← Chapters

ဒါဟာ ငြင်းခုံစရာလား

Vol. 24 Ch. 240

ဒါဟာ ငြင်းခုံစရာလား

Vol. 24 Ch. 240

ထို စကားလုံးများမှာ လူတိုင်းအတွက် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားရလေတော့သည်။

ယနေ့ စားသောက်ဆိုင်အတွင်း၌ လူများစွာ ရှိနေသလို အပေါ်ထပ်ရှိ အခန်းများတွင်လည်း လူများဖြင့် ပြည့်နှက်နေပေသည်။ အောက်ထပ် ဧည့်ခန်းအတွင်း၌မူ ပို၍ပင် စည်ကားနေသည် မဟုတ်ပါလား။ သို့သော်လည်း လီရွှမ် ၏ စကား ထွက်ပေါ်လာသည်နှင့် ဧည့်ခန်းတစ်ခုလုံးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားရပြီး လူတိုင်းမှာ လီရွှမ် အား ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေကြကုန်၏။

ဧကရာဇ် ဖြစ်ချင်သည်ဟူသော စကားမျိုးကို လူအများရှေ့တွင် ပွင့်ပွင့်လင်းလင်း ပြောဆို၍ ရပါ့မလားဟင်။

ပိုင်ယွင်မြို့နယ် မှာ ဧကရာဇ်မင်းမြတ် စံမြန်းရာ မြို့တော်အနီးတွင် တည်ရှိသလို ပိုင်ယွင် ကျောင်းတော် ၏ အနောက်ဘက်တွင်လည်း တည်ရှိပေသည်။ ကျောင်းတော်တွင် ဆင်းရဲသား ကျောင်းသားများ ရှိသော်လည်း အများစုမှာ မြို့တော်မှ လူကုံထံ မိသားစုဝင်များ၏ သားသမီးများသာ ဖြစ်ကြသည်။ ထို့ကြောင့် ပိုင်ယွင်မြို့နယ် အတွင်းသို့ လူကုံထံများ အမြဲတမ်း အဝင်အထွက် ရှိနေတတ်ကြလေသည်။

ဤ စားသောက်ဆိုင်မှာ ပိုင်ယွင်မြို့နယ် အတွင်း၌ အကောင်းဆုံး ဆိုင်ဖြစ်ရာ ယခု ဧည့်ခန်းအတွင်းရှိ လူအုပ်ကြားထဲတွင်လည်း မြို့တော်မှ အရာရှိ အချို့ တိတ်တဆိတ် ရှိနေနိုင်သည်မှာ သေချာလှပေသည်။ အချို့သော အရာရှိများမှာမူ အစီရင်ခံစာကို မည်သို့ ရေးသားရမည်ကိုပင် စတင် တွက်ချက်နေကြလောက်ပြီ ဖြစ်ချေသည်။

သို့သော်လည်း လီရွှမ် ကမူ ထိုကိစ္စများကို အလေးမထားပေ။ သူက ဆက်လက်၍ ပြောဆိုလိုက်ပြန်သည်။

“ကျွန်တော်က ငယ်သေးတာ မှန်ပေမဲ့ ကျွန်တော့်ရဲ့ ရည်မှန်းချက်ကတော့ မသေးပါဘူးလေ... ကျွန်တော့်ရဲ့ ဘဝမှာ အကြီးမားဆုံးသော ဆန္ဒကတော့... တိုင်းပြည် အေးချမ်းသာယာပြီးတော့ တစ်ခါမှ မရှိဖူးသေးတဲ့ စည်ပင်ဝပြောလှတဲ့ ခေတ်ကြီးတစ်ခုကို တည်ဆောက်ချင်တာပါ...”

ကုမင်တာ့ သည် ထို ကောင်လေးကို ကြည့်ရင်း ပေါက်ကရတွေ ပြောနေသည်ဟု ထင်ရသော်လည်း ခုနကလောက်တော့ စိတ်မတိုတော့ပေ။ ဖြစ်နိုင်သည်မှာ လီရွှမ် ၏ မျက်နှာပေါ်မှ အမူအရာမှာ ဧကရာဇ် ဖြစ်ချင်သည်ဟူသော ကိစ္စကို တကယ့် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုကဲ့သို့ အလေးအနက် ထားနေသောကြောင့် ပင် ဖြစ်လိမ့်မည်။

သူ့အမြင်တွင်မူ “ကျွန်တော် အတော်ဆုံး ပန်းချီဆရာ ဖြစ်ချင်တယ်” သို့မဟုတ် “ကျွန်တော် အကောင်းဆုံး ဝိုင်ကို ချက်ချင်တယ်” ဟူသော ဆန္ဒများနှင့် များစွာ မထူးခြားလှပေ။

အာဏာမက်မောလှသော သူများ၏ ရွံရှာဖွယ် အရှိန်အဝါမျိုးကို ထိုကလေးတွင် မမြင်တွေ့ရဘဲ တကယ့်ကို ကြီးမားလှသော ရည်မှန်းချက် တစ်ခုကိုသာ မြင်တွေ့လိုက်ရခြင်း ပင်။ ရှန်ချန်ဖုန်း မှာမူ ထိုအချိန်တွင် ထိတ်လန့်တုန်ယင်နေခဲ့ချေပြီ။ သူသည် ဘေးဘယ်ညာသို့ လှည့်ကြည့်ကာ လီရွှမ် နှင့်အတူ နန်းလုရန် ကြံစည်နေသည်ဟု အစွပ်စွဲခံရမှာကို အစွမ်းကုန် စိုးရိမ်နေမိတော့၏။

ကုမင်တာ့ သည် သူ၏ တပည့်အား စိတ်အေးစေရန်အတွက် ပုခုံးကို ညင်သာစွာ ပုတ်ပေးလိုက်ရင်း ပြောလိုက်လေသည်။

“မကြောက်နဲ့နော်... ဘာမှ မဖြစ်ပါဘူး...”

ရှန်ချန်ဖုန်း သည် သူ၏ ဆရာ က တည်ငြိမ်နေဆဲ ဖြစ်သည်ကို မြင်တွေ့လိုက်ရမှသာ ရင်ထဲတွင် အနည်းငယ် စိတ်အေးသွားရတော့၏။ ကုမင်တာ့ က လီရွှမ် အား မေးမြန်းလိုက်လေသည်။

“မင်း က နန်းလျာ တစ်ယောက် ဖြစ်လာအောင် ဘယ်လိုမျိုး ကြိုးစားချင်လို့လဲဟင်...”

လီရွှမ် ကမူ ကောင်းကင် မည်မျှ မြင့်ပြီး မြေကြီး မည်မျှ ထူမှန်း မသိသေးသော ပုံစံမျိုးဖြင့်ပင် ရှိနေဆဲ ဖြစ်သည်။

“ကွန်ဖြူးရှပ်က ပြောခဲ့ဖူးတယ်လေ... တိုင်းပြည်အတွက် ပြည်သူတွေက အရေးကြီးဆုံး ဖြစ်သလို နောက်တက်မယ့် ဘုရင် ကလည်း အရေးကြီးဆုံးပဲတဲ့လေ... ကျွန်တော်ကတော့ အဲ့ဒီ စကားကို အပြည့်အဝ ယုံကြည်ပါတယ်... ဧကရာဇ်မင်းမြတ် အနေနဲ့ ကျွန်တော်ဟာ လောကကြီးကို ဂရုစိုက်တတ်တဲ့သူ ဖြစ်သလို တိုင်းပြည်အတွက်လည်း အစွမ်းကုန် အလုပ်အကျွေးပြုချင်တဲ့သူ ဖြစ်မှန်း သိစေချင်တာ...”

လီရွှမ် ၏ စကားများမှာ အမှားမရှိလှပေ။ ကုမင်တာ့ သည်လည်း ထိုကလေးမှာ လူကြီးလူကောင်း ပုံစံမျိုး ရှိသော်လည်း ဖြူစင်သော စိတ်ထား ရှိမှန်း မြင်နိုင်ပေသည်။ သူသည် လိမ္မာသောကလေးတစ်ဦး အာဏာလုပွဲကြားထဲတွင် မြေစာပင် ဖြစ်သွားမှာကို မလိုလားသဖြင့် ထိုကလေးအတွက် အကာအကွယ် တစ်ခု ပေးလိုက်လေသည်။

“အကယ်၍သာ ဧကရာဇ်မင်းမြတ် က မင်းကို နန်းလျာအဖြစ် မရွေးချယ်ခဲ့ဘူး ဆိုရင်ကောဟင်... မင်း ဘယ်လို ထင်မလဲ...”

ကုမင်တာ့ က မေးမြန်းလိုက်သည်။

လီရွှမ် သည် စိတ်ပျက်သွားသော အမူအရာမျိုး မရှိဘဲ ပြန်ပြောလိုက်လေသည်။

“ဧကရာဇ်မင်းမြတ် က ကျွန်တော့်ကို မရွေးချယ်ဘူး ဆိုရင်တော့... သဘာဝကျကျပဲ အကြောင်းရင်းတစ်ခုခု ရှိမှာပေါ့လေ... ကျွန်တော့်ဘက်က တစ်နေရာရာမှာ အမှားလုပ်မိလို့ သူ မျှော်လင့်ထားတဲ့ နန်းလျာ တစ်ယောက်ရဲ့ အရည်အချင်းနဲ့ မကိုက်ညီလို့ ဖြစ်မှာပေါ့လေ...”

“အကယ်၍ ကျွန်တော် နန်းလျာ မဖြစ်ခဲ့ရရင်တောင်မှ... ကျွန်တော်ကတော့ ပညာရှိ အမတ်ကြီး တစ်ယောက် အဖြစ်နဲ့ပဲ ဧကရာဇ်မင်းမြတ် ကို အကောင်းဆုံး အကြံပေးပြီးတော့... တိုင်းပြည်ရဲ့ ဓလေ့ထုံးတမ်းတွေကို ပြန်လည် သန့်စင်အောင် လုပ်ဆောင်ပေးသွားမှာ...”

ဒုတိယထပ်ရှိ သီးသန့်အခန်းအတွင်း၌မူ အေးအေးဆေးဆေး ထမင်းစားနေသော အသက်လတ်ပိုင်း အမျိုးသား တစ်ဦးသည် ဘေးရှိ အစေခံအား ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်လေသည်။

“ဒီကလေး က တကယ်ပဲ အဲ့ဒီလို ပြောခဲ့တာလား...”

ထို အစေခံ၏ အသံမှာ နူးညံ့ပြီး စူးရှလှပေသည်။ သူက ပြန်ပြောလိုက်၏။

“သခင်ကြီး... ဒါဟာ ဆယ့်ကိုးယောက်မြောက် သခင်လေးက တကယ်ပဲ ပြောဆိုခဲ့တဲ့ စကားတွေပါ..”

ထို အသက်လတ်ပိုင်း အမျိုးသားသည် ခေါင်းညိတ်ပြလိုက်သော်လည်း အခြားသော စကားများကိုမူ ထပ်မံ၍ မပြောဆိုတော့ပေ။ စားသောက်ဆိုင်မှ ထွက်ခွာလာပြီးနောက် ကုမင်တာ့ တို့ တစ်စုမှာ လီရွှမ် တို့နှင့် လမ်းခွဲကြချိန်တွင် လီရွှမ် က နျိုနျိုအား ထပ်မံ၍ တောင်းပန်လိုက်လေသည်။

“ကျွန်တော် အရင်က အတွေးအခေါ် ကျဉ်းမြောင်းခဲ့မိတာပါလေ... ညီမလေးကု ရယ်... စိတ်ထဲ ထည့်မထားပါနဲ့တော့နော်...”

နျိုနျို က လက်ဝှေ့ယမ်းပြကာ ပြောလိုက်၏။

“ကိုကို့မှာ စိတ်ပုပ်တဲ့ ရည်ရွယ်ချက် မရှိမှန်း သိပါတယ်လေ... ပြီးတော့ ကိုကိုကိုယ်တိုင်လည်း တောင်းပန်နေမှတော့... သမီး က ခွင့်လွှတ်ပေးလိုက်ပါ့မယ်နော်...”

ကုမင်တာ့ တို့နှင့် လမ်းခွဲပြီးနောက်တွင်မူ လီယောင် သည် ဆက်လက်၍ သည်းမခံနိုင်တော့ပေ။

“မြန်မြန် ပြန်ကြစရအောင်... အမြန် ပြန်မှ ဖြစ်တော့မယ်...”

လီယောင် က စိုးရိမ်တကြီး ပြောဆိုလိုက်လေသည်။

ယနေ့ လီရွှမ်က ပြဿနာအကြီးကြီး ရှာခဲ့သဖြင့် လီယောင် သည် အိမ်ပြန်ရောက်လျှင် မိဘများနှင့် တိုင်ပင်ကာ နည်းလမ်း ရှာဖွေရမည်။ သို့သော်လည်း လီရွှမ် ကမူ မိမိ၏ အမှားကို တစ်ချက်မျှ မသိရှိဘဲ မေးမြန်းလိုက်လေသည်။

“ကိုကိုကြီး... ပိုင်ယွင် ဘုရားကျောင်း ကို သွားမယ်လို့ ပြောထားတာ မဟုတ်လားဟင်... ကိုကိုကြီး တို့ ကျွန်တော့်ကို ဖျောင်းဖျတုန်းကတော့... ပိုင်ယွင် ဘုရားကျောင်း မှာ ဧကရာဇ်မင်းမြတ် နဲ့ ဆုံတွေ့ဖို့ ပိုလွယ်တယ်လို့ ပြောခဲ့တာလေ...”

လီယောင် မှာမူ သူ၏ ညီလေး ၏ ပါးစပ်ကို အပ်နှင့် ချုပ်ထားလိုက်ချင်စိတ်ပင် ပေါက်သွားရတော့၏။

“ဘာကို ထပ်တွေ့ချင်နေသေးတာလဲဟင်... ဧကရာဇ်မင်းမြတ် နဲ့သာ တစ်ယောက်တည်း ဆုံတွေ့ခွင့် ရမယ် ဆိုရင်ရော... မင်း က ခုနက စကားတွေကိုပဲ သူ့ကို ထပ်ပြောမှာလား..”

လီယောင် က မကျေမနပ်ဖြင့် ပြန်လည် မေးမြန်းလိုက်သည်။

အကယ်၍သာ ဧကရာဇ်မင်းမြတ် က အသက် ဆယ်နှစ်အောက် ကလေးများကို မွေးစားချင်နေသည်ဟူသော သတင်းကို မရရှိခဲ့လျှင်မူ မင်းသားကြီး အိမ်တော် အနေဖြင့် ဤမျှအထိ အားစိုက်ထုတ်ကာ ဧကရာဇ်မင်းမြတ် ပိုင်ယွင် ဘုရားကျောင်း သို့ သွားတတ်သည်ဟူသော သတင်းကို စုံစမ်းလိမ့်မည် မဟုတ်ပေ။ လီရွှမ် ကဲ့သို့သော ကလေးငယ် တစ်ဦးအား ပိုင်ယွင်မြို့နယ် သို့ ခေါ်ဆောင်လာကာ ကံစမ်းခိုင်းလိမ့်မည် မဟုတ်သည်မှာ သေချာလှပေသည်။

ယခုအခါ ကံမကောင်းသည့်အပြင် တစ်မိသားစုလုံးကိုပါ မီးပုံထဲသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွားရချေပြီ။ လီယောင် အိမ်ပြန်ရောက်လျှင် လူကြီးများ၏ မေးမြန်းမှုကို မည်သို့ ရင်ဆိုင်ရမည်ကို မသိတော့ပေ။ လီရွှမ် မှာမူ သူ၏ အစ်ကို ၏ နာကျင်မှုကို မသိရှိဘဲ သဘာဝကျကျပင် ပြန်ပြောလိုက်၏။

“ကျွန်တော်က ပွင့်လင်းတဲ့သူလေ... ဘာလို့ ဒီစကားတွေကို ပြောလို့ မရရမှာလဲဟင်...”

လီယောင် ၏ မျက်နှာမှာမူ ပျက်စီးလုနီးပါး ဖြစ်နေတော့၏။ သူသည် ဤကဲ့သို့သော သူမျိုးကို အားကိုးကာ နန်းလုရန် ကြံစည်နေမိသည်မှာ တကယ်ပင် မှားယွင်းခဲ့ချေပြီ။ အမြန်ဆုံးသာ အိမ်ပြန်ပြီး ဒီကိစ္စကို ဖြေရှင်းရမည်။

“ဘိုးတော်လေး ရယ်... စကားကို နည်းနည်းလောက် လျှော့ပြောပါဦးနော်... ဘာပြောသင့်တယ်၊ ဘာမပြောသင့်ဘူး ဆိုတာကိုရော... ရင်ထဲမှာ တစ်ချက်လောက်တော့ တွက်ချက်ထားဦးလေ...”

သို့သော်လည်း လီရွှမ် မှာမူ မျက်နှာလေးကို တင်းကာ ပြောလိုက်၏။

“ကိုကိုကြီး ရယ်... အရာရာကို ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုရမှာပေါ့လေ...”

လီယောင် လည်း ထို ခေါင်းမာလှသော သူနှင့် ငြင်းခုံရန် စိတ်မပါတော့ပေ။ သူသည် ဤ ခေါင်းမာသူအား မည်သို့မျှ ပြော၍ ရလိမ့်မည် မဟုတ်မှန်း သိလိုက်ရသဖြင့် သူ၏ ညီငယ်အား ဆွဲကာ မြင်းလှည်းပေါ်သို့ တက်ရန် ပြင်လေတော့သည်။

“ငါ မင်းကို ဘယ်လိုမှ ပြောလို့ မရတော့ဘူးလေ... အိမ်ပြန်ရောက်မှပဲ မိဘတွေ ဆီမှာ အဆုံးမ ခံလိုက်ပါတော့...”

“ကျွန်တော် အခု မပြန်ချင်သေးဘူးလေ... ပိုင်ယွင်မြို့နယ် မှာ ဧကရာဇ်မင်းမြတ် နဲ့ တွေ့ရအောင် လုပ်ပေးမယ်လို့ ကတိပေးထားတာ မဟုတ်လား... ကျွန်တော် သူ့ကို သေချာပေါက် တွေ့ရမှာပေါ့လေ... ကိုကိုကြီး တို့ ကျွန်တော့်ကို ပိုင်ယွင် ဘုရားကျောင်း ကို လိုက်ပို့ပေးရမယ်... မဟုတ်ရင်တော့ နောက်တစ်ခါ ကိုကိုကြီး တို့နဲ့ လိုက်မလာတော့ဘူးနော်...”

လီယောင် ကမူ ထို အသုံးမကျသော ကလေးကို မြင်းလှည်းပေါ်သို့ အတင်း ပွေ့တင်လိုက်လေသည်။

“မင်းလိုက်မလာဖို့ကိုပဲ ငါက ဆုတောင်းနေရမှာပေါ့လေ...”

နောက်ဆုံးတွင်မူ လီရွှမ် သည် သူ မျှော်လင့်ထားသော ဧကရာဇ်မင်းမြတ် နှင့် မဆုံတွေ့နိုင်ခဲ့သလို နန်းလျာအဖြစ် ကိုယ့်ကိုယ်ကိုယ် အကြံပြုခြင်းကိုလည်း မလုပ်ဆောင်နိုင်ခဲ့ပေ။ ကုမင်တာ့ သည် စာပြန်ကျက်ရန် အသည်းအသန် ဖြစ်နေသော အားယန် နှင့် ယန်လန် တို့ကို ပိုင်ယွင် ကျောင်းတော် သို့ ပြန်လည် ပို့ဆောင်ပေးပြီးနောက်၊ ကျန်ရှိသော သူများကို ခေါ်ဆောင်ကာ ပိုင်ယွင်မြို့နယ် တစ်ခုလုံးကို လှည့်ပတ် လည်ပတ်ခဲ့ကြလေသည်။

ရှန်ချန်ဖုန်း ၏ ပုံစံမှာ စကားပြောချင်သော်လည်း တွေဝေနေပုံ ရပေသည်။

“ပြောစရာ ရှိရင်လည်း ပြောစမ်းပါဦး...”

ကုမင်တာ့ က ပြောလိုက်၏။

“ကျွန်တော် ဒီနေ့ ရှောင်ကျူ နဲ့ စကားပြောခဲ့တာလေ... အဲ့ဒီအတွက်နဲ့ အရာရှိတွေက ကျွန်တော့် မေမေ ဆီကို သွားပြီး တိုင်တန်းကြမလားဟင်... ဒါဟာ မေမေ့ ကို ဒုက္ခပေးသလို ဖြစ်သွားမလားဟင်...”

ရှန်ချန်ဖုန်း သည် ကြည်လင်ပြီး အပြစ်ကင်းစင်သော မျက်လုံးဝိုင်းကြီးများဖြင့် မေးမြန်းလိုက်လေသည်။

ကုမင်တာ့ - "..."

“မင်း က မင်းသမီးကြီး ကို ဘယ်လိုမျိုး ဒုက္ခပေးမိလို့လဲဟင်... သူက အသံကျယ်ကျယ်နဲ့ နန်းလုဖို့ ကြံစည်နေတာကို မင်းက ဘေးကနေ နားထောင်နေမိလို့လားဟင်...”

ကုမင်တာ့ က မေးမြန်းလိုက်သည်။

ရှန်ချန်ဖုန်း သည် ခေတ္တမျှ တွေဝေနေပြီးမှ ခေါင်းညိတ်ပြလိုက်လေသည်။ ကုမင်တာ့ က သက်ပြင်းချလိုက်၏။

“အဲ့ဒီလောက်အထိတော့ မဟုတ်ပါဘူးလေ...”

ရှန်ချန်ဖုန်း က ထပ်ပြောလိုက်ပြန်သည်။

“မေမေ က ကျွန်တော့်ကို အမြဲ မှာထားတာလေ... ဘာပဲလုပ်လုပ် နန်းလျာ အငြင်းပွားမှုတွေကြားထဲမှာတော့ လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိစေရဘူးလို့ပေါ့လေ...”

ကုမင်တာ့ က မတတ်သာဟန်ဖြင့် ပြောလိုက်၏။

“မင်းမှာကော ရာထူး အဆင့်အတန်း တစ်ခုခု ရှိလို့လားဟင်... ဒါမှမဟုတ်ရင်လည်း မင်းသမီးကြီး ရဲ့ အတွေးအခေါ်တွေကို မင်းက လွှမ်းမိုးနိုင်လို့လားဟင်... မင်း က ခုနက စားသောက်ဆိုင်မှာ နားထောင်နေတဲ့ တခြားသူတွေနဲ့ မတူဘူးလား... ဒါကြောင့် ဒီကိစ္စကို စိတ်ထဲ ထည့်မထားပါနဲ့တော့နော်...”

ရှန်ချန်ဖုန်း လည်း ထိုအခါမှသာ စိတ်အေးသွားရတော့၏။ ကုမင်တာ့ က ထပ်မံ မေးမြန်းလိုက်ပြန်သည်။

“မင်း က ဧကရာဇ်မင်းမြတ် အကြောင်းကို ပြောလေ့ရှိတာဆိုတော့... သူ က မင်းကို အရမ်း ချစ်ပုံရပါတယ်လေ... ဘာလို့ အဲ့ဒီလောက်တောင် ကြောက်နေရတာလဲဟင်...”

“ကျွန်တော့် ဦးလေး က ကျွန်တော့်ကို တကယ်ပဲ ချစ်ပါတယ်လေ... ဒါပေမဲ့ မေမေ က ပြောဖူးတယ်... သူဟာ ဦးလေး တစ်ယောက် ဖြစ်သလို လူပေါင်း များစွာရဲ့ အထက်မှာ ရှိနေတဲ့ ဘုရင် တစ်ပါးလည်း ဖြစ်တယ်တဲ့လေ... ဒါကြောင့် အာဏာနဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုတော့ လုံးဝ မထိမိဖို့ မေမေ က အထပ်ထပ် မှာထားတာ...”

ထိုစကားကို ကြားရသောအခါ ကုမင်တာ့ လည်း သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ ရှန်ချန်ဖုန်း သည် ဉာဏ်မကောင်းလှသော်လည်း ပါးနပ်သော မိခင်တစ်ဦး ရှိနေခြင်းမှာမူ သူ၏ ကံကောင်းခြင်း တစ်ခု ပင် ဖြစ်ချေသည်။

ရှန်ချန်ဖုန်း သည် ရုတ်တရက် အသံကို နှိမ့်ကာ ပြောလိုက်လေသည်။

“ဆရာ... ကျွန်တော့် ဦးလေး က ပိုင်ယွင် ဘုရားကျောင်း ကို ခဏခဏ လာတတ်တာလေ... အကယ်၍သာ ဆုံတွေ့ခဲ့မယ် ဆိုရင်တော့... ကျွန်တော် က ဆရာ့အတွက် သူ့ဆီမှာ အကြံပြုပေးမယ်လေ... ဟုတ်ပြီလား...”

All Chapters