အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
အခန်း (၁၁)
အတူတူ အိပ်စက်ခြင်း
“ကျွန်မကူလျှော်ပေးမယ်”
ယဲ့ယီ အပြင်ပန်းတွင် ချိုသာသော အပြုံးကို ဆက်လက် ထိန်းသိမ်းထားဆဲပင် ဖြစ်သည်။
သို့သော် ကုရှီချန်းသည် သူမ၏ စိတ်ထဲတွင် သူ့ကို သေအောင်ကျိန်ဆဲနေသည်ကို သိ၏။
[ဟမ် ရှင် အသန့်အရှင်းကြိုက်တော့ ဘာလုပ်ပေးရမှာလဲ ရှင့်အဝတ်တွေကို လျှော်ပေးမယ်ထင်လား။ ဆုတောင်းလေ]
ယဲ့ယီ သည် စကားအရသာ ပြောခြင်းဖြစ်သည်။ ကုရှီချန်၏ အဝတ်များကို အမြဲတမ်း ပရော်ဖက်ရှင်နယ် အခြောက်လျှော်ဆိုင်တွင်သာ လျှော်လေ့ရှိသည်။
သို့သော် ကုရှီချန်းသည် သူ့အင်္ကျီကို ချွတ်ပြီး သူမကို ပေးလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ဒါက ကိုယ်တိုင်းနဲ့ချုပ်ထားတာ။ လက်နဲ့ပဲလျှော်ရမယ်”
ထို့အပြင် ဤသို့ အလေးအနက် ပြောလာလိမ့်မည်ဟုလည်း မျှော်လင့်မထားခဲ့ချေ။
ယဲ့ယီသည် သူ့အင်္ကျီကို ပြုံးပြုံကြီး ယူလိုက်ပြီး စိတ်ထဲတွင်တော့ ကုရှီချန်းကို ကျိန်ဆဲနေလေ၏။
[အရင်းရှင်လို စိတ်ထားမကောင်းတဲ့လူကြီး၊ ရှင်က ကျွန်မရဲ့ သကြားဖေဖေမလို့ သည်းခံပေးလိုက်မယ်။ ဒါပေမယ့် ကွာရှင်းတဲ့အခါ ပိုက်ဆံအများကြီး မပေးလို့ကတော့...]
ကုရှီချန်း တစ်ယောက် မျက်ခုံးပင့်သွားသည်။ ဤမိန်းမကို ပိုက်ဆံနည်းနည်းပိုပေးရုံဖြင့် ကွာရှင်းနိုင်မည် ဆိုပါက နည်းနည်းပိုပေးရန်မှာ သူ့အတွက် ပြသနာမရှိပေ။
တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ယဲ့ယီကို မုန်းသည့်သူများက ဆက်လက် တိုက်ခိုက်နေကြသည်။
[ကြည့်လေ မစ္စတာကုက ဒီမိန်းမကို မကြိုက်ပါဘူးဆို]
[ကုစီအီးအိုရဲ့ ယဲ့ယီအပေါ် ရွံရှာမှုကို ဖန်သားပြင်ကနေတောင် ငါခံစားလို့ရတယ်။ ယဲ့ယီ စွန့်ပစ်ခံရတာကိုပဲ ငါစောင့်နေတာ]
[တစ်ချို့လူတွေက အချစ်ရေးရော အလုပ်အကိုင် နှစ်ဘက်စလုံး အောင်မြင်နေချိန်မှာ ယဲ့ယီကတော့ အချစ်ရေးရာမှာရော အလုပ်မှာရော ဖရိုဖရဲကြီးပဲ၊ ဟားဟားဟား]
[ဒီရှိုးကို သူ ဘာလို့လာတာလဲ ငါတကယ်နားမလည်ဘူး။ ဒီလောက် နာမည်ဆိုးထွက်နေတာ မလုံလောက်သေးလို့လား။]
[သူ အင်တာနက်မှာလည်း လူတိုင်းမုန်းခံရပြီး သူဌေးကြီးအိမ်က အပယ်ခံဇနီးဖြစ်တော့မယ်]
တာဝန်ပြီးဆုံးသွားပြီးနောက် ထုတ်လုပ်ရေးအဖွဲ့သည် သူတို့၏နေ့စဉ် အပြန်အလှန် ဆက်ဆံမှုကို ရိုက်ကူးခြင်း မရှိတော့ပေ။
ကုရှီချန်း အလုပ်ကိစ္စကြောင့် အလုပ်ခန်းထဲသို့ ဝင်ရောက်သွားချိန် ယဲ့ယီသည် သူ့အဝတ်များကို အဝတ်လျှော်စက်ထဲသို့ ပစ်ထည့်ရန် ကြံစည်ထားသည်။
သို့သော် ကုရှီချန်းသည် ဆိုဖာပေါ်တွင် ထိုင်ပြီး ဘဏ္ဍာရေးချန်နယ်ကို ကြည့်နေသောကြောင့် ယဲ့ယီအနေဖြင့် ဘာမှဆက်မလုပ်နိုင်တော့ချေ။
နောက်ဆုံးတော့……
ယဲ့ယီသည် သူမကိုယ်တိုင် အဝတ်လျှော်ရလိုက်သည်။ တစ်ဖက်က အဝတ်ကိုလျှော်ရင်း ၊ တစ်ဖက်ကလည်း ကုရှီချန်းကို ကျိန်ဆဲနေလေ၏။
[ကပ်စေးနဲကြီးကု၊ သရေလေး နည်းနည်းပေတာနဲ့ တစ်ထည်လုံးလျှော်ဖို့ လိုလို့လား။ ရှင့်မှာ ဘာမဟုတ်တဲ့ ပိုက်ဆံလေးရှိတော့ ဘာဖြစ်လဲ။ ရှင့်မှာ ပိုက်ဆံရှိတိုင်း ကျွန်မကိုအဝတ်လျှော်ခိုင်းရသလား၊ လူဆိုးကြီး]
ကုရှီချန်း ယဲ့ယီ၏ အတွေးတို့ကို လျစ်လျူရှုထားပြီး ပုံစံမပျက် တီဗိီသာ ကြည့်နေသည်။
ယဲ့ယီသည် မူလက မျက်နှာသစ်ရန် ရည်ရွှယ် ထားသော်လည်း ဓာတ်ပုံဆရာတစ်ယောက်က သူမကို အလွတ်မပေးချေ။
ယဲ့ယီသည် အပေါ်ယံတွင် ပြုံးပြထားသော်လည်း စိတ်ထဲမှာတော့ ကျိန်ဆဲနေသည်။ သူမအနေဖြင့် အဝတ်ကောင်းကောင်း လျှော်ပြရန်သာ ရှိတော့သည်။
အဝတ်လျှော်ပြီးနောက် ယဲ့ယီ ဆိုဖာပေါ်သို့ သွားထိုင်လိုက်သည်။
ကုရှီချန်းသည် ထိုမိန်းမ၏ သရေများ သူ့အပေါ်သို့ ထပ်မံ ပေကျံမည်ကို စိုးရိမ်သောကြောင့် တမင် ယဲ့ယီနှင့် ခပ်ခွာခွာနေလေ၏။
ထိုမြင်ကွင်းကို အင်တာနက်ပရိသတ်များ မြင်သောအခါ ယဲ့ယီကို နောက်ပြောင်ကြပြန်၏။
[တစ်စုံတစ်ယောက်ကတော့ ငါတို့ စီအီးအိုကု ငြင်းတာခံလိုက်ရတာပဲ]
[ကိုယ့်ယောက်ျားကိုယ်တိုင် မကြိုက်ရင် တခြားလူတွေ ဘယ်လောက်မုန်းမယ်ဆိုတာ မြင်လား]
[ယဲ့ယီ ဖျော်ဖြေရေးလောကကနေ ထွက်သွားသင့်တယ်။ ငါတို့မျက်လုံးတွေ ထပ်ညစ်ပတ်အောင် မလုပ်ပါနဲ့တော့]
ကုရှီချန်း တမင်ရှောင်နေသည်ကို မြင်သောအခါ ယဲ့ယီ၏ အဝတ်လျှော်ရခြင်းကြောင့် စုပြုံနေသည့် ဒေါသသည် အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
သူမသည် တမင်တကာ ကုရှီချန်းအနားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။
ကုရှီချန်းသည် ယဲ့ယီ၏ စိတ်ထဲမှစကားကို ထပ်ကြားလိုက်ရသည်။
[ရှင် ကျွန်မနား မကပ်ချင်ဘူးပေါ့။ ကောင်းပြီ မကပ်ခိုင်းဘူး။ ရှင်ဒေါသထွက်အောင်ပဲ လုပ်ပြမယ်]
ထွက်သွားဖို့ လုပ်နေသည့် ကုရှီချန်းသည် ခဏရပ်သွားသော်လည်း နောက်ဆုံးမှာတော့ ထိုင်လိုက်ရတော့သည်။
ယဲ့ယီ မှာ အနည်းငယ် အံ့ဩသွားသည်။
[ဇာတ်လမ်းအရဆို ကုရှီချန်းက ဒေါသထွက်ပြီး ထွက်သွားရမှာ၊အဲ့လိုမှ ငါတစ်ယောက်တည်း တီဗွီဆက်ကြည့်ရမှာ မဟုတ်လား]
ကုရှီချန်သည် စိတ်ထဲတွင် ခပ်အေးအေးရယ်လိုက်သည်။ ဤမိန်းမ၏စိတ်တိုင်းကျ သူ လုပ်ခွင့်ပေးမည် မဟုတ်။
ယဲ့ယီသည် ကုရှီချန်းကို မနောက်ပြောင်နိုင်သဖြင့် ဆူပုတ်နေလေ၏။ ဤသို့ဖြင့် သူ့ဘေးတွင် ထိုင်ကာ တီဗွီသာ ကြည့်နေလိုက်သည်။
သို့သော် ဤဘဏ္ဍာရေးချန်နယ်သည် အလွန်ပျင်းစရာကောင်းပြီး ကြာလာသည်နှင့်အမျှ အိပ်ငိုက်လာပြန်သည်။
သူမ မအိပ်ခင်မှာပင် ကုရှီချန်းသည် ချက်ချင်း လှုပ်နှိုးလိုက်သည်။
“အကြာကြီးအိပ်ရင် ငတုံးဖြစ်တတ်တယ်” ဟု ပင် သူ ပြောလိုက်သေး၏။
ဤစကားများမှာ လိမ်ညာစကားမှန်း ယဲ့ယီ သိသည်။ အမှန်အားဖြင့် ကုရှီချန်းသည် သူ့အဝတ်စားပေါ် နောက်ထပ် သရေကျလာမည်ကို စိုးရိမ်နေခြင်းသာ ဖြစ်သည်။
ကံကောင်းထောက်မစွာ မွန်းလွဲပိုင်းသည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး ညစာစားချိန် ရောက်ရှိလာခဲ့သည်။
ညစာစားပြီးသောအခါ ထုတ်လုပ်ရေးအဖွဲ့သည် တာဝန်တစ်ခု ထပ်ပေးလာသည်။ ကုရှီချန်းနှင့် ယဲ့ယီတို့ ကုစဲ့ကို အိပ်ပျော်အောင် ပုံပြင်တစ်ပုဒ် ပြောပြရမည် ဖြစ်သည်။
အိပ်ရာဝင်ချိန်တွင် ယဲ့ယီနှင့် ကုရှီချန်းတို့ နတ်သူငယ်တို့၏ ပုံပြင်စာအုပ်တစ်အုပ်ကို ကုစဲ့အခန်းထဲသို့ ယူသွားကြသည်။
ဆိုးသွမ်းသော မိထွေးအနေဖြင့် ယဲ့ယီသည် ကုစဲ့ကို ပုံပြင်ပြောပြရန်မှာ လုံးဝမဖြစ်နိုင်ချေ။
ကုရှီချန်းကလည်း ယဲ့ယီသည် ကုစဲ့အတွက် ပုံပြင်ပြောပြလိမ့်မည်ဟု မျှော်လင့်မထားချေ။
ကုစဲ့ အိပ်ရာပေါ် အိပ်ရန် ပြင်ပြီးသောအခါ ကုရှီချန်းသည် နတ်သူငယ်တို့အကြောင်း ပုံပြင်စာအုပ်တစ်အုပ်ကို ချက်ချင်းထုတ်ယူလိုက်ပြီး ကုစဲ့ကို ပုံပြင်ပြောပြရန် ပြင်လိုက်၏။
ဤသည်မှာ ကုစဲ့ဘဝတွင် ကုရှီချန်းမှ ပထမဆုံးအကြိမ် ပုံပြင်ပြောပြခြင်း ဖြစ်သည်။ အနားတွင် စိတ်အနှောင့်အယှက်ဖြစ်စရာ မိန်းမတစ်ယောက်ရှိသော်လည်း ကုစဲ့သည် အလွန်ပျော်ရွှင်နေမိသည်။
ကုရှီချန်းသည် ပုံပြင်စာအုပ်ကို ကျပန်းလှန်လိုက်ပြီး ကုစဲ့ကို မေးလိုက်သည်။ “သား စင်ဒရဲလားပုံပြင်နားထောင်ချင်လား ဒါမှမဟုတ်စနိုးဝှိုက်လား”
ကုစဲ့ ပြန်ဖြေလ်ိုက်၏။ “သားနားမထောင်လို့ ရမလား”
ယဲ့ယီသည် ကုရှီချန်း သူမကို တမင်သွယ်ဝိုက်ပြောနေသည်ဟု ခံစားလိုက်ရသည်။အဘယ်ကြောင့်ဆိုသော် ပုံပြင်နှစ်ပုဒ်စလုံးတွင် တူညီသော အချက်တစ်ချက် ရှိသည်။ ဤသည်မှာ မိထွေးဆိုး ရှိနေခြင်းပေ။
ယဲ့ယီသည် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
[ရှင်ကမှ မကောင်းတဲ့လူ။ကျွန်မကသာ ချစ်စရာအကောင်းဆုံး၊ ကရုဏာအရှိဆုံးနဲ့ အလှဆုံးမိန်းကလေး၊ သိလား]
ကုရှီချန်းသည် ယဲ့ယီ၏အတွေးကိုကြားပြီး လှောင်ပြောင်လိုက်သည်။
‘ဒီမိန်းမက သူ့ကိုယ်သူ ကရုဏာရှိတယ်လို့ ပြောရဲတယ်ပေါ့’
နောက်ဆုံးတော့ ကုရှီချန်းသည် ကုစဲ့ကို စနိုးဝိုက်ပုံပြင်ကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။
ကုရှီချန်း၏ သံလိုက်ဓာတ်ဆွဲအားကဲ့သို့ ဆွဲဆောင်မှုရှိသည့် အသံ ထွက်ပေါ်လာတာသည်နှင့် မှတ်ချက်အပိုင်းတွင် စည်ကားသွားလေ၏။
[ဝါး၊ မစ္စတာကုရဲ့အသံက ယောက်ျားပီသလွန်းလို့ ကိုယ်ဝန်ရှိတော့မလိုတောင် ဖြစ်နေပြီ]
[အပေါ်ကလူက နှေးလွန်းတယ်။ ငါ ဒုတိယကလေးတောင် ရနေပြီ]
[ငါက တတိယတစ်ခါ ကိုယ်ဝန်ရှိနေပြီ]
[ယဲ့ယီ စီးအီအိုကုရဲ့အသံကို အချိန်မရွေးကြားနိုင်တယ်ဆိုတာနဲ့တင် ငါမနာလိုလို့ ရူးနေပြီ]
[ဒီအချိန်မှာ ယဲ့ယီကို ဘယ်သူကမနာလို မဖြစ်ဘဲ နေမှာလဲ]
[သူတို့ ကွာရှင်းတော့မယ်ပုံရတယ်၊ ဘာမနာလိုစရာရှိလို့လဲ]
[ဒါပေမယ့် ယဲ့ယီ ပိုင်ဆိုင်ခဲ့တာတော့ အမှန်ပဲ]
ယဲ့ယီသည် ကုရှီချန်း၏ အသံကို အလွန်ကျေနပ်နေ၏။သူမသည် အသံစွဲလမ်းသူဖြစ်သောကြောင့် ကုရှီချန်း၏ အသံသည် သူမ ကြိုက်နှစ်သက်သည့် ယောကျာ်းသံနှင့် ကိုက်ညီနေ၏။
ယဲ့ယီ ဘေးမှ တိတ်တဆိတ်ထိုင်ပြီး ကုရှီချန်း၏အသံကို နားထောင်ရင်း အိပ်ရာပေါ် ဘယ်အချိန်မှန်းမသိ ရောက်သွားကာ အိပ်ပျော်သွားတော့၏။
အိပ်ပျော်အောင်လုပ်ရမည့် ကုစဲ့က မအိပ်ဘဲနှင့် ယဲ့ယီကတော့ အိပ်မောကျနေလေ၏။
ကုရှီချန်းသည် ယဲ့ယီကို အကြိမ်ကြိမ်ခေါ်ကြည့်သော်လည်း ယဲ့ယီသည် အိပ်မြဲအိပ်နေဆဲသာ။ ထို့ကြောင့် ကုရှီချန်းသည် သူမ ဟန်ဆောင်နေသည်ဟု သံသယဝင်သွားသည်။
သူသည် ယဲ့ယီကို ထိုနေရာတွင် ထားခဲ့ရန် စီစဉ်ထားသော်လည်း ကုစဲ့၏ သနားစရာမျက်လုံးလေးများကို မြင်သောကြောင့် မျက်မှောင်ကြုတ်လိုက်ပြီး ယဲ့ယီကို ခါးမှပွေ့ချီလိုက်သည်။
ကုရှီချန်းသည် ယဲ့ယီကို သူမအခန်းသို့ ပြန်ပို့နေချိန်တွင် ကင်မရာကို မြင်သောကြောင့် မာစတာအိပ်ခန်းဆီသို့ ပြန်ပို့လိုက်ရသည်။
ကုရှီချန်းသည် ယဲ့ယီကို အိပ်ရာပေါ် ပစ်ချလိုက်သည်။ သူမ နိုးလာမည်ဟု ထင်ထားသော်လည်း ယဲ့ယီသည် ဟိုလှည့်ဒီလှည့်ပင် လုပ်လိုက်ကာ ဆက်အိပ် နေလေ၏။
ကုရှီချန်းသည် ယဲ့ယီကို လွှင့်ပစ်ချင်သည့်စိတ်ကို ထိန်းကာ တစ်ဖက်တွင် ထိုင်ချလိုက်သည်။
ထုတ်လုပ်ရေးအဖွဲ့သည် သူတို့ ခွဲအိပ်ကြောင်း အထောက်အထားရှာရန် အိမ်ပြင်မှာလည်း ကင်မရာများကို တပ်ဆင်ထားခဲ့သည်။
ထို့ကြောင့် ယနေ့ညတွင် သူတို့ နှစ်ဦး အပြင်ထွက်ရန် မဖြစ်နိုင်ပေ။ ကုရှီချန်းသည် ဤဆိုးဝါးသောမိန်းမနှင့် တစ်ညလုံး အတူနေရမည် ဟုတွေးရုံနှင့်ပင် နေထိုင်ရခက်လာသည်။
ရွေးချယ်စရာမရှိတော့သည့် အဆုံး ရေချိုးခန်းထဲသို့ ရေချိုးရန် ဝင်ရောက်သွားခဲ့သည်။ သို့သော် ရေချိုးနေစဉ် အတောအတွင်း၊ ရေချိုးခန်းတံခါးကို အတွင်းမှ သော့ခတ်ထားပြီး ရေချိုးပြီးနောက် အဝတ်အစားအပြည့်နှင့် ပြန််ထွက်လာခဲ့သည်။
အခန်း (၁၂)
ကုစဲ့လေးနောက်တစ်ခါ မထိခိုက်အောင် သေချာဂရုစိုက်ရမယ်
တစ်ဖက်တွင် လန်ရွှယ် နှင့် ချန်ထျန်မင်းတို့သည် သူတို့၏ အခန်းထဲသို့ ပြန်ရောက်လာကြပြီး ယနေ့ အခြေအနေကို ပြန်လည် ကြည့်ရှုခဲ့ကြသည်။
ယနေ့တွင် အခြေအနေ ပိုကောင်းမည်ဟု ထင်သော်လည်း ကုရှီချန်းသည် ယဲ့ယီ၏ ခင်ပွန်း ဖြစ်နေသည့် အကြောင်း weiboတွင် ဂရက်လှိုင်းထနေကာ ထိပ်တန်းခေါင်းစီးတို့ကို လွှမ်းမိုးသွားတော့၏။
လန်ရွှယ် သူမကိုယ်သူမ နှစ်သိမ့်လိုက်ပြီး အနည်းဆုံး သူမတို့၏ တိုက်ရိုက်ထုတ်လွှင့်မှုသည် ယဲ့ယီ မိသားစုထက် လူကြည့်များမည်ဟု ထင်ခဲ့သည်။
လက်တွေ့တွင် ကုရှီချန်းပုံပြင်ပြောနေသည့် ဗီဒီယိုသည် သူတို့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကျော်တက်သွားခဲ့၏။
လန်ရွှယ် မျက်နှာအစိမ်းရောင် ပြောင်းသွားသည်အထိ ဒေါသထွက်သွားသည်။
ချန်ထန်မင်းသည် လန်ရွှယ်ကို ဒေါသအပြည့်နှင့်မေးလိုက်သည်။
“ယဲ့ယီမိသားစုက ငါတို့ကို ပိုမျက်နှာပန်းသာအောင်လုပ်ပြဖို့ပဲလို့ မင်း ပြောခဲ့တာမဟုတ်ဘူးလား။ အခုတော့ ဘယ်သူက ဘယ်သူ့ကို ပိုကြည့်ကောင်းအောင် လုပ်ပေးနေတာလဲ”
လန်ရွှယ် လည်း ပြန်မပြောရဲတော့ချေ။ ချန်ထျန်မင်းသည် ဤအစီအစဉ်တွင် သူမနှင့်အတူ ပါဝင်ခြင်းမှာ သူမကို တကယ်ချစ်၍ မဟုတ်ပေ။ ချန်ထျန်မင်း၏ ကုမ္ပဏီမှ ထုတ်ကုန်အသစ်တစ်ခု ထုတ်လုပ်တော့မည့်အတွက် သူ၏ထုတ်ကုန်ပစ္စည်းများကို လူကြိုက်များအောင် အစီအစဉ်ကို အသုံးချခြင်းသာ ဖြစ်သည်။
ယခု သူတို့၏ ကျော်ကြားမှုကို ယဲ့ယီနှင့် သူမမိသားစုက လွှမ်းမိုးသွားသောကြောင့် ချန်ထျန်မင်း အနေဖြင့် မကျေမနပ်ဖြစ်နေသည်မှာ သေချာ၏။
ချန်ထျန်မင်း အိပ်ရာပေါ်သို့ လှဲလိုက်သည်။ လန်ရွှယ်သည် ချက်ချင်း သူ့နောက်ကျောကို နှိပ်ပေးလိုက်သည်။
သူမက ချော့သည့်အသံနှင့် ပြောလိုက်၏။
“ ယောက်ျား စိတ်မပူပါနဲ့။ ယဲ့ယီ ယောက်ျားက သူ့ကိုမှ မချစ်တာ။ ကျွန်မတို့ရဲ့ကျော်ကြားမှုနောက်ပိုင်း သူတို့ကို ကျော်တတ်သွားမှာပါ”
ချန်ထျန်မင်း၏ ဒေါသမှာ ပြေလျော့မသွားချေ။
“ မင်းက အကူအညီထက် အဟန့်အတား ပိုများသေးတယ်။မင်းကို အားကိုးလို့က်ို မရဘူး။ ငါ ကိုယ်တိုင်လုပ်ရမယ်”
လန်ရွှယ်လည်း မငြင်းဆိုချေ။ သူမသည် သူဌေးတစ်ယောက်နှင့် နောက်ဆုံးတွင်လက်ထပ်နိုင်ခဲ့သည်။ ယခုလည်း အဖေနှင့် သား၏ သဘောထားကို လိုက်လျောနေရသည့်တိုင် သူမအနေဖြင့် မညည်းညူရဲချေ။
ချန်ထျန်မင်း အစီအစဉ်၏ ဒါရိုက်တာကို တိုက်ရိုက်ဖုန်းဆက်ကာ ပြောလိုက်သည်။
“မနက်ဖြန် မိသားစုနှစ်စု တွေ့ဆုံဖို့ စီစဉ်ပေးပါ၊ ကျွန်တော်မိသားစုနဲ့ ယဲ့ယီမိသားစုကို အတူတူထားပေးပါ ”
ဖုန်းချပြီးနောက် ချန်ထျန်မင်း လန်ရွှယ်ကို မှာကြားလိုက်သည်။
“မင်း မနက်ဖြန် ကောင်းကောင်းနေ၊ ငါတို့ သူတို့မိသားစုကို လုံးဝချေမှုန်းနိုင်အောင်လုပ်ရမယ်”
…
နောက်တစ်နေ့နံနက်ခင်းတွင်
ယဲ့ယီသည် သူမဇိမ်ကျကျ အိပ်ခဲ့ရသည်ဟုခံစားလိုက်ရသည်။သူမ၏ အိပ်စက်ခြင်းအရည်အသွေးသည် သူများတကာထက် အသာကြီးသာပေ၏။ ခေါင်းနှင့်ခေါင်းအုံးထိလိုက်သည်နှင့် ၊ ချက်ချင်းအိပ်ပျော်နိုင်ပြီး နိုးထရန်လည်း အလွန်ခက်ခဲသည်။
ယဲ့ယီ ခန္ဓာကိုယ်ကို အကြောဆန့်ကြည့်သော်လည်း သူမ လုံးဝ မလှုပ်နိုင်သည်ကို သိလိုက်ရသည်။
ယဲ့ယီသည် သူမ မျက်လုံးများကို တဖြည်းဖြည်း ဖွင့်ကြည့်လိုက်ရာ သူမကို ပိုးအိမ်တစ်ခုသဖွယ် စောင်နှင့် ရစ်ပတ်ထားသည်ကို တွေ့လိုက်ရသည်။
အခန်းကို ဝေ့ဝဲကြည့်ရှုလိုက်ရာ ဤအခန်းသည် သူမ၏ အခန်း လုံးဝ မဟုတ်ကြောင်း သိလိုက်ရသည်။
ထိုအချိန်တွင် ကုရှီချန်း ရေချိုးခန်းထဲမှထွက်လာ၏။
ကုရှီချန်းသည် ယဲ့ယီကို တစ်ချက်မျှမကြည့်ဘဲ အမိန့်ပေးလိုက်သည်။
“မျက်နှာသစ်ပြီး အောက်ကို မြန်မြန်ဆင်းခဲ့”
ကုရှီချန်းသည် ယဲ့ယီ၏ တုံ့ပြန်မှုကို မစောင့်ဘဲ တံခါးဖွင့်ပြီး တန်းထွက်သွားသည်။
ထိုအခါမှ ယဲ့ယီ၏ အတွေးများ ပုံမှန်ပြန်ဖြစ်လာတော့သည်။
မနေ့က ကုရှီချန်း ကုစဲ့ကို ပုံပြင်ပြောပြစဉ် သူမ အိပ်ပျော်သွားခြင်း ဖြစ်မည်။ နောက်ပိုင်း ဘာဖြစ်သွားမှန်း သူမကိုယ်တိုင်ပင် မသိလိုက်ချေ။ ကြည့်ရသည်မှာ ကုရှီချန်းသည် သူမကို ပွေ့ချီကာ အခန်းထဲသို့ ခေါ်ချလာဟန် ရသည်။
‘ဒါဆို ကုရှီချန်း ငါ့ကို ဒီလိုလုပ်ထားတာ သေချာတယ်’
‘ ကုရှီချန်း သူ ငါ့ကို ဒီလိုလိုရစ်ပတ်ထားတာ ငါက သူ့ကို ကိုက်စားပစ်မှာကို စိုးရိမ်နေတာလား’
‘အဲ့လောက်ထိတော့ မဟုတ်သေးပါဘူးဟ’
ယဲ့ယီ အိပ်ရာမှထကာ ရေချိုးခန်းထဲတွင် မျက်နှာသစ်၊ သွားတိုက်ပြီးနောက် အောက်သို့ ဆင်းသွားခဲ့သည်။
ယဲ့ယီရောက်သည့်အခါ ကုရှီချန်းနှင့် ကုစဲ့တို့ မနက်စာစားပွဲတွင် ထိုင်ကာ မနက်စာစားနေပြီ ဖြစ်၏။
ယဲ့ယီ အောက်သို့ ဆင်းလာသည်ကို မြင်သော်လည်း သူတို့နှစ်ယောက်စလုံး တုံ့ပြန်မှုမရှိကြပေ။
ယဲ့ယီ ခေါင်းခါလိုက်ပြီး မနက်စာစားပွဲဆီ သို့ လျှောက်သွားလိုက်သည်။
ထိုအချိန်တွင် ကုရှီချန်းနှင့်ကုစဲ့တို့ ယဲ့ယီ၏ စိတ်ထဲမှ စကားတို့ကို ကြားလိုက်ရသည်။
[အတူတူ တစ်ညလုံးအိပ်ခဲ့တာတောင်မှ သူက ဒီလောက်တောင် အေးစက်နေတုန်းပဲလား]
ကုရှီချန်းမှာ မျက်နှာထား တင်းသွားသည်။
‘ဒီမိန်းမ ဘာတွေးနေတာတုန်း ။ သူတို့ကြားမှာ ဘာမှမဖြစ်ခဲ့ဘူးလေ ။ အခန်းတစ်ခန်းတည်းမှာ တစ်ညအတူနေခဲ့ရုံပါပဲ။ ဒီမိန်းမက ဘာလို့ သူ့ကို စားပြီး နားမလည်လုပ်နေတဲ့ ကောင်လို လုပ်ပြနေတာတုန်း’
ကုစဲ့သည် ကုရှီချန်းကို ခိုးကြည့်ရင်း ၊ ဤလူဆိုးမိန်းမကြီးက သူ့အဖေကို အနိုင်ကျင့်လိုက်သလားဟု စဉ်းစားနေလေ၏။
မနက်စာစားချိန်တွင် သုံးယောက်သား အတွေးကိုယ်ဆီနှင့် အလုပ်ရှုပ်နေခဲ့ကြသည်။
မနက်စာ စားပြီးသောအခါ ထုတ်လုပ်ရေးအဖွဲ့က သူတို့ကို အချိန်မတန်ဘဲ တာဝန်တစ်ခုပေးခဲ့သည်။ ဤသည်မှာ ယဲ့ယီနှင့် ကုရှီချန်းတို့ ကုစဲ့ကို အပန်းဖြေပန်းခြံသို့ ခေါ်ဆောင်သွားရန် ဖြစ်သည်။
ယဲ့ယီသည် ထိုတာဝန်ကိုမြင်သည်နှင့် တစ်ခုခုမှားနေသကဲ့သို့ ခံစားလိုက်ရသည်။ဤကဲ့သို့ မြင်ကွင်းမျိုး မူရင်းဝတ္ထုထဲတွင် ရေးသားထားသည်ကို သတိရသွား၏။
အစီအစဉ်တင်ဆက်သူအဖွဲ့၏ စီစဉ်မှုအောက်တွင် မူလကိုယ်နှင့် ကုရှီချန်းသည် ကုစဲ့ကို အပန်းဖြေပန်းခြံသို့ ခေါ်သွားပြီး လန်ရွှယ်မိသားစုနှင့်တွေ့ကာ တစ္ဆေအိမ်ထဲဝင်ရန် မဲကတ်ကျခဲ့ကြသည်။
တစ္ဆေအိမ် သည် အလွန်မှောင်၏။ ကုစဲ့သည် အမှောင် ကြောက်တတ်သည့်ရောဂါရှိသည်။ အကြောင်းမှာ မူရင်းယဲ့ယီသည် သူ့ကို အမှောင်ခန်းထဲတွင် သုံးရက်သုံးည သော့ခတ်ထားခဲ့သောကြောင့် ဖြစ်သည်။ သူသည် တစ္ဆေအိမ်ထဲတွင် ဒူးတုန်အောင်ကြောက်နေခဲ့ရှာသည်။
လန်ရွှယ်ကလည်း ယဲ့ယီသည် ကုစဲ့ကို ညှင်းပန်းနှိပ်စက်သည့်ပုံစံ သဘောသက်ရောက်စေသည့် စကားများကို ပြောခဲ့၏။
ထို့ကြောင့် ယဲ့ယီသည် အပြင်းအထန် အပြောအဆိုခံလိုက်ရပြီး သူမ၏ မိထွေးဆိုးဟူသည့် ဂုဏ်ပုဒ်ကို ပို၍ ခိုင်မာသွားစေကာ ကုရှီချန်းကလည်း မူရင်းယဲ့ယီအပေါ် တွင် အမုန်းကြီးပိုမုန်းလာခဲ့သည်။
ဤအရာအားလုံးသည် မူရင်းယဲ့ယီ၏ အပြစ်ဖြစ်သော်လည်း ယခုသူမ ရောက်လာပြီဖြစ်၍ အလားတူအမှားမျိုး အဖြစ်မခံတော့ချေ။
အရေးအကြီးဆုံးမှာ ကုစဲ့ကို ဒုတိယအကြိမ် မထိခိုက်စေလိုသောကြောင့် ဖြစ်သည်။ ဤကောင်လေးသည် တကယ်ကို သနားစရာကောင်းသည်။ သူ့ကို ဆက်လက် ညှင်းပန်းနှိပ်ဆက်နေမည်ဆိုပါက သူမကိုယ်သူမ ပါးရိုက်ချင်စိတ် ဖြစ်ပေတော့မည်။
ယခု သူမအနေနှင့် ကုရှီချန်းကို ဤအကြောင်းပြောရန် နည်းလမ်းရှာဖွေသင့်သည်။ အဘယ်ကြောင့်ဆိုသော် ဤပြဿနာကို ကုရှီချန်းတစ်ယောက်သာ ဖြေရှင်း နိုင်သည်။
နောက်ဆုံး သူတို့ထွက်ခါနီးတွင် ယဲ့ယီသည်ဓာတ်ပုံဆရာ မှ ကင်မရာချိန်ညှိနေချိန်ကို အခွင့်ကောင်းယူပြီး ကုရှီချန်းကို တစ်ဖက်သို့ ဆွဲခေါ်သွားနိုင်ခဲ့သည်။
ကုရှီချန်းသည် ယဲ့ယီ၏ လက်ကို ခါချလိုက်သည်။
“မင်း ဘာလုပ်ချင်ပြန်ပြီလဲ”
ယဲ့ယီသည် စကားကို လှည့်ပတ်ပြောမနေတော့ဘဲ တိုက်ရိုက်ပြောလိုက်တော့သည်။
“အပန်းဖြေပန်းခြံထဲမှာ တစ္ဆေအိမ်တစ်လုံးရှိတယ်။ ထုတ်လုပ်ရေးအဖွဲ့က ကျွန်မတို့ကို နောက်ပိုင်း တစ္ဆေအိမ်ထဲဝင်ဖို့ တာဝန်ပေးရင် ရှောင်စဲ့က အမှောင်ကြောက်တာ ရှင်လည်းသိပါတယ်။ သူ ထိတ်လန့်သွားမှာကို ကျွန်မစိုးရိမ်တယ်”
ကုရှီချန်းသည် ရယ်လိုက်၏။
“သူ့အမှောင်ကြောက်တာ မင်းကျေးဇူးပဲလေ”
ယဲ့ယီ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ ဤသည်မှာ မူရင်းယဲ့ယီ လုပ်ခဲ့သည့်အမှားပင် ဖြစ်သည်။
ကုရှီချန်း ဆက်ပြောလိုက်သည်။
“မင်းရဲ့လှည့်ကွက်တွေ ရပ်ဖို့ ငါအကြံပေးမယ်။ မင်း ကုစဲ့ကို ထိခိုက်ရဲရင် မင်းကို ပြန်ပေးဆပ်ရအောင် ငါလုပ်ပြမယ်”
ယဲ့ယီ သူ့ကိုဆွဲလိုက်ပြီး ပြန်ပြောလိုက်သည်။
“ရှင်က သားကို ဂရုမစိုက်ဘူးပေါ့”
ကုရှီချန်းသည် ယဲ့ယီ၏ အတွင်းစိတ်ကို နောက်တစ်ခါ ကြားလိုက်ရပြန်သည်။
[ဘာလို့အလျင်စလို လုပ်နေတာလဲ။ အနည်းဆုံး ဒီကိစ္စကို သေချာစဉ်းစားစမ်းပါ။ ကျွန်မအဖိုးတန်သားလေး တကယ်ပဲ ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ]
‘အဖိုးတန်သားတဲ့လား’
ကုရှီချန်းသည် ယဲ့ယီကို ထူးဆန်းသည့် အကြည့်နှင့် ကြည့်လိုက်၏။ ဤမိန်းမသည် ကုစဲ့ကို အရင်က အရမ်းမုန်းသည်ကို သူ သေချာမှတ်မိ၏။ သို့မဟုတ်ပါက သူမ သည် ဤကဲ့သို့သော လုပ်ရပ်မျိုး လုပ်ခဲ့မည်မဟုတ်။
ယဲ့ယီ ဆက်ပြောလိုက်သည်။
“ရှင့်သားကို သိပ်ဂရုမစိုက်ပုံရတယ်။ ရှင်သူ့ကို အပန်းဖြေပန်းခြံထဲ ခေါ်သွားဖူးလား”
ကုရှီချန်းသည် အမှန်တကယ်ပင် လိုက်မပို့ခဲ့ဖူးချေ။ သူသည် အမြဲတမ်း အလုပ်ရှုပ်နေခဲ့သဖြင့် ကုစဲ့ကို အပန်းဖြေပန်းခြံသို့ အတူမလိုက်ပို့နိုင်ခဲ့ပေ။ ဤသည်မှာ သူ့အပြစ် မှန်သော်လည်း ယဲ့ယီဆီမှ ကြားလိုက်ရသည်မှာ တစ်မျိုးဖြစ်နေသည်။
သူ ရွဲ့ပြီးပြောလိုက်သည်။
”ငါ သားကို ကောင်းကောင်း မဆက်ဆံဘူးဆိုရင်တောင် သူ့ကို မင်းလိုမျိုး အမှောင်ခန်းထဲမှာ သုံးရက်သုံးည သော့ခတ်ထားမှာ မဟုတ်ဘူး”
ယဲ့ယီ၏ စိတ်ထဲတွင် ကုစဲ့ကို တောင်းပန်လိုက်သည်။
[ငါ့သားလေး၊ အမေအရင်က ဖြစ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်။ မင်းကို နောက်တစ်ခါ မထိခိုက်စေရဘူးလို့ ကတိပေးပါတယ်]
သို့သော် သူမသည် ကုရှီချန်းကို ပြန်လည်သရော်လိုက်သည်။
”သုံးရက်သုံးညလုံး သော့ခတ်ခံပြီးမှ ရှင်သိတာလေ ။ရှင်လဲတော်တော် တာဝန်ကျေတဲ့အဖေပဲ”