← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အပိုင်း(၁)

စာအုပ်ထဲသို့ ရွေ့ပြောင်းခြင်းခံလိုက်ရသော ဇာတ်ပို့မင်းသမီး

“ယဲ့ယီ နောက်သုံးလနေရင် ငါတို့ ကွာရှင်းဖို့ အချိန်ရောက်ပြီ။ ဒီတစ်ခါ ငါမင်းနဲ့ အတူ အစီအစဉ်မှာ ပါပေးမယ်။ အချိန်ကျလာရင် မင်းကတိ မင်းတည်ဖို့ မျှော်လင့်ပါတယ်”

အေးစက်ခက်ထန်သည့် ယောကျာ်းတစ်ယောက်၏ အသံထွက်ပေါ်လာသည်။

ယဲ့ယီ မူးဝေနေသော မျက်လုံးတစ်စုံကို ဖွင့်လိုက်ချိန်တွင် ခုတင်ဘေးတွင် သူမကိုစူးစိုက်ကြည့်နေသော ယောကျာ်းတစ်ဉီးကို တွေ့လိုက်ရ၏။သူမ ဇဝေဇဝါဖြင့် နားထင်ကို ပွတ်သပ်လိုက်မိသည်။

မနေ့ညကပင် သူမသည် တခြားကမ္ဘာမှ ဖျော်ဖြေရေးလောက၏ မော်ဒယ်တစ်ဉီးဖြစ်ခဲ့ပါ၏။ သို့သော် အွန်လိုင်းပေါ် မှ ဝတ္ထုဝေဖန်မိသောကြောင့် မျက်စိတစ်မှိတ်အတွင်း ထိုဝတ္ထုထဲမှ သူမနှင့် နာမည်တူ ဇာတ်ပို့မိန်းကလေးအဖြစ်သို့ ရုတ်ခြည်းပင် ပြောင်းလဲသွားသည်။

သူမသည် စာအုပ်ထဲသို့ ကူးပြောင်းသွားခြင်းပေ။

ယခု ရှေ့ တွင် ရပ်နေသော လူဟာ သူမအစားထိုးဝင်ရောက်ထားသည့် ခန္ဓကိုယ်ပိုင်ရှင်၏ ခင်ပွန်း ကုရှီချန်း ဖြစ်လေသည်။

“မင်း နားလည်လား”

ကုရှီချန်းသည် ရှေ့သို့အနည်းငယ် ကိုင်းညွတ်လာသည်။ သူ့မျက်လုံးထဲ၌ ရွံရှာစက်ဆုပ်မှုများကို အထင်းသားမြင်နေရ၏။

“ဒီတစ်ခါ မင်းဘယ်လိုလှည့်ကွက်တွေသုံးသုံး အလကားပဲ၊ ဒီတစ်ခေါက် တကယ် ကွာရှင်းမှာ”

သူ့အသံသည် အေးစက်လှသည်။လေထုပင် တိတ်ဆိတ်ငြိမ်သက်နေသည်။

ယဲ့ယီသည် မျက်လုံးလေးကလည်ကလည် ဖြစ်သွား၏။

ထိုစဉ် ကုရှီချန်း၏ အမူအရာလည်း အနည်းငယ်ပြောင်းသွားသည်။ ယဲ့ယီ၏အသံကို သူ့စိတ်ထဲတွင် တီးတိုး ကြားလိုက်ရသည်။

[သူ့ရဲ့ ကြွက်သားတွေက ကြည့်လို့ကောင်းလိုက်တာ၊ ငါကိုင်ကြည့်ချင်တယ်]

“ယဲ့ယီ မင်းဘာတွေပြောနေတာလဲ” ကုရှီချန်း၏ မျက်လုံးထဲတွင် ဒေါသမီးတို့ လောင်ကျွမ်းလာပါ၏။

“ကွာရှင်းမဲ့ အကြောင်းပြောနေတာကို၊ ဒီမိန်းမကဘာတွေပြောနေတာလဲ အရှက်ကိုမရှိဘူး”

နောက်ခဏအကြာတွင်....

သေးသေးသွယ်သွယ်လက်ကလေးက သူ့ရင့်ဘတ်ပေါ်သို့ ရောက်လာသည်။

ကုရှီချန်းသည် ယဲ့ယီကို မယုံကြည်နိုင်လောက်အောင်ဖြစ်သွား၏။

“ဒီမိန်းကတကယ် လုပ်ရဲတာပဲ”

သူသည် ယဲ့ယီကို ခက်ထန်စွာ စိုက်ကြည့်နေလိုက်တော့သည်။

[တကယ်ကိုင်လို့ကောင်းတာပဲ ၊နည်းနည်းလောက် ကိုင်ကြည့်ချင်သေးတယ်]

ခပ်တိုးတိုးအသံလေး ထပ်မံထွက်ပေါ် လာပြန်သည်။

ယဲ့ယီ၏ လက်ချောင်းသွယ်သွယ်လေးများသည် သူ့ရင်ဘက်ပေါ်တွင် အထိန်းအချုပ်ကင်းမဲ့စွာလှုပ်ရှားလာတော့၏။

ကုရှီချန်း သည်းမခံနိုင်တော့ပေ။သူ ယဲ့ယီ၏လက်ကို စက်ဆုပ်စွာ ဖယ်ချလိုက်သည်။

“မင်းဘာအရူး ထပြန်တာလဲ၊ ပါးစပ်ပိတ်ထားစမ်း”

ယဲ့ယီသည် အပြစ်ကင်းစင်သော မျက်လုံးတို့နှင့် ကုရှီချန်း ကို မော့ကြည့်ကာ ပြောသည်။ “ဘာဖြစ်လို့လဲ။ ကျွန်မ စကားတစ်ခွန်းမှ မပြောရသေးဘူးလေ”

[ငါ့ဘာသာ စိတ်ထဲမှာပဲ တွေးနေတာလေ၊ တစ်ခွန်းမှမပြောမိသေးပါဘူးနော်]

ယဲ့ယီ၏အသံကို သူနားထဲတွင် ထပ်မံကြားလိုက်ရသည်။

ဤတစ်ကြိမ်တော့ ကုရှီချန်းသည် ယဲ့ယီကို စိုက်ကြည့်နေမိ၏။ သူမ တကယ်ပင် စကားမပြောရသေးချေ။

ဒါပေမဲ့ ဒီအသံက…

ကုရှီချန်း မျက်နှာအမူအရာ ပြောင်းသွားသည်။

စိတ်ထဲမှာတွေးနေတာပေါ့။ ဒါဆို သူကြားနေတာက ယဲ့ယီ စိတ်ထဲကအတွေးတွေလား။

ကုရှီချန်းက မျက်မှောင်ကြုတ်ပြီး စမ်းသပ်သည့်သဘောနှင့် ပြောကြည့်လိုက်သည်။ “ယဲ့ယီက ရုပ်ဆိုးတဲ့ မကောင်းဆိုးဝါးမ”

ယဲ့ယီ မျက်မှောင်ပြန်ကြုတ်လိုက်၏။

[ လူက ရုပ်ချောပါတယ်၊ ကန်းနေတာတော့ စိတ်မကောင်းစရာပဲ။ သွားမယ်ဆိုလည်း မြန်မြန်ဆန်ဆန်လစ်]

ကုရှီချန်းသည် အံ့ဩစွာ စိုက်ကြည့်နေမိသည်။

ဒီမိန်းမ ငါ့ကိုမောင်းထုတ်နေတာလား။ မဖြစ်နိုင်ဘူး။အရင်တုန်းက ငါ့နားကနေ တစ်စက်ကလေးမှ မခွာဘဲ ကပ်ချင်နေတာကို။

“ရှင်ပြောစရာ ရှိသေးလား” ကုရှီချန်း အချိန်ဆွဲနေသည်ကို မြင်သောကြောင့် ယဲ့ယီက မေးလိုက်သည်။

[သူက သကြားဖေဖေပဲ၊ငါ သူ့ကို ခဏသည်းခံလိုက်မယ်]

“သကြားဖေဖေလို့ ပြောလိုက်တာလား”

ကုရှီချန်း အသက်ရှုမြန်လာသည်။ သူသည် သူမနှင့် စကားကောင်းကောင်းပြောချင်သေးသော်လည်း ဖုန်းက ရုတ်တရက်ထမြည်လာသည်။ သူ လေယာဉ်စီးဖို့ နောက်ကျတော့မည်။

ကုရှီချန်းသည် ယဲ့ယီကို တစ်ချက်လှမ်း ကြည့် လိုက်၏။

“ငါနောက် သုံးရက်နေရင်ပြန်လာမယ်၊ မင်းနဲ့ အတူ တီဗွီရှိုးမှာ ပါပေးမယ်။ ပြီးတော့ မင်း ကုစဲ့ အနားသွားရဲသွားကြည့် ငါ့အကြောင်းသိမယ်”

ကုရှီချန်း မှာစရာရှိတာ မှာပြီး ခြိမ်းခြောက်သွားသည်။ယဲ့ယီသည် နာခံမှုရှိစွာ ဗရုတ်သုတ်ခ မတွေးတော့သည်ကို မြင်သောကြောင့် နောက်ဆုံးတွင် သူ့ခရီးဆောင်အိတ်ကို ကောက်ယူပြီး အလျင်အမြန် ထွက်သွားတော့၏။

သူမ၏ ကပ်စေးနဲ ခင်ပွန်းထွက်သွားပြီးနောက်....

ယဲ့ယီသည် သက်ပြင်းတစ်ချက်ချလိုက်သည်။ အခြားကမ္ဘာတွင် သူမသည် ရုပ်ရှင်၊ ရသစုံရှိုး၊ ဂီတသုံးမျိုးစလုံး ကျွမ်းကျင်ပြီး တစ်နှစ်ကို ရက်ပေါင်း(၃၆၀) အလုပ်လုပ်သည့် အလုပ်ကြိုးစားသူတစ်ယောက်အနေနှင့် ပြင်းထန်သည့်ယှဉ်ပြိုင်မှုကို အချိန်ကြာမြင့်စွာ သည်းခံဖြတ်ကျော်လာကာ ထိပ်တန်းအဆင့်သို့ ရောက်ရှိထားသူပင်။

သို့သော် ဤစာအုပ်ထဲမှ မိန်းကလေးဇာတ်ပို့သည် သူမနှင့် များစွာကွာခြားသည်။

သူမလည်း ဖျော်ဖြေရေးလောကတွင် အိပ်မက်များရှိသော်လည်း အင်တာနက်တစ်ခွင် ပြဲပြဲစင်အောင် မုန်းတီးခြင်းကိုခံရ၏။

ယဲ့မိသားစုနှင့် ကုမိသားစုတို့သည် ယခင်ကတည်းကပင် ပတ်သက်ဆက်နွယ်မှုများ ရှိလေသည်။ နောက်ပိုင်းတွင် ယဲ့မိသားစု ပြိုလဲသွားသော်ငြား ကုရှီချန်းသည် သူ့စကားကို ဆက်တည်ပြီး ယဲ့ယီကို လက်ထပ်ခဲ့၏။

ကုရှီချန်းသည် ယဲ့ယီကို မချစ်မနှစ်သက်သော်လည်း သူမကို သာမန်မိန်ကလေးတစ်ယောက်ကဲ့သို့ တလေးတစားဆက်ဆံခဲ့သည်။ ယဲ့ယီသာ မစ္စကုအဖြစ် ကျေနပ်ပါက ယခုလို အကြောင်းမျိုး ဖြစ်လာမည်မဟုတ်ပေ။

ယဲ့ယီ ကုရှီချန်းကို လက်ထပ်သည့်အခါ သူ့မှာ ကုစဲ့ဆိုသည့် ကလေးတစ်ယောက် ရှိနှင့်ပြီးသားပေ။ ယဲ့ယီက ထိုအကြောင်းကို ယခင်ကတည်းက သိထားပြီး သဘောတူလက်ခံခဲ့သည်။ သို့သော် သူမဘေးမှာ လန်ရွှယ်ဟူသည့် သူငယ်ချင်းတစ်ဦး ရှိသည်။

ထိုလန်ရွှယ်ကပင် ယဲ့ယီကို မစ္စတာကုနှင့် လင်မယားအစစ်ဖြစ်လာစေရန်နှင့် သွေးသားတစ်ဦးမွေးထုတ်ပေးရန် တိုက်တွန်းခဲ့၏။

ဤစာအုပ်၏ ဇာတ်ကွက်အရ ကုစဲ့သည် တကယ်တော့ ကုရှီချန်း၏ ကွယ်လွန်သူ လုပ်ဖော်ကိုင်ဖက်ညီအကိုတစ်ဦး၏သားဖြစ်သည်။ ကလေးကို စိတ်မသက်မသာ မဖြစ်စေချင်သည့်အတွက် ကုရှီချန်းက ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ကလေးသည် သူ့သားအရင်းဟု ပြောထား၏။

သို့သော် ယဲ့ယီက ထိုအကြောင်းကိုမသိပါ။လန်ရွှယ်၏ လှုံ့ဆော်မှုအောက်တွင် သူမက ကုရှီချန်းကို ကလေးလေးယဲ့အမေက ဘယ်သူလဲဟု အကြိမ်ကြိမ်မေးခဲ့သည်။ ထိုအချိန်မှစ၍ နှစ်ယောက်သား စကားများရန်ဖြစ်ကာ ဆက်ဆံရေးတင်းမာလာတော့၏။

လန်ရွှယ်က သူမကို အခွင့်အာဏာသုံးပြီး ခင်ပွန်းဖြစ်သူ၏ သားတော်မောင်ယဲ့ကို အိမ်ယဲ့သခင်အစစ်က ဘယ်သူဆိုတာ သိသွားအောင်လုပ်ဖို့ တိုက်တွန်းခဲ့သည်။

ထိုသို့ဖြင့် ယဲ့ယီသည် ထိုကလေးကို အမြဲတမ်းဒုက္ခပေးတော့သည်။ ကုရှီချန်း အိမ်တွင်မရှိသည့်အချိန်၌ ကုစဲ့ကို အပ်နှင့်ထိုး၊ အမှောင်ခန်းထဲပိတ်လှောင်ခြင်း၊ မူးမေ့အော့အန်လာသည်အထိ အစာအငတ်ခံခိုင်းခြင်းနှင့် အခြားအရာများစွာ ပြုလုပ်ခဲ့၏။

ကုစဲ့လေးက ခေါင်းမာသည့်ကလေးဖြစ်သောကြောင့် ကုရှီချန်း ကို ဘာမှ မပြောဘဲ အောင့်အည်းသည်းခံခဲ့သည်။

နောက်ပိုင်းတွင် ကုရှီချန်း ကိုယ်တိုင် သိသွားသည်။ သူ အရမ်းဒေါသထွက်သွားပြီး ယဲ့ယီကို ထိုနေရာမှာတင် ကွာရှင်းချင်သွားတော့၏။

ယဲ့ယီသည် ထိုအခါမှ ကြောက်သွားပြီး ငိုယိုတောင်းပန်ကာ မိသားစုနှစ်ခုကြားက ဆက်ဆံရေးကိုတောင် ဆွဲထည့်လာပြီး မကွာရှင်းဖို့တောင်းပန်ခဲ့သည်။

ကုရှီချန်းက သူမကို မခွင့်လွှတ်နိုင်ပေ။ ထိုအခါ ယဲ့ယီက အလျော့ပေးရပြီး အချိန်နည်းနည်းပေးဖို့ ကုရှီချန်းကို တောင်းဆိုလိုက်သည်။ သူတို့နှစ်ယောက် သုံးနှစ်အကြာမှာ ကွာရှင်းဖို့ သဘောတူစာချုပ်တွင် လက်မှတ်ထိုးခဲ့ကြသည်။ ထိုအချိန်မှစ၍ ကုရှီချန်းသည် ကုစဲ့ကို ပြုစုရန်အတွက် နာနီတစ်ယောက်ကိုပင် ငှားလိုက်သည်။

ယဲ့ယီကို ကုစဲ့အနား နည်းနည်းပင် အကပ်မခံတော့ပေ။

တခြားတစ်ဖက်တွင် သူမ၏ အချစ်ဆုံးသူငယ်ချင်း လန်ရွှယ်က ဖျော်ဖြေရေးလောကထဲသို့ ဝင်ရောက်သွားတော့သည်။ သို့သော် သူမတွင် နောက်ခံအသိုင်းအဝိုင်းမရှိသောကြောင့် ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများတွင် ဇာတ်ပို့အသေးစားလေးများအဖြစ်သာ အမြဲသရုပ်ဆောင်နေရတော့သည်။

ထို့နောက် လန်ရွှယ်က ယဲ့ယီကို ဖျော်ဖြေရေးလောကထဲ ဝင်ရန် အားပေးလာ၏။သူမ၏ အလှအပနှင့် မိသားစုနောက်ခံကောင်းကြောင့် အောင်မြင်သည့်အနုပညာရှင် အချိန်တိုအတွင်း ဖြစ်နိုင်သည်ဟု ဆွဲဆောင်ခဲ့လေသည်။

ယဲ့ယီကလည်း သဘောတူပြီး ဝမ်းသာအားရနှင့် ဖျော်ဖြေရေးလောကထဲကို ဝင်လာတော့သည်။

ထိုစဉ် ကုရှီချန်းက ယဲ့ယီ အလုပ်တစ်ခုရှာတွေ့သည်ကို အလွန်ဝမ်းသာနေတော့သည်။ အလုပ်ရှိသွားသည့်အခါ မကောင်းသည့်ရည်ရွယ်ချက်များ တွေးရန် မအားနိုင်တော့၍ပင်။ သူမ ဖျော်ဖြေရေးလောကထဲဝင်သွားသည်ကို မြင်တော့ သူလည်း ဝမ်းသာအားရနှင့် အကူအညီသေးသေးလေးများပေးခဲ့သည်။

ကုရှီချန်း အကူအညီနှင့် အလွန်လှပသည့် ယဲ့ယီဟာ တကယ်ပင် အောင်မြင်ကျော်ကြားလာတော့သည်။ ထို့နောက် သူမဟာ လန်ရွှယ်ကိုလည်း ရိုက်ကွင်းများဆီ ခေါ်သွားပြီး တဖြည်းဖြည်းနှင့် လန်ရွှယ်၏ ကျော်ကြားမှုကို မြှင့်တင်ပေးကာ နောက်ဆုံးတွင် လန်ရွှယ်ဟာ မျိုးဆက်သစ်၏ ကျောက်စိမ်းမိန်းမပျိုတစ်ဦးဖြစ်လာတော့၏။

လန်ရွှယ် အနည်းငယ်ကျော်ကြားလာပြီးနောက် သူမဟာ ယဲ့ယီကို ဆက်လက်ချော့မော့ ဖြားယောင်းနေတော့သည်။ ထို့ကြောင့် ယဲ့ယီသည် မောက်မာပြီး မာနကြီးသူအဖြစ် ပြောင်းလဲသွားတော့သည်။

အကောင်ကြီးကြီး အမြီးရှည်ရှည်ပုံစံနှင့်နေ၊ ခပ်ချေချေမျက်နှာပေး၊ အိပ်ရာထနောက်ကျ၍ အလုပ်ပျက်၊ ချမ်းသာကြွယ်ဝလွန်းသည့် အထာဖမ်း၊ ဝန်ထမ်းများကို ပါးရိုက်ခြင်း စသဖြင့် သူမ မိုက်မဲသည့် အရာများ လုပ်တော့၏။

နောက်ဆုံးတွင် ယဲ့ယီ၏ မျက်နှာလှလှလေးပင် မကယ်နိုင်တော့ပေ။သူမ၏ ဆက်ဆံမှု ညံ့ဖျင်းမှုကြောင့် ကျော်ကြားမှုသည် ကောင်းကင်ယံမှအဝီစိအထိ ထိုးကျသွားပြီး အလုပ်ဆက်လုပ်၍ မရတော့သည်အထိဖြစ်သွားသည်။

ယဲ့ယီက အကူအညီတောင်းဖို့ လန်ရွှယ်ဆီသွားခဲ့၏။ ယခင်က သူမဟာ လန်ရွှယ်ကို စိတ်ရင်းနှင့်ကူညီခဲ့ဖူးသည်။ သူမဒုက္ခရောက်သည့်အချိန်တွင်လည်း လန်ရွှယ်က ပြန်ကူညီလိမ့်မည်ဟု ယုံကြည်မိခဲ့၏။

သို့သော် လက်တွေ့တွင်…

လန်ရွှယ်သည် ဟန်ဆောင်စကားချိုချိုလေးများနှင့် လှည့်ပတ်ပြောဆိုခဲ့သည်။ကူညီခဲ့ခြင်း အလျဉ်းမရှိပေ။

ယဲ့ယီသည် စိတ်မြန်လက်မြန်ရှိလှသဖြင့် ဒေါသမထိန်းနိုင်တော့ဘဲ လန်ရွှယ်ကို အော်ဟစ်တော့သည်။

တိုက်ဆိုင်စွာပင် အခင်းဖြစ်ပွါးသည့်နေရာတွင် ကင်မရာတစ်လုံးရှိနေသောကြောင့် ဗီဒီယိုသည် ပေါက်ကြားသွားတော့၏။

ယဲ့ယီက အင်တာနက်အသုံးပြုသူများ၏ ကျိန်ဆဲခြင်းခံရပြီး လန်ရွှယ်ကတော့ စာနာသနားမှုကို ရသွားတော့သည်။

နောက်ပိုင်းမှာ ယဲ့ယီကို ဝမ်းနည်းဖွယ်အခြေအနေအထိ အမှန်တကယ်ပို့ဆောင်ပေးမည်က သူမ ပါဝင်မည့် ‘ကြယ်ပွင့်မိသားစု’ ရသစုံရှိုးပင်ဖြစ်တော့၏။

အပိုင်း(၂)

ချစ်စရာဉာဏ်ကြီးရှင် ကလေးလေး

ဤအစီအစဉ်သည် နာမည်ကျော် အနုပညာရှင် အုပ်စုလေးစုကို သူတို့မိသားစု၏ နေ့စဉ်ဘဝများကို ရိုက်ကူးဖို့ ဖိတ်ကြားထားခြင်းပေ။

ထုတ်လုပ်ရေးအဖွဲ့က ကလေးရှိသော မိသားစုလေးစုကို ရွေးချယ်သည်။

ယဲ့ယီသည် ကုရှီချန်းကို သူမနှင့် အတူ အစီအစဉ်တွင် ပါဝင်ဖို့ တောင်းဆိုခဲ့သည်။ သူမ နောက်ဆုံး အကြိမ် ဒုက္ခ ပေးတာပါဟုလည်း ပြောထား၏။သူတို့၏ မူလ သုံးနှစ်စာချုပ်သည် သုံးလသာ ကျန်တော့သည်။ကုရှီချန်းနှင့် ကုစဲ့တို့ ပူးပေါင်းသရွေ့ သုံးလကြာလျှင် သူမ ရိုးရိုးသားသား ကွာရှင်းပေးပါမည်။ မဟုတ်ပါက ကုအိမ်ထောင်စုကို လုံးဝ ဖရိုဖရဲဖြစ်အောင် လုပ်မည်ဟု ယဲ့ယီက ခြိမ်းခြောက်ထားသည်။

ကုရှီချန်းသည် သူမကို လုံးလုံး မုန်းတီးသွားခဲ့သည်။ သူမကို အမှန်တကယ် ကွားရှင်းချင်သည့် ဆန္ဒ ပြင်းပြနေသောကြောင့် သူမပြောခဲ့သည့် စကားအတိုင်း သဘောတူလက်ခံခဲ့၏။

တိုက်တိုက်ဆိုင်ဆိုင်ပင်

မကြာသေးခင်ကမှ လန်ရွှယ်သည် ကြီးကြီးတက် ချမ်းသာသော သူဌေး တစ်ယောက်နှင့်လက်ထပ်ခဲ့သည်။ သူနှင့်အတူ နာခံတတ်ပြီး ချစ်စရာကောင်းသည့် သားထွေးလေးတစ်ယောက်လည်း ပါလာသည်။

နောက်ဆုံးတော့ အတိတ်ဆိုးက တစ်ကျော့ပြန် လည်လာ၏။

ကုစဲ့သည် ယဲ့ယီကို မြင်တိုင်း အရိပ်တကြည့်ကြည့်နှင့် အမြဲကြောက်ရွံ့ နေသည်။

လန်ရွှယ်နှင့်သားထွေးတို့ကတော့ အတိုင်အပေါက်ညီကာ မိခင်တစ်ယောက်၏ သဘောတရားကို ပေါ်လွင်အောင်ဖော် ပြနိုင်ခဲ့သည်။

နောက်ပိုင်းတွင် ကုရှီချန်း၏ အေးစက်စက်အမူအရာတို့ဟာ ပရိသတ်၏ အာရုံကို ဖမ်းစားသွားတော့၏။ တဖြည်းဖြည်းနှင့် ပရိသတ်တို့ဟာ ယဲ့ယီတို့ လင်မယားနှစ်ယောက်ရင်းရင်းနှီးနှီး မရှိကြကြောင်း သဘောပေါက်လာကြသည်။ သူတို့၏ဆက်ဆံရေးတွင် အချစ်ရိပ်အငွ့အသက်တစ်စက်မျှပင် မမြင်ရ။တစ်ခါတရံ ကုရှီချန်းက ယဲ့ယီကို ရွံရှာသည့် အကြည့်များဖြင့်ပင် ကြည့်သေးသည်။

တခြားတစ်ဖက်တွင် လန်ရွှယ်တို့ လင်မယားနှစ်ယောက်သည် အချစ်ရူးဇနီးမောင်နှံနှစ်ယောက်ပမာ ချစ်ရိပ်တို့ ထင်ဟပ်နေသည်။

ထိုအခါ ကွာခြားချက်က သိသာလာ၏။

လန်ရွှယ်က ဘဝ၏အောင်နိုင်သူတစ်ယောက်အလား ယဲ့ယီကတော့ လူရွှင်တော်တစ်ယောက်ထက် မပိုဘူးဆိုတာ ပြသနေသည်။

အစီအစဉ် တင်ဆက်မှုကြီး ပြီးသွားချိန်တွင် ယဲ့ယီသည် အင်တာနက်တစ်ခုလုံး၏လှောင်ပြောင်ခြင်း ကိုခံခဲ့ရပြီး လန်ရွှယ်ကတော့ ပိုမိုမြင့်မားသည့် ထိပ်တန်း ကြယ်ပွင့် နေရာကို ရယူနိုင်ခဲ့သည်။

ထိုအချိန်တွင် ယဲ့ယီသည် ကိစ္စအရပ်ရပ်တို့ကို စတင်သဘောပေါက်လာတော့သည်။ သူမ၏ ဒုက္ခတစ်ဝက်နီးပါးဟာ လန်ရွှယ်၏ ကောက်ကျစ်လှည့်စားမှုများကြောင့်ဆိုတာ သူမသိရှိသွားတော့၏။ ထို့ကြောင့် လန်ရွှယ်ကို ပြန်ပေးဆွဲ ပြီး အဝေးတစ်နေရာတွင် အသတ်ခံရစေရန် ရည်ရွယ်၍ ပြန်ပေးဆွဲသမားတို့ကို ငှါးရမ်းခဲ့၏။ ဖြစ်ချင်တော့ လန်ရွှယ်က ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်နေသည်။ တစ်ကယ်တမ်း ပြန်ပေးဆွဲခံခဲ့ရသူသည် ယဲ့ယီကိုယ်တိုင် ဖြစ်သွား၏။ နောက်ဆုံးမှာတော့ ယဲ့ယီသည် နိုင်ငံခြားတွင် ညှဉ်းပန်းနှိပ်စက်ခံရပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အတွက်တောင် အခွင့်မသာခဲ့ပေ။ ထိုအချိန်မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းဟာ သူမအတွက် လွတ်မြောက်ခြင်းတစ်ခုဖြစ်လာခဲ့သည်။

မသေခင်တွင် ယဲ့ယီသည် နောင်တတို့နှင့် ပြည့်နှက်ခဲ့သော်လည်း ကံဆိုးစွာနှင့်ပင် အချိန်ကားနှောင်းသွားခဲ့လေပြီ။

ဤဝတ္ထုထဲတ္ငင် လန်ရွှယ်သည် အဓိကဇာတ်ကောင်ဖြစ်သောကြောင့် ယဲ့ယီ၏သေဆုံးခြင်းသည် လန်ရွှယ်အောင်မြင်မှုများ ရရန်အတွက်သာဖြစ်လေသည်။

ယဲ့ယီ ပျောက်ဆုံးသွားပြီးနောက် ကုရှီချန်းသည် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ဤကိစ္စသည် လန်ရွှယ်နှင့် ဆက်စပ်နေနိုင်သည်ဟု သူ ဝေဝေဝါးဝါး သိရှိခဲ့သည်။ ကုမိသားစုသည် ယခင်ကတည်းက လန်ရွှယ်ခင်ပွန်း ချန်ထန်မင်းနှင့် စီးပွါးပြိုင်ဖက် ဖြစ်ခဲ့သည်။ ထိုသို့အပြိုင်အဆိုင်များရှိသည့် အတွက် ကုရှီချန်းသည် ပြဿနာရှိနိုင်သည်ဟု စိုးရိမ်ကာ ဆက်လက်စုံစမ်းခဲ့သည်။ အကျိုးဆက်အနေဖြင့် ကုရှီချန်းသည် ဝတ္ထု၏နောက်ပိုင်းတွင် အကြီးမားဆုံး လူဆိုးဇာတ်ကောင် ဖြစ်လာတော့သည်။ အကြောင်းမှာ သူသည် အဓိကဇာတ်ကောင်မင်းသမီးကို သံသယဖြစ်ကာ စုံစမ်းရဲသောကြောင့်ပင်။

နောက်ဆုံး အဆုံးသတ်တွင် ကုမိသားစုခမျာ ချန်မိသားစုနှင့် လန်ရွှယ်တို့၏ ရန်တွေ့မှုကြောင့် ပျက်စီးရတော့၏။

ကုရှီချန်း နှင့်ကုစဲ့ တို့လည်း အဆုံးသတ် မလှပေ။

လန်ရွှယ်၏ ရှုထောင့်မှကြည့်မည်ဆိုပါက ဤအရာတို့သည် အလွန်ကျေနပ်စရာကောင်းသည့် ဝတ္ထုတစ်ပုဒ်ဖြစ်မည်မှာ အမှန်ပေ။

သို့သော် ယဲ့ယီအစစ် ဖတ်သောအခါတွင် ဝတ္ထုထဲမှ ဇာတ်ပို့မင်းသမီးသည် သူမနှင့် နာမည်ချင်းတူနေသဖြင့် မကျေမနပ်ဖြစ်မိသည်။ ဇာတ်ပို့ဇာတ်ကောင်သည် မကောင်းမှန်းသိသော်လည်း သူမ၏ နောက်ဆုံးအဆုံးသတ်သည်အလွန်ကြေကွဲဖွယ်ကောင်းပြီး ဝဋ်လည်သည်ဟုတောင် ဆိုနိုင်သည်။ သို့သော် လန်ရွှယ်လိုလူမျိုးအတွက် သူမ၏ ကောက်ကျစ်ယုတ်မာမှုကလည်း ယဲ့ယီနှင့်အခြေခံအားဖြင့် အတူတူပါပင်။ ထိုကဲ့သို့လူမျိုးက အဓိကဇာတ်ကောင် မဖြစ်သင့်ပေ။

‘ကုရှီချန်းနှင့် ကုစဲ့ သားအဖနှစ်ယောက်ဟာ ပိုလို့တောင်သနားဖို့ ကောင်းသေးတယ်။ သူတို့အဲ့ဒီလိုမဖြစ်သင့်ဘူး’

ထိုမကျေနပ်ချက်လေးတစ်ခုကြောင့်ပင် သူမသည် ဝတ္ထုကမ္ဘာထဲ သို့ ဝင်ရောက်သွားလေသည်။

မရောက်ခင်တွင် အေးစက်စက် အသံတစ်ခုက သူမအတွက် 'စိတ်ဖတ်စနစ်' ကို ဖွင့်ပေးလိုက်ပြီဟု ပြောသည်ကို ယဲ့ယီ ကြားလိုက်ရသည်။

စိတ်ဖတ်စနစ်ဆိုသလားပင်။

‘ဒါဆို ရင် သူမကတခြား လူတွေရဲ့ အတွေးတွေကို ကြားနိုင်တော့မှာလား’

ခုနက ကုရှီချန်း၏ အတွေးများကို သူမ မကြားခဲ့ပေ။ ယဲ့ယီ တွေးရင်းနှင့် အိပ်ရာမှထလိုက်သည်။

‘ဘာပဲနေနေ အရေးမကြီးပါဘူး။ အရေးကြီးတာဘာလဲဆိုတော့’

သူမသည် အတိတ်ဘဝက အလွန်ပင်ပန်းခဲ့သည်။

သူမ စာအုပ်ထဲသို့ ရောက်မသွားဘူးဆိုရင်တောင် အလုပ်ဝန်ပိကာ သေသွားနိုင်လောက်သည်။

‘ဒီဘဝကျတော့ရော’

‘သူမမှာ သူဌေးခင်ပွန်းနှင့် ပါရမီရှင်သားတစ်ယောက်ရှိနေပါ၏။ အဘယ့်ကြောင့် ဖျော်ဖြေရေးလောကမှာ အလုပ်ကြိုးစားပြီး ပင်ပန်းနေရမှာလဲ။ ဒီရသစုံရှိုးရိုက်ပြီးရင် လုပ်ငန်းမှထွက်ကာ ဇိမ်ကျကျ ဘဝကို ခံစားလို့ရတာပဲ’

‘သုံးလနေရင် ကွားရှင်းတော့မယ်ဆိုရင်တောင်မှပေါ့’

‘ဒါပေမဲ့ ကုရှီချန်းက သူ့ကို လျော်ကြေးအများကြီး ပေးမယ်လို့ ပြောထားတယ်။ ကုရှီချန်းရဲ့ ရက်ရောမှုနဲ့ဆို အေးအေးဆေးဆေးနေလို့ ရတယ်။ ဒါဆို ဘာလို့ ကြိုးစားနေရမှာလဲ။ ဒီဘဝမှာတော့ သူမပျော်ပျော်နေရုံပါပဲ’

မီးရောင်မိန်မိန်လေးထဲတွင်

စက်ရုပ်သံတစ်သံ ထွက်ပေါ်လာသည်။

“စိတ်ဖတ်စနစ် အမှားအယွင်း ဖြစ်ပေါ်နေပါသည်။ ယခု 'ပြောင်းပြန်စိတ်ဖတ်စနစ်' သို့ အဆင့်မြှင့်နေပါသည်"

ယဲ့ယီသည် ထိုစက်သံကို မကြားလိုက်ရပေ။ ကြားလိုက်ရလျှင် သူမဆွံအသွားလောက်မည်။

မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီးနောက် ယဲ့ယီ အောက်ထပ်သို့ ဆင်းသွား၏။

ဇာတ်လမ်းအရ နာမည်ကျော် မိသားစုအစီအစဉ်၏ ထုတ်လုပ်ရေးအဖွဲ့သည် အိမ်တံခါးဝသို့ ရောက်တော့မည်။

ယခင်တစ်ခေါက်က…

ကုစဲ့၏ ကြောက်ရွံ့မှုနှင့် ငြင်းပယ်မှုတို့သည် သူမကို ယုတ်မာသည့် မိထွေးဆိုသည့် နာမည်ကို ရစေခဲ့သည်။

အမှန်တကယ်တော့ မူရင်းဇာတ်ကောင်၏ လုပ်ရပ်များဟာ 'ယုတ်မာသည့် မိထွေး' ဆိုသည့် စကားနှင့် အပြည့်အဝ ထိုက်တန်ပါ၏။

သို့သော် သူမသည် ယခုမှ ဤလောကသို့ ကူးပြောင်းလာခါစ အသစ်ကလေးပေ။

ယဲ့ယီသည် ဖျော်ဖြေရေးလောကတွင် အလုပ်ကြိုးစားဖို့ မစီစဉ်ထားသော်လည်း လူထု၏ ကျိန်ဆဲခြင်းကိုလည်း ခံချင်စိတ်မရှိချေ။

ထုတ်လုပ်ရေးအဖွဲ့မရောက်ခင် ကုစဲ့နှင့် စကားပြောရမည်။

ဧည့်ခန်းအတွင်း

ခုနှစ်နစ် သားလေးကုစဲ့သည် အန်စာတုံးတစ်ခုနှင့် ကစားနေသည်။

ယဲ့ယီ ချဉ်းကပ် ကြည့်သည်။

ကလေးထိန်းတစ်ယောက်သည် ချက်ချင်းပင် ခပ်ကြောက်ကြောက်နှင့် သူမကို တားဆီးလိုက်သည်။

ယဲ့ယီ စိတ်မဆိုးမိပေ။ “အစ်မ လင်း၊ထုတ်လုပ်ရေးအဖွဲ့ မကြာခင် ရောက်တော့မယ်။ ကျွန်မ ရှောင်စဲ့လေးနဲ့ အရင်နည်းနည်းလောက် အတူနေချင်တယ်။ အခု အိမ်မှာ ကင်မရာတွေ နေရာတိုင်းရှိတယ်၊ ကျွန်မ ရှောင်စဲ့ကို အန္တရာယ်တစ်ခုခု လုပ်မှာ ကို စိတ်ပူနေသေးတာလား”

ကင်မရာများရှိသဖြင့် မိထွေးဆိုးကို စောင့်ကြည့်လေ့လာနိုင်ပါ၏။

အစ်မလင်း တွေးလိုက်သည်။

‘ဒါပေမဲ့ ငါ ဘယ်လိုလုပ်ရမလဲ’

သူမကို စောင့်တော့ ကြည့်ရပါမည်။ မူလယဲ့ယီသည် အမှန်တကယ်ပင် ဆိုးရွားခဲ့ပါ၏။

ယဲ့ယီသည် ယနေ့ အတော်လေး သဘောကောင်းပုံပင်။ အိမ်ထိန်းအမလင်း တစ်ခဏ တုံ့ဆိုင်းသွားပြီ ချီတုံချတုံဖြင့် လမ်းဖယ်ပေးလိုက်တယ်။

ယဲ့ယီသည် ကုစဲ့ အနားသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။

ကုစဲ့ သည် ရုတ်တရက် တောင့်တင်းသွား၏။

လွန်ခဲ့သော သုံးနှစ်တာကာလအတွင်း ကုရှီချန်းသည် သူ့ကို ယဲ့ယီနှင့် ဝေးဝေးနေစေရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ ဤအမည်ခံအမေကို သူ အချိန်အတော်ကြာ မတွေ့ခဲ့ရပေ။

သို့သော် သုံးနှစ်အကြာက ကြောက်စရာကောင်းသော အတိတ်ဆိုးများ ပြန်ပေါ်လာသောကြောင့် ကုစဲ့သည် လှုပ်ရှားဖို့ပင် မရဲတော့ချေ။

“ရှောင်စဲ့ရေ” ယဲ့ယီ နူးနူးညံညံလေး ခေါ်လိုက်သည်။ ”သားက ကုဗတုံးဆော့တာ တကယ်တော်တာပဲ။ ဒါက 8x8 ကုဗတုံးနော်၊ သားတကယ် ဖြေရှင်းနိုင်တယ်ပေါ့”

ကုစဲ့သည် ယဲ့ယီနှင့် စကားပြောချင်စိတ်မရှိသဖြင့် ဆိုဖာထောင့်နားသို့ တိတ်တဆိတ် ရွေ့သွားသည်။ ထိုသို့ ရွေ့လျားနေချိန်၌ပင် သူက သတိကပ်ပြီး တောင့်တင်းစွာ ရွေ့လျားနေ၏။ သူ၏ယခု လုပ်ရပ်ကို ထိုအမျိုးသမီးကို ဒေါသထွက်သွားစေနိုင်သော်လည်း သူမနားဆက်နေချိန်တွင် ဘာဆက်ဖြစ်မလဲဆိုသည်ကို မသိနိုင်ပေ။

ယဲ့ယီကို ကြည့်လိုက်သည့် အခါတွင် သူမ မျက်နှာပျက်သွားကြောင်း တွေ့လိုက်ရ၏။

‘မြင်တယ်မလား ဒီမိန်းမကြီး ကြာကြာဟန်မဆောင်နိုင်ပါဘူး’

လွန်ခဲ့သည့် သုံးစက္ကန့်လောက်က…

ယဲ့ယီ စကားပြောပြီးသည်နှင့် သူမစိတ်ထဲတွင် အသိပေးချက်တစ်ခု ပေါ်လာ၏။

“ယဲ့ယီသည် လူဆိုး ဇာတ်ကောင် ဖြစ်သည်။ ကျေးဇူးပြု၍ သူမ၏ စရိုက်လက္ခဏာအတိုင်း လုပ်ဆောင်ပါ။ သို့မဟုတ်ပါက သင်သည် ပြစ်ဒဏ်ကို ခံရလိမ့်မည်"

ထိုအသံကြားပြီးသည်နှင့် ယဲ့ယီသည် ရုတ်တရက် နှလုံးအိမ်မှ စူးရှရှ နာကျင်မှုကို ခံစားလိုက်ရပြီး မျက်စိပျက်မျက်နှာပျက်ဖြစ်သွားတော့သည်။

‘ဒါဘယ်လို အဓိပ္ပာယ်မရှိတဲ့ဟာကြီးလဲ။သူမ ပုံမှန်စကား တစ်ခွန်းပဲ ပြောလိုက်တာကို စရိုက်လက္ခဏာနဲ့ မဆီလျော်ဘူးတဲ့လား’

သူမ ဒုတိယဘဝရပြီဟု ထင်လိုက်သော်လည်း ယခုတော့ မူလယဲ့ယီလို သေရတော့မည်လော။

ယဲ့ယီတွင် ရွေးစရာမရှိတော့ဘဲ ကုစဲ့ကို မထီမဲ့မြင်မျက်နှာပေးနှင့် ကြည့်ကာ ပြောသည်။ "နင်ဘာလို့ ရှောင်နေတာလဲ။ ပိန်ညှောင်နေတာပဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ဦး၊၊ ငါ နင့်ကို ရိုက်ချင်ရင်တောင် ပြေးလို့လွတ်မယ်ထင်လား"

ပြောပြီးနောက် ယဲ့ယီ ခဏစောင့်ကြည့်လိုက်သည်။

‘တော်သေးတယ် ဘာပြစ်ဒဏ်မှ မခံရဘူး’

ထိုသို့ စကားများ ပြောသော်လည်း ယဲ့ယီသည် ကုစဲ့ကို သနားစဖွယ် ကြည့်လိုက်၏။

[ဒီကလေး သိပ်ပိန်နေတယ်။ ငါနောက်ပိုင်း သူ့ကို အာဟာရကောင်းကောင်း ကျွေးရမယ်။]

ကုစဲ့ နားထဲသို့ ထိုအသံ ရုတ်တရက်ဝင်ရောက်လာ၏။

သူ ယဲ့ယီကို မယုံနိုင်စွာ ကြည့်လိုက်သည်။

‘ဒီမိန်းမကြီး ဘာဖြစ်နေတာလဲ။ ခုနကသူပဲငါ့ကိုရိုက်တော့မယ်ပြောလိုက်၊ ခုကျတော့ငါကို ဂရုတစိုက် အာဟာရပြည့်အောင် ကျွေးမယ်ပေ့ါ’

‘နေဉီး သူနောက်ဆုံးပြောသွားတုန်းက ပါးစပ်တောင်မဖွင့်လိုက်ပါဘူး’

‘ငါပဲ ထင်ယောင်ထင်မှား ဖြစ်နေတာလား’

ကုစဲ့သည် သူ့ကို ယခင်လို အနိုင်ကျင့်ချင်တိုင်း ကျင့်၍မရကြောင်း မျက်လုံးလေးများ ပြူးပြကာ ခက်ခက်ထန်ထန် ပြန်ကြည့်လိုက်၏။

All Chapters