အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
အခန်း(၁၇)
သူများတွေ ကျွန်မကို မဝေဖန်ခင်မှာ ကျွန်မကိုယ်ကျွန်မဝေဖန်မယ်
ထိုအခိုက်အတန့်တွင် လန်ရွှယ် ဒရုန်းကို ထိန်းချုပ်နေသည့် ဓာတ်ပုံဆရာကို ပြောလိုက်သည်။
”ကင်မရာဆရာ၊ ခုနက ရိုက်ထားတဲ့ပုံတွေကို ကြည့်လို့ရမလား”
ဓာတ်ပုံဆရာသည် သူ ခုနမှ ရိုက်ထားသည့်ပုံတွေကို ချက်ချင်း ထုတ်ပြလိုက်သည်။ ကင်မရာမန်းတစ်ယောက်ကလည်း အမြော်အမြင်ရှိစွာနှင့် ဓာတ်ပုံတို့ကို အနီးကပ်ရိုက်ပြလိုက်သည့် အတွက် တိုက်ရိုက်ကြည့်ရှုမှုထဲမှ ကြည့်ရှုသူများလည်း တွေ့မြင်နိုင်ခဲ့သည်။
လန်ရွှယ်သည် သူမ မျက်နှာအမူအရာကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်သည့်အတွက် သူမကို ရိုက်ထားသည့် ပုံတိုင်းသည် အမြဲလိုလို လှနေတော့သည်။ ယဲ့ယီ၏ ပုံများမှာ အနည်းငယ် ပုံပျက်နေပြီး ရုပ်ဆိုးသည့်ပုံဟုပင် ခေါ်ဆိုနိုင်သည်။
မှတ်ချက် အပိုင်းမှာလည်း ပြန်လည် အသက်ဝင်လာ၏။
[ထင်ထားတဲ့အတိုင်းပဲ၊ ရွှယ်က ဘယ်အချိန်ပုံရိုက်ရိုက် အမြဲလှနေတာပဲ]
[ယဲ့ယီက တကယ်ကို ရုပ်ဆိုးတာပဲ။ သူက အနုပညာရှင်တစ်ယောက် အနေနဲ့ မျက်နှာအမူအရာကိုတောင် မထိန်းချုပ်တတ်ဘူးလား]
[အရင်က ယဲ့ယီကို တော်တော်လှတယ်လို့ ထင်ခဲ့တာ၊ အခု လန်ရွှယ်နဲ့ ယှဉ်ကြည့်လိုက်တော့ လန်ရွှယ်က ပိုလှတာပေါ့]
[ယဲ့ယီရဲ့ အလှကို အရမ်းကြိုက်တဲ့ ဖန်တစ်ယောက်ပါ။ အခုတော့ ဖန်မဟုတ်တော့ဘူးလို့ တရားဝင်ကြေညာတယ်]
[ယဲ့ယီ အနုပညာလောကကနေ ထွက်သင့်ပြီ။ ဘာအသုံးမှ မကျဘူး။ ရုပ်လှရုံပဲ ရှိတယ်၊ အခုတော့ အလှမှာတောင် လန်ရွှယ်ကို မမီတော့ဘူး]
[ယဲ့ယီရဲ့ မျက်နှာပုံစံက လက်တွေ့ကျတယ်လို့ ထင်တာ ငါတစ်ယောက်တည်းလား]
[ဟောင်ယု က တကယ်ကို မိုက်တယ်။ နည်းနည်းမှ မကြောက်ဘူး]
[ကုစဲ့လည်း အရမ်းချောတယ်။ အင်တာနက်ပေါ်က ငါ့အတွက်တော့ အားဆေးပဲ]
[ယဲ့ယီ အရင်ဘဝက ဘာကောင်းမှုတွေ လုပ်ခဲ့လို့ ဒီလောက်ချောတဲ့ ယောက်ျားနဲ့ သားလေးကို ရတာလဲ မသိဘူးနော်]
[ယဲ့ယီကို စီအီးအိုကုက အနှေးနဲ့ အမြန် ပစ်သွားလိမ့်မယ်]
[ယဲ့ယီ ပွဲဦးထွက်တုန်းက သူ့အလှကို လူတော်တော်များများ ချီးမွမ်းခဲ့ကြတယ်။ အခုတော့ သူတို့ထင်တာမှားသွားပြီ]
လန်ရွှယ်လည်း ယဲ့ယီ၏ မလှမပ ဓာတ်ပုံများကိုမြင်ပြီး ရယ်ချင်သွားသည်။ သူမသည် နောင်တရချင်ယောင် ဟန်ဆောင်ကာ ပြောလိုက်သည်။
“ရှောင်ယီ၊ ဒီပုံက နင့်အတွက် သိပ်အဆင်မပြေဘူးနော်။ ကြည့်စမ်း၊ မျက်နှာက လေတိုက်လို့ ပုံပျက်သွားပြီ”
ထို့နောက် ယဲ့ယီ မျက်လုံးမှိတ်ပြီး အော်ဟစ်နေသည့် ဓာတ်ပုံတစ်ပုံကို တမင်ရှာဖွေကာ မှတ်ချက်ပေးလိုက်သည်။
“ဒီပုံကိုကြည့်ပါဦး ရှောင်ယီ၊ အမူအရာက တကယ်ကို ရယ်စရာကောင်းတယ်၊ ရုပ်လည်းဆိုးတယ်”
ထိုကဲ့သို့ပြောပြီးနောက် ယဲ့ယီကို တစ်ချက်ကြည့်ပြီး ရှက်ဟန်ဆောင်ကာ မေးလိုက်သည်။
“ရှောင်ယီ၊ ဒီလိုပြောလို့ စိတ်မဆိုးဘူးမို့လား”
ယခင်က ယဲ့ယီဆိုပါက ထိုကဲ့သို့ စနောက်ခံရသည့်အတွက် ဒေါသထွက်ပေလိမ့်မည်။
ယဲ့ယီကတော့ စိတ်ထဲတွင်သာ တွေးလိုက်သည်။
‘တခြားအရာတွေ ဘေးဖယ်ထားရင်တောင် လန်ရွှယ်ရဲ့ သရုပ်ဆောင်စွမ်းရည်က တကယ်ကို ကောင်းတာပဲ။ သရုပ်ဆောင်ဆုနဲ့ ထိုက်တန်ပါတယ်’
ယဲ့ယီသည် အလွန်အေးဆေး တည်ငြိမ်သောလေသံနှင့် တမင်ပြောလိုက်သည်။
“ဒီပုံတွေက အတော်လေး သဘာဝကျတယ်လို့ ငါ ထင်တယ်၊ ငါလည်း အတော်လေး ကြိုက်တယ်”
လန်ရွှယ်သည် ယဲ့ယီ ခေါင်းမာနေသည်ဟုထင်ပြီး ရွဲ့စောင်းစောင်းလေသံနှင့် ပြန်ပြောလိုက်၏။
“အိုး.. ရှောင်ယီ၊ ငါက တည့်တည့်ပြောတတ်တဲ့သူဆိုတာ နင် သိပါတယ်။ နင်စိတ်ဆိုးနေပုံပဲ၊ ငါ့ကို စိတ်မဆိုးပါနဲ့”
ဤတစ်ခါတွင် ယဲ့ယီသည် သူမကို ဂရုမစိုက်တော့ဘဲ ဓာတ်ပုံဆရာကို သူမ ဖုန်းထဲသို့ ပုံများပို့ခိုင်းကာ ကိုယ့်ဘာသာကိုယ် ပြုပြင်နေတော့သည်။
ကုစဲ့သည် သိချင်စိတ်နှင့် ယဲ့ယီ၏ဖုန်းကို ကြည့်ရန် အနားကပ်လာပြီး ယဲ့ယီလုပ်နေသည့် အရာကို မြင်လိုက်ရသဖြင့် ထရယ်လိုက်မိတော့သည်။
ပွဲကြည့်ပရိသတ်တို့လည်း စပ်စုလာကြ၏။
[ယဲ့ယီ ဘာလုပ်နေတာလဲ။ အရမ်းလျှို့ဝှက်နေတယ်]
[ငါ့သားလေး ရယ်နေတာ အရမ်းချောလိုက်တာ]
[ဒီလောက်ချောတဲ့သားမျိုးရဖို့ ဘယ်အရပ်ကို ဦးချရမလဲ။]
[ကင်မရာမန်းရေ ကင်မရာကို နည်းနည်းပိုနီးအောင် ရွှေ့လို့ရမလား။ ယဲ့ယီ ဘာလုပ်နေလို့ ကုစဲ့က အဲ့လောက်ပျော်နေတာလဲ သိချင်လို့ပါ]
[ဓာတ်ပုံဆရာ၊ ကင်မရာကို ဒီဘက်လှည့်ပေးပါ။ဒါရိုက်တာကို ဆုကြေးတောင်းပေးပါ့မယ်]
ယဲ့ယီသည် သူမအား လျစ်လျူရှုထားသည်ကို မြင်လိုက်သောကြောင့် လန်ရွှယ် သူ့ဘာသာသူ ဆက်ပြောနေတော့သည်။
“ရှောင်ယီ၊ နင် ဓာတ်ပုံကို ပြုပြင်နေတာမဟုတ်ဘူးမို့လား။ ဘယ်လောက်ပဲ ပြန်ပြင်ပြင် ကယ်တင်နိုင်မဲ့ပုံ မရှိတော့ဘူး ထင်တယ်။ နင်သာ မျက်နှာအမူအရာ ထိန်းချုပ်တာကို မကြာခဏ လေ့ကျင့်ထားရင် ဒီလိုပုံမျိုး ထွက်လာမှာ မဟုတ်ဘူး”
ယဲ့ယီသည် လန်ရွှယ်ဆက်ပြီး အော်ကျယ်အော်ကျယ် လုပ်နေသည်ကို နားမခံနိုင်တော့သဖြင့် သူမ၏ လေသံအတိုင်း တုပကာ ရွဲ့စောင်းသည့် လေသံနှင့် ပြန်ပြောလိုက်၏။
”ကျွန်မကတော့ အစ်မကို တကယ်မမီပါဘူး။ အစ်မက ရိုလာကိုစတာ စီးနေတာတောင် မျက်နှာအမူအရာ သိပ်မပျက်ဘူးနော်။အိမ်မှာ အချိန်အတော်ကြာ လေ့ကျင့်ထားပုံပဲ”
လန်ရွှယ် ယဲ့ယီ၏ ဖော်ထုတ်ခြင်းကို ခံလိုက်ရသောကြောင့် ဒေါသတကြီးနှင့် ပြန်ပြောလိုက်သည်။
“နင် ဘာတွေ အဓိပ္ပါယ်မဲ့တာတွေ ပြောနေတာလဲ။ ဒီနေ့ ဘာအစီအစဉ်တွေ လုပ်မယ်ဆိုတာ မသိဘဲ ငါက ဘယ်လိုလုပ်ပြီး အိမ်မှာ လေ့ကျင့်လို့ရမှာလဲ”
ယဲ့ယီက ရွဲ့စောင်းသည့်လေသံနှင့် ဆက်ပြော၏။
“အစ်မက မျက်နှာအမူအရာ ထိန်းချုပ်တာကို ပိုလေ့ကျင့်ဖို့ ကျွန်မကို အမြဲပြောနေတာကိုး။အဲဒါက အဓိပ္ပာယ်ရှိတယ်လေနော်။ဘာလို့လဲဆိုတော့ ကျွန်မတို့က သရုပ်ဆောင်တွေပဲလေ။ ပြီးတော့ အစ်မ ဒီနေ့အစီအစဉ်ကို ကြိုသိနေတယ် လို့လဲ ကျွန်မမပြောမိပါဘူး”
ယဲ့ယီ : ငါ့လောက် နင်မရွဲ့တတ်သေးပါဘူး။
လန်ရွှယ် ဒေါသတကြီးနှင့် စကားတောင် မပြောနိုင်တော့ဘဲ ယဲ့ယီကိုသာ စိုက်ကြည့်နေတော့သည်။
ခဏအကြာတွင် တိုက်ရိုက်ကြည့်ရှုမှုထဲမှ မှတ်ချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
[အားလုံး ယဲ့ယီရဲ့ Weiboကို သွားကြည့်ကြပါဦး။ အရမ်းရယ်ရတယ်]
ကြည့်ရှုသူတို့သည် ယဲ့ယီ၏ Weibo အကောင့်ဆီသို့ အပြေးသွားကြသည်။
ယဲ့ယီ၏ Weibo အကောင့်တွင် သူမ စောနလေးက ရိုက်ထားသည့် ပုံများကို အီမိုဂျီများဖြင့် ဖန်တီးထားသည်ကို တွေ့လိုက်ရသည်။
တစ်ခုထက် တစ်ခု ပို၍ရယ်စရာကောင်းနေခဲ့သည်။
အီမိုဂျီတစ်ခုတွင် ယဲ့ယီ၏မျက်နှာဟာ လေတိုက်လို့ ပုံပျက်နေပြီး “အရူးမလေး ထွက်လာပြီ၊ လူတွေ လမ်းဖယ်ကြ” ဆိုသည့် စာတန်းထိုးထားသည်။
နောက်အီမိုဂျီတစ်ခုတွင် ဆံပင်ဖရိုဖရဲနှင့်မျက်နှာအမူအရာ ကြမ်းကြမ်းတမ်းတမ်း ဖြစ်နေပြီး “ကိုးယင်အဖြူ အရိုးလက်သည်းခွံ” ဆိုသည့် စာတန်းထိုးထားကာ ၊ စာနှင့်ပုံ တကယ်ကို လိုက်ဖက်ပေသည်။
ယဲ့ယီ ပုံကိုးပုံစလုံး ကို တင်နိုင်ခဲ့ပြီး လူတိုင်း လွတ်လပ်စွာ အသုံးပြုနိုင်ကြောင်းလည်းပြောခဲ့၏။
ဤသည်မှာ ရုပ်ဆိုးသည့်ပုံ ဖြစ်နေသော်လည်း ယဲ့ယီ၏ ဟာသဉာဏ်ကြောင့် အံ့ဩစရာကောင်းလောက်အောင် လူကြည့်ကောင်းသွားတော့သည်။
ယဲ့ယီ၏ ပို့စ်အောက်ရှိ မှတ်ချက်တို့ကလည်း “ဟားဟားဟား” စသော မှတ်ချက်များဖြင့်သာ ပြည့်နှက်နေသည်။
မကြာခင် ချမ်းသာပါစေ : ဟားဟားဟားဟား၊ ဒီမိန်းမ တကယ်ရယ်စရာကောင်းတယ်၊ သူ အရမ်းရယ်ရတယ်”
အသက်သုံးဆယ်အရွယ် အပြစ်မဲ့တဲ့ မိထွေး : ဒီအီမိုဂျီက အရမ်း ရယ်စရာကောင်းတယ်၊ သိမ်းသွားပြီနော်”
လီလိုမျိုး ဘယ်လိုဖြစ်နိုင်မလဲ : ယဲ့ယီက တကယ် ရယ်ရတဲ့ မိန်းမပဲ၊ ဟားဟား။
မက်ကာဘီကု :ငါ ဘာလို့ ရုတ်တရက် ယဲ့ယီရဲ့ ပရိသတ်ဖြစ်လာတာလဲ။
၁၀ပေါင် ကျလို့ ချီးကျူးခံရသူ : ယဲ့ယီ ဟန်ဆောင်တာတွေ ရပ်ပြီး အနုပညာလောကကနေ အမြန်ဆုံးထွက်သွားစမ်းပါ။
အိမ်နီးချင်း ဝမ်အိုကြီးဇနီး:ငါက ယဲ့ယီကို မကြိုက်ပေမဲ့ ဒီmemeရုပ်ပုံတွေက တကယ့်ကို ရယ်စရာကောင်းတယ်၊ ဟားဟားဟား။
မှတ်ချက်ကဏ္ဍကလည်း အလွန်အသက်ဝင်နေ၏။
[ယဲ့ယီရဲ့ အီမိုဂျီတွေက အရမ်းရယ်စရာကောင်းတယ်၊ ဟားဟားဟား]
[ယဲ့ယီရဲ့ အီမိုဂျီတွေက အရမ်းရယ်ရတယ်ဆိုတာ ငါအာမခံတယ်။ မရယ်ရရင် ပြန်လာပြီး ငါ့ကို ရိုက်လို့ရတယ်]
[ယဲ့ယီက သူ့ကို ချီးမွမ်းဖို့ အွန်လိုင်းက ဝေဖန်ရေးသမား ဘယ်နှစ်ယောက်ကို ငှားထားတာလဲ]
[ငါက အခကြေးငွေယူပြီး လျောက်ပြောနေတဲ့သူမဟုတ်ဘူး။ သာမန် လာကြည့်သူပါ။ ဒါပေမဲ့ ယဲ့ယီရဲ့ memeတွေက တကယ်ရယ်ရတယ်]
[ဒါဆို လှတဲ့မိန်းမအားလုံးရဲ့ အတွင်းထဲမှာ ဟာသဉာဏ်ရှိတာလား]
[ဒါဆို ယဲ့ယီက တခြားလမ်းကြောင်းတွေ အဆင်မပြေတော့ ဟာသဘက်ကို ပြောင်းလာတာပေါ့။ ဘယ်လောက်ပါးနပ်လိုက်လဲ]
[အီမိုဂျီလေးတစ်ချို့ပဲ၊ အဲလောက်တောင် ရယ်စရာကောင်းလို့လား]
[တကယ့်ကို ရယ်စရာကောင်းတာ၊ ကိုယ်တိုင်သွားကြည့်သင့်တယ်]
လန်ရွှယ်လည်း အခြေအနေကို သဘောပေါက်သွားပြီး ချက်ချင်း weiboထဲသို့ ဝင်ကြည့်လိုက်၏။
သူမ ယဲ့ယီ၏ အကောင့်ကို တစ်ချက်ကြည့်လိုက်သည်။ ယဲ့ယီသည် ထိုဆိုးဝါးလှသည့် ရုပ်ဆိုးပန်းဆိုးပုံများကို memeများအဖြစ် ပြောင်းလဲထားပြီး မိနစ်ပိုင်းအတွင်းမှာပင် ပြန်လည်ကူးယူမှု နှင့် ကြိုက်နှစ်သက်မှု အရေအတွက်မှာ တစ်သောင်းကျော်သွားပြီဖြစ်သည်။
လန်ရွှယ် တစ်ယောက် စပြီး စိတ်လှုပ်ရှားလာသည်။ သူမလည်း ချက်ချင်းပင် သူမ၏ ပုံလှလှများကို ရွေးထုတ်ကာ weiboတွင် တင်လိုက်သည်။
Weiboတွင် ပို့စ်တင်လိုက်သည်နှင့် သူမ၏ ပရိသတ်များက အားပါးတရ ချီးမွမ်းကြသည်။
လန်ရွှယ်တွင် ပရိသတ်အရေအတွက် များသည့်အတွက် ကြိုက်နှစ်သက်မှုနှင့် ပြန်လည်ကူးယူမှု တို့က အရှိန်အဟုန်နှင့် တက်လာသည်။
သို့သော် ယဲ့ယီ၏ memeများက အရမ်းရယ်ရသည့် အတွက် ဖြတ်သန်းကြည့်ရှုသူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့ပြီး ကြိုက်နှစ်သက်မှုများကလည်း တဟုန်ထိုး တတ်လာနေသည်။
လန်ရွှယ်သည် ယဲ့ယီကို တစ်ချက်ကြည့်လိုက်၏။ယဲ့ယီ ဤမျှအထိ ပြောင်းလဲသွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သိပ်မကြာခင်ကမှ သူမသည် ရုပ်ရည်ပဲရှိပြီး ဉီးနှောက်မရှိသူတစ်ယောက် ဖြစ်ခဲ့သော်လည်း ယခု အဘယ့်ကြောင့် ဉာဏ်ကောင်းလာရသနည်း။
ချန်ထျန်မင်း၏ မျက်နှာသည် အလွန်အမင်း ရုပ်ဆိုးနေသည်။ သူတို့သည် နှစ်ပွဲဆက်တိုက်ရှုံးနေပြီ ဖြစ်သည်။ ဤတစ်ပွဲမှာလည်း ထပ်ရှုံးပါက အရှက်ကွဲရပေတော့မည်။
အရေးအကြီးဆုံးမှာ ယနေ့ပွဲစဉ်ကို သူ တမင်တကာ စီစဉ်ထားခြင်း ဖြစ်သည်။ မူလ ရည်ရွယ်ချက်မှာ ယဲ့ယီ၏ မိသားစုကို နှိမ်နှင်းရန် ဖြစ်သည်။ ယခု အခြေအနေသည် လုံးဝပြောင်းပြန် ဖြစ်သွား၏။
သူတို့မိသားစုသည် ယဲ့ယီ၏မိသားစုအတွက် အရံသက်သက် ဖြစ်သွားပြီး သူတို့ကို အလကားသက်သက် နာမည်ကျော်ကြားလာအောင်တောင် ကူညီပေးလိုက်သေးသည်။
တစ်နာရီကြာအောင် စိတ်ရှည်ရှည် စောင့်ပြီးနောက်မှာတော့ ရလဒ်တို့ ထွက်လာခဲ့သည်။
လန်ရွှယ်၏ ပရိသတ်တို့က သူမ လူကြိုက်များမှုကို မြှင့်တင်ရန် မည်မျှပင် အားထုတ်ခဲ့ကြပါစေ ယဲ့ယီ ဖန်တီးထားသော memeများ၏ လွှမ်းမိုးနိုင်မှုကို တွန်းလှန်နိုင်စွမ်း မရှိခဲ့ပေ။
နောက်ဆုံးမှာတော့ ယဲ့ယီ၏ လူကြိုက်များမှုသည် လန်ရွှယ်ကို လုံးဝ လွှမ်းမိုးသွားခဲ့လေသည်။
အခန်း (၁၈)
မေမေနဲ့အတူ အိပ်ချင်တယ်
ရလဒ် ထွက်လာချိန်တွင် လန်ရွှယ်၏ မျက်နှာမှာ အလွန်အမင်း ကြည့်ရဆိုးသွားသည်။ သူမ မျက်နှာအမူအရာကို မည်မျှပင် ကောင်းကောင်း ထိန်းချုပ်နိုင်ပါစေ ဤတစ်ခါတွင် ဟန်မဆောင်နိုင်တော့ချေ။
ယဲ့ယီသည် ဆုကိုလက်ခံရရှိသည့်အခါ လန်ရွှယ်ဆီသို့ တမင်လျှောက်သွားပြီး ဝင့်ကြွားသည့်လေသံနှင့် ပြောလိုက်သည်။
“အိုး.. အစ်မ၊ တောင်းပန်ပါတယ်နော်။ တို့ မတော်တဆ နိုင်သွားတယ်”
လန်ရွှယ်သည် ဒေါသထွက်နေသော်လည်း အလွန် နူးညံ့သည့်လေသံနှင့် ပြောလိုက်သည်။
“ဒါဆိုလည်း ဂုဏ်ပြုပါတယ်၊ ရှောင်ယီ”
လန်ရွှယ်၏ စိတ်ပျက်နေသော မျက်နှာကိုကြည့်ရင်း ယဲ့ယီတစ်ယောက် ချက်ချင်းပင် စိတ်သက်သာရာ ရသွားတော့သည်။
ချန်ဟောင်ယုသည် နောက်ဆုံးအနိုင်ရသူမှာ ယဲ့ယီ၏မိသားစု ဖြစ်ကြောင်း အစီအစဉ်အဖွဲ့မှ ကြေညာချက်ကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် ဝုန်းဒိုင်းကြဲတော့သည်။
သူ မြေကြီးပေါ် ဝုန်းခနဲထိုင်ချပြီး အော်ဟစ်ငိုကြွေးတော့သည်။
“အဲဒါ သားဟာ။ ဆုကသားဟာ”
လန်ရွှယ်နှင့် ချန်ထျန်မင်း တို့မှာ သူ့ကို ဆွဲထူလိုက်ရ၏။
လန်ရွှယ် ရှေ့သို့လှမ်းလာပြီး ချန်ဟောင်ယု၏ လက်ကိုဆွဲကာ နူးညံ့စွာ ပြောလိုက်သည်။
“ဟောင်ယု သားလေး၊ လိမ္မာပါကွယ် မြန်မြန်ထနော် နောက်မှ မေမေ သားကို အရုပ်ဝယ်ပေးဖို့ ခေါ်သွားမယ်နော်။ ဟုတ်ပြီလား”
ချန်ဟောင်ယုသည် လန်ရွှယ်ကို တွန်းထုတ်လိုက်ပြီး ဒေါသတကြီးနှင့် ပြောလိုက်သည် ။
“အားလုံး ခင်ဗျားအပြစ်ပဲ။ ခင်ဗျားနဲ့ပူးပေါင်းရင် ချန်ပီယံရမယ်လို့ ပြောခဲ့တာမဟုတ်လား”
ချန်ထျန်မင်းသည် ရှေ့တိုးလာပြီး ချန်ဟောင်ယုကို မြေကြီးပေါ်ကနေ အတင်းဆွဲထူလိုက်သည်။ ထို့နောက် တင်းမာသည့်လေသံဖြင့် ဆူပူကြိမ်းမောင်းလိုက်သည်။
“ရှုံးတာကရှုံးတာပဲ၊ ဘာလို့ ငိုနေတာလဲ”
ချန်ဟောင်ယု ချန်ထျန်မင်း၏ပြစ်တင်ဆုံးမမှုကို ခံလိုက်ရသဖြင့် ပို၍ပင် ကျယ်လောင်စွာ ငိုတော့သည်။
“ အဖေတို့ လိမ်တာ။ ဒီနေ့ ချန်ပီယံက သားတို့ရမယ်ဆိုတာ သေချာတယ်လို့ ပြောခဲ့တာပဲ...”
သားဖြစ်သူမှ မပြောသင့်သည်ကို ပြောမိမှာစိုး၍ ချန်ထျန်မင်းသည် အမြန်စကားဖြတ်ပြောလိုက်ရ၏။
”သားမငိုဘဲ ပြန်သွားရင် သားအမြဲလိုချင်နေတဲ့ လီကိုတုံးတွေ ဝယ်ပေးမယ်”
ချန်ဟောင်ယုသည် နှာခေါင်းရှုံ့လိုက်ပြီး အသံတုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။
“တကယ်လား”
လန်ရွှယ်သည် စိတ်ထဲတွင် ချန်ဟောင်ယုကို သေလောက်အောင် ကျိန်ဆဲနေသော်လည်း အပေါ်ယံမှာတော့ နူးညံ့သည့် မိခင်အဖြစ်ဟန်ဆောင်ကာ ချန်ဟောင်ယု၏ မျက်ရည်များကိုသုတ်ရန် တစ်ရှူးထုတ်ကိုင်၍ နူးညံ့စွာ နှင့်ချော့လိုက်သည်။
“သေချာတာပေါ့၊ ဖေဖေက သားကို ဘယ်လိုလုပ်လိမ်မှာလဲ”
သူတို့နှစ်ယောက်၏ နှစ်သိမ့်မှုကြောင့် ချန်ဟောင်ယု နောက်ဆုံးတွင် အငိုတိတ်သွားတော့သည်။
ထိုအချိန်မှာပင် ကုစဲ့ ချန်ဟောင်ယုဆီ ရုတ်တရက် လျှောက်သွားပြီး ခပ်အေးအေးပင် ပြောလိုက်သည်။
“အစ်ကို၊ ဒီလောက်သေးတဲ့ အခက်အခဲလေးကိုတောင် ငိုရတာလား။ နောင်ပိုကြီးတဲ့အခက်အခဲတွေနဲ့ ကြုံရင် ဘယ်လိုလုပ်မှာလဲ။ အစ်ကိုက စိတ်ဓာတ်မမာသေးဘူးနော်”
ယခုလေးတင်မှ နှစ်သိမ့်ခံရပြီး စိတ်အေးသွားသည့် ချန်ဟောင်ယုသည် ကုစဲ့ စကားကိုကြားပြီး ယခင်ကထက်တောင် ပိုမိုကျယ်လောင်စွာ ပြန်ငိုတော့သည်။
လန်ရွှယ်သည် သူ့ငိုသံကြောင့် ခေါင်းကိုက်လာသော်လည်း ဒေါသထွက်လို့ မရချေ။ ထို့ကြောင့် ယဲ့ယီကိုသာ ငေါက်ငမ်းလိုက်သည်။
“ရှောင်ယီ၊ နင့်သားကို မထိန်းနိုင်ဘူးလား”
ယဲ့ယီ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ငါ့ ရှောင်စဲ့ပြောတာ အဓိပ္ပာယ်ရှိတယ်မဟုတ်လား။ နင်တို့ကလေးက နည်းနည်းတော့ ပျော့ညံ့သေးတယ်”
ယဲ့ယီသည် စိတ်ထဲတွင် အသည်းအသန် ရယ်နေ၏။
[ငါ့သားပဲလေ ၊ကောင်းလိုက်တာ၊ ဟားဟားဟား]
“နင်”
လန်ရွှယ်သည် ယဲ့ယီနှင့် ဆက်ပြီး အငြင်းအခုံ လုပ်ချင်သေးသော်လည်း ချန်ဟောင်ယု အရမ်း ဆူညံနေသည့်အတွက် သူ့ကို အရင်ငြိမ်အောင်လုပ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။
ချန်ဟောင်ယုသည် ပုံမှန်အားဖြင့် အလိုလိုက်ခံထားရသော ကလေးဖြစ်သောကြောင့် ငေါက်ငမ်းဖို့ နေနေသာသာ အားလုံးကို သူ့အကြိုက်အတိုင်းသာ လိုက်လုပ်ပေးရသည်။
လန်ရွှယ်သည် စိတ်ရှည်ရှည်နှင့် သူ့ကိုနှစ်သိမ့်ဖို့ကြိုးစားကြည့်သော်လည်း ချန်ဟောင်ယုကတော့ အပြစ်အားလုံးကို လန်ရွှယ်အပေါ်သို့ ပုံချကာ လန်ရွှယ်၏ပေါင်ကို လက်နှင့် အဆက်မပြတ် ရိုက်နေတော့သည်။
လန်ရွှယ်သည် နာကျင်စွာ အရိုက်ခံနေရသော်လည်း ချန်ဟောင်ယုကို ဘာမှမလုပ်နိုင်သည့်အတွက် ချန်ထျန်မင်းဆီ အကူအညီတောင်းသည့် အကြည့်ဖြင့်သာ ကြည့်နိုင်တော့သည်။
နောက်ဆုံးတွင် ချန်ထျန်မင်းကလည်း သည်းမခံနိုင်တော့ဘဲ ချန်ဟောင်ယုကို သူလိုချင်တာမှန်သမျှ ဝယ်ယူပေးမည့် အကြောင်းကို ကတိပေးလိုက်ရသည်။ ချန်ဟောင်ယုကို ပြန်လည် တည်ငြိမ်အောင်လုပ်ဖို့ အချိန်အတော်လေး ယူခဲ့ရသည်။
သို့သော် ချန်ဟောင်ယု တည်ဆောက်ထားရသည့် “လိမ္မာတဲ့သားလေး” ဆိုသည့်ပုံရိပ်ကတော့ ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။
မှတ်ချက်ကဏ္ဍ၏ သဘောထားများမှာလည်း ပြောင်းလဲလာခဲ့၏။
[ဆိုးတဲ့ကလေးတွေကို မုန်းတယ်၊ သူတို့က ငိုယိုပြီး ဝုန်းဒိုင်းကြဲတာ အရမ်းစိတ်ညစ်ဖို့ကောင်းတယ်]
[အစက ချန်ဟောင်ယုကို အတော်လိမ္မာတယ်လို့ ထင်ခဲ့တာ၊ အခုကြည့်ရတာ ကုစဲ့က ပိုချစ်စရာကောင်းတယ်]
[ရှုံးလို့ငိုတာက ရှုံးတာကို လက်မခံနိုင်တဲ့သူရဲ့လက္ခဏာပဲ]
[လန်ရွှယ်ရဲ့မိသားစုက သုံးပွဲစလုံး တကယ်ပဲရှုံးသွားတယ်]
မိသားစုသုံးယောက်စလုံး၏မျက်နှာပေါ်မှ ဆိုးဝါးသည့် အမူအရာများကို ကြည့်ရင်း ယဲ့ယီ စိတ်ထဲတွင် ပြုံးစိစိ ဖြစ်နေသည်။
[ဝဋ်ဆိုတာ လည်တာပဲ၊ ကောင်းကင်ဘုံရဲ့ တရားစီရင်မှု အောက်ကနေ ဘယ်သူမှ လွတ်မြောက်မှာ မဟုတ်ဘူး။ ငါသာ အမြော်အမြင်မရှိခဲ့ရင် အခုလှောင်ပြောင်ခံရတဲ့သူက ငါဖြစ်လိမ့်မယ်။ ဒီလိုပါးရိုက်ရတဲ့ ခံစားချက်က အရမ်းကောင်းလွန်းလို့ တကယ်မဟုတ်တဲ့အတိုင်းပဲ]
ယဲ့ယီ၏ ပျော်နေသည့် စိတ်ခံစားချက်သည် ညနေအထိ တည်တံ့ခဲ့ပြီး ၊ ညစာစားချိန်တွင်လည်း ထမင်း အပိုတစ်ပန်းကန်တောင် ထပ်စားလိုက်သေး၏။
ထမင်းစားပြီးနောက် ယဲ့ယီ ဆိုဖာပေါ် သို့ လှဲချလိုက်သည်။ ကုစဲ့ကလည်း ဆိုဖာပေါ်တွင် သူမနှင့် အတူထိုင်ကာ တီဗီကြည့်နေသည်။ ကုရှီချန်းမှာ စာကြည့်ခန်းထဲသို့ သွားကာ အလုပ်ကိစ္စများဖြင့် ရှုပ်နေလေ၏။
ကုစဲ့သည် ယနေ့ဖြစ်ခဲ့သည့် အရာအားလုံးကို ပြန်တွေးနေမိသည်။ ယဲ့ယီ သူ့အပေါ်တွင် အမှန်တကယ် ဂရုစိုက်သည်ကို သူ ခံစားမိ၏။
‘ဒါပေမဲ့ သူ့ကို အခုမှ ဘာလို့ ဂရုစိုက်လာရတာတုန်း။ အရင်က ဘာလို့ သူ့ကို အဲဒီလို ဆက်ဆံခဲ့တာတုန်း’
ကုစဲ့ နည်းနည်းစိတ်ရှုပ်သွားသည်။ တစ်ဖက်တွင် ကုရှီချန်းကလည်း ကုစဲ့အတိုင်း တွေးနေ၏။
ကုရှီချန်းသည် ယနေ့ သရဲအိမ်ကိစ္စသည် တိုက်ဆိုင်သည်ထက် ပိုမည်ဟု သူ ခံစားမိသည်။ ယဲ့ယီ သူတို့ သရဲအိမ်ကို သေချာပေါက် ရွေးမည်မှန်း အစကတည်းက သိနေပုံရသည်။
ကုရှီချန်းသည် ယဲ့ယီ တမင်တကာ စီစဉ်ခဲ့သည်ဟု သံသယရှိ၏။ သို့သော် သူမ၏ စီစဉ်မှုသာ ဆိုလျှင်ဖြင့် သူ့ကို သတိပေးလိမ့်မည် မဟုတ်ပေ။
အကြာကြီး စဉ်းစားပြီးနောက်မှာတောင် ကုရှီချန်း ထိုမေးခွန်း၏ အဖြေကို ရှာမတွေ့ခဲ့ပေ။
စာရွက်စာတမ်းများ ပြီးစီးသွားပြီးနောက် သူသည် ဧည့်ခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားကာ သူတို့နှစ်ယောက် မည်သည့်အခြေအနေ ရှိသည်ကို ကြည့်လိုက်သည်။
ယဲ့ယီ နှင့် ကုစဲ့ တို့ ကာတွန်းကားကို အတူတူ ထိုင်ကြည့်နေကြသည်။ သူတို့သည် အချင်းချင်း စကားမပြောကြသော်လည်း သူတို့အပြန်အလှန် ဆက်ဆံရေးက ထူးထူးခြားခြား သဟဇာတဖြစ်နေ၏။
သို့သော် ယဲ့ယီ၏ စိတ်ထဲတွင် တစ်ချိန်လုံး သူ့ဘာသာသူ စကားပြောနေသည်ကို ကုစဲ့တစ်ယောက်တည်းကသာ သိသည်။
[ဘယ်လိုလုပ်ရမလဲ။ ငါ့သားလေးက အရမ်းချောတာပဲ ။ သူ့ကို အရမ်းချစ်တာပဲ ။ သူ့ကိုဖက်ပြီး အိပ်ချင်လိုက်တာ]
ကုရှီချန်းသည် ချောင်းဟန့်လိုက်ပြီး လေသံမာမာ ပြောလိုက်၏။ “အနားယူချိန်ရောက်ပြီ”
အစီအစဉ်၏ ကင်မရာများသည် ဖွင့်လျက်သားရှိနေသေးသောကြောင့် ကုရှီချန်းနှင့်ယဲ့ယီတို့ တစ်ညတာ အတူတူ အိပ်စက်ရဦးမည် ဖြစ်သည်။
ကုရှီချန်းသည် ဤည ယဲ့ယီနှင့် အိပ်ယာတစ်ခုတည်းတွင် အိပ်ရမည်ဆိုသည်ကို တွေးမိသည့်အခါ စိတ်မသက်မသာဖြစ်လာသည်။
အထူးသဖြင့် ယဲ့ယီ နိုးနေတုန်းဖြစ်ပြီး သူမကို အရင်တစ်ခေါက်ကလို စောင်နှင့် ထုတ်ပိုးထားရန် မဖြစ်နိုင်တော့ပေ။
ယဲ့ယီသည် ကုရှီချန်း၏ အနည်းငယ်နီရဲနေသည့် နားရွက်ကိုကြည့်ပြီး ရုတ်တရက် စနောက်ချင်စိတ်ဖြစ်လာသည်။
ယဲ့ယီ မရေရာသောလေသံနှင့် တမင်လုပ်ပြောလိုက်သည်။
“ယောကျာ်းက ဒီလောက်တောင် မြန်မြန်အိပ်ချင်နေပြီလား”
“ဟွတ် ဟွတ်ဟွတ်”
ကုရှီချန်း မျက်နှာသည် ချက်ချင်းပင် နီရဲသွာ၏။
‘ဒီမိန်းမ ဘာလို့ သိက္ခာမရှိတဲ့ စကားကို ပြောနေရတာတုန်း’
ယဲ့ယီ နားမလည်သည့်ဟန်နှင့်ပင်။
“ ချစ်တို့ ဘာလို့ ဒီလောက်မြန်မြန်အိပ်ဖို့ လုပ်နေတာလဲဆိုတာ သိချင်လို့ မေးတာပါ။ ယောကျ်ားမျက်နှာက ဘာလို့နီလာတာလဲ”
ယဲ့ယီသည် စိတ်ထဲတွင် အသည်းအသန် ရယ်နေမိသည်။
[ဟားဟား၊ ကုရှီချန်းက လူရိုးလေးဖြစ်မယ်လို့ မထင်ထားမိဘူး။ နည်းနည်းလေး စနောက်လိုက်ရုံနဲ့ ဒီလောက်နီသွားတာ ကြည့်စမ်း]
ကုရှီချန်းသည် ယဲ့ယီကို စိုက်ကြည့်နေသော်လည်း ပြန်ချေပမရ ဖြစ်နေ၏။
တိုက်ရိုက်ထုတ်လွင့်မှုထဲမှ ကြည့်ရှုသူတို့သည် သူတို့နှစ်ယောက်ကို စုံတွဲအဖြစ် သဘောကျနေကြသည်။
[ဒီနှစ်ယောက်က ဘာလို့မသိမသာ အရမ်းလိုက်ဖက်တဲ့စုံတွဲလို့ ခံစားနေရတာလဲ]
[ကူညီပါဦး။ မစ္စတာကု က အပြစ်ကင်းစင်လိုက်တာ။ နည်းနည်းလေးစလိုက်တာနဲ့ မျက်နှာက နီရဲသွားတာပဲ]
[ယဲ့ယီက စကားဝှက်ပြီးပြောနေတယ်လို့ သံသယရှိနေတယ်၊ ဒါပေမဲ့ ငါ့မှာ အထောက်အထားမရှိဘူး]
ယဲ့ယီသည် သူမ အခန်းထဲသို့ ပြန်သွားပြီး အိပ်ဖို့လုပ်သည့် အချိန်မှာပင် ကုစဲ့ သူမ၏လက်ကို ရုတ်တရက် လှမ်းဆွဲလိုက်သည်။
ယဲ့ယီသည် သူ့ကို ငုံ့ကြည့်လိုက်သောအချိန်တွင် ကုစဲ့သည် အနည်းငယ်ရှက်နေသည့် ပုံစံလေးနှင့် ပြောလိုက်သည်။
“သား မေမေနဲ့အတူတူ အိပ်ချင်တယ်”
ယဲ့ယီ ခဏတာ ကြောင်အမ်းသွားသည်။
‘ကုစဲ့ ဘာပြောလိုက်တယ် ။ သူမနဲ့အတူ အိပ်ချင်တယ် လို့ ပြောလိုက်တာလား’
ယဲ့ယီ အကြာကြီး ငိုင်နေသည်ကို မြင်သောကြောင့် ကုစဲ့သည် သူ့ကို လက်မခံဘူးဟု ယူဆပြီး တိတ်တဆိတ် သူမ၏လက်ကို လွှတ်ချလိုက်သည်။
“မေမေက မအိပ်ချင်ဘူးဆိုလဲ ရပါတယ်၊မေ့လိုက်ပါ”
ကုစဲ့ နည်းနည်း စိတ်မကောင်းဖြစ်သွား၏။ သူမသည် ခုနလေးကပင် စိတ်ထဲ၌ သူ့ကိုဖက်ပြီး အတူအိပ်ချင်သည်ဟု ပြောခဲ့သည် မဟုတ်လော။
‘အခုတော့ မလိုချင်တော့ဘူးလား’
ယဲ့ယီသည် ကုစဲ့၏ လက်ကို ချက်ချင်းပြန်ဆွဲလိုက်သည်။သူမသည် အလွန် ဝမ်းသာနေသော်လည်း မလိုလားချင်ယောင်ဆောင်ပြီးပြောလိုက်သည်။
“ မင်းက ငါနဲ့ ဒီလောက်ထိ အတူတူ အိပ်ချင်တာဆိုတော့ ငါ မအိပ်ချင်ပေမဲ့လည်း အိပ်ခိုင်းလိုက်ပါ့မယ်”