ကျွန်တော်က မင်းသားပါ
Vol. 24 Ch. 239
နျိုနျိုသည် ထိုစကားကို ကြားသောအခါ သူမ၏ လက်သီးသေးသေးလေးကို ဝှေ့ယမ်းကာ ပြောလိုက်လေသည်။
“မကောင်းတာ လုပ်တဲ့သူဟာ မကောင်းတဲ့ ရလဒ်ပဲ ရမှာပေါ့လေ...”
ကလေးမလေး၏ အချိန်ကိုက် ပြောဆိုချက်ကြောင့် လူတိုင်း ရယ်မောလိုက်ကြကုန်၏။
“သမီး လည်း နောင်ကျရင် ကောင်းတာတွေ အများကြီး လုပ်မှာပေါ့... တစ်နေ့ကျရင် တကယ့်ကို တော်တဲ့သူ တစ်ယောက်ယောက်က သမီးကို တပည့်အဖြစ် လက်ခံကောင်း လက်ခံနိုင်တာပဲ မဟုတ်လား...”
နျိုနျိုလေး က အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ပြောဆိုလိုက်လေသည်။
မည်သူမျှ ထိုစကားကို အလေးမထားခဲ့ကြသော်လည်း ဘေးစားပွဲမှ ကောင်လေး တစ်ဦးကမူ ရုတ်တရက် ဝင်ပြောလိုက်လေသည်။
“ညီမလေးရယ်... ကျွန်တော်က တမင်ခိုးနားထောင်နေတာ မဟုတ်ပါဘူးနော်... ဒါပေမဲ့ ကျွန်တော် ပြောချင်တာကတော့ ကောင်းတာလုပ်တာဟာ စိတ်ရင်းနဲ့ပဲ ဖြစ်ရမယ်လေ... အခုလိုမျိုး အကျိုးအမြတ်ကို မျှော်ကိုးပြီး လုပ်မယ် ဆိုရင်တော့... ဒါဟာ စစ်မှန်တဲ့ ကောင်းမှု မဟုတ်တော့ပါဘူးလေ...”
ထို ကောင်လေးမှာ အသက် ခုနစ်နှစ် ရှစ်နှစ်ခန့် ရှိပုံရပြီး ခမ်းနားလှသော ဝတ်စုံကို ဝတ်ဆင်ထားသလို သူ၏ ခါးတွင်လည်း တန်ဖိုးကြီးလှသော ကျောက်စိမ်းဆွဲပြား တစ်ခုကို ချိတ်ဆွဲထားပေသည်။ ရှန်ချန်ဖုန်း သည် ထိုစကားကို ကြားသောအခါ လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ရှောင်ကျူ.. မင်း က အပြင်မှာ ဘယ်သူနဲ့ပဲ တွေ့တွေ့၊ အမြဲတမ်း ငြင်းခုံနေရမှ ကျေနပ်တာလားဟင်...”
ထို ကောင်လေးသည်လည်း ရှန်ချန်ဖုန်း ကို ယခုမှ မြင်တွေ့သွားသည့်အလား ချက်ချင်းပင် ထရပ်ကာ အရိုအသေ ပေးလိုက်လေသည်။
“ဝမ်းကွဲကိုကို ချန်ဖုန်း...”
ထို ကောင်လေးက ရိုရိုသေသေ ခေါ်ဆိုလိုက်၏။
ရှန်ချန်ဖုန်း က ထိုဘက်သို့ ထပ်မံ ကြည့်လိုက်ရာ အသက် ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ်ခန့် ရှိပုံရသော အမျိုးသား နှစ်ဦးကိုပါ မြင်တွေ့လိုက်ရလေသည်။ ထိုနှစ်ဦးမှာမူ မတတ်သာဟန်ဖြင့် ထရပ်ကာ ရှန်ချန်ဖုန်း အား ဝမ်းကွဲကိုကို ဟုပင် ခေါ်ဆိုလိုက်ကြကုန်၏။
ရှန်ချန်ဖုန်း က ကုမင်တာ့ အား ရှင်းပြလိုက်လေသည်။
“ဆရာ... သူတို့က ကျွန်တော့် မေမေ ရဲ့ ဝမ်းကွဲမောင်နှမတွေကမွေးတဲ့ မြေးတွေပါ...”
ကုမင်တာ့ သည် ထိုသူများမှာ တော်ဝင်ဆွေမျိုးစုဝင်များ ဖြစ်မှန်း ချက်ချင်းပင် သဘောပေါက်သွားတော့၏။ မည်သည့် မင်းသား ၏ မျိုးဆက်များ ဖြစ်သည်ကိုမူ သူ မသိရှိရသေးပေ။
“ဒါက ငါ့ရဲ့ ဆရာ၊ ဆရာကု လေ... မင်းတို့တွေ မြန်မြန် လာပြီး အရိုအသေ ပေးကြစမ်းပါဦး...”
ထို သုံးဦးစလုံးမှာ ရှန်ချန်ဖုန်း ၏ မိတ်ဆက်ပေးမှုကို ကြားလိုက်ရသည်နှင့် ကုမင်တာ့ မှာ တရားဝင် ဆရာတစ်ဦး ဖြစ်မှန်း သိလိုက်ရသဖြင့် လူငယ်များ ပီပီ မသိချင်ယောင် ဆောင်၍ မရတော့ဘဲ ကုမင်တာ့ ထံသို့ ပြေးလာကာ အရိုအသေ ပေးလိုက်ကြလေသည်။ နျိုနျိုသည် သူတို့ကို စပ်စုချင်သော မျက်လုံးများဖြင့် ကြည့်နေမိတော့၏။
လီရွှမ်ဟု ခေါ်သော ထို ကောင်လေးမှာမူ နျိုနျို သည် ရှန်ချန်ဖုန်း ၏ ဆရာ့သမီး ဖြစ်မှန်း သိသော်လည်း လူကြီးလူကောင်း ပုံစံဖြင့်ပင် ပြောလိုက်လေသည်။
“လူကြီးလူကောင်း တစ်ယောက် ဆိုတာ ကိုယ့်ရဲ့ စိတ်ရင်းအတိုင်းပဲ လုပ်ဆောင်ရမှာပေါ့... အကျိုးအမြတ်ကို အရမ်း မမျှော်ကိုးသင့်ပါဘူးလေ...”
နျိုနျို က ခေါင်းလေးစောင်းကာ သဘာဝကျကျပင် ပြန်ပြောလိုက်၏။
“ဒါပေမဲ့ သမီး ဖေဖေ ပြောဖူးတာတော့... လူကြီးလူကောင်း တစ်ယောက် ဆိုတာ ကိုယ့်ရဲ့ လုပ်ရပ်တွေ အတွက် တာဝန်ယူရသလို အလုပ်တစ်ခု လုပ်ရင်လည်း ဆုလာဘ် ရရှိတာဟာ သဘာဝပဲတဲ့လေ...”
ကုမိသားစုတွင်မူ ပြန်လည် ရရှိမှုကို မမျှော်ကိုးရဟူသော သင်ကြားမှုမျိုး မရှိခဲ့ပေ။ အမြဲတမ်း တည်ငြိမ်လှသော အားယန် ပင်လျှင် ဘေးမှနေ၍ ဝင်ပြောလိုက်လေသည်။
“ကျွန်တော် ကောင်းတာတွေ လုပ်တဲ့အခါ တစ်ခုခု ပြန်ရဖို့ကို မမျှော်လင့်တာ မှန်ပေမဲ့... အကယ်၍ တကယ်ပဲ ဆုလာဘ်တွေ ရရှိမယ် ဆိုရင်တော့ ငြင်းပယ်မှာ မဟုတ်ပါဘူးလေ... ဒါဟာ ကိုယ့်ရဲ့ ကြိုးစားမှုအတွက် ထိုက်တန်တဲ့ ရလဒ်ပဲလို့ ခံစားရလို့ပါလေ...”
လီရွှမ် သည် ထိုစကားကို ကြားသောအခါ မျက်မှောင်များကို အရမ်း ကြုတ်ထားသဖြင့် ယင်ကောင်ပင် သေသွားနိုင်လောက်ပေသည်။ သူက ခေါင်းမာဟန်ဖြင့် ပြန်ပြောလိုက်၏။
“ကျွန်တော်ကတော့ အဲ့ဒီလို မထင်ပါဘူးလေ... ဆုလာဘ်ကို မျှော်လင့်တာဟာ လူကြီးလူကောင်း တစ်ယောက်ရဲ့ လုပ်ရပ် မဟုတ်ပါဘူးနော်...”
နျိုနျို က သူမ၏ မျက်နှာလေးကို မော့ကာ ကုမင်တာ့ အား မေးမြန်းလိုက်လေသည်။
“ဖေဖေ... သမီး ပြောတာ မှန်လား၊ မှားလားဟင်...”
ကုမင်တာ့ က ပြန်မေးလိုက်၏။
“သမီးလေး ကိုယ်တိုင်ကော ဘယ်လို ထင်လို့လဲဟင်...”
နျိုနျို သည် ခေတ္တမျှ တွေဝေသွားပြီးမှ ပြောလိုက်လေသည်။
“သမီး ပြောတာ မမှားဘူးလို့ ထင်တာပဲလေ...”
ကုမင်တာ့ သည် ထိုစကားကို ကြားသောအခါ ပြုံးလိုက်ပြီးနောက် ပြောလိုက်၏။
“သမီးလေး က မမှားဘူးလို့ ခံစားရတယ် ဆိုရင်လည်း သမီးလေး က မှန်နေတာပါပဲလေ... နောက်တစ်ခါကျရင်တော့ ကိုယ့်ရဲ့ အမြင်ကို ပိုပြီး ခိုင်မာအောင် ထားရမယ်နော်...”
နျိုနျို ၏ မျက်နှာလေးတွင် စဉ်းစားဟန် ပေါ်ထွက်လာခဲ့ချေပြီ။ ခေတ္တမျှ ကြာပြီးနောက်တွင်မှ ကလေးမလေးသည် လီရွှမ် ဘက်သို့ လှည့်ကာ ယုံကြည်မှု အပြည့်ဖြင့် ပြောဆိုလိုက်လေသည်။
“သမီး ပြောတာ မမှားပါဘူးလေ… ကိုကိုက သမီး ရဲ့ အမြင်ကို သဘောမတူဘူး ဆိုရင်လည်း သမီး လည်း ကိုကို့ရဲ့ အမြင်ကို သဘောမတူပါဘူးနော်...”
လီရွှမ် သည် အားကျောက် နှင့် အသက်ချင်း အတူတူလောက်ပင်။ သူသည် ယခုကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ချေ။ သူ စာသင်ကြားရာတွင်မူ သူကိုယ်တိုင်က သူတစ်ပါးအား ဖျောင်းဖျရသည် မဟုတ်ဘဲ အခြားသူများကသာ သူ့အား ဖျောင်းဖျကြသည်။ အရာရာမှာ နောက်ဆုံးတွင် ရလဒ်တစ်ခု ရှိရမည် ဖြစ်ချေသည်။
“ဒါမျိုးက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲဟင်... အကျိုးအကြောင်း ဆိုတာ ရှင်းလင်းနေရမှာပေါ့... ဒီအတိုင်းကြီးတော့ ထားခဲ့လို့ မရပါဘူးနော်...”
နျိုနျို က ပြောလိုက်၏။
“လောကမှာ ရှိတဲ့ အမှန်တရား အားလုံးက ရှင်းလင်းနေတာ မဟုတ်ပါဘူးလေ...”
လီရွှမ် မှာမူ အလွန်ပင် နေရခက်သွားရပြီး လေထဲတွင် တွဲလောင်း ခိုနေရသကဲ့သို့ ခံစားလိုက်ရလေသည်။ ကုမင်တာ့ က ပြောလိုက်၏။
“အမှန်တရား ဆိုတာ လူတွေရဲ့ စိတ်ထဲမှာပဲ ရှိတာလေ... လူတစ်ဦးစီရဲ့ စိတ်က မတူညီကြဘူး မဟုတ်လား... မင်းက ဘာမှ ပြန်မရဘဲနဲ့ ကောင်းတာ လုပ်ချင်တယ် ဆိုရင်တော့ ဒါဟာ မင်းရဲ့ ကိစ္စပါလေ... အခြားသူတွေကတော့ ဆုလာဘ် ရချင်လို့ ကောင်းတာ လုပ်ကြတယ် ဆိုရင်လည်း၊ ဒါဟာ သူတို့ရဲ့ ကိစ္စပဲ မဟုတ်လား... တစ်ဦးနဲ့တစ်ဦး လမ်းကြောင်း မတူတာဆိုတော့၊ ကိုယ့်လမ်းကိုယ် လျှောက်ကြတာပေါ့လေ...”
လီရွှမ် မှာမူ နားမလည်နိုင် ဖြစ်နေဆဲ ဖြစ်သလို နျိုနျိုအား ဆွဲကာ ဆက်လက် ငြင်းခုံချင်နေသေး၏။ ကလေးမလေး ၏ မျက်နှာတွင်မူ စိတ်မရှည်သော အမူအရာများ ပေါ်ထွက်လာခဲ့ချေပြီ။ သူမ ထင်မြင်ချက်အရ ဤကဲ့သို့ အကျိုးအကြောင်း မသိသော သူမျိုးကို မြင်တွေ့ရခဲလှသည် ဟူ၍ ပင်။
ကုမင်တာ့ သည် ကလေးတစ်ဦးအား အနိုင်မကျင့်ချင်သော်လည်း ထို ကောင်လေးက အတင်း လုပ်ဆောင်နေသဖြင့် မေးမြန်းလိုက်ရလေသည်။
“မင်း က ငါ့သမီးလေး ကို မင်းရဲ့ အမြင်အတိုင်း လက်ခံစေချင်တာဟာ... အဲ့ဒီလို ပြောင်းလဲသွားမှသာ သူဟာ တကယ့် စိတ်ထားကောင်းတဲ့သူ ဖြစ်လာမယ်လို့ မင်း ထင်လို့လားဟင်...”
လီရွှမ် က ခေါင်းညိတ်ပြလေသည်။ ကုမင်တာ့ က ထပ်မံ မေးမြန်းလိုက်ပြန်၏။
“အကယ်၍ ငါ့သမီးလေး က မင်းရဲ့ အယူအဆကို လက်ခံလိုက်ပြီးတော့ မင်း မျက်စိထဲမှာ တကယ့် လူကြီးလူကောင်း တစ်ယောက် ဖြစ်သွားမယ် ဆိုရင်... အဲ့ဒါက မင်းကို ပျော်ရွှင်စေမှာလားဟင်...”
လီရွှမ် သည် ထိုစကားကို ကြားသောအခါ မည်သည့် အကာအကွယ်မျှ မရှိဘဲ ထပ်မံ၍ ခေါင်းညိတ်ပြလိုက်ပြန်သည်။ ကုမင်တာ့ က ရယ်မောလျက် ပြောလိုက်လေသည်။
“ကြည့်စမ်း... သူတစ်ပါးကို လူကြီးလူကောင်း ဖြစ်လာအောင် ကူညီပေးတာဟာ ကောင်းတဲ့ ကိစ္စပါလေ... ဒါပေမဲ့ မင်းကိုယ်တိုင်လည်း ကိုယ်ပိုင် ရည်ရွယ်ချက်တစ်ခုနဲ့ ဒီ ကောင်းမှုကို လုပ်ဆောင်နေတာ မဟုတ်လား... ဒါဟာ မင်း ပြောနေတဲ့ လူကြီးလူကောင်း တစ်ယောက်ရဲ့ လုပ်ရပ်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ် မဟုတ်လား...”
“ကျွန်တော့်မှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူးလေ... ခင်ဗျားတို့ဆီကနေ ဘာမှလည်း မမျှော်လင့်ပါဘူးနော်...”
လီရွှမ် သည် ထိုသို့ ပြောဆိုရာတွင် အလွန်ပင် ဝမ်းနည်းနေပုံ ရပေသည်။
သို့သော်လည်း ကုမင်တာ့ ကမူ ပြန်ပြောလိုက်၏။
“မင်း က ဒီကိစ္စကနေ ပျော်ရွှင်မှုကို ရရှိချင်နေတာလေ... အဲ့ဒါဟာ မင်းရဲ့ ရည်ရွယ်ချက်ပဲ မဟုတ်လား...”
လီရွှမ် သည် ထိုစကားကို ကြားလိုက်ရသည်နှင့် တစ်ကိုယ်လုံး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ရှိနေတော့၏။ သူသည် ကုမင်တာ့ အား မည်သို့မျှ ပြန်လည် မချေပနိုင်ခဲ့ပေ။ ဘာကြောင့်မှန်း မသိဘဲ ကုမင်တာ့ ပြောလိုက်သော စကားလုံးများမှာ မှန်ကန်နေသောကြောင့်ပင်။
“လောကမှာ ရည်ရွယ်ချက် မရှိတဲ့ ကောင်းမှု ဆိုတာ မရှိပါဘူးလေ... လူတိုင်း မျှော်လင့်ကြတဲ့ ဆုလာဘ်တွေပဲ ကွာခြားသွားတာပါ... မင်း ပြောသလိုသာ ဆိုရင်တော့... လောကမှာ လူကြီးလူကောင်း ဆိုတာ ရှိတော့မှာ မဟုတ်ဘူးပေါ့လေ...”
ကုမင်တာ့ ၏ စကားလုံးများမှာ လီရွှမ် ၏ ရင်ထဲသို့ တိုက်ရိုက် သွားထိလိုက်လေတော့သည်။ အချိန်အတော်ကြာပြီးနောက်တွင်မှ လီရွှမ် သည် မတ်တပ်ရပ်ကာ ကုမင်တာ့ အား အရိုအသေ ပေးလိုက်လေသည်။
“ဒီနေ့ ဆရာ့ ရဲ့ သင်ကြားမှုတွေ အတွက် ကျေးဇူးတင်ပါတယ်နော်... ကျွန်တော် စိတ်ထဲမှာ မှတ်ထားပါ့မယ်...”
လီရွှမ် ၏ အစ်ကို နှစ်ဦးမှာ ထိုမြင်ကွင်းကို ကြည့်ပြီး တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြကုန်၏။ သူတို့သည် သူတို့၏ ညီငယ်အကြောင်းကို ကောင်းစွာ သိရှိထားကြသည်။ သူတို့ ညီလေးမှာ ပညာတတ် တစ်ဦး ဖြစ်သလို ပါရမီလည်း ရှိသော်လည်း၊အရာရာကို အလေးအနက် ထားလွန်းသူ တစ်ဦး ဖြစ်ပေသည်။ မမျှော်လင့်ဘဲ ကုမင်တာ့ က သူ့အား ဤမျှ လွယ်ကူစွာဖြင့် ဖျောင်းဖျနိုင်ခဲ့သည်မှာ အံ့သြစရာပင်။
ရှန်ချန်ဖုန်း က ရုတ်တရက် မေးမြန်းလိုက်လေသည်။
“အခုက နှစ်သစ်ကူးလည်း မဟုတ်ဘဲနဲ့... ဘာလို့ ပိုင်ယွင်မြို့နယ် ကို ရုတ်တရက်ကြီး ရောက်လာကြတာလဲဟင်...”
လီရွှမ် ၏ အစ်ကိုကြီး ဖြစ်သူ လီယောင်သည် ထိုစကားကြောင့် မျက်နှာတွင် အပြစ်ရှိသကဲ့သို့ ဖြစ်သွားရပြီး ပြောလိုက်လေသည်။
“အားရွှမ်ကို စိတ်အေးလက်အေး ဖြစ်အောင် လိုက်ပို့ပေးတာပါလေ...”
လီရွှမ် သည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်ကာ သူ၏ အစ်ကိုအား လှမ်းကြည့်လိုက်လေသည်။ ရှန်ချန်ဖုန်း က ထပ်မံ မေးမြန်းလိုက်ပြန်၏။
“အားရွှမ် က စာပဲ အမြဲ ဖတ်နေတာလေ... ဘယ်တုန်းကများ အပြင်ထွက်ပြီး အနားယူချင်ခဲ့လို့လဲဟင်... သူ ဘာတွေ ဖြစ်နေလို့လဲ... ပိုင်ယွင်မြို့နယ် မှာက ကျောင်းတော် တစ်ခုနဲ့ ဘုရားကျောင်း တစ်ခုပဲ ရှိတာလေ... အနားယူဖို့အတွက် သင့်တော်တဲ့ နေရာမျိုးလည်း မဟုတ်ပါဘူးနော်...”
လီယောင် ၏ နဖူးပေါ်တွင် ချွေးစများပင် ထွက်ပေါ်လာခဲ့ချေပြီ။ ရှန်ချန်ဖုန်း က တစ်ခုပြီးတစ်ခု မေးမြန်းနေသဖြင့် သူသည် ခဏတာ ဘာပြန်ပြောရမှန်း မသိ ဖြစ်နေတော့၏။
လီရွှမ် က နားမလည်စွာဖြင့် မေးမြန်းလိုက်လေသည်။
“ကိုကိုကြီး... ဘာလို့ ဝမ်းကွဲကိုကို ကို လိမ်ပြောနေတာလဲဟင်...”
လီယောင် ၏ မျက်နှာပေါ်မှ ချွေးများမှာ ပို၍ပင် များပြားလာခဲ့ချေပြီ။ သူသည် သူ၏ ညီငယ်အကြောင်းကို တကယ်ပဲ ကောင်းစွာ သိရှိထားသည်။ ထင်ထားသည့်အတိုင်းပင် လီရွှမ် က တိုက်ရိုက်ပင် ပြောချလိုက်လေတော့သည်။
“ကိုကိုကြီး တို့က ကျွန်တော့်ကို ဒီကို ခေါ်လာတာဟာ... ဧကရာဇ်မင်းမြတ် နဲ့ ဆုံတွေ့နိုင်မလားဆိုပြီး လာကြည့်တာ...”
“ဧကရာဇ်မင်းမြတ် နဲ့ တွေ့ပြီး ဘာလုပ်မလို့လဲဟင်...”
ရှန်ချန်ဖုန်း က မေးမြန်းလိုက်သည်။
လီယောင် သည် သူ၏ ညီလေး ၏ ပါးစပ်ကို လှမ်းအုပ်ချင်သော်လည်း နောက်ကျသွားခဲ့ချေပြီ။ လီရွှမ် က တည်ငြိမ်သော အမူအရာဖြင့် တုန်လှုပ်စရာကောင်းသော စကားတစ်ခွန်းကို ပြောလိုက်လေတော့သည်။
“ကျွန်တော့်ကို ဧကရာဇ်မင်းမြတ် က သဘောကျပြီးတော့... နန်းလျာ အဖြစ် တင်မြှောက်ဖို့ စဉ်းစားပေးစေချင်လို့ပါလေ...”