← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉)

အများကြီးပြောင်းလဲသွားပြီ

ယဲ့ယီ၏ မလိုလားချင်ယောင်ဆောင်သည့်မျက်နှာအမူအရာကို မြင်လိုက်ရသဖြင့် ကုရှီချန်း ရယ်ချလုနီးပါး ဖြစ်သွား၏။

သူမ စိတ်ထဲမှ အသံကို မကြားနိုင်ခဲ့လျှင် သူသည် သူမ၏ ဤအဓိပ္ပာယ်မဲ့သော စကားများကို အမှန်တကယ် ယုံမိသွားနိုင်သည်။

ယဲ့ယီသည် အပြင်ပန်းတွင် ပြန်ဖြေလိုက်သည်။ “ငါမအိပ်ချင်ပေမဲ့လည်း အိပ်ခိုင်းလိုက်ပါမယ်”

သို့သော် အတွင်းစိတ်ထဲတွင်...

[အား... ငါ့ သားလေး ရှန်ရှန်နဲ့ ဖက်ပြီး အိပ်ရတော့မှာလား။ အရမ်းပျော်တာပဲ ]

ကုစဲ့၏မေမေ ပရိသတ် တို့က တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် အော်ဟစ်နေကြတော့သည်။

[အဲဒီကလေးကို ချထားလိုက်၊ ငါလုပ်ပေးမယ်]

[ရှောင်စဲ့၊ဒီက မေမေ့ဆီလာပြီး အိပ်စမ်းပါ။မေမေ့အိပ်ယာက ပိုကျယ်တယ်]

[ကလေးတစ်ယောက်ရဲ့ အုပ်ထိန်းခွင့်အတွက် သူ့ရဲ့မိဘရင်းတွေနဲ့ ဘယ်လိုတရားရင်ဆိုင်ရမလဲ။ အရေးတကြီး အကူအညီလိုပါတယ်]

[ကလေးလေး။ ငါနဲ့အိပ်ပါ။ မင်းကို ဒီကမေမေက အတင်းအကျပ် မလုပ်ပါဘူးကွယ်]

[မိခင်အိုကြီးရဲ့ နှလုံးသား အရည်ပျော်သွားပြီ]

ကုစဲ့သည် ယဲ့ယီ စကားကို မထုတ်ဖော်ဘဲ လိမ္မာစွာ သူ့အခန်းထဲ ပြန်သွားကာ ရေမိုးချိုးရန် ပြင်ဆင်လိုက်သည်။

ယဲ့ယီ ကုရှီချန်းနှင့်အတူ အိမ်ခန်းထဲသို့ ဝင်‌ရောက်သွားခဲ့လေသည်။

မွန်းလွဲပိုင်းတုန်း က အစီအစဉ်ထုတ်လုပ်ရေးအဖွဲ့ မမြင်သည့်အချိန်တွင် ယဲ့ယီ သူမ၏ အခန်းထဲမှ ညဝတ်အင်္ကျီဝတ်စုံ အချို့နှင့် ရေချိုးခန်းသုံးပစ္စည်းများကို ယူထုတ်ခဲ့သည်။

သို့သော် ညဝတ်အင်္ကျီကို ယူရန် ရှာလိုက်သည့်အခါ မူလပိုင်ရှင်၏ ညဝတ်အင်္ကျီအားလုံးသည် မယုံနိုင်လောက်အောင် ဆက်စီကျနေသောကြောင့် ရှေးရိုးဆန်သည့် ပုံမှန်ညအိပ်ဝတ်စုံတစ်စုံကို ရှာတွေ့ရန် အချိန်အတော်လေး ယူခဲ့ရသည်။

ကုရှီချန်း သဘောထားကို မမေးဘဲ ယဲ့ယီသည် ရေချိုးခန်းထဲသို့ ဝင်ရောက်သွားသည်။ သူမ၏ အလှအတွက် အိပ်ချိန်ရောက်နေပြီ ဖြစ်ကာ မြန်မြန်ရေချိုးပြီး အိပ်ရန် ပြင်ဆင်ရပေတော့မည်။

ယဲ့ယီတစ်ယောက် ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် ကုစဲ့ ညဝတ်အင်္ကျီကို ဝတ်ဆင်ကာ ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။ ကုစဲ့ ရေချိုးပြီးကာစ ဖြစ်သောကြောင့် လန်းဆန်းနေကာ ပါးပြင်လေးတို့မှာ နီရဲတွတ်နေလေ၏။

ယဲ့ယီသည် ချက်ချင်းပင် ရှေ့တိုးသွားပြီး ကုစဲ့၏မျက်နှာလေးကို ဆွဲဖဲ့လိုက်၏။

[အား... အရမ်းချစ်စရာကောင်းလိုက်တာ၊ ငါ သည်းမခံနိုင်တော့ဘူး]

ကုစဲ့ ထိုနေရာတွင် ရပ်နေပြီး ယဲ့ယီ၏ ဆွဲဖဲ့မှုကို ခဏ ခံနေလိုက်သည်။ နောက်ဆုံးမှာတော့ ကုရှီချန်းတစ်ယောက် မပြောမဖြစ် မေးလိုက်ရတော့သည်။

“မင်းတို့နှစ်ယောက် အိပ်ကြမှာလား မအိပ်ကြဘူးလား”

ထို့နောက်တွင် ယဲ့ယီ ကုစဲ့ကို အိပ်ယာပေါ် သို့ ပွေ့ချီသွားပြီး ကုရှီချန်းကတော့ ရေချိုးရန် ရေချိုးခန်းထဲသို့ ဝင်ရောက်သွားသည်။

အိပ်ယာထဲသို့ ရောက်သည့်အခါ ယဲ့ယီသည် ကုစဲ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး သူမကတော့ ခေါင်းအုံးနှင့်ခေါင်း ထိလိုက်သည်နှင့် အိပ်ပျော်သွားတော့၏။

ကုစဲ့၏ ခန္ဓာကိုယ်မှာ တောင့်တင်းနေပြီး လှုပ်ရှားလို့ မရချေ။သို့သော်လည်း သူသည် ဤခံစားမှုကို တစ်မျိုးတစ်ဖုံ နှစ်သက် နေမိသည်။

ယဲ့ယီ အသက်ရှူသံကို နားထောင်ရင်း ကုစဲ့သည် သူမကို သတိထားပြီး ကြည့်လိုက်သည်။ အမှန်တွင် ကုရှီချန်းနှင့်ယဲ့ယီတို့ ပထမဆုံးလက်ထပ်တုန်းက ယဲ့ယီ သူ့အပေါ်တွင် အတော်လေး ကောင်းခဲ့၏။

[T/N လန်ရွှယ်မ စနက်နေမှာ]

ထိုစဉ်က သူ မိခင်တစ်ယောက် ရခဲ့သည့်အတွက် ပျော်ခဲ့၏။ သို့သော် ယဲ့ယီသည် နောက်ပိုင်းတွင် ပြောင်းလဲသွားပြီး သူ့ကို ရိုက်နှက်ဆဲဆိုလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ကုစဲ့ နှလုံးသားသည် ယဲ့ယီနှင့် ဝေးဝေးနေရန် သတိပေးနေသော်လည်း ယဲ့ယီက သူ့ကို ဂရုစိုက်ကြောင်း ပြသလာသည့်အခါ မိခင်မေတ္တာငတ်နေသူလေးအတွက် သူ၏ တောင့်တမှုကလည်း ပိုပို၍ အားကောင်းလာ‌ခဲ့သည်။

ကုရှီချန်း ရေချိုးပြီး ထွက်လာသည့်အချိန်တွင် ယဲ့ယီသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။

ကုရှီချန်းသည် ကုစဲ့ဆီသို့ လျှောက်သွားပြီး အိပ်ရာပေါ်သို့ လှဲချလိုက်သည်။

ယဲ့ယီသည် ကုစဲ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်ကို မြင်လိုက်သောကြောင့် ကုရှီချန်း ယဲ့ယီ၏ လက်ကို ဖယ်လိုက်သည်။ ကုစဲ့သည် ယဲ့ယီ နိုးလာမည်ကို စိုးရိမ်သည့်အကြည့်နှင့် ကြည့်လိုက်သည်။ ယဲ့ယီ ကတော့ နိုးထလာနိုင်သည့် ပုံမပေါ်ချေ။

ကုရှီချန်း ကုစဲ့၏ အပြုအမူကို စောင့်ကြည့်ပြီး မေးလိုက်သည်။

“သား အခု သူ့ကို သဘောကျနေပြီလား”

ကုစဲ့ ခေါင်းညိတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

“သူ မကြာသေးခင်က အများကြီး ပြောင်းလဲသွားတယ်။ ဒါပေမဲ့ အခုတော့ အတော်လေး အဆင်ပြေနေပြီ”

ကုရှီချန်း သက်ပြင်းချလိုက်သည်။

“သားလည်း သူအပြောင်းအလဲကို သတိထားမိတယ် ဟုတ်လား”

ကုစဲ့က တိုးတိုးလေး ပြောလိုက်သည်။

“အဖေ၊ သား သူ အတွေးတွေကို ကြားနိုင်တယ်လို့ ထင်တယ်”

ကုရှီချန်းမှာ အံ့ဩသွားပြီး မေးလိုက်သည်။

“သားလည်း အဲဒါကို ကြားနိုင်တယ်ပေါ့ဟုတ်လား”

ဤအတိုင်းသာဆိုလျှင်ဖြင့် ယခု သူတို့ သားအဖနှစ်ယောက်စလုံး ယဲ့ယီ၏ အတွေးများကို ကြားနိုင်ပြီ ဖြစ်ရာ ယဲ့ယီကိုယ်တိုင်ရော ရိပ်မိလေသလော။

သူမ၏ အပြုအမူအရ သူမကိုယ်တိုင်လည်း သိပုံမပေါက်ချေ။ သို့သော် သူမအနေဖြင့် ဟန်ဆောင်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ကုရှီချန်းသည် ကုစဲ့ မျက်နှာလေးကို ထိကိုင်ကာ လေးနက်စွာ ပြောလိုက်သည်။

“သူ အများကြီး ပြောင်းလဲသွားပေမဲ့ အတိတ်က သူလုပ်ခဲ့တာတွေကို မမေ့နဲ့၊ ပြီးတော့ သူ့ကို လည်း အရမ်းကြီး မယုံကြည်နဲ့ ကြားလား”

ကုစဲ့သည် ယဲ့ယီကို တိတ်တဆိတ် ကြည့်လိုက်ပြီး ဘာစကားမှ ပြန်မပြောခဲ့ပေ။

ကုရှီချန်း မီးပိတ်လိုက်ပြီး နူးညံ့စွာပြောလိုက်သည်။

“အိပ်တော့”

သူ ဤသားလေးအတွက်သာလျှင် နူးညံ့သည့် အခြမ်းကို ပြသလေ့ရှိသည်။

…

ဤဘက်က မိသားစုသုံးယောက်သည် အလွန်နွေးထွေးပြီး ချစ်စရာကောင်းပုံပေါက်နေချိန်တွင် လန်ရွှယ်တို့ မိသားစုသုံးယောက်ကတော့ အခန်းတစ်ခန်းတည်းမှာ ရှိနေသော်လည်း သာယာသည့် အငွေ့အသက်မျိုး မရှိ‌ပေ။

ချန်ထျန်မင်း လန်ရွှယ်ကို ပါးရိုက်ချလိုက်သည်။

“ဒါက မင်းပြောခဲ့တဲ့ ကုရှီချန်းတို့မိသားစုကို ငါတို့အတွက် အရံဖြစ်အောင် လုပ်မယ်ဆိုတဲ့ အဓိပ္ပာယ်လား။ အွန်လိုင်းပေါ်မှာ လူတွေက ဟောင်ယုအကြောင်း အခုဘယ်လို ပြောနေကြတယ်ဆိုတာ မင်းသိလား။ ငါ့ရဲ့ကြိုးစားအားထုတ်မှုအားလုံး အလကား ဖြစ်ကုန်ပြီ”

လန်ရွှယ်သည် ချန်ထျန်မင်း ရိုက်လိုက်သည့် သူမ မျက်နှာတစ်ခြမ်းကို လက်ဖြင့် ဖုံးအုပ်ထားရင်း မခံချိမခံသာနှင့် ပြောလိုက်သည်။

“ဘာလို့ ဒီလိုဖြစ်သွားမှန်း ကျွန်မ မသိဘူး။ ယဲ့ယီနဲ့ သူ့သားက အရင်က အရမ်းဆက်ဆံရေးဆိုးခဲ့တာပဲ”

ချန်ထျန်မင်း ဒေါသတကြီး ပြောလိုက်သည်။

“မသိဘူး ဟုတ်လား။ ဒါဆို မင်းဘာသိလဲ။ ငါ ဒီညစ်ပတ်တဲ့ အစီအစဉ်တွေမှာ အစကတည်း က မပါခဲ့ရမှာ”

လန်ရွှယ်မှာ နောက်ထပ် မပြောရဲတော့ချေ။ သို့သော် ဤအစီအစဉ်ကို စျေးကွက်ဖြန့်ဖြူးရေးအတွက် အသုံးချရန် ချန်ထျန်မင်းကိုယ်တိုင် သူမကို ပြောခဲ့သည် မဟုတ်လော။

ချန်ထျန်မင်းမှာ ဤတစ်ခေါက်တွင် အလွန်ဒေါသထွက်နေ၏။ တခြားတစ်ယောက်၏ လက်ထဲတွင် ရှုံးခြင်းကို သူ လက်ခံနိုင်သော်လည်း သူ၏ ရန်သူတော် ကုရှီချန်းကို ရှုံးခဲ့သည့်အပေါ် သူ လုံးဝမှ လက်မခံနိုင်ပေ။ သူ၏ ဂုဏ်သိက္ခာမှာ ဟိုးအောက်ဆုံးထိ ကျသွားခဲ့ချေပြီ။

ချန်ဟောင်ယု လန်ရွှယ်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။

“မကောင်းတဲ့ မိန်းမကြီး။အားလုံး ခင်ဗျားအပြစ်ပဲ၊ အားလုံး ခင်ဗျားအပြစ်ပဲ။ အဘွားပြောတာ မှန်တယ်။ ခင်ဗျားက ကျုပ်ကို အန္တရာယ်ပေးချင်နေတာ။ ဒါမှ ခင်ဗျားက နောက်ကလေးတစ်ယောက် မွေးပြီး အဖေ့ရဲ့ မိသားစုစီးပွားရေးကို အမွေဆက်ခံနိုင်မှာ”

ချန်ဟောင်ယု၏ မိခင်ဘက်မှ အဘွားသည် သူ့သမီးသေဆုံးပြီးနောက် ချန်မိသားစုထဲသို့ လက်ထပ်ပြီးဝင်ရောက်လာသော လန်ရွှယ်ကို အမြဲတမ်း မုန်းတီးနေခဲ့သည်။

သို့သော် သူတို့မိသားစုသည် ချမ်းသာပြီး အာဏာရှိသည့်အပြင် ချန်ထျန်မင်းကလည်း သက်ကြီးရွယ်အို နှစ်ယောက်အပေါ်တွင် လေးစားမှု ရှိသောကြောင့် လန်ရွှယ်အနေဖြင့် သူမ၏ နာကြည်းချက်များကို မျိုသိပ်ရုံမျှသာ ရှိတော့သည်။

ချန်ဟောင်ယု၏ စကားကို ကြားပြီးနောက် ချန်ထျန်မင်းကလည်း လန်ရွှယ်ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။

လန်ရွှယ် ချက်ချင်းပင် မျက်ရည်လေး ကလည်ကလည်ဖြင့် ရှင်းပြရတော့သည်။

“ယောက်ျား ကျွန်မက ဟောင်ယုကို ကိုယ့်သားအရင်းလိုပဲ အမြဲဆက်ဆံခဲ့တယ်ဆိုတာ ရှင်သိပါတယ်။ ကျွန်မ သူ့ကို ဘယ်လိုလုပ်ပြီး အန္တရာယ်ပေးချင်မှာလဲ။ ပြီးတော့ ကျွန်မ နောက်ထပ် ကလေးမယူတော့ဘူးလို့လည်း ရှင့်ကို ကတိပေးခဲ့တယ်လေ”

လန်ရွှယ် ချန်ဟောင်ယုကို လည်ပင်းညှစ်သတ်ပစ်ချင်စိတ်ကလွဲ၍ ဘာမှမရှိချေ။ သူမသည် ချန်မိသားစုထဲသို့ လက်ထပ်ဝင်ရောက်လာသည်မှာ ကြာပြီဖြစ်သော်လည်း ချန်ဟောင်ယုကြောင့်သာ ချန်ထျန်မင်းသည် သူမကို ကိုယ်ဝန်မရအောင် တာားဆီးထားခဲ့သည်။ သူမတွင် ကိုယ်ပိုင်ကလေးမရှိပါက ချန်ထျန်မင်း ကွယ်လွန်သွားသည့်အခါ သူမအတွက် ဘာများကျန်နိုင်မည်နည်း။

လန်ရွှယ်၏ မျက်နှာအမူအရာကို မြင်တော့ ချန်ထျန်မင်း၏ ဒေါသတို့မှာ တစ်ဝက်လျော့ကျသွားသည်။ သူ လေသံကို ပျော့လိုက်ပြီး ပြန်ပြောလိုက်သည်။

“မင်း ဟောင်ယုကို ကောင်းကောင်းဆက်ဆံသရွေ့ သူကြီးပြင်းလာတဲ့အခါ မင်းကို ကောင်းကောင်း စောင့်ရှောက်လိမ့်မယ်။ မင်းက သူ့အရင်းအမေပဲ”

ချန်ဟောင်ယု အော်ဟစ်လိုက်သည်။

“သူက သားအမေအရင်း မဟုတ်ဘူး။ သားအမေအရင်းက သေသွားတာ ကြာလှပြီ”

ချန်ထျန်မင်း ချန်ဟောင်ယုကို ကြည့်ကာ ငေါက်ငမ်းလိုက်သည်။

“အန်တီလန်ရွှယ်ကို အမေအရင်းလိုပဲ ဆက်ဆံဖို့ မင်းကို ဘယ်နှစ်ခါပြောရမလဲ”

ချန်ဟောင်ယု နှာခေါင်းရှုံ့လိုက်ပြီး အိပ်ယာပေါ်သို့ တက်ကာ စောင် ခေါင်းမှီးခြုံလိုက်သည်။

ချန်ထျန်မင်း လန်ရွှယ်ကို ကြည့်လိုက်ရာ လန်ရွှယ်သည် ချက်ချင်းပင် အကြင်နာတရားရှိသော အမူအရာဖြင့် ပြန်ပြောလိုက်သည်။

“ဟောင်ယုက ငယ်ပါသေးတယ်၊ နောင်တစ်ချိန်ကျရင် သူသေချာပေါက် နားလည်လာမှာပါ။ ယောကျ်ားစိတ်မပူပါနဲ့၊ ကျွန်မ သူ့ကို ကောင်းကောင်းဆက်ဆံပါ့မယ်”

ချန်ထျန်မင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

လန်ရွှယ်သည် စိတ်ထဲတွင် လှောင်ရယ်လိုက်သည်။

ချန်ဟောင်ယုကို ကိုယ့်သားအရင်းလို ဆက်ဆံရမယ်တဲ့လား။

သူမ သူ့ကို ကိုယ့်သားအရင်းလို ဆက်ဆံရင်တောင်မှ ချန်ဟောင်ယုသည် သူမကို ကိုယ့်အမေအရင်းတစ်ယောက်လို ဆက်ဆံမည် မဟုတ်ပေ။

ထို့အပြင် ချန်ဟောင်ယု၏ မိခင်ဘက်မှ အဘိုးအဘွားများ ရှိနေသရွေ့ ချန်ဟောင်ယု သူမကို အနာဂတ်မှာ သစ္စာရှိလိမ့်မည် မဟုတ်ပေ။

ခြေကုပ်ရရန်အတွက် သားတစ်ယောက်တော့ လိုအပ်သည်။

သို့သော် ဤကိစ္စကို သေချာစဉ်းစားဖို့ လိုပေသည်။ အဘယ်ကြောင့်ဆိုသော် ချန်ထျန်မင်းသည် သူ့သားကို အရမ်းဂရုစိုက်လွန်း၏။

လန်ရွှယ်၏ ဖောင်းအစ်နေသည့် မျက်နှာကိုကြည့်ပြီး ချန်ထျန်မင်း စိတ်မကောင်းဖြစ်ကာ ပြန်ပြောလိုက်သည်။

“ငါ မင်းအတွက် ရေခဲအိတ်နှစ်အိတ် သွားယူပေးမယ်။ မကပ်ရင် မနက်ဖြန် ဓာတ်ပုံဆရာက မင်းကို ဓာတ်ပုံရိုက်တဲ့အခါ မကောင်းဘူး။ ခုနက ငါ အရမ်းအလျင်စလိုလုပ်မိသွားတယ်။ စိတ်မဆိုးပါနဲ့”

လန်ရွှယ် ပြုံးဟန်ဆောင်ကာ နားလည်ပေးတတ်သည့် အမူအရာဖြင့် ပြန်ပြောလိုက်၏။

”ရပါတယ်၊ အဲဒီလို မဖြစ်ပါဘူး”

အခန်း(၂၀)

ရုပ်ရုပ်ထဲမှ လူယုတ်မာ ဧကရာဇ်

နောက်တစ်နေ့မနက်် အိပ်ရာထပြီး သိပ်မကြာခင်မှာပင် ယဲ့ယီ ရိုက်ကူးရေးအဖွဲ့မှ ချမှတ်သည့် တာဝန်တစ်ခုကို လက်ခံရရှိခဲ့သည်။

ထိုတာဝန်သည် မိသားစုလေးစု အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သည်။

ယဲ့ယီတို့မိသားစုနှင့် လန်ရွှယ်တို့ မိသားစုအပြင် ကျန်သော မိသားစုနှစ်စုမှာ သရုပ်ဆောင် သွမ့်ဟွေကျိုး၊ သူ့၏ဇနီး နန်ချင်ဝမ်၊ သူတို့ သမီးလေး သွမ့်ကျားကျား တို့မိသားစု နှင့် နာမည်ကျော်အဆိုတော် မန်ရှင်းနှင့် သူမ၏ သမီး မန်ဇီတုံတို့ပင် ဖြစ်သည်။ သို့သော် မန်ဇီတုံ၏ ဖခင်ဖြစ်သူမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကားမတော်တဆမှုတစ်ခုနှင့် ဆုံးပါးသွားခဲ့ပြီး ဖြစ်သည်။

မနက်စာစားပြီးနောက် သူတို့အားလုံး အစီအစဉ်အဖွဲ့၏ ကားနှင့်အတူ သတ်မှတ်ထားသည့် နေရာသို့ ထွက်ခွာလာခဲ့ကြသည်။

ယဲ့ယီတို့ အုပ်စုရောက်လာသည့် အချိန်တွင် မိသားစုနှစ်စုက နေရာတွင် ကြိုတင်ရောက်ရှိနေကြ၏။

တစ်စုက သူတို့၏ပြိုင်ဘက်အစစ် ဖြစ်သည့် လန်ရွှယ်တို့ မိသားစုဖြစ်ပြီး နောက်တစ်စုကတော့ ဆွဲဆောင်မှုရှိသော အလှမယ်တစ်ယောက်နှင့်အလှလေးတစ်ယောက် ဖြစ်သော မန်ရှင်းနှင့် သူမ သမီး မန်ဇီတုံပင် ဖြစ်သည်။

မန်ဇီတုံသည် အလွန်လှပ၏။ မွေးကတည်းကစ မန်ရှင်းသည် သူ့မ၏ ဓာတ်ပုံတို့ကို အင်တာနက်ပေါ်တွင် တင်လေ့ရှိသောကြောင့် ပရိသတ်အများအပြား ရရှိထားသည်။

မန်ဇီတုံကို အင်တာနက် အသုံးပြုသူများက ကိုယ်တိုင်ပျိုးထောင်ထားသော သမီးလေးပမာ သဘောထားကြပြီး သူမတို့မိသားစုကလည်း လူကြိုက်များသည်။

ခပ်တိုတို နှုတ်ဆက်စကားပြောဆိုပြီးသည့်နောက် အားလုံးထိုင်လိုက်ကျပြီး နောက်ဆုံးမိသားစုကို စောင့်ဆိုင်းနေကြသည်။

ယဲ့ယီသည် သူမကိုယ်သူမ ထင်ယောင်ထင်မှား ဖြစ်မိသည်ဟု သံသယဖြစ်နေမိသော်လည်း လန်ရွယ် ညာဘက်ပါးသည် အနည်းငယ် ဖူးရောင်နေသည် ဟု သူမ ခံစားရသည်။

ဆယ်မိနစ်လောက် ကြာမြင့်ပြီးနောက်တွင် နောက်ဆုံးမိသားစုလည်း ရောက်ရှိလာခဲ့သည်။

သရုပ်ဆောင် သွမ့်ဟွေကျိုက ရှေ့ကနေ လမ်းပြဦးဆောင်လာကာ သူ့ဇနီး နန်ချင်ဝမ်နှင့် သမီးဖြစ်သူ သွမ့်ကျားကျားတို့က နောက်ကနေ အနည်းငယ်ခွာပြီး လိုက်လာကြ၏။

တခြားအမျိုးသမီးဧည့်သည်တွေနှင့် ယှဉ်လျှင် နန်ချင်ဝမ်သည် အနည်းငယ် ဝပြီး သူမ သမီး သွမ့်ကျားကျားလည်း ဝဖြိုးဖြိုး‌လေးဖြင့် ချစ်စရာကောင်းနေသည်။

သွမ့်ဟွေကျိုတို့ မိသားစုကလည်း အတော်လေး အာရုံစိုက်ခံရသည်။ ဤသည်မှာ တစ်စိတ်တစ်ပိုင်းအားဖြင့် သွမ့်ဟွေ့ကျို၏ ဩဇာလွှမ်းမိုးမှုကြောင့် ဖြစ်ပြီး နောက်တစ်ချက်ကတော့ မကြာသေးခင်က သူ့ဇနီး နန်ချင်ဝမ်သည် ဆိုရှယ်မီဒီယာပေါ် တွင် ခေတ်စားလာသောကြောင့် ဖြစ်သည်။

သို့သော် ခေတ်စားနေသည့် အကြောင်းအရာမှာ အကောင်းကြီးမဟုတ်ပေ။ အဓိကအားဖြင့် ညစာစားပြီးနောက် နန်ချင်ဝမ်သည် ကျန်သည့်အစားအစာများကို အိမ်ပြန်ယူသွားသည့် အချက်ကို ဝေဖန်နေကြခြင်းပင် ဖြစ်သည်။

ဤဖြစ်ရပ်သည် သွမ့်ဟွေကျိုတို့မိသားစု ဟော့ပေါ့သွားစားရာတွင် တိုက်ရိုက် ထုတ်လွှင့်မှုမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တုန်းက နန်ချင်ဝမ်သည် စားပွဲထိုးကို ကျန်သည့်အစားအစာများကို ထုပ်ပိုးပေးရန် တောင်းဆိုကာ အိမ်ပြန်ယူသွားခဲ့သည်။

သွမ့်ဟွေကျို၏ပရိသတ်များက ဤအပြုအမူကို လက်မခံနိုင်ကြဘဲ သွမ့်ဟွေကျိုအတွက် အရှက်ကွဲစေသည်ဟု ယူဆကာ နန်ချင်ဝမ်ကို တိုက်ခိုက်ဝေဖန်ကြပြီး ထိုအကြောင်းအရာကပင် သူမကို ခေတ်စားလာစေခဲ့သည်။

ရောက်ရောက်ချင်းမှာပင်် သွမ့်ဟွေကျို အားလုံးကို ချက်ချင်း ဦးညွှတ်တောင်းပန်လိုက်သည်။

“အားလုံးကို စောင့်စေခဲ့မိလို့ တောင်းပန်ပါတယ်၊ ကျွန်တော့်မိန်းမက အိမ်ကမထွက်ခင်မှာ မိတ်ကပ်လိမ်းနေလို့ပါဗျာ၊ ဒါပေမယ့် အားလုံးသိတဲ့အတိုင်း အမျိုးသမီးတွေက မိတ်ကပ်လိမ်းရင် နည်းနည်းပိုကြာတတ်တယ်လေ ဒါကြောင့် အားလုံးကို စောင့်စေခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်”

ဤစကားသည် အပေါ်ယံက ကြည့်လျှင် အန္တရာယ်ကင်းပုံရသော်လည်း သေချာလေ့လာကြည့်ပါက ၊ မကျေနပ်သည့် အရိပ်အယောင်များ ပါဝင်နေသည်။

ဇာတ်ညွှန်းကိုင်ထားသူ တစ်ယောက် အနေနှင့် ယဲ့ယီသည် နန်ချင်ဝမ်၏ မိတ်ကပ်လိမ်းခြယ်မှုကြောင့် ကြာမြင့်သွားသည် ဟူသော ဇာတ်လမ်းသည် သွမ့်ဟွေကျို တစ်ယောက် သူ သူငယ်ချင်းကောင်းလေးအပေါ် အမြီးဖြန့်ပြနေသော ဒေါင်းဖိုတစ်ကောင်၏ လုပ်ရပ်ဖြစ်မှန်း သူမ သိထားသည်။

‘ သူအပြစ်ကို သူ့မိန်းမဆီ လွှဲချဖို့တောင် ကြိုးစားလိုက်သေးတယ်။ ဒါဘယ်လောက်တောင် အဓိပ္ပာယ် မဲ့လိုက်သလဲ’

နန်ချင်ဝမ်သည် ပြန်လည် မချေပတော့ဘဲ ခေါင်းငုံ့နေလိုက်၏။ ဤကဲ့သို့ အပြစ်လွှဲခံရသည့် အဖြစ်က တစ်ကြိမ်၊ နှစ်ကြိမ်သာလျှင် ဖြစ်ခဲ့ခြင်း မဟုတ်သည်မှာ ထင်ရှားသည်။

တခြားဧည့်သည်များက ဘာမှမပြောဆိုကြသော်လည်း တိတ်တဆိတ် မကျေမနပ်ဖြစ်နေသူတော့ ရှိကောင်းရှိနိုင်သည်။

မှတ်ချက်ကဏ္ဍတွင် သွမ့်ဟွေကျို၏ ပရိသတ်များက နန်ချင်ဝမ်အပေါ် ရန်လိုမုန်းတီးမှုတို့နှင့်ပြည့်နှက်နေခဲ့သည်။

[ပြောစရာစကားတောင်မရှိတော့ဘူး။ ဒီမိန်းမ ငါ့အစ်ကို ကို ဆွဲချနေတာကို ရပ်လို့ရမလား]

[အရင်က ညစာစားပြီး ကျန်တဲ့ဟင်းတွေ အိမ်ပြန်ယူတဲ့ကိစ္စကတည်းက ငါ့အစ်ကို့ကို အရှက်ကွဲစေခဲ့ပြီးပြီ။ အခု ဒီနှေးကွေးပြီး အချိန်ဖြုန်းတဲ့အပြုအမူက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ]

[သူလို ဝတဲ့မိန်းမအတွက် မိတ်ကပ်လိမ်းတာ ဘာအဓိပ္ပာယ်ရှိမှာ မလို့လဲ။ဘယ်လောက်ပဲ မိတ်ကပ်လိမ်းလိမ်း ရုပ်ဆိုးနေဦးမှာပဲ။ ဝိတ်ပဲချသင့်တယ်]

[ငါ့အစ်ကိုက ဒီမိန်းမကို ဘာလို့ကြိုက်မှန်း တကယ်နားမလည်ဘူး။ ယဲ့ယီလိုပဲ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းတယ်]

[အစ်ကို၊ ဒီလို ဝပြီး အလုပ်မလုပ်တဲ့ မိန်းမနဲ့ တတ်နိုင်သမျှ မြန်မြန် ကွာရှင်းလိုက်တော့]

လန်ရွှယ်သည် အစပြုကာ သွမ့်ဟွေကျိုကို သွားနှုတ်ဆက်လိုက်သည်။

“ဟွေကျို၊ မတွေ့တာကြာပြီနော်”

သွမ့်ဟွေကျိုသည် လန်ရွှယ်ကို တွေ့လိုက်ရချိန်တွင် သိသိသာသာ စိတ်လှုပ်ရှားနေပြီး သူ့အသံသည် ရယ်သံများဖြင့် ပြည့်နှက်နေခဲ့သည်။

“မင်းနဲ့အတူ တီဗီအစီအစဉ်တစ်ခုမှာ ပြန်တူတူပါခွင့်ရတာ တိုက်ဆိုင်လိုက်တာနော်”

[အား...၊ အရင်တုန်းက ဖြစ်ခဲ့တဲ့ ကြေကွဲဖွယ်အချစ်ဇာတ်လမ်းထဲက ငါတို့ အချစ်ဦးစုံတွဲလေး ပြန်တွေ့ကြပြီ]

[ဝါး...၊ ငါ့အကြိုက်ဆုံးမင်းသားလေးနဲ့ ငါ့ရဲ့နတ်ဘုရားမက ဘာလို့ တစ်မိသားစုတည်းက မဟုတ်တာလဲ]

[သူတို့ ပထမဆုံးတွေ့တုန်းက ရွှယ်က အိမ်ထောင်မကျသေးဘူး၊ သူက အိမ်ထောင်ရှိပြီ။ နောက်တစ်ခေါက်ပြန်တွေ့တော့ နှစ်ယောက်လုံး အိမ်ထောင်ကျသွားပြီ။ ဝါး...]

[သူတို့တွေ ကွာရှင်းပြီး အတူတူနေလို့ မရဘူးလား။ ငါတကယ်ပဲ သူတို့က အလိုက်ဖက်ဆုံးလို့ ထင်တယ်]

[ဘာတွေ ကွာရှင်းဖို့ အကြံပေးနေတာလဲ။ မင်းတို့ ဒီအတွဲကို အရမ်းစွဲလမ်းနေတာလား။ သူတို့တွေမှာ အခု ကိုယ်ပိုင်မိသားစုတွေ ရှိနေပြီလေ]

[ဒါပေမဲ့ သူတို့နှစ်ယောက်က အလိုက်ဖက်ဆုံး‌လေ]

သွမ့်ဟွေကျိုနှင့် လန်ရွှယ်တို့ ယခင်က ရသစုံအစီအစဉ်တစ်ခုတွင် အတူတူ ပါဝင်ခဲ့ဖူးသည်။ ထိုစဉ်က လန်ရွှယ်သည် အိမ်ထောင်မကျသေးချေ။ သွမ့်ဟွေကျိုသည် ထိုအစီအစဉ်တွင် လန်ရွှယ်ကို ကောင်းကောင်းဂရုစိုက်ခဲ့ပြီး လူအများက သူတို့ကို စုံတွဲအဖြစ် သဘောထားခဲ့ကြသည်။

သို့သော် နောက်ပိုင်းတွင် သွမ့်ဟွေကျိုသည် အိမ်ထောင်ရှိပြီးသားဆိုသည့် သတင်းပေါက်ကြားလာသောအခါ စုံတွဲအဖြစ် သတ်မှတ်မှုက ထိုမျှဖြင့် ပြီးဆုံးသွားခဲ့၏။ သို့သော် သူတို့ကို ဆက်လက်တွဲပေးနေသည့် လူနည်းစုလေးတော့ ရှိနေသေးသည်။

သွမ့်ဟွေကျိုနှင့် လန်ရွှယ်တို့နှစ်ဦးစလုံးကလည်း သူတို့သည် သူငယ်ချင်းကောင်းအဆင့်သာ ရှိသည်ဟု လူသိရှင်ကြား ထုတ်ပြောထားကြ၏။

နန်ချင်ဝမ်၏ မျက်နှာထားသည် အနည်းငယ် စိတ်မကောင်း ဖြစ်သွားသော်လည်း သူမ သမီးဖြစ်သူ၏လက်ကို တိတ်တဆိတ် ဆုပ်ကိုင်ထားရုံသာ ရှိတော့သည်။

လန်ရွှယ်သည် နန်ချင်ဝမ်၏ မျက်နှာထားပြောင်းလဲမှုကို သတိမထားမိသလိုပင်။ သွမ့်ဟွေကျိုနှင့် သူမတို့ မကြာသေးခင်က ဘဝအကြောင်းတွေကို ဆက်လက် စကားစမြည်ပြောနေခဲ့ပြီး၊ ထိုပုံစံသည် သူတို့ မည်မျှရင်းနှီးသည်ကို ပြသနေသည်။

နောက်ဆုံးမှာတော့ ချန်ထျန်မင်း၏ မျက်မှောင်ကြုတ်မှုကြောင့်သာ သူတို့နှစ်ယောက် ရပ်လိုက်ကြတော့သည်။

ဘေးကနေ ကြည့်နေသည့် ယဲ့ယီမှာ လန်ရွှယ်ကို အားကျနေမိသည်။ သူမသည် တစ်စုံတစ်ယောက်နှင့် ဖောက်ပြန်နေသည် ဆိုသည့် သတင်းများ ပျံ့နေမှန်း သိလျက်နှင့်ပင် တဖက်လူ၏မိန်းမနှင့် ကိုယ်ပိုင်ယောက်ျားရှေ့မှာတောင် အကြာကြီး စကားစမြည်ပြောနိုင်သေး၏။

ယဲ့ယီ နန်ချင်ဝမ်ကို တစ်ချက်ကြည့်လိုက်ပြီး မူရင်းဝတ္ထုထဲက သူမ၏အဆုံးသတ်ကို တွေးမိလိုက်သည်။

မူရင်းဝတ္ထုထဲတွင် ဖော်ပြထားသည့်အတိုင်း သွမ့်ဟွေကျိုနှင့် နန်ချင်ဝမ်တို့သည် ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။ သွမ့်ဟွေကျို ဖျော်ဖြေရေးလောကထဲသို့ ဝင်ရောက်လာပြီးနောက် နန်ချင်ဝမ်သည် သူ၏ မန်နေဂျာဖြစ်လာခဲ့၏။

သို့သော် အစပိုင်းတွင် သွမ့်ဟွေကျိုသည် အလုပ်တစ်ခုမှ မရှိခဲ့ပေ။ သူ့အတွက် အခွင့်အရေးများ ရယူရန် နန်ချင်ဝမ်သည် ရင်းနှီးမြှုပ်နှံသူများနှင့် နေ့တိုင်း အရက်သောက်ခဲ့ရပြီး အစာအိမ်သွေးယိုစီးသည့် အထိ ဖြစ်ခဲ့ရသည်။ နောက်ဆုံးမှာတော့ သူမ သွမ့်ဟွေကျိုကို တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်ပေးနိုင်ခဲ့၏။

သွမ့်ဟွေကျို နည်းနည်းနာမည်ရလာချိန်တွင် သူတို့နှစ်ယောက်သည် တိတ်တဆိတ် လက်ထပ်ခဲ့ကြသည်။ အိမ်ထောင်ရေးကို သတင်းထောက်များက ဖော်ထုတ်လိုက်သည့် အချိန်မှသာ ထုတ်ပြောပြခဲ့သည်။

ထိုအချိန်တုန်းက နန်ချင်ဝမ်သည် ပရိသတ်တွေ၏ ပြင်းထန်စွာ ဝေဖန်ခြင်းကို ခံခဲ့ရသော်လည်း သွမ့်ဟွေကျိုက သူမဘက်မှ တုံ့ဆိုင်းမနေဘဲ ရပ်တည်ပေးခဲ့သည်။ ထိုခေတ်ကာလတွင် သွမ့်ဟွေ့ကျိုးသည် ဖျော်ဖြေရေးလောက၏ ရာစုနှစ်တစ်ခုလုံးအတွက် အချစ်ကြီးသူ တစ်ဉီးအဖြစ် ချီးကျူးခြင်း ခံခဲ့ရသည်။

သူတို့ အချစ်ဇာတ်လမ်းအစသည် တကယ်ကို လှပခဲ့၏။ နောက်ပိုင်းတွင် နန်ချင်ဝမ်သည် မိသားစုဆီ ပြန်သွားခဲ့ပြီး သူတို့နှစ်ယောက်အတူတူ သမီးလေးတစ်ယောက် ထွန်းကားခဲ့သည်။ သို့သော် ကလေးမွေးဖွားပြီးနောက် နန်ချင်ဝမ်၏ ခန္ဓာကိုယ်ပုံစံသည် ပြောင်းလဲလာခဲ့သည်။

အစပိုင်းတွင် သွမ့်ဟွေကျို သူမကို နှစ်သိမ့်အားပေးနေခဲ့သော်လည်း ဖျော်ဖြေရေးလောကထဲမှ ပိန်လှီသွယ်လျသည့် အမျိုးသမီးကြယ်ပွင့်တို့ကို အများအပြားကို မြင်တွေ့ရပြီးနောက် သွမ့်ဟွေကျိုသည် နန်ချင်ဝမ်ကို အနည်းငယ် မုန်းတီးလာခဲ့သည်။

သို့သော် သွမ့်ဟွေကျိုကို ကွာရှင်းဖို့ စဉ်းစားမိစေခဲ့သည်မှာ လန်ရွှယ်နှင့်အတူ ပါဝင်ခဲ့သည့် ရသစုံအစီအစဉ်ကြောင့်သာ ဖြစ်သည်။ လန်ရွှယ်၏ ဆွဲဆောင်မှုရှိသည့် ခန္ဓာကိုယ်အချိုးအစားနှင့် လှပသည့် မျက်နှာကို သူ မတွန်းလှန်နိုင်ခဲ့‌ချေ။

ထိုရသစုံအစီအစဉ် ပြီးဆုံးပြီးနောက် သွမ့်ဟွေကျိုသည် နန်ချင်ဝမ်ကို ကွာရှင်းရန် ချက်ချင်း တောင်းဆိုခဲ့သော်လည်း နန်ချင်ဝမ် လုံးဝသဘောမတူခဲ့ပေ။ ကွာရှင်းမှုနှင့် သူ အလုပ်ရှုပ်နေစဉ်မှာပင် လန်ရွှယ်က ချန်ထျန်မင်းနှင့် ရုတ်တရက် လက်ထပ်သွားခဲ့သည်။

သွမ့်ဟွေကျိုသည် သူ လန်ရွှယ်ကို လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းမှာ နန်ချင်ဝမ်၏ အပြစ်ဟု ယုံကြည်ခဲ့ပြီး နန်ချင်ဝမ်အပေါ် သူ့သဘောထားသည် သိသိသာသာ ဆိုးရွားသွားခဲ့သည်။

မူရင်းဝတ္ထုထဲတွင် သွမ့်ဟွေကျိုသည် ဤအစီအစဉ်တွင် နန်ချင်ဝမ်ကို အသရေဖျက်ခဲ့ပြီး နောက်ဆုံး လူထုအမြင်ကို အသုံးချကာ သူမကို ကွာရှင်းရန် သဘောတူခိုင်းခဲ့သည်။ သို့သော် နန်ချင်ဝမ်သည် သွမ့်ဟွေကျိုပရိသတ်များ၏ ဆိုက်ဘာအနိုင်ကျင့်မှုကို ခံခဲ့ရပြီး စိတ်ဓာတ်ကျဝေဒနာကို ခံစားခဲ့ရ၏။

သွမ့်ဟွေကျိုကတော့ လန်ရွှယ်ကို တိတ်တဆိတ် ကာကွယ်ပေးမည့် သစ္စာရှိသော ဒုတိယအမျိုးသားဇာတ်ကောင် ဖြစ်လာခဲ့သည်။

လက်တွေ့ဘဝထဲတွင် ကျေးဇူးကန်းတတ်သူ၏ ဇာတ်လမ်းဟု ပြောလို့ရနိုင်သည်။ နန်ချင်ဝမ် နှင့် ယဲ့ယီတို့သည် လန်ရွှယ်ကို ပေါ်လွင်ထင်ရှားစေဖို့အတွက် တည်ရှိခဲ့ရသော ဇာတ်ကောင်သက်သက်သာ ဖြစ်‌တော့သည်။

All Chapters