← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အပိုင်း(၅)

အင်တာဗျူးအပိုင်း

လန်းရွှယ်ဘက်တွင် အစီအစဉ်တင်ဆက်သူက ကောင်းမွန်စွာ မေးလိုက်သည်။ “ဟောင်ယု၊ သားက ငယ်သေးပေမဲ့ ဒီလိုခက်ခဲတဲ့ သင်္ချာပုစ္ဆာတွေ လုပ်ရတာ အရမ်းပင်ပန်းတယ် ထင်လား”

ချန်ဟောင်ယု နားလည်သော အမူအရာဖြင့် ပြောလိုက်သည်။ ”မပင်ပန်းပါဘူး။ အမေနဲ့အဖေက သားအတွက် ကောင်းမွန်တဲ့ သင်ယူမှုပတ်ဝန်းကျင် ဖန်တီးပေးဖို့ ကြိုးစားလုပ်ကိုင်နေတာ၊ သူတို့ကမှ အပင်ပန်းဆုံးပါ။ သူတို့အတွက် သား အကောင်းဆုံး ကြိုးစားသွားမှာပါ”

[အား ဟောင်ယုလေးက ချစ်စရာကောင်းပြီး သိတတ်လိမ္မာလိုက်တာ၊ အိမ့်ကသားနဲ့ များကွာပါ့]

[ရွှယ် ကသေချာ ပြုစုထားတာပဲ]

[ရွှယ် နဲ့ ဟောင်ယု ကြားကဆက်ဆံရေးက အရမ်းချိုမြိန်လိုက်တာ]

လေထုသည် အလွန်တရာ လိုက်ဖက်နေသည်။

ယဲ့ယီဘက် မှာတော့…

အစီအစဉ်တင်ဆက်သူက အရင်မေးလိုက်သည်။ "ရှောင်ယီ၊ ရှင် တစ်ချိန်က ထိပ်တန်းဒါရိုက်တာမဟုတ်ရင် ရုပ်ရှင်မရိုက်ဘူး၊ ထိပ်တန်း တံဆိပ်တွေမဟုတ်ရင် ကြော်ငြာမယူဘူးလို့ ပြောခဲ့တယ်မလား။ အခု ကျွန်မတို့ အစီအစဉ်ရှိုးကို ဘာလို့ လုပ်ချင်လာတာလဲ”

အတော်လေး လှည့်ကွက်များသည့် မေးခွန်းတစ်ခုပေ။

ယဲ့ယီက သူမကိုကြည့်ပြီး ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။ "အရင်တုန်းက ကျွန်မ အမှားတွေ အများကြီးလုပ်ခဲ့တယ်၊ အခု ကျွန်မအသက်မွေးဝမ်းကြောင်းလမ်းက လုံးဝ အောက်ခြေရောက်နေပြီ။ ထိပ်တန်း ရုပ်ရှင်တွေ ဒါမှမဟုတ် ဇိမ်ခံအမှတ်တံဆိပ်တွေကို လုပ်ချင်ပေမဲ့ မတတ်နိုင်ဘူး။ ဒီအချိန်မှာ ရှင်တို့ အစီအစဉ်ကပဲ ကျွန်မရဲ့ နာမည်ဆိုးနဲ့ လူကြိုက်များမှုကနေ အကျိုးအမြတ်ယူချင်နေတာလေ။ ဒါနဲ့ ရှင်တို့ ရသစုံရှိုးက အစာအိမ်ကောင်းတယ်ထင်တယ်။ ဘာစားစား ဗိုက်ဝအောင် စားတယ်နော်”

[T/N နာမည်ကြီးအောင် နည်းလမ်းအစုံကိုသုံးတယ်ပြေတာပါ]

အစီအစဉ်တင်ဆက်သူ “....”

သူမ မေးခွန်းသည် ယဲ့ယီကို အရှက်ခွဲရန် ရည်ရွယ်၍ မေးလိုက်ခြင်းပေ။ အဘယ့်ကြောင့် ယဲ့ယီက ရှိုးကို အရှက်ပြန်ခွဲသလို ဖြစ်သွားသနည်း။

ကောမန့် များထဲ၌ တဟားဟား ရယ်မောကုန်ကြတော့၏။

[ဟားဟားဟား]

[ယဲ့ယီက တကယ်ကို ပွင့်ပွင့်လင်းလင်းပြောတာဟေ့ ငါရယ်ရလို့ အူတက်သေတော့မယ်။ ဘာတဲ့ 'အောက်ခြေရောက်တယ်'၊ 'နာမည်ဆိုးနဲ့ လူကြိုက်များမှု' တကယ့်ဟာသပါကွာ]

[ယဲ့ယီက သူအလုပ်လုပ်တုန်းက ကိုယ့်ကိုယ်ကိုယ် မဖျက်ဆီးခဲ့ဘူးဆိုရင် အခုချိန်မှာ နာမည်ကြီးလာပြီး နာမည်ကြီးတစ်ယောက်ဖြစ်သွားနိုင်တယ်]

[ငါတောင် ဘယ်လိုမှန်းမသိ ရယ်မိသွားတယ်။ ယဲ့ယီမှာ ဟာသဉာဏ်ရှိမယ်လို့ မထင်ခဲ့ဘူး]

[မင်းတို့ဘာတွေ ရယ်နေတာလဲ။ ယဲ့ယီရဲ့ အရှုပ်တော်ပုံတွေအားလုံးကို မမေ့နဲ့နော်]

[ယဲ့ယီ ဖျော်ဖြေရေးလောကကနေ ထွက်သွား။ ယဲ့ယီ ဖျော်ဖြေရေးလောကကနေ ထွက်သွားစမ်း]

ဤတစ်ကြိမ် တိုက်ခိုက်စော်ကားသည့် မှတ်ချက်များ ရပ်တန့်သွားချိန် ကျန်သည့်သူများ ဒေါသထွက်သွားကြတော့၏၊

[ငါတို့ဘာသာ ငါတို့ရယ်တာလေ။ လန်ရွှယ့်အဖေတို့အမေတို့ရေ။ လူတွေကို ရယ်ခွင့်တောင် မပေးတော့ဘူးလား]

[ယဲ့ယီ မမှားဘူး။ ဒီအစီအစဉ်ကပဲ သူ့လူကြိုက်များမှုကနေ အကျိုးယူချင်တာမဟုတ်လား။ ကျိန်ဆဲချင်ရင် အဖွဲ့ကိုပါ ကျိန်ဆဲလိုက်လေ]

[ငါဘာသာ ရယ်စရာကောင်းလို့ ရယ်တာ မကျေနပ်ရင် လာခဲ့လေ]

ဖြတ်လျှောက်သမားသည် ယဲ့ယီကို ကြိုက်သည်ထက် ပျင်းစရာကောင်းသည်ဟု မခံစားချင်ကြရုံသာ။ သို့သော် ယဲ့ယီ၏ ဂုဏ်သတင်း အနည်းငယ် ပြန်ကောင်းလာသည်။

“ဟားဟားဟား၊ ရှောင်ယီ၊ ရှင်က တကယ်ဟာသတွေပြောတတ်တာပဲ"

အစီအစဉ်တင်ဆက်သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ယဲ့ယီကို ဆက်မမေးရဲတော့ဘဲ ပိုပြီးကိုင်တွယ်ရလွယ်ကူမည့် ကုစဲ့ထံသို့ ပြောင်းလိုက်၏။

“ရှောင်စဲ့”

အစီအစဉ်တင်ဆက်သူက အပြုံးတုလေးနှင့် ဆိုးရွားသော မေးခွန်း ကိုမေးလိုက်သည်။ ”သား အမေကို မကြာခဏတွေ့ရလား။ အပြင်မှာ သားအမေကို မုန်းတဲ့လူအများကြီးရှိတယ်ဆိုတာ ရောသိလား”

ယဲ့ယီ မျက်နှာပျက်သွားသည်။ ကလေးတစ်ယောက်ကို ဘာရည်ရွယ်ချက်နဲ့ ဒီလိုမေးခွန်းမျိုးမေးရတာလဲ။

သူမ ပြန်ဖြေရန် တွေးနေတုန်းမှာ ကုစဲ့က အစီအစဉ် တင်ဆက်သူကို ကြည့်ပြီးမေးလိုက်သည်။ “အန်တီက လူတွေကို ဒီလိုမေးခွန်းမျိုးမေးရတာ ကြိုက်တယ်ဆိုတော့ အန်တီကိုလည်း မုန်းတဲ့လူအများကြီး ရှိမှာပဲနော်။ အဲဒီအကြောင်း အန်တီအမေကရော သိရဲ့လား”

ယဲ့ယီသည် ခဏတာ အံ့အားသင့်သွား၏။ သူမ ရယ်မောလိုက်ပြီး ကုစဲ့ကို မ ချီလိုက်ကာ သူ့ပါးလေးကို ညှစ်လိုက်သည်။

ကုစဲ စကားမတတ်ဟု မည်သူပြောရဲတော့မည်နည်း။ သူပြောချင်းတိုင်း တည့်တိုးကို ပြောချနေတော့သည်။

ယဲ့ယီ ရုတ်တရက် ကောက်ချီ လိုက်သောကြောင့် ကုစဲ့ နေထိုင်ရခက်သွားသော်လည်း ယနေ့ သူမထံမှ မကောင်းသည့် ရည်ရွယ်ချက်ကို အနည်းငယ်ကလေးမျှပင် မခံစားရချေ။ ခဏတာ စိတ်မသက်မသာဖြစ်ပြီးနောက် သူအသာကလေး ငြိမ်ထိုင်ပေးလိုက်သည်။

ကလေးတစ်ယောက်ဆီမှ ပြန်ပြီး လှောင်ပြောင်ခံရသည့်အတွက် အစီအစဉ်တင်ဆက်သူ မျက်နှာပျက်သွားတော့သည်။သူမ ဇာတ်ညွှန်းဖြင့် ပြင်ဆင်ရန် ကြံလိုက်သည့်အချိန် ယဲ့ယီ တဲ့တိုးပြောလိုက်၏။ “ကျွန်မ အမှားတွေ အများကြီး လုပ်ခဲ့ဖူးတယ်ဆိုတာ မှန်ပါတယ်။ ဒါကို ကျွန်မ ကိုယ်တိုင်လက်ခံပါတယ်။ ဒီလိုထပ်မဖြစ်အောင်လဲ နောင်မှာ ကြိုးစားပြီး ကျွန်မပြင်မယ်။ဒါပေမဲ့ ကလေးတစ်ယောက်အတွက် မိခင်ဆိုတာ မိခင်ပဲမဟုတ်လား။ ရှင် မေးလိုက်တဲ့မေးခွန်းဟာ အရမ်းရိုင်းလွန်းတယ်"

ယဲ့ယီသည် အစီအစဉ်တင်ဆက်သူ၏ ရင်ဘက်ပေါ်က ဝန်ထမ်းတံဆိပ်ကိုကြည့် လိုက်သည်။ “ဖန်ယွမ်းယွမ်းမလား။ ရှင်က ရှင့်အလုပ်မှာ မကျွမ်းကျင်သေးဘူး။ ကျွန်မကို ပစ်မှတ်ထားတာကို ကျွန်မ လက်ခံနိုင်တယ်၊ ဒါပေမဲ့ ကျွန်မရဲ့ကလေးကို ပစ်မှတ်ထားတာကိုတော့ ကျွန်မ ခွင့်မပြုဘူး။ ဒီနေ့ အသံသွင်းမှုကို ပြီးအောင်ဆောင်ရွက်ပါ့မယ်။ ဒါပေမဲ့ ပြီးသွားရင်တော့ ရှင့်ကို တိုင်ကြားပြီးတော့ အစီအစဉ်တင်ဆက်သူ ပြောင်းပေးဖို့ တောင်းဆိုရလိမ့်မယ်”

ယဲ့ယီ တင်းမာစွာ ပြောလိုက်ပါ၏။

ဖန်ယွမ်းယွမ်း အနည်းငယ် ထိတ်လန့်သွားတော့သည်။ သူမသည် လန်ရွှယ်ထံမှ အကျိုးအမြတ်များ ရရှိခဲ့သောကြောင့် ယဲ့ယီကို အထူးပစ်မှတ်ထားခဲ့ခြင်းပေ။

သူ ယဲ့ယီကို တိုက်ခိုက်ရန် ခက်ခဲမည်ဟု မထင်ထားပေ။ ဤအတိုင်းသာ +ဆက်သွားနေမည်ဆိုပါက ယဲ့ယီ အရှက်ကွဲ မည့်အစား သူမ အလုပ်ပြုတ်သွားနိုင်သည်။

“ကျွန်မတောင်းပန်ပါတယ်ရှင် နောက်ဆို ပိုသတိထားပါ့မယ်" ဖန်ယွမ်းယွမ်းက တောင်းပန်ကာ ကိုယ့်ကိုယ်ကို ချုပ်တည်းလိုက်ရသည်။ သူမ ပုံမှန်မေးခွန်းတချို့မေးပြီး နောက်အပိုင်းကို ဆက်သွားလိုက်၏။

ဖန်ယွမ်းယွမ်း ကင်မရာကို ပြုံးပြလိုက်သည် "နာမည်ကြီးမေမေတွေက များသောအားဖြင့် အရမ်းအလုပ်များတယ်၊ ထမင်းချက်ဖို့ အချိန်သိပ်မရှိကြဘူး။ ဒါပေမဲ့ ထမင်းချက်တာက မိဘနဲ့ကလေးကြား ဆက်ဆံရေးကို မြှင့်တင်ဖို့ တကယ့်အခွင့်အရေးကောင်းတစ်ခုပါ။ ဒါကြောင့် ကျွန်မအခု ပထမဆုံးတာဝန်ကို သတ်မှတ်လိုက်ပါပြီ။ မိဘနဲ့ကလေး အတူတူ နေ့လယ်စာ ပြင်ဆင်ရမယ်"

ဟင်းချက်တာလား။

ယဲ့ယီမျက်နှာလေး ညှိုးငယ်သွားတော့၏။ မူလယဲ့ယီ ဖြစ်စေ သူမဖြစ်စေ ဟင်းချက်မကျွမ်းကျင်ပါ။

စာအုပ်ထဲတွင် လန်ရွှယ်သည် ဟင်းချက်ကျွမ်းကျင်ပြီး အရသာရှိသည့် ဟင်းလေးမျိုးနှင့် ဟင်းချိုတစ်မျိုး ချက်ပြခဲ့သည်ဟု သူမမှတ်မိလိုက်သည်။ ထို့နောက်သူမခင်ပွန်းက စားဖို့ပြန်လာပြီး မိသားစုသုံးယောက် ထမင်းလက်ဆုံစားရင်း သူမခင်ပွန်းက လန်ရွှယ် ကြိုးစားပြီး ချက်ပြုတ်ထားသည့်အတွက် ကျေးဇူးတင်ကြောင်းပြောကာ အင်တာနက်အသုံးပြုသူများကို အားကျမျက်ရည်ဝဲအောင် ပြုလုပ်ခဲ့သည်။

သို့သော် ယဲ့ယီဘက်၌

ကုစဲ့လည်း စကားတစ်ခွန်းမှ မပြော ယဲ့ယီလည်း မီးဖိုချောင်ကို မီးရှို့လုနီးပါးဖြစ်သွားခဲ့သည်။ နောက်ဆုံးတော့ အစီအစဉ်၏စည်းမျဉ်းအရ နှစ်ယောက်စလုံး နေ့လည်စာ အငတ်ခံခဲ့ရသည်။

အခြားအရာများတွင် ယဲ့ယီသည် မူလကိုယ်ထက် ပိုကောင်းအောင် လုပ်နိုင်သည်ဟု ယုံကြည်ပါသည်။

ဟင်းချက်သည့်နေရာ၌ ချွင်းချက်ပေ။

တိုက်ရိုက်ထုတ်လွှင့်မှုမှ ကြည့်ရှုသူများသည် ယဲ့ယီသည် ထမင်းလုံးဝမချက်တတ်မှန်း မြင်လိုက်ရ၏။

[ဟိုဘက်မှာလန်ရွှယ်က စလုပ်နေပြီ၊ ယဲ့ယီက ဘာလို့ ငိုင်နေတာလဲ]

[သူဟင်းတစ်ခွက်တောင် မချက်တတ်ဘူး။ သူ့ကလေးဖြစ်ရတာ သနားစရာပဲ]

[သူတို့ နှစ်ယောက် ဘာမှမစားကြတော့ဘူးလား]

တစ်ဖက်မှာတော့ လန်ရွှယ် ဓားကိုင်ပြီး ငါးတစ်ကောင်ကို လျင်မြန်စွာ သန့်စင်လိုက်ကာ ကင်မရာဘက်သို့ လှည့်ပြောသည်။

“ကျွန်မရဲ့ ဟောင်ယုက ကျွန်မလုပ်တဲ့ ရှဉ့်ပုံသဏ္ဌာန် ချဉ်ချိုချိုငါးကြော်ကို အကြိုက်ဆုံးလေ။လုပ်ရတာ နည်းနည်းလက်ဝင်ပေမဲ့ ဟောင်ယုကြိုက်သရွေ့တော့ သူ့အတွက် တစ်သက်လုံး ချက်ပေးနိုင်ပါတယ်"

ချန်ဟောင်ယုက ပါးနက်စွာပြောလိုက်သည်။ "မေမေ ပင်ပန်းနေပြီ။ သား မေမေ့ကို အရမ်းချစ်တယ်"

နောက်တစ်ဆင့်အနေဖြင့် လန်ရွှယ်သည် ကျန်သည့်ပါဝင်ပစ္စည်းများကို လျင်မြန်စွာ ပြင်ဆင်လိုက်၏။

ချန်ဟောင်ယုက ဘေးမှာ ရပ်ပြီး လန်ရွှယ်ကို အချိန်တိုင်း ချီးကျူးနေတော့သည်။

မှတ်ချက်များမှာ ချီးကျူးသံများဖြင့် ဝေဆာနေတော့၏။

[ချစ်စရာ ကလေးလေးပါကွာ၊ ငါသူ့ကိုတကယ် ချစ်တယ်]

[ဟောင်ယုက တကယ်နားလည်တယ်၊ အမေကို ချီးကျူးဖို့တောင် သိတယ်။ အိမ်ကသားထက်အများကြီးသာတယ်]

[မိုးကောင်းကင် ကြီးကို ဒီလိုသားမျိုးလေးပေးဖို့ ဆုတောင်းချင်ပါတယ်]

[ထင်တဲ့အတိုင်း ချမ်းသာတဲ့မိသားစုတွေရဲ့ ပြုစုပျိုးထောင်မှုက အကောင်းဆုံးပဲ]

လန်ရွှယ်ဘက်မှ မယုံနိုင်လောက်သော နွေးထွေးပျူငှါသည့် မြင်ကွင်းနှင့် ယှဉ်လျှင် ယဲ့ယီဘက်က အနည်းငယ် အဆင်မပြေဖြစ်နေလေသည်။

ယဲ့ယီနှင့် ကုစဲ့ တို့ အချင်းချင်း စိုက်ကြည့်နေကြ၏။

ကုစဲ့သည် ထိုအချိန်တွင် ယဲ့ယီ၏ အတွေးများကို နောက်တစ်ကြိမ် ကြားလိုက်ရပြန်သည်။

[သားရေ အမေတောင်းပန်ပါတယ်။ မင်းကို စိတ်ပျက်မိစေပြီ။ အမေတကယ် ဟင်းဘယ်လိုချက်ရမှန်း မသိတာပါ]

မှတ်ချက်များသညမ်လည်း သံသယနှင့် ပြည့်နှက်နေသည်။

[ယဲ့ယီတကယ် ဟင်းမချက်တတ်တာလား]

[ယဲ့ယီက ကလေးကို ငတ်စေချင်တာလား။ သူက တကယ့် မိထွေးပဲ၊ ကလေးကို လုံးဝဂရုမစိုက်ဘူး]

[သနားစရာ ကလေးလေး၊ ဒီလိုစိတ်မချရတဲ့ မိထွေးနဲ့ ဆက်ဆံနေရတယ်]

ကုစဲ့ သက်ပြင်းချလိုက်သည်။

သူ ကံကြမ္မာ ကို လက်မြောက်အရှုံး ပေးလိုက်သည့်အလား အေပရွန် ကို ဝတ်လိုက်သည်။

ထင်ထားသည့်အတိုင်းပေ။ ဤမိန်းမက အားကိုး၍ မရပေ။

ယဲ့ယီ အံ့ဩသွားတော့သည်။ ကုစဲ ထမင်းဟင်းချက်တတ်သည်လော။

သူမက မေးခွန်းထုတ်လိုက်သည်။ "မင်းတကယ် ထမင်းချက်တတ်တာ သေချာလား။ မီးဖိုချောင်ကို မီးမလောင် စေနဲ့နော်"

အပိုင်း(၆) ငါ့သားက အကောင်းဆုံးပဲ

ထိုအချိန်၌ ကုစဲ့ သူမ အတွေးများကို ကြားလိုက်ရသည်။

[ဝူဝူး ငါ့ဒါလင် သားလေးက အတော်ဆုံးပဲ ချစ်လိုက်တာ]

ကုစဲ့သည် ထိုမကောင်းသည့် မိန်းမကြီး ဘာလုပ်ချင်နေသည်ဆိုတာ လုံးဝနားမလည်နိုင်ပေ။

ကုစဲ့ သူမကို လျစ်လျူရှုပြီး ရေခဲသေတ္တာဆီသွားကာ ဟင်းချက်ရန် လိုအပ်မည့်ပစ္စည်းများ ထုတ်ယူလိုက်၏။

ယဲ့ယီ သူ့လက်ထဲမှ ပစ္စည်းများကို လှမ်းယူလိုက်ပြီး စိုးရိမ်တကြီး ပြောသည်။ "မင်း ဟင်းချက်တတ်တာသေချာရဲ့လား၊ ဟင်းမချက်တတ်ရင် ပစ္စည်းတွေ မဖြုန်းနဲ့"

ကုစဲ့ ပြန်ပြောခါနီးတွင် ယဲ့ယီ၏ အတွေးများကို တစ်ဖန်ကြားလိုက်ရ၏။

[ငါ့ဒါလင်သားလေး ချက်တဲ့ဟင်းက အရမ်းအရသာရှိမှာပဲ။ ဒါပေမဲ့ ငါ့သားလေးကို အကုန်လုပ်ခိုင်းပြီး ပင်ပန်းခိုင်းလို့ဘယ် ဖြစ်မလဲ၊ ဟင်းသီးဟင်းရွက်လေးတွေ ဆေးကြောတာလောက်လေးတော့ ငါလုပ်ပေးရမယ်]

ကုစဲ့ ဤမိန်းမစိတ်ရောဂါ ရှိနေပြီဟု သံသယဝင်လာသည်။ အဘယ်ကြောင့်ဆိုသော် သူမ အပြောစကားများနှင့် အတွေးများသည် လုံးဝမတူကွဲပြားနေ၏။

ကော့မန့်များတွင် လည်း ဝေဖန်မှုများနှင့်ပြည့်နှက်နေလေသည်။

[ယဲ့ယီက ဘာသဘောလဲ၊ သူကိုယ်တိုင် ဟင်းချက်မတတ်လို့ ကလေးကိုလုပ်ခိုင်းတာ တော်ရော့ပေါ့။ ဘာလို့ လိုက်ပြီးဆရာလုပ်နေတာလဲ]

[ ကုစဲ့ လေးကိုသနားတယ်။ ဒီမိန်းမဆီမှာ အမြဲနှိပ်စက်ခံနေရမှာပဲ]

[စိတ်ညစ်စရာကြီး။ အမေဖြစ်ပြီးဟင်းတစ်ပွဲတောင် မချက်တတ်ဘူး]

ယဲ့ယီ အင်တာနက်ပေါ်၌ သူမကို အလွန်ဆိုးသွမ်းသည့် မိထွေးဟု မြင်နေသည်ကို မသိပေ။ သူမ သိလျှင်လည်း ဂရုစိုက်မစိုက်လောက်ပေ။

အချိန်အတော်ကြာအောင် ယဲ့ယီ ကုစဲ့ ကို အသီးအရွက်ဆေးကြောခြင်း၊ လှီးဖြတ်ပေးခြင်းတို့ကို ကူညီလုပ်ကိုင်ပေးနေ၏။

သူမက ခဏခဏပင် ညည်းတွားလိုက်သေးသည်။

ကုစဲ့ သူမကို လုံးဝဂရုမစိုက်ချင်ပေ။ ဤမိန်းမသည် အပေါ်ယံတွင် သူ့ကို အမြဲမေးခွန်းထုတ်နေတတ်သော်လည်း စိတ်ထဲမှာတော့ သူ့ကို မြှောက်စားနေလေသည်။

ကောမန့်အပိုင်းသည် အများအားဖြင့် ယဲ့ယီကို ဝေဖန်နေကြသော်လည်း နားလည်မှုရှိသော လူအချို့ကတော့ ယဲ့ယီတစ်ချိန်လုံး ကူညီ လုပ်ကိုင်ပေးနေသည်ကို သတိထားမိကြသည်။

[တကယ်တော့ ယဲ့ယီက ပါးစပ်ကြမ်းပေမဲ့ စိတ်ကောင်းရှိပါတယ်။ သူလည်း ကူညီနေတာပဲ]

[နေဦး၊ ယဲ့ယီ ကောင်းတယ်လို့ ဘယ်လိုများတွေးလိုက်တာလဲ၊ သူက မကောင်းတဲ့ မိထွေးဆိုတာ ရှင်းနေတာပဲ]

[လူတိုင်း ချက်ပြုတ်တတ်ဖို့ မလိုပါဘူး၊ ယဲ့ယီလည်း မချက်တတ်တာ ပုံမှန်ပါပဲ၊ ပြီးတော့ သူလည်း တစ်ချိန်လုံး ကူညီနေတာပဲလေ ]

[ကျွန်မလည်း ယဲ့ယီ ကို မကြိုက်ပေမဲ့ သူလုပ်တာ မမှားဘူးလို့ထင်တယ်၊ ဟင်းမချက်တတ်ရင် ကူညီလုပ်ပေးရမှာလေ]

[ကူညီပေးဖို့အသိရှိတာကိုက စားဖို့စောင့်နေတဲ့သူတွေထက် နေပြီ]

လန်ရွှယ်ဘက်တွင် ဟင်းတစ်ပွဲသာ လိုတော့သည်။

လန်ရွှယ် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေပြီး ချန်ဟောင်ယုသည် မီးဖိုချောင် တံခါးဝ၌ ခုံလေးတစ်လုံးပေါ်ထိုင်ရင်း ရေခဲမုန့်စားနေ၏။

သူ လန်ရွှယ်ကို ခဏခဏ ချီးကျူးနေသော်လည်း လာကူဖို့တော့လုံးဝစိတ်ကူးမရှိပေ။

ကော့မန့်များတွင်...

[ချန်ဟောင်ယု နည်းနည်းတော့လွန်နေပြီလို့ထင်တာ ငါတစ်ယောက်တည်းလား၊ ချီးကျူးနေတာကလွဲရင် ကူညီတာမရှိဘူး]

[ဟုတ်တယ်၊ ချီးကျူးနေတာ ဘာလုပ်လို့ရမှာလဲ။ ဟင်းမချက်တတ်တဲ့ ယဲ့ယီတောင် ကူညီလုပ်ကိုင်ပေးနေတာ]

[နေဦး၊ ဟောင်ယုက ကလေးပဲ၊ ကလေးတွေ မီးဖိုချောင်ထဲ မဝင်သင့်ဘူး]

[ကုစဲ့လည်း ကလေးပဲ၊ သူတောင် ဟင်းချက်တတ်ပြီ၊ လာကြည့်စမ်း ဘယ်လောက်ကွာသလဲ]

[ကျွန်မတို့ ရွှယ်က ကလေးထိခိုက်မှာစိုးလို့၊ မီးဖိုချောင်ထဲမှာ တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ]

ကောမန့် များထဲတွင် ရန်ပွဲဖြစ်နေတော့သည်။

မကြာခင်တွင် နှစ်ဖက်စလုံး ဟင်းချက်ပြီးသွားတော့၏။

လန်ရွှယ်မှ အလွန်ကောင်းမွန်သော ဟင်းပွဲလေးပွဲ နှင့် ဟင်းချိုတစ်ပွဲ ပြင်ဆင်ထားသည်။

ကုစဲ့ကတော့ ဟင်းနှစ်ပွဲနှင့်ဟင်းချိုတစ်ပွဲ ပြင်ဆင်ထား၏။ အိမ်တွင်းဟင်းလျှာများဖြစ်သော်လည်း လန်ရွှယ်၏ဟင်းများထက် နှစ်ဆ ပိုများနေသည်။

ယဲ့ယီ မျက်ခုံးကျုံ့လိုက်၏။

“ချက်ထားတဲ့ ဟင်းတွေ မကုန်ရင် ဘယ်လိုလုပ်မလဲ”

ထိုအချိန်တွင် ကုစီကြားလိုက်ရ၏။

[ငါ့သားလေးချက်တဲ့ ဟင်းတွေ အရမ်းအရသာရှိမဲ့ပုံပဲ၊ ငါ အကုန်ကုန်အောင် စားရမယ်]

ကုစဲ့ ဤမကောင်းသည့် မိန်းမကို ရုတ်တရက် စနောက်ချင်သွားသည်။

“မကုန် ရင်ခွေးကျွေးလိုက် မယ်လေ”

ယဲ့ယီ ဘာမှ ပြန်မပြောသော်လည်း သူမ စိတ်ထဲတွင် အော်ဟစ်လိုက်သည်။

[မရဘူး၊ မရဘူး၊ ငါ့သားလေး ချက်တဲ့ဟင်းကို ငါတစ်ယောက်တည်းပဲ စားရမယ်]

ကုစဲ့ ရယ်မောလိုက်မိတော့၏။

ယဲ့ယီ ကြောင်တောင်တောင်ဖြစ်သွားသည်။ “နင် ဘာရယ်တာလဲ”

ကုစဲ့ ခေါင်းရမ်းလိုက်သည်။” ဘာမှမဟုတ်ပါဘူး”

လန်ရွှယ်ဘက်မှာတော့ သူမဟင်းချက်ပြီးသည့်ချိန်တွင် ချန်ထျန်မင်း ပြန်ရောက်လာလေသည်။

လန်ရွှယ် မီးဖိုချောင်မှထွက်လာသည်နှင့် ချန်ထျန်မင်းက သူမကို ပွေ့ဖက်လိုက်၏။

”ချစ်ဇနီးလေး ပင်ပန်းနေပြီလား”

လန်ရွှယ် ရှက်သွေးဖြာပြီး ပြန်ပြောလိုက်သည်။

“ကျွန်မ ဟင်းချက်တာ ဘာမှမပြောလောက်ပါဘူး။ ယောကျာ်းသာ အပြင်မှာအလုပ်လုပ်ရလို့ ပင်ပန်းလာမှာပေါ့”

ချန်ထျန်မင်း ခေါင်းငုံ့ပြီး လန်ရွှယ်ကို နမ်းရှိုက်လိုက်သည်။

“မင်းလိုမျိုး အားပေးတတ်တဲ့ ဇနီးလေးမရှိရင် ကိုယ် ဘယ်လို အလုပ်မှာ အာရုံစိုက်နိုင်ပါ့မလဲ”

ချန်ဟောင်ယု ပြေးလွှားလာပြီး ချန်ထျန်မင်း အင်္ကျီအနားကို ဆွဲကိုင်လိုက်သည်။

“ဒယ်ဒီက မာမီကိုပဲ ချီးကျူးနေတယ်။ သားလဲဒီနေ့လိမ်မာပါတယ်နော်”

ချန်ထျန်မင်း လန်ရွှယ်ကို လွှတ်လိုက်ပြီး ချန်ဟောင်ယု၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

“ငါ့သား ဟောင်ယုက အလိမ္မာဆုံးကလေးပဲ ။ နောက်ကျရင် အဖေ့ကုမ္မဏီကို သေချာပေါက် အမွေဆက်ခံနိုင်မှာ”

လန်ရွှယ် ကင်မရာမမြင်ရသည့်နေရာတွင် ချန်ဟောင်ယုကို ရက်စက်စွာ ကြည့်လိုက်သည်။ ကင်မရာရိုက်နေသည့် နေရာမှာတော့ မေတ္တာရှိသည့် မိခင်ပုံစံကို ထိန်းထား၏။

မိသားစုသုံးယောက်၏ သဟဇာတဖြစ်နေပုံက အင်တာနက်သုံးသူများကို ဆက်တိုက်ဆိုသလို ချီးကျူးစေတော့သည်။

[ဒီလိုမိသားစုမျိုးမှာနေရတာ ပျော်စရာကြီးနော်]

[လန်ရွှယ် ဘယ်တော့ ကလေးယူမှာလဲ။ ငါကိုယ်တိုင် သူ့ဆီမှာ လူပြန်ဝင်စားချင်လို့]

[ကျွန်မတို့ ရွှယ်က အလုပ်ကလည်းအောင်မြင်၊ အချစ်ရေးကလည်းကောင်း၊ သူ့အတွက် ဝမ်းသာပါတယ်]

[အလုပ်ကလည်း အောင်မြင် ၊ခင်ပွန်းကလည်း အချစ်ပို၊ နာခံတတ်တဲ့သားလေးကလဲရှိ သူ့ဘဝကတကယ့်ကို ချမ်းသာသုခပါပဲ]

[ထင်တဲ့အတိုင်းကြိုးစားတဲ့သူတွေရဲ့ ကံက မဆိုးဘူး၊ ရွှယ်ရဲ့ အောင်မြင်မှုတွေက သူမကိုယ်တိုင် ကြိုးစားလို့ရတာပဲလေ]

[ရွှယ်နဲ့ သူ့ခင်ပွန်းက တကယ့်ကို အချစ်စစ်တွေပဲ၊ တစ်စုံတစ်ယောက်လို ဘယ်အရွယ်မှန်းမသိတဲ့ အဘိုးကြီးနဲ့ ယူထားတာမဟုတ်ဘူး]

ကုစဲ့ ဟင်းချက်ပြီးသည့်နောက် ယဲ့ယီသည် ဟင်းပွဲများကို ပြင်ဆင်ပေးရသည်။

ကုစဲ့ ကူညီရန်ကြိုးစားသေးသော်လည်း ယဲ့ယီက လက်မခံပေ။

“နင့် ခြေလက်သေးသေးလေးနဲ့ ဟင်းတွေဖိတ်ကုန်ရင် ဘာစားမှာလဲ”

ထိုအချိန် ကုစဲ့ ကြားလိုက်ရသည့် သူမစိတ်ထဲမှအတွေးများသည် ဆန့်ကျင်ဘက်ဖြစ်နေသည်။

[ပန်းကန်ပြားက ပူလွန်းတယ်၊ ငါ့သားလေး ထိခိုက်သွားရင်ဘာလုပ်မလဲ]

ယဲ့ယီနှင့် ကုစဲ့ ဟင်းပွဲများအားလုံး စားပွဲပေါ်ပြင်ဆင်ပြီးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုထဲက အင်တာနက်သုံးသူများ စိတ်လှုပ်ရှားလာကြသည်။

[ယဲ့ယီ ရှာထားတဲ့ 'ယောက်ျားကောင်း' က အသက်ဘယ်လောက်ရှိပြီလဲဆိုတာ ကြည့်ချင်တယ်။ငါးဆယ်၊ ခြောက်ဆယ်လောက်ရှိပြီလားမသိဘူး]

[ငါ စပိုင်စီအချောင်းမုန့်တစ်ထုပ်လောင်းမယ်၊ သူက အဆီပြန်တဲ့ အဘိုးအိုကြီးတစ်ယောက် ဖြစ်မှာ]

[ငါထင်တယ် ယဲ့ယီက အဲ့အဘိုးကြီးကို လုံးဝထုတ်ပြမယ်မထင်ဘူး]

ဖြစ်ချင်တော့…

အင်တာနက် အသုံးပြုသူများ မှန်သွားသည်။ သို့သော် ယဲ့ယီ ကုရှီချန်းကို မပြချင်သောကြောင့်မဟုတ် ၊ ကုရှီချန်းက ရုတ်တရက် အလုပ်ကိစ္စနှင့် ခရီးထွက်သွားသောကြောင့်ပင်။

ယဲ့ယီသည် သူမ အမည်ခံခင်ပွန်းပို့ထားသော စာကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချကာ စားသောက်ရန် ပြင်တော့၏။

အစီအစဉ်တင်ဆက်သူက သူမကို လွယ်လွယ်နှင့် လွှတ်ပေးဖို့ မရည်ရွယ်ထားပေ။

“ရှောင်ယီ ဒီလောက်နောက်ကျနေပြီ၊ ရှင့်ယောက်ျားလည်း ပြန်မလာသေးဘူး ကျွန်မတို့ကို မသိစေချင်လို့လား"

ယဲ့ယီ အမူအရာ တစ်ချက်မပြောင်းဘဲ ဖြေသည်။ “သူ အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတယ်”

အစီအစဉ်တင်ဆက်သူ လှောင်ပြောင်လိုက်၏။

“ဒါ အရမ်းတိုက်ဆိုင်တယ်နော်၊ ရိုက်ကွင်းစချိန်နဲ့ ရှင့်ယောက်ျား ခရီးသွားတာက ဘယ်လိုဖြစ်လို့လာတူနေရတာလဲ”

သွယ်ဝိုက်ပြောချင်တာက: ဟန်ဆောင်မနေနဲ့တော့ အင်တာနက်သုံးသူတွေ ရှင် အဘိုးအိုကြီးတစ်ယောက်နဲ့ လက်ထပ်ထားတာ သိသွားမှာ ကြောက်လို့မဟုတ်လား။

ယဲ့ယီ ပြန်မပြောနိုင်ခင် ကုစဲ့ ပြန်လည်ချေပလိုက်သည်။

“အန်တီ၊ ကျွန်တော်တို့မိသားစုကုမ္ပဏီက အတော်ကြီးတယ်လေ၊အဲ့ဒါကြောင့် အဖေက မကြာခဏ အလုပ်ခရီးသွားရတယ်၊ ဒါပေမဲ့ အန်တီက ဒီလိုအတွေ့အကြုံမျိုး မရှိတော့ဘယ်သိမလဲ၊ စကားမစပ် အန်တီမှာရော ရည်းစားရှိရဲ့လား”

All Chapters