← Chapters

ကျောင်းထွက်ခြင်း

Vol. 24 Ch. 238

ကျောင်းထွက်ခြင်း

Vol. 24 Ch. 238

ကုမင်တာ့ သည် မင်းသမီးကြီး အိမ်တော်သို့ စာတစ်စောင် ပေးပို့လိုက်ရာ ရှန်ချန်ဖုန်း သည် ချက်ချင်းပင် လိုက်ပါလာခဲ့ချေပြီ။

ပိုင်ယွင်မြို့နယ် သို့ ရောက်ရှိပြီး အဘိုးယန် ၏ ဆေးခန်းအတွင်းသို့ ဝင်ဝင်ချင်းမှာပင် အားကျောက် ၏ မကျေနပ်သော အော်ဟစ်သံများမှာ အိမ်ခေါင်မိုးကိုပင် ဖောက်ထွက်မတတ် ရှိနေတော့၏။

“အခုမှပဲ လာတွေ့ကြတော့တယ်ပေါ့လေ... ဘာတွေ အဲ့ဒီလောက်တောင် အလုပ်များနေကြလို့လဲဟင်... ကျွန်တော် ကျောင်းပိတ်တုန်းကလည်း ဘယ်သူမှ လာမခေါ်ကြဘူးလေ... ကျွန်တော့်ကို မေ့သွားကြပြီလားဟင်... တကယ့်ကို ရက်စက်ကြတာပဲနော်...”

ကုမင်တာ့ သည် ထို မျောက်ကလေးအား မမြင်တွေ့ရသည်မှာ ကြာပြီ ဖြစ်သော်လည်း မြင်လိုက်ရသည်နှင့် လက်ကပင် ယားလာရသည်မှာ အမှန် ပင်။

“ကိုကိုလတ် ရယ်... မေ့သွားတာလားဟင်... ဖေဖေ က စာမေးပွဲ ဖြေရမှာဆိုတော့... ဒီတစ်ခါတော့ လာမခေါ်ပါဘူးလို့ ကတိပေးထားတာ မဟုတ်လား...”

နျိုနျိုက ညင်သာစွာ သတိပေးလိုက်လေသည်။

အားကျောက် သည် နှမဖြစ်သူ ပေးသော မုန့်ကို ကိုင်ထားလျက် ဖခင်ဖြစ်သူ၏ မျက်နှာကြီး သုန်မှုန်နေသည်ကို မြင်သောအခါ လန့်သွားရှာသည်။

“ကျွန်တော်... ကျွန်တော်က...”

ရှန်ချန်ဖုန်း ကမူ အမြဲတမ်း အလိုက်မသိတတ်သူ ပီပီ သတိပေးလိုက်လေသည်။

“အားကျောက်... နျိုနျိုလေး က မင်းထက်တောင် ငယ်သေးတာလေ... သူတောင်မှ အကုန် မှတ်မိနေတာကို...”

အားကျောက် မှာမူ ထပ်မံ၍ အပြစ်ရှိသလို ခံစားလိုက်ရပြန်၏။ ကုမင်တာ့ ကမူ ထို အသုံးမကျသော သားငယ်အား အရေးမစိုက်လိုတော့သဖြင့် ပြောလိုက်လေသည်။

“ကောင်းပါပြီ... မင်း မှတ်ထားဖို့လည်း ငါ မမျှော်လင့်ပါဘူးလေ...”

ကုမင်တာ့ က ထိုသို့ အလျှော့ပေးလိုက်သော်လည်း အားကျောက် ကမူ ဦးအောင် ပြန်ပြောလိုက်လေသည်။

“ဟုတ်ကဲ့ပါ ဖေဖေ... နောက်တစ်ခါကျရင်တော့ သေချာပေါက် မှတ်ထားပါ့မယ်နော်...”

ကုမင်တာ့ က ခေါင်းညိတ်ပြလိုက်၏။ သို့သော်လည်း အားကျောက် မှာမူ စားစရာ မြင်လျှင် အရာရာကို မေ့လျော့တတ်သူ ပီပီ ထပ်မံ မေးမြန်းလိုက်ပြန်သည်။

“ဖေဖေ... ဒီတစ်ခါ စာမေးပွဲကော အဆင်ပြေရဲ့လားဟင်... အရာရှိကြီး ဖြစ်လာတော့မှာလား... ဒါဆိုရင်တော့ ကျွန်တော်လည်း အရာရှိ သား ဖြစ်သွားပြီပေါ့လေ... အဲ့ကျရင် လူတွေက ကျွန်တော့်ကို သခင်လေး လို့ ခေါ်ကြမှာပေါ့... ဝါး... အရမ်း ဂုဏ်ယူစရာ ကောင်းမှာပဲနော်...”

ကုမင်တာ့ သည် ထိုစကားကို ကြားသောအခါ မျက်နှာကြီး သုန်မှုန်သွားရလေသည်။

“ငါ စာမေးပွဲ ဖြေတာဟာ... မင်း သူများတွေကို ကြွားဖို့အတွက်လို့ ထင်နေတာလားဟင်...”

အားကျောက် က ခေါင်းငုံ့လိုက်ရှာ၏။

“ကျွန်တော်... ကျွန်တော်က ဒီတိုင်း ပြောလိုက်တာပါ... ဖေဖေ အရမ်းကြီး မတွေးပါနဲ့တော့နော်...”

ကုမင်တာ့ က စိတ်ရှည်စွာဖြင့် ဆုံးမလိုက်လေသည်။

“ငါ စာမေးပွဲ အောင်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ... မင်းကို ခဏလောက်ပဲ ထောက်ပံ့ပေးနိုင်မှာပေါ့လေ... တစ်သက်လုံး တကယ် အားကိုးလို့ ရမယ့်အရာကတော့ မင်းရဲ့ ကိုယ်ပိုင် အရည်အချင်းပဲ ရှိတာလေ...”

ဖခင်ဖြစ်သူက ထပ်မံ၍ အကျိုးအကြောင်းများ ဆုံးမတော့မည်ကို မြင်သောအခါ အားကျောက် ၏ ခေါင်းမှာ ချက်ချင်းပင် ကြီးသွားရလေတော့သည်။

“နားလည်ပါပြီ... နားလည်ပါပြီ ဖေဖေ... ထပ်မပြောပါနဲ့တော့နော်...”

အားကျောက် က အသည်းအသန် တောင်းပန်လိုက်လေသည်။

အားကျောက် ဘဝတွင် အကြောက်ဆုံး အရာမှာ ဖခင်ဖြစ်သူ နှင့် ကိုကိုကြီး တို့၏ တတွတ်တွတ် ဆုံးမသံများကို နားထောင်ရခြင်းပင်။

ရှန်ချန်ဖုန်း မှာမူ သင်ခန်းစာ ရသွားသည့်အလားပင်။

“ဆရာကု ပြောတာ မှန်ပါတယ်နော်... ကိုယ်ပိုင် အရည်အချင်း ရှိမှသာ ဘဝက အဆင်ပြေမှာပေါ့လေ... ကျွန်တော့် အနေနဲ့ရော ဘာတွေကို သင်ယူသင့်တယ်လို့ ဆရာ ထင်လဲဟင်...”

ရှန်ချန်ဖုန်း သည် ဘဝ၏ ပထမပိုင်းကာလများကို ဇဝေဇဝါဖြင့်သာ ဖြတ်သန်းခဲ့ရသော်လည်း ယခု ကုမင်တာ့ ၏ တပည့် ဖြစ်လာချိန်တွင်မူ သူ၏ ဦးနှောက်မှာ အရင်ကထက် များစွာ ပို၍ ကြည်လင်လာသည်ဟု ခံစားနေရခြင်း ပင်။

“မင်းရဲ့ အားသာချက်တွေကို ပိုပြီး စဉ်းစားကြည့်ပါ... ပြီးတော့ အဲ့ဒီ အားသာချက်တွေကို ကိုယ်ပိုင် အရည်အချင်း ဖြစ်လာအောင် ကြိုးစားကြည့်ပေါ့လေ...”

ရှန်ချန်ဖုန်း က သက်ပြင်းချလိုက်၏။

“ကျွန်တော့်မှာ အားသာချက် မရှိပါဘူးလေ... ဒီရက်ပိုင်းမှာ အိမ်ကို ပန်းချီဆရာ ခေါ်ပြီးတော့ သင်ကြည့်သေးတယ်... ဒါပေမဲ့ ကျွန်တော့်မှာ ပန်းချီ ပါရမီ မရှိမှန်းပဲ သိလိုက်ရတယ်...”

ကုမင်တာ့ က သတိပေးလိုက်လေသည်။

“ရာသီဥတုကို အကဲခတ်နိုင်တာကလည်း မင်းရဲ့ အားသာချက် တစ်ခုပဲ မဟုတ်လား...”

ရှန်ချန်ဖုန်း က မေးမြန်းလိုက်၏။

“ကျွန်တော်က ရာသီဥတု အကဲခတ်တဲ့ နေရာမှာပဲ အလုပ်လုပ်ရမယ့် ကံပါလာတာလားဟင်...”

“မင်းက မကြိုက်လို့လား...”

ကုမင်တာ့ က ပြန်မေးလိုက်လေသည်။

ရှန်ချန်ဖုန်း က ခေါင်းခါပြလိုက်၏။

“ကျွန်တော်လည်း မသိဘူးလေ...”

“ရာသီဥတုကို သိထားတာဟာ လယ်ယာလုပ်ငန်းမှာလည်း အရမ်း အရေးကြီးတယ်... လူ့ဘဝ ဆိုတာ ရှည်လျားလှပါတယ်... ဖြည်းဖြည်းချင်းပဲ စဉ်းစားကြတာပေါ့...”

ကုမင်တာ့ သည် ရှန်ချန်ဖုန်း အပေါ်တွင် အမြဲတမ်း စိတ်ရှည်ပေးသူ ဖြစ်ချေသည်။

ဘေးနားရှိ အားကျောက် သည် ထိုစကားကို ကြားသောအခါ မိမိ၏ ဉာဏ်နီဉာဏ်နက်များကို ထပ်မံ ထုတ်ပြလိုက်ပြန်သည်။

“ဖေဖေ... လူ့ဘဝ က ရှည်လျားလှပါတယ်လို့ ဖေဖေ ကိုယ်တိုင် ပြောတာပဲ မဟုတ်လား... ဒါကြောင့် ကျွန်တော် တစ်ရက်လောက် အနားယူတာဟာ ဘာမှ မဖြစ်ပါဘူးလေ... ကျွန်တော် ဒီနေ့ရော၊ မနက်ဖြန်ရော၊ သဘက်ခါရော သုံးရက်လောက် ကျောင်းနားလိုက်မယ်လေ... ဖေဖေတို့နဲ့အတူ အိမ်ပြန်ပြီးတော့ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားချင်လို့လေ...”

ထိုစကား ထွက်ပေါ်လာသည်နှင့် ကုမင်တာ့ ၏ အေးစက်လှသော အကြည့်များကိုသာ သူ ရရှိလိုက်လေတော့သည်။

“ငါက သူ့ရဲ့ ဆရာလေ... မင်းရဲ့ ဆရာ မဟုတ်ဘူးနော်... မင်းရဲ့ ဆရာ က မြို့ထဲကို သွားနေတာ မှန်ပေမဲ့ အလုပ်တွေ အများကြီး ပေးခဲ့တယ် မဟုတ်လား... အဲ့ဒါတွေကို မပြီးသေးဘဲနဲ့ အိမ်ပြန်ဖို့ စဉ်းစားရဲသေးတယ်ပေါ့လေ...”

ကုမင်တာ့က ချက်ချင်း မေးမြန်းလိုက်သည်။

အားကျောက် သည် အဘိုးယန် ၏ ပြင်းထန်လှသော နည်းလမ်းများကို သတိရလိုက်သည်နှင့် ချက်ချင်းပင် တုန်ယင်သွားရလေတော့သည်။ နျိုနျိုကလည်း ဘေးမှနေ၍ ဝင်ပြောလိုက်၏။

“ကိုကိုလတ်... ကိုကို က ပညာသင်ရမှာကို ပျင်းနေတာလားဟင်... အလုပ်ကို ကြိုးစားရမှာပေါ့... ဆော့ဖို့ပဲ မတွေးနဲ့ဦးလေ...”

အားကျောက် သည် ထိုစကားကြောင့် နှုတ်ခမ်းလေး စူကာ နျိုနျို အား ပြန်လည် တိုင်တန်းလိုက်လေသည်။

“ညီမလေး ကလည်း... အခုဆိုရင် ကျမ်းစာတွေ ရွတ်ပြပြီး လူကြီးလို လုပ်တတ်နေပြီပေါ့လေ...”

နျိုနျိုက ပြောလိုက်၏။

“ကိုကိုသာ စာကို ကြိုးကြိုးစားစား မသင်ဘူး ဆိုရင်တော့... သမီး နောက်ကျရင် နေ့တိုင်း ကိုကို့ကို ကျမ်းစာတွေနဲ့ ဆုံးမနေမှာနော်... ကိုကိုနဲ့လည်း ဆော့မှာ မဟုတ်တော့ဘူးလေ...”

အားကျောက် မှာမူ ခေါင်းပင် ကြီးသွားရလေတော့သည်။ ရှန်ချန်ဖုန်း က ရုတ်တရက် မေးမြန်းလိုက်၏။

“အားကျောက်... အဘိုးယန် ပိုင်ယွင်မြို့နယ် ကနေ ထွက်သွားတာ ဘယ်လောက်တောင် ကြာပြီလဲဟင်...”

အားကျောက် သည် လက်ချောင်းလေးများကို ရေတွက်ကြည့်ပြီးနောက် ပြန်ဖြေလာ၏။

“တစ်ရက်၊ နှစ်ရက်... ခြောက်ရက် ရှိပြီ... ဆရာ ထွက်သွားတာ ခြောက်ရက် ရှိသွားပြီနော်...”

ရှန်ချန်ဖုန်း သည် မျက်မှောင် အနည်းငယ် ကြုတ်သွားရ၏။ ကုမင်တာ့ က ပါးနပ်သူ ဖြစ်ရာ မေးမြန်းလိုက်လေသည်။

“မြို့တော်မှာ ဘာသတင်းတွေများ ကြားခဲ့လို့လဲဟင်...”

“ဒီရက်ပိုင်းမှာ ကျင့်အန်းပေါ် အိမ်တော် မှာ ပြဿနာတွေ ဖြစ်နေတာလေ... ကျွန်တော့် ဦးလေး ကတောင်မှ သူတို့ကို ဆူပူဖို့ အမိန့် ထုတ်ခဲ့ရတာ... ပြဿနာ က အရမ်း ကြီးသွားတော့ သူတို့လည်း မျက်နှာ ပျက်ကုန်တာပေါ့လေ... ကျင့်အန်းပေါ် က သူ၏ သားကို နန်းလျာအဖြစ် တင်မြှောက်ဖို့ တောင်းဆိုထားတာကိုလည်း ဦးလေး က ခေတ္တ ဆိုင်းငံ့ထားလိုက်တယ်လေ... အပြင်မှာ ပြောနေကြတာတော့ အဲ့ဒီကိစ္စကတော့ ပျက်သွားဖို့ များတယ်တဲ့လေ...”

“ဒါဟာ သမားတော်ကြီးယန် လုပ်လိုက်တာလားဟင်...”

ကုမင်တာ့ က မေးမြန်းလိုက်သည်။

“ကျွန်တော်လည်း သေသေချာချာတော့ မသိပါဘူးလေ... ပတ်သက်မှု ရှိ၊ မရှိ ဆိုတာကိုတော့ မသိရသေးဘူးပေါ့...”

ရှန်ချန်ဖုန်း က ပြန်ပြောလိုက်သည်။

သို့သော်လည်း ကုမင်တာ့ ကမူ ဤကိစ္စမှာ သမားတော်ကြီးယန် ၏ လက်ချက်သာ ဖြစ်လိမ့်မည်ဟု တွက်ချက်ထားပေသည်။ မဟုတ်လျှင် ကျင့်အန်းပေါ်အိမ်တော် မှာ နှစ်ပေါင်းများစွာ အေးဆေး ရှိနေခဲ့ပါလျက်နှင့် အကြောင်းမဲ့ကြီး ဘာလို့ အခုမှ ပြဿနာ ဖြစ်ရပါမည်နည်း။

“ကိုကိုယန်လန် ရော ကျောင်းမှာ အနိုင်ကျင့်ခံရသေးလားဟင်...”

နျိုနျိုသည် ထိုကိစ္စကို ပို၍ စိတ်ဝင်စားနေခြင်း ပင်။

အားကျောက် က ခေါင်းခါပြ၏။

“ကိုကိုကြီး နဲ့ ယန်လန် တို့က အမြဲတမ်း အတူတူ ရှိနေကြတာဆိုတော့... ဒီရက်ပိုင်းမှာတော့ ဘယ်လူဆိုးမှ လာပြီး မနှောင့်ယှက်ရဲကြပါဘူး...”

ပိုင်ယွင် ကျောင်းတော် မှာ ယနေ့ ကျောင်းမပိတ်သော်လည်း အားယန် နှင့် ယန်လန် တို့မှာမူ မွန်းတည့်ချိန်တွင် မိသားစုဝင်များ ရောက်ရှိနေသည်ကို သိရှိသဖြင့် အချိန်ဖယ်ကာ ထွက်လာခဲ့ကြကုန်၏။

“ဖေဖေ... ဆရာ မူဟုန်ကျီက ကျွန်တော့်ကို တပည့်အဖြစ် လက်ခံချင်တယ်လို့ ပြောပါတယ်လေ...”

အားယန် သည် တွေ့တွေ့ချင်းမှာပင် အလွန် ကြီးမားလှသော သတင်းကောင်းကို ပြောပြလိုက်လေတော့သည်။

ကုမင်တာ့ သည် အလွန်ပင် အံ့သြသွားရ၏။

“ဒါ တကယ်လားဟင်...”

မူဟုန်ကျီ ဆိုသည်မှာ နာမည်ကြီးလှသော ပညာတတ်ကြီး တစ်ဦး ဖြစ်ပေသည်။ သာမန်လူများ တွေ့ဆုံရန်ပင် ခက်ခဲလှသည်။ ကုမင်တာ့ သည် သားဖြစ်သူ ဤမျှအထိ ကံကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အားယန် က ခေါင်းညိတ်ပြကာ ရှင်းပြလိုက်လေသည်။

“သူက ဆရာ မူဟုန်ကျီ ဖြစ်မှန်း ကျွန်တော် အစက မသိခဲ့ဘူး... သူက ကျောင်းကို သန့်ရှင်းရေး လုပ်ပေးနေတဲ့ အဘိုးကြီး တစ်ယောက်လို ဟန်ဆောင်ထားတာလေ... သူက ခါးနာနေလို့ ဆိုပြီး ကျွန်တော်တို့ဆီမှာ အကူအညီ တောင်းတာနဲ့တင်... ကျွန်တော်က ဝိုင်းကူပေးလိုက်တာပါ... အဲ့ဒီတော့မှ သူက ကျွန်တော့်ကို တပည့်အဖြစ် လက်ခံချင်တယ်လို့ ပြောလာတာ...”

အားယန် သည် ယခင် စာမေးပွဲတုန်းက ထီးပေးခဲ့သည့် ကိစ္စကြောင့် ဆရာကြီး စိတ်ထဲတွင် စွဲထင်နေခဲ့မှန်း မသိရှိခဲ့ပေ။ သူ ထင်မှတ်ထားသည်မှာ မိမိ အလိုက်သိစွာ ကူညီပေးခဲ့သဖြင့်သာ ဆရာကြီး က တပည့်လက်ခံခြင်း ဖြစ်လိမ့်မည် ဟူ၍ ပင်။

“ကိုကိုကြီး က စိတ်ထားကောင်းတာဆိုတော့... ကံကောင်းခြင်းတွေ ရလာတာပေါ့... ဒါဟာ ကောင်းမှုပြုလို့ ကောင်းကျိုး ရတာပါပဲလေ...”

နျိုနျိုလေး က ဘေးမှနေ၍ မြှောက်ပင့် ပြောဆိုလိုက်လေသည်။

ယန်လန် ၏ မျက်နှာတွင်မူ နောင်တရသော အမူအရာများဖြင့် ပြည့်နှက်နေတော့၏။

“မနေ့က ဆရာကြီး မူ က ကျောင်းသားတွေဆီမှာ အကူအညီ တောင်းခဲ့တာလေ... အားယန် က ရှေ့ထွက်ပြီး ကူညီပေးလိုက်တာကို မြင်တော့ ကျွန်တော်တို့ကတော့ ဆင်ပြေသွားပြီလို့ ထင်ခဲ့ကြတာ... အားယန် ကူညီပေးနေတဲ့ အချိန်မှာ တို့တွေက စာသင်ချိန်လွတ်မသွားတော့ဘူး မဟုတ်လား... အဲ့ဒီလို ဖြစ်လာလိမ့်မယ်လို့ ဘယ်သူ သိမှာလဲဟင်...”

အားယန် က ပြန်လည် နှစ်သိမ့်လိုက်လေသည်။

“မင်း မှာလည်း ကူညီချင်တဲ့ စိတ် ရှိတာပဲလေ... ဒါဟာ တကယ့်ကို ကောင်းတဲ့ ကိစ္စပါပဲ... ဆွေ့ဟန် နဲ့တော့ မတူဘူးပေါ့... သူကတော့ သခင်လေး တစ်ယောက်လိုမျိုး မောက်မာပြခဲ့တာလေ... ကူညီဖို့ နေနေသာသာ ဆရာကြီး ရဲ့ အမှိုက်ဂေါ်ပြားကိုတောင် ကန်ထုတ်ခဲ့တာ မဟုတ်လား...”

ဆွေ့ဟန် အကြောင်းကို ပြောလိုက်သောအခါ၊ ယန်လန် လည်း မရယ်ဘဲ မနေနိုင်တော့ပေ။

“မင်း မသိသေးဘူး မဟုတ်လား... ဆွေ့ဟန် က အဲ့ဒီလောက်အထိ လွန်လွန်ကျူးကျူး လုပ်ခဲ့လို့ ကျောင်းအုပ်ကြီး က ပြင်းပြင်းထန်ထန် ဆူပူလိုက်တဲ့အပြင် ကျောင်းကနေပါ ထွက်ခိုင်းလိုက်ပြီလေ... အခု သူက ပိုင်ယွင် ကျောင်းတော် ရဲ့ ကျောင်းသား မဟုတ်တော့ပါဘူးနော်...”

All Chapters