ရှိသော ကုမိသားစုဝင်များကို မြင်သောအခါ လူငယ် တစ်ဦး ပီပီ အရိုအသေ ပေးလိုက်လေသည်။ သူသည် နျိုနျိုအား မြင်သောအခါ နှုတ်ခမ်းလေးကို အသာအယာ ပြုံးလိုက်ပြီး နှုတ်ဆက်လိုက်၏။ နျိုနျိုက တိုးတိုးလေး ပြောလိုက်လေသည်။

“ကိုကိုချင်ကျင့်... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်...”

“နျိုနျိုလေး ရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်ပါတယ်နော်... ကိုကို မှတ်ထားပါ့မယ်...”

ချင်ကျင့်က ညင်သာစွာ ပြောဆိုလိုက်လေသည်။

ချင်ကျင့်သည် သူ၏ အစေခံများ၏ တွဲထူမှုဖြင့် လမ်းအဆုံးရှိ မြင်းလှည်းပေါ်သို့ တက်ကာ ထွက်ခွာသွားခဲ့ချေပြီ။ အပြင်လူများ မရှိတော့သော အချိန်တွင်မှ ကုမိသားစုဝင်များမှာ ကုမင်တာ့အား ဝိုင်းအုံကာ မေးမြန်းကြလေတော့သည်။

“ယောက်ျား... အဆင်ပြေရဲ့လား... ဟို အရူးက ရှင့်ကို ဒဏ်ရာရအောင် လုပ်ခဲ့သေးလား...”

ကျန်းယွင်နန်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

“မင်တာ့... နေလို့မကောင်းတာမျိုး ရှိလား...”

သခင်မကုကလည်း သူ၏ အင်္ကျီစကို ဆွဲကာ မေးမြန်းလိုက်၏။

နျိုနျိုလေး ပင်လျှင် ကုမင်တာ့ အနားတွင် တဝဲလည်လည်ဖြင့် မေးလာ၏။

“ဖေဖေ... ဖေဖေ ခေါင်းမူးနေလား... တစ်ခုခု နေလို့မကောင်းတာ ရှိလား...”

ကုမင်တာ့သည် မိသားစုဝင်များ၏ ဂရုစိုက်မှုကို ရရှိသဖြင့် နျိုနျိုအား ပွေ့ချီလိုက်ပြီး မိမိ ကျန်းမာရေး ကောင်းမွန်ကြောင်းကို လက်တွေ့ သက်သေပြလိုက်လေသည်။

“စာမေးပွဲခန်း တံခါးဝမှာ ပြဿနာ ဖြစ်ခဲ့တာကို သိကြတယ်ပေါ့လေ... ကိုယ်ကတော့ တကယ်ပဲ ကံကောင်းခဲ့တာပါ... အဲ့ဒီ အရူးက ရူးနေတာ မှန်ပေမဲ့ အကျိုးအကြောင်းလေးတော့ ရှိပုံရပါတယ်... သူ့ကိုသာ လမ်းဖယ်ပေးလိုက်မယ် ဆိုရင်တော့ သူက လူကို လိုက်ပြီး မရန်ရှာပါဘူးလေ...”

“သူက ကိုယ်နဲ့အတူ တန်းစီနေရင်းနဲ့ ရှေ့ကို အတင်း တိုးချင်နေတာလေ...ကိုယ်လည်း သူ့ကို လမ်းဖယ်ပေးလိုက်တော့... သူ ကိုယ့်ကို ဓားနဲ့ ထိုးမသွားဘူး...”

“နောက်ကိစ္စတွေ ဖြစ်လာတော့လည်း... ကိုယ်က စပ်စုချင်တဲ့ စိတ် မရှိတာနဲ့တင် ဘေးကင်းသွားတာပေါ့...”

ကုမင်တာ့၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကုမိသားစုဝင် အားလုံးမှာ ထိတ်လန့်သွားကြရလေသည်။ ထိုစဉ်က အခြေအနေမှာ မည်မျှအထိ ဘေးအန္တရာယ် များလှသည်ကို သူတို့ တွေးတောမိလိုက်ကြပေသည်။

တော်ပါသေးတယ်၊ ဒီ ဘေးဒုက္ခက တို့ မိသားစုအပေါ်ကို သက်ရောက်မလာခဲ့လို့ပေါ့။

“အဆင်ပြေသွားတာပဲ ကောင်းပါတယ်လေ... လာ... တို့တွေ ပြန်ကြရအောင်... နောင်ကျရင်တော့ ပွဲရှိတိုင်း ဝင်မပါမိအောင် သတိထားရမယ်နော်... သိလား...”

သခင်မကုက အားလုံးကို မှာကြားလိုက်လေသည်။

သို့သော်လည်း သူမ ထိုသို့ ပြောလိုက်သည်နှင့် တစ်မိသားစုလုံးမှာ သူမအား ထူးဆန်းသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ကြကုန်၏။

အဘိုးကုကမူ မှုန်ဝါးနေသော မျက်လုံးများကို ဖွင့်ကာ ဝေဝေဝါးဝါး ပြောလာ၏။

“အဘွားကြီး... မင်းက အဲ့လိုလူဖြစစ်သွားပြီလား...”

သခင်မကုသည် ထိုစကားကို ကြားသောအခါ ဒေါသတကြီးဖြင့် ဆွေ့ဆွေ့ခုန်နေလေတော့သည်။

“ရှင်ကတော့လေ... စကားကို တစ်ခွန်းတည်းပဲ ပြောတတ်တာလား... ရှင်က အသိစိတ်လွတ်နေတာလေ... အများကြီး ပြောနေစရာ မလိုပါဘူးနော်... ရှင်က ကြည့်ရတာ အရမ်း တော်နေသလိုပဲ...”

အဘိုးကုသည် အဘွားအို၏ ဆူပူမှုကို ခံလိုက်ရသဖြင့် ဖြစ်နိုင်သည်မှာ သူသည် မကောင်းသော စကားလုံးများကို အလိုလိုပင် ပိတ်ထားလိုက်သည်လား မသိ၊ သူ၏ မျက်လုံးများမှာ ပြန်လည် ဝေေဝဝါးဝါး ဖြစ်သွားရပြီး အရင်လို စိတ်ရှုပ်ထွေးနေသော အဘိုးအိုအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားလေတော့သည်။ သခင်မကုမှာမူ သူမ၏ ယောက်ျား ဤကဲ့သို့ ဖြစ်နေသည်ကို ကြည့်ပြီး မိမိကိုယ်ကိုယ် အချည်းနှီး ဆဲဆိုနေမိသကဲ့သို့ ခံစားလိုက်ရလေသည်။

“ဘုန်း...”

ကုမိသားစုဝင်များ မထွက်ခွာမီမှာပင် အသံကြားရာသို့ လှည့်ကြည့်လိုက်ကြရာ အသက် သုံးဆယ် လေးဆယ်ခန့် ရှိပုံရသော အမျိုးသား တစ်ဦးက ရုတ်တရက် တိုက်ခိုက်လိုက်သည်ကို တွေ့လိုက်ရ၏။ သူသည် အခြား အမျိုးသား တစ်ဦးအား ဆွဲကာ “ဘာလို့ ငါ့ကို ဒုက္ခပေးချင်နေရတာလဲ...” ဟု အော်ဟစ် မေးမြန်းနေတော့၏။

သခင်မကုသည် ထိုနေရာသို့ ချက်ချင်းပင် ပြေးသွားလိုက်လေတော့သည်။ သူမသည် လူအုပ်ကြားထဲသို့ တိုးဝင်သွားပြီး မျက်လုံးများ အရောင်တောက်ပလျက် မိသားစုဝင်များဘက်သို့ လှည့်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေသည်။

“မြန်မြန် လာကြည့်ကြစမ်းပါဦး... ဟိုမှာ လူတွေ ရန်ဖြစ်နေကြတယ်ဟေ့...”

တစ်မိသားစုလုံးမှာမူ သူမအား ကြည့်ရင်း ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားကြရလေသည်။ ကျန်းယွင်နန်က ရှေ့သို့ လျှောက်သွားကာ သူမ၏ ယောက္ခမအား ဆွဲခေါ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။

“မေမေရယ်... တို့တွေ ခုနတင် ပွဲတွေကြားထဲ ဝင်မပါဘူးလို့ ကတိပေးထားတာ မဟုတ်လား...”

သခင်မကု၏ မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွားရရှာသည်။

“ခဏလေးပဲ ထပ်ကြည့်ပါရစေဦးနော်... နောက်ဆုံး တစ်ခါတည်းပါပဲလေ...”

သခင်မကုက သနားစရာကောင်းအောင် ပြောဆိုလိုက်လေသည်။

ကျန်းယွင်နန်ကမူ မတတ်သာဟန်ဖြင့် ပြောလာ၏။

“မေမေရယ်... နျိုနျိုလေးလည်း ကြည့်နေတာလေ... ကလေးအတွက် စံပြကောင်း ဖြစ်အောင် နေရမှာပေါ့... ပြီးတော့ ကျွန်မယောက်ျားကလည်း အိမ်ပြန်ပြီး အနားယူရဦးမှာလေ...”

သခင်မကုက သက်ပြင်းချလိုက်မိ၏။

“ကောင်းပါပြီလေ... နျိုနျိုလေးနဲ့ သားလတ် အတွက်ပဲ ထားလိုက်ပါတော့မယ်နော်...”

ကုမိသားစုဝင်များ အိမ်သို့ ပြန်ရောက်သည်နှင့် အဒေါ်ချီက ပြင်ဆင်ထားသော မီးဖိုနှင့် မိုးမခရွက်ရေတို့ကို ယူဆောင်လာခဲ့လေသည်။

“မိုးမခရွက်တွေက ကိုယ်ပေါ်က ကံဆိုးမှုတွေကို ဖယ်ရှားပေးနိုင်တာလေ...”

အဒေါ်ချီက ရှင်းပြလိုက်သည်။

ကုမင်တာ့သည် မီးဖိုကို ခွကျော်လိုက်ပြီးနောက် မိုးမခရွက်ရေဖြင့် သန့်စင်ခြင်းကို ခံယူခဲ့လေသည်။ မိသားစုဝင်များ စောစောစီးစီး ချက်ပြုတ်ပေးထားသော ကြက်စွပ်ပြုတ်ကို သောက်ပြီးနောက်တွင်မူ ကုမင်တာ့သည် ခြံထဲတွင် နှစ်ပတ်ခန့် လမ်းလျှောက်လိုက်ပြီးမှ ရေချိုးကာ ဆံပင်များကို ခြောက်အောင် သုတ်၍ အိပ်စက်လိုက်လေတော့သည်။ တစ်မိသားစုလုံးမှာမူ သူ့အား မနှောင့်ယှက်မိစေရန်အတွက် ခြေသံပင် မထွက်အောင် သတိထားနေကြလေသည်။

စာမေးပွဲ တစ်ကြိမ်နှင့် တစ်ကြိမ်ကြားမှ အနားယူချိန်မှာ အလွန်ပင် တိုတောင်းလှပေသည်။ ကုမင်တာ့သည် သန်းခေါင်ယံ အချိန်တွင် ထပ်မံ၍ နိုးထလာခဲ့ချေပြီ။ သူသည် အဝတ်အစား အသစ်များကို လဲလှယ်လိုက်ပြီး မိသားစုဝင်များ ပြင်ဆင်ပေးထားသော စာမေးပွဲ ခြင်းတောင်းကို ကိုင်ဆောင်ကာ တစ်မိသားစုလုံး၏ အကြည့်အောက်တွင် ချီတာရှန်းနှင့်အတူ ဒုတိယအကြိမ်မြောက် စာမေးပွဲသို့ ထွက်ခွာခဲ့လေတော့သည်။

လမ်းခရီးတွင် ချီတာရှန်းက သတိကြီးစွာဖြင့် ပြောလိုက်၏။

“သခင်ကြီး... စိတ်မပူနဲ့နော်... ကျွန်တော် ဒီရက်ပိုင်းမှာ အိမ်က မီးဖိုကို အကြိမ်ပေါင်း များစွာ ခွကျော်ခဲ့သလို မိုးမခရွက်ရေနဲ့လည်း အကြိမ်ကြိမ် သန့်စင်ခဲ့တာဆိုတော့... ကျွန်တော့်မှာတော့ ကံဆိုးမှုတွေ မရှိတော့ပါဘူးလေ...”

ကုမင်တာ့က ခေါင်းညိတ်ပြကာ နှစ်သိမ့်လိုက်လေသည်။

“မင်းကြောင့် ကံဆိုးတာ မဟုတ်ပါဘူးလေ... ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့တော့နော်...”

ချီတာရှန်းက သဘာဝကျကျပင် ပြန်ပြောလိုက်၏။

“ကျွန်တော့်ကြောင့် ကံဆိုးတာ မဟုတ်ရင် ဘယ်သူ့ကြောင့် ဖြစ်မှာလဲ... သခင်ကြီးကတော့ ပညာတတ် တစ်ဦး ဖြစ်သလို ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ စာပေနတ်မင်းလေ... သခင်ကြီးမှာ ဘယ်မှာ ကံဆိုးမှု ရှိနိုင်ပါ့မလဲ...”

ကုမင်တာ့လည်း ထိုစကားကြောင့် ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားရလေသည်။ ကံကောင်းထောက်မစွာဖြင့် ယခုတစ်ကြိမ် စာမေးပွဲ သွားရာလမ်းတွင် မည်သည့် မတော်တဆမှုမျှ မရှိခဲ့ပေ။ ကုမင်တာ့သည် စာမေးပွဲခန်း တည်ရှိရာ လမ်းမပေါ်သို့ ရောက်ရှိလာခဲ့ချေပြီ။

ယခင် စာမေးပွဲ တုန်းကနှင့် မတူဘဲ ယခုအခါတွင်မူ အဝေးမှနေ၍ပင် မီးရောင်များ လင်းထိန်နေသလို လုံခြုံရေးမှာလည်း အလွန်ပင် တင်းကျပ်နေသည်ကို မြင်တွေ့ရ၏။ စစ်သည် နှစ်တန်းမှာ လမ်းမဘေးတွင် စနစ်တကျ ရပ်နေကြသလို သူတို့၏ အကြည့်များမှာလည်း လမ်းသွားလမ်းလာများကို ဓားတစ်စင်းကဲ့သို့ပင် စူးစူးရှရှ စိုက်ကြည့်နေကြလေသည်။

လမ်းဆုံသို့ ရောက်သောအခါ ကုမင်တာ့နှင့် ချီတာရှန်းတို့မှာ စစ်သည်များ၏ တားမြစ်ခြင်းကို ခံလိုက်ရ၏။

“စာမေးပွဲ ဖြေဆိုမည့်သူများသာ ဝင်ရမယ်... အခြားသူ ဝင်ခွင့်မရှိဘူး...”

ကုမင်တာ့သည် လမ်းမပေါ်မှ အခြေအနေကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ချီတာရှန်း လက်ထဲမှ ပစ္စည်းများကို လှမ်းယူကာ ပြောလိုက်လေသည်။

“ကဲ... အိမ်ပြန်တော့နော်...”

ထို့နောက်တွင်မှ သူသည် သူ၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို စစ်သည်အား စစ်ဆေးခွင့် ပေးလိုက်လေသည်။

စာမေးပွဲခန်း တံခါးဝတွင် ပြဿနာ ဖြစ်ပွားခဲ့ဖူးသဖြင့် ယခုတစ်ကြိမ်တွင် လုံခြုံရေးကို အဆပေါင်းများစွာ တိုးမြှင့်ထားခြင်း ပင် ဖြစ်ချေသည်။ ကုမင်တာ့၏ အထောက်အထားကို စစ်ဆေးပြီးနောက် စစ်သည်က သူ့အား အထဲသို့ ဝင်ခွင့် ပြုလိုက်လေသည်။

ကုမင်တာ့သည် သူ၏ အနောက်မှ အသံတစ်ခု ကြားလိုက်ရ၏။

“ကျွန်တော့် သခင်လေးက ကျန်းမာရေး မကောင်းလို့ပါ... သူ့ကို အထဲအထိ ကူညီပြီး ပို့ပေးလို့ ရမလား...”

ထို အစေခံ၏ တောင်းဆိုမှုကိုမူ စစ်သည်က ပြတ်သားစွာပင် ငြင်းဆိုလိုက်လေသည်။

“အပြင်လူ ဝင်ခွင့်မရှိဘူးလို့ ပြောပြီးပြီလေ... စည်းကမ်းကို ပြင်လို့ မရပါဘူးနော်...”

“ကျွန်တော့် သခင်လေးက ဘယ်သူလဲဆိုတာရော သိရဲ့လား... သူက ရှန့်ကုန်း အိမ်တော်က သခင်လေး လေ...”

ထို အစေခံက အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်လေသည်။

ကုမင်တာ့ လှည့်ကြည့်လိုက်ရာ ချင်ကျင့်အား မြင်တွေ့လိုက်ရ၏။ ချင်ကျင့်၏ မျက်နှာမှာ ဖြူဖျော့နေပြီး သူ၏ အစေခံအား အားနည်းဟန်ဖြင့် ဆူပူလိုက်လေသည်။

“တို့ရဲ့ အဆင့်အတန်းကို ထုတ်ပြီး မကြွားပါနဲ့တော့...”

စစ်သည်ကလည်း ထိုစကားကို ကြားသော်လည်း ယဉ်ကျေးပျူငှာစွာဖြင့်ပင် ပြန်ပြောလိုက်လေသည်။

“ဒီ စည်းကမ်းကို အထက်က လူကြီးတွေက သတ်မှတ်ထားတာလေ... ကျွန်တော်လည်း အလုပ်လုပ်နေရတာဆိုတော့... ကျွန်တော့်ကို အခက်မတွေ့စေပါနဲ့တော့နော်...”

ချင်ကျင့်က ခေါင်းညိတ်ပြကာ အထဲသို့ ဝင်ရန် ခက်ခက်ခဲခဲ ကြိုးစားနေတော့၏။

“ပစ္စည်းတွေကိုတော့ ကျွန်တော့်ကို ကူသယ်ပေးခွင့်ပြုပါဦးလေ... ကျွန်တော့် သခင်လေး ရဲ့ အခြေအနေကို ကြည့်စမ်းပါဦး... သူ အခုလို မ သွားနိုင်ပါ့မလား...”

ထို အစေခံက ပြောဆိုလိုက်လေသည်။

စစ်သည်သည် ချင်ကျင့်၏ အလွန် ဆိုးရွားနေသော အခြေအနေကို ကြည့်ပြီး သူ ကိုင်ထားသော ခြင်းတောင်းကိုပါ လှမ်းကြည့်ကာ အခက်တွေ့နေပုံ ရပေသည်။ ကုမင်တာ့သည် အလျင်အမြန်ပင် နောက်သို့ ပြန်ဆုတ်လိုက်လေသည်။

“ငါပဲ သယ်ပေးပါ့မယ်... ငါ သူ့ကို သိပါတယ်...”

ကုမင်တာ့သည် စစ်သည်အား ဖြတ်ကျော်ကာ အစေခံ၏ လက်ထဲမှ ခြင်းတောင်းကို လှမ်းယူလိုက်ပြီး အခြားတစ်ဖက်မှလည်း ချင်ကျင့်အား တွဲကူပေးလိုက်လေသည်။

“ဦးလေးကုကို ထပ်ပြီး အားနာရပြန်ပြီနော်...”

ချင်ကျင့်က အားနာဟန်ဖြင့် ပြောဆိုလိုက်လေသည်။

ကုမင်တာ့က သက်ပြင်းချလျက် ပြောလာ၏။

“နေလို့မကောင်းတာကို ဘာလို့ စာမေးပွဲကို ဆက်ဖြေနေရတာလဲ... စာမေးပွဲ တစ်ခုအတွက်နဲ့ ကိုယ့်ရဲ့ ကိုယ်ခန္ဓာကို ဖျက်ဆီးလိုက်တာဟာ တန်လို့လား...”

ချင်ကျင့်က ခေါင်းလေးငုံ့သွားသည်။

“ရပါတယ်... ကျွန်တော်... အပြင်မထွက်ခင် ဆေးသောက်လာခဲ့တာဆိုတော့ စာမေးပွဲကို ထိခိုက်မှာ မဟုတ်ပါဘူးလေ...”

All Chapters