အခန်း (၃-၄)
Vol. 1 Ch. 3-4
အပိုင်း(၃)
စွမ်းအားရှင် ကုစဲ့
[အား.. ချစ်စရာလေး။ သမင် မျက်လုံးဝိုင်းဝိုင်းလေးတွေ နဲ့၊ ယဲ့ယီ ဘယ်လိုစိတ်နဲ့များဒီကလေးကို လုပ်ရက်ရတာလဲ]
ယဲ့ယီ သည် ကုစဲ့၏ ချစ်စဖွယ် ပုံစံလေးကို နှစ်သက်သွားလေသည်။ ကလေးလေးက အတော်လေး ချစ်ဖို့ကောင်းသည်။
‘ဒီမိန်းမကြီး စကားတွေပြောနေပြန်ပြီ’
ကုစဲ့ မျက်လုံးများ ပြူးသွားသည်။
‘မဟုတ်ဘူး။ သူ့ပါးစပ်ကလှုပ်မှမလှုပ်ဘဲ။ ပြီးတော့ ယဲ့ယီဟရောဟုတ်ရဲ့လား’
‘ယဲ့ယီ ဘယ်လိုစိတ်နဲ့များ လုပ်ရက်တယ် ဆိုတာကရော ဘာကိုပြောချင်တာလဲ’
[ငါ ဘာလုပ်ရမလဲ သမင်ပေါက်လေး ငါ့ကိုခုချိန်ထိစိုက်ကြည့်နေတယ်၊ ငါ့သူ့ပါးလေးကို ဖဲ့လိုက်ရင်ကောင်းမလား]
ယဲ့ယီလက်များ အငြိမ်မနေနိုင်တော့ပေ။ ကုစဲ့လေး မတုံ့ပြန်နိုင်ခင်ပင် ယဲ့ယီက သူ့ပါးလေးကို ဖဲ့လိုက်သည်။
“မမလေး” ကလေးထိန်း အစ်မလင်းက စိုးရိမ်တကြီးပြေးလာ၏။
သို့သော် ယဲ့ယီသည် ကုစဲ့ ပါးလေးကိုသာ ကိုင်လိုက်သည်ကို မြင်လိုက်သောကြောင့် အနည်းငယ် အနေရခက်သွားသည်။
ယဲ့ယီ သည် သူ့ကိုယ်သူ ယုံ ကြည်ဖို့ မထိုက်တန်မှန်း သိသော်လည်း အားပါးတရ ပြုံးပြလိုက်သည်။”အစ်မလင်း ကျွန်မ ဘယ်လောက်ရူးသွပ်နေပါစေ ဒီရှိုးနဲ့ နာမည်ပြန်ရဖို့လုပ်နေချိန်မှာ မသင့်လျော်တဲ့ ကိစ္စတွေကို လုပ်မှာ မဟုတ်ပါဘူး”
ယဲ့ယီ ရုတ်တရက်ကြီး ကောင်းပြလာခြင်းထက်စာလျှင် ရှိုးအတွက် ဟန်ပြလုပ်နေခြင်းက ပို၍ ယုံချင်စရာ ကောင်းသည်။ ၎င်းက ယဲ့ယီ၏စရိုက်နှင့်လည်း ပို၍ ကိုက်ညီ၏။
ထင်သည့်အတိုင်းပင် သူမ ထိုသို့ပြောဆိုလိုက်သောကြောင့် အပြစ်ဒဏ် မသက်ရောက်ခဲ့ပေ။ ကလေးထိန်း အစ်မလင်းသည် ကြောင်တောင်တောင်နှင့် တစ်ခုခုပြန်ပြောလိုက်ကာ ဘေးဖယ်ပေးလိုက်သည်။
ယဲ့ယီသည် သူမ၏နာရီကို တစ်ချက်ကြည့်လိုက်သည်။ “ထုတ်လုပ်ရေးအဖွဲ့က ဆယ်မိနစ်စောပြီး ရောက်လိမ့်မယ်။ အစ်မလင်း အခန်းထဲသွားအနားယူလိုက်အုံး။ ကျွန်မ ကြည့်လုပ်လိုက်မယ်"
“အဲ့လိုက… “ အိမ်ထိန်းအစ်မလင်းသည် ကုစဲ့လေးကို စိုးရိမ်စွာ ကြည့်လိုက်၏။
“ဘာလဲ ကျွန်မကို အဲ့ဒီလောက်ကြောက်နေတာလား” ယဲ့ယီသည် မူရင်းဇာတ်ကောင်၏ အမူအရာကို တုပရင်း မျက်ခုံးတစ်ဖက်ပင့်လိုက်ကာ ကုစဲ့ကို စောင်းကြည့်လိုက်သည်။"မင်းကောင်းကောင်း မပူးပေါင်းရင် မင်းအဖေနဲ့ ငါ ကွာရှင်းတော့မှာ မဟုတ်ဘူး၊ မင်းအမေအဖြစ် ဆက်နေမယ်။ ဒါဆို မင်းကို မျက်ရည်တွေ ကုန်တဲ့အထိ ငိုသွားအောင် ရိုက်နေမှာပဲ”
သို့သော် ကုစဲ့ ၏ နားထဲတွင် တခြားသောအသံ တစ်ခုက ထွက်ပေါ်လာသည်။
[ အား ငါ့ရဲ့ကတ်စေးနဲ ယောကျာ်းက အမြင်မရှိပေမဲ့ သူ့သားလေးကတော့ ချစ်စရာလေး။ငါတို့ ကွာရှင်းပြီးရင် ဒီကလေးလေးကို ငါရရင်ကောင်း မှာပဲ]
ကုစဲ့ ပါးလေးဖောင်းပြီး ယဲ့ယီကို စိုက်ကြည့်လိုက်မိသည်။
အကြိမ်ပေါင်း များစွာ သူ ထိုထူးခြားသည့် အသံကိုကြားနေရ၏။ ထို မိန်းမကြီး စကားမပြောသော်ငြား သူမဖြစ်ကြောင်း သူသေချာ သိပါ၏။
‘ဖြစ်နိုင်ပါ့မလား’
အကယ်၍ သူက ယဲ့ယီ၏ စစ်မှန်သည့် အတွင်းစိတ်ကူးများကို ကြားနေရသည်ဆိုလျှင်ရော။
‘ တကယ်ပဲ သူ့ကိုချစ်စရာကောင်းတယ်လို့ မြင်ပြီး သားအဖြစ်ရှိစေချင်တာလား’
ကုစဲ့ ယုံရ ခက်သွားသည်။
‘ဒီမိန်းမကြီး မှော်အတတ်တွေ သုံးနေတာ ဖြစ်ရမယ်။ စောင့်ကြည့်လိုက်ပါဦးမယ်’
သူသည် ယခင် ကကုစဲ့ မဟုတ်တော့သည့် အကြောင်း ထိုမိန်းမကြီးကို သိအောင်လုပ်တော့မည်။
‘ငါက စွမ်းအားရှင်ပဲ။ စွမ်းအားရှင်က ဘယ်သူမှ မကြောက်ဘူးကွ’
ဤအကြိမ်၌ သူသည် နောက်ဆုံးအထိ ရဲရဲဝံ့ဝံ့ ရပ်တည်ပြီး အဖေကို နတ်ဆိုးယဲ့ယီ၏ အမှောင်ထုကြီးကနေ ထွက်နိုင်အောင် ကူညီမည်။
“အန်တီလင်း သားကိုယ့်ဘာသာလုပ်နိုင်ပါတယ်” ကုစဲ့သည် မယိမ်းမယိုင်သည့် စိတ်အစဉ်ဖြင့် ပြောသည်။
၎င်းကိုမြင်သော် ကလေးထိန်းလင်းသည် စိုးရိမ်တကြီးနှင့် ထွက်သွားတော့၏။
‘ကင်မရာတွေ အများကြီးနဲ့ ထုတ်လုပ်ရေးအဖွဲ့လည်း မကြာခင် ရောက်တော့မှာဆိုတော့ ဒီမိန်းမ ဘယ်လောက်ပဲ ရူးနေပါစေ၊ ဘာမှ မလုပ်နိုင်လောက်ပါဘူး။ ပြီးတော့ သူလည်း အနားမှာ ရှိနေမှာပဲ၊ အသံတစ်ခုခုကြားတာနဲ့ ပြေးလာလိုက်လို့ရတာပဲ’
ကုစဲ့ကို ယခုလိုမြင်လိုက်ရ၍ ယဲ့ယီ အံ့ဩသွားသည်။
ဤကလေး၏ သေခြင်းတရားကို ရင်ဆိုင်တော့မည့်အလား ဖြစ်နေသည့်အမူအရာက သူ့ကို ပိုချစ်စရာကောင်းအောင် လုပ်နေ၏။
ယဲ့ယီသည် မနေနိုင်တော့ပဲ နောက်တစ်ခါပါးကို ဆွဲညှစ်လိုက်သည်။”မင်းက နားလည်သားပဲ”
[အား.. ခုချိန် ထိသူ့ရဲ့ ကလေးအသားလေးက နည်းနည်းလေးရယ် နောက်ဆိုပိုစားခိုင်းရမယ်]
ကုစဲ့သည် စိတ်တိုတိုနှင့် သူမ၏ လက်ကို ဖယ်ချလိုက်သည်။ “သားပါးကို လာမကိုင်နဲ့”
သို့သော် ယဲ့ယီသည် သူ့ပါးလေးကို အကြိမ်ပေါင်းများစွာ ညှစ်ပြီးတော့ သူအစားနည်းတာကိုပင် ဝေဖန်လိုက်သေးသည်။
‘ယဲ့ယီက လူဆိုးပဲ’
“အေးပါ” ယဲ့ယီသည် အားရ၍ သူမလက်ကိုဖယ်လိုက်သည်။ “သား ကုဗတုံးအကြောင်း ပြောကြရအောင်”
ကုစဲ့က စကားမပြောချင်သည့် ပုံစံနှင့် ပါးစပ်ကို ပိတ်ထားလိုက်၏။
ယဲ့ယီသည် ခပ်သဲ့သဲ့ရယ်လိုက်သည်။”မပြောချင်ရင် မပြောနဲ့။ ဒါဆိုရင် မင်းမျက်နှာနဲ့ ဆက်ကစားမှာနော်”
သူမ ချက်ချင်းပဲ သူမ၏ လက်ဆိုးကြီးများ ကို ဆန့်ထုတ်လိုက်၏။
ကုစဲ့၏ အေးစက်သည့် မျက်နှာလေးပေါ်တွင် ကြောက်ရွံ့မှုများ တရိပ်ရိပ် ပေါ်လာပြီး မေးလိုက်သည်။"ဘာအကြောင်း ပြောချင်တာလဲ"
ယဲ့ယီ သည် နောင်တာရသလိုနှင့် သူမလက်တွေကိုပြန်ချလိုက်သည်။ “(၈)ဖက်ပါတဲ့ ရူဘစ်ကုဗတုံးက အတော်ခက်တယ်၊ လူကြီးအများစုတောင် မဖြေရှင်းနိုင်ဘူး။ မင်းက သရုပ်ဆောင်နေတာပါ၊ တကယ် မတတ်ဘူးမဟုတ်လား”
ကုစဲ့က လည်း မခံချင်သည့်ပုံစံနှင့် မေးကော့ပြီး ပြန်ဖြေလိုက်သည်။ “ခက်တာကဟုတ်တယ်။ ဒါပေမဲ့ သားအတွက်တော့ အဲ့လောက် မခက်ဘူး"
“မယုံ ဘူး” ယဲ့ယီက မျက်ခုံး ပင့်ပြလိုက်သည်။ "ဒီလောက်ခက်တဲ့ ကုဗတုံးကို မင်း တကယ်ဖြေရှင်းနိုင်လား။ အဲ့လောက်တော်တယ်ဆိုရင် ငါ့ကို ဖြေရှင်းပြလေ”
ကုစဲ့သည် အစတွင် ဒေါသထွက်သွားသည်။
တစ်ခဏ အကြာတွင် ယဲ့ယီ၏ အတွင်းစိတ်ကို ပြန်ကြားလာရသည်။
[ငါ့သားလေးက တော်ပြီးသား။ ပြဿနာမရှိဘူးဆိုတာ သေချာတယ်။ အဓိကက ဆယ်မိနစ်က နည်းနည်းကြာတယ်၊ ဒါကြောင့် သူနဲ့တစ်ခုခု စကားပြောရမယ်]
ကုစဲ့ ကြက်သေသေသွား၏။
သူ နေရထိုင်ရ အဆင်မပြေ၍ ပြန်ပြင်ထိုင်လိုက်သည်။
လွန်ခဲ့သော သုံးနှစ်က ထိုမိန်းမ၏ ရူးသွပ်နေသည့်ပုံစံသည် သူ့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း ရှိနေသေး၏။ သူမက သူ့နှာခေါင်းကို လက်ညှိုးထိုးပြီး သူလိုကောင်ဟာ သူ့သားဖြစ်ဖို့ မထိုက်တန်ဟု ဆူပူကြိမ်းမောင်းခဲ့သည်။
ဤသုံးနှစ်အတွင်း သူတို့ အတူမနေခဲ့ပေ။ သူမဟာ အပြင်လောကတွင် နာမည်ဆိုးရနေသည်ဟုပဲ ကြားသိထား၏။
‘ဒါပေမဲ့ အခုဒီမိန်းမက ငါ့ကို သူ့သား လို့ပြောလိုက်တာလား’
ကုစဲ့ ပါးစပ်အဟောင်းသားကလေး ဖြစ်သွားသည်။
“ဘာလို့ မစသေးတာလဲ၊ ဒါဆို မင်း တကယ် မတတ်ဘူးပေါ့" ယဲ့ယီ သရော်လိုက်၏။
ကုစဲ့သည် ယဲ့ယီ ကို တစ်ချက်ကြည့်လိုက်ပြီး ကုဗတုံးကို ပေးလိုက်သည်။
“ခင်ဗျား ပုံစံကွက်ကို ဖျက်ဆီးလိုက်လေ၊ ပိုရှုပ်လေ ပိုကောင်းလေပဲ"
ယဲ့ယီသည် ကုစဲ့ကို ဝမ်းသာအားရကြည့်လိုက်သည်။
[သားလေး ငါ့ကို စကားစပြောတယ်]
ကုစဲ့ မျက်နှာလွှဲလိုက်သည်။
သူ ဤအမျိုးသမီး သဘောမနော ကောင်းလာသည်ဟု မထင်ပေ။ သူမ ပြောသည့်အတိုင်း လိုက်လုပ်ရင်း အချိန်ဖြုန်းနေလိုက်၏။
မျက်လုံးထဲတွင် အပြုံးပန်းတို့နှင့်ဝေဆာနေသည့် ယဲ့ယီသည် ကုဗတုံးကို မူလထက် ရှုပ်ထွေးသွားအောင်လျင်မြန်စွာ ရောနှောလိုက်ပြီး ကုစဲ့ဆီ ပြန်ပေးလိုက်သည်။
ကုစဲ့ သည် ခေါင်းမော့မကြည့်တော့ပဲ ကုဗတုံးကို ဖြေရှင်းတော့၏။
ပုံမှန်အားဖြင့် ကုစဲ့အတွက် ၈ x ၈ ကုဗတုံးကို ဖြေရှင်းရန် အများဆုံး (၇) မိနစ်သာကြာသည်။
သို့သော်
ယဲ့ယီ သူ့ဘေးတွင်ရှိနေသည့်အတွက် သူမ၏ စိတ်ထဲမှ စကားသံတွေ ကို မကြာခဏကြား နေရ၏။
[မြန်လိုက်တာ ငါ့သား သိပ်ချောတာပဲ]
[ဒါက ဒဏ္ဍာရီလာ ပါရမီရှင် လူငယ်ပဲ]
[မိုက်တယ်၊ မိုက်တယ်]
ကုစဲ့သည် ထိုချီးကျူးစကားများကို မကြားချင်သော်လည်း သူ့စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။
ပိုဆိုးသည် မှာ ယဲ့ယီသည် သူမပါးစပ်ကို လုံးဝ မဟထားသောကြောင့် သူမကို ပါးစပ်ပိတ်ခိုင်းရန် အခက်သားဖြစ်နေတော့၏။
ကုစဲ့သည် တိုက်ရိုက်ကြီး ချီးကျူးမခံရဖူးချေ။ ထို့ကြောင့် သူ့နားရွက်ထိပ်လေးများ ရဲသွေးနီလာတော့သည်။ဤချီးကျူး စကားများကြောင့် ကုစဲ့၏ အရှိန်သည် သိသိသာသာ နှောင့်နှေးသွားတော့၏။
ကုစဲ့ ဖြေရှင်းမပြီးခင် တံခါးခေါင်းလောင်းသံမြည်လာသည်။
“ထုတ်လုပ်ရေးအဖွဲ့ရောက်ပြီ၊ ငါတံခါးသွားဖွင့်လိုက်အုံးမယ်” ယဲ့ယီ သည် သူ့မနာရီကို တစ်ချက်ကြည့်လိုက်ကာ အမူအရာတို့က ရုတ်ခြည်းပင် အေးစက်သွားတော့သည်။
ယခင်ဘဝတုန်းက ယဲ့ယီသည် အဖွဲ့ နှင့် ချိန်းဆိုထားသည့်အချိန်မှာ တစ်နာရီကျော်ကြာမှပင်။
ထိုအချိန်တုန်းက မူလယဲ့ယီသည် ကုစဲ့နှင့် အကြီးအကျယ် ရန်ဖြစ်နေခဲ့ပြီး တဖြည်းဖြည်းနှင့် ပစ္စည်းများဖြင့် ပစ်ပေါက်လာကြသည်အထိပင်။
ထုတ်လုပ်ရေးအဖွဲ့သည် ကြမ်းပြင်ပေါ်မှ ပစ္စည်းများ ဖရိုဖရဲဖြစ်နေသည်ကို မှတ်တမ်းတင်ခဲ့ ပြီး သူတို့၏ သဘောထားကွဲလွဲမှုကို လူအများရှေ့မှာ အပြည့်အဝ ဖော်ထုတ်ခဲ့သည်။
ထိုအချိန်တုန်းက လန်ရွှယ်ဘက်တွင် သူ့မသားထွေးလေးက အိမ်စာလုပ်နေကာ လန်ရွှယ်က ဘေးမှ သိမ်မွေ့စွာ ရှင်းပြပေးနေပြီး အသီးအနှံများကိုလည်း ဂရုတစိုက်နှင့် ပြင်ဆင်ပေးထားသောကြောင့် ယဲ့ယီ၏ ဖရိုဖရဲဖြစ်မှုများနှင့် အတော်လေး သိသာထင်ရှားစွာ ကွဲပြားနေခဲ့သည်။
“ထုတ်လုပ်ရေး အဖွဲ့လား” ကုစဲ့ အနည်းငယ် ကြောက်ရွံ့သွား၏။
သူသည် ကင်မရာများရှေ့ တွင် ဘာလုပ်၍ဘာကိုင် ရမည်ကို မသိဖြစ်နေသည်။
ယဲ့ယီသည် သူ့ကို စိတ်သက်သာအောင် နှစ်သိမ့်လိုက်ပေးလိုက်၏။ “မင်း ကုဗတုံးနဲ့ ကစားနေလိုက် သူတို့ကမေးရင် နည်းနည်းပြန်ဖြေ ပေးလိုက်"
သူမ၏ နဂိုစရိုက် မပျောက်အောင် ယဲ့ယီက ထိန်းကာ ပြောသည်။ “ဘာပဲဖြစ်ဖြစ် မင်းကို ငါအားကိုးနေတာလဲမဟုတ်ဘူး”
[ဒီလောက်ဆို ရပြီလား]
ကုစဲ့ စိတ်လှုပ်ရှားသွားတော့၏။ ထို့နောက် ယဲ့ယီ၏ အသံသည် သူနားထဲတွင်ကြားလာရပြန်သည်။
[ငါ့သားက ချောလည်းချောတယ်။ ဉာဏ်ကလည်းကောင်းတယ်။ လန်ရွှယ်အိမ်က သူ့သားနဲ့ လာမယှဉ် နဲ့လို့ သွားပြောချင်လိုက်တာ]
ကုစဲ့ :
ကုစဲ့ ယဲ့ယီကို တအံ့တဩ ကြည့်လိုက်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် သူမသည် လန်ရွှယ်၏ သားထွေး ချန်ဟောင်ယုသည် ထက်မြက်ပြီး ဘက်စုံတော်သူဟု ပြောခဲ့သေးသည်မဟုတ်ပါလော။ အဘယ့်ကြောင့် ယခုလို အဓိပ္ပာယ်မရှိသည်များကို ပြောလာရသနည်း။
ကုစဲ့သည် လူကောင်းလေးဖြစ်သောကြောင့် ထိုစကားလုံးများကို ထုတ်မပြောသော်လည်း ယဲ့ယီက သူ့ကို ချီးကျူးနေကြောင်း သိပါသည်။ ထို့ကြောင့် သူ့နားရွက်ထိပ်ကလေးများသည် ပို၍ပင် နီရဲလာတော့၏။
အပိုင်း(၄) ဉာဏ်ကြီးရှင်ကောင်လေး
ယဲ့ယီ တံခါးကို အသက်မဲ့စွာ ဖွင့်လိုက်၏။
စာအုပ်ထဲတွင် ဖော်ပြခဲ့သည့်အတိုင်း ကင်မရာမြောက်မြားစွာသည် အထဲသို့ မျက်စိတစ်မှိတ်အတွင်း တိုးဝင်လာကြသည်။
အစီအစဉ်တင်ဆက်သူ၏ တက်ကြွသည့် အသံ ကလည်း တဖြည်းဖြည်း ကြားလိုက်ရ၏။
“ကြည့်ရှုသူ ပရိသတ်ကြီးတို့ မင်္ဂလာပါရှင့်၊ ဒါကတော့ (၂၄) နာရီ လက်တွေ့ဘဝ အစီအစဉ်ပဲ ဖြစ်ပါတယ်။ ခုကျွန်မတို့ မင်းသမီး ယဲ့ယီတို့ အိမ်ကို ရောက်ရှိနေပါပြီ”
[ယဲ့ယီ ဖျော်ဖြေရေးလောက ကနေထွက်လိုက်စမ်း။ ယဲ့ယီ နင် ဖျော်ဖြေရေးလောက ကနေထွက်လိုက်တော့]
[ ဒီမိန်းမ ဖျော်ဖြေရေး လောကထဲကဆက်နေနိုင်တာက ဒီထဲမှာရှိတဲ့ ငါတို့အားလုံးနဲ့ သက်ဆိုင်တယ် ဟုတ်ပြီလား]
[ သူ့ကိုယ်သူ ကြီးကြီးကျယ်ကျယ်နဲ့ကွာ ၊သူရဲ့ လက်ထောက်ကို ပါးရိုက်လိုက်နဲ့ ငါ့ရဲ့နတ်သမီးလေးကိုတောင်လက်နဲ့ရွယ်သေးတယ်။ ယဲ့ယီက ရှိုးတွေထဲမှာ ဘာလို့ ပါနေရသေးတာလဲ]
[ငါသူ့ကို ကြည့်ရမှာတောင် ရွံ့တယ် သိလား]
[ယဲ့ယီ အရင်ကတည်းက စီးပွါးပျက်သွားတာမဟုတ်ဘူးလား။ သူ နိုဗီးယား ကြီးကြီးတက် ချမ်းသာတဲ့ ကျောက်မီးသွေးသူဌေးနဲ့လက်ထက်လိုက်တယ်ဆို၊ သူ့အဖေအရွယ်လောက်ရှိတယ်တဲ့။ ပြီးတော့ဘီယာဗိုက်ကြီးနဲ့နေမှာ]
[ငါတို့ရဲ့ ရွှယ်လေးရဲ့ ခင်ပွန်းကတော့ ပြောစရာမရှိ ၊သူရဲ့ ဒုတိယ အိမ်ထောင်ဆိုပေမဲ့ ခုချိန်ထိ ချောတုန်း ပြီးတော့တိုက်ဖွန်း သန်းကြွယ် သူဌေးလေ]
[ကဲ အားလုံး သွားကြစို့။ ဒီလို ပေါက်ပန်းလေးဆယ် လျောက်ပြောမနေကြနဲ့၊ အားလုံးပဲ ယဲ့ယီ တိုက်ရိုက်အစီအစဉ် တင်ဆက်နေတဲ့ ရှိ သွားမယ်]
ယဲ့ယီ တိုက်ရိုက်တင်ဆက်မှုသည် တကယ့်အပြင်လောကနှင့်ပါ ချိတ်ဆက်ထားသောကြောင့် ယဲ့ယီကို တိုက်ခိုက်သည့် ကောမန့်များက ဆက်တိုက်ပင် တက်လာသည်။
ရုတ်တရက်ကြည့်လိုက်မည်ဆိုပါ က သူမကိုကာကွယ်ပြောပေးသည့် မှတ်ချက်ဟု တစ်ခုမျှမရှိချေ။
“ယဲ့ယီ ရေမင်္ဂလာပါ” အစီအစဉ် တင်ဆက်သူက ပြုံးပြုံးလေးနှင့် နှုတ်ဆက်လိုက်၏။
“ကျွန်မ တို့ကို အထဲမဝင်ခိုင်းတော့ဘူးလား”
သူမစကားပြောနေချိန်တွင် ယဲ့ယီ၏ဘဝ အမှန်တကယ် သနားစရာကောင်းသည်ကို သက်သေပြရန်အတွက် ဟိုဟိုဒီဒီ လိုက်လံ ရှာဖွေနေရသည်မှာ အမောပင်။
ယဲ့ယီ သူမကို ပြန်ကြည့်ပြီး ပြုံးပြလိုက်သည်။”ဟုတ်သားပဲ။ မေ့နေတာ။ အားလုံးပဲ အထဲကိုကြွပါရှင်”
ကင်မရာတစ်ခုသည် သူမကိုအနီးကပ်ရိုက်ကူးရန် မျက်နှာအနီးသို့ ချဉ်းကပ်လာသည်။
ဤကဲ့သို့ ကင်မရာရိုက်ကူးသည့် အနေအထားသည် “ သေခြင်း၏ ရှုထောင့်” ပင်ခေါ်ကြပြီး မည်သည့် မင်းသမီးမှ လှလှပပ ထွက်လာခြင်းမရှိပေ။
သို့သော် မျက်နှာပြင်ပေါ်တွင် ယဲ့ယီသည် အပြစ်ကင်းစင် စွာလှပနေတော့သည်။
ယဲ့ယီ၏ အလှတို့သည် ရိုက်ကူးသည့် ကင်မရာကို ပင်ဖောက်ထွက်နေသည့်ဟန်ပင်။
တိုက်ခိုက်ပြောဆိုသည့် မှတ်ချက်တို့ပင် ခဏတာ အသံတိတ် သွားကြတော့၏။
ထို့နောက်..
[ယဲ့ယီက စိတ်အနှောင့်အယှက်ပေးတာမှန်ပေမဲ့ သူ့မျက်နှာကတော့ ငါအကြိုက်ပဲ]
[သူ ဖျော်ဖြေလောကထဲ ဝင်ဝင်ခြင်း တုန်း အဲ့မျက်နှာကြောင့်ငါ သူ့ဖန် ဖြစ်သွားခဲ့တာလေ။နောက်ပိုင်းကျတော့… မပြောချင်တော့ပါဘူး]
[သူက မြေခွေးမအတိုင်းပဲ ၊ ငါတို့ရဲ့နူးညံ့သိမ့်မွေ့တဲ့ ရွှယ်လေးနဲ့ လာမနှိုင်းစမ်းပါနဲ့]
[ယဲ့ယီ နင် ဖျော်ဖြေရေးလောကနေ ထွက်သွားစမ်း၊ ယဲ့ယီ နင်ထွက်သွားလိုက်တော့]
ယခင်က ယဲ့ယီ၏ မျက်နှာကို နှစ်သက်သူဖန်အချို့ ခဏတာပေါ်လာပြီး မကြာခင်မှာပင် မကောင်းသည့်မှတ်ချက်များက လှိုင်းလုံးကြီးပမာ ဝါးမျိုသွားသောကြောင့် သူတို့လည်းပျောက်ကွယ်သွားရသည်။
စီစဉ်တင်ဆက်သော အဖွဲ့သည် အိမ်ထဲသို့ ခြေလှမ်းလိုက်သည်နှင့် အိမ်၏အတွင်းပိုင်း အဆင်တန်ဆာတို့ကို ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးကြတော့၏။
[ဒီအိမ်က တကယ်တမ်း တော်တော်ကို ခမ်းနားပါလား]
[သူက နိုဗီးယား သူဌေးကိုယူထားတာ ဒီလောက်တော့ရှိမှာပေါ့]
[ဘာကို ခမ်းနားတာလဲ။ ရွှယ်ရဲ့ တိုက်ရိုက်တင်ဆက်မှုကို သွားကြည့်လိုက်စမ်းပါ။ အပေါက်ဝမှာကို လက်ရေးတွေရော ပန်းချီကားချပ်တွေရော၊ အဲ့ဒါမှ တကယ့်အဆင့်အတန်းရှိတာလို့ခေါ်တယ် ဟုတ်ပြီလား]
အိမ်တစ်ခုလုံးကို အဝရိုက်ပြီးနောက်တွင် ကင်မရာတို့သည် ယဲ့ယီ နှင့် ကုစဲ့ဘက် သို့ လှည့်လာကြသည်။
ကုစဲ့ကတော့ ရူဗီကုဗတုံးကို ဖြေရှင်းနေဆဲ။ သူသည် ကင်မရာများနှင့် မနေတတ်သောကြောင့် ကင်မရာတို့ကို ကျောပေးလျက်သာနေ၏။
သူ ကုဗတုံး ဖြေရှင်းသည်မှာ အလွန်မြန်သောကြောင့် ကင်မရာသမားတို့သည် သူ့ဘက်သို့ ဉီးတည်လာကြတော့သည်။
ကုစဲ့ကတော့ လုံးဝ ကုဗတုံးထဲမှာ အာရုံနစ်မြုပ်နေ၏။သူ့လက်များ လျင်မြန်ပုံမှာ ပုံရိပ်များထပ်ကာ ဝေဝါးပျောက်ကွယ်တော့မည့်ဟန်ပင်။
ယဲ့ယီ အနီးနားကနေ ဂုဏ်ယူစွာနှင့် ကြည့်နေ၏။ ထို့နောက် စိတ်အေးသွားတော့သည်။
လန်ရွှယ်၏ သားဖြစ်သူ ချန်ဟောင်ယုသည် စကားပြောဆိုတတ်ပြီး လူများကို သဘောကျအောင်လုပ်တတ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုများတွင် သူသည် ပရိသတ်တွေကို “ ကိုကိုကြီး” “ မမကြီး” ဟူ၍ ချွဲနွှဲ့ တတ်၏။
ပရိသတ်တို့ကလည်း သူ့ကို အချစ်ခံရအောင် ပြောတတ်ဆိုတတ်သည်ဟု မြောက်စားကြလေသည်။
တစ်ချို့လူများဆိုလျှင် သူကို မြန်မြန် အသက်ကြီးပါတော့ လက်ထပ်ချင်လှပြီ ဟုပင် အော်ဟစ် ပြောဆိုကြ၏။
‘ဒါပေမဲ့ ကုစဲ့ ကျတော့ရော’
သူလေးက အရှက်အကြောက်ကြီးသူဖြစ်သည်။ ယဲ့ယီ နှင့် အတူရှိုးပွဲများတွင် ပါဝင်လျှင် စကားများများပြောရန် တိုက်တွန်းရ၏။သူ စကားမပြောသော အချိန်တို့တွင် ယဲ့ယီ စိတ်ပျက်စွာ ခြေထောင့်ဆောင့်လေ့ရှိသည်။
ကုစဲ့၏ထိုပုံစံလေးက ပရိတ်သတ်များ၏ချစ်ခင်မှုကို ရရှိန်ရန် မလွယ်ကူပေ။
သို့သော် လက်တွေ့မှာတော့…
ကုစဲ့က သူ့ဘာသာသူ နေသည်ဆိုသော်ငြား ဉာဏ်ကြီးရှင်ကလေးလေးပေ။
ချန်ဟောင်ယု ဆယ်ယောက်တောင် ကုစဲ့တစ်ယောက်ကို မယှဉ်နိုင်ချေ။
[ဒီတစ်ခေါက် တစ်ကမ္ဘာလုံး ငါ့ဒါလင်သားလေးကို ချစ်သွားအောင်လုပ်ပြမယ်]
ယဲ့ယီ သူ့ဘာသာ တွေးလိုက်သည်။
ကုစဲ့ သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်မိ၏။
‘ ဘာကို ငါ့ဒါလင်သားလဲ’
‘ဒီ မကောင်းတဲ့ မိန်းမကြီး ဘာတွေတွေးနေပြန်တာလဲ’
သူ စိတ်ကို ထိန်းချုပ်လိုက်ပြီး ၈x၈ ကုဗတုံးကို သာ ဆက်လက်ဖြေရှင်းနေသည်။
“ဝိုး၊ ကုစဲ့ သားတကယ် တော်တာပဲ။ ဒီကုဗကို သားတစ်ယောက်တည်း ဖြေရှင်းနိုင်ခဲ့တာလား” အစီအစဉ်တင်ဆက်သူက မထိန်းနိုင်တော့ဘဲ မေးလိုက်၏။
ကုစဲ့ လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။
“တကယ်လား” အစီအစဉ်တင်ဆက်သူက ဆက်မေးသည်။ “သားတကယ် သူများအကူအညီမပါဘဲ ဖြေရှင်းနိုင်ခဲ့တာလား”
သူမက “သူများအကူအညီမပါဘဲ” ဆိုသော စကားလုံးကို အလေးပေးပြောဆိုလိုက်ပြီး သူမလေသံတွင် သွယ်ဝိုက်သော အဓိပ္ပာယ်တစ်ခု ပါရှိနေ၏။
ကုစဲ့သည် အကြမ်းဖျင်းအားဖြင့် သိလိုက်သော်လည်း မည်သို့ပြန်ဖြေရမှန်း မသိသောကြောင့် အလိုလို ယဲ့ယီဘက်သို့ လှည့်ကြည့်လိုက်သည်။
“ဘာလို့ သားအမေကို ကြည့်နေတာလဲ။ အမေက ကြိုပြီး ကူညီထားတာလား” အစီအစဉ်တင်ဆက်သူက ရယ်ရင်း နောက်နေသလို ပြောလိုက်သည်။
ယဲ့ယီ၏အကြည့်များ ချက်ချင်းအေးစက်သွားသည်။
ဝတ္ထုကို ဖတ်နေစဉ်မှာပင် ယဲ့ယီ ဤအစီအစဉ်က လန်ရွှယ်ကို တမင်တကာ မြှင့်တင်နေပြီး ယဲ့ယီကို နှိမ့်ချနေသည်ဟု ခံစားခဲ့မိ၏။
အစပိုင်း ပြောင်းလဲသွားသော်လည်း ထုတ်လုပ်ရေးအဖွဲ့၏ မကောင်းသော ရည်ရွယ်ချက်က ဆက်လက်တည်ရှိသောကြောင့် ယဲ့ယီ၏ သံသယကို တိုက်ရိုက်အတည်ပြုလိုက်သည်။
ယဲ့ယီ နှင့် ကုမိသားစုတို့၏ သနားစဖွယ်အဆုံးသတ်တို့ သည် ဤအစီအစဉ်မှ အစပြုခဲ့ပါ၏။
သူမ ဝတ္တုထဲတွင် ဖြစ်ပျက်ခဲ့သည်များကို ဂရုမစိုက်ပေ။
ယခု သူမသည် ဤခန္ဓာကိုယ်ထဲတွင် ရှိနေပြီဖြစ်၍ မည်သူမျှ သူမကို တက်နင်းပြီး တက်လှမ်းခွင့် မပြုနိုင်။
ယဲ့ယီ သည် ပေါ်တင်ပင် ပြောလိုက်သည်။ “ဒီလိုမေးတာဟာ အရမ်းရိုင်းစိုင်းတဲ့အပြုအမူလို့ ကျွန်မထင်တယ်။ ကျွန်မ မကြိုက်ဘူး”
‘အရမ်းတည့်တိုးများ ဆန်သွားသလား’
အစီအစဉ်တင်ဆက်သူ ရုတ်တရက်ကြောင်အသွားသည်။ ထို့နောက် ခပ်နောက်နောက်ဖြင့် ပြောလိုက်၏။ “ကျွန်မ ဒီလိုမမေးသင့်ဘူး ခံစားရလား”
သူမသည် ယဲ့ယီ၏ ဒေါသကိုစွလိုက်သည်။
‘ပြဿနာတက်တော့ ဘာဖြစ်လဲ။ ပြဿနာတက်တော့ ငါတို့ အစီအစဉ် လူတောင် ပိုသိသေးတယ်’
ယဲ့ယီ လှောင်ပြုံးပြုံးလိုက်၏။ မူလပိုင်ရှင်၏ စရိုက်က အထိန်းအကွပ်မဲ့သည့်အတွက် သူမ ကြောက်နေစရာမလိုဘဲ ပြန်၍ ချေပ ပြောဆိုနိုင်ပေသည်။
ယဲ့ယီ ပွင့်ပွင့်လင်းလင်းပင်ပြောလိုက်သည်။ “ဒါပေါ့။ ရှင့်ကလေးက တစ်ခုခုကို ကြိုးစားပြီး အောင်မြင်အောင် လုပ်နိင်တယ်။ ဒါပေမဲ့ ရှင့်ပထမဆုံးစကားက ချီးကျူးစကားမဟုတ်ဘဲ သံသယဝင်နေတာမျိုးဆိုရင် ကလေးက ဘယ်လိုခံစားရမလဲ။ ရှောင်စဲ့က ငယ်ငယ်ကတည်းက ကုဗတုံးတွေနဲ့ ကစားခဲ့တာ။ ပြီးတော့လည်း ရှားနိုင်ငံ ကလေးများ ခြောက်မျက်နှာကုဗ တုံးဖြေရှင်းတဲ့ပြိုင်ပွဲမှာ ချန်ပီယံတောင် ဖြစ်ခဲ့သေးတယ်။ အဲဒီအကြောင်းကို ရှာကြည့်ရုံနဲ့ တွေ့နိုင်တယ်။ သူ ရှစ်မျက်နှာကုဗကို ဖြေရှင်းနေတာ သိပ်မကြာသေးဘူး။ လုံးလုံးကျွမ်းကျင်သွားရင်တော့ စံချိန်ချိုးပြလိမ့်မယ်။ အဲဒီအချိန်မှာ ကျွန်မပြောတာ ဟုတ်မဟုတ် ရှင်တို့ ကိုယ်တိုင်သိရလိမ့်မယ်”
“ပြီးတော့ ရှင်က ကျွန်မ သူ့ကို ကူညီတယ်လို့ထင်တာ အရမ်းရယ်ရတာပဲ။ ကျွန်မကို သိပ်အထင်ကြီးနေပုံရတယ်။ ကျွန်မက သုံးမျက်နှာ ကုဗတုံးကိုတောင် ဖြေရှင်းနိုင်မယ်မထင်ဘူး။ ရှစ်မျက်နှာဆိုရင်တော့ မပြောနဲ့တော့။ ဒါကျွန်မရဲ့ကျွမ်းကျင်တဲ့နယ်ပယ်မဟုတ်ဘူး၊ ကျေးဇူးနော်”
အစီအစဉ်တင်ဆက်သူ မျက်နှာပျက်သွားတော့၏။
‘ကုစဲ့က ကုဗတုံးပြိုင်ပွဲမှာ ချန်ပီယံရထားတာလား။ ယဲ့ယီက သူ့ခင်ပွန်းနဲ့သားကို သိပ်ကို ဖုံးကွယ်ထားလွန်းလို့ သူတို့လည်း အဲဒီအကြောင်း မသိဘူး’
ထို့ပြင် ယဲ့ယီသည် မိုက်ရူးရဲဆန်ပြီး တဇွတ်ထိုး မဆန်လေဘူးလား။ သို့သော် ယဲ့ယီသည် ဇွတ်တရွတ် မပြောဘဲ သက်သေအထောက်အထားများနှင့်တကွ ပြောလာ၏။
“ရှောင်ယီ ပြောတာ မှန်တယ်။ကျွန်မ အရမ်းအံ့ဩသွားလို့ စကားမှားသွားတာပါ” အစီအစဉ်တင်ဆက်သူသည် အခြေအနေကို ပြန်လည်ချိန်ညှိရန် ကြိုးစားလိုက်၏။
ထိုအချိန်တွင်…
တိုက်ခိုက်သည့် မှတ်ချက်များ တက်လာသည်။
[ ယဲ့ယီက ရိုင်းလိုက်တာ။ မေးခွန်းလေးတစ်ခု မေးတာ၊ အဲဒီလောက်ကြီး ပြန်ဖြေဖို့ လိုလား]
[ယဲ့ယီ ဖျော်ဖြေရေးလောကကနေ ထွက်သွား။ ယဲ့ယီ၊ ဖျော်ဖြေရေးလောကကနေ ထွက်သွား]
[ငါ ယဲ့ယီကို မုန်းပေမဲ့ ဒီနေရာမှာ သူလုပ်တာမှန်တယ် လို့ထင်တယ်။ငါ့ကလေးသာ အဲ့လို အမေးခံးမယ်ဆိုရင် ငါလည်း အားနာမနေဘဲ ပြန်ပြောမိမှာ]
[အစီအစဉ်တင်ဆက်သူရဲ့ စကားတွေက မသင့်လျော်ဘူး။ ယဲ့ယီပြန်ငြင်းပေးတော့ ကုစဲ့ မျက်လုံးတွေ အရောင်တောက်လာတာ နင်တို့ မမြင်ဘူးလား]
[လူတိုင်း ယဲ့ယီအကြောင်းပဲပြောနေကြတယ်၊ အဲ့အကြောင်းကိုရှာကြည့်တာ ငါတစ်ယောက်တည်းလား။ကုစဲ့ဟာ တကယ်ကို လူငယ် ခြောက်မျက်နှာကုဗတုံးကို စံချိန်တင်ထားတဲ့သူပဲ။ ပြိုင်ပွဲဗီဒီယိုကို ငါကြည့်လိုက်တယ်၊ သူ့လက်အမြန်နှုန်းက အရမ်းကို ကြောက်စရာကောင်းတယ်]
[ဒါ တကယ့်ဉာဏ်ကြီးရှင် ဆိုတာလား]
[ဒါက ဉာဏ်ကြီးရှင်လို့ ဘယ်လိုခေါ်လို့ရမလဲ။ မင်းတို့ ရွှယ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်ဖူးဘူးလား။ ချန်ဟောင်ယုက ပထမတန်းပဲ ရှိသေးတယ်။ ဒါပေမယ့် တတိယနဲ့ စတုတ္ထတန်း သင်္ချာပုစ္ဆာတွေကို လုပ်နေပြီ။ အဲဒါမှ တကယ့်ဉာဏ်ကြီးရှင် လို့ခေါ်တာ ဟေ့]
[ပြီးတော့ ရွှယ်က စာသင်ပေးတဲ့ နေရာမှာဆိုရင် စိတ်အရမ်းရှည်တာ။ သူကြိုက်တဲ့ သစ်သီးတွေလည်း ခွဲပေးတယ်။ အဲ့ဒါ မှ တကယ့်မိသားစု အငွေ့အသက်လေးကွ]
ထိုအချိန်တွင်..
တိုက်ရိုက် တင်ဆက်မှုနှစ်ခုစလုံးသည် အင်တာဗျူး အပိုင်းသို့ တစ်ချိန်တည်းရောက်ရှိသွားတော့ည်။