အလိုလိုက်ခြင်း
Vol. 24 Ch. 237
ချင်ကျင့် သည် အိပ်မပျော်မီမှာပင် သူ၏ အစေခံအား ရှန့်ကုန်း ထံသို့ သွားရောက် ပြောဆိုရန် ခက်ခက်ခဲခဲ မှာကြားလိုက်သေး၏။
“ဒုတိယသခင်လေး က တစ်ယောက်ယောက်ရဲ့ အသုံးချတာကို ခံလိုက်ရတာ ဖြစ်မှာပါ... သူ့ကို အပြစ်မပေးဖို့ ဖေဖေ့ ကို သွားပြောပေးပါဦးနော်...”
ချင်ကျင့် ၏ မှာကြားချက်မှာ တစ်လှမ်း နောက်ကျသွားခဲ့ချေပြီ။ အစေခံ ရောက်ရှိသွားချိန်တွင်မူ ရှန့်ကုန်း သည် အပြစ်ပေးခြင်းကို စတင်နေခဲ့ချေပြီ။ ချင်အာ မှာမူ အရိုက်ခံရသဖြင့် မိဘများကို ငိုယိုကာ တိုင်တန်းနေတော့၏။
“ဖေဖေ... နားထောင်ပါဦး... အစ်ကိုကြီး က ကျွန်တော့်ရဲ့ အစ်ကိုအရင်းလေ... ရှန့်ကုန်း အိမ်တော် တစ်ခုလုံး က သူ့ကိုပဲ အားကိုးနေရတာကို... ကျွန်တော်က ဘာလို့ သူ့ကို ဒုက္ခပေးရမှာလဲဟင်...”
သို့သော်လည်း ရှန့်ကုန်း မှာမူ ထိုစကားကို ကြားသော်လည်း ရပ်တန့်ခြင်း မရှိဘဲ ပြင်းထန်စွာ ကျိန်ဆဲလိုက်လေသည်။
“အသုံးမကျတဲ့ အကောင်... မင်းက တို့ မိသားစုကို ဂုဏ်တက်အောင် မလုပ်နိုင်ရင်တောင်မှ အေးအေးဆေးဆေး နေရမှာပေါ့... အခုတော့ တစ်နေကုန် ပြဿနာတွေပဲ လိုက်ရှာနေတယ်ပေါ့လေ...”
ချင်အာ မှာမူ အလွန်ပင် မကျေမနပ် ဖြစ်သွားရလေသည်။
“ကျွန်တော်လည်း အစ်ကိုကြီး ရဲ့ နာမည် ဂုဏ်သတင်း တက်လာမှာကို မျှော်လင့်နေတာပါပဲလေ... ဒါက ဘာလို့ ကျွန်တော့် အမှား ဖြစ်သွားရတာလဲဟင်...”
“မင်း အပြင်မှာ တစ်ယောက်ယောက်ကို သွားပြီး ပြစ်မှားခဲ့လို့သာ... တစ်စုံတစ်ယောက်က မင်းရဲ့ အစ်ကိုကြီး ကို ဒီလိုမျိုး ယုတ်မာတဲ့ နည်းလမ်းနဲ့ ဒုက္ခပေးဖို့ ကြံစည်ခဲ့တာ မဟုတ်လား... အမှားတွေ အကုန်လုံးက မင်းကြောင့် ဖြစ်ရတာလေ...”
ချင်အာ သည် ထိုစကားကို ကြားသောအခါ မျက်လုံးထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ဖြတ်သန်းသွားရလေသည်။
“အခုချက်ချင်း ပြောစမ်း... ဒီ ကလောင်တံ ကို ဘယ်က ရခဲ့တာလဲဟင်... အဲ့ဒီတုန်းက မင်းနဲ့အတူ ဘယ်သူတွေ ရှိနေလို့လဲ... တို့ ရှန့်ကုန်း အိမ်တော် ကို ဘယ်သူကများ အကွက်ဆင်နေတာလဲဟင်...”
ရှန့်ကုန်း က မေးမြန်းလိုက်သည်။
“ကျွန်တော်... ကျွန်တော် မောယဲ့ကျဲ ဆိုင်ကနေ ဝယ်ခဲ့တာပါ... အဲ့ဒီနေ့က ကျွန်တော် ကိုယ်တိုင် သွားခဲ့တာပါ...”
မောယဲ့ကျဲ ဆိုသည်မှာ ချီ မင်းသားကြီးပိုင်ဆိုင်သောဆိုင်ဖြစ်၏။ ရှန့်ကုန်း နှင့် ချီ မင်းသားကြီး တို့မှာ ရန်ငြိုးလည်း မရှိသလို၊ပတ်သက်မှုလည်း မရှိကြရာ ချီ မင်းသားကြီး အနေဖြင့် ရှန့်ကုန်း အား ဒုက္ခပေးရန် အကြောင်းမရှိပေ။
ချင်အာ ၏ ဦးနှောက်မှာမူ ရှုပ်ထွေးနေတော့၏။ ရှန့်ကုန်း သည် အချိန်အတော်ကြာ မေးမြန်းသော်လည်း မည်သည့် လမ်းစမျှ မရရှိခဲ့ပေ။ ချင်အာ ကိုယ်တိုင်လည်း သေသေချာချာ မရှင်းပြနိုင်ခဲ့သည်မှာ အမှန် ပင်။
“မလိမ္မာတဲ့ အကောင်... ဘယ်သူက မင်းကို အသုံးချနေလဲ ဆိုတာတောင် မသိဘူးပေါ့လေ... မင်းလို သားမျိုး မရှိတာကမှ ပိုပြီး ကောင်းဦးမယ် ထင်တယ်...”
ရှန့်ကုန်း က ဒေါသတကြီး ကျိန်ဆဲလိုက်လေသည်။
ချင်အာ က ခေါင်းငုံ့ကာ မေးမြန်းလိုက်၏။
“ဖေဖေ့ မျက်စိထဲမှာတော့... ကျွန်တော်က အဲ့ဒီလောက်တောင် အသုံးမကျတဲ့သူ ဖြစ်နေတာလားဟင်...”
ရှန့်ကုန်း သည် ထိုစကားကို ကြားသောအခါ အလေးမထားဘဲ ဆက်လက် ဆူပူလိုက်လေသည်။
“ဒါမျိုး ဖြစ်လာမယ်မှန်း သိရင်တော့... မင်းမွေးကတည်းက ရေထဲကိုပဲ နှစ်သတ်လိုက်ပါတယ်...”
ရှန့်ကုန်း ကိုယ်တိုင်သည်လည်း အရာရှိလောကတွင် အောင်မြင်မှု မရှိသလို အထူးတလည် တတ်မြောက်သော ပညာလည်း မရှိလှပေ။ ထို့ကြောင့် သူသည် ရှန့်ကုန်း အိမ်တော် ၏ အနာဂတ်အတွက် သားကြီး ချင်ကျင့် အပေါ်တွင်သာ မျှော်လင့်ချက် အားလုံးကို ပုံအောထားခဲ့ခြင်း ဖြစ်ချေသည်။ သူ၏ စိတ်ထဲတွင်မူ ချင်အာ ၏ အသက်မှာ ချင်ကျင့် ၏ ဆံပင်တစ်ပင်လောက်တောင် တန်ဖိုး မရှိလှပေ။
“ဒီ မလိမ္မာတဲ့ အကောင်ကို ဆယ်ချက်လောက် ထပ်ရိုက်စမ်းပါ... ပြီးရင်တော့ တစ်လလောက် အကျဉ်းချထားလိုက်... ဒါမှ သူ မှတ်သွားမှာပေါ့...”
ရှန့်ကုန်း က သူ၏ အစေခံများကို မှာကြားလိုက်လေသည်။
ချင်ကျင့် သည် ခဏတာမျှသာ အိပ်စက်ခဲ့ရပြီးနောက် စာမေးပွဲခန်း သို့ ထပ်မံ၍ အသည်းအသန် သွားခဲ့ရပြန်သည်။ ကုမင်တာ့ သည် အရင်အတိုင်းပင် သူ့အား တွဲကူလျက် အထဲသို့ ခေါ်ဆောင်ပေးခဲ့၏။
“မင်းရဲ့ ကိုယ်ခန္ဓာကိုလည်း ဂရုစိုက်ဦးနော်... နေလို့ မကောင်းဘူး ဆိုရင်တော့ စစ်ဆေးရေးမှူး ကို အသိပေးဖို့ မမေ့နဲ့ဦး... စာမေးပွဲ တစ်ခုတည်း အတွက်နဲ့ ကိုယ့်ရဲ့ ကျန်းမာရေးကို အထိခိုက်မခံပါနဲ့ဦး...”
ကုမင်တာ့ က မအောင့်နိုင်တော့ဘဲ ထပ်မံ၍ ဖျောင်းဖျလိုက်ပြန်သည်။
ချင်ကျင့် က ခေါင်းညိတ်ပြသော်လည်း သူသည် စာမေးပွဲကို အသည်းအသန် ဆက်လက် ဖြေဆိုနေခဲ့လေသည်။ အစိုးရစာမေးပွဲကို သုံးကြိမ် ခွဲ၍ ကျင်းပရာ တစ်ကြိမ်လျှင် သုံးရက် ကြာမြင့်ပေသည်။ ပထမရက်များတွင်မူ ရာသီဥတု သာယာခဲ့သော်လည်း ဒုတိယမြောက် စာမေးပွဲ ၏ နောက်ဆုံးရက် မွန်းတည့်ချိန်တွင်မူ ရုတ်တရက် မိုးများ ပြင်းထန်စွာ ရွာသွန်းလာခဲ့ချေပြီ။
ကြီးမားလှသော မိုးစက်များမှာ စာမေးပွဲခန်း ၏ အမိုးပေါ်သို့ အရှိန်ပြင်းစွာ ကျဆင်းလာတော့၏။ ကုမင်တာ့ သည် မိုးသံကို ကြားလိုက်ရသည်နှင့် သူ၏ စာမေးပွဲ စာရွက်များကို ချက်ချင်းပင် သိမ်းဆည်းလိုက်လေသည်။ စာမေးပွဲခန်း ၏ အမိုးများမှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ရာ ဘယ်နေရာကနေ မိုးယိုမလဲ ဆိုသည်ကို သူ မသိနိုင်ပေ။ ထို့ကြောင့် သူ၏ စာရွက်များကို အရင်ဆုံး ကာကွယ်ထားလိုက်ခြင်းပင်။
ကုမင်တာ့ သည် အမိုးကို သေသေချာချာ လိုက်ကြည့်ရာ သူ ထိုင်သည့် နေရာမှာမူ မိုးယိုခြင်း မရှိသဖြင့် စိတ်အေးသွားရလေသည်။
“ကိုကိုရှန် ပြောတာ တကယ်ပဲ မှန်နေတာပဲ...”
ကိုကိုရှန် သည် ကုမိသားစု အိမ်သို့ တကူးတက လာရောက်ကာ နောက် နှစ်ရက်အတွင်း မိုးရွာလိမ့်မည်ဟု သတိပေးခဲ့သည်။
“တကယ်ပဲ ကံကောင်းလိုက်တာ...”
ကုမင်တာ့ က သက်ပြင်းချလိုက်မိလေသည်။
သူသည် အရင်ကတော့ စာမေးပွဲ ဖြေဆိုလျှင် ကံဆိုးလေ့ ရှိသူ ဖြစ်ပေသည်။ သို့သော်လည်း နျိုနျိုလေး ကို သမီးအဖြစ်လက်ခံလိုက်ကတည်းက အနည်းဆုံးတော့ စာမေးပွဲ စာရွက်များကို ချောမွေ့စွာ ပေးအပ်နိုင်ခဲ့သည်။ နျိုနျိုကြောင့်လည်း ကိုကိုရှန် နှင့် ရင်းနှီးခွင့် ရရှိခဲ့ခြင်းပင်။ အကယ်၍သာ သူ၏ အရင် ကံတရားအတိုင်း ဆိုလျှင်မူ ယခုအခါတွင် သူသည် မိုးရေစိုနေသော ကြက်ကလေး တစ်ကောင် ကဲ့သို့ပင် ဖြစ်နေရပေလိမ့်မည်။
“ကျွန်တော့် စာရွက်တွေ... ကျွန်တော့် စာရွက်တွေ...”
မိုးသံများကြားမှ မလှမ်းမကမ်းမှ အော်ဟစ်သံများကို ကုမင်တာ့ ကြားလိုက်ရလေသည်။
“ဆူညံသံ မထွက်စေနဲ့...”
စစ်ဆေးရေးမှူး က မိုးကာအင်္ကျီ ဝတ်လျက် လှမ်း၍ ငေါက်လိုက်လေသည်။
ကုမင်တာ့ သည် ရင်ထဲမှ ဝမ်းသာမှုကို ထိန်းချုပ်ထားလိုက်၏။ မိုးရွာပြီးနောက်တွင်မူ စာမေးပွဲခန်း အတွင်း၌ မှောင်အတိ ကျသွားသဖြင့် သူသည် ဘေးရှိ ဆီမီးအိမ်ကို ထွန်းကာ မီးရောင်ဖြင့် ဆက်လက် ဖြေဆိုနေခဲ့လေသည်။ မလှမ်းမကမ်းရှိ နေရာတစ်ခုတွင်မူ ချင်ကျင့် သည်လည်း ဆီမီးအိမ်ကို ထွန်းထားခဲ့ချေပြီ။
မိုးရေများကြောင့် အေးစက်စိုစွတ်နေသဖြင့် ချင်ကျင့် မှာမူ တစ်ကိုယ်လုံး တုန်ယင်နေသော်လည်း လက်တစ်ဖက်ဖြင့် ကလောင်ကို ကိုင်ကာ အခြားလက်တစ်ဖက်ဖြင့်မူ ယိုင်နဲ့နေသော သူ၏ ကိုယ်ခန္ဓာကို ထိန်းရင်း ခက်ခက်ခဲခဲပင် ဖြေဆိုနေတော့၏။
“မြန်မြန်... မြန်မြန် ပြီးအောင် လုပ်ရမယ်...”
ချင်ကျင့် သည် သူ၏ စိတ်ထဲမှနေ၍ မိမိကိုယ်ကိုယ် အားပေးနေမိတော့သည်။
အချိန် မည်မျှ ကြာသွားသည်ကိုမူ မသိတော့ပေ။ ချင်ကျင့် သည် နောက်ဆုံးတွင်မူ ကလောင်ကို ချလိုက်နိုင်ခဲ့ချေပြီ။ သူသည် အဖြေလွှာကို သေသေချာချာ သိမ်းဆည်းလိုက်ပြီးနောက် စာမေးပွဲခန်း အတွင်းရှိ ထိုင်ခုံရှည်ပေါ်တွင် မှီလျက် လဲလျော်လိုက်ရတော့၏။ သူ၏ မျက်စိရှေ့တွင် မှောင်အတိ ကျသွားပြီး သတိမေ့မြောသွားလေတော့သည်။
တတိယမြောက်နေ့ ညနေပိုင်းတွင်မှ စာမေးပွဲခန်း တံခါးကြီး ပွင့်သွားခဲ့ရာ ဖြေဆိုသူများမှာ တစ်ဦးပြီး တစ်ဦး စာရွက်များ အပ်ကာ အပြင်သို့ ထွက်လာခဲ့ကြကုန်၏။ ကုမင်တာ့ သည် စာရွက်အပ်ပြီးနောက် ခြင်းတောင်းကို ကိုင်ဆောင်ကာ ထွက်လာခဲ့ရာ ချင်ကျင့် ၏ နေရာကို ဖြတ်သွားစဉ် ကုလားထိုင်ပေါ်တွင် လဲလျော်နေသော ချင်ကျင့် အား မြင်တွေ့လိုက်ရသဖြင့် ရင်တုန်သွားရလေသည်။
“စာမေးပွဲ ပြီးရင် အပြင်ထွက်ပါ... ဒီမှာ မနေရဘူးလေ...”
စစ်ဆေးရေးမှူး က ပြောလိုက်၏။
“လူကြီးမင်း... ဒီကလေးက ကျွန်တော့်ရဲ့ တူ တစ်ယောက်လိုပါပဲ... သူက ရှန့်ကုန်း အိမ်တော် က သခင်လေး လည်း ဖြစ်ပါတယ်လေ... သူက ကိုယ်ခန္ဓာ အားနည်းပါလျက်နဲ့ စာမေးပွဲကို အတင်း ဝင်ဖြေနေတာပါ... အခုတော့ သူ မေ့မြောသွားပြီ ထင်တယ်... သူ့ကို သတိပြန်ဝင်လာအောင် လုပ်ပေးနိုင်မယ့်သူ ရှိမလားဟင်...”
ကုမင်တာ့က မေးလိုက်လေသည်။
ကုမင်တာ့ သည် “ရှန့်ကုန်း အိမ်တော် က သခင်လေး” ဟူသော အဆင့်အတန်းကို တမင်တကာ ထည့်ပြောလိုက်သဖြင့် စစ်ဆေးရေးမှူး သည်လည်း ပေါ့ပေါ့ဆဆ မလုပ်ဝံ့တော့ပေ။ သူသည် ခေတ္တမျှ တွေဝေနေပြီးနောက်အော်ဟစ်လိုက်လေသည်။
“မြန်မြန် လာကြစမ်းပါဦး...”
ခေတ္တမျှ ကြာပြီးနောက်တွင်မူ လူတိုင်းမှာ ထိတ်လန့်သွားကြရလေသည်။
“လူကြီးမင်း... ဒီသခင်လေး ရဲ့ မျက်နှာက နီမြန်းနေသလို တစ်ကိုယ်လုံးလည်း အရမ်း ပူနေပါတယ်... ဘယ်လိုပဲ ခေါ်ခေါ် နိုးမလာတော့ပါဘူး...”
ချင်ကျင့် ဤမျှအခြေအနေ ဆိုးရွားလိမ့်မည်ဟု ကုမင်တာ့ မထင်မှတ်ထားခဲ့ပေ။ လူများက ထမ်းစင်ဖြင့် သယ်ဆောင်သွားသည်ကို မြင်သောအခါ ကုမင်တာ့ က ထပ်မံ သတိပေးလိုက်လေသည်။
“လူကြီးမင်း... ဒီကလေး အတွက်ကတော့ စာမေးပွဲ က အသက်ထက်တောင် ပိုပြီး အရေးကြီးတာလေ... သူ ရေးထားတဲ့ အဖြေလွှာတွေလည်း ရှိနေမှာ သေချာပါတယ်နော်...”
ကုမင်တာ့ ၏ သတိပေးချက်ကြောင့် စစ်ဆေးရေးမှူး သည် စာမေးပွဲ စားပွဲပေါ်မှ ချင်ကျင့် ၏ အဖြေလွှာများကို ရှာဖွေတွေ့ရှိသွားပြီး သေသေချာချာ ပြန်လည် သိမ်းဆည်းထားလိုက်လေတော့သည်။
ရှန့်ကုန်း အိမ်တော် မှ အစေခံများမှာ ကျောင်းတော် အပြင်ဘက်တွင် စောင့်ဆိုင်းနေကြပြီ ဖြစ်ရာ ချင်ကျင့် အား မြင်လိုက်ရသည်နှင့် စိုးရိမ်တကြီးဖြင့် ဝိုင်းအုံလာကြပြီး မြင်းလှည်းပေါ်သို့ အမြန် တင်ဆောင်သွားခဲ့ကြကုန်၏။ ကုမင်တာ့ သည် ထီးကို ဆောင်းကာ စောင့်ဆိုင်းနေသော သူ၏ မိသားစုဝင်များထံသို့ လျှောက်လှမ်းလာခဲ့လေသည်။
“ဖေဖေ... ပင်ပန်းနေပြီလားဟင်... ဗိုက်ဆာနေပြီလား... စားချင်တာ ရှိလားဟင်...”
မြင်းလှည်းပေါ်သို့ ရောက်သည်နှင့် နျိုနျိုသည် ကုမင်တာ့ ၏ ခြေထောက်များကို ဝီရိယရှိရှိဖြင့် နှိပ်ပေးနေတော့၏။ ကုမင်တာ့ သည် သမီးဖြစ်သူ၏ ပြုစုမှုကို ခံယူရင်း ပျော်ရွှင်လွန်းသဖြင့် ရင်ထဲတွင် ကြည်နူးနေမိတော့သည်။
“မပင်ပန်းပါဘူး သမီးလေး ရယ်... ဒါပေမဲ့ ဗိုက်တော့ နည်းနည်း ဆာတယ်လေ... သမီးလေးကော ထမင်းစားပြီးပြီလားဟင်...”
ကုမင်တာ့ က မေးမြန်းလိုက်သည်။
နျိုနျိုသည် သူမ၏ မုန့်များကို ရက်ရက်ရောရော ထုတ်ပေးလိုက်လေသည်။
“ဒါက ဝက်သားခြောက် လေ... ဒါကတော့ နှင်းမြူမုန့်... အစ်မရှူးယင်း က သမီးအတွက် အထူး လုပ်ပေးထားတာဆိုတော့ အရမ်း စားလို့ကောင်းတယ်နော်...”
နျိုနျိုသည် ထို အရသာရှိသော အစားအစာများအကြောင်းကို ရတနာ တစ်ခုလိုမျိုး ဂုဏ်ယူစွာ ပြောပြနေတော့၏။
ကုမင်တာ့ သည် နှင်းမြူမုန့် ကို တစ်လုပ် မြည်းစမ်းကြည့်လိုက်ရာ ဤကဲ့သို့သော ထူးခြားလှသော အရသာမျိုးကို သူ တခြားနေရာမှာ တစ်ခါမျှ မမြင်ဖူးခဲ့သည်မှာ အမှန် ပင်။ သူသည် အရင်ကတော့ စာမေးပွဲအတွက် ပြင်ဆင်နေသဖြင့် အရူးမလေး ကို သတိမထားမိခဲ့သော်လည်း ယခု စာမေးပွဲ ပြီးဆုံးသွားပြီ ဖြစ်သဖြင့် ထို အရူးမလေး အကြောင်းကို ခေတ္တမျှ စဉ်းစားနေမိတော့သည်။
သို့သော်လည်း အစီအစဉ်များမှာမူ ပြောင်းလဲမှုများ ရှိနေဆဲ ပင် ဖြစ်ချေသည်။ နောက်တစ်နေ့ မနက်တွင် ကုမင်တာ့ နိုးလာသည်နှင့် နျိုနျိုလေး က မေးမြန်းလိုက်လေသည်။
“ဖေဖေ... ဒီနေ့ စာဖတ်ရဦးမှာလားဟင်...”
ကုမင်တာ့ က ခေါင်းခါပြလိုက်သည်။
“ဒါဆို စာတမ်းတွေကော ရေးဦးမှာလားဟင်...”
ကုမင်တာ့ က ထပ်မံ၍ ခေါင်းခါပြလိုက်ပြန်၏။ နျိုနျို ၏ မျက်နှာမှာ သိသိသာသာပင် ပျော်ရွှင်သွားရပြီး ကုမင်တာ့ ၏ အင်္ကျီစကို ဆွဲကာ မေးမြန်းလိုက်လေသည်။
“ဖေဖေ... တခြား လုပ်စရာ မရှိဘူး ဆိုရင်တော့... တို့တွေ ပိုင်ယွင်မြို့နယ် ကို သွားပြီး ကိုကို တို့ကို သွားတွေ့ကြမလားဟင်...”
ကုမင်တာ့ သည် ပြောမည့် စကားများကိုပင် မျိုချလိုက်ရလေသည်။ သမီးဖြစ်သူက ထိုသို့ ချော့မော့ တောင်းဆိုနေမှတော့ သူက တခြားအလုပ်များကို လုပ်နိုင်ပါဦးမည်လား။